← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

Chapter 91+92

~

အခန်း ၉၁+၉၂ : နတ်ဘုရားတမန်‌တော် ..' သူက မိစ္ဆာလား ငါက မိစ္ဆာလား '

~

"မြင့်မြတ်သောမီးလျှံဂိုဏ်းကို

ဝင်ရမယ် ဟုတ်လား.."

ဂူချန်၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားတော့သည်။

' ခက်တော့တာပဲ၊ အခုတော့

မိစ္ဆာဂိုဏ်းတစ်ခုကတောင် ငါ့ကို လာဖိတ်ခေါ်နေပြီပေါ့..'

' ငါ တကယ်ပဲ လူဆိုးတစ်ယောက်နဲ့

အဲ့ဒီလောက်တောင် တူနေလို့လား..'

မြင့်မြတ်သောမီးလျှံဂိုဏ်း

ဟူသော အမည်နာမမှာ သူ၏ ယခင်ဘဝမှတ်ဉာဏ်များတွင်သာမက လူသားမဟာမိတ်အဖွဲ့တစ်ခုလုံး၏ မှတ်တမ်းများ၌ပါ ထင်ထင်ရှားရှား ရှိနေခဲ့၏။

ဤသည်က လူသားမဟာမိတ်အဖွဲ့တစ်ခုလုံးကို လွှမ်းမိုးထားသည့် မိစ္ဆာဂိုဏ်းကြီးတစ်ခုပင် ဖြစ်လေသည်။

ခြေရာဖျောက်ရာတွင် ကျွမ်းကျင်လှသလို ယုတ်မာကောက်ကျစ်လှသည့်အပြင် လှည့်ဖြားတတ်သော စကားလုံးများဖြင့် လောကကြီးကို လမ်းမှားရောက်အောင် ပြုလုပ်ကာ လူအများအား မိစ္ဆာပညာရပ်များဖြင့် ညှို့ယူဖမ်းစားတတ်ကြသည်။ ထိုအဖွဲ့အစည်းတွင် စိတ်တူကိုယ်တူရှိသည့် ပညာရှင်ပေါင်းများစွာ ရှိနေပြီး မဟာမိတ်အဖွဲ့အတွင်း၌ တုန်လှုပ်ချောက်ချားဖွယ်ရာ

ကိစ္စရပ်များစွာကို လုပ်ဆောင်ခဲ့ကြဖူး၏။

၎င်းတို့ လှုပ်ရှားလိုက်တိုင်း

မဟာမိတ်အဖွဲ့အတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေတတ်သည်။

သို့သော်လည်း အချိန်အတော်များများတွင် ရာထူးကြီးပိုင်းပုဂ္ဂိုလ်များကိုသာ ပစ်မှတ်ထားလေ့ရှိပြီး ရေတွက်မရနိုင်သော ရတနာများနှင့် အသက်ပေါင်းများစွာကို လုယူခဲ့ကြလေသည်။

ထို့အပြင် မြင့်မြတ်သောမီးလျှံဂိုဏ်းတွင် ခြေရာခံခြင်းမှ ရှောင်တိမ်းနိုင်သည့် အထူးနည်းလမ်းများ ရှိပုံရ၏။ လှုပ်ရှားမှုတိုင်းတွင် စောင့်ကြည့်ရေးစနစ်အားလုံးကို ပိတ်ဆို့ထားနိုင်သည့်အပြင် တာအိုလက်နက်များဖြင့်ပင် ချောင်းမြောင်းကြည့်ရှု၍ မရနိုင်ချေ။

ဤအချက်က မဟာမိတ်အဖွဲ့၏

အထက်လူကြီးများအတွက် အဆုံးမရှိသော ခေါင်းခဲစရာ ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့သည်။ ကာကွယ်တားဆီးရန်အတွက် အရင်းအမြစ်များစွာ အသုံးပြုခဲ့သော်လည်း ရလဒ်မှာမူ အနည်းငယ်သာ ရှိခဲ့လေသည်။

