အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အပိုင်း (၁၇) နောက်ဆုံးတော့ တစ်ခေါက် ပြန်လည်မွေးဖွားလာခဲ့ပြီ
သိုင်းပညာ လေ့ကျင့်ခဲ့သည့် နှစ်များက အလဟဿ မဖြစ်ခဲ့ပေ။ ဒီကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ရှန်မော့အာ၏ ရုပ်သွင်ပြင်သည် အသားအရေ ညိုညစ်ကာ ပိန်လှီသော ပုံစံသို့ ပြောင်းလဲသွားသော်ငြားလည်း သူမ၏ ခန္ဓာကိုယ်သည် သူမပိုင်ဆိုင်သည့် အရာသာ ဖြစ်နေဆဲပင်။ သူမ၏ ခွန်အားဗလများကလည်း လုံးဝ လျော့နည်းသွားခြင်း မရှိချေ။
သူမ၏ ခြေကန်ချက်သည် ကျူးကျော်ဝင်ရောက်လာသူကို မျက်နှာနှင့် မြေကြီး မိတ်ဆက်သွားစေသည်။
တိတ်ဆိတ်နေသော ညဉ့်နက်သန်းခေါင်အချိန်တွင် ထိုလူက နာကျင်မှုကြောင့် အော်ဟစ်လိုက်သော်လည်း လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ကုန်းရုန်းထကာ ချက်ချင်း ထွက်ပြေးလေတော့သည်။
ရှန်မော့အာသည် ခဏတာ လိုက်ဖမ်းသော်လည်း ထိုလူသည် နယ်မြေအနေအထားကို ကျွမ်းကျင်သူ ဖြစ်ပုံရပြီး လယ်ကွင်းပြင်များကို ဖြတ်သန်းကာ တောလမ်းလေးအတိုင်း တောင်နောက်ဖက်ဆီသို့ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ သူမအနေဖြင့် မီအောင်လိုက်ရန် မဖြစ်နိုင်တော့မှန်း သိလိုက်သဖြင့် လှည့်ပြန်လာရတော့သည်။
ထိုလူ၏ မျက်နှာကို သေချာမမြင်လိုက်ရဘဲ ကျောပြင်ကိုသာ ဝါးတားတား မြင်လိုက်ရသည်။ ထိုသူမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးပင်။
သို့သော် ဒီခေတ်ကာလတွင် ရွာထဲ၌ ဝဖြိုးသူဟူ၍ မရှိသလောက်ပင်။ လူတိုင်းက ပိန်ပါးကြပြီး အရပ်အမောင်းသာ ကွာခြားကြလေသည်။ ထိုကဲ့သို့သော အမှတ်အသားဖြင့် လူဖမ်းရန်မှာ မဖြစ်နိုင်ချေ။
သူမ အိမ်ပြန်ရောက်သောအခါ ဆူညံသံများကြောင့် နိုးထလာသော ရှန်ရှောက်ယွမ်သည် အပြင်သို့ ထွက်လာပြီး တံခါးဝတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အဝေးကြီးသို့ မသွားရဲချေ။ ရှန်မော့အာ ပြန်ရောက်လာသည်ကို မြင်လိုက်ရပြီး သူ့၏ အဖိုးတန်သမီးလေး ဘေးကင်းကြောင်း အတည်ပြုနိုင်မှသာ စိတ်သက်သာရာ ရသွားတော့သည်။ သူက ပြောလိုက်၏။
"လမ်းမရှိတော့တဲ့ ရန်သူကို လိုက်မမောင်းသင့်ဘူး။ ညဉ့်နက်သန်းခေါင်ကြီး ရှေ့မှာ အပေါင်းအပါတွေ ပုန်းနေရင် ဘယ်လိုလုပ်မလဲ"
တစ်ဦးတည်းသော သမီးဖြစ်သူအနေဖြင့် သူမဘဝ၏ အခြားကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ခြင်း မရှိသော်လည်း သူမ၏ လုံခြုံရေးကိုမူ သူ အမြဲတမ်း အထူးဂရုစိုက်တတ်သည်။ ရှန်မော့အာ၏ ရင်ထဲတွင် နွေးထွေးသွားရသည်။ ကံကောင်းထောက်မစွာဖြင့် ဒီကမ္ဘာသို့ သူတို့သားအဖနှစ်ယောက် အတူတူ ရောက်လာခဲ့ကြသည်။ အကယ်၍ သူမတစ်ယောက်တည်း သို့မဟုတ် သူမ၏ဖခင် တစ်ယောက်တည်းသာ ရောက်လာခဲ့ပါက အခြေအနေမှာ အလွန် ဆိုးရွားပေလိမ့်မည်။
တကယ်တမ်းတွင် ရှန်မော့အာလည်း ထိုအချက်ကို သဘောပေါက်ပါ၏။ သို့သော် သူမက အမှားကို လျင်မြန်စွာ ဝန်ခံလိုက်သည်။
"သမီး ခုနက သေချာ မစဉ်းစားမိလိုက်ဘူး။ နောက်ဆို ပိုသတိထားပါ့မယ်။ ဒါပေမဲ့ သမီးတို့..."
သူမတို့အနေဖြင့် ရတနာတိုက်ခန်းထဲတွင် ညဘက် ဆက်ပြီး အိပ်၍မရနိုင်တော့ကြောင်း ရှန်မော့အာ ပြောမလို့ လုပ်နေစဉ်မှာပင် သူမ၏ အကြည့်က ဘေးနားရှိ ချုံပုတ်တစ်ခု လှုပ်ရှားသွားသည်ကို ရိပ်မိလိုက်သည်။ သူမသည် ကျောက်ခဲတစ်လုံးကို ကန်ထည့်လိုက်ပြီး လှမ်းအော်လိုက်၏။
"ထွက်ခဲ့"
ချုံပုတ်ထဲမှ တရှပ်ရှပ် အသံများ ထွက်ပေါ်လာပြီး ခဏအကြာတွင် ပိန်ပိန်ပါးပါး ဆယ်ကျော်သက် ကောင်လေးတစ်ယောက် ထွက်ပေါ်လာသည်။ ကောင်လေးသည် ကို့ယို့ကားယား ရပ်နေပြီး ထစ်အထစ်အဖြင့် ကာကွယ်ပြောဆိုလေသည်။
"ကျွန်... ကျွန်တော်... ဆူညံသံတွေ ကြားလို့ လာကြည့်တာပါ"
သူမသည် ရွာရုံးခန်းအနောက်ဘက်တွင် နေထိုင်သော လင်းခိုင်ချန် ဖြစ်ကြောင်း ရှန်မော့အာ မှတ်မိလိုက်သည်။ သူ့ဖခင်မှာ မြေရှင်ဖြစ်သဖြင့် ရွာထဲရှိ ကလေးများက သူ့ကို "မြေရှင်ပေါက်စ" ဟု ခေါ်ဝေါ်ကာ နောက်ပြောင်လေ့ရှိကြသည်။ တစ်ခါတစ်ရံတွင် သူ့ကို မြေစာခဲများဖြင့်ပင် ပစ်ပေါက်တတ်ကြသည်။
ထိုသားအမိသည် အလုပ်လုပ်ချိန်မှလွဲ၍ အပြင်ထွက်လေ့မရှိကြပေ။ သူတို့သည် နီးနီးကပ်ကပ် နေထိုင်ကြသော်လည်း ရှန်မော့အာကတော့ ထိုကောင်လေးကို မနက်စောစော ရေခပ်ချိန်၌သာ အဝေးမှ လှမ်းမြင်ဖူးခြင်း ဖြစ်သည်။
ရှန်မော့အာက ခေါင်းငြိမ့်ပြလိုက်ပြီး "တစ်ယောက်ယောက်က အိမ်ထဲကို ဖောက်ဝင်ဖို့ ကြိုးစားလို့လေ။ ဒါပေမဲ့ ထွက်ပြေးသွားပါပြီ။ အိမ်ပြန်ပြီး သတိထားနေနော်။ တံခါးတွေ ပြတင်းပေါက်တွေကို သေချာ ပိတ်ထားဦး"
လင်းခိုင်ချန်သည် သူမကို အံ့သြစွာ ကြည့်လိုက်၏။ သူသည် ဒီနေရာတွင် အစကတည်းက ရှိနေခဲ့ပြီး ရှန်မော့အာက သူခိုးကို ခြေဖြင့်ကန်ကာ လွင့်ထွက်သွားအောင် လုပ်လိုက်သည်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။ သို့သော် သူ မထွက်ခွာမီမှာပင် ရှန်ရှောက်ယွမ် ထွက်လာသဖြင့် အပေါင်းအပါဟု အထင်ခံရမည် စိုးသောကြောင့် ချုံပုတ်ထဲတွင် ပုန်းနေခဲ့ပြီး မထွက်ရဲခဲ့ခြင်း ဖြစ်သည်။
သူ မမျှော်လင့်ထားသည်မှာ ရှန်မော့အာက သူ့ကို အထင်မလွဲသည့်အပြင် တံခါးပိတ်ရန်ပင် သတိပေးလိုက်သေးသည်။
လင်းခိုင်ချန်သည် တိုးတိုးလေး ပြန်ဖြေလိုက်ပြီး ထွက်ပြေးသွားတော့သည်။
ရှန်မော့အာသည် အပြင်ဘက်တွင် စကားဆက်မပြောရဲတော့ပေ။ အိမ်ထဲသို့ ပြန်ဝင်လိုက်ပြီး တံခါးများနှင့် ပြတင်းပေါက်များကို သော့ခတ်ကာ တံခါးကို ပိတ်ဆို့ထားရန် ကုလားထိုင်တစ်လုံးကို ရွှေ့လိုက်သည်။ ထို့နောက်မှသာ သူမနှင့် ရှန်ရှောက်ယွမ်တို့ ရတနာတိုက်ခန်းထဲသို့ ပြန်ဝင်လိုက်ကြသည်။
နှစ်ယောက်စလုံး အိပ်ချင်စိတ် မရှိကြတော့သဖြင့် ကန့်လန့်ကာ ခြားလျက် ခဏကြာအောင် စကားစမြည် ပြောလိုက်ကြသည်။
