← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အပိုင်း (၂၁.၁) မင်ဇယ်၊ သူက မင်းကို သဘောကျနေတာတော့ မဟုတ်လောက်ပါဘူးနော်...

ဝမ်ကျင်းပေါင်သည် အစပိုင်းတွင် နားမလည်ခဲ့သော်လည်း ခဏအကြာတွင် ဒီလူတွေက သူ့ကို ရုပ်ဆိုးသည်ဟု ပြောနေကြကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားလေ၏။

ဒါက အဓိပ္ပာယ်မရှိသည့် စကားပင်။ သူ၏ တစ်သက်တာလုံးတွင် သူ့ကို ရုပ်ဆိုးသည်ဟု မည်သူကမျှ မပြောခဲ့ဖူးချေ။

သူ၏ အဘိုးအဘွားများ၊ မိဘများနှင့် သူ့အစ်မ ၃ ယောက်စလုံးကပင် သူ့ကို ချောမောခန့်ညားသည်ဟု အမြဲတမ်း ပြောခဲ့ကြသည်။

"နေပါဦး၊ ခင်ဗျားတို့က ဘယ်သူ့ကို ရုပ်ဆိုးပြီး ကောက်ကျစ်တဲ့ရုပ် ပေါက်နေတယ်လို့ ပြောနေတာလဲ။ မျက်လုံးကန်းနေကြတာလား။ ကျွန်တော် ဒီလောက် ချောနေတာကို ခင်ဗျားတို့က ရုပ်ဆိုးတယ်လို့ ပြောရက်တယ်ပေါ့လေ"

သူသည် ဒေါသတကြီးဖြင့် ကြမ်းတမ်းသော မျက်နှာထားဖြင့် ပြောလိုက်၏။

"..."

ထိုနေရာတွင် ရှိနေသူအားလုံး၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်မှုများ တစ်ခဏတာ ဖြစ်ပေါ်သွားလေသည်။

ဘာတွေ ဖြစ်ကုန်တာလဲ။

အဒေါ်ကြီးများသည် အသက်အရွယ်ကြောင့် သူတို့၏ နားများ ပင်းသွားပြီဟုပင် ပို၍ ယုံကြည်သွားကြသည်။ ထို့သို့မဟုတ်လျှင် သူတို့ ဘယ်လိုလုပ်ပြီး ဒီလောက် အဓိပ္ပာယ်မရှိသော စကားများကို ကြားရမည်နည်း။

ရှန်မော့အာက အလွန် တိကျပြတ်သားစွာ ပြောလိုက်သည်။ "ကျွန်မက ရှင့်ကို ကြွက်ရုပ်ပေါက်ပြီး ကလိန်ကကျစ် မျက်လုံးမျိုး ရှိတယ်လို့ ပြောလိုက်တာပါ။ ကောက်ကျစ်တဲ့ရုပ် ပေါက်နေတယ်လို့ မပြောပါဘူး"

ဝမ်ကျင်းပေါင်: "ဘာများ ကွာသွားလို့လဲ။ မင်းက ငါ့ကို ရုပ်ဆိုးတယ်လို့ ပြောနေတာပဲ မဟုတ်ဘူးလား"

ရှန်မော့အာ: "ရှင် ကိုယ့်ကိုယ်ကိုယ် သိနေတာ ကောင်းတာပေါ့"

ဝမ်ကျင်းပေါင်သည် ဒေါသထွက်လွန်းသဖြင့် သွေးဆူလာသလို ခံစားလိုက်ရသည်။ "မင်း၊ မင်း၊ မင်းက တမင်တကာ လုပ်နေတာ မဟုတ်လား။ နောက်ကျရင် တင်တောင်းငွေ ပိုတောင်းချင်လို့ ငါ့ကို တမင် နှိမ့်ချပြောနေတာလေ။ ငါ ပြောလိုက်မယ်နော်... လုံးဝ မရဘူး။ မင်းက ငါနဲ့ လက်ထပ်ရတာကိုပဲ ဝမ်းသာနေသင့်တာ။ တင်တောင်းငွေ ရဖို့အတွက်ကိုတော့ တွေးတောင် မတွေးနဲ့။ ငါ ပြားစေ့တစ်ပြားတောင် ပေးမှာ မဟုတ်ဘူး။ ငါ့ရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကြောင့် ငါ့ကို လက်ထပ်ချင်တဲ့သူတွေ အများကြီးပဲ။ မိန်းမတစ်ယောက်ကို လက်ထပ်ဖို့အတွက် တင်တောင်းငွေ ပေးမှာ မဟုတ်ဘူး"

သူ၏ ကောင်းမွန်လှသော အရည်အချင်းများနှင့်ဆိုလျှင် လူတွေက သူ့ကို အထင်သေးကြလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ဘယ်လိုလုပ်ပြီး အထင်သေးနိုင်မည်နည်း။

ဒီမိန်းမက လည်လွန်းသည်မှာ ထင်ရှားနေသည်။ သူ့ကိုလည်း လက်ထပ်ချင်ပြီး တင်တောင်းငွေလည်း ပိုတောင်းချင်နေသည်။ ဟွန်း... သူကတော့ ဒီထောင်ချောက်ထဲကို ကျဆင်းသွားလိမ့်မည် မဟုတ်ပေ။

ရှန်မော့အာ: "..."

သူမသည် နှစ်စဉ် ခေတ်ရေစီးကြောင်း အသစ်များကို လေ့လာရန် ချုံးလင် ညစာစားပွဲသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့ဖူးသဖြင့် လူပေါင်းစုံကို မြင်တွေ့ခဲ့ဖူးလေသည်။

မာနထောင်လွှားပြီး ပညာတတ်ယောင်ဆောင်သော သူများစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း ဒီလူလောက် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း ယုံကြည်မှုလွန်ကဲနေသူကိုတော့ တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ ဒီလောက် သာမန်ရုပ်ရည်လေးနှင့် ဒီလောက်ထိ ယုံကြည်မှုလွန်ကဲနေပြီး ကိုယ့်ဘာသာ စကားတွေ တရစပ်ပြောနေသည့် သူ၏လုပ်ရပ်က သူမကို စကားပင် ဆွံ့အသွားစေသည်။

အခြားသူများ၏ မျက်နှာပေါ်တွင်လည်း ဖော်ပြ၍မရသော အမူအရာများ ရှိနေကြပြီး အဒေါ်ကြီးများသည် ထျန်းဖန်ကို မကြည့်ဘဲ မနေနိုင်တော့ချေ။ သူမ ဘယ်နေရာကနေ ဒီလိုလူမျိုးကို သွားရှာတွေ့ခဲ့သလဲဆိုတာ သိချင်နေကြသည်။

အဒေါ်ချန်သည် ရှန်မော့အာကို ဘေးသို့ဆွဲခေါ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "စောစောက အဒေါ်ပြောတာက မင်းကို ဒီလူနဲ့ စဉ်းစားဖို့ ပြောတာ မဟုတ်ရပါဘူးကွယ်။ အိုကွယ်... ဉာဏ်ရည်မမီတာက ရုပ်ဆိုးတာထက် ပိုဆိုးပါလား"

ထျန်းဖန်သည်လည်း စကားမပြောနိုင် ဖြစ်သွားရသည်။ သူမ၏ တူဖြစ်သူက အားကိုးမရမှန်း သိထားသော်လည်း ဒီလောက်အထိ အသုံးမကျ ဖြစ်လိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။

ပြောရလျှင် သူတို့သည် ပွဲတော်ရက်များတွင်သာ တွေ့ဆုံလေ့ရှိကြပြီး သူ ဒီလောက်အထိ အဓိပ္ပာယ်မရှိ ပြုမူသည်ကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ယခုအခါတွင် သူမသည် အလွန်အမင်း နောင်တရနေမိလေပြီ။ ဒီအစီအစဉ်အတွက် အများကြီး အားထုတ်ခဲ့ရသော်လည်း ယခုတော့ အားလုံး ပျက်စီးသွားသည်ကို မြင်လိုက်ရသည်။ "ကျင်းပေါင်၊ အခုချိန်မှာ ဘာလို့ ဒါတွေ လျှောက်ပြောနေရတာလဲ။ အိမ်ထောင်ပြုတဲ့ကိစ္စမှာ တင်တောင်းငွေနဲ့ လက်ဖွဲ့ပစ္စည်းတွေက နောက်မှ ဆွေးနွေးလို့ရတဲ့ ကိစ္စတွေပါ။ ပြီးတော့ မင်းက မင်းမိသားစုမှာ တစ်ဦးတည်းသော သားလေ။ မော့အာကလည်း သူ့မိသားစုမှာ တစ်ဦးတည်းသော သမီးပဲ။ အိမ်မှာ ရှိသမျှ အရာအားလုံးက နောက်ဆုံးကျရင် မင်းတို့ဟာတွေချည်းပဲ ဖြစ်လာမှာပါ"

ဝမ်ကျင်းပေါင်က သူမ၏ ဆိုလိုရင်းကို နားလည်ပြီး အခြေအနေကို ထိန်းသိမ်းရန် စကားကောင်းလေး အနည်းငယ် ပြောပေးလိမ့်မည်ဟု မျှော်လင့်ကာ သူမသည် အသည်းအသန် အရိပ်အမြွက်ပြနေခဲ့သည်။

ဝမ်ကျင်းပေါင်က အလွယ်တကူ ဖျောင်းဖျ၍ရမည့်သူ မဟုတ်ချေ။ "ဒါပေါ့... သူ့မိသားစုရဲ့ ပစ္စည်းတွေက လက်ဖွဲ့ပစ္စည်းတွေ ဖြစ်သွားမှာပေါ့။ ငါ့အထင်တော့ သူ့အိမ်က သိပ်တန်ဖိုးရှိလှတာ မဟုတ်ဘူး။ ဒါကြောင့် ရသလောက်ဈေးနဲ့ ရောင်းပစ်လိုက်တာ အကောင်းဆုံးပဲ"

"..."

သူ၏ စောစောက စကားများက လုံလောက်အောင် တုန်လှုပ်စရာ ကောင်းနေပြီဟု ထင်ထားသော်လည်း အမှန်တော့ ထိုသို့မဟုတ်ချေ။ အမြဲတမ်း ပို၍ တုန်လှုပ်စရာကောင်းသော အရာများ ရှိနေတတ်သည်။

ဒါက တကယ့်ကို နားကွဲမတတ် ဆူညံသွားစေသည်။

အသက် ၆၀ ကျော် အရွယ်ရှိ အဒေါ်ကြီးများသည်လည်း မှင်သက်သွားကြလေသည်။

မိန်းကလေးတစ်ယောက်၏ လက်ဖွဲ့ပစ္စည်းကို အခွင့်ကောင်းယူရန် ကြံစည်နေသူများကို သူတို့ မြင်ဖူးခဲ့သော်လည်း ဒီလောက် ပေါ်တင်နှင့် မှန်ကန်လှသည်ဟု ယူဆကာ ပြောဆိုရဲသူကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။ ဒါက တကယ့်ကို မျက်စိပွင့်သွားစေသည်။

ထျန်းဖန်၏ မျက်နှာသည် ဖြူရော်သွားတော့၏။ ဤကိစ္စ ဒီမှာတင် ပြီးဆုံးသွားရန်သာ သူမ မျှော်လင့်နေမိသည်။

သူမက သူ့ကို ချက်ချင်း ဆွဲခေါ်သွားချင်သော်လည်း သူက ပို၍ တုန်လှုပ်စရာကောင်းသော စကားတစ်စုံတစ်ရာကို ပြောထွက်လာမည်ကို ကြောက်ရွံ့နေမိသည်။

အကယ်၍ သူသာ သူမနှင့် သူ့မိခင်တို့ သဘောတူထားခဲ့သော ငွေ ယွမ် ၁၀၀ ကိစ္စကို ဖွင့်ပြောလိုက်ပါက အကြီးအကျယ် ဒုက္ခရောက်တော့မည်။

ထျန်းဖန် တစ်ယောက် အလွန်အမင်း စိုးရိမ်ပူပန်နေစဉ်မှာပင် ရှန်မော့အာက သူမကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်ကျင်းပေါင်ကို ပြောလိုက်သည်။ "အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောပါနဲ့တော့။ ကျွန်မက ရှင့်ကို စိတ်မဝင်စားပါဘူး။ ရှင့်အစ်မနဲ့သာ လိုက်သွားလိုက်ပါ"

ဝမ်ကျင်းပေါင်က ချက်ချင်း မျက်လုံးပြူးသွားပြီး ဒေါသတကြီး ပြောလိုက်လေသည်။ "ဒါက ငါ့အဒေါ်... ငါ့ရဲ့ အဒေါ်အရင်းကွ။ ဒီအရူးမ... မင်းမျက်လုံးတွေ ဘာဖြစ်နေတာလဲ။ မင်းက ငါ့ကို စိတ်မဝင်စားဘူးလို့ ပြောရဲတယ်ပေါ့"

ရှန်မော့အာသည် နှုတ်ခမ်းကို တွန့်လိုက်ပြီး မျက်နှာပို၍ ဖြူရော်သွားသော ထျန်းဖန်ကို တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်လိုက်၏။ "သြော်... ရှင့်ရဲ့ အဒေါ်အရင်းပေါ့။ ကဲ အခု ရှင်းသွားပြီဆိုတော့ ရှင့်ရဲ့ အဒေါ်အရင်းနဲ့အတူ ထွက်သွားလိုက်တော့"

သူမက ဘာတွေကြံစည်နေသလဲဆိုတာ သိရအောင် ထျန်းဖန်နှင့် လိုက်လာခဲ့ခြင်း ဖြစ်ပြီး သူမ ထင်ထားသည့်အတိုင်းပင်။ ထျန်းဖန်က သူမ၏ မိသားစုပိုင် ငွေနှင့် အိမ်ကို ယူရန် သူမအမေဖက်ကမိသားစုနှင့် ပူးပေါင်းကြံစည်နေခြင်း ဖြစ်နေသည်။

ရှန်မော့အာက ဒါကို စောစောကတည်းက ရိပ်မိပြီးသား ဖြစ်သဖြင့် ထျန်းဖန်နှင့် နှစ်ယောက်တည်း ရှိနေခြင်းကို ရှောင်ရှားရန် အဒေါ်ကြီး အနည်းငယ်ကို တမင်တကာ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက နောက်ပိုင်းတွင် ထျန်းဖန်က ကောလာဟလများ ဖြန့်ပြီး သူမကို အသရေဖျက်ကောင်း ဖျက်နိုင်ပေသည်။

သာ့လျန်မင်းဆက်တွင် ထိုကဲ့သို့သော အဖြစ်အပျက်များကို သူမ ကြားဖူးခဲ့သည်။ အထက်တန်းလွှာများနှင့် လက်ထပ်နိုင်ရန်အတွက် အချို့သူများသည် မိန်းကလေးတစ်ယောက်ကို အတင်းအကျပ် လက်ထပ်စေရန် အသရေဖျက်ခြင်းများနှင့် ညစ်ပတ်သော လှည့်ကွက်များကို အသုံးပြုကာ ဘာမဆို လုပ်ရဲကြသည်။

ကိုယ်ကျင့်တရား စည်းမျဉ်းများသည် အမျိုးသမီးများအပေါ်တွင် အထူးသဖြင့် တင်းကျပ်လွန်းသဖြင့် တစ်ခါတစ်ရံတွင် သူတို့သည် မိမိဆန္ဒမပါဘဲ အတင်းအကျပ် လက်ထပ်ရခြင်း သို့မဟုတ် ကြိုးဆွဲချ သေဆုံးရခြင်းများ ရှိခဲ့လေသည်။

ထျန်းဖန်က ထိုကဲ့သို့သော လုပ်ရပ်များကို လုပ်နိုင်စွမ်းရှိသည်ဟု ရှန်မော့အာက ယုံကြည်ထားသည်။ အချို့လူများသည် လူသတ်ခြင်း သို့မဟုတ် မီးရှို့ခြင်းများကို မလုပ်ကြသော်လည်း ကိုယ်ကျင့်တရားအရ ရှုတ်ချဖွယ်ကောင်းသော အရာများကို လုပ်ဆောင်တတ်ကြပြီး အခြားသူများ၏ ဘဝများကို ဖျက်ဆီးနိုင်သေးသည်။

