ရှေးဟောင်းမျိုးနွယ်စုများ၏ သွေးမျိုးဆက်များ (၂)
Vol. 20 Ch. 191
ယန်ချင်းသည် သူတို့၏အတွေးများကို လုံးဝသတိမထားမိဘဲ သူ၏အကဲဖြတ်မှုကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့လေသည်။
ဖုန်းကျောင်းသည် သလင်းကျောက်ဖြင့် အကဲဖြတ်မှုပြီးသွားသည်နှင့် နှလုံးသားကျောက်စာတိုင်ပေါ်သို့ သူ၏သွေးအဆီအနှစ်တစ်စက် ချပေးရမည့် အကဲဖြတ်မှု၏ နောက်ဆုံးအပိုင်းသို့ ဆက်လက်လုပ်ဆောင်လေ၏။
သူနှင့်ဖုန်းလဲ့ နှစ်ဦးလုံး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်တကြီး စောင့်စားနေသည့် ခံစားချက်များ လင်းလက်သွားကြပေသည်။
“ဒါကြောင့် သူတို့က အကဲဖြတ်မှုနှစ်ခုလုံးကို ခံယူချင်ခဲ့ကြတာကိုး...” ဟု သူတို့၏တုံ့ပြန်မှုများကို သတိပြုမိချိန်တွင် ယန်ချင်းက စိတ်ထဲမှ တွေးလိုက်၏။
သူတို့၏စိတ်လှုပ်ရှားနေသော အမူအရာများအရ သူတို့၏ရည်ရွယ်ချက်ကို ခန့်မှန်းရန် သိပ်မခက်ခဲလှပေ။
နှလုံးသားကျောက်စာတိုင်သည် ကျင့်ကြံခြင်းအဆင့်များ၏ တည်ငြိမ်မှုကို စစ်ဆေးခြင်းနှင့် တားမြစ်ကျင့်စဉ်များ အသုံးပြုထားခြင်း ရှိမရှိ ဖော်ထုတ်ပေးခြင်းတို့အပြင် သွေးမျိုးဆက်ကို အကဲဖြတ်ပေးသည့် အရာတစ်ခုအနေဖြင့်လည်း အသုံးဝင်လေသည်။
ညီအစ်ကိုနှစ်ဦး၏ တုံ့ပြန်မှုများအရ သူတို့၏ပစ်မှတ်မှာ ထိုအချက်ကို သေချာသိရှိလိုခြင်း ဖြစ်ပုံရသည်။
အကဲဖြတ်သူတစ်ဦးကို ငှားရမ်းခြင်း ကုန်ကျစရိတ်မှာ အဆင့်မရှိသော ဂိုဏ်းတစ်ခု၏ တတ်နိုင်စွမ်းထက် အနည်းငယ်ကျော်လွန်နေပြီး အထူးသဖြင့် အကဲဖြတ်သူတွင် မကောင်းသောရည်ရွယ်ချက်များ ရှိနေပါက အန္တရာယ်များလည်း ရှိလာနိုင်သဖြင့် သူတို့၏ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရန် ဝန်မလေးခဲ့ချေ။
လုံလောက်သော အရင်းအမြစ်များနှင့် ကျွမ်းကျင်သောစွမ်းရည်များ ရှိမည်ဆိုလျှင် သွေးမျိုးဆက်ကို လုယူခြင်းများ ပြုလုပ်နိုင်ပြီး အဆိုးရွားဆုံးအခြေအနေများတွင် သားကောင်ဖြစ်သူမှာ သေဆုံးသွားြခင်း သို့မဟုတ် သေရသည်ထက် ပိုဆိုးသောကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရလေ့ရှိသည်။
ထို့ကြောင့်ပင် မိမိတို့၏လုံခြုံရေးကို သေချာစေမည့် လုံလောက်သောအင်အား သို့မဟုတ် ကျောထောက်နောက်ခံမရှိဘဲ မည်သူမျှ သွေးမျိုးဆက်အကဲဖြတ်ခြင်းကို ပေါ့ပေါ့ဆဆ မလုပ်ဆောင်ရဲကြခြင်း ဖြစ်ပေသည်။