ရတနာတိုက်ခန်းထဲတွင် ဆက်အိပ်၍ မရတော့မည့်အကြောင်း ရှန်မော့အာက ထပ်ပြောလိုက်သည်။
အကယ်၍ သူမသာ ညလယ်ခေါင် နိုးမလာခဲ့ဘဲ သူခိုးက အိမ်ထဲသို့ ဝင်ရောက်လာခဲ့ပါက အိမ်တွင် လူမရှိသည်ကို တွေ့ရှိသွားနိုင်သည်၊ သို့မဟုတ်ပါက သူတို့ ရတနာတိုက်ခန်းတံခါးကို သေချာမပိတ်မိဘဲ ၎င်း၏ တည်ရှိမှုကို သူခိုးက တွေ့သွားခဲ့လျှင် သူတို့အနေဖြင့် အဆုံးမဲ့ ဒုက္ခများနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ကြိုတင်ကာကွယ်မှုအနေဖြင့် မဖြစ်မနေ လိုအပ်မှသာ ရတနာတိုက်ခန်းကို ဖွင့်သင့်တော့သည်။
ရှန်ရှောက်ယွမ်သည် ဒီရက်ပိုင်း အလုပ်များနေသဖြင့် ဖျာကိစ္စအတွက် မုတ်ဆိတ်မွှေးနှင့်လူကို သွားရှာရန် အရေးတကြီး မလိုအပ်သေးဟု ထင်ထားခဲ့သည်။ ယနေ့ည ဖြစ်ပျက်ခဲ့သည်များကို ကြုံတွေ့ပြီးနောက် မနက်ဖြန်တွင် ဝါးဖျာတစ်ချပ် ဝယ်ရန် မုတ်ဆိတ်မွှေးနှင့်လူကို သွားရှာတော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။ မနက်ဖြန်ညဆိုလျှင် သူတို့ ရတနာတိုက်ခန်းထဲမှ အိပ်ရာလိပ်များကို ထုတ်ယူပြီး အပြင်ဘက်တွင် အိပ်ကြရတော့မည်။
ထို့အပြင် မူလက သူတို့သည် ခြံစည်းရိုးကာရံထားသော အိမ်သစ်တစ်လုံး ဆောက်ရန် စီစဉ်ထားခဲ့သည်။ ယခုအခါတွင်မူ ခြံစည်းရိုးတံတိုင်းသည် သူတို့ မူလက ထင်ထားသည်ထက် ပို၍ မြင့်မားရန် လိုအပ်ပုံရသည်။
သားအဖနှစ်ယောက် ဟိုဟိုဒီဒီ စကားပြောနေရင်း မကြာမီမှာပင် ရှန်ရှောက်ယွမ် အသံတိတ်သွားသည်။
ရှန်မော့အာ သေချာ နားထောင်ကြည့်လိုက်ရာ ဖခင်ဖြစ်သူ၏ အသက်ရှူသံမှာ မှန်မှန်နှင့် နှေးကွေးသွားသည်ကို ကြားလိုက်ရသည်။ သူ အိပ်ပျော်သွားပြီ။
မှန်ပါ၏။ သူသည် အစေခံများ ဝန်းရံလျက် စည်းစိမ်ချမ်းသာများကြား ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ တစ်နေ့လျှင် ၁၀ မိုင်ကျော် လမ်းလျှောက်ပြီး မိုးလင်းမှ မိုးချုပ်အထိ ဒီလောက် ပြင်းပြင်းထန်ထန် ဘယ်တုန်းကများ အလုပ်လုပ်ခဲ့ဖူးလို့လဲ။
ရှန်မော့အာသည် သူမ၏ဖခင်ကို အားရှိစေရန် မည်သည့်အရာများ ကျွေးမွေးရမည်ကို တွေးတောရင်း ပြုံးလိုက်မိသည်။ အတွေးများ လွင့်မျောနေရင်း မကြာမီ သူမလည်း အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ မနက်တွင် တစ်ညလုံး မိုးရွာထားသဖြင့် မြေကြီးများ စိုစွတ်နေပြီး ကောင်းကင်မှာ အနည်းငယ် အုံ့မှိုင်းနေသည်ကို တွေ့လိုက်ရသည်။
ရှန်ရှောက်ယွမ်က တပ်ဖွဲ့သို့ ထွက်သွားပြီးနောက် ရှန်မော့အာသည် ကျိုးမန်ခန်း၏ အိမ်သို့ ပြေးသွားပြီး မနေ့ညက ဖြစ်ရပ်အကြောင်း ပြောပြလိုက်လေသည်။
ကျိုးမန်ခန်းမှာ လန့်ဖျပ်သွားပြီး ဒေါသထွက်သွားလေသည်။ မကြာသေးမီကမှ ပညာတတ်လူငယ်များ အဖွဲ့ဆီမှ ဆပ်ပြာ ခိုးခံရပြီး ယခုအခါ ညသန်းခေါင်ကြီး ရှန်လောင်ချီ၏ အိမ်ကို ဖောက်ထွင်းရန် ကြိုးပမ်းမှုတစ်ခု ထပ်ဖြစ်လာပြန်ပြီ။ သူ့မိသားစု ရရှိထားသော ယွမ် ၃၀၀ ကို လူတွေက မျက်စိကျနေကြပုံ ရသည်။ ဒီအတိုင်းသာ ဆက်ဖြစ်နေလျှင် သူတို့၏ ယန်လျို ကုန်ထုတ်လုပ်ရေးအဖွဲ့၏ ဂုဏ်သိက္ခာ ဘယ်ရောက်သွားပါမည်နည်း။
သူသည် အလုပ်သွားရတော့မည်ဖြစ်၍ ရှန်မော့အာကို အိမ်အရင်ပြန်နှင့်ရန် ပြောလိုက်၏။ နောက်မှ ဒီကိစ္စကို ဆွေးနွေးပြီး တပ်ဖွဲ့ဝင်အားလုံး ပါဝင်သော အစည်းအဝေးတစ်ခု ခေါ်ယူကာ လူတိုင်း သဘောပေါက်စေရန် လုပ်ဆောင်မည်ဟု ကတိပေးလိုက်သည်။ ထို့အပြင် ပျင်းရိသော သူခိုးများ အခွင့်အရေး မရစေရန် ပြည်သူ့စစ်များကို ညဘက် ကင်းလှည့်မှု တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်ပေးမည်ဟုလည်း ပြောလိုက်သည်။
ထိုအရာက ရှန်မော့အာကို စိတ်သက်သာရာ ရစေသည်။ သူမသည် သိုင်းပညာ တတ်ကျွမ်းသော်လည်း သူခိုးများကို အချိန်တိုင်း သတိထား စောင့်ကြည့်နေချင်သည်တော့ မဟုတ်ပေ။
ကျိုးမန်ခန်း၏ အိမ်မှ ထွက်လာပြီးနောက် ရှန်မော့အာသည် သူမ၏ ကိုယ်ပိုင် စိုက်ကွက်လေးကို သွားရောက် စစ်ဆေးလိုက်သည်။ အဒေါ်ချန်နှင့် အခြားသူများ၏ တက်ကြွစွာ ကူညီမှုကြောင့် ဟင်းသီးဟင်းရွက်များသည် စိမ်းလန်းစိုပြေစွာ ရှင်သန်နေကြသည်။ သို့သော် ရာသီဥတု ပူပြင်းမှုကြောင့် ပိုးမွှားများ များပြားလာပြီး အရွက်များပေါ်တွင် ပိုးပေါက်လေးများ ပေါ်နေပြီ ဖြစ်သည်။
အဒေါ်ချန်က ပိုးသတ်ရန် ဟက်ဆာကလိုရိုဆိုင်ကလိုဟက်ဆိန်း (hexachlorocyclohexane) ပေါင်ဒါမှုန့် သုံးရန် အကြံပြုသော်လည်း ၎င်းသည် အဆိပ်အတောက် ဖြစ်စေကြောင်း သိသဖြင့် ရှန်မော့အာ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
သို့သော် ဘာမှမလုပ်ဘဲ နေ၍လည်း မရပေ။ အကယ်၍ ပိုးမွှားများက သူမ၏ ဟင်းသီးဟင်းရွက်များကို အကုန်စားသွားပါက သူမသည် အစားအစာအတွက် အခြားသူများနှင့် လဲလှယ်စားသောက်ရပေလိမ့်မည်။
ရှန်မော့အာတစ်ယောက် မျက်မှောင်ကြုတ်လျက် အိမ်ပြန်လာခဲ့သည်။ အိမ်တံခါးဝသို့ ရောက်ခါနီးတွင် မော့ကြည့်လိုက်ရာ သူမ၏အိမ်ရှေ့၌ အရပ်ရှည်ရှည် လူရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။ အရပ်ရှည်ပြီး တောင့်တင်းခိုင်မာကာ ပြီးပြည့်စုံလွန်းသော မျက်နှာသွင်ပြင်နှင့် ထိုသူမှာ ဖုမင်ဇယ်မှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ။
သူ့ကို မြင်လိုက်ရသောအခါ ရှန်မော့အာ မပြုံးဘဲ မနေနိုင်တော့ချေ။
"ရဲဘော်ဖု... ပညာတတ်ရဲဘော်လေးပါလား"
ဖုမင်ဇယ်ကလည်း အနည်းငယ် ပြုံးလိုက်သည်။
"ရဲဘော် ရှန်မော့အာ"
သူသည် လက်ထဲတွင် ကိုင်ထားသော စာရွက်ကို ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။ "ပုံကြမ်း ရပါပြီ။ သုံးလို့ရမရ ကြည့်ကြည့်ပါဦး"