အကြိမ်ကြိမ် လှောင်ပြောင်ခံရပြီးနောက် ဝမ်ကျင်းပေါင်သည် ဒေါသပေါက်ကွဲတော့မည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။

သူသည် ထိုကဲ့သို့သော အရှက်ခွဲခံရမှုမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ချေ။

မူလက သူသည် အခြားတပ်ဖွဲ့တွင် ရှိနေပြီး ကြင်ဖက်တွေ့ခြင်းအတွက် လာရောက်စဉ်က အနည်းငယ် ထိန်းချုပ်ထားခဲ့သေးသည်။

သို့သော် ယခုအခါ ရှန်မော့အာ၏ စကားများက သူ၏ တည်ငြိမ်မှုကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီး သူ၏ မျက်နှာသည် ဒေါသကြောင့် ပုံပျက်သွားလေသည်။ "တောက်... ဒီမိန်းမယုတ်၊ မင်းကို ငါ သတ်ပစ်မယ်"

သူသည် ရှန်မော့အာကို ရိုက်နှက်ရန် ရည်ရွယ်လျက် ရှေ့သို့ ပြေးဝင်လာခဲ့သည်။

သူမ၏ စကားများဖြင့် သူ့ကို တမင်တကာ ဆွပေးခဲ့သော ရှန်မော့အာသည် သူ၏ အကြမ်းဖက်သော တုံ့ပြန်မှုကို ကြိုတင် မျှော်လင့်ထားပြီးပင်။

သူမက ကြောက်လန့်သွားဟန်ဆောင်ကာ သူ့ကို "မတော်တဆ" ကန်ထုတ်ရန် ပြင်ဆင်ထားခဲ့သည်။

သို့သော် သူမ ထိုသို့လုပ်ရန် ပြင်လိုက်စဉ်မှာပင် သူမ၏ ဘေးမှ ပုံရိပ်တစ်ခု လျှပ်တစ်ပြက် ဖြတ်သွားပြီး ဝမ်ကျင်းပေါင်ကို အားပါးတရ ကန်ချလိုက်သဖြင့် သူသည် မြေကြီးပေါ်သို့ လဲကျသွားလေတော့သည်။

အလွန် လျင်မြန်ပြီး ပြတ်သားလှသည်။

ထိုပုံရိပ်မှာ ဖုမင်ဇယ်ပင်။

ဖုမင်ဇယ်သည် ခြင်းတောင်းလာပြန်ပေးခြင်း ဖြစ်သည်။ ရောက်ရှိလာသောအခါ လူစုလူဝေးကို သတိထားမိလိုက်သဖြင့် ဘေးတွင်ရပ်ကာ စောင့်ဆိုင်းနေခဲ့သည်။

သူသည် ဝမ်ကျင်းပေါင်၏ အဓိပ္ပာယ်မရှိသော စကားများကို ကြားလိုက်ရပြီး ထိုအရူးကို တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု ထင်လိုက်မိသည်။ အကြောင်းတစ်ခုခုကြောင့် သူသည် ဒေါသထွက်လာသလို ခံစားလိုက်ရ၏။

သူ့ကို အံ့အားသင့်စေသည်မှာ ထိုအရူးက ရိုင်းစိုင်းစွာ ပြောဆိုရုံသာမက လူကိုပါ ရိုက်နှက်ရန် ကြိုးစားနေခြင်းပင်။

ဝမ်ကျင်းပေါင်က ရှန်မော့အာဆီသို့ ပြေးဝင်သွားသည်ကို မြင်လိုက်ရသောအခါ ဖုမင်ဇယ်မှာ ရင်တဒိတ်ဒိတ် ခုန်သွားရလေသည်။ ဘာမှမစဉ်းစားတော့ဘဲ သူသည် ရှေ့သို့တက်ကာ သူ့ကို ကန်ချလိုက်တော့၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိတ်လန့်သွားသော အဒေါ်ကြီးများသည် ဝမ်ကျင်းပေါင်က လူကို ရိုက်ရန် ကြိုးစားနေစဉ် အော်ဟစ်လိုက်ကြသည်။ "မင်း ဘာလုပ်နေတာလဲ။ ဒီမှာ လာပြီး ပြဿနာမရှာနဲ့။ မင်းက ရှားတတပ်ဖွဲ့ကနေ လာပြီး ငါတို့ ယန်လျိုတပ်ဖွဲ့မှာ ဘာလို့ ပြဿနာလာရှာ..."

သူတို့ စကားမဆုံးခင်မှာပင် ဝမ်ကျင်းပေါင်သည် မြေကြီးပေါ်သို့ လဲကျနေနှင့်သည်။

အဒေါ်ကြီးများက လျင်မြန်စွာ တုံ့ပြန်လိုက်ကြ၏။ တစ်ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူတို့က ဆက်ပြောလိုက်ကြသည်။ "ကောင်းတယ်။ အဟက်... နင်း ငါတို့ ယန်လျိုတပ်ဖွဲ့ကို အနိုင်ကျင့်လို့ရမယ် ထင်နေတာလား။ ငါတို့ကို လာအနိုင်ကျင့်တဲ့ ဘယ်သူ့ကိုမဆို တစ်ယောက်ချင်းစီ လိုက်ရိုက်ပစ်မယ်"

ဝမ်ကျင်းပေါင်သည် မြေကြီးပေါ်တွင် လဲလျက် အော်ဟစ်နေလေသည်။ "တောက်... မင်းတို့က ငါ့ကို ရိုက်ရဲတယ်ပေါ့လေ။ ဒီခွေးမတွေ... ဒီခွေးကောင်တွေ... ငါ ပြောလိုက်မယ်... မင်းတို့အားလုံး သွားပြီသာ မှတ်တော့"

ထျန်းဖန်က သူ့ကို ထူပေးရန် အလျင်အမြန် ပြေးသွားလိုက်သည်။ "အိုကွယ်... သေချာ စကားပြောကြတာပေါ့။ ကျင်းပေါင်က စကားပြောနေရုံသက်သက်ပါ၊ ရဲဘော်ဖု... မင်းက ဘယ်လိုလုပ်ပြီး တကယ် ရိုက်ရက်ရတာလဲ"

ဝမ်ကျင်းပေါင်သည် ကျိန်ဆဲကာ ထရန် ကြိုးစားလိုက်သော်လည်း သူ တစ်ဝက်လောက် ထရုံရှိသေးစဉ် နောက်ထပ် ခြေကန်ချက်တစ်ခုက သူ့ကို မြေကြီးပေါ်သို့ ပြန်လဲကျသွားစေသည်။

ဒီတစ်ကြိမ် သူ့ကို ကန်လိုက်သူမှာ ဖုမင်ဇယ် မဟုတ်ဘဲ အလုပ်မှ ပြန်ရောက်လာခါစဖြစ်သော ရှန်ရှောက်ယွမ် ဖြစ်လေသည်။

ရှန်ရှောက်ယွမ်သည် သူ့အိမ်တံခါးဝတွင် လူစုလူဝေး ရှိနေသည်ကို အဝေးကတည်းက မြင်လိုက်ရသည်။ အစပိုင်းတွင် အဒေါ်ကြီးများ လာလည်ကြသည်ဟုသာ သူ ထင်ခဲ့သည်။

သို့သော် ထျန်းဖန်နှင့် လူစိမ်းတစ်ယောက်ကို သတိထားမိလိုက်သောအခါ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ရပြီး ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်လေသည်။ သူ အနီးသို့ ရောက်လာသောအခါ ထိုလူက သူ့သမီးလေး မော့အာကို ရိုက်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည်။

ရှန်ရှောက်ယွမ်သည် ဒေါသပေါက်ကွဲသွားတော့သည်။ သူ့သမီးကို အနိုင်ကျင့်ရဲတဲ့ ဒီလူယုတ်မာက ဘယ်သူလဲ။

ကံမကောင်းစွာဖြင့် သူက အနည်းငယ် အလှမ်းဝေးနေခဲ့သည်။ သူ ပြေးသွားချိန်တွင် ဖုမင်ဇယ်က ထိုလူကို ကန်ချပြီး ဖြစ်နေလေပြီ။

သို့သော် လူယုတ်မာက ကျိန်ဆဲနေဆဲဖြစ်ပြီး ရှန်ရှောက်ယွမ်က ဒေါသတကြီးဖြင့် နောက်ထပ်တစ်ချက် ထပ်ကန်လိုက်လေသည်။

ထိုသို့တိုင်အောင် ရှန်ရှောက်ယွမ်သည် မကျေနပ်သေးဘဲ နောက်ထပ်တစ်ချက် ကန်ရန် ခြေထောက်ကို မြှောက်လိုက်ပြန်သည်။ ထျန်းဖန်က သူ့ကို အသည်းအသန် လှမ်းဆွဲထားလိုက်လေသည်။ "လောင်ချီ... တော်ပါတော့၊ သူ့ကို ဆက်မရိုက်ပါနဲ့တော့။ ဒါက ကလေးတွေ အချင်းချင်း စကားများကြတာပါ၊ အထင်လွဲတာပါ... အားလုံးက အထင်လွဲနေကြတာပါ"

ရှန်ရှောက်ယွမ်က ဝမ်ကျင်းပေါင်ကို တစ်ချက်ကြည့်လိုက်ပြီး မဲ့ရွဲ့ကာ ပြောလိုက်သည်။ "သူက မင်းထက် သိပ်ငယ်ပုံမရပါဘူးနော်။ ဒါတောင် မင်းက သူ့ကို ကလေးလို့ ခေါ်နေသေးတယ်ပေါ့"

သမီးက အဖေနဲ့ တူလိုက်တာ။ သူတို့၏ ခနဲ့တဲ့တဲ့ ပြောဆိုပုံက တကယ့်ကို တစ်ပုံစံထဲပဲ။

ထျန်းဖန်သည် ယခုအခါ လုံးဝ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေလေပြီ။ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ဝမ်ကျင်းပေါင်ကို အရိုက်ခံခိုင်းလို့ မဖြစ်ပေ။ အကယ်၍ ဝမ်မိသားစုသာ ဒီသတင်းကို ကြားသွားပါက သူမ၏ညီမ ထျန်းချွေ့ကို မပြောနှင့်ဦး၊ ဝမ်မိသားစုက သူမကို အစိမ်းလိုက် ဝါးစားပစ်ကြပေလိမ့်မည်။

သူမသည် လုံးဝ အားကုန်ခမ်းနေပြီ ဖြစ်သော်လည်း အခြေအနေကို ပြေလည်အောင် ထိန်းသိမ်းရန် အားယူပြီး ပြောလိုက်ရလေသည်။ "ဟုတ်တယ်... ဟုတ်ပါတယ်။ သူက ကလေးတစ်ယောက်နဲ့ မတူပေမဲ့ သူက ကလေးပါပဲ၊ သိပ်မရင့်ကျက်သေးလို့ပါ။ ကျွန်မ သူ့ကို ခေါ်သွားပါ့မယ်... အခုပဲ ခေါ်သွားပါ့မယ်"

သူမက ဝမ်ကျင်းပေါင်ကို ကူတွဲထူပေးရန် ကြိုးစားလိုက်သော်လည်း သူက သူမကို တွန်းထုတ်လိုက်ကာ "ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ။ ဘယ်သူက ကလေးလဲ။ ဘယ်သူက မရင့်ကျက်တာလဲ။ ငါက ဘာကောင်လဲဆိုတာ မင်းတို့ကို ပြရသေးတာပေါ့..."

သူသည် ရုန်းကန်ထရပ်လိုက်ပြီး လက်သီးများကို ဆုပ်ကာ ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်စဉ် သူနှင့် မျက်နှာချင်းဆိုင်တွင် အမျိုးသား ၂ ယောက် အပါအဝင် လူ ၆ ယောက် ရှိနေပြီး အသက်ကြီးသူက တုတ်တစ်ချောင်းကို ကိုင်ထားသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။ "လာလေ... ရှေ့ကို တက်ခဲ့လိုက်။ မင်း ဘာလုပ်နိုင်လဲဆိုတာ ကြည့်ရသေးတာပေါ့"

ဝမ်ကျင်းပေါင်: "..."

သူက ချက်ချင်း နောက်ဆုတ်သွားပြီး အလိုအလျောက် ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်လိုက်လေသည်။ "မင်း၊ မင်းတို့... ငါ့ကို လာမထိနဲ့နော်"

ထျန်းဖန်က အလျင်အမြန် ဝင်ရောက်ဖျောင်းဖျလိုက်သည်။ "ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ပါ။ နောက်မှ မင်းအတွက် ပိုကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို မိတ်ဆက်ပေးပါ့မယ်။ အိမ်မှာ ထမင်းကျက်လောက်ပြီ၊ ပြန်ပြီး စားကြရအောင်။ မင်း လာလည်လို့ ငါ အသားကျင်းတစ်ဝက်လောက် ဝယ်ထားတယ်။ သွားစားကြရအောင်"

ထျန်းဖန်က သူ့ကို မြန်မြန် ခေါ်သွားချင်နေသည်။ အကြောင်းမှာ သူက အရှက်မရှိသော စကားများ ပြောဆိုပြီး ရှန်ရှောက်ယွမ်ကို ဆွပေးလိုက်ပါက ရှန်ရှောက်ယွမ်က သူ့ကို ကြိုးဖြင့် လည်ပင်းညှစ်သတ်ပစ်မည်ကို စိုးရိမ်မိခြင်းကြောင့်ပင်။

ဝမ်ကျင်းပေါင်သည် အခြားသူများကို ကြည့်လိုက်ပြီးနောက် ရှန်မော့အာကို ကြည့်လိုက်၏။ တကယ်တမ်းတွင် သူသည် ရှန်မော့အာကို တော်တော်လေး စိတ်ဝင်စားနေမိသည်။ သူတို့၏ တပ်ဖွဲ့တွင်သာမက အနီးအနားရှိ ရွာများတွင်ပါ ဒီလောက် လှပသော မိန်းကလေးမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ထျန်းဖန်၏ ဆွဲခေါ်ခြင်းကို ခံရသဖြင့် သူ ထွက်သွားချင်သော်လည်း မသွားချင်သွားချင်ဖြင့် တတွတ်တွတ် ပြောနေလေသည်။ "မင်းက လက်ဖွဲ့ပစ္စည်း လိုချင်လို့လား။ ငါ နည်းနည်းတော့ ပေးနိုင်ပါတယ်။ ဒါပေမဲ့ တင်တောင်းငွေကတော့ ပိုများသင့်..."

ရှန်ရှောက်ယွမ်က ဒေါသတကြီး ပြောလိုက်သည်။ "မင်းက ဘယ်လိုတောင် ရဲတင်းနေရတာလဲ။ ဒီရုပ်ဆိုးတဲ့ ဖားပြုတ်ကများ ငန်းသားကို စားဖို့ အိမ်မက်မက်နေတယ်ပေါ့လေ။ စောင့်ကြည့်နေလိုက်... ဟာကွာ... ငါ မင်းကို သေအောင် ရိုက်သတ်ပစ်မယ်ဆိုတာကိုသာ စောင့်ကြည့်နေလိုက်"

သူသည် ‘မင်းရဲ့ဝမ်ရယ် ငါက...’ဟု ယောင်ပြီး ပြောထွက်လုနီးပါး ဖြစ်သွားပြီး တုတ်ကို အားကုန်လွှဲရိုက်လိုက်လေသည်။

"ခင်ဗျား... ခင်ဗျား၊ ဘယ်လိုလုပ်ပြီး လူကို ရိုက်ရက်ရတာလဲ"

ဝမ်ကျင်းပေါင်သည် တုတ်ဖြင့် အရိုက်ခံရပြီး နာကျင်စွာ အော်ဟစ်လိုက်လေသည်။ ထျန်းဖန်က ဝင်တားရန် ကြိုးစားသော်လည်း ရှန်ရှောက်ယွမ်က ဂရုမစိုက်ဘဲ ထျန်းဖန်ကိုပါ ရိုက်လိုက်တော့သည်။

ပြောရလျှင် ဒီလည်လွန်းလှသော မရီးက ဒီလိုလူမျိုးကို သူတို့အိမ်တံခါးဝအထိ ခေါ်လာခြင်းမှာ ရည်ရွယ်ချက် မကောင်းသည်က ထင်ရှားနေသည် မဟုတ်ပါလား။

"အိုး... လောင်ချီ... ဆက်မရိုက်ပါနဲ့တော့။ အိုကွယ်... သွားကြစို့၊ ကျင်းပေါင်၊ ဒီကနေ မြန်မြန် ထွက်သွားကြရအောင်..."

