အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အပိုင်း (၁၁) စာကလေးဈေး
မနက်စောစောစီးစီး ရှန်မော့အာ ဂိုဒေါင်ထဲက ထွက်လာတော့ မြည်သံပေးနေသည့် မြည်းအော်သံကို ကြားလိုက်ရသည်။ တံခါးဖွင့်ကြည့်လိုက်သည့်အခါ အိမ်နီးချင်း တပ်ဖွဲ့ရုံးဝင်းထဲ၌ မြည်းလှည်းတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရပြီး လူအတော်များများလည်း ထိုင်နေကြလေပြီ။
သူမသည် ဖခင်ဖြစ်သူကို အလျင်အမြန် လှမ်းခေါ်လိုက်ပြီး သားအဖနှစ်ယောက် အလုပ်ရှုပ်ခံကာ မျက်နှာသစ်လိုက်ကြသည်။ မနက်စာမစားတော့ဘဲ မနေ့က အဒေါ်ချန် ပေးထားသည့် သခွားမွှေးကို ခွဲစိတ်လိုက်ကြပြီး အပြင်မထွက်မီ သားအဖနှစ်ယောက် တစ်ယောက်တစ်ဝက် စားလိုက်ကြသည်။
မြည်းလှည်းပေါ် ရောက်မှပင် အဒေါ်ချန်လည်း ထိုနေရာတွင် ရှိနေကြောင်း ရှန်မော့အာတစ်ယောက် သတိထားမိလိုက်သည်။ သူမသည် သခွားမွှေးတစ်ဝက်နှင့် သခွားသီးတစ်ဝက်ပါသည့် ဟင်းသီးဟင်းရွက်ခြင်းတောင်းကို ကိုင်ထားလေသည်။ ရှန်မော့အာက အကြည့်လွှဲလိုက်ပြီး ဦးစွာ နှုတ်ဆက်လိုက်၏။
"အဒေါ်ချန်"
အဒေါ်ချန်က ပြုံးလိုက်ပြီး ရှန်မော့အာ ထိုင်ရန် နေရာဖယ်ပေးလိုက်ကာ ပြောလိုက်သည်။
"လာ လာ... အဒေါ့်ဘေးနားမှာ လာထိုင်"
ရှန်မော့အာ ဝင်ထိုင်လိုက်ပြီး ရှန်ရှောက်ယွမ်ကတော့ အမျိုးသားရဲဘော်တစ်ဦး၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
မကြာမီမှာပင် ကျိုးမန်ခန်းနှင့် တပ်ဖွဲ့အတွက် မြည်းလှည်းမောင်းရန် တာဝန်ယူထားသည့် ဦးလေးလျိုတို့ ရောက်ရှိလာကြသည်။ ဦးလေးလျိုက ကြာပွတ်ကို ဝှေ့ယမ်းလိုက်သည်နှင့် မြည်းက ခပ်သွက်သွက် ပြေးထွက်သွားတော့သည်။
မြည်းလှည်းပေါ်တွင် လူ ၆ ယောက်၊ ၇ ယောက်ခန့် ပါကြသည်။ အမျိုးသမီးများက တစ်ဖက်၊ အမျိုးသားများက တစ်ဖက်ထိုင်ကြပြီး ကျပ်သိပ်နေအောင် တိုးဝှေ့နေကြရသည်။ ကံကောင်းသည်မှာ မနက်ခင်းဖြစ်၍ သိပ်မပူသေးသဖြင့်သာ တော်တော့သည်။ သို့မဟုတ်ပါက လူကျပ်သည့်ဒဏ်ကြောင့် ချွေးပြန်ကြပေလိမ့်မည်။
လမ်းတစ်လျှောက်တွင် ရှန်မော့အာသည် သူမ၏ ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် လေ့လာကြည့်ရှုနေမိသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ ရှိနေသော်ငြားလည်း ကိုယ်တိုင် မြင်တွေ့ရခြင်းက ကွဲပြားခြားနားလေသည်။ အရင်တုန်းက ပိတ်ပါးစတစ်ခု ခြားထားသကဲ့သို့ ဝါးတားတားနှင့် မှုန်ဝါးနေခဲ့သော်လည်း ယခုအခါ ထိုပိတ်ပါးစကို ဖယ်ရှားလိုက်သကဲ့သို့ အရာအားလုံးက ရှင်းလင်းပြတ်သားသွားသည်။
"ရဲဘော်ဖု... ခဏနေရင် ဘယ်သွားမလို့လဲဟင်။ အတူတူ သွားကြမလား"
တမင်တကာ အသံတိုးထားသကဲ့သို့ နူးညံ့သောအသံလေး ထွက်ပေါ်လာသော်လည်း လူတိုင်းက နီးနီးကပ်ကပ် ထိုင်နေကြသဖြင့် ကြားနေရဆဲပင်။ ရှန်မော့အာသည် စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်ရာ ဆံပင်ကို နားရွက်အထိတိုအောင် ညှပ်ထားပြီး မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးတစ်ဦး အတွင်းဘက်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
"လမ်းမကြုံဘူး"
အခြားအသံတစ်ခုက လျစ်လျူရှုထားသည့်ပုံစံဖြင့် ပြန်ဖြေလိုက်သည်။
ရှန်မော့အာသည် အသံလာရာဆီသို့ ကြည့်လိုက်ရာ ထိုမိန်းကလေးနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် အမျိုးသားရဲဘော်တစ်ဦးကို တွေ့လိုက်ရသည်။ ရှန်မော့အာ မြည်းလှည်းပေါ် တက်လာကတည်းက သူသည် ဒူးပေါ်တွင် လက်ထောက်ကာ တံတောင်ဆစ်ကြားတွင် မျက်နှာအပ်ထားသဖြင့် သူ့၏ ထူထဲသော ဆံပင်များကိုသာ မြင်တွေ့ခဲ့ရသည်။
ဒီအချိန်တွင် သူက မော့ကြည့်လိုက်မှပင် ရှန်မော့အာ သူ့ကို သေချာမြင်လိုက်ရတော့သည်။
အရမ်း ခန့်ညားတာပဲ။
