← Chapters

အခန်း (၄၂၄-၄၂၆)

Vol. 39 Ch. 424-426

အခန်း (၄၂၄-၄၂၆)

Vol. 39 Ch. 424-426

အပိုင်း (၄၂၄)

ထိုစဉ်မှာပင် တစ်ယောက်က ဟစ်အော်ကြေညာလိုက်သည်။ “မင်္ဂလာရှိသော အချိန်တော်သို့ ဆိုက်ရောက်လာလေပြီ၊ ဖွင့်ပွဲအခမ်းအနားကို တရားဝင် စတင်ပါပြီ”

လင်းပိုင်ဖန်သည် ဧည့်သည်တော်များကို ဦးဆောင်ကာ ခမ်းမအပြင်ဘက်သို့ ထွက်လာခဲ့ပြီး လူအများ၏ စောင့်ကြည့်နေမှုအောက်တွင် ပလ္လင်ထက်သို့ တစ်လှမ်းချင်း တက်လှမ်းသွားခဲ့သည်။ လီလင်းဖူ၏ စီစဉ်ညွှန်ကြားမှုဖြင့် ကောင်းကင်နတ်မင်း၊ မြေစောင့်နတ်မင်းနှင့် ဘိုးဘေးဘီဘင်တို့အား ပူဇော်ပသခြင်း အခမ်းအနားကို ခန့်ညားထည်ဝါစွာ ကျင်းပလေတော့သည်။

ထိုသို့ ပူဇော်နေစဉ်အတွင်းမှာပင် ကောင်းကင်ယံ၌ တိမ်တိုက်များ ရုတ်တရက် ဖုံးလွှမ်းလာပြီး နေရောင်ခြည်မှာ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ခဏအကြာတွင် တိမ်တိုက်များကြားမှ အက်ကြောင်းတစ်ခု ပေါ်လာပြီး စူးရှတောက်ပသော နေရောင်ခြည်သည် ပူဇော်ရာ စင်မြင့်ပေါ်ရှိ လင်းပိုင်ဖန်ထက်သို့ တည့်တည့်မတ်မတ် ကျရောက်လာခဲ့သည်။ ထိုပုံရိပ်မှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်မင်းတစ်ပါးကဲ့သို့ပင် ခန့်ညားလွန်းလှသဖြင့် လူအများမှာ အံ့အားသင့်ကာ ရေရွတ်လိုက်ကြသည်။

“ဒါ... နောက်ထပ် မင်္ဂလာနိမိတ်တစ်ခုပဲ”

“ဒါဟာ ကောင်းကင်ဘုံက အရှင်မင်းကြီးကို အသိအမှတ်ပြုပြီး ကောင်းချီးပေးလိုက်တာပဲ ဖြစ်ရမယ်”

“ငါတို့ရဲ့ ဧကရာဇ်က တကယ့် ကောင်းကင်ဘုံရဲ့ သားတော်ပဲ”

အမှန်စင်စစ် ဤကဲ့သို့ မင်္ဂလာနိမိတ်မျိုးကို သူတို့ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ မဟာရှနိုင်ငံတော်ကို စတင်တည်ထောင်စဉ်ကလည်း ကမ္ဘာကို တုန်လှုပ်စေမည့် နိမိတ်များ ပေါ်ထွန်းခဲ့ဖူးသည်။ ထိုနိမိတ်များအတိုင်းပင် နောက်ပိုင်းနှစ်များတွင် မဟာရှနိုင်ငံသည် ရာသီဥတု သာယာဝပြောပြီး မယုံနိုင်လောက်အောင် လျင်မြန်သော အရှိန်အဝါဖြင့် အင်ပါယာအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အင်ပါယာတည်ထောင်ချိန်တွင်လည်း နိမိတ်ကောင်းများ ထပ်မံပေါ်ပေါက်လာပြန်သဖြင့် ကောင်းကင်ဘုံသည် သူတို့၏ ဧကရာဇ်ကို ဆက်လက် စောင့်ရှောက်နေဦးမည်ဟု ပြည်သူများက ယုံကြည်သွားကြပြီး ဝမ်းသာအားရ ကြွေးကြော်ကြတော့သည်။

“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”

“မဟာရှအင်ပါယာကြီး ထာဝရ တည်တံ့ပါစေ”

အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များမှာလည်း ထိုထူးဆန်းသော ဖြစ်ရပ်ကို ကြည့်ကာ အံ့ဩနေကြသည်။

“နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီ... မဟာရှနိုင်ငံက တကယ်ပဲ ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုကို ခံနေရတာလား”

“ ရှေးယခင်က ဘယ်ဘုရင်မှ အင်ပါယာ တည်ထောင်ချိန်မှာ ဒီလို ထူးခြားတဲ့ နိမိတ်မျိုး မကြုံဖူးကြဘူး”

“ဒါကို ကြည့်ရင် မဟာရှနိုင်ငံက ဒီနိမိတ်တွေနဲ့ ထိုက်တန်တယ်လို့ ပြောရမှာပဲ။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ နှင်းကပ်ဘေး၊ ကျိုင်းကောင်ဘေးတွေကနေ လွတ်ကင်းခဲ့ပြီး တိုင်းပြည်က အေးချမ်းသာယာနေတာပဲ မဟုတ်လား”

လူအများ၏ တုံ့ပြန်မှုကို ကြည့်ပြီး လင်းပိုင်ဖန်က စိတ်ထဲတွင် ကျိတ်ပြုံးလိုက်မိသည်။ အမှန်မှာ ဤအရာအားလုံးသည် သူ၏ အုပ်ချုပ်မှုကို ပိုမိုခိုင်မာစေရန်နှင့် ပြည်သူတို့၏ ကြည်ညိုမှုကို ရရှိရန် သူကိုယ်တိုင် စီစဉ်ထားခြင်းသာ ဖြစ်သည်။ သို့သော် ရင်ခုန်စရာ အစီအစဉ်များက ဤမျှနှင့် မပြီးသေးပေ။

ခဏအကြာတွင် လူအများမှာ နောက်ထပ် တစ်ကြိမ် အံ့ဩတကြီး ဟစ်အော်လိုက်ကြပြန်သည်။

“ဟိုမှာ ကြည့်စမ်း... အဲ့ဒါ ဘာတွေလဲ”

“အမည်းစက်တွေ အများကြီးပဲ၊ ငါတို့ဆီကို အမြန် ပျံလာနေကြတာ”

အနီးသို့ ရောက်လာသောအခါမှ ထိုအရာများမှာ ငှက်အုပ်ကြီး ဖြစ်နေသည်ကို အားလုံး သတိပြုမိလိုက်ကြသည်။ ထိုငှက်အုပ်သည် နန်းမြို့တော်အထက်တွင် ဝဲပျံနေပြီး ပူဇော်ရာ စင်မြင့်ကို ဗဟိုပြုကာ စက်ဝိုင်းပုံစံဖြင့် လှည့်ပတ်ပျံသန်းနေကြသည်။

“ဒါ... ဒါက ‘ငှက်အပေါင်းတို့ ဖီးနစ်ထံ ခစားခြင်း’ ပဲ”

“တိရစ္ဆာန်တွေတောင် အရှင်မင်းကြီးကို လာရောက် ဂါရဝပြုနေကြတာပဲ”

