← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အပိုင်း (၁) ဒါပေမဲ့ အဲဒါက နန်းတော်မြို့တော်ကြီး တစ်ခုလုံးလေ

ရှန်မော့အာသည် မှေးကနဲ အိပ်ပျော်သွားပြီးနောက် ချက်ချင်းဆိုသလို လန့်နိုးလာခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမ အိမ်မက်ဆိုးတစ်ခု မက်ခဲ့ရ၏။ အိမ်မက်ထဲတွင် သူပုန်တပ်များသည် နန်းတော်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာကြပြီး ရတနာတိုက်ခန်းကို ဖောက်ထွင်းဝင်ရောက်လာကြသည်။ သူပုန်တစ်ယောက်ချင်းစီသည် သွေးစွန်းနေသော ဓားများကို ကိုင်ဆောင်ထားကြပြီး "ခွေးမင်းသား"၊ "ခွေးမင်းသမီး" ဟုခေါ်ဆိုကြသည့် သူမနှင့် သူမ၏ဖခင်ဖြစ်သူတို့၏ လည်ပင်းကို ပိုင်းဖြတ်ရန် ရည်ရွယ်ထားကြသည်။

အိမ်မက်ထဲတွင် သူပုန်တို့၏ ဓားချက် မကျရောက်မီမှာပင် သူမ၏ဖခင်သည် ကြောက်လန့်လွန်းသဖြင့် မေ့လဲသွားခဲ့လေသည်။ သူသည် သူ့တစ်သက်တာလုံးတွင် ဧကရာဇ်မင်း၏ ခြေသလုံးကိုဖက်ကာ ဆင်းရဲချင်ယောင်ဆောင် ငိုယိုပြီး ရွှေ၊ ငွေနှင့် အဖိုးတန်ရတနာပေါင်းများစွာကို လိမ်လည်ရယူခြင်းလောက်သာ လုပ်တတ်သူ ဖြစ်သည်။

သူမက သူမ၏ဖခင်ကို လှမ်းဆွဲလိုက်သော်ငြားလည်း သူပုန်တစ်ယောက်၏ ဓားချက်က သူမဆီသို့ ဝဲပျံလာခဲ့၏။ သူမသည် ထိတ်လန့်တကြားဖြင့် အာမေဋိတ်ပြုလိုက်မိပြီး ကြောက်စိတ်ကြောင့် နိုးလာခဲ့ခြင်း ဖြစ်သည်။

"မော့အာ နိုးပြီလား"

ရှန်ရှောက်ယွမ်၏ အသံသည် အမှောင်ထုကို ဖြတ်သန်းပြီး ထွက်ပေါ်လာခဲ့ကာ မကြာမီမှာပင် ဖယောင်းတိုင်မီးကို ထွန်းလိုက်သဖြင့် မီးရောင်လေး လင်းလက်လာခဲ့သည်။

ရှန်မော့အာသည် သူမ၏ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ဖယောင်းတိုင်မီးရောင်အောက်တွင် စိုးရိမ်ပူပန်နေသည့် မျက်နှာထားဖြင့် ရှိနေသော ရှန်ရှောက်ယွမ်ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

"သမီး တစ်မှေးလောက် အိပ်ပျော်သွားတာပါ"

သူမ၏ဖခင်သည် သတ္တိနည်းပြီး ကြောက်တတ်သော်ငြားလည်း သူမအပေါ်တွင်တော့ အမှန်တကယ် ဂရုစိုက်ရှာသည်။ ထို့ကြောင့် သူ ကြောက်လန့်ပြီး မေ့လဲသွားသည်ဟု အိမ်မက်မက်သည့် ကိစ္စသေးသေးမွှားမွှားလေးကို ထည့်ပြောနေစရာ မလိုတော့ပေ။

ရှန်မော့အာက ပြောလိုက်၏။

"အဖေ ဖယောင်းတိုင်ကို ငြိမ်းလိုက်ရအောင်။ သမီးတို့တွေ ရတနာတိုက်ခန်းထဲမှာ ဘယ်လောက်ကြာကြာ နေရဦးမယ်ဆိုတာ မသိဘူးလေ။ ရိက္ခာတွေကို ချွေတာမှ ဖြစ်လိမ့်မယ်"

အစေခံများကို ပြန်လွှတ်လိုက်ပြီးနောက်တွင် သူတို့သည် အစားအသောက်နှင့် ရိက္ခာအများအပြားကို ရတနာတိုက်ခန်းထဲသို့ ရွှေ့ပြောင်းထားခဲ့ကြသည်။ သို့သော်ငြားလည်း သူတို့သည် ဘယ်လောက်ကြာကြာ ပုန်းအောင်းနေရမည်ကို မသိကြသဖြင့် ရိက္ခာများ အများအပြား ရှိနေလျှင်တောင်မှ ချွေတာပြီး သုံးစွဲကြရပေမည်။

ရှန်ရှောက်ယွမ်သည် အသက် ၃၆ နှစ် ရှိပြီဖြစ်ပြီး သာ့လျန်မင်းဆက်၏ သတ်မှတ်ချက်အရဆိုလျှင် သက်လတ်ပိုင်းအရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်ငြားလည်း ဧကရာဇ်မင်းဖြစ်သော အစ်ကိုတော်၏ ကာကွယ်ပေးမှုကို ရရှိထားသည့် အေးဆေးတည်ငြိမ်သော မင်းသားတစ်ပါးအနေဖြင့် သူ့ဘဝက သက်တောင့်သက်သာ ရှိလှသည်။ သူသည် စပျစ်ဝိုင်နှင့် မိန်းမကိစ္စများကို မမက်မောဘဲ ဂီတတူရိယာများ တီးခတ်ခြင်း၊ စစ်တုရင်ကစားခြင်းနှင့် လက်ရေးလှရေးခြင်း စသည့် အလုပ်များကိုသာ နှစ်သက်လေသည်။ ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့်များကြောင့် သူသည် ပို၍ ငယ်ရွယ်နုပျိုပုံပေါက်ပြီး ရှန်မော့အာ၏ ဖခင်ဟုဆိုသည်ထက် သူမ၏ အစ်ကိုကြီးတစ်ယောက်နှင့် ပိုတူနေလေသည်။

ကြောက်ရွံ့မှုများနှင့် အိပ်ရေးပျက်မှု ဒဏ်များကို ခံစားရင်း ရတနာတိုက်ခန်းထဲတွင် ရက်ပေါင်းများစွာ ပုန်းအောင်းနေပြီးနောက်တွင်တော့ ရှန်ရှောက်ယွမ်၏ မျက်လုံးအောက်တွင် မျက်ကွင်းညိုကြီးများ ဖြစ်ပေါ်နေလေပြီ။ သူသည် သူ့၏ အဖိုးတန်သမီးလေးကို ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်ပြီး သူမ ကျန်းမာပုံရကာ အဆင်ပြေနေသည်ကို အတည်ပြုလိုက်ပြီးနောက် ပြောလိုက်၏။

"နားထောင်ကြည့်စမ်း အပြင်မှာ တိတ်ဆိတ်လွန်းနေတယ် မဟုတ်လား"

ရှန်ရှောက်ယွမ် ထောက်ပြလိုက်မှပင် ရှန်မော့အာလည်း ထိုအရာကို သတိထားမိလိုက်သည်။

သူတို့၏ ရတနာတိုက်ခန်းသည် ဥယျာဉ်ထဲရှိ ကျောက်ဆောင်တု နောက်ကွယ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ကောင်းမွန်စွာ ဖုံးကွယ်ထားသော်လည်း အပြင်ဘက်မှ ဆူညံသံများကိုတော့ ကြားနေရဆဲပင်။ သူတို့ ရတနာတိုက်ခန်းထဲတွင် ဝင်ရောက်ပုန်းအောင်းနေကတည်းက နေ့ရောညပါ ငိုကြွေးသံများ၊ ရုန်းရင်းဆန်ခတ်ဖြစ်သံများ သို့မဟုတ် တိုက်ခိုက်သံ သဲ့သဲ့ကို ကြားနေခဲ့ရသည်။ ယခုကဲ့သို့ တစ်ခါမှ မတိတ်ဆိတ်ဖူးချေ။

ရှန်မော့အာက မေးလိုက်၏။ "တိတ်ဆိတ်နေတာ ဘယ်လောက်ကြာပြီလဲ"

ရှန်ရှောက်ယွမ်က ပြန်ဖြေသည်။ "ခဏလောက်တော့ ရှိနေပြီ"

သားအဖနှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ကြပြီး နိမိတ်မကောင်းသည့် ရှေ့ပြေးနိမိတ်တစ်ခုကို ခံစားလိုက်ကြရ၏။ နန်းတော်မြို့တော်ကြီး ကျဆုံးသွားပြီး သူပုန်တပ်များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပုံ ရလေသည်။

ရှန်ရှောက်ယွမ်သည် မျက်ရည်မကျဘဲ မနေနိုင်တော့ချေ။ "သြော် နင့်ရဲ့ဘုရင်ဦးလေး ဘယ်လိုနေမလဲ မသိတော့ပါဘူး။ ငါ့အစ်ကိုက အမြဲတမ်း စိတ်သဘောထား နူးညံ့လွန်းတယ်။ ဧကရာဇ်မင်းတစ်ပါးက တိုင်းတစ်ပါးသားတွေအပေါ်မှာ ဘယ်လိုလုပ်ပြီး စိတ်သဘောထား နူးညံ့လို့ ဖြစ်မှာလဲ။ သူတို့က ချိုသာတဲ့စကားတွေနဲ့ မြှောက်ပင့်ပြောဆိုရုံလောက်နဲ့ ဘယ်လိုလုပ်ပြီး သူတို့ကို လွှတ်ပေးလိုက်နိုင်ရတာလဲ။ ဒါက ကျားကို တောလွှတ်ပေးလိုက်သလိုပဲလို့ ငါ သူ့ကို ပြောခဲ့သားပဲ"

