အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အပိုင်း (၂၇)
ဖုမင်ဇယ်၏ စရိုက်အရ မိမိ၏ ငွေကြေးကျပ်တည်းမှုကို ယခုကဲ့သို့ ဗြောင်ကျကျ ထုတ်ပြောလိမ့်မည်ဟု ရှန်မော့အာက မထင်ထားခဲ့ပေ။ သို့သော်လည်း ဖုမင်ဇယ်သည် ရုပ်ဝတ္ထုပစ္စည်း အနည်းငယ်အတွက်နှင့် သူမကို စိတ်လိုက်မာန်ပါ စွန့်စားခြင်း မပြုရန် နားချလိုရင်း ဖြစ်သည်ကို ချက်ချင်းပင် နားလည်လိုက်လေသည်။
ရှန်မော့အာသည် ရုတ်ချည်းပင် စိတ်အခြေအနေ ကောင်းမွန်သွားကာ နှုတ်ခမ်းအစုံကို ကွေးညွှတ်ပြုံးလိုက်ရင်း မေးလိုက်၏။ "ပညာတတ်လူငယ် ဖုက ကျွန်မတို့ အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေတာလား"
ဖုမင်ဇယ်သည် အနည်းငယ် ကြောင်အသွားပြီးနောက် မျက်လွှာချလိုက်ကာ ထိုမေးခွန်းကို တိုက်ရိုက်ပြန်မဖြေဘဲ ပြောလိုက်၏။ "ဘယ်လောက်ပဲ တန်ဖိုးရှိပါစေ၊ အသက်ထက်တော့ အရေးမကြီးပါဘူး။ တကယ်လို့ အခိုးခံလိုက်ရရင်တောင် နောက်ထပ် နည်းလမ်းရှာလို့ ရနိုင်ပါသေးတယ်"
ခဏလောက် ရပ်တန့်လိုက်ပြီးနောက် သူက ဆက်ပြောလေသည်။ "ကျွန်တော့်လက်ထဲမှာ ပိုက်ဆံမရှိရင်တောင် ကျိန့်ကျားမင်ရဲ့ အိမ်ခြေအနေက မဆိုးလှပါဘူး၊ သူ့ဆီမှာ ပိုက်ဆံအနည်းငယ် ရှိပါတယ်။ ဒါ့အပြင် ကျွန်တော့်မှာ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်လည်း ရှိသေးတယ်၊ သူ့မိသားစုက စီးပွားရေး တော်တော်လေး ပြည့်စုံတော့ လိုအပ်ရင် အချိန်မရွေး ငွေထုတ်ပေးနိုင်လိမ့်မယ်။ မင်း နောက်ပိုင်းမှာ ပိုက်ဆံလိုလာရင် ကျွန်တော့်ကို ပြောပါ၊ အတူတူ နည်းလမ်းရှာပေးမယ်"
သူက ယခုကဲ့သို့ ပြောလာလိမ့်မည်ဟု ရှန်မော့အာ မမျှော်လင့်ထားခဲ့ချေ။ စီးပွားရေးပြည့်စုံသော သူငယ်ချင်းတစ်ယောက် ရှိနေသည့်တိုင် ထိုသူငယ်ချင်းဆီက အကူအညီယူရသည်အခြေအနေအထိ သူ ဆင်းရဲနေခြင်းမှာ သူကိုယ်တိုင်က သူတစ်ပါးကို အကူအညီတောင်းခံရန် ဝန်လေးတတ်သူဖြစ်ကြောင်း သိသာလှပေသည်။ သို့သော်လည်း သူမသာ လိုအပ်လာပါက ထိုစည်းမျဉ်းကို ချိုးဖောက်ပြီး သူငယ်ချင်းဖြစ်သူကို အပူကပ်ရန် ဝန်မလေးကြောင်း ပြောနေခြင်းပင်။
'သူ့စကားတွေကို ကြည့်ရင်တော့ သူမသာ အကူအညီလိုမယ်ဆိုရင် သူငယ်ချင်းဖြစ်သူဆီမှာ အားနာပါးနာနဲ့တောင် ပါးစပ်ဟပေးမယ့် ပုံစံပဲ'
ရှန်မော့အာက ပြုံးလိုက်ပြီး ငြင်းဆန်ခြင်း မပြုဘဲ ပြောလိုက်၏။ "ကောင်းပါပြီ၊ ဒါဆိုရင်တော့ အရင်ဆုံး ကျေးဇူးတင်ပါတယ်နော် ပညာတတ်လူငယ် ဖု"
ဖုမင်ဇယ်က သူမကို တစ်ချက် ကြည့်လိုက်သည်တွင် သူ၏မျက်ဝန်းထဲတွင် နူးညံ့သိမ်မွေ့သော အပြုံးအရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။ သူသည် ဘာမှထပ်မပြောတော့ဘဲ ခေါင်းကိုသာ ခါယမ်းလိုက်ရင်း ရေပုံးကို ဆွဲကာ ထွက်ခွာသွားတော့သည်။
