အခန်း (၃၀၆)
Vol. 31 Ch. 306
အခန်း။ ၃၀၆
ရွှီရန်ကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေမိသည်။ ကျင့်ကြံသူများ၏ စကားကို ကြားလိုက်ရသည့်အခါ သူ မသိမသာ မျက်မှောင်ကြုတ်မိသွား၏။ ကြည့်ရသည်မှာ ကျင်းမြို့တော်၏ အခြေအနေမှာ သိပ်မကောင်းဘူးဟု ထင်ရသည်။ ကောင်းကင်ယံကြီး အစိတ်စိတ်အမြွှာမြွှာ ပျက်စီးပြီး ညစ်ညမ်းမှုများ စတင်ကျရောက်လာခဲ့သည်မှာ ယခုဆိုလျှင် ၂၇၂ ရက်ပင် ရှိခဲ့ပြီဖြစ်သည်။
အကယ်၍ ကောင်းကင်ဘုံ အထွတ်အထိပ် နန်းဆောင်သာ အချိန်ဆွဲပေးမထားခဲ့လျှင် ဤအချိန်တွင် အမြင့်မြတ်ဆုံး နတ်ဘုရားပင် ဆင်းသက်လာလောက်ပြီဖြစ်သည်။ ကမ္ဘာဂြိုဟ်တစ်ခုလုံးမှာလည်း ကုစား၍မရနိုင်သော ကပ်ဘေးဆိုးကြီးနှင့် ရင်ဆိုင်နေရပေလိမ့်မည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူတို့အတွက် အချိန်အနည်းငယ် ဝယ်ယူပေးနိုင်ခဲ့သည်။ ထိုသို့သာ မဟုတ်ခဲ့ပါက ရွှီရန်အတွက် ပြင်ဆင်ရန် အချိန်လုံလောက်မည် မဟုတ်ပေ။
“ကျင်းမြို့တော်ကို မပြန်ခင် ဒီမှာပဲ တစ်ညလောက် အနားယူလိုက်ဦးမယ်”
ယခုဆိုလျှင် သန်းခေါင်ယံအချိန် ရောက်ရှိနေပြီဖြစ်သလို ရွှီရန်လည်း အလွန်အမင်း ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။ ကျောင်းအုပ်ကြီးနှင့် တခြားသူများလည်း အိပ်မောကျနေလောက်ပြီဖြစ်သဖြင့် သူတို့ကို သွားရောက်နှိုးရန်မှာ မဖြစ်နိုင်ပေ။ ၎င်းပြင် ပန်းခြံသို့ ပြန်ရောက်ရန်ပင် နောက်ထပ် နှစ်နာရီခန့် ထပ်မံကြာမြင့်ဦးမည်ဖြစ်သည်။ ထို့ကြောင့် ရွှီရန်မှာ လမ်းဘေးမှ သာမန်အဝတ်အစားတစ်စုံကို ဝယ်ယူလိုက်ပြီး ဝန်ဆောင်မှုဗျူရို၏ တည်းခိုဆောင်ဆီသို့ ဦးတည်လိုက်သည်။
တိတ်ဆိတ်လှသည့် ညဉ့်နက်သန်းခေါင်ယံတွင် ဆဋ္ဌမမြောက် ဘေးကင်းဇုန်၏ မီးရောင်များမှာမူ လင်းထိန်နေဆဲပင်။ ဤသည်မှာ နွေးထွေးသော မီးရောင်များဖြင့် ပြည့်နှက်နေသည့် လူသားတို့၏ အခြေစိုက်စခန်းတစ်ခုဖြစ်သဖြင့် ရွှီရန်၏ တင်းကျပ်နေသော အာရုံကြောများကလည်း ချက်ချင်းဆိုသလို ပြေလျော့သွားခဲ့သည်။ သူသည် ဘေးကင်းဇုန်အတွင်းရှိ လေထုကို အားရပါးရ တစ်ချက် ရှူရှိုက်လိုက်ရင်း
“အရင်လိုတော့ လတ်ဆတ်မနေတော့ဘူးပဲ... ကောင်းကင်ယံမှာ အက်ကြောင်းတွေ ဖြစ်နေတာကြောင့် ဖြစ်ရမယ်။ ခဏနေဦးပေါ့... မကြာခင်မှာ ဒီနေရာကို အရင်ထက် ပိုပြီး လတ်ဆတ်သွားအောင် ငါလုပ်ပေးမယ်” ဟု တွေးတောလိုက်မိသည်။
