အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အပိုင်း (၁၅) တကယ်ကို ရှုမငြီးဖွယ်ရာပါလား
ရှန်မော့အာနှင့် အခြားသူများ ပစ္စည်းအများအပြားဖြင့် ပြန်ရောက်လာကြသော်လည်း ဖုမင်ဇယ်ကဲ့သို့ လက်ဗလာဖြင့် ပြန်လာသူများလည်း ရှိနေကြသည်။
ယန်လျိုတပ်ဖွဲ့သို့ ပြန်လာသည့်လမ်းတွင် ယန်ချင်းချင်းက ဖုမင်ဇယ် တပ်ဖွဲ့မှာ ဘာလုပ်ခဲ့သလဲ၊ ဘာကြောင့် ဘာမှမဝယ်ခဲ့တာလဲဆိုတာကို သွယ်ဝိုက်မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ ဖုမင်ဇယ်က အေးစက်စွာ နေခဲ့သဖြင့် ယန်ချင်းချင်း၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာပြန်သည်။
ခေါင်းဆောင် ကျိုးမန်ခန်းသည်ပင် ဖုမင်ဇယ်ကို မကြည့်ဘဲ မနေနိုင်ဖြစ်ခဲ့ရသည်။ ဒီလူငယ်က ချောမောသော်လည်း သူ့စိတ်နေသဘောထားက သိပ်မကောင်းလှဘဲ အထူးသဖြင့် အမျိုးသမီးရဲဘော်များအပေါ် အေးစက်လွန်းသည်ဟု သူ တွေးမိလောက်သည်။
ရှန်မော့အာက ဖုမင်ဇယ်ကို စာနာနားလည်သည့် အကြည့်ဖြင့် ကြည့်လိုက်မိ၏။
သူတို့သည် အစ်မချောင်၏ အိမ်တွင် လောကဝတ်စကား အနည်းငယ် ပြောဆိုခဲ့ကြသည်။ ဒီပညာတတ်လူငယ်ဖုသည် နွေးထွေးသူမဟုတ်သော်လည်း မာနကြီးပြီး အေးစက်သူတစ်ယောက်လည်း မဟုတ်ပေ။
သူတစ်ပါးကို စာကူရေးပေးပြီး ရလာသည့် ကြက်ဥများကို ပေါက်စီနှင့် လဲလှယ်စားသောက်ခဲ့ကြောင်း သူက အနေခက်စွာ ရှင်းပြခဲ့သည်ကို ရှန်မော့အာက နှစ်လိုဖွယ်ကောင်းသည်ဟုပင် ထင်မိသည်။ နေ့စဉ် အလုပ်လုပ်နေသော်လည်း နေလောင်ဒဏ်မခံရသည့် သူ့၏ ဖြူဝင်းသော မျက်နှာသည် အနည်းငယ် နီရဲနေပြီး တကယ်ကို ရှုမငြီးဖွယ်ရာ ဖြစ်နေလေသည်။
ထို့ကြောင့် ယန်ချင်းချင်းက ဖုမင်ဇယ်နှင့် စကားပြောရန် အကြောင်းပြချက် ရှာနေချိန်တွင် ရှန်မော့အာက စူးစမ်းလိုသော မျက်နှာထားဖြင့် ပြောလိုက်၏။ "ယန်ချင်းချင်း... ရဲဘော်ဖု တပ်ဖွဲ့မှာ ဘာလုပ်လဲဆိုတာကို ရှင် ဒီလောက် စိတ်ဝင်စားနေမှန်း ကျွန်မ မသိခဲ့ဘူး။ တပ်ဖွဲ့ကို သွားတာက ကိစ္စရှိလို့ ဒါမှမဟုတ် ပစ္စည်းဝယ်ဖို့ပဲလေ။ ဘာများ စိတ်ဝင်စားစရာ ရှိလို့လဲ"
အကြောင်းအရာများကို ဆက်စပ်တွေးကြည့်လိုက်သောအခါ ဖုမင်ဇယ်က ယန်ချင်းချင်းကို ဘာကြောင့် လျစ်လျူရှုထားကြောင်း ရှန်မော့အာ နားလည်သွားသည်။ “တကယ်လို့ ငါသာ သူ့နေရာမှာဆိုရင်၊ အချိန်တိုင်း အနီးကပ် စောင့်ကြည့်ခံနေရရင် ငါလည်း စကားပြောချင်မှာ မဟုတ်ဘူး”
ယန်ချင်းချင်း၏ မျက်နှာထား ပြောင်းလဲသွားပြီး ဟန်လုပ်ရယ်မောကာ ပြောလိုက်၏။ "ရှန်မော့အာ... ရှင် အထင်လွဲနေပါပြီ။ ကျွန်မက ရဲဘော်ဖုနောက်ကို လိုက်နေတာ မဟုတ်ပါဘူး။ ပညာတတ်လူငယ် အချင်းချင်းမို့လို့ ဂရုစိုက်ပြီး ကူညီသင့်တယ်လို့ တွေးမိရုံပါ။ တခြားသဘော မရှိပါဘူး"
ရှန်မော့အာက သဘောမတူသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ "ရဲဘော်ယန်... ရှင် အဲဒီလိုပြောလိုက်တော့ ရှင်တို့က ကျွန်မတို့နဲ့ သီးခြားခွဲထွက်နေသလို ဖြစ်သွားပြီ။ ပညာတတ်လူငယ်တွေကလည်း ကျွန်မတို့အဖွဲ့ရဲ့ အစိတ်အပိုင်းပါပဲ။ ဂရုစိုက်တာနဲ့ ကူညီတာက လူငယ်အချင်းချင်းပဲ ဖြစ်သင့်တာ မဟုတ်ပါဘူး။ ကျွန်မတို့အားလုံး အချင်းချင်း ဂရုစိုက်ပြီး ကူညီသင့်တာပါ"
အဒေါ်ချန်က ပထမဆုံး ထောက်ခံလိုက်၏။ "ဟုတ်တာပေါ့။ ငါတို့အားလုံး ဒီမှာ အတူတူ နေကြတာပဲ။ ဒီလောက်ကြီး ခွဲခြားနေစရာ မလိုပါဘူး"
ကျိုးမန်ခန်းကလည်း ခေါင်းငြိမ့်လိုက်သည်။ "မော့အာ ပြောတာ မှန်တယ်။ မင်းတို့က ဒီတပ်ဖွဲ့ကို ရောက်လာကြတာဆိုတော့ အဖွဲ့သားတွေ ဖြစ်နေပြီ။ မင်းတို့ ငါတို့ဆိုပြီး ခွဲခြားစရာ မလိုသလို အုပ်စုဖွဲ့တဲ့ စိတ်ဓာတ်မျိုးလည်း ထားလို့ မဖြစ်ဘူး" သူသည် ပညာတတ်လူငယ်များ အုပ်စုဖွဲ့ပြီး တပ်ဖွဲ့ကို ဆန့်ကျင်မည်ကို အစိုးရိမ်ဆုံး ဖြစ်သည်။
ယန်ချင်းချင်းသည် နစ်နာသွားသည့်ပုံစံဖြင့် သူမ ထိုသို့သော သဘောမဆောင်ကြောင်း အတင်းငြင်းဆိုလေသည်။ သူမ၏ မျက်လုံးများ နီရဲလာပြီး ပါးစပ်ပိတ်ကာ လမ်းခရီးတစ်လျှောက်လုံး စကားတစ်ခွန်းမှ ထပ်မပြောတော့ချေ။
ဖုမင်ဇယ်သည် တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ပြီး ယန်ချင်းချင်းက သူ့နောက်လိုက်နေကြောင်း ရှန်မော့အာ ပြောလိုက်မှသာ မော့ကြည့်လာတော့သည်။ ထို့နောက် လူတိုင်း အချင်းချင်း ဂရုစိုက်ကူညီသင့်ကြောင်း ရှန်မော့အာ ပြောလိုက်သည့်အခါ သူ မနေနိုင်ဘဲ နှုတ်ခမ်းစွန်းများ ကွေးညွှတ်ကာ ပြုံးလိုက်မိ၏။