အထူးသဖြင့် ကျေးဇူးတင်စကားအဖြစ် ကြက်ဥနှစ်လုံး ရရှိပြီးနောက် ဖုမင်ဇယ်သည် ဒီကိစ္စကို အလေးအနက်ထား ဆောင်ရွက်ခဲ့သည်။ ဒီအတောအတွင်း သူသည် တပ်ဖွဲ့မှ အစ်မကြီးချောင်နှင့် အခြားသူများကို အကူအညီတောင်းရန် အထူးတလည် သွားရောက်ခဲ့ပြီး အရာအားလုံး အပြစ်အနာအဆာ ကင်းစင်စေရန် မရှင်းလင်းသော အချက်အလက်တချို့ကို သေချာ စစ်ဆေးခဲ့လေသည်။
"ကျေးဇူးတင်ပါတယ် ရဲဘော်ဖု"
ရှန်မော့အာက ပြုံးလျက် ပုံကြမ်းကို ယူလိုက်သည်။ နေရာလပ် သေးသေးလေး ဖြစ်သော်လည်း အသေးစိတ် ပုံဆွဲထားသည်များ ပါဝင်နေသည်။ သူမ သတိထားမိလိုက်သည်မှာ "အစီအစဉ် ၃ ခုတောင် ပါတာလား"
ဖုမင်ဇယ်က ခေါင်းငြိမ့်ပြပြီး ရှင်းပြလေသည်။
"ရွာထဲမှာ ရေပိုက်လိုင်း မရှိဘူးလေ။ ဒါကြောင့် ရေဆွဲချဖို့နဲ့ ရေဆင်းမြောင်း ကိစ္စကို ဖြေရှင်းဖို့ လိုတယ်။ မင်းအိမ်က ရေတွင်းနဲ့ နီးတော့ ရေစုပ်စက်တပ်ပြီး ပိုက်တချို့ ဆက်လိုက်ရင် ရေပိုက်လိုင်း ရသလို နီးပါး ဖြစ်သွားမှာပါ။ ဒါပေမဲ့ ဒီအစီအစဉ်က ကုန်ကျစရိတ်များပြီး လက်တွေ့မကျဘူး။ ကိုယ်တိုင် ရေခပ်ရတာက ပိုပင်ပန်းပေမဲ့ ပိုက်ဆံတော့ သက်သာတယ်"
"နောက်ထပ် ပြဿနာတစ်ခုက ရေဆင်းပိုက်ပဲ။ မီးခိုးရောင် သွန်းသံပိုက်တွေက မြို့ကြီးတွေမှာ အသုံးများပေမဲ့ ဈေးကြီးတယ်။ နောက်တစ်နည်းက အုတ်နဲ့စီပြီး ဘိလပ်မြေနဲ့ မွမ်းမံလိုက်တာပဲ"
ခဏလောက် ရပ်နားပြီးနောက် ဖုမင်ဇယ်က ထပ်ဖြည့်ပြောလိုက်သည်။
"ဘယ်အစီအစဉ်ပဲ ဖြစ်ဖြစ် ကုန်ကျစရိတ်က မင်း မျှော်လင့်ထားတာထက် ပိုများနိုင်တယ်"
ငွေကြေးမည်မျှ ကုန်ကျသည်ဖြစ်စေ ရေစုပ်စက်၊ သွန်းသံပိုက်နှင့် ဘိလပ်မြေများကို ပိုက်ဆံရှိလျှင်တောင် ရရှိရန် ခက်ခဲမည်ဖြစ်ကြောင်း ရှန်မော့အာ နားလည်လိုက်သည်။
အစီအစဉ်ကို ချက်ချင်း အတည်ပြုနိုင်မည် မဟုတ်ဘဲ နောက်မှ သေချာ စဉ်းစားရဦးမည်။ သို့သော် ဖုမင်ဇယ်သည် ဒီကိစ္စအပေါ် အားစိုက်ထုတ်ထားကြောင်း ထင်ရှားနေသည်။ ရှန်မော့အာသည် သူ့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုလိုက်ပြီး အပြန်အလှန် ဘာပေးရမလဲဟု တွေးတောနေစဉ်မှာပင် လှမ်းခေါ်သံကို ကြားလိုက်ရသည်။ "မော့အာ... မြန်မြန်လုပ်၊ တောင်ပေါ်မှာ မှိုသွားခူးကြမယ်"
အဒေါ်ချန်နှင့် အခြားသူများ ဖြစ်ကြသည်။ သက်ကြီးပိုင်း အမျိုးသမီးတစ်စုနှင့်အတူ ကလေးငယ် အများအပြား ပါဝင်ပြီး အားလုံးက တောင်းများနှင့် ပုံးများကို ကိုင်ဆောင်ထားကြကာ တောင်ပေါ်တက်ရန် အဆင်သင့် ဖြစ်နေကြသည်။
ရှန်မော့အာ စကားမပြောနိုင်မီမှာပင် အဒေါ်ချန်သည် ဖုမင်ဇယ်ကို လှမ်းမြင်လိုက်ပြီး နွေးထွေးစွာ လှမ်းခေါ်လိုက်လေသည်။
"ဟယ်... ရဲဘော်ဖုပါလား။ ဒီမှာ ရောက်နေတာကိုး။ မော့အာဆီက တောင်းတစ်လုံးယူပြီး အဒေါ်တို့နဲ့အတူ တောင်ပေါ် လိုက်ခဲ့ပါလား"
ဖုမင်ဇယ်၏ ချောမောသော မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်သွားသော အရိပ်အယောင် ပေါ်လာ၏။ သူ မငြင်းဆန်နိုင်မီမှာပင် အခြားသော အမျိုးသမီးကြီးများက တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက် ဖျောင်းဖျကြတော့သည်။
"ဟုတ်တယ် ဟုတ်တယ်... အတူတူ လိုက်ခဲ့လေ။ ခုနကမှ မိုးရွာထားတာဆိုတော့ မှိုတွေ၊ တောဟင်းရွက်တွေနဲ့ မျှစ်တွေက လတ်ဆတ်နေမှာ"
"ဒါပေါ့... မင်းတို့ ပညာတတ်လူငယ်တွေက လယ်လုပ်ငန်းခွင်မှာ သိပ်မကျွမ်းကျင်ဘူးဆိုတော့ အဒေါ်တို့နဲ့ တောင်ပေါ်လိုက်တာ ပိုကောင်းပါတယ်။ မှိုခူးတာ၊ တောဟင်းရွက် တူးတာက ပိုရိုးရှင်းတယ်လေ။ ကံကောင်းရင် ယုန်တောင် ရချင်ရဦးမှာ"
"ပညာတတ်လူငယ်တချို့ တောင်ပေါ် သွားကြပြီးပြီ။ ဒါပေမဲ့ သူတို့က အဒေါ်တို့လို ဝါရင့်တဲ့သူတွေလောက် အတွေ့အကြုံ မရှိကြပါဘူး။ အဒေါ်တို့က တောင်နောက်ဖက် ဘယ်နေရာမှာ မှိုပေါက်တယ်၊ ဘယ်နေရာမှာ အကောင်းဆုံး တောဟင်းရွက်တွေ ရှိတယ်ဆိုတာ အတိအကျ သိတယ်လေ။ အဒေါ်တို့နောက် လိုက်ရင် တခြား ပညာတတ်လူငယ်တွေထက် ပိုရမှာ သေချာတယ်"
အမျိုးသမီးကြီးများသည် ရဲဘော်ဖု သူတို့နှင့် လိုက်ပါလာစေရန် နည်းလမ်းမျိုးစုံ သုံးနေကြသည်။ ဖုမင်ဇယ်သည် ဤမျှ လူချစ်လူခင် များကြောင်း ရှန်မော့အာ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီး တစ်ကိုယ်တည်း ပြုံးလိုက်ကာ ဝါးတောင်းတစ်လုံးနှင့် သူမ၏ တောင်းကို သွားယူလိုက်သည်။ သူမသည် တောင်းကို ဖုမင်ဇယ်အား ကမ်းပေးလိုက်ပြီး ပြောလိုက်၏။
"မမျှော်လင့်ဘဲ ဆုံတွေ့တာပဲဆိုတော့ ဖိတ်ခေါ်တာကို လက်ခံလိုက်တာ ပိုကောင်းပါတယ်ရှင်။ သွားကြရအောင် ရဲဘော်ဖု"
ဖုမင်ဇယ် မရယ်ဘဲ မနေနိုင်တော့ချေ။ သို့သော် သူသည် တောင်းကို လက်ခံလိုက်သည်။
အမျိုးသမီးကြီးများ ပြောသည်မှာ မှန်ပါသည်။ မူလက ပုံကြမ်း လာပေးပြီးနောက် တောင်ပေါ် လမ်းလျှောက်ရန် သူ စီစဉ်ထားခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် တောင်ပေါ်တက်မည် ဖြစ်ရာ ဒီဒေသခံများနှင့် အတူသွားခြင်းက အမှန်တကယ်ပင် ပိုမို ရှာဖွေတွေ့ရှိနိုင်ပေသည်။
လူအုပ်ကြီးသည် တောင်နောက်ဖက်သို့ ဦးတည် ထွက်ခွာလာကြ၏။
အဒေါ်ကြီးအများစုသည် အိမ်ပုံစံရေးဆွဲရန် ဖုမင်ဇယ်အား အကူအညီတောင်းထားကြောင်း ရှန်မော့အာထံမှ ကြားသိထားကြသည်။ ယခု သူတို့ လမ်းလျှောက်နေစဉ် ရှန်မော့အာက ဖုမင်ဇယ် စဉ်းစားပေးထားသော အစီအစဉ်များဖြစ်သည့် ရေစုပ်စက်၊ မီးခိုးရောင် သွန်းသံပိုက် စသည့်အကြောင်းများကို ရှင်းပြနေသည်ကို နားထောင်ရင်း သူတို့ လုံးဝ ကြောင်အသွားကြသည်။
အမှန်တရားမှာ သူတို့ အများစုကို နားမလည်ကြသော်လည်း ဖုမင်ဇယ်သည် အထင်ကြီးစရာ ကောင်းသည်ဟု တွေးတောခြင်းကို မတားဆီးနိုင်ကြပေ။ ဖုမင်ဇယ်အပေါ် ချီးကျူးစကားများ တရစပ် ရောက်ရှိလာသည်။ ပုံမှန်အားဖြင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်သော ဖုမင်ဇယ်သည် မြှောက်ပင့်ခံရလွန်းသဖြင့် နားရွက်များ နီရဲလာလေသည်။