သူ၏ ပိန်ပိန်ပါးပါး ကိုယ်ဟန်လေး ဝေးကွာသွားသည်ကို ကြည့်နေရင်း ရှန်မော့အာသည် သူပုန်တပ်များ မြို့ထဲသို့ မဝင်ရောက်မီက အဖြစ်အပျက်များကို မရည်ရွယ်ဘဲ သတိရသွားမိလေသည်။
ထိုနေ့က ဦးရီတော်ဖြစ်သူ မင်းကြီးနှင့် သူမ၏ဖခင်ဖြစ်သူတို့သည် ဥယျာဉ်ထဲရှိ ကြာပန်းကြည့်ဆောင်တွင် လက်ဖက်ရည်သောက်ရင်း စစ်တုရင်ကစားနေခဲ့ကြသည်။ စစ်တုရင်ကွက်မှာ အချိန်အတော်ကြာ မလှုပ်ရှားဘဲ ရှိနေသော်လည်း ထိုနှစ်ဦးမှာ မြို့တော်ရှိ နာမည်ကြီး လူငယ်မျိုးနွယ်စုများကို စာရင်းပြုစု၍ စကားဖောင်ဖွဲ့နေကြ၏။ ထို့နောက် ဦးရီးတော် မင်းကြီးက မသိမသာဖြင့် သူမကို ဘယ်လိုပုံစံမျိုး ရှိသော ကြင်ယာတော်ကို ရွေးချယ်လိုသလဲဟု မေးမြန်းခဲ့လေသည်။
ထိုအချိန်တွင် သူမသည် အဆောင်အစွန်၌ မှီထိုင်ရင်း ပျင်းရိစွာဖြင့် ငါးမျှားနေခဲ့သည်။ ထိုမေးခွန်းကို ကြားသောအခါ ခဏမျှ စဉ်းစားလိုက်ပြီးမှ ဖြေလိုက်၏။ "ရုပ်ချောတဲ့သူပဲ ဖြစ်ရမယ်"
သူမဖခင်၏ အခြေအနေမှာ သတိထားရသူ ဖြစ်သဖြင့် သူမ၏ ကြင်ယာတော်မှာ ထက်မြက်လွန်းပြီး အာဏာမက်သူ မဖြစ်ရန် လိုအပ်လှပေသည်။ သို့မှသာ အတွင်းရေး ပြဿနာများကို ရှောင်လွှဲနိုင်ပေလိမ့်မည်။ ထို့ပြင် သူမသည် ငယ်စဉ်ကတည်းက ရုပ်ဆိုးသောအရာများကို ကြည့်ရသည်ကို မနှစ်မြို့သဖြင့် နောင်တစ်ချိန်တွင် နေ့စဉ်နှင့်အမျှ မျက်နှာချင်းဆိုင်ရမည့် ကြင်ယာတော်မှာ အချောဆုံး ဖြစ်နေရန် လိုလားမိခြင်းပင်။
ဦးရီးတော် မင်းကြီးသည် သူမ၏ အဖြေကို ကြားသောအခါ အားရပါးရ ရယ်မောလိုက်ပြီး ပြောလိုက်၏။ "အမတ်ကြီး ရွှီရဲ့ အိမ်က ပဉ္စမမြောက်သားလေးဟာ တကယ့်ကို ရုပ်ချောတဲ့ လူရည်ချွန်လေးလို့ ငါ ကြားထားတယ်။ သူက ပန်းချီကို အရူးအမူး ဝါသနာပါပြီး မင်းအဖေရဲ့ လက်ရာတွေကိုလည်း သဘောကျတယ်ဆိုတော့ မင်းရဲ့ ကြင်ယာတော် ဖြစ်လာဖို့ ဝမ်းသာအားရ လက်ခံမှာ အသေအချာပဲ"
သို့သော် သူမ၏ဖခင်က ပြန်ပြောလိုက်၏။ "အဲဒီကောင်လေးကို ကျွန်တော် တွေ့ဖူးပါတယ်။ ကံဆိုးတာက သူက အမတ်ကြီးရွှီဆီက ပညာတတ်အငွေ့အသက်တွေ အများကြီး ပါနေတော့ ကျွန်တော့်သမီးနဲ့ မသင့်တော်ပါဘူး။ မော့အာက သူ့အစ်ကိုတွေနဲ့အတူ သိုင်းကျင့်ရတာ၊ မြားပစ်ရတာ ဝါသနာပါတာလေ။ ကျွန်တော့်အမြင်မှာတော့ စစ်သူကြီး ကျူးရဲ့ သားအငယ်ဆုံးလေးက မဆိုးဘူး၊ အဲဒီကလေးက တကယ့်ကို သတ္တိရှိတဲ့ ပုံစံလေးပဲ"
ခေတ္တမျှ ရပ်တန့်ပြီးနောက် သူမဖခင်က ဆက်ပြောလေသည်။ "ဒါပေမဲ့ သူ့နာမည်က ကျူး ဖြစ်နေတာကိုတော့ ကျွန်တော် သိပ်သဘောမကျဘူး"
ဦးရီးတော် မင်းကြီးသည် သူမဖခင်၏ စကားများကို စိတ်မဆိုးသည့်အပြင် စဉ်းစားဆင်ခြင်ပြီး ထပ်ပြောလိုက်ပြန်သည်။ "ဒီနှစ်မှာ စာမေးပွဲ ပထမရတဲ့သူက ရုပ်ရည်က သာမန်ပဲ၊ ဒုတိယရတဲ့သူကလည်း အသက်ကြီးလွန်းနေပြီ။ တတိယရတဲ့သူကတော့ ရုပ်ရည်က မဆိုးဘူးလို့ ပြောလို့ရတယ်..."