လွန်ခဲ့သော ဆယ်စုနှစ်များစွာက

မြင့်မြတ်သောမီးလျှံဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းရန်အတွက် မဟာမိတ်အဖွဲ့၏ အဆင့်မြင့်ခေါင်းဆောင်များက

မီးလျှံသန့်စင်ရေး စစ်ဆင်ရေး ကြီးကို ဆင်နွှဲခဲ့ကြသည်။ ထိုဂိုဏ်းနှင့် အနည်းငယ်မျှ ပတ်သက်ဆက်နွှယ်မှု ရှိသူမှန်သမျှကို ကွပ်မျက်ခဲ့ကြ၏။

တစ်ယောက်မှ လွတ်မသွားစေရန်အတွက် အပြစ်မဲ့သူ တစ်ထောင်ကို မှားယွင်းသတ်မိပါစေဦးတော့၊ မိစ္ဆာတစ်ယောက်ကိုမူ အလွတ်မပေးနိုင်ဟူသော စိတ်ဓာတ်ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းပင်။

ထို့ကြောင့် မဟာမိတ်အဖွဲ့တစ်ခုလုံးရှိ သာမန်လူတန်းစားများမှသည် အထက်တန်းလွှာများအထိ ထိုအဖွဲ့အစည်းကို အလွန်အမင်း ရွံရှာမုန်းတီးကြလေသည်။

ထို မီးလျှံသန့်စင်ရေး စစ်ဆင်ရေး ကြောင့် လူသားမဟာမိတ်အဖွဲ့အတွင်း ကြီးမားသော ဆုံးရှုံးမှုများ ရှိခဲ့သော်လည်း မြင့်မြတ်သောမီးလျှံဂိုဏ်း၏ အင်အားကိုလည်း အကြီးအကျယ် ထိခိုက်စေခဲ့၏။

မကြာသေးမီ နှစ်များအတွင်းမှသာ

ဤနာမည်ဆိုးဖြင့် ကျော်ကြားသော မိစ္ဆာအဖွဲ့အစည်းမှာ ပြန်လည်လှုပ်ရှားလာခြင်း ဖြစ်သည်။

သို့သော်လည်း အတိတ်က

အထွတ်အထိပ်ရောက်ခဲ့သည့် အချိန်နှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားနေပါသေးသည်။

သူ နာမည်ကျော်ကြားလာပြီး

ရက်အနည်းငယ်အကြာမှာပင် မြင့်မြတ်သောမီးလျှံဂိုဏ်းအတွင်း အဆင့်အတန်း မနိမ့်လှသော နတ်ဘုရားတမန်တော်တစ်ဦးက

ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖိတ်ခေါ်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

"မှန်တယ်၊ မြင့်မြတ်သောမီးလျှံဂိုဏ်းကိုသာ ဝင်လိုက်စမ်းပါ.."

တစ္ဆေတစ်ကောင်ကဲ့သို့

ပုံရိပ်၏ လေသံမှာ တည်ကြည်ပြတ်သားနေသော်လည်း ဖျောင်းဖျနားချလိုသည့် အရိပ်အယောင်များ

ပါဝင်နေ၏။

"မြင့်မြတ်သောမီးလျှံဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က မဟာမိတ်အဖွဲ့ထဲက ထိပ်တန်းအင်အားစုတွေထက်

မနိမ့်ပါဘူး.."

"သခင်လေးရဲ့ ပါရမီအရဆိုရင်

ဒီမျိုးဆက်ရဲ့ သူတော်စင်ရာထူးအတွက်တောင် ယှဉ်ပြိုင်နိုင်ပြီး အရင်းအမြစ်ပေါင်းများစွာနဲ့

နောက်လိုက်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်လိမ့်မယ်.."

"ပြီးတော့ နောက်ထပ်..."

"တော်ပြီ.."

