← Chapters

ကစားကွင်းသရဲ (၁)

Vol. 5 Ch. 249

ကစားကွင်းသရဲ (၁)

Vol. 5 Ch. 249

“စိတ်တိုစရာကောင်းလိုက်တာ...”

တိုက်ပွဲပြီးပြီး နောက်နေ့ရောက်တော့ ဘာစီလိုနာမြို့ထဲက ပန်းခြံတစ်ခုမှာ သွားထိုင်ဖြစ်တယ်။ ကျွန်မယူလာတဲ့ ဆိုင်ကယ်ကို ပန်းခြံရှေ့မှာရပ်ပြီး ဘီယာတစ်ပုလင်းကို လက်ထဲမှာကိုင် ဒေါသတွေကို ယမကာနဲ့ဆေးချဖို့ ကြိုးစားရင်းနဲ့ပေါ့။

“ငါက သူ့ရဲ့တကယ့်စွမ်းအားကို မြင်ဖို့တောင် မထိုက်တန်ဘူးတဲ့လား။”

ကျွန်မ ကိုယ့်အတွေးနဲ့ကိုယ်ရှိနေရင်း မြက်ခင်းပြင် တစ်ဖက်မှာကစားနေတဲ့ကလေးတွေကိုကြည့်မိတယ်။ ပန်းခြံပီသစွာပဲ ကလေးကစားကွင်းတစ်ခုဒီမှာရှိနေပြီး အကြီးကြီးတော့မဟုတ်ပေမဲ့ မြင်းရုပ်၊ ဒန်းနဲ့ လျှောတစ်ခုပါတယ်။

သူတို့ကိုကြည့်နေရင်းကနေ အပူအပင်ကင်းခဲ့တဲ့ ကျွန်မရဲ့ကလေးဘဝကိုပြန်အမှတ်ရမိသလိုပါပဲ။ အများကြီးအပြစ်ကင်းစင်ပြီးတော့ အခုလိုမျိုး အတ္တတွေနဲ့လောင်ကျွမ်းမနေခဲ့တဲ့အချိန်ပေါ့။

ဒါပေမဲ့ ရုတ်ချည်းဆိုသလို အေးစိမ့်စိမ့်ခံစားချက်ကို ကျွန်မရလိုက်တယ်။ အန္တရာယ်တစ်ခုခုရှိတဲ့အခါမျိုးမှ ရတတ်တဲ့ခံစားချက်မျိုးပါ။ ဘေးဘီကိုကြည့်ပေမဲ့ ထူးခြားတဲ့အရာမျိုးမတွေ့ရဘူး။

အဲဒီအစား ကျွန်မမျက်လုံးတွေက ကစားကွင်းထဲမှာ ကစားနေတဲ့ကလေးတွေဆီကိုရောက်သွားပါတယ်။ ရှစ်နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ရယ်၊ ခုနစ်နှစ်အရွယ်ကလေးမလေးရယ်နဲ့ ငါးနှစ်သားအမြွှာ ကောင်လေးနှစ်ယောက်ပါ။

ကလေးတွေက နားဝင်ချိုပေမဲ့ သာမန်ကြားလေ့ကြားထ မဟုတ်တဲ့သီချင်းတစ်ပုဒ်ကို ဆိုရင်းကစားနေကြတာ။

“ကစားကွင်းထဲမှာ လျှောကြီးရှိတယ်။

လျှောကြီးအောက်မှာ လိုဏ်ခေါင်းရှိတယ်။

အရူးအဖိုးကြီးနေပါတယ်။

ကလေးတွေနဲ့ကစားရတာ သူကြိုက်တယ်။

လူကြီးတွေကို သူမုန်းတယ်။”

ကလေးတွေက အဲဒီသီချင်းကိုဆိုနေရင်းကနေ လျှောပေါ်တက်သွားတယ်။ လျှောထဲကိုအရင်မဆင်းဘဲ အမွှေးပွရုပ်လေးကို အရင်ပစ်ထည့်လိုက်ပြီးမှ ပိုက်လုံးထဲဝင်ပြီးအောက်ကိုဆင်းကြလေရဲ့။ ပုံမှန်ဆိုရင်တော့ ဘာမှမထူးခြားတဲ့ကစားနည်းမျိုး။

ကလေးတွေ ပိုက်လုံးထဲကနေ ပြန်ထွက်လာပြီးတော့ မြေပေါ်ရောက်လာလောက်ပြီထင်ပြီးတော့ ကျွန်မ ပိုက်လုံးအဆုံးကိုကြည့်လိုက်ပေမဲ့ ဘယ်သူမှ ထွက်မလာဘူး။

“ဟင်....”