ထျန်းဖန်က အော်ဟစ်နေပြီး ဝမ်ကျင်းပေါင်ကလည်း ငိုယိုနေလေသည်။ ဤအချိန်တွင်ပင် ဝမ်ကျင်းပေါင်သည် သူ၏ အဒေါ်ကို အပြစ်တင်ရန် မမေ့ခဲ့ဘဲ အော်ဟစ်ငိုယိုရင်း ကျိန်ဆဲလေတော့သည်။ "ဒါ အကုန်လုံး ခင်ဗျားအပြစ်တွေပဲ။ ဘယ်လို စောက်သုံးမကျတဲ့ အောင်သွယ်တာမျိုးလဲ။ ကျွန်တော့်အမေ၊ အဘွားနဲ့ ဘွားဘွားကြီးတို့ကို ပြန်ပြောပြမယ်။ ပြီးတော့ ခင်ဗျားက ကျွန်တော့် မိသားစုဆီကနေ ယွမ် ၁၀၀ ကို ခြိမ်းခြောက်ပြီး ယူချင်သေးတယ်ပေါ့။ တောက်... ခင်ဗျား အိမ်မက်မက်နေတာပဲ။ ခင်ဗျား အိမ်မက်မက်နေတာ"

ထျန်းဖန်သည် ရူးတော့မတတ် ဖြစ်နေလေပြီ။ ထိုအခါမှသာ တုတ်ကို မရှောင်နိုင်လျှင်တောင် အနည်းဆုံး ပြေးလို့ရသည်ဆိုတာကို သူမ သဘောပေါက်လိုက်သည်။

သူမ တကယ်လုပ်ချင်သည်မှာ ဝမ်ကျင်းပေါင်၏ ပါးစပ်ကို ပိတ်ပစ်ချင်ခြင်း ဖြစ်သော်လည်း သူမက သူ့အရပ်ကို မမီနိုင်ခဲ့ချေ။ ကူကယ်ရာမဲ့စွာဖြင့် သူမသည် ဝမ်ကျင်းပေါင်ကို အားကုန်သုံးကာ ဆွဲခေါ်သွားရုံသာ တတ်နိုင်တော့သည်။ "တောက်... ဒီကလေး၊ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့တော့။ မင်းအမေက မင်းအတွက် မိန်းမရှာပေးဖို့ ငါ့ကို မတောင်းဆိုခဲ့ရင် ငါ မင်းရဲ့ကိစ္စတွေကို ဝင်ရှုပ်နေမှာ မဟုတ်ဘူး"

သူမသည် အလှမ်းဝေးသွားအောင် လျင်မြန်စွာ ဆုတ်ခွာလိုက်ပြီး ဝမ်ကျင်းပေါင်ကို အားကုန်သုံးကာ ဆွဲခေါ်သွားလေတော့သည်။

ထိုနှစ်ယောက် အဝေးသို့ ပြေးသွားပြီးနောက်မှသာ ရှန်ရှောက်ယွမ်သည် တုတ်ကို တံခါးနားတွင် အေးအေးဆေးဆေး ပြန်ချထားလိုက်သည်။

အချိန်ခဏအတွက်း ထိုနေရာသည် တိတ်ဆိတ်သွားတော့သည်။ အဒေါ်ကြီးများသည် အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေကြ၏။

ယနေ့ ဖြစ်ရပ်သည် လုံးလုံးလျားလျား အရှက်ရစရာပင်။

သူတို့အားလုံးသည် တုန်းထင်ရေကန်မှ သမ္ဘာရင့် အတင်းအဖျင်း ပြောတတ်သူများ ဖြစ်ကြသည်။ ဝမ်ကျင်းပေါင်၏ စကားများက သိပ်မရှင်းလင်းသော်ငြားလည်း စကားတစ်ခွန်း၊ နှစ်ခွန်းလောက်ကပင် သူတို့အတွက် အကြောင်းအကျိုးကို ဆက်စပ်တွေးတောရန် လုံလောက်နေလေပြီ။

ထျန်းဖန်သည် ရှန်လောင်ချီ၏ ယွမ် ၃၀၀ နှင့် အိမ်ကို မျက်စိကျနေပြီး အကျိုးအမြတ်များကို သူမ၏ မိသားစုအတွင်း၌သာ သိမ်းထားရန် ကြံစည်နေသည်မှာ ထင်ရှားနေသည်။ ပြီးတော့ ဝမ်ကျင်းပေါင် ပြောခဲ့သည့် ယွမ် ၁၀၀ လည်း ရှိသေးသည်။

ထျန်းဖန်က ငြင်းဆိုခဲ့သော်လည်း လူတိုင်းတွင် ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်း ရှိကြသည်။

ထျန်းဖန်သည် တပ်ဖွဲ့ထဲတွင် နာမည်ကောင်းရှိသော်လည်း အဒေါ်ကြီးများကိုတော့ အမျိုးသားများလို အလွယ်တကူ လှည့်စား၍ မရနိုင်ချေ။ သူမသည် ဟန်ဆောင်ကောင်းသည်ဟု သူတို့ အမြဲတမ်း ထင်ထားခဲ့သော်လည်း ဤကဲ့သို့သော လုပ်ရပ်မျိုး လုပ်လိမ့်မည်ဟုတော့ တစ်ခါမှ မထင်ထားခဲ့ကြပေ။

ပြန်စဉ်းစားကြည့်လျှင် စပါးကိစ္စသည် သူမ ပြောသကဲ့သို့ ချောင်မေ တစ်ယောက်တည်း၏ အကြံအစည်တော့ မဖြစ်နိုင်ချေ။

အဒေါ်ကြီးများသည် သူတို့၏ မိတ်ဆွေဟောင်းများနှင့် ဤကိစ္စကို အတင်းပြောရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်ကြပြီး အချိန်မစောတော့ကြောင်း ပြောဆိုကာ ထွက်ခွာသွားကြလေတော့သည်။

ခြင်းတောင်း လာပြန်ပေးသော ဖုမင်ဇယ်သည်လည်း ထွက်ခွာရန် ပြင်လိုက်စဉ် ရှန်မော့အာက သူ့ကို လှမ်းခေါ်လိုက်လေသည်။ "ရဲဘော်ဖု... ရှင် ပစ္စည်းတစ်ခု ကျန်ခဲ့တယ်"

ရှန်မော့အာက အိမ်ထဲသို့ ဝင်သွားပြီး စောစောက ချက်ပြုတ်ထားသော ယုန်တစ်ဝက်ကို သန့်ရှင်းသည့် ဟင်းရွက်ဖက်များဖြင့် သေချာစွာ ထုပ်ပိုးကာ ဖုမင်ဇယ်ထံသို့ ယူလာပေးလိုက်သည်။ "ကတိအတိုင်း ယုန်တစ်ဝက်ပါ။ ရှင်သာ မရောက်လာရင် ကိစ္စတွေ ရှင်းသွားတဲ့အခါ ရှင့်ဆီ လာပို့ပေးမလို့ စဉ်းစားထားတာ။ ကျန်တဲ့တစ်ဝက်က အခြောက်ခံပြီး ကင်ရဦးမှာဆိုတော့ နောက်မှ ယူလာပေးပါ့မယ်"

အားလုံးက ကြိုတင် စီစဉ်ထားပြီးဖြစ်သဖြင့် ဖုမင်ဇယ်က မငြင်းဆန်တော့ပေ။ "ကျေးဇူးပါ ရဲဘော်ရှန်"

ရှန်မော့အာက ညင်သာစွာ ပြုံးလိုက်သည်။ "စောစောက ရှင်ရှိနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ကျွန်မ အရိုက်ခံရလောက်ပြီ"

ဖုမင်ဇယ်က ခေါင်းခါလိုက်၏။ "ကိစ္စမရှိပါဘူး"

ထိုအချိန်က အရေးပေါ် အခြေအနေကြောင့် အလိုအလျောက် တုံ့ပြန်မိခြင်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ရှန်ရှောက်ယွမ်က အခြေအနေကို အလွန် လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းပုံကို မြင်လိုက်ရပြီး ရှန်မော့အာက ယုန်ကို အလွန် လျင်မြန်စွာ ဖမ်းမိခဲ့သည်ကို ပြန်လည်အမှတ်ရသွားသောအခါ ဖုမင်ဇယ်တွင် သူသာ ဝင်မပါခဲ့လျှင်တောင် ရှန်မော့အာက နစ်နာရမည့် အခြေအနေတွင် မရှိနိုင်ကြောင်း ထူးထူးဆန်းဆန်း အလိုအလျောက် သိစိတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဖုမင်ဇယ်သည် ရှန်ရှောက်ယွမ်ကို နှုတ်ဆက်ပြီး ယုန်တစ်ဝက်နှင့်အတူ ထွက်ခွာသွားလေတော့သည်။

ဖုမင်ဇယ် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ရှန်ရှောက်ယွမ်သည် မျက်လုံးကို မှေးလိုက်ပြီး ရှန်မော့အာဘက်သို့ လှည့်ကာ မေးလိုက်လေသည်။ "မော့အာလေး... သမီးက ရဲဘော်ဖုနဲ့ ဘယ်တုန်းက ဒီလောက် ရင်းနှီးသွားတာလဲ"

ရှန်မော့အာက ပြန်ဖြေလိုက်၏။ "သူ့ကို အိမ်ပုံစံကြမ်းလေးတွေ ဆွဲခိုင်းထားတာလေ။ ပြီးတော့ ဒီနေ့ အဒေါ်ချန်တို့နဲ့အတူ တောင်ပေါ်ကို မှိုသွားခူးတာ ရဲဘော်ဖုလည်း ပါလာတော့ သမီးတို့ အတူတူ ယုန်ဖမ်းမိခဲ့ကြတာပါ"

ရှန်ရှောက်ယွမ်က သဝန်တိုသည့် လေသံဖြင့် "ဘယ်လိုလုပ်ပြီး သမီးတို့ နှစ်ယောက်တည်း ဖြစ်သွားရတာလဲ" ဟု ပြောလိုက်လေသည်။

ရှန်မော့အာ ရယ်လိုက်မိသည်။ သူမ၏ ဖခင်သည် အမြဲတမ်း ဤသို့ပင်။ သူမ၏ အိမ်ထောင်ရေးကို စိုးရိမ်ပူပန်ပြီး သူမအတွက် ခင်ပွန်းကောင်းတစ်ယောက်ကို စောစောစီးစီး ရှာဖွေပေးချင်သော်လည်း လူငယ်တိုင်းကို အပြစ်ရှာတတ်ကာ မည်သူ့ကိုမျှ သဘောမကျတတ်ချေ။

"အင်း... ရုတ်တရက် အပြောင်းအလဲတွေသာ မဖြစ်ခဲ့ရင် သမီးရဲ့ အိမ်ထောင်ရေးက အခုချိန်ဆို အတည်ဖြစ်နေလောက်ပြီ" ရှန်ရှောက်ယွမ်က သက်ပြင်းချလိုက်ပြီးနောက် လေးနက်သော မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။ "သမီး သဘောကျတဲ့သူကို ရွေးလို့ရတယ်။ ဒါပေမဲ့ စည်းကမ်းချက် တစ်ခုတော့ ရှိတယ်။ သူက အိမ်ပါသမက် ဖြစ်ရမယ်။ အဖေက သမီးကို မျက်စိအောက်မှာ ထားမှ စိတ်ချမှာမို့လို့"

အပိုင်း (၂၁.၂)

အတိတ်က မြို့တော်တွင် ရှိနေစဉ်က သူ၏ သမီး လက်ထပ်သွားလျှင်တောင် အေးဆေးတည်ငြိမ်သော မင်းသားတစ်ပါးအနေဖြင့် သူသည် သမီးဆီသို့ နေ့တိုင်း သွားလည်နိုင်ပြီး သူ့ကို ဘယ်သူကများ တားဆီးရဲမည်နည်း။

သို့သော် ယခုတော့ မတူတော့ချေ။ အကယ်၍ သမီးသာ ရွာထဲတွင် လက်ထပ်ခဲ့လျှင် စီမံရတာ ပိုလွယ်ကူမည်ဖြစ်သော်လည်း အကယ်၍ ဝေးကွာသော နေရာသို့ လက်ထပ်သွားပါက သူသည် ထိုနေရာသို့ နေ့တိုင်း တကယ် သွားလည်နိုင်မည်မဟုတ်တော့ပေ။

သားအဖနှစ်ယောက် စကားပြောရင်း ထမင်းစားရန် မီးဖိုချောင်ထဲသို့ ဝင်သွားကြလေသည်။

စောစောက မှိုများနှင့် ချက်ပြုတ်ထားသော ယုန်သားဟင်းသည် အရသာရှိပြီး မွှေးကြိုင်နေသည်။ တောဟင်းရွက်များကိုတော့ အအေးခံပြီး စားသုံးကြရာ ပူပြင်းသော ရာသီဥတုတွင် လန်းဆန်းမှုကို ပေးစွမ်းနိုင်လေသည်။

ညစာစားနေစဉ် ရှန်မော့အာက ယနေ့ ဖြစ်ပျက်ခဲ့သည်များကို ရှန်ရှောက်ယွမ်အား ပြန်ပြောပြပြီး ရှန်ရှောက်ယွမ်ကလည်း တပ်ဖွဲ့တွင် သူ မြင်တွေ့ကြားသိခဲ့ရသည်များကို ပြန်လည် ဝေမျှလေသည်။

မကြာသေးမီက သူတို့သည် ဤသို့ပင် အချင်းချင်း သတင်းဖလှယ်ကြပြီး လောကကြီးအကြောင်းကို ပိုမို လေ့လာနေခဲ့ကြသည်။

ရှန်မော့အာက လျိုယင်းရွှမ်း အကြောင်းကိုလည်း ထည့်ပြောခဲ့ပြီး သားအဖနှစ်ယောက်စလုံးက သူမနှင့် ပတ်သက်ပြီး ထူးဆန်းမှု တစ်ခုခု ရှိနေနိုင်သည်ဟု ခံစားခဲ့ကြရသည်။

ထိုအချိန်တွင် ဖုမင်ဇယ်သည် ပညာတတ်လူငယ်အဖွဲ့သို့ ပြန်ရောက်လာပြီး အခြားသူများမှာ ဧည့်ခန်းမကြီးထဲတွင် ထမင်းစားနေကြလေပြီ။

သူတို့သည် ယနေ့ မှိုများနှင့် တောဟင်းရွက် အမြောက်အမြားကို ခူးဆွတ်ခဲ့ကြသဖြင့် အဖွဲ့က ဟင်းနှစ်ခွက် ချက်ပြုတ်ထားပြီး ထမင်းပင် ချက်ထားကြသည်။ လူတိုင်းက ထမင်းပန်းကန်လုံး အသေးတစ်လုံးသာ ရရှိကြသဖြင့် မည်သူမျှ ဗိုက်ဝအောင် မစားနိုင်ကြသည်ကတော့ သေချာသည်။

ကျိန့်ကျားမင်က ဖုမင်ဇယ်အတွက် ဝေစုကို ခူးထားပေးထားသည်။ ဖုမင်ဇယ် ထိုင်လိုက်သည်နှင့် ကျိန့်ကျားမင်က တိုးတိုးလေး စတင်ပြောလေတော့သည်။ "ခြင်းတောင်းသွားပြန်ပေးတာများ ဒီလောက်တောင် ကြာရသလား။ ငါသာ မင်းအတွက် ထမင်းခူးမထားပေးရင် မင်းက အိုးအောက်ခြေက ထမင်းချိုးတွေကိုပဲ စားရတော့မှာ"

သူက ကျန်းကျစ်ချန်ရှိရာ ဘက်သို့လည်း တစ်ချက် လှမ်းကြည့်လိုက်လေသည်။

သူက အသံကို နှိမ့်ထားသော်လည်း စားပွဲက သေးငယ်သဖြင့် ကျန်းကျစ်ချန်က မကြားဘဲ မနေချေ။

ကျန်းကျစ်ချန်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ထမင်းခူးပေးဖို့ နောက်ထပ် တစ်ယောက် ကျန်သေးတယ်ဆိုတာ ငါ မေ့သွားလို့ပါ"