ရွှီရန်မှာ ချပ်ဝတ်တန်ဆာကဲ့သို့ ဖြစ်နေသည့် စက္ကူအဝတ်အစားများကို ဝတ်ဆင်ထားရင်း လမ်းမထက်၌ လျှောက်လှမ်းနေသည်။ သူယူဆောင်လာသည့် အချိန်ကျောက်မျက်ကိုလည်း ကိုယ်ယောင်ဖျောက် အဆောင်တံဆိပ်အောက်တွင် ဝှက်ထားသဖြင့် မည်သူ၏အာရုံကိုမျှ ဆွဲဆောင်ခြင်း မရှိခဲ့ပေ။ သူသည် ဝန်ဆောင်မှုဗျူရို၏ ဟိုတယ်သို့ ရောက်ရှိသည့်အခါ သူ၏တံဆိပ်ကို ထုတ်ပြလိုက်သည်။
“တံဆိပ်ထဲမှာ စွမ်းအင်တွေ မကျန်တော့ပေမဲ့ တစ်ညတာ တည်းခိုဖို့အတွက်တော့ ငါ့ရဲ့ အဆင့်အတန်းကို ဖော်ပြပေးနိုင်မှာပါ”
အထူးစစ်သေနာပတိ၏ တံဆိပ်ကို မြင်တွေ့လိုက်ရသောအခါ ဧည့်ကြိုဝန်ထမ်းမလေးမှာ အံ့အားသင့်စွာ မျက်ခုံးပင့်သွားမိသော်လည်း၊ ချက်ချင်းပင် ခေါင်းညိတ်ပြလျက် ရွှီရန်ထံသို့ အခန်းကတ်ကို ကမ်းပေးလိုက်သည်။
“ဆရာ... ဒါက ဆရာ့ရဲ့အခန်းကတ်ပါ။ ကိုးလွှာက အခန်းနံပါတ် (၀၆) ဖြစ်ပါတယ်ရှင့်”
“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်”
ရွှီရန်သည် ဓာတ်လှေကားဖြင့် အပေါ်ထပ်သို့ တက်လာခဲ့ပြီး အခန်းအတွင်းသို့ ရောက်သည်နှင့် ခရီးပန်းလာသမျှ ဖုန်မှုန့်များ စင်ကြယ်သွားစေရန် ရေအေးအေးဖြင့် ချိုးချလိုက်သည်။
ဧည့်ခန်းအတွင်း၌ ကောင်လေး၏ ဆံပင်များမှာ စိုစွတ်နေခဲ့သည်။ ညစ်ညမ်းဇုန်အတွင်းရှိစဉ်က အဆင်ပြေသလိုသာ ညှပ်ခဲ့ရသဖြင့် ဆံပင်ပုံစံမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော်လည်း မည်သို့သော ဆံပင်ပုံစံပင်ဖြစ်စေ ကောင်လေး၏ ခန့်ညားထည်ဝါပြီး စွဲမက်ဖွယ်ကောင်းသော ရုပ်ရည်ကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
ထိုအခိုက်အတန့်တွင် ကောင်လေးသည် ကြက်သွေးရောင် သိုင်းဝတ်စုံအကျပ်ကို ဝတ်ဆင်ထားသည်။ ကျယ်ပြန့်သော ပုခက်ကာနှင့် သွယ်လျသော ခါးအချိုးအစားမှာ သူ့ကို ရဲစွမ်းသတ္တိရှိသော စစ်သူကြီးတစ်ဦးကဲ့သို့ ထင်မှတ်ရစေပြီး တောက်ပစူးရှသော မျက်ဝန်းအစုံမှာလည်း ထူးခြားလှသော အရှိန်အဝါများကို ထုတ်ဖော်နေခဲ့သည်။
သူ အောက်ထပ်သို့ ပြန်ဆင်းလာသောအခါ ဧည့်ကြိုဝန်ထမ်းမလေးမှာ အံ့ဩတုန်လှုပ်စွာဖြင့် ငေးကြည့်နေမိသည်။
ဒါ... ခုနက ချပ်ဝတ်တန်ဆာကြီးနှင့် အရာရှိကြီး ဟုတ်ရဲ့လား။ သူက ဘယ်လိုလုပ် ဒီလောက်တောင် ငယ်ရွယ်ပြီး ခန့်ညားနေရတာလဲ
