← Chapters

တည်ငြိမ်နေသော ရေပြင်အောက်မှ ကမောက်ကမအခြေအနေများ

Vol. 20 Ch. 199

တည်ငြိမ်နေသော ရေပြင်အောက်မှ ကမောက်ကမအခြေအနေများ

Vol. 20 Ch. 199

ယန်ချင်း၏အကြံပြုချက်ကြောင့် မင်းသားဝမ်ယန်နှင့် တပ်မှူးပုကျဲတို့၏ မျက်လုံးထဲတွင် ရှုပ်ထွေးသွားဟန်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေ၏။

သို့သော် သူ၏ပြုံးနေသောအမူအရာနှင့် ရိုးသားလှသော မျက်နှာထားကို မြင်လိုက်ရသောအခါတွင်မူသူတို့နှစ်ဦးလုံး ခေါင်းခါရင်း သူ့နည်းတူ ရယ်မောလိုက်မိကြပေတော့သည်။

"ဒီအတိုင်းပဲလုပ်ကြတာပေါ့"ဟု မင်းသားဝမ်ယန်က ဆိုလေသည်။

အကဲဖြတ်စစ်ဆေးမှုများ ပြီးဆုံးသွားပါက ဤပြဿနာကို ဝိညာဥ်ကျင့်ကြံခြင်းဂိုဏ်း၏တံခါးဝသို့ သွားရောက်ပုံချပစ်ရန် ခမည်းတော်ဖြစ်သူအား တိုက်တွန်းမည်ဟု သူဆုံးဖြတ်ထားပြီးဖြစ်၏။

ထိုဂိုဏ်းသည် သူတို့ဂိုဏ်းနယ်မြေအပြင်ဘက်မှ ကိစ္စရပ်များကို ဂရုမစိုက်တတ်သော်ငြား မဟူရာတစ္ဆေဂိုဏ်းကဲ့သို့သော အဖွဲ့အစည်းတစ်ခုကသူတို့၏ပိုင်နက်ထဲတွင် ခြေချလာပါက၊ ကျိန်းသေပေါက် တုံ့ပြန်မှုတစ်စုံတစ်ရာတော့ ရှိလာမည်သာ။

ထိုပြဿနာကို သူတို့ထံပုံချပစ်လိုက်ရမည်ဆိုသော အကြောင်းကိုတွေးမိရုံဖြင့် သူ၏ရင်ထဲ၌မဖော်ပြနိုင်သော ကျေနပ်မှုတစ်ခုကိုခံစားလိုက်ရလေ၏။

"ငါလည်း ပလ္လင်လုပွဲကနေ နှုတ်ထွက်လိုက်သင့်ပြီ ထင်တယ်။”

“တခြားသူတွေကို ဒီဝန်ထုတ်ဝန်ပိုးတွေထမ်းခိုင်းလိုက်တာလည်း မဆိုးလှပါဘူးလေ"ဟု တွေးလိုက်မိကာမှ ခေါင်းခါရင်း ခါးသက်သက် ပြုံးလိုက်လေတော့သည်။

"သခင်လေးယန်ချင်း၊ ဒီကိစ္စကိုဘုရင်မင်းမြတ်ဆီ အကြောင်းကြားလို့ရနိုင်မလား"ဟု တပ်မှူးပုကျဲက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးမြန်းလိုက်၏။

ထိုအခါမှသာ မင်းသားဝမ်ယန်သည် ခမည်းတော်ဖြစ်သူအား ဤကိစ္စတွင် ပါဝင်ပတ်သက်စေရန်အတွက် ယန်ချင်း၏သဘောထားကို မေးမြန်းရန် မေ့လျော့နေခဲ့ကြောင်း သတိပြုမိသွားသည်။

"အကြောင်းကြားတာ အကောင်းဆုံးပါပဲ။ ဆုလီဝေနဲ့ ပတ်သက်နေတဲ့သူမှန်သမျှကို ကျွန်တော်တို့က ခြေရာခံနေမှာမို့လို့ မဟူရာတစ္ဆေဂိုဏ်းက ခင်ဗျားတို့ကို ဒုက္ခပေးလာနိုင်မယ့် အခြေအနေမျိုးမရှိနိုင်ပေမယ့်လည်း၊ ပိုပြီးသတိထားနေတာက အကျိုးမယုတ်ပါဘူး"ဟု ယန်ချင်းက ပြန်ဖြေလိုက်လေသည်။