ထိုမြင်ကွင်းသည် ကြည့်ရှုသူတို့၏ ရင်ထဲတွင် ထာဝရ မှတ်တမ်းဝင်သွားခဲ့သည်။ အခမ်းအနား အစီအစဉ်အားလုံး ပြီးဆုံးသွားသောအခါ လင်းပိုင်ဖန်က ခန့်ညားစွာ ကြေညာလိုက်သည်။

“ဒီနေ့ကစပြီး မဟာရှနိုင်ငံတော်ကို ‘မဟာရှအင်ပါယာ’ လို့ အမည်ပြောင်းလဲလိုက်ပြီ၊ ငါကိုယ်တော်ကတော့ မဟာရှအင်ပါယာရဲ့ ပထမဆုံး ဧကရာဇ် ဖြစ်တယ်”

“မဟာရှအင်ပါယာကြီး ထာဝရ စည်ပင်ဝပြောပါစေ၊ အဓွန့်ရှည် တည်တံ့ပါစေ”

လူအပေါင်းကလည်း တညီတညွတ်တည်း လိုက်လံ ကြွေးကြော်လိုက်ကြသည်။ အင်ပါယာ တည်ထောင်ခြင်း အခမ်းအနားကြီးသည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီးနောက် လင်းပိုင်ဖန်သည် ဧည့်သည်တော်များကို နန်းတွင်းရှိ စားသောက်ပွဲကြီးဖြင့် တည်ခင်းဧည့်ခံတော့သည်။

ထိုပွဲ၌ လူတိုင်း သတိထားမိသည်မှာ မဟာရှသည် အင်ပါယာသစ်တစ်ခု ဖြစ်သော်လည်း ၎င်း၏ အုတ်မြစ်မှာ အင်ပါယာဟောင်းများထက်ပင် သာလွန်နေခြင်း ဖြစ်သည်။ စားသောက်ဖွယ်ရာများနှင့် ဝိုင်အမျိုးမျိုးမှာ အပြင်လောကတွင် ဝယ်ယူ၍မရနိုင်သော အရသာထူးကဲလှသည့် အရာများ ဖြစ်နေသည်။

“အားလုံးပဲ အားမနာတမ်း စားသောက်ကြပါ၊ ငါကိုယ်တော်က အားလုံးကို ဂုဏ်ပြုပြီး သောက်ပါရစေ” လင်းပိုင်ဖန်က ခွက်ကို မြှောက်ကာ ဆိုလိုက်သည်။

“ကျေးဇူးတော် အနန္တပါ အရှင်မင်းကြီး”

အရက်သောက်ပြီးနောက် လင်းပိုင်ဖန်က ပြုံးလျက် လက်ဝှေ့ယမ်းလိုက်ပြီး “ကခုန်ဖျော်ဖြေတာတွေကို ဆက်လုပ်ကြစေ” ဟု အမိန့်ပေးလိုက်သည်။

စားသောက်ပွဲကြီး ဆင်နွှဲနေစဉ်အတွင်း မိုယုယန်သည် လင်းပိုင်ဖန်ကို စူးစိုက်ကြည့်နေခဲ့သည်။ ထိုအခါ ဘေးတွင် ထိုင်နေသော ချိုင်ယွီရှင်းက လင်းပိုင်ဖန်ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

“အရှင်မင်းကြီး... ဟိုအမျိုးသမီး မိုယုယန်ကို ကြည့်ပါဦး၊ အရှင်မင်းကြီးကို တစ်ချိန်လုံး စိုက်ကြည့်နေတာ။ သူ တစ်ခုခု ကြံစည်နေသလား မသိဘူး”

“မထူးဆန်းပါဘူး၊ ဒါက သဘာဝပဲလေ” လင်းပိုင်ဖန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“သဘာဝ? ဘာကို ပြောတာလဲ” ချိုင်ယွီရှင်းမှာ ဇဝေဇဝါ ဖြစ်သွားသည်။

လင်းပိုင်ဖန်က အနည်းငယ် ဘဝင်မြင့်ဟန်ဖြင့် “ဒီလောကမှာ ငါကိုယ်တော်ရဲ့ ပြိုင်ဘက်ကင်းတဲ့ ချောမောမှုကို ရင်မခုန်တဲ့ မိန်းကလေးဆိုတာ မရှိဘူးလေ။ သူ ငါ့ကို ငေးကြည့်နေတာက သဘာဝကျပါတယ်၊ သူက အမြင်ရှိလို့ပေါ့”

“အရှက်မရှိလိုက်တာ” ချိုင်ယွီရှင်းက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်မိသည်။

သူတို့နှစ်ယောက် မသိလိုက်သည်မှာ မိုယုယန်သည် အကြားအာရုံ အလွန်ထက်မြက်သူဖြစ်သဖြင့် သူတို့ပြောသမျှကို အကုန်ကြားနေရခြင်းပင်။ သူမကလည်း လေသံတိုးတိုးဖြင့် “အရှက်မရှိလိုက်တာ” ဟု လိုက်လံ ရေရွတ်ရင်း မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်တော့သည်။

အပိုင်း (၄၂၅)

စားသောက်ပွဲကြီးကို တော်တော်ကြာအောင် ဆင်နွှဲခဲ့ပြီးနောက် လူတိုင်းမှာ အံ့ဩဘနန်း ဖြစ်ရပ်များကို ရင်ထဲစွဲလန်းစွာဖြင့် ပြန်သွားကြလေသည်။

ညဉ့်နက်သန်းခေါင်အချိန်တွင် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ဇီလျိုလီသည် ယောင်ယောင်၏ နန်းဆောင်၌ပင် တစ်ညအိပ် တည်းခိုခဲ့သည်။

ယောင်ယောင်သည် လင်းပိုင်ဖန်၏ ကြင်ယာတော်အဖြစ် တရားဝင် လက်ထပ်ခြင်း မရှိသေးသော်လည်း လူတိုင်းက သူမကို ထိုသို့ပင် သတ်မှတ်ထားကြသဖြင့် နန်းတွင်း၌ သူမအတွက် သီးသန့်နန်းဆောင်တစ်ခု စီစဉ်ပေးထားခြင်း ဖြစ်သည်။

ထိုစဉ် ဇီလျိုလီသည် ခရမ်းရောင် ညဝတ်အင်္ကျီကို လဲလှယ်ထားပြီး ဆံပင်အလှဆင်ပစ္စည်းများကိုလည်း ဖယ်ရှားထားရာ သူမ၏ ရှည်လျားနက်မှောင်သော ဆံနွယ်များက ပုခုံးပေါ်သို့ ဝဲဖြာကျနေသည်။ သူမ၏ လှပသော မျက်နှာထက်မှ ခက်ထန်မှုများမှာ ပျောက်ကွယ်ပြီး နူးညံ့မှုများက အစားထိုးဝင်ရောက်နေလေသည်။

“ယောင်ယောင်... ဒီကိုလာဦး၊ ဆရာ မေးစရာရှိတယ်”

“ဆရာ... နောက်ကျနေပြီလေ၊ အိပ်ရအောင်နော်။ မနက်မှ မေးလို့မရဘူးလား” ယောင်ယောင်မှာ အိပ်ချင်မူးတူးဖြင့် သန်းဝေရင်း ပြောလိုက်သည်။

“အရင်လာဦး၊ စကားနည်းနည်းပဲ ပြောမှာပါ” ဇီလျိုလီက အတင်းခေါ်လေသည်။

ယောင်ယောင်မှာ ခပ်သွက်သွက်လေး လျှောက်လာပြီး “ဆရာ... ဘာမေးမလို့လဲ”

