အခန်း (၃၀၄)
Vol. 31 Ch. 304
အခန်း။ ၃၀၄
သဲကန္တာရ ကပ်ဘေးနတ်ဘုရားသည် ရွှီရန်ကို အေးစက်စက် ကြည့်ရင်း လှောင်ပြုံးပြုံးလိုက်သည်။
“မင်းက တော်တော်တော့ ရယ်စရာကောင်းသားပဲ။ ဒီလောက် အဆင့်လေးနဲ့ ငါ့ကို သတ်မယ်လို့ ပြောရဲတာကိုး။ ဟားဟားဟား... တကယ့်ကို ရယ်စရာကောင်းလွန်းတယ်”
သို့သော် ထိုစဉ်မှာပင် ရွှီရန်၏ မျက်လုံးများမှာ စူးရှတောက်ပလာခဲ့သည်။ သူ၏ ရင်ဘတ်အတွင်းရှိ မူလအရိုး ထံမှ တောက်ပလှသော အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင်မူ အပိုင်းပိုင်းဖြစ်သွားသော နှလုံးသားမှာ ချက်ချင်းပင် ပြန်လည်ကျန်းမာလာပြီး ဒဏ်ရာမှာလည်း အစအနပင်မကျန် ပျောက်ကွယ်သွားခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် ရွှီရန်၏ သွေးစွမ်းအင်မှာ ရူးသွပ်လုမတတ် အရှိန်အဟုန်ဖြင့် တဟုန်ထိုး မြင့်တက်လာခဲ့ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၂၈ သန်း အမှတ်အထိ ရောက်ရှိသွားခဲ့သည်။
ရန်သူ၏ ၃၄ သန်းသို့ ရောက်ရှိရန် ၈ သန်းခန့် လိုအပ်နေသေးသော်လည်း ရွှီရန်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော ထူးဆန်းသည့်သတ္တဝါ တစ်ဦးအတွက်မူ ထိုပမာဏမှာ အဟန့်အတား မဟုတ်တော့ပေ။ ထိုအခိုက်အတန့်မှာပင် တောက်လောင်နေသော မီးသွေးခဲအလား နီရဲနေသည့် အဆီအနှစ်များမှာ ရွှီရန်၏ ရင်ဘတ်အတွင်းမှ ထွက်ပေါ်လာပြီး ကန္တာရကပ်ဘေးနတ်ဘုရားကို ပစ်မှတ်ထားလိုက်တော့သည်။
“သွေးဆာနေသော ထာဝရအရှင်သခင်အရိုးပုံစံစတင်စေ”
ကန္တာရကပ်ဘေးနတ်ဘုရားမှာ ဆွံ့အသွားရုံသာမက ကြောက်ရွံ့မှုများကပါ လွှမ်းမိုးသွားခဲ့ရ၏။
“မင်း... မင်းက... ဒါက ဘယ်လိုမျိုး စွမ်းရည်လဲ”
ရွှီရန်က ရက်စက်စွာ ပြုံးလိုက်သည်။ သူ၏ ခန့်ညားလှသော မျက်နှာသွင်ပြင်မှာ တောက်ပနေသော်လည်း တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါမှာမူ တစ်လောကလုံးကို ဖိနှိပ်ထားသကဲ့သို့ပင်။
“မင်း မမျှော်လင့်ထားဘူး မဟုတ်လား။ ငါ့မှာ ပြန်လည်ရှင်သန်ခြင်းစွမ်းရည်ရှိနေတာလေ။ ပြီးတော့ အခု မင်း အဆိုးရွားဆုံး ဖိနှိပ်မှုကို ခံရတော့မယ်”
ရွှီရန်၏ အကြည့်မှာ စူးရှလွန်းသည်။ သူ၏ သွေးစွမ်းအင်မှာ ၂၈ သန်းအထိ ရှိလာသောအခါ သန့်စင်ဝိညာဉ်နှိမ်နင်းသူ နှစ်ဦး၏ ဖိနှိပ်မှုစွမ်းအားမှာလည်း ဧရာမ တောင်ကြီးတစ်လုံးအလား ကန္တာရကပ်ဘေးနတ်ဘုရားကို တုန်လှုပ်ခြောက်ခြားစေတော့သည်။ ၎င်းသည် သူ့အနေဖြင့် သရဲတစ္ဆေတစ်ကောင်နှင့် တိုးနေပြီဖြစ်ကြောင်း သဘောပေါက်သွားပြီး လှည့်၍ ထွက်ပြေးရန် ကြိုးပမ်းတော့သည်။
