အကဲဖြတ်မှုတစ်ရာကို ပြီးမြောက်ခြင်း
Vol. 20 Ch. 192
ခန်းမဆောင်အပြင်ဘက်။
“သူတို့ရဲ့ တည်ငြိမ်နေတဲ့ ပုံစံအရ အရာအားလုံး အဆင်ပြေပြေ ပြီးသွားတဲ့ပုံပဲ...”
“သူတို့က ဘယ်ဂိုဏ်းကလဲဆိုတာ သိတဲ့သူ ရှိလား...”
“သူတို့က ကျိုးပဲ့တောင်ထွတ်ဂိုဏ်းကလေ၊ ဒီဒေသခံတွေ မဟုတ်ဘူး... တည်ထောင်ထားတာ သိပ်မကြာသေးတဲ့ ဂိုဏ်းအသစ်လေးပဲ...”
“ဂိုဏ်းသစ်ဆိုတော့... ကျောထောက်နောက်ခံ မရှိဘူးပေါ့၊ စိတ်ဝင်စားစရာပဲ...”
“ဟေ့ကောင်... အဖွဲ့အစည်းက လူတစ်ယောက် ဟိုဘက်နားတင် ရှိနေတာကို ပေါ်တင်ကြီး အကြံအစည် ထုတ်ရဲတယ်ပေါ့... မင်း သေချင်နေတာလား...”
“ဘယ်သွားမလို့လဲဟ... ငါက နောက်နေတာပါကွာ... နောက်နေတာလို့၊ ထွက်မပြေးလေ... နေပါဦး မင်းပါ ထွက်ပြေးတာလား... ငါနောက်နေတာပါဆို...”
“မင်းနဲ့ငါနဲ့ မသိဘူးနော်...”
“ဟေ့... ငါ့ဘက်ကို မလာနဲ့...”
“လော့အာ… ဒါ မင်းရှောင်ရမယ့် လူစားမျိုးတွေပဲ... သူတို့က ဘေးက ကြည့်နေတဲ့သူဆီတောင် သေမင်းကို ခေါ်လာပေးမယ့် ကပ်ဆိုးတွေ...”
“အဆိပ်ငွေ့ကို ရှောင်သလိုမျိုး သူတို့ကို ရှောင်ရမယ်...”
“စိတ်ချရအောင် သူ့ဆီကနေ နောက်ထပ် မီတာအနည်းငယ်လောက် ထပ်ခွာလိုက်ကြရအောင်...”
“ဟုတ်ကဲ့ပါ ဆရာ...”
“ဟိုလူက ဘယ်အဖွဲ့အစည်းကလဲ...”
“သူက နဂါးတံခါးဂိုဏ်းကလေ...”
“ဟာ... အဲဒီလို နာမည်ကြီးနဲ့တောင် ဘယ်လိုလုပ် အဆင့်မရှိတဲ့ဂိုဏ်း ဖြစ်နေသေးတာလဲ...”
“လောကကြီးထဲမှာ အဲဒီလို လူတွေ အများကြီးပါကွာ...”
“အထူးသဖြင့် သူတို့ရဲ့ တိုက်ကွက်နာမည်တွေမှာ အထင်ကြီးစရာ နာမည်တွေ ပေးထားတတ်ပေမဲ့ တကယ်တမ်းကျ ဘာမှမဟုတ်ဘူး...”
“အေး ဟုတ်တယ်... စီနီယာဝမ်ချူးလိုမျိုးလေ... သူ့ရဲ့ အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်တဲ့ ကြယ်တံခွန်လက်သီးဆိုတာကို ပထမဆုံးအကြိမ် သူပြောတုန်းက၊ ကမ္ဘာမြေကို တုန်လှုပ်စေမယ့် ကျင့်စဉ်ကြီးလို့ ငါ ထင်ခဲ့တာ...”
“တကယ့်ကို စိတ်ပျက်စရာပဲ... အဲဒီ တိုက်ကွက်ကို သုံးပြီးတော့တောင် သူကကြက်ဖကိုတောင် ရှုံးသွားသေးတယ်...”
