← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အပိုင်း (၃) 'ရိုးသားပါတယ်' ဆိုတဲ့ သားအဖနှစ်ယောက်ကို ကြည့်ကြပါဦး...

ရောက်ရှိနေသူများက ချောင်မေနှင့် ထျန်းဖန်ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

"စပါးဂျုံ ရှားတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ၅၈၊ ၅၉ ခုနှစ် ငတ်မွတ်ခေါင်းပါးတဲ့ ကာလတွေထက်တော့ အများကြီး သာပါသေးတယ်။ သူတို့က ဘယ်လိုလုပ် ဒီလောက်ထိ ငတ်နေရတာလဲ။ အိမ်မှာ စားစရာပြတ်နေတာ ရက်အတော်ကြာနေလို့ သူများဆီကနေ စပါးချေးစားနေရတာကိုး... ရက်ပေါင်းများစွာ အစာမစားရရင်တော့ ငတ်မှာပေါ့”

"ဒါပေမဲ့ ဘယ်အိမ်မှာမှ ပိုနေတဲ့ စပါး မရှိပါဘူး။ သူများဆီကနေ ဘယ်လိုလုပ် ချေးလို့ရမှာလဲ။ တကယ်လို့ ချေးချင်ရင် တပ်ဖွဲ့ရုံးကို သွားသင့်တာပေါ့။ စပါးခွဲဝေတဲ့အခါကျမှ ပြန်နှုတ်ပေါ့။ သူတို့ စားစရာပြတ်သွားတဲ့အထိ ချေးပေးနေတာကတော့ လုံးဝ မှားနေပြီ”

"တော်စမ်းပါ။ ဒါက ချေးတာမဟုတ်ဘူး။ ပေါ်တင်ဓားပြတိုက်တာပဲ”

"ချောင်မေ ဒီလိုလုပ်တာကို ငါ မအံ့ဩပါဘူး။ ဒါပေမဲ့ ထျန်းဖန်ကရော... သူ ဒီလိုလုပ်မယ်လို့ ငါ မထင်ထားဘူး”

"သူက အပြောပဲရှိပြီး လက်တွေ့မလုပ်ဘူးလို့ နင့်ကို ငါပြောသားပဲ။ နင်မှ မယုံတာ”

လယ်ကွင်းထဲတွင် အလုပ်လုပ်နေသူ အများစုမှာ သက်ကြီးရွယ်အိုများနှင့် ကလေးများ ဖြစ်ကြ၏။ တိတိကျကျ ပြောရလျှင် ကလေးများမှလွဲ၍ အများစုမှာ သက်လတ်ပိုင်း အမျိုးသမီးများ ဖြစ်ကြသည်။ ထိုအမျိုးသမီးများသည် ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူများအဖြစ် နာမည်ကြီးပြီး အထူးသဖြင့် သူတို့ထဲမှ တချို့သည် ချောင်မေ၊ ထျန်းဖန်တို့နှင့် ဟိုးအရင်ကတည်းက မကျေလည်မှုများ ရှိခဲ့ဖူးသူများ ဖြစ်ကြပြီး တီးတိုးပြောဆိုလာကြတော့သည်။

ချောင်မေက ဒေါသတကြီး ထအော်လေသည်။ "နင်တို့ ဘာတွေ လျှောက်ပြောနေတာလဲ။ ငါက စပါးပြန်မပေးဘူးလို့ ဘယ်တုန်းက ပြောလို့လဲ။ ဒါက ဘယ်လိုလုပ် ဓားပြတိုက်တာ ဖြစ်ရမှာလဲ။ ပြီးတော့ ငါက သူတို့ဆီက ချေးတာ။ နင်တို့ဆီက ချေးတာမဟုတ်ဘူး။ နင်တို့က ဘာကိစ္စ ဝင်ပါနေရတာလဲ”

ရှန်မော့အာကို ဘေးသို့ တွန်းထုတ်လိုက်ရင်း သူမက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုလိုက်သည်။ "ငါတို့အိမ်မှာ လူများတော့ စားစရာမလောက်ဘူးလေ။ နင်တို့အိမ်မှာက လူနည်းပြီး ဝန်ထုပ်ဝန်ပိုး သိပ်မရှိဘူးမလား။ ဆွေမျိုးအချင်းချင်းပဲဟာ... စပါးနည်းနည်း ချေးတာ ဘာများ အရေးကြီးလို့လဲ”

အခြားသူများမှာ သူမ၏ အရှက်မဲ့မှုကြောင့် အံ့အားသင့်သွားကြသည်။ အမြဲကူညီတတ်သော အဒေါ်ချန်က ချက်ချင်းပင် ဝင်ပြောလိုက်သည်။ "ရှင်တို့အိမ်မှာ စားစရာလိုနေရင် ဘာလို့ တောဟင်းရွက်တွေ၊ သစ်ဥသစ်ဖုတွေ သွားမတူးကြတာလဲ”

ချောင်မေ တွန်းလိုက်သဖြင့် ရှန်မော့အာသည် ယိုင်လဲသွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျကာ အော်ဟစ်ငိုယိုလေတော့သည်။ "ဒါပေမဲ့ ကျွန်မက စပါး မချေးပေးချင်ပါဘူး။ အဖေ အိမ်မှာမရှိတုန်း ရှင်တို့က အစားအသောက်တွေအကုန် ယူသွားကြတာလေ။ ကျွန်မတို့အတွက် အာလူးတစ်လုံးတောင် မချန်ခဲ့ဘူး... ကျွန်မ တောဟင်းရွက်တွေ တူးခဲ့ပေမဲ့ ဗိုက်မဝပါဘူး။ ကျွန်မ ငတ်သေမှာ ကြောက်တယ်..."

ရှန်ရှောက်ယွမ်သည် သမီးဖြစ်သူကို ပွေ့ဖက်ထားရင်း ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲလာလေသည်။ "မရီး... ခင်ဗျားက ကျွန်တော် အိမ်မှာမရှိတုန်း စပါးတွေအကုန် ယူသွားတယ်။ အခု မော့အာက ဒီလိုဖြစ်နေတာတောင် ခင်ဗျားက ဆူငေါက်ပြီး တွန်းထိုးနေသေးတယ်။ ခင်ဗျား တော်တော်လွန်တာပဲ။ ကျွန်တော်တို့ကို သေအောင် သတ်ချင်နေတာလား”

ထိုအခါမှ လူတိုင်း သဘောပေါက်သွားကြသည်။ ရှန်လောင်ချီ အိမ်တွင်မရှိခိုက် ချောင်မေက စပါးများအားလုံးကို ယူသွားခဲ့ပုံရသည်။

ရှန်သားအဖနှစ်ယောက်လုံးမှာ ကြောက်တတ်သူများဖြစ်ပြီး စပါးပြန်တောင်းရဲမည် မဟုတ်ပေ။ တောင်းလျှင်လည်း ချောင်မေက ပြန်ပေးလိမ့်မည် မဟုတ်ချေ။ သူမသည် ထိုသို့ လုပ်ရဲသူဖြစ်သည်ဟု လူတိုင်းက ယူဆထားကြ၏။

လုပ်အားပြည့်ဝသူ နှစ်ဦးရှိပြီး အခြားဝန်ထုပ်ဝန်ပိုးမရှိသော ရှန်မိသားစုသည် ဖူလုံသင့်ပေသည်။ တပ်ဖွဲ့ရုံးထံမှ စပါးချေးရန် ရှက်ကြောက်နေသဖြင့် အစာပြတ်လပ်သွားခြင်း ဖြစ်နိုင်သည်။

အကယ်၍ ရှန်မော့အာသာ အစာငတ်ပြီး မူးမလဲခဲ့ပါက သူတို့သည် ဤကိစ္စကို ထုတ်ပြောလာကြလိမ့်မည် မဟုတ်ပေ။

အခြေအနေကို နားလည်သွားကြသောအခါ လူတို့သည် ချောင်မေကို ပို၍ ရွံရှာစက်ဆုပ်စွာ ကြည့်လိုက်ကြသည်။ မည်သို့သောလူကများ ဤသို့ လုပ်ရက်ပါသနည်း။