သူမ၏ဖခင်က ပြတ်ပြတ်သားသားပင် ပြန်ပြောလိုက်၏။ "မဆိုးဘူးဆိုရုံနဲ့ ကျွန်တော့်ရဲ့ မော့အာလေးနဲ့ ဘယ်လိုလုပ် တန်ပါ့မလဲ"
ဦးရီးတော် မင်းကြီးမှာ ထိုစကားကြောင့် ဘာပြန်ပြောရမှန်း မသိတော့ဘဲ ရယ်မောရင်း ဆိုရှာလေသည်။ "မင်းကတော့လေ... မင်းပြောတာလည်း ကျိုးကြောင်းဆီလျော်ပါတယ်"
သူမ၏ဖခင်မှာ ဘုရင်ကို စော်ကားမိသည်ဟု စိုးစဉ်းမျှ မထင်ဘဲ အလေးအနက် ဆက်ပြောနေသေး၏။ "ဒါပေါ့... ကျိုးကြောင်းဆီလျော်တာပေါ့။ တကယ်လို့ အသင့်အတင့် ရှိတဲ့သူကိုပဲ ရွေးမယ်ဆိုရင် အစ်ကိုတော်အထိ အပူကပ်စရာ မလိုပါဘူး၊ ကျွန်တော် ကိုယ်တိုင်တောင် တစ်ယောက်ယောက်ကို လက်ညှိုးထိုး ရွေးပေးလိုက်လို့ ရတာပဲ"
"ဒါနဲ့ သတိရလာပြီ... ရှီးချီနိုင်ငံက ဒုတိယမင်းသားက ရှီးချီရဲ့ အချောဆုံး အမျိုးသားလို့ နာမည်ကြီးတယ်လေ။ တကယ်လို့ သူသာ လက်ထပ်ဖို့ လာနိုင်မယ်ဆိုရင် စဉ်းစားပေးလို့ ရနိုင်ပါတယ်" သူမဖခင်က ဗြောင်ကျကျပင် ပြောလိုက်သေးသည်။
ထိုနေ့က ဦးရီးတော် မင်းကြီးနှင့် သူမ၏ဖခင်တို့မှာ လူငယ်အမျိုးသားများအကြော့် မည်မျှအထိ ပြောဆိုခဲ့ကြသည် မသိချေ။ ရှန်မော့အာမှာတော့ နေပူရှိန်အောက်တွင် ငိုက်မြည်းနေမိရင်း 'သူမရဲ့ဦးရီးတော် ဘုရင်ကြီးမှာ အလုပ်တွေ တောင်ပုံရာပုံ ရှိနေတာတောင် လူငယ်အမျိုးသားတွေရဲ့ နာမည်တွေကို ဒီလောက်အထိ မှတ်မိနေတာ တကယ်ကို အံ့သြဖို့ ကောင်းလိုက်တာ' ဟုသာ တွေးနေမိတော့သည်။
မကြာမီမှာပင် ထိုနေ့က ဦးရီးတော် မင်းကြီးနှင့် သူမဖခင်တို့ ပြောဆိုခဲ့ကြသော လူငယ်များ၏ ပုံတူပန်းချီကားများကို မင်းသားအိမ်တော်သို့ ပို့ဆောင်ပေးခဲ့လေသည်။ ထိုအထဲတွင် နာမည်ကျော် အချောဆုံးဖြစ်သော ရှီးချီ ဒုတိယမင်းသား၏ ပုံတူပန်းချီကားပင် ပါဝင်သည်ဟု ဆိုကြ၏။
နှမြောစရာ ကောင်းသည်မှာ ထိုပန်းချီကားများ အိမ်တော်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူပုန်တပ်များက မြို့တံခါးဝသို့ ရောက်ရှိလာခဲ့သဖြင့် သူမအနေနှင့် ထိုပန်းချီကားများကို ကြည့်ရှုရန် စိတ်ကူးမရတော့ခြင်းပင်။
....
ယခုအခါ အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိနေသော ရှန်မော့အာ၏ စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့သည်။ 'ဒီကမ္ဘာမှာဆိုရင်ရော ငါ ဘယ်လို ကြင်ယာတော်မျိုး... ဒါမှမဟုတ် ချစ်သူမျိုးကို ရွေးရမလဲ...'
ပထမဆုံး စည်းမျဉ်းက ရုပ်ရည် ချောမောရမယ်။
ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ် နောင်နှစ်ပေါင်းများစွာ မျက်နှာချင်းဆိုင်ရမဲ့သူ ဆိုတော့ ရုပ်ရည်ချောမောဖို့က ပထမဆုံး အချက်ပဲ။
ဒုတိယ အချက်အနေနဲ့...
