← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အပိုင်း (၇) သူက တကယ်ကြီး အဲလိုစဉ်းစားမိတာလား

ကျိုးမန်ခန်းသည် ရှန်မိသားစု၏ အငြင်းပွားမှုနှင့် ပတ်သက်၍ သဲ့သဲ့ကြားထားခဲ့သော်လည်း သူ့ဆီသို့ တိုက်ရိုက်ရောက်မလာသလို စပါးခွဲဝေမှုအပေါ်လည်း သက်ရောက်မှု မရှိသောကြောင့် ဘာမှမသိသလို ဟန်ဆောင်နေရန် ဆုံးဖြတ်လိုက်သည်။

ဆိုရိုးစကားအတိုင်းပင် အိမ်ထောင်ဦးစီးဆိုသည်မှာ မျက်စိတစ်ဖက်မှိတ်၊ နားတစ်ဖက်ပိတ် နေတတ်ရစမြဲ ဖြစ်ပြီး ရွာတစ်ရွာလုံး၏ ခေါင်းဆောင်ဖြစ်သော ရွာသူကြီးအတွက်လည်း ထိုနည်းလည်းကောင်းပင်။

သို့သော်ငြားလည်း မီးက သူ့ဆီသို့ နောက်ဆုံးတွင် ကူးစက်လာလိမ့်မည်ဟု ဘယ်သူက ထင်မှတ်ထားပါမည်နည်း။

အစပိုင်းတွင် ကျိုးမန်ခန်းသည် ဤကိစ္စမှာ ရှန်ရှောက်ယွမ်နှင့် သူ့ညီအစ်ကိုများကြား ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် ရွာအရာရှိများအနေနှင့် တပ်ဖွဲ့ဝင်များ၏ မိသားစုရေးရာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် မသင့်တော်ကြောင်း ပြောဆိုကာ တာဝန်ယူရန် ရှောင်လွှဲခဲ့သည်။ သို့သော်ငြားလည်း...

ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့ပြီး အနေအေးသော ရှန်လောင်ချီသည် ဒီနေ့တွင်တော့ စိတ်ဖောက်ပြန်သွားသူတစ်ယောက်ကဲ့သို့ ပြုမူနေလေသည်။ သူသည် ပုံမှန်မဟုတ်ဘဲ စကားများနေရုံသာမက ဖြေရှင်းရ အလွန်ခက်ခဲသူ ဖြစ်နေလေသည်။

နောက်ဆုံးတွင် သူက ခြိမ်းခြောက်သည့် အဆင့်ထိပင် ရောက်လာခဲ့သည်။ သူ့သမီးသည် ငယ်ငယ်ရွယ်ရွယ်နှင့် မိခင်မဲ့ခဲ့ရပြီး သူ့လိုလူနှင့်အတူ ခက်ခဲကြမ်းတမ်းသော အစားအစာများကို စားသောက်ကာ လေဒဏ်မိုးဒဏ်ခံပြီး ဘဝကို ခက်ခဲစွာ ဖြတ်သန်းခဲ့ရကြောင်း၊ ယခုအခါ သူမ အရွယ်ရောက်လာပြီဖြစ်သော်လည်း မိုးယိုနေသော အိမ်ပျက်ကြီးထဲတွင် နေထိုင်ရမှုကြောင့် သူမ တစ်ခုခု ဖြစ်သွားခဲ့လျှင် ရွာရုံးခန်းအဝင်ဝတွင် ကြိုးဆွဲချသေပြမည်ဟု ပြောဆိုလာလေသည်။

ရွာရုံးခန်းအဝင်ဝတွင် ကြိုးဆွဲချသေပြမည်တဲ့လေ။

သူက တကယ်ကြီး အဲဒီလို လုပ်ဖို့ တွေးမိတာလား။

ကျိုးမန်ခန်းသည် ပိန်လှီပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသော ရှန်မော့အာကို ကြည့်လိုက်မိ၏။ ထို့နောက် “ဒီသားအဖနှစ်ယောက်က တကယ်ကို သနားစရာ ကောင်းရှာပါတယ်”၊ “မိသားစုကိစ္စ ဖြစ်ပေမယ့် ကုန်ထုတ်လုပ်ရေးအဖွဲ့က ဒီတိုင်း လျစ်လျူရှုထားလို့ မဖြစ်ဘူးလေ”၊ “ပြည်သူ့ကုန်ထုတ်လုပ်ရေးအဖွဲ့က ပြည်သူတွေကို လျစ်လျူရှုလို့ မဖြစ်ဘူး” ဟူသော ရွာသားများ၏ တီးတိုးပြောဆိုသံများကို ကြားလိုက်ရသဖြင့် မလိုလားစွာပင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တော့သည်။

“ကျုပ် ခင်ဗျားကို ပြောမယ်... ဒီကိစ္စကို ခင်ဗျားညီအစ်ကိုတွေနဲ့ အရင်ဆွေးနွေးလိုက်ဦး။ တကယ်လို့ သဘောတူညီမှု မရဘူးဆိုရင် ကုန်ထုတ်လုပ်ရေးအဖွဲ့က ကြားဝင် ဖြေရှင်းပေးမယ်”

မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို ကောင်းစွာ နားလည်သဘောပေါက်သော ရှန်ရှောက်ယွမ်သည် ကျိုးမန်ခန်းကို ချက်ချင်း လွှတ်ပေးလိုက်ပြီး သူ့ဘက်မှ ဝင်ပြောပေးကြသော တပ်ဖွဲ့ဝင်များကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။ ထို့နောက် သူသည် အိတ်များနှင့် ခြင်းတောင်းများကို ပခုံးပေါ် ထမ်းတင်လိုက်ပြီး ရှန်မော့အာကို ခေါ်ကာ ထွက်ခွာသွားတော့သည်။

သားအဖနှစ်ယောက်၏ ပိန်ပါးသော ကျောပြင်များကို ကြည့်ရင်း အဒေါ်ချန်က စာနာစိတ်ဖြင့် သက်ပြင်းချလိုက်၏။ “ဟူး... သားအဖနှစ်ယောက်စလုံးက နူးညံ့သိမ်မွေ့ပြီး အနေအေးကြတော့ သူများအကူအညီမပါဘဲ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး”

ကျိုးမန်ခန်းက မနေနိုင်ဘဲ ပြောလိုက်သည်။ “တကယ်လို့ သူသာ အဲဒီလောက် နူးညံ့သိမ်မွေ့ပြီး အနေအေးမယ်ဆိုရင် ရွာရုံးခန်းအဝမှာ ကြိုးဆွဲချမယ်လို့ ခြိမ်းခြောက်ဖို့ တွေးမိပါ့မလား။ ပေါက်ပေါက်ဖောက်သလို ပြောနေလိုက်တာများ... အရင်တုန်းက သူ ဒီလောက် စကားများတာကို ငါ ဘာလို့ သတိမထားမိခဲ့ပါလိမ့်”

အခြားသူများက ရွာသူကြီးဖြစ်သော ကျိုးမန်ခန်းကို ကြောက်ရွံ့ကြသော်လည်း အဒေါ်ချန်ကတော့ လုံးဝ မကြောက်ပေ။ “ချောင်ပိတ်ခံနေရတဲ့ ယုန်က ပြန်ကိုက်တတ်တာပဲလေ။ အနူးညံ့ဆုံး၊ အသိမ်မွေ့ဆုံး လူတောင်မှ အသက်ရှင်ရပ်တည်ဖို့ အခြေအနေမဲ့လာရင် ပြန်ပြီး တော်လှန်တတ်ကြတာပဲ။ ရှန်လောင်ချီမှာက သမီးဆိုလို့ မော့အာ တစ်ယောက်တည်း ရှိတာ။ တကယ်လို့ မော့အာသာ တစ်ခုခုဖြစ်သွားရင် သူက ကြိုးဆွဲချမသေဘဲ နေပါ့မလား။ တကယ်လို့ ကုန်ထုတ်လုပ်ရေးအဖွဲ့က လူကြီးတွေသာ သူ့ကို တရားမျှတမှု မပေးဘူးဆိုရင် ရွာရုံးခန်းအဝမှာ ကြိုးဆွဲချသေပြတာကလွဲပြီး သူ ဘာလုပ်နိုင်ဦးမှာလဲ”

ကျိုးမန်ခန်းသည် ပြောစရာစကားမဲ့သွားပြီး ခဏအကြာတွင် လက်ကာပြကာ “မြန်မြန်လုပ်ကြ။ ခင်ဗျားတို့မိသားစု စပါးထုတ်ရမယ့်အလှည့် ရောက်နေပြီ”

ပညာတတ်လူငယ်များသည် စပါးဝေစုကို နောက်ဆုံးမှ ရရှိကြသည်။ သူတို့အုပ်စုသည် ဖြစ်ပျက်ခဲ့သမျှကို စောင့်ကြည့်နေခဲ့ကြပြီး အခြားသော တပ်ဖွဲ့ဝင်များ၏ အတင်းအဖျင်းစကားများကို နားထောင်ကာ ဖြစ်စဉ်ကို ဆက်စပ်ကြည့်လိုက်ကြသည်။