ဖုန်းကျောင်းက သူ၏သွေးအဆီအနှစ်ကို ချပေးလိုက်ပြီးနောက် နှလုံးသားကျောက်စာတိုင်မှာ စာလုံးများ ပေါ်လာလေ၏။
> ကျင့်ကြံခြင်းအဆင့် - အခြေတည်အဆင့် ပထမအဆင့်၏ အထွတ်အထိပ်။
> အခြေအနေ - တည်ငြိမ်။
> သက်တမ်း - ၃,၇၄၀ နှစ်။
> သွေးမျိုးဆက် - ကြယ်ဆည်းဆာသစ်ပင်၏သန္ဓေပြောင်း ငွေရောင်နွယ်သစ်သားသွေးမျိုးဆက်။
> သဘာဝစွမ်းအင်ပါရမီ - သစ်သား၊ သတ္တု၊ လေ။
စာလုံးများမှာ မပျောက်ကွယ်သွားမီ မိနစ်အနည်းငယ်ကြာ ထိုနေရာတွင် ရှိနေခဲ့သည်။ သို့သော် ခန်းမဆောင်တစ်ခုလုံးမှာ ပတ်ပတ်လည်မှ ကွဲပြားသောတုံ့ပြန်မှုများနှင့်အတူ လုံးဝတိတ်ဆိတ်နေလေ၏။
အငယ်ဆုံးဖြစ်သူ ဖုန်းယွီ၏ လင်းလက်နေသောမျက်လုံးများက နှလုံးသားကျောက်စာတိုင်ပေါ်တွင် ကပ်ငြိနေသည်။
သူသည် နှလုံးသားကျောက်စာတိုင်နှင့် သူ၏လက်ညှိုးကြားတွင် အကြိမ်အနည်းငယ်
ခေါက်တုံ့ခေါက်ပြန်ကြည့်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် သူ၏အာရုံကို တစ်စုံတစ်ခုကို စဉ်းစားဆုံးဖြတ်နေသကဲ့သို့ ဖြစ်နေကာ နောက်ဆုံးတွင် သူ၏အာရုံကို အခြေတည်သလင်းကျောက်ဆီသို့ ပြောင်းလဲလိုက်ရင်း စိတ်ဝင်စားမှုကုန်ဆုံးသွားဟန်ဖြင့် ခေါင်းယမ်းလိုက်လေသည်။
အိမ်ရှေ့စံမင်းသားမှာမူ ကျောက်စာတိုင်ကို စူးစမ်းရှာဖွေနေသော အကြည့်များနှင့်အတူ နားမလည်နိုင်သော အမူအရာဖြစ်နေသည်။
စာလုံးများ ပျောက်ကွယ်သွားချိန်တွင်မှ သူ၏အကြည့်များကို လွှဲဖယ်နိုင်ခဲ့၏။
ပုကျဲမှာမူ တံခါးအပြင်ဘက်သို့ ပြန်လှည့်မကြည့်မီ တစ်ချက်မျှသာ အကဲခတ်ကြည့်ရှုခဲ့သည်။
ယန်ချင်း၏သတိပေးချက်အပြီးတွင် သူသိသင့်သည်ထက် ပို၍မသိချင်တော့ပေ။
၎င်းမှာ တော်ဝင်နန်းတော်က သူ့ကို သင်ပေးခဲ့သော သင်ခန်းစာအနည်းငယ်ထဲမှ တစ်ခုဖြစ်လေသည်။
ယန်ချင်းနှင့် ဖုန်းညီအစ်ကိုနှစ်ဦးသာလျှင် ရလဒ်များအပေါ် အာရုံစိုက်နေပုံရလေသည်။
ကျောက်စာတိုင်ပေါ်တွင် ကြယ်ဆည်းဆာသစ်ပင်ဟူသော စာလုံးများ ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် ယန်ချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။
“သစ်ပင်လူသားသွေးမျိုးဆက်... အခြေတည်အဆင့်ကိုမှ အခုလေးတင် ရောက်ထားတာတောင် သူ့ရဲ့သက်တမ်းက ဒီလောက်အထိ များပြားနေတာ အံ့သြစရာမရှိဘူးပဲ...”
“အစောပိုင်း အမြုတေဖွဲ့စည်းခြင်းအဆင့် တစ်ယောက်ရဲ့ သက်တမ်းလောက်နီးပါးကို ဖြစ်နေပြီ...”