ကျိန့်ကျားမင်က နှုတ်ခမ်းကို စုလိုက်ပြီး "အေးပါ... မင်း ပြောသလိုပေါ့" ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ရာ ကျန်းကျစ်ချန်မှာ သွားကြိတ်ပြီး သည်းခံလိုက်ရတော့သည်။

ညစာစားပြီးနောက် ဖုမင်ဇယ်က ကျိန့်ကျားမင်ကို လမ်းလျှောက်ထွက်ရန် ဖိတ်ခေါ်လိုက်သည်။ ပညာတတ်လူငယ်အဖွဲ့နှင့် အလှမ်းဝေးသွားသောအခါ ကျိန့်ကျားမင်က တိုးတိုးလေး ပြောလိုက်၏။ "ယန်ချင်းချင်းက မင်းရဲ့ ဆပ်ပြာကို ခိုးသွားတာများလားလို့ ငါ ထင်တယ်။ ဒီနေ့ သူ အဝတ်လျှော်နေတာ ငါ တွေ့လိုက်တယ်။ ဆပ်ပြာက အသစ်လိုပဲ ဒါပေမဲ့ တစ်ဝက်ပဲ ရှိတော့တာ"

သူက နောက်သို့ ခိုးကြောင်ခိုးဝှက် အကြိမ်အနည်းငယ် လှည့်ကြည့်လိုက်ပြီး ဆက်ပြောလေသည်။ "သူက ရှီဝေကို လာလာတွေ့တတ်တော့ အဲဒီအချိန်မှာ ယူသွားတာများလား မသိဘူး။ ပြီးတော့ ခုလေးတင် ငါတို့ ထွက်လာတုန်းက ယန်ချင်းချင်းက မီးဖိုချောင်ထဲကနေ ချောင်းကြည့်နေတာ ငါ သတိထားမိလိုက်တယ်။ အင်း... ပြန်စဉ်းစားကြည့်ရင် သူက မင်းကို တော်တော်လေး စိတ်ဝင်စားနေပုံပဲ"

ရှီဝေနှင့် ယန်ချင်းချင်းတို့သည် ဇာတိမြေ တစ်ခုတည်းမှ ဖြစ်ကြပြီး တော်တော်လေး ရင်းနှီးကြလေသည်။

ဖုမင်ဇယ်က သူ့ကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ ပြောလိုက်သည်။ "မင်းက ဒီလောက်တောင် ခိုးကြောင်ခိုးဝှက်နိုင်နေရင် သူခိုးက မင်းများလားလို့ ငါ ထင်မိတော့မယ်"

ကျိန့်ကျားမင်က ချက်ချင်း ခေါင်းမော့လိုက်ပြီး ခေါင်းကို ကုတ်ကာ "တစ်ယောက်ယောက် ကြားသွားမှာ စိုးလို့ပါ။ ပြောရရင် ခိုင်လုံတဲ့ သက်သေမှ မရှိတာ။ လူတစ်ယောက်ကို မှားယွင်းပြီး စွပ်စွဲမိရင် မကောင်းဘူးလေ"

သူတို့ စကားပြောရင်း လောင်ကျန်းဟုခေါ်သော မုဆိုးဖိုတစ်ဦး၏ ခြံထဲသို့ ရောက်ရှိလာကြသည်။ သူ၏ ခြံအပြင်ဘက်တွင် မိုးကြိုးပစ်ခံထားရသဖြင့် တစ်ဝက်သေနေသော သစ်ပင်တစ်ပင် ရှိသည်။ ဖုမင်ဇယ်က သစ်ပင်အခေါင်းပေါက်ထဲသို့ လက်နှိုက်လိုက်ပြီး ဟင်းရွက်ဖက်များဖြင့် ထုပ်ထားသော ယုန်တစ်ဝက်ကို ထုတ်ယူလိုက်ကာ နှစ်ပိုင်းပိုင်းပြီး ကျိန့်ကျားမင်ကို တစ်ဝက် ကမ်းပေးလိုက်သည်။

ကျိန့်ကျားမင်မှာ အံ့သြသွားလေသည်။ "မင်း၊ မင်းက ဒီမှာ အစားအသောက်တွေ ဝှက်ထားတာလား"

ဖုမင်ဇယ်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။ "ဒီနေရာက ခေါင်တယ်လေ။ ဘယ်သူမှ သိပ်မလာဘူး။ လောင်ကျန်းက နားလေးတော့ သိပ်သတိမထားမိတတ်ဘူး။ လူမိဖို့ မလွယ်ပါဘူး" တကယ်လို့ လူမိသွားခဲ့ရင်တောင် လောင်ကျန်းက သဘောကောင်းသူဖြစ်၍ ရယ်ရုံသာ ရယ်နေမည်ဖြစ်ပြီး သတင်းဖြန့်မည် မဟုတ်ချေ။

ကျိန့်ကျားမင်က လက်မထောင်ပြလိုက်ပြီး အသားကို အားပါးတရ ကိုက်စားလိုက်ကာ ပါးစပ်အပြည့်ဖြင့် ပြောလိုက်၏။ "အင်း... ဒါက တကယ် အရသာရှိတာပဲ"

ဖုမင်ဇယ်က သူ့ကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး တစ်ကိုက်ကိုက်ကာ ဖြည်းဖြည်းချင်း ဝါးစားလိုက်သည်။ မြက်နံ့ လုံးဝမရဘဲ တကယ်ကို အရသာရှိလှသည်။ ရှန်မော့အာ၏ ဟင်းချက်လက်ရာက တကယ့်ကို ပြောင်မြောက်လှပေသည်။

ကျိန့်ကျားမင်က သူ၏ ဝေစုအများစုကို စားပြီးနောက် အရှိန်လျှော့လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်လေသည်။ "ဒီနေ့ တောင်ပေါ်သွားတုန်းက ယုန်ကို ဖမ်းမိတာလား။ မင်းက တော်တယ်နော်... ရွာသားတွေနဲ့ အဆင်ပြေအောင် နေတတ်တယ်။ ငါတို့အားလုံး တောင်ပေါ်သွားကြပေမဲ့ ရွာသားတွေက ပစ္စည်းကောင်းတွေ ဘယ်မှာရှိလဲဆိုတာ သိကြတယ်လေ"

ယုန်တစ်ကောင် ဖမ်းမိသည်ကို မဆိုထားနှင့်၊ ဖုမင်ဇယ်သည် အခြားသူများထက် မှိုများနှင့် တောဟင်းရွက်များကို ပိုမို ယူဆောင်လာနိုင်သည်ကို သူ သတိပြုမိခဲ့သည်။

ညအမှောင်ထဲတွင် ဖုမင်ဇယ်သည် ရွာအဝင်ဝဘက်သို့ လှမ်းကြည့်လိုက်ပြီး မသိမသာ ပြုံးလိုက်မိကာ နောက်သို့လှည့်၍ သတိပေးလိုက်လေသည်။ "ကံကောင်းလို့ ဖမ်းမိတာပါ။ အရသာရှိရှိသာ စားလိုက်ပါ။ ဒါပေမဲ့ ဒီအကြောင်း လျှောက်မပြောနဲ့နော်"

ကျိန့်ကျားမင်က ဆီပေနေသော လက်ဖြင့် ရင်ဘတ်ကို ပုတ်လိုက်၏။ "စိတ်မပူပါနဲ့။ အသားတွေနဲ့အတူ အကုန် မျိုချလိုက်ပါပြီ"

ပြောနေရင်း သူက ဖုမင်ဇယ်ကို တံတောင်ဆစ်ဖြင့် တွတ်လိုက်ပြီး ကျီစယ်သည့် လေသံဖြင့် မေးလိုက်လေသည်။ "ယုန်ကို ဘယ်သူချက်တာလဲ။ ရှန်မော့အာလား။ ကျွတ်ကျွတ်... ရှန်မော့အာရဲ့ ဟင်းချက်လက်ရာက တကယ်ကောင်းတာပဲ။ ဟေ့ကောင် မင်ဇယ်၊ သူက မင်းအပေါ် တော်တော်လေး ကောင်းတာ ငါ သတိထားမိတယ်။ သူ မင်းကို သဘောကျနေတာလား"

ဖုမင်ဇယ်က သူ့ကို ကန်လိုက်သည်။ "မြန်မြန်စားပြီးရင် ပြန်ကြမယ်"

ကျိန့်ကျားမင်: "ခဏနေပါဦး၊ ဒီအရိုးကို ပြီးအောင် ကိုက်ပါရစေဦး... ဟေ့... ငါက ဒီအတိုင်း စကားစပ်လို့ ပြောကြည့်တာပါ။ ပြောရရင် ရှန်မော့အာက ဒီရက်ပိုင်း ပိုကြည့်ကောင်းလာတယ်၊ သူက တကယ်ကို အရွယ်ရောက်လာသလိုပဲ၊ တစ်နေ့တခြား ပိုလှလာတယ်။ သိလား... ကောင်လေး တချို့က သူ့ကွယ်ရာမှာ သူက ရှန်လင်းလင်းထက် ပိုလှတယ်လို့ ပြောနေကြတယ်။ ကျွတ်... သူ့ကွယ်ရာမှာ အတင်းပြောဖူးတဲ့ သူတွေပါပဲ၊ ဟိုဘက်ပါလိုက် ဒီဘက်ပါလိုက် လုပ်တဲ့သူတွေ"

ရှန်လင်းလင်း၏ အမာခံပရိသတ်ဖြစ်သော ကျန်းကျစ်ချန်ကို ဖယ်ထားပြီး အခြားသော အမျိုးသား ပညာတတ်လူငယ်များကို ရည်ညွှန်းနေခြင်း ဖြစ်သည်။

နောက်ဆုံးတွင် အစားစားပြီးသွားသောအခါ ကျိန့်ကျားမင်က အခြားကိစ္စတစ်ခုကို သတိရသွားလေသည်။ "ဒါပေမဲ့ ရှန်မော့အာက မင်းနဲ့ သိပ်မလိုက်ဖက်ပါဘူး။ တောရွာမှာ လက်ထပ်တာက မြို့ကို ပြန်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးဆိုတာကို မပြောနဲ့ဦး၊ ရှန်မော့အာရဲ့ မိသားစုက အိမ်ပါသမက် ရှာနေတယ်လို့ ငါ ကြားတယ်။ မင်းက အဲဒီလို လုပ်မယ့်ပုံစံ မပေါ်ပါဘူး"

ဖုမင်ဇယ်သည် ဒီတစ်ကြိမ်တော့ တကယ် ဒေါသထွက်သွားပြီး သူ့ကို နောက်တစ်ချက် ကန်လိုက်ပြန်သည်။ "လာ... သွားကြမယ်" ထို့နောက် သူသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့မှ လျှောက်သွားလေတော့သည်။

ကျိန့်ကျားမင်က သူ၏ ဘောင်းဘီကို ပွတ်သပ်လိုက်ပြီး တတွတ်တွတ် ရေရွတ်လိုက်သည်။ "ခြေတံရှည်တာက ဘာများ အထူးအဆန်းမို့လို့လဲ။ ကျွတ်... ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်သွားရတာလဲ"

သူသည် အမြန် လိုက်သွားလေတော့သည်။

ဖုမင်ဇယ်နှင့် ကျိန့်ကျားမင်တို့ မသိလိုက်သည်မှာ သူတို့က ယန်ချင်းချင်းအကြောင်း ပြောနေချိန်တွင် ယန်ချင်းချင်းသည်လည်း သူတို့အကြောင်း ပြောနေခြင်းပင်။

ပညာတတ်လူငယ်အဖွဲ့ နောက်ဘက်ရှိ ဟင်းသီးဟင်းရွက် ဥယျာဉ်ထဲတွင် ယန်ချင်းချင်းနှင့် ရှီဝေတို့သည် ထောင့်တစ်နေရာ၌ ဆောင့်ကြောင့်ထိုင်နေကြသည်။ ယန်ချင်းချင်းသည် ခြင်ရိုက်ရင်း တိုးတိုးလေး ပြောနေလေသည်။

"သူတို့ အစားကောင်း အသောက်ကောင်း သွားစားကြတာ ဖြစ်ရမယ်။ အခုဆို တစ်နေရာရာမှာ ပုန်းပြီး အသားစားနေလောက်ပြီ။ ငါ အရင်ကတည်းက ပြောဖူးသားပဲ... ဖုမင်ဇယ်က ဟန်ဆောင်နေတာလို့။ သူ့ရဲ့ နူးညံ့တဲ့ အသားအရေနဲ့ ချောမောတဲ့ ရုပ်ရည်ကို ကြည့်ပါဦး၊ သူက ဆင်းရဲတဲ့ မိသားစုက ကလေးနဲ့ တူလို့လား။ ပြီးတော့ သူက ခဏခဏ တပ်ဖွဲ့ရုံးဆီ ပြေးသွားတတ်ပေမဲ့ ဘာတစ်ခုမှ ယူလာတာ ငါ မတွေ့ဖူးဘူး။ တပ်ဖွဲ့ရုံးကို သူ ဘာသွားလုပ်တာလဲ။ ငါ သူ့နောက်ကို အကြိမ်အနည်းငယ် လိုက်ဖူးပေမဲ့ လူအုပ်ရှိတာနဲ့ သူက ငါ့ကို ဖြတ်ချခဲ့တာပဲ။ သူက တစ်ခုခု မကြံစည်ထားဘူးဆိုရင် ဘာလို့ ငါ့ကို ဖြတ်ချရမှာလဲ။ ပြီးတော့ သူ့ကို ကြည့်ပါဦး၊ ငွေကို ရေလိုသုံးပြီး အဝတ်လျှော်ဖို့ ဆပ်ပြာတုံး အကြီးကြီးကို ဝယ်တယ်။ အဲဒါက ဆင်းရဲတဲ့ကလေးတစ်ယောက် လုပ်မယ့် အလုပ်လား"

ရှီဝေသည် စိတ်မရှည်တော့ပေ။ ယန်ချင်းချင်းက ဒီစကားများကို အကြိမ်ကြိမ် ပြောလွန်းသဖြင့် သူ၏ နားများပင် အသားမာတက်လုနီးပါး ဖြစ်နေလေပြီ။

အစပိုင်းတွင် သူ တစ်ဝက်လောက် ယုံကြည်ခဲ့သော်လည်း လပေါင်းများစွာ စောင့်ကြည့်ပြီးနောက်တွင် မည်သည့် သက်သေအထောက်အထားမျှ မတွေ့ခဲ့ရချေ။ ဖုမင်ဇယ်သည် ခြေရာဖျောက်ရာတွင် အလွန် ကျွမ်းကျင်လွန်းသည်။ သို့မဟုတ် ဖုမင်ဇယ်က အမှန်တကယ် ချမ်းသာပြီး ဆင်းရဲချင်ယောင် ဆောင်နေသည်ဆိုခြင်းမှာ ယန်ချင်းချင်း၏ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်လေသည်။

"သူတို့က အစားကောင်း အသောက်ကောင်း သွားစားကြတယ်ဆိုရင်တောင် ဖုမင်ဇယ်က ပိုက်ဆံရှင်းတယ်လို့ နင် ဘယ်လိုလုပ် သိမှာလဲ။ ကျိန့်ကျားမင် မဖြစ်နိုင်ဘူးလား။ သူကလည်း တပ်ဖွဲ့ရုံးဆီ ခဏခဏ သွားတတ်တာပဲလေ။ သူက အထည်အလိပ် စက်ရုံက လူတစ်ယောက်ကို သိတယ်လို့တောင် ပြောဖူးတယ်။ အဲဒီလူက သူ့ကို တစ်ခါတလေ ထမင်းစားဖိတ်ပြီး စာရေးပေးဖို့ အကူအညီ တောင်းတတ်တယ်တဲ့။ အဲဒါက မထူးဆန်းဘူး မဟုတ်လား။ ဆပ်ပြာကိစ္စကရော... ကျိန့်ကျားမင်က သူ့ကို ဆပ်ပြာလက်မှတ် ပေးလိုက်တာ မဟုတ်ဘူးလား။ ပြီးတော့ ဆပ်ပြာတစ်ဝက်ကို ဘယ်သူက ဝယ်မှာလဲ။ အရောင်းစာရေးကလည်း သဘောတူမှာ မဟုတ်ဘူး"