ကံကောင်းစွာပင် မကြာမီ သူတို့ တောင်ပေါ်သို့ ရောက်ရှိလာကြပြီး အမျိုးသမီးကြီးများ၏ အာရုံ ပြောင်းသွားကြတော့သည်။
"စုန့်ရှုလျှိုဘက် သွားကြစို့။ အဲဒီမှာ မှိုတွေ အများကြီး ရှိမှာ သေချာတယ်"
"ကောင်းပြီလေ... စုန့်ရှုလျှိုဘက် အရင်သွားကြမယ်။ ပြီးမှ ဝါးတောဘက်ကို ပြန်ပတ်ကြတာပေါ့။ မှိုတွေ၊ တောဟင်းရွက်တွေနဲ့ မျှစ်တွေ ခူးကြမယ်"
ဒေသခံ ဝါရင့်ကြီးများသည် အစီအစဉ်တစ်ခုကို လျင်မြန်စွာ သဘောတူလိုက်ကြပြီး စုန်းရှုတပ်ဖွဲ့နှင့် နီးသော စုန့်ရှုလျှိုဘက်သို့ ဦးစွာ ထွက်ခွာလာကြသည်။
အမျိုးသမီးကြီးများသည် ခြေလှမ်းသွက်သွက်ဖြင့် ရှေ့မှ သွားကြပြီး ကလေးများက ပျော်ရွှင်စွာဖြင့် ကပ်လျက် လိုက်ပါသွားကြသည်။ ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခြေလှမ်းကို အရှိန်မြှင့်လိုက်ကြသည်။
စုန့်ရှုလျှိုသည် စုန်းရှုတပ်ဖွဲ့နှင့် ပိုနီးသော်လည်း ထိုနေရာမှ လမ်းကြောင်းမှာ ခက်ခဲပြီး စုန်းရှုတပ်ဖွဲ့တွင် သစ်တောဧရိယာ ပိုများသဖြင့် သူတို့ ဒီဘက်သို့ သိပ်မလာတတ်ကြချေ။ ရလဒ်အနေဖြင့် ဒီနေရာသည် ယန်လျိုတပ်ဖွဲ့မှ လူများ ပိုမို လာရောက်တတ်ကြသည်။ သေချာသည်မှာ တောင်ပေါ်လမ်းများက အရပ်မျက်နှာအသီးသီးသို့ ဖြာထွက်နေသဖြင့် ဒေသခံ "ဆရာကြီးများ" သာလျှင် ဒီလောက်ဝေးဝေး လာရဲကြသည်။
သို့သော် ဒီနေရာသည် အမှန်တကယ်ပင် သစ်ပင်များ ထူထပ်ပြီး မြေဆီလွှာ စိုစွတ်သဖြင့် မှိုပေါက်ရောက်မှုအတွက် ပြီးပြည့်စုံလေသည်။
ရောက်ရှိသည်နှင့် လူအုပ်ကြီးသည် လျင်မြန်စွာ လူစုခွဲလိုက်ကြသည်။
ကျန်လူများမှာ သက်ကြီးရွယ်အိုများနှင့် ကလေးများ ဖြစ်ကြသဖြင့် ရှန်မော့အာနှင့် ဖုမင်ဇယ်တို့သည် သဘာဝကျကျပင် ပြေပြစ်သော နေရာများကို သက်ကြီးရွယ်အိုများနှင့် ကလေးများအတွက် ပေးလိုက်ကြပြီး သူတို့ကိုယ်တိုင်က မတ်စောက်သော နေရာများသို့ တက်ကာ ပင်မအဖွဲ့နှင့် ဖြည်းဖြည်းချင်း ဝေးကွာသွားကြသည်။
"သောက်ကျိုးနည်းကွာ... ဒီလို ပြန်လည်မွေးဖွားလာတာတောင်မှ ငါ ဂျင်ဆင်းရိုင်း တစ်ပင်မှ ရှာမတွေ့ဘူးတဲ့လား။ ပြီးခဲ့တဲ့ ဘဝတုန်းက ကျူထော့ကျိုး ဒီနားတစ်ဝိုက်မှာ တစ်ပင် ရှာတွေ့ခဲ့တယ်လေ။ ဘာလို့ မရှိရတာလဲ"
ရုတ်တရက် ထွက်ပေါ်လာသော အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ပြန်လည်မွေးဖွားခြင်း။
ပြီးခဲ့တဲ့ ဘဝ။
ဒီစကားလုံးနှစ်လုံးက ရှန်မော့အာ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်ပြီး သူမ အလိုအလျောက် တိတ်တဆိတ် ရွေ့လျားကာ ကျောက်တုံးကြီးတစ်ခု နောက်ကွယ်တွင် ဝင်ပုန်းလိုက်မိသည်။
မော့ကြည့်လိုက်မိသောအခါ ဖုမင်ဇယ်၏ နက်မှောင်ပြီး ကြည်လင်နေသော မျက်ဝန်းများနှင့် ဆုံသွားလေသည်။
"ရှူး..."
...
အပိုင်း (၁၈) တကယ်တော့ ကျွန်မက ခွန်အားကြီးပြီး ပစ်မှတ် တိကျတယ်
တောင်ကုန်း၏ တစ်ဖက်ခြမ်းတွင် တစ်စုံတစ်ယောက်က ကျိန်ဆဲနေလေသည်။ ဖုမင်ဇယ် စကားမပြောနိုင်မီမှာပင် ရှန်မော့အာက တိတ်ဆိတ်နေရန် အချက်ပြလိုက်သည်။ ဖုမင်ဇယ်သည် မျက်ခုံးပင့်လိုက်သော်လည်း တိတ်ဆိတ်စွာ နေလိုက်ပြီး ရှန်မော့အာကဲ့သို့ပင် ကျောက်တုံးနောက်သို့ ပိုမို တိုးဝင်ပုန်းကွယ်လိုက်လေသည်။
ရှန်မော့အာသည် သတိထားကာ ချောင်းကြည့်လိုက်ပြီး ထိုလူကို မှတ်မိသွားသဖြင့် အံ့သြသွားလေသည်။ အသံက ရင်းနှီးနေသည်မှာ အဆန်းမဟုတ်တော့ပေ။ ထိုသူမှာ ရောင်းဝယ်ရေး သမဝါယမဆိုင်တွင် သူမ တွေ့ခဲ့ဖူးသော လျိုယင်းရွှမ်း ဖြစ်နေသည်။ လျိုယင်းရွှမ်း၏ ကျေးဇူးကြောင့် သူမသည် ဖခင်အတွက် ရှပ်အင်္ကျီချုပ်ရန် အပြစ်အနာအဆာပါသော အထည် ၁၀ ပေကို ဝယ်ယူနိုင်ခဲ့သည်။
အမှန်ပင်... ထိုနေ့က လျိုယင်းရွှမ်း ပြောခဲ့သော "မသေသေးဘူး" နှင့် "ဘာသရဲလဲ" ဟူသော အဓိပ္ပာယ်မရှိသည့် စကားများကို ရှန်မော့အာ မှတ်မိနေသေးသော်လည်း ထိုစဉ်က လျစ်လျူရှုခဲ့မိသည်။ သို့သော် သူမကိုယ်တိုင် ဒီကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာသူ ဖြစ်သဖြင့် ရှန်မော့အာအနေဖြင့် သတိမထားမိဘဲ မနေနိုင်တော့ချေ။ သို့သော် လျိုယင်းရွှမ်းသည် ထိုစကားများ ပြောပြီးနောက် ထွက်ပြေးသွားခဲ့သည့်အပြင် သူမသည် စုန်းရှုတပ်ဖွဲ့မှ ဖြစ်သောကြောင့် ရှန်မော့အာနှင့် တွေ့ဆုံရခဲလှသည်။ မကြာသေးမီက အိမ်သစ်ဆောက်လုပ်ရေး ကိစ္စများနှင့် အလုပ်ရှုပ်နေသဖြင့် ရှန်မော့အာသည် သူမအကြောင်းကို မေ့လုနီးပါး ဖြစ်နေခဲ့ပြီ။
ယခုအခါ "ပြန်လည်မွေးဖွားခြင်း" နှင့် "ယခင်ဘဝ" အကြောင်း သူမ ရေရွတ်နေသည်ကို ကြားလိုက်ရသဖြင့် ဒီလူက သေရာမှ ပြန်ရှင်လာခြင်းလားဟု ရှန်မော့အာ တွေးတောမိလိုက်သည်။
လျိုယင်းရွှမ်း နောက်ထပ် ဘာများပြောဦးမလဲဟု မျှော်လင့်ရင်း ရှန်မော့အာသည် နားစွင့်ထားလိုက်သည်။
စုန်းရှုတပ်ဖွဲ့မှ လူများသည် ဒီနေရာသို့ အမှန်တကယ် လာကြပုံမရချေ။ လျိုယင်းရွှမ်းသည်လည်း သူတစ်ပါး ကြားသွားမည်ကို စိုးရိမ်ပုံမရချေ။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမသည် တစ်ဖန်ပြန်လည် ရေရွတ်လာပြန်သည်။
"ဒီတစ်ခေါက် အခြေအနေတွေ ပြောင်းလဲသွားတာများလား။ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ယန်လျိုတပ်ဖွဲ့က ရှန်မော့အာကိုပဲ ကြည့်ပါဦး။ သူ့ရဲ့ အရင်ဘဝတုန်းက ဒီအချိန်ဆို သူ သေပြီးနေလောက်ပြီ။ သူတို့ ပြောကြတာတော့ သူက အစာငတ်ပြီး အအေးမိသွားတယ်၊ ညဘက်ကျတော့ အဖျားကြီးပြီး သူ့အဖေ တွေ့တဲ့အချိန်မှာ သေလုမျောပါး ဖြစ်နေပြီတဲ့။ သူ့အဖေလည်း မကြာခင်မှာပဲ ဆုံးသွားခဲ့တာ။ ဒါပေမဲ့ ဒီတစ်ခေါက်ကျတော့ သူတို့နှစ်ယောက်စလုံး မသေကြဘူး။ ဒါတင်မကဘူး... သူတို့က အိမ်သစ်တောင် ဆောက်နေကြသေးတယ်..."