“အဲဒီလူအကြောင်း မပြောစမ်းပါနဲ့ကွာ... သူ့အကြောင်း တွေးမိတိုင်း ငါ့ရဲ့ အတွင်းမိစ္ဆာတွေ နိုးကြွလာသလိုပဲ...”
“ဖန်အာ… အဖွဲ့အစည်းကနေ မင်းရလာမယ့် အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနော်... မင်းရဲ့ဆရာက ပါရမီမပါဘူး၊ ပြီးတော့ မင်းရဲ့စီနီယာကလည်း...အာ... ထားလိုက်ပါတော့...”
“ဖန်အာ... ဆရာ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်နဲ့ တောင်းဆိုမှုက အလင်းပြန်ဂိုဏ်းကို ဂိုဏ်းကြီးတစ်ခု ဖြစ်လာအောင် လုပ်ပေးဖို့လိုမျိုး ကြီးကျယ်တဲ့ အရာမဟုတ်ပါဘူး...”
“ဒါပေမဲ့ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ဖန်အာရယ် မင်းရဲ့ စီနီယာလိုမျိုးတော့ မဖြစ်လာစေနဲ့... အဲဒီအရူးကောင်ကြောင့် တစ်နေ့ ငါသေရလိမ့်မယ်...”
“မင်းသာ မင်းရဲ့ စီနီယာလို ဖြစ်သွားခဲ့ရင်၊ ဆရာက ဂိုဏ်းကနေ ထွက်ပြီး သားရဲပင်လယ်ထဲမှာပဲ ထာဝရ သွားကူးနေလိုက်တော့မယ်...”
“စီနီယာပြောတာ မှန်တယ်၊ ဆရာက အမြဲတမ်း အပိုတွေ လုပ်နေတာပဲ...”
“မင်း…. ဟို အသုံးမကျတဲ့ကောင်နဲ့ အဲဒီအကြောင်းတွေ ဆွေးနွေးနေတာလား...”
…
“ဆရာဦးလေး... ကျွန်တော် နေလို့ သိပ်မကောင်းဘူး၊ အကဲဖြတ်မှုကို အချိန်ရွှေ့လို့ရမလား...”
“ဒီလို ထပ်မလုပ်စမ်းပါနဲ့ကွာ... ဒီတစ်ခါရော ဘယ်လောက်ကြာကြာ ထပ်ရွှေ့ချင်နေတာလဲ...”
“အကဲဖြတ်ဖို့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့် မတည်ငြိမ်သေးဘူးဆိုပြီး ကြောက်နေလို့ ငါတို့ ရှစ်နှစ်တောင် အချိန်ဖြုန်းခဲ့ပြီးပြီ...”
“မင်းက အခုဆို အခြေတည်အဆင့် ပဉ္စမအဆင့်ကိုတောင် ရောက်နေပြီလေ... မျိုးနွယ်စုခေါင်းဆောင်က မင်းထပ်ပြီး ဆင်ခြေပေးနေဦးမယ်ဆိုရင် ပြန်မလာနဲ့တော့တဲ့”
“မျိုးနွယ်စုက မင်းနဲ့ အဆက်အသွယ် ဖြတ်လိုက်တော့မယ်တဲ့... ငါတို့ဆီမှာ ရှိတဲ့ အရင်းအမြစ်တွေ အားလုံးကို မင်းဆီ ပုံအောပေးထားခဲ့ပြီးပြီ”
“ရာထူးတိုးလို့ ရလာမယ့် ခွဲတမ်းမပါဘဲ ငါတို့ဆက်ရပ်တည်လို့ မရတော့ဘူး... မင်းဘာသာ ရွေးချယ်လိုက်တော့...”
“သေချာပေါက် အောင်မြင်မယ့် ရိုးရှင်းတဲ့ အကဲဖြတ်မှု တစ်ခုကို ခံယူမလား၊ ဒါမှမဟုတ် မင်းဘာသာမင်း သီးခြားသွားနေမလား ဆိုတာပဲ...”
“နောက်တစ်ခုကိုသာ ရွေးမယ်ဆိုရင်တော့၊ အကဲဖြတ်မှုထက် ပိုကြောက်စရာကောင်းတဲ့ အရာတွေနဲ့ သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်...”