ကျိုးဖေ့ကျွင်းလည်း ဒေါသထွက်သွားလေသည်။ "အဒေါ်ချောင်... သူတို့က စပါးမချေးချင်တာ သိသာနေတာကို အဒေါ်က ယူသွားတယ်လေ။ ဒါ ဓားပြတိုက်တာ မဟုတ်ဘူးလား။ ကျွန်တော့်ကို မျက်လုံးပြူးမကြည့်နဲ့။ အဒေါ် သဘောမတူရင် ရဲစခန်းကို ဖုန်းဆက်လိုက်မယ်။ အဒေါ်လုပ်တာ မှန်မမှန်၊ ဒါမှမဟုတ် အချုပ်ထဲမှာ ရက်အနည်းငယ်လောက် နေသင့်မနေသင့်ဆိုတာ သူတို့ကို ဆုံးဖြတ်ခိုင်းလိုက်ကြတာပေါ့”

ကျိုးဖေ့ကျွင်းကို စိုက်ကြည့်နေသော ချောင်မေသည် ရဲဆိုသောစကား ကြားသည်နှင့် ချက်ချင်း မျက်နှာငယ်သွားရှာသည်။ "ဒါက ကိစ္စသေးလေးပါ၊ ဘာလို့ ရဲကို ဆွဲထည့်ရမှာလဲ”

သူမသည် သူမမှားသည်ဟု မထင်သော်လည်း ကျိုးဖေ့ကျွင်း၏ ယောက်ဖမှာ ရဲအရာရှိတစ်ဦးဖြစ်ကြောင်း သိထားသည်။ ကျိုးဖေ့ကျွင်းက သူ့ယောက်ဖကို ပြောပြီး သူမအား လာဖမ်းခိုင်းမည်ကို ကြောက်ရွံ့နေမိသည်။

ကျိုးဖေ့ကျွင်းက တကယ်တမ်း ရဲခေါ်ရန် ရည်ရွယ်ချက်မရှိပေ။ ချောင်မေ လုပ်ရပ်မှာ မှားယွင်းသော်လည်း တောရွာဓလေ့အရ ကိစ္စများကို တပ်ဖွဲ့အတွင်း၌သာ ဖြေရှင်းလိုကြသည်။ အကယ်၍ ပြင်ပသို့ ပေါက်ကြားသွားပါက တစ်ရွာလုံး အရှက်ရစေလိမ့်မည်။

သူက အော်ပြောလိုက်၏။ "ဒါဆို သူတို့စပါးတွေကို မြန်မြန်ပြန်ပေးလိုက်”

ယူထားပြီးသော စပါးများကို ပြန်ပေးရမည်မှာ ချောင်မေ မလိုလားသော ကိစ္စပင်။ ထို့အပြင် သူမယူထားသော စပါးများမှာ သူမ ပိုင်မဟုတ်သည့်အပြင် သူမ၏မိသားစုမှာ ရက်အတော်ကြာ ကောင်းကောင်းမွန်မွန် စားသောက်ထားသဖြင့် ကုန်သလောက် ရှိနေလေပြီ။

ချောင်မေက မကျေမနပ်ဖြင့် ပြောလိုက်၏။ "အိမ်မှာ စပါး မကျန်တော့ဘူး။ အကုန် စားလိုက်ပြီ”

ရှန်မော့အာက "တိုးညှင်းစွာ" ရှိုက်ငိုလိုက်ကာ "စပါး ၄၀ ကျင်းနဲ့ အာလူး ၂၀ ကျင်းကျော်တောင် ရှိတာကို... ဘယ်လိုလုပ် အကုန်ကုန်သွားရတာလဲ။ အီးဟီး... ဟီး..."

အခြားသူများမှာ အံ့သြတကြီး ဖြစ်သွားကြသည်။ စပါးနှင့် အာလူး စုစုပေါင်း ၆၀ ကျင်းကျော် ရှိသည်။ ပမာဏက မနည်းလှပေ။

သူတို့သည် ချောင်မေကို ပို၍ပင် အထင်သေးသွားကြတော့သည်။ အရေးပေါ်မို့ ချေးသည်ဆိုလျှင်တောင် အများဆုံး ၁ ကျင်း၊ ၂ ကျင်းလောက်သာ ချေးသင့်သည်။ ဤမျှလောက် အများကြီး ယူသွားခြင်းမှာ ဓားပြတိုက်ရန် ရည်ရွယ်ချက်ရှိသည်မှာ ထင်ရှားနေသည်။ ဘယ်လိုလူမျိုးက ဤသို့ လုပ်ရက်ပါသနည်း။

ကျိုးဖေ့ကျွင်းက တဲ့တိုးပင် ပြောလိုက်၏။ "ခင်ဗျားတို့အိမ်မှာ စပါးကုန်သွားပြီဆိုတာ ကျွန်တော် မယုံဘူး။ အခုပဲ သွားစစ်ဆေးကြည့်ရအောင်။ ကျွန်တော်တို့အားလုံး လိုက်ကြည့်ကြမယ်”

ဤကိစ္စမှာ ကြီးလေးသည်။ အကယ်၍ ရှန်လောင်ချီနှင့် သူ့သမီး တစ်စုံတစ်ခု ဖြစ်သွားပါက ယန်လျို တပ်ဖွဲ့တစ်ခုလုံး နာမည်ပျက်သွားနိုင်သည်။

ကျိုးဖေ့ကျွင်းသည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး စကားဆုံးသည်နှင့် ရှန်လောင်စန်း၏ အိမ်သို့ ဦးတည်သွားလေတော့သည်။

ချောင်မေသည် လမ်းလျှောက်ရင်း အော်ပြောကာ အလျင်အမြန် လိုက်သွားလေသည်။ "ကောင်းပြီလေ... ကောင်းပြီ... ကောင်းပြီ... အိမ်မှာ စပါးနည်းနည်းတော့ ကျန်ပါသေးတယ်။ ဒါပေမဲ့ ငါတစ်ယောက်တည်း သူတို့စပါးတွေအကုန် ယူသွားတာ မဟုတ်ပါဘူး။ ထျန်းဖန်နဲ့ ငါတို့နှစ်အိမ် ခွဲယူခဲ့ကြတာ။ ဘယ်လိုလုပ် ငါတစ်ယောက်တည်း အကုန်ပြန်လျော်ခိုင်းလို့ ရမှာလဲ”

ထျန်းဖန်သည် အစောပိုင်းကတည်းက လူမသိသူမသိ လွတ်မြောက်သွားရန် ကြိုးစားရင်း တိတ်ဆိတ်နေခဲ့သည်။ သို့သော် ချောင်မေ အော်ပြောလိုက်သောအခါ သူမမှာ စိတ်အနှောင့်အယှက် ဖြစ်သွားပြီး သူမ၏ မိသားစုလည်း ရှောင်လွှဲ၍ မရတော့ကြောင်း သဘောပေါက်လိုက်တော့သည်။ သူမသည် အမြန်လိုက်သွားပြီး ရှင်းပြရတော့၏။ "လောင်ချောင်က ကျွန်မတို့ကို တကယ် စပါးနည်းနည်း ပေးခဲ့ပါတယ်။ ကျွန်မ မထိရသေးပါဘူး။ အခုပဲ သွားယူလိုက်ပါ့မယ်”

ထျန်းဖန်၏ စကားများတွင် တစ်စုံတစ်ခု လွဲမှားနေကြောင်း ချောင်မေ စိတ်ထဲ ထင့်နေသော်လည်း စပါးယူကာ ခွဲဝေပေးသူမှာ သူမဖြစ်နေသဖြင့် ငြင်းချက်ထုတ်စရာ စကားမရှိ ဖြစ်နေသည်။ အခြားသူများက သူမကိုသာ ဆူပူကြိမ်းမောင်းနေပြီး ထျန်းဖန်ကို အပြစ်မတင်ကြသည့်အပြင် ထျန်းဖန်ကလည်း သူမဘက်က ဝင်မပြောပေးသဖြင့် ချောင်မေသည် ထျန်းဖန်ကို ဒေါသတကြီး စိုက်ကြည့်နေလေ၏။ သို့သော် ထျန်းဖန်က မသိချင်ယောင် ဆောင်နေလေသည်။

အခြားသူများလည်း လိုက်ပါလာကြပြီး ထိုစကားကို ကြားသောအခါ လူအများစုက ထျန်းဖန်သည် ချောင်မေ ဝေမျှပေးသော စပါးကို အမှတ်တမဲ့ လက်ခံလိုက်မိသည်ဟု ထင်မြင်သွားကြတော့သည်။ သူတို့သည် ချောင်မေကို ပို၍ပင် အထင်သေးသွားကြပြီး စပါးခိုးယူကာ သူတစ်ပါးကို မျက်နှာလိုမျက်နှာရ လုပ်သည်မှာ တကယ်ပင် အရှက်မဲ့လှသည်ဟု တွေးကြလေသည်။