တစ်ချက်ကလေး ကြည့်လိုက်ရုံဖြင့် ရှန်မော့အာ စိတ်ထဲမှ မရေရွတ်ဘဲ မနေနိုင်တော့ချေ။
ထိုအမျိုးသားသည် ကြည့်ကောင်းသော မျက်ခုံးများနှင့် တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားပြီး အသားအရေ ဖြူဝင်းကာ သန့်ပြန့်နေသည်။ ကြယ်ရောင်များကဲ့သို့ ကြည်လင်နေသော မျက်ဝန်းနက်များဖြင့် အလွန်ကြည့်ကောင်းသူ ဖြစ်သည်။
သာ့လျန်မင်းဆက်၏ မြို့တော်သည်လည်း အထက်တန်းလွှာများ စုဝေးရာနေရာဖြစ်ပြီး အလှအပကို နှစ်သက်သော ရှန်မော့အာသည် ချောမောခန့်ညားသော အမျိုးသားအများအပြားကို မြင်ဖူးခဲ့ပေသည်။ သို့သော်ငြား မည်သူကမျှ ဒီအမျိုးသားလောက် သူမကို ကျေနပ်မှု မပေးနိုင်ခဲ့ကြချေ။
နှမြောစရာပဲ။
သူ့စိတ်သဘောထားက နည်းနည်း လွဲနေတယ်။ ကောင်မလေးက အတူသွားဖို့ ဖိတ်ခေါ်ပေမဲ့ သူက ဘယ်သွားမလဲလို့တောင် မမေးဘဲ လမ်းမကြုံဘူးလို့ ပြောလိုက်တာက တဖက်ကို နေရခက်သွားစေမှာပဲ။
ရှန်မော့အာ ခဏလောက် စဉ်းစားလိုက်ပြီး မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရ ထိုနှစ်ယောက်မှာ ယန်လျိုတပ်ဖွဲ့မှ ပညာတတ်လူငယ်များဖြစ်ကြသည့် ဖုမင်ဇယ်နှင့် ယန်ချင်းချင်းတို့ဖြစ်ကြောင်း မှတ်မိသွားသည်။
ယန်ချင်းချင်း၏ မျက်လုံးများ အနည်းငယ် နီရဲလာပြီး အတင်းဟန်ဆောင် ပြုံးကာ ပြောလိုက်၏။
"လမ်းမကြုံရင်လည်း ထားလိုက်ပါတော့"
ဖုမင်ဇယ်က သူမကို တစ်ချက်ကြည့်လိုက်သော်လည်း စကားထပ်မပြောတော့ဘဲ ခေါင်းကို ပြန်ငုံ့ထားလိုက်သည်။
သဘောကောင်းသော အဒေါ်ချန်သည် ယန်ချင်းချင်း ရှက်ရွံ့နေသည်ကို မြင်လိုက်ရသဖြင့် ဝင်ပြောပေးလိုက်သည်။
"အဒေါ်က စားနပ်ရိက္ခာစခန်းနားကို သွားမှာ။ တကယ်လို့ လမ်းကြုံရင် အတူတူ သွားကြမယ်လေ"
ယန်ချင်းချင်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ကျွန်မ အဲဒီကိုမသွားပါဘူး။ ကျေးဇူးပါပဲ အဒေါ်ချန်"
အဒေါ်ချန်က ကိစ္စမရှိကြောင်း လက်ကာပြလိုက်သည်။ သူမသည် ကောင်မလေး မျက်နှာပျက်နေသည်ကို မြင်၍ မျက်နှာသာရစေရန် ယဉ်ကျေးစကား ဆိုလိုက်ခြင်းသာ ဖြစ်သည်။
တပ်ဖွဲ့ရုံးစိုက်ရာသို့ ရောက်ရှိသောအခါ လူအုပ်ကြီးသည် မြည်းလှည်းပေါ်မှ တဖြည်းဖြည်း ဆင်းလိုက်ကြပြီး တပ်ဖွဲ့သို့ ပြန်မည့်အချိန်ကို ချိန်းဆိုကာ လူစုခွဲလိုက်ကြ၏။
အဒေါ်ချန်က ရှန်မော့အာကို ဘေးသို့ဆွဲခေါ်ပြီး တိုးတိုးလေး မေးလိုက်သည်။
"နင်တို့လည်း စာကလေးဈေးကို သွားကြမလို့လား"
ရှန်မော့အာ မျက်တောင်ခတ်လိုက်ပြီး အလျင်အမြန် ခေါင်းငြိမ့်ပြကာ "ဟုတ်ကဲ့" ဟု ဖြေလိုက်၏။
တကယ်တမ်းတော့ သူမတွင် စီရင်စုသို့ သွားရန် ရည်ရွယ်ချက် အတိအကျ မရှိချေ။ သူမသည် ဒီကမ္ဘာသစ်ကို အလွန်အမင်း စူးစမ်းချင်နေပြီး ရွာပြင်ပရှိ နေရာများကို မြင်ဖူးချင်ရုံသာ ဖြစ်သည်။ ထို့အပြင် ယခု သူမ၌ ဒီကမ္ဘာမှ ပိုက်ဆံများ ရှိနေပြီဖြစ်၍ နေ့စဉ်သုံးပစ္စည်း တချို့ကို ဝယ်ယူချင်နေမိသည်။
သို့သော်ငြားလည်း မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရ ဒီကမ္ဘာတွင် ဆိုင်အလွန်ရှားပါးသည်။ ခရိုင်မြို့တွင် ကုန်တိုက်တစ်ခု ရှိသော်လည်း တပ်ဖွဲ့တွင်မူ ရောင်းဝယ်ရေး သမဝါယမဆိုင်နှင့် စားနပ်ရိက္ခာစခန်းသာ ရှိလေသည်။ ထို့ပြင် ပစ္စည်းအများအပြားအတွက် ပိုက်ဆံရှိရုံဖြင့် မလုံလောက်ဘဲ လက်မှတ်များလည်း လိုအပ်လေသည်။
စာကလေးဈေးနှင့် ပတ်သက်ပြီး... ယခု ပြန်စဉ်းစားကြည့်မှ မူလပိုင်ရှင်သည် ထိုအကြောင်း ကြားဖူးသော်လည်း တစ်ခါမှ မရောက်ဖူးသဖြင့် ရှန်မော့အာ အစပိုင်းတွင် သတိမရခဲ့ခြင်း ဖြစ်သည်။
"ငါတို့လို လယ်သမားကြီးတွေက နှစ်ကုန်မှ အထည်လက်မှတ် ကိုက်နည်းနည်းလောက် ရတာ။ ဒါက ငါတို့ရသမျှ အကုန်ပဲ" အဒေါ်ချန်က လမ်းလျှောက်ရင်း တတွတ်တွတ် ပြောနေလေသည်။ "အိမ်က နေ့စဉ်သုံးပစ္စည်းတွေအတွက် စာကလေးဈေးမှာ သွားမလဲရင် ဘာတတ်နိုင်မှာလဲ"
