ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်းကို သတိပေးခြင်း
Vol. 20 Ch. 200
ယန်ချင်းသည် ဆုလီဝေနှင့် ရင်ဆိုင်ခဲ့ရစဉ်က လစ်ဟာသွားသော အကဲဖြတ်မှုများကို ပြန်လည်အစားထိုးရန်ရည်ရွယ်ချက်ဖြင့် ကျန်ရှိနေသောအကဲဖြတ်မှုများကို အလျင်အမြန်ပင် ဆက်လက်ပြုလုပ်ခဲ့လေသည်။
သူသည် အနားယူရန်နှင့် အစာစားရန်ပင်ရှောင်ကြဉ်ခဲ့ရာ ၎င်းသည် သူမျှော်လင့်ထားသည်ထက် ပို၍ ခက်ခဲကြောင်းဝန်ခံရပေမည်။
နောက်ဆုံးတွင် သူသည် အနည်းငယ်မူးဝေလာသလိုပင် ခံစားလိုက်ရ၏။
ယင်းမှာဆာလောင်မှုကြောင့်လား သို့မဟုတ် ဆုလီဝေ၏ ကျောထောက်နောက်ခံပြုသူအပေါ် အမှတ်အသားတစ်ခုချန်ထားခဲ့ရန် ရွှေရောင်အဆင့်သိုင်းပညာကို အသုံးပြုခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုကြောင့်လား ဆိုသည်ကိုမူ သူသေချာမသိချေ။
သူ၏ကြိုးစားအားထုတ်မှုနှင့် ကိုယ်ကျိုးစွန့်မှုတို့သည် နောက်ဆုံးတွင် အရာထင်လာခဲ့ပြီး ငါးနာရီအကြာ၌ နောက်ဆုံးအကဲဖြတ်မှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့လေသည်။
ဤသည်မှာ ပထမအသုတ်ဖြစ်သော အဖွဲ့အစည်းတစ်ရာကို အကဲဖြတ်ရာတွင် ကြာမြင့်ခဲ့သည့်အချိန်၏ ထက်ဝက်ခန့်သာရှိပေသည်။
သေချာပေါက်ပင်၊ ဆုံးရှုံးသွားသောနှစ်နာရီကို ပြန်လည်ရယူလိုသည့် သူ၏ပြင်းပြသောဆန္ဒအပြင် ဒုတိယအသုတ်ကို အကဲဖြတ်ရာတွင် သူ၏အလုပ်ကို ပိုမိုလွယ်ကူစေသော အခြားအကြောင်းအရင်းများ လည်းရှိနေခဲ့၏။
ပထမအသုတ်နှင့်မတူဘဲ ဒုတိယအသုတ်တွင် သွေးမျိုးဆက်နှင့် ၎င်းတို့၏အဆင့်သတ်မှတ်ချက် အရည်အသွေးများအရ ထင်ရှားပေါ်လွင်သူများ မရှိခဲ့ပေ။
အများစုမှာ အဖြူရောင်အဆင့်မဏ္ဍိုင်များသာ ထွက်ပေါ်ခဲ့ပြီး အနည်းငယ်မျှသာ အနီရောင်အဆင့်မဏ္ဍိုင်များ ရရှိခဲ့ကြသည်။
အဖွဲ့အစည်းတစ်ရာထဲတွင် တစ်ဦးတည်းကသာ လိမ္မော်ရောင်အဆင့်မဏ္ဍိုင်ကို ဖြစ်ပေါ်စေနိုင်ခဲ့ပြီး ယင်းမှာလည်း မုရုံမိသားစုမှ မုရုံယန်ရရှိခဲ့သည့်အဆင့်နှင့် ဆင်တူသော အနိမ့်ဆုံးအဆင့်၌သာရှိလေသည်။
...