"တကယ်တော့ ဒီမှာပုန်းနေတာက အလကားပါပဲ။ တကယ်လို့ သူပုန်တွေသာ နန်းတော်ထဲကို ဝင်လာပြီး နေရာအနှံ့ ရှာဖွေမယ်ဆိုရင် ငါတို့ကို တွေ့သွားကြမှာပဲ။ သြော် စိတ်သဘောထား နူးညံ့လွန်းတဲ့ နင့်ဦးလေးက သူ့ကိုယ်သူ ဒုက္ခပေးရုံတင်မကဘဲ ငါတို့ကိုပါ အန္တရာယ်ကောင်ထဲ တွန်းပို့လိုက်တာပဲ"

"တကယ့် တော်ဝင်ဆွေမျိုးရင်းချာတွေ ဖြစ်နေတော့ ငါတို့က အသက်ချမ်းသာပေးဖို့ တောင်းပန်ရင်တောင်မှ သူပုန်တွေက ငါတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ သြော် ငါ့ရဲ့သနားစရာကောင်းတဲ့ မော့အာလေး ငယ်ငယ်ရွယ်ရွယ် လှလှပပလေးနဲ့ လူဖြစ်စအရွယ်မှာပဲ သူပုန်တပ်တွေရဲ့ ဓားအောက်မှာ တစ္ဆေဘဝ ရောက်ရတော့မှာပါလား"

ရှန်မော့အာ: "..."

အမှန်အတိုင်းပြောရရင် သူမ ခုနတုန်းက တော်တော်လေး ကြောက်သွားခဲ့တာ။ ဒါပေမဲ့ အဖေက ငိုယိုပြောဆိုလိုက်ပြီးတဲ့နောက်မှာတော့ သူမ လုံးဝ မကြောက်တော့ဘူး။

"တကယ်လို့ သူပုန်တွေသာ မြို့ထဲကို ဝင်လာခဲ့မယ်ဆိုရင် ဒီလောက်ကြီး တိတ်ဆိတ်မနေလောက်ဘူး။ အဲဒီ တိုင်းတစ်ပါးသားတွေက သေချာပေါက် မီးရှို့ပြီး လုယက်ကြမှာပဲ" ရှန်မော့အာက စဉ်းစားခန်း ဖွင့်လိုက်၏။ "စစ်ကူတွေများ ရောက်လာတာလား။ ဒါပေမဲ့ မဟုတ်သေးပါဘူး။ တကယ်လို့ သူတို့ ရောက်လာခဲ့ရင်တောင်မှ ဒီလောက်ကြီး တိတ်ဆိတ်နေမှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား"

သူမ၏စကားက ကျိုးကြောင်းဆီလျော်သည်ဟု ယူဆသဖြင့် ရှန်ရှောက်ယွမ်သည် မျက်ရည်များကို သုတ်လိုက်ပြီး သတိထားကာ ပြောလိုက်၏။ "ငါတို့ တံခါးဖွင့်ပြီး အပြင်မှာ ဘာရှိလဲဆိုတာ ကြည့်လိုက်ကြမလား"

ရှန်မော့အာသည် သူမဘေးရှိ ရေနာရီကို တစ်ချက်ကြည့်လိုက်သည်။ "ပိုမှောင်တဲ့အထိ စောင့်လိုက်ကြမလား"

ရှန်ရှောက်ယွမ်: "ကောင်းပြီလေ။ သမီး သဘောအတိုင်းပါပဲ"

သားအဖနှစ်ယောက်သည် ထောင့်တစ်နေရာတွင် ပြန်ကွေးနေလိုက်ကြပြီး ညနေစောင်းသည်အထိ စောင့်ဆိုင်းကာ တံခါးကို ဟရုံလေး သတိထားပြီး ဖွင့်လိုက်ကြ၏။

အချိန်အရဆိုလျှင် အပြင်ဘက်၌ မှောင်နေသင့်ပြီဖြစ်သော်ငြားလည်း တံခါးပွင့်သွားသည်နှင့် တောက်ပသော နေရောင်ခြည်များက ဖြာကျလာခဲ့သည်။ အလင်းရောင်နှင့် အသားကျအောင် မျက်တောင်ခတ်လိုက်ပြီးနောက် သူတို့ရှေ့မှ မြင်ကွင်းကြောင့် နှစ်ယောက်စလုံး ကြက်သေသေကာ မှင်သက်သွားကြတော့သည်။

ရွှေရောင်လွှမ်းသော နံနက်ခင်း နေရောင်ခြည်အောက်တွင် တံခါးအပြင်ဘက်၌ ကျေးလက်လမ်းလေးတစ်လမ်း ရှိနေလေသည်။ သိပ်မဝေးလှသော နေရာတွင် မီးခိုးရောင်နံရံနှင့် အပြာရောင်အမိုးကြွပ်များ မိုးထားသည့် လယ်တဲအိမ်တန်း အများအပြား ရှိနေ၏။ လှမ်းကြည့်လိုက်လျှင် လမ်းများ ဖြတ်သန်းဖောက်လုပ်ထားသည့် လယ်ကွင်းပြင်များကို တွေ့မြင်နေရသည်။

ဥယျာဉ်ကြီးက ဘယ်ရောက်သွားတာလဲ။

ဧရာမ နန်းတော်ကြီးကရော ဘယ်ရောက်သွားတာလဲ။

နန်းတော်မြို့တော်ကြီး တစ်ခုလုံးကရော ဘယ်ရောက်သွားတာလဲ။

အားလုံးက ဘယ်လိုလုပ်ပြီး ပျောက်သွားရတာလဲ။ ဒီအတိုင်းကြီး ပျောက်သွားတာလား။

သားအဖနှစ်ယောက်သည် ထိတ်လန့်တကြား အချင်းချင်း ကြည့်လိုက်ကြပြီး ခုလေးတင် ဖြစ်ပျက်သွားသည့် အရာကြောင့် လုံးဝကို ဇဝေဇဝါ ဖြစ်သွားကြတော့သည်။

ပေါက်ပြားကို ထမ်းထားသည့် လူတစ်ယောက်က တံခါးအပြင်ဘက် မြေလမ်းအတိုင်း ဖြတ်လျှောက်သွားသည်။ ထိုလူက တံခါးကြားမှ ချောင်းကြည့်နေသည့် ရှန်ရှောက်ယွမ်ကို လှမ်းကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။ "ရှန်လောင်ချီ နေထွက်လာပြီလေ။ အလုပ်သွားရတော့မယ်။ ဒီနေ့ အလုပ်ပြီးရင် ငါတို့ စပါးဝေကြမယ်တဲ့"

ရှန်ရှောက်ယွမ်က အလိုအလျောက် ပြန်ပြောလိုက်သည်။ "ငါ သိပါတယ်"

ထိုလူက အဝေးသို့ လျှောက်သွားသည်နှင့် သူ မနေနိုင်ဘဲ ရေရွတ်လိုက်မိ၏။

"ဆန်းဆန်းပြားပြားတွေ ဝတ်ထားပြီးတော့ ငါ့ကို ဦးညွှတ်ဖို့တောင် ဂရုမစိုက်ဘူး။ ပြီးတော့ ငါ့ကို ရှန်လောင်ချီလို့ ခေါ်ရဲတယ်ပေါ့။ ယုံတောင် မယုံနိုင်ဘူး..."

စကားပင် မဆုံးသေးမီ သူ၏ခေါင်းထဲတွင် စူးရှသော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာပြီး ရုတ်တရက်ဆိုသလို သူနှင့်မဆိုင်သော မှတ်ဉာဏ်အများအပြားသည် သူ့ခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

ရှန်ရှောက်ယွမ်သည် ထိုမှတ်ဉာဏ်အသစ်များကြောင့် ထိတ်လန့်သွားပြီး ရှန်မော့အာကို အလိုအလျောက် လှမ်းကြည့်လိုက်မိ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ချိန်က ပါးမို့မို့ အသားအရေ ဖြူဝင်းပြီး အလိုလိုက်ခံထားရသည့် သူ့သမီးလေးသည် ပိန်လှီချိနဲ့ပြီး စုတ်ပြတ်သတ်နေသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ရှန်ရှောက်ယွမ်သည် ရင်ကွဲမတတ် ခံစားလိုက်ရသည်။

"အဖေ့ရဲ့ချစ်သမီး မော့အာ၊ ငါ့သမီးလေး ဘယ်လိုလုပ်ပြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ..."

ခဏအကြာတွင် ပိန်လှီချိနဲ့ပြီး အဝတ်အစားနွမ်းပါးများကို ဝတ်ဆင်ထားသည့် သားအဖနှစ်ယောက်သည် စုတ်ပြတ်ပြီး လေတိုးနေသော အခန်းပျက်ကြီးတစ်ခုထဲတွင် ထိုင်လျက် ပြိုင်တူ သက်ပြင်းချလိုက်ကြလေသည်။

......