အဒေါ်ချန်က ရှန်ရှောက်ယွမ်နှင့်အတူ ရှန်မော့အာကို ကူတွဲပေးရင်း တီးတိုးရေရွတ်လိုက်၏။ "အဲဒီ ထျန်းမိသားစုက ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းနေအောင် ဘယ်လိုခွာထုတ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်။ အစကတည်းက ယုတ်မာတဲ့ အကြံဉာဏ်ပေးတာ သူပဲ ဖြစ်နေရင်လည်း အံ့သြစရာ မဟုတ်ဘူး”

ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အဒေါ်ချန်သည် ရွာထဲတွင် အမှန်တကယ် ရှင်းရှင်းလင်းလင်း မြင်တတ်သူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်ဟု တွေးလိုက်မိကြသည်။ ထျန်းဖန်သည် နှုတ်ချိုသလောက် စိတ်ခါးသူဖြစ်သည်။ ထိုယုတ်မာသော အကြံဉာဏ်ကို ထုတ်ခဲ့သူမှာ သူမပင် မဟုတ်ပါလား။

လူအုပ်ကြီးသည် ရွာအဝင်ဝမှ ရွာထဲသို့ ဝင်ရောက်လာကြသည်။ ၁၀ မိနစ်ခန့် ကြာပြီးနောက် သူတို့ လိုရာခရီးသို့ ရောက်ရှိလာကြ၏။

ရှန်လောင်တာ့၊ ရှန်လောင်အာ့၊ ရှန်‌လောင်စန်းနှင့် ရှန်လောင်ချီဟူသော ရှန်ညီအစ်ကို ၄ ဦးသည် ယခင်က အတူနေထိုင်ခဲ့ကြသည်။ အစ်ကိုကြီး ၃ ယောက်သည် ဖခင်ဖြစ်သူ သက်ရှိထင်ရှား ရှိစဉ်က ဆောက်လုပ်ခဲ့သော အပြာရောင်အုတ်ကြွပ်မိုး အိမ်တန်းတွင် နေထိုင်ဆဲဖြစ်သည်။

ဖခင် မကွယ်လွန်မီက အိမ်များကို သားများအတွက် ခွဲဝေပေးခဲ့သည်။ ရှန်လောင်ချီလည်း ဝေစုရရှိခဲ့သည်။ သို့သော် ထိုအချိန်က သူသည် အိမ်ထောင်မကျသေးချေ။ သူ့ထက် အသက်ကြီးသော တူများမှာ အိမ်ထောင်ပြုရန်အတွက် နေအိမ်ကျဉ်းကျပ်လွန်းသဖြင့် ရှန်လောင်ချီ၏ အိမ်ဝေစုကို "ငှား" ခဲ့ကြသည်။

ရှန်လောင်ချီ အိမ်ထောင်ကျသောအခါ တူများက အိမ်ကို ပြန်ပေးရန် ကမ်းလှမ်းခြင်း မရှိကြပေ။ ထို့အစား သူတို့သည် ပိုက်ဆံအနည်းငယ် စုပေါင်းပြီး ရွာမှ သိမ်းဆည်းထားသော ဂိုဒေါင်ခန်းတစ်ခုကို ဝယ်ယူကာ အကြမ်းဖျင်း ပြုပြင်မွမ်းမံပြီး ရှန်လောင်ချီအား အိမ်ဖိုးအစား ပြန်ပေးခဲ့ကြသည်။

မှန်းဆကြည့်နိုင်သည့်အတိုင်း ဂိုဒေါင်ခန်းဆိုသည်မှာ မည်မျှ ခိုင်ခံ့နိုင်ပါမည်နည်း။

နှစ်များစွာကြာလာသည်နှင့်အမျှ ရွာထဲရှိ လူများသည် ရှန်လောင်ချီ၏အိမ်မှာ လေဝင်ပြီး မိုးယိုနေကြောင်း မကြာခဏ ကြားသိခဲ့ရသည်။

ယခု ခိုင်ခံ့သော အပြာရောင် အုတ်အိမ်တန်းကို မြင်လိုက်ရသောအခါ လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြသည်။ ရှန်မိသားစုတွင် ပစ္စည်းငှားပြီး ပြန်မပေးတတ်သော ရာဇဝင် ရှိနေသည်ပဲ။

ရှန်လောင်ချီ၏ မိသားစုမှာ ယခင်ကတည်းက အနှိမ်ခံရကြောင်း လူတိုင်း သိကြသော်လည်း ၎င်းမှာ မိသားစုကိစ္စဖြစ်ပြီး ရှန်လောင်ချီကိုယ်တိုင်က မညည်းညူသောကြောင့် မည်သူမျှ ဝင်မကူညီနိုင်ခဲ့ကြပေ။

သို့သော် ယနေ့မှာမူ ကွဲပြားနေသည်။ မော့အာသည် ငတ်မွတ်၍ သတိလစ်သွားခဲ့ပြီး သားအဖနှစ်ယောက်က အရာအားလုံးကို ဖွင့်ချလိုက်ပြီ။ ခေါင်းဆောင် ကျိုးဖေ့ကျွင်း ကိုယ်တိုင် ဦးဆောင်နေသဖြင့် တစ်ရွာတည်းသားများအနေနှင့် သူတို့ မဖြစ်မနေ ကူညီရပေလိမ့်မည်။

စိတ်အားထက်သန်သော အဒေါ်ကြီးတချို့သည် ချောင်မေနှင့် ထျန်းဖန်တို့နောက်သို့ လိုက်ပါကာ အိမ်မကြီးထဲသို့ ဝင်သွားပြီး ထိုနှစ်ယောက် စပါးထုတ်ပေးသည်ကို ကြီးကြပ်ပေးကြလေသည်။

ထျန်းဖန်၏ မိသားစုမှာ စပါးများကို မထိရသေးသော်လည်း အာလူး အနည်းငယ်သာ ကျန်တော့သည်။ ချောင်မေ၏ အိမ်တွင်မူ အာလူးများ ကုန်စင်နေပြီဖြစ်ပြီး စပါးမှာလည်း အလွန်နည်းပါးစွာသာ ကျန်ရှိတော့၏။

ထျန်းဖန်က သက်ပြင်းချလိုက်ကာ "ကျွန်မအိမ်မှာ လူတွေများတယ်လေ။ ကလေးတွေကလည်း အစားစားတဲ့ အရွယ်တွေဆိုတော့... ကိုယ်တိုင် ငတ်ရင်တောင် မော့အာကိုတော့ အငတ်မခံနိုင်ပါဘူးရှင်”

ချောင်မေကမူ ကျိန်ဆဲလေတော့သည်။ "အကုန် ယူသွားလိုက်။ နင်တို့နှစ်ယောက် ဗိုက်ဝပြီဆိုရင် ငါတို့ ငတ်နေလည်း ဂရုမစိုက်နဲ့။ တောက်... နင်တို့အားလုံး ကျေးဇူးကန်းတဲ့ဟာတွေ”

သူတို့ ပြောသောစကားများမှာ အနှစ်သာရအားဖြင့် အတူတူပင်။ သားအဖနှစ်ယောက်က စပါးများ ယူဆောင်သွားပြီး သူတို့မိသားစုများ ငတ်မွတ်မည်ကို ဂရုမစိုက်ဟု စွပ်စွဲနေခြင်း ဖြစ်လေသည်။

ရှန်မော့အာသည် ရှန်ရှောက်ယွမ်ကို "အားနည်းစွာ" မှီတွယ်ရင်း မေးလိုက်သည်။ "အဖေ... ဒီနေ့ အဖွဲ့က စပါးဝေမှာမလား။ ဦးလေး၂နဲ့ ဦးလေး၃တို့ မိသားစုတွေက ကျွန်မတို့လို ငတ်မှာ မဟုတ်ဘူးနော်”