“အင်း... ငွေရောင်နွယ်သစ်သားပင်ဆိုတာက ကြယ်ဆည်းဆာသစ်ပင်ကနေ ပြောင်းလဲလာတဲ့ သူ့ရဲ့သေန္ဓပြောင်းသွေးမျိုးဆက် ဖြစ်ရမယ်...” ဟု ညီဖြစ်သူတွင် မည်သည့်သွေးမျိုးဆက်မျိုး ရှိမည်ကို ပိုမိုစိတ်လှုပ်ရှားလာရင်း ယန်ချင်း တွေးလိုက်လေသည်။
“ခင်ဗျားတို့နှစ်ယောက်လုံး အကဲဖြတ်မှု ခံယူချင်ခဲ့တဲ့ အကြောင်းရင်းက သွေးမျိုးဆက်ကို အကဲဖြတ်ချင်လို့ပဲ မဟုတ်လား... မော့မကြည့်နဲ့၊ ပုံမှန်အတိုင်းပဲ နေပါ...”
ယန်ချင်းက ဖုန်းကျောင်နှင့် ဖုန်းလဲ့နှစ်ဦးလုံး၏ စိတ်ထဲသို့ သူ၏အသံကို တိုက်ရိုက်ပေးပို့လိုက်သည်။
သူတို့နှစ်ဦးစလုံး အစပိုင်းတွင် လန့်ဖြန့်သွားသော်လည်း ယန်ချင်း၏သတိပေးချက်ကြောင့် အလျင်အမြန်ပင် ဟန်လုပ်ဖုံးကွယ်လိုက်ကြ၏။
ဖုန်းကျောင်းက ယန်ချင်း၏မေးခွန်းကို အတည်ပြုသည့်အနေဖြင့် မသိမသာ ခေါင်းညိတ်ပြလိုက်လေသည်။
“ခင်ဗျားတို့ရဲ့ သွေးမျိုးဆက်က သစ်ပင်လူသားမျိုးနွယ်စုနဲ့ ဆက်စပ်နေတယ်...”
“သူတို့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အများစုက သိပ်ပြီးပျံ့နှံ့နေတာ မဟုတ်လို့ ခင်ဗျားတို့ သူတို့ကို သိမသိတော့ ကျွန်တော်မပြောတတ်ဘူး...”
“သူတို့ရဲ့သမိုင်းကြောင်းက နဂါးတွေ၊ ဖီးနစ်တွေလောက်ကို ရှေးကျတယ်လို့ သတ်မှတ်လို့ရတယ်...”
“ဂိုလမ်တွေ၊ ဒါမှမဟုတ် ကြယ်မျိုးနွယ်စုတွေလိုပဲ သူတို့ဟာ သွေးမျိုးဆက်အရ တစ်စိတ်တစ်ပိုင်းက လူသား၊ တစ်စိတ်တစ်ပိုင်းက ဝိညာဉ်သစ်ပင်လို့ သတ်မှတ်နိုင်တဲ့ လူသားမဟုတ်တဲ့ မျိုးနွယ်စုတစ်ခု ဖြစ်တယ်...”
“ဒါပေမဲ့ သူတို့ဟာ သီးခြားမျိုးနွယ်စုတစ်ခု ဖြစ်ပြီး အဲဒီနှစ်ဖွဲ့လုံးနဲ့ လုံးဝသက်ဆိုင်ခြင်း မရှိဘူး...”
“ခင်ဗျားတို့က ကြယ်ဆည်းဆာသစ်ပင် မျိုးနွယ်စုဝင်တွေ ဖြစ်တယ်...”
“ဒါပေမဲ့ ခင်ဗျားတို့ရဲ့ သွေးမျိုးဆက်က ပါးလွှာလွန်းလို့ ငွေရောင်နွယ်သစ်သားပင် သွေးမျိုးဆက်အဖြစ်ကို ဆုတ်ယုတ်သွားခဲ့တာ...”