ကျွန်မ ခေါင်းနပန်းကြီးသွားပြီး လက်ထဲကဘီယာဘူးကို ခုံတန်းပေါ်တင်ထားလိုက်ပြီး ပိုက်လုံးနားကို တဖြည်းဖြည်းကပ်သွားကြည့်မိတယ်။ ကလေးတွေ ထွက်မလာဘူး။ သဘာဝလွန်ဖြစ်ရပ်များလား။

“ဟီးဟီးဟီး... ဟားဟားဟား....”

ကျွန်မရောက်ခါနီးအချိန်ကျတော့ လျှောပိုက်လုံးထဲကနေ ကလေးအကြီးဆုံးကဦးဆောင်ပြီး ကျန်တဲ့ကလေးတွေ ထွက်လာကြပြီ။ ဒီတော့မှ ကျွန်မနဖူးကိုဆုပ်ကိုင်ရင်း ခုံတန်းမှာပြန်ထိုင်လိုက်တယ်။

“ငါလည်း ဖိအားတွေများပြီးတော့ ရူးသွားပြီများလား။”

နက်ဆန်ကိုစိန်ခေါ်မယ့်အချိန်မတိုင်ခင် တစ်လလောက် ကျွန်မအပြင်းအထန်လေ့ကျင့်နေခဲ့တာ။ နားချိန်ရယ်လို့ မရှိသလောက်ပါပဲ။ အခုတိုက်ပွဲပြီးတော့လည်း စိတ်ဖိစီး နေပြန်ပြီလေ။

ကလေးတွေ ပြန်ထွက်မလာတာ ငါးစက္ကန့်လောက် ကြာတယ်ဆိုပေမဲ့လို့ သူတို့တွေ ချက်ချင်းထွက်မလာဘဲ အထဲမှာဆော့နေကြတာလဲ ဖြစ်နိုင်တာပဲ။

ဘီယာပုလင်းကိုလက်စသတ်ပြီးတဲ့နောက်မှာတော့ ကလေးတွေဆော့ကစားနေတာကို ဆက်ကြည့်နေမိ တော့တာ။ သူတို့လေးတွေ ပျော်ရွှင်နေတာကို ကြည့်ရတာနဲ့တင် စိတ်ချမ်းသာဖို့ကောင်းတယ်။

“တစ်ယောက်လျှော့နေသလိုပဲ....” ကလေးတွေက လျှောစီးရတာ ငြီးငွေ့သွားပုံပေါ်ပြီး ဒန်းသွားစီးနေ ကြပါပြီ။ ဒါပေမဲ့အမြွှာကလေးတစ်ယောက်နဲ့အကြီးဆုံး ကောင်လေးတစ်​ယောက်ပဲရှိပြီး အလတ်မလေးမရှိဘူး။ ဒါပေမဲ့ ကလေးတွေက ဘာမှမဖြစ်သလိုမျိုး ကစားနေကြဆဲ။

“ငါစိတ်ထင်တာနေမှာပါ။” ကျွန်မ အဲဒီလိုတွေးလိုက်ပြီး ခေါင်းကိုခါလိုက်တယ်။ တခြားလုပ်စရာလည်းမရှိတော့ ဖုန်းကိုထုတ်ပြီး ဟိုဟိုဒီဒီလိုက်ကြည့်မိတယ်။

လူပြောများတဲ့သတင်းတွေကတော့ မနည်းဘူး။ လပေါ်ကို လူတွေထပ်သွားတဲ့သတင်းတို့၊ အရှေ့ အလယ်ပိုင်းက စစ်ရေးသတင်းတို့ပေါ့။ ပြင်သစ် သမ္မတကြီးနဲ့ ဂျပန်ဝန်ကြီးချုပ် စင််ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်ပါဝါနဲ့ပစ်တမ်းကစားနေတဲ့ ပုံတောင်ပါသေးတယ်။