အဒေါ်ချန်က လျှို့ဝှက်သောပုံစံဖြင့် အသံကို နှိမ့်လိုက်သည်။ "စပါးရောင်းတဲ့လူတွေ ရှိတယ်။ တကယ်လို့ တွေ့ရင် မမြင်ချင်ယောင် ဆောင်လိုက်နော်။ လက်ပတ်နီအဖွဲ့တွေက စောင့်ကြည့်နေတာ။ အဖမ်းခံရရင်တော့ သွားပြီပဲ။ တကယ်လို့ စပါးဝယ်ဖို့ တကယ်လိုအပ်ရင် မှောင်ခိုဈေးကို သွားမှရမယ်"
"မှောင်ခိုဈေး" ဆိုသော စကားလုံးကို မကြားရလောက်အောင် တိုးတိုးလေး ပြောလိုက်သည်။
"အဲဒီမှာလည်း သတိထားဦး။ အဖမ်းခံရရင် အတူတူပဲ ဒုက္ခရောက်မှာ" အဒေါ်ချန်က ခဏလောက် စဉ်းစားလိုက်ပြီး နောက်ထပ် စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်သည်။
ရှန်မော့အာက လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်၏။ "ကျွန်မ နားလည်ပါတယ်"
"ဟယ်... ဟိုအရှေ့က ယန်ချင်းချင်း မဟုတ်လား။ သူက ဒီဘက်ကို မလာဘူးလို့ ပြောထားတာလေ" အဒေါ်ချန်က ရုတ်တရက် ပြောလိုက်သည်။
ရှန်မော့အာ မော့ကြည့်လိုက်ရာ ယန်ချင်းချင်းသည် သူတို့နှင့် မလှမ်းမကမ်း အရှေ့နားတွင် ရှိနေသည်ကို အမှန်ပင် တွေ့လိုက်ရသည်။
"သူ ရဲဘော်ဖု နောက်ကို လိုက်နေတာ" ရှန်ရှောက်ယွမ်က တိုးတိုးလေး ပြောလိုက်သည်။
စာကလေးဈေးကြောင့် ဖြစ်လောက်မည်၊ ဒီလမ်းပေါ်တွင် လူအတော်များနေသည်။ ခဏလောက် ရှာဖွေကြည့်ပြီးနောက်တွင် ရှန်မော့အာသည် အဝေးတစ်နေရာရှိ အရပ်ရှည်ရှည် ဖြောင့်မတ်သော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုထူထဲသော ဆံပင်များနှင့်ဆိုလျှင် သေချာပေါက် ရဲဘော်ဖုပင် ဖြစ်ရမည်။
ယန်ချင်းချင်းကို သေချာကြည့်လိုက်ရာ သူမသည် လမ်းသွားလမ်းလာများ၏ နောက်ကွယ်တွင် ရံဖန်ရံခါ ပုန်းကွယ်လိုက်၊ ရပ်လိုက် သွားလိုက်ဖြင့် တစ်စုံတစ်ယောက်နောက်သို့ လိုက်နေမှန်း သိသာနေလေသည်။
ရှန်မော့အာမှာ ခဏတာ ဆွံ့အသွားမိသည်။
ရဲဘော်ဖုက ရိုင်းပြခဲ့သည်မှာ မှန်သော်လည်း သူက ငြင်းပြီးသား ဖြစ်သဖြင့် အဲဒီလို လိုက်နေစရာ မလိုတော့ပေ။
အားလုံးက ခိုးကြောင်ခိုးဝှက် နိုင်လွန်းသဖြင့် သူမကို ရည်ရွယ်ချက်မကောင်းသူ တစ်ယောက်လို ဖြစ်နေစေသည်။
သို့သော်ငြားလည်း သူတို့သည် ဒီပညာတတ်လူငယ်များနှင့် မရင်းနှီးသဖြင့် သူတို့ကိစ္စတွင် ဝင်ပါစရာ မလိုချေ။
ရှန်ရှောက်ယွမ်၏ တိုးတိုးလေး ပြောစကားကို သတိမထားမိသော အဒေါ်ချန်သည် ဆက်ပြီး ရေရွတ်နေလေသည်။ "ဒီပညာတတ်လူငယ်တွေက ငါတို့လို တပ်ဖွဲ့ဝင်တွေနဲ့ အလှမ်းဝေးနေတုန်းပါပဲ"
စာကလေးဈေးဆိုသည်မှာ အမှန်တကယ်တော့ အနီးအနားရှိ ရွာသားများက တည်ထောင်ထားသော သေးငယ်ပြီး တရားဝင်မဟုတ်သည့် ဈေးလေးတစ်ခုပင်။ တရားဝင်အားဖြင့်တော့ လူအများက အိမ်တွင်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် လက်မှုပစ္စည်းများကို ဖလှယ်ကြသည့် ပစ္စည်းချင်းဖလှယ်သော ဈေးတစ်ခု ဖြစ်သည်။
တကယ်တမ်းတွင်တော့ ငွေကြေးဖြင့် ဖလှယ်ခြင်းများလည်း ရှိနေပြီး အဒေါ်ချန် ပြောသကဲ့သို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားသော စပါးနှင့် ဆန်များကို ရောင်းချခြင်းများပင် ရှိလေသည်။ အဖမ်းမခံရလျှင် အဆင်ပြေသော်လည်း လက်ပတ်နီအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရပါက လုပ်အားဖြင့် ပြန်လည်ပြုပြင်ရေးစခန်းသို့ အပို့ခံရခြင်းသည် အနည်းဆုံး ပြစ်ဒဏ်သာ ဖြစ်ပေလိမ့်မည်။
ဒီလို ဈေးအသေးစားလေးများသည် နှစ်နာရီ၊ သုံးနာရီခန့်သာ ကြာမြင့်တတ်သည်။ ဈေးပြီးသည်နှင့် လူများသည် စာကလေးများကဲ့သို့ လူစုခွဲသွားတတ်ကြသဖြင့် စာကလေးဈေးဟု ခေါ်တွင်ခြင်း ဖြစ်သည်။
တချို့နေရာများတွင် နှင်းဈေးဟုလည်း ခေါ်ကြပြီး နှင်းကွဲသွားသည်နှင့် ဈေးပွဲပြီးဆုံးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