ရှီဝေက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ကျိန့်ကျားမင်ရဲ့ မိသားစုက ပြည့်စုံတာ ထင်ရှားနေတာပဲ။ နင့်ကို ပြုစုစောင့်ရှောက်မယ့်လူ ရှာနေတယ်ဆိုရင် ဘာလို့ ကျိန့်ကျားမင်ကို မရွေးတာလဲ"

ယန်ချင်းချင်း: "နင်က ဘာသဘောနဲ့ ပြောတာလဲ။ ငါက အဖော်ရှာနေတာလေ။ တကယ်လို့ ဖုမင်ဇယ်သာ ချမ်းသာတယ်ဆိုရင် ငါက ဘာလို့ အရပ်ပုတဲ့ ကျိန့်ကျားမင်ကို ရွေးရမှာလဲ။ ချမ်းသာပြီး ရုပ်ချောတဲ့သူကို ရွေးတာက ပိုမကောင်းဘူးလား"

အမှောင်ထဲတွင် ရှီဝေက မနေနိုင်ဘဲ မျက်စောင်းဖြင့် ကြည့်လိုက်တော့သည်။ ကျိန့်ကျားမင်ကများ နင့်ကို စဉ်းစားလိမ့်မှာတဲ့လား။

ရှီဝေက နောက်ထပ် ခြင်တစ်ကောင်ကို ရိုက်လိုက်ပြီး ပြောလိုက်သည်။ "ဒီအကြောင်းကို မနက်ဖြန်မှ ဆက်ပြောကြတာပေါ့။ ဒီမှာ ဆောင့်ကြောင့်ထိုင်ပြီး ခြင်စာကျွေးနေရတာ အရူးလုပ်ရပ်ပဲ"

ယန်ချင်းချင်းက သူ့ကို လှမ်းဆွဲလိုက်သည်။ "ငါ ဆုံးဖြတ်လိုက်ပြီ။ ဖုမင်ဇယ် ချမ်းသာသည်ဖြစ်စေ၊ မချမ်းသာသည်ဖြစ်စေ ငါ သူနဲ့ အရင်ဆုံး တွဲကြည့်မယ်။ တကယ်လို့ သူက ဆင်းရဲတယ်ဆိုရင် နောက်မှ ငါ သူ့ကို ဖြတ်ပစ်လိုက်လို့ ရတာပဲ။ သူက ငါ့ကို ရှောင်နေတော့ နင် ငါ့ကို ကူညီမှ ရမယ်"

သူတို့သည် ခဏကြာအောင် တိုးတိုးလေး ဆက်ပြောနေကြပြီးနောက် နောက်ဆုံးတွင် ခြင်များကို ရိုက်ကာ ထွက်ခွာသွားကြလေသည်။

သူတို့ ထွက်သွားပြီး အတော်ကြာသောအခါ ဟင်းသီးဟင်းရွက် ဥယျာဉ်၏ အခြားတစ်ဖက်မှ အလွန်တိုးညင်းသည့် အသံသဲ့သဲ့လေး ထွက်ပေါ်လာသည်။ "အိုး... ငါ့ခြေထောက်တွေ ထုံသွားပြီ။ ခြင်တွေ သယ်သွားလို့တောင် ပါတော့မယ်"

အချိန်အနည်းငယ် ကြာပြီးနောက် ထိုသူသည် ယိုင်တိုင်တိုင်ဖြင့် မတ်တတ်ရပ်လိုက်ပြီး ပညာတတ်လူငယ်အဖွဲ့ဆီသို့ တိုက်ရိုက် ပြန်မသွားရဲချေ။ ထို့အစား သူမသည် ဥယျာဉ်ခြံစည်းရိုးကို ခက်ခက်ခဲခဲ ကျော်တက်လိုက်ပြီး အခြားလမ်းမှနေ၍ ပညာတတ်လူငယ်အဖွဲ့သို့ ဝင်ရောက်ရန် တမင်တကာ ကွေ့ပတ်သွားလေတော့သည်။

ဝင်လာသည်နှင့် ယန်ချင်းချင်းနှင့် တိုးတော့သည်။ "ချိုးထုံ... ဒီအချိန်ကြီး ဘယ်သွားနေတာလဲ။ နင့်မျက်နှာက ဘာလို့ ဒီလောက် နီရဲနေတာလဲ။ ခြင်ကိုက်ခံရတာလား"

အမှန်တကယ်ပင် ဟင်းသီးဟင်းရွက် ဥယျာဉ်ထဲတွင် ခြင်တစ်ကောင်ကိုပင် မရိုက်ရဲဘဲ အချိန်အတော်ကြာ ဆောင့်ကြောင့်ထိုင်နေခဲ့ရသည့် ကံဆိုးသူမှာ အမျိုးသမီး ပညာတတ်လူငယ် ဝမ်ချိုးထုံ ဖြစ်လေသည်။

ဝမ်ချိုးထုံသည် ခရိုင်ကုန်တိုက်တွင် လှပသော ဝတ်စုံတစ်စုံကြောင့် ရှန်လင်းလင်းနှင့် အငြင်းပွားခဲ့ဖူးပြီး ယင်းက သူမ၏ မိသားစုသည် တော်တော်လေး ချမ်းသာကြောင်း ဖော်ပြနေလေသည်။

ထို့ကြောင့် သူမသည် အပို အစားအသောက်များ စားရန် မကြာခဏ ခိုးထွက်လေ့ရှိသည်။ ကံမကောင်းစွာဖြင့် ယနေ့တွင် ရွာ၌ အစည်းအဝေးကြီး တစ်ခုရှိသဖြင့် ညစာ စားရသည်မှာ နောက်ကျသွားသည်။ သူမ ထွက်သွားရန် အခွင့်အရေး ရချိန်တွင် အပြင်၌ မှောင်လို့နေပြီ။ ဝမ်ချိုးထုံက အဝေးသို့ မသွားရဲသဖြင့် ဟင်းသီးဟင်းရွက် ဥယျာဉ်ထဲတွင်သာ ပုန်းနေလိုက်ရသည်။

ဟင်းသီးဟင်းရွက် ဥယျာဉ်ကို ခြံစည်းရိုး ခတ်ထားပြီး ထောင့်လေးထောင့်တွင် ပြောင်းပင်များ စိုက်ပျိုးထားသဖြင့် ညဘက်၌ ပုန်းအောင်းနေသူကို ရှာတွေ့ရန် ခက်ခဲလေသည်။

ပြဿနာမှာ လူတိုင်းက ဒီလိုပဲ တွေးနေကြသဖြင့် ဝမ်ချိုးထုံသည် ယန်ချင်းချင်းနှင့် ရှီဝေတို့ကို သွားတိုးမိခြင်းပင်။

ယန်ချင်းချင်းနှင့် ရှီဝေတို့ စကားပြောနေချိန်တွင် ဝမ်ချိုးထုံက မလှုပ်ရဲခဲ့ပေ။ အထူးသဖြင့် လူတစ်ယောက်ကို ဒုက္ခပေးရန် သူတို့ စတင်ဆွေးနွေးချိန်တွင် သူမသည် ပိုလို့ပင် မလှုပ်ရဲတော့ချေ။

ယန်ချင်းချင်းသည် ဖော်ရွေဟန်ရှိသော်လည်း ပေါင်းသင်းရ လွယ်ကူသူ မဟုတ်ဟု ဝမ်ချိုးထုံ အမြဲတမ်း ထင်ခဲ့သည်။ ရှီဝေနှင့် သူမ၏ စကားပြောဆိုမှုကို ကြားပြီးနောက်တွင် သူမသည် ယန်ချင်းချင်းကို အထင်သေးမိကြောင်း သဘောပေါက်သွားလေသည်။ ယန်ချင်းချင်းက ပေါင်းသင်းရ ခက်ခဲရုံတင်မကဘဲ သူမက လုံးဝကို ယုတ်မာလွန်းလှသည်။

ထို့ကြောင့် ယခုအခါ သူမသည် ယန်ချင်းချင်းကို ရုတ်တရက် မြင်လိုက်ရသောအခါ လန့်သွားသဖြင့် သူမ၏ တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။

ကံကောင်းစွာဖြင့် ထိုအချိန်မှာပင် ဖုမင်ဇယ်နှင့် ကျိန့်ကျားမင်တို့ ပြန်ရောက်လာကြပြီး ယန်ချင်းချင်း၏ အာရုံသည် ချက်ချင်း လွှဲပြောင်းသွားလေသည်။ ဝမ်ချိုးထုံသည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ဖုမင်ဇယ်ကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် သနားညှာတာမှု တစ်ချို့ ဖြစ်ပေါ်သွားတော့၏။

ယန်ချင်းချင်းလို လူမျိုး၏ ပစ်မှတ်ထားခြင်းကို ခံရသည့် ဖုမင်ဇယ်မှာ တကယ်ကို ကံဆိုးလှသည်။

နောက်တစ်နေ့တွင် ထျန်းဖန်က သူမ၏ တူဖြစ်သူနှင့် ရှန်မော့အာတို့ကို ကြင်ဖက်တွေ့ခြင်း စီစဉ်ပေးခဲ့ပြီး မိတ်ဆက်ခအဖြစ် ယွမ် ၁၀၀ ပင် တောင်းခံခဲ့ကြောင်း သတင်းသည် ရွာတစ်ရွာလုံးသို့ ပျံ့နှံ့သွားလေတော့သည်။

ထိုသတင်းကို တားဆီးရန် နည်းလမ်းမရှိခဲ့ချေ။ ထိုအဒေါ်ကြီးများသည် သတင်းဖြန့်ချိရေး စက်ရုံများပင်။

နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ထျန်းဖန်၏ ကံဆိုးသော တူဖြစ်သူသည် အလွန်အမင်း ထူးဆန်းလွန်းပြီး သူ၏ စကားများနှင့် လုပ်ရပ်များသည် လုံးလုံးလျားလျား လက်လွတ်စပယ် နိုင်လွန်းသောကြောင့်ပင်။ အဒေါ်ကြီးများက သူ့ကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်လားအောင် အတုခိုးပြသောအခါ လူတိုင်းကို ချက်ချင်း တုန်လှုပ်သွားစေသည်။

အထူးသဖြင့် ထျန်းဖန်၏ အိမ်အနီးတွင် နေထိုင်သူများ ဖြစ်ကြသည်။ အချို့က ယမန်နေ့တွင် သူမက ထိုလူငယ်ကို ပြန်လည်ပို့ဆောင်ပေးသည်ကို မြင်ခဲ့ကြပြီး အချို့က ယနေ့နံနက်တွင် သူမက သူ့ကို လိုက်ပို့ပေးသည်ကို မြင်ခဲ့ကြသည်။ လိုရင်းကို ပြောရလျှင် သူ၏ ရုပ်ရည်က ဘယ်လောက်တောင် သာမန်ဖြစ်နေသလဲဆိုတာကို သူတို့ မြင်တွေ့ခဲ့ရသဖြင့် သူ၏ အလွန်အမင်း ယုံကြည်မှုလွန်ကဲနေခြင်းက ပိုပြီးတော့ပင် ရယ်စရာကောင်းနေတော့သည်။

ဟုတ်ပါသည်။ ထျန်းဖန်က သူမ၏ တူဖြစ်သူကို သူမ၏ တူမအရင်းဖြစ်သော ရှန်မော့အာနှင့် ဆက်သွယ်ပေးခဲ့ပြီး မိတ်ဆက်ခအဖြစ် အများအပြားဖြစ်သော ငွေယွမ် ၁၀၀ ပင် တောင်းခံခဲ့ခြင်းသည်လည်း အလွန်အမင်း တုန်လှုပ်စရာကောင်းလှသည်။

ထျန်းဖန်၏ နာမည်ကောင်း ပျက်စီးသွားပြီး ရှန်မိသားစု၏ ဒုတိယအိမ်ခွဲ မိသားစုတစ်ခုလုံးသည် ရွာထဲတွင် မျက်နှာပြစရာပင် မရှိတော့ချေ။ သူတို့သည် လူစည်ကားသော နေရာများကို လုံးဝ ရှောင်ရှားခဲ့ကြလေသည်။

ရာသီဥတု ပိုမိုပူပြင်းလာသည်နှင့်အမျှ ရှန်မော့အာသည် အိမ်သစ်တစ်လုံး ဆောက်လုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများကို နောက်ဆုံးတွင် စုဆောင်းနိုင်ခဲ့သည်။ တိုက်ဆိုင်စွာပင် သူမ၏ အဖေက အုတ်ဖုတ်စက်ရုံတွင် အလုပ်လုပ်နေသည်မှာ ပြီးဆုံးသွားပြီး စက်ရုံက သူ့ကို ရက်အနည်းငယ် အနားပေးထားခဲ့သည်။ ထို့ကြောင့် ဆွေးနွေးတိုင်ပင်ပြီးနောက် သားအဖနှစ်ယောက်သည် အိမ်ဆောက်ရန် ဆုံးဖြတ်လိုက်ကြ၏။

အဓိက အကြောင်းရင်းမှာ ဆောင်းဦးရာသီ စပါးရိတ်သိမ်းချိန် မစတင်မီ အိမ်ကို ဆောက်လုပ်ရမည် ဖြစ်သောကြောင့်ပင်။ သို့မဟုတ်ပါက စပါးရိတ်သိမ်းချိန် စတင်သည်နှင့် အလုပ်ကူလုပ်ပေးမည့်သူ မရှိတော့ပေ။

ဆောက်လုပ်ရေးလုပ်ငန်း မစတင်မီ တစ်ရက်အလိုတွင်။

အစားအစာ ရှာဖွေရန်အတွက် ဝါးခြင်းတောင်းကို လွယ်ထားသော ရှန်မော့အာသည် တောင်ခြေတွင် ဖုမင်ဇယ်၊ ကျိန့်ကျားမင်တို့နှင့် တွေ့ဆုံခဲ့လေသည်။

ထိုအချိန်က အိမ်ဆောက်ရန် အကူအညီတောင်းလျှင် လုပ်အားခ ပေးစရာမလိုဘဲ အစားအသောက် ကျွေးမွေးရုံသာ ဖြစ်သည်။

ရှန်ရှောက်ယွမ်သည် အလုပ်လုပ်နေသည်မှာ ၂ လပင် မပြည့်သေးသဖြင့် ရွှီဝေကော်ထံမှ ဆီ၊ ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည်များအတွက် ရိက္ခာလက်မှတ် အနည်းငယ်ကို စုဆောင်းနိုင်ခဲ့သော်လည်း အသားလက်မှတ်များကိုတော့ လုံးဝ လက်လှမ်းမမီနိုင်ခဲ့ချေ။

တောင်ပေါ်တက်ပြီး ရစ်ငှက် သို့မဟုတ် ယုန်တစ်ကောင်ကောင်ကိုများ ဖမ်းမိလို ဖမ်းမိငြား ကြိုးစားကြည့်ရကျိုးနပ်သည်ဟု ရှန်မော့အာက တွေးလိုက်မိသည်။ အကယ်၍ သူတို့သာ ဖမ်းမိခဲ့ပါက အစားအသောက်များအတွက် အသားတစ်ချို့ ရရှိပေလိမ့်မည်။

အကယ်၍ ဘာမှမရခဲ့လျှင်လည်း ကိစ္စမရှိပေ။ သူတို့သည် ဟင်းတစ်ခွက် နှစ်ခွက် ထပ်မံပေါင်းထည့်ရန်အတွက် မှိုအနည်းငယ် ခူးဆွတ်ခြင်း၊ တောဟင်းရွက်များ တူးဆွခြင်း သို့မဟုတ် မျှစ်များ စုဆောင်းခြင်းတို့ကို လုပ်ဆောင်နိုင်လေသည်။

ဒီကမ္ဘာသို့ ရောက်ရှိလာသည်မှာ ၂ လခန့်သာ ရှိသေးသော်ငြားလည်း ရှန်မော့အာသည် ဆင်းရဲသားများ၏ အသက်ရှင်သန်ရေး ကျွမ်းကျင်မှုများကို ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်လေသည်။

"စားလို့ ဝတ်လို့တော့ မွဲမသွားပါဘူး၊ ဒါပေမဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းရင်တော့ ဒုက္ခရောက်လိမ့်မယ်"ဟူသည့် အဒေါ်ကြီးများ ပြောလေ့ရှိသည့်အတိုင်း ဆင်းရဲသားများသည် ဘဝ၏ ကဏ္ဍတိုင်းကို တွက်ချက်နေကြရလေသည်။