"ဒါက ဘယ်လောက်တောင် ကျယ်ပြန့်ပြီး ထူးဆန်းလိုက်တဲ့ ကမ္ဘာကြီးလဲ" ရှန်ရှောက်ယွမ် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

"ဟုတ်ပါ့" ရှန်မော့အာလည်း သက်ပြင်းချလိုက်မိ၏။

သူပုန်တွေရဲ့ လက်ချက်နဲ့ သေဆုံးရမယ့်အစား နောက်ထပ် ကမ္ဘာတစ်ခုမှာ ဝိဉာဉ်အသစ်တွေအဖြစ် ရောက်ရှိသွားမယ်လို့ ဘယ်သူက ထင်မှာလဲ။

ရှန်ရှောက်ယွမ် သာမက ရှန်မော့အာ၏ ခေါင်းထဲသို့လည်း သူမနှင့်မဆိုင်သော မှတ်ဉာဏ်များစွာ ဝင်ရောက်လာခဲ့သည်။

သူတို့ရရှိထားသည့် မှတ်ဉာဏ်များအရ သူတို့သည် သာ့လျန်မင်းဆက်နှင့် လုံးဝ မသက်ဆိုင်သော ကမ္ဘာတစ်ခုသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။

သူတို့သည် ယခုအခါ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်ခန့်က တည်ထောင်ခဲ့သည့် ဟွာကော်ဟုခေါ်သော နိုင်ငံတစ်ခုထဲသို့ ရောက်ရှိနေကြပြီး သူတို့ရောက်ရှိနေသည့် ရွာမှာ ဟွာကော်နိုင်ငံ တောင်ပိုင်း လင်ကျန်းမြို့၊ ကျန်းပေခရိုင်ရှိ ယန်လျိုရွာ ဖြစ်လေသည်။

ဒီသာမန်ရွာလေးထဲတွင် မူလက "ရှန်ရှောက်ယွမ်" နှင့် "ရှန်မော့အာ" ဟူသော နာမည်တူသည့် သားအဖနှစ်ယောက် ရှိခဲ့သည်။

ဒီမိသားစု၏ မိခင်ဖြစ်သူသည် ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားခဲ့သဖြင့် သားအဖနှစ်ယောက်တည်း အမှီသဟဲပြုကာ နေထိုင်ခဲ့ကြရသည်။

သားအဖနှစ်ယောက်စလုံးသည် ရိုးသားပြီး အနေအေးကြသည်။ စိုက်ပျိုးရာသီမဟုတ်၍ အစားအစာ ရှားပါးနေချိန်တွင် သူတို့၏ ယုတ်မာသော ဆွေမျိုးများက သူတို့၏ နောက်ဆုံးလက်ကျန် စပါးများကို "ချေးငှား" သွားကြသည်။ တကယ်တမ်းမှာတော့ ဒါက ခိုးယူသွားခြင်းနှင့် ပိုတူလေသည်။ သူတို့သည် စပါးများကို ပြန်တောင်းရန်၊ သို့တည်းမဟုတ် အခြားသူများဆီမှ အစားအစာ လိုက်ငှားဖို့ မရဲကြသဖြင့် တောထဲမှ တောဟင်းရွက်များကို တူးဆွကာ သစ်မြစ်သစ်ဖုများကို ကိုက်ဝါးရင်း တစ်ရက်ပြီးတစ်ရက် မသေရုံတမယ် ရှင်သန်ခဲ့ကြရသည်။

ဆိုရိုးစကားအတိုင်းပင် ရာသီဥတုက ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။ နဂါးလှေပွဲတော် ရောက်ပြီဆိုလျှင် ပူလာသင့်သည် မဟုတ်ပါလား။ သို့သော်ငြားလည်း မိုးက ရက်ဆက်ရွာနေခဲ့ပြီး အထူးသဖြင့် ညဘက်တွင် တော်တော်လေး အေးနေဆဲ ဖြစ်သည်။ ယိုယွင်းပျက်စီးပြီး မိုးယိုနေသော အိမ်အခြေအနေကြောင့် မိုးဆက်တိုက် ရွာသွန်းမှုဒဏ်ဖြင့် စောင်များ စိုရွှဲကုန်ကာ နွေရာသီအလယ်တွင် သားအဖနှစ်ယောက် အအေးမိ ဖျားနာခဲ့ကြရသည်။

ငတ်မွတ်မှုကြောင့် အားနည်းနေပြီး အသက်ရှင်ဖို့ရန် မနည်းအားတင်းထားရသဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ ချိနဲ့နေကြသည်။ နေမကောင်း ဖြစ်ပြီးနောက်တွင်တော့ ငတ်လို့ပဲလား၊ ရောဂါကြောင့်လား မသိရဘဲ မနေ့ညက သူတို့နှစ်ယောက်စလုံး ဆုံးပါးသွားခဲ့ကြသည်။

ရတနာတိုက်ခန်းတံခါး ပွင့်သွားသည်နှင့် ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့သည် ဒီကမ္ဘာသစ်ထဲသို့ ရောက်ရှိလာခဲ့ကြပြီး တစ်ချိန်တည်းမှာပင် ဒီနေရာ၌ သေဆုံးသွားခဲ့ကြသည့် သနားစရာကောင်းသော သားအဖနှစ်ယောက်သည်လည်း ပျောက်ကွယ်သွားခဲ့ကြလေသည်။

သားအဖနှစ်ယောက်သည် အခြားသော သားအဖနှစ်ယောက်၏ မှတ်ဉာဏ်များကို အသီးသီး ရယူလိုက်ကြပြီး ဒီကမ္ဘာရှိ "ရှန်ရှောက်ယွမ်" နှင့် "ရှန်မော့အာ" အသစ်များ ဖြစ်လာခဲ့ကြသည်။

သူတို့ ကြိုးစားကြည့်ပြီးကြပြီ။ ရတနာတိုက်ခန်းတံခါးကို ဘယ်နှစ်ကြိမ်ပဲ ဖွင့်ဖွင့် ပိတ်ပိတ် အပြင်ဘက်ကမ္ဘာကြီးကတော့ အတူတူပင် ဖြစ်နေသည်။

သူတို့၏ ပိန်လှီချိနဲ့နေသော ပုံစံများကို ကြည့်လိုက်လျှင် ကံတရားက သူတို့၏ ဘဝအသစ်နှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲလိုက်ပြီဆိုတာ ထင်ရှားနေလေသည်။

သူတို့ ပြန်သွားဖို့ အကြောင်းမရှိတော့သည်မှာ သေချာသလောက်ပင်။

ဟုတ်တာပေါ့။ ဒါက ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ။

သာ့လျန်မင်းဆက်၏ တော်ဝင်မိသားစုသည် ဝူမျိုးနွယ်စုမှ ဆင်းသက်လာကြသူများ ဖြစ်သည်။ သူတို့မျိုးဆက်သို့ ရောက်ရှိလာချိန်တွင် နာမ်ဝိဉာဉ်များနှင့် ဆက်သွယ်ခြင်း သို့မဟုတ် ဗေဒင်ဟောခြင်းနှင့် ဆုတောင်းခြင်းကဲ့သို့သော စွမ်းရည်များ တစ်ခုမှ လက်ဆင့်ကမ်း ပါမလာခဲ့ကြသော်ငြားလည်း လောကကြီးကို သူတို့၏ ဘိုးဘေးဘုရားသခင်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံ၏ အလိုတော်သည် သူတို့မျိုးနွယ်စုဘက်၌သာ ရှိနေသည်ဟု သူတို့ အမြဲတမ်း ယုံကြည်ခဲ့ကြသည်။

သူပုန်စစ်သားများ၏ လက်ချက်ဖြင့် အသေဆိုးနှင့် မသေဆုံးစေချင်သောကြောင့် တမလွန်ဘဝမှ ဘိုးဘေးများက သူတို့ကို စောင့်ရှောက်နေပြီး ဒီထူးဆန်းသော ကမ္ဘာကြီးဆီသို့ ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်ရပေမည်။

သားအဖနှစ်ယောက်သည် အတူတကွ ဆွေးနွေးတိုင်ပင် စဉ်းစားလိုက်ကြပြီး မကြာမီမှာပင် လက်တွေ့ဘဝကို လက်ခံလိုက်ကြတော့၏။

အနည်းဆုံးတော့ သူတို့ မသေရတော့ဘူးလေ။

ကံကောင်းတာက သူတို့ အတူတူ ရှိနေကြသေးတယ်။

သို့သော်ငြားလည်း ဒီအခြားကမ္ဘာကြီးသည် သူတို့၏ သာ့လျန်မင်းဆက်နှင့် အမှန်တကယ်ပင် အလွန်ကွာခြားနေလေသည်။

ဒီနေရာတွင် နတ်ဘုရားများနှင့် တစ္ဆေများအကြောင်း ပြောဆိုခြင်းကို တားမြစ်ထားပြီး ဒါကို ပဒေသရာဇ် အယူသည်းမှုဟု ယူဆကြသည်။

ဒီနေရာတွင် ဧကရာဇ်မင်းများ သို့မဟုတ် မင်းသားများလည်း မရှိကြတော့ပေ။ ထိုအရာများကို ပဒေသရာဇ်ခေတ် အမွေအနှစ်ဟောင်းများဟု သတ်မှတ်ကြသည်။

ဒီနေရာတွင် ပြည်သူလူထုသည် သခင်များဖြစ်ကြပြီး ဆင်းရဲသော လယ်သမားများသည် ဂုဏ်သိက္ခာ အရှိဆုံးသူများ ဖြစ်ကြသည်။

...