“ကြယ်ဆည်းဆာသစ်ပင် မျိုးနွယ်စုအကြောင်း ကျွန်တော်အများကြီး မသိပေမဲ့ ခင်ဗျားတို့သာ ခွဲတမ်းစနစ်နဲ့ ကျောင်းသားတွေအနေနဲ့ လာဖို့ရွေးချယ်မယ်ဆိုရင်တော့ အဖွဲ့အစည်းမှာ ပိုပြီးလေ့လာရှာဖွေနိုင်ပါတယ်...”
“ဒါပေမဲ့ ခင်ဗျားတို့ကို ကျွန်တော်သတိပေးရလိမ့်မယ်... ခင်ဗျားတို့ရဲ့ သွေးမျိုးဆက်ကို တခြားဘယ်သူ့ကိုမှ ထုတ်မပြောပါနဲ့...”
“သစ်ပင်လူသား သွေးမျိုးဆက်ဆိုတာ ဆေးဖော်စပ်တဲ့ အသိုင်းအဝိုင်းနဲ့ သက်တမ်းတိုးချင်တဲ့ သူတွေကြားမှာ အရမ်းကို လိုချင်တပ်မက်ကြတဲ့ အရာတစ်ခုပဲ...”
“ခင်ဗျားတို့ဆီမှာ သစ်ပင်လူသား သွေးမျိုးဆက် ရှိနေတယ်ဆိုတဲ့ သတင်းသာ ထွက်သွားခဲ့ရင် သွေးကျွန်တွေအဖြစ် အသုံးချခံရလိမ့်မယ်... ဒါကြောင့် သတိထားပါ...”
ရလဒ်များ၏ ကြီးလေးမှုကြောင့် သက်ကြီးရွယ်အို ညီအစ်ကိုနှစ်ဦးအား သတိပေးရန်နှင့် သူတို့နားမလည်မည်စိုးသဖြင့် ရလဒ်ကို ရှင်းပြရန် ယန်ချင်းက စိတ်ချင်းဆက်သွယ်မှုကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။
သူတို့သာ သတင်းအချက်အလက်များကို ပေါ့ပေါ့ဆဆ ထုတ်ဖော်ပြောဆိုမိပါက ကြီးမားသော အဖွဲ့အစည်းများကို ဆွဲဆောင်နိုင်မည့် ကြီးမားလှသော ဘေးအန္တရာယ်တစ်ခုကို ဖိတ်ခေါ်မိသကဲ့သို့ ဖြစ်သွားနိုင်ခြေ အလွန်များလေ၏။
မင်းသားကျားဝမ်ယန်နှင့် တပ်မှူးပုကျဲ့တို့ သိသွားမည်ကိုမူ သူသိပ်ပြီး စိတ်မပူလှချေ။
ကြယ်ဆည်းဆာသစ်ပင်ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို မင်းသားအနေဖြင့် လုံးဝသိပုံမရပေ။
သစ်ပင်လူသားမျိုးနွယ်စုနှင့် ပတ်သက်သည့် သတင်းအချက်အလက်မှာ နည်းပါးလှပြီး ထိုကဲ့သို့သော သတင်းအချက်အလက်များကို သိရှိနိုင်သူများမှာ ရှည်လျားသောသမိုင်းကြောင်းနှင့် နက်ရှိုင်းသောသတင်းကွန်ရက်ရှိသည့် ထိပ်တန်းအဖွဲ့အစည်းများသာ ဖြစ်ကြသည်။
ထိုစံနှုန်းနှင့် ကိုက်ညီသော အဖွဲ့အစည်းများမှာ အနည်းဆုံး အဆင့် ၂ တွင် ရှိရမည်ဖြစ်သည်။
သို့သော်လည်း ယန်ချင်းသည် အကဲဖြတ်မှုများ ပြီးဆုံးသွားချိန်တွင် မလိုလားအပ်သောပြဿနာများ မဖြစ်ပေါ်စေရန် ဤကိစ္စနှင့်ပတ်သက်၍ သူတို့နှစ်ဦးလုံး၏ မှတ်ဉာဏ်များကို ချိပ်ပိတ်ပစ်ရန် ဆုံးဖြတ်ထားသည်။