လျိုချောင်တပ်ဖွဲ့ရှိ စာကလေးဈေးသည် စားနပ်ရိက္ခာစခန်းနှင့် မလှမ်းမကမ်းရှိ မြေကွက်လပ်တစ်ခုပေါ်တွင် ရှိလေသည်။ ရှန်မော့အာတို့ ရောက်သွားချိန်တွင် ထိုမြေကွက်လပ်၌ ဆိုင်ခန်းငယ်လေးများစွာ ခင်းကျင်းထားပြီး ဖြစ်နေပြီ။ အတွေ့ရအများဆုံး ပစ္စည်းများမှာ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ဖြစ်ကြပြီး ဝါးခြင်းတောင်းများ၊ ကြိမ်ခြင်းများနှင့် မြေအိုးများကဲ့သို့သော လက်မှုပစ္စည်းတချို့လည်း ရှိလေသည်။ ဈေးဟု ခေါ်သော်လည်း လူတိုင်းသည် သတိကြီးစွာဖြင့် ရှိနေကြပြီး သူတို့၏ ပတ်ဝန်းကျင်ကို အမြဲမပြတ် စောင့်ကြည့်နေကြသည်။
ဆိုင်တန်းများ၏ အစွန်အဖျားတွင် လက်ပတ်နီ ဝတ်ဆင်ထားသော လူငယ်နှစ်ဦးသည် လက်ပိုက်လျက် ရပ်နေကြပြီး သားကောင်ကို ချောင်းမြောင်းနေသော သိမ်းငှက်များကဲ့သို့ စူးရှသော မျက်လုံးများဖြင့် စောင့်ကြည့်နေကြလေသည်။
အဒေါ်ချန်သည် သူမ၏ သခွားမွှေးနှင့် သခွားသီးခြင်းတောင်းကို ရောင်းရန် လာခြင်းဖြစ်သည်။ မကြာမီပင် သူမသည် နေရာလွတ်တစ်ခု ရှာတွေ့သွားပြီး ခြင်းတောင်းကို ချလိုက်လေသည်။
ရှန်မော့အာတို့သားအဖလည်း အဒေါ်ချန်နှင့် လူခွဲလိုက်ကြ၏။ သူတို့က ဖျာနှစ်ချပ် ဝယ်လိုသဖြင့် ရှေ့ဆက်ပြီး ရှာဖွေရဦးမည်။
တကယ်တော့ သူတို့တွင် စောင်များလည်း မရှိကြပေ။ သို့သော် ဝါဂွမ်းနှင့် အထည်အလိပ်များကို ခွဲတမ်းဖြင့်သာ ရရှိနိုင်ပြီး အကန့်အသတ် ရှိလေသည်။ သူတို့တွင် အထည်လက်မှတ် သို့မဟုတ် ဝါဂွမ်းလက်မှတ် လုံးဝမရှိသဖြင့် လတ်တလောတွင် ထိုကိစ္စကို ထည့်သွင်းစဉ်းစား၍ မရသေးပေ။
ခဏလောက် ရှာဖွေပြီးနောက်တွင် ထောင့်တစ်နေရာ၌ သင်ဖျာရောင်းသည့်ဆိုင်ကို တွေ့လိုက်ရသည်။ ဖျာများက ကျစ်လစ်စွာ ရက်လုပ်ထားသည်။ ရှန်မော့အာသည် ဖျာကို ခဏလောက် ပွတ်သပ်ကြည့်လိုက်ပြီး မေးလိုက်၏။
" ဝါးဖျာ မရှိဘူးလား"
ရာသီဥတုက ပိုပူလာပြီဖြစ်ရာ သင်ဖျာများသည် ဝါးဖျာများလောက် မအေးမြနိုင်ပေ။
မုတ်ဆိတ်မွှေး ထူထူနှင့် ဖျာသည်ကြီးက ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်ကို အကဲခတ်လိုက်ပြီး ပြောလိုက်သည်။
"မင်းတို့က မင်္ဂလာဆောင်အတွက် ပစ္စည်းဝယ်နေကြတာလား။ ဝါးဖျာတွေက ဈေးကြီးတော့ ဝယ်တဲ့လူ သိပ်မရှိဘူး။ ဒါကြောင့် ဒီနေ့ မယူလာခဲ့ဘူး။ တကယ်လို့ မင်းတို့ တကယ်လိုချင်တယ်ဆိုရင် နောက်ဈေးပတ်ကျမှ ငါ့ကို လာရှာလေ"
သူ့မျက်လုံးများ အရောင်လက်သွားပြီး လျှို့ဝှက်သော လေသံဖြင့် အသံကို နှိမ့်ကာ ပြောလိုက်၏။
"ဝါဂွမ်းရော မလိုချင်ဘူးလား။ မင်္ဂလာဆောင်အတွက် စောင်တွေချုပ်ဖို့ လိုမှာပဲလေ။ ဟုတ်တယ်မလား"
ရှန်မော့အာ၏ မျက်လုံးများ တောက်ပသွားပြီး ရှန်ရှောက်ယွမ်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ မင်္ဂလာဆောင်အတွက် ပြင်ဆင်နေသည်ဆိုသည်ကို မငြင်းဆန်ဘဲ သူမလည်း အသံကို နှိမ့်ကာ မေးလိုက်သည်။
" ဝါဂွမ်းလည်း ရှိတယ်လား"
မုတ်ဆိတ်မွှေးနှင့်လူက ပြုံးလိုက်ပြီး ပိုက်ဆံရေတွက်သည့်ပုံစံ လက်ဟန်ခြေဟန် လုပ်ပြကာ ပြောလိုက်၏။
"ပိုက်ဆံသာ ရှိရင် ငါ့မှာ အကုန်ရှိတယ်"
သူသည် ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်ပြီး သင်ဖျာကို အမြန်လိပ်ကာ ပခုံးပေါ် ထမ်းလိုက်ပြီး လှည်းတံကိုကိုင်လျက် ထွက်ခွာသွားလေသည်။
"ငါ့နောက် လိုက်ခဲ့"
ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့ နောက်ထပ်တစ်ကြိမ် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်လုံးများဖြင့် စကားပြောလိုက်ကြသည်။
'ဒီလူက မရိုးမသား လုပ်ဖို့ ကြံစည်နေတာများလား'
'အဖေ သူ့ကို အကဲခတ်ပြီးပြီ။ သူက ဟန်ရေးပြနေရုံသက်သက်ပါ။ အနှစ်မရှိပါဘူး။ ကိစ္စမရှိဘူး။ အဖေတို့ သူ့ကို ကိုင်တွယ်နိုင်ပါတယ်'
ကောင်းပြီလေ။ လိုက်ကြည့်ကြတာပေါ့။
...