"ဒီကိစ္စတွေပြီးသွားရင်လည်း ဝိညာဥ်ကျင့်ကြံခြင်းဂိုဏ်းကို ကျွန်တော်ကိုယ်တိုင် သွားရောက်အကြောင်းကြားပေးပါမယ်"ဟု သူကခေတ္တအကြာတွင် ထပ်လောင်းပြောဆိုလိုက်၏။

ထိုစကားကြောင့် မင်းသားဝမ်ယန်နှင့် တပ်မှူးပုကျဲတို့နှစ်ဦးလုံး သိသိသာသာပင် ဝမ်းသာအားရ ဖြစ်သွားကြလေတော့သည်။

အဖွဲ့အစည်းမှ လူတစ်ဦး၏စကားသည် သူတို့၏စကားထက်ပို၍ အလေးသာပေလိမ့်မည်။

ထို့ပြင်ယန်ချင်းသာဆိုလျှင် ဂိုဏ်းတံခါးဝမှနေ၍ နှင်ထုတ်ခံရရန် အကြောင်းမရှိသော်လည်း သူတို့သာဆိုလျှင်တော့.....

လူအများစုက သူတို့သည် ဝိညာဥ်ကျင့်ကြံခြင်းဂိုဏ်းနှင့် သခင်-ကျေးကျွန်ဆက်ဆံရေးမျိုးရှိသည်ဟု ထင်မြင်ထားကြသော်လည်း၊ အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ကြောင်း သူတို့ကိုယ်တိုင် ကောင်းကောင်းကြီး သိထားကြသည်။

သူတို့သည်ဂိုဏ်းအတွက် အထက်တန်းစားခိုင်းဖတ်များသာ ဖြစ်ကြ၏။

အကယ်၍ ဖိတ်ကြားချက်မရှိဘဲ ထိုနေရာသို့သွားရောက်ပါက အခြားသူများနည်းတူ နှင်ထုတ်ခံရမည်သာဖြစ်သည်။

သူတို့၏လုပ်ရပ်အတွက် ပြင်းထန်သော သတိပေးချက်နှင့်အတူ အသေအလဲရိုက်နှက်ခံရပေလိမ့်မည်။

ယခင်ဘုရင်ဟောင်းဖြစ်သော သူ၏အဘိုးသည် ဘုရင်အဖြစ်အုပ်စိုးနေစဉ်ကပင် ထိုသို့သောဆက်ဆံမှုကို ခံခဲ့ရဖူးလေသည်။

သူသည် ထိုဂိုဏ်းနှင့် နှစ်ပေါင်းထောင်ချီကြာမြင့်သော နက်ရှိုင်းသည့် ပတ်သက်မှုမျိုးရှိခဲ့၏။

သူ၏ကျင့်ကြံခြင်းအတွက် လမ်းညွှန်မှုခံယူရန် အကြောင်းမကြားဘဲ ဂိုဏ်းသို့သွားရောက်ခဲ့သောအခါ ထိုပတ်သက်မှု၏တန်ဖိုးကို သူအထင်ကြီးလွန်းခဲ့ကြောင်း မကြာမီမှာပင် သဘောပေါက်သွားခဲ့ရလေသည်။

ထိုအချိန်က သူသည် အမြုတေအဆင့်၏အထွတ်အထိပ်တွင် ရှိနေခဲ့ပြီး နန်းတော်အဆင့်တဝက် ကျင့်ကြံသူတစ်ဦးဖြစ်လာရန် လက်တစ်ကမ်းအလိုသာ လိုတော့၏။

ထိုနောက်ဆုံးအဆင့်ကို ကျော်ဖြတ်နိုင်ရန် အကူအညီလိုအပ်နေသဖြင့် သူ၏မိတ်ဆွေဟောင်းများဖြစ်သော ဝိညာဥ်ကျင့်ကြံခြင်းဂိုဏ်းထံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပေသည်။

သွားစဉ်က တက်ကြွရွှင်လန်းနေသော အဘိုးအိုတစ်ဦးအနေဖြင့် သွားခဲ့သော်လည်း၊ ပြန်လာသောအခါတွင်မူ မျက်လုံးထဲ၌အသက်မရှိတော့ဘဲ နာကြည်းချက်များ၊ ခါးသီးမှုများဖြင့်ပြည့်နှက်နေသော အလွန်အိုမင်းရင့်ရော်နေသည့် အဘိုးအိုတစ်ဦးအဖြစ်သာ ပြန်လည်ရောက်ရှိလာခဲ့လေသည်။

