အခန်း (၄၂၂-၄၂၃)
Vol. 39 Ch. 422-423
အပိုင်း (၄၂၂)
ဤပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသော ပွဲတော်ဖြစ်သဖြင့် လင်းပိုင်ဖန်က ပြည်သူအားလုံး အတူတကွ ပျော်ရွှင်ဆင်နွှဲနိုင်ရန် သုံးရက်တိုင်တိုင် အစိုးရရုံးပိတ်ရက်အဖြစ် ကြေညာပေးခဲ့သည်။
ထို့ကြောင့် ခမ်းနားထည်ဝါသော မဟာအခမ်းအနားကြီး ကျင်းပသည့်နေ့တွင် မြို့တော်တစ်ဝိုက်ရှိ ပြည်သူ အပေါင်းတို့သည် နိုင်ငံ၏ ထူးခြားဆန်းပြားသော သမိုင်းဝင်ဖြစ်ရပ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင် တွေ့ရှိနိုင်ရန် တစ်ခဲနက် တိုးဝှေ့လာကြတော့သည်။ အခြားနိုင်ငံများနှင့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသဖြင့် မြို့တော်တစ်ခုလုံးတွင် လူတို့ ပုခုံးချင်း တိုက်မိမတတ်ပင် စည်ကားသိုက်မြိုက်လျက် ရှိနေတော့သည်။
“လူတွေ အများကြီးပဲနော်”
“ဒါပေါ့... ဒီနေ့က မဟာရှနိုင်ငံတော် အင်ပါယာနိုင်ငံ တစ်ခုအဖြစ် တည်ထောင်တဲ့နေ့လေ၊ ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်သာ ကြုံရခဲတဲ့ အခမ်းအနားကြီးပဲ။ ဘယ်သူကများ လက်လွှတ်ခံချင်ပါ့မလဲ”
“ဟုတ်ပဗျာ... ငါမှတ်မိသေးတယ်၊ လွန်ခဲ့တဲ့ သုံးနှစ်က မဟာရှနိုင်ငံဟာ တိုင်းပြည်လေးတစ်ခုပဲ ရှိသေးတာ။ လွန်ခဲ့တဲ့ နှစ်နှစ်ကတော့ မဟာနိုင်ငံကြီး ဖြစ်လာတယ်၊ မနှစ်ကကျတော့ မင်းဆက်နိုင်ငံတော်ကြီး ဖြစ်လာပြီး အခုဆိုရင် အင်ပါယာကြီး တစ်ခုတောင် ဖြစ်နေပြီ။ မဟာရှနိုင်ငံက တကယ်ကို တစ်နှစ်ထက်တစ်နှစ် မမှတ်မိနိုင်အောင်ကို ပြောင်းလဲတိုးတက်နေတာပဲ”
“နိုင်ငံက ပြောင်းလဲနေသလို ငါတို့ဘဝတွေလည်း ပြောင်းလဲလာတာပေါ့။ မှတ်မိသေးတယ်... လွန်ခဲ့တဲ့ သုံးနှစ်က ငါဟာ အိမ်မရှိ၊ ရာမရှိ၊ မိန်းမမရှိတဲ့ သူတောင်းစားဘဝ။ လွန်ခဲ့တဲ့ နှစ်နှစ်မှာတော့ အလုပ်အကိုင်နဲ့ အိမ်လေးတစ်လုံး ရလာတယ်။ မနှစ်ကတော့ သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးလို့ ရိုးသားပြီး အလုပ်ကြိုးစားတဲ့ ဇနီးသည်လေးနဲ့ လက်ထပ်ခဲ့ရတယ်။ အခုဆိုရင် ငါ့မိန်းမမှာ ရင်သွေးလေးတောင် ရနေပြီ... ဟားဟားဟား…”
“ဟုတ်တယ်ဗျာ... ဒီသုံးနှစ်တာက အိပ်မက်တစ်ခုလိုပဲ။ အရင်က မမျှော်မှန်းရဲခဲ့တာတွေ အခုတော့ တကယ်ဖြစ်လာပြီ။ ဒီလို တိုးတက်စည်ပင်နေတဲ့ တိုင်းပြည်မှာ လူဖြစ်ရတာ တကယ်ကို ကံကောင်းတာပဲ။ မဟာရှနိုင်ငံကြီး ထာဝရ စည်ပင်ပါစေလို့ပဲ ဆုတောင်းပါတယ်”
“ငါလည်း အတူတူပါပဲ၊ မဟာရှနိုင်ငံကြီး ထာဝရ တည်တံ့ခိုင်မြဲပါစေ၊ ထာဝရ ဝပြောပါစေ”
မိုယုယန်သည်လည်း ထိုလူအုပ်ထဲတွင် ရှိနေခဲ့သည်။
မူလက သူမသည် တောင်အောက်ဆင်းပြီး လိုအပ်တာလေးတွေ ဝယ်ယူကာ သိုင်းပညာဆက်လက် လေ့ကျင့်ရန်သာ ရည်ရွယ်ခဲ့သော်လည်း မဟာရှနိုင်ငံက အင်ပါယာ တည်ထောင်တော့မည်ဟူသော သတင်းကို ကြားလိုက်ရသဖြင့် ခရီးဝေးမှ တမင်လာခဲ့ခြင်းဖြစ်သည်။ သမိုင်းမှတ်တမ်းများအရ အင်ပါယာတစ်ခုမှာ ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာ ပေါ်ထွန်းတတ်သဖြင့် ဤကဲ့သို့ ရာစုနှစ်တစ်ခုစာ အခမ်းအနားကြီးကို သူမ မလွဲမသွေ မြင်တွေ့ချင်မိသည်။