အမျိုးသား ပညာတတ်လူငယ်များက ရှန်လင်းလင်းကို လေးစားသဘောကျကြသော်လည်း အမျိုးသမီးများ၊ အထူးသဖြင့် ဝမ်ချိုးထုန်ကတော့ သိပ်ပြီး အထင်မကြီးလှချေ။ ဝမ်ချိုးထုန်သည် တစ်ခါက ဂါဝန်လှလှလေး တစ်ထည်ကိစ္စနှင့် ပတ်သက်ပြီး ရှန်လင်းလင်းနှင့် အငြင်းပွားခဲ့ဖူးသည်။

နောက်ဆုံးတွင် ရှန်လင်းလင်းက လက်လျော့လိုက်သော်လည်း ထိုကိစ္စကို လူအများသိအောင် သတင်းဖြန့်လိုက်သဖြင့် ဝမ်ချိုးထုန်သည် ဂါဝန်ကို ဝယ်လိုက်ရသော်လည်း စိတ်မသန့်ဖြစ်ခဲ့ရသည်။ ထိုသတင်းကြောင့် ရှန်လင်းလင်းသည် သဘောထားကြီးပြီး ကြင်နာတတ်သူ ဖြစ်သွားကာ ဝမ်ချိုးထုန်မှာမူ စိတ်ကြီးပြီး ဒေါသကြီးသူအဖြစ် အမြင်ခံလိုက်ရသည်။

ရှန်လင်းလင်းနှင့် ဝမ်ချိုးထုန်တို့ ခရိုင်ကုန်တိုက်တွင် တွေ့ဆုံခဲ့ကြစဉ်က ဘေးနားတွင် မည်သူမျှ မရှိခဲ့သဖြင့် ကောလိပ်ဟလကို မည်သူ ဖြန့်ခဲ့သည်မှာ ရှင်းလင်းနေလေသည်။

“ဟွန်း... သူက အိမ်ကို သိမ်းပိုက်လိုက်တာတင် မကဘူး။ အခု စပါးတွေကိုပါ လိုက်လုနေပြီးတော့ သူ့ရဲ့ ဦးလေးအရင်းနဲ့ ဝမ်းကွဲညီမကို သေလမ်းပို့နေတာပဲ။ သိပ်ကို သဘောထား ပြည့်ဝတာပဲနော်”

ဝမ်ချိုးထုန်က မဲ့ရွဲ့ကာ ပြောလိုက်သည်။ ရွာသားတွေက အရူးတွေမို့လို့ပေါ့။ ရှန်လင်းလင်းရဲ့ မျက်နှာဖုံးကို အစောကြီးကတည်း ခွာချနိုင်ခဲ့တဲ့ သူနဲ့တော့ ဘယ်တူပါ့မလဲ။

ကျန်းကျစ်ချန်က မည်းမှောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ “ဝမ်ချိုးထုန်... မင်းက ရဲဘော်ရှန်လင်းလင်းနဲ့ ပြဿနာရှိတာနဲ့ပဲ လူတစ်ဖက်သား ကွယ်ရာမှာ အတင်းအဖျင်း မပြောနဲ့ကွာ။ နားလည်မှုလွဲတာ တစ်ခုခု ရှိနိုင်တာပဲ။ ဒီ့အပြင် မိသားစုကိစ္စတွေကို လူကြီးတွေက ဆုံးဖြတ်ကြတာလေ။ ရဲဘော်ရှန်လင်းလင်းနဲ့ ဘာမှမဆိုင်ပါဘူး”

ဝမ်ချိုးထုန်က သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။ “ရှင်က ရှန်လင်းလင်းအကြောင်းပဲ ပြောနေတာ။ ဒါပေမဲ့ သူက ရှင့်ကို သတိရောထားမိလို့လား။ ကိုယ့်ဘာသာကိုယ် အထင်ကြီးမနေစမ်းပါနဲ့”

အခြားသော အမျိုးသမီး ပညာတတ်လူငယ်များက မနေနိုင်ဘဲ ရယ်မောလိုက်ကြသည်။

ဝမ်ချိုးထုန်၏ စကားများက ကျန်းကျစ်ချန်၏ အနာကို တည့်တည့်ထိသွားလေသည်။ သူသည် ပြောစရာစကား မရှိတော့ဘဲ အတော်ကြာမှ ထစ်အငေါ့ငေါ့ဖြင့် ပြောနိုင်လိုက်သည်။

“ကျိုးကြောင်းမဆီလျော်လိုက်တာ”

*

ရှန်မော့အာတို့ သားအဖ ထွက်ခွာသွားပြီးနောက် ဖြစ်ပွားခဲ့သော အငြင်းပွားမှုများကို ရှန်မော့အာ လုံးဝ မသိလိုက်ချေ။ သားအဖနှစ်ယောက်သည် စပါးများကို အိမ်သို့ သယ်ဆောင်လာကြပြီး မမှောင်သေးခင် နေ့လယ်က ကျန်နေသော ဆန်ပြုတ်ကို ပြန်နွှေးကာ မုန့်အနည်းငယ်ဖြင့် ညစာစားလိုက်ကြသည်။

မကြာမီ မှောင်လာသဖြင့် ရှန်မော့အာသည် အိမ်ထဲရှိ တစ်ခုတည်းသော ရေနံဆီမီးခွက်ကို ရှာဖွေပြီး မီးထွန်းလိုက်သည်။

သားအဖနှစ်ယောက်သည် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပြီး မှောင်မည်းနေသော အခန်းထဲရှိ တစ်ခုတည်းသော အလင်းရောင်ကို ကြည့်ကာ ခေတ္တမျှ စကားမပြောဘဲ နေလိုက်ကြသည်။

အတော်ကြာပြီးနောက် ရှန်ရှောက်ယွမ်သည် ရုတ်တရက် လက်လှမ်းလိုက်ပြီး ရေနံဆီမီးခွက်၏ မှန်အဖုံးကို ခေါက်လိုက်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။

“ဒီဖန်ခွက်က ကြွေထည်တွေနဲ့ နည်းနည်းဆင်တူတယ်။ ငါတို့ သာ့လျန်မင်းဆက်မှာဆိုရင် ဒီလိုဆင်းရဲတဲ့ မိသားစုတွေ မပြောနဲ့၊ သာမန် ချမ်းသာတဲ့ အိမ်တွေတောင်မှ ကြွေထည်ပစ္စည်းတွေကို မတတ်နိုင်ကြဘူး”

ရှန်မော့အာလည်း လက်လှမ်းပြီး ခေါက်ကြည့်လိုက်သည်။ “ကြွေထည်တွေက ဒီလောက် ပါးပြီး ကြည်လင်တာ မဟုတ်ဘူး”

ရှန်ရှောက်ယွမ်: “မီးခွက်အဖုံးလုပ်ဖို့ တကယ်ကို ကွက်တိပါပဲ”

ရှန်မော့အာ: “ပြတင်းပေါက်က စက္ကူအစားထိုး သုံးတာက ပိုတောင်ကောင်းသေးတယ်”

မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် တပ်ဖွဲ့ရှိ အိမ်အများအပြားကို "မှန်ပြတင်းပေါက်" များ တပ်ဆင်ထားကြောင်း ရှိနေသည်။

ရှန်ရှောက်ယွမ်က ခေါင်းညိတ်လိုက်၏။ “ဒီရေနံဆီကလည်း အရမ်းကောင်းတာပဲ”

ရှန်မော့အာလည်း ခေါင်းညိတ်လိုက်သည်။ “သမီးတို့ သူပုန်တွေရဲ့ လက်ချက်နဲ့ မသေရတာက အကောင်းဆုံးပါပဲ”

သားအဖနှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ကြပြီး ပြိုင်တူ သက်ပြင်းချလိုက်ကြကာ အလိုလို ရယ်မောလိုက်ကြတော့သည်။

နေ့ဘက်တွင် သူတို့သည် ကိုယ်ပိုင်အထောက်အထား အသစ်များနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ရင်း အလုပ်ရှုပ်နေခဲ့ကြသဖြင့် အများကြီး တွေးတောဖို့ အချိန်မရခဲ့ကြချေ။ ညရောက်မှ သူတို့နှစ်ယောက်တည်း ရှိပြီး ပတ်ဝန်းကျင်က မှောင်မည်းလာသည့်အခါ ရတနာတိုက်ခန်းထဲသို့ ပြန်ရောက်သွားပြီး အမြဲတမ်း ကြောက်လန့်တကြား နေထိုင်နေရသလို ခံစားလိုက်ရသည်။

ကပ်ဘေးကြီးများမှ လွတ်မြောက်ပြီး အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိလာခြင်း... မည်သူမဆို ရက်အနည်းငယ်လောက်တော့ ကြောင်တောင်တောင် ဖြစ်နေကြမည်သာ။

ကံကောင်းသည်မှာ သူတို့နှစ်ယောက်စလုံးသည် အခြေအနေနှင့် လိုက်လျောညီထွေ နေတတ်သည့် ပေါ့ပေါ့ပါးပါး စိတ်ထားရှိကြသူများ ဖြစ်သည်။ ပေါ့ပေါ့ပါးပါး စကားအနည်းငယ် ပြောဆိုလိုက်ရုံဖြင့် အချင်းချင်း နှစ်သိမ့်ပေးရန် လုံလောက်လေသည်။