သူမမှာ ခေတ္တမျှ မှင်သက်နေမိသော်လည်း ရွှီရန်ကမူ ထမင်းစားဆောင်အတွင်းသို့ အရှိန်အဟုန်ဖြင့် လှမ်းဝင်သွားပြီး စားသောက်ဖွယ်ရာများကို မှာယူလိုက်ပြီဖြစ်သည်။ သေသေချာချာ ချက်ပြုတ်ထားသော အသားတုံးလေးများကို ဝါးစားလိုက်သည့်အခါ ရရှိလာသော နွေးထွေးသည့် အရသာမှာ သူ၏ စိတ်ဝိညာဉ်ကိုပါ တုန်ခါသွားစေပြီး တကယ့်လက်တွေ့ဘဝအတွင်းသို့ ပြန်ရောက်လာပြီဟူသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
“သိပ်ကောင်းတာပဲ”
ရွှီရန်သည် နွေဦးဝိညာဉ်နို့ကို ယူလိုက်ပြီး တစ်ကျိုက်တည်းဖြင့် အကုန်သောက်ချလိုက်သည်။ သူ၏စိတ်ထဲတွင် ကျားမလေး ပြောခဲ့သော စကားလေးကို မရည်ရွယ်ဘဲ ပြန်လည်ကြားယောင်မိသွားသည်။
“နွေဦးဝိညာဉ်နို့က သောက်လို့ သိပ်ကောင်းတာပဲ”
ယခင်ကမူ သူသည် အစားအသောက်များကို ထိုမျှလောက် အရသာရှိသည်ဟု မထင်ခဲ့ပေ။ သို့သော် ညစ်ညမ်းဇုန် အတွင်း ရက်ပေါင်း ၂၇၀ ကျော်ကြာ လေ့ကျင့်ပြီးနောက် လူသားတို့၏ အစားအစာကို တစ်ဖန်ပြန်လည် မြည်းစမ်းခွင့်ရချိန်တွင်မူ ကျားမလေး၏ ထူးခြားလှသော အမြင်ကို သူ နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့သည်။ အစားအသောက်ကို မြတ်နိုးသူများမှာ အမှန်တကယ်ပင် ပညာရှိသူများ ဖြစ်ကြသည်။
စားသောက်ပြီးနောက် ရွှီရန်သည် အခန်းသို့ ပြန်လာကာ ကုတင်ပေါ်တွင် လှဲလျောင်းလျက် နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့သည်။ သူသည် နှစ်ရက်နှင့် နှစ်ညတိုင်တိုင် တောက်လျှောက် အိပ်ပျော်နေခဲ့ခြင်းပင်။ သူ၏ လူငယ်ဘဝ ၃၅၅၇ ရက်မြောက်နေ့၊ နံနက် ခြောက်နာရီအချိန်တွင် ရွှီရန် နိုးလာခဲ့သည်။ သူ၏ စိတ်ဝိညာဉ်အဆင့်တွင် ရှိနေခဲ့သော တင်းမာမှုများ၊ ရန်လိုမှုများနှင့် ညစ်ညမ်းမှုများမှာ အတော်အတန် စင်ကြယ်သွားခဲ့ပြီ ဖြစ်သည်။
“အိမ်ပြန်ရအောင်”
ရွှီရန်သည် ကုတင်ပေါ်မှ ဝုန်းခနဲ ထလိုက်ပြီး အချိန်ကျောက်မျက်ကို သယ်ဆောင်လျက် အခန်းမှ ထွက်ခွာခဲ့သည်။ ထို့နောက် ဆဋ္ဌမမြောက် ဘေးကင်းဇုန် မှ ထွက်လာခဲ့ပြီး ဧရာမ ဂိတ်တံခါးကြီးကို ဖြတ်ကျော်ခဲ့၏။ ထိုဂိတ်တံခါး၏ အခြားတစ်ဖက်မှာမူ သူ၏ အိမ်ပင်။
သို့သော်လည်း ရွှီရန်သည် အပြာရောင်ကြယ် သို့ ပြန်ရောက်သောအခါ ပြာလွင်နေခဲ့သော ကောင်းကင်ယံကြီးမှာ လုံးဝ ညစ်ညမ်းသွားသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်ယံတစ်ခုလုံးမှာ စက်ရုံများမှ ထွက်ပေါ်လာသော မီးခိုးမည်းများ စုဝေးနေသကဲ့သို့ မီးခိုးရောင် မြူမှောင်များ ဖုံးလွှမ်းနေပြီး၊ စိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များမှာလည်း နောက်ကျိနေခဲ့သည်။ လမ်းဘေးရှိ သစ်ပင်များမှာလည်း ညစ်ညမ်းမှုဒဏ်ကို သိသိသာသာ ခံနေရသည်။