ထိုနေ့မှာပင် သူသည် ထီးနန်းကိုစွန့်ကာ မည်သည့်နေရာမှန်းမသိသော အရပ်ဆီသို့ ထွက်ခွာသွားခဲ့လေတော့၏။

ခမည်းတော်၏ ပြောပြချက်အရ သူ၏အဘိုးသည် နွေဦးလွင်ပြင်တိုင်းပြည်အတွင်းရှိ လယ်ကွင်းတစ်နေရာ၌ တောင်သူအလုပ်နှင့် ငါးဖမ်းသည့်အလုပ်ကို လုပ်ကိုင်နေသည်ဟုဆိုပေသည်။

အဘိုး၏အရိုက်ခံရမှုက ဝိညာဥ်ကျင့်ကြံခြင်းဂိုဏ်း၏အမြင်တွင် နွေဦးလွင်ပြင်တိုင်းပြည်၏ အဆင့်အတန်းသည် မည်သည့်နေရာတွင်ရှိကြောင်း သတိပေးချက်တစ်ခု ဖြစ်လာခဲ့လေသည်။

ယန်ချင်းကိုယ်တိုင် ဝိညာဥ်ကျင့်ကြံခြင်းဂိုဏ်းသို့ သတင်းပို့ပေးခြင်းက သူ့ခမည်းတော်နှင့် သူတို့နှစ်ဦးလုံးကို အရိုက်ခံရမည့်ဘေးမှ ကယ်တင်ပေးလိုက်ခြင်းပင်ဖြစ်၏။

သူ့အတွက်မူ ပို၍ပင် ကျေးဇူးတင်စရာကောင်းလှသည်။

အကြောင်းမှာ ခမည်းတော်ဖြစ်သူသည် ဤကိစ္စရပ်တစ်ခုလုံးကို ဖြေရှင်းရန် သူ့အပေါ်၌ မျက်နှာပြောင်တိုက်ကာ ပုံချထားခဲ့သောကြောင့် ဖြစ်ပေသည်။

ဤကိစ္စကိုတွေးမိလေလေ၊ ထီးနန်းကို အမှန်တကယ်စွန့်လွှတ်သင့်ပြီဟု သူခံစားရလေလေပင်။

နှစ်ပေါင်းတစ်ထောင်ကြာပြီးနောက် နွေဦးလွင်ပြင်တိုင်းပြည်တွင် ထူးဆန်းသောကောလာဟလနှင့် နာမည်ဆိုးတစ်ခု ထွက်ပေါ်လာခဲ့ရာ ယင်းမှာ ဘုရင့်ပလ္လင်သည် ကျိန်စာသင့်နေသည် ဟူ၍ပင်ဖြစ်၏။

ထိုနှစ်ထောင်ချီသော ကာလအတွင်း ဘုရင်များသည် အချိန်တိုလေးအတွင်းမှာပင် ထီးနန်းကို စွန့်သွားတတ်ကြသည်။

အချို့ဆိုလျှင် ထိုနေရာတွင် တစ်ရက်ပင်မပြည့်လိုက်ဘဲ စွန့်လွှတ်သွားခဲ့ကြပြီး အိမ်ရှေ့စံများမှာမူ နောက်ဆက်ခံမည့် ဘုရင်အဖြစ် ရွေးချယ်ခံရပါက ထွက်ပြေးကြခြင်း သို့မဟုတ် ငိုယိုကြခြင်းများ ပြုလုပ်လာကြလေသည်။

ထိုအချိန်မှစ၍ အုပ်ချုပ်သူများသည် သူတို့ထွက်ခွာသွားပြီးနောက် ဆက်ခံမည့်သူရှိစေရန် သေချာစေရန်အတွက် ဆက်ခံသူများကို သော့ခတ်လှောင်ပိတ်ထားလာကြရတော့သည်။

အရင်ဘုရင်များ ရာထူးမှနုတ်ထွက်ပြီးနောက် မည်သည့်နေရာသို့ ထွက်ခွာသွားကြသည်ကို မည်သူမျှမသိကြသော်လည်း၊ ထိုနှစ်ထောင်ချီကာလအတွင်း တိုင်းပြည်၏ စိုက်ပျိုးရေးပညာရပ်များမှာမူ အကြောင်းရင်းမရှိဘဲ အံ့မခန်းတိုးတက်လာခဲ့လေသည်။

သို့ရာတွင် ဤအကြောင်းအရာမှာတော့ နောက်မှပြောရမည့် ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်ပေ၏။

....