တပ်ဖွဲ့ပိုင် အုတ်ဖုတ်စက်ရုံတွင် ကျွမ်းကျင်လုပ်သား ရှားပါးနေသဖြင့် ရွှီဝေကော်က ရှန်ရှောက်ယွမ်ကို နောက်တစ်နေ့တွင် အလုပ်စဆင်းရန် ပြောလိုက်သည်။ ထိုနေ့က အဝါနုရောင် အနာအဆာပါသောအထည် ၁၀ ပေ ရရှိခဲ့သဖြင့် ရှန်မော့အာသည် ရွှီဝေကော် ဝတ်ဆင်ထားသည့် အင်္ကျီမျိုး ဖခင်ဖြစ်သူအတွက် ချုပ်ပေးရန် စိတ်ကူးရလိုက်သည်။
အိမ်ပြန်ရောက်သောအခါ သူမသည် ဆန်ပြုတ်တစ်အိုး တည်လိုက်ပြီး ပဲတောင့်ရှည်အနည်းငယ်ကို ကြော်လိုက်သည်။ ဆန်ပြုတ်တစ်ပန်းကန်နှင့် ပဲတောင့်ရှည်ကြော်ကို စားသောက်ပြီးနောက် ရှန်မော့အာသည် အထည်ညှပ်ရန်အတွက် ကတ်ကြေးနှင့် မြေဖြူခဲ ငှားရန် အဒေါ်ချန်အိမ်သို့ သွားလိုက်လေသည်။
ရှန်မော့အာသည် သာ့လျန်မင်းဆက်၏ အတော်ဆုံး ပန်းထိုးပညာရှင်များထံမှ အပ်ချုပ်ပညာကို သင်ယူခဲ့ဖူးသည်။ သူမသည် အသက် ၁၀ နှစ်အရွယ်တွင် စတင်သင်ယူခဲ့ပြီး ၆ နှစ်တိတိ လေ့လာခဲ့ရသည်။
သူမသည် မင်းသမီးတစ်ပါး ဖြစ်သောကြောင့် သင်ယူခဲ့ရခြင်း မဟုတ်ဘဲ မင်းသားများနှင့်အတူ ကြီးပြင်းလာခဲ့ရသောကြောင့် ဖြစ်သည်။ လမ်းလျှောက်တတ်စ အရွယ်ကတည်းက သူတို့နှင့်အတူ ကိုယ်ခံပညာနှင့် မြားပစ်ခြင်းများကို သင်ယူခဲ့ပြီး မူလက အပ်ချုပ်ပညာကို စိတ်ရှည်သူ မဟုတ်ခဲ့ချေ။
သို့သော် မနာလိုဝန်တိုစိတ်များပြီး အငြိုးကြီးသော သူမ၏ ဦးရီးတော် ၉က ဖခင်ဖြစ်သူရှေ့တွင် ဇနီးသည်ကို မည်မျှချစ်ခင်ကြောင်း ကြွားလုံးထုတ်လေ့ရှိပြီး ဖခင်ဖြစ်သူမှာ မုဆိုးဖိုဖြစ်၍ ကိုယ်ပိုင်ပစ္စည်းများကို အစေခံများကသာ ချုပ်လုပ်ပေးရသည်ဟု လှောင်ပြောင်လေ့ရှိသည်။
ရှန်မော့အာ ငယ်စဉ်က နန်းတွင်းအစေခံတစ်သိုက်ကို ဦးဆောင်ပြီး နန်းတော်ထဲသို့ ဝင်ရောက်ကာ ဘုရင်ဦးရီးတော်၏ ခြေရင်းတွင် အကြီးအကျယ် ငိုကြွေးခဲ့ဖူးသည်။ ဒေါသထွက်သွားသော ဘုရင်ဦးရီးတော်က ဦးရီးတော် ၉ကို လစာ ၆ လစာ ဒဏ်ရိုက်ခဲ့ပြီး သူမကို နန်းတွင်းရှိ အတော်ဆုံး ပန်းထိုးပညာရှင်နှင့် ပေးအပ်ခဲ့လေသည်။
ထိုကိစ္စပြီးနောက် ဦးရီးတော် ၉သည် သူမကို လပေါင်းများစွာ ရှောင်တိမ်းနေခဲ့ပြီး နားထောင်မည့်သူ ရှိလျှင် ရှန်မော့အာသည် နှမ်းအစာသွပ်ထားသော မုန့်လုံးနှင့် တူကြောင်း၊ အပြင်ပန်းတွင် ပျော့ပျောင်းစေးကပ်နေသော်လည်း အတွင်းစိတ်မှာ သူမ၏ဖခင် ရှန်ရှောက်ယွမ်ကဲ့သို့ပင် မည်းနက်နေကြောင်း ပြောဆိုလေ့ရှိသည်။
သာ့လျန်မင်းဆက်မှ အဝတ်အစားများနှင့် ယှဉ်လျှင် ဒီကမ္ဘာမှ အဝတ်အစားများသည် ရိုးရှင်းပြီး ကြမ်းတမ်းသည်။ အင်္ကျီလက်တိုချုပ်ခြင်းသည် ရှန်မော့အာအတွက် လွယ်ကူလွန်းသဖြင့် နေ့လယ်ပိုင်းတွင်ပင် ပြီးစီးသွားခဲ့သည်။
ရှန်ရှောက်ယွမ် ဝတ်ကြည့်လိုက်သောအခါ အလွန် ကျေနပ်အားရသွားလေသည်။ "သပ်ရပ်ပြီး ကြည့်ကောင်းလိုက်တာ။ သမဝါယမဆိုင်မှာ ချိတ်ထားတဲ့ အဆင်သင့်ချုပ်ပြီးသား အင်္ကျီတွေထက် ပိုကောင်းသေးတယ်"
ရှန်မော့အာလည်း ကျေနပ်သွားမိသည်။ ဘုရားမှာ ရွှေချမှ တင့်တယ်ပြီး လူမှာ အဝတ်အစားကောင်းမှ တင့်တယ်သည်ဟု ဆိုရိုးရှိသည် မဟုတ်ပါလား။ အင်္ကျီသစ်နှင့် ဖခင်ဖြစ်သူ၏ ပညာရှင်အငွေ့အသက်များ ပြန်လည် ရောက်ရှိလာတော့သည်။
အမှောင်မကျမီ ရှန်ရှောက်ယွမ်သည် ဇလုံတစ်လုံးယူကာ ရေတွင်း၌ အင်္ကျီသွားလျှော်ပြီး လှန်းထားလိုက်သည်။ နေဝင်ရီတရောအချိန်တွင် တစ်ဝက်ခန့် ခြောက်နေပြီဖြစ်၍ အိမ်ထဲသို့ ပြန်သိမ်းလိုက်သည်။ သူတို့အိမ်တွင် ခြံစည်းရိုးမရှိသဖြင့် အင်္ကျီသစ်ကို ညဘက် အပြင်မှာထားလိုက်ပါက နောက်တစ်နေ့တွင် သေချာပေါက် ပျောက်သွားပေလိမ့်မည်။
ညစာအတွက် နေ့လယ်က ပိုနေသော ဆန်ပြုတ်နှင့် ပဲတောင့်ရှည်ကိုသာ စားလိုက်ကြသည်။ ညစာစားပြီးနောက် သားအဖနှစ်ယောက်သည် အိမ်သစ်ဆောက်လုပ်မည့် အစီအစဉ်ကို ဆွေးနွေးတိုင်ပင်လိုက်ကြ၏။
“အဖေက အုတ်ဖုတ်စက်ရုံမှာ အလုပ်သွားလုပ်ရမှာဆိုတော့ အိမ်ပုံစံဆွဲတာနဲ့ ပစ္စည်းစုတာကို မော့အာပဲ တာဝန်ယူရတော့မယ်”
ဒီအလုပ်တွေက ရှန်မော့အာအတွက် မခက်ခဲသော်လည်း သူမကို စိတ်ရှုပ်စေသည့်အရာမှာ အိမ်ကို မည်သို့ ဆောက်လုပ်ရမည်နည်း ဆိုသည့်အချက်ပင်။