ဂူချန်မှာ ထိုသူ၏ မြှောက်ပင့်စကားများကို နားထောင်ရန် စိတ်မပါသဖြင့် စကားကို တန်းဖြတ်လိုက်လေသည်။

"မေးခွန်းတစ်ခုပဲ

မေးမယ်။ ငါသာ ကျန်းနန်ပြည်နယ်ထဲမှာ စိတ်ကြိုက် သတ်ဖြတ်မှုတွေ လုပ်မယ်ဆိုရင် ငါ့နောက်ကွယ်က

ကိစ္စတွေကို မင်းတို့ ရှင်းပေးနိုင်မလား၊ ဘယ်သူမှ မသိအောင် ဖုံးကွယ်ပေးနိုင်မလား.."

အမှန်အတိုင်း ပြောရလျှင်

သူ၏ SSS အဆင့် ပါရမီဖြစ်သော သေမင်းလက်ဝါးမှာ ပိုမိုအစွမ်းထက်လာစေရန် သတ်ဖြတ်မှုများ

ပြုလုပ်ရန် လိုအပ်၏။

ထို့အပြင် စေတနာအမှတ်များစွာ

ရရှိရန်အတွက်လည်း ကောင်းမှုကုသိုလ်များကို အမြဲတစေ လုပ်ဆောင်နေရမည် ဖြစ်သည်။

သို့သော်လည်း မဟာမိတ်အဖွဲ့၏

အရေးပါသော ပုဂ္ဂိုလ်တစ်ဦး၏ တပည့်ဖြစ်နေသလို ကျန်းနန်ပြည်နယ်ရှိ အင်အားကြီးမိသားစုတစ်ခု၏

တစ်ဦးတည်းသော အမွေဆက်ခံသူလည်း ဖြစ်နေသဖြင့် သူ့အပေါ် စောင့်ကြည့်မှုများမှာ အလွန်မြင့်မားနေသည်။

ထို့ကြောင့် သူသည် လွန်လွန်ကဲကဲ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ချေ။

သို့သော် မြင့်မြတ်သောမီးလျှံဂိုဏ်းကမူ သူ၏ ခြေရာများကို လုံခြုံစွာ ဖုံးကွယ်ပေးနိုင်သည့်အပြင် အကြီးအကျယ် သတ်ဖြတ်နိုင်မည့်

အခွင့်အရေးများကိုလည်း ပေးစွမ်းနိုင်၏။ ဤအချက်မှာ ထိုဂိုဏ်းအပေါ် သူ စိတ်ဝင်စားသွားရသည့်

အဓိကအချက်ပင် ဖြစ်လေသည်။

ထို့အပြင် မြင့်မြတ်သောမီးလျှံဂိုဏ်းသည် အကျင့်ပျက်ခြစားသော အရာရှိကြီးများနှင့် လူမဆန်သော လက်ပါးစေများကိုသာ အဓိက ပစ်မှတ်ထားတတ်ကြသည်။

သို့သော် ထိုအချက်မှာ ဂူချန်နှင့် ဘာမျှမဆိုင်ချေ။ စေတနာအမှတ်များ ရရှိပြီး ပိုမိုအစွမ်းထက်လာနိုင်သရွေ့

မည်သူ့ကိုမဆို သတ်ဖြတ်ရန် သူ ဝန်မလေးပေ။ အကျိုးအမြတ် မည်မျှရရှိမည်ဆိုသည့် အချက်အပေါ်၌သာ

မူတည်၏။

သူ၏ အစီအစဉ်အရဆိုလျှင်

မြင့်မြတ်သောမီးလျှံဂိုဏ်းက သူ့ထံ လာမရှာလျှင်ပင် သူကိုယ်တိုင် သွားရောက်ရှာဖွေရန်

ကြံရွယ်ထားပြီးသား ဖြစ်သည်။

"အင်း..."