"တရားသူကြီးယန်ချင်း၊ တကယ်ပဲ မနေတော့ဘူးလား။”
“ခမည်းတော်က သခင်လေးအတွက် ညစာစားပွဲတစ်ခုကို ပြင်ဆင်ထားပြီး ညအိပ်အနားယူဖို့ နေရာတစ်ခုလည်း စီစဉ်ပေးထားပါတယ်။"
မင်းသားဝမ်ယန်က ယန်ချင်းထွက်ခွာရန်အတွက် အခြေတည်ကျောက်ချပ်နှင့်အတူ နှလုံးသားကျောက်စာတိုင်ကို သိမ်းဆည်းနေသည်ကို မြင်သောအခါ ဆက်လက်နေထိုင်ရန် နားချလေသည်။
"ကျွန်တော်လည်း နေချင်ပေမယ့် အကဲဖြတ်စရာတစ်ထောင်လောက် ကျန်နေသေးလို့ပါ။ ပြီးတော့ အဲဒါတွေကိုအပြီးသတ်ဖို့ အချိန်ကနှစ်ရက်ခွဲပဲ ရတော့တယ်။"
"ကျွန်တော့်ရဲ့အချိန်ဇယားနဲ့ဆိုရင် မယဉ်ကျေးရာရောက်မယ့် ဘုရင်ကြီးကိုနှုတ်ဆက်ဖို့ အချိန်ရဖို့တောင် ခက်ခဲနေပါတယ်။"
"ဒါပေမယ့် အားလုံးပြီးသွားလို့ အားလပ်ချိန်ရရင် ဒီကိုသေချာပေါက် ပြန်လာခဲ့ပါ့မယ်။”
“မင်းသားတို့ရဲ့တိုင်းပြည်က အပန်းဖြေဖို့နဲ့ အနားယူဖို့အတွက် အကောင်းဆုံးပတ်ဝန်းကျင်ရှိတဲ့ နေရာတစ်ခုပါပဲ။ အဲဒီအချိန်ကျရင် ကျွန်တော့်ကို စောင့်ရှောက်ပေးပါဦး။" ဟု ယန်ချင်းက ပြောလိုက်၏။
"ကျွန်တော်တို့ဘက်က ဆက်ပြီး အတင်းအကြပ်တောင်းဆိုနေရင်တော့ အလိုက်မသိရာ ကျသွားတော့မယ်။”
“နောက်တစ်ခါ ပြန်လာဖို့ ဆုံးဖြတ်တဲ့အခါကျရင် ကြိုပြီးတော့ အကြောင်းကြားပေးပါ။”
“ကျွန်တော်တို့ရဲ့ နိမ့်ကျတဲ့တဲ့တိုင်းပြည်လေးမှာရှိတဲ့ အကောင်းဆုံးအရာတွေကို ပြသဖို့အတွက် ကြီးကျယ်ခမ်းနားတဲ့ ခရီးစဉ်တစ်ခုကို သေချာပေါက်စီစဉ်ပေးပါ့မယ်။" ဟု မင်းသားဝမ်ယန်ကပြောရင်း ယန်ချင်းအား ဆက်သွယ်ရေးအဆောင်လက်ဖွဲ့အတွက် အချက်ပြချိတ်ဆက်မှုအစီအရင်များကို ကမ်းပေးလိုက်လေသည်။
ယန်ချင်းကလည်း ဝမ်းသာအားရဖြင့် သူ၏ဆက်သွယ်ရေးအစီအရင်ကို ပြန်လည်မျှဝေပေးခဲ့ပြီးနောက် သေချာသိမ်းဆည်းလိုက်သည်။
"မင်းသားဝမ်ယန်၊ တပ်မှူးပုကျဲ... ကျွန်တော့်ရဲ့ အကဲဖြတ်မှုတွေကို ကူညီထောက်ပံ့ပေးခဲ့တဲ့အတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။”
“ဘုရင်ကြီးကိုလည်း ကျွန်တော့်ရဲ့ ကျေးဇူးတင်စကားကို ပါးပေးပါဦး။ ခင်ဗျားတို့ရဲ့အကူအညီက ကျွန်တော့်အတွက် ဒုက္ခတွေနဲ့ အချိန်တွေကို အများကြီးသက်သာစေခဲ့ပါတယ်။"
"အကယ်၍ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ကများ ကျွန်တော့်ရဲ့တတ်နိုင်စွမ်းအတွင်းက အကူအညီတစ်ခုခု လိုအပ်လာခဲ့ရင် ဆက်သွယ်ဖို့ဝန်မလေးပါနဲ့။”
“ဒီနေ့ခင်ဗျားတို့တိုင်းပြည်က ကျွန်တော့်အပေါ်ပြသခဲ့တဲ့ကျေးဇူးကို ပြန်ဆပ်ရမယ်ဆိုရင် ကျွန်တော်ဝမ်းသာနေမှာပါ။" ဟု ယန်ချင်းက ကျေးဇူးတင်ဟန်ဖြင့် လက်နှစ်ဖက်ကို ယှက်ကာပြောလိုက်လေသည်။