လိုရင်းကို ပြောရမည်ဆိုလျှင် သူတို့၏ မူလယုံကြည်ချက်များနှင့် မရေမတွက်နိုင်အောင် ကွဲပြားခြားနားမှုများ ရှိနေလေသည်။

သို့သော်ငြားလည်း သူပုန်စစ်သားများ၏ သတ်ဖြတ်ခြင်းကို ခံရမည့်အရေးနှင့် ယှဉ်လိုက်လျှင် ဒီကွဲပြားခြားနားမှုများက ဘာမှမဟုတ်တော့ပေ။

ထို့အပြင် သူတို့၏ ရတနာတိုက်ခန်းသည် သူတို့နှင့်အတူ ရှိနေသေးသည်။

ခုလေးတင် သူတို့ စမ်းသပ်ကြည့်ပြီးကြပြီ။ သူတို့၏ စိတ်ထဲတွင် ရတနာတိုက်ခန်းအကြောင်း တိတ်တိတ်လေး တွေးလိုက်ရုံဖြင့် ရတနာတိုက်ခန်းတံခါးသည် ဘာမှမရှိသောနေရာမှ ပေါ်လာတတ်သည်။ သူတို့ ရတနာတိုက်ခန်းထဲသို့ ဝင်လိုက်သည်ဖြစ်စေ၊ ထွက်လိုက်သည်ဖြစ်စေ တံခါးသည် တစ်ဖန်ပြန်လည် ပျောက်ကွယ်သွားတတ်သည်။

ရတနာတိုက်ခန်းထဲရှိ ပစ္စည်းအားလုံးသည် ထိုအတိုင်း ရှိနေဆဲဖြစ်ပြီး ပစ္စည်းတစ်ခုမှ ပျောက်ဆုံးခြင်း မရှိချေ။

ယခုအခါ ရတနာတိုက်ခန်းသည် ဒီအခြားကမ္ဘာရှိ သူတို့၏ အသက်သွေးကြော ဖြစ်နေလေပြီ။

"ဘိုးဘေးတွေက ငါတို့ကို တကယ် စောင့်ရှောက်နေတာပဲ" ရှန်ရှောက်ယွမ် စိတ်သက်သာရာ ရသွားသည်။

ရှန်မော့အာလည်း စိတ်သက်သာရာ ရသွားသော်ငြားလည်း သတိပေးလိုက်၏။ "အဖေ ပဒေသရာဇ် အယူသည်းမှုတွေအကြောင်း ပြောတာက ဒီမှာ တားမြစ်ချက်တစ်ခု ဖြစ်နေတယ်နော်"

"ဟုတ်တယ် ဟုတ်တယ်။ တားမြစ်ချက် တားမြစ်ချက်" ရှန်ရှောက်ယွမ်က ခေါင်းကို တဆတ်ဆတ် ငြိမ့်လိုက်ပြီး "ဒီအကြောင်းကို ငါတို့ အချင်းချင်း သတိပေးနေမှ ဖြစ်မယ်။ အဲလိုမှမဟုတ်ရင် ငါတို့ တစ်ခုခု မှားပြောမိတာနဲ့ ပြဿနာတက်နိုင်ပြီး လူထုရှေ့မှာ ဝေဖန်ခံရလိမ့်မယ်။ နောက်ပြီးတော့ ငါတို့မှာ ရတနာတိုက်ခန်း ရှိနေပေမယ့် ပစ္စည်းတွေကို အလွယ်တကူ ထုတ်ယူလို့ မရဘူး။ အဲဒါကလည်း ပြဿနာ ဖြစ်စေနိုင်တယ်။ ဒီကမ္ဘာမှာ ငါတို့က ကြွယ်ဝချမ်းသာမှုကို နည်းနည်းလေးတောင် ပြလို့မဖြစ်ဘူး"

ရှန်ရှောက်ယွမ်က ပြတ်ပြတ်သားသား ပြောလိုက်၏။ "ငါတို့က ဆင်းရဲတယ်။ ငါတို့မိသားစုက တကယ့်ကို ဆင်းရဲတာပါကွာ"

ရှန်မော့အာက ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "သမီးတို့ရဲ့ စပါးတွေကို ပြန်ရဖို့ နည်းလမ်းရှာမှ ဖြစ်လိမ့်မယ်"

ရှန်ရှောက်ယွမ်က ခေါင်းငြိမ့်ပြလိုက်၏။ "ဒါပေါ့"

မှတ်ဉာဏ်များ ရရှိပြီးသည့်နောက် ထိုလူမှာ သူတို့၏ အိမ်နီးချင်းဖြစ်ကြောင်း သိလိုက်ရသော စောစောက ဖြတ်လျှောက်သွားသည့် အိမ်နီးချင်းဖြစ်သူ ကျိုးတာ့ရွှမ်းက ထုတ်လုပ်ရေးအဖွဲ့သည် ဒီနေ့ စပါးဝေမည်ဟု ပြောသွားသော်ငြားလည်း အတိတ်က အတွေ့အကြုံအရဆိုလျှင် ဝေငှသည့် စပါးပမာဏသည် များလှမည် မဟုတ်ချေ။

သူတို့သည် လက်ရှိတွင် လျော့နည်းလာသော ရိက္ခာများဖြင့် အသက်ရှင်နေရသဖြင့် စပါးနည်းနည်းလေးကပင် အလွန် အရေးပါလေသည်။ "ချေးငှား" သွားသည်ဟု ဆိုသောကြောင့် ငါတို့ သေချာပေါက် ပြန်ယူရပေမည်။

ဒီ့အပြင် ငါတို့မိသားစုရဲ့ စပါးကို ခိုးယူရဲကြတယ်ပေါ့လေ။ တကယ်လို့ ငါတို့သာ သူတို့ကို သင်ခန်းစာ မပေးဘူးဆိုရင် ငါတို့ကို လှည့်စားရလွယ်ပြီး အနိုင်ကျင့်လို့ကောင်းတဲ့ သားအဖတွေလို့ ထင်သွားကြတော့မှာပဲ

သားအဖနှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြ၏။

ပြဿနာရှာမလို့လား။ အဲဒီကိစ္စမှာတော့ သူတို့က ဆရာကြီးတွေလေ။

...

အပိုင်း (၂) "ဝူး ဝူး ဝူး... ကျွန်မနဲ့ အဖေ တကယ်ကြီး ငတ်သေရတော့မယ်..."

မိုးရက်ဆက် ရွာသွန်းနေခဲ့သော်လည်း ယနေ့တွင်တော့ နောက်ဆုံး၌ နေထွက်လာခဲ့လေသည်။ မိုးရွာပြီးစ ကောင်းကင်ကြီးသည် ပိတ်ပါးစကဲ့သို့ ပါးလွှာသော တိမ်တိုက်များဖြင့် အထူးတလည် ပြာလွင်နေပြီး နေရောင်ခြည်သည် မျက်စိကျိန်းလောက်အောင်ပင် တောက်ပနေလေသည်။

သားအဖနှစ်ယောက်သည် စူးရှသော နေရောင်အောက်တွင် တစ်ယောက်က ပေါက်ပြားကို ထမ်းကာ နောက်တစ်ယောက်က ဝါးခြင်းတောင်းကို လွယ်လျက် လယ်ကွင်းထဲသို့ လျှောက်သွားလိုက်ကြသည်။

သူတို့အိမ်သည် အလွန်ဆင်းရဲသည်မှာ အမှန်ပင်ဖြစ်ပြီး အိမ်တွင် အသုံးဝင်သည့်ပစ္စည်းဟူ၍ မရှိသလောက်ပင်။ ရှန်ရှောက်ယွမ်သည် သူ့သမီးကို နေဒဏ်မှကာကွယ်ပေးရန် ဦးထုပ်တစ်လုံး ရှာဖွေချင်သော်လည်း အနားကွပ်ကျိုးနေသည့် ဦးထုပ်အစုတ်တစ်လုံးကိုသာ ရှာတွေ့ခဲ့သည်။ နောက်ဆုံးတွင် သူသည် ထိုအရာကို အဝတ်စတစ်ခုဖြင့် သမီးဖြစ်သူ၏ ခေါင်းပေါ်တွင် စည်းနှောင်ပေးလိုက်သည်။ ကြည့်ရသည်မှာ ထူးဆန်းနေသော်လည်း အရိပ်အနည်းငယ်တော့ ရလေသည်။

ရှန်ရှောက်ယွမ်သည် သမီးဖြစ်သူကို ရံဖန်ရံခါ လှမ်းကြည့်လိုက်ပြီး သူ၏ရင်ထဲတွင် ခံစားချက်များ ရောထွေးနေလေသည်။

'အသက်ရှင်ရတာ သေချာပေါက် ကောင်းပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ ချစ်ရတဲ့သမီးလေးက အနာဂတ်မှာ ဆင်းရဲဒုက္ခတွေကို ဘယ်လောက်တောင် ခါးစည်းခံရမလဲဆိုတာကို တွေးပြီး မစိုးရိမ်ဘဲ မနေနိုင်ဘူး'

ရှန်မော့အာကတော့ သိပ်ပြီး စိုးရိမ်မနေခဲ့ချေ။ သူမ၏ အိမ်မက်ထဲမှ မြင်ကွင်းများသည် ကြောက်မက်ဖွယ် ကောင်းနေဆဲဖြစ်ပြီး ထိုအကြောင်းကို တွေးမိလိုက်တိုင်း သူမ၏ ရင်ဘတ်ထဲတွင် တဒိန်းဒိန်း ခုန်နေရဆဲပင်။ ဆင်းရဲခြင်းသည် ဆိုးရွားစွာ သေဆုံးရခြင်းနှင့် ယှဉ်လျှင် မပြောပလောက်သည့် အရာတစ်ခုသာ။ ထို့အပြင် သူတို့တွင် ဘဏ္ဍာတိုက် ရှိနေသေးသည် မဟုတ်ပါလား။

ပို၍အရေးကြီးသည်မှာ ရှန်မော့အာသည် ဤကမ္ဘာနှင့် သာ့လျန်မင်းဆက်တို့ကြားက ကွာခြားချက်များကို အာရုံစိုက်နေခြင်း ဖြစ်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို သူမ၏စိတ်ထဲတွင် ပြန်လည်သုံးသပ်ပြီးနောက် သူမသည် ရှန်ရှောက်ယွမ်ကို အနေအထိုင် အပြောအဆို ဆင်ခြင်ရန် တိတ်တဆိတ် သတိပေးလိုက်သည်။ ထို့နောက် သူမက တိုက်တွန်းလိုက်၏။