အိမ်က ဆင်းရဲပြီး ရွာကလည်း မွဲတေပုံပေါက်သော်လည်း ဒီအခြားကမ္ဘာသည် သာ့လျန်မင်းဆက်ထက် အားသာချက်များစွာ ရှိနေသည်။ သူတို့ အသက်ရှင်နေကြသေးသည် မဟုတ်ပါလား။ သူတို့၏ အရည်အချင်းများနှင့်ဆိုလျှင် ကောင်းကောင်းမွန်မွန် မနေနိုင်စရာ အကြောင်း ရှိပါမည်တဲ့လား။

ဖွင့်မပြောကြသော်လည်း သားအဖနှစ်ယောက်စလုံးသည် တစ်ယောက်၏ အတွေးကို တစ်ယောက် နားလည်နေကြသည်။

“ငါတို့ ဒီကို ရောက်နေမှတော့ အကောင်းဆုံးဖြစ်အောင် နေကြတာပေါ့”

ကောင်းကင်ဘုံက သူတို့ကို အသက်ရှင်ခွင့် ပေးထားမှတော့ သူတို့ အကောင်းဆုံး အသုံးချသင့်တာပေါ့။

နန်းတော်ထဲတွင် ရှိစဉ်က သူတို့သည် ညဘက်များတွင် ဝိုင်သောက်ခြင်း၊ လမင်းကြီးကို ရှုစားခြင်း၊ စာဖတ်ခြင်း၊ ဂီတတီးခတ်ခြင်းနှင့် ဖျော်ဖြေပွဲများကို ကြည့်ရှုခြင်းဖြင့် အချိန်ဖြုန်းနိုင်ခဲ့ကြသည်။ သို့သော် ယခုအခါ ရေနံဆီမီးခွက် တစ်လုံးတည်းသာ ရှိပြီး မီးစာဆီကလည်း ဈေးကြီးသဖြင့် အပိုအလိုများ မလုပ်ဘဲ စောစောအိပ်ရာဝင်ခြင်းက အကောင်းဆုံးပင်။

ဒီနေ့ နေပူရှိန် ပြင်းသဖြင့် ဖျာများ ခြောက်သွေ့သွားသော်လည်း အိပ်ရာခင်းများမှာ အနည်းငယ် စိုထိုင်းနေသေးသည်။

အားလုံး ခြောက်သွေ့သွားလျှင်ပင် သားအဖနှစ်ယောက်သည် စုတ်ပြတ်နေသော ဖျာများနှင့် အိပ်ရာခင်းများကို ရှောင်ရှားကြပေလိမ့်မည်။ စကားတစ်ခွန်းမှ မပြောဘဲ သူတို့နှစ်ယောက်စလုံး ရတနာတိုက်ခန်းထဲသို့ ဝင်သွားလိုက်ကြ၏။

ရတနာတိုက်ခန်းထဲတွင် ကုတင်များနှင့် အိပ်ရာခင်းများ ရှိပြီး ကုတင်များကို ဆောင်းရာသီတွင် နွေးထွေးပြီး နွေရာသီတွင် အေးမြသော ရွှေရောင်နန်မုသစ်သားဖြင့် ပြုလုပ်ထားကာ အိပ်ရာခင်းများကို သာ့လျန်မင်းဆက်မှ အကောင်းဆုံး ပိုးဂွမ်းနှင့် ပိုးချည်များဖြင့် ပြုလုပ်ထားသဖြင့် သူတို့ အသုံးပြုနေကျ ပစ္စည်းများ ဖြစ်ကြသည်။

သို့သော်ငြားလည်း။

“တကယ်လို့ အိပ်ရာခင်းတွေ ညစ်ပတ်သွားရင် ဘယ်လိုလုပ်မလဲ” ရှန်မော့အာက ခန်းဆီးတစ်ဖက်မှနေ၍ သူမ၏ဖခင်ကို မေးလိုက်သည်။

သူမ၏ မေးခွန်းကြောင့် ရှန်ရှောက်ယွမ် ကြောင်အသွားသည်။

ငါတို့ အပြင်မှာ လျှော်လို့မှ မရတာ။ မလျှော်ဘဲ ထားလိုက်ရင်လည်း ပိုဆိုးဦးမယ်။

ခဏကြာတော့ သူက ပြောလိုက်သည်။ “ရတနာတိုက်ခန်းထဲမှာ နေတာက ရေရှည်အဆင်ပြေမယ့် နည်းလမ်းမဟုတ်ဘူး။ အိမ်ကို ပြုပြင်ပြီးတော့ အိပ်ရာခင်းအသစ်တွေ ဝယ်ဖို့ နည်းလမ်းရှာမှ ဖြစ်မယ်”

ရှန်မော့အာက ပြန်ပြောလိုက်သော်လည်း ဘာမှဆက်မပြောတော့ဘဲ နေ့ဘက်က အဖြစ်အပျက်များကို တွေးတောရင်း အိပ်ပျော်သွားလေတော့သည်။

နောက်တစ်နေ့တွင် ရှန်ရှောက်ယွမ်သည် မလိုလားစွာဖြင့် ပေါက်ပြားကိုကိုင်ကာ အလုပ်သွားလုပ်သော်လည်း ရှန်မော့အာကတော့ သွားစရာ မလိုခဲ့ချေ။

လတ်တလော ရာသီဥတု ပူပြင်းမှုကြောင့် လယ်ထဲတွင် အလုပ်သိပ်မရှိကြောင်း အဖွဲ့ခေါင်းဆောင်က ပြောခဲ့သည်။ ဒီနေ့မှစ၍ သန်စွမ်းသော လုပ်သားများမှလွဲလျှင် အမျိုးသမီးများ၊ အထူးသဖြင့် သက်ကြီးရွယ်အိုများသည် အလုပ်လုပ်ရန် မလိုအပ်တော့ပေ။ ရှန်မော့အာသည် လယ်ကွင်းထဲတွင် မူးလဲခဲ့ဖူးသဖြင့် သူမ သွားစရာ မလိုသည်မှာ သဘာဝကျလေသည်။

သို့သော်ငြားလည်း ရှန်မော့အာသည် အိမ်တွင် အလကား နေမနေခဲ့ချေ။

မင်းသမီးတစ်ပါးအနေဖြင့် သူမသည် အားလပ်ချိန်များတွင် လှေစီးခြင်း သို့မဟုတ် အရိပ်ခိုခြင်းများ ပြုလုပ်ကာ ပေါ့ပေါ့ပါးပါး နေထိုင်နိုင်သည်။ သို့သော် ယခုအခါ ဒီအခြားကမ္ဘာတွင် သာမန်တောသူမလေးတစ်ယောက်... မဟုတ်သေး... ဆင်းရဲသော လယ်သမားမိသားစုမှ မိန်းကလေးတစ်ယောက်အနေဖြင့် သူမသည် ယခင်ကလို ပေါ့ပေါ့ပါးပါး နေထိုင်နေမည်ဆိုလျှင် ငတ်သေခြင်း သို့မဟုတ် အေးခဲပြီး သေဆုံးခြင်းတို့နှင့် ကြုံတွေ့ရပေလိမ့်မည်။

မနက်စာ စားပြီးနောက် ရှန်မော့အာသည် မနေ့က ကပျာကယာ နေလှန်းထားသော အိပ်ရာခင်းများကို ဖြုတ်လိုက်သည်။

ဂွမ်းစောင်ကို အပြင်သို့ ထပ်မံထုတ်ယူပြီး နေလှန်းလိုက်ကာ တုတ်တစ်ချောင်းရှာပြီး ရိုက်ခါလိုက်သော်လည်း ဝါဂွမ်းများမှာ မာကျောနေပြီဖြစ်သဖြင့် ရိုက်ခါခြင်းကပင် သိပ်ပြီး အရာမထင်လှချေ။

သူမသည် အိပ်ရာခင်းကို ရေတွင်းနားသို့ ယူသွားပြီး သေချာလျှော်ဖွပ်ကာ တံခါးပေါက်အပြင်ဘက်ရှိ ဝါးတန်းပေါ်တွင် လှန်းလိုက်သည်။

သူတို့အိမ်သည် စုတ်ပြတ်နေသော်လည်း အားသာချက် တချို့တော့ ရှိသည်။ ဘေးအိမ်သည် မြေပိုင်ရှင်တစ်ဦး၏ ခြံဝင်းဖြစ်ပြီး ပြင်ပနံရံကို ဖျက်ချထားသည်။ အခန်းတန်းလျားများကို ကုန်ထုတ်လုပ်ရေးအဖွဲ့၏ ရုံးခန်းအဖြစ် ပြောင်းလဲထားပြီး တံခါးနှင့် မလှမ်းမကမ်းတွင် ရေတွင်းတစ်တွင်း ရှိလေသည်။

ရေတွင်းသည် ယခင်က ခြံဝင်းထဲတွင် ရှိခဲ့သည်။ နံရံ မရှိတော့သဖြင့် အများပိုင်နေရာ ဖြစ်သွားပြီး ရှန်မော့အာတို့ မိသားစုအတွက် သေချာပေါက် အဆင်ပြေစေသည်။