"ကျွန်တော်တို့ကလည်း ကူညီခွင့်ရလို့ဝမ်းသာပါတယ်။" ဟု မင်းသားဝမ်ယန်နှင့် တပ်မှူးပုကျဲတို့ နှစ်ဦးလုံးက လည်းတက်ကြွစွာဖြင့် လက်နှစ်ဖက်ကိုယှက်ကာ ပြန်လည်တုံ့ပြန်လိုက်ကြ၏။
"ဂရုစိုက်ပါ။"
ယန်ချင်း၏အသံက ခန်းမဆောင်အတွင်း ပဲ့တင်ထပ်သွားပြီးနောက် သူသည် မီးခိုးရောင်အငွေ့တန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားချေပြီ။
ယန်ချင်းပျောက်ကွယ်သွားပြီး စက္ကန့်အနည်းငယ်အကြာတွင် မင်းသားဝမ်ယန်နှင့် တပ်မှူးပုကျဲတို့ နှစ်ဦးလုံးမှာ ပင်ပန်းနွမ်းနယ်နေသော မျက်နှာအမူအရာများဖြင့် ကြမ်းပြင်ပေါ်သို့ ခွေကျသွားကြလေသည်။
နေ့လယ်ကတည်းက သူတို့သည်းခံခဲ့ရသော ဖိအားများသည် ယန်ချင်းထွက်ခွာသွားသည့် အခိုက်အတန့်တွင် တစ်ဟုန်ထိုးဝင်ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။
"ငါတို့သွားရမယ့်ခရီးက အဝေးကြီးလိုပါသေးတယ်။" ဟု တပ်မှူးပုကျဲက ဆုလီဝေကိုတိုက်ခိုက်စဉ်က ယန်ချင်းဖျက်စီးခဲ့သည့် ကြမ်းပြင်မှ အပေါက်ကို စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။
"ဟုတ်ပါရဲ့။" ဟု မင်းသားဝမ်ယန်က သက်ပြင်းချရင်း ပြောလိုက်သည်။
ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင် သူ၏ပါရမီက အကောင်းဆုံးမဟုတ်ကြောင်း သိထားသော်လည်း ယင်းကိုဖြည့်ဆည်းရန် အရင်းအမြစ်များရှိနေပြီး သူ၏စစ်မှန်သောပါရမီများမှာ အခြားနေရာများတွင်သာ ရှိနေသောကြောင့် ဤအချက်က သူ့ကိုစိတ်အနှောင့်အယှက်မဖြစ်စေခဲ့ပေ။
သူသည် သူဘာကိုကောင်းကောင်းလုပ်နိုင်သည်၊ ဘာကိုမလုပ်နိုင်ဘူးလဲဆိုသည်ကို အမြဲတမ်းကိုယ်ပိုင်အသိရှိသူဖြစ်သည်။
သို့သော် ယနေ့အတွေ့အကြုံမှာ သူမည်မျှအားနည်းကြောင်းကို သိမြင်သွားစေခဲ့လေသည်။
အကယ်၍သာ သူသည် ဆုလီဝေ၏တိုက်ခိုက်မှုကိုခံရမည့် ပစ်မှတ်ဖြစ်နေခဲ့လျှင် မည်သို့သေဆုံးသွားမှန်းပင် သိလိုက်ရမည်မဟုတ်ပေ။
"မဟူရာတစ္ဆေဂိုဏ်းအကြောင်းကို အရှင်မင်းကြီးဆီ ငါတို့သတိပေးဖို့လိုတယ်။ ဒါပေမယ့် အဲဒါကိုတစ်နာရီ၊ နှစ်နာရီလောက်တော့ စောင့်ရလိမ့်မယ်...”
“ငါဒီလောက်အထိ ပင်ပန်းနွမ်းနယ်နေမယ့်နေ့ကို ရောက်လာလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးခဲ့ဘူး။"
"ငါနောက်ဆုံးအိပ်ခဲ့တာ ဘယ်တုန်းကပါလိမ့်... အမြုတေအဆင့်ကို ရောက်ကတည်းက တစ်ခါမှအိပ်ခဲ့တယ်လို့တောင် မထင်ဘူး။"
"တပ်မှူးပုကျဲ… ကျွန်တော်ဒီမှာ ခဏလောက် အနားယူလိုက်ဦးမယ်။" ဟု မင်းသားဝမ်ယန်က ပြောလိုက်ရာ သူ၏အသံမှာ အဆုံးသတ်တွင် အားအင်ချည့်နဲ့နေလေပြီ။
"တပ်မှူး.."