ရှန်မော့အာသည် အဒေါ်ကြီးများ ပြောဆိုလေ့ရှိသော အိမ်ထောင်ဖက် ရွေးချယ်မှု စံနှုန်းများကို ပြန်လည် စဉ်းစားကြည့်လိုက်လေသည်။ အိမ်ခြေအနေ၊ ငွေကြေး အခြေအနေ၊ မြို့သားဖြစ်ပါက တည်ငြိမ်သော အလုပ်ရှိမရှိ၊ ကျေးလက်သား ဖြစ်ပါက မိသားစုကို လုပ်ကျွေးနိုင်ရန် လုပ်အားခရမှတ် လုံလောက်မှု ရှိမရှိ စသည်ဖြင့် စီးပွားရေး အခြေအနေ ကောင်းမွန်ရန် လိုအပ်လှသည်။
သို့သော် သူမ၏ အခြေအနေနှင့် ထူးဆန်းစွာ ပါလာခဲ့သော ရတနာတိုက်ခန်းကို တွေးတောမိသောအခါ ရှန်မော့အာသည် ထိုအချက်များကို ပြောင်းပြန် စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။ သူမအနေနှင့် စီးပွားရေး အခြေအနေ မကောင်းသောသူ၊ အထူးသဖြင့် အလွန်အမင်း ဆင်းရဲသောသူကိုသာ ရွေးချယ်သင့်သည်ဟု ယူဆမိသည်။
ဤကမ္ဘာတွင် ဆင်းရဲသားများသည် ပင်ပန်းစွာ နေထိုင်ရသော်လည်း အနည်းဆုံးတော့ အေးချမ်းလှပေသည်။ တစ်ချိန်က ချမ်းသာကြွယ်ဝခဲ့သူများသည်သာ ယခုအခါ ခက်ခဲစွာ ရှင်သန်နေကြရခြင်း ဖြစ်သည်။
ဥပမာအားဖြင့် လင်ခိုင်ချန်ကို ကြည့်လျှင် သိသာပေသည်။ ယခင်က ယန်လျိုတပ်ဖွဲ့ တစ်ဝိုက်နှင့် စုန်းရှုတပ်ဖွဲ့ရှိ မြေအချို့မှာ သူတို့မိသားစုပိုင် မြေများ ဖြစ်ခဲ့ကြပြီး တပ်ဖွဲ့ထဲရှိ လူအများအပြားမှာ သူတို့၏ လယ်ငှားများ ဖြစ်ခဲ့ကြသည်။ သို့သော် ယခုအခါတွင်မူ သူတို့ မိသားစုတွင် သားအမိနှစ်ယောက်သာ ကျန်ရှိတော့ပြီး ပိန်လှီလှသော ထိုလူငယ်လေးမှာ တပ်ဖွဲ့ထဲ၌ အပင်ပန်းဆုံးနှင့် အခက်ခဲဆုံး အလုပ်များကို လုပ်ကိုင်နေရရှာသည်။
ထို့ကြောင့် ဆင်းရဲခြင်းမှာ ပိုကောင်းလေသည်။ ဆင်းရဲခြင်းက သူတစ်ပါး၏ အာရုံစိုက်မှုကို မခံရစေပေ။
သို့သော်လည်း... ရုပ်ရည် ချောမောပြီး ဆင်းရဲရမည်တဲ့လား။ ရှန်မော့အာ၏ အကြည့်များမှာ သူမအိမ်၏ မီးဖိုခန်းထဲသို့ ရေပုံးကို ဆွဲကာ ဝင်သွားသော ဖုမင်ဇယ်ဆီသို့ ကျရောက်သွားပြီး ရင်ခုန်သံများမှာလည်း ရုတ်တရက် မြန်ဆန်လာခဲ့၏။
'ဒါဆိုရင် ပညာတတ်လူငယ် ဖုက ငါ့ရဲ့ စံနှုန်းတွေနဲ့ တော်တော်လေး ကိုက်ညီနေတာပဲ မဟုတ်လား'
ထိုအတွေး ပေါ်လာသည်နှင့် ရှန်မော့အာသည် မိမိကိုယ်မိမိ ပြန်လည် လှောင်ပြောင်လိုက်မိလေသည်။ သူက သူမရဲ့ မိသားစုကို ကူညီဖို့ သူငယ်ချင်းဆီက ပိုက်ဆံချေးပေးမယ်လို့ ပြောနေတာကို သူမကတော့ သူ့ရုပ်ရည်ကို ကြည့်ပြီး တစ်မျိုး ကြံစည်နေမိတာပဲ။ ရှက်ဖို့ ကောင်းလိုက်တာ။ ပြီးတော့ သူမမိသားစုက သားမက်ကို အိမ်ခေါ်ချင်တာလေ။ ဖုမင်ဇယ်ရဲ့ပုံစံက အိမ်ပါသားမက်တော့ လုပ်ချင်မှာမဟုတ်ဘူး။