သူမ၏ မှတ်ဉာဏ်ထဲတွင် ယခုခေတ် မြို့ပြရှိ အိမ်များသည် မီး၊ ရေပါရှိပြီး အရေးအကြီးဆုံးမှာ အဆင်ပြေ၍ သန့်ရှင်းသော ရေချိုးခန်း အိမ်သာများ ပါရှိသည်ဟု လူများ ပြောဆိုကြသည်ကို မူလပိုင်ရှင် ကြားဖူးခဲ့သည်။
သူတို့ရွာတွင် မီးနှင့်ရေ မရရှိသေးသဖြင့် ထိုအရာများကို မျှော်လင့်၍ မရနိုင်သော်လည်း ရှန်မော့အာသည် သန့်ရှင်းပြီး အဆင်ပြေသော ရေချိုးခန်း အိမ်သာကိုမူ အမှန်တကယ် လိုချင်မိသည်။ ကံဆိုးသည်မှာ မူလပိုင်ရှင်သည် တစ်ဆင့်စကားသာ ကြားဖူးပြီး တစ်ခါမှ မမြင်ဖူးသဖြင့် မည်သို့ဆောက်လုပ်ရမည်ကို မသိခြင်းပင်။
ရှန်ရှောက်ယွမ်က ပြောလိုက်၏။ "ပညာတတ်လူငယ်တွေကို မေးကြည့်လိုက်လေ။ ငါတို့တပ်ဖွဲ့မှာ မြို့ကြီးတွေက လာတဲ့လူတွေ အများကြီး ရှိပုံရတယ်"
တပ်ဖွဲ့တွင် အမျိုးသမီး ပညာတတ်လူငယ် အများအပြား ရှိပြီး ရှန်မော့အာ၏ စိတ်နေသဘောထားအရဆိုလျှင် သူတို့နှင့် စကားပြောရန် လွယ်ကူလိမ့်မည်ဟု သူ တွေးမိသည်။ သို့သော် ယန်ချင်းချင်းကမူ ခြွင်းချက် ဖြစ်သည်။ အမျိုးသားတစ်ယောက်နောက်သို့ ခိုးကြောင်ခိုးဝှက် လိုက်ပြီး စကားကို သွယ်ဝိုက်ပြောတတ်သော မိန်းကလေးမျိုးနှင့် ပေါင်းသင်းရန် မတန်ပေ။
ရှန်မော့အာကမူ မြို့တော်မှ လာသော ရဲဘော်ဖုကို သတိရလိုက်သည်။ မေးမည်ဆိုလျှင် မြို့အကြီးဆုံးမှ လာသူကို မေးတာက ပိုကောင်းသည် မဟုတ်ပါလား။ ထို့ကြောင့် သူမ လက်ခံလိုက်သည်။
သားအဖနှစ်ယောက် သဘောတူညီမှု ရသွားပြီး ကျေနပ်သွားကြသည်။ ဟိုဟိုဒီဒီ ပြောဆိုပြီးနောက် အိပ်ရာဝင်လိုက်ကြ၏။
နောက်တစ်နေ့ မနက်တွင် မနက်စာစားပြီးနောက် ရှန်ရှောက်ယွမ်သည် အင်္ကျီအသစ်ကို ဝတ်ဆင်ကာ အုတ်ဖုတ်စက်ရုံသို့ ထွက်ခွာသွားလေသည်။ ရှန်မော့အာကတော့ ငှားထားသော ကတ်ကြေးနှင့် မြေဖြူခဲကို ပြန်ပေးရန် အဒေါ်ချန်အိမ်သို့ သွားလိုက်သည်။ အင်္ကျီချုပ်ပြီး ပိုနေသော အထည်စ ၂ ပေကို ယူဆောင်သွားပြီး ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များဖြင့် လဲလှယ်ရန် စိတ်ကူးလိုက်သည်။
အပိုပါလာသည့် အထည်စမှာ ဆေးဆိုးထားသော အစွန်းအဖျားပိုင်း ဖြစ်သဖြင့် ရှန်မော့အာအတွက် သိပ်အသုံးမဝင်သော်လည်း အဒေါ်ချန်ကမူ ရွှေရလိုက်သကဲ့သို့ ဝမ်းသာအားရ ဖြစ်သွားရှာသည်။
ပိုက်ဆံအကြောင်း ပြောရလျှင် အထည်စ ၂ ပေသည် ယွမ် ၁ ကျော်သာ တန်ဖိုးရှိသော်လည်း ပစ္စည်းရှားပါးသော ယခုကာလတွင် လူတစ်ယောက်လျှင် တစ်နှစ်မှ အထည်စ ပေအနည်းငယ်သာ ခွဲတမ်းရရှိလေသည်။ အထည်လက်မှတ် ရရှိရန် မလွယ်ကူသဖြင့် အဒေါ်ချန်အတွက် ဤအထည်စ ၂ ပေသည် အလွန် အသုံးဝင်လှသည်။
အဒေါ်ချန်သည် ရှန်မော့အာ ယူလာသော ခြင်းတောင်းထဲသို့ ကြက်ဥတစ်ဒါဇင်ခန့် ထည့်ပေးလိုက်ပြီး မီးဖိုပေါ်မှ ဟင်းသီးဟင်းရွက် နှစ်မျိုးကို ထပ်မံ ယူပေးလိုက်ကာ ပြောလိုက်၏။ "ဒါတွေက ဒီမနက်မှ ခူးထားတာ။ အခု ဒါပဲ အရင်ယူသွားလိုက်။ နောက်ရက်ကျမှ ထပ်ပေးမယ်။ ဒီဟင်းသီးဟင်းရွက်တွေက လတ်ဆတ်တုန်း စားမှ ကောင်းတာ။ မဟုတ်ရင် တစ်ရက်နှစ်ရက်နေရင် ပုပ်ကုန်မှာ"
လွန်ခဲ့သော နှစ်ရက်အတွင်း ရှန်မော့အာနှင့် ပြောဆိုဆက်ဆံပြီးနောက် သူမသည် နားလည်မှုမရှိသူ မဟုတ်ကြောင်း အဒေါ်ချန် သိရှိသွားသဖြင့် သူမကို ကူညီလိုစိတ် ပိုရှိလာခဲ့သည်။ သို့မဟုတ်ပါက ပုပ်သိုးမည်ကို စိုးရိမ်မနေဘဲ ဟင်းသီးဟင်းရွက် အားလုံးကို တစ်ခါတည်း ပေးလိုက်မည်သာ။
ရှန်မော့အာ မပြန်မီ အဘွားကြီးက ခြင်းတောင်းထဲသို့ အချဉ်ဖတ်တစ်ထုတ် ထည့်ပေးရင်း ပြောလိုက်သည်။ "အခုတလော ရာသီဥတု ပူတယ်။ အချဉ်ဖတ်ကို ဆီသတ်ပြီး ဆန်ပြုတ်နဲ့ တွဲစားရင် အရမ်း လန်းဆန်းတာပဲ"
ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့် အချဉ်ဖတ်တို့ ရရှိသွားသဖြင့် အစားအသောက် ပြဿနာမှာ ယာယီအားဖြင့် ပြေလည်သွားလေသည်။
ရှန်မော့အာသည် ခြင်းတောင်းကို ကိုင်ကာ အိမ်ပြန်ရောက်လာပြီး ကြက်ဥ ၂ လုံးကို ယူလိုက်သည်။ ပြန်ထွက်သွားမည် ပြုပြီးမှ စိတ်ပြောင်းသွားကာ အိမ်ထဲပြန်ဝင်ပြီး မီးမွှေး၍ ရေနွေးတည်ကာ ကြက်ဥ ၂ လုံးကို ပြုတ်လိုက်သည်။ ပြီးမှသာ ကြက်ဥများကို ကိုင်ဆောင်လျက် ပညာတတ်လူငယ် အဖွဲ့ဆီသို့ ထွက်လာခဲ့သည်။