အပိုင်း (၁၂) တိုက်ဆိုင်လိုက်တာ ရဲဘော်ဖုရယ်
မုတ်ဆိတ်မွှေးနှင့်လူသည် သင်ဖျာများကို ထမ်းလျက် ရှေ့မှဦးဆောင်သွားပြီး ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့က နောက်မှလိုက်ပါသွားကြသည်။ ဈေးထဲမှ ထွက်ခွာတော့မည့်ဆဲဆဲတွင် လက်ပတ်နီတစ်ဦးက သူတို့ကို တားဆီးလိုက်သည်။
"ဘယ်သွားမလို့လဲ"
"သူတို့က ဝါးဖျာ ဝယ်ချင်ကြတာ။ ဒီနေ့ ကျွန်တော် သင်ဖျာပဲ ယူလာခဲ့တော့ ဝါးဖျာသွားယူမလို့ ကျွန်တော့်အိမ်ကို ခေါ်သွားမလို့ပါ" မုတ်ဆိတ်မွှေးနှင့်လူသည် ဆင်ခြေတစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိသာထင်ရှားသည်။
လက်ပတ်နီက မျက်လုံးမှေးပြီး မေးလိုက်၏။
"ခင်ဗျားအိမ်က တပ်ဖွဲ့ထဲမှာလား"
မုတ်ဆိတ်မွှေးနှင့်လူက ပြုံးလိုက်ပြီး "မဟုတ်ပါဘူး။ ကျွန်တော့်ယောက်ဖအိမ်က တပ်ဖွဲ့ထဲမှာပါ။ ပစ္စည်းတွေကို ဟိုရွှေ့ဒီရွှေ့လုပ်ရတာ အဆင်မပြေလို့ သူ့အိမ်မှာပဲ ထားလိုက်တာပါ"
လက်ပတ်နီသည် ဘာမှပြန်မပြောဘဲ ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။ သူတို့သည် တည်ငြိမ်နေပြီး အပြစ်ရှိသည့်ပုံ< ကြောက်ရွံ့သည့်ပုံမပေါ်သည်ကို တွေ့ရသောအခါ လက်ကာပြလိုက်၏။
"သွားကြ"
မုတ်ဆိတ်မွှေးနှင့်လူက ပြုံးကာ "ကောင်းပါပြီဗျာ"
သူတို့သည် လမ်းဆုံတစ်ခုကို ကျော်ဖြတ်ပြီး လက်ပတ်နီကို မမြင်ရတော့သည့် နေရာရောက်မှ ရပ်တန့်လိုက်ကြသည်။ မုတ်ဆိတ်မွှေးနှင့်လူသည် သက်ပြင်းချလိုက်ပြီး "ခင်ဗျားတို့နှစ်ယောက် သတ္တိကောင်းသားပဲ။ ခင်ဗျားတို့ ကြောက်ပြီး ဖွင့်ပြောလိုက်မှာ စိုးရိမ်နေတာ"
ရှန်မော့အာက ပြုံးလိုက်ပြီး "ဦးလေးက လိမ်ပြောနေတာမှ မဟုတ်တာ။ ကျွန်မတို့က တကယ်ပဲ ဝါးဖျာဝယ်ချင်တာလေ"
မုတ်ဆိတ်မွှေးနှင့်လူက ခေါင်းငြိမ့်လိုက်သော်လည်း ချက်ချင်းပင် ခေါင်းခါလိုက်ပြီး မျက်လုံးပြူးကာ ပြောလိုက်၏။
"နေပါဦး... မင်းက ဘာလို့ ငါ့ကို 'ဦးလေး' လို့ ခေါ်နေတာလဲ။ ငါ အဲဒီလောက် မအိုသေးပါဘူး"
ရှန်မော့အာ အံ့သြသွားသည်။ "ဦးလေးလို့ မခေါ်သင့်ဘူးလား။ ဦးလေးက ကျွန်မအဖေထက်တောင် ပိုအိုတဲ့ပုံပေါက်နေတာ။ မုတ်ဆိတ်မွှေးတွေက ဦးလေးကို ပိုရင့်သွားစေတာပဲ”
ရှန်ရှောက်ယွမ်သည် မုတ်ဆိတ်မွှေးနှင့်လူကို ကြည့်လိုက်ပြီး သူလည်း အနည်းငယ် အံ့သြသွားသည်။
"ခင်ဗျားက ကျုပ်ထက် သိပ်မငယ်လောက်ပါဘူး။ ကျုပ်သမီးက ခင်ဗျားကို ဦးလေးလို့ ခေါ်တာ ဘာမှားလို့လဲ"
မုတ်ဆိတ်မွှေးနှင့်လူသည် သူ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး ခဏတာ ဆွံ့အသွားမိသည်။
သူ့၏ မုတ်ဆိတ်မွှေးထူထူများက သူ့ကို အသက်ကြီးသည်ဟု ထင်ရစေသော်လည်း ထိုလူ၌ ချောမောသော မျက်နှာတစ်ခု ရှိနေသည်မှာ ငြင်းမရနိုင်ပေ။ ထိုမျက်နှာက သူ့ကို နုပျိုစေပြီး ဒီလောက် အသက်ကြီးသော သမီးတစ်ယောက် ရှိမည့်သူနှင့် မတူပေ။
စောစောက သူတို့ပြောစကား တချို့ကို ကြားလိုက်ရမှသာ သူတို့သည် သားအဖဖြစ်ကြောင်း အတည်ပြုရဲခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူတို့သည် မောင်နှမများနှင့် ပိုတူလေသည်။
မုတ်ဆိတ်မွှေး ရိတ်လိုက်လျှင်ပင် ရှန်ရှောက်ယွမ်ထက် ပိုငယ်မည်ဟု သူ မထင်ပေ။
မုတ်ဆိတ်မွှေးနှင့်လူသည် အမှတ်တမဲ့ သူ့မုတ်ဆိတ်မွှေးကို ကိုင်လိုက်မိပြီး အနည်းငယ် မောပန်းသွားသလို ခံစားလိုက်ရသည်။
တပ်ဖွဲ့သည် သိပ်မကြီးသော်လည်း သာမန်ရွာငယ်လေးတော့ မဟုတ်ချေ။ လျိုချောင်တပ်ဖွဲ့တွင် တပ်ဖွဲ့ပိုင် စက်ရုံနှစ်ရုံရှိပြီး တပ်ဖွဲ့ရှိ မူလနေထိုင်သူများနှင့် စက်ရုံမှ ခေါ်ယူထားသော အလုပ်သမားများ ပေါင်းလိုက်လျှင် လူဦးရေ အတော်များပြားသည်။ လူနေရပ်ကွက်များနှင့် စက်ရုံအလုပ်သမား အဆောင်များရှိ အိမ်များသည် တစ်မျှော်တစ်ခေါ် ပြည့်ကျပ်နေအောင် တည်ဆောက်ထားကြသည်။