ဇီလျိုလီက ယောင်ယောင်၏ ဆံနွယ်များကို ပွတ်သပ်ပေးရင်း စနောက်သည့်လေသံဖြင့် “ယောင်ယောင်... သမီးနဲ့ အရှင်မင်းကြီးရဲ့ ဆက်ဆံရေးက ဘယ်အဆင့်ထိ ရောက်နေပြီလဲ”

ယောင်ယောင်မှာ ကြောင်သွားပြီး “ဘယ်အဆင့်လဲဆိုတာ ဘာကို ပြောတာလဲ... ဆရာ ပြောတာကို ကျွန်မ နားမလည်ဘူး”

“ဆရာ မေးတာက သမီးတို့နှစ်ယောက် တစ်အိပ်ရာတည်း အတူတူ အိပ်ဖူးပြီလားလို့”

ယောင်ယောင်၏ မျက်နှာမှာ တစ်ခဏချင်း နီရဲသွားပြီး အိပ်ချင်စိတ်များလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။ သူမက ထစ်ထစ်ငေါ့ငေါ့ဖြင့် “ဆ-ဆ-ဆရာ... ဘာတွေ လျှောက်ပြောနေတာလဲ။ ဘယ်သူက... ဘယ်သူက သူနဲ့ အတူအိပ်မှာလဲ။ သူက အိပ်ချင်တယ်ဆိုရင်တောင် ကျွန်မက လက်ခံမှာ မဟုတ်ဘူး”

ဇီလျိုလီက စိတ်တိုဟန်ဖြင့် ယောင်ယောင်၏ ခေါင်းကို ခေါက်လိုက်ရင်း “ယောင်ယောင်... သမီး ဆရာ့ကို စိတ်တိုအောင် လုပ်နေတာလား။ ဆရာက သမီးကို တစ်နှစ်အချိန်ပေးခဲ့တယ်၊ ဒါတောင် အခွင့်အရေးကို လက်လွတ်ခံနေတုန်းလား”

ယောင်ယောင် : “ ”

သူမ၏ ဆရာက သူမကို အရှင်မင်းကြီးနှင့် တကယ်ကြီး အတင်းနီးစပ်အောင် တွန်းပို့နေခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် ယောင်ယောင်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး “ဆရာ... ဘယ်လိုဖြစ်လို့ ဒါမျိုး ပြောနိုင်ရတာလဲ”

“ဒါမျိုး မပြောလို့ ဘာပြောရမှာလဲ”

ဇီလျိုလီက စိတ်မရှည်စွာဖြင့် “သမီးတို့ နှစ်ယောက်လုံးက တစ်ယောက်ပေါ်တစ်ယောက် စိတ်ရှိနေကြတာပဲ၊ ဘာလို့ အမြန် အတည်မပြုကြတာလဲ။ ဘာတွေ အချိန်ဆွဲနေကြတာလဲ”

“ဒါပေမဲ့...” ယောင်ယောင်က ရှက်ကိုးရှက်ကန်းဖြင့် “ချစ်သူဖြစ်ဖို့ဆိုတာ အဆင့်ဆင့် ရှိရဦးမှာလေ မဟုတ်ဘူးလား”

ထိုအခါ သူမ ခေါင်းကို ထပ်အခေါက်ခံလိုက်ရပြန်သည်။

ယောင်ယောင်က သူမ၏ ခေါင်းလေးကို ကိုင်ပြီး မျက်ရည်ဝဲလျက် “ဆရာ... ဘာလို့ ကျွန်မကို ထပ်ရိုက်တာလဲ”

“နင့်ခေါင်းကို ရိုက်မှ အသိဝင်မှာမို့လို့ပဲ” ဇီလျိုလီက ဒေါသတကြီး ဆက်ပြောသည်။ “ကြည့်စမ်း... သူက အင်ပါယာကြီးကို ဘယ်လောက်တောင် မြန်မြန် တည်ထောင်လိုက်သလဲ။ သမီးကတော့ အခုထိ ရှက်ပြနေတုန်း၊ မူနေတုန်းပဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နင်က ငါတို့ မိစ္ဆာဂိုဏ်းရဲ့ မြင့်မြတ်သမီးတော်ပဲလေ၊ ပြတ်သားတယ်၊ ရက်စက်တယ်လို့ နာမည်ကြီးတာ။ အခုကျမှ ဘာလို့ ဒီလောက်တောင် ဝေခွဲမရ ဖြစ်နေတာလဲ”

“ဆရာ... ဒါက အဲ့ဒီလိုမှ မဟုတ်တာ” ယောင်ယောင်က ရှက်သွေးဖြာကာ ခေါင်းငုံ့လျက် “ဒါက ကျွန်မရဲ့ တစ်သက်တာလုံးအတွက် ကိစ္စလေ။ သေချာ စဥ်းစားသင့်တယ် မဟုတ်ဘူးလား”

“ အရှင်မင်းကြီးထက် သာတဲ့သူကို ရှာနိုင်လို့လား” ဇီလျိုလီက သူမကို စိုက်ကြည့်ရင်း “အခု ဆရာ သမီးကို တာဝန်တစ်ခု ပေးမယ်။ ဒီနှစ်ထဲမှာ သူ့ကို အပိုင်ဖမ်းနိုင်အောင် ကြိုးစား။ မဟုတ်ရင် ငါ့ကို ဆရာလို့ မခေါ်နဲ့တော့”

ယောင်ယောင်မှာ အင်မတန် ရှက်သွားပြီး “ဒါက ဘယ်လို စကားမျိုးလဲ” ဟု တွေးနေမိသည်။ အပြင်လူတွေက သူမကို စုန်းမလေးဟု ခေါ်ကြသော်လည်း သူမ၏ ဆရာက သူမထက်ပင် ပို၍ ဆိုးနေပါလားဟု သိလိုက်ရတော့သည်။

ယောင်ယောင်မှာ ဆက်မပြောနိုင်တော့ဘဲ အိပ်ချင်ဟန်ဆောင်ကာ “ဆရာ... ကျွန်မ ဆက်မပြောနိုင်တော့ဘူး၊ အရမ်း အိပ်ချင်နေပြီ။ သွားအိပ်တော့မယ်၊ တာ့တာ”

သို့သော် အိပ်ရာထဲ လဲလျောင်းလိုက်သောအခါ သူမ လုံးဝ အိပ်မပျော်တော့ပေ။ သူမ၏ စိတ်ထဲတွင် လင်းပိုင်ဖန်၏ ပုံရိပ်များသာ ပြည့်နှက်နေသည်။ သူမ၏ စိတ်ကူးထဲတွင် လင်းပိုင်ဖန်သည် ယခုအချိန်၌ အလွန်ပင် ဘဝင်မြင့်နေလိမ့်မည်ဟု ထင်နေမိသည်။ အကြောင်းမှာ သူမ၏ ဆရာကိုယ်တိုင်ပင် သူ့ဘက်က ကူညီပေးနေသောကြောင့် ဖြစ်သည်။

“ဒီလူယုတ်မာကြီးကတော့... အရမ်း ဆိုးတာပဲ”