စည်ကားလှသော လမ်းမထက်တွင် လျှောက်လှမ်းရင်း သူမက “လူတွေကတော့ အများကြီးပါပဲလား” ဟု မအံ့သြဘဲ မနေနိုင်တော့ပေ။
သူမသည် အခြားသော အခမ်းအနားကြီးများစွာကို တက်ရောက်ခဲ့ဖူးသော်လည်း ဤမျှ စည်ကားလှပသည်ကို တစ်ခါမျှ မကြုံဖူးချေ။ မြို့တော်တစ်ခုလုံး လူပင်လယ် ဝေနေတော့သည်။ အကယ်၍ နန်းတွင်းစစ်သည်များက စနစ်တကျ ထိန်းသိမ်းမပေးထားပါက ဤနေရာသည် ရုတ်ရုတ်သဲသဲနှင့် ပရမ်းပတာ ဖြစ်သွားနိုင်ပေသည်။
“လူကများတာပေါ့”
တစ်စုံတစ်ယောက်က သူမဘက်သို့ လှည့်ကာ ပြုံးလျက်ပြောလာသည်။ “ဒါက ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်ပဲ ကြုံရမယ့် မဟာရှအင်ပါယာ တည်ထောင်ပွဲလေ။ လူတိုင်းက ကိုယ်တိုင်မြင်ချင်ကြတာပေါ့၊ လူတစ်သက်သာမှာ ဘယ်သူက ရာစုနှစ်ပေါင်းများစွာ ဘယ်နေနိုင်ပါ့မလဲ”
“ဟုတ်ပါရဲ့” မိုယုယန်က ရယ်မောလိုက်သည်။
သူမကိုယ်တိုင်လည်း ဤအကြောင်းပြချက်ကြောင့် ရောက်လာခဲ့ခြင်း မဟုတ်ပါလား။ အခြားသူများလည်း ထိုနည်းတူပင် ဖြစ်ပေလိမ့်မည်။
ဤကဲ့သို့ ခမ်းနားထည်ဝါသော မြင်ကွင်းကို ကြည့်ရင်း မိုယုယန်က “မဟာရှဧကရာဇ်က တကယ်ကို ထူးခြားတဲ့သူပဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သုံးနှစ်အတွင်းမှာ အင်ပါယာနိုင်ငံတစ်ခုကို တည်ထောင်နိုင်ခဲ့ပြီး အရပ်မျက်နှာအသီးသီးက ဂုဏ်ပြုမှုကို ရယူနိုင်ခဲ့တယ်။ သူဟာ ဧကရာဇ်တွေရဲ့ သမိုင်းစာမျက်နှာမှာ တောက်ပတဲ့ မှတ်တမ်းတစ်ခု ကျန်ရစ်မှာ သေချာတယ်” ဟု သက်ပြင်းချရင်း ရေရွတ်မိလိုက်သည်။
သူမသည် လူပင်လယ်ကြီးကြားတွင် လျှောက်ကာ ကြည့်ရှုရင်း အတွေးများ နယ်ချဲ့နေမိသည်။ ဤမျှထိ လူများလှသဖြင့် တာအိုဂိုဏ်းမှ လူများနှင့်များ ဆုံမိလေမလား။
‘ဟွန့်’ ဆုံခဲ့ရင်တောင် ဘာဖြစ်လဲ။ သူမအနေဖြင့် မနိုင်ရင်တောင် လွတ်အောင် ပြေးနိုင်သည်။ တာအိုဂိုဏ်းက လူတွေအနေနဲ့လည်း ဒီလိုနေရာမျိုးမှာ လာပြီး ပြဿနာရှာရဲမှာ မဟုတ်ဘူး’ ဟု သူမ ယုံကြည်နေသည်။
မသိစိတ်ဖြင့် လူအုပ်ကြားတွင် မျောပါရင်း နန်းတော်ရှေ့ရှိ ကွင်းပြင်ကြီးသို့ ရောက်ရှိလာခဲ့သည်။ ထိုကွင်းပြင်ကြီးသည် လူပေါင်း တစ်သန်းခန့် ဆံ့သည်ဟု ဆိုကြသော်လည်း ယခုအခါတွင်မူ လူများမှာ ကြပ်ညပ်နေသဖြင့် တိုးဝင်ရန်ပင် မဖြစ်နိုင်တော့ပေ။
သူမက ခြေဖျားထောက်ကြည့်သော်လည်း ရှင်းရှင်းလင်းလင်း မမြင်ရသေးပေ။ သိုင်းပညာသုံးကာ အပေါ်မှ ကြည့်ရန် စဉ်းစားမိသော်လည်း မြို့တော်တစ်ခုလုံးကို သိုင်းပညာ အသုံးပြုခွင့် တားမြစ်ထားသည်။ အကယ်၍ သိုင်းပညာသုံးမိပါက မဟာရှနိုင်ငံကို စိန်ခေါ်ရာရောက်ပြီး အရေးယူခံရမည်ဖြစ်သည်။ သူမတွင် အရည်အချင်းရှိသော်လည်း မလိုအပ်ဘဲ ဒုက္ခမရှာလိုပေ။
ထိုစဉ် နန်းတော်၏ ဘယ်ဘက်ခြမ်းရှိ တံခါးငယ်လေးမှ လူအတော်များများ ဝင်သွားသည်ကို သူမ သတိပြုမိလိုက်သည်။ သူမက စဉ်းစားရင်း လျှောက်သွားလိုက်သော်လည်း တစ်စုံတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