မုတ်ဆိတ်မွှေးနှင့်လူသည် ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့ကို တပ်ဖွဲ့၏ အထည်အလိပ်စက်ရုံ အလုပ်သမား အဆောင်များကြား ဖြတ်သန်းခေါ်ဆောင်သွားပြီး ကျဉ်းမြောင်းသော လမ်းကြားလေးများထဲတွင် အတော်ကြာအောင် လျှောက်သွားပြီးနောက် နောက်ဆုံးတွင် အိမ်ငယ်လေးတစ်လုံးထဲသို့ ခေါ်ဆောင်သွားလေသည်။
အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ရှန်မော့အာသည် မွှေးကြိုင်သော ဟင်းချက်နံ့ကို ချက်ချင်း ရလိုက်သည်။
အိမ်က သိပ်မကြီးပေ။ တံခါးဝင်ဝင်ချင်း ညာဘက်တွင် မီးဖိုတစ်ခု ရှိသည်။ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးသည် မီးထိုးနေပြီး သံဒယ်အိုးကြီးပေါ်တွင် ပေါင်းအိုးအဆင့်ဆင့် တင်ထားကာ ထိုအထဲမှ မွှေးရနံ့များ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ထိုအမျိုးသမီးသည် သူစိမ်းများ ဝင်လာသည်ကို မြင်လိုက်ရသောအခါ ထိုင်ခုံပုလေးပေါ်မှ အလျင်အမြန် ထရပ်လိုက်ပြီး မုတ်ဆိတ်မွှေးနှင့်လူကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။
သူတို့ကို အိမ်သို့ ခေါ်လာပြီးပြီဖြစ်သဖြင့် မုတ်ဆိတ်မွှေးနှင့်လူသည် ဘာကိုမျှ ဖုံးကွယ်မထားတော့ပေ။ သူက တဲ့တိုးပင် ပြောလိုက်၏။
"ဒါ ကျုပ်အစ်မပါ။ အိုးထဲမှာက ပေါက်စီတွေ။ ဝက်သားနဲ့ ကြက်သွန်မြိတ် အစာသွပ်က တစ်လုံးကို ၈ ဖန်း၊ သတ်သတ်လွတ် အစာသွပ်က တစ်လုံးကို ၅ ဖန်း။ ဈေးနှုန်းက နိုင်ငံပိုင် စားသောက်ဆိုင်ထက် နည်းနည်းပိုကြီးပေမဲ့ လက်မှတ်မလိုတော့ တန်ပါတယ်”
မနက်က သခွားမွှေးတစ်ဝက်သာ စားခဲ့ရသော ရှန်မော့အာသည် ဗိုက်ဆာနေပြီဖြစ်၍ ပြောလိုက်၏။
"အခု ပေါင်းထားတာလား။ ဝက်သားနဲ့ ကြက်သွန်မြိတ် ပေါက်စီ ၃ လုံးနဲ့ သတ်သတ်လွတ် ၂ လုံး ယူမယ်"
အမျိုးသမီးက အလျင်အမြန် ပြောလိုက်သည်။
"ခဏနေရင် ရပါတော့မယ်"
မုတ်ဆိတ်မွှေးနှင့်လူက သူတို့ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
"နှစ်မိနစ်လောက် စောင့်ပေးပါ။ ဝါဂွမ်းနဲ့ ဝါးဖျာကို အရင် ကြည့်ထားနှင့်လို့ ရပါတယ်"
ဝါဂွမ်းနှင့် ဝါးဖျာကို ကြည့်ပါဟု ပြောသော်လည်း သူသည် သူတို့ကို အိမ်ထဲသို့ ခေါ်သွားပြီး ထိုင်ရန် ထိုင်ခုံနှစ်လုံးကို ညွှန်ပြပေးလိုက်သည်။ ထို့နောက် သူသည် နောက်ဖေးပေါက်မှ တိတ်တဆိတ် ထွက်သွားလေသည်။
ရှန်မော့အာ အံ့သြမသွားခဲ့ပေ။ ဤကဲ့သို့ အန္တရာယ်များသော စီးပွားရေးလုပ်သူများသည် သူတို့၏ ပစ္စည်းများကို ပေါ်တင် ထားရှိမည် မဟုတ်ချေ။ သူတို့တွင် ပစ္စည်းသိမ်းဆည်းရန် လျှို့ဝှက်နေရာတစ်ခု အနီးအနားတွင် ရှိပေလိမ့်မည်။
သူမက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ အခန်းထဲတွင် စားပွဲတစ်လုံးနှင့် ထိုင်ခုံအနည်းငယ်သာ ရှိပြီး ပရိဘောဂများက မရှိသလောက်ပင်။ ဒါသည် လျှို့ဝှက်စားသောက်ဆိုင်တစ်ခု ဖြစ်နိုင်ပြီး စားပွဲနှင့် ထိုင်ခုံများမှာ ဖောက်သည်များအတွက် ဖြစ်လောက်သည်ဟု ရှန်မော့အာ ခန့်မှန်းလိုက်သည်။
အိမ်၏ နံရံများပေါ်တွင် ထိုခေတ်က အတွေ့ရများသော ဝါဒဖြန့် ပိုစတာအချို့ ကပ်ထားသည်။ ပိုစတာများတွင် တက်ကြွပြီး ပြတ်သားသော ပုံစံရှိသည့် လူပုံများ ပါဝင်ပြီး "သတိရှိပါ၊ တို့နိုင်ငံကို ကာကွယ်ပါ"၊ "အလုပ်သမား၊ လယ်သမား၊ စစ်သားများနှင့် ပေါင်းစည်းရေး လမ်းစဉ်ကို ခိုင်မာစွာ လိုက်နာပါ" ဟူသော ကြွေးကြော်သံများ ပါရှိလေသည်။
ရှန်မော့အာသည် ထိုကဲ့သို့သော ပိုစတာများကို အများအပြား မြင်ဖူးသော်လည်း ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး စုတ်တံနှင့် မင်ရေးဆွဲနည်းပညာများသည် သာ့လျန်မင်းဆက်တွင် မြင်ဖူးသည်များနှင့် လုံးဝ ကွဲပြားခြားနားနေသည်ကို တွေ့လိုက်ရသည်။ စိတ်ဝင်စားသွားသဖြင့် သူမသည် အတော်ကြာအောင် စိုက်ကြည့်နေမိသည်။
