ကျိန်စာသင့်လွင်ပြင်၏ မီးတောက်ငါးထောင်ခြေရာခံခြင်း
Vol. 20 Ch. 196
ယန်ချင်းက သူ၏သိုလှောင်လက်စွပ်ထဲမှ နောက်ထပ်ပစ္စည်းအနည်းငယ်ကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရချိန်တွင် ဆုလီဝေမှာ ပိုမိုစိုးရိမ်ပူပန်လာခဲ့သည်။
သူ၏နှေးကွေးလေးလံနေသော အာရုံများနှင့် တိုက်စားခံနေရသော ခန္ဓာကိုယ်ကြောင့် ထိုပစ္စည်းများ၏စွမ်းအားကို တိတိကျကျ မခန့်မှန်းနိုင်လျှင်ပင် ၎င်းတို့ထံမှ ထွက်ပေါ်လာသော စွမ်းအင်များအတက်အကျများကိုမူ ခံစားသိရှိနိုင်သေး၏။
ထိုအရာများအားလုံးမှာ ယန်ချင်းကို တိုက်ခိုက်ရာတွင် သူအသုံးပြုခဲ့သော ပုလဲနီလေးထက် ပို၍အဆင့်မြင့်ပေသည်။
တန်ဖိုးကြီးပစ္စည်းများစွာကို ထုတ်ယူလာသည်ကို မြင်လိုက်ရသဖြင့် ယန်ချင်းက ၎င်းတို့ကို အသုံးပြုကာ ဘာလုပ်မည်ကို တွေးတောရင်း သူစိတ်မသက်မသာ ဖြစ်လာခဲ့ရသည်။
လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း သူသည် ဂိုဏ်းမှမည်သူနှင့်မျှ အဆက်အသွယ်မလုပ်ခဲ့သလို အရေးကြီးသော အရာအားလုံးကိုလည်း သူ၏မှတ်ဉာဏ်ထဲမှ ဖျက်ပစ်ခဲ့ပြီးဖြစ်သည်။
ဂိုဏ်းနှင့် ဆက်စပ်နိုင်မည့် သဲလွန်စမှန်သမျှကိုလည်း ဖျောက်ဖျက်ထားခဲ့ပြီးဖြစ်လေသည်။
မဟူရာတစ္ဆေဂိုဏ်းသည် အဖွဲ့ဝင်တစ်ဦးနှင့်တစ်ဦး မည်သူမည်ဝါဖြစ်ကြောင်း မသိစေရန် နည်းလမ်းများစွာကို သုတေသနပြုလုပ်ကာ ဖန်တီးထားခဲ့ကြ၏။
သူတို့၏အရေအတွက် နည်းပါးမှုနှင့် အဖွဲ့အစည်းမှလူများကို ပစ်မှတ်ထားရာတွင် ကြုံတွေ့ရမည့် အန္တရာယ်များကြောင့် လူတစ်ယောက်က အခြားတစ်ယောက်ကို ဆွဲမချနိုင်စေရန် သေချာစေမည့် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ရပေသည်။
နှစ်ပေါင်းများစွာ လေ့ကျင့်မှုများနှင့်အတူ သူတို့သည် ထိုကိစ္စတွင် ပိုမိုကျွမ်းကျင်လာခဲ့ကြသည်။
ထို့ကြောင့်ပင် ယနေ့တိုင်အောင် အဖွဲ့အစည်းမှလူများကို ပစ်မှတ်ထားနေသည့်တိုင် သူတို့အသက်ရှင်ကျန်ရစ်နိုင်ခဲ့ခြင်း ဖြစ်၏။
သူတို့က ပစ်မှတ်များကို သေချာရွေးချယ်တတ်ကြပြီး တစ်စုံတစ်ခု မှားယွင်းသွားခဲ့လျှင်ပင် ဂိုဏ်းအတွက် ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်စေမည့် အစီအမံများကို ချမှတ်ထားပြီး ဖြစ်သည်။