သို့သော် ရွှီရန်မှာမူ သူ၏ ဓားရှည်ကို ရုတ်တရက် စွန့်ပစ်လိုက်ပြီး သူ၏ ပုံရိပ်မှာလည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ နောက်တစ်စက္ကန့်တွင်မူ သူသည် အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်လာပြီး အနီရောင် မီးလျှံများ တောက်လောင်နေသော လက်သီးတစ်စုံဖြင့် သံသစ်ပင် တိမ်တိုက်ဖောက်ကွက်နှင့် ကျားနက် နှလုံးသားနှိုက်ကွက်တို့ကို ထုတ်ဖော်ကာ ထိုစက်ဆုပ်ဖွယ် အစိမ်းရောင် မျက်နှာကြီးအတွင်းသို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
ကန္တာရကပ်ဘေးနတ်ဘုရား၏ မျက်နှာမှာ အပိုင်းပိုင်း ကြေမွသွားခဲ့ရသည်။ တစ်ပြိုင်နက်တည်းမှာပင် ထိုမျက်နှာအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသော လက်မောင်းဖြင့် အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသော နည်းလမ်းသုံးကာ မျက်နှာဖုံးကို အရေခွံခွာသကဲ့သို့ ခွါချပစ်လိုက်တော့သည်။
“အားးးးးးးးး”
ကန္တာရကပ်ဘေးနတ်ဘုရားမှာ နာကျင်လွန်းသဖြင့် အော်ဟစ်နေရှာသည်။ ၎င်း၏ မျက်နှာနေရာတွင် သွေးစိမ်းရှင်ရှင် ထွက်နေသော အပေါက်ကြီးတစ်ခုသာ ကျန်ရစ်တော့၏။ ရွှီရန်မှာ အသက်နှုတ်မည့် ယမမင်း တစ်ပါးကဲ့သို့ ရူးသွပ်စွာ ရယ်မောနေခဲ့သည်။
“ပုရွက်ဆိတ်ကောင် မင်း ငါ့ကို ဘယ်လိုတောင် စော်ကားရဲတာလဲ”
ကန္တာရကပ်ဘေးနတ်ဘုရား၏ အမြီးဆူးမှာ အထက်မှနေ၍ ရွှီရန်၏ ကျောပြင်ဆီသို့ ပြင်းထန်စွာ ထိုးနှက်လာခဲ့သည်။ သို့သော် ရွှီရန်သည် ထူးဆန်းလှသော ခြေလှမ်းအတတ်ပညာ များဖြင့် ကန္တာရကပ်ဘေးနတ်ဘုရား၏ ကျောဘက်သို့ လျှပ်တစ်ပြက် ရောက်ရှိသွားခဲ့သည်။ သူသည် တိမ်တိုက်များရှိရာသို့ မြင့်မားစွာ ခုန်တက်သွားပြီးနောက် သူ၏ သွေးစွမ်းအင် အားလုံးကို ကန္တာရကပ်ဘေးနတ်ဘုရားဆီသို့သာ စုစည်း၍ ပစ်မှတ်ထားလိုက်တော့သည်။
သဲကန္တာရ ကပ်ဘေးနတ်ဘုရားမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး အဝေးသို့ အသည်းအသန် ပျံသန်း၍ ထွက်ပြေးရန် ကြိုးပမ်းတော့သည်။
ငါ ဒီနေရာကနေ အမြန်ဆုံးလွတ်အောင် ပြေးမှရမယ်။ ဒီကောင်က လူမဟုတ်ဘူး။
သေသေချာချာ သတ်ဖြတ်လိုက်ပြီ ဖြစ်သော်လည်း ချက်ချင်းလက်ငင်း ပြန်လည်ရှင်သန်ခြင်း ပွဲစဉ်ကို ဆော့ကစားနေသကဲ့သို့ပင်။
“သောက်လခွမ်း…..”