ဒီလိုနဲ့ ညနေစောင်းလာပြီး ကျွန်မပြန်ဖို့ဆုံးဖြတ်လိုက်ပြီ။ ကစားကွင်းဖက်ကိုပြန်ကြည့်တော့ ကလေးတွေက သူတို့အမေတွေနဲ့အတူ ပြန်ကုန်ကြပြီ။ ဒါပေမဲ့ ခပ်ဝဝအမျိုးသမီးတစ်ယောက် ကစားကွင်းထဲမှာတစ်ယောက်ယောက်ကို ပတ်ရှာနေပုံ ရပြီးတော့ စိုးရိမ်တကြီးနဲ့ နာမည်တစ်ခုကို အကြိမ်ကြိမ်အခါအခါအော်ခေါ်နေတယ်။

“ ရေချယ်ရေ... ရေချယ်...”

မသိုးမသန့်ဖြစ်တဲ့ခံစားချက်က ကျွန်မရင်ထဲမှာ ထပ်ပြီး နေရာယူလာပြန်တယ်။ ဒါကြောင့် ကလေးအမေနားကို ချဥ်းကပ်သွားလိုက်တာပေါ့။

“အစ်မ၊ ကလေးလိုက်ရှာနေတာလား။”

“ဟုတ်တယ်၊ တခြားသူတွေနဲ့စကားပြောရင်းနဲ့ သူ့ကိုမကြည့်မိလိုက်ဘူး။ တခြားကလေးတွေနဲ့ ဆော့နေတယ်ပဲထင်ခဲ့တာ။”

ကလေးအမေက ကျွန်မကိုကြည့်ပြီး ပြန်ဖြေပါတယ်။ အဲဒီနောက် ကလေးမလေးရဲ့ပုံစံကိုစပြီး ပြောပြတယ်။ ကျွန်မအရင်မြင်လိုက်တဲ့ တခြားကလေးတွေနဲ့ ဆော့နေတဲ့ အလတ်မလေးနဲ့ပုံစံတူပဲ။

“ကျွန်မ သူ့ကို တခြားကလေးတွေနဲ့ကစားနေတာ တွေ့လိုက်တယ်။ အဝေးကြီးတော့ မရောက်လောက်ပါဘူး။ လိုက်ရှာကြတာပေါ့။”

အဲဒီနောက်တော့ ကလေးအမေကို ကလေးကူရှာရင်း ပန်းခြံတစ်ခုလုံးနှံ့သွားတယ်။ ပန်းခြံတစ်ခုလုံးကို တစ်ပတ်ပတ်ပြီး ကလေးကစားကွင်းနားပြန်ပြီး ရောက်လာချိန်မှာတော့ ကလေးအမေကငိုတော့မယ်။

“ကျွန်မသမီးလေး ဘယ်များရောက်နေပြီလဲမသိဘူး။ လူဖမ်းသွားပြီလားမသိပါဘူး။”

ကျွန်မနှစ်သိမ့်ပေးဖို့ အတတ်နိုင်ဆုံးကြိုးစားရင်း ရဲခေါ်ဖို့လုပ်တဲ့အချိန်မှာပဲ ကလေးမလေးတစ်​ယောက် လျှောပိုက်ထဲကနေထွက်လာရော။

“မေမေ...”

“ ရေချယ်၊ သမီးလေး....” ကလေးအမေက ကလေးဆီက အသံကြားတာနဲ့ ချက်ချင်းပြေးသွားတယ်။ ကလေးကို ချိုင်းကနေ မချီပြီးတဲ့နောက်မေးတယ်။

“သမီးတစ်ချိန်လုံး ဘယ်ရောက်နေတာလဲ။”

“သမီးကစားကွင်းထဲမှာ ဦးလေးကြီးတစ်ယောက်နဲ့ ကစားနေတာလေ။”

“သမီးကို အမေခေါ်ရင်ထူးမှပေါ့။ ပြီးတော့ မသိတဲ့သူတွေနောက်လိုက်မသွားရဘူးလို့ အမေမှာထားတယ်မဟုတ်လား။ ထပ်လုပ်ပြန်ပြီ။”

