← Chapters

မဟူရာတစ္ဆေဂိုဏ်း (၂)

Vol. 20 Ch. 195

မဟူရာတစ္ဆေဂိုဏ်း (၂)

Vol. 20 Ch. 195

အဖွဲ့အစည်းထဲ သူဝင်ရောက်လာချိန်တွင် ထိုဂိုဏ်းမှာ သုတ်သင်ရှင်းလင်းခံလိုက်ရပြီးဖြစ်လေသည်။

သို့သော် သူ၏စိတ်ထဲတွင် ထိုကဲ့သို့သောအဖွဲ့အစည်းမျိုးကို ရွံရှာမုန်းတီးနေဆဲပင်။

သူတို့၏လုပ်ရပ်များနှင့်ယှဉ်လိုက်လျှင် ဆာလောင်မွတ်သိပ်ကာ သွေးဆာပြီးရူးသွပ်နေသော ဝိညာဉ်သားရဲတစ်ကောင်ကပင် သူတော်စင်တစ်ပါးကဲ့သို့ ဖြစ်သွားလောက်အောင် အသက်တစ်ချောင်းအပေါ် မြက်ပင်တစ်ပင်မျှသာ သဘောထားတတ်သူများဖြစ်သည်။

ကမ္ဘာမြေကြီးပင် သူတို့၏ခြေလှမ်းများအောက်တွင် ငိုကြွေးရလောက်အောင် သူတို့၏လမ်းကြောင်းမှာ သွေးများဖြင့်စွန်းထင်းနေခဲ့ပေသည်။

ယန်ချင်းအနေဖြင့် သူ၏ယင်ယန်ကျောက်စိမ်းအရိုးများကြောင့်လား သေချာမသိသော်လည်း မဟူရာတစ္ဆေဂိုဏ်းနှင့် သွေးလက်တစ္ဆေဂိုဏ်းတို့ကဲ့သို့ ရက်စက်ပြီး သွေးဆာနေသောအဖွဲ့အစည်းများနှင့် ပတ်သက်လာလျှင် အလွန်အမင်း အာရုံခံစားလွယ်နေတတ်၏။

မဟူရာတစ္ဆေဂိုဏ်းသည် လွန်ခဲ့သောနှစ်ပေါင်းရှစ်ရာခန့်က နာမည်ကြီးခဲ့သော အမှောင်ဂိုဏ်းတစ်ခုဖြစ်လေသည်။

မူလက ထိုအဖွဲ့သည် ဂိုဏ်းတစ်ခုမဟုတ်ဘဲ အဆင့် ၃ အင်ပါယာတစ်ခုမှ ဧကရာဇ်တစ်ပါးအတွက် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးရသော တော်ဝင်တပ်ဖွဲ့တစ်ခုသာဖြစ်သည်။

၎င်းတို့ကို ဧကရာဇ်၏ ‘မဟူရာစစ်တပ်’ ဟု လူသိများကြ၏။

ဧကရာဇ်ဖြေရှင်းစေလိုသော ကိစ္စရပ်မှန်သမျှကို နောက်ကွယ်မှနေ၍ အလွန်ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးလေ့ရှိကြပေသည်။

သူတို့သည် ထိုဧကရာဇ်၏ရန်သူများအတွက်တော့ အိပ်မက်ဆိုးတစ်ခုပင် ဖြစ်ခဲ့လေသည်။

သို့သော် ထိုတပ်ဖွဲ့က ဧကရာဇ်အာဏာကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားနိုင်စေသည့် အကြောင်းရင်းဖြစ်ခဲ့သလို ဧကရာဇ်သေဆုံးရခြင်း၏ အကြောင်းရင်းလည်း ဖြစ်လာခဲ့သည်။

ဧကရာဇ်၏အမိန့်ကြောင့်သာမက ဧကရာဇ်အပေါ် သစ္စာရှိကြောင်း ပြသလိုသဖြင့် မိမိတို့သဘောဆန္ဒအလျောက် ရွှေရောင်အဆင့်ကျင့်စဉ်တစ်ခုကို လုယူပေးခြင်းအပါအဝင် အရာများစွာကို ထိုတပ်ဖွဲ့က လုပ်ဆောင်ခဲ့ကြသည်။