ကန္တာရကပ်ဘေးနတ်ဘုရားမှာ ဆဲရုံမှတစ်ပါး အခြားမရှိတော့ပေ။ ၎င်းတို့ကဲ့သို့သော နတ်ဘုရားများတွင်လည်း ပြန်လည်ရှင်သန်နိုင်စွမ်း ရှိကြသော်လည်း ယခုကဲ့သို့ နေရာတင် ချက်ချင်းကြီး ပြန်ရှင်လာမျိုးတော့ မဟုတ်ပေ။
“ဒါက လိမ်ညာတာပဲ... ဒါက မတရားတဲ့ ကစားကွက်ပဲ...”
ကန္တာရကပ်ဘေးနတ်ဘုရားမှာ ရူးသွပ်မတတ် ထွက်ပြေးနေစဉ် ရုတ်တရက်ဆိုသလို ၎င်း၏ ခန္ဓာကိုယ်မှာ ဧရာမ အင်အားစုကြီးတစ်ခု၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး ဧရာမ ကင်းမြီးကောက် ခန္ဓာကိုယ်ကြီးတစ်ခုလုံး မြေပြင်ပေါ်သို့ အရှိန်ဖြင့် ဖိနှိပ်ခြင်း ခံလိုက်ရတော့သည်။ ထို့နောက်တွင်မူ ရွှီရန်သည် ကောင်းကင်ယံထက်မှ ဥက္ကာခဲတစ်ခုကဲ့သို့ပင် ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် အောက်သို့ ဖိနင်းချလိုက်တော့သည်။
ကန္တာရကပ်ဘေးနတ်ဘုရားမှာ ရုန်းကန်၍ပင် မရတော့ပေ။ နေရာတွင်တင် သံမှိုဖြင့် ရိုက်နှက်ခံထားရသကဲ့သို့ ဖြစ်နေပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ဘဲ ကြောက်မက်ဖွယ်ကောင်းလှသော ဥက္ကာခဲကြီး တဖြည်းဖြည်း နီးကပ်လာသည်ကို အကူအညီမဲ့စွာ စောင့်ကြည့်နေရုံသာ ရှိတော့သည်။
“ဝုန်း”
ဧရာမ အသံကြီးတစ်သံ ဟိန်းထွက်သွားခဲ့သည်။ ရွှီရန်သည် ကန္တာရကပ်ဘေးနတ်ဘုရား၏ ကျောပြင်ပေါ်သို့ အားကုန်ဖိနင်းချလိုက်ခြင်းပင်။ ၎င်း၏ ကျောဘက်အခွံမာကြီးမှာ အပိုင်းပိုင်း ကြေမွသွားခဲ့ရ၏။ တောင်တစ်လုံးအလား မာကျောလှသော ချပ်ဝတ်အခွံများမှာ နေရာအနှံ့သို့ လွင့်စင်သွားခဲ့ပြီး အခွံအတွင်းရှိ အသားစများမှာလည်း သွေးမြူများအဖြစ်သို့ ပြောင်းလဲကာ အပြင်ဘက်သို့ ပန်းထွက်ကုန်တော့သည်။ မာကျောလှသည်ဆိုသော ၎င်း၏ ဓားရှည်နှင့် အမြီးဆူးတို့မှာလည်း ပြင်းထန်လှသော ရိုက်ခတ်မှုဒဏ်ကြောင့် မီတာဆယ်ဂဏန်းခန့်အထိ လွင့်စင်သွားခဲ့ရပြီး သဲသောင်ပြင်ကြီးတစ်ခုလုံး တုန်ဟည်းသွားခဲ့ရသည်။
[သွေးဆာနေသော ထာဝရအရှင်သခင်အရိုး အကျိုးသက်ရောက်မှု ကုန်ဆုံးသွားပါပြီ။ သင်သည် သေမင်းတမန်တိုက်ပွဲတွင် အနိုင်ရရှိခဲ့သဖြင့် အသက်အင်အားအပြည့်ဖြင့် ပြန်လည်ရှင်သန်လာပါပြီ]