အနီးနားရှိ တပ်ဖွဲ့ဝင်များသည်လည်း ရေလာခပ်ကြသော်လည်း ရှန်မော့အာတို့ မိသားစုလောက်တော့ အဆင်မပြေကြပေ။ ဘာပဲဖြစ်ဖြစ် သူတို့အိမ်သည် မူလက မြေပိုင်ရှင်၏ ပိုင်ဆိုင်မှုအစိတ်အပိုင်း ဖြစ်ခဲ့သဖြင့် အခြားသူများနှင့်ယှဉ်လျှင် ပို၍ နီးကပ်လေသည်။

ရှန်မော့အာတစ်ယောက် တော်တော်လေး ကျေနပ်သွားသည်။

အိပ်ရာခင်းများကို နေလှန်းပြီးနောက် ရှန်မော့အာသည် အိမ်၏ အတွင်းနှင့် အပြင်ကို သန့်ရှင်းရေး လုပ်လိုက်သည်။ ထို့နောက် သူမသည် ဝါးခြင်းတောင်းတစ်လုံးကို ဆွဲယူလိုက်ပြီး အနားကွပ်တစ်ဖက်သာ ရှိတော့သည့် ကောက်ရိုးဦးထုပ်အစုတ်ကို ဆောင်းကာ အိမ်ထဲမှ ထွက်လာခဲ့လိုက်၏။

ရှန်မော့အာသည် ရွာအနောက်ဘက်မှ အရှေ့ဘက်သို့ လျှောက်လာခဲ့သည်။ မကြာမီတွင် သူမသည် ရွာစာသင်ကျောင်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။

“ဆင်းရဲသားနှင့် အောက်ခြေလူတန်းစား လယ်သမားများ၏ အိမ်များသို့ စာသင်ကျောင်းများ ပို့ဆောင်ရေး” ဟူသော တိုက်တွန်းချက်အရ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တပ်ဖွဲ့အများအပြားသည် စာသင်ကျောင်းများ ဖွင့်လှစ်ခဲ့ကြသည်။ ယန်လျိုတပ်ဖွဲ့ရှိ ရွာစာသင်ကျောင်းသည် လွန်ခဲ့သောနှစ်က ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် အတန်းနှစ်တန်းနှင့် ဆရာနှစ်ယောက်သာ ရှိလေသည်။

တစ်ယောက်မှာ ရှန်လင်းလင်းဖြစ်ပြီး နောက်တစ်ယောက်မှာ ဝါရင့် ပညာတတ်လူငယ် ချန်ထောင်ဖြစ်သည်။ နှစ်ယောက်စလုံးသည် အထက်တန်းပညာ အရည်အချင်းရှိကြပြီး ယန်လျိုတပ်ဖွဲ့ ရွာစာသင်ကျောင်းအတွက် အတော်လေး အထင်ကြီးစရာ ဖြစ်လေသည်။

ဒီခေတ်ကာလများတွင် ရွာစာသင်ကျောင်း ဆရာများသည် အလယ်တန်း သို့မဟုတ် မူလတန်းအဆင့် ပညာအရည်အချင်းသာ ရှိကြသည်မှာ အဆန်းမဟုတ်ပေ။ အထက်တန်းပညာ အရည်အချင်းရှိသော ဆရာနှစ်ယောက် ရှိနေခြင်းက အတော်လေး ထူးခြားလေသည်။

တကယ်တော့ ဒေသခံ အထက်တန်းကျောင်းဆင်းတစ်ဦးအနေဖြင့် ရှန်လင်းလင်းသည် အစိုးရဌာနများ သို့မဟုတ် ကုမ္ပဏီများသို့ ဝင်ရောက်လုပ်ကိုင်ရန် အခွင့်အရေး ရှိခဲ့သည်။ ဟုတ်ပါသည်။ သူမက စာမေးပွဲများကို တိတ်တဆိတ် ဝင်ရောက်ဖြေဆိုခဲ့သော်လည်း ကံဆိုးစွာဖြင့် မအောင်မြင်ခဲ့ချေ။

ရွာသားတွေကတော့ ဒီအကြောင်းကို မသိကြပေ။

သို့သော် ရွာက မူလတန်းကျောင်း ဖွင့်လိုက်သောအခါ တစ်ဦးတည်းသော အထက်တန်းကျောင်းဆင်းဖြစ်သည့် သူမသည် အလိုအလျောက် ဆရာမ ဖြစ်လာခဲ့သည်။

ရှန်လင်းလင်း၏ ပညာရေး စွမ်းဆောင်ရည်သည် တကယ်တမ်းတွင် ပျမ်းမျှအဆင့်သာရှိသဖြင့် ဝန်ထမ်းခေါ်ယူရေး စာမေးပွဲများကို ထပ်ခါတလဲလဲ ကျရှုံးခဲ့ခြင်း ဖြစ်သည်။ အကြိမ်ကြိမ် ကျရှုံးပြီးနောက် ယခုအခါ သူမသည် ရွာကျောင်းဆရာမ ရာထူးကို တန်ဖိုးထားလာသည်။ မနှစ်က စုန်းရှုတပ်ဖွဲ့မှ ဆရာတစ်ဦး ခရိုင်ကျောင်းသို့ ပြောင်းရွှေ့ခံရသောအခါ ရှန်လင်းလင်းသည် အသက်မွေးဝမ်းကျောင်း တိုးတက်မှုအတွက် အခွင့်အလမ်းတစ်ခုကို မြင်ခဲ့သည်။ သူမသည် ခရိုင်ကျောင်း သို့မဟုတ် မြို့ပေါ်ကျောင်းသို့ ပြောင်းရွှေ့ခံရမည်ဟု တိတ်တဆိတ် မျှော်လင့်နေခဲ့သည်။

ထို့ကြောင့် ရှန်မော့အာ ရွာစာသင်ကျောင်းအပြင်ဘက်တွင် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ရှန်လင်းလင်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားတော့သည်။

ရှန်မော့အာက ဒီအလုပ်ကို မျက်စိကျနေတာကို သူမ သတိရသွားသည်။

စာမေးပွဲစာရွက်များနှင့် ဆုလက်ဆောင်များကို ဝေငှပေးလိုက်သည်နှင့် ကလေးများသည် “ကျောင်းပိတ်ပြီ”၊ “တာ့တာ ဆရာမ” ဟု အော်ဟစ်ကာ ဝမ်းသာအားရ လူစုခွဲသွားကြသည်။ သူမ၏ အတွေးများဖြင့် အာရုံများနေသဖြင့် ရှန်လင်းလင်းသည် ကျောင်းသားများကို သိပ်သတိမထားမိဘဲ ရှန်မော့အာရှိရာသို့ အမြန်လျှောက်သွားလိုက်ကာ “ရှန်မော့အာ... နင် ဒီမှာ ဘာလာလုပ်တာလဲ”

ရှန်မော့အာက သူမကို အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒါက ရွာထဲမှာလေ။ တပ်ဖွဲ့ဝင်တွေ ဒီနေရာကို မလာရဘူးဆိုတဲ့ စည်းမျဉ်းရှိလို့လား”

ခဏနားပြီးနောက် သူမက ထပ်ပြောလိုက်သည်။ “နင်က ဘာလို့ ဒီလောက်တောင် သဘောထားတင်းမာနေရတာလဲ။ ငါ့ကို ထပ်ပြီး ပြဿနာရှာဦးမလို့လား”

ရှန်လင်းလင်း: “...”

သူမက ဒေါသတကြီး ပြောလိုက်သည်။ “လျှောက်ပြောမနေနဲ့။ ငါက နင့်ကို ဘယ်တုန်းက အနိုင်ကျင့်ဖူးလို့လဲ”

ရှန်မော့အာက တိုးတိုးလေး ရေရွတ်လိုက်သည်။ “ငါ့ကို နင်တို့အိမ် ငှားမနေခိုင်းတာနဲ့ ငါတို့ရဲ့ အစားအသောက်တွေကို ယူသွားတာက အနိုင်ကျင့်တာ မဟုတ်ဘူးလား”

ရှန်လင်းလင်း ပြန်မပြောနိုင်ခင်မှာပင် သူမက ဆက်ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ငါ ကျောင်းအုပ်ကြီးချန်ကို လာတွေ့တာ။ နင်နဲ့ ဘာမှမဆိုင်ပါဘူး”

သူမက နှာခေါင်းရှုံ့လိုက်ပြီး ရှန်လင်းလင်းကို လျစ်လျူရှုကာ ချန်ထောင်ဘက်သို့ လှည့်လိုက်သည်။ စကားအနည်းငယ် ပြောဆိုပြီးနောက် သူတို့သည် အနီးနားရှိ ဆရာများရုံးခန်းထဲသို့ ဝင်သွားကြလေသည်။