ထိုကြိုးပမ်းမှုမှာ အောင်မြင်ခဲ့သော်လည်း ၎င်း၏ရလဒ်အနေဖြင့် ဧကရာဇ်မှာ အမည်မသိအဖွဲ့အစည်းတစ်ခု၏ ဝိညာဉ်တိုက်ခိုက်မှုကြောင့် လုပ်ကြံခံလိုက်ရ၏။

ထိုတပ်ဖွဲ့သည် ဧကရာဇ်လုပ်ကြံခံရမှုနှင့် ပတ်သက်ဆက်နွှယ်နေနိုင်သူ မည်သူ့ကိုမဆို သတ်ဖြတ်ကာ လက်စားချေရန် ရူးသွပ်သွားခဲ့ကြလေသည်။

ထိုသတ်ဖြတ်မှုများအတွင်း ဧကရာဇ်၏သားသမီးများကိုပင် ချန်မထားခဲ့ပေ။

သူတို့သည် အင်ပါယာ၏ရန်သူများဆီသို့ မရွေ့ပြောင်းမီ အင်ပါယာ၏ လေးပုံတစ်ပုံခန့်ကို သတ်ဖြတ်ခဲ့ကြသည်။

သူတို့ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် သွေးချောင်းစီးသတ်ဖြတ်မှုများကို ဖန်တီးခဲ့ကြပြီး သိပ်မကြာမီမှာပင် သခင်ဖြစ်သူအတွက် လက်စားချေရန် သတ်ဖြတ်နေခြင်းမဟုတ်တော့ဘဲ ပြဿနာ အားလုံး၏အစဖြစ်သော သူတို့ခိုးယူခဲ့သည့်ကျင့်စဉ်ကို ယစ်ပူဇော်ရန် သတ်ဖြတ်လာကြလေတော့သည်။

ထိုကျင့်စဉ်မှာ အသက်ရှင်နေသူများနှင့် သေဆုံးသွားသူများ၏အသက်ကို စားသုံးလေသည်။

၎င်းက သွေးချီစွမ်းအင်နှင့် အလောင်းကောင်ချီစွမ်းအင် နှစ်မျိုးစလုံးကိုဝါးမြိုကာ ကျင့်စဉ်အသုံးပြုသူထံသို့ ခွန်အားအဖြစ် ထောက်ပံ့ပေး၏။

ထိုတပ်ဖွဲ့သည် သူတို့ရှာဖွေတွေ့ရှိခဲ့သော ကျင့်စဉ်ထဲတွင် နောက်ထပ်သခင်အသစ်တစ်ဦးကို ရှာတွေ့သွားခဲ့ခြင်းပင်။

ယခုအခါ သူတို့သည် ထိုအတွက် သာအသက်ရှင်ပြီး ၎င်းကိုအစာကျွေးရန် သတ်ဖြတ်လာကြသည်။ နောင်တွင် ထိုတပ်ဖွဲ့ကို မဟူရာတစ္ဆေဂိုဏ်းအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့လေသည်။

သူတို့၏အရေအတွက်မှာ နည်းပါးသော်လည်း စွမ်းအားကတော့ ငြင်းဆိုဖွယ်ရာမရှိအောင် ကြီးမားလှပေသည်။

ကျင့်စဉ်၏ သွေးဆာသောသဘာဝရှိနေသည့်တိုင်အောင် အသုံးပြုသူ၏ ဆင်ခြင်တုံတရားကိုတော့ ဝါးမြိုခြင်းမရှိပေ။

ထူးဆန်းသည်မှာ ၎င်းကို သွေးနှင့်အလောင်းကောင်ချီစွမ်းအင် သန့်စင်ခြင်းမှတစ်ဆင့် ယင်နှင့် ယန်သဘာဝကို ညီညွတ်စွာချိန်ညှိပေးထားသော မျှတသည့်ကျင့်စဉ်တစ်ခုဟုပင် သတ်မှတ်နိုင်ပေသည်။

သို့သော် တစ်ခုတည်းသော ချို့ယွင်းချက်မှာ သတ်ဖြတ်ခြင်းနှင့် အလောင်းကောင်များကို ဖျက်ဆီးခြင်းမှတစ်ဆင့်သာ တိုးတက်မှုကို ရရှိနိုင်ခြင်းဖြစ်သည်။