ထိုသူမှာ ချီဖွဲ့တည်ခြင်းအဆင့်ရှိသူတစ်ဦးဖြစ်ပြီး သူမကို သတိထားကြည့်ကာ “ဒီဘက်က ဝင်လို့မရဘူး” ဟု ပြောလိုက်သည်။
“စောစောက လူတွေ အများကြီး ဝင်သွားတာ တွေ့လိုက်လို့ပါ” ဟု မိုယုယန်က ပြန်ပြောလိုက်သည်။
“ဒါက ဂုဏ်သရေရှိ ဧည့်သည်တွေအတွက် လမ်းကြောင်းလေ။ ဖိတ်စာရှိရင်ပဲဖြစ်ဖြစ်၊ ချီဖွဲ့တည်ခြင်းအဆင့် ရှိရင်ပဲဖြစ်ဖြစ် နန်းတော်ထဲဝင်ပြီး အနီးကပ် ကြည့်ရှုခွင့်ရှိတယ်”
မိုယုယန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူမ၏ ပြင်းထန်လှသော အရှိန်အဝါများကို ထုတ်ဖော်လိုက်ကာ “ဒီလောက်ဆိုရင် ရပြီလား” ဟု မေးလိုက်သည်။
ထိုသူ၏ မျက်လုံးများတွင် အံ့သြရိပ်များ ယှက်သန်းသွားသည်။ ဤမျှ ငယ်ရွယ်သော အမျိုးသမီးလေးတစ်ဦးက အင်ပါယာချီအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အသက်ရှူပင် ကျပ်စေမတတ် ပြင်းထန်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့ကြောင့် သူ၏ အသံမှာ ပိုမိုပျော့ပြောင်းသွားကာ “ရပါတယ်... ကြွပါခင်ဗျာ” ဟု လမ်းဖွင့်ပေးလိုက်သည်။
“ကျေးဇူးပါ” မိုယုယန်က ခေါင်းငြိမ့်ပြလိုက်သည်။
သူမ အတွင်းသို့ အနည်းငယ် လျှောက်သွားပြီးမှ နောက်လှည့်ကာ မေးလိုက်သည်။ “ဒီလောက် လွယ်လွယ်ကူကူ ပေးဝင်နေတော့ စိတ်မပူဘူးလား။ အတွင်းမှာ သိုင်းပညာရှင်တွေ အများကြီးရှိနေပြီး ရန်ငြိုးတွေလည်း ရှိနေကြမှာပဲ၊ သူတို့တွေ ဆူပူအောင် လုပ်မှာကို မကြောက်ဘူးလား”
ထိုသူက ဂုဏ်ယူစွာဖြင့် “ဟက်... စိတ်မပူပါနဲ့။ အထဲရောက်ရင် ဘာလို့ မဆူပူရဲသလဲဆိုတာ သင် နားလည်သွားပါလိမ့်မယ်”
မိုယုယန်လည်း အတွေးများစွာဖြင့် ဆက်ဝင်လာခဲ့ရာ လက်ဖက်ရည်တစ်ခွက်စာ အချိန်ပင် မပြည့်ခင်မှာပင် ကျယ်ဝန်းသော ခန်းမကြီးသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် လူအတော်များများ ရှိနေပြီး အများစုမှာ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃၀၀ ကျော်နှင့် ကောင်းကင်အဆင့် ၂၀ ကျော် ရှိနေသည်။
ဤမျှ ခမ်းနားသော မြင်ကွင်းမျိုးကို နောက်ဆုံးတွေ့ခဲ့ရသည်မှာ ကောင်းကင်ခန်၏ ဂူဗိမာန် ပေါ်ထွက်လာစဉ်က ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ချီဖွဲ့တည်ခြင်းအဆင့်များရော၊ ကောင်းကင်အဆင့် ဆရာကြီးများပါ အားလုံး ငြိမ်သက်စွာ ရှိနေကြသည်။ အကြောင်းမှာ မဟာရှနိုင်ငံ၏ ကောင်းကင်အဆင့် သုံးဦးစလုံး ရှိနေသောကြောင့် ဖြစ်သည်။
ထို့အပြင် လူတိုင်းကို အံ့သြသွားစေသည်မှာ ထိုကောင်းကင်အဆင့် သုံးဦးစလုံး၏ လက်ထဲတွင် နတ်လက်နက် တစ်လက်စီ ရှိနေခြင်းပင် ဖြစ်သည်။ နတ်လက်နက်ကို ကိုင်ဆောင်ထားသော ကောင်းကင်အဆင့် တစ်ဦးသည် ထိပ်သီး ကောင်းကင်အဆင့် ဆယ်ဦးစာရင်းထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်သည်။ အကယ်၍ ထိုသုံးဦး ပူးပေါင်းလိုက်ပါက အခြား ကောင်းကင်အဆင့် ငါးဦး၊ ခြောက်ဦးကို အသာအယာ ယှဉ်ပြိုင်နိုင်ပေသည်။