ရှန်ရှောက်ယွမ်သည်လည်း ပိုစတာကို အတော်ကြာအောင် စိုက်ကြည့်နေပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဒီပန်းချီကားက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ အဖေ သေချာလေ့လာပြီး သမီးအတွက် ပုံစံတူ တစ်ချပ် ဆွဲပေးမယ်"
သားအဖနှစ်ယောက်စလုံး စိတ်တူကိုယ်တူဖြင့် ပိုစတာကို စိတ်ဝင်စားနေကြသည်။
ထိုအချိန်တွင် မုတ်ဆိတ်မွှေးနှင့်လူ ပြန်ရောက်လာပြီး လက်တစ်ဖက်တွင် အိတ်တစ်လုံးနှင့် ကျန်လက်တစ်ဖက်တွင် လိပ်ထားသော ဝါးဖျာတစ်ချပ်ကို ကိုင်ဆောင်လာခဲ့သည်။
"ဝါးဖျာနှစ်ချပ်တော့ တကယ်မရှိဘူး။ ဒါပေမဲ့ ဒီတစ်ခုရဲ့ အရည်အသွေးကို ကြည့်လိုက်ပါဦး။ တကယ်လို့ အဆင်ပြေတယ်ဆိုရင် ဒါကို အရင်ယူသွားလိုက်ပါ။ ကျုပ်က ကြွားပြောနေတာ မဟုတ်ဘူး။ ဘယ်လောက်တောင် ချောမွေ့ပြီး ကျစ်လစ်နေလဲဆိုတာ ကြည့်လိုက်ပါဦး"
မုတ်ဆိတ်မွှေးနှင့်လူက ဖျာကို ကြမ်းပြင်ပေါ်တွင် ဖြန့်ခင်းလိုက်ပြီး ချည်ထားသော အိတ်ကို ဖွင့်လိုက်သည်။
"ဝါဂွမ်းအသစ်တော့ မရောက်သေးဘူး။ ဒါက မနှစ်ကဟာပါ။ ပစ္စည်းက တော်တော်ကောင်းပါတယ်။ ကြည့်လိုက်ပါဦး... ဝါဂွမ်းက ဘယ်လောက်တောင် နူးညံ့ပြီး နှင်းလို ဖြူဖွေးနေလဲဆိုတာ"
သူ ပိုပြောနေတာ မဟုတ်ဘူးဟု ရှန်မော့အာက တွေးလိုက်မိပြီး အရည်အသွေးက တကယ်ကောင်းမွန်ကြောင်း ဝန်ခံလိုက်ရသည်။
ဝါးဖျာဈေးက ၃.၈ ယွမ် (၃ယွမ်၈၀ဖန်း)ဖြစ်ပြီး ဝါဂွမ်းက တစ်ကျင်းလျှင် ၁.၂ ယွမ် (၁ယွမ်၂၀ဖန်း) ဖြစ်သည်။ တရားဝင် လမ်းကြောင်းများနှင့် ယှဉ်လျှင် တော်တော် ဈေးကြီးသော်လည်း လက်မှတ်မလိုခြင်းက အမြဲတမ်း တွက်ခြေကိုက်စေသည်။ အိတ်ထဲတွင် ဝါဂွမ်း ၈ ကျင်း ပါရှိသဖြင့် ၉.၆ ယွမ် ကျသင့်ပြီး ပေါက်စီ ၅ လုံးအတွက် ၀.၃၄ ယွမ် ပေါင်းလိုက်လျှင် စုစုပေါင်း ၁၃.၇၄ ယွမ် ဖြစ်လေသည်။
ရှန်မော့အာသည် ငွေစက္ကူအကြီး နှစ်ရွက်ကို ထုတ်လိုက်ပြီး သူတို့ စုဆောင်းထားသော အကြွေ ၅ မောင်(ငွေကြေးယူနစ်)ကိုပါ ထုတ်ကာ ၄ ဖန်း ရေတွက်ပြီး မုတ်ဆိတ်မွှေးနှင့်လူကို ပေးလိုက်သည်။ ထိုလူက ပိုက်ဆံကို အလျင်အမြန် ရေတွက်ပြီး အကြွေပြန်အမ်းလိုက်လေသည်။
ပေါက်စီများ ကျက်နေပြီဖြစ်ပြီး အလွန်မွှေးကြိုင်နေသဖြင့် သယ်ယူရ ခက်ခဲသောကြောင့် သူတို့သည် ထိုင်ပြီး အရင်စားလိုက်ကြသည်။
ရှန်မော့အာသည် အသားပေါက်စီတစ်လုံးနှင့် သတ်သတ်လွတ်ပေါက်စီတစ်လုံး စားသည်။ သူမ၏ဖခင် ပုံမှန်စားလေ့ရှိသည့် ပမာဏကို ထည့်တွက်ပြီး သူ့အတွက် အသားပေါက်စီ နှစ်လုံးနှင့် သတ်သတ်လွတ်ပေါက်စီ တစ်လုံး ယူပေးလိုက်သည်။ စားသောက်ပြီးနောက် ရှန်ရှောက်ယွမ်သည် ဗိုက်ကိုပုတ်လိုက်ပြီး နောက်ထပ် သတ်သတ်လွတ်ပေါက်စီ တစ်လုံး ထပ်တောင်းလေသည်။
သူမ၏အဖေသည် ယခင်က မည်သည့် ကြမ်းတမ်းသော အလုပ်ကိုမျှ လုပ်စရာမလိုသော စိတ်လက်ပေါ့ပါးသည့် မင်းသားတစ်ပါး ဖြစ်ခဲ့သဖြင့် အစားအသောက် သိပ်မစားကြောင်း ရှန်မော့အာ ရုတ်တရက် ပြန်ပြောင်းသတိရသွားသည်။
ယခုတော့ အခြေအနေက ကွဲပြားသွားပြီ။ သူသည် ဟန်ပြလုပ်သည်ဆိုလျှင်ပင် လယ်ကွင်းထဲတွင် အလုပ်လုပ်နေရဆဲဖြစ်ပြီး အိမ်တွင်လည်း ရေခပ် ထင်းခွဲ လုပ်ရသဖြင့် သဘာဝကျကျပင် အစားပိုစားလာခဲ့သည်။
ပေါက်စီစားပြီးနောက် နှစ်ယောက်သားသည် အိတ်နှင့် ဝါးဖျာကို ယူကာ ထွက်ခွာရန် ပြင်လိုက်ကြသည်။
အပြင်ဘက်မှ တံခါးခေါက်သံ မှန်မှန် ထွက်ပေါ်လာပြီး မီးဖိုချောင်ထဲမှ အမျိုးသမီးက ပြန်ထူးလိုက်ကာ တံခါးဖွင့်ပေးရန် အလျင်အမြန် သွားလိုက်သည်။
"အစ်မချောင်... အသားပေါက်စီ သုံးလုံး"