အမျိုးသား ပညာတတ်လူငယ်များသည် အလုပ်မှ ပြန်ရောက်ခါစ ဖြစ်သည်။ ဖုမင်ဇယ်သည် လူအုပ်၏ နောက်ဆုံးမှ လိုက်ပါလာသည်ကို ရှန်မော့အာ အဝေးမှ လှမ်းမြင်လိုက်ရသည်။ အဖြူရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီအနက်ရောင်ကို ဝတ်ဆင်ထားပြီး ကျောမတ်မတ်နှင့် လမ်းလျှောက်လာသည်။ အဝတ်အစားများတွင် ဖာထေးရာများ ပါရှိပြီး ဘောင်းဘီခြေအနားကို မညီမညာ ခေါက်တင်ထားသော်လည်း လူအုပ်ကြားတွင် ထင်ရှားနေသော သူ့ပုံရိပ်ကို မှေးမှိန်မသွားစေချေ။
ဖုမင်ဇယ်သည် ပေါ့ပါးစွာ လမ်းလျှောက်လာပြီး သူ့၏ ချောမောသော မျက်နှာတွင် ခံစားချက် ကင်းမဲ့နေသည်။ ဘေးနားရှိ ကျိန့်ကျားမင်ကမူ မရပ်မနား ပြောဆိုနေလေသည်။
သူမ အနားရောက်လာသောအခါ အလွန်ရင်းနှီးသော ကျိန့်ကျားမင်က ဦးစွာ နှုတ်ဆက်လိုက်သည်။ "မိန်းကလေး ရှန်မော့အာပါလား"
ဖုမင်ဇယ်က လှည့်ကြည့်လိုက်သည်။
ရှန်မော့အာသည် ကျိန့်ကျားမင်၏ နာမည်ကို ပြန်စဉ်းစားလိုက်ပြီး ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ "မင်္ဂလာပါ ရဲဘော်ကျိန့်"
ထို့နောက် သူမက ဆက်ပြောလိုက်၏။ "ကျွန်မ ရဲဘော်ဖုနဲ့ ပြောစရာ ရှိလို့ပါ"
ကျိန့်ကျားမင်တစ်ယောက် အံ့သြသွားပုံရသည်။ "ဖုမင်ဇယ်ကို ရှာတာလား။ ဪ... ကောင်းပြီလေ။ ကျွန်တော် အရင်ပြန်နှင့်မယ်။ ခင်ဗျားတို့ ပြောကြပါ" ရှန်မော့အာ မမြင်ရသည့် နေရာမှနေ၍ သူသည် ဖုမင်ဇယ်ကို မျက်နှာပြောင်ကာ အရုပ်ဆိုးသော မျက်နှာပေးများ လုပ်ပြနေလေသည်။
ဖုမင်ဇယ်က သူ့ကို လျစ်လျူရှုလိုက်ပြီး ခြေလှမ်းတန့်ကာ မေးလိုက်သည်။ "မိန်းကလေးရှန်... ဘာကိစ္စ ရှိလို့လဲ"
သူမ၏မိသားစု အိမ်သစ်ဆောက်မည့်အကြောင်းနှင့် ရေချိုးခန်း အိမ်သာ ထည့်သွင်းလိုကြောင်း ရှန်မော့အာက အကျဉ်းချုံး ရှင်းပြလိုက်သည်။ ဖုမင်ဇယ် အနည်းငယ် အံ့သြသွားသည်။ "မင်းတို့အိမ်က အိမ်သစ်ဆောက်မလို့လား"
တကယ်တော့ လွန်ခဲ့သော ရက်အနည်းငယ်က တပ်ဖွဲ့တွင် တွေ့စဉ်က ဖုမင်ဇယ် ထူးဆန်းနေခဲ့သည်။ လွန်ခဲ့သော နှစ်ရက်က သူတို့သည် ငတ်လုနီးပါး ဖြစ်ခဲ့ပြီး ယခုတော့ ပစ္စည်းအများအပြား ဝယ်ယူကာ အိမ်သစ်ပင် ဆောက်တော့မည်တဲ့လား။
သူမ၏မိသားစု ယွမ် ၃၀၀ ရရှိသည့် သတင်းသည် ပညာတတ်လူငယ်အဖွဲ့ဆီသို့ မရောက်ရှိသေးသောကြောင့် ဖြစ်လောက်သည်။ ထို့ကြောင့် ရှန်မော့အာက ထပ်မံရှင်းပြလိုက်သည်။
သူမပြောသည်ကို နားထောင်ပြီးနောက် ဖုမင်ဇယ် နားလည်သွားပြီး စက္ကန့်အနည်းငယ် စဉ်းစားကာ လက်ခံလိုက်သည်။ "အများအားဖြင့် မြို့ပြတိုက်တွေမှာ သီးသန့် ရေချိုးခန်းတွေ ပိုပါတတ်တယ်။ တစ်ထပ်အိမ်တွေမှာတော့ ပါတာ ရှားတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဆွေမျိုးဝေးတစ်ယောက်က သူ့ခြံဝင်းထဲမှာ အလားတူ ပြုပြင်မွမ်းမံမှုမျိုး လုပ်ဖူးတော့ ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော် အကြမ်းဖျင်း သိပါတယ်။ ကျွန်တော် ပုံစံဆွဲပြီး နောက်ရက်နည်းနည်းနေရင် ပေးပါ့မယ်"
သူ့၏ ခေတ္တရပ်တန့်သွားမှုကို ရှန်မော့အာ သတိမထားမိဘဲ သူ လက်ခံလိုက်သဖြင့် ဝမ်းသာသွားသည်။ သူမ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှု ပြေလည်သွားပြီလေ။ "ကောင်းလိုက်တာ။ ကျေးဇူးတင်ပါတယ် ရဲဘော်ဖု"
သူမ ပြုံးလိုက်ပြီး လက်ထဲမှ ကြက်ဥများကို ကမ်းပေးလိုက်သည်။ "ရဲဘော်ဖု... ဒီကြက်ဥတွေကို မနက်စာအတွက် ယူလိုက်ပါ"
ဖုမင်ဇယ် အနည်းငယ် အံ့သြသွားပြီး ပြောလိုက်သည်။ "ဒီလို ယဉ်ကျေးနေစရာ မလိုပါဘူး"
ရှန်မော့အာက ကြက်ဥများကို သူ့လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။ "အကူအညီတောင်းရင် လက်ဆောင်ပစ္စည်းလေးပါတာ ထုံးစံပဲလေ။ အားမနာပါနဲ့ ရဲဘော်ဖု။ ကြက်ဥတွေကို ပြုတ်လာတာမို့ မပုပ်ခင် ဒီနေ့ပဲ စားလိုက်နော်"
နေရောင်ခြည်က အတော်လေး ပြင်းနေပြီ ဖြစ်သည်။ အရိပ်ထဲတွင် ရှိနေလျှင်တောင်မှ ဖုမင်ဇယ်၏ နဖူးပေါ်တွင် ချွေးသီးလေးများ ခိုနေလေသည်။ ချွေးစိုနေသော သူ့အသားအရေသည် နေရောင်အောက်တွင် တောက်ပနေပြီး သူ့မျက်နှာသွင်ပြင်ကို ပို၍ ချောမောသွားစေသည်။
ရှန်မော့အာသည် မနေနိုင်ဘဲ နောက်ထပ် နှစ်ချက်ခန့် ကြည့်လိုက်မိပြီး ပြုံးကာ နှုတ်ဆက်လိုက်တော့သည်။ "ရဲဘော်ဖု... နောက်ရက်နည်းနည်းနေရင် ကျွန်မ လာရှာပါဦးမယ်"
...