ကလေးအမေက စိတ်ဆိုးမာန်ဆိုးနဲ့ဆူပူလိုက်ပြီးတော့ ကျွန်မကိုကျေးဇူးတင်တယ်။ အဲဒီနောက်မှာတော့ ပန်းခြံထဲကနေ ထွက်သွားလေရဲ့။

ကျွန်မကတော့ ပန်းခြံထဲက လူမရှိတော့တဲ့ကစားကွင်းမှာ တစ်ယောက်တည်းရပ်နေရင်းကျန်ခဲ့တယ်။ လိမ္မော်ရောင် ဆည်းဆာနေခြည်က ကစားကွင်းပေါ်မှာဖြာကျနေပြီး အထီးကျန်ဆန်တဲ့ ဒီမြင်ကွင်းက တစ်မျိုးကြောက်စရာ ကောင်းနေပါတယ်။ ဒန်းတွေက တိုက်လေကြောင့် ယမ်းခါနေဆဲဖြစ်ပြီး မြည်သံတွေကတော့ မကောင်းဆိုးဝါးတစ်ကောင် သွားကျိတ်နေတဲ့ အသံလိုပါပဲ။

“တစ်ခုခုတော့ လွဲနေပြီ။” ကျွန်မ တွေးလိုက်မိတယ်။

အဲဒီကလေးမက ကျွန်မမျက်စိရှေ့တင် လျှောထဲဝင်ပြီး ပျောက်သွားတာ။ အခုလည်း လျှောထဲကနေပြီးတော့ သဲလွန်စမရှိဘဲ ပြန်ထွက်လာတယ်။ ပြီးတော့ ဦးလေးကြီးတစ်ယောက်နဲ့ကစားနေတယ်တဲ့။

ကျွန်မ တစ်နေကုန်ဖုန်းသုံးနေခဲ့တာဆိုပေမဲ့ ပတ်ဝန်းကျင်ကို သတိမပြတ်ခဲ့ဘူး။ ကစားကွင်းနားမှာ ကလေးတွေပဲရှိနေတာမဟုတ်ဘဲ ကလေးအမေအုပ်စု ရှိနေပြီးတော့ ကျွန်မလိုပဲခုံတန်းရှည်တွေမှာထိုင် နားနားနေနေ စကားပြောနေခဲ့ကြတာ။

သူတို့တွေ သံသယရှိတဲ့လူတစ်ယောက်ကိုတွေ့ရင် ချက်ချင်းသတိထားမိမှာပဲ။ သူတို့သတိမထားမိဘူး ဆိုရင်တော့သာမန်လူတွေ မမြင်နိုင်တဲ့ အရာမလို့ပဲနေမယ်။ တစ်နည်းအားဖြင့် သဘာဝလွန် တည်ရှိမှုတစ်ခုပဲ။

ကျွန်မစိတ်ထဲမှာ မေးခွန်းတွေများသည်ထက်များလာပြီး ကလေးတွေကစားတဲ့လျှောပေါ်ကိုတက်လိုက်တယ်။ ကလေးတွေကစားသလိုမျိုး လျှောပိုက်လုံးထဲကို ဝင်လိုက်ရင်တစ်ခုခုများတွေ့ရမလားပေါ့။

ပိုက်လုံးအဝင်ဝနားကိုရောက်တော့ ဆောင့်ကြောင့်ထိုင် ပိုက်လုံးထဲကိုငုံကြည့်မိတယ်။ ပလက်စတစ်ပိုက်လုံးက အဆုံးနားမှာကွေးကောက်သွားပြီး ထွက်ပေါက်ဆိုတာ မရှိသလိုမျိုး ခံစားချက်ကိုပေးစွမ်းတယ်။

“စမ်းကြည့်တာပေါ့....”

ကျွန်မကိုယ်တိုင်လည်း သာမန်လူမဟုတ်ပေမဲ့လို့ အခုလို သာမန်မဟုတ်တဲ့ဖြစ်ရပ်မျိုးနဲ့ကြုံရတဲ့အခါမျိုးမှာတော့ အလိုလိုကြောက်ရွံစိတ်ဖြစ်မိပါတယ်။ ဒါကြောင့်ပဲ အားတင်းပြီး လျှောထဲဝင်လိုက်တော့ ခန္ဓာကိုယ်က နိမ့်ဆင်းသွားပြီး တစ်ဖက်အဆုံးသတ်ကနေ ပြန်ထွက်လာလေရဲ့။

“သာမန်ပဲလား... ငါပဲအတွေးလွန်နေတာလား....”