သံသယများ ရှိနေသဖြင့် ရှန်မော့အာတွင် လျှို့ဝှက်အကြံအစည်တစ်ခုခု ရှိနေသည်ဟု ရှန်လင်းလင်းတစ်ယောက် အမြဲခံစားနေရသည်။ ဖြစ်ပျက်နေသည့် အခြေအနေကို သွားကြည့်ရန် သင့်မသင့် တုံ့ဆိုင်းနေမိပြီး ဆုံးဖြတ်ချက်ချလိုက်မည့်အချိန်တွင် ရှန်မော့အာသည် ပြုံးရွှင်သော မျက်နှာထားဖြင့် ပြန်ထွက်လာခဲ့လေပြီ။

ရှန်မော့အာသည် သူမကို တစ်ချက်မျှ လှည့်မကြည့်ဘဲ သွက်လက်စွာ ထွက်ခွာသွားလေသည်။

ရှန်လင်းလင်းတစ်ယောက် စဉ်းစားလေ တစ်ခုခု လွဲမှားနေသည်ဟု ခံစားရလေ ဖြစ်နေသည်။ အတော်ကြာ တွေးတောပြီးနောက် သူမသည် စိတ်ကိုတင်းလိုက်ပြီး ရှန်မော့အာ ဘာလာလုပ်တာလဲဆိုတာ ချန်ထောင်ကို သွယ်ဝိုက်မေးမြန်းရန် ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။

မျက်မှန်တပ်ထားပြီး ရင့်ကျက်ပုံပေါက်သော ချန်ထောင်သည် သူ၏ တည်ငြိမ်သော မျက်နှာပေါ်တွင် နောက်ပြောင်ချင်သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး ပြောလိုက်သည်။

“ရှန်မော့အာက ငါ့ဆီက အထက်တန်းကျောင်းသုံး စာအုပ်တွေ လာငှားတာလေ။ မင်းက မင်းရဲ့ စာအုပ်တွေကို ကိုယ့်မျက်လုံးလို စောင့်ရှောက်ထားပြီး သူ့ကို ဘယ်တော့မှ ငှားမှာမဟုတ်ဘူးလို့ သူက ပြောတယ်။ သူက အဲဒီစာအုပ်တွေနဲ့ စာကြိုးစားပြီး ရှေးခေတ်ပညာရှိတွေလို ဇွဲလုံ့လနဲ့ မင်းကို ကျော်ဖြတ်မယ်လို့ ပြောသွားတယ်။ ဟားဟား... မင်းတို့ ညီအစ်မနှစ်ယောက်က တကယ်ကို ထူးခြားတာပဲ”

ရှန်လင်းလင်း: “...”

ရှန်မော့အာက သူမဆီကနေ စာအုပ်တွေ ဘယ်တုန်းကမှ မတောင်းဖူးပါဘူး။

ရှန်မော့အာ တောင်းခဲ့ရင်တောင်မှ ရှန်လင်းလင်းက ငှားမှာမဟုတ်ပေမယ့် အမှန်တရားကတော့ ရှန်မော့အာက အဲဒီအကြောင်း လုံးဝ မပြောခဲ့ဖူးခြင်းပင်။

လူလိမ်မ။ အဲဒီ မျက်နှာနှစ်ဖက်နဲ့ မိန်းမက လိမ်နေတာကြီး။

...

အပိုင်း (၈) နင့်ရဲ့ မြှောက်ပင့်စကားက သိပ်ပြီး ထိရောက်မှု မရှိလှဘူး မဟုတ်လား

ရွာစာသင်ကျောင်းမှ ထွက်ခွာလာပြီးနောက် ရှန်မော့အာသည် အထက်တန်း ကျောင်းသုံးစာအုပ် နှစ်အုပ်ထည့်ထားသည့် ဝါးခြင်းတောင်းကို သယ်ဆောင်လျက် သူမ၏ ကိုယ်ပိုင်မြေကွက်ဆီသို့ ဦးတည်သွားလိုက်လေသည်။

ယနေ့သည် လုပ်သားများအတွက် လုပ်အားပေး စတင်သည့်နေ့ဖြစ်ပြီး မနေ့ကမှ စပါးဝေထားသဖြင့် အိမ်ထောင်စုအများစုသည် လတ်တလောတွင် စားနပ်ရိက္ခာအတွက် ပူပန်စရာ မလိုကြချေ။ အမျိုးသမီးများ သာမက ရွာထဲရှိ သက်ကြီးရွယ်အိုများသည်လည်း အိမ်တွင် အနားယူနေကြသည့် အဓိပ္ပါယ်ပင်။

ရှန်မော့အာသည် အဒေါ်ချန်၏ အိမ်ရှေ့မှ ဖြတ်သွားစဉ် လမ်းဘေးသစ်ပင်ကြီးအောက်၌ ထန်းရွက်ယပ်တောင်ကြီးများကို ခတ်ကာ ထိုင်စကားပြောနေကြသော ရွာထဲမှ အဒေါ်ကြီးတစ်သိုက်ကို တွေ့လိုက်ရ၏။

ရှန်မော့အာကို မြင်လိုက်သည်နှင့် အဒေါ်ချန်က ယပ်တောင်ကို ဝှေ့ယမ်းလိုက်ပြီး စစ်မှန်သော စိုးရိမ်စိတ်ဖြင့် မေးလိုက်လေသည်။ "မော့အာ... ဒီနေ့ သက်သာရဲ့လား။ မနေ့က စပါးရပြီးတော့ ဗိုက်ဝအောင် စားရရဲ့လား"

"ဟုတ်ကဲ့၊ ကျွန်မ ဗိုက်ဝအောင် စားရပါတယ်" ရှန်မော့အာက အနည်းငယ် ရှက်ကိုးရှက်ကန်း အပြုံးဖြင့် ပြန်ဖြေလိုက်၏။ "အဒေါ်ချန်၊ အဒေါ်ချိုင်၊ အဒေါ်လု၊ အဒေါ်ဝမ်၊ အဒေါ်ယန်နဲ့ အဒေါ်ကျန်းတို့ ကူညီပေးကြလို့ပါ။ အဒေါ်တို့သာ မရှိရင် စပါးတွေကို အိမ်ပြန်သယ်ဖို့ ဒီလောက်လွယ်ကူမှာ မဟုတ်ပါဘူး။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်"

သူတို့သည် အဖော်ရရုံသက်သက် ဝင်ကူညီပေးခဲ့ခြင်း ဖြစ်သော်ငြားလည်း ရှန်မော့အာက လေးလေးနက်နက် ကျေးဇူးတင်စကား ပြောလိုက်သဖြင့် အဒေါ်ကြီးများသည် ကောင်းမှုကုသိုလ်တစ်ခု အမှန်တကယ် ပြုလုပ်ခဲ့ရသလို ခံစားလိုက်ကြရသည်။ သူတို့တစ်ယောက်ချင်းစီသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မေးကို ချီလိုက်ကြပြီး ရှန်မော့အာနှင့် ခဏလောက် ဆက်လက်စကားပြောရန် မလွန်ဆန်နိုင်တော့ချေ။

ရှန်မော့အာက သူမ၏ ကိုယ်ပိုင်မြေကွက်ဆီသို့ သွားမည့်အကြောင်း ကြားလိုက်ရသောအခါ အဒေါ်ကြီးများသည် သူမနှင့်အတူ လိုက်သွားရန် စိတ်အားထက်သန်စွာ ကမ်းလှမ်းလိုက်ကြ၏။

အခြေအနေကောင်းသည့် အချိန်များ၌ပင် သားအဖနှစ်ယောက်သည် အစားအသောက် လုံလောက်စွာ ရှိနေလျှင်တောင်မှ ငတ်မွတ်လုနီးပါး ဖြစ်နေတတ်သည်။ အခြားသူများသည် တောထဲမှ ရှာဖွေခြင်းဖြစ်စေ၊ ကိုယ်ပိုင်မြေကွက်မှ ပိုမိုထွက်ရှိအောင် လုပ်ဆောင်ခြင်းဖြစ်စေ နည်းလမ်းမျိုးစုံဖြင့် အဆင်ပြေအောင် နေထိုင်တတ်ကြသော်လည်း ရှန်မိသားစုမှာမူ တစ်နည်းနည်းဖြင့် အမြဲတမ်း ပို၍ ငတ်မွတ်နေတတ်သည်။

ထင်သည့်အတိုင်းပင် လူအုပ်ကြီးသည် ရှန်မိသားစု၏ ကိုယ်ပိုင်မြေကွက်သို့ ရောက်ရှိသွားချိန်တွင် စိတ်ပျက်ဖွယ် မြင်ကွင်းနှင့် ကြုံတွေ့လိုက်ကြရသည်။ ကန်စွန်းရိုးအချို့မှာ အမြစ်အနည်းငယ်သာ ကျန်တော့သည်အထိ ခုတ်ထစ်ခံထားရပြီး ပဲတောင့်ရှည်ပင်များတွင် အရွက်ကျဲကျဲသာ ကျန်ရှိကာ အသီးဆိုလျှင် ပို၍ပင် ရှားပါးနေလေသည်။ ကန်စွန်းဥဘောင်များတွင် မြေအောက်အပိုင်းကို မမြင်ရသော်လည်း မြေပေါ်ရှိ အရွက်များသည် ကုန်သလောက် ဖြစ်နေပြီ။