ပြန်လည်တုံ့ပြန်မှုကိုမရရှိသောအခါ မင်းသားဝမ်ယန်က ပုကျဲဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ရာ နံရံကိုကျောမှီလျက် ခေါင်းကိုနောက်သို့လှန်ကာ မျက်စိမှိတ်ပြီး ပါးစပ်အဟောင်းသားဖြင့် အိပ်ပျော်နေသော တပ်မှူးကိုသာ တွေ့လိုက်ရလေသည်။
"ခင်ဗျားက ကျွန်တော့်ထက်တောင် ဦးသွားတာပဲ။" ဟု မင်းသားဝမ်ယန်ကတွေးရင်း တိတ်တခိုးရယ်မောလိုက်၏။
သူသည် သေသပ်စွာချုပ်လုပ်ထားသော အဖြူရောင်ကူရှင်တစ်ခုကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်ပြီး တပ်မှူးပုကျဲ၏ဘေးနံရံတွင်မှီလျက် ယာယီခေါင်းအုံးအဖြစ် အသုံးပြုကာ အနားယူလိုက်လေသည်။
သဲ့သဲ့မျှသာကြားရသော ဟောက်သံများသည် ခန်းမဆောင်အတွင်း ပဲ့တင်ထပ်စပြုလာချေပြီ။
...
"ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်းကို သတင်းပို့ပြီးရင် ကြာပန်းပြာတိုင်းပြည်က နောက်ထပ်အကဲဖြတ်ရမယ့်နေရာ ဖြစ်လိမ့်မယ်။ ငါ့ရဲ့တွက်ချက်မှုအရဆိုရင် သူတို့ရဲ့နယ်မြေထဲမှာ အဖွဲ့အစည်းပေါင်း ၃၀ဝလောက် ရှိသင့်တယ်။"
"ဒါက ကောင်းမွန်တဲ့အရေအတွက်ပါပဲ။ အချိန်မီပြီးသွားခဲ့ရင်တော့ နောက်ဆုံးမှာ အားလပ်ချိန်နည်းနည်း ရနိုင်သေးတယ်။" ဟု ယန်ချင်းက ဝမ်းသာအားရဖြင့်တွေးလိုက်ပြီး သူ၏မြေပုံပေါ်ရှိ အချက်အလက်အချို့ကို စစ်ဆေးကာ သိမ်းဆည်းလိုက်လေသည်။
"သူမက ငါ့ဆီကနေအမြဲတမ်းခိုးစားနေကျဆိုပေမယ့် ငါးလေးနည်းနည်းပါးပါး ဆုချလိုက်ရင်လည်း မဆိုးပါဘူးလေ။" ဟု ယန်ချင်းက အယ်လီ့ထံသို့ အကြည့်ရောက်သွားရင်း တွေးတောနေမိ၏။
အယ်လီသည် ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်းရှိရာလားရာဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့်ပျံသန်းနေသည်။
လက်ရှိအရှိန်ဖြင့် ရက်ပေါင်းနှစ်ရာမျှ ဆက်တိုက်ပျံသန်းနိုင်စွမ်းရှိသော်လည်း ဤသုံးရက်တာခရီးစဉ်၏ အဆုံးသတ်တွင်မူ သူမအတွက် အနည်းငယ်ပင်ပန်းသွားစေမည်မှာ သေချာပေသည်။
ခရီးစဉ်အတွင်း သူမ၏အရှိန်အဟုန်ကို ထိန်းသိမ်းထားရန်မှလွဲ၍ အထူးသဖြင့် သမင်တောင်တိုင်းပြည်ကဲ့သို့သော အန္တရာယ်များသည့် နယ်မြေများကို ဖြတ်သန်းသွားရသည့်အခါတိုင်း အမြဲတစေသတိကြီးစွာထားရန် လိုအပ်ပေသည်။
အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်းပြုလုပ်ရခြင်းက သူမ၏ဝိညာဥ်အပေါ် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုကို ဖြစ်စေလိမ့်မည်။