“ကောင်းပြီလေ... ကျွန်တော် အကဲဖြတ်မှု ခံယူပါ့မယ်... မျိုးနွယ်စုက ကျွန်တော့်ကို ဒီတာဝန် ပေးအပ်ထားမှတော့၊ ကျုပ်လင်းမုက အရိုးကြေကြေအရည်ခမ်းခမ်း ပြီးမြောက်အောင် လုပ်ပေးပါ့မယ်...”
“ဒါပေမဲ့ ဆရာဦးလေး... စမ်းသပ်မှု ခံယူနေတုန်း ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ ရုတ်တရက်ပျောက်သွားရင်၊ ဒါမှမဟုတ် ချီလမ်းကြောင်းလွဲသွားပြီး ချီသန့်စင်ခြင်း အဆင့်ကို ပြန်ကျသွားရင် ဘယ်လိုလုပ်မလဲ...”
“ကျွန်တော့်ကို ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပေမဲ့ မျိုးနွယ်စုကရော... အဖွဲ့အစည်းက တရားသူကြီး ပြောတာကို ဆရာဦးလေးလည်း ကြားတယ်မလား၊ ပြစ်ဒဏ်တွေ ရှိတယ်တဲ့...”
“ဆရာဦးလေး... ဆရာဦးလေး...ဆရာဦးလေး ကျုပ်ပြောတာနားထောင်နေရဲ့လား...”
“လေလွင့်ဂိုဏ်းက နောက်ထပ် အကဲဖြတ်ခံရမယ့် အလှည့်ပုံပဲ...”
“သူတို့ ကျရှုံးသွားရင် ကောင်းမယ်...”
“ရှူး... မင်း သေချင်နေတာလား... သူတို့က အဆင့်မရှိတဲ့ ဂိုဏ်း ဖြစ်နေရင်တောင် ချူးမျိုးနွယ်စုရဲ့ ကျောထောက်နောက်ခံ ရှိတယ်ကွ...”
“မင်းရဲ့ စကားတွေကြောင့် မင်းဂိုဏ်းတစ်ခုလုံး ပြုတ်ဖြုတ်ခံရနိုင်တယ်...”
“ဘာ ကျောထောက်နောက်ခံလဲ... အဲဒါက ပုံကြီးချဲ့ထားတဲ့ ကောလာဟလ သက်သက်ပါကွာ... ရှောင်မျိုးနွယ်စုက ငါ့သူငယ်ချင်း တစ်ယောက်က ဇာတ်လမ်းအမှန်ကို ပြောပြဖူးတယ်...”
“လေလွင့်ဂိုဏ်းက ဂိုဏ်းသားခေါင်းဆောင်က ချူးမျိုးနွယ်စုက သခင်လေးတစ်ယောက် မူးနေတုန်း ရထားလုံးပေါ် တက်နိုင်အောင် ကူညီပေးခဲ့ဖူးတယ်တဲ့...”
“အဲဒီတော့ သခင်လေးက မူးမူးရူးရူးနဲ့ သူ့ကို ညီအစ်ကိုကောင်းလို့ ပြောခဲ့တာ... အဲဒီနေ့က သူပြောခဲ့တဲ့ စကားတွေကို သခင်လေးက မှတ်တောင် မမှတ်မိတော့ဘူး”
“ဒါပေမဲ့ လေလွင့်ဂိုဏ်းက လူတွေက အဲဒီ တွေ့ဆုံမှုနဲ့ သူပြောခဲ့တဲ့ စကားတွေကို ပုံကြီးချဲ့ဖို့ ဆုံးဖြတ်လိုက်ကြတာပဲ...”
“သူတို့က ဇာတ်လမ်းကို ဖြန့်ဖို့ အရှက်မရှိတဲ့ ပုံပြင်ပြောသမား တချို့ကိုတောင် ငှားခဲ့လောက်တယ်...”
“တကယ်လား... အဲဒီလို ဖြစ်ခဲ့တာလား...”