……

အခြားတစ်ဖက်တွင်လည်း မိုယုယန်သည် ပြန်ရောက်ပြီးနောက် အိပ်မပျော်နိုင်ဘဲ ဖြစ်နေလေသည်။ မဟာရှဧကရာဇ် လင်းပိုင်ဖန်က သူမကို ပေးလိုက်သော အထင်အမြင်မှာ တစ်စုံတစ်ဦးသော စီနီယာနှင့် အလွန်ပင် ဆင်တူလွန်းနေသည်။ အသေးစိတ် အချက်အလက်များစွာမှာ တိုက်ဆိုင်နေပြီး စကားပြောပုံမှာလည်း အလွန်ပင် တူညီနေသဖြင့် သူမအတွက် အလွန် ရင်းနှီးသော ခံစားချက်ကို ပေးစွမ်းနေသည်။

သို့သော်လည်း ကျိုးကြောင်းဆီလျော်မှုအရ သူက စီနီယာ မဖြစ်နိုင်ဟု ထင်မိသည်။ ထို့ကြောင့် သူမမှာ အလွန် ဇဝေဇဝါ ဖြစ်ကာ စိတ်ထဲတွင် ရှုပ်ထွေးနေတော့သည်။

ရိက္ခာပစ္စည်းများကို အမြန်ဝယ်ယူပြီးနောက် သူမသည် ကျားဖြူ တောင်တန်းရှိ ဂူအတွင်းသို့ ပြေးသွားကာ “စီနီယာ... စီနီယာ...” ဟု တိုးတိုးလေး ခေါ်လိုက်သည်။

“ဘာကိစ္စလဲ။ ပစ္စည်းတွေ ဝယ်ပြီးပြီလား” ထိုရင်းနှီးနေသော ထာဝရတည်ရှိနေပုံရသည့် အသံကြီး ထွက်ပေါ်လာသည်။

“ဟုတ်ကဲ့ စီနီယာ၊ ဝယ်ပြီးပါပြီ။ ဒီရိက္ခာတွေနဲ့ဆို နှစ်လလောက် ခံပါတယ်” မိုယုယန်က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ” ထိုအသံက ပြန်ပြောလိုက်သည်။

မိုယုယန်က ခဏမျှ စဥ်းစားပြီးနောက် “ဒါနဲ့ စီနီယာ... ကျွန်မ တောင်အောက်ဆင်းတုန်းက မဟာရှရဲ့ အင်ပါယာတည်ထောင်ခြင်း အခမ်းအနားကိုလည်း တက်ခဲ့သေးတယ်။ တကယ်ကို စည်ကားတာပဲ၊ လူတွေလည်း အများကြီး၊ သိုင်းပညာရှင်တွေလည်း အများကြီး စုဝေးနေကြတာ။ စီနီယာ... အဲ့ဒီအကြောင်း သိလား”

“ဒီလောက်ကြီးမားတဲ့ အခမ်းအနားကို ငါက ဘယ်လိုလုပ် မသိဘဲ နေမလဲ” ထိုအသံက ပြန်လည် ထွက်ပေါ်လာသည်။

“စီနီယာ... တက်ခဲ့သေးလား” မိုယုယန်က စမ်းတဝါဝါဖြင့် မေးလိုက်သည်။

“မတက်ပါဘူး။ ငါက အဲ့ဒီလောက် အားနေတာ မဟုတ်ဘူး”

“စီနီယာ... မဟာရှက အင်ပါယာ တည်ထောင်လိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လို ထင်သလဲ” မိုယုယန်က ဆက်လက် စုံစမ်းလိုက်သည်။

“ကောင်းတဲ့အချက်ပဲလေ။ မဟာရှက ပြည်သူတွေကို ဦးစားပေးတယ်။ အင်ပါယာ တည်ထောင်လိုက်ခြင်းက နိုင်ငံတော်ရဲ့ အာဏာကို ပိုမို ခိုင်မာစေပြီး ပြည်သူတွေကို ပိုပြီးတော့ စားဝတ်နေရေး ပြေလည်စေမှာပါ။ ငါတို့ သိုင်းပညာရှင်တွေက အစွမ်းထက်တယ်ဆိုပေမဲ့ ပြည်သူတွေနဲ့ ဝေးကွာမသွားသင့်သလို ခွန်အားနဲ့လည်း တပါးသူကို မနှိပ်စက်သင့်ဘူး”

“နားလည်ပါပြီ... စီနီယာ၊ ဒါဆို မဟာရှဧကရာဇ်ကိုကော ဘယ်လို ထင်သလဲ” မိုယုယန်က ဆက်မေးသည်။

ရယ်သံတစ်ခု ထွက်ပေါ်လာပြီး “ငါ ကြားတာတော့ ဒီလောကမှာ သူ့ရဲ့ ရုပ်ရည်ကပဲ ငါနဲ့ ယှဉ်နိုင်တယ်လို့ ကြားတယ်။ အချိန်တန်ရင်တော့ ငါ့အနေနဲ့ သွားတွေ့ရမယ်။ ငါနဲ့ မဟာရှဧကရာဇ် ဘယ်သူက ပိုချောသလဲဆိုတာ သိရအောင်လို့ပေါ့”

မိုယုယန်မှာ စိတ်ထဲတွင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤစီနီယာသည်လည်း မဟာရှဧကရာဇ်ကဲ့သို့ပင် အရှက်မရှိပါလားဟု တွေးလိုက်မိသည်။ မေးခွန်းများစွာ ဆက်တိုက်မေးသော်လည်း အဓိကကျသော သတင်းအချက်အလက်များကိုမူ သူမ မရရှိခဲ့ပေ။

သို့သော် သူတို့နှစ်ယောက်သည် ပိုမို နီးစပ်လာသည်ဟု သူမ ခံစားနေရသည်။ နောက်ပိုင်းတွင် မိုယုယန်သည် တောင်ပေါ်၌ ဆက်လက် ကျင့်ကြံနေပြီး အခွင့်အရေးရတိုင်း စီနီယာ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိမ်သိမ်မွေ့မွေ့ စုံစမ်းနေတော့သည်။

……..

တစ်ဖက်တွင်မူ သုံးရက်ကြာ ပိတ်ရက်က ပြီးဆုံးသွားခဲ့ပြီး မဟာရှပြည်သူများသည် မိမိတို့၏ အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်ကာ မဟာရှကို ဆက်လက် တည်ဆောက်နေကြသည်။

နံနက်ခင်း ညီလာခံကို တက်ရောက်ခဲလှသော လင်းပိုင်ဖန်သည် ယနေ့တွင်မူ ညီလာခံတက်ပြီး အမတ်များကို မှာကြားလိုက်သည်။ “ငါတို့ အင်ပါယာ တည်ထောင်ပြီးပြီ ဆိုပေမဲ့ အမတ်မင်းတို့ အနေနဲ့ ပေါ့ဆလို့ မရဘူး။ မဟာရှကို တည်ဆောက်ဖို့ ဆက်လက် ကြိုးစားကြရမယ်။ ငါတို့ရဲ့ ခရီးက အဝေးကြီး ကျန်သေးတယ်၊ အင်ပါယာဆိုတာ အဆုံးသတ် မဟုတ်သေးဘူး”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” အားလုံးက တညီတညွတ်တည်း ဖြေကြားလိုက်ကြသည်။

ညီလာခံအပြီးတွင် လင်းပိုင်ဖန်သည် ရှေ့ဆက်ရမည့် လမ်းစဉ်ကို စတင် လေ့လာသုံးသပ်တော့သည်။ သူသည် နယ်မြေချဲ့ထွင်ရန်၊ လူဦးရေ တိုးပွားရန်၊ အရင်းအမြစ်များ ကြွယ်ဝစေရန်နှင့် စစ်တပ်ကို အင်အားတောင့်တင်းစေရန်အတွက် အာဏာစက် ချဲ့ထွင်မည့် လမ်းစဉ်ကိုသာ လျှောက်လှမ်းမည်မှာ သေချာလှသည်။

သူ၏ ဟာရမ် ကိစ္စကတော့...