ထို့အပြင် ခန်းမ၏ မျက်နှာကျက်ပေါ်တွင် မဟာရှနိုင်ငံ၏ တိုင်းပြည်စောင့် နတ်ဓားဖြစ်သော 'ရွှမ်ရှောင်နတ်ဓား' က လေထဲတွင် ဝဲပျံနေသည်။ ၎င်းက အသိဉာဏ်ရှိနေသကဲ့သို့ အလိုအလျောက် ပျံသန်းနေခြင်း ဖြစ်သည်။ မိုယုယန်သည် ထိုနတ်ဓားထံမှ သေစေနိုင်လောက်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရပြီး ၎င်း၏အစွမ်းမှာ ဤနေရာရှိ ကောင်းကင်အဆင့် သိုင်းပညာရှင်များထက်ပင် ပိုမိုပြင်းထန်နေလေသည်။
ဤနေရာရှိ လူများ ဘာကြောင့် အေးအေးဆေးဆေး ရှိနေကြသလဲဆိုတာကို မိုယုယန် နောက်ဆုံးတော့ နားလည်သွားတော့သည်။ ကောင်းကင်အဆင့် သုံးဦး၊ မဟုတ်သေးဘူး... အစွမ်းထက်လှသော နတ်ဓားကိုပါ ထည့်တွက်လျှင် လေးဦး ဖြစ်သွားချေပြီ။ ဤမျှအင်အားက တကယ်ကို မယုံနိုင်စရာပင်။ ဤပေါင်းစပ်မှုမျိုးဖြင့် အခြား ကောင်းကင်အဆင့် ခုနစ်ဦး၊ ရှစ်ဦးကိုပင် အေးအေးဆေးဆေး ရင်ဆိုင်နိုင်ပေသည်။ လောကကြီးမှာ ဘယ်သူကများ ဤမျှအင်အားမျိုးကို စုစည်းနိုင်ပါ့မည်နည်း။
“မဟာရှနိုင်ငံက ငါထင်ထားတာထက် ပိုပြီး အစွမ်းထက်နေတာပဲ” မိုယုယန်က သက်ပြင်းချလိုက်သည်။
ထိုစဉ်မှာပင် ရင်းနှီးပြီး ဒေါသသံပါသော အသံတစ်ခု ထွက်ပေါ်လာသည်။ “မိစ္ဆာမ... နင်က ဒီကိုတောင် လာရဲသေးတာလား”
မိုယုယန်က လှည့်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ပြုံးလိုက်မိသည်။ ၎င်းမှာ တာအိုဂိုဏ်းမှ လူတစ်ယောက်ဖြစ်ပြီး သူမကို ယခင်က လိုက်လံဖမ်းဆီးခဲ့ဖူးသော တာအိုဆရာကြီး ယွီမင်ပင် ဖြစ်သည်။
“ကမ္ဘာကြီးက ကျဉ်းလိုက်တာ။ ရှင့်လို တာအိုလူအိုကြီးတောင် လာနိုင်သေးတာပဲ၊ ကျွန်မက ဘာလို့ မလာနိုင်ရမှာလဲ” မိုယုယန်က စိန်ခေါ်သလို ပြောလိုက်ရင်း သူမ၏ လက်ကလည်း လင်းပိုင်ဖန် ပေးထားသော 'ကတိသစ္စာဓား' ၏ လက်ကိုင်ကို တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ဆုပ်ကိုင်လိုက်သည်။
“ဒီမိစ္ဆာမကတော့...” တာအိုဆရာကြီးမှာ အလွန်ဒေါသထွက်သွားကာ မိုယုယန်ဆီသို့ ခြေလှမ်းအနည်းငယ်အတွင်း ရောက်ရှိလာပြီး တိုက်ပွဲကြီး ဖြစ်ပွားတော့မည့်အခြေအနေသို့ ဆိုက်ရောက်သွားသည်။
“ရပ်လိုက်ကြစမ်း၊ အခုက အခမ်းအနားကြီး စတော့မှာ၊ သင်တို့ နှစ်ယောက်လုံးက ဂုဏ်သရေရှိ ဧည့်သည်တွေပဲ။ ပြဿနာ မရှာကြပါနဲ့” ဓားအဘိုးအို၊ လှံနတ်ဘုရားနှင့် ဟန်တာ့ရှန်တို့က ထိုနှစ်ဦးကြားသို့ အပြေးအလွှား ရောက်လာကာ တားဆီးလိုက်ကြသည်။
ထို့နောက် ရွှမ်ရှောင်နတ်ဓားမှာလည်း ဝူးခနဲ အသံနှင့်အတူ ပျံသန်းလာကာ ၎င်း၏ ဓားဦးကို တာအိုဆရာကြီးဘက်သို့ ချိန်ရွယ်လိုက်သည်။ တာအိုဆရာကြီး၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားပြီး အကယ်၍ သူသာ တစ်ခုခု လှုပ်ရှားလိုက်ပါက ခေါင်းပြတ်သွားနိုင်သည်ဟု ခံစားလိုက်ရသည်။
ထိုစဉ် စုန့်ယွိဖေးကလည်း အပြေးအလွှား ရောက်လာကာ “ဦးလေး... ဒီနေ့တော့ သူ့ကို လွှတ်ပေးလိုက်ပါ” ဟု ဖျောင်းဖျလိုက်သည်။