ယန်ချင်း၏စွမ်းအားကို သူအတွက်မှားခဲ့မိနိုင်သော်လည်း ဂိုဏ်းမှ အခြားအဖွဲ့ဝင်များကို ဆွဲသွင်းနိုင်မည့်အရာ တစ်ခုမျှမရှိကြောင်းကိုမူ အပြည့်အဝယုံကြည်ထားလေသည်။
ထိုသို့ တွေးနေခဲ့သော်လည်း သူ၏မသိစိတ်မှာ စိုးရိမ်ပူပန်နေဆဲပင်ဖြစ်သည်။
သူသိထားသလောက် မဟူရာတစ္ဆေဂိုဏ်းသည် အမြဲတမ်း ပစ်မှတ်အသေးစားများကိုသာ ရွေးချယ်လေ့ရှိပြီး နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးကိုမူ တစ်ခါမျှ ပစ်မှတ်မထားခဲ့ဖူးချေ။
သူတို့၏ ပစ်မှတ်ထားရွေးချယ်ခံရသော သားကောင်များမှာ အပြင်ဘက်ပင်မတရားရုံးများမှ စစ်ဆေးရေးမှူးအသစ်များ၊ စီမံခန့်ခွဲသူများနှင့် အခြားအဆင့်နိမ့် ဝန်ထမ်းအနည်းငယ်သာ ဖြစ်သည်။
အကဲဖြတ်သူတစ်ဦးကို ပစ်မှတ်ထားခြင်းမှာ ကြီးမားလှသော သားကောင်ကြီးတစ်ကောင်အဖြစ် သတ်မှတ်နိုင်သည်။
ထို့ကြောင့်ပင် အောင်မြင်နိုင်ခြေကို ပိုမိုမြင့်မားလာစေရန် သူ၏စီနီယာအချို့နှင့် တိုင်ပင်ကာ ငါးနှစ်တိုင်တိုင် စီစဉ်ခဲ့ရခြင်း ဖြစ်၏။
ပိုမိုသေချာစေရန် ဧကရာဇ်အဆင့်ရတနာများကိုပါ ထည့်သွင်းအသုံးပြုခဲ့ပြီး သူအဖမ်းခံရလျှင်ပင် သဲလွန်စ မကျန်ရစ်စေရန် ရက်စက်သော ရှင်းလင်းမှုများကို ခံယူခဲ့သည်။
သူ၏စိုးရိမ်ပူပန်မှု အတွေးနွံများထဲသို့ ပို၍နစ်မြုပ်နေစဉ်မှာပင် ယန်ချင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သံကို ကြားလိုက်ရသည်။
“ဟူး... ဒါက အလုပ်ဖြစ်ဖို့ မျှော်လင့်ရတာပဲ... တကယ်လို့ နယ်မြေအဆင့်က လူတစ်ယောက် ဖြစ်နေရင်တော့ ငါ အရှုံးကြီး ရှုံးပြီပဲ...”
ယန်ချင်းက သူ၏အထက်တွင် လွင့်မျောနေသော စက္ကူအဆောင်များ၊ မီးမညှိရသေးသော နံ့သာတိုင်၊ မက်မွန်သစ်သားတုံးနှင့် နံ့သာတိုင်ပတ်လည်တွင် ချထားသော အဆင့်မြင့်ဝိညာဉ်ကျောက်တုံး အနည်းငယ်ဆီသို့ အကြည့်လွှဲလိုက်ရင်း တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူ၏အကြည့်များက ဆုလီဝေအပေါ် ကျရောက်သွားချိန်တွင် လေးနက်သွားလေသည်။ ဆုလီဝေမှာ မည်မျှပင် ကြောက်ရွံ့နေပါစေ မျက်နှာပေါ်တွင်မူ မပြသနိုင်ပေ။
သူ၏ခန္ဓာကိုယ်မှာ ခြောက်သွေ့နေသော ရွှံ့စေးများကဲ့သို့ တောင့်တင်းနေပြီး ပျက်စီးခြင်းစွမ်းအားက သူ၏ခန္ဓာကိုယ်ကို တိုက်စားနေဆဲ ဖြစ်၏။
“မင်း ငါ့အတွက် ကောင်းမွန်တဲ့ ရိတ်သိမ်းမှုတစ်ခု ယူလာပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်...”