"အဖေ... သမီးတို့ နောက်ကျနေပြီ။ မြန်မြန် လျှောက်ကြရအောင်"

သို့သော်ငြားလည်း ရှန်ရှောက်ယွမ်သည် အလျင်လိုမနေခဲ့ချေ။

"ကိစ္စမရှိပါဘူး။ အဖေတို့ထက် နောက်ကျတဲ့လူတွေ သေချာပေါက် ရှိမှာပါ"

ယန်လျိုရွာကို ယခုအခါ ယန်လျိုကုန်ထုတ်လုပ်ရေး တပ်မဟာဟု ခေါ်တွင်ပြီး ကုန်ထုတ်လုပ်ရေးအဖွဲ့ (၁၂) ဖွဲ့ ခွဲခြားထားသည်။ သူတို့မိသားစုသည် အမှတ် (၈) ကုန်ထုတ်လုပ်ရေးအဖွဲ့တွင် ပါဝင်လေသည်။

တပ်မဟာထဲရှိ ရွာသားများကို ယခုအခါ ဘုံအဖွဲ့ဝင်များဟု ခေါ်ကြသည်။ ဘုံအဖွဲ့ဝင်များသည် လုပ်အားခရမှတ်များ ရရှိရန်အတွက် တပ်မဟာ၏ စီစဉ်မှုအတိုင်း အလုပ်လုပ်ကြရပြီး ထိုအမှတ်များကို "လူဦးရေ ၆၀ ရာခိုင်နှုန်း၊ လုပ်အား ၄၀ ရာခိုင်နှုန်း" အချိုးအစားအပေါ် အခြေခံ၍ ကောက်ပဲသီးနှံများ ခွဲဝေရာတွင် အသုံးပြုလေသည်။ တစ်နည်းအားဖြင့်ဆိုသော် နေ့စဉ်လုပ်အားမှ ရရှိသော လုပ်အားခရမှတ်များသည် ကောက်ပဲသီးနှံ ခွဲဝေမှု၏ ၄၀ ရာခိုင်နှုန်းသာ ရှိသဖြင့် ဘုံအဖွဲ့ဝင်များသည် အလုပ်လုပ်ရန် သိပ်ပြီး စိတ်အားထက်သန်မှု မရှိကြချေ။

"သူ" နိုင်ငံတော်ပိုင် ကောက်ပဲသီးနှံများကို သွားရောက်ပို့ဆောင်စဉ်က တေးသွားတစ်ခုကို ကြားခဲ့ဖူးသည်မှာ ရှန်ရှောက်ယွမ်၏ မှတ်ဉာဏ်ထဲတွင် ရှိနေသေးသည်။ "ပထမ ခရာသံကို လျစ်လျူရှု၊ ဒုတိယ ခရာသံကျမှ တစ်ချက်လှမ်းကြည့်၊ တတိယ ခရာသံကျမှ ဖြည်းဖြည်း လမ်းလျှောက်လာ၊ လယ်ကန်သင်းဘေးမှာ ပေါက်ပြား မေ့ကျန်ခဲ့၊ ပြီးတော့ အိမ်ကို လမ်းလျှောက်ပြန်..." ဟူ၍ ဖြစ်သည်။ တချို့သော လူလည်ကျတတ်သည့် ဘုံအဖွဲ့ဝင်များသည် တကယ်ပင် ဤကဲ့သို့ ပြုမူကြလေသည်။

ထို့ကြောင့် "အိမ်ပြောင်းကာစ" ဖြစ်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ရန်လိုအပ်သဖြင့် အိမ်တွင် အချိန်အတော်ကြာ ကုန်ဆုံးခဲ့ရသော်လည်း သူတို့သည် အလုပ်ဆင်းရန် တကယ်တမ်း နောက်အကျဆုံးလူများ မဟုတ်ခဲ့ကြချေ။

ထင်သည့်အတိုင်းပင်။ သူတို့ လယ်ထဲသို့ ရောက်သွားသည့်အချိန်တွင် အဖွဲ့ခေါင်းဆောင် ကျိုးဖေ့ကျွင်းသည် ကန်သင်းရိုးပေါ်တွင် ရပ်လျက် အလုပ်မဆင်းသေးသည့် လူများကို ဆဲဆိုကြိမ်းမောင်းနေလေသည်။

ရှန်ရှောက်ယွမ်သည် အပြစ်ရှိသလို ခံစားရကာ ရှေ့သို့တိုးပြီး ရှင်းပြလိုက်သည်။

"ကျွန်တော့်အိမ်ခေါင်မိုးက မိုးယိုနေလို့ အိပ်ရာခင်းတွေ စိုရွှဲကုန်တယ်။ သမီးက အအေးမိပြီးတော့ နေမကောင်းဖြစ်နေတာ။ ကျွန်တော်လဲ အလောတကြီးနဲ့ သူ့အတွက် ဆေးမြစ်တချို့ ပြုတ်ပေးနေရတာလေ။ အဲဒါကြောင့် ဒီလောက်ထိ နောက်ကျသွားမယ်လို့ ဘယ်သူက ထင်မှာလဲ..."

ရှန်မော့အာသည်လည်း တာဝန်ကျေပွန်စွာပင် ခေါင်းကိုငုံ့လိုက်ပြီး တိုးတိုးလေး ချောင်းဆိုးပြလိုက်သည်။ ကျိုးဖေ့ကျွင်းသည် သားအဖနှစ်ယောက်ကို ကြည့်လိုက်ပြီး နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်လေသည်။ ရှန်လောင်ချီ သားအဖသည် အမြဲတမ်း အလုပ်ကြိုးစားကြသူများ ဖြစ်သဖြင့် ဒီနေ့မှ ဘာကြောင့် နောက်ကျနေရသလဲဟု သူ တွေးတောနေခဲ့မိသည်။ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာထားက ပျော့ပျောင်းသွားပြီး ပြောလိုက်လေသည်။

"ကောင်းပြီ။ ကျုပ် လုပ်အားခရမှတ်တွေ လျှော့မဖြတ်တော့ပါဘူး"

စေတနာကောင်းဖြင့် သူက သူတို့ကို သတိပေးလိုက်သေးသည်။

"တကယ်လို့ ခင်ဗျားအိမ်ခေါင်မိုး ယိုနေတယ်ဆိုရင် ရာသီဥတုကောင်းတုန်း ပြင်လိုက်ဦး။ အဲဒါက အရေးကြီးတယ်။ လိုအပ်ရင် ခွင့်ယူလို့ရတယ်"

ရှန်မော့အာကိုတော့ အိမ်ပြန်နားရန် သူ အကြံမပေးခဲ့ချေ။ ဒဏ်ရာအသေးအမွှားလောက်က အလုပ်မလုပ်ဘဲ နေစရာအကြောင်းမရှိသလို သာမန်အအေးမိဖျားနာခြင်းဆိုလျှင် သေချာပေါက် အလုပ်ဆက်လုပ်သင့်သည်ဟု ယူဆသောကြောင့်ပင်။

ရှန်ရှောက်ယွမ်သည် ရိုးသားဖြူစင်သော အပြုံးတစ်ခုကို ပြုံးလိုက်ကာ "ကောင်းပါပြီ။ ကျွန်တော် နေ့လယ်ကျရင် ပြင်လိုက်ပါ့မယ်"

ဆိုလိုသည်မှာ သူသည် နေ့လယ်ပိုင်းတွင် ခွင့်ယူတော့မည် ဖြစ်သည်။

ကျိုးဖေ့ကျွင်းသည် "ခင်ဗျားက နောက်ကျနေမှတော့ ဘာလို့ မနက်ခင်းကို ခွင့်ယူပြီး မပြင်လိုက်တာလဲ" ဟု ပြောချင်သဖြင့် ပါးစပ်ဟလိုက်သော်လည်း ရှန်ရှောက်ယွမ်၏ ကြောက်ရွံ့နေသော အမူအရာကို မြင်လိုက်ရသောအခါ သူ၏စကားများကို ပြန်မျိုချလိုက်ရလေသည်။

'ရှန်လောင်ချီက အရမ်းရိုးသားတယ်။ သူက တပ်မဟာအပေါ် အခွင့်ကောင်းယူမယ့်လူမျိုး သေချာပေါက် မဟုတ်ဘူး။ သူက အခြေအနေအလိုက် ဘယ်လို ပြောင်းလဲလုပ်ကိုင်ရမလဲဆိုတာ မသိတဲ့လူမျိုးပဲ' ဟု သူ တွေးလိုက်မိသည်။

ရှန်ရှောက်ယွမ်၏ အတွင်းစိတ်သည် ပြောင်းလဲသွားပြီဖြစ်ကြောင်း ကျိုးဖေ့ကျွင်း လုံးဝမသိခဲ့သလို မည်သည့်အရာကိုမျှလည်း သံသယမဝင်ခဲ့ချေ။

မနက်ခင်း အလုပ်ချိန်သည် တိုတောင်းပြီး နေ့လယ်ခင်း အလုပ်ချိန်သည် ပိုရှည်လေသည်။ ကျိုးဖေ့ကျွင်းက လုပ်အားခရမှတ်များ လျှော့မဖြတ်တော့ဘူးဟု ပြောပြီးဖြစ်သည့်အတွက် နေ့လယ်ဘက်တွင် ခွင့်ယူခြင်းက ပို၍ အကျိုးရှိလေသည်။

သားအဖနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ရှန်ရှောက်ယွမ်က သမီးဖြစ်သူကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီးနောက် ပေါက်ပြားကို ထမ်းကာ ညာဘက်ရှိ လယ်ကွင်းထဲသို့ ဆင်းသွားလိုက်သည်။ ရှန်မော့အာက အနည်းငယ် ပြုံးလိုက်ပြီး ဘယ်ဘက်ရှိ လယ်ကွင်းထဲသို့ သွားလိုက်လေသည်။