"တရားသူကြီးယန်ချင်း၊ အပြင်ကလူတွေကို ကျွန်တော်တို့ ဘယ်လိုပြောရမလဲ"ဟု လမ်းကြောင်းအသစ်တစ်ခုရှာရန် ဆုံးဖြတ်ချက်ချပြီးနောက် ထိုတိတ်ဆိတ်နေသော အခိုက်အတန့်လေးအတွင်းမှာပင် မင်းသားဝမ်ယန်က မေးလိုက်လေသည်။

"ဘာမှပြောစရာမလိုဘူး"

"ဗျာ...."

"ဘာမှရှင်းပြနေစရာမလိုပါဘူး။ ကျုပ်တို့ဘက်ကရှင်းပြလေလေ သူတို့ဘက်ကပိုပြီး ကောက်ချက်ချလေလေ ဖြစ်နေမှာပဲ"

"အရာအားလုံးကို သူတို့ရဲ့စိတ်ကူးထဲမှာပဲ ပစ်ထားလိုက်တာ အကောင်းဆုံးပဲ။ အချိန်တန်ရင် သူတို့ရဲ့ အကဲဖြတ်စစ်ဆေးမှုတွေနဲ့ပဲ အလုပ်ရှုပ်သွားကြလိမ့်မယ်"

"ဒါကြောင့် ထုံးစံအတိုင်းပဲ ဆက်လုပ်ကြတာပေါ့"

"ဒါဆိုလည်း ကောင်းပါပြီလေ"ဟု မင်းသားဝမ်ယန်က ပြောလိုက်ပြီး နောက်ထပ်အဖွဲ့အစည်းကို အကဲဖြတ်စစ်ဆေးရန် တပ်မှူးပုကျဲအား အချက်ပြလိုက်လေသည်။

သူနှင့် ယန်ချင်းတို့ နှစ်ဦးလုံးမည်သည့်ကိစ္စမှ မဖြစ်ခဲ့သကဲ့သို့ ယခင်နေရာများသို့ ပြန်လည်ရောက်ရှိသွားကြ၏။

ခန်းမထဲတွင် သူတို့နှင့်အတူရှိနေခဲ့သော အစေခံများကိုမူ ယန်ချင်းက သူစားသောက်ပြီးသည်နှင့် အပြင်သို့ ပြန်လွှတ်လိုက်ပြီဖြစ်သည်။

အကဲဖြတ်မှုများစတင်ကတည်းက ဆုလီဝေကို သူအာရုံခံမိပြီးဖြစ်ရာ သူ၏အလှည့်ရောက်လာသည်ကို သိလိုက်ရသောအခါ၊ ဆုလီဝေခန်းမထဲသို့ မဝင်လာမီကပင် အစေခံများကို အပြင်သို့ လွှတ်လိုက်ခြင်းပင် ဖြစ်ပေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် အဖွဲ့အစည်းများသည် အစပိုင်းတွင် နှောင့်နှေးကြန့်ကြာမှုများအပေါ် ရှုပ်ထွေးမှုများနှင့် မေးခွန်းများဖြင့် ပြည့်နှက်နေခဲ့ကြပြီး၊ အထူးသဖြင့် ဂိုဏ်းချုပ်နှင့် ဆုလီဝေတို့ ပြန်ထွက်လာသည်ကို မတွေ့ရသောအခါ ပို၍ပင် သိချင်စိတ်ပြင်းပြနေခဲ့ကြသည်။

သို့သော် အစောင့်များ သို့မဟုတ် တပ်မှူးပုကျဲထံမှ မည်သည့်အကြောင်းပြန်ချက်မျှ မရရှိသောအခါတွင်မူ ထိုသိချင်စိတ်များကို ဘေးဖယ်ထားလိုက်ကြပြီး အကဲဖြတ်မှုများကို ပုံမှန်အတိုင်း ပြန်လည်စတင်လိုက်ကြလေတော့သည်။

အဆင့်တိုးမြှင့်ခံရခြင်းကြောင့် ဝမ်းသာအားရ အောင်ပွဲခံသံများနှင့် လိမ်လည်မှုမိသွားခြင်းကြောင့် စိတ်ပျက်အားငယ်သံများအောက်တွင်၊ နှစ်နာရီကြာနှောင့်နှေးခဲ့မှုများနှင့် အကဲဖြတ်မှုအတွင်း ဂိုဏ်းချုပ်တစ်ဦးပျောက်ဆုံးသွားမှုတို့ကို အဖွဲ့အစည်းများက မကြာမီမှာပင် မေ့ပျောက်သွားကြလေတော့၏။