"အား... " လျိုယင်းရွှမ်းက ရုတ်တရက် အော်ဟစ်လိုက်ပြီး သူမ၏ ခေါင်းကို အကြိမ်အနည်းငယ် ထုရိုက်လိုက်လေသည်။ "ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဘာလို့ အရာအားလုံးက ပြောင်းလဲသွားရတာလဲ။ ဂျင်ဆင်းရိုင်းက ဘယ်ရောက်သွားတာလဲ"
သူမ၏ ရုတ်တရက် အော်ဟစ်သံသည် တောအုပ်တစ်ခုလုံး ဟိန်းထွက်သွားသည်။ အဝေးမှ ယန်လျိုတပ်ဖွဲ့မှ ကလေးများပင် လန့်သွားကြတော့သည်။ "ဟယ်... တောရိုင်းတိရစ္ဆာန်များလား"
အနည်းငယ် လှမ်းသော နေရာတွင် ရှိနေကြသည့် အမျိုးသမီးကြီးများသည်လည်း ဘာဖြစ်မှန်း မသိကြသော်လည်း စတင်ပြီး "တိမ်းရှောင်" ကြတော့သည်။
လူတိုင်း နေရာရွှေ့ပြောင်းရင်း ရှုပ်ထွေးနေကြသဖြင့် ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ ပျောက်ဆုံးနေသည်ကို မည်သူမျှ ချက်ချင်း သတိမထားမိလိုက်ကြချေ။
လျိုယင်းရွှမ်းလည်း ထိုဆူညံသံကို ကြားလိုက်သည်။ အနီးအနားရှိ တောအုပ်သည် ထူထပ်သော်လည်း တောရိုင်းတိရစ္ဆာန် မရှိသင့်ကြောင်း သူမ သိထားသည်။ သူမသည် ယခင်ဘဝက ဒီနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးပြီး ဒီဧရိယာ၌ အန္တရာယ်ရှိသော တိရစ္ဆာန်များအကြောင်း တစ်ခါမှ မကြားဖူးခဲ့ချေ။
လျိုယင်းရွှမ်း အကြောက်ဆုံးမှာ လူများပင် ဖြစ်သည်။
သူမသည် တစ်ယောက်တည်း စကားတွေ အများကြီး ပြောခဲ့မိရာ တစ်စုံတစ်ယောက်သာ ကြားသွားခဲ့ပါက သူမကို စုန်းမအဖြစ် မီးရှို့သတ်ကြလိမ့်မည်၊ သို့တည်းမဟုတ် အရူးတစ်ယောက်အဖြစ် သတ်မှတ်ကြပေလိမ့်မည်။
"ဘယ်သူလဲ" လျိုယင်းရွှမ်းက ရုတ်တရက် အော်ဟစ်လိုက်ပြီး သူမ၏ သစ်သားတုတ်ဖြင့် ချုံပုတ်များကို ရမ်းသန်း ရိုက်နှက်လိုက်၏။
သူမသည် ဟန်ပြခြိမ်းခြောက်ရန် ကြိုးစားနေခြင်းပင်။ အကယ်၍ တစ်စုံတစ်ယောက် ပုန်းနေပါက လန့်သွားပြီး ထွက်လာကောင်း ထွက်လာနိုင်သည်။ သို့သော် ပုန်းနေသူ နှစ်ဦးမှာ မအကြပေ။ သူတို့သည် သူမ၏ ရည်ရွယ်ချက်ကို ရိပ်မိပြီးသားဖြစ်ရာ အလိမ်ခံရမည် မဟုတ်ချေ။
သူတို့သည် တိတ်ဆိတ်စွာ နေလိုက်ပြီး ကျောက်တုံးနောက်သို့ အလိုအလျောက် ပိုမို တိုးဝင်ပုန်းလိုက်ကြသည်။ ထိုသို့ ပြုလုပ်လိုက်ရာတွင် သူတို့ မတော်တဆ ထိမိသွားကြ၏။
တစ်ဖက်လူ၏ ကိုယ်ငွေ့ကို ခံစားလိုက်ရသဖြင့် ရှန်မော့အာ လန့်သွားမိသည်။ ဖုမင်ဇယ်က သူမကို လှည့်ကြည့်လိုက်ချိန်တွင် သူမကလည်း အလိုအလျောက် မော့ကြည့်လိုက်မိသည်။ သူတို့၏ မျက်နှာများသည် ရုတ်တရက် လက်မအနည်းငယ်သာ ကွာခြားတော့ပြီး ရှန်မော့အာသည် သူ၏ ထူထဲရှည်လျားသော မျက်တောင်များကိုပင် မြင်နေရကာ ကြည်လင်ပြီး အနည်းငယ် နွေးထွေးသော အသက်ရှူငွေ့ကို ခံစားလိုက်ရသည်... ပုံမှန်အားဖြင့် ရဲရင့်သော ရှန်မော့အာပင်လျှင် သူမ၏ ရင်ခုန်သံ မြန်လာသည်ကို မခံစားဘဲ မနေနိုင်တော့ချေ။
ဖုမင်ဇယ်သည် စက္ကန့်အနည်းငယ်မျှ ကြောင်အသွားပြီးနောက် သတိဝင်လာပုံရကာ အကွာအဝေးတစ်ခု ရရှိစေရန် ခေါင်းကို လျင်မြန်စွာ လွှဲလိုက်သည်။
ရှန်မော့အာသည် အထူးသဖြင့် သူမ၏ ရင်ခုန်သံ ကျယ်လောင်နေသဖြင့် ဖုမင်ဇယ် ကြားသွားမည်ကို စိုးရိမ်ကာ အနည်းငယ် နေရခက်နေမိသည်။
သို့သော် ဖုမင်ဇယ်၏ နားရွက်များ နီရဲလာသည်ကို မြင်လိုက်ရသောအခါ ရှန်မော့အာ၏ နေရခက်မှုများ ပျောက်ကွယ်သွားပြီး မပြုံးဘဲ မနေနိုင်တော့ချေ။
'ပညာတတ်ဖုက ပုံမှန်ဆိုရင် မတုန်လှုပ်တတ်တဲ့ပုံ ပေါက်ပေမဲ့ တကယ်တမ်းကျတော့ ရှက်တတ်သားပဲ။ အမျိုးသမီးကြီးတွေ ဝိုင်းချီးကျူးတုန်းကလည်း သူ မျက်နှာနီခဲ့တာပဲ။ အခုလည်း... ချစ်စရာ ကောင်းသား'
ချုံပုတ်များကို ရမ်းသန်းရိုက်နှက်ပြီးနောက် မည်သူ့ကိုမျှ မတွေ့ရသောအခါ လျိုယင်းရွှမ်းသည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ပြန်လည် ရေရွတ်လိုက်ပြန်သည်။ "ငါ ဒီတစ်ခေါက်တော့ အောင်မြင်အောင် လုပ်မှဖြစ်မယ်။ ငါ့မှာ ပိုက်ဆံရှိလာတဲ့အခါ ပဲနို့ နှစ်ပန်းကန် ဝယ်မယ်။ တစ်ပန်းကန်ကို သောက်ပြီး နောက်တစ်ပန်းကန်ကို သွန်ပစ်မယ်။ ပေါက်စီ တစ်တောင်း ဝယ်မယ်။ မကုန်ရင် ခွေးကျွေးပစ်မယ်။ အစားအသောက်တွေ ပုပ်သိုးသွားရင်တောင် အဲဒီ မိန်းမမုန်းတီးရေးသမား ကောင်စုတ်တွေကိုတော့ မကျွေးဘူး"
"ဟုတ်သားပဲ... ငါ အထက်တန်း ကျောင်းသုံးစာအုပ်တွေ လေ့လာဖို့ လိုတယ်။ နောက်နှစ်အနည်းငယ်ကြာရင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေ ပြန်စတော့မှာ။ ငါ တက္ကသိုလ် တက်ရမယ်။ ဟုတ်တယ်... ငါ တက္ကသိုလ် တက်ရမယ်။ မြို့တော်မှာဖြစ်ဖြစ် ရှန်ဟိုင်းမှာဖြစ်ဖြစ်ပေါ့။ ပြီးရင် ပိုက်ဆံစုပြီး အိမ်တွေ အများကြီး ဝယ်မယ်။ ပြီးရင် အိမ်ရှင်ကြီးမ လုပ်မယ်။ ဟားဟားဟား..."
လျိုယင်းရွှမ်း ပြောလေလေ ပျော်ရွှင်လေလေ ဖြစ်လာပြီး ခါးထောက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
နက်ရှိုင်းသော တောအုပ်ထဲတွင် ရူးသွပ်စွာ ပြုမူပြီး ကျယ်လောင်စွာ ရယ်မောနေသည့် အမျိုးသမီးတစ်ဦး၊ ပြီးတော့ အတိတ်ဘဝအကြောင်း အဓိပ္ပာယ်မရှိ ပြောဆိုနေမှုများနှင့် ပေါင်းစပ်လိုက်သောအခါ...
အမှန်အတိုင်း ပြောရလျှင် ဖုမင်ဇယ်သာ ဘေးတွင် မရှိပါက ရှန်မော့အာသည် ဒီအခြေအနေကို တော်တော်လေး ကြောက်စရာကောင်းပြီး စိတ်မသက်မသာ ဖြစ်စရာအဖြစ် ယူဆမိပေလိမ့်မည်။
သူမကိုယ်တိုင်ကလည်း မူလက ဒီကမ္ဘာမှ မဟုတ်သည်တိုင်အောင်ပင်။
လျိုယင်းရွှမ်းက မူလခန္ဓာကိုယ်ပိုင်ရှင်သည် ငတ်မွတ်မှုနှင့် အအေးမိမှုကြောင့် သေဆုံးခဲ့ကြောင်း ပြောခဲ့သည်။ ထိုအချက်မှာ အမှန်တရားနှင့် အတော်လေး နီးစပ်သဖြင့် ရှန်မော့အာသည် သူမပြောသမျှ၏ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းခန့်ကို ယုံကြည်လိုက်သည်။ ထို့ကြောင့် လျိုယင်းရွှမ်းက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ ပြန်လည်စတင်မည့်အကြောင်းနှင့် အိမ်ဝယ်ရန် ပိုက်ဆံစုမည့်အကြောင်း ပြောသောအခါ ရှန်မော့အာသည် အထူးအာရုံစိုက် မှတ်သားထားလိုက်သည်။