သန်စွမ်းသော လုပ်သားတစ်ယောက်အနေဖြင့် ရှန်ရှောက်ယွမ်သည် ဘယ်ဘက်လယ်ကွင်းရှိ မြေဆီလွှာကို ဆွပေးရန် တာဝန်ကျသည်။ ငယ်စဉ်ကတည်းက အားနည်းပြီး အမျိုးသမီး ရဲဘော်တစ်ဦးဖြစ်သော ရှန်မော့အာမှာမူ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့်အတူ ပေါင်းသင်ရန် တာဝန်ကျလေသည်။

ရှန်မော့အာသည် လယ်ကွင်းထဲသို့ ရောက်သွားသော်လည်း လူရှုပ်သော နေရာများကို ရှောင်ရှားလိုက်သည်။ ထို့အစား သူမသည် ထိုင်ချပြီး ပေါင်းသင်ရန်အတွက် လူလွတ်နေသော ထောင့်တစ်နေရာကို ရှာဖွေလိုက်လေသည်။

မူလခန္ဓာကိုယ်ပိုင်ရှင်သည် ကြောက်တတ်ပြီး ပြင်ပလူများနှင့် ရောရောနှောနှော မနေခဲ့ချေ။ သူမသည် အလုပ်လုပ်သည့်အချိန်တွင်လည်း လူရှုပ်သောနေရာများကို ရှောင်ရှားလေ့ရှိသဖြင့် ယခု ရှန်မော့အာ ဤနေရာသို့ ရောက်ရောက်ချင်း လူအများကြီးနှင့် ရင်မဆိုင်ရအောင် အဆင်ပြေသွားစေသည်။

မကြာမီတွင် နောက်ထပ် အဒေါ်ကြီးနှစ်ယောက်သည် လယ်ကွင်းထဲသို့ ကပျာကယာ ရောက်ရှိလာကြသည်။ ကျိုးဖေ့ကျွင်း၏ မျက်လုံးများမှာ ပြူးထွက်လုမတတ်ဖြစ်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"နေဝင်မှပဲ ဘာလို့ မလာကြတာလဲ"

ရှန်မော့အာ မော့ကြည့်လိုက်သည့်အခါ ထင်ရှားသော ရုပ်သွင်ပြင်များနှင့် အဒေါ်ကြီးနှစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ယောက်မှာ ပါးရိုးမြင့်မြင့်နှင့်ဖြစ်ပြီး နောက်တစ်ယောက်မှာ မျက်လုံးမှေးမှေးနှင့် ဖြစ်သည်။ ပါးရိုးမြင့်မြင့်နှင့်တစ်ယောက်မှာ သူမ၏ အဒေါ် (၂) ထျန်းဖန် ဖြစ်ပြီး မျက်လုံးမှေးမှေးနှင့်တစ်ယောက်မှာ သူမ၏ အဒေါ် (၃) ချောင်မေ ဖြစ်သည်။ ဤနှစ်ယောက်သည် မိသားစု၏ စပါးများကို ယူဆောင်သွားခဲ့သူများ ဖြစ်လေသည်။

ထျန်းဖန်သည် သူတပါးကို ပြောဆိုဆက်ဆံသည့်အခါ အမြဲတမ်း အပြုံးတစ်ခုကို ဆောင်ထားလေ့ရှိသည်။

"ဖေ့ကျွင်းရယ်... ကျွန်မ တကယ်ပဲ နောက်ကျချင်လို့ နောက်ကျတာ မဟုတ်ရပါဘူး။ ဒီမနက် ခန္ဓာကိုယ်က သိပ်ပြီး နေလို့မကောင်းတာနဲ့ မလာခင် အိမ်မှာ ဒေါနခြောက်လက်ဖက်ရည် ကျိုသောက်နေလို့ပါ။ ချောင်မေကလည်း သဘောကောင်းပြီး ကျွန်မကို စိတ်ပူလို့ အဖော်လုပ်ပေးနေတာပါ။ တကယ်လို့ ရှင် လုပ်အားခရမှတ် ဖြတ်ချင်တယ်ဆိုရင် ကျွန်မဆီကပဲ ဖြတ်လိုက်ပါ"

အကယ်၍ ချောင်မေသာ ဤစကားကို ပြောခဲ့လျှင် ကျိုးဖေ့ကျွင်းသည် သူမကို တစ်စက်ကလေးပင် ယုံကြည်ခဲ့မည် မဟုတ်ချေ။ ရှန်လောင်စန်းနှင့် သူ့မိန်းမတို့သည် အလွန်ပျင်းရိကြပြီး အလုပ်နှင့်ပတ်သက်လာလျှင် အမြဲတမ်း ခြေလေးနေတတ်ကြောင်း တစ်ဖွဲ့လုံးက သိကြသည်။

သို့သော်ငြားလည်း ထျန်းဖန်သည် သဘောကောင်းပြီး အလုပ်ကြိုးစားသည်ဟု နာမည်ကြီးသောကြောင့် သူမ နေမကောင်းဖြစ်သည်ဟု ပြောသည့်အခါ ကျိုးဖေ့ကျွင်းက ယုံကြည်လိုက်လေသည်။

'ဒီနေ့ ဘာဖြစ်လို့ လူအများကြီး နေမကောင်းဖြစ်နေကြတာလဲ' ကျိုးဖေ့ကျွင်း တွေးတောမိလိုက်သည်။

လတ်တလော ရာသီဥတု ဖောက်ပြန်နေမှုကြောင့် သူ ပိုပြီးနားလည်လိုက်သည်။ ရှန်လောင်ချီ၏ မိသားစုသည် ခေါင်မိုးယို၍ ရေစိုပြီး အအေးမိသွားခဲ့ကြသည်။ ထျန်းဖန်သည်လည်း ရုတ်တရက် ပူလာသည့်ဒဏ်ကြောင့် မူးဝေသွားခြင်း ဖြစ်လောက်သည်။

သူတို့ နေမကောင်း ဖြစ်နေကြသည့်အတွက် သူက လုပ်အားခရမှတ်များကို လျှော့ဖြတ်မည် မဟုတ်သည်ကလည်း အမှန်ပင်။

ကျိုးဖေ့ကျွင်းသည် ကူကယ်ရာမဲ့စွာဖြင့် သူတို့ကို လက်ကာပြလိုက်သည်။

"အလုပ်သွားလုပ်ကြတော့"

ဇာတ်လမ်းကတော့ ဆက်ကရမည်ပင်။ ဒေါနခြောက်လက်ဖက်ရည် သောက်ပြီးသည့်နောက် သူတို့ အလုပ်ဆက်လုပ်သင့်သည်။

အပြန်အလှန် စကားကောင်း ပြောဆိုပြီးနောက် ကျိုးဖေ့ကျွင်းက လုပ်အားခရမှတ် မဖြတ်ကြောင်း အတည်ပြုပြီးသည်နှင့် ထျန်းဖန်နှင့် ချောင်မေတို့သည် ကျေနပ်သည့်အကြည့်ဖြင့် အချင်းချင်း ကြည့်လိုက်ကြလေသည်။

သူတို့ နေမကောင်းဖြစ်နေသည်တော့ မဟုတ်ချေ။ ထျန်းဖန်သည် မလာခင် အိမ်တွင် တမင်တကာ အဝတ်လျှော်နေခဲ့ခြင်း ဖြစ်သည်။ ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အဖွဲ့ခေါင်းဆောင် (၁၂) ယောက်ထဲ၌ စိတ်အနုဆုံးဖြစ်သည့် ကျိုးဖေ့ကျွင်းကဲ့သို့ လူမျိုးကို လှည့်စားရသည်မှာ သူမအတွက်တော့ အလွယ်လေးပင်။

ကန်သင်းရိုးပေါ်တွင် ရပ်လျက် ထျန်းဖန်သည် နေရာအနှံ့ ဝေ့ဝဲကြည့်လိုက်ရာ ထောင့်တစ်နေရာတွင် ရှန်မော့အာတစ်ယောက်တည်း ပေါင်းသင်နေသည်ကို တွေ့လိုက်ရသည်။ ချောင်မေက ချက်ချင်း ပြောလိုက်လေသည်။

"အို... အဲဒါ မော့အာ မဟုတ်လား။ ဘေးနားမှာ ဘယ်သူမှမရှိဘဲ တစ်ယောက်တည်းပါလား။ ယောက်မ... ကျွန်မတို့ သူ့ကို အဖော်သွားလုပ်ပေးကြရအောင်"

ထျန်းဖန်က သဘောတူလိုက်သည်။

"ဟုတ်တယ်။ သူ ပိုပြီးနားလို့ရအောင် ငါတို့သွားပြီး နည်းနည်းလောက် ကူညီပေးကြရအောင်။ ကြည့်ပါဦး... ဒီကလေးက ပိန်လိုက်တာ"

သူတို့နှစ်ယောက်သည် ရှန်မော့အာ ရှိရာဘက်သို့ ဦးတည်သွားလိုက်ကြသည်။

သူတို့၏ ကျောပြင်ကိုကြည့်ရင်း ကျိုးဖေ့ကျွင်းသည် သူ့ဘာသာ တွေးနေမိသည်။ ကြီးမားသော ရှန်မိသားစုကြီးထဲတွင် ထျန်းဖန်သည် အကြင်နာတရားအရှိဆုံး ဖြစ်ပုံရပြီး မိခင်ဆုံးပါးသွားရှာသော ဆင်းရဲရှာသည့် ရှန်မော့အာကို ဂရုစိုက်ကြောင်း ပြသနေလေသည်။