တာအိုဆရာကြီးမှာလည်း မျက်နှာပန်းလှအောင် အခြေအနေကို ကြည့်ကာ လေသံလျှော့လိုက်ပြီး “ကောင်းပြီ၊ မဟာရှနိုင်ငံကို ထောက်ထားပြီး ဒီနေ့တော့ ဒီမိစ္ဆာမကို လွှတ်ပေးလိုက်မယ် ။ ငါတို့ရဲ့ ရန်ကြွေးကိုတော့ နောက်မှပဲ ရှင်းကြတာပေါ့”
မိုယုယန်က နှာခေါင်းရှုံ့လိုက်သော်လည်း စိတ်ထဲတွင်မူ သက်ပြင်းချလိုက်မိသည်။ သူမသည် တာအိုဂိုဏ်း၏ မဟာဆရာကြီးကို မကြောက်သော်လည်း ဤနေရာမှာ မဟာရှနိုင်ငံ၏ နယ်မြေဖြစ်သဖြင့် ပဋိပက္ခဖြစ်ပွားပါက သူမအတွက်လည်း ကောင်းမည်မဟုတ်ပေ။
အပိုင်း (၄၂၃)
“ဧကရာဇ်မင်းမြတ် ကြွချီလာတော်မူလာပြီ” ဟု စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း လှည့်ကြည့်လိုက်ကြရာ အမတ်အပေါင်း ခြံရံလျက် ကြွလှမ်းလာသော မဟာရှဧကရာဇ် လင်းပိုင်ဖန်ကို တွေ့လိုက်ကြရသည်။ သူသည် ငယ်ရွယ်နုပျိုပုံရသော်လည်း ယခုအခါတွင်မူ ကမ္ဘာ့အာဏာ၏ အထွတ်အထိပ်၌ ရပ်တည်နေသည့် အင်ပါယာတစ်ခု၏ အရှင်သခင် ဖြစ်နေပြီ ဖြစ်သည်။ သူ့ထံမှ ထွက်ပေါ်နေသော ခန့်ညားထည်ဝါလှသည့် ဧကရာဇ်အရှိန်အဝါကြောင့် လူအများမှာ သူ့ကို တည့်တည့်ပင် မကြည့်ဝံ့ကြချေ။
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ” ဟု လူအားလုံးက တစ်ညီတစ်ညွတ်တည်း နှုတ်ဆက်လိုက်ကြသည်။
လင်းပိုင်ဖန်က အသာအယာ ပြုံးလိုက်ပြီး “မဟာရှနိုင်ငံတော်ရဲ့ အခမ်းအနားကြီးကို ကြွရောက်လာကြတဲ့အတွက် ဝမ်းမြောက်မိပါတယ်၊ အခမ်းအနား ပြီးသွားရင်လည်း မပြန်ကြပါနဲ့ဦး။ သင်တို့အားလုံးအတွက် စားသောက်ပွဲကြီး ပြင်ဆင်ထားဖို့ ငါကိုယ်တော် အမိန့်ပေးထားပါတယ်၊ ကိုယ့်အိမ်ကိုယ့်ရာလိုပဲ သဘောထားပြီး ပျော်ပျော်ပါးပါး ဆင်နွှဲကြပါ”
“ကျေးဇူးတော် အနန္တပါ အရှင်မင်းကြီး” ဟု လူအများက တစ်ပြိုင်နက် ပြန်လည်ဖြေကြားကြသည်။
ထို့နောက် လင်းပိုင်ဖန်သည် မဟာရှဧကရာဇ်တစ်ဦးအနေဖြင့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်တော့သည်။
ဗုဒ္ဓဂိုဏ်းမှ ဆရာကြီးတစ်ဦးသည် လင်းပိုင်ဖန်၏ ရှေ့သို့ ရောက်လာကာ လက်အုပ်ချီ အရိုအသေပေးရင်း “ အောမီထောဖော… ဗုဒ္ဓဂိုဏ်းကိုယ်စား မဟာရှနိုင်ငံတော်ကြီး ထာဝရ စည်ပင်ဝပြောပါစေကြောင်းနဲ့ ဧကရာဇ်မင်းမြတ်လည်း သက်ရှည်ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ဒါကတော့ ကျွန်ုပ်တို့ဂိုဏ်းရဲ့ လက်ဆောင်မွန်ဖြစ်တဲ့ ကျောက်စိမ်းဗုဒ္ဓ ပုတီးပဲ ဖြစ်ပါတယ်။ ဒီပုတီးကို ဗုဒ္ဓဆရာကြီး ကိုးဦးက နေ့ညမပြတ် မေတ္တာပို့ အဓိဋ္ဌာန်ထားတာမို့ ဆောင်ထားရုံနဲ့ ရောဂါဘယနဲ့ ဘေးဥပဒ်အန္တရာယ် အပေါင်းကနေ ကာကွယ်ပေးနိုင်ပါတယ်”
လင်းပိုင်ဖန်က ထိုပုတီးကို ပြုံးရွှင်စွာ လက်ခံလိုက်ပြီး “ကျေးဇူးတင်ပါတယ်၊ ဗုဒ္ဓဂိုဏ်းရဲ့ စေတနာကို ငါကိုယ်တော် တန်ဖိုးထားပါတယ်” ဟု ဆိုလိုက်သည်။
“အရှင်မင်းကြီး... ကျွန်ုပ်တို့ ဗုဒ္ဓဂိုဏ်းမှာ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်။ ဗုဒ္ဓတရားတော်တွေကို ပြန့်ပွားအောင် လုပ်ဆောင်ပြီး လူသားတွေကို ကယ်တင်ချင်ပါတယ်၊ မဟာရှနိုင်ငံရဲ့ အုပ်ချုပ်ရေးကိစ္စတွေကိုလည်း လုံးဝ (လုံးဝ) ဝင်ရောက်စွက်ဖက်မှာ မဟုတ်သလို လိုအပ်ရင်လည်း အရှင်မင်းကြီးကို ကူညီပေးသွားမှာပါ”