ယန်ချင်းက ပြောလိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အဖြူရောင်အလင်းတန်းများမှာ ပို၍ပင် ပြင်းထန်လာလေသည်။
သူ၏လက်များက မှုန်ဝါးသွားသည်အထိ မြန်ဆန်လှသော အမြန်နှုန်းဖြင့် လက်ဟန်သင်္ကေတများကို စတင်ပြုလုပ်လိုက်၏။
ယန်ချင်း၏ခန္ဓာကိုယ်မှ ကြီးမားလှသော ချီစွမ်းအင်ပမာဏတစ်ခု ယိုစိမ့်ထွက်လာပြီး အစိမ်းနုရောင်မြူခိုးများအဖြစ် စုစည်းသွားကာ ထိုအရာနှင့်အတူ ထိုနေရာတွင် ကျန်ရစ်နေသမျှ သစ်သားပြားအားလုံးကို ဖျက်ဆီးပစ်လိုက်သော ဖိအားတစ်ခု ထွက်ပေါ်လာသည်။
အမိုးကို ဖျက်ဆီးပစ်တော့မည့်ဆဲဆဲတွင် အထက်တွင် လွင့်မျောနေသော အဆောင်များက အပြာရောင်မီးတောက်များအဖြစ် လောင်ကျွမ်းသွားပြီး သူတို့ဆီသို့ လာသမျှဖိအားမှန်သမျှကို ဖျက်သိမ်းပစ်လိုက်လေသည်။
ယန်ချင်းထံမှ ချီစွမ်းအင်များ ယိုစိမ့်လာလေလေ ကျီးကန်းဖြူလေး ဖန်တီးထားသော မြူခိုးများမှာ ပိုမိုထူထပ်လာလေလေ ဖြစ်၏။
ယန်ချင်း၏ဖိအားကို သတ်မှတ်ထားသော အတိုင်းအတာတစ်ခုအတွင်း ထိန်းသိမ်းထားရန် ၎င်းက အပြာရောင်မီးတောက်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်နေပုံရသည်။
စောစောက ဆုလီဝေ စိုးရိမ်ပူပန်နေခဲ့သည်ဆိုလျှင် ယခုမှာမူ ထိုအခြေအနေထက်ပင် ကျော်လွန်နေပြီဖြစ်သည်။
သူမြင်တွေ့နေရသမျှ အရာအားလုံးက အဆိုးရွားဆုံး အခြေအနေတစ်ခုဆိုသည်ထက်ပင် ကျော်လွန်နေလေပြီ။
ယန်ချင်း ဘာတွေစီစဉ်နေမှန်း မသိသော်လည်း အစပျိုးအပိုင်းလေးကတင် သူ၏စိတ်ကို ကစဉ့်ကလျားဖြစ်သွားစေရန် လုံလောက်နေပြီ ဖြစ်၏။
“ကျိန်စာသင့်လွင်ပြင်၏ မီးတောက်ငါးထောင်ခြေရာခံခြင်း...”