သူမသည် ဆက်လက် မတွေးတောတော့ဘဲ ထိုအတွေးကို ခေါင်းထဲမှ ထုတ်လိုက်ကာ ဟင်းသီးဟင်းရွက်များကို အမြန်ဆေးကြောပြီး ကြွေဇလုံကို ပွေ့ကာ အိမ်ထဲသို့ ပြန်ဝင်ခဲ့တော့သည်။
လမ်းတစ်ဝက်တွင် ရေခပ်ရန် ထွက်လာသော ဖုမင်ဇယ်နှင့် ထပ်မံ ဆုံတွေ့ပြီး သူမက အမြန်ပြောလိုက်၏။ "ပညာတတ်လူငယ် ဖု... ရေအိုးထဲက ရေကို ကျွန်မ နောက်မှ ကိုယ်တိုင် ခပ်လိုက်ပါ့မယ်"
ဖုမင်ဇယ်က သူမကို ကြည့်ကာ ပြုံးလိုက်ရင်း ပြောသည်။ "ကျွန်တော် ရေခပ်ရင်းနဲ့ ခဏလောက် အနားယူချင်လို့ပါ"
ရှန်မော့အာမှာတော့ ဘာမှပြန်မပြောနိုင်တော့ချေ။ 'ဒါက ငါ ရှေ့ကပြောခဲ့တဲ့ နောက်ပြောင်စကားကို သူက ပြန်ချေပလိုက်တာပဲ'
ရှန်မော့အာလည်း သူ့ကို ဆက်မတားတော့ဘဲ ရှိပါစေတော့ဟုသာ လွှတ်ထားလိုက်တော့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် အဒေါ်ချန်နှင့် အစ်မရှင်းမေတို့မှာ ယနေ့ အိမ်တွင် အဝတ်လျှော်နေကြသဖြင့် သူမလည်း လက်ရှိတွင် အလုပ်များနေခဲ့သည်။ တစ်ယောက်ယောက်က ရေကူခပ်ပေးသည်မှာ သူမအတွက် သက်သာရာ ရစေပေသည်။
ယနေ့ လူ ၅ ယောက် ပိုစားမည်ဖြစ်ပြီး အထူးသဖြင့် သူတို့မှာ သူမ၏ အိမ်တွင် ပထမဆုံးအကြိမ် ထမင်းစားခြင်း ဖြစ်သဖြင့် အသားဟင်း တစ်မျိုးမျိုး ပြင်ဆင်ရန် ရှန်မော့အာ စဉ်းစားလိုက်သည်။
လွန်ခဲ့သော ရက်က ဖမ်းမိသော ယုန်မှာ ၂ ရက်အတွင်း ကုန်သွားခဲ့သည်။ ယခုအခါ အသားဟင်းဟု ဆိုနိုင်သည်မှာ အသားခြောက်များသာ ရှိတော့သော်လည်း ၎င်းမှာ သရေစာနှင့် ပိုတူသဖြင့် ဟင်းအဖြစ် စားရန် မသင့်တော်လှပေ။
ရှန်မော့အာသည် မိုးကုတ်စက်ဝိုင်းကို ကြည့်လိုက်၏။ အချိန်မှာ စောသေးသဖြင့် နောက်ဖေးတောင်ပေါ်သို့ သွားရောက်ကာ ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် အိမ်ထဲသို့ ဝင်ကာ ဝါးခြင်းနှင့် လေးတိုကို ယူဆောင်၍ တောင်ပေါ်သို့ တက်ရန် ပြင်ဆင်လိုက်လေသည်။ အကယ်၍ ဘာမှ မရခဲ့ပါက ချောင်းထဲတွင် ငါးဖမ်းရန်သာ ကြံရတော့မည်။
သို့သော် သူမ အိမ်တံခါးဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် မျက်စိရှေ့တွင် တစ်စုံတစ်ခု ဖြတ်သန်းသွားကာ အရာဝတ္ထုတစ်ခုမှာ အသံကျယ်ကျယ် အော်ဟစ်ရင်း သူမ၏ မျက်နှာဆီသို့ ပြေးဝင်လာခဲ့၏။
ရှန်မော့အာသည် အလိုအလျောက်ပင် လက်ကို လှမ်းဖမ်းလိုက်ရင်း ရေရွတ်လိုက်မိတော့သည်။ "ဟမ်... ဒါ ဘာကြီးလဲ"
...