အဟမ်း၊ အဟမ်း... ဒါက ပုံမှန်ကိစ္စသာ ဖြစ်ပြီး သိပ်ပြီး အလေးပေးစရာ မလိုသေးပေ။

သူသည် အာဏာစက်ကို ဆက်လက် ချဲ့ထွင်ဖို့ ရည်ရွယ်ထားတာကြောင့် ဦးတည်ချက်တစ်ခုကို ရွေးချယ်ဖို့ လိုအပ်နေလေသည်။ မြောက်ဘက်တွင် သူ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးသော မဟာဖုန်းမင်းဆက် ရှိပြီး ယခုအခါ ဗုဒ္ဓဂိုဏ်း၏ နယ်မြေ ဖြစ်နေသည်။ မြောက်ဘက်သို့ ထပ်မံ ချဲ့ထွင်ခြင်းက အကျိုးအမြတ် သိပ်မရှိသဖြင့် မလိုအပ်ပေ။ အနောက်ဘက်တွင်မူ မဟာလော့မင်းဆက် ရှိပြီး တာအိုဂိုဏ်း၏ ထောက်ခံမှု ရှိနေသဖြင့် တိုက်ခိုက်ရန် မလွယ်ကူပေ။ သူတို့က တော်တော်လေး မာကျောသဖြင့် တိုက်ရိုက်တိုက်ခိုက်၍ မရနိုင်ဘဲ လင်းပိုင်ဖန်က တဖြည်းဖြည်းချင်း အင်အားချည့်နဲ့သွားအောင် လုပ်ရန်သာ စီစဉ်ထားသည်။ အရှေ့ဘက်တွင်မူ နဂါးပြာ တောင်တန်းကြီး၏ အလွန်တွင် သမုဒ္ဒရာသာ ရှိသဖြင့် ဖွံ့ဖြိုးတိုးတက်ရန်လည်း အလားအလာ မရှိပေ။

ထို့ကြောင့် သူ၏ ပစ်မှတ်မှာ ဟန်ဒွမ် တောင်တန်းကြီး၏ အခြားတစ်ဖက် ဖြစ်သည်။ ထိုနေရာတွင် နိုင်ငံများစွာ ရှိသော်လည်း မဟာအဆင့် နိုင်ငံများက အဓိကနေရာတွင် ရှိနေသည်။ မင်းဆက် အနည်းငယ်လည်း ရှိသော်လည်း သိပ်ပြီး အားမကောင်းကြပေ။ အကယ်၍သာ ထိုနေရာကို သိမ်းပိုက်နိုင်ပါက နယ်မြေနှင့် လူဦးရေမှာ အနည်းဆုံး နှစ်ဆခန့် တိုးပွားလာမည် ဖြစ်သည်။

ထို့ကြောင့် လင်းပိုင်ဖန်သည် သူ၏ 'နတ်ဘုရားလက်' စွမ်းရည်ကို သုံးကာ ဟန်ဒွမ် တောင်တန်းကြီးဆီသို့ ညွှန်လိုက်သည်။

နှစ်ရက်အကြာတွင် ဟန်ဒွမ် တောင်တန်းတွင် တပ်စွဲထားသော စစ်တပ်ထံမှ အရေးပေါ် သတင်းစကား ရောက်လာခဲ့သည်။ ဟန်ဒွမ် တောင်တန်းကြီးသည် နောက်တစ်ကြိမ် လှုပ်ခတ်သွားပြီး အခြားတစ်ဖက်သို့ သွားနိုင်သည့် လမ်းအသစ်တစ်ခု ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် လင်းပိုင်ဖန်သည် စစ်သူကြီး တစ်ဒါဇင်ကျော်ကို ဆင့်ခေါ်လိုက်သည်။

“စစ်သူကြီးတို့”

လင်းပိုင်ဖန်က ရရှိလာသော သတင်းကို ကမ်းပေးရင်း ပြုံးလျက် ပြောလိုက်သည်။ “ဒါက နောက်ဆုံးရသတင်းပဲ။ ဟန်ဒွမ် တောင်တန်းကြီးက ထပ်ပြီး ကွဲအက်သွားလို့ အခြားတစ်ဖက်ကို သွားလို့ရမယ့် လမ်းကြောင်း ပေါ်လာပြီ။ ငါတို့မှာ စစ်အင်အားနဲ့ နိုင်ငံတော် အင်အား တောင့်တင်းနေပြီဆိုတော့ နယ်မြေချဲ့ထွင်ဖို့ အကောင်းဆုံး အချိန်ပဲ မဟုတ်လား။ မောင်မင်းတို့ ဘယ်လို ထင်ကြလဲ”

“အရှင်မင်းကြီး မိန့်ကြားတာ မှန်ကန်ပါတယ်” စစ်သူကြီးများမှာ အလွန်ကို စိတ်လှုပ်ရှားသွားကြသည်။ အရှင်မင်းကြီးက စစ်တိုက်ရန် အရိပ်အယောင် ပြလိုက်ခြင်းမှာ အင်ပါယာ၏ နယ်နိမိတ်ကို ချဲ့ထွင်ရန် အခွင့်အရေးပင် မဟုတ်ပါလား။ ဒါက စစ်ရေးအောင်မြင်မှုတွေ ရဖို့ အခွင့်အရေးပင် ဖြစ်ချေ၏။

စစ်ရေးအောင်မြင်မှုတွေ ရရင် သူတို့ ရာထူးတိုးနိုင်သလို နတ်ဘုရားစွမ်းရည်တွေ၊ နတ်ဆေးတွေနဲ့ အစွမ်းထက် လက်နက်တွေကိုတောင် ရရှိနိုင်ပါသေးသည်။

“အရှင်မင်းကြီး... အမိန့်ပေးတော်မူပါ။ ကျွန်တော်မျိုးတို့ နောက်ဆုံးထွက်သက်အထိ အစွမ်းကုန် အမှုထမ်းဖို့ အသင့် ဖြစ်နေပါပြီ” စစ်သူကြီးများက တညီတညွတ်တည်း ပြောလိုက်ကြသည်။

အပိုင်း (၄၂၆)

လင်းပိုင်ဖန်မှာ ဝမ်းသာသွားပြီး - “စစ်သူကြီးတို့အားလုံးက တိုင်းပြည်အတွက် အမှုထမ်းဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေကြမှတော့ ငါကိုယ်တော်ကလည်း အလိုရှိရာကို ဖြည့်ဆည်းပေးရမှာပေါ့။ ပြန်ရောက်တာနဲ့ စစ်ရေးအတွက် ချက်ချင်းပြင်ဆင်ကြ။ နောက်သုံးရက်နေရင် ဟန်ဒွမ်တောင်တန်းကို ဖြတ်ကျော်ပြီး မဟာရှနိုင်ငံတော်ရဲ့ နယ်နိမိတ်ကို ချဲ့ထွင်ကြစို့”