တစ္ဆေပုံရိပ်မှာ ထိုမေးခွန်းကြောင့်

အံ့အားသင့်သွားဟန်ရှိသော်လည်း ချက်ချင်းပင် ယုံကြည်ချက်ရှိရှိ ပြန်လည်ဖြေကြားလိုက်၏။

"ဒါပေါ့၊ သခင်လေးသာ မြင့်မြတ်သောမီးလျှံဂိုဏ်းကို ဝင်လိုက်မယ်ဆိုရင် ကျုပ်တို့အားလုံးက တစ်သားတည်းဖြစ်သွားပြီ.. သခင်လေးရဲ့ ထူးခြားတဲ့ ပါရမီကြောင့် ကျုပ်တို့က ကာကွယ် ပေးမှာပါ.."

"သခင်လေးရဲ့ လှုပ်ရှားမှုတွေကို

ကြိုတင်အကြောင်းကြားထားသရွေ့ ကျုပ်တို့ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် တောင်ပိုင်းမဟာမိတ်အဖွဲ့တစ်ခုလုံးမှာ

ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး.."

"သခင်လေးသာ သူတော်စင်

ဖြစ်လာမယ်ဆိုရင် မြင့်မြတ်တဲ့ လက်နက်တစ်ခုက သခင်လေးကို စောင့်ရှောက်ပေးလိမ့်မယ် မဟာမိတ်အဖွဲ့က ကမ္ဘာမြေနတ်ဘုရားတစ်ပါး ဆင်းလာရင်တောင် ဘာခြေရာမှ ရှာတွေ့မှာ မဟုတ်ဘူး.."

"ဒါဆိုရင် ငါ ဝင်မယ်.."

ဂူချန်မှာ တွေဝေခြင်းမရှိဘဲ

ခေါင်းညိတ်လိုက်လေသည်။

အလွန်ကောင်းပေသည်။ ဤနည်းဖြင့် သေမင်း၏ ဆာလောင်မှုကို ဖြည့်ဆည်းပေးနိုင်သလို စေတနာအမှတ်များစွာကိုလည်း ရရှိနိုင်မည်

ဖြစ်၏။ တစ်ဆက်တည်းမှာပင် အရင်းအမြစ်များကိုလည်း ရယူနိုင်ဦးမည် မဟုတ်ပါလော။

ဤကဲ့သို့ အကျိုးအမြတ်များလှသော အခွင့်အရေးမျိုးမှာ ရှာဖွေရန် အလွန်ခဲယဉ်းလှပေသည်။

ပထမဦးစွာ မြင့်မြတ်သောမီးလျှံဂိုဏ်း၏ အကူအညီဖြင့် အလျင်အမြန် အစွမ်းထက်လာအောင် လုပ်မည်။ နောက်ပိုင်းတွင် မဟာမိတ်အဖွဲ့က သူ့ကို သိသွားလျှင်ပင် သူသည် ဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီး လျှို့ဝှက်ချက်များစွာကို

သိရှိထားပြီး ဖြစ်လိမ့်မည်။

ထိုအချိန်ကျမှ မြင့်မြတ်သောမီးလျှံဂိုဏ်းကို ပြန်လည်ချေမှုန်းပြီး သူသည် သူလျှိုအဖြစ် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ရုံသာ။ ထိုအခါ မဟာမိတ်အဖွဲ့က သူ့ကို အပြစ်ပေးမည့်အစား ဆုလာဘ်များပင် ပေးရဦးမည် ဖြစ်သည်။

မြင့်မြတ်သောမီးလျှံဂိုဏ်း၏

စိတ်ညှို့ပညာရပ်များက သူ့အပေါ် အစွမ်းပြနိုင်မည်ဟု ထင်နေကြသည်လော။

ရယ်စရာကောင်းလှ၏ ။

သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ဖြစ်သော စိတ်ဝိညာဉ်အကာအကွယ် မှာ အလကားသက်သက်ဟု ထင်နေကြသလော။