အပိုင်း (၁၆) နောက်ထပ် ထိတ်လန့်စရာတစ်ခု
ဖုမင်ဇယ်သည် ပညာတတ်လူငယ်ဝင်းထဲသို့ ဝင်လာခဲ့ပြီး မီးဖိုချောင်ထဲမှ ဟင်းသီးဟင်းရွက်ပြုတ်ရည် ပန်းကန်လုံးနှစ်လုံး ခပ်ပြီး ထွက်လာသည့် ကျိန့်ကျားမင်ကို တွေ့လိုက်ရ၏။
"ငါ မင်းအတွက် တစ်ခွက် ခပ်လာတယ်။ သွားစားကြစို့"
ဧည့်ခန်းမဆောင်ထဲတွင် စားပွဲနှစ်လုံး ရှိသည်။ အမျိုးသားများက စားပွဲတစ်လုံးတွင် ထိုင်ကြပြီး အမျိုးသမီးများက အခြားတစ်လုံးတွင် ထိုင်နေကြရာ အပိုင်းအခြား ထင်ရှားလှပေသည်။
ကျိန့်ကျားမင်သည် ထိုင်လိုက်သည်နှင့် တရှူးရှူး တရှဲရှဲ အသံမြည်အောင် စားသောက်လိုက်ပြီး မေးလိုက်လေသည်။
"ရှန်မော့အာက မင်းဆီကနေ ဘာလိုချင်လို့တဲ့လဲ။ မင်းတို့နှစ်ယောက်က ဘယ်တုန်းက အဲဒီလောက် ရင်းနှီးသွားကြတာလဲ"
သူ စူးစမ်းချင်သည်မှာလည်း မဆန်းပါချေ။ ဖုမင်ဇယ်သည် တပ်ဖွဲ့ဝင်များနှင့်သာမက အမျိုးသမီး ပညာတတ်လူငယ်များနှင့်ပါ စကားပြောလေ့ရှိသူ မဟုတ်ချေ။
လူတိုင်းသည် အစားအသောက်ကိုသာ အာရုံစိုက်နေကြသော်လည်း အခန်းထဲရှိ နားရွက်တိုင်းသည် သူ့မေးခွန်းကြောင့် စွင့်ကားသွားကြသည်။ ဖုမင်ဇယ်သည် သတိမထားမိသကဲ့သို့ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"ငါတို့ မရင်းနှီးပါဘူး။ သူ့မိသားစုက အိမ်သစ်ဆောက်ချင်လို့ မြို့မှာဆိုရင် ဘယ်လိုဆောက်လေ့ရှိလဲဆိုတာ လာမေးတာပါ"
"ဒါဆိုရင် ငါ့ကို မေးသင့်တာပေါ့။ ငါ့အိမ်နားမှာ အနောက်တိုင်းစတိုင် အိမ်လှလှလေးတွေ အများကြီးရှိတယ်"
ကျိန့်ကျားမင်က ချဲ့ကားပြောဆိုလိုက်သည်။
ဖုမင်ဇယ်သည် ပြန်မပြောဘဲ ကျိန့်ကျားမင် မိုက်မဲနေသည်ဟု ထင်မြင်ကြောင်း ဖော်ပြနေသည့် အကြည့်တစ်ချက်ကိုသာ ပေးလိုက်လေသည်။
ကျိန့်ကျားမင် သဘောပေါက်သွား၏။ ကျေးလက်နေ တပ်ဖွဲ့ဝင်တစ်ဦး၏ နေအိမ်ကို အနောက်တိုင်းစတိုင် အိမ်များနှင့် ပုံစံတူဆောက်လုပ်ရန် မဖြစ်နိုင်ပေ။ သို့သော်ငြား သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ပြန်သည်။
"ရှန်မော့အာ့ မိသားစုက အိမ်သစ်ဆောက်ဖို့ ပိုက်ဆံတွေကို ရုတ်တရက် ဘယ်လိုလုပ် ရလာတာလဲ"
ဒါက ရှန်မိသားစုအနေဖြင့် ကြွားဝါရမည့် ကိစ္စမဟုတ်သဖြင့် ပထမအိမ်ခွဲကရော ဒုတိယအိမ်ခွဲကပါ ယွမ် ၃၀၀ ပြန်ရသည့် သတင်းကို မဖြန့်ခဲ့ကြပေ။ သဘာဝကျကျပင် ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့သည်လည်း ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ကြသဖြင့် ထိုသတင်းသည် ရွာထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခြင်း မရှိခဲ့ဘဲ အမြဲတမ်း စပ်စုတတ်သည့် ကျိန့်ကျားမင်ဆီသို့ပင် မရောက်ရှိခဲ့ချေ။
သို့သော် ကျန်းကျစ်ချန်ကတော့ ရှင်းရှင်းလင်းလင်း သိထားပုံရသည်။ သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ထေ့ငေါ့ကာ ပြောလိုက်လေသည်။
"သူတို့က ပိုက်ဆံတွေကို ရုတ်တရက် ဘယ်လိုရလာတာလဲ ဟုတ်လား။ ရှန်လင်းလင်းနဲ့ သူ့ဦးလေးမိသားစုဆီကနေ ဓားပြတိုက်ပြီး ယူလိုက်တာပေါ့"
ဖုမင်ဇယ်သည် တူများကို ချလိုက်ပြီး ကျန်းကျစ်ချန်ကို တစ်ချက်ကြည့်ကာ ပြန်မေးလိုက်၏။
"ကိုယ့်မိသားစုအိမ်ကို ယူထားတဲ့ ဆွေမျိုးတွေဆီကနေ ပိုက်ဆံပြန်တောင်းတာက ဓားပြတိုက်တာ ဖြစ်မလား"
ကျန်းကျစ်ချန်သည် ချက်ချင်းပင် စကားမပြောနိုင်ဘဲ ဆွံ့အသွားရတော့သည်။
ရှန်မော့အာ၏ မိသားစုဘက်က မှန်ကန်ကြောင်း သူသိသော်လည်း လူတို့တွင် ကိုယ်ပိုင်ဘက်လိုက်မှုများ ရှိတတ်ကြသည်။ သူမ၏မိသားစုကို လစဉ် သုံးယွမ် ပိုပေးရမည်ဟု ရှန်လင်းလင်းက သူ့အား တိုင်တောပြောဆိုဖူးသဖြင့် သဘာဝကျကျပင် သူက ရှန်လင်းလင်းကို ပိုပြီး စာနာမိလေသည်။
ကျန်းကျစ်ချန်၏ တုံ့ပြန်မှုကို လျစ်လျူရှုလျက် ဖုမင်ဇယ်သည် ဘေးတွင် ချထားသော လက်ကိုင်ပုဝါကို ဖြန့်လိုက်ပြီး ကြက်ဥနှစ်လုံးကို ထုတ်ကာ တစ်လုံးကို ကျိန့်ကျားမင်အား ပေးလိုက်သည်။
"ဒါက ရှန်မော့အာ ပေးတဲ့ ကျေးဇူးတင်လက်ဆောင်ပဲ။ ပြုတ်ပြီးသားဆိုတော့ ပူပူနွေးနွေးလေး ရှိသေးတယ်"
ထို့နောက် သူသည် ကြက်ဥအခွံကို ခွာပြီး စားလိုက်လေသည်။
အလုပ်သမားမိသားစုမှ ဆင်းသက်လာပြီး အိမ်အခြေအနေ အတော်အတန် ကောင်းမွန်သော ကျိန့်ကျားမင်သည် အိမ်မှ ပါဆယ်ထုတ်များ မကြာခဏ ရရှိတတ်သည်။ သူ့တွင် ကောင်းမွန်သော အစားအစာများ ရှိတိုင်း ဖုမင်ဇယ်ကို မကြာခဏ မျှဝေပေးလေ့ရှိသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ဖုမင်ဇယ်သည် ကျေးဇူးပြန်ဆပ်ရန် အခွင့်အရေး ရခဲလှသည်။
ကျိန့်ကျားမင်သည် တွန့်ဆုတ်မနေဘဲ ရယ်မောကာ အခွံကိုခွာပြီး စားလိုက်တော့သည်။