သူ့ရှေ့တွင် အဆင့်မြင့်အပြာရောင်အဆင့် ဝင်္ကပါတစ်ခု၏ စွမ်းအင်အတက်အကျများကို ထောက်လှမ်းမိလိုက်သောအခါ ယန်ချင်းသည် အယ်လီ့ကို ငါးမည်မျှပေးရမည်ဆိုသော သူ၏တွက်ချက်မှုများကို ရပ်တန့်လိုက်လေသည်။
သူ၏အကြည့် ကျရောက်သွားသောနေရာသည် မြက်ခင်းများ၊ သစ်ပင်အချို့နှင့် အပေါ်တွင်နွေရာသီတိမ်ဖြူများ ဖုံးလွှမ်းနေသောကျယ်ဝန်းသည့် မြေကွက်လပ်ကြီးတစ်ခု ဖြစ်သည်။
အပြင်ပန်းမြင်ရသည်မှာ ထိုကဲ့သို့ဖြစ်နေသော်လည်း ယန်ချင်း၏မျက်လုံးထဲမှ မြင်ကွင်းကမူ ကွဲပြားခြားနားနေ၏။
ကီလိုမီတာတစ်ဝက်ခန့်အကွာရှိ မြေပြင်ကိုစိုက်ကြည့်လိုက်စဉ် သူ၏မျက်ဝန်းအိမ်များမှာ အနက်နှင့်အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး အတွင်း၌ မှုန်ဝါးဝါးရှေ့ဟောင်းစာလုံးအချို့ ပေါ်ထွက်လာခဲ့လေသည်။
သူ၏အမြင်အရ ကျယ်ပြောလှသော ဧရိယာကြီးတစ်ခုလုံးကို ဖုံးအုပ်ထားသည့် အကြည်ရောင်အမိုးခုံးတစ်ခု ရှိနေသည်။
ထိုအမိုးခုံး၏အရင်းအမြစ်မှာ အလယ်ဗဟိုရှိ အကြည်ရောင်သစ်ပင်တစ်ပင် ဖြစ်ပေသည်။
၎င်းသည် မီတာ၁၀၀,၀၀၀ကျော်မြင့်မားပြီး နွေဦးလွင်ပြင်တိုင်းပြည်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်ရုံသာမက နေရာလွတ်များပင် ကျန်ရှိနေသေးသည်။
အမိုးခုံးသည် သစ်ရွက်အုပ်၏အလယ်ဗဟိုမှ မြစ်ဖျားခံနေပုံရပြီး ၎င်းနှင့်အတူ ထွက်ပေါ်လာသောအပြာနှင့် အဖြူရောင်စာလုံးသင်္ကေတအချို့လည်း ပါဝင်လေသည်။
"ငါသိထားတာတွေက သိပ်များများစားစားမရှိဘူးပဲ... ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်းမှာ အစွမ်းထက်တဲ့ အစီအရင်သခင်တစ်ယောက်ရှိနေတာလား...”
“ဒါမှမဟုတ် တစ်စုံတစ်ရာသော မှော်ပစ္စည်းတစ်ခုကြောင့်များလား။" ဟု ယန်ချင်းက တွေးရင်းအရှုံးပေးသည့်ဟန်ဖြင့် ခေါင်းခါလိုက်၏။
သူကိုယ်တိုင်က အပြာရောင်အဆင့်ရှိ အစီအရင်သခင်တစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်သော်လည်း သူ၏ရှေ့ရှိ အစီအရင်၏နက်နဲသော အဓိပ္ပာယ်များကိုနားလည်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်။
သို့သော် ဤသည်မှာလည်း မျှော်လင့်ထားပြီးသားပင် ဖြစ်ပေသည်။
သူသည် အပြာရောင်အဆင့် အစီအရင်သခင်တစ်ဦးဖြစ်သော်ငြားလည်း ဆေးပညာကဲ့သို့ပင် အစီအရင်ဖွဲ့စည်းမှုများ၏နယ်ပယ်သည် အလွန်ကျယ်ပြန့်လှသောကြောင့် မည်သူတစ်ဦးတစ်ယောက်ကမျှ ၎င်းတို့၏ကျွမ်းကျင်မှုနယ်ပယ်အတွင်းရှိ အရာအားလုံးကို သိသည်ဟု မပြောနိုင်ပေ။
...