ရှန်ရှောက်ယွမ်သည် မျက်ရည်များ ဝဲတက်လာပြီး အသံတိမ်ဝင်သွားကာ "သူတို့အတွက် စိတ်မပူပါနဲ့။ သမီးရဲ့ ဝမ်းကွဲတွေက အလုပ်လုပ်နိုင်ကြပြီး အဖေတို့ထက် လုပ်အားခမှတ် ပိုရကြပါတယ်။ သူတို့ ငတ်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါဦး။ ဗိုက်ဆာလွန်းလို့ မူးလဲတဲ့အထိ ဖြစ်နေတာတောင် သူတို့ စားဖို့ရှိမရှိ စိတ်ပူပေးနေသေးတယ်။ သူတို့က သမီးကို ဂရုမစိုက်ရင် သမီးက ဘာလို့ သူတို့ကို ဂရုစိုက်ပေးနေရမှာလဲ။ စိတ်မပူနဲ့။ အဖေ စဉ်းစားပြီးသားပါ။ သမီးက အဖေ့ရဲ့ တစ်ဦးတည်းသော သမီးလေ။ ဘယ်သူမဆို သမီး စားသောက်တာကို လာတားမယ်ဆိုရင် အဖေ အသေခံပြီး ပြန်တိုက်ခိုက်မှာ”

ထိုအခါမှ အခြားသူများ သဘောပေါက်သွားကြသည်။ အကယ်၍ ငတ်မည့်သူရှိလျှင် ၎င်းမှာ ရက်အတော်ကြာ အစာမစားရဘဲ နေခဲ့ရသော ရှန်လောင်ချီ၏ မိသားစုသာ ဖြစ်လိမ့်မည်။ ထို့အပြင် ဒီနေ့ အဖွဲ့က စပါးဝေပေးနေသည်။ ဤစပါးများကို ပြန်ယူလိုက်ခြင်းသည် ရှန်လောင်အာ့ သို့မဟုတ် ရှန်‌လောင်စန်း မိသားစုကို ငတ်မွတ်သွားစေမည် မဟုတ်ပေ။

ပြောရလျှင် ရှန်လောင်ချီ ပြောသကဲ့သို့ သူတို့တွင် လုပ်သားများစွာ ရှိပြီး လုပ်အားခရမှတ်များစွာ ရရှိထားကြသည်။ သူတို့၏ ဘဝနေထိုင်မှုမှာ ရှန်လောင်ချီ သားအဖထက် သေချာပေါက် သာလွန်ပေသည်။

ထို့အပြင် သူတစ်ပါး စပါးကို ခိုးယူထားပြီး ဘယ်လိုလုပ်များ ဒီလောက်ထိ ဖြောင့်မတ်ချင်ယောင် ဆောင်ရဲရတာလဲ။

ကြည့်ပါဦး... သူတို့က ရိုးသားတဲ့သူတွေကို ငိုယိုအော်ဟစ်ပြီး ပြန်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ရတဲ့အထိ တွန်းပို့လိုက်ကြပြီ။

ရှန်လောင်ချီနှင့် သူ့သမီးကို ဤသို့ ပြုမူတတ်သူများဟု လူတွေက ပုံမှန်အားဖြင့် မထင်ကြသော်လည်း ရှေးဟောင်းပြဇာတ်များတွင် "လျန်ရှန်းတောင်ပေါ် တက်ရန် ဖိအားပေးခံရသည်" ဟု ဆိုရိုးရှိသည် မဟုတ်ပါလား။ လူတို့သည် အစွန်းဆုံးထိ တွန်းပို့ခံရသောအခါ ပုန်ကန်ထကြွကြလိမ့်မည်။ သူတို့ မလုပ်ရဲတာ ဘာရှိပါဦးမည်နည်း။

ထို့ကြောင့် ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့ ဤသို့ တုံ့ပြန်ခြင်းမှာ မှားယွင်းသည်ဟု မည်သူမျှ မထင်ကြပေ။

လူတိုင်းက ချောင်မေသည် ပို၍ အကျိုးကြောင်းမဆီလျော်လေခြင်းဟု ခံစားရပြီး ထျန်းဖန်သည် အဒေါ်ချန် ပြောသကဲ့သို့ အပြောသာချိုပြီး လက်တွေ့မပါသူဟု မြင်လာကြသည်။

ထို့ကြောင့် လိုအပ်နေသော စပါးများအကြောင်း ရှန်ရှောက်ယွမ်က မေးသောအခါ ရွာကော်မတီမှ စပါးဝေငှတော့မည် ဖြစ်သောကြောင့် လိုအပ်နေသော ပမာဏကို သူတို့မိသားစုများက ပြန်လည်ဖြည့်ဆည်းပေးရန် အားလုံးဝိုင်းဝန်း ကြီးကြပ်ပေးမည်ဟု တညီတညွတ်တည်း သဘောတူလိုက်ကြသည်။

ရှန်ရှောက်ယွမ်သည် တကယ်ပင် စိတ်လှုပ်ရှားသွားပုံဖြင့် “ခင်ဗျားတို့အားလုံး အရမ်းကို ကြင်နာတတ်ကြတာပဲ”

ရှန်မော့အာသည်လည်း အားနည်းချင်ယောင်ဆောင်ကာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။ “ရှင်တို့သာ မရှိရင် ကျွန်မတို့ ဘာလုပ်ကြမလဲမသိဘူး”

အခြားသူများ၊ အထူးသဖြင့် ကျိုးဖေ့ကျွင်းနှင့် စိတ်အားထက်သန်သော အဒေါ်ကြီးတချို့မှာ တာဝန်သိစိတ်နှင့် ရည်မှန်းချက် ပြည့်ဝသွားကြလေသည်။ "ကြည့်စမ်း... သူတို့ ဘယ်လောက် ရိုးသားလိုက်သလဲ။ တို့တွေသာ မကူညီရင် သူတို့ခမျာ ပြန်မတိုက်ခိုက်ဘဲ အငတ်ခံပြီး သေသွားရှာတော့မှာ... တို့တွေ ကူညီမှဖြစ်မယ်။ ဒီကိစ္စ ပြီးပြတ်တဲ့အထိ လုပ်ကိုလုပ်ပေးရမယ်”

...

အပိုင်း (၄) ဆင်းရဲခြင်းအရသာကို ပထမဦးဆုံးအကြိမ် ခံစားရခြင်း

စပါးခွဲဝေမှုကို ညနေပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။ ကူညီလုပ်ကိုင်ပေးပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ကြသဖြင့် အခြားသူများသည် ဂုဏ်ယူဝင့်ကြွားကာ အားအင်အပြည့်ဖြင့် လယ်ကွင်းထဲသို့ ပြန်လာကြ၏။ ကျိုးဖေ့ကျွင်းသည် ရှန်မော့အာအတွက် စိုးရိမ်နေသဖြင့် သားအဖနှစ်ယောက် ကောင်းကောင်းမွန်မွန် စားသောက်နိုင်စေရန် မီးမွှေးပြီး ထမင်းဟင်းချက်ပြုတ်ဖို့ ရှန်ရှောက်ယွမ်ကို အိမ်သို့ အမြန်ပြန်ခွင့် ပေးလိုက်သည်။

အမှတ်(၈) ကုန်ထုတ်လုပ်မှုအဖွဲ့မှ အဖွဲ့ဝင်များသည် လယ်ကွင်းထဲသို့ ပြန်ရောက်လာကြပြီး အခြားအဖွဲ့မှ လူများကလည်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို မေးမြန်းရန် စုဝေးရောက်ရှိလာကြ၏။

အနည်းငယ် လှမ်းသောနေရာတွင် ရှိနေသူများကတော့ လူတစ်ယောက် မူးလဲသွားသည်ကိုသာ သိကြပြီး ဒေါက်တာလျိုကို လှမ်းခေါ်လိုက်ကြသည်။ လူအုပ်ကြီး စုဝေးသွားပြီးနောက် တစ်ယောက်တစ်ပေါက် တီးတိုးပြောဆိုနေကြကာ ရွာထဲသို့ အလောတကြီး ပြန်သွားကြလေသည်။

အဒေါ်ချန်နှင့် လူနည်းစုကလည်း သမီးယောက်မများဖြစ်ကြသည့် ချောင်မေနှင့် ထျန်းဖန်တို့က ရှန်လောင်ချီ မိသားစု၏ စပါးများကို ခိုးယူခဲ့သဖြင့် ရှန်မော့အာမှာ လယ်ကွင်းထဲတွင် ဗိုက်ဆာပြီး မူးလဲသွားရကြောင်း သတင်းဖြန့်ဖို့ရာ ဝန်မလေးခဲ့ကြချေ။ သူတို့နောက်က ချောင်မေနှင့် ထျန်းဖန်တို့၏ မျက်နှာများ မည်းမှောင်အုံ့မှိုင်းနေသည်ကို ဂရုမစိုက်ကြပေ။