ဤသည်မှာ ဂိုဏ်းက တစိုက်မတ်မတ်နှင့် သစ္စာရှိရှိလုပ်ဆောင်ခဲ့သောအရာပင် ဖြစ်လေသည်။

သူတို့စွမ်းအားအထွတ်အထိပ်ရောက်နေချိန်တွင် အဖွဲ့အစည်းက တရားဝင်လှုပ်ရှားလာခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ သာ ရှိသေးသည်။

ထိုနှစ် ၂၀၀ အတွင်းတွင် အဖွဲ့အစည်းက မည်သည့်ဂယက်ကိုမျှ မဖန်တီးခဲ့ဘဲ သာမန်ကိစ္စရပ်အနည်းငယ်ကိုသာ ကိုင်တွယ်ဖြေရှင်းရင်း သူတို့၏ဂုဏ်သတင်းကို တဖြည်းဖြည်းချင်း တည်ဆောက်နေခဲ့၏။

မဟူရာတစ္ဆေဂိုဏ်းသည် တောင်ပိုင်းတိုက်ကြီးသို့ အဖွဲ့အစည်း၏အစွယ်များကို အမှန်တကယ်ဖော်ပြရန် ပထမဆုံးအစစ်အမှန်အမှုအခင်းနှင့် စမ်းသပ်မှုတစ်ခု ဖြစ်လာခဲ့လေသည်။

ထိုအချိန်က အဖွဲ့အစည်း၏တုံ့ပြန်မှုမှာ မိုးကြိုးပစ်သကဲ့သို့ မြန်ဆန်ပြင်းထန်ခဲ့သည်။

မဟူရာတစ္ဆေဂိုဏ်း၏ တည်ထောင်သူမှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိထားသော်လည်း မျက်စိကျိန်းမတတ် တောက်ပသော ဓားအလင်းတန်းတစ်ခု၏ ခုတ်ပိုင်းမှုကြောင့် ဌာနချုပ်တစ်ဝက်နှင့်အတူ တစ်စစီပြိုကွဲသေဆုံးသွားခဲ့ရ၏။

ကျန်ရစ်သူများကိုတော့ အဖွဲ့အစည်းမှ လူလေးဦးက ရှင်းလင်းပစ်ခဲ့လေသည်။

ယနေ့တိုင်အောင် အပြင်လူများသာမက အဖွဲ့အစည်းအတွင်းရှိလူများပင် ထိုလူလေးဦး မည်သူမည်ဝါဖြစ်ကြောင်းနှင့် အဆင့် ၁ ဂိုဏ်းတစ်ခု၏ ဌာနချုပ်ထက်ဝက်ကို ဖျက်ဆီးပစ်ခဲ့သော ဓားအလင်းတန်း၏ပိုင်ရှင်ကို သေချာမသိကြပေ။

သိထားကြသည်မှာ သူတို့သည် အဖွဲ့အစည်းမှဖြစ်ပြီး မဟူရာတစ္ဆေဂိုဏ်းဆိုသည်မှာ အဖွဲ့အစည်း၏ထက်မြက်မှုကို ထင်ဟပ်ပြသပေးခဲ့သော မှန်တစ်ချပ်သာဖြစ်သည် ဆိုခြင်းပင်။

မဟူရာတစ္ဆေဂိုဏ်းသည် အဖွဲ့အစည်း၏ဓားချက်အောက်တွင် ကျဆုံးသွားခဲ့ကြောင်း မှတ်တမ်းတင်ခံထားရသော အဆင့် ၁ အဖွဲ့အစည်းနှစ်ခုအနက်မှ တစ်ခုဖြစ်သည်။

မဟူရာတစ္ဆေဂိုဏ်းကို လုံးဝဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း အခြားအဖွဲ့အစည်းကိုမူ ရှင်သန်ရန်လမ်းကြောင်းတစ်ခု ချန်ထားပေးခဲ့သည်။

သို့သော် တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် သတင်းများအရဆိုလျှင် မဟူရာတစ္ဆေဂိုဏ်း ဖျက်ဆီးခံရမှုမှာ အခြားအဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုနှင့်ယှဉ်လျှင် မှေးမှိန်သွားခဲ့ချေပြီ။