ဟင်းလင်းပြင်ဟာလာပြင်ကြီးအတွင်း ရွှီရန်၏ ကံကြမ္မာနက်ရှိုင်းရာအရပ်၌ ငြိမ်းသတ်ခြင်းခံထားရသော ဖယောင်းတိုင်မီးတစ်ပွင့်က တစ်ဖန်ပြန်၍ တောက်ပလာခဲ့သည်။ သူ၏ သွေးစွမ်းအင်မှာလည်း ၂.၈ သန်းအမှတ်သို့ လျင်မြန်စွာ ပြန်လည်ကျဆင်းသွားခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် သူသည် သဲကန္တာရ ကပ်ဘေးနတ်ဘုရား၏ ဖယောင်းတိုင်မီးစာအချို့ကို ဆွဲယူကာ သူ၏ ဖယောင်းတိုင်ထဲသို့ ပေါင်းထည့်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
၎င်းမှာ ဇီဝဖယောင်းတိုင်ပင် ဖြစ်ပေလိမ့်မည်။ သွေးဆာနေသော ထာဝရအရှင်သခင်အရိုး၏ အာနိသင်မှာ ဇီဝဖယောင်းတိုင် ရုတ်တရက် ငြိမ်းသွားသည့်အခါ သေမင်းတမန်တိုက်ပွဲ အဆင့်သို့ ကူးပြောင်းသွားပြီး ရန်သူကို သတ်ဖြတ်နိုင်ပါက ကိုယ့်၏ဖယောင်းတိုင်မီးကို ပြန်လည်တောက်လောင်စေရုံသာမက ရန်သူ့ထံမှ လောင်စာကိုပါ လုယူနိုင်ခြင်းပင်။
“ဒါက တကယ်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ စွမ်းအားပဲ”
ရွှီရန်က တောက်ပစွာ ပြုံးလိုက်မိသည်။ သူသည် ဧရာမ ကင်းမြီးကောက်ကြီး၏ ဓားရှည်ကို ကောက်ယူလိုက်၏။ ဤဓားသည် ဖြောင့်စင်းရှည်လျားပြီး လေးလံထက်မြက်လှသည့်အပြင် ဓားရိုးနှင့် ဓားသွားကို ကျားခေါင်း ပုံစံဖြင့် ပိုင်းခြားထားသည်။ ကျားခေါင်းကြီးက ဓားသွားကို ကိုက်ခဲထားသကဲ့သို့ ရှိနေပြီး ခရမ်းနုရောင် ဓားသွားမှာ ကျားရဲတိရစ္ဆာန်ကြီး တစ်ကောင်က ထွေးထုတ်လိုက်သည့် အလင်းတန်းတစ်ခုအလား ထင်မှတ်ရသည်။
“ဒါက ကန္တာရကပ်ဘေးနတ်ဘုရား ကိုယ်တိုင်ဖန်တီးထားတဲ့ ရတနာတော့ မဟုတ်ဘူး။ သူ တစ်ချိန်ချိန်မှာ ဒီရတနာဓားကို ရရှိခဲ့တာ ဖြစ်ရမယ်”
ရွှီရန်၏ အဆင့်မြင့် ဓားရှည်မှာမူ အသုံးမပြုနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူသည် သုံးမီတာခန့် ရှည်လျားသော ဓားကြီးကို မြှောက်ကိုင်ကြည့်ရင်း “နည်းနည်းတော့ ရှည်လွန်းနေတာပဲ။ တိုသွားရင်တော့ ပိုကောင်းမှာပဲ” ဟု တွေးလိုက်သည်နှင့် တစ်ပြိုင်နက် ထိုဓားရှည်ကြီးမှာ ၁.၂ မီတာ ခန့်သာ ရှိတော့သည်အထိ ကျုံ့ဝင်သွားခဲ့သည်။
“ဟင်... ဒါက ကိုယ့်စိတ်ကြိုက် အရွယ်အစား ပြောင်းလဲလို့ ရတာလား။ ဓားကောင်းပဲ တကယ့်ကို ဓားကောင်းပဲ။ ဒီနေ့ကစပြီး ငါနဲ့အတူ တိုက်ပွဲဝင်ကြတာပေါ့”