“ငါတော့ သူ့ကို မယုံဘူး... အရာအားလုံးက ဖန်တီးထားတဲ့ ပုံပဲ...”
“ရှောင်မျိုးနွယ်စုလို ထိပ်တန်း အဆင့် ၄ မိသားစုက လူတစ်ယောက်နဲ့ သူလို လူတစ်ယောက်က ဘယ်လိုလုပ် သူငယ်ချင်း ဖြစ်နေမှာလဲ...”
“လေလွင့်ဂိုဏ်း လုပ်သလိုမျိုး သူလည်း လိုက်လုပ်ချင်နေတာ ဖြစ်မယ်...”
“လူကြီးပိုင်းတွေနဲ့ အဆက်အသွယ် ရှိသယောင် ဟန်ဆောင်ပြီး သူ့ဂိုဏ်းရဲ့ ဂုဏ်သတင်းကို မြှင့်တင်ချင်နေတာ နေမှာပေါ့...”
“အင်း... အဲဒါက ယုတ္တိရှိတယ်... သူတို့ဂိုဏ်းက ရပ်တည်နိုင်ဖို့အတွက် အဆောက်အအုံ ခန်းမတွေနဲ့ မြေတစ်ဝက်ကို ကုန်သည်တွေဆီ ငှားထားရတယ်လို့တောင် ငါကြားဖူးတယ်...”
“တကယ်လား... ရုတ်တရက်ကြီး ငါ့ဂိုဏ်းက သိပ်မဆိုးဘူးလို့တောင် ခံစားလာရပြီ...”
“ဒါပေမဲ့ မင်းဂိုဏ်းမှာ တံခါးတောင် မရှိဘူးလေ...”
“အဲဒါက ငါတို့က လွတ်လပ်တဲ့ စိတ်ဝိညာဉ် ရှိလို့ပါကွာ၊ ငါတို့ရဲ့ အခြေအနေနဲ့ ဘာမှ မဆိုင်ဘူး...”
“ဒါဆို ဘာလို့ မင်းမျက်နှာက နီလာရတာလဲ...”
“မင်း...”
“တော်ကြပါတော့... ပြဿနာ မရှာကြနဲ့၊ ကိုယ်ရံတော်တွေ ဒီဘက်ကို ကြည့်နေပြီ...”
….
ကျိုးပဲ့တောင်ထွတ်ဂိုဏ်း၏ အောင်မြင်သော အကဲဖြတ်မှုက ယန်ချင်း၏ အစောပိုင်း ကြေညာချက်ကြောင့် ဖြစ်ပေါ်လာသော တင်းမာနေသည့် လေထုကို အနည်းငယ် ပြေလျော့သွားစေခဲ့၏။
အချို့သော အဖွဲ့အစည်းများက ထိုကိစ္စနှင့် ပတ်သက်၍ တင်းမာနေဆဲ ဖြစ်သော်လည်း၊ အများစုမှာ အကဲဖြတ်ခံရမည့် အချိန်ကို မစောင့်နိုင်တော့လောက်အောင် ဖြစ်နေကြပေသည်။
အကဲဖြတ်မှု တစ်ခုချင်းစီ၏ ကြာချိန်ကို ငါးမိနစ်ထက် မပိုစေဘဲ ယန်ချင်းက သူ၏ အကဲဖြတ်မှု အရှိန်ကို မြှင့်တင်လိုက်၏။
လေးနာရီအတွင်းမှာပင် သူသည် အကဲဖြတ်မှုရှစ်ဆယ်ကို ပြုလုပ်ပြီးစီးခဲ့ပြီး၊ တစ်ရာပြည့်ရန် အကဲဖြတ်မှု အနည်းငယ်သာ လိုတော့သည်။
ကြာချိန် ငါးမိနစ်ထက် ကျော်လွန်သွားသော အကြိမ်များလည်း ရှိခဲ့သော်လည်း၊ ၎င်းမှာ မုရုံယန် သို့မဟုတ် သွေးမျိုးဆက်အကြောင်း ရှင်းပြခဲ့ရသော ဖုန်းညီအစ်ကိုတို့ ကဲ့သို့ ယန်ချင်းထံမှ နောက်ထပ်ရှင်းလင်းချက်များ လိုအပ်လာသော ရလဒ်များ ထွက်ပေါ်လာချိန်တွင်သာ ဖြစ်ချေသည်။
အကဲဖြတ်မှု ရှစ်ဆယ် အနက်၊ ခုနစ်ခုသာ ကျရှုံးခဲ့၏။