တော်ဝန်ဆန်ဆန်အငွေ့အသက်တစ်ခုနှင့်အတူ ယန်ချင်း၏အသံ ဟိန်းထွက်သွားချိန်တွင် သူ၏အနောက်၌ လွင်ပြင်ကျယ်တစ်ခု ပေါ်လာပြီး ၎င်းက ယန်ချင်းနှင့် ဆုလီဝေတို့၏ အောက်ဘက်မြေပြင်ကို ဖုံးလွှမ်းသွားလေသည်။
ထိုလွင်ပြင်ပေါ်တွင် နေရာအနှံ့သို့ ဖြန့်ကျက်ထားသော အဖြူရောင်မျဉ်းကြောင်းများစွာ ပေါ်လာ၏။
ဘာတွေဖြစ်နေမှန်း ဆုလီဝေ နားမလည်သေးသော်လည်း အရာအားလုံးက စက္ကန့်နှင့်အမျှ သူ့အတွက် ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။
ယန်ချင်း ထုတ်လွှတ်လိုက်သော ချီစွမ်းအင်မှာ သူတို့အသုံးပြုခဲ့သော ဌာနခွဲနေရာတစ်ခုတွင် သူခံစားခဲ့ရဖူးသည်ထက်ပင် ကျော်လွန်နေလေပြီ။
ထိုဌာနခွဲတွင် အဆင့် ၃ အဖွဲ့အစည်းအနည်းငယ်နှင့် ယှဉ်နိုင်လောက်အောင် သိပ်သည်းသော ဝိညာဉ်ချီစွမ်းအင်များ ရှိခဲ့လေသည်။
ယန်ချင်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သူ့ကိုပင် သေချာမမြင်ရတော့လောက်အောင် မျက်စိကျိန်းမတတ် အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူ၏ပတ်လည်ရှိ အရာအားလုံးကို မျိုချပစ်နေသော အဖြူရောင်မီးတောက်တစ်ခုက သူ့ကို ဝန်းရံထားသကဲ့သို့ ဖြစ်နေ၏။
ထိုအဖြူရောင်ဝတ်ရုံ၏ အလယ်တွင် သူမြင်တွေ့နေရသည့် တစ်ခုတည်းသောအရာမှာ မျက်လုံးတစ်လုံးစာ အရွယ်အစားရှိသော ရွှေဝါရောင်အရာဝတ္ထုတစ်ခုက ထိုအထဲရှိ နေရာတစ်ခုတွင် လွင့်မျောနေခြင်းသာ ဖြစ်သည်။
သူ၏ခန္ဓာကိုယ်မှာ ပိုမိုမြန်ဆန်စွာ ပြိုကွဲလာခဲ့သည်။ သို့သော် ယခင်ကနှင့်မတူဘဲ ဤတစ်ကြိမ်တွင် တစ်စုံတစ်ခု ကွာခြားနေကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။
ပြိုကွဲမှုတစ်ခုစီတိုင်းနှင့်အတူ သူ့ထံမှ တစ်စုံတစ်ခုကို ဝါးမြိုခံနေရကြောင်းကို ခံစားလိုက်ရသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် သူ၏ပခုံးများသာ ကျန်ရစ်တော့ပြီး ဝါးမြိုခံနေရသည်ဟူသော ထိုမှုန်ဝါးဝါးခံစားချက်မှာ စက္ကန့်နှင့်အမျှ ပိုမိုရှင်းလင်းလာခဲ့သည်။
သူ၏ခန္ဓာကိုယ်ထဲမှ မည်သည့်အရာ စုပ်ယူခံနေရကြောင်းကို နောက်ဆုံး၌ မြင်တွေ့လိုက်ရ၏။
ရေတစ်စက်စာ အရွယ်အစားရှိ သွေးတစ်စက်က သူ၏ဘေးတွင် လွင့်မျောနေပြီး အလျင်အမြန် လည်ပတ်နေလေသည်။