ဗုဒ္ဓဂိုဏ်း ကောင်းကင်အဆင့် ဆရာကြီးသည် မဟာရှနိုင်ငံ၏ သန်း ၇၀ သော ပြည်သူများကို မျက်စိကျနေသည့်အပြင်၊ သူတို့၏ စစ်မှန်သော ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ မဟာရှပြည်သူများမှာ ချမ်းသာကြွယ်ဝကြသဖြင့် သူတို့သာ ဗုဒ္ဓဂိုဏ်းဝင်များ ဖြစ်လာပါက ဂိုဏ်းအတွက် အကျိုးအမြတ် အလွန်ကြီးမားမည် မဟုတ်ပါလား။
လင်းပိုင်ဖန်မှာ ဗုဒ္ဓဂိုဏ်း၏ ထိုအကြံအစည်ကို ဘာကြောင့် မရိပ်မိနိုင်ပေနည်း။ သူက အပြုံးမပျက်ဘဲ “ဒီကိစ္စကိုတော့ နောက်မှ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့” ဟု ဆိုလိုက်သည်။
သို့သော် စိတ်ထဲတွင်မူ ဗုဒ္ဓဂိုဏ်းကို အမည်ပျက်စာရင်း သွင်းလိုက်ပြီဖြစ်သည်။
‘ငါ့ဆီက ပိုက်ဆံကို နှိုက်ဖို့ ကြိုးစားနေတာလား... အဝေးကြီးပဲ။ ပြည်တွင်းရေးကို မစွက်ဖက်ဘူး ဆိုတာကလည်း အလကား စကားတွေပဲ။ မဟာဖုန်းမင်းဆက်က သာဓကပဲ မဟုတ်လား’
နောက်တွင် တာအိုဂိုဏ်းမှ ကိုယ်စားလှယ် ရောက်လာခဲ့သည်။ တာအိုဆရာကြီးက တည်ငြိမ်စွာဖြင့် “တာအိုဂိုဏ်းကိုယ်စား မဟာရှနိုင်ငံတော်ကြီး အေးချမ်းသာယာပါစေကြောင်းနဲ့ ဧကရာဇ်မင်းမြတ် သက်တော် ကမ္ဘာနှင့်အမျှ ရှည်ပါစေကြောင်း ဆုတောင်းအပ်ပါတယ်”
လင်းပိုင်ဖန်က ပြုံးလျက် “တာအိုဂိုဏ်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။
ထို့နောက် တာအိုဆရာကြီး၏ နောက်တွင် ရပ်နေသော စုန့်ယွိဖေးကို အသာအယာ ခေါင်းငြိမ့်ပြကာ ကျော်ဖြတ်သွားခဲ့သည်။ စုန့်ယွိဖေးမှာ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောနိုင်ဘဲ စိတ်ထဲတွင် ခါးသီးမှုကိုသာ ခံစားလိုက်ရသည်။
သူတို့နှစ်ဦးကြားက အခြေအနေက အရင်လို ပြန်ဖြစ်ဖို့ မလွယ်တော့ပုံရသည်။ ဘယ်သူမှ မမှားခဲ့သော်လည်း ရပ်တည်ချက်ချင်း မတူညီကြခြင်းသာ ဖြစ်သည်။ တာအိုဂိုဏ်းက မဟာလော့နိုင်ငံကို ရွေးချယ်ခဲ့သဖြင့် သူမသည် တာအိုဂိုဏ်း၏ ဆက်ခံသူတစ်ဦးအနေဖြင့် မဟာလော့ကိုသာ ထောက်ခံရမည် ဖြစ်သည်။ သူကမူ မဟာရှဧကရာဇ်ဖြစ်သဖြင့် မဟာရှနိုင်ငံ၏ အကျိုးစီးပွားကိုသာ ကြည့်ရပေမည်။ သူတို့၏ အကျိုးစီးပွားချင်းက ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။
ထို့ကြောင့် သူတို့နှစ်ဦးမှာ တစ်ဖြည်းဖြည်းနှင့် ဝေးကွာသွားကြရလေတော့သည်။ ဤအချိန်တွင် သူမသည် စကားပုံတစ်ခုကို နက်နက်ရှိုင်းရှိုင်း နားလည်သွားတော့သည်။ လောကကြီးမှာ လူဖြစ်လာရင် တစ်ခါတလေမှာ ကိုယ့်ဆန္ဒထက် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြားမှာ မျောပါသွားရတာမျိုး ရှိတတ်တာပဲ မဟုတ်ပေလား။