အပိုင်း (၂၈) ကောင်းကင်ဘုံက ပေးတဲ့ ဟင်းတစ်ခွက်
ရှန်မော့အာသည် သူမ၏ လက်ထဲမှ အရာဝတ္ထုကို မပြီး ကြည့်လိုက်လေသည်။ ထိုအရာသည် ခေါင်းသေးသေး၊ နှုတ်သီးချွန်ချွန်နှင့် အမွှေးအမျှင်များမှာ အိမ်မွေးကြက်များထက် ပိုမိုနုနယ်နေကာ တောကြက်တစ်ကောင်ဖြစ်ကြောင်း ထင်ရှားလှပေသည်။
အကယ်၍ တစ်စုံတစ်ယောက်၏ အိမ်မွေးကြက်မှာ မတော်တဆ ထွက်ပြေးလာပြီး သူမ၏ အိမ်ထဲသို့ ရောက်ရှိလာခြင်းဖြစ်ပါက ရှန်မော့အာအနေဖြင့် နားလည်ပေးနိုင်ပါသေးသည်။ သို့သော် တောကြက်တစ်ကောင်မှာ အကြောင်းရင်းမရှိဘဲ သူမ၏အိမ်ထဲသို့ ပြေးဝင်လာခြင်းမှာမူ သူမ အသားဟင်းချက်လိုနေသည်ကို ကောင်းကင်ဘုံက သိရှိသဖြင့် ဟင်းတစ်ခွက်အဖြစ် သူမ၏ လက်ထဲသို့ တိုက်ရိုက် ပို့ဆောင်ပေးလိုက်ခြင်းသာ ဖြစ်ရပေမည်ဟု ရှန်မော့အာက ယူဆလိုက်မိလေသည်။
'သူတို့ သားအဖကို ဒီကမ္ဘာဆီ ပို့ပေးရုံတင်မကဘဲ အခုလည်း အသားဟင်းကို တန်းပြီး ပို့ပေးလိုက်ပြန်ပြီ။ ငါ့အဖေက ကောင်းကင်ဘုံရဲ့ သားအရင်းများလား'
'ဒါပေမဲ့ အဖေက ကောင်းကင်ဘုံရဲ့ သားအရင်းဆိုရင် ဦးရီးတော် မင်းကြီးကလည်း သားအရင်းပဲ ဖြစ်မှာပေါ့။ သူတို့နှစ်ယောက်က မိဘချင်းအတူတူ ညီအစ်ကိုတွေပဲလေ။ ကောင်းကင်ဘုံက တစ်ယောက်ကို မျက်နှာသာပေးပြီး တစ်ယောက်ကိုတော့ လျစ်လျူရှုထားမှာ မဟုတ်ပါဘူး'။
'ဒါဆိုရင် ဦးရီးတော် မင်းကြီးကိုရော ကောင်းကင်ဘုံက ဘယ်နေရာဆီ ပို့လိုက်ပါလိမ့်'။
တောကြက်သည် ရှန်မော့အာ၏ ညှစ်ထားခြင်းကို ခံနေရသဖြင့် ပဲစေ့လေးများကဲ့သို့ သေးငယ်သော မျက်လုံးများဖြင့် သူမအား စိုက်ကြည့်နေကာ အသံအက်အက်ဖြင့် ညည်းညူအော်ဟစ်နေလေသည်။ ထိုအသံကြောင့်ပင် ရှန်မော့အာ၏ အတွေးကမ္ဘာမှာ ရပ်တန့်သွားခဲ့ရ၏။ ထိုတောကြက်၏ အတောင်ပံပေါ်တွင် ကြိုးတစ်ချောင်း ပတ်နေသည်ကို ရှန်မော့အာ သတိပြုမိလိုက်သဖြင့် ထိုကြိုးဖြင့်ပင် တောကြက်ကို လျင်မြန်စွာ ချည်နှောင်လိုက်လေသည်။
သူမသည် တောကြက်ကို ဆွဲ၍ အပြင်သို့ ထွက်လာချိန်တွင် အသားညိုညို ပိန်ပိန်ပါးပါး လူငယ်တစ်ဦးနှင့် ထိပ်တိုက် ဆုံတွေ့လေသည်။ ထိုလူငယ်က ပြုံးလိုက်ရာ ဖြူဖွေးသော သွားများမှာ နေရောင်အောက်တွင် တောက်ပနေ၏။ "ညီမဝမ်းကွဲ မော့အာ၊ နင့် လက်တွေက တော်တော် မြန်တာပဲ။ ဒီကြက်က တော်တော် ရမ်းတာဟ၊ လမ်းတစ်လျှောက်လုံး ထွက်ပြေးဖို့ပဲ ကြံနေတာ။ ငါ့ကိုတောင် အချက်ပေါင်းများစွာ ဆိတ်သွားသေးတယ်"
ရှန်မော့အာသည် ထိုသူမှာ မည်သူဖြစ်ကြောင်း စဉ်းစားနေမိသော်လည်း သူ စကားပြောလိုက်သည်ကို ကြားလိုက်ရပြီး သူ၏ မျက်နှာသွင်ပြင်ကို သေချာကြည့်လိုက်မိသောအခါမှသာ ထိုသူသည် သူမ၏ ဝမ်းကွဲအစ်ကို ဖြစ်သူ၊ အဒေါ် ၆ ဖြစ်သော ရှန်ယင်းယင်း၏ သားကြီးဖြစ်သူ ကျောက်ကျိန့်ယန် ဖြစ်ကြောင်း သတိရလိုက်လေသည်။