သူ၏ပြိုကွဲယိုယွင်းနေသော ခန္ဓာကိုယ်က ချာချာလည်သွားကာ ထိုသွေးစက်ငယ်လေးထဲသို့ စုပ်ယူခံလိုက်ရလေသည်။
သို့သော် ထိုအထဲသို့ စီးဝင်သွားသော အရာမှာ ၎င်းတစ်ခုတည်း မဟုတ်ပေ။
သူ၏အထက်တွင် လွင့်မျောနေခဲ့သော ဖုန်မှုန့်နှင့်တူသည့် ပုလဲနီလေး၏ အစအနများကလည်း လည်ပတ်နေသော သွေးစက်လေးထဲသို့ စုစည်းဝင်ရောက်သွားပြီး ၎င်း၏အသွင်အပြင်ကို ပိုမိုထင်ရှားလာစေသည်။
သူ၏နိဂုံးချုပ်ချိန် နီးကပ်လာပြီဖြစ်ကြောင်း ခံစားလိုက်ရသော်လည်း သေခြင်းတရားနှင့် ပတ်သက်၍ အစောပိုင်းက သူခံစားခဲ့ရသော မကြောက်မရွံ့ဖြစ်နေသည့် ခံစားချက်များမှာ ပျောက်ကွယ်သွားပြီး ကြီးမားလှသော စိုးရိမ်ပူပန်မှုများဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။
ယန်ချင်း တိတိကျကျ ဘာကိုရရှိရန် ကြိုးစားနေမှန်းသေချာမသိနိုင်သော်လည်း သူ၏ပတ်လည်တွင် ဖြစ်ပျက်နေသော အရာများအပေါ် မူတည်၍ ခန့်မှန်းချက်အနည်းငယ်ကို အတည်ပြုနိုင်ခဲ့၏။
သူ၏အနှစ်သာရများမှာ စုပ်ယူခံနေရပြီး ပုလဲနီလေးနှင့် ပေါင်းစပ်သွားခဲ့သည်။
အောက်ဘက်တွင် အလယ်ဗဟိုမှနေ၍ သံလိုက်အိမ်မြှောင်တစ်ခုကဲ့သို့ ဖြာထွက်နေသော အဖြူရောင်ကြိုးမျှင်လေးများ ရှိသည့် လွင်ပြင်ကျယ်ကြီးလည်း ရှိနေသည်။
သူ၏အနှစ်သာရနှင့် ပုလဲနီလေးကို လွင်ပြင်နှင့် ပေါင်းစပ်ကာ တစ်စုံတစ်ရာကို ခြေရာခံရန် ကြားခံနယ်တစ်ခုအနေဖြင့် အသုံးပြုတော့မည်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။
ထိုတစ်စုံတစ်ရာ ဆိုသည်မှာ အစောပိုင်းက မထင်ရှားခဲ့လျှင်တောင် ယခုမူ ထင်ရှားနေလေပြီ။ ၎င်းမှာ သူ့ကို ပုလဲနီလေး ပေးခဲ့သောသူပင် ဖြစ်သည်။
သူမှားနေပါစေဟု မျှော်လင့်နေဆဲ ဖြစ်သော်လည်း သွေးစက်လေးက လွင်ပြင်ဆီသို့ ဖြည်းညင်းစွာ ကျဆင်းသွားချိန်တွင် သူ၏မျှော်လင့်ချက်များအားလုံးမှာ ရိုက်ချိုးခံလိုက်ရသည်။
ထိုအချိန်တွင် ဆုလီဝေ၏ ခန္ဓာကိုယ်၌ မျက်လုံးများနှင့် နဖူးသာ ကျန်ရစ်တော့၏။
သို့သော် သိပ်မကြာမီမှာပင် ၎င်းတို့လည်း ပြိုကွဲသွားပြီး ဖရဲစေ့အရွယ်အစားခန့်ရှိသော သွေးစက်လေးထဲသို့ ပေါင်းစပ်ဝင်ရောက်သွားလေတော့သည်။
သွေးစက်လေးက လွင်ပြင်နှင့် ထိတွေ့သွားချိန်တွင် မီးခိုးရောင်မီးတောက်တစ်ခု လောင်ကျွမ်းသွားသည်ကိုသာ နောက်ဆုံးအနေဖြင့် မြင်တွေ့လိုက်ရလေသည်။