ဝိညာဥ်ကျင့်ကြံခြင်းဂိုဏ်း၏ နယ်မြေအတွင်းတွင် အဖွဲ့အစည်းများမှာ ယင်ကောင်များသဖွယ် ကျဆင်းသွားခဲ့ရသည်။

ပျောက်ဆုံးသွားသောဂိုဏ်းချုပ်နှင့် သူ၏တပည့်များ အပြင်ထွက်မလာသောအခါ သိချင်စိတ်များကို ဖြစ်ပေါ်စေခဲ့သော်လည်း၊ နာရီအနည်းငယ်ကြာပြီးနောက်တွင်မူ သူတို့အကြောင်းကို လုံးဝမေ့ပျောက်သွားကြလေပြီ ဖြစ်သည်။

...

ရေကန်တစ်ကန်၏ အလယ်ဗဟိုရှိ အမိုးပါသော အနားယူဆောင်လေးတစ်ခုအတွင်း၌ လူငယ်တစ်ဦးသည် လက်တစ်ဖက်မှ ဆက်သွယ်ရေးအဆောင်တစ်ခုကို ကိုင်ဆောင်ထားရင်း ရေကန်ထဲသို့ တီကောင်များကို ပစ်ချနေလေသည်။

"မင်းစိုးရိမ်နေတဲ့ကိစ္စက ဖြစ်သွားပြီထင်တယ်။ စစ်ဆင်ရေးကို တာဝန်ယူထားတဲ့ဌာနခွဲခေါင်းဆောင်တစ်ယောက် အမှတ်အသားပြုခံလိုက်ရပြီ"

"ဒီလိုဖြစ်လာနိုင်တယ်လို့ ငါမင်းကိုပြောသားပဲ။ စစ်ဆင်ရေးကို ဖျက်သိမ်းလိုက်တာက ပိုပြီးလုံခြုံတဲ့ရွေးချယ်မှု ဖြစ်လိမ့်မယ်"

"ဒီတစ်ကြိမ်ပြိုင်ဘက်က သူတို့ရင်ဆိုင်နိုင်တဲ့သူမျိုးမဟုတ်ဘူး"

"သူဘာနဲ့ အမှတ်အသားပြုခံလိုက်ရတာလဲ"

"သူပြောပြပုံအရဆိုရင်တော့ မက်မွန်သစ်သားနဲ့တူတယ်"

"မင်းသူ့ကိုကူညီပေးမလို့လား။ သူ့ကိုရှင်းပစ်လိုက်တာက ပိုပြီးလုံခြုံလိမ့်မယ်လို့ ငါထင်တယ်။”

“သူသာ အမှတ်အသားပြုခံလိုက်ရပြီဆိုရင် အခုငါတို့စကားပြောနေတဲ့အချိန်မှာတင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ထွက်ခွာလာလောက်ပြီ။”

“အချိန်သိပ်မရှိတော့ဘူး၊ ငါတို့ဘက်က အထိနာတာကိုလျှော့ချဖို့အတွက် သူ့ဆီမှာရှိနေတဲ့ ငါတို့နဲ့ပတ်သက်တဲ့သဲလွန်စတွေကို ဖျောက်ဖျက်ပစ်တာ အကောင်းဆုံးပဲ"

"တခြားသူတွေအတွက်တော့ ဒီမက်မွန်သစ်သားက ပြဿနာဖြစ်နိုင်ပေမယ့် ဆေးပညာနဲ့ ဝိညာဉ်အပင်တွေက ငါတို့ရဲ့အားသာချက်ပဲလေ။”

“သူ့ကိုငါတို့ ကူညီရမယ်။ ငါတို့ကအမှောင်ထုထဲမှာ ပြင်ဆင်မှုတွေ လုပ်နေချိန်မဟူရာတစ္ဆေဂိုဏ်းကို အပြင်ပန်းမှာ လှုပ်ရှားပေးဖို့ လိုအပ်နေသေးတယ်"

"ဒါကအဖွဲ့အစည်းပဲဖြစ်ရမှာလား"

"မင်းစိတ်ပြောင်းသွားတာလား။ မင်းဆန္ဒရှိရင် အခုချိန် အနောက်ဆုတ်လို့ရသေးတယ်နော်။”