မည်သည့် စိတ်ပိုင်းဆိုင်ရာနှင့်

ဝိညာဉ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကိုမဆို သူက ခုခံနိုင်စွမ်း ရှိပြီးသား ဖြစ်၏။

ထို့အပြင် သူ၏ တိုးတက်မှုနှုန်းနှင့်ဆိုလျှင်

မြင့်မြတ်သောမီးလျှံဂိုဏ်းက တစ်ခုခုကို ရိပ်မိသွားချိန်တွင် သူသည် သိုင်းသူတော်စင်အဆင့်သို့

ရောက်ရှိနေလောက်ပြီ ဖြစ်သည်။

သူ့ကို ပြဿနာရှာချင်တယ်ဆိုရင်

သူတို့ရဲ့ အင်အားကို အရင်ပြန်တွက်ကြည့်ရလိမ့်မည်။

"ဒီလောက်လွယ်လွယ်နဲ့

သဘောတူလိုက်တာလား.."

ဖျောင်းဖျနားချရာတွင်

ကျွမ်းကျင်လှသော တစ္ဆေပုံရိပ်မှာ ဂူချန်၏ လွယ်လွယ်ကူကူ သဘောတူလိုက်မှုကြောင့် အံ့အားသင့်သွားရရှာသည်။

မည်သည့် လှည့်ကွက်မှ

မသုံးရသေးခင်မှာပင် ဤလူက ချက်ချင်း ဝင်လိုက်ပေသည်။

‘မင်းကပဲ မြင့်မြတ်သောမီးလျှံဂိုဏ်းက

လူဖြစ်နေတာများလား..’

ထိုတစ္ဆေပုံရိပ်ခမျာ

စိတ်ထဲမှ ညည်းညူမိတော့သည်။ သို့သော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာကာ ဝမ်းသာအားရ ပြောလိုက်၏။

"ဒါဆိုရင် မြင့်မြတ်သောမီးလျှံဂိုဏ်းကို

ဝင်ရောက်လာတဲ့အတွက် သခင်လေးဂူကို ဂုဏ်ပြုပါတယ်.."

"ဒါပေမဲ့ အဲ့ဒီမတိုင်ခင်မှာ

သခင်လေးဂူအနေနဲ့ သစ္စာခံတဲ့အနေနဲ့ လှုပ်ရှားမှုတစ်ခုကို အောင်မြင်အောင် လုပ်ပြရပါမယ်။

သခင်လေးအနေနဲ့ ဒီအလုပ်ကို လုပ်ဖို့ အလွန်စိတ်အားထက်သန်လိမ့်မယ်လို့ ကျွန်ုပ် ယုံကြည်ပါတယ်.."

ထို့နောက် သူသည် အနက်ရောင်

မြူခိုးတစ်ခုကို ထုတ်လွှတ်လိုက်ရာ ဂူချန်၏ ရှေ့မှောက်တွင် ပစ္စည်းသုံးမျိုးအဖြစ် ပြောင်းလဲသွားလေသည်။

စာအုပ်တစ်အုပ်၊ ထူးဆန်းသော

အနက်ရောင် တာအိုဝတ်ရုံတစ်ခုနှင့် မည်းနက်နေသော တံဆိပ်ပြားတစ်ခုပင် ဖြစ်၏။

"ဒီစာအုပ်ကတော့

မြင့်မြတ်သောမီးလျှံ နှလုံးသားကျမ်းလို့ ခေါ်ပါတယ်။ ထိပ်တန်း စိတ်ပိုင်းဆိုင်ရာ

ကျင့်စဉ်တွေတောင် ဒါကို မယှဉ်နိုင်ပါဘူး။ ဒါ့အပြင် မြင့်မြတ်တဲ့ မီးလျှံကို နားလည်သဘောပေါက်စေပြီး

သခင်လေးရဲ့ အစွမ်းကို အားစိုက်စရာမလိုဘဲ အလျင်အမြန် တိုးတက်စေမှာပါ.."