“ဒီစစ်ဆင်ရေးမှာ ဖုန်းဝူစစ်သူကြီး ‘ချိုင်ယွီရှင်း’ ကို ဗိုလ်ချုပ်အဖြစ် ခန့်အပ်လိုက်တယ်။ တောင်ဘက်ပိုင်း စစ်ရေးလှုပ်ရှားမှုအားလုံးကို သူမကပဲ တာဝန်ယူ ကွပ်ကဲရမယ်။ စစ်သူကြီးအားလုံး သူမရဲ့ အမိန့်ကို နာခံကြ”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” စစ်သူကြီးများက ဝမ်းမြောက်ဝမ်းသာ တုံ့ပြန်ကြလေသည်။

သူတို့သည် ပြန်ရောက်သည်နှင့် တပ်ဖွဲ့များကို ချက်ချင်းစုစည်းကာ စစ်ပွဲအတွက် အင်တိုက်အားတိုက် ပြင်ဆင်ကြတော့သည်။ ထိုသို့ အကြီးအကျယ် ပြင်ဆင်မှုများကြောင့် လူအများ၏ အာရုံစိုက်မှုကို မလွဲမသွေ ရရှိခဲ့လေသည်။

ထိုသတင်းကို အခြားသော ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် များ ကြားသိရသောအခါ သူတို့လည်း ငြိမ်မနေနိုင်တော့ပေ။ သူတို့သည်လည်း စစ်ရေးအောင်မြင်မှုများကို ရယူလိုကြပြီး လင်းပိုင်ဖန်ထံမှ နတ်ဘုရားစွမ်းရည်များ၊ နတ်ဆေးများနှင့် အစွမ်းထက်လက်နက်များအပြင် စည်းစိမ်ဥစ္စာနှင့် ရာထူးဂုဏ်ထူးများကိုလည်း ရရှိရန် မျှော်လင့်နေကြသူများ ဖြစ်ကြသည်။ ယခုကဲ့သို့ အခွင့်အရေးရလာချိန်တွင် သူတို့အနေဖြင့် လက်လွှတ်ခံမည် မဟုတ်ပေ။

ထို့ကြောင့် သူတို့အားလုံး လင်းပိုင်ဖန်ကို ဝင်ရောက်တွေ့ဆုံကြတော့သည်။

“အရှင်မင်းကြီး... ဒီတောင်ဘက် စစ်ဆင်ရေးမှာ ကျွန်တော်မျိုးကို ချန်မထားပါနဲ့။ ကျွန်တော်မျိုးမှာလည်း တိုင်းပြည်အတွက် အမှုထမ်းချင်တဲ့ စိတ်ဆန္ဒတွေ ပြင်းပြနေပါတယ်”

“ကျွန်တော်မျိုးကို အခွင့်အရေးတစ်ခု ပေးပါဦး။ စစ်သူကြီးအဖြစ်နဲ့ စစ်မြေပြင်ကို သွားပြီး နိုင်ငံတော်ကို ကာကွယ်ချင်ပါတယ်”

“အရှင်မင်းကြီး... တစ်ဖက်သတ် မျက်နှာမလိုက်ပါနဲ့ဦး”

လင်းပိုင်ဖန်သည် ရှေ့မှောက်ရောက်နေသည့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၂၀ ကျော်ကို ကြည့်ရင်း အနည်းငယ် ခေါင်းခဲသွားသည်။ မဟာရှနိုင်ငံတော် တစ်ခုလုံးတွင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၆၀ ကျော်သာ ရှိသည်။ အရိပ်ထဲတွင် ဖုံးကွယ်နေသော သူဖုန်းစားဂိုဏ်းမှ အကြီးအကဲ ၂၂ ဦး၊ နယ်ခြားစောင့် စစ်သူကြီးအချို့နှင့် စစ်ထွက်ရန် အမိန့်ရပြီးသားသူများကို ဖယ်လိုက်လျှင် ကျန်ရှိသမျှ လူအားလုံး ဤနေရာသို့ ရောက်နေခြင်း ဖြစ်သည်။ လင်းပိုင်ဖန်အနေနှင့် သူတို့အားလုံးကို စစ်မြေပြင်သို့ မလွှတ်နိုင်ပေ။ အချို့ကိုတော့ နိုင်ငံတော်ကို စောင့်ရှောက်ရန် ချန်ထားခဲ့ရမည် မဟုတ်ပါလား။

“မောင်မင်းတို့ရဲ့ မျိုးချစ်စိတ်ကို ငါကိုယ်တော် နားလည်သလို အလွန်လည်း ဝမ်းသာမိတယ်။ ဒါပေမဲ့ အားလုံးကိုတော့ စစ်မြေပြင် လွှတ်လို့မရဘူး။ ဒါကြောင့် မောင်မင်းတို့ထဲက နောက်ထပ် ၁၀ ယောက်ကိုပဲ ရွေးချယ်သွားမယ်”

သိုင်းပညာရှင်များ၏ မျက်လုံးများ အရောင် တောက်ပသွားကြသည်။ ၁၀ နေရာဆိုသည်မှာ မရှိတာထက်စာလျှင် တော်သေးသည်ဟု တွေးလိုက်ကြသည်။

“အရှင်မင်းကြီး... ဒီတာဝန်မှာ ကျွန်တော်မျိုး မပါလို့ မဖြစ်ပါဘူး” ဟုဆိုကာ သေမင်းတမန် ကျောင်းတော်သားက ရှေ့သို့ တိုးလာခဲ့သည်။

လင်းပိုင်ဖန်က အံ့ဩသွားပြီး - “ ကျောင်းတော်သား... မောင်မင်းက စစ်ပွဲတွေကို ကြမ်းတမ်းလွန်းတယ်ဆိုပြီး သတ်ဖြတ်တာတွေကို မကြိုက်ဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား”

ကျောင်းတော်သားက သူ၏ယပ်တောင်ကို တစ်ချက် ခတ်လိုက်ပြီး နူးညံ့သိမ်မွေ့သော လေသံဖြင့် - “အရှင်မင်းကြီး... ကျွန်တော်မျိုးက စစ်တိုက်ရတာကို မနှစ်သက်တာ အမှန်ပါပဲ။ ဒါပေမဲ့ ရန်သူ့ခေါင်းဆောင်တွေကိုတော့ သွားပြီး လုပ်ကြံပေးနိုင်ပါတယ်။ ရန်သူ့စစ်သူကြီးတွေ အကုန်သေသွားရင် ကျွန်တော်မျိုးတို့ အလွယ်တကူ အနိုင်ရမှာပဲ မဟုတ်လား။ ကျွန်တော်မျိုး အခုတလော လုပ်ကြံသတ်ဖြတ်နည်း အသစ်အချို့ သင်ယူထားလို့ လက်တွေ့ စမ်းသပ်ကြည့်ချင်ပါတယ်”

လင်းပိုင်ဖန်က လက်ခုပ်တီးကာ - “ကောင်းပြီ... မောင်မင်းကို စာရင်းသွင်းလိုက်မယ်”

ကျောင်းတော်သားက ဝမ်းသာအားရဖြင့် - “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

နေရာတစ်ခု လျော့သွားသဖြင့် ကျန်သူများမှာ ပို၍ စိုးရိမ်လာကြသည်။

“အရှင်မင်းကြီး... ဒီတောင်ဘက် စစ်ဆင်ရေးမှာ ဒီအဘိုးကြီးကိုလည်း ချန်မထားပါနဲ့” ဟု 'လက်ဗလာဆရာကြီး'ကလည်း အမြန်အဆန် ပြောလိုက်သည်။