"ဒီလောက် အကူအညီလေးတစ်ခုကို ကျေးဇူးတင်လက်ဆောင်အဖြစ် ကြက်ဥနှစ်လုံးတောင် ပေးတယ်ဆိုတော့... ပြီးတော့ ပြုတ်တောင် ပြုတ်ပေးထားသေးတယ်။ ရှန်မော့အာက တော်တော် ဟုတ်တာပဲ"
ဖုမင်ဇယ်သည် လှုပ်ရှားမှုများကို ခေတ္တရပ်တန့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်မိသည်။
ထိုခေတ်ကာလတွင် ကြက်ဥသည် ရှားပါးသော အာဟာရရင်းမြစ် ဖြစ်သည်။ ကုန်ထုတ်လုပ်ရေးတပ်ဖွဲ့ရှိ လယ်သမားအိမ်ထောင်စု အများအပြားသည် ကြက်မွေးမြူထားကြပြီး မြို့ပြထက် ကြက်ဥလဲလှယ်ရန် ပိုမိုအဆင်ပြေသော်လည်း မည်သူကမျှ ပိုက်ဆံသုံးပြီး ဝယ်စားလိုစိတ် မရှိကြချေ။ ထို့ကြောင့် ကြက်ဥစားရသည်မှာ ရှားပါးလှသည်။ ရိုးရိုးပြုတ်ထားသော ကြက်ဥများသည် အနံ့အသက် သိပ်မရှိသော်လည်း စားပွဲဝိုင်းရှိ အမျိုးသား ပညာတတ်လူငယ်များသည် ပရိုတင်းဓာတ်၏ လတ်ဆတ်သော ရနံ့ကို ရနေသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်နေကြပြီး တိတ်တဆိတ် တံတွေးမြိုချကာ အားကျနေမိကြသည်။
အခြားစားပွဲဝိုင်းမှ အမျိုးသမီး ပညာတတ်လူငယ်များသည်လည်း တိတ်တဆိတ် လှမ်းကြည့်နေကြလေသည်။
ကျိန့်ကျားမင်ဘေးတွင် ထိုင်နေသော ကျန်းကျစ်ချန်သည် တစ်ဖက်လူ၏ အငမ်းမရ စားသောက်နေပုံကို စိတ်အနှောင့်အယှက် ဖြစ်လာပြီး ဟင်းရည်ကို အမြန်သောက်ကာ ဒေါသတကြီး ထွက်ခွာသွားလေတော့သည်။
ကျိန့်ကျားမင်သည် အောင်နိုင်သူအထာဖြင့် ဖုမင်ဇယ်ကို မျက်ခုံးပင့်ပြလိုက်သည်။
ကြက်ဥများသည် ကျက်ပြီးသားဖြစ်၍ တိတ်တဆိတ် စားလိုက်လျှင် ရသော်လည်း ဖုမင်ဇယ်က ယခုမှ ထုတ်ပြခြင်းသည် ကျန်းကျစ်ချန်ကို စိတ်အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။ သူ နားလည်ပါသည်လေ။
အစာစားပြီးနောက် ဖုမင်ဇယ်သည် ရေအနည်းငယ်ဖြင့် ဆေးကြောသန့်စင်လိုက်ပြီး အဝတ်လျှော်ရန် ပြင်ဆင်လိုက်စဉ် ကြီးမားသော ဘုံကုတင်အောက်မှ ဆပ်ပြာခဲကို ထုတ်ယူလိုက်ရာ ဒေါသကြောင့် ရယ်မောမိမတတ် ဖြစ်သွားရလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်ကမှ သူ ဝယ်ထားသော ဆပ်ပြာခဲသည် ကျိုးပဲ့နေပြီး ထက်ဝက်ကျော်ခန့် အယူခံထားရကာ အပိုင်းအစလေး တစ်ခုသာ ကျန်ရှိတော့သည်။
ကျိန့်ကျားမင် လှမ်းကြည့်လိုက်သောအခါ ချက်ချင်းပင် ကျိန်ဆဲလေတော့သည်။
"ဖုမင်ဇယ်ရဲ့ ဆပ်ပြာကို ယူသွားတဲ့ အရှက်မရှိတဲ့ သူခိုးက ဘယ်သူလဲကွ။ အပိုင်းအစလေးတောင် ချန်ထားပေးခဲ့သေးတယ်။ တော်တော် သဘောကောင်းတာပဲ"
အမျိုးသား ပညာတတ်လူငယ်များသည် သူခိုးဟု စွပ်စွဲခံရမည်ကို ကြောက်ရွံ့သဖြင့် တစ်ယောက်ကိုတစ်ယောက် စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။
ကုတင်စွန်းတွင် ထိုင်နေသော ကျန်းကျစ်ချန်က ထေ့ငေါ့ကာ ပြောလိုက်လေသည်။
"ဖုမင်ဇယ်ဆီက ဘယ်သူက ခိုးမှာလဲ။ ဒီမှာ သူ့ထက် ဆင်းရဲတဲ့လူ ရှိလို့လား"
ကျိန့်ကျားမင်က ဒေါသတကြီး ပြန်ပြောလိုက်သည်။
"ဒါက အသစ်စက်စက် ဆပ်ပြာခဲအကောင်းကြီးကွ။ ဆပ်ပြာလက်မှတ်ကို ငါ့ဘက်က ရခဲ့တာ။ ငါ မသိဘူးလို့ ထင်နေလား။ တကယ်လို့ ဒီမှာ သူခိုးရှိနေရင် မင်းက စုံစမ်းစစ်ဆေးသင့်တာ။ ကပ်ဖဲ့ရပ်ဖဲ့ ပြောမနေနဲ့။ မင်းက ဘယ်လို ခေါင်းဆောင်မျိုးလဲ ကျန်းကျစ်ချန်"
ကျန်းကျစ်ချန်သည် ဖုမင်ဇယ်အနီးတွင် နေရခက်သလို ခံစားရပြီး တစ်ဖက်သား ဒုက္ခရောက်သည်ကို ဝမ်းသာမိသလို ဖြစ်သွားခဲ့သည်။ ကျိန့်ကျားမင်၏ အပြစ်တင်မှုကို ခံလိုက်ရပြီးနောက် ပညာတတ်လူငယ်အဖွဲ့မှ ပစ္စည်းပျောက်ဆုံးပါက အဖွဲ့ခေါင်းဆောင်ဖြစ်သူ သူ့တွင် တာဝန်ရှိကြောင်း သဘောပေါက်လိုက်သည်။ သူသည် အပြင်သို့ ပြေးထွက်သွားပြီး ပြောလိုက်၏။
"ငါ ခေါင်းဆောင်ကို သွားခေါ်လိုက်မယ်"
မကြာမီမှာပင် ကျိုးမန်ခန်း ရောက်ရှိလာသော်လည်း အခန်းတစ်ခန်းထဲတွင် လူ ၇ ယောက် နေထိုင်ပြီး လူဝင်လူထွက် များပြားနေသဖြင့် ဆပ်ပြာတစ်ဝက်ကို မည်သူယူသွားသည်ကို မည်သူက သိနိုင်ပါမည်နည်း။
ထင်ထားသည့်အတိုင်းပင် ဤကိစ္စသည် နောက်ဆုံးတွင် ဖြေရှင်း၍မရဘဲ ပြီးဆုံးသွားခဲ့ရသည်။
ကျိန့်ကျားမင်သည် သူ့ပစ္စည်း အခိုးခံရသည်ထက်ပင် ပို၍ ဒေါသထွက်နေရှာသည်။ သူသည် ပါးနှစ်ဖက် နီရဲလာသည်အထိ မတ်တတ်ရပ်နေပြီး သူခိုးကိုမိလျှင် မိဘကိုပင် မမှတ်မိနိုင်အောင် ရိုက်နှက်မည်ဟု ဒေါသတကြီး ကြေညာလိုက်လေသည်။
ဖုမင်ဇယ်သည် ကျိန့်ကျားမင်၏ ပခုံးကို ပုတ်ကာ စိတ်လျော့ရန် အချက်ပြလိုက်ပြီး သူ၏ ကြွေဇလုံကို ယူကာ အပြင်သို့ ထွက်သွားလေသည်။