အချို့က အဆင့်တက်ရန်အတွက် သူတို့၏ သက်တမ်းကို စတေးကာ တားမြစ်ကျင့်စဉ်များကို အသုံးပြုခဲ့ကြပြီး၊ အချို့ကမူ သူတို့သည် အခြေတည်အဆင့်တွင် ရှိနေကြောင်း ထင်ယောင်ထင်မှား ဖြစ်စေရန် အထူးရတနာများကို အသုံးပြုခဲ့ကြကာ၊ ကျန်သူများကမူ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို ယာယီမြှင့်တင်ရန် အထူးကျင့်စဉ်များကို အသုံးပြုခဲ့ကြသည်။
၎င်းမှာ သတ်မှတ်ထားသော အချိန်တစ်ခု အတွင်း ပျောက်ကွယ်သွားမည့် အရာဖြစ်သဖြင့် တားမြစ် အဆင့်တက်ခြင်း၏ ပေါ့ပါးသော ပုံစံတစ်ခုသာ ဖြစ်ပြီး၊ ထို့ကြောင့် ပြစ်ဒဏ်များမှာလည်း အနည်းငယ်သာ ဖြစ်သည်။
သူတို့ မည်သည့် နည်းလမ်းများကို အသုံးပြုခဲ့သည်ဖြစ်စေ၊ အားလုံးကို ထိုးထွင်းသိမြင်နိုင်သော နှလုံးသား ကျောက်စာတိုင်က ဖော်ထုတ်ပေးခဲ့ပြီး၊ သင်တန်းကျောင်းသို့ ဝင်ခွင့်နှင့် နောက်ထပ် အကဲဖြတ်မှု လျှောက်ထားခွင့်တို့ကို သုံးနှစ် ပိတ်ပင်သည့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။
ထိုပိတ်ပင်မှုမှာ သူတို့ထံတွင် အစစ်အမှန် အခြေတည်အဆင့် ကျွမ်းကျင်သူတစ်ဦး ဦးဆောင်လာသည့် အချိန်မှ စတင်အသက်ဝင်မည် ဖြစ်ပေသည်။
အဆင့်သတ်မှတ်ခံရပြီး ခွဲတမ်းနေရာတစ်ခု ရရှိခြင်းကသာ သူတို့၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နေသော ဤအဆင့်မရှိသည့် အဖွဲ့အစည်းများ၏ ဆင်းရဲဒုက္ခနှင့် အားကိုးရာမဲ့ ဖြစ်နေမှုများအပေါ် အဖွဲ့အစည်းက အနည်းငယ် ကိုယ်ချင်းစာသဖြင့် အကဲဖြတ်မှုတွင် လိမ်လည်ရန် ကြိုးစားမှုများအတွက် ပြစ်ဒဏ်များမှာ သိပ်မပြင်းထန်လှပေ။
အကဲဖြတ်မှုများကို အောင်မြင်စွာ ဖြတ်ကျော်သွားနိုင်ခဲ့သော အဖွဲ့အစည်းများအတွက်မူ၊ အများစုမှာ အဆင့်မရှိသော အဖွဲ့အစည်းများထံမှ မျှော်လင့်ထားသည့်အတိုင်း သာမန်ရလဒ်များသာ ရှိကြကုန်၏။
သူတို့ အများစုတွင် အဖြူရောင်အဆင့် သို့မဟုတ် အနီရောင်အဆင့်မဏ္ဍိုင်များ ရှိကြပြီး၊ နောက်ပိုင်း အမျိုးအစားအတွက်ဆိုလျှင် အဆင့်နိမ့် အမျိုးအစားသာ ဖြစ်သည်။
ထိုကဲ့သို့သော ရလဒ်မျိုးဖြင့်၊ ယန်ချင်းက ပထမစစ်ဆေးမှုအတွင်း သူတို့ ဖန်တီးခဲ့သော အရောင်များ၏ အဓိပ္ပာယ်ကို ရှင်းပြခြင်းမှ ရှောင်ကြဉ်ခဲ့၏။