လျိုယင်းရွှမ်းသည် တစ်ယောက်တည်း ရေရွတ်ရင်း တောအုပ်ထဲတွင် ခေတ္တမျှ ထပ်မံ ရှာဖွေလိုက်သည်။ သူမ ရှာဖွေနေသော ဂျင်ဆင်းရိုင်းကို မတွေ့သော်လည်း သူမ မှတ်မိသော စန်းချီဂျင်ဆင်းနှင့် ဟွမ်ချီဆေးမြစ်တချို့ကို တွေ့ရှိပြီး ချက်ချင်း တူးယူလိုက်သည်။
ဂျင်ဆင်းရိုင်းကို မတွေ့သော်ငြားလည်း ဒီဆေးဖက်ဝင် အပင်များသည် ပိုက်ဆံရနိုင်သေးသည်။ ဝယ်ယူရေးစခန်းတွင် အနည်းဆုံး ယွမ် ၁၀၊ ၂၀ ခန့် ရောင်းရနိုင်သဖြင့် မဆိုးလှသော ပမာဏပင်။
မကျေနပ်နိုင်သေးသော်လည်း လျိုယင်းရွှမ်းသည် ဆက်လက် ရှာဖွေခြင်း မပြုတော့ပေ။ ထို့အစား သူမသည် တောင်းကို သယ်လျက် ကျိန်ဆဲရင်း ထွက်ခွာသွားတော့သည်။
သူမ၏ အသံ ပျောက်ကွယ်သွားမှသာ ရှန်မော့အာသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ထုံကျင်နေသော ခြေသလုံးများကို ပွတ်သပ်လိုက်သည်။ မလှုပ်မယှက် ပုန်းနေရသည်မှာ တကယ်တမ်းတွင် အတော်လေး ပင်ပန်းလှသည်။
ဖုမင်ဇယ်က သူမကို လှမ်းကြည့်လိုက်ပြီး အခြေအနေတစ်ခုလုံးကို ရယ်စရာကောင်းသည်ဟု ယူဆလိုက်သည်။ ရူးကြောင်ကြောင် ကောင်မလေးတစ်ယောက်၏ ယောင်ယမ်းစကားများကို နားထောင်ရင်း သူတို့ ဘာကိစ္စ ဒီလောက်ကြာအောင် ပုန်းနေခဲ့ကြသလဲဟု တွေးမိလိုက်သည်။
ဖုမင်ဇယ်က အညောင်းဆန့်လိုက်ပြီး မေးလိုက်သည်။ "မင်း အဲဒီအမျိုးသမီးကို သိလား"
အကယ်၍ သူမသည် သူစိမ်းတစ်ယောက်သာ ဖြစ်ပါက သူတို့အနေဖြင့် ပုန်းနေစရာ မလိုပေ။ ထိုအမျိုးသမီးက ရှန်မော့အာအကြောင်း ထည့်ပြောခဲ့သဖြင့် သူတို့ အချင်းချင်း သိကျွမ်းကြပြီး ရှန်မော့အာက ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားလိုခြင်းဖြစ်မည်ဟု ဖုမင်ဇယ် ယူဆလိုက်သည်။
"သူက စုန်းရှုတပ်ဖွဲ့က လျိုယင်းရွှမ်းပါ"
လျိုယင်းရွှမ်း၏ လုပ်ရပ်များသည် လူသိများပြီး အနီးအနားရှိ တပ်ဖွဲ့ဝင်များကြားတွင် ရေပန်းစားသော စကားဝိုင်းခေါင်းစဉ်တစ်ခု ဖြစ်သည်။ သူမသည် ရံဖန်ရံခါတွင် ထိတ်လန့်ဖွယ်ရာ တစ်ခုခုကို လုပ်တတ်သည်၊ သို့မဟုတ် အံ့အားသင့်ဖွယ်ရာ စကားများကို ပြောတတ်သည်ဟု ဆိုကြပြီး မကြာသေးမီက ရေပန်းစားနေသူ ဖြစ်သည်။
ရှန်မော့အာက ဖုမင်ဇယ်အနေဖြင့် အနည်းဆုံးတော့ သူမအကြောင်း ကြားဖူးလိမ့်မည်ဟု ထင်ထားခဲ့သည်။
တကယ်တမ်းတွင် ဖုမင်ဇယ်၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသော ပုံစံ ပေါ်လာသည်။ "သြော်... သူကိုး"
"ကျွန်မ သူ့ကို သိပေမဲ့ သိပ်မရင်းနှီးပါဘူး။ ကျွန်မတို့က ကျောင်းအတူတူ တက်ခဲ့တာလေ။ တစ်နှစ်ပဲ ကွာတယ်။ ပြီးတော့ ကျွန်မတို့ ရွာတွေက တစ်လမ်းတည်းဆိုတော့ ကျောင်းသွားကျောင်းပြန် ရံဖန်ရံခါ ဆုံတတ်ကြတယ်"
ရှန်မော့အာက ရှင်းပြလိုက်၏။ "ဟိုတစ်ခေါက် ရောင်းဝယ်ရေး သမဝါယမဆိုင်မှာ သူ့ကို တွေ့တုန်းက ကျွန်မ သေပြီဆိုပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောခဲ့သေးတယ်။ အဲဒီတုန်းက ကျွန်မ ဇဝေဇဝါ ဖြစ်သွားပေမဲ့ အခုတော့ နားလည်သွားပြီ။ သူက အတိတ်ဘဝတွေ၊ အနာဂတ်တွေနဲ့ ပတ်သက်ပြီး ထင်ယောင်ထင်မှား ဖြစ်နေတာကိုး..."
သူမက စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။ "ရဲဘော်ဖု... ရှင် သူပြောတာတွေကို ယုံလား"
ဖုမင်ဇယ်က သေချာပေါက် မယုံကြည်ပေ။ ခိုင်မာသော ရုပ်ဝါဒီတစ်ဦးအနေဖြင့် သဘာဝလွန် စွမ်းအားများနှင့် ပတ်သက်သော ထိုကဲ့သို့ အဓိပ္ပာယ်မရှိသည့် အရာများကို သူ ဘယ်လိုလုပ် ယုံကြည်နိုင်ပါမည်နည်း။ သူက ခေါင်းခါလိုက်သည်။ "သူ ပြောတာတွေကို ဂရုမစိုက်ပါနဲ့။ ကျွန်တော် ထင်တာတော့ သူ့စိတ်အခြေအနေ နည်းနည်း လွဲနေပုံရတယ်။ တကယ်လို့ အခြေအနေ ပေးမယ်ဆိုရင် ဆေးရုံသွားပြီး သေချာ စစ်ဆေးကုသမှု ခံယူသင့်တယ်"
ထို့နောက် သူက တိုးတိုးလေး ထပ်မံ သက်ပြင်းချလိုက်သည်။ "နောက်နှစ်အနည်းငယ်ကြာရင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေ ပြန်စမယ်ဆိုတဲ့ သူ့စကားက တကယ်မှန်ရင် ကောင်းမှာပဲ"
ဒီခေါင်းစဉ်က အနည်းငယ် ထိလွယ်ရှလွယ် ဖြစ်သဖြင့် ဖုမင်ဇယ်က အကျယ်တဝင့် မပြောတော့ပေ။
ဖုမင်ဇယ်က လျိုယင်းရွှမ်း၏ စကားများကို အလေးအနက် မထားသည်ကို မြင်လိုက်ရသဖြင့် ရှန်မော့အာသည် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် လျိုယင်းရွှမ်းက သူမအကြောင်း ထည့်ပြောခဲ့ပြီး သူမ ပြောသည်မှာ အတိုင်းအတာတစ်ခုအထိ အမှန်တရား ဖြစ်နေသည် မဟုတ်ပါလား။ မူလပိုင်ရှင်နှင့် သူမ၏ဖခင်တို့သည် အမှန်တကယ်ပင် ဒီကမ္ဘာမှ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။
လျိုယင်းရွှမ်း ပြောခဲ့သော အနာဂတ်အကြောင်းများသည် တကယ် ဖြစ်လာမလားဟု ရှန်မော့အာ တွေးတောမိလိုက်သည်။ ဖုမင်ဇယ်၏ လေသံအရဆိုလျှင် သူသည် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အမှန်တကယ် ဂရုစိုက်ပုံရသည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအကြောင်း တွေးတောရင်း ဖုမင်ဇယ်သည် အတွေးလွန်နေခဲ့ရာ အဝေးမှ တစ်စုံတစ်ယောက် လှမ်းခေါ်သံ သဲ့သဲ့ကို ကြားလိုက်ရမှ သတိဝင်လာတော့သည်။ "အဒေါ်ချန်နဲ့ တခြားသူတွေ ခေါ်နေတာလား"
ရှန်မော့အာလည်း ကြားလိုက်သည်။ "ကျွန်မတို့ မြန်မြန်သွားပြီး သူတို့ကို ရှာမှ ဖြစ်မယ်"
နက်ရှိုင်းသော တောအုပ်ထဲတွင် လူငယ်အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်တည်း ရှိနေခြင်းက ကြည့်မကောင်းလှပေ။ သူတို့ အမှတ်တမဲ့ ဆုံတွေ့ခြင်း ဖြစ်ကြောင်း မသိကြလျှင် အခြားသူများက အတင်းအဖျင်း ပြောဆိုကြပေလိမ့်မည်။
ဖုမင်ဇယ်က ခေါင်းငြိမ့်လိုက်သည်။
သို့သော် သူတို့ ပစ္စည်းသိမ်းပြီး ပြန်ရန် ပြင်ဆင်လိုက်စဉ်မှာပင် အနီးနားရှိ ချုံပုတ်များထဲမှ မီးခိုးရောင် အရိပ်အချို့ ရုတ်တရက် ပြေးထွက်လာပြီး သူတို့ရှေ့မှ လျင်မြန်စွာ ဖြတ်သန်းကာ တစ်ဖက်သို့ ဝင်ရောက် ပျောက်ကွယ်သွားကြသည်။
ဖုမင်ဇယ် မတုံ့ပြန်နိုင်မီမှာပင် ရှန်မော့အာသည် တောဟင်းရွက်တူးရာတွင် သုံးသော ပေါက်တူးတိုလေးကို ပစ်ပေါက်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖုမင်ဇယ် လက်ထဲမှ တံစဉ်ကိုပါ လှမ်းဆွဲယူကာ ပစ်ပေါက်လိုက်ပြန်သည်။
ဒုတ်...
နောက်ထပ် လျင်မြန်သော အသံတစ်သံ ထပ်ထွက်လာသည်။ ဒုတ်...