အကယ်၍ ကျိုးဖေ့ကျွင်း တွေးနေသည့်အရာကို ရှန်မော့အာသာ သိခဲ့လျှင် သူမသည် သူ့ကို ငတုံးဟု သေချာပေါက် ပြောဆိုမိပေလိမ့်မည်။

ရှန်မိသားစုထဲတွင် လူကောင်းဟူ၍ သိပ်မရှိသော်လည်း ထျန်းဖန်သည် အမှန်တကယ်တော့ သူတို့အားလုံးထဲတွင် ဉာဏ်အများဆုံးနှင့် ကောက်ကျစ်စဉ်းလဲဆုံး ဖြစ်သည်။ စပါးခိုးသည့်ကိစ္စတွင် ချောင်မေက လက်တွေ့လုပ်ဆောင်သူ ဖြစ်သော်လည်း အကြံပေးသူမှာ ထျန်းဖန်ဖြစ်သည်။ ခိုးရာပါပစ္စည်းများကို ဘယ်လိုခွဲဝေကြမလဲဆိုတာ သူတို့ ဆွေးနွေးနေကြသည်ကို မူလခန္ဓာကိုယ်ပိုင်ရှင်က ကြားခဲ့ဖူးလေသည်။

သူတို့ ပြောသလို သူမကို ကူညီရန် လာခြင်းမဟုတ်ကြောင်း သူတို့၏ ရည်ရွယ်ချက်အမှန်ကို ရှန်မော့အာ သိနေသည်။ ထိုသို့ပြုလုပ်မည့်အစား "ရှန်မော့အာ" သည် အလုပ်ကိုသာ အာရုံစိုက်လုပ်မည်ဖြစ်ပြီး နှိပ်စက်ခံရလျှင်ပင် တိုင်တောပြောဆိုမည် မဟုတ်ကြောင်း သိထားကြသဖြင့် သူတို့ အလုပ်ခိုလို့ရအောင် သူမနှင့်အတူ လာလုပ်ကြခြင်းသာ ဖြစ်သည်။

လယ်ကွင်းထဲသို့ ရောက်သည်နှင့် ချောင်မေက စတင်ပြီး ညည်းညူအပြစ်တင်လေတော့သည်။

"နင် အလုပ်လုပ်တာ နှေးလိုက်တာ။ အလုပ်စကတည်းက နင် ဒီလောက်ပဲ ပေါင်းသင်ရသေးတာလား"

ရှန်မော့အာက သူမကို ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောခဲ့ချေ။

ချောင်မေက အံ့သြမသွားခဲ့ပေ။ ရှန်လောင်ချီသည် တုတ်နှင့်ရိုက်လျှင်ပင် တစ်ခွန်းမှဟမည့်သူ မဟုတ်သလို သူ့သမီးသည်လည်း ထိုနည်းလည်းကောင်းပင်။ ဒီနေ့တွင် သူမက မော့ကြည့်လာသေးသည်။ ပုံမှန်ဆိုလျှင် သူမသည် ခေါင်းမော့ရန်ပင် ဝံ့ရဲမည် မဟုတ်ချေ။

အမြဲတမ်း သူတော်ကောင်း ယောင်ဆောင်တတ်သည့် ထျန်းဖန်က ပြုံးကာ ပြောလိုက်၏။

"မော့အာက အားနည်းတော့ အလုပ်အများကြီး မလုပ်နိုင်ရှာပါဘူး။ သူ့ရဲ့ အဒေါ်တွေအနေနဲ့ ငါတို့က နည်းနည်း ပိုလုပ်ပေးသင့်ပါတယ်"

"ရှန်မော့အာ" သည် အားနည်းသော်လည်း သူမသည် အမြဲတမ်း အလုပ်ကြိုးစားခဲ့သည်။ သူမသည် အသန်မာဆုံး လုပ်သားများကဲ့သို့ စွမ်းဆောင်နိုင်ခြင်း မရှိသော်လည်း ပျမ်းမျှအဆင့်တော့ ရှိလေသည်။

သို့သော်ငြားလည်း ရှန်မိသားစုသည် သူမ၏ လုပ်အားကို အမြဲတမ်း ခိုးယူတတ်ကြပြီး ထျန်းဖန်က သူမသည် အလုပ်လုပ်ရန် အလွန်အားနည်းလွန်းသည်ဟု ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ကောလာဟလ ဖြန့်ထားခဲ့သဖြင့် အဖွဲ့ထဲကလူများက ရှန်မော့အာသည် ပင်ပန်းသော အလုပ်များကို မလုပ်နိုင်ဟု အမှန်တကယ် ယုံကြည်ထားကြလေသည်။

ယန်လျိုအဖွဲ့တွင်သာမက အနီးအနားရှိ ရွာများကပါ ရှန်လောင်ချီ၏ သမီးသည် အလွန်အမင်း ဖျားနာတတ်ပြီး အလုပ်မလုပ်နိုင်ကြောင်း သိထားကြသဖြင့် မည်သူကမျှ ဤကဲ့သို့ ဖျားနာတတ်သည့် မိန်းကလေးကို လက်ထပ်လိုကြမည် မဟုတ်ပေ။

လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြသော ဘုံအဖွဲ့ဝင်များသည် ရှန်မော့အာကို လှမ်းကြည့်လိုက်ကြပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိကြ၏။ ဒီကလေးက တကယ်ပဲ သနားစရာကောင်းပြီး လိမ္မာသော်လည်း ကံဆိုးစွာပင် သူမ၏ ကျန်းမာရေး ချို့တဲ့မှုက အရာရာကို ခက်ခဲနေစေသည်။

ကျေးလက်ဒေသတွင် လူများသည် ဘဝရပ်တည်ရန်အတွက် ကိုယ်ပိုင်ခွန်အားအပေါ်တွင်သာ မှီခိုကြရသည်။ သန်မာသော ခန္ဓာကိုယ်မရှိဘဲ မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။

တကယ်တော့ ထျန်းဖန်နှင့် ချောင်မေတို့သည် ရှန်မော့အာကို ကူညီရန် ရောက်လာခြင်း မဟုတ်ကြပေ။ ခဏလောက် အလုပ်လုပ်ပြီးနောက် ချောင်မေသည် ရှန်မော့အာ နုတ်ထားပြီးသား ပေါင်းမြက်များကို သူမဘက်သို့ စတင်ယူငင်ကာ ထျန်းဖန်ကိုပါ ခွဲဝေပေးလိုက်လေသည်။ ထျန်းဖန်က သူမကို ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ချေ။

ရှန်မော့အာသည် သစ်တုံးတစ်တုံး မဟုတ်ချေ။ သူတို့ ဘာလုပ်နေကြသလဲဆိုတာ သူမ ဘယ်လိုလုပ်ပြီး မသိဘဲနေမည်နည်း။

ထျန်းဖန်နှင့် ချောင်မေတို့သည် သူမ မသိအောင် ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု မထင်ထားကြသော်လည်း သူမသည် မတရားအလုပ်ခံရသည်ကို သိနေလျှင်ပင် ကြောက်လွန်းသဖြင့် ထုတ်ပြောရဲမည် မဟုတ်ကြောင်း သူတို့ ယုံကြည်မှုရှိကြသည်။

ရှန်မော့အာသည် သူမ၏နေရာကို တိတ်တဆိတ် လှမ်းကြည့်လိုက်ပြီး ချွေးသုတ်ရန် သူမ၏လက်ကို မြှောက်လိုက်ကာ ရုတ်တရက် ယိမ်းယိုင်သွားတော့သည်။ နှစ်စက္ကန့် သုံးစက္ကန့်ခန့် ယိုင်နဲ့နေပြီးနောက် သူမသည် "ဘုန်း" ခနဲ မြေကြီးပေါ်သို့ လဲကျသွားလေသည်။

လဲကျသွားသည့် အခိုက်အတန့်တွင် သူမသည် အားနည်းသောအသံဖြင့် တိုးတိုးလေး လှမ်းခေါ်လိုက်လေသည်။

"အဖေ..."

လယ်ကွင်းထဲက လူများ ဘာမှမတုံ့ပြန်နိုင်သေးခင်မှာပင် ရှန်ရှောက်ယွမ်သည် လမ်းတဖက်ခြမ်းမှနေ၍ အော်ဟစ်ကာ ပြေးဆင်းလာခဲ့သည်။

"မော့အာ... ငါ့ရဲ့ မော့အာ..."

"ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ"

"ဒုက္ခပါပဲ။ ရှန်လောင်ချီရဲ့ မော့အာ သတိလစ်သွားပြီ"

"ဘုရားရေ... အပူရှပ်တာလား၊ ရောဂါလား။ မြန်မြန်... ပထမအဖွဲ့က ခြေကြွဆရာဝန် လောင်လျိုကို သွားခေါ်ကြစမ်း"

ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး တစ်ယောက်ယောက်က ဆရာဝန်ကို သွားခေါ်ရန် ပထမကုန်ထုတ်လုပ်ရေးအဖွဲ့၏ လယ်ကွင်းဆီသို့ ပြေးထွက်သွားလေသည်။

"ဆရာဝန် သွားခေါ်စရာ မလိုပါဘူး။ သူ့ရဲ့ နှာခေါင်းအောက်ကို ဆွဲဖျစ်လိုက်ရင် သတိရလာမှာပါ" ချောင်မေက ပြောရင်း လက်လှမ်းလိုက်သည်။ သို့သော် ရှန်ရှောက်ယွမ်က သူမကို ဆွဲဖယ်ပစ်လိုက်သဖြင့် သူမမှာ ဖင်ထိုင်လျက် လဲကျသွားလေသည်။

"လောင်ချီ ရှင် ဘာလို့ ကျွန်မကို တွန်းတာလဲ" ဟု သူမက ဒေါသတကြီး မေးလိုက်သည်။

ရှန်ရှောက်ယွမ်သည် သူမကို လုံးဝလျစ်လျူရှုထားလိုက်ပြီး ရှန်မော့အာကို ပွေ့ဖက်ကာ ငိုကြွေးလိုက်လေသည်။

"မော့အာ သမီး ဘာဖြစ်သွားတာလဲ။ သမီးက အဖေ့ရဲ့ တစ်ဦးတည်းသော သမီးလေ။ တကယ်လို့ သမီးတစ်ခုခု ဖြစ်သွားရင် အဖေ ဘာဆက်လုပ်ရမှာလဲ..."