ရှန်လောင်ချီမှာ မိသားစုတွင် အငယ်ဆုံးဖြစ်ပြီး သူ၏ အထက်တွင် မောင်နှမ ၆ ဦး ရှိလေသည်။ အကြီးဆုံးမှာ ရှန်ရှန်းလိ၊ ဒုတိယမှာ ရှန်ယုံကျွင်း၊ တတိယမှာ ရှန်ဟုန်ပင်း၊ စတုတ္ထမှာ မိန်းကလေးဖြစ်ပြီး ရှန်ရှန့်ဟုန် တို့ ဖြစ်ကြသည်။ ပဉ္စမမြောက် မောင်နှမတစ်ဦးလည်း ရှိခဲ့သော်လည်း အသက် ၁၀ ကျော်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်ဟု ဆိုကြသည်။ ထို ၅ ဦးမှာ ရှန်ဘိုးဘိုး၏ ပထမဇနီးမှ မွေးဖွားသူများ ဖြစ်ကြ၏။ ရှန်လောင်ချီ၏ မိခင်မှာမူ သားသမီး ၂ ဦးသာ မွေးဖွားခဲ့ပြီး ၎င်းတို့မှာ အဒေါ်၆ ရှန်ယင်းယင်းနှင့် ရှန်ရှောက်ယွမ်တို့ ဖြစ်ကြလေသည်။
ရှန်ယင်းယင်းမှာ ရှန်လောင်ချီထက် ၆ နှစ်ခန့် ပိုကြီးပြီး ရှန်ဘိုးဘိုး ရှိစဉ်ကတည်းကပင် အိမ်ထောင်ကျခဲ့သည်။ သူမသည် သူမမိခင်၏ ဇာတိရွာဖြစ်သော ပေရှန်းအောက်ရွာသို့ အိမ်ထောင်ပြုခဲ့လေသည်။ ထိုရွာသည် လျိုချောင်တပ်ဖွဲ့၏ လက်အောက်တွင် ရှိသော်လည်း အမှန်တကယ်တွင် တောတောင်အလွန် ထူထပ်သော ဒေသတွင် တည်ရှိသဖြင့် အဝင်အထွက် ပြုလုပ်ရန် အလွန်ခက်ခဲလှပေသည်။ ထို့ကြောင့် ရှန်ယင်းယင်းသည် မိခင်တစ်ဦးတည်းမှ မွေးဖွားလာသော မောင်ငယ်လေးကို သတိရနေသော်လည်း အခြေအနေအရ တစ်နှစ်ပတ်လုံးတွင် နှစ်သစ်ကူး အချိန်အခါမှသာ တောတောင်များကို ဖြတ်ကျော်ကာ ရွာသို့ ပြန်လာနိုင်လေသည်။
ရှန်မော့အာသည် ကျောက်ကျိန့်ယန်၏ အနောက်သို့ လှမ်းကြည့်လိုက်ရာ ဆံပင်တိုတိုနှင့် အသားညိုညို သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးကို တွေ့ရှိလိုက်ရသည်။ သူမသည် ရှန်ယင်းယင်းပင် ဖြစ်ပေလိမ့်မည်။ ရှန်ယင်းယင်း၏ ဘေးတွင် ကျောက်ကျိန့်ယန်ကဲ့သို့ပင် အသားညိုညို ပိန်ပိန်ပါးပါးနှင့် ပိုမိုငယ်ရွယ်သော လူငယ်တစ်ဦးလည်း ရှိနေသေးရာ သူသည် ရှန်ယင်းယင်း၏ သားငယ်ဖြစ်သူ ကျောက်ကျိန့်ဟွေး ဖြစ်လေသည်။ သူမတွင် ၁၄၊ ၁၅ နှစ်အရွယ် သမီးငယ်တစ်ဦး ဖြစ်သော ကျောက်ထင်ထင် လည်း ရှိသေးပြီး ပုံမှန်အားဖြင့် နှစ်သစ်ကူးအချိန်တွင် အစ်ကိုဖြစ်သူနှင့်အတူ လိုက်ပါလာလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ သူမကို မတွေ့ရပေ။
ရှန်ယင်းယင်းသည် ရှန်ရှောက်ယွမ်နှင့် စကားပြောနေ၏။ "ယောက်မ၃ က နင်တို့အိမ်က ရိက္ခာတွေကို လုသွားတယ်လို့ ငါ ကြားထားတယ်။ မော့အာဆိုရင် အဆာလွန်သွားပြီး မြေပေါ်မှာ မေ့တောင်လဲသွားတယ်ဆို။ အိမ်မှာ ရိက္ခာမရှိတော့တာကို လူကြုံကတစ်ဆင့် ဘာလို့ ငါ့ဆီ သတင်းမပို့ရတာလဲ”
သူမ၏ မောင်ငယ်မှာ အမြဲတမ်း ရိုးသားလွန်းသူဖြစ်ပြီး အထက်မှ မောင်နှမများကလည်း အမြဲတမ်း နှိပ်စက်တတ်ကြသည်ကို သူမ သိရှိလေသည်။ အခက်ခဲဆုံးသော ၃ နှစ်တာ ကာလကိုပင် အားလုံး ကျော်ဖြတ်နိုင်ခဲ့ကြသော်လည်း ယခုကဲ့သို့ အခြေအနေ ကောင်းမွန်လာချိန်တွင်မှ သူတို့ သားအဖနှစ်ဦးမှာ အငတ်ဘေးနှင့် ကြုံတွေ့ရသည်ကို တွေးမိသောအခါ ရှန်ယင်းယင်းသည် မျက်ရည်မကျဘဲ မနေနိုင်တော့ပေ။