ကြည်လင်ပြတ်သားသော အမျိုးသားအသံတစ်သံ အပြင်ခန်းမှ ထွက်ပေါ်လာသည်။
ရှန်မော့အာသည် ဒီအသံကို ရင်းနှီးနေသလို ခံစားလိုက်ရသော်လည်း သေချာမစဉ်းစားရသေးမီ ထိုအမျိုးသားသည် အိမ်ထဲသို့ ခြေလှမ်းအနည်းငယ် ဝင်လာပြီး တစ်စုံတစ်ယောက် ရှိနေသည်ကို အာရုံခံမိသကဲ့သို့ အခန်းနှစ်ခုကြားရှိ တံခါးခုံတွင် ရုတ်တရက် ရပ်တန့်သွားသည်။
သူတို့ မျက်နှာချင်းဆိုင် ဖြစ်သွားကြသည်။
ထိုလူကို မှတ်မိသွားသောအခါ ရှန်မော့အာသည် အံ့သြစွာဖြင့် မျက်တောင်ခတ်လိုက်ပြီး အလိုအလျောက် သူ့ကို အကဲခတ်လိုက်မိသည်။
ရဲဘော်ဖု၏ အဝတ်အစားများ ဟောင်းနွမ်းနေပြီး ဖိနပ်ထိပ်တွင် အပေါက်တစ်ပေါက် ပါရှိကာ ခြေမတစ်ဝက် ပြူးထွက်နေသဖြင့် အတော်လေး ဆင်းရဲပုံပေါက်နေသည်ကို သူမ သတိထားမိပြီးသားပင်။ သို့သော်လည်း ယခု သူသည် ဈေးသက်သာသော သတ်သတ်လွတ်ပေါက်စီ အစား ဈေးကြီးသော အသားပေါက်စီကို လာဝယ်နေသည်။
ရဲဘော်ဖုလည်း ကြောင်အသွား၏။ ရှန်မော့အာနှင့် သူမ၏ဖခင်ကို ဒီမှာ တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
အမှန်အတိုင်း ပြောရလျှင် ရဲဘော်ဖုသည် ယခင်က သားအဖနှစ်ယောက်ကို သိပ်ပြီး ဂရုမစိုက်ခဲ့ဘဲ စပါးခွဲဝေမှု ဖြစ်စဉ်ကို မြင်တွေ့ပြီးမှသာ သူတို့ကို တကယ် သတိထားမိခဲ့သည်။
ရှန်မော့အာကဲ့သို့ပင် ရဲဘော်ဖု၏ ပထမဆုံး အတွေးမှာ သူတို့သည် အလွန်ဆင်းရဲပြီး စပါးပျောက်သွား၍ အငတ်ဘေးနှင့် ကြုံတွေ့လုနီးပါး ဖြစ်ခဲ့ရသူများ ဖြစ်သည်ဟူ၍ပင်။ ဒါဆိုရင် သူတို့က ဘာလို့ ဒီနေရာရောက်နေပြီး အစ်မချောင်ဆီက ပစ္စည်းလာဝယ်နေကြတာလဲ။
ထို့နောက် သူ စောစောက ပြောခဲ့သည်များကို သူတို့ ကြားသွားလောက်မည်ဟု သူ လျင်မြန်စွာ သဘောပေါက်လိုက်သည်။ ဒီနေရာမှာ အသားပေါက်စီ ဝယ်ခြင်းက လူတွေသိသွားလျှင် ပြဿနာတက်နိုင်သည်။ ရဲဘော်ဖုသည် ဖြစ်လာနိုင်မည့် ပြဿနာများကို အာရုံခံမိသဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
နှစ်ဖက်စလုံး ခဏလောက် တိတ်ဆိတ်သွားကြသည်။ သူမ၏ ပိုက်ဆံ ရရှိမှုလမ်းကြောင်းမှာ တရားဝင်သည်ဟု ပိုမိုယုံကြည်မှု ရှိထားသော ရှန်မော့အာက တိတ်ဆိတ်မှုကို အရင်ဖြိုခွင်းလိုက်သည်။
"ရဲဘော်ဖု... တိုက်ဆိုင်လိုက်တာ"
ရဲဘော်ဖုက သူမကို ခေါင်းငြိမ့်ပြလိုက်သည်။ "တကယ်ပဲ တော်တော် တိုက်ဆိုင်တာပဲ"
ရှန်မော့အာက ဦးဆောင်ပြီး ရှင်းပြလိုက်သည်။ "ကျွန်မတို့အိမ်က မိုးယိုနေတော့ စောင်တွေနဲ့ ဖျာတွေ စိုပြီး ပျက်စီးကုန်တယ်လေ။ ဝါဂွမ်းရဖို့ ခက်ခဲတာနဲ့ ဒီဦးလေးဆီမှာ လာပြီး လဲလှယ်လိုက်တာပါ"
နှစ်ဖက်စလုံး အမှန်တရားကို သိနေကြသော်လည်း အရောင်းအဝယ် လုပ်ခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံ၍မရပေ။ လူထုအကြားတွင် ပစ္စည်းချင်း ဖလှယ်ခြင်းကို ခွင့်ပြုထားပြီး မူဝါဒအရလည်း လက်ခံထားလေသည်။
ရဲဘော်ဖုသည် သူမ၏ ရှင်းပြချက်ကို ခေါင်းငြိမ့်ပြီး အသိအမှတ်ပြုလိုက်သည်။ ထိုအချိန်မှာပင် အစ်မချောင်သည် ပေါက်စီသုံးလုံးပါသော ပန်းကန်လုံးနှင့် ရောက်ရှိလာသည်။ ရဲဘော်ဖုသည် ပန်းကန်လုံးနှင့် တူကို ယူလိုက်ပြီး အနည်းငယ် နေရခက်သွားလေသည်။ ထို့နောက် သူက ထပ်ဖြည့်ပြောလိုက်၏။
"ဟိုတစ်နေ့က ကျွန်တော် တစ်ယောက်ယောက်ကို စာကူရေးပေးပြီး ကြက်ဥနည်းနည်း ရလိုက်တယ်။ အစ်မချောင်ရဲ့ ပေါက်စီက အရသာရှိတယ်လို့ ကြားတာနဲ့ အမြန်စားလို့ရအောင် လာပြီး လဲလှယ်လိုက်တာပါ"
အမှန်အတိုင်း ပြောရလျှင် သူတို့ အချင်းချင်း သိပ်မသိကြသော်လည်း ဒီမမျှော်လင့်ထားသော တွေ့ဆုံမှုတွင် သူတို့နှစ်ဦးစလုံးသည် ဤနေရာတွင် ရှိနေခြင်းမှာ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်ကြောင်း တစ်ဖက်လူ ယုံကြည်စေရန် အလိုအလျောက် ကြိုးစားလိုက်ကြခြင်းသာ။
...