မီးခိုးရောင် အရိပ်များသည် ထိမှန်သွားကြပြီး ဖုမင်ဇယ် အပြေးသွားကြည့်လိုက်ရာ ယုန်အများအပြား မြေကြီးပေါ်တွင် လဲကျနေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း မှင်သက်သွားတော့သည်။
ဟုတ်ပါသည်... အတော်များများပင်။
တချို့က ပေါက်တူးထိပြီး ခေါင်းကွဲသွားကာ တချို့က ပေါက်ပြားရိုးဖြင့် ရိုက်မိပြီး ကိုယ်လုံးကို ထိမှန်ထားသည်။ တစ်ကောင်မှာမူ တံစဉ်ဖြင့် ဖိမိလျက်သား ဖြစ်နေသည်။ သွေးချောင်းစီးသော မြင်ကွင်းမျိုး မဟုတ်သော်လည်း ယုန်လေးကောင်... တစ်၊ နှစ်၊ သုံး၊ လေး... အားလုံး ထွက်မပြေးနိုင်ဘဲ လဲကျနေကြသည်။
ယုန်များသည် လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်နေကြသော်လည်း မလွတ်မြောက်နိုင်ကြတော့ချေ။
"မင်း..." ဖုမင်ဇယ်သည် ရှန်မော့အာဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြောရန် တွန့်ဆုတ်နေလေသည်။ "မင်း တော်တော် စွမ်းတာပဲ"
ယုန်တစ်ကောင်ဆိုလျှင် တိုက်ဆိုင်မှုဟု ပြောနိုင်သော်လည်း လေးကောင်ကို တစ်ပြိုင်နက်တည်း ဖမ်းမိခြင်းကတော့ တကယ့် အရည်အချင်းပင်။
ရှန်မော့အာလည်း အနည်းငယ် နေရခက်သွားတော့သည်။ သူမ၏ လုပ်ရပ်များက အလိုအလျောက် တုံ့ပြန်လိုက်ခြင်းသာ။ ဘာပဲဖြစ်ဖြစ် သူမသည် အသက် ၈ နှစ် အရွယ်ကတည်းက သာ့လျန်မင်းဆက်၏ နှစ်စဉ် ဆောင်းဦးရာသီ အမဲလိုက်ပွဲတွင် မြင်းစီးပြီး ပါဝင်ခဲ့သူ ဖြစ်သည်။ ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ရာ တောတောင်များထဲတွင် သားကောင်တွေ့လျှင် ဖမ်းယူတတ်သော အလေ့အကျင့်သည် အရိုးစွဲနေလေပြီ။ ယုန်များကို မြင်လိုက်ရသောအခါ သူမ၏ လက်များက ဦးနှောက်ထက် ပိုမြန်နေခဲ့သည်။
အထူးသဖြင့် အသားရှားပါးသော ဒီကမ္ဘာတွင် ယုန်များကို မြင်လိုက်ရသည်နှင့် သူမ၏ ဗိုက်ထဲမှ အစာအိမ်က ဆာလောင်စွာ အော်ဟစ်လာသည်။ သူမ၏ လက်များက ဦးနှောက်ထက် ပိုမြန်နေသည်မှာ သဘာဝကျသည် မဟုတ်ပါလား။
အကယ်၍ သူမတွင် လေးနှင့်မြှားသာ ရှိပါက ယုန်လေးကောင်မကဘဲ တစ်အသိုက်လုံး ရရှိပေလိမ့်မည်။
ထိုကိစ္စ ပြီးသည်နှင့် ရှန်မော့အာသည် မြက်ပင်တချို့ကို အမြန်ဆွဲယူလိုက်ပြီး ယုန်များကို ကျွမ်းကျင်စွာ ချည်နှောင်လိုက်သည်။ သူမသည် ယုန်သုံးကောင်ကို ဖုမင်ဇယ်၏ တောင်းထဲသို့ ပစ်ထည့်လိုက်ပြီး တစ်ကောင်ကို နားရွက်မှ ကိုင်ကာ ရှင်းပြလိုက်သည်။
"တကယ်တော့ ကျွန်မက မွေးရာပါ ခွန်အားကြီးပြီး ပစ်မှတ် တိကျတယ်လေ"
ဖုမင်ဇယ် ထိုအချက်ကို မငြင်းနိုင်ပေ။ အကယ်၍ သူမက ပစ်မှတ် မတိကျပါက အရှိန်ပြင်းပြင်း ပြေးနေသော တောယုန်များကို ပေါ့ပေါ့ပါးပါး ပစ်ပေါက်လိုက်ရုံဖြင့် ဘယ်လိုလုပ် ထိမှန်နိုင်ပါမည်နည်း။ အကယ်၍ သူမ ခွန်အားမကြီးပါက ပေါက်တူးဖြင့် ယုန်သုံးကောင်ကို ဘယ်လိုလုပ် မေ့လဲသွားအောင် လုပ်နိုင်ပါမည်နည်း။
သူမ၏ ယုန်ချည်နှောင်သော နည်းလမ်းသည်လည်း အလွန် ကျွမ်းကျင်လှသည်။
သူ့မျက်စိဖြင့် ကိုယ်တိုင် မမြင်ခဲ့ပါက တောယုန်များကို ဤမျှလွယ်ကူစွာ ဖမ်းနိုင်သူ ရှိသည်ဟု ဖုမင်ဇယ် ယုံကြည်ခဲ့မည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် ဖုမင်ဇယ်၏ စိတ်ထဲတွင် သံသယ အရိပ်အယောင်တစ်ခု ပေါ်လာ၏။ ဒီလောက် စွမ်းရည်ရှိသူတစ်ယောက်က ဘယ်လိုလုပ်ပြီး အရင်တုန်းက ငတ်သေလုနီးပါး ဖြစ်ခဲ့ရတာလဲ။ သို့သော် သူတို့၏ ဆက်ဆံရေးမှာ သိပ်မရင်းနှီးလှသဖြင့် သူ့သံသယကို ထုတ်မပြောခဲ့ပေ။
"ဟယ်... ဒါက... ဂျင်ဆင်းရိုင်းလား"
တောယုန်များကို ဖြေရှင်းပြီးနောက် ရှန်မော့အာ၏ ဘေးဘက်အမြင်အာရုံသည် ယုန်များ ထိမှန်လဲကျသွားသော နေရာအနီးရှိ အပင်အချို့ကို သတိထားမိလိုက်သည်။ ၎င်းတို့သည် ရိုက်ချက်ကြောင့် လဲကျနေပြီး တစ်ပင်မှာ သိသိသာသာပင် ဂျင်ဆင်းရိုင်း ဖြစ်နေသည်။
အရွက်အနေအထားအရ သိပ်ပြီး သက်တမ်းရင့်ပုံ မရသော်လည်း သူတို့သည် တောင်ဘက်ပိုင်းသို့ အတော်ရောက်နေပြီဖြစ်ရာ ဒီဧရိယာတွင် ဂျင်ဆင်းရိုင်းသည် အလွန် ရှားပါးလှသည်။ သက်တမ်းရင့်သော ဂျင်ဆင်းပင်ဆိုလျှင် ပို၍ပင် ရှားပါးပေလိမ့်မည်။
ဒါက လျိုယင်းရွှမ်း စောစောက ရှာဖွေနေသော ဂျင်ဆင်းရိုင်း ဖြစ်နေမလား။
ထိုအတွေးကြောင့် ရှန်မော့အာ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။ လျိုယင်းရွှမ်း ပြောသည်ကို တစ်ဝက်တစ်ပျက် ယုံကြည်ထားသော်လည်း ယခုအခါ သူမပြောခဲ့သော အရာတစ်ခု တကယ် ဖြစ်လာသည်ကို တွေ့လိုက်ရသဖြင့် သေရာမှ ပြန်ရှင်ခြင်းဆိုသည့် အကြံအစည်မှာ ပိုမို သေချာလာပုံရပြီး သူမ၏ ရင်ထဲတွင် အကြောက်တရား တစ်စုံတစ်ရာ ဝင်ရောက်လာသည်။
သူမကိုယ်တိုင်လည်း ဆန်းကြယ်သော ဖြစ်ရပ်တချို့ ကြုံတွေ့ခဲ့ရသော်လည်း သေခြင်းတရားကို တိုက်ရိုက် မရင်ဆိုင်ခဲ့ရပေ။ သဘာဝလွန် အရာများကို လေးစားမှု ရှိသည်မှလွဲ၍ သူမ အနည်းငယ် ကြောက်ရွံ့နေမိသည်။
ဖုမင်ဇယ်လည်း အလားတူ ဖြစ်နိုင်ခြေကို တွေးမိသည်မှာ သိသာသော်လည်း ခိုင်မာသော ရုပ်ဝါဒီတစ်ဦးအနေဖြင့် သူ၏ ယုံကြည်ချက်မှာ မယိမ်းယိုင်ခဲ့ပေ။ သူ၏ အသံမှာ တည်ငြိမ်နေဆဲပင်။ "တိုက်ဆိုင်မှုတစ်ခု ဖြစ်လောက်ပါတယ်"
ဂျင်ဆင်းရိုင်းကို တွေ့ရှိခဲ့လျှင်တောင် ဖုမင်ဇယ်သည် လျိုယင်းရွှမ်း၏ စကားများကို မယုံကြည်သေးပေ။ ရှန်မော့အာက သူ့ကို ကြည့်လိုက်ချိန်တွင် ချောမောသော မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာကို တွေ့လိုက်ရပြီး သူ တကယ်ပင် ထိုသို့ တွေးကြောင်း သိလိုက်ရ၏။ သူမသည် ရယ်ချင်စိတ်နှင့်အတူ လေးစားစိတ်ပါ ဖြစ်ပေါ်လာရသည်။
ရဲဘော်ဖုသည် တကယ်ပင် စိတ်ဓာတ်ခိုင်မာသူ တစ်ယောက်ပါပေ။
ဖုမင်ဇယ်၏ တည်ငြိမ်သော သဘောထားကြောင့် ဖြစ်မည်။ ရှန်မော့အာ သိပ်မကြောက်တော့ဘဲ လျင်မြန်စွာ စိတ်တည်ငြိမ်မှု ပြန်ရလာသည်။ သူမသည် လက်များကို ပင့်တင်လိုက်ပြီး ဂျင်ဆင်းရိုင်းကို လျင်မြန်စွာ တူးယူလိုက်သည်။
တွေ့ရှိပြီးမှတော့ ဒီအတိုင်း ထားခဲ့၍ မဖြစ်ပေ။
တကယ်တမ်းတွင် သူမမိသားစု၏ ရတနာတိုက်ခန်းထဲ၌ ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်များစွာ သက်တမ်းရှိသော ဂျင်ဆင်းရိုင်းများ ရှိနေသည်။ သို့သော် ထိုအရာများသည် ထုတ်ယူရန် အလွန် သိသာလွန်းသည်။ တစ်ဖက်တွင်မူ တောထဲ၌ မတော်တဆ တွေ့ရှိရပြီး သိပ်မရင့်သေးသော ဤကဲ့သို့ ဂျင်ဆင်းရိုင်းမျိုးသည် လူအာရုံစိုက်မှု သိပ်မရနိုင်ဘဲ ဝယ်ယူရေးစခန်းတွင် ငွေဖြင့် တိုက်ရိုက် လဲလှယ်နိုင်လေသည်။
ရှန်မော့အာသည် တူးဖော်ရရှိသော ဂျင်ဆင်းရိုင်းကို ဖုမင်ဇယ်၏ တောင်းထဲသို့ ပစ်ထည့်လိုက်ပြီး အပေါ်မှ ဖုံးအုပ်ရန် တောဟင်းရွက် လက်တစ်ဆုပ်စာခန့် ဖြတ်ကာ အုပ်လိုက်သည်။
ယုန်ကို လက်မှကိုင်လျက် သူမက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ "သွားကြစို့"
သူမသည် လှုပ်ရှားမှု တစ်ခုလုံးကို သွက်လက် ညက်ညောစွာ လုပ်ဆောင်လိုက်သည်။ ဖုမင်ဇယ်သည် ဘေးမှ ကြည့်နေရင်း မျက်ခုံးမပင့်ဘဲ မနေနိုင်တော့ချေ။ တစ်ပါးသူ ပြောစကားများအပေါ် အခြေခံထားသော ရှန်မော့အာနှင့် ပတ်သက်သည့် သူ၏ ယခင်အမြင်သည် လူကိုယ်တိုင်နှင့် အတော်လေး ကွဲပြားခြားနားနေကြောင်း သဘောပေါက်လိုက်တော့သည်။
သူတို့ ထွက်ခွာပြီး မကြာမီမှာပင် သူတို့ကို လိုက်ရှာနေသော အဒေါ်ချန်နှင့် အခြားသူများနှင့် ဆုံတွေ့ကြသည်။ အဒေါ်ချန်သည် အလွန် စိုးရိမ်ပူပန်နေပြီး ပြောလိုက်သည်။ "ဟယ်... ဘယ်တွေ သွားနေကြတာလဲ။ အဒေါ်တို့မှာဖြင့် စိတ်ပူလိုက်ရတာ"
အဒေါ်ချိုင်၏ မြေးဖြစ်သူ တာ့ကျွမ်းသည် မျက်စိလျင်ပြီး ရှန်မော့အာ၏ လက်ထဲမှ ယုန်ကို ချက်ချင်း တွေ့သွားကာ အော်ပြောလေသည်။ "ဟာ... ယုန်... ယုန်ဟ"
သူ ပြောလိုက်သည်နှင့် အခြားကလေးများလည်း သတိထားမိသွားကြသည်။
"ဝါး... တကယ့် ယုန်ကြီးပဲ"
"အစ်မမော့အာ... ဒီယုန်ကို အစ်မ ဖမ်းမိတာလား။ အစ်မက တော်လိုက်တာ"
"ဒီယုန်ကြီးက စားလို့ ကောင်းမယ့်ပုံပဲ... ရှလွတ်"
ရှန်မော့အာသည် ယုန်ကို မမြှောက်ပြလိုက်ပြီး စစ်ဆေးကြည့်ကာ ယုံကြည်မှုရှိရှိ ကြေညာလိုက်သည်။ "ကျွန်မ ဖမ်းတာ မဟုတ်ဘူး။ ပညာတတ်ဖု ဖမ်းတာ"
ကလေးများ၏ အားကျသော အကြည့်များသည် ဖုမင်ဇယ်ထံသို့ ချက်ချင်း ရောက်ရှိသွားပြီး သူတို့၏ ဖြူစင်သော မျက်လုံးများသည် ယုန်သားစားချင်စိတ်ဖြင့် ပြည့်နှက်နေကြသည်။
ဖုမင်ဇယ်: "..."