သူပြောပြီးသည်နှင့် လူတိုင်းက ဝိုင်းပြီး လှောင်ပြောင်ကြတော့သည်။

“ဆရာကြီး... ခင်ဗျားက ဘာသွားလုပ်တာလဲ”

“သူခိုးတစ်ယောက်က စစ်မြေပြင်ကို ဘာသွားလုပ်မှာလဲ”

“လူတွေကို သွားခိုးမလို့လား... ဟားဟား”

“ဟေ့... ငါ တကယ် လူသွားခိုးမလို့ကွ”

လက်ဗလာဆရာကြီးက ပြန်လည်ငြင်းခုံပြီး - “ကြည့်စမ်း... ငါသာ သူတို့နန်းတော်ထဲက ဧကရာဇ်ကို ခိုးယူလာခဲ့ရင် အစိုးရအဖွဲ့ ပျက်စီးသွားပြီး ငါတို့ တိုက်စရာမလိုဘဲ အနိုင်ရမှာပဲ မဟုတ်လား”

လင်းပိုင်ဖန်က အားရပါးရ ရယ်မောလိုက်ပြီး - “ကောင်းပြီ... မောင်မင်းလည်း ပါပြီ။ စစ်မြေပြင်မှာ လူတွေကို ဘယ်လိုခိုးမလဲဆိုတာ ငါကိုယ်တော် ကြည့်ချင်သေးတယ်”

လက်ဗလာဆရာကြီးမှာ ပျော်ရွှင်သွားပြီး - “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

နောက်ထပ် နေရာတစ်ခု လျော့သွားပြန်သဖြင့် အားလုံးက ပို၍ စိတ်ပူလာကြသည်။

သင်္ချိုင်းတူးရတာ ဝါသနာပါသော ‘ဝူရှဲ့’ နှင့် ‘ဝမ်ပန်းကျီ’ တို့က လင်းပိုင်ဖန်ထံ ပြေးလာပြီး တပြိုင်တည်း ပြောလိုက်ကြသည် - “အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ကိုလည်း အခွင့်အရေး ပေးပါဦး”

လူတိုင်းက ထပ်မံကာ အံ့ဩသွားကြပြန်သည်။

“သင်္ချိုင်းတူးသမား နှစ်ယောက်က စစ်မြေပြင်မှာ ဘာလုပ်မှာလဲ... သင်္ချိုင်းတူးမလို့လား”

“အလောင်းတွေက လတ်လတ်ဆတ်ဆတ် ရှိသေးတယ်၊ ခင်ဗျားတို့ တူးပေးဖို့ မလိုသေးဘူး”

“မြေအောက်လှိုဏ်ခေါင်း တူးဖို့ကလည်း ခင်ဗျားတို့ အလှည့် မဟုတ်သေးဘူး”

“ကျုပ်တို့က သင်္ချိုင်းတူးမှာ အမှန်ပဲ”

ဝမ်ပန်းကျီက ယုံကြည်ချက်အပြည့်ဖြင့် - “ဒါပေမဲ့ ကျုပ်တို့က စစ်သားတွေရဲ့ သင်္ချိုင်းကို တူးမှာမဟုတ်ဘူး။ အဲ့ဒီနိုင်ငံက ဧကရာဇ်တွေရဲ့ ဘိုးဘွားသင်္ချိုင်းတွေကို တူးမှာ။ သူတို့ရဲ့ ‘နဂါးသွေးကြော’ တွေကို ဖျက်ဆီး၊ ဖုန်းရွှေ တွေကို ဖျက်ဆီးပြီး ကံကြမ္မာကို ချေမှုန်းလိုက်ရင် သူတို့ ဘယ်လိုလုပ် အနိုင်ရနိုင်တော့မှာလဲ”

“ဟုတ်တယ်”

ဝူရှဲ့ကလည်း အားတက်သရော ခေါင်းညိတ်ပြီး - “ဧကရာဇ်တွေရဲ့ ဘိုးဘွားသင်္ချိုင်းကို တူးပြီး ဖုန်းရွှေဖျက်ဆီးဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပဲ။ ကျွန်တော်တို့ထက် ကျွမ်းကျင်တဲ့သူ ရှိဦးမလား”

လင်းပိုင်ဖန်က အကျယ်ကြီး ရယ်မောကာ - “မောင်မင်းတို့ရဲ့ စစ်တိုက်နည်းက တကယ်ကို ထူးခြားတာပဲ။ မောင်မင်းတို့ ဘယ်လိုတိုက်မလဲဆိုတာ ငါကိုယ်တော် တကယ်ကြည့်ချင်တယ်။ ကောင်းပြီ... မောင်မင်းတို့နှစ်ယောက်လည်း ပါတယ်”

ဝူရှဲ့နှင့် ဝမ်ပန်းကျီတို့မှာ အတိုင်းမသိ ဝမ်းသာသွားကြသည်။

မျက်တောင်တစ်ခတ်အတွင်း နေရာတွေ ပိုနည်းလာသဖြင့် အားလုံးမှာ ပျာပျာသလဲလဲ ဖြစ်ကုန်ကြသည်။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် အပြိုင်အဆိုင် အမွှန်းတင်ပြီး ထောက်ခံချက်ပေးနေကြစဉ်မှာပဲ နီပုစ က ဝုန်းကနဲ မြေကြီးပေါ် လဲကျသွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။

လင်းပိုင်ဖန်နှင့် လူတိုင်းမှာ အလန့်တကြား ဖြစ်သွားကြသည်။ လင်းပိုင်ဖန်က ပလ္လင်ပေါ်က ဆင်းလာပြီး နီပုစကို ထူပေးရင်း - “အမတ်မင်း... ဘာဖြစ်တာလဲ”

“အရှင်မင်းကြီး...”

နီပုစက အားနည်းသော လေသံဖြင့် - “ကျွန်တော်မျိုး အရှင်မင်းကြီးကို ဆက်ပြီး အမှုမထမ်းနိုင်တော့ဘူး ထင်ပါတယ်”

လင်းပိုင်ဖန်မှာ လန့်သွားပြီး - “အမတ်မင်း... ဘာလို့ အဲ့ဒီလို ပြောရတာလဲ”

နီပုစက သူ၏မျက်နှာကို ညွှန်ပြပြီး - “အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ မျက်နှာမှာ ဘာတွေ မြင်နေရလဲ”

“ဒါကတော့...” လင်းပိုင်ဖန်က တုံ့ဆိုင်းနေသည်။

“အရှင်မင်းကြီး... အမှန်အတိုင်းသာ မိန့်တော်မူပါ။ ကျွန်တော်မျိုးရဲ့ သိက္ခာအတွက် စိုးရိမ်မနေပါနဲ့”

“ဒါဆိုလည်း အမတ်မင်း တောင်းဆိုတာကြောင့် ငါကိုယ်တော် အမှန်အတိုင်း ပြောမယ်”

လင်းပိုင်ဖန်က သက်ပြင်းချရင်း - “မောင်မင်းရဲ့ မျက်နှာပေါ်မှာ ပြည်တည်နာတွေ၊ အဖုအထစ်တွေနဲ့ အပေါက်အပြဲတွေ ပြည့်နေပြီး ကြည့်ရတာ တကယ်ကို ရွံစရာကောင်းပါတယ်...”