သူတို့၏ ပျော်ရွှင်နေသော စိတ်အခြေအနေကို မဖျက်ဆီးချင်ပေ။
သွေးမျိုးဆက်နှင့် ပတ်သက်လာလျှင်၊ မည်သူကမျှ ဖုန်းညီအစ်ကို ပြသခဲ့သော သစ်ပင်လူသား သွေးမျိုးဆက်လောက် နီးကပ်စွာ မရှိခဲ့ကြပေ။
ယေဘုယျအားဖြင့် စိတ်ပျက်စရာ ရလဒ်များ ရှိနေသည့်တိုင်အောင်၊ မဏ္ဍိုင်များ၏ အဆင့်အရ ဖုန်းညီအစ်ကို၏ အဆင့်နှင့် တူညီသော ထူးချွန်သူအနည်းငယ် ရှိခဲ့သည်။
သူတို့ကိုပင် ကျော်လွန်ကာ အပြာရောင်အဆင့်မဏ္ဍိုင်ရှိသူ တစ်ဦးတောင် ပါဝင်ခဲ့သေးသည်။
သူ၏ ရလဒ်များ ထွက်ပေါ်လာချိန်တွင်၊ မင်းသား ဝမ်ယန်နှင့် တပ်မှူး ပုကျဲ့တို့ထံမှ အံ့သြ တုန်လှုပ်သော အကြည့်များကို ဆွဲဆောင်နိုင်ခဲ့လေသည်။
ပုကျဲ့ဆိုလျှင် ထိုအချိန်မှစ၍ သူ၏ တာဝန်များကိုပင် မေ့သွားကာ ခဏခဏ မိန်းမောတွေဝေသွားခဲ့ရသည်။
အပြာရောင်အဆင့် မဏ္ဍိုင် ရှိသူမှာ လင်းမိသားစု ကိုယ်စား လာရောက်ခဲ့သော လင်းမုဟု အမည်ရသည့် အသက် ၂၈ နှစ် အရွယ် လူငယ်တစ်ဦး ဖြစ်သည်။
သူ၏ အကဲဖြတ်မှုမှာ အကြာဆုံး အချိန်ယူခဲ့ရ၏။
အကြောင်းမှာ လင်းမုသည် ချီစွမ်းအင် လမ်းကြောင်းလွဲသွားပါက၊ သို့မဟုတ် အတွင်းမိစ္ဆာ တိုက်ခိုက်ခံရပါကသို့မဟုတ် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကျဆင်းသွားစေမည့် အခြားဒဏ်ရာ တစ်ခုခုရရှိသွားပါက သူနှင့် သူ၏မျိုးနွယ်စုကို ခွင့်လွှတ်ပေးရန် ယန်ချင်းအား အချိန်ယူကာ တောင်းပန်နေခဲ့သောကြောင့် ဖြစ်သည်။
သူ့ထံတွင် အပြာရောင်အဆင့် မဏ္ဍိုင်ရှိကြောင်းနှင့် ၎င်း၏ အဓိပ္ပာယ်ကို ယန်ချင်းက ပြောပြလိုက်ချိန်တွင်၊ လင်းမုမှာ ပျော်ရွှင်ရမည့်အစား မကြာမီကျရောက်လာတော့မည့် ဘေးအန္တရာယ်အတွက် စိတ်အနှောင့်အယှက် ဖြစ်ကာ ကြောက်လန့်သွားပုံရ၏။
သူ၏ မဏ္ဍိုင်အဆင့်ကို လျှော့ချပစ်ရန် နည်းလမ်းရှိမရှိ ယန်ချင်းအား အကြိမ်အနည်းငယ် တောင်းဆိုခဲ့သေးပြီး၊ ထိုအရာက အလုပ်မဖြစ်ချိန်တွင် နည်းဗျူဟာ ပြောင်းကာ သူ၏ဆရာဦးလေးနှင့်အတူ နှစ်ယောက်တည်းပြန်ရမည်ကို လုံခြုံသည်ဟု မခံစားရသဖြင့် သူ့ကို မျိုးနွယ်စုသို့ လိုက်ပို့ပေးရန် ယန်ချင်းအား ထပ်မံတောင်းပန်ပြန်သည်။