ဘေးနားက လူများ: "..."

ကျိုးဖေ့ကျွင်းလည်း ရောက်လာခဲ့သည်။ "အရမ်းကြီး စိုးရိမ်စရာ မရှိလောက်ပါဘူး။ အပူရှပ်သွားတာ ဖြစ်လောက်တယ်။ လောင်လျိုလည်း မကြာခင် ရောက်လာတော့မှာမို့ စိတ်မပူပါနဲ့"

ရှန်ရှောက်ယွမ်က ဆက်လက် ငိုကြွေးမြည်တမ်းနေသဖြင့် အနီးနားရှိ တစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။ "ရှန်လောင်ချီက ဘယ်တုန်းက ငိုတာ ဒီလောက်တော်သွားတာလဲ။ အရင်က သတိမထားမိပါဘူး"

နောက်တစ်ယောက်က ထပ်ပြောလိုက်သည်။ "သူ့မှာ ဒီသမီးတစ်ယောက်ပဲ ရှိတာလေ။ သေချာပေါက် စိတ်ပူမှာပေါ့။ လူတွေက စိတ်ပျက်အားငယ်လာရင် ဘာမဆို လုပ်တတ်ကြတာပဲ"

ရှန်ရှောက်ယွမ်u သရုပ်ဆောင် လွန်သွားမည်ကို စိုးရိမ်သဖြင့် "လောင်လျို ရောက်လာပြီ" ဟူသော အော်သံကို ကြားလိုက်ရသည့်အချိန်တွင် ရှန်မော့အာက အားနည်းစွာဖြင့် မျက်လုံးဖွင့်လိုက်ပြီး ပြောလိုက်avသည်။

"အဖေ... သမီး အဆင်ပြေပါတယ်..."

သူမ နိုးလာသည်ကို မြင်လိုက်ရသောအခါ ဘုံအဖွဲ့ဝင်များသည် သက်ပြင်းချကာ စိတ်အေးသွားကြသည်။

"တော်ပါသေးရဲ့။ သူ သတိရလာပြီ"

ရှန်ရှောက်ယွမ်က ထပ်ပြီး ငိုပြန်တော့သည်။ "မော့အာ သမီးက အဖေ့ကို တကယ် လန့်သေအောင် လုပ်တာပဲ..."

ရှန်မော့အာသည် သူ့လက်မောင်းကို ကိုင်တွယ်ထားရင်း အားနည်းစွာဖြင့် ထရန် ကြိုးစားလိုက်သည်။

"အဖေ... သမီး အခု အဆင်ပြေသွားပါပြီ။ သမီး အလုပ်ဆက်လုပ်နိုင်ပါတယ်။ သမီးက အလုပ်နည်းနည်းလေးပဲ လုပ်ရသေးတာလေ။ ဘယ်လိုလုပ်ပြီး ရပ်နားလို့ရမှာလဲ။ သမီး ပိုပြီး လုပ်နိုင်ပါသေးတယ်..."

သူမ၏ စကားများက လူတိုင်း၏ အာရုံကို သူမ စုဆောင်းထားသည့် ပေါင်းမြက်ပုံအကြီးကြီးဆီသို့ ရောက်သွားစေခဲ့သည်။

"အို... ဒါက အလုပ်နည်းနည်းလေး လုပ်ထားတာ မဟုတ်ဘူး။ သူက ဒီလောက်အချိန်တိုတိုလေးအတွင်းမှာ အများကြီး လုပ်ထားတာပဲ။ အံ့သြစရာပဲ"

"မော့အာက ဒီလောက်ထိ အလုပ်လုပ်နိုင်မယ်လို့ ဘယ်သူက ထင်မှာလဲ"

ဘေးမှကြည့်နေသူများမှာ အထင်ကြီးလေးစားသွားကြသည်။ ရှန်လောင်ချီ၏ သမီးသည် အလုပ်လုပ်ရန် အလွန်အားနည်းသည်ဟု သူတို့အားလုံး ထင်ထားခဲ့ကြသော်လည်း ယခုတော့ ထိုသို့မဟုတ်ပုံရသည်။

ဘေးမှကြည့်နေသော ထျန်းဖန်နှင့် ချောင်မေတို့မှာ ကြောင်အသွားကြ\။ ထိုပေါင်းမြက်ပုံက သူတို့၏လုပ်အားဖြစ်သည်မှာ အသိသာကြီးပင်။ ရှန်မော့အာ၏ အလုပ်ထဲမှ အများကြီး ယူထားခြင်း ဖြစ်သော်လည်း သူတို့လည်း ပါဝင်လုပ်ကိုင်ထားသည်ပင်။

သို့သော်ငြားလည်း ယခုအချိန်တွင် ရှန်မော့အာက ထိုပုံပေါ်တွင် သတိလစ်သွားခဲ့သဖြင့် ထိုပေါင်းမြက်များကို သူတို့ပိုင်ကြောင်း ပြောဆိုရန် မဖြစ်နိုင်တော့ပေ။ ပြောခဲ့လျှင်ပင် မည်သူကမှ သူတို့ကို ယုံကြည်ကြမည် မဟုတ်ချေ။

ချောင်မေက ပါးစပ်ဟလိုက်သော်လည်း ထျန်းဖန်က သူမကို ဆွဲလိုက်သဖြင့် သူမမှာ မကျေမနပ်ဖြင့် ပြန်ပိတ်လိုက်ရလေသည်။

ထိုအချိန်တွင် ဒေါက်တာလျို ရောက်ရှိလာပြီး ရှန်မော့အာကို စစ်ဆေးကြည့်ရှုလိုက်ကာ သူတို့၏ ပြောစကားများကို အခြေခံ၍ သူမသည် အအေးမိသွားခြင်းဖြစ်သော်လည်း အဓိကအကြောင်းရင်းမှာ ဆာလောင်ငတ်မွတ်မှုကြောင့်ဖြစ်ကြောင်း ကောက်ချက်ချလိုက်လေသည်။

ကြည့်ရှုနေသူများက သက်ပြင်းချလိုက်ကြ၏။ လတ်တလော နှစ်များအတွင်း ပြင်ပလောကရှိ ဖရိုဖရဲအခြေအနေများနှင့် အဖွဲ့၏ စိုက်ပျိုးရေးထုတ်လုပ်မှုအပေါ် သက်ရောက်မှုများကြောင့် ကောက်ပဲသီးနှံ ထွက်နှုန်းမှာ နည်းပါးခဲ့သည်။ နိုင်ငံတော် ခွဲတမ်းကို ပေးသွင်းပြီးနောက် အဖွဲ့တွင် အလွန်နည်းပါးသော ပမာဏသာ ကျန်ရှိတော့သည်။ အိမ်ထောင်စုတိုင်းလိုလိုသည် ဝလင်အောင်စားသောက်နိုင်ရန် ရုန်းကန်နေကြရသည်။

သို့တိုင်အောင် တချို့လူများက သူတို့ ဆာလောင်ကောင်း ဆာလောင်နိုင်သော်လည်း ဒီလောက်ထိ မဆိုးဝါးသင့်ဟု တွေးမိကြသည်။ သားအဖနှစ်ယောက်လုံးက အလုပ်ကြိုးစားကြပြီး ရိုးသားကြသည် မဟုတ်ပါလား။ သူတို့တွင် တခြား ဝန်ထုပ်ဝန်ပိုးလည်း မရှိသဖြင့် သူတို့၏ အခြေအနေမှာ ဒီလောက်ထိ မဆိုးရွားသင့်ပေ။

ထို့နောက်တွင် သူတို့သည် ရှန်မော့အာက သူမ၏ ခန္ဓာကိုယ်လေး တုန်ယင်လျက် မတ်တတ်ရပ်ကာ ထျန်းဖန်နှင့် ချောင်မေတို့ကို ဆွဲလိုက်သည်ကို တွေ့လိုက်ရသည်။ သူမက ရှိုက်ကြီးတငင် ငိုကြွေးကာ အော်ပြောလိုက်လေသည်။

"အဒေါ် ၂၊ အဒေါ် ၃... ကျွန်မတို့ဆီက ချေးသွားတဲ့ စပါးတွေကို ပြန်ပေးလို့ ရမလားဟင်။ ကျွန်မနဲ့ အဖေက ကပ်စေးနည်းနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့မှာ စားစရာပြတ်နေတာ ရက်အတော်ကြာနေပါပြီ။ ဒီအတိုင်းသာ ဆက်သွားရင် သမီးတို့ တကယ်ကြီး ငတ်သေရတော့မယ်"

"တကယ်လို့ တခြားနည်းလမ်းသာ ရှိမယ်ဆိုရင် ကျွန်မ အဒေါ်တို့ကို တောင်းဆိုရဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မ အရမ်းဗိုက်ဆာနေပြီ။ ဒီပုံစံနဲ့ဆိုရင် အလုပ်ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မ အဖွဲ့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ပါဘူး... အဟင့်... ဟင့်..."

ထျန်းဖန်နှင့် ချောင်မေတို့မှာ စကားမပြောနိုင်ဘဲ ဆွံ့အသွားကြလေတော့သည်။

...

All Chapters