အကြောင်းရင်းမှာ စွမ်းအားနှင့်ဂုဏ်သတင်းအရ မဟူရာတစ္ဆေဂိုဏ်းနှင့် ထိုအဖွဲ့အစည်းတို့သည် နှစ်ခုလုံး အဆင့် ၁ အဖွဲ့အစည်းများဖြစ်ကြသော်လည်း မိုင်ပေါင်းများစွာကွာခြားနေသောကြောင့် ဖြစ်လေသည်။

မဟူရာတစ္ဆေဂိုဏ်းသည် နာမည်ဆိုးဖြင့်ကျော်ကြားပြီး အကြောက်တရားများကို ဖြန့်ဝေခဲ့သော်လည်း ၎င်း၏သက်ရောက်မှုမှာ အကန့်အသတ်ရှိခဲ့သည်။

ထိုအချိန်က မြင့်မြတ်နယ်မြေများကို ဖယ်လိုက်လျှင်ပင် အခြားအဆင့် ၁ အဖွဲ့အစည်းများက ထိုဂိုဏ်းကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဘယ်သောအခါမှ မသတ်မှတ်ခဲ့ကြပေ။

အခြေခံခိုင်မာသော အချို့သောအဆင့် ၂ အဖွဲ့အစည်းများကပင် သူတို့ကို မမှုခဲ့ကြချေ။

ဂိုဏ်းကို ဖျော်ဖြေရေးတစ်ခု သို့မဟုတ် သူတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်သော နယ်ရုပ်တစ်ခုအဖြစ်သာ သဘောထားကာ သည်းခံခွင့်ပြုထားခဲ့ကြသည်။

နှစ်များတစ်လျှောက် မဟူရာတစ္ဆေဂိုဏ်းရွေးချယ်ခဲ့သော ပစ်မှတ်များက သူတို့ကိုယ်တိုင်လည်း ဤအချက်ကို ကောင်းကောင်းသိရှိထားကြောင်း သက်သေပြနေသည်။

သူတို့ ခြေမချရဲသောနယ်မြေများ ရှိနေခဲ့သည်။ တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးအပေါ် သူတို့ပေးစွမ်းနိုင်သော အကြောက်တရားမှာ အရေအတွက်နှင့်အရည်အသွေး နှစ်ခုလုံးတွင် သူတို့ထက်သာလွန်သော သွေးနီလှိုင်းနှင့်ယှဉ်လျှင် မှေးမှိန်သွားခဲ့၏။

မဟူရာတစ္ဆေဂိုဏ်းတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် နယ်မြေအဆင့်ကျွမ်းကျင်သူ တစ်ဒါဇင်ခန့်သာ ရှိသည်။

သူတို့သည် အဖွဲ့ဝင်သစ်များစုဆောင်းလေ့သိပ်မရှိသဖြင့် သူတို့၏အရေအတွက်မှာ အမြဲတမ်းနည်းပါးနေခဲ့သည်။

သူတို့၏စုဆောင်းရေးမူဝါဒမှာ ဂိုဏ်းတစ်ခုထက် မျိုးနွယ်စုတစ်ခုနှင့် ပိုတူပေသည်။

သွေးမျိုးဆက်များ သို့မဟုတ် တော်ဝင်တပ်ဖွဲ့နှင့် နက်ရှိုင်းသောပုဂ္ဂိုလ်ရေးဆက်ဆံရေးရှိသူများကိုသာ သူတို့၏အဖွဲ့အစည်းအတွင်း ဝင်ရောက်ရန် စဉ်းစားလေ့ရှိကြသည်။

သို့သော် သူတို့၏အရေအတွက် နည်းပါးနေသော်လည်း သွေးနီလှိုင်းတွင်မရှိသော အားသာချက်အချို့ သူတို့ထံတွင်ရှိနေခဲ့သည်။

သူတို့သည် လုပ်ငန်းဆောင်တာများကို တိကျသေသပ်စွာ လုပ်ဆောင်တတ်ကြပြီး တစ်ဦးအပေါ်တစ်ဦး သစ္စာရှိကာ ခြေရာဖျောက်နည်းနှင့် သူတို့၏ရှင်သန်နိုင်စွမ်းကို မည်သို့မြှင့်တင်ရမည်ဆိုသည်ကို ကောင်းစွာသိရှိထားကြပေသည်။