ပညာတတ်လူငယ်အဖွဲ့မှ ဆပ်ပြာပျောက်ဆုံးသွားသည့် သတင်းသည် ရွာထဲတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အားလပ်နေသော တပ်ဖွဲ့ဝင်များသည် အတင်းအဖျင်း မပြောဘဲ မနေနိုင်ကြပေ။ မြို့ပြမှလာသော ဒီကလေးများသည် ဆပ်ပြာတစ်ခဲကို ခိုးယူရလောက်အောင် အဆင့်နိမ့်ကျလိမ့်မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။
ရှန်မော့အာပင်လျှင် အဒေါ်ချန်ထံမှ သတင်းကြားလိုက်ရသည်။ ပညာတတ်လူငယ်အဖွဲ့မှ အချောမောဆုံး ရဲဘော်ဖု ဝယ်ယူထားသည့် ဆပ်ပြာအသစ်ကို တစ်စုံတစ်ယောက်က တိတ်တဆိတ် ချိုးယူသွားကြောင်း သူမ သိလိုက်ရသည်။ နောက်တစ်နေ့တွင် ရွာရှိ အိမ်ထောင်စုများမှ ဆပ်ပြာအချို့ ပျောက်ဆုံးသွားကြပြန်သည်။
မိန်းကလေးများက ပညာတတ်လူငယ်အဖွဲ့ဆီသို့ ယူသွားကြခြင်း ဖြစ်သည်။
အကယ်၍ ဖုမင်ဇယ်သာ ဆပ်ပြာများကို ငြင်းပယ်ခြင်း မရှိခဲ့ပါက၊ မိန်းကလေးများက ပြန်မယူသွားခဲ့ကြပါက ဤဆပ်ပြာဇာတ်လမ်းသည် အဆုံးသတ်နိုင်မည် မဟုတ်ချေ။
ရှန်မော့အာသည် ယခင်က သတိမထားမိခဲ့သော်လည်း အဒေါ်ချန် ပြောပြမှသာ ရဲဘော်ဖုသည် အနေအေးပုံရသော်လည်း ရွာရှိ အမျိုးသမီးများအကြား တော်တော်လေး ရေပန်းစားကြောင်း သိလိုက်ရသည်။ အသက်ကြီးကြီး အမျိုးသမီးများက သူ ချောမောသောကြောင့် သဘောကျကြပြီး မိန်းကလေးငယ်များကမူ သူ့ကို တစ်ဖက်သတ် စွဲလမ်းကာ သူ့အာရုံစိုက်မှုကို ရရှိရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
ဖုမင်ဇယ်၏ ရုပ်ရည်သွင်ပြင်ကို ပြန်စဉ်းစားကြည့်လိုက်သောအခါ မိန်းကလေးများ ဘာကြောင့် ထိုသို့ ခံစားရသည်ကို ရှန်မော့အာ နားလည်လိုက်သည်။
သို့သော်ငြားလည်း ဆပ်ပြာကိစ္စသည် အခြားဖြစ်ရပ်တစ်ခုကြောင့် မကြာမီ မှေးမှိန်သွားခဲ့ရသည်။
ရှန်မော့အာသည် အဒေါ်ချန်၊ အဒေါ်ချိုက်နှင့် အခြားသော ကူညီတတ်သည့် အဒေါ်ကြီးများကို အိမ်အုတ်မြစ်အတွက် ကျောက်တုံးများနှင့် ပင်မယက်မအတွက် သစ်သားများ ရှာဖွေပေးရန် အကူအညီတောင်းရာမှ အစပြုခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စသည် တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့သည်။ ရှန်လောင်ချီ၏ မိသားစုသည် အိမ်သစ်ဆောက်ရန် စီစဉ်နေကြောင်း ရွာသားများ သိရှိသွားကြသည်။
မကြာမီမှာပင် ရှန်လောင်ချီ မိသားစုသည် အိမ်သစ်ဆောက်ရုံသာမက အုတ်ကြွပ်မိုး တိုက်အိမ်ကြီး ဆောက်လုပ်မည်ဖြစ်ကြောင်း သူတို့ သိရှိသွားကြတော့သည်။
လူတော်တော်များများက ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ အစ်ကိုကြီးနှင့် အစ်ကိုငယ်တို့က ပိုက်ဆံအချို့ ပေးထားကြသော်လည်း မကြာသေးမီကမှ ငတ်မွတ်လုနီးပါး ဖြစ်ခဲ့သော မိသားစုသည် ပို၍ ဂရုတစိုက်ရှိပြီး ပိုက်ဆံစုသင့်သည် မဟုတ်ပါလား။ ဘာကိစ္စကြောင့် အုတ်ကြွပ်မိုး အိမ်ကြီးတစ်လုံးအတွက် ငွေအများကြီး သုံးဖြုန်းနေကြသနည်း။
သားအဖနှစ်ယောက်တည်း ရှိတာလေ။ လက်ရှိအိမ်နဲ့ပဲ အဆင်ပြေအောင် နေလို့ရတာပဲ။ တကယ်လို့ အိမ်သစ်ဆောက်ချင်ရင်တောင်မှ ရွှံ့အိမ် ဆောက်လို့ရတာပဲ မဟုတ်လား။ ကုန်ကျစရိတ် ကွာခြားချက်က အများကြီး ရှိတယ်လေ။
ရှန်ရှောက်ယွမ်သည် တပ်ဖွဲ့ပိုင် အုတ်ဖိုတွင် ယာယီဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေပြီး အုတ်ဖိုခေါင်းဆောင်ပိုင်းက သူ့အား အုတ်နှင့် အုတ်ကြွပ်များကို အရင်းဈေးဖြင့် ဝယ်ယူခွင့်ပြုထားကြောင်း မကြာမီ သူတို့ ကြားသိလိုက်ရသည်။
လူများသည် ရှန်လောင်ချီက အုတ်နှင့် အုတ်ကြွပ်များကို အရင်းဈေးဖြင့် ရရှိခြင်းက ပိုထိတ်လန့်စရာကောင်းသလား သို့မဟုတ် သူက တပ်ဖွဲ့ပိုင် အုတ်ဖိုတွင် အလုပ်လုပ်နေခြင်းက ပိုထိတ်လန့်စရာကောင်းသလား ဆိုသည်ကို အခိုက်တန့်အတွင်း မသေချာ ဖြစ်သွားကြ၏။
ရှန်ရှောက်ယွမ်ကို မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်ကြောင်း နောက်ဆုံးတွင် လူအများ သတိထားမိလိုက်ကြသည်။ ရာသီဥတုက တစ်နေ့တခြား ပူလာပြီး အလုပ်ချိန်များ တိုတောင်းလာသည်မှာ မှန်ပါသည်။ ထို့အပြင် ရှန်လောင်ချီသည် လူအများ သတိထားမိလေ့ရှိသူ မဟုတ်သဖြင့် ယခင်က သူ့ကို မည်သူကမျှ အမှန်တကယ် သတိမထားမိခဲ့ကြပေ။
အုတ်ဖိုလုပ်ငန်းဆိုသည်မှာ မြေတူးခြင်း၊ ရွှံ့နယ်ခြင်း၊ အုတ်ဖုတ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း ကဲ့သို့သော ပင်ပန်းခက်ခဲသည့် အလုပ်များကို ဆိုလိုသည်။ ပင်ပန်းသည်မှာ မှန်သော်လည်း ခံစားခွင့်များက ခိုင်မာသည်။ ယာယီဝန်ထမ်းများပင်လျှင် လစာမှန်မှန်ရရှိပြီး ပိတ်ရက် အပိုဆုကြေးများ ရရှိကြသဖြင့် လယ်ကွင်းထဲတွင် ခါးကျိုးမတတ် လုပ်ကိုင်ပြီး လုပ်အားခရမှတ် ရယူသည်ထက် များစွာ သာလွန်ပေသည်။
ရှန်လောင်ချီ၏ အားနွဲ့ပုံကို ကြည့်ပြီး အလုပ်လုပ်ရာတွင် သူတို့က သူ့ထက် သေချာပေါက် သာလွန်သည်ဟု လူအများက ခံစားမိကြသည်။