မိစ္ဆာဂိုဏ်းချုပ် ဇီလျိုလီလည်း ရောက်ရှိလာခဲ့သည်။ သူမက လင်းပိုင်ဖန်ကို ပြုံးလျက် “ဂုဏ်ယူပါတယ် အရှင်မင်းကြီး၊ တိုတောင်းလှတဲ့ သုံးနှစ်တာအတွင်းမှာ အင်ပါယာတစ်ခုကို တည်ထောင်နိုင်ခဲ့တာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၀၀၀ သမိုင်းတစ်လျှောက်မှာတောင် အရှင်မင်းကြီးရဲ့ အောင်မြင်မှုက အကြီးကျယ်ဆုံးလို့ ဆိုရမှာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၀၀၀ က ကောင်းကင်ခန်တောင်မှ အရှင်မင်းကြီးကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ဇီလျိုလီက ရိုးသားစွာ ပြောဆိုခြင်း ဖြစ်သည်။ လင်းပိုင်ဖန်မှာ ဤအခြေအနေသို့ မရောက်သေးခင်ကတည်းက သူမက သူ့ကို သိနေခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် အင်ပါယာတစ်ခု၏ အုတ်မြစ်ကို တည်ဆောက်နိုင်သည်အထိ တစ်ဆင့်ချင်း တက်လှမ်းလာသည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ဤကဲ့သို့ အောင်မြင်မှုမျိုးမှာ သမိုင်းတစ်လျှောက်တွင် အလွန်ရှားပါးလှသည်။ တစ်ခါတလေမှာ သူမ စဉ်းစားမိသည်မှာ အကယ်၍ သူနှင့် ကောင်းကင်ခန်သာ တစ်ခေတ်တည်း ရှိခဲ့ပါက ဘယ်သူက နိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာပင် ဖြစ်သည်။
“ဂိုဏ်းချုပ်ကလည်း ချီးမွမ်းလွန်းနေပါပြီ၊ ငါကိုယ်တော်က ဒီလောက်အထိလည်း မဟုတ်ပါဘူး” ဟု လင်းပိုင်ဖန်က နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
“အရှင်မင်းကြီး... မဟာရှနိုင်ငံက အင်ပါယာ ဖြစ်လာပြီဆိုပေမဲ့ တိုးတက်ဖို့ အလားအလာတွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်မကတော့ မဟာရှနိုင်ငံရဲ့ အနာဂတ်ကို အများကြီး မျှော်လင့်ထားပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ပိုပြီး ခိုင်မြဲအောင်လုပ်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သင့်တယ်လို့ ထင်ပါတယ်”
လင်းပိုင်ဖန်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကာ “ငါတို့ရဲ့ ဆက်ဆံရေးက တော်တော်လေး ရင်းနှီးနေပြီပဲ၊ ဘယ်လိုမျိုး ထပ်ပြီး တိုးမြှင့်ရမှာလဲ”
မဟာရှနိုင်ငံ၏ ပြင်ပ ဈေးကွက်ကို မိစ္ဆာဂိုဏ်းထံ အပ်နှံထားခြင်း ဖြစ်သည်။ မိစ္ဆာဂိုဏ်းကလည်း အမြဲတမ်း မျှတစွာ လုပ်ဆောင်ပေးသဖြင့် နှစ်ဖက်စလုံး၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်ပင် အဆင်ပြေလှသည်။ ဤထက်ပို၍ မည်သို့ ဆက်ဆံရေး တိုးမြှင့်ရမည်နည်း။
ဇီလျိုလီက သူမနောက်ရှိ ယောင်ယောင်ကို လှမ်းကြည့်လိုက်ပြီး အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ ယောင်ယောင်မှာမူ တစ်စုံတစ်ယောက်က သူမကို ကြံစည်နေသကဲ့သို့ နှာချေလိုက်မိသည်။
လင်းပိုင်ဖန်က အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေစဉ်တွင် မိုယုယန်က သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ဘာကြောင့်မှန်းမသိသော်လည်း လင်းပိုင်ဖန်ကို ကြည့်ရသည်မှာ သူမအတွက် အလွန်ပင် ရင်းနှီးနေသကဲ့သို့ ခံစားနေရသည်။
သူမ စိတ်ထဲတွင် အလွန် ဇဝေဇဝါ ဖြစ်နေမိသည်၊ မဟာရှဧကရာဇ်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သော်လည်း ဘာကြောင့် ဤမျှ ရင်းနှီးနေရသနည်း။ ဒီရင်းနှီးတဲ့ ခံစားချက်က…