ဒီအချိန်မှာ တကယ်တမ်း ယုန်ဖမ်းတာက ရှန်မော့အာပါလို့ သူ ပြောရင်တောင် ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူးလေ။
စကားမပြောနိုင် ဖြစ်သွားသော ဖုမင်ဇယ်သည် ရှန်မော့အာကို ကြည့်လိုက်ရာ သူမက ညစ်ကျယ်ကျယ်လေး ပြုံးပြလိုက်ပြီးနောက် ယုန်ကို မည်သို့ စီမံရမည်ကို အဒေါ်ချန်နှင့် တည်ငြိမ်စွာ ဆွေးနွေးလေတော့သည်။
စည်းမျဉ်းအရဆိုလျှင် တောတောင်များသည် စုပေါင်းပိုင်ဖြစ်သဖြင့် တောထဲ၌ ဖမ်းမိသော မည်သည့် သားကောင်ကိုမဆို တပ်ဖွဲ့ထံ အပ်နှံရမည်။ သစ်တောထဲရှိ မြက်ပင်တစ်ပင်၊ သစ်ပင်တစ်ပင်နှင့် တိရစ္ဆာန်များသည် စုပေါင်းပိုင်ဆိုင်မှုများ ဖြစ်ကြသည်။
သို့သော် လက်တွေ့တွင်မူ သက်ဆိုင်ရာ တပ်ဖွဲ့များသည် ထိုစည်းမျဉ်းကို တင်းတင်းကျပ်ကျပ် မလုပ်ဆောင်ကြပေ။ သို့မဟုတ်ပါက ခူးဆွတ်သမျှ တောဟင်းရွက်နှင့် မှိုတိုင်းကို အပ်နှံရမည်ဆိုလျှင် ရှုပ်ထွေးကုန်ပေလိမ့်မည်။
သူတို့ ဒေသတွင် တောင်ပေါ်၌ အန္တရာယ်ရှိသော သားရဲတိရစ္ဆာန်များ မရှိပေ။ တောဝက်များ ရှိသော်လည်း ပုံမှန်အားဖြင့် တောနက်ထဲတွင်သာ နေကြပြီး မည်သူမျှ မြင်ဖူးလေ့ မရှိကြချေ။ ရစ်များနှင့် တောယုန်များ ရှိသော်လည်း အနီးအနားရှိ တပ်ဖွဲ့များတွင် မုဆိုးမရှိသဖြင့် ဖမ်းမိရန် ရှားပါးလှသည်။
ရံဖန်ရံခါတွင် တစ်စုံတစ်ယောက်က ကံကောင်းထောက်မစွာဖြင့် ယုန် သို့မဟုတ် ရစ် ဖမ်းမိခဲ့လျှင် ကြီးကြီးကျယ်ကျယ် မလုပ်သရွေ့ မှောင်ခိုဈေးတွင် ရောင်းချနိုင်သည်။ သို့မဟုတ် တိတ်တဆိတ် ချက်ပြုတ် စားသောက်နိုင်ပြီး မည်သူကမျှ ဘာမှပြောမည် မဟုတ်ပေ။
ဆိုလိုသည်မှာ သူတို့အနေဖြင့် ယုန်ကို ကိုယ်ပိုင် သိမ်းဆည်းထားနိုင်သည်။
အဒေါ်ချန်နှင့် ဆွေးနွေးပြီးနောက် ယုန်ကို ချက်ပြုတ်ရန် အဒေါ်ချန်က အိမ်သို့ ယူသွားမည်ဖြစ်ပြီး ရှိနေသူ အားလုံးကို ဖိတ်ခေါ်ကျွေးမွေးရန် ဆုံးဖြတ်လိုက်ကြသည်။
ယုန်တစ်ကောင်တွင် အသားများလှသည် မဟုတ်သဖြင့် လူတိုင်း ဝေမျှစားရန် မလောက်ငလောက် ဖြစ်သော်လည်း တစ်နှစ်ပတ်လုံး အသားစားရခဲသော ကျေးလက်ဒေသ လူထုအတွက်မူ ဒါသည် ကြီးမားသော အံ့အားသင့်စရာပင်။
ကလေးများက စိတ်လှုပ်ရှားစွာ ချက်ချင်း အော်ဟစ်ကြရုံသာမက သက်ကြီးပိုင်း အမျိုးသမီးကြီးများသည်လည်း ပြုံးပျော်နေကြသည်။
အသားစားရမည့် အတွေးဖြင့် လူအုပ်ကြီးသည် ရှန်မော့အာ၏ တောင်းထဲ၌ မှိုအနည်းငယ်သာ ရှိသည်ကို သတိထားမိလိုက်ကြသည်။ သူမသည် ယုန်လိုက်ဖမ်းနေသဖြင့် မှိုခူးရန် မအားလပ်ခဲ့ဟု ယူဆကာ ရှန်မော့အာ၏ တောင်းပြည့်အောင် အလျင်အမြန် ဝိုင်းကူညီပေးကြသည်။
သူတို့သည် မျှစ်တူးရန် မူလအစီအစဉ်ကိုပင် ဖျက်သိမ်းလိုက်ပြီး ရွာသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့ကြလေသည်။
ရွာသို့ ရောက်ရှိပြီး ကိုယ်စီ အိမ်ပြန်ရန် လူစုခွဲလိုက်ကြကာ အိမ်တွင် ထမင်းအရင်ချက်ပြီးမှ ယုန်သားဟင်း စားရန် အဒေါ်ချန်၏ အိမ်သို့ ပြန်လည် စုဝေးကြမည်ဟု သဘောတူလိုက်ကြသည်။ ဟင်းချက်ပြုတ်ရာတွင် ထင်း၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် ယုန်သားနှင့်ရောချက်ရန် ဟင်းသီးဟင်းရွက်များ ကဲ့သို့သော ကုန်ကျစရိတ်များ ရှိနေပြီဖြစ်ငဖြင့် အိမ်ရှင်အနေဖြင့် ထမင်းပါ ချက်ကျွေးရန် မည်သူမျှ မမျှော်လင့်ကြချေ။ အဒေါ်ချန်သည်လည်း ဝမ်းသာအားရဖြင့် ကန်စွန်းရွက် ခူးရန် သူမ၏ စိုက်ခင်းသို့ သွားလိုက်သည်။ သူမသည် ယုန်သားကို မှိုနှင့် ရောချက်မည်၊ ကန်စွန်းရွက်ကြော်မည်၊ တောဟင်းရွက် သုပ်မည်ဟု စိတ်ကူးထားသည်။ ကျေးလက်ဒေသတွင် ဤဟင်းပွဲများသည် ဧည့်သည်များအတွက် အလွန် ဂုဏ်ရှိသော ညစာစားပွဲ ဖြစ်လေသည်။
လမ်းမခွဲမီ အဒေါ်ချန်က ဖုမင်ဇယ်ကို ဆွဲထားပြီး ပြောလိုက်၏။ "ရဲဘော်ဖု... မောင်ရင် မဖြစ်မနေ လာရမယ်နော်။ ဒီယုန်က မောင်ရင် ဖမ်းမိတာလေ။ မောင်ရင် မလာရင် အဒေါ်တို့ ယုန်သားစားရတာ စိတ်သန့်မှာ မဟုတ်ဘူး" လူငယ်လေး ရှက်ပြီး မလာဘဲ နေမည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။
ဖုမင်ဇယ်: "..."
ဒါပေမဲ့ ယုန်က တကယ် သူ ဖမ်းတာ မဟုတ်ပါဘူးဗျာ။
အဒေါ်ကြီးမှာ အလွန် စိတ်အားထက်သန်နေပြီး သူ သဘောမတူမချင်း လက်ကို မလွှတ်သဖြင့် ဖုမင်ဇယ် ငြင်းမရဘဲ သဘောတူလိုက်ရတော့သည်။
တောင်းမှာ ရှန်မော့အာ မိသားစုပိုင် ဖြစ်သဖြင့် ဖုမင်ဇယ်နှင့် ရှန်မော့အာတို့သည် တောင်းကို သူမအိမ်သို့ ဦးစွာ သယ်ဆောင်လာခဲ့ကြသည်။
တောင်းအောက်ခြေတွင် ဖုမင်ဇယ် ခူးထားသော မှိုနှင့် တောဟင်းရွက် အနည်းငယ် ရှိနေသေးသော်လည်း ယုန်များအောက် ရောက်နေသည့်အပြင် သိပ်လည်း မများသဖြင့် ဖုမင်ဇယ်က မယူတော့ဘဲ တောင်းကိုချပြီးသည်နှင့် ထွက်ခွာရန် ပြင်လိုက်လေသည်။
သူ လှည့်ထွက်လိုက်စဉ်မှာပင် ရှန်မော့အာက သူ့ကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်လေသည်။
"ဖုမင်ဇယ်... နေဦးလေ။ ကျွန်မတို့ ဝေစု မခွဲရသေးဘူး"
...