သူမက ဖုမင်ဇယ်ကို ဖိတ်ခေါ်ခဲ့သည့် အကြောင်းအရင်းကတော့ အကယ်များ ရစ်ငှက် သို့မဟုတ် ယုန်ကို တကယ်ဖမ်းမိခဲ့ပါက ၎င်းကို သယ်ယူရန် လူတစ်ယောက် လိုအပ်မည် မဟုတ်ပါလား။

ပြောရလျှင် သူမက အင်အားမရှိသော နူးညံ့သိမ်မွေ့သည့် အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။

ဖုမင်ဇယ်တွင် ဒီလို အရည်အချင်းကောင်း တစ်ခုရှိသည်။ အကယ်၍ သူ့ကို တစ်ခုခု သယ်ခိုင်းပါက သူသည် ဘာကြောင့်လဲဟု မမေးဘဲ လုပ်ပေးလိမ့်မည်။

ကျိန့်ကျားမင်က အပိုဆောင်းအနေဖြင့် လိုက်ပါလာခြင်း ဖြစ်သည်။ သူက အတင်းအကျပ် လိုက်လာခြင်းဖြစ်ပြီး ရှန်မော့အာနှင့် ဖုမင်ဇယ်တို့က နှစ်ယောက်တည်း သွားခြင်းထက် ပိုကောင်းသည်ဟု တွေးလိုက်မိကြသည်။

"ငါတို့ သုံးယောက်တည်းလား။ ရဲဘော် ရှန်မော့အာ... ငါတို့ လူနည်းနည်း ထပ်ခေါ်သင့်တယ် မဟုတ်ဘူးလား။ ဥပမာ မြေအနေအထားကို ကောင်းကောင်းသိတဲ့လူ ဒါမှမဟုတ် အထူးသဖြင့် သွက်လက်ဖျတ်လတ်တဲ့လူ ဒါမှမဟုတ် ပစ်မှတ်ကို သေချာချိန်ရွယ်နိုင်တဲ့ လူမျိုးပေါ့"

ကျိန့်ကျားမင်က အသည်းအသန် အရိပ်အမြွက်ပြနေလေသည်။

ဖုမင်ဇယ်က သူ့ကို ဝေမျှပေးခဲ့သော ယုန်သားကို စားဖူးကတည်းက သူသည် ယုန်သားဟင်း၏ အရသာကို တောင့်တနေခဲ့သည်။ ဖုမင်ဇယ်က တောင်ပေါ်သွားမည်ဟု ပြောသည်ကို ကြားသည်နှင့် သူက စိတ်အားထက်သန်စွာ လိုက်ပါလာခဲ့၏။

ဖုမင်ဇယ်ဖြစ်စေ ရှန်မော့အာဖြစ်စေ သူတို့တွင် ယုန်ဖမ်းရန် ကျွမ်းကျင်မှု ရှိသည်ဟု သူ မထင်ထားခဲ့သည်က သေချာသည်။ သူတို့က ထိုသို့သောပုံစံ မပေါ်ချေ။ သူ့ကိုယ်သူ ဆိုလျှင်တော့ ပိုလို့ပင် မအောင်မြင်နိုင်သေးချေ။

ထို့ကြောင့် ပြီးခဲ့သည့်အကြိမ်က ယုန်ဖမ်းရန် ကူညီပေးခဲ့သူကို ရှန်မော့အာက ဖိတ်ခေါ်လိမ့်မည်ဟု သူ မျှော်လင့်နေပြီး သူတို့အားလုံး အကျိုးအမြတ် ရရှိနိုင်လိမ့်မည်။

ရှန်မော့အာက ကျိန့်ကျားမင်ကို ပြုံးပြလိုက်သည်။ ထိုလူက အသားစားချင်နေသည်ကို အလွယ်တကူ သိမြင်လိုက်၏။ "မလိုပါဘူး။ ကျွန်မတို့ သုံးယောက်တည်းပဲ ကံစမ်းကြည့်ကြတာပေါ့"

ကျိန့်ကျားမင်က အကူအညီတောင်းရန် ဖုမင်ဇယ်ကို ကြည့်လိုက်၏။ "မင်ဇယ်"

ဖုမင်ဇယ်က မဲ့ရွဲ့ပြုံးလိုက်၏။ "မလိုပါဘူး၊ အဆင်ပြေပါတယ်"

ကျိန့်ကျားမင်: "..."

ကိလေသာတပ်မက်မှုက မင်းရဲ့ ခေါင်းကို တကယ်ပဲ ရှုပ်ထွေးသွားစေတာပဲ။

ဖုမင်ဇယ်... မင်းက ဒီလိုဖြစ်နေလိမ့်မယ်လို့ ငါ မယုံနိုင်ဘူး။

သို့သော် မကြာမီမှာပင် ကျိန့်ကျားမင်က အမှန်တရားကို သဘောပေါက်သွားလေတော့သည်။ 'စိတ်မမှန်' ဖြစ်နေသူမှာ အချိန်တိုင်း သူကိုယ်တိုင် ဖြစ်နေခဲ့သည်ပင်။ ဘယ်သူကများ ထင်မှတ်ထားပါမည်နည်း။

...

အပိုင်း (၂၂) ပုံပြင်စာအုပ်ထဲက မြေခွေးနတ်သမီး

မိုးမရွာသည်မှာ ၂ရက်ရှိသွားပြီဖြစ်ကာ ပူပြင်းသော ရာသီဥတုကြောင့် တောင်ပေါ်သို့ တက်လာသူ ပိုနည်းပါးလာလေသည်။ သို့သော်လည်း တောအုပ်ထဲသို့ ဝင်ရောက်သွားသည်နှင့် သစ်ပင်များမှ အရိပ်အာဝါသနှင့် ဘယ်ဆီကမှန်းမသိ တိုက်ခတ်လာသော လေပြေအေးလေးများကြောင့် အပြင်ဘက်ထက် များစွာ ပို၍ အေးမြနေလေ၏။

တောင်ပေါ်သို့ ဝင်ရောက်ပြီး မကြာမီမှာပင် ကျိန့်ကျားမင်သည် ဖုမင်ဇယ်အနီးသို့ ကပ်သွားကာ တိုးတိုးလေး ပြောလိုက်သည်။ "ယန်ချင်းချင်းက ငါတို့နောက်မှာ ရှိနေတယ်။ သူက မင်းနောက်ကို ဘာလို့ ထပ်လိုက်နေတာလဲ"

ယခင်က ဖုမင်ဇယ်ကို စောင့်ကြည့်ရုံသာ ရှိခဲ့သော ယန်ချင်းချင်းသည် ယခုအခါ သူ့နောက်သို့ ပို၍ မကြာခဏ လိုက်လာတတ်ကြောင်းကို ကျိန့်ကျားမင်လို အကင်းမပါးသူပင် မကြာသေးမီက သတိထားမိလာခဲ့သည်။ သူမသည် အတိအလင်း တစ်စုံတစ်ရာ မပြောသော်လည်း သူ၏ နေကောင်းကျန်းမာမှုအကြောင်းကို မေးမြန်းတတ်ပြီး သူသွားရာနောက်သို့ လိုက်တတ်လေသည်။ လမ်းမှာ လူတိုင်းအတွက် ပွင့်နေသဖြင့် ဖုမင်ဇယ်သည် သူမကို အတင်းမောင်းထုတ်၍ မရနိုင်ချေ။

ယခုအခါ ပညာတတ်လူငယ်အဖွဲ့ထဲမှ လူအများအပြားသည် ယန်ချင်းချင်းနှင့် ဖုမင်ဇယ်တို့ကြားတွင် မပြတ်မသား ပတ်သက်မှုတစ်ခုခု ရှိနေသည်ဟု သံသယဝင်နေကြလေပြီ။

ဥပမာအားဖြင့် မနာလိုဝန်တိုတတ်သော ကျန်းကျစ်ချန်က ဖုမင်ဇယ်သည် ယန်ချင်းချင်းကို အရိပ်အမြွက် တစ်ခုခု မပေးခဲ့လျှင် သူမလို မိန်းမပျိုလေးတစ်ယောက်က ဖုမင်ဇယ်လို ဆင်းရဲသားတစ်ယောက်အနားသို့ ဘာကြောင့် ဒီလောက်အထိ ကပ်ချင်နေရမည်နည်းဟု မှတ်ချက်ချခဲ့လေသည်။

ဖုမင်ဇယ်သည် ယန်ချင်းချင်းကို နောက်လှည့်မကြည့်သော်လည်း အလိုအလျောက်ပင် ရှန်မော့အာကို ကြည့်လိုက်မိ၏။

ရှန်မော့အာသည် သိချင်စိတ်ဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ အလှမ်းဝေးသော နေရာတွင် နှေးကွေးစွာပါလာသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ တပ်ဖွဲ့ရုံးသို့ သူတို့သွားခဲ့စဉ်က ယန်ချင်းချင်းသည် ဖုမင်ဇယ်၏ ကိစ္စများကို သွယ်ဝိုက်၍ မေးမြန်းခဲ့ပြီး သူ့နောက်သို့ တိတ်တဆိတ် လိုက်ခဲ့ဖူးသည်ကို ပြန်အမှတ်ရသွားကာ သူမက မနေနိုင်ဘဲ မေးလိုက်သည်။ "သူက ရှင့်နောက်ကို အချိန်တိုင်း လိုက်နေတုန်းပဲလား"

ဖုမင်ဇယ် မဖြေရသေးမီမှာပင် ကျိန့်ကျားမင်က ရှန်မော့အာအနီးသို့ အပြေးအလွှား ရောက်လာပြီး ဝင်ပြောလေသည်။ "ဟုတ်တယ်၊ ဟုတ်တယ်။ သူက မင်ဇယ်နောက်ကို အမြဲလိုက်နေတာ။ အခုဆို ပိုတောင် ဆိုးလာသေးတယ်"

ဖုမင်ဇယ်သည် ကျိန့်ကျားမင်ကို အေးစက်စက် စိုက်ကြည့်လိုက်သော်လည်း သူက သတိမထားမိဘဲ စိတ်လှုပ်ရှားစွာ လက်ဟန်ခြေဟန်ဖြင့် ဆက်ပြောနေလေသည်။ "ပညာတတ်လူငယ်အဖွဲ့ထဲက လူတွေက သူတို့နှစ်ယောက် တွဲနေတယ်လို့ ကွယ်ရာမှာ ပြောနေကြတယ်။ ဟားဟားဟား... အရမ်းရယ်ရတာပဲ။ ယန်ချင်းချင်းက ရဲဘော်ဖုကို အရမ်းကပ်လွန်းလို့ ဒီရက်ပိုင်း သူ လမ်းလျှောက်တာ ပိုမြန်လာတယ်ဆိုတာကို သူတို့က သတိမထားမိကြဘူးလေ"

ဖုမင်ဇယ်သည် သည်းမခံနိုင်တော့ဘဲ ကျိန့်ကျားမင်ကို ဘေးသို့ဆွဲခေါ်လိုက်သည်။ "မင်း အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေမယ်ဆိုရင် တောင်ပေါ်ကို မလိုက်ခဲ့နဲ့တော့"

ယန်ချင်းချင်းကို ရှောင်ရှားရန် ဖုမင်ဇယ် လမ်းလျှောက်မြန်လာသည်ဆိုသည့် အသိကြောင့် ရှန်မော့အာမှာ မနေနိုင်ဘဲ ရယ်မောလိုက်မိလေသည်။

ဖုမင်ဇယ်သည် သူတို့နှစ်ဦး အထိန်းအကွပ်မဲ့ ရယ်မောနေကြသည်ကို တင်းမာသော မျက်နှာထားဖြင့် ကြည့်နေရတော့သည်။ လတ်တလောတွင် အလုပ်မလုပ်ရသဖြင့် အသားအရေ ပိုမိုဖြူဝင်းလာသော ရှန်မော့အာ၏ ပါးပြင်လေးများပေါ်တွင် ခပ်ဖျော့ဖျော့ ပန်းရောင်သန်းနေပြီး သူမ၏ မျက်လုံးများက ညကောင်းကင်ယံမှ လခြမ်းကွေးလေးများကဲ့သို့ တောက်ပကြည်လင်နေလေသည်။ ဖုမင်ဇယ်၏ နားရွက်များ အနည်းငယ် နီရဲသွားပြီး တိတ်တဆိတ် ပြုံးလိုက်မိလေ၏။

ရဲဘော်ဖုကို အနေရခက်အောင် မလုပ်ချင်သဖြင့် ရှန်မော့အာသည် ခဏအကြာတွင် ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။ "ဒါဆို ကျွန်မတို့ မြန်မြန် လျှောက်ကြတာပေါ့"

'တစ်ယောက်ယောက်က ဒီလိုမျိုး နောက်ကလိုက်နေတာကို ကျွန်မ သဘောမကျဘူးလေ' ဟု သူမ တွေးလိုက်သည်။

ဒီခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် တောင်ပေါ်သို့ မကြာခဏ တက်လေ့ရှိပြီး အဒေါ်ကြီးများနှင့်အတူ အကြိမ်အနည်းငယ် သွားပြီးနောက်တွင် ရှန်မော့အာသည် ယခုအခါ နောက်ဘက်တောင်ကြော၏ မြေမျက်နှာသွင်ပြင်ကို တော်တော်လေး ကျွမ်းကျင်နေပြီ ဖြစ်သည်။ သူတို့ ၃ ယောက်သည် ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်ကြပြီး ရှန်မော့အာက တမင်တကာ ကွေ့ပတ်သွားလာခဲ့သဖြင့် ယန်ချင်းချင်းကို မကြာမီမှာပင် ဖြတ်ချနိုင်ခဲ့သည်။

ရှန်မော့အာသည် ဖုမင်ဇယ်နှင့် ကျိန့်ကျားမင်တို့ကို စုန်းရှုလျှိုဆီသို့ တိုက်ရိုက် ဦးဆောင်သွားခဲ့သည်။

ဒီတစ်ကြိမ် တောင်ပေါ်တက်လာခြင်းမှာ သားကောင်ရှာဖွေရန် ဖြစ်သည်။ အခြားနေရာများတွင် ရှိမရှိ သူမ သေချာမသိသော်လည်း အနည်းဆုံး ပြီးခဲ့သည့်အကြိမ်က ဒီနေရာမှ ယုန်အနည်းငယ် ထွက်ပြေးလွတ်မြောက်သွားခဲ့သည် မဟုတ်ပါလား။ သူမသည် သည်တစ်ကြိမ်လည်း ကံကောင်းချင် ကောင်းနိုင်လောက်သည် မဟုတ်လား။

တကယ်တမ်းတွင် ရှန်မော့အာသည် ထိုယုန်မိသားစုထံမှ အခွင့်ကောင်းကို ဆက်လက်ယူရန် တိတ်တဆိတ် မျှော်လင့်နေခဲ့လေသည်။

ဒီနေရာတွင် သစ်ပင်ပန်းမန်များ ပိုမိုထူထပ်ပြီး မြေဆီလွှာ ပိုမိုစိုစွတ်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်မည်။ လမ်းတစ်လျှောက်တွင် မှိုများများစားစား မတွေ့ခဲ့ရချေ။ သို့သော် သူတို့ ရောက်ရောက်ချင်းမှာပင် သစ်ရွက်ခြောက်များအောက်၌ မှိုအစုလိုက်အပြုံလိုက်ကို လျင်မြန်စွာ တွေ့ရှိခဲ့ကြပြီး အနီးအနားတွင် လတ်ဆတ်သော တောဟင်းရွက် တစ်စုလည်း ရှိနေသည်။

ရှန်မော့အာက ပေါက်တူးတိုလေးကို ကျိန့်ကျားမင်ထံ ကမ်းပေးလိုက်သည်။ "ကျွန်မ ဟိုနားဒီနား လိုက်ကြည့်လိုက်ဦးမယ်"

ကျိန့်ကျားမင်က စိတ်ပျက်သွားသည့်ပုံစံဖြင့် "ကျွန်တော်တို့က မှိုခူးဖို့ သက်သက်ပဲ လာခဲ့ကြတာလား" ဟု မေးလိုက်၏။