"ဒီဝတ်ရုံကတော့

သခင်လေးရဲ့ အော်ရာကို ဖုံးကွယ်ပေးနိုင်တဲ့အတွက် ပုန်းကွယ်ဖို့ အကောင်းဆုံး ပစ္စည်းတစ်ခုပါပဲ။

ဟိုတံဆိပ်ပြားကတော့ သခင်လေးရဲ့ အဆင့်အတန်းကို ဖော်ပြသလို ဂိုဏ်းသားတွေအချင်းချင်း ဆက်သွယ်ဖို့အတွက်လည်း

အသုံးပြုနိုင်ပါတယ်.."

တစ္ဆေပုံရိပ်က အလေးအနက်

ပြောကြားလိုက်သည်။

"သခင်လေးပစ်မှတ်ကို ရွေးချယ်ပြီးပြီဆိုရင် ကျုပ်ကို ဆက်သွယ်လိုက်ပါ။

သခင်လေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ကျုပ် ကြိုပြင်ထားပေးမယ်..."

"ရွေးချယ်မှုကတော့

သခင်လေးရဲ့ လက်ထဲမှာပါပဲ။ ကျုပ်ကို သွားခွင့်ပြုပါဦး..."

တစ္ဆေပုံရိပ်မှာ ပိတ်ဆို့ထားသည့်စွမ်းအင်များကို

ရုတ်သိမ်းကာပျောက်ကွယ်တော့မည့်ဆဲဆဲတွင် အိမ်တော်ထိန်း လီ၏ အသံ ထွက်ပေါ်လာ၏။

"သခင်လေး၊ လျိုလုံတက္ကသိုလ်က

လူတွေ ရောက်နေကြပါပြီ.."

ထိုစကားကို ကြားလိုက်ရသောအခါ

ဂူချန်၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။ သူက အသာအယာ ရယ်မောလိုက်ရင်း ...

"နတ်ဘုရားတမန်‌တော်၊

သစ္စာခံဖို့အတွက် အခွင့်အရေးက အခုပဲ ရောက်လာပြီ မဟုတ်လား.."

တစ္ဆေပုံရိပ်မှာ အံ့အားသင့်စွာဖြင့်

ရေရွတ်လိုက်၏။

"သခင်လေးက လျိုလုံတက္ကသိုလ်ကို ပစ်မှတ်ထားမလို့လား.."

‘ ချီးပဲ.. တခြားလူတွေ

ဂိုဏ်းထဲဝင်ရင် အင်အားစုအသေးလေးတွေကိုပဲ ရွေးချယ်တတ်ကြတာ။ မင်းက စစချင်းမှာတင်

ပြည်နယ်အဆင့် အင်အားစုကြီးကို တိုက်ရိုက် ပစ်မှတ်ထားတော့မှာလား..’

ဂူချန်နှင့် နှိုင်းယှဉ်ပါက

သူကိုယ်တိုင်ပင်လျှင် အတွေ့အကြုံမရှိသည့် ငနုလေး တစ်ယောက်ကဲ့သို့ ခံစားလိုက်ရလေသည်။

ဂူချန်မှာ ဘာမျှပြန်မပြောဘဲ

အိမ်တော်၏ ခန်းမဆောင်ကြီးဆီသို့ ဦးတည်လျှောက်လှမ်းသွား၏။

တစ္ဆေပုံရိပ်မှာလည်း

ကိုယ်ယောင်ဖျောက်ကာ နောက်မှ လိုက်ပါသွားတော့သည်။

ဤဂူချန်ဆိုသူမှာ သူ၏

အမည်နာမကဲ့သို့ပင် ရိုးသားဖြောင့်မတ်ပြီး ကတိတည်သူ ဟုတ်မဟုတ်ကို သူ စောင့်ကြည့်ချင်နေမိသည်။

All Chapters