ရှန်ရှောက်ယွမ်က သူမကို နှစ်သိမ့်ကာ ပြောလိုက်လေသည်။ "ဒါတွေက လွန်ခဲ့တဲ့ လတွေတုန်းက ကိစ္စတွေပါ။ ရိက္ခာတွေကိုလည်း ပြန်ရခဲ့ပါပြီ။ သူတို့ သိမ်းပိုက်ထားတဲ့ အပြာရောင် အုတ်ကြွပ်မိုး အိမ်ကြီး ၃ လုံးအတွက်လည်း ကျွန်တော် ပိုက်ဆံတွေ ပြန်တောင်းထားပြီးပြီလေ။ အခုဆိုရင် ကျွန်တော် အိမ်သစ်ဆောက်နေတာကို မြင်တဲ့အတိုင်းပါပဲ။ အစ်မ စိတ်အေးအေးထားပါ၊ မော့အာ လယ်ကွင်းထဲမှာ မေ့လဲသွားတုန်းက ကျွန်တော် တစ်ညလုံး အိပ်မပျော်ဘဲနဲ့ အဲဒီအကြောင်းကို သေသေချာချာ စဉ်းစားခဲ့ပြီးပြီ။ ကျွန်တော် ကိုယ်တိုင်အတွက် မဟုတ်ရင်တောင် ကျွန်တော့်သမီးအတွက်တော့ စဉ်းစားပေးရမှာ မဟုတ်လား။ နောင်ကို ကျွန်တော် ကိုယ့်ခြေထောက်ပေါ်ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်သွားမှာပါ"
ရှန်ယင်းယင်းသည် မျက်ရည်များကို သုတ်လိုက်ရင်း ဘေးနားရှိ အလုပ်များနေသော လုပ်ငန်းခွင်ကို ကြည့်ကာ အံ့သြစွာ မေးလိုက်၏။ "ဒါက နင့်ရဲ့ အိမ်ဆောက်နေတာလား"
သူမသည် လမ်းလျှောက်လာစဉ်ကတည်းက မြင်တွေ့ခဲ့သော်လည်း ရွာထဲမှ တစ်စုံတစ်ယောက်က ရှန်လောင်ချီ၏ အိမ်ဘေးတွင် အခြေချနေထိုင်ရန် ပြင်ဆင်နေသည်ဟုသာ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ ယခု ထိုအိမ်မှာ သူမမောင်၏ အိမ်ဖြစ်နေသည်ကို သိလိုက်ရသောအခါ သူမ၏ မျက်ရည်များမှာ ရုတ်ချည်းပင် ခန်းခြောက်သွားလေသည်။
သူမ ကြားသိထားသည့် သတင်းများနှင့် ယခုမြင်တွေ့နေရသည်မှာ ဘာမှ မသက်ဆိုင်နေသလိုပင်။
သို့သော် ရှန်ယင်းယင်းသည် ချက်ချင်းပင် နားလည်သွားလေသည်။ သူတို့၏ ပေရှန်းအောက်ရွာမှာ အလွန်ဝေးလံသဖြင့် ပြင်ပလောကနှင့် အဆက်အသွယ် နည်းပါးလှပြီး သတင်းအချက်အလက်များမှာလည်း နောက်ကျလွန်းလှပေသည်။
သူမမောင်၏ အိမ်မှ ရိက္ခာများ အလုခံရခြင်းမှာ အမှန်စင်စစ် လွန်ခဲ့သော ၂ လခန့်က ကိစ္စဖြစ်သော်လည်း သူမမှာမူ ဆွေမျိုးများဆီသို့ လာရောက်လည်ပတ်သော အမျိုးသမီးငယ်တစ်ဦး၏ ပြောစကားအရ မနေ့ကမှသာ သိရှိခဲ့ရသည်။
၂ လတာ ကာလအတွင်း အခြေအနေများ ပြောင်းလဲသွားခြင်းမှာလည်း ထူးဆန်းသောအရာ မဟုတ်ပေ။
ထိုပြောင်းလဲမှုမှာ အနည်းငယ် အံ့သြဖွယ်ကောင်းလှသော်လည်း အငတ်ဘေးနှင့် ကြုံနေရသည်ဟု ကြားသိခဲ့ရာမှ ယခုကဲ့သို့ အိမ်သစ်ကို တက်ကြွစွာ ဆောက်လုပ်နေသည်ကို မြင်တွေ့ရခြင်းကြောင့် ရှန်ယင်းယင်း၏ စိတ်မှာ လှိုင်းထန်နေသကဲ့သို့ပင် ခံစားလိုက်ရလေသည်။
သို့သော် ရှန်ယင်းယင်းသည် ချက်ချင်းပင် မျက်ရည်များကို သုတ်လိုက်ပြီး ပြောလိုက်၏။ "အိမ်သစ်ဆောက်တာက ကောင်းတာပေါ့။ ဒါက မင်္ဂလာရှိတဲ့ ကိစ္စပဲလေ။