လျှောပိုက်အဆုံးကနေ ပြန်ထွက်လာပြီးနောက်မှာတော့ ထွက်စပြုလာပြီဖြစ်တဲ့ လမင်းကြီးကို ကျွန်မမော့ကြည့် လိုက်မိပါတယ်။

“မဟုတ်ဘူး... အတွေးလွန်နေတာမဟုတ်ဘူး။ အဲဒီအရာက ငါ့ဆီကပုန်းနေတာဖြစ်နေမလား။ ဒါမှမဟုတ် ငါလုပ်တဲ့နည်းလမ်းက မမှန်တာလား။”

ကလေးတွေရဲ့ကဗျာကို ကျွန်မသတိရမိသွားတယ်။ ဒါပေမဲ့ အခုလိုကိစ္စမျိုးမှာ ကျွန်မရဲ့အတွေ့အကြုံက မလုံလောက်မှန်းသတိထားမိလိုက်ပြန်ပါတယ်။

“ဒီလိုကိစ္စတွေမှာ အားအကိုးရဆုံးလူက တစ်ယောက်ပဲရှိတယ်။”

အဲဒီလူရဲ့အပြာရောင်မျက်လုံးတွေနဲ့ ခပ်ကောက်ကောက် ဆံပင်တွေကို ကျွန်မထပ်ပြီးမြင်ယောင်လိုက်မိပြန်တယ်။ ဒါပေမဲ့ တခြားရွေးစရာရောရှိလို့လား။ အဲဒီသဘာဝလွန် အကောင်ကြီးက သာမန်အရပ်သားတွေအတွက် အန္တရာယ်ရှိတဲ့အရာမျိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။

အဲဒီအတွေးနဲ့အတူ ညရောက်လာလေလေ ချောက်ချားစရာကောင်းလာလေလေဖြစ်နေတဲ့ ကစားကွင်းကိုကျွန်မကြည့်လိုက်ပြီး ဆိုင်ကယ်ပေါ် တက်လိုက်တယ်။ စက်နှိုးပြီးတဲ့နောက်မှာတော့ ကျွန်မရဲ့ဦးတည်ရာကို ရှင်းပြဖို့လိုတော့မယ် မထင်ပါဘူး။

....

“အိုးဟိုးဟိုးဟိုး... တို့က နင်ဒါလင့်ကိုရှုံးပြီးတဲ့နောက် မြို့ထဲကနေ အရှက်တကွဲအကျိုးနည်းထွက်ပြေးသွားပြီ ထင်နေတာ။”

လက်မှာလက်သည်းရှည်အတုတပ်ထားတဲ့ မိုနီကာက ကျွန်မကိုမြင်တာနဲ့ ပါးစပ်ကိုလက်ဝါးနဲ့အုပ်ပြီးတော့ လှောင်ရယ်တော့တာ။ ထပ်ပြီးတော့ သူတို့ရဲ့ညစာ စားပွဲနဲ့ကြုံရပြန်ပြီ။

အရင်တစ်ခါလိုပဲ မော်လီက ကျွန်မအတွက်ဟင်းပွဲတွေ ချပေးပြီးတော့ တစ်ခုချင်းစီ မိတ်ဆက်ပေးပါတယ်။ ဆယ်ဗီကတော့ မျိုလို့ဆို့လို့။ ဒါပေမဲ့ ဟင်းပွဲတွေ ဘယ်လောက်ကောင်းကောင်း မြို့ထဲမှာ သောင်းကျန်းနေနိုင်ခြေရှိတဲ့ သဘာဝလွန်အရာဆီ အာရုံရောက်နေတော့ ဂရုမစိုက်ဖြစ်တော့ဘူး။

“ဒီတော့ မင်းက မြို့ထဲမှာ ကလေးတွေကိုဒုက္ခပေးကောင်း ပေးနိုင်တဲ့ သဘာဝလွန်အရာတစ်ခုနဲ့တွေ့ခဲ့တယ်လို့ သံသယရှိနေတာပေါ့။”