“မင်းမှာ အဲဒီအပေါ်သံယောဇဉ်ရှိတယ်ဆိုတာ ငါသိပါတယ်။ ဒီအတွက်မင်းကိုငါ အပြစ်မတင်ပါဘူး။ မင်းငါတို့ကို အများကြီးကူညီပေးခဲ့ပြီးပါပြီ"

"ငါကဒီလမ်းပေါ်ရောက်နေပြီပဲ၊ ထွက်သွားလို့မရတော့ဘူး။ ပြီးတော့ ငါတုံ့ဆိုင်းနေရတဲ့အကြောင်းရင်းက သစ္စာရှိလို့မဟုတ်ဘူး”

“သူတို့ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ သိနေလို့ပဲ။ငါ့အမြင်မှာတော့ အလင်းဖြာဓားဂိုဏ်းက ပိုပြီးလွယ်ကူတဲ့ပစ်မှတ် ဖြစ်လိမ့်မယ်"

"သူတို့စွမ်းအားကြီးနေလို့ကိုပဲ သူတို့ဖြစ်ရမှာပေါ့။ ကြယ်တာရာပြိုကျခြင်းဓားဂိုဏ်း ဖျက်ဆီးခံလိုက်ရတာက ငါတို့အတွက်မျက်စိပွင့်သွားစေခဲ့တယ်"

"အဖွဲ့အစည်းက ပိုပြီးကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပဲ။”

“သူတို့မှာအလင်းဖြာဓားဂိုဏ်းထက် ရန်သူတွေပိုများတာကြောင့် သူတို့ကိုဆန့်ကျင်ဖို့ တခြားလူတွေကို ဆွဲသွင်းရတာငါတို့အတွက် ပိုလွယ်ကူစေတယ်"

"အသင်္ချေသားရဲဂိုဏ်းလည်း ဒီအကြောင်းအရာကြောင့်ပဲ ကျဆုံးခဲ့ရတာ၊ အခုသူတို့အလှည့်ရောက်ပြီ။”

“သူတို့ရဲ့နယ်မြေဟောင်းမှာ အဆောက်အအုံတစ်စိတ်တစ်ပိုင်းကို တည်ဆောက်ထားတာဆိုတော့ သူတို့လည်းတူညီတဲ့ကံကြမ္မာကို မျှဝေခံစားရတာက ပိုပြီးသင့်လျော်ပါတယ်"

"မင်းကိုယ်မင်းဂရုစိုက်ပါ။ ပြီးတော့ ဒုတိယအဆင့် စတင်အသက်မဝင်ခင်မှာ သံသယဖြစ်စေမယ့် ဘယ်အရာကိုမှမလုပ်မိအောင် ရှောင်ကြဉ်ပါ"

"ငါဂရုစိုက်ပါ့မယ်"

ထိုလူငယ်သည် ဆက်သွယ်ရေးအဆောင်ကို သူ၏ပေါင်ပေါ်သို့ တည်ငြိမ်စွာချလိုက်ပြီးနောက် သူပစ်ချလိုက်သော တီကောင်များအတွက် အဆက်မပြတ် လုယက်တိုက်ခိုက်နေကြသည့် မရေမတွက်နိုင်သောသားရဲများဖြင့် ပြည့်နှက်နေသော အောက်ဘက်ရှိရေကန်ကို အားပါးတရကြည့်ရှုနေလေသည်။

ထိုသားရဲများထဲမှ အားအနည်းဆုံးသောကောင်သည်ပင် နန်းတော်အဆင့်၌ရှိနေပြီး အားအကောင်းဆုံးသောကောင်မှာမူ အကြိုဝိညာဉ်ဖြစ်တည်မှုအဆင့်၌ ရှိနေသောကြောင့်၊ မည်သည့်သားရဲတစ်ကောင်မဆို တိုက်ကြီးအတွင်း၌ ထိတ်လန့်တုန်လှုပ်ဖွယ်ရာများကို ဖြစ်ပေါ်စေနိုင်စွမ်းရှိပေသည်။

"ကမောက်ကမဖြစ်အောင် လုပ်ရမယ့်အချိန်ရောက်ပြီ"ဟု လူငယ်က တီးတိုးရေရွတ်လိုက်ကာ ညင်သာစွာပြုံးလိုက်ရင်း အခြားတီကောင်တစ်ကောင်ကို ရေကန်ထဲသို့ ပစ်ချလိုက်လေတော့၏။

All Chapters