အဒေါ်ကြီးများသည် သနားစိတ်များ ပြည့်လျှံသွားကြ၏။ ဒီသားအဖနှစ်ယောက်သည် တကယ်ပင် ငတ်မွတ်နေကြပြီး လယ်ကွင်းထဲမှ စား၍ရသမျှ အရာအားလုံးကို စားသောက်ထားကြလေသည်။

သူတို့၏ ရိုးသားမှုသည် တကယ်ပင် မှတ်တမ်းတင်လောက်သည်။

အကယ်၍ အခြားသူများသာ ဖြစ်ခဲ့လျှင် မိမိတို့၏ မြေကွက်၌ ကုန်စင်သွားပါက အခြေအနေမဲ့ ဖြစ်နေခြင်းကြောင့် အိမ်နီးချင်းများ၏ မြေကွက်များမှ ယူငင်ကောင်း ယူငင်ကြပေလိမ့်မည်။ သို့သော် သူတို့ဖြတ်လျှောက်လာစဉ် အခြားမိသားစုများ၏ ကိုယ်ပိုင်မြေကွက်များသည် သပ်ရပ်စွာ ရှိနေကြသည်။ ကျိုးမိသားစု၏ ရွှေဖရုံသီးတစ်လုံးသည်ပင် သူတို့မြေကွက်ထဲသို့ ဝင်ရောက်ကြီးထွားနေပြီး ဘယ်သူမှ မထိဘဲ ရင့်မှည့်နေသည်ကို တွေ့ရလေသည်။

"ရှန်လောင်ချီက သူ့အမေ ရှိတုန်းက လယ်ထဲ သိပ်မဆင်းခဲ့ဘူး။ အမေဆုံးသွားတော့လည်း သူ့ကို သင်ပေးမယ့်သူ မရှိဘူးလေ။ သူ့ရဲ့ စိုက်ပျိုးရေးစွမ်းရည်က တကယ်ပဲ အဆင့်မမီပါဘူး"

ထိုသို့ ပြောပြီးနောက် အဒေါ်ကြီးများသည် လက်အင်္ကျီများကို ပင့်တင်လိုက်ကြပြီး အလုပ်စလုပ်ကြတော့သည်။ သူတို့သည် အဒေါ်ယန်၏ အိမ်မှ လယ်ယာသုံးကိရိယာများကို ယူဆောင်လာကာ မြေဆွခြင်း၊ ရေလောင်းခြင်းများ ပြုလုပ်ကြပြီး သူတို့၏ ကိုယ်ပိုင်မြေကွက်များမှ ချဉ်ပေါင်၊ ဘူးနှင့် မုန်လာဥ ပျိုးပင်များကို နုတ်ယူလာကာ ရှန်မော့အာ၏ မြေကွက်ထဲတွင် စိုက်ပျိုးပေးကြလေသည်။

အတွေ့အကြုံရှိသော လုပ်သားများဖြစ်ကြသဖြင့် လျင်မြန်စွာ လုပ်ကိုင်နိုင်ကြသည်။ ရှန်မော့အာက ရေနှစ်ပုံး ခပ်ယူလာသည့် အချိန်တိုအတွင်းမှာပင် မြေကွက်သည် သိသိသာသာ ပြောင်းလဲသွားခဲ့လေပြီ။

ရှန်မော့အာသည် အဒေါ်ကြီးများ၏ စေတနာထက်သန်မှုကြောင့် အံ့အားသင့်ကာ ဝမ်းသာသွားရသည်။ သူမ၏ ယခင်ဘဝ မင်းသမီးဖြစ်စဉ်က သူမ၏ လက်အောက်ငယ်သားများ ကြိုးစားလုပ်ကိုင်ကြလျှင် ရက်ရက်ရောရော ဆုချလေ့ရှိသည်။

သို့သော် ဒီကမ္ဘာသစ်တွင် သူမ၌ ဘာမှမရှိချေ။ ထို့အပြင် ဒီလူများသည် သူမ၏ အိမ်တော်မှ အစေခံများလည်း မဟုတ်ကြပေ။ သူတို့သည် ပစ္စည်းမဲ့ လူတန်းစားချင်း စာနာစိတ်သက်သက်ဖြင့် သူမကို ကူညီပေးခဲ့ကြခြင်း ဖြစ်သည်။ စိတ်ထဲတွင် ထိခိုက်ခံစားရပြီး ဤအရာကို အသစ်တစ်ဖန် သတိပြုမိသွားသဖြင့် ရှန်မော့အာသည် ဒီကျေးဇူးတရားကို မှတ်သားထားပြီး နောင်တစ်ချိန်တွင် ပြန်လည်ပေးဆပ်ရန် ဆုံးဖြတ်ထားလိုက်သည်။

ပြောရမည်ဆိုလျှင် ဒီရွာမှ အမျိုးသမီးများသည် တစ်ခါတစ်ရံတွင် အတင်းအဖျင်းပြောကာ သူတပါးကိစ္စ ဝင်ပါတတ်သဖြင့် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသော်လည်း စိတ်အားထက်သန်ပြီဆိုလျှင်တော့ တကယ်ပင် ထက်သန်ကြလေသည်။ ရှန်မော့အာ တစ်ခွန်းမှ မပြောရဘဲ သူတို့သည် သူမ၏ မြေကွက်ကို ပြုပြင်ပေးခဲ့ကြပြီးနောက် လူအုပ်ကြီးဖြင့် ခေါင်းဆောင်၏ အိမ်သို့ သူမကို ဆွဲခေါ်သွားကြလေသည်။

ခေါင်းဆောင်သည် အပြင်ထွက် အလုပ်လုပ်နေသော်လည်း သူ့အမေနှင့် မိန်းမဖြစ်သူတို့ အိမ်တွင် ရှိနေကြသည်။ အဒေါ်ကြီးများသည် ရှန်မော့အာနှင့် သူမ၏ဖခင်ဘက်မှနေ၍ ရှန်မိသားစု၏ အခြားအိမ်ခွဲများသည် ရက်စက်ကြကြောင်း စွပ်စွဲပြောဆိုကြတော့သည်။

အခြေခံပညာအဆင့်ရှိပြီး စာပေတတ်မြောက်သော သူ့ဇနီး ရွှီဟုန်မေသည် တရားမျှတမှုအတွက် ဒေါသတကြီး ပြောဆိုလေတော့သည်။ "ပြည်သူ့ကုန်ထုတ်လုပ်ရေးအဖွဲ့ဆိုတာ ပြည်သူကို အကျိုးပြုဖို့ တည်ရှိနေတာပါ။ ပစ္စည်းမဲ့လူတန်းစားတွေက စည်းလုံးညီညွတ်ရမယ်။ ဖိနှိပ်လို့ မဖြစ်ဘူး။ ရှန်လောင်ချီက ရိုးသားပြီး ထောက်ပံ့မယ့်သူ မရှိလို့ သူ့အစ်ကိုတွေက သူ့ကို အနိုင်ကျင့်နေကြတာ။ တကယ်လို့ ထုတ်လုပ်ရေးအဖွဲ့ကသာ မကူညီဘူးဆိုရင် ဘယ်သူက ကူညီမှာလဲ"

ကျိုးမန်ခန်းမှာ ဆွံ့အသွားရသည်။ "အရင်တုန်းက မင်း ဒီလိုပြောတာ ငါ မကြားဖူးပါလား"

ရွှီဟုန်မေက ပြန်ဖြေလိုက်၏။ "အရင်တုန်းကတော့ သားအဖနှစ်ယောက်က ဘာမှမပြောကြတော့ ကျွန်မတို့က ဒီအတိုင်းကြီး ဝင်ပါလို့ မရဘူးလေ။ ဟုတ်တယ်မလား"

အဘွားကြီးက ဝင်ပြောလိုက်သည်။ "ဟုတ်တာပေါ့။ အဲဒီကလေးမလေး မော့အာက သနားစရာကောင်းတယ်လို့ ငါ အမြဲတမ်း တွေးမိပါတယ်။ ဒါပေမဲ့ ရှန်လောင်ချီက တစ်ခွန်းမှ မဟတော့ ငါ ဝင်ပါစရာ အကြောင်းမရှိခဲ့ဘူးလေ။ ဒါပေမဲ့ အခုတော့ အခြေအနေတွေက ကွဲပြားသွားပြီ။ ငါ ကြားတာတော့ တကယ်လို့ ငါတို့သာ တရားမျှတအောင် မလုပ်ပေးရင် သူက ထုတ်လုပ်ရေးအဖွဲ့ရုံးခန်းဝမှာ ကြိုးဆွဲချသေတော့မယ်တဲ့။ အမှုဆိုးတွေ မဖြစ်ရအောင် နင် ဝင်ပါမှ ဖြစ်မယ်"

ရှန်လောင်ချီသည် ရုတ်တရက် စိတ်သဘောထား ပြောင်းလဲသွားပြီး သူ့တစ်ဦးတည်းသော သမီးအတွက် တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ကြားလိုက်ရသည်တွင် ကျိုးမန်ခန်းကတော့ သံသယ ဖြစ်နေမိဆဲပင်။ ထို့ကြောင့် မနေ့က စပါးလှန်းစဉ်တွင် အချိန်ဆွဲရန် ရည်ရွယ်ချက်ဖြင့် သူ့အစ်ကိုများကို အရင် ညှိနှိုင်းခိုင်းခဲ့ခြင်း ဖြစ်သည်။