တပ်ဖွဲ့ဝင်များသည် ထိုကိစ္စကို လွန်လွန်းသည်ဟု ထင်မြင်ကြပြီး ချောင်မေနှင့် ထျန်းဖန်တို့ကို သံသယမျက်လုံးများဖြင့် စတင်ကြည့်ရှုလာကြ၏။

ထိုခေတ်ကာလများတွင် သီးနှံစပါးသည် မိသားစုတစ်စု၏ အသက်သွေးကြော ဖြစ်လေသည်။ လူတစ်ယောက်၏ စပါးကို ခိုးယူခြင်းသည် ထိုသူ၏အသက်ကို နှုတ်ယူလိုက်ခြင်းနှင့်အတူတူပင်။

မကြာမီတွင် ထိုအဖြစ်အပျက်သည် အနီးအနားရှိ ကုန်ထုတ်လုပ်မှုအဖွဲ့ အများအပြားသို့ ပျံ့နှံ့သွားလေသည်။

အဖွဲ့(၁၂)တွင် ဖော်ရွေပုံရသည့် မျက်မှန်နှင့် အရပ်ပုပု လူငယ်တစ်ယောက်သည် နီးစပ်ရာ အဖွဲ့(၁၀)၏ လယ်ကွင်းထဲမှနေ၍ အပြေးပြန်လာခဲ့သည်။ ပေါင်းနုတ်နေကြသည့် လူငယ်အချို့က စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်ကြ၏။ သူသည် ရုပ်ရည်ချောမောပြီး အရပ်ရှည်ရှည် ပိန်ပါးပါး လူငယ်တစ်ယောက်ဆီသို့ အမြန်သွားလိုက်ပြီး လျှို့ဝှက်သည့် လေသံဖြင့် တီးတိုးပြောလိုက်သည်။

"ငါ ကြားတာတော့ အဖွဲ့(၈)က ရှန်မော့အာ ဗိုက်ဆာပြီး မူးလဲသွားတယ်တဲ့"

မျက်နှာလေးထောင့်ကျကျနှင့် ကျန်းကျစ်ချန်က လျှောက်လာခဲ့သည်။ "ကျိန့်ကျားမင်... ဘာဖြစ်တာလဲဆိုတာ ငါတို့ကို ပြောပြပါဦး။ ငါတို့အဖွဲ့မှာ စပါးတွေ အလုံအလောက် ရှိပါတယ်။ သူက ဘယ်လိုလုပ်ပြီး ဗိုက်ဆာပြီး မူးလဲသွားရတာလဲ"

ကျိန့်ကျားမင်က ဇဝေဇဝါဖြစ်သွား၏။ "ဖြစ်ပျက်ခဲ့တာက ဒီလိုကွ။ ဦးလေးရှန်ရဲ့သမီး ရှန်မော့အာက အလုပ်လုပ်ပြီး သိပ်မကြာခင်မှာပဲ မူးလဲသွားတာတဲ့။ သူ့မိသားစုက အစားအသောက် ပြတ်လပ်နေတာ ရက်အတော်ကြာပြီတဲ့လေ"

ကျန်းကျစ်ချန်က မျက်မှောင်ကြုတ်လိုက်ပြီး ခဏလောက် စဉ်းစားလိုက်သည်။

"ဦးလေးရှန်၊ ရှန်မော့အာ... သူတို့က ဘယ်သူတွေလဲ"

ရှန်သားအဖနှစ်ယောက်သည် ပုံမှန်အားဖြင့် သူတို့ဘာသာသူတို့သာ နေတတ်ကြသည်ကို ကျိန့်ကျားမင် သိထားသည်။ ရွာထဲက အခြေအနေကို ကောင်းကောင်းသဘောပေါက်ပြီး တပ်ဖွဲ့ဝင်များနှင့် စကားပြောဖို့ အခွင့်အရေး အမြဲယူတတ်သည့် သူ့ကလွဲလျှင် လူအများစုသည် ရှန်လောင်ချီနှင့် ရှန်မော့အာက ဘယ်သူတွေမှန်း သိကြလိမ့်မည် မဟုတ်ကြောင်း သူက သဘောပေါက်လိုက်၏။ ထို့ကြောင့် သူက ရှင်းပြလိုက်သည်။

"သူတို့က ရှန်လင်းလင်းရဲ့ ဦးလေး၇နဲ့ ဝမ်းကွဲညီမလေ"

ရှန်လင်းလင်းသည် ရှန်လောင်အာ့မိသားစု၏ အငယ်ဆုံးသမီးဖြစ်ပြီး အထက်တန်းကျောင်းသူတစ်ဦး ဖြစ်သည်။ ရုပ်ရည်နုနယ်ကာ နူးညံ့သိမ်မွေ့သည့် စိတ်နေသဘောထားရှိပြီး အရည်အချင်းရော အလှအပပါ ပြည့်စုံသည့် ရွာထဲက မိန်းကလေး အနည်းငယ်ထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သည်ဟု သတ်မှတ်ခံထားရသူ ဖြစ်သည်။

ပညာတတ်လူငယ်များသည် ကျေးလက်ဒေသသို့ အပို့ခံထားရသော်လည်း သူတို့သည် မိမိတို့ကိုယ်ကို သာလွန်သည်ဟု ခံစားနေကြရဆဲပင်။ သူတို့အချင်းချင်းကြားတွင် မြို့ပြဂုဏ်ကို ဆောင်ကာ ပြောဆိုလေ့ရှိကြပြီး မြို့သို့ပြန်ရန် မဖြစ်နိုင်တော့ဘဲ ကျေးလက်တွင် အခြေချရမည့် အခြေအနေကို တိတ်တိတ်လေး ဆွေးနွေးကြသည့်အခါ ယန်လျိုတပ်ဖွဲ့တစ်ခုလုံးတွင် ရှန်လင်းလင်း တစ်ယောက်သာလျှင် သူတို့နှင့် သင့်တော်သည့် တွဲဖက်ဖြစ်နိုင်ကြောင်း အများစုက အရိပ်အမြွက် ပြောဆိုတတ်ကြသည်။

ရှန်လင်းလင်း၏ ကိုယ်ပိုင်အရည်အချင်းများကြောင့် သာမကဘဲ အထူးသဖြင့် သူမ၏မိခင် ထျန်းဖန်သည် အခြားသော ကြမ်းတမ်းသည့် ကျေးလက်အမျိုးသမီးများနှင့် လုံးဝကွဲပြားခြားနားပြီး နားလည်မှုရှိသည့် သဘောသဘာဝကြောင့်လည်း ပါဝင်ပေသည်။

လူတိုင်းက ရှန်လင်းလင်းကို ကောင်းကောင်းသိကြသော်လည်း သူမ၏ ဦးလေး၇နှင့် ဝမ်းကွဲညီမတို့ကတော့... လူအများစုနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိကြပေ။

ကျန်းကျစ်ချန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "သူတို့က ရှန်မိသားစုဝင်တွေ ဖြစ်နေမှတော့ ရဲဘော်ရှန်လင်းလင်းရဲ့ မိသားစုက ကြီးပွားတိုးတက်နေပြီး သူ့ရဲ့ဦးလေး၇ မိသားစုက အစားအသောက် ပြတ်လပ်နေတယ်ဆိုတာက တခြားအကြောင်းပြချက် မရှိပါဘူး။ ဒီမိသားစုက အရမ်းပျင်းရိပြီး လုပ်အားခရမှတ် အလုံအလောက် မရှာနိုင်လို့ ဖြစ်မှာပါ"

ဆိုရိုးစကားတစ်ခု ရှိသည်မဟုတ်ပါလား။ အရေးပေါ်အခြေအနေကိုသာ ကူညီရသည်၊ နာတာရှည် ဆင်းရဲမွဲတေမှုကို မကူညီရဟူ၍။ ဒီမိသားစုက တကယ်ကို အခြေအနေမရှိတာ ဖြစ်ရမည်။ သို့မဟုတ်ပါက သဘောထားပြည့်ဝသည့် ရဲဘော်ရှန်လင်းလင်းက သူတို့ကို သေချာပေါက် ကူညီခဲ့မှာပင်။