စားပွဲရဲ့ထိပ်ဆုံးမှာရှိနေတဲ့ နက်ဆန်ကတော့ ရုပ်ရှင်ထဲက ဗန်ပိုင်းယားသခင်ကြီးလိုမျိုး လက်နှစ်ဖက်ကိုစုကာ စားပွဲပေါ်တင်ထားရင်း ကျွန်မပြောသမျှကိုနားထောင်ကာ တုံ့ပြန်တယ်။

“အဲဒီအတိုင်းပဲ...” ကျွန်မ အတည်ပြုလိုက်တာပေါ့။

နက်ဆန်က သူ့နောက်မှာရပ်နေတဲ့အိမ်စေကို လှည့်ကြည့်ပြီး မေးလိုက်တယ်။

“မော်လီ၊ မင်းက မော်ကွန်းထိန်းတာဝန်ယူထားရတဲ့ သူပဲ။ စပိန်မှာ အဲဒီလိုသဘာဝလွန်ဖြစ်ရပ်မျိုးရှိတယ် ကြားဖူးလား။”

မော်လီက သူ့အိမ်စေဝတ်စုံထဲကနေ မျက်မှန်တစ်လက် ထုတ်လိုက်ပြီး မှတ်စုစာအုပ်တစ်အုပ်ကိုထုတ်ဖတ်တယ်။ မိတ်ကပ်တွေလိမ်းမထားပေမဲ့ သူ့ပုံစံက ပါရီမြို့က စာအုပ်ဆိုင်ပိုင်ရှင်သရုပ်နဲ့တူနေပြန်ပြီ။

“သခင်လေး၊ စပိန်ရှေးဟောင်းဒဏ္ဍာရီတွေထဲမှာတော့ ချန်နယ်လင်းလို့ခေါ်တဲ့ မိစ္ဆာတစ်ကောင်ရှိပါတယ်။ အဲဒီမိစ္ဆာက စပိန်ပြည်မှာကျက်စားခဲ့ပြီးတော့ ကလေးတွေကိုအိပ်ရာထဲကနေ ခိုးယူတဲ့အပြင် ကလေးတွေရဲ့ပုံစံအတိုင်းထုဆစ်ထားတဲ့ သစ်သားရုပ်တွေကိုထားခဲ့လေ့ရှိတယ်တဲ့။

ဒါပေမဲ့ အဲဒီမိစ္ဆာက သက်တမ်းကြာပြီဖြစ်ပြီးတော့ နောက်ပိုင်းမတွေ့ရတော့တာကြောင့် နှိမ်နင်းခံရပြီလို့ ယူဆရမှာပဲ။ အခု မီးလျှံသခင်မပြောတဲ့အကောင်နဲ့ အမဲလိုက်နည်းစနစ်လည်းမတူဘူး။”

မော်လီက အဲဒီမိစ္ဆာမဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်လိုက်ပြီး နောက်တစ်မျက်နှာကိုလှန်လိုက်တယ်။

“ဒီတစ်ခုကတော့ နည်းနည်းပိုပြီးတော့ ခေတ်သစ်ဘက် ရောက်မယ်ထင်တယ်။ ပိုလည်း သက်ဆိုင်လောက်မယ်။ စပိန်ရဲ့အာဏာရှင်ကြီး ဖရန့်စစ်စကို ဖရန့်ကိုလက်ထက်တုန်းက ကလေးတွေ အကြောင်းအရင်းရှင်းပြလို့မရဘဲ ပျောက်သွားတဲ့ အမှုတွေအများကြီးရှိတယ်။

အဲဒီတုန်းက အစိုးရက ကာယကံရှင်မိသားစုတွေကို အကြောင်းအရင်းမပေးဘဲ ရှာမတွေ့တော့ဘူးပဲ ပြောခဲ့တာ။ EUOCလည်းမရှိသေးတော့ အဲဒီခေတ် စပိန်သဘာဝလွန်ထောက်လှမ်းရေးအေဂျင်စီက အမှုတွေကိုကိုင်တွယ်ရာမှာ ညံ့ဖျင်းတယ်။

မှတ်တမ်းမှတ်ရာသိပ်မကျန်ခဲ့ပေမဲ့ အဲဒီပျောက်ဆုံးမှုတွေနဲ့ဆက်စပ်နေတဲ့ အဓိကနေရာက ကစားကွင်းတွေတဲ့။”