ထို့အပြင် ရှေ့ဆက်၍ နှလုံးသားကျောက်စာတိုင်၏ ရလဒ်များမှာ မည်မျှပင် ပုံမှန်ဖြစ်နေပါစေ၊ ထူးဆန်းနေပါစေ ဖုံးကွယ်ထားရန် သူဆုံးဖြတ်လိုက်လေ၏။
“စိတ်မပူပါနဲ့၊ သူတို့ ဘယ်သူ့ကိုမှ ပြောမှာမဟုတ်ပါဘူး... ကျွန်တော်ကိုယ်တိုင် သေချာအောင် လုပ်ပေးပါ့မယ်...” ဟု သူတို့၏စိုးရိမ်နေသော အမူအရာများကို မြင်လိုက်ရချိန်တွင် ယန်ချင်းက ပြောလိုက်ရာ နှစ်ဦးလုံးက ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
ဖုန်းလဲ့က နောက်တစ်ယောက်အနေဖြင့် ရှေ့သို့ထွက်လာခဲ့ပြီး ပထမစစ်ဆေးမှုတွင် သူ၏ရလဒ်များမှာ အစ်ကိုဖြစ်သူနှင့် ဆင်တူနေသည်။
အခြေတည်သလင်းကျောက်မှာ အပြာရောင်အစက်အပြောက် အနည်းငယ်နှင့်အတူ လိမ္မော်ရောင်ရင့်ရင့်ဖြင့် လင်းလက်လာလေ၏။
သူတို့၏သွေးမျိုးဆက်ကို သိပြီးနောက်တွင်တော့ ထိုကဲ့သို့သောရလဒ်က ယန်ချင်းကို မအံ့သြစေတော့ပေ။
ညီအစ်ကိုနှစ်ဦးမှာ သူတို့၏သွေးမျိုးဆက်ကိုပင် စိတ်ပျက်စေသည်ဟု သူခံစားလိုက်ရသေးသည်။
ယွီမျိုးနွယ်စုအိမ်တော်တွင် သူသွားရောက်ခဲ့သော ပါတီပွဲ၌ ကျောင်းအုပ်ကြီး ကျူးလောင်က သစ်ပင်လူသားများသည် အပြာရောင်နတ်သမီးများကဲ့သို့ပင် ရှေးဟောင်းမျိုးနွယ်စုများမှ ဆင်းသက်လာသော သွေးမျိုးဆက်အခွဲတစ်ခုဖြစ်ကြောင်း ဖွင့်ဟပြောပြခဲ့ဖူးသည်။
ထိုကဲ့သို့သော မျိုးရိုးနှင့်ဆိုလျှင် ညီအစ်ကိုနှစ်ဦးတွင် ပိုမိုမြင့်မားသော အဆင့်ရှိသည့် မဏ္ဍိုင်များ ရှိသင့်ပေသည်။
“သူတို့ရဲ့ကျင့်စဉ်ကပဲ သူတို့ကို အောက်ဆွဲချနေတာ ဖြစ်နိုင်တယ်...”
မင်းသားဝမ်ယန်၏ မျက်နှာအမူအရာမှာ မဏ္ဍိုင်များ၏ အဆင့်ရလဒ်များကို မြင်လိုက်ရချိန်တွင် အံ့သြတုန်လှုပ်မှုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
လူတစ်ယောက်တည်း ထိုကဲ့သို့သောပါရမီ ရှိနေခြင်းကပင် ရှားပါးနေပြီဖြစ်သော်လည်း ယခုအချိန်တိုလေးအတွင်းမှာပင် လူနှစ်ယောက်ဖြစ်နေကာ မိသားစုတစ်ခုတည်းမှ ဖြစ်နေခြင်းက ပို၍ပင် အံ့သြစရာကောင်းနေလေသည်။
ညီအစ်ကိုနှစ်ဦးနှင့် ဘာမှန်းမသိသော သူတို့၏မြေးဖြစ်သူအပေါ်သို့ သူ၏အကြည့်များ ကျရောက်သွားချိန်တွင် သတိထားစောင့်ကြည့်နေသည့် အကြည့်များ ဖြစ်သွားလေ၏။
သူတစ်စုံတစ်ရာကို တွက်ဆနေစဉ်မှာပင် ထိတ်လန့်ဖွယ်ဖိအားတစ်ခု သူ့အပေါ် ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