ကျိန့်ကျားမင်သည် စကားပြောရန် ပါးစပ်ဟလိုက်၏။ ချောင်မေနှင့် ထျန်းဖန်တို့က ဦးလေးရှန်မိသားစု၏ စပါးများကို ယူလိုက်သဖြင့် သားအဖနှစ်ယောက်မှာ စားစရာမရှိ ဖြစ်သွားသည်ကို နားစွန်နားဖျား ကြားခဲ့ရသည်။

သို့သော်ငြားလည်း ထျန်းဖန်သည် ပုံမှန်အားဖြင့် အတော်လေး နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်ပုံရကာ ထိုကဲ့သို့ လုပ်မည့်သူမျိုးနှင့် မတူပေ။ ထို့အပြင် ရဲဘော်ရှန်လင်းလင်းကို ထောက်ခံအားပေးသည့် ပညာတတ်လူငယ် အများအပြားလည်း ရှိနေသည်။ အကယ်၍ သူကသာ ဒီကိစ္စကို ထုတ်ပြောလိုက်လျှင် သူတို့က သူ့ကို ဝိုင်းပြီး တိုက်ခိုက်ကြပေလိမ့်မည်။

အတော်ကြာအောင် စဉ်းစားပြီးနောက် ကျိန့်ကျားမင်သည် သူ့စကားများကို ပြန်မျိုချလိုက်ပြီး သူနားလည်ထားသည့်အပေါ် အခြေခံကာ တရားမျှတသည့် စကားတစ်ခွန်းကိုသာ ပြောလိုက်သည်။

"ရှန်လောင်ချီနဲ့ သူ့သမီးက တစ်ယောက်ကိုတစ်ယောက် အမှီပြုပြီး နေကြတာ။ အလုပ်လုပ်တဲ့ နေရာမှာလည်း တော်တော်လေး ဝီရိယရှိကြပါတယ်။ ကျန်းကျစ်ချန်... မင်းရဲ့ ကောက်ချက်ချမှုက အရမ်းလောကြီးလွန်းတယ်ကွ"

ကျန်းကျစ်ချန်က ပြောလိုက်သည်။ "အဲဒါသာ အမှန်ဆိုရင် သူတို့က ဘာဖြစ်လို့ အစားအသောက် ပြတ်လပ်နေရမှာလဲ။ အလုပ်လုပ်တာ ပျင်းလို့ မဟုတ်ရင်တော့ သူတို့က အရမ်းပေါ့ဆပြီး လောဘကြီးလို့ နောက်တစ်ခေါက် ဝေစုမရခင် သူတို့စပါးတွေကို ကုန်အောင် စားပစ်လိုက်တာ ဖြစ်လောက်တယ်"

ရှန်လောင်ချီနှင့် သူ့သမီးက ထိုကဲ့သို့လူမျိုး ဖြစ်သည်ကို သံသယရှိသဖြင့် ကျိန့်ကျားမင်က ခေါင်းကုတ်လိုက်သည်။ သူက သူတို့၏ မီးဖိုချောင်ထဲတွင် နေထိုင်ခဲ့သူ မဟုတ်သဖြင့် ထိုသို့မဟုတ်ပါကြောင်း အာမခံချက် မပေးနိုင်ပေ။

ဒီအခိုက်အတန့်တွင် ပုံမှန်အားဖြင့် အနေအေးပြီး ရုပ်ရည်ချောမောသည့် လူငယ်သည် ပေါင်းနုတ်နေရာမှ ခဏရပ်တန့်လိုက်ပြီး လည်ပင်းတွင် ဆွဲထားသည့် တဘက်စုတ်ဖြင့် နဖူးပေါ်ကချွေးကို သုတ်လိုက်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။

"ခေါင်းဆောင်ကြီး သင်ကြားပေးခဲ့သလိုပဲ သေချာစုံစမ်းစစ်ဆေးမှု မရှိဘဲနဲ့ စကားမပြောသင့်ဘူး"

ကျန်းကျစ်ချန်၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားတော့သည်။ ဒါက ခေါင်းဆောင်ကြီး၏ စကားများ ဖြစ်နေသဖြင့် သူငြင်းဆန်၍ မရနိုင်ပေ။ ခေတ္တမျှ စကားထစ်နေပြီးနောက် နောက်ဆုံးတွင် သူက ပြောနိုင်လိုက်သည်။

"ဖုမင်ဇယ်... ဒီကိစ္စကို အကြီးကြီး မလုပ်ပါနဲ့ကွာ။ ငါက ကျိုးကြောင်းဆီလျော်တဲ့ ထင်ကြေးတစ်ခုကို ပေးနေရုံပါပဲ"

ဖုမင်ဇယ်က သူ့ကို အကြာကြီး စိုက်ကြည့်လိုက်ပြီး ခေါင်းတစ်ချက် ညိတ်ပြကာ ပေါင်းဆက်နုတ်နေလိုက်သည်။

ကျန်းကျစ်ချန်သည် ခေါင်းအုံးကို ထိုးလိုက်ရသလိုမျိုး ကျေနပ်မှုမရှိဘဲ စိတ်ပျက်သွားသလို ခံစားလိုက်ရ၏။

ကျိန့်ကျားမင်ကတော့ ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး ပေါက်ပြားကို ကောက်ကိုင်လိုက်ကာ ကျန်းကျစ်ချန် သတိမထားမိသည့်အချိန်တွင် ဖုမင်ဇယ်ကို လက်မထောင်ပြလိုက်သည်။

ဖုမင်ဇယ်က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"အားလုံးပဲ အလုပ်ပြန်လုပ်ကြစို့"

သူသည် အဖွဲ့(၈)ရှိရာ ဘက်သို့ မကြည့်ဘဲ မနေနိုင် ဖြစ်မိလေသည်။

လယ်ကွင်းထဲမှာ မူးလဲတယ်တဲ့လား... တပ်ဖွဲ့က ရတဲ့ စပါးတွေက စားဖို့လောက်တာဖြစ်ဖြစ် မလောက်တာဖြစ်ဖြစ် ဒီမိသားစုကတော့ သေချာပေါက် ဆင်းရဲတာပဲ။ အဲလိုမှ မဟုတ်ရင်တောင် အစားအသောက် မရှိရင်တောင်မှ သူတို့က ပိုက်ဆံနဲ့ စပါးတချို့ကို တိတ်တိတ်လေး လဲလှယ်လို့ ရတာပဲ။ တကယ်လို့ အဲဒါတွေ အကုန်လုံး အဆင်မပြေရင်တောင် သူတို့က မှောင်ခိုဈေးကွက်မှာ စွန့်စားပြီး ဝယ်လို့ရသေးတာပဲ။ ဒါပေမဲ့ ဒီကိစ္စတွေ အားလုံးက ငါနဲ့မှ မဆိုင်တာလေ။

....

အိမ်သို့ ပြန်ရောက်ပြီးနောက် ရှန်မော့အာသည် သူမ၏ မှတ်ဉာဏ်များကို အားကိုးကာ မီးကို ကချော်ကချွတ် မွှေးလိုက်ပြီး ဆန်ပြုတ်အိုးသေးသေး တစ်လုံးကို တည်လိုက်၏။

တကယ်တော့ သူတို့သည် ဒီကမ္ဘာသို့ မလာခင်က မုန့်ပဲသရေစာများ စားထားခဲ့ကြသည်။ သို့သော်ငြားလည်း ဒီနေရာသို့ ရောက်ရှိလာသည့်အခါ ကောင်းကင်ဘုံ၏ ကျိန်စာကြောင့်လား မသိ၊ ရှန်မော့အာသည် သူမ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း အားနည်းလာပြီး ဗိုက်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေကာ ဆာလောင်လွန်းသဖြင့် ဗိုက်နှင့်ကျော ကပ်သွားသလို ခံစားလိုက်ရသည်။

လယ်ကွင်းထဲမှာ မူးလဲတာက ဟန်ဆောင်လုပ်ယူထားတာ ဆိုသော်ငြား တစ်ခုခု မြန်မြန်မစားလျှင်တော့ မူးလဲရုံတင်မကဘဲ မူလခန္ဓာကိုယ်ပိုင်ရှင်လိုပဲ သေသွားနိုင်သည်ဟု ရှန်မော့အာက ရှင်းပြလို့မရနိုင်အောင် ခံစားလိုက်မိသည်။