‘ စီနီယာနဲ့များ တူနေတာလား’
ထိုအချိန်တွင် လင်းပိုင်ဖန်၏ နောက်ကွယ်ရှိ ကောင်းကင်အဆင့် နှစ်ဦးကို ကြည့်ပြီး သူမ တစ်ခုခုကို စဉ်းစားမိသွားသည်။ သူမ၏ စီနီယာက တစ်ခါက ပြောဖူးသည်မှာ သူ့တွင် တပည့်နှစ်ဦး ရှိပြီး တစ်ဦးမှာ ကောင်းကင်အဆင့် ဖြစ်နေပြီဖြစ်ကာ နောက်တစ်ဦးမှာလည်း မဟာဆရာကြီး ဖြစ်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။
လင်းပိုင်ဖန်ကလည်း ထိုနည်းတူပင်၊ ဘယ်လိုနည်းနှင့်မှန်း မသိသော်လည်း သူသည် ထူးချွန်သော တပည့်နှစ်ဦးကို ရရှိထားပြီး တစ်ဦးမှာ ကောင်းကင်အဆင့် ဖြစ်နေသည်မှာ ကြာပြီဖြစ်ကာ နောက်တစ်ဦးမှာလည်း လွန်ခဲ့သော လဝက်ခန့်ကမှ ကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
သူမ၏ စီနီယာက သူသည် နတ်လက်နက်များစွာကို ပိုင်ဆိုင်သည်ဟု ဆိုဖူးသည်။ လင်းပိုင်ဖန်သည်လည်း ထိုနည်းတူပင် ဖြစ်ဟန်တူသည်၊ သူ့တွင် နတ်လက်နက် လေးလက်ရှိပြီး အခြားသော နတ်လက်နက်များစွာလည်း ရှိနေဦးမည်မှာ သေချာသည်။
သူမ၏ စီနီယာက သူသည် ဇနီးသည် အချို့ကို လွန်ခဲ့သော သုံးနှစ်အတွင်း လက်ထပ်ခဲ့သည်ဟု ဆိုဖူးသည်။ လင်းပိုင်ဖန်မှာလည်း အလားတူပင်၊ သူသည် သုံးနှစ်အတွင်း လျင်မြန်စွာ တိုးတက်လာပြီး နိုင်ငံတော်ကို တည်ထောင်ကာ ငယ်ရွယ်ချောမောလှပသော အမျိုးသမီးများကို ကိုယ်လုပ်တော်များအဖြစ် နန်းတော်သို့ ခေါ်ဆောင်ခဲ့သည်။
သူမ၏ စီနီယာက မဟာလော့နိုင်ငံ ဒုက္ခရောက်နေသည်ကို မြင်ရသည်မှာ ပျော်စရာကောင်းသည်ဟု ဆိုဖူးသည်။ ရပ်တည်ချက်အရ လင်းပိုင်ဖန်သည်လည်း မဟာလော့နိုင်ငံ ဒုက္ခရောက်နေသည်ကို မြင်ရပါက သဘာဝကျကျပင် ပျော်ရွှင်နေမည်ဖြစ်သည်။
ထိုတူညီနေသောအချက်များက များပြားလွန်းလှသဖြင့် ရုတ်တရက်ဆိုသလို သူမ၏ ခေါင်းထဲတွင် ရဲတင်းသော အတွေးတစ်ခု ဝင်လာခဲ့သည်။ လင်းပိုင်ဖန်ကများ အဲ့ဒီစီနီယာ ဖြစ်နေမလား။
ထို့နောက် သူမ ခေါင်းကို အားရပါးရ ခါယမ်းလိုက်သည်။ မဖြစ်နိုင်တာ။
သူက အဲ့ဒီစီနီယာ လုံးဝ မဖြစ်နိုင်ဘူး။ သူမ မှတ်မိသလောက် အဲ့ဒီစီနီယာက အတတ်ပညာ စုံလင်ပြီး သိုင်းပညာမှာ အစွမ်းထက်လှတဲ့ အသက်ရာကျော်ရှိတဲ့ ပညာရှိကြီးတစ်ဦးပင် ဖြစ်သည်။ လင်းပိုင်ဖန်မှာ အသက် ၂၀ ကျော်ပဲ ရှိသေးသည်၊ ပြီးတော့ သူက သိုင်းပညာလည်း မတတ်ဘူး၊ အဲ့ဒီစီနီယာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒါ့အပြင် လင်းပိုင်ဖန်က အမြဲတမ်း နန်းတော်ထဲမှာပဲ ရှိနေတာ၊ စီနီယာကတော့ မိုင်တစ်ထောင်ကျော် ဝေးတဲ့ ကျားဖြူတောင်တန်းမှာ ရှိနေတာ။ ကျိုးကြောင်းဆင်ခြင်ကြည့်ရင် သူတို့နှစ်ယောက်က တစ်ယောက်တည်း ဖြစ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။
“တိုက်ဆိုင်မှုပဲ ဖြစ်မှာပါ၊ ဖြစ်နိုင်တာကတော့ ဒါဟာ တိုက်ဆိုင်မှုတစ်ခုပါပဲ” မိုယုယန်က သက်ပြင်းချရင်း စိတ်အေးသွားရတော့သည်။
ထို့နောက်တွင် အခမ်းအနားကြီး စတင်ရန် မင်္ဂလာရှိသော အချိန်သို့ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။