ဖုမင်ဇယ်က ရှန်မော့အာကို ဂရုစိုက်ရန် သတိပေးချင်သော်လည်း သူမက ၅ ပေခန့်ရှည်သော တုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ထူထပ်သော မြက်ခင်းပြင်ထဲတွင် ပုတ်ခတ်ကာ လမ်းရှာနေသည်ကို မြင်သောအခါ သူမက သူ့ထက်ပင် တောင်ပေါ်မြေမျက်နှာသွင်ပြင်ကို ပို၍ ရင်းနှီးကျွမ်းကျင်နေကြောင်း သဘောပေါက်သွားလေသည်။

ထို့ကြောင့် သူသည် သူ၏ ဝါးခြင်းတောင်းထဲမှ ပေါက်တူးတိုလေး တစ်လက်ကို ထုတ်ယူလိုက်ပြီး ကျိန့်ကျားမင်ကို ပြောလိုက်သည်။ "မင်း အလုပ်စလုပ်တော့"

ကျိန့်ကျားမင်က စိတ်မပါ့တပါဖြင့် မှိုများကို ခူးဆွတ်ရင်း ရှန်မော့အာကို မကြာခဏ လှမ်းကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။ " ရဲဘော်မော့အာက ဘာလုပ်နေတာလဲ" သူသည် အရင်က သူမကို ရဲဘော် ရှန်မော့အာ သို့မဟုတ် ရဲဘော်ရှန်ဟု ခေါ်ခဲ့သော်လည်း ယခုအခါ အတူတူ တောင်ပေါ်တက်ခဲ့ပြီးနောက် ပိုမိုရင်းနှီးလာသည်ဟု ခံစားရသဖြင့် ရဲဘော် မော့အာဟု စတင်ခေါ်ဝေါ်ခဲ့လေသည်။

ဖုမင်ဇယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဒီလူရွှင်တော်ကို ခေါ်လာမိသည့်အတွက် ရုတ်တရက် နောင်တရသွားလေသည်။

သူက အေးစက်စက် လေသံဖြင့် ပြောလိုက်၏။ "ရဲဘော် ရှန်မော့အာ ဒါမှမဟုတ် ရဲဘော်ရှန် လို့ပဲ ခေါ်ပါ။ သူ့ကို ဖြစ်သလို လျှောက်မခေါ်နဲ့"

ကျိန့်ကျားမင်က ဂရုမစိုက်ဘဲ ပြန်ပြောသည်။ "ရဲဘော် ရှန်မော့အာ ဒါမှမဟုတ် ရဲဘော်ရှန် လို့ခေါ်တာက အရမ်း သူစိမ်းဆန်လွန်းတယ်"

ဖုမင်ဇယ်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ရာ ကျိန့်ကျားမင်မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရပြီး သူ၏ ပါးစပ်ကို ဇစ်ဆွဲပိတ်လိုက်သည့် ဟန်အမူအရာ လုပ်ပြလိုက်လေသည်။ "ကောင်းပြီလေ... ငါ သူ့ကို အဲဒီလို မခေါ်တော့ပါဘူး။ ရပြီလား"

သူသည် မှိုခူးလိုက် တောဟင်းရွက် တူးလိုက်နှင့် အလုပ်ရှုပ်နေသော်လည်း မကြာမီမှာပင် ဟိုဟိုဒီဒီ ပြန်ကြည့်လာပြီး ဖုမင်ဇယ်ကို မေးလိုက်ပြန်သည်။ "ရဲဘော် ရှန်မော့အာက ဘာလို့ ဟိုနားဒီနား လျှောက်သွားနေတာလဲ။ ဒီမှာ မှိုတွေနဲ့ တောဟင်းရွက်တွေ အလုံအလောက် မရှိလို့လား။ ဒီနေရာကို အရင်ဖြတ်ပြီးမှ သူ့ဆီ သွားကြရအောင်လေ။ သူတစ်ယောက်တည်း ဆိုရင် အန္တရာယ်ရှိတယ်"

ဖုမင်ဇယ်သည် တကယ်တော့ တစ်ချိန်လုံး ထိုနေရာကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သူက ပြန်ဖြေလိုက်၏။ "သူ ယုန်ခြေရာတွေကို လိုက်ရှာနေတာ ဖြစ်မယ်"

ခဏရပ်ပြီးနောက် သူသည် ကျိန့်ကျားမင်ကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ "ဒီနေရာကို မြန်မြန် အပြီးသတ်ပြီး ဟိုဘက်ကို သွားကြရအောင်"

ထိုသို့ပြောပြီးနောက် သူသည် ကျိန့်ကျားမင်ကို လုံးဝ ဂရုမစိုက်တော့ဘဲ သူ၏ လှုပ်ရှားမှုများကိုသာ အရှိန်တင်လိုက်လေတော့သည်။

"နေပါဦး... သူက ယုန်ခြေရာတွေကို ရှာနေတာလား" ကျိန့်ကျားမင်၏ အသံ မြင့်တက်သွားသည်။ "ရှန်မော့အာက တကယ်ပဲ ယုန်ဖမ်းနိုင်လို့လား။ မဖြစ်နိုင်ပါဘူး... သူကိုယ်တိုင်က ယုန်လေးတစ်ကောင်နဲ့ တူနေတာကို..."

ဒီတစ်ကြိမ် ကျိန့်ကျားမင် ဘာပဲ တတွတ်တွတ် ပြောနေပါစေ ဖုမင်ဇယ်ကတော့ တိတ်ဆိတ်စွာသာ နေလိုက်လေသည်။ အချိန်အတော်ကြာ လျှောက်ပြောပြီးနောက် ကျိန့်ကျားမင်သည် ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့၏။ "ဟုတ်တယ်၊ ဟုတ်တယ်။ ဒီမှာ အမြန်လုပ်ပြီး သွားကြည့်ရအောင်" နောက်ဆုံးတွင် သူသည် ပါးစပ်ပိတ်သွားပြီး အလုပ်ကို ကြိုးစားပမ်းစား စတင်လုပ်ဆောင်လေတော့သည်။

ဖုမင်ဇယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အသံတိတ် သက်ပြင်းချလိုက်မိ၏။

ကျိန့်ကျားမင်က နည်းလမ်းပေါင်းများစွာဖြင့် ကောင်းမွန်လေသည်။ ရိုးရှင်းသည်၊ ရက်ရောသည်၊ ရွှင်လန်းတက်ကြွသည်။ အထူးသဖြင့် သူ၏ ရိုးရှင်းမှုက အလွန် တန်ဖိုးရှိလှပြီး ဖုမင်ဇယ် ပြောသမျှကို အခြေခံအားဖြင့် ယုံကြည်တတ်လေသည်။ တစ်ခုတည်းသော ပြဿနာမှာ တစ်ခါတစ်ရံ၌ သူက အနည်းငယ် စကားများလွန်းခြင်းပင်။

၁၀ မိနစ်အကြာတွင် သူတို့သည် ထိုနေရာရှိ မှိုများနှင့် တောဟင်းရွက်များကို လုံးဝ ရှင်းလင်းပြီးသွားခဲ့သည်။

ဖုမင်ဇယ်ကို မစောင့်တော့ဘဲ ကျိန့်ကျားမင်သည် သူ၏ ဝါးခြင်းတောင်းကို ဆွဲကာ ရှန်မော့အာရှိရာသို့ အလျင်အမြန် သွားလေတော့၏။ ဖုမင်ဇယ်သည် သူ၏ ခြင်းတောင်းကို စီစဉ်နေသဖြင့် အနည်းငယ် နှေးကွေးသွား၏။ သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ကျိန့်ကျားမင်သည် အတော်လေး ရှေ့ရောက်နေပြီ။ လမ်းတစ်ဝက်တွင် ကျိန့်ကျားမင်၏ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သံကို ဖုမင်ဇယ် ကြားလိုက်ရလေသည်။

ဖုမင်ဇယ် ပြုံးလိုက်မိ၏။ သူတို့ တကယ်ပဲ ယုန်ဖမ်းမိသွားသည့်ပုံပေါ်သဖြင့် သူလည်း ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်လေသည်။

ဖုမင်ဇယ် ထိုနေရာသို့ ရောက်ရှိသွားသောအခါ ကျိန့်ကျားမင်က ယုန်နားရွက်တစ်စုံကို ကိုင်ကာ အောင်ပွဲခံသည့်ဟန်ဖြင့် ရယ်မောနေသည်ကို မြင်လိုက်ရသည်။ "မင်ဇယ်... ကြည့်စမ်း၊ ယုန်က ဝဖြိုးနေတာပဲ"

သူသည် ခြေတံတိုလေးများကို အားပျော့စွာ ကန်ကျောက်နေကြသည့် ယုန် ၂ ကောင်ကို မည်သည့် သနားညှာတာမှုမျှ မရှိဘဲ ကိုင်ထားကာ ဗြုန်းစားကြီး ပြောလိုက်လေသည်။ "ရှန်မော့အာက နောက်ရက်တွေကျရင် ငါတို့ကို သူ့အိမ်ကို ဖိတ်ပြီး နေ့တိုင်း အသားချက်ကျွေးမယ်လို့ ပြောတယ်ကွ" သူ အရမ်းစိတ်လှုပ်ရှားနေသဖြင့် သူမကို ရှန်မော့အာဟုသာ ယောင်ပြီး ပြန်ခေါ်လိုက်မိလေသည်။

ကျိန့်ကျားမင်၏ လက်ထဲမှ ယုန် ၂ ကောင်အပြင် ရှန်မော့အာ၏ ခြေရင်းတွင် နောက်ထပ် တစ်ကောင် ရှိနေသေးသည်။

ဖုမင်ဇယ်က ယုန်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်တို့က ရှန်မော့အာ၏ လက်ထဲရှိ လေးငယ်လေးဆီသို့ ရောက်သွားလေသည်။ ထိုလေးသည် အလွန် ရိုးရှင်းပြီး အသစ်ဖြစ်ဟန်တူကာ လေးကိုင်း၏ သစ်သားမှာ သေချာစွာ ပွတ်တိုက်ချောမွတ်ထားခြင်း မရှိဘဲ အနည်းငယ် ကြမ်းတမ်းနေသေးသည်။ လေးအပြင် သူမတွင် ဝါးမြှားအနည်းငယ်လည်း ရှိနေပြီး မြှားခေါင်းများကို အလွန်ထက်မြက်အောင် သွေးထားလေသည်။

ဒီနေ့ သူမသည် ထိုတောယုန်များကို ဖမ်းဆီးရန် အရုပ်တစ်ခုနှင့်တူသော ဤသာမန် လေးနှင့်မြှားကို အသုံးပြုခဲ့သည်ဟု ဖုမင်ဇယ်က ခန့်မှန်းလိုက်မိ၏။

ပြီးခဲ့သည့်အကြိမ်က သူမ ယုန်ဖမ်းခဲ့သည့် နည်းလမ်းမှာ ပိုမိုကြမ်းတမ်းပြီး ယုံနိုင်စရာမရှိသလို ကံကောင်းမှုတစ်ခုလို ပိုထင်ရသော်ငြားလည်း ဖုမင်ဇယ်၏ စိတ်ထဲတွင် 'ဒီမိန်းကလေးက ဘယ်လို မိန်းကလေးမျိုးပါလိမ့်' ဟူသော အတွေးတစ်ခု ရုတ်တရက် ဝင်လာခဲ့လေသည်။

ရှန်မော့အာသည် ဝါးမြှားများကို မြေကြီးထဲတွင် အကြိမ်အနည်းငယ် ပွတ်တိုက်လိုက်ပြီးနောက် မြက်ခင်းများဖြင့် သန့်စင်အောင် သုတ်လိုက်သည်။ လေးနှင့်အတူ ဝါးခြင်းတောင်းထဲသို့ ပြန်ထည့်တော့မည့်ဆဲဆဲတွင် ကျိန့်ကျားမင်က ရုတ်တရက် အော်ပြောလိုက်လေသည်။ "ရှန်မော့အာ... ကျွန်တော် ဒီလေးကို စမ်းပစ်ကြည့်လို့ ရမလား" ရှန်မော့အာက ယုန်များကို အလွယ်တကူ ဖမ်းမိသည်ကို မြင်လိုက်ရသဖြင့် သူသည် အလွန်အမင်း စမ်းကြည့်ချင်နေလေပြီ။

"ရတာပေါ့"

ထို့နောက် ရှန်မော့အာက လေးနှင့်မြှားများကို ကမ်းပေးလိုက်သည်။

ကျိန့်ကျားမင်က ချက်ချင်းပင် ယုန်များကို အောက်ချလိုက်ပြီး လေးနှင့်မြှားများကို ယူကာ ပျော်ရွှင်စွာဖြင့် စမ်းသပ်ကြည့်လေတော့သည်။

အပြောလွယ်သလောက် အလုပ်ခက်သည်ဆိုသည့် ဆိုရိုးစကားအတိုင်းပင်။ ရှန်မော့အာက ယုန် ၃ ကောင်ကို အလွယ်တကူ ဖမ်းမိသည်ကို မြင်လိုက်ရသဖြင့် ကျိန့်ကျားမင်က ဒါက ထင်ထားသလောက် ခက်ခဲမည်မဟုတ်ဟု ချက်ချင်း တွေးလိုက်မိသည်။ ရှန်မော့အာလို မိန်းကလေးငယ်တစ်ယောက်တောင် လုပ်နိုင်လျှင် သူလို ယောက်ျားကြီး တစ်ယောက်လည်း သေချာပေါက် လုပ်နိုင်မည် မဟုတ်ပါလား။

သို့သော် တကယ်တမ်းတွင်မူ သူသည် လေးနှင့်မြှားကို ကိုင်ကာ ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့သော်လည်း ယုန်တစ်ကောင်၏ အရိပ်ကိုပင် မမြင်ခဲ့ရချေ။ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ သစ်ရွက်အချို့ကို ပစ်ကြည့်ရန် ကြိုးစားလိုက်ရာ သစ်ရွက်များကို မထိသည့်အပြင် လွဲချော်သွားသေးသည်။

နောက်ဆုံးတွင် သူ၌ ဤကျွမ်းကျင်မှု မရှိကြောင်းကို နောင်တရစွာဖြင့် ဝန်ခံခဲ့ရပြီး ရှန်မော့အာကို ရှုထောင့်ပေါင်းစုံမှ အဆုံးအစမရှိ ချီးကျူးစကားများကို ထပ်မံစတင်လေတော့သည်။

ရှန်မော့အာပင်လျှင်စိတ်ထဲတွင် ကြိတ်ပြီး မအံ့သြဘဲ မနေနိုင်တော့ချေ။ အကယ်၍ ဤကျိန့်ကျားမင်သာ သာ့လျန်မင်းဆက်၏ မြို့တော်တွင် မွေးဖွားခဲ့ပါက သူ၏ ဖားယားသည့် စွမ်းရည်ဖြင့်တင် မြို့တော်ရှိ အထက်တန်းလွှာများကြားတွင် မျက်နှာပန်းပွင့်သူတစ်ဦး ဖြစ်လာနိုင်ပေလိမ့်မည်။

ဖုမင်ဇယ်က မြေကြီးပေါ်မှ ယုန်များကို ကောက်ယူကာ ရှန်မော့အာ၏ ဝါးခြင်းတောင်းထဲသို့ ထည့်လိုက်ပြီး သူခူးဆွတ်ထားသော မှိုများနှင့် တောဟင်းရွက်များဖြင့် ဖုံးအုပ်လိုက်သည်။ ထို့နောက် သူနှင့် ရှန်မော့အာ၏ ခြင်းတောင်းကို လဲလှယ်လိုက်ကာ ပစ္စည်းများပါသော ခြင်းတောင်းကို သူက လွယ်လိုက်ပြီး အလွတ်ဖြစ်နေသော ခြင်းတောင်းကို ရှန်မော့အာထံ ကမ်းပေးလိုက်လေသည်။ "ဒီလောက်ဆို ရပါပြီ။ သွားကြစို့"

သူက ကျိန့်ကျားမင်ကို ကန်လိုက်သည်။ "သွားကြမယ်"

ကျိန့်ကျားမင်က သူ၏ ဘောင်းဘီကို ပွတ်သပ်လိုက်ပြီး "ဒီတစ်ခါ ငါ သူ့ကို ဘာများ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိပြန်ပြီလဲ" ဟု တတွတ်တွတ် ရေရွတ်လိုက်ကာ ဘာမှနားမလည်ဘဲ သူ၏ ခြင်းတောင်းကိုလွယ်၍ နောက်မှ လိုက်သွားလေတော့သည်။

ရာသီဥတုက ပူပြင်းသဖြင့် အစားအစာများကို အကြာကြီး သိမ်းထား၍ မရနိုင်ချေ။ တောယုန် ၃ ကောင်ဆိုလျှင် နောက်ရက်အနည်းငယ်အတွက် လုံလောက်နေလေပြီ။ ထိုနည်းတူစွာပင် သူတို့သည် မှိုများနှင့် တောဟင်းရွက်များကို အလွန်အကျွံ ခူးဆွတ်ရန် မလိုအပ်ဘဲ ၂ ရက်၊ ၃ ရက်စာအတွက်သာ လုံလောက်လေသည်။

သို့သော်လည်း သူတို့သည် ဝါးတောထဲသို့ တစ်ခေါက် ထပ်သွားခဲ့ကြသေးပြီး မျှစ်အနည်းငယ်ကို တူးယူခဲ့ကြသည်။ မျှစ်များကို ပြုတ်သည်ဖြစ်စေ၊ အသားနှင့် ရောကြော်သည်ဖြစ်စေ အလွန် အရသာရှိလှသည်။

သူတို့ တောင်အောက်သို့ ဆင်းအလာတွင် မထင်မှတ်ဘဲ ယန်ချင်းချင်းနှင့် ထပ်မံဆုံတွေ့ကြလေသည်။

ကျန်ရစ်ခဲ့ပြီး တောအုပ် အတွင်းပိုင်းသို့ မဝင်ရဲသောကြောင့် ယန်ချင်းချင်းသည် တောင်တက်လမ်းဘေးရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေခြင်း ဖြစ်ပုံရသည်။ သူတို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူမက ချက်ချင်းပင် ဖုမင်ဇယ်ကို နူးညံ့စွာ လှမ်းခေါ်လိုက်လေသည်။ "ရဲဘော် ဖုမင်ဇယ်..."