ရှန်မော့အာက ဆန်ပြုတ်ပြုတ်နေစဉ် ရှန်ရှောက်ယွမ်က စောင်များနှင့် ဖျာများကို လေသလပ်ခံရန် တံခါးပေါက်ဝသို့ ရွှေ့လိုက်ပြီး အိမ်၏ အတွင်းနှင့် အပြင်ကို သန့်ရှင်းရေး လုပ်လေသည်။ မိုးရေစိုနေသည့် ကျိုးပဲ့နေသော ကုလားထိုင်နှစ်လုံးနှင့် သစ်သားသေတ္တာအိုကြီးကိုလည်း အပြင်သို့ ရွှေ့ထုတ်လိုက်၏။

ဒီအိမ်သည် တကယ့်ကို ဆင်းရဲမွဲတေလှသည်။

စောင်နှစ်ထည်မှာ မာတောင့်နေပြီး စိုစွတ်နေ၍ မဟုတ်ဘဲ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သဖြင့် ဝါဂွမ်းများမှာ မာကျောနေခြင်းကြောင့်ပင်။ စိုစွတ်မနေလျှင်ပင် နွေးထွေးမှုကို ပေးစွမ်းနိုင်မည် မဟုတ်ချေ။

သစ်သားသေတ္တာအိုကြီးသည် သားအဖနှစ်ယောက်စလုံး ပိုင်ဆိုင်သည့်အရာ ဖြစ်သည်။ အထဲတွင် အဝတ်အစား အနည်းငယ်နှင့် တန်ဖိုးမရှိသော သာမညပစ္စည်း အချို့သာ ရှိလေသည်။

သို့သော်ငြားလည်း ရှန်ရှောက်ယွမ်သည် အထဲတွင် ကောင်းမွန်စွာ သိမ်းဆည်းထားသည့် ဓာတ်ပုံအချို့ကို တွေ့လိုက်ရ၏။ တစ်ပုံမှာ ကလေးနှစ်ယောက်နှင့် စုံတွဲတစ်တွဲဖြစ်ပြီး နောက်တစ်ပုံမှာ လူငယ်အမျိုးသားနှင့် အမျိုးသမီးတစ်ဦး၊ နောက်ဆုံးတစ်ပုံမှာ ကလေးမလေးတစ်ယောက်ကို ပွေ့ချီထားသည့် စုံတွဲတစ်တွဲပုံ ဖြစ်သည်။

ရှန်ရှောက်ယွမ်သည် ဒါတွေက ပန်းချီကားများ မဟုတ်ဘဲ ဓာတ်ပုံများဖြစ်ကြောင်း သိလိုက်သည်။

ပထမဓာတ်ပုံသည် "သူ"၏ဇနီး ငယ်စဉ်က မိသားစုဓာတ်ပုံဖြစ်ပြီး စုံတွဲမှာ "သူ"၏ ယောက္ခထီးနှင့် ယောက္ခမကြီးဖြစ်ကာ လူငယ်မှာ "သူ"၏ ယောက်ဖဖြစ်သည်။ ဒုတိယဓာတ်ပုံမှာ "သူ"၏ဇနီးနှင့် ယောက်ဖတို့ အရွယ်ရောက်လာသည့်ပုံ ဖြစ်သည်။ တတိယဓာတ်ပုံမှာ "သူ"၊ သူ့ဇနီးနှင့် ငယ်ရွယ်သော "ရှန်မော့အာ" တို့ဖြစ်သည်။

ရှန်ရှောက်ယွမ် အံ့သြသွားရသည်မှာ 'သူ'၏ဇနီးသည် သာ့လျန်မင်းဆက်မှ သူ၏ကွယ်လွန်သူ ကြင်ယာတော်နှင့် တပုံစံတည်း ရုပ်ချင်းတူနေခြင်းပင်။

သို့သော် ယောက္ခထီး၊ ယောက္ခမကြီး၊ ယောက်ဖနှင့် မရီး၊ ခယ်မ တို့သည် သာ့လျန်မင်းဆက်မှ လူများနှင့် လုံးဝကွဲပြားခြားနားကြသည်။

ရှန်ရှောက်ယွမ်သည် သက်ပြင်းချလိုက်ပြီး ဓာတ်ပုံများကို ရှန်မော့အာအား ပြလိုက်သည်။

"ရုပ်ချင်းတူတာတင် မကဘူး။ အမူအရာတွေကလည်း တူတယ်။ ဒါပေမဲ့ သူ့ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ သိပ်ပြီး ဆင်းရဲဒုက္ခမရောက်တဲ့ ဘဝကလွဲရင် သမီးရဲ့အမေက ဒီအမျိုးသမီးထက် ပိုပြီး ကျက်သရေရှိတယ်"

ငယ်စဉ်ကတည်းက မိခင်ကို ဆုံးရှုံးခဲ့ရသည့် ရှန်မော့အာသည် ရှန်ရှောက်ယွမ် ရေးဆွဲပေးခဲ့သော ပုံတူပန်းချီကားများမှသာ သူမ၏မိခင်အကြောင်း အမှတ်ရနေခဲ့သည်။ သို့သော် ပုံတူပန်းချီကားများ မည်မျှပင် လက်ရာမြောက်ပါစေ၊ ကောင်းကင်ဘုံက ဖမ်းယူထားသည့် ခဏတာ အခိုက်အတန့်ပုံရိပ်တစ်ခုလို ဖြစ်နေသော ဓာတ်ပုံ၏ လက်တွေ့ဆန်မှုကို မယှဉ်နိုင်ပေ။

ရှန်မော့အာသည် ဓာတ်ပုံထဲက လူကို သူမ၏လက်ချောင်းများဖြင့် ညင်သာစွာ ထိတွေ့လိုက်သည်။ ဒီလူသည် သူမ၏မိခင် အရင်းမဟုတ်ကြောင်း သိနေသော်လည်း သူမသည် အကြိမ်အနည်းငယ်မျှ မကြည့်ဘဲ မနေနိုင် ဖြစ်နေမိ၏။

"ငါတို့တွေ တစ်ရက်လောက် စီရင်စုမြို့ကို သွားပြီးတော့ ဓာတ်ပုံရိုက်ကြမယ်"

ရှန်ရှောက်ယွမ်သည် သူ့သမီး ဝမ်းနည်းနေမည်ကို မလိုလားသဖြင့် ဓာတ်ပုံများကို အမြန်သိမ်းလိုက်ပြီး ရွှင်လန်းစွာ ပြောလိုက်သည်။

"ဒီမှာက ထူးဆန်းတယ်။ လူတွေက မချမ်းသာကြပေမဲ့ သာ့လျန်မင်းဆက်က မှူးမတ်တွေတောင် မရနိုင်တဲ့ ပစ္စည်းတွေ သူတို့မှာ ရှိကြတယ်"

ရှန်မော့အာက သူ့ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။

"ဟုတ်ပါတယ်။ သမီးတို့မှာ ပိုက်ဆံရှိတယ်လို့ ယူဆရင်ပေါ့"

ရှန်ရှောက်ယွမ်သည် နင်သွားပြီး ယုံကြည်မှုမရှိဘဲ ပြောလိုက်သည်။ "မကြာခင်... ငါတို့မှာ မကြာခင် ပိုက်ဆံရှိလာမှာပါ"

ဘဏ္ဍာတိုက်ထဲတွင် ကြီးမားသော စည်းစိမ်ဥစ္စာများ သိမ်းဆည်းထားသည်မှာ အမှန်ပင်။ ကံဆိုးစွာဖြင့် ထိုပစ္စည်းများသည် ဒီနေရာတွင် အသုံးမဝင်ချေ။ သာ့လျန်မင်းဆက်နှင့် အိမ်နီးချင်းနိုင်ငံများတွင် တရားဝင်သုံးစွဲနိုင်သော ငွေလဲကောင်တာမှ ငွေစက္ကူများသည် ဒီနေရာတွင် စက္ကူစုတ်များသာ ဖြစ်နေသည်။ သို့မဟုတ် ထုတ်ယူရန် အလွန်အန္တရာယ်များနေသည်။ ဥပမာအားဖြင့် ရွှေ၊ ငွေ၊ ရတနာ၊ ရှေးဟောင်းပန်းချီနှင့် လက်ရေးမူများကို ရှင်းပြ၍မရနိုင်ပေ။ ထို့အပြင် ဒီကမ္ဘာ၏ ဥပဒေများအရ ထိုပစ္စည်းများသည် သိမ်းဆည်းခံရမည်ဖြစ်ပြီး သားအဖနှစ်ယောက်လုံး ထောင်ကျခြင်း သို့မဟုတ် သေဒဏ်ပင် ကျခံရနိုင်သည်။