ရက်အနည်းငယ် ကြာသွားလျှင်တော့ ရှန်လောင်ချီ၏ ဒေါသများ ပြေလျော့သွားကောင်း ပြေလျော့သွားနိုင်သည်။

သို့သော် ယခုအခါ မီးသည် သူ့ဆီသို့သာမက သူ့အိမ်ထဲထိပါ ရောက်ရှိလာခဲ့ပြီ။ သူ့အမေနှင့် မိန်းမဖြစ်သူ၏ စကားများ နောက်ကွယ်တွင် တွန်းအားပေးနေသော အဒေါ်ကြီးတစ်စု ရှိနေကြောင်း ကျိုးမန်ခန်း ကောင်းကောင်းသိလေသည်။

တကယ်တော့ အဘွားကြီး ပြောသည်မှာ မမှားပေ။ အကယ်၍ အသက်အန္တရာယ် တစ်ခုခုဖြစ်ခဲ့လျှင် ခေါင်းဆောင်အနေဖြင့် သူက တာဝန်အပြည့်ယူရပေမည်။

ကျိုးမန်ခန်းသည် မလိုအပ်သော ပြဿနာများကို ရှောင်ရှားခြင်းက ပိုကောင်းသည်ဟု အစက တွေးတောနေခဲ့သော်လည်း ယခုအခါ ခုံပုလေးပေါ်တွင် ထိုင်ကာ ဆေးလိပ်တစ်ရှိုက် ဖွာလိုက်ပြီး ပြောလိုက်လေသည်။ "ကောင်းပြီလေ။ ဒီနေ့ ညနေကျရင် သူတို့အတွက် ငါ ကြားဝင်ဖြန်ဖြေပေးပါ့မယ်"

ရှန်မော့အာသည် အပြင်ခဏလေးထွက်ခဲ့ပြီး လုံးဝ အသစ်ဖြစ်သွားသော ကိုယ်ပိုင်မြေကွက် တစ်ခုနှင့် ပြန်လာခဲ့ရုံသာမက အဒေါ်ကြီးများ ရက်ရက်ရောရော ပေးလိုက်သည့် ဟင်းသီးဟင်းရွက်များကိုလည်း ယူဆောင်လာခဲ့သည်။ ပဲတောင့်ရှည်များ၊ ကန်စွန်းရွက်များ၊ ဘူးသီးနုများနှင့် ရွှေရောင်သခွားမွှေး တစ်လုံးပင် ပါသေးသည်။

အိမ်တွင် ဆီတစ်စက်မှ မရှိသလို ဆားမှလွဲ၍ အခြား ဟင်းခတ်အမွှေးအကြိုင်များလည်း မရှိချေ။ ရှန်မော့အာသည် ကန်စွန်းရွက် လက်တစ်ဆုပ်စာကို ဆေးကြောပြီး မီးဖိုပေါ်တွင် ဟင်းရည်တစ်ခွက် ချက်လိုက်သည်။ သူတို့ အခြားဘာမှ မပြင်ဆင်တော့ဘဲ နေ့လယ်စာအတွက် သားအဖနှစ်ယောက်သည် ဟင်းရည်နှင့်အတူ မုန့်အချို့ကိုသာ စားသောက်လိုက်ကြသည်။

မုန့်များသည် မင်းသားအိမ်တော်မှ အကျွမ်းကျင်ဆုံး မုန့်ဖုတ်စာဖိုမှူး ပြုလုပ်ထားခြင်းဖြစ်ပြီး အမှန်ပင် အရသာရှိလှသည်။ ကံဆိုးစွာဖြင့် ဒီတစ်နပ် စားပြီးသွားလျှင် နောက်ထပ် ရှိတော့မည် မဟုတ်ချေ။

ကံကောင်းထောက်မစွာဖြင့် ယူဆောင်သွားခြင်း ခံရသော စပါးများကို ပြန်လည်ရရှိခဲ့ပြီး ထုတ်လုပ်ရေးအဖွဲ့မှ ရရှိသော ခွဲတမ်းအပိုနှင့်ဆိုလျှင် အိမ်တွင် စားနပ်ရိက္ခာအတွက် လတ်တလော ပူပန်စရာ မရှိတော့ပေ။

ဟုတ်ပါသည်။ ဇိမ်ခံဘဝနှင့် နေသားကျနေသော သားအဖနှစ်ယောက်အတွက် ဤကဲ့သို့ ကြီးမားသော ပြောင်းလဲမှုကြီးကို လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ရန် ခက်ခဲပေလိမ့်မည်။ သို့သော် ဒီကမ္ဘာမှာ ဆက်လက်ရှင်သန် နေထိုင်ရမည် ဖြစ်သောကြောင့် အသားကျအောင် နေကြရပေမည်။

ညနေစောင်း မှောင်ခါနီးအချိန်တွင် အိမ်ထောင်စုတိုင်းက ညစာစားပြီးကြလေပြီ။

ညစာစားပြီးနောက် ရှန်မော့အာသည် ညလေညှင်းခံရန်အတွက် ကျိုးပဲ့နေသော ကုလားထိုင်တစ်လုံးကို တံခါးပေါက်ဝသို့ ရွှေ့လိုက်၏။ သူမသည် စုတ်ပြတ်နေသော ဝါဂွမ်းအင်္ကျီဟောင်းတစ်ထည်ကို ကျွမ်းကျင်စွာ ဖြည်လိုက်ပြီး ခဲပြီး မိုးရေစိုထားသည့် ဝါဂွမ်းများကို ဆွဲထုတ်လိုက်ကာ ခြေရင်းရှိ ဝါးခြင်းတောင်းထဲသို့ ထည့်လိုက်လေသည်။

ယခုအခါ သားအဖနှစ်ယောက်သည် မွဲပြာကျနေပြီဖြစ်သဖြင့် ဒီခဲနေသော ဝါဂွမ်းများကိုပင် သေချာစွာ အခြောက်လှန်းပြီး လေသလပ်ခံလိုက်ပါက အသုံးဝင်နိုင်သေးသည်။

တစ်နေ့တာ ပင်ပန်းထားသဖြင့် ရှန်ရှောက်ယွမ်သည် နံရံကို မှီကာ သူ၏ အဖိုးတန်သမီးလေးကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီး မချဘဲ မနေနိုင် ဖြစ်မိလေသည်။

သူ၏ မော့အာလေးသည် သာ့လျန်မင်းဆက်တွင် မင်းသမီးတစ်ပါးထက်ပင် ပို၍ အမြတ်တနိုး ထားခံခဲ့ရသူ ဖြစ်သည်။ သူမသည် အခြားသော သခင်မလေးများကဲ့သို့ ကိုယ်ပိုင်မင်္ဂလာဝတ်စုံကို ချုပ်လုပ်ရန် မဟုတ်ဘဲ ဖခင်ဖြစ်သူအတွက် အိတ်ကပ်လေး ထိုးပေးရန် ရည်ရွယ်ချက်သက်သက်ဖြင့် သာ့လျန်မင်းဆက်၏ အတော်ဆုံး ပန်းထိုးပညာရှင်များထံမှ ပန်းထိုးနည်းကို သင်ယူခဲ့သည်။ ယခုတော့ ထိုပညာရပ်ကို စုတ်ပြတ်နေသော အဝတ်အစားများကို ဖာထေးရန်အတွက်သာ အသုံးပြုနေရလေသည်။

ရှန်ရှောက်ယွမ်မှာ မဝမ်းနည်းဘဲ မနေနိုင်အောင် ဖြစ်မိနေ၏။

ကျိုးမန်ခန်း ရောက်လာသည့်အချိန်တွင် ပိန်လှီသော မိန်းကလေးတစ်ယောက်သည် ဖာထေးထားသော ဝါဂွမ်းအင်္ကျီကို ပွေ့ဖက်ကာ ဝါဂွမ်းများကို ဆွဲထုတ်နေပြီး အခြား ပိန်လှီသော အမျိုးသား ရှန်လောင်ချီက ငိုတော့မည့်မျက်နှာထားဖြင့် သမီးဖြစ်သူကို ဝမ်းနည်းပက်လက် ကြည့်နေသည့် မြင်ကွင်းကို တွေ့လိုက်ရလေသည်။

ကျိုးမန်ခန်းသည် ရှန်ရှောက်ယွမ်၏ ခံစားချက်ကို နားလည်နိုင်ပေသည်။ အကယ်၍ သူသာ ငတ်မွတ်ပြီး သေလုနီးပါး ဖြစ်ခဲ့ရသည့် တစ်ဦးတည်းသော သမီးကို ပိုင်ဆိုင်ထားရသူ ဖြစ်လျှင် သူလည်း ငိုကြွေးမိမှာပင်။

အကယ်၍ ယခင်က ကျိုးမန်ခန်းသည် ဒီကိစ္စကို ကိုင်တွယ်ရန် အနည်းငယ် တွန်းအားပေးခံခဲ့ရသည် ဆိုလျှင် ယခုအခါတွင်တော့ သူသည် ဒီသနားစရာကောင်းသော သားအဖနှစ်ယောက်ကို စေတနာအမှန်ဖြင့် ကူညီချင်စိတ် ဖြစ်ပေါ်လာခဲ့ပြီ။