“အရှင်မင်းကြီး မိန့်တာ မှန်ပါတယ်”

နီပုစက ခါးသီးသော အပြုံးဖြင့် သက်ပြင်းချလိုက်သည် - “ကောင်းကင်ဘုံရဲ့ ကံကြမ္မာတွေကို အမြဲတမ်း တွက်ချက်နေရတဲ့ ကျွန်တော်မျိုးတို့ နီပုစ မျိုးနွယ်စုဟာ ကံကြမ္မာရဲ့ ကျိန်စာကို ခံရစမြဲပါ။ အသက်ကြီးလာတဲ့အခါမှာ ကံဆိုးမှုတွေနဲ့ ရင်ဆိုင်ရပါတယ်။ ကျွန်တော်မျိုးရဲ့ မျက်နှာပေါ်မှာ ပြည်တည်နာတွေ အပြည့်ဖုံးသွားရင်တော့ ဒီလောကက ထွက်ခွာရမယ့် အချိန်ပါပဲ။ အခုတော့ ကျွန်တော်မျိုးရဲ့ သက်တမ်းက ကုန်ဆုံးခါနီးနေပါပြီ”

လင်းပိုင်ဖန်က စိုးရိမ်တကြီးဖြင့် - “အမတ်မင်း... အဲ့ဒီလို မပြောပါနဲ့။ မောင်မင်းရဲ့ အသက်ကို ကယ်ဖို့ နည်းလမ်းကို ငါကိုယ်တော် ရှာပေးပါ့မယ်”

“မထူးတော့ပါဘူး အရှင်မင်းကြီး... ဒါက ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာပါ။ ဒါပေမဲ့ ကျွန်တော်မျိုးမှာ မပြီးဆုံးသေးတဲ့ ဆန္ဒတစ်ခု ရှိပါသေးတယ်။ အဲ့ဒါကိုတော့ အရှင်မင်းကြီး ဖြည့်ဆည်းပေးစေချင်ပါတယ်”

လင်းပိုင်ဖန်က ထပ်ပြီး မေးလိုက်သည် - “အမတ်မင်းရဲ့ နောက်ဆုံးဆန္ဒက ဘာလဲ... ပြောပါ။ ငါကိုယ်တော် တတ်နိုင်သမျှ ကူညီပေးပါ့မယ်”

“အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ တခြားတောင်းဆိုစရာ မရှိပါဘူး”

နီပုစက လင်းပိုင်ဖန်၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ စိတ်ရင်းဖြင့် - “ကျွန်တော်မျိုး မသေခင်မှာ အရှင်မင်းကြီးကို နောက်ဆုံးတစ်ခေါက် အမှုထမ်းသွားချင်ပါတယ်။ ဒါကြောင့် ဒီစစ်ပွဲမှာ ကျွန်တော်မျိုးကို ပါဝင်ခွင့်ပေးပါ”

လင်းပိုင်ဖန် : “......၊ မောင်မင်း ခုနကပဲ သေတော့မယ်လို့ ပြောနေတာ မဟုတ်လား”

“ခဏလောက်တော့ တောင့်ခံနိုင်ပါသေးတယ်”

လင်းပိုင်ဖန် : “...”

အနားရှိ သိုင်းပညာရှင်များမှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းများပင် ရှုံ့မဲ့သွားကြသည်။

“သေတော့မယ် ဟုတ်လား... တော်စမ်းပါ နီပုစရာ။ မနေ့ကတောင် မင်း အရက်သောက်နေတာ ငါတို့ မြင်သားပဲ။ အဲ့ဒါ သေခါနီးလူနဲ့ တူလို့လား”

“အကြောင်းပြချက် ပေးချင်ရင်လည်း အဓိပ္ပာယ်ရှိတာလေး ပေးစမ်းပါ။ ငါတို့ကို ငတုံးများ ထင်နေတာလား”

“စစ်တိုက်ချင်ဇောနဲ့ ကိုယ့်မျက်နှာကိုတောင် ရင်းပြီး အရှက်မရှိ လိမ်နိုင်တယ်ပေါ့လေ”

“အရှင်မင်းကြီး... သူ့စကားကို မယုံပါနဲ့။ သူ နေကောင်းကျန်းမာနေတာပါ”

နီပုစကတော့ မျက်နှာသေဖြင့် - “ငါ့ကို ကန့်ကွက်တဲ့သူ ရှိရင် ဒီမျက်နှာကြီးနဲ့ မင်းတို့အိမ်ကို နေ့တိုင်းလာပြီး ထမင်းဝင်စားမယ်။ မင်းတို့ အန်ထွက်တဲ့အထိ စားပြမယ်”

အားလုံးမှာ ဒေါသထွက်ပြီး တုန်လှုပ်သွားကြသည် - “မင်း…မင်းကတော့ တကယ်ကို ယုတ်မာတာပဲ”

နောက်ဆုံးတွင်တော့ နီပုစသည် သူ၏ ရွံစရာကောင်းသော နည်းပရိယာယ်ဖြင့် နေရာတစ်ခု ရသွားလေသည်။ ထို့နောက် လင်းပိုင်ဖန်သည် ကျန်ရှိသော ငါးယောက်ကို ထပ်မံ ရွေးချယ်လိုက်သည်။

ရွေးချယ်မခံရတဲ့ သူတွေကတော့ သူတို့ရဲ့ အရည်အချင်း မပြည့်ဝလို့ မဟုတ်ဘဲ ရန်သူတွေက အရှက်မရှိပဲ၊ တကယ်ကို အရှက်မရှိလွန်းလို့သာ ဖြစ်သည်ဟု ငြီးတွားနေကြတော့သည်။

လူရွေးချယ်မှု ပြီးဆုံးသွားသောအခါ ကျန်ရှိသော စစ်သည်တော်များကြားတွင်လည်း ပြိုင်ဆိုင်မှုများ စတင်လာသည်။ အရာရှိငယ်များမှစ၍ သာမန်စစ်သားများအထိ အားလုံးက စစ်မြေပြင်သို့ သွားလိုကြသည်။ အကြောင်းမှာ စစ်ပွဲသည်သာ သူတို့အတွက် ရာထူးတိုးရန်၊ ချမ်းသာကြွယ်ဝရန်နှင့် ဘဝ၏ ထိပ်ဆုံးသို့ အမြန်ဆုံး ရောက်ရှိရန် လမ်းကြောင်း ဖြစ်သောကြောင့်ပင်။ ဤသည်မှာ သူတို့ စစ်တပ်ထဲဝင်ခဲ့ရသည့် ရည်ရွယ်ချက်ပင် မဟုတ်ပါလား။

ထို့ကြောင့် စစ်တပ်တစ်ခုလုံးသည် အားတက်သရောဖြင့် စစ်ပွဲအတွက် ပြင်ဆင်ကြတော့သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး တစ်စုံတစ်ယောက်က ရေရွတ်လိုက်မိသည် - “ရူးနေပြီ... ရူးနေပြီ... မဟာရှနိုင်ငံတော်ကတော့ တကယ်ကို ရူးသွားပြီ”

ထိုကဲ့သို့ ကြီးမားလှသော စစ်ရေးလှုပ်ရှားမှုများကိုတော့ ပြင်ပကမ္ဘာကို လျှို့ဝှက်ထားနိုင်ရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။

All Chapters