ထိုအဖြစ်အပျက် တစ်ခုလုံးအတွင်း သူ၏ဆရာဦးလေးမှာ သွေးအန်မတတ် ဖြစ်ခဲ့ရပြီး သူတို့၏ ရာထူးတိုးမြှင့်မှုနှင့် အပြာရောင်အဆင့် မိသားစုဝင်တစ်ဦး ရရှိလာမှုကို အောင်ပွဲခံရန် အခွင့်အရေးတောင် မရခဲ့ပေ။
လင်းမုအပြင် ထင်ရှားသော နောက်ထပ်လူတစ်ယောက် ရှိသေးသည်။ သူသည် အလင်းပြန်ဂိုဏ်းမှ မုဖန်ဟုအမည်ရသည့် အသက်၁၅ နှစ် အရွယ် လူငယ်တစ်ဦး ဖြစ်၏။
အကဲဖြတ်မှုအတွင်း သူ့ထံတွင် အပြာရောင်အဆင့်နီးပါး မဏ္ဍိုင်တစ်ခုရှိနေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
အလင်းပြန်ဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ဖြစ်သော သူ၏ဆရာမှာ ထိုရလဒ်များကို မြင်ပြီး သူ၏ အခြားတပည့် တစ်ယောက်ကို လှောင်ပြောင်ရင်း အဆုံးမရှိ ငိုကြွေးနေခဲ့သည်။
စိတ်လှုပ်ရှားလွန်း၍ သူ၏ ချီစွမ်းအင်များ ထိန်းမနိုင်သိမ်းမရ ဖြစ်လုနီးပါး အခြေအနေရောက်မှသာ ရပ်တန့်သွားခဲ့၏။
ထို့နောက် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသော ချီစွမ်းအင်များမှာ သူ ယခုလေးတင် လှောင်ပြောင်ခဲ့သော တပည့်ဖြစ်သူထံမှ ကျိန်စာတစ်ခု ဖြစ်မည်ဟု အပြစ်ဖို့ရင်း စတင်ငြီးတွားနေလေတော့သည်။
…..
မည်သို့ပင်ဆိုစေကာမူ၊ ယန်ချင်းအတွက်တော့ ပျင်းစရာကောင်းသော အချိန်ဟူ၍ မရှိခဲ့ပေ။ သူမျှော်လင့်ထားသည်ထက်ပင် ပို၍ ပျော်စရာ ကောင်းနေခဲ့သည်။
အစားအသောက်များ လာပို့ပေးနေပြီး၊ နေရာတစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းသွားလာနေစရာ မလိုသလို၊ လဲ့ဝေယွမ်ကလည်း သူ့ကို နှောင့်ယှက်ရန် ဒီနေရာတွင် မရှိပေ။
ထို့အပြင် အကဲဖြတ်မှုများအတွင်း သူ့ကို ဖျော်ဖြေပေးနေသော လင်းမုနှင့် အလင်းပြန်ဂိုဏ်း၏ ဂိုဏ်းချုပ်တို့ကဲ့သို့သော စိတ်ဝင်စားဖွယ် လူများနှင့်လည်း တွေ့ဆုံခဲ့ရသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ကောင်းမွန်သော နေ့တစ်နေ့ ဖြစ်သဖြင့် ယန်ချင်းသည် အကဲဖြတ်မှု ၁၀၀ ကို ပြီးစီးသွားသည်ကိုပင် သတိမထားမိလိုက်ပေ။
ယခုတော့ ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်း၏ နယ်မြေဒေသ အပိုင်းကို အဆုံးမသတ်မီ အကဲဖြတ်မှုတစ်ရာသာ ကျန်ရှိတော့သည်။