ထို့ကြောင့် လူအချို့က ကျိုးမန်ခန်းကို မေးမြန်းကြတော့သည်။ ရှန်လောင်ချီက အုတ်ဖိုမှာ အလုပ်ဘယ်လိုရသွားတာလဲ။ ပြီးတော့ သူက အဲဒီမှာ ဘာလုပ်တာလဲ။
အစပိုင်းတွင် ရှန်ရှောက်ယွမ်သည် ဝင်ကူလုပ်ပေးရုံသာဖြစ်ပြီး ပုံမှန်အလုပ်မှ ခွင့်ယူရန် လိုအပ်ခဲ့သည်။ ရက်အနည်းငယ် လုပ်ကိုင်ပြီးနောက် ရွှီဝေကော်က သူ့အတွက် ယာယီရာထူးတစ်ခု စီစဉ်ပေးခဲ့ပြီး ၎င်းအတွက် ကုန်ထုတ်လုပ်ရေးတပ်ဖွဲ့တွင် စာရွက်စာတမ်းကိစ္စအချို့ လုပ်ဆောင်ရန် လိုအပ်ခဲ့သည်။
ထို့ကြောင့် ကျိုးမန်ခန်းသည် ရှန်လောင်ချီ ဘယ်လိုဝင်ရောက်သွားပြီး ဘာတွေလုပ်နေသည်ကို ကောင်းကောင်း သိနေခြင်းဖြစ်သည်။
"မင်းတို့ကရော အုတ်ဖိုလုပ်သားတွေ ဖြစ်ချင်လို့လား"
ကျိုးမန်ခန်းက လူအုပ်ကြီးကို စိုက်ကြည့်လိုက်ပြီး မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"သူက အုတ်ဖိုအတွက် ကြွေးကြော်သံတွေ ရေးပေးပြီး ဆိုင်းဘုတ်တွေ ဆေးခြယ်ပေးရတဲ့ ပြည်သူ့ဆက်ဆံရေးဌာနမှာ လုပ်နေတာကွ။ မင်းတို့က လုပ်နိုင်မယ် ထင်လို့လား။ တချို့လူတွေက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတယ်"
လူအများ ထပ်မံ၍ မှင်သက်သွားကြပြန်သည်။
"ဘာ... ရှန်လောင်ချီက ကြွေးကြော်သံတွေ ရေးပြီး ဆိုင်းဘုတ်တွေ ဆေးခြယ်တတ်တယ် ဟုတ်လား"
"မဖြစ်နိုင်တာ... သူက မူလတန်းတောင် မနည်းအောင်ထားတာလေ။ စာတောင် ကောင်းကောင်း မရေးတတ် မဖတ်တတ်ဘူး။ အုတ်ဖိုက သူ့ကို စာရေးပြီး ပုံဆွဲဖို့ ငှားမယ်ဆိုတာ ဟုတ်လို့လား"
ကျိုးမန်ခန်းက ပြောလိုက်သည်။ "သူက မူလတန်းအဆင့် ပညာရေး ရှိပေမဲ့ သူ့မိန်းမက ပညာတတ်လေ။ သူ့မိန်းမက စာရေးပြီး ပုံဆွဲတတ်တယ်လို့ ပြောကြတယ်။ သူက သူ့မိန်းမဆီက သင်ထားတာပေါ့"
တပ်ဖွဲ့ဝင်များ ပြောစရာစကား မရှိ ဖြစ်သွားကြသည်။
ပြန်စဉ်းစားကြည့်လိုက်မှသာ ငတ်မွတ်ခေါင်းပါးမှုဘေးမှ ထွက်ပြေးလာခဲ့သော ရှန်လောင်ချီ၏ ဇနီးသည် ပညာတတ်ပုံရသည်ကို ရွာသားအကြီးအကဲများ အမှတ်ရသွားကြသည်။ သူမသည် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုပြုမူတတ်ပြီး ရွာမှကလေးများကို ကဗျာရွတ်နည်း သင်ပေးခဲ့ဖူးသည့် အချိန်တစ်ခုပင် ရှိခဲ့သည်။
လင်မယားနှစ်ယောက်စလုံးသည် အိမ်တွင်သာ နေလေ့ရှိပြီး အပြင်ပန်း သိပ်မထင်ရှားကြပေ။ ရှန်လောင်ချီသည် သူ့ဇနီးထံမှ စာရေးခြင်းနှင့် ပုံဆွဲခြင်းကို သင်ယူခဲ့သည်မှာ ဖြစ်နိုင်ခြေရှိသည်။
ထို့အပြင် ရွာသားများသည် ရှန်လောင်ချီနှင့် သိပ်မရင်းနှီးကြချေ။ သူသည် နှစ်များစွာကြာအောင် တိတ်တဆိတ် လေ့လာသင်ယူနေခဲ့သည်မှာ ဖြစ်နိုင်ပေသည်။
ဒါဆိုရင် ဒီလိုနဲ့ပဲ ရှန်လောင်ချီက အလုပ်သမားတစ်ယောက် ဖြစ်လာပြီး သူ့မိသားစုက အုတ်ကြွပ်မိုး တိုက်အိမ်ကြီး ဆောက်ဖို့ စီစဉ်နေတာပေါ့လေ။
ဒီလို ရှုထောင့်ကနေ ကြည့်လိုက်မယ်ဆိုရင် သူ့သမီးက အိမ်ပါသမက် ခေါ်မယ်ဆိုတဲ့ အကြံအစည်က သိပ်ပြီး မဖြစ်နိုင်စရာ မရှိတော့ပါဘူး။
တစ်ချိန်က မှေးမှိန်နေခဲ့သော ရှန်လောင်ချီနှင့် သူ့သမီးတို့သည် ယန်လျိုတပ်ဖွဲ့တွင် ရုတ်တရက် ထင်ရှားသော ပုဂ္ဂိုလ်များ ဖြစ်လာခဲ့ကြပြီး သတင်းစကားများသည် အိမ်နီးချင်းရွာများသို့ပါ စတင်ပျံ့နှံ့လာခဲ့သည်။
မကြာမီမှာပင် ဆိုးကျိုးများ ရောက်ရှိလာတော့သည်။
ထိုညက ရှန်မော့အာသည် အိပ်ရာမဝင်မီ ရေအများကြီး သောက်မိသဖြင့် ညသန်းခေါင်တွင် အိမ်သာသွားရန် ထလာခဲ့သည်။ သူမ 'ရတနာတိုက်ခန်း' ဟု ခေါ်ဝေါ်သော နေရာမှ ထွက်လိုက်သည်နှင့် အပြင်ဘက်မှ အသံသဲ့သဲ့ကို ကြားလိုက်ရလေသည်။
သူမ၏ အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားသည်။ ရှန်မော့အာသည် တံခါးဆီသို့ တိတ်တဆိတ် သွားလိုက်ပြီး အပြင်ဘက်မှ လှုပ်ရှားမှုကို သေချာပေါက် ကြားလိုက်ရသည်။
သူမသည် တံခါးနားတွင် ဝပ်လျက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။ ဖြည်းညှင်းစွာပင် သတ္တုပြားအပါးလေးတစ်ခုသည် တံခါးအောက်မှ လျှောဝင်လာပြီး တံခါးမင်းတုံးကို နည်းနည်းချင်း တွန်းဖွင့်ကာ တံခါးပွင့်သွားသည်အထိ ပြုလုပ်နေလေသည်။
အမှောင်ထဲတွင် ရှန်မော့အာ မျက်ခုံးပင့်လိုက်ပြီး ကိုယ်ကို အနည်းငယ် ရွှေ့လိုက်သည်။ တပြိုင်နက်တည်းမှာပင် တံခါးသည် တကျွီကျွီ အသံတိုးတိုးဖြင့် ဖြည်းညှင်းစွာ ပွင့်လာပြီး လူရိပ်တစ်ခု ဝင်ရောက်ရန် ကြိုးစားလာလေသည်။
သို့သော် သူတို့ တကယ် ဝင်မလာနိုင်လိုက်ချေ။ ဝင်ရန် ကြိုးစားလိုက်စဉ်မှာပင် ရှန်မော့အာသည် ခြေကိုနှိမ့်လိုက်ပြီး ပြင်းထန်သော ကန်ချက်ဖြင့် ကန်ထုတ်လိုက်လေတော့သည်။
ဘုတ်...
...