ဖုမင်ဇယ်က အရှိန်ပင် မလျှော့ဘဲ သူမကို ကျော်ဖြတ်သွားတော့မည့်ဆဲဆဲတွင် ယန်ချင်းချင်းက အလျင်အမြန် ထပ်ပြောလိုက်လေသည်။ "ရဲဘော် ဖုမင်ဇယ်... ကျွန်မ ခြေကျင်းဝတ် လည်သွားလို့ လမ်းလျှောက်လို့ မရတော့ဘူး။ ကျွန်မတို့ အားလုံးက ပညာတတ်လူငယ်အဖွဲ့ တစ်ဖွဲ့တည်းကပဲဆိုတော့ ရှင် ကျွန်မကို ကူညီပေးနိုင်မလား"

ရှန်မော့အာက သူမကို ကြည့်လိုက်ပြီး သူမဖတ်ဖူးသော ပုံပြင်ဟောင်းများထဲမှ နတ်သမီးများကို ရှင်းပြ၍မရအောင် သတိရသွားမိလေသည်။ သူတို့သည် အမြဲတမ်း ထူးဆန်းသော နေရာများတွင် ပေါ်လာတတ်ပြီး တစ်ခုခုကို ပျောက်ဆုံးသွားခြင်း၊ ချစ်ရသူများနှင့် ကွဲကွာသွားခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများ ဖြစ်ကာ ချောမောသော ပညာတတ် လူငယ်လေးများထံမှ အကူအညီတောင်းရန် ဆင်ခြေတစ်ခုခု အမြဲရှိနေတတ်ပြီး နောက်ဆုံးတွင် အချစ်ဇာတ်လမ်း တစ်ပုဒ်အဖြစ် အဆုံးသတ်သွားတတ်လေသည်။

'ဒီနတ်သမီးတွေက တော်တော် လည်တာပဲ။ အဲဒီလိုမှ မဟုတ်ရင် သူတို့က ဘာလို့ ရုပ်ဆိုးပြီး အသက်ကြီးတဲ့ ပညာတတ်တွေဆီကနေ အကူအညီ မတောင်းရတာလဲ' ဟု သူမ တွေးလိုက်၏။

ယခု ယန်ချင်းချင်းကို ကြည့်လိုက်သောအခါ သူမသည် ပုံပြင်စာအုပ်များထဲမှ နတ်သမီးများနှင့် တူညီမှုများကို မမြင်ဘဲ မနေနိုင်တော့ချေ။

သို့သော် ဖုမင်ဇယ်ကမူ လူစွမ်းကောင်း ပညာတတ်တစ်ယောက် မဟုတ်ပေ။ သူသည် ယန်ချင်းချင်းကို ခပ်အေးအေးသာ တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ရပ်တန့်သွားပြီးမှ ဆက်လျှောက်သွားလေတော့သည်။

ယန်ချင်းချင်း စိုးရိမ်လာပြီး "ကျွန်မ တကယ်ပဲ ဒဏ်ရာရသွားလို့ တောင်အောက်ကို လမ်းလျှောက်လို့ မရတော့တာပါ။ တောင်ပေါ်မှာ တစ်ယောက်တည်း ကျန်နေခဲ့ရင် အန္တရာယ်ရှိနိုင်တယ်။ ရှင် ကျွန်မကို ဒီမှာ ဒီအတိုင်း ပစ်ထားခဲ့လို့ မရဘူးလေ၊ ဟုတ်တယ်မလား"

ကျိန့်ကျားမင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဒါဆို ကျွန်တော်တို့က မင်းကို ဘယ်လို ကူညီပေးရမလဲ"

ယန်ချင်းချင်းက ပုံမှန်ကိစ္စတစ်ခုလိုပင် ပြန်ဖြေလိုက်၏။ "ရဲဘော် ဖုမင်ဇယ်က ကျွန်မကို တောင်အောက်ရောက်တဲ့အထိ ကျောပိုးသွားပေးရုံပါပဲ"

ဖုမင်ဇယ်က သူမကို ဂရုမစိုက်ဘဲ ဆက်လျှောက်သွားလေသည်။ ကျိန့်ကျားမင်က ဖုမင်ဇယ် ထွက်သွားသော ကျောပြင်ကို ကြည့်လိုက်ပြီးနောက် ယန်ချင်းချင်းကို ပြန်ကြည့်လိုက်သည်။ တကယ်လို့ သူမသာ တကယ် ဒဏ်ရာရနေပါက သူမကို ပစ်ထားခဲ့ရန် မသင့်တော်ဟု ခံစားရသဖြင့် သူက ပြောလိုက်လေသည်။ "ဖုမင်ဇယ်ကတော့ မင်းကို သေချာပေါက် ကျောပိုးမှာ မဟုတ်ဘူး။ တကယ်လို့ လိုအပ်ရင် ကျွန်တော် မင်းကို တောင်အောက်ရောက်တဲ့အထိ ကျောပိုးသွားပေးရမလား"

ထိုသို့ပြောလိုက်စဉ် သူသည် တောင်တက်လမ်းကို တစ်ချက်ကြည့်လိုက်ပြီး အပြည့်အဝ ယုံကြည်မှုတော့ မရှိပေ။ သူက သိပ်သန်မာသူ မဟုတ်သဖြင့် ယန်ချင်းချင်းကို တောင်အောက်သို့ ကျောပိုးသွားရန်မှာ အနည်းငယ် ခက်ခဲနိုင်လေသည်။

ယန်ချင်းချင်းက ချက်ချင်းပင် ယဉ်ကျေးစွာ ငြင်းဆန်လိုက်လေသည်။ "ရဲဘော် ကျိန့်ကျားမင်... ရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မက တော်တော် လေးတယ်။ ရှင် ကျွန်မကို ကျောပိုးနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။ တကယ်လို့ ကျွန်မတို့သာ တောင်တက်လမ်းပေါ်မှာ ချော်လဲသွားရင် ပိုပြီး ဒုက္ခရောက်လိမ့်မယ်။ ပြီးတော့ ရှင်က အမျိုးသားရဲဘော် တစ်ယောက်ဆိုတော့ ရှင် ကျွန်မကို ကျောပိုးတာက သိပ်ပြီး မသင့်တော်ဘူးလို့ ထင်တယ်"

'ဒါဆို ရဲဘော် ဖုမင်ဇယ်က ရှင့်ကို ကျောပိုးသွားတာက သင့်တော်တယ်ပေါ့လေ' ဟု ရှန်မော့အာ တွေးလိုက်မိသည်။

ရှန်မော့အာသည် မျက်လုံးကို မှေးလိုက်ပြီး ကျိန့်ကျားမင် တကယ်ကို ကံဆိုးလှသည်ဟု တွေးလိုက်မိသည်။ သူက ကူညီရန် ကမ်းလှမ်းခဲ့သော်လည်း သူမက သူ့ကို ရုပ်ဆိုးပြီး အသက်ကြီးသော ပညာတတ်တစ်ယောက်လို ဆက်ဆံခဲ့လေသည်။ ထို့နောက် သူမက ပြောလိုက်သည်။ "ရဲဘော်ယန်... ကျွန်မက ငယ်ငယ်ကတည်းက တောင်တွေပေါ်ကို တက်လာခဲ့တာဆိုတော့ တော်တော်လေး သန်မာတယ်။ ကျွန်မ ရှင့်ကို တောင်အောက်ရောက်တဲ့အထိ ကျောပိုးသွားပေးရမလား"

ယန်ချင်းချင်းသည် တုံ့ဆိုင်းသွားပြီးနောက် အတင်းပြုံးကာ ပြောလိုက်ပြန်သည်။ "ရဲဘော် ရှန်မော့အာ... ရှင့်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးရဲဘော် တစ်ယောက်က ဘယ်လောက်ပဲ သန်မာပါစေ အမျိုးသားရဲဘော် တစ်ယောက်နဲ့ ယှဉ်လို့မရပါဘူး။ တကယ်လို့ ရှင်သာ ကျွန်မကို ကျောပိုးရင် ကျွန်မတို့ ချော်လဲသွားမှာကို စိုးရိမ်လို့ပါ"

'အင်းလေ... အမျိုးသားရဲဘော်တွေက မသင့်တော်ဘူး၊ အမျိုးသမီးရဲဘော်တွေက မသန်မာဘူးဆိုတော့ နောက်ဆုံး သင့်တော်တဲ့သူက ရဲဘော် ဖုမင်ဇယ် တစ်ယောက်တည်းပဲ ရှိတာပေါ့' သူမ စဉ်းစားလိုက်သည်။

ရှန်မော့အာက မျက်ခုံးပင့်လိုက်ပြီး ကျိန့်ကျားမင်ကို ပြောလိုက်သည်။ "ကျွန်မတို့ ကူညီလို့မရဘူးဆိုတော့လည်း သွားကြတာပေါ့" ထိုသို့ပြောပြီးနောက် သူမသည် ခပ်သွက်သွက် လျှောက်သွားလေတော့သည်။

ကျိန့်ကျားမင်သည် တစ်ယောက်ကို ကြည့်လိုက်၊ နောက်တစ်ယောက်ကို ကြည့်လိုက် လုပ်ပြီးနောက် နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ဘဲ နောက်မှ လိုက်သွားလေတော့သည်။

သူတို့က သူမကို တကယ်ပစ်ထားခဲ့မည်ဟု ယန်ချင်းချင်း မယုံနိုင်ဘဲ အော်ပြောလိုက်လေသည်။ "ရှင်တို့က ကျွန်မကို ဒီလိုမျိုး ဘယ်လိုလုပ် ပစ်ထားခဲ့နိုင်ရတာလဲ။ တောင်ပေါ်မှာ တောရိုင်းတိရစ္ဆာန်တွေနဲ့ လူဆိုးတွေ ရှိနိုင်တယ်။ ကျွန်မ တစ်ခုခုဖြစ်သွားရင် ရှင်တို့ အပြစ်ရှိသလို မခံစားရဘူးလား။ ရှင်တို့က ဘယ်လိုလုပ် ဒီလောက် ရက်စက်နိုင်ရတာလဲ..."

တောင်တက်လမ်းပေါ်မှ ရှန်မော့အာ၏ အသံ ပြန်လွင့်လာခဲ့၏။ "ရဲဘော် ယန်ချင်းချင်း... စိတ်မပူပါနဲ့။ ကျွန်မတို့က တောင်ခြေနား ရောက်နေပြီလေ။ တောရိုင်းတိရစ္ဆာန်တွေ ရှိမှာမဟုတ်ပါဘူး။ တကယ်လို့ ရစ်ငှက် ဒါမှမဟုတ် ယုန်တွေများ ထွက်လာရင် သူတို့ကို ဖမ်းပြီး ကိုယ့်ကိုယ်ကိုယ် အားဖြည့်ဖို့ ပြန်ယူသွားလိုက်ပေါ့။ ဪ... ပြီးတော့ ဆက်မအော်ဖို့ အကြံပေးချင်တယ်။ ရှင် ဆက်အော်နေမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ ဘယ်သူသိမှာလဲ..."

ယန်ချင်းချင်းတစ်ယောက် ချက်ချင်းပင် တိတ်ဆိတ်သွားလေတော့သည်။

လမ်းထောင့်ချိုးတစ်ခုကို ကွေ့ပြီးနောက် ကျိန့်ကျားမင်သည် နောက်သို့လှည့်ကြည့်လိုက်ရာ ယန်ချင်းချင်းကို မမြင်ရတော့ချေ။ သူ မနေနိုင်ဘဲ မေးလိုက်လေသည်။ "ကျွန်တော်တို့က သူ့ကို တကယ်ပဲ ဒီအတိုင်း ပစ်ထားခဲ့တော့မှာလား"

ရှန်မော့အာက ပြုံးလိုက်၏။ "ဖုမင်ဇယ် လမ်းလျှောက်တာ ဘယ်လောက် မြန်လဲဆိုတာ ရှင် မမြင်လိုက်ဘူးလား။ သူ အကူအညီသွားခေါ်ဖို့ ရွာကို ပြန်သွားတာ ဖြစ်ရမယ်"

ယန်ချင်းချင်း တကယ် ဒဏ်ရာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူမ တကယ် ဒဏ်ရာရနေသည်ဟုပင် သဘောထားလိုက်ခြင်းက ပိုကောင်းပေမည်။ သူတို့သည် ရွာသူကြီးကို အသိပေးပြီး သူမကို တောင်အောက်သို့ ကျောပိုးခေါ်လာရန် ခွန်အားကြီးသော အဒေါ်ကြီး ၂ ယောက်ကို စီစဉ်ပေးခိုင်းနိုင်သည်။

ရှန်မော့အာ၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ ဖုမင်ဇယ်သည် တောင်အောက်သို့ ဆင်းပြီးနောက် ရွာသူကြီးထံသို့ တိုက်ရိုက်သွားခဲ့ပြီး ရွာသူကြီးကလည်း အကူအညီပေးရန် တောင်ပေါ်သို့ အဒေါ်ကြီး ၂ ယောက်ကို စေလွှတ်ခဲ့လေသည်။ သို့သော် တောင်တက်လမ်း တစ်ဝက်တွင် အဒေါ်ကြီး ၂ ယောက်သည် ယိုင်တိုင်တိုင်ဖြင့် တောင်အောက်သို့ ဆင်းလာသော ယန်ချင်းချင်းနှင့် ဆုံတွေ့ခဲ့ကြသည်။

ယန်ချင်းချင်းသည် တကယ်ပင် ခြေကျင်းဝတ် လည်သွားခဲ့သော်လည်း လမ်းမလျှောက်နိုင်လောက်အောင်တော့ မပြင်းထန်ခဲ့ချေ။ ရှန်မော့အာနှင့် အခြားသူများ ထွက်သွားပြီးနောက် သူမသည် အချိန်အတန်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း မည်သူမျှ ပြန်မလာသောအခါ သူမသည် ကျိန်ဆဲကာ တောင်အောက်သို့ ကိုယ်တိုင် ဆင်းလာခဲ့လေတော့သည်။

အဒေါ်ကြီး ၂ ယောက်က ထိုအခြေအနေကို မြင်သောအခါ သူတို့၏ မျက်နှာများ ပျက်ယွင်းသွားကြပြီး တစ်ယောက်က တံတွေးထွေးကာ ပြောလိုက်လေသည်။ "ရှင်ကများ ကျွန်မတို့ကို နောက်နေတာလား"

ထိုသို့ပြောပြီးနောက် သူတို့သည် နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားကြလေတော့သည်။

...

All Chapters