ဘဏ္ဍာတိုက်မှလွဲ၍ သူတို့၏ တစ်ခုတည်းသော ပိုင်ဆိုင်မှုမှာ မူလပိုင်ရှင်နှင့် သူမ၏ဖခင် ချန်ထားခဲ့သော ဝမ်ငါးဆယ်သာ ဖြစ်တော့သည်။

ဟုတ်ပါသည်။ ဝမ်ငါးဆယ်သာ။

ကြက်ဥအနည်းငယ် ဝယ်ရန်သာ လုံလောက်လေသည်။

သူတို့၏ဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် သားအဖနှစ်ယောက်သည် ဆင်းရဲခြင်းဆိုသည်မှာ မည်သို့မည်ပုံဖြစ်ကြောင်း နားလည်သွားကြတော့သည်။

ကံကောင်းထောက်မစွာဖြင့် စပါးများကို ပြန်လည်ရရှိခဲ့ပြီး ဘဏ္ဍာတိုက်ထဲတွင် သိမ်းဆည်းထားသော မုန့်များနှင့် ရိက္ခာခြောက်အချို့ ရှိနေသဖြင့် လတ်တလောတွင် ငတ်မွတ်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ဆန်ပြုတ်က အရည်ကျဲနေသော်လည်း မုန့်များနှင့် တွဲဖက်စားသုံးလိုက်သည့်အခါ အဆင်ပြေသွားသည်။ မူလပိုင်ရှင်နှင့် ဖခင်ဖြစ်သူကို လူများက သဘောမကျကြသဖြင့် မည်သူမှ လာရောက်လည်ပတ်မည် မဟုတ်ကြောင်း သိထားသော်လည်း သူတို့သည် တံခါးကို ဂျက်ထိုးပြီးမှ စားသောက်ကြသည်။ ထမင်းစားပြီးသည့်နောက် နှစ်ယောက်စလုံး ချွေးများ ရွှဲနစ်နေကြ၏။

ရှန်မော့အာသည် မျက်နှာသစ်ရန်အတွက် တဘက်နှင့် ဇလုံတစ်ခုကို ရှာဖွေလိုက်သည်။

မျက်နှာသစ်ဇလုံသည် အချိန်အကြာကြီး အသုံးပြုထားပုံရပြီး ဆေးသုတ်ထားသည်များ ကွာကျနေကာ အရောင်မတူသည်များဖြင့် ကြမ်းတမ်းပြီး မညီမညာဖြစ်အောင် ဖြစ်ကတတ်ဆန်း ပြန်သုတ်ထားလေသည်။ သို့သော်ငြား စုတ်ပြတ်နေသော်လည်း ဇလုံက အနည်းဆုံးတော့ သန့်ရှင်းနေသေးသည်။ တဘက်ကတော့ ဝါကျင်ကျင်ဖြစ်ကာ ပါးလွှာနေပြီး အပေါက်ကြီးနှစ်ပေါက်နှင့် သစ်သားပြားကဲ့သို့ တောင့်တင်းနေလေသည်။

နောက်ဆုံးတွင် ရှန်မော့အာသည် ရေသန့်တစ်ဇလုံ ခပ်လိုက်ပြီး သူမ၏လက်ခုပ်ဖြင့် ရေကိုယူကာ မျက်နှာပေါ်သို့ ပက်ဖျန်းလိုက်သည်။

ဘဏ္ဍာတိုက်ထဲတွင် သိမ်းဆည်းထားသော ပိတ်စအချို့ရှိသော်လည်း မူလပိုင်ရှင်၏ မှတ်ဉာဏ်အရ ဒီနိုင်ငံတွင် ပိတ်စသည် အလွန်ရှားပါးလေသည်။ ဆိုင်များတွင် ပိတ်စဝယ်ယူရန်အတွက် ငွေကြေးနှင့် ရိက္ခာလက်မှတ် နှစ်ခုစလုံး လိုအပ်သည်။ လက်မှတ်မရှိသော ကျေးလက်ဒေသမှ လူများသည် အများအားဖြင့် ကြမ်းတမ်းသော အိမ်ယက်ကန်းအထည်များကိုသာ ကိုယ်တိုင်ရက်လုပ်ကြသည်။

ထို့ကြောင့် ပိတ်စအစအနလေး တစ်ခုကိုပင် ရှန်မော့အာသည် ထုတ်မသုံးရဲချေ။

ရတနာတောင်ပုံကြီးပေါ် ထိုင်ပြီးတော့ အစာတောင်းစားနေရတယ်ဆိုတာ ဒါမျိုးဖြစ်မယ်ဟု ရှန်မော့အာက တွေးလိုက်ပြီး သူတို့၏ အကျပ်အတည်းထဲမှာ ဟာသတစ်ခုကို တွေ့လိုက်ရသည်။

ဒါပေမဲ့ သိပ်ပြီး စိတ်ဓာတ်မကျပါဘူး။ ဘာပဲဖြစ်ဖြစ် အသက်ရှင်နေတာက လုံလောက်ပါတယ်လေ။ ဒီ့အပြင် ဒီနေရာက ဆင်းရဲပေမဲ့ ကမ္ဘာကြီးက ငြိမ်းချမ်းတယ်။ လူတွေက ရောင့်ရဲတင်းတိမ်ပြီး နေထိုင်လုပ်ကိုင်ကြတယ်။ စစ်ပွဲတွေနဲ့ စုတ်ပြတ်နေတဲ့ သာ့လျန်မင်းဆက်နဲ့ ယှဉ်လိုက်ရင် ဒီနေရာက ငြိမ်းချမ်းတဲ့ နားခိုရာတစ်ခုလိုပဲ။

နေ့လယ်ပိုင်းတွင် သားအဖနှစ်ယောက်သည် အိမ်ကို ပြုပြင်လိုက်ကြ၏။

အားနွဲ့သော စာပေပညာရှင်တစ်ယောက်အနေဖြင့် ရှန်ရှောက်ယွမ်သည် တိုက်ခိုက်ရေးစွမ်းရည် လုံးဝမရှိချေ။ သို့သော် ရှန်မော့အာကတော့ ငယ်စဉ်က မင်းသားအများအပြားနှင့်အတူ ကိုယ်ခံပညာအချို့ သင်ယူခဲ့ဖူးသည်။ စစ်တိုက်ရန်အတွက် မသင့်တော်သော်လည်း ခေါင်မိုးပေါ်တက်ပြီး အမိုးကြွေပြားများကို ပြုပြင်ရန်မှာ သူမအတွက် လွယ်ကူလှသည်။

အမိုးကြွေပြားအများစုမှာ ကွဲအက်နေကြသည်။ အသစ်ဝယ်ရန် နေရာကို သူတို့မသိသလို သူတို့တွင် ပိုက်ဆံလည်း မရှိတာ သေချာသည်။ ထို့ကြောင့် ထောင့်များမှ ကြွေပြားအချို့ကို ဖယ်ရှားလိုက်ပြီး အလယ်သို့ ရွှေ့လိုက်ကာ ဟာနေသည့် နေရာများကို သက်ကယ်ဖြင့် ဖာထေးလိုက်သည်။ ဒီနည်းလမ်းအားဖြင့် အနည်းဆုံးတော့ အဓိကနေရာများတွင် မိုးယိုတော့မည် မဟုတ်ပေ။

ထို့ကြောင့် ပထမဦးဆုံးအကြိမ်အဖြစ် သားအဖနှစ်ယောက်သည် ကျပ်တည်းခြင်းဆိုသည်မှာ မည်သို့သောအရာဖြစ်ကြောင်း အမှန်တကယ် နားလည်သွားကြတော့သည်။

"ဒီအိမ်ကို ပြင်ဖို့ပိုက်ဆံရအောင် ငါ့ရဲ့ ချစ်လှစွာသော တူတော်မောင်တွေကို အားကိုးရတော့မယ်နဲ့ တူတယ်"

ရှန်ရှောက်ယွမ်က သက်ပြင်းချလိုက်လေတော့သည်။

...

All Chapters