ရွှီရန်သည် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်မိ၏။
ထိုအခိုက်အတန့်တွင် သူ၏ ရင်ထဲ၌ ပြင်းထန်သော ဒေါသအရှိန်အဟုန်များ တဟုန်ထိုး မြင့်တက်လာခဲ့တော့သည်။ လူသားများနှင့် ဂြိုဟ်ပြင်ပမှ ထူးဆန်းသော သတ္တဝါများသည် ထာဝရရန်သူများဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
“တော်သေးတာပေါ့ ငါ အသွင်ပြောင်း ယဇ်ပလ္လင်အကြောင်း သင်ယူခဲ့လို့။ ဒီလောက် ညစ်ညမ်းမှုမျိုးက ဒုတိယအဆင့် ညစ်ညမ်းဇုန်ရဲ့ ရာခိုင်နှုန်း တစ်စိတ်တစ်ပိုင်းလောက်တောင် မပြင်းထန်ပါဘူး ဒါကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်”
ရွှီရန်သည် ယခုတစ်ကြိမ် လေ့ကျင့်မှုကို ကျေးဇူးတင်မိသည်။ အကယ်၍ သူသာ လေ့ကျင့်မှုမလုပ်ခဲ့ပါက ဤညစ်ညမ်းမှုကို သန့်စင်နိုင်မည်မဟုတ်ပေ။ အစီရင်ခံ ယဇ်ပလ္လင်ကို အားကိုးခြင်းကသာ စစ်မှန်သော အဖြေရှာဖွေမှုပင်။
“ပြန်ရောက်တာနဲ့ ယဇ်ပလ္လင်ကို ငါ တည်ဆောက်မယ်”
တိုင် ၆၄ တိုင်ပါသော ယဇ်ပလ္လင်ကို သူ ကိုင်တွယ်နိုင်သည်။ သို့သော် လိုအပ်သော ပစ္စည်းများအတွက်မူ ကောင်းကင်ဘုံ အထွတ်အထိပ် နန်းဆောင်မှ အရည်အသွေးမြင့် သတ္တုရိုင်းများကို ရှာဖွေပေးရန် လိုအပ်လိမ့်မည်ဖြစ်သည်။ ရှင်းကျိုး ကုန်းမြေပေါ်တွင် ယဇ်ပလ္လင်များကို အမြောက်အမြား တည်ဆောက်လိုက်ပါက ညစ်ညမ်းမှုများကို လုံလောက်စွာ ချေဖျက်ပေးနိုင်လိမ့်မည်ဖြစ်ပြီး မကြာမီအချိန်အတွင်းမှာပင် ရှင်းကျိုးသည် တစ်ဖန်ပြန်၍ သန့်စင်သော နယ်မြေတစ်ခု ဖြစ်လာပေလိမ့်မည်။
ရွှီရန်သည် ရင်ပြင်သို့ ရောက်ရှိလာခဲ့သည်။ သီးသန့်ယာဉ်များ မလုံလောက်သဖြင့် သူ၏တံဆိပ်ကို ထုတ်ပြလိုက်ရာ ကင်းစောင့်ဖြစ်သူမှာ အထူးစစ်သေနာပတိတံဆိပ်ကို မြင်လိုက်ရသည့်အတွက် အပြေးအလွှား ရောက်ရှိလာခဲ့သည်။
“ကုန်ပို့ကားတစ်စီးလောက် ရနိုင်မလား”
“ရပါတယ်ခင်ဗျာ”
“ဒီကျောက်တုံးကြီးကို နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းဆီ ပို့ပေးဖို့ လိုတယ်။ ကျောင်းအုပ်ကြီးကို လက်ခံကြောင်း လက်မှတ်ထိုးခိုင်းလိုက်ပါ”
“ပြဿနာမရှိပါဘူးခင်ဗျာ။ ကျွန်တော် အထက်လူကြီးကို ချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်”
“ကောင်းပြီ”