သူစိုးရိမ်တကြီး လှည့်ကြည့်လိုက်ချိန်တွင် ကြောက်ရွံ့မှုကြောင့် မသိမသာ တံတွေးမြိုချမိသွားစေသည့် ယန်ချင်း၏ ယဉ်ကျေးသောအပြုံးနှင့် ဆုံတွေ့လိုက်ရ၏။
ယန်ချင်းသည် သူ၏သတိပေးချက်ကို ရှင်းလင်းစွာ ပြသပြီးနောက် အကဲဖြတ်မှုကို ပြန်လည်စတင်လိုက်သည်။
မင်းသားဝမ်ယန်၏ တွက်ဆမှုများက သူ၏မျက်စိအောက်မှ မလွတ်ကင်းနိုင်ခဲ့ချေ။
ရလဒ်များကို လိုချင်တပ်မက်မှုက နွေဦးလွင်ပြင်တိုင်းပြည်နှင့် ကျိုးပဲ့တောင်ထွတ်ဂိုဏ်း နှစ်ခုစလုံးထံ ဘေးအန္တရာယ်များ ယူဆောင်မလာမီနှင့် ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်းဆီသို့ပါ ကူးစက်မသွားမီ အရာအားလုံးကို အစကတည်းက ဖြတ်တောက် ပစ်လိုက်သည်က ပိုကောင်းပေမည်။
ဖုန်းလဲ့သည် အခြေတည်သလင်းကျောက်နှင့် အလုပ်ပြီးသွားပြီးနောက် နှလုံးသားကျောက်စာတိုင်ပေါ်သို့ သူ၏သွေးအဆီအနှစ်ကို စိုးရိမ်တကြီးဖြင့် ဆက်လက်လောင်းချလိုက်လေသည်။
သူနှင့် သူ၏အစ်ကိုတို့သည် ရလဒ်များထွက်ပေါ်လာမည့် အချိန်ကို အသက်အောင့်ကာ စောင့်ဆိုင်းနေခဲ့ကြသည်။
သူ့ထံတွင်လည်း ကြယ်ဆည်းဆာ အက်စပန်သစ်ပင် သွေးမျိုးဆက် ရှိနေကြောင်း ပြသလာချိန်တွင်မှ သူတို့သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့ကြ၏။
အခြားအရာအားလုံးမှာ အစ်ကိုဖြစ်သူနှင့် ဆင်တူနေပြီး တစ်ခုတည်းသော ကွာခြားချက်မှာ အကြီးစားသွေးမျိုးဆက်နှင့် သဘာဝစွမ်းအင်ပါရမီတို့တွင်သာ ဖြစ်သည်။
ဖုန်းလဲ့၏ အကြီးစားသွေးမျိုးဆက်မှာ မီးတောက်သန်းခေါင်ယံ မေပယ်ပင်ဖြစ်ပြီး သူ၏သဘာဝစွမ်းအင်ပါရမီမှာ မီး၊ သစ်နှင့် မြေတို့ ဖြစ်ကြသည်။
ထိုအရာများ ပြီးဆုံးသွားပြီးနောက် အဖွဲ့အစည်းမှ သူတို့ကို အဆင့် ၅ ဂိုဏ်းတစ်ခုအဖြစ် အတည်ပြုပေးကြောင်း အသိအမှတ်ပြုလက်မှတ် မိတ္တူတစ်စောင်ကို ပေးအပ်ကာ ယန်ချင်းက ပြီးစီးမှုလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်လိုက်သည်။
မူရင်းလက်မှတ်ကိုမူ လျှို့ဝှက်ကျင့်စဉ်တစ်ခုမှတစ်ဆင့် ဝင်ခွင့်ဌာနချုပ်ဆီသို့ ပေးပို့လိုက်လေ၏။
ညီအစ်ကိုနှစ်ဦးမှာ လိုက်ပါရန် တွန့်ဆုတ်နေသော သူတို့၏မြေးဖြစ်သူကို အတင်းဆွဲခေါ်သွားရင်း ယန်ချင်း၏ သဘောထားကြီးမြတ်မှုနှင့် အကူအညီအတွက် အထွက်လမ်းတွင် လှိုက်လှဲစွာ ကျေးဇူးတင်စကား ဆိုသွားကြလေသည်။