ထို့ကြောင့်ပင် သူတို့၏ဌာနချုပ်နှင့် တည်ထောင်သူ ဖျက်ဆီးခံလိုက်ရသည့်တိုင် သူတို့အဖွဲ့အစည်း၏ အကြွင်းအကျန်များ ယနေ့တိုင်တည်ရှိနေဆဲ ဖြစ်လေသည်။

အဖွဲ့အစည်းမှ ဝန်ထမ်းများခံရသော တိုက်ခိုက်မှုအချို့မှာ မဟူရာတစ္ဆေဂိုဏ်းမှ အသက်ရှင်ကျန်ရစ်သူများနှင့် ပတ်သက်နေသည်။

အဖွဲ့အစည်း၏ အစီရင်ခံစာများအရ ဌာနချုပ်အတိုက်ခံရစဉ်က နယ်မြေအဆင့်ကျွမ်းကျင်သူတစ်ဦး အသက်ရှင်လွတ်မြောက်သွားခဲ့၏။

ထိုနယ်မြေအဆင့်ကျွမ်းကျင်သူနှင့် အဖွဲ့ဝင်အနည်းငယ်သည် ဂိုဏ်း၏မျိုးစေ့များ ဆက်လက်ရှင်သန်နိုင်စေရန် ဂိုဏ်းမှချမှတ်ထားခဲ့သော အရံအစီအစဉ်များဖြစ်သည်ဟု ယူဆရသည်။

ဂိုဏ်း၏ဌာနချုပ် အတိုက်ခံရချိန်တွင် ထိုနယ်မြေအဆင့်ကျွမ်းကျင်သူနှင့် အဖွဲ့ဝင်အနည်းငယ်မှာ ထိုနေရာတွင်မရှိခဲ့ကြပေ။

ထိုသို့မရှိနေခဲ့ခြင်းမှာ ကံကောင်းမှုသက်သက်မဟုတ်ဘဲ တွက်ချက်ထားသောလုပ်ရပ်တစ်ခုဖြစ်ပြီး လက်ရှိနယ်မြေအဆင့်ကျွမ်းကျင်သူ သေဆုံးသွားချိန်တွင် အသက်ဝင်လာမည့်အခြားသူများလည်း တိုက်ကြီးအနှံ့အပြားတွင် ပျံ့နှံ့နေနိုင်သေးကြောင်း အဖွဲ့အစည်း၏ စုံစမ်းစစ်ဆေးမှုများအရ ခန့်မှန်းထားလေသည်။

ထိုဂိုဏ်းသည် အဖွဲ့အစည်း၏ ဝန်ထမ်းတစ်ဦးဦးကို ပစ်မှတ်ထားချိန်တွင်သာ လှုပ်ရှားလေ့ရှိသည်။

သူတို့၏အရေအတွက်နည်းပါးသော်လည်း သူတို့၏လှုပ်ရှားပုံများကြောင့် အဖွဲ့အစည်း၏မျက်လုံးထဲတွင် ဆူးတစ်ချောင်းအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။

သူတို့၏တိုက်ခိုက်မှုများကို သေချာစွာစီစဉ်ထားပြီး အကောင်အထည်ဖော်ရာတွင် အလွန်မြန်ဆန်၏။

အကယ်၍လုပ်ဆောင်မှု ကျရှုံးသွားပါက ဘေးကင်းစွာဆုတ်ခွာနိုင်ရန် အစီအမံများပြုလုပ်ထားပြီး အခြားအဖွဲ့ဝင်များနှင့် ဆက်စပ်နိုင်မည့်သဲလွန်စများကို လုံးဝဖျောက်ဖျက်ထားတတ်ကြသည်။

သူသာ နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း ဆုလီဝေသိခဲ့မည်ဆိုလျှင် ယခုလိုတိုက်ခိုက်လာပါ့မလားဆိုသည်ကို ယန်ချင်း သံသယဝင်မိလေသည်။

…

ယန်ချင်းက စက္ကူအဆောင်အနည်းငယ်၊ မီးခိုးရောင်နံ့သာတိုင်တစ်တိုင်နှင့် မက်မွန်သစ်သားတုံးတစ်တုံးကို ထုတ်ယူလိုက်တော့သည်။

All Chapters