ရှန်မိသားစုဝင်များက ထုတ်လုပ်ရေးအဖွဲ့ ရုံးခန်းတွင် စုဝေးရောက်ရှိလာကြသောအခါ ကျိုးမန်ခန်းသည် သူ သနားမိသော သားအဖနှစ်ယောက်ဘက်မှနေ၍ သူ့ကိုယ်သူ သတိမထားမိလိုက်ဘဲ စတင်ပြောဆိုပေးလေတော့သည်။

"အဘိုးကြီး မဆုံးခင်တုန်းက အိမ်ကို ခွဲဝေပေးခဲ့တယ်။ ခင်ဗျားတို့ ညီအစ်ကိုတစ်ယောက်စီ အခန်းနှစ်ခန်း ရခဲ့ကြပြီး ဒါကို ရွာလူကြီးတွေနဲ့ ဆွေမျိုးအကြီးအကဲတွေက သက်သေအဖြစ် ရှိခဲ့ကြတယ်။ ဒါကို ငြင်းလို့မရဘူး။ နောက်ပိုင်း ခင်ဗျားတို့ အိမ်ချင်း ဘယ်လိုလဲလှယ်ခဲ့ကြလဲ ဆိုတာကတော့ နှစ်ဦးနှစ်ဖက် သဘောတူနေသရွေ့ ကျုပ်တို့မှာ ဝင်ပါခွင့် မရှိပါဘူး"

ကျိုးမန်ခန်းက ဆက်ပြောလိုက်သည်။ "အခု လောင်ချီက သူ့အိမ်ကို ပြန်လိုချင်နေတယ်။ ကျုပ် မေးကြည့်ပြီးပြီ။ ခင်ဗျားတို့ အိမ်ချင်းလဲတုန်းက စာနဲ့ပေနဲ့ သဘောတူထားတာမျိုး၊ လျော်ကြေးပေးတာမျိုး မရှိခဲ့ဘူး။ အစကတော့ ငှားရမ်းတဲ့ သဘောမျိုးဆိုတော့ အခု လောင်ချီက သူ့အိမ်ကို ပြန်လိုချင်တာက ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်"

ရှန်အစ်ကိုကြီး ရှန်ရှန်းလိ၏ မျက်နှာသည် မည်းမှောင်နေပြီး အရေးအကြောင်းများ ထင်နေကာ မျက်မှောင်ကြုတ်ထားလေသည်။ သူက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။ "ခေါင်းဆောင်... ဒါက ကျုပ်တို့ ညီအစ်ကိုတွေကြားက ကိစ္စပါ။ ထုတ်လုပ်ရေးအဖွဲ့က ဝင်ပါစရာ မလိုပါဘူး။ ကျုပ်တို့ဘာသာ ဖြေရှင်းလို့ ရပါတယ်"

သူ့မိသားစုက အကြီးဆုံးဖြစ်ပြီး ရှန်လောင်ချီ၏ အိမ် အခန်းတစ်ခန်းခွဲကို ယူထားကြသည်။

အကယ်၍ ရှန်လောင်ချီသာ သူ့အိမ်ကို ပြန်ယူလိုက်လျှင် ရှန်ရှန်းလိ၏ ဒုတိယသားနှင့် တတိယသား မိသားစုများသည် လမ်းပေါ်တွင် အိပ်ရပေတော့မည်။

ရှန်ရှန်းလိသည် ယခုအခါ သူ့ဆုံးဖြတ်ချက်ကို နောင်တရနေမိသည်။ အကယ်၍ ဒီလိုဖြစ်လာမည်ကို သိခဲ့လျှင် သေရမည်ဆိုရင်တောင် သူသည် တောင်နောက်ကျောရှိ ထုတ်လုပ်ရေးအဖွဲ့၏ မင်္ဂလာဆောင်ပွဲသို့ သူ့မိသားစုကို ခေါ်သွားခဲ့မည် မဟုတ်ချေ။

အကယ်၍ စပါးခိုးယူခံရသည့် ကိစ္စဖြစ်ပွားချိန်တွင် သူသာ ရွာထဲ၌ ရှိနေခဲ့လျှင် တတိယသား၏ မိသားစုကို ရှန်လောင်ချီအား သေချာပေါက် တောင်းပန်ခိုင်းခဲ့မည် ဖြစ်ပြီး အိမ်ကိစ္စပါ ပါလာသည်အထိ ပြဿနာ ကြီးထွားစေခဲ့မည် မဟုတ်ပေ။

"လောင်ချီ... ငါတို့က အမေမတူပေမယ့် အဖေတူ ညီအစ်ကိုအရင်းတွေပါ။ မင်းအမေက စောစောဆုံးသွားပြီး ငါတို့အဖေကလည်း အသက်ကြီးနေပြီ။ အစ်ကိုကြီးတစ်ယောက်အနေနဲ့ မင်း ငါ့ကို အများကြီး ကူညီခဲ့ဖူးတာပဲ မဟုတ်လား။ တကယ်လို့ ငါ့ရဲ့ တတိယသားမိသားစုက မင်းစပါးတွေကို ယူခဲ့တယ်ဆိုရင် ငါ သူ့ကို ကောင်းကောင်း ဆူလိုက်ပါ့မယ်။ သူတို့ မင်းနဲ့ မင်းတူမလေးကို တောင်းပန်အောင် ငါလုပ်ပေးမယ်။ ဘယ်လိုလဲ"

ရှန်ရှန်းလိသည် သူ့ဖခင်တူ ညီအစ်ကိုဖြစ်သူကို ကောင်းကောင်း နားလည်သည်ဟု ယုံကြည်ထား၏။ သူ့မိထွေးလိုပင် ရှန်လောင်ချီသည် စိတ်သဘောထား ပျော့ပျောင်းပြီး ဉာဏ်သိပ်မကောင်းလှချေ။

သူသည် အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်ပြီး ချိုသာသော စကားအနည်းငယ် ပြောလိုက်ရုံဖြင့် နားယောင်ကာ သူ့ပစ္စည်းကောင်းများကို ပေးလိုက်တတ်သလို သူ့နှင့်ရွယ်တူ တူများ၏ လှည့်စားခြင်းကို ခံရလေ့ရှိသည်။

ထိုအခန်းနှစ်ခန်းကိုလည်း ဤကဲ့သို့သော လှည့်ကွက်များဖြင့် ရယူခဲ့ခြင်း ဖြစ်သည်။

အချိန်နည်းနည်း ဆွဲထားလိုက်လျှင် ရှန်လောင်ချီ၏ ဒေါသပြေသွားကာ ကိစ္စပြီးပြတ်သွားလိမ့်မည်ဟု ရှန်ရှန်းလိ ယုံကြည်ထားသည်။

သို့သော် သူ စကားမဆုံးသေးခင်မှာပင် ရှန်ရှောက်ယွမ်က လက်ကာပြလိုက်ပြီး ဖြတ်ပြောလိုက်လေသည်။ "စပါးကိစ္စက မနေ့က ပြီးသွားပြီမို့ ထပ်မပြောတော့ဘူး။ ဒီနေ့ ကျွန်တော်တို့ အိမ်အကြောင်း ပြောနေကြတာ။ အစ်ကိုကြီး... ဒီကိစ္စထဲကို တခြားသူတွေ ဆွဲမထည့်ပါနဲ့။ အချိန်တွေ ဆွဲနေရင် မင်း ကျွန်တော်တို့ကို ထပ်ပြီး လှည့်စားမှာ ကြောက်လို့ပါ"

သူသည် ရှန်ရှန်းလိ၏ မျက်နှာထား မည်သို့ရှိသည်ကို ဂရုမစိုက်ဘဲ ကျိုးမန်ခန်းကို ဆက်ပြောလိုက်သည်။ "ကျွန်တော်က ဉာဏ်သိပ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီအရာကိုတော့ သဘောပေါက်ပါတယ်။ ပြည်သူ့ထုတ်လုပ်ရေးအဖွဲ့ဆိုတာ ပြည်သူတွေအတွက်ပါပဲ။ ပြဿနာရှိရင် ကျွန်တော်တို့က အဖွဲ့အစည်းကို အားကိုးရမယ်။ ခေါင်းဆောင်... အခြေအနေက ဒီလိုပါပဲ။ ကျွန်တော် အဖွဲ့အစည်းကို ယုံကြည်သလို ခေါင်းဆောင်ကိုလည်း ယုံကြည်ပါတယ်။ ကျွန်တော်နဲ့ သမီးက တရားမျှတမှု ရဖို့အတွက် ခေါင်းဆောင်ကိုပဲ အားကိုးရတော့မှာပါ"

ရှန်ရှန်းလိ: "..."

ဉာဏ်မကောင်းဘူး ဟုတ်လား။ ဒီလောက်တောင် ချောမွတ်နေအောင် မြှောက်ပင့်ပြောဆိုတတ်မှတော့ ဘယ်လိုလုပ်ပြီး ဉာဏ်မကောင်းဘဲ နေမှာလဲ။

...

All Chapters