"အယ်လီ၊ ဒီမှာပဲရပ်လိုက်တော့။ ငါတစ်ယောက်တည်းဝင်သွားလိုက်မယ်။" ဟု အမိုးခုံးနှင့်မီတာနှစ်ရာခန့်အကွာသို့ ရောက်သောအခါ ယန်ချင်းကပြောလိုက်သည်။
သူတို့၏အောက်ဘက်ရှိ အမိုးခုံးလွှမ်းခြုံမှု၏အပြင်ဘက်တွင် ခြံဝင်းငယ်လေးတစ်ခုရှိသည်။
၎င်းတွင် ရိုးရှင်းသောအဆောက်အအုံအချို့၊ ရေကန်ငယ်တစ်ခုနှင့် ကောင်းကင်အဆင့်ဆေးပင်များ၊ ဧကရာဇ်အဆင့်ဆေးပင်အနည်းငယ်တို့ဖြင့် ပြည့်နေသော ပန်းခြံတစ်ခုရှိလေသည်။
ခြံဝင်းသည် အမိုးခုံး၏ဖုံးလွှမ်းမှုမရှိဘဲ ဟာလာဟင်းလင်းနှင့် အကာအကွယ်မဲ့နေပုံပေါက်နေသော်လည်း ၎င်းတွင်သေသေချာချာဖုံးကွယ်ထားသော အချိန်တိုအတွင်းသတ်ဖြတ်နိုင်သည့် အစီအရင်တစ်ခုကိုချိတ်ဆက်ထားလေသည်။
သူ၏ခန့်မှန်းချက်များအရ ၎င်းသည် သူ့ကဲ့သို့သောနန်းတော်အဆင့် အစောပိုင်းကျွမ်းကျင်သူတစ်ဦး၏အသက်ကို ခြိမ်းခြောက်နိုင်လောက်သည့် လုံလောက်သောတိုက်ခိုက်နိုင်စွမ်းရှိကြောင်း ယန်ချင်းကောက်ချက်ချလိုက်၏။
သို့သော် ထိုအစီအရင်သည် ၎င်း၏ပစ်မှတ်ကိုအောင်မြင်စွာတိုက်ခိုက်နိုင်မည်လားဆိုသည်ကတော့ အခြားသော ကိစ္စရပ်တစ်ခုဖြစ်ပေသည်။
ခြံဝင်းအတွင်း၌လူ သုံးဦးရှိနေသည်။ တစ်ဦးမှာ အမြုတေတည်ဆောက်ခြင်းအဆင့်၏ အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ အမြုတေတည်ဆောက်ခြင်းအဆင့်၏ ပဉ္စမအဆင့်တွင်ရှိသည်။
နောက်ဆုံးတစ်ဦးမှာ အမြုတေတည်ဆောက်ခြင်းအဆင့်၏ပထမအဆင့်တွင်ရှိနေပြီး သူမထုတ်လွှတ်လိုက်သော ချိအတက်အကျများအရ သူမအဆင့်တက်ထားသည်မှာ သိပ်မကြာသေးပုံရပေသည်။
ယန်ချင်းသည် ခြံဝင်း၏အဝင်ဂိတ်တံခါးဆီသို့ ညင်သာစွာမျောလွင့်သွားရင်း အယ်လီ၏ကျောပေါ်မှ ခုန်ဆင်းလိုက်လေသည်။
သူမြေပြင်ပေါ်သို့ ဆင်းသက်ချိန်တွင် ကျင့်ကြံသူသုံးဦးမှာ သတိကြီးစွာထားနေကြပြီဖြစ်သည်။
သတ်ဖြတ်ခြင်းအစီအရင်ကို တိုက်ခိုက်ရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း ယန်ချင်းထောက်လှမ်းမိနိုင်ကာ ကျင့်ကြံသူသုံးဦးသည် တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်နေသူများ၏ သာမန်ချီစွမ်းအင်အတက်အကျများကို ထုတ်လွှတ်နေကြလေပြီ။
"မိတ်ဆွေတို့အပေါ် ကျုပ်ရန်လိုတဲ့စိတ်မရှိပါဘူး။ ခင်ဗျားတို့ရဲ့ဂိုဏ်းဆီကို သတင်းပို့ရုံသက်သက်ပါပဲ၊ ပြီးတာနဲ့ ပြန်ထွက်သွားမှာပါ။" ဟု ယန်ချင်းက တင်းမာမှုကို လျှော့ချရန် ကြိုးစားသည့်အနေဖြင့် သိမ်မွေ့စွာပြောလိုက်လေသည်။