“တစ်နည်းအားဖြင့် ငါတို့ဘာသာငါတို့ စုံစမ်းရတော့မှာပေါ့။” ကြည့်ရတာ သူတို့မှာလည်း အသုံးဝင်တဲ့အချက်အလက် သိပ်မရှိတဲ့ပုံပဲ။ နက်ဆန်ကလည်း ခေါင်းညိတ်လိုက်ပြီးတော့

“မော်လီ၊ တစ္ဆေမီးအိမ်ယူလာခဲ့။ ငါတို့အဲဒီကစားကွင်းကို သွားစစ်ကြမယ်။”

“အမိန့်အတိုင်းပါ။” မော်လီက နက်ဆန်ကိုဦးညွှတ်ပြီး သူ့အရိပ်ထဲဝင်လိုက်တယ်။ ခဏနေတော့ နာတာရှာက သူ့အစားအရိပ်ထဲကနေထွက်လာတယ်။

“နာတာရှာ၊ မင်းကငါတို့ရဲ့ထောက်လှမ်းရေးမှူးပဲ။ ဒီမှာ ကျန်နေခဲ့ပြီး သံသယဖြစ်စရာကောင်းတဲ့ မှုခင်းတွေရှိမရှိရှာကြည့်။ သက်သေအထောက်အထားမပြည့်စုံတဲ့ မြို့ပြဒဏ္ဍာရီတွေ ဖြစ်ပါစေဦးတော့ ဆင်တူရင် ငါ့ကိုပြော။”

ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးတဲ့နောက်မှာတော့ နက်ဆန်ရဲ့ကျန်တဲ့အစေခံတွေက ကျွန်မနောက်ကနေ လိုက်လာခဲ့တယ်။ မိုနီကာနဲ့ဆယ်ဗီကတော့ နာတာရှာနဲ့ အိမ်မှာ ကျန်နေရစ်တယ်။ ပါလာရင်လည်း ရှုပ်မယ့်အတူတူ ထားခဲ့တာနေမယ်။

နက်ဆန်ရဲ့အစေခံတွေက သူ့အရိပ်ထဲမှာပဲရှိနေပြီး အခုကျွန်မတို့နှစ်ယောက်တည်း ပခုံးချင်းယှဥ်လျက် လမ်းလျှောက်နေတာသတိထားမိတော့ ကျွန်မရင်ထဲ တစ်မျိုးတစ်မည်ခံစားလာရရော။

ဆိုင်ကယ်ရှေ့ကိုရောက်တော့ နက်ဆန်ကရပ်လိုက်ပြီး ကျွန်မကိုပြောတယ်။ တကယ်မျှော်လင့်မထားတဲ့ အရာမျိုးပဲ။

“စကားမစပ်၊ ငါဆိုင်ကယ်မမောင်းတတ်ဘူး။ မင်းနောက်ကလိုက်လို့ ဖြစ်ပါ့မလား။ တက္ကစီငှားပြီး သွားကြမလား။”

“ရှင်ကျွန်မနောက်ကနေ လိုက်လို့ရတယ်။” ကျွန်မ စိတ်ဆိုးဆိုးနဲ့ လက်ပိုက်ပြီးပြောမိတာပေါ့။ ဒီလူ တကယ်ရော ယောက်ျားလေးဟုတ်ရဲ့လား။

နောက်တော့ သူ့အကြည့်က ကျွန်မဆိုင်ကယ်ပေါ်က ဆိုင်ကယ်ဦးထုပ်ဆီရောက်သွားပြီး...

“မင်းမှာ အပိုမရှိဘူးလား။” လို့မေးလာရော။

ကျွန်မလည်း စိတ်ပေါက်ပေါက်နဲ့ ဆိုင်ကယ်ဦးထုပ်ကို သူ့ခေါင်းမှာစွပ်ပေးလိုက်တယ်။ တော်တော် စိတ်တိုဖို့ ကောင်းတဲ့လူ။

“ရော့၊ ချီးထုပ်ကြီး။ ရှင့်ဝတ်ထားလိုက်၊ ကျွန်မဖို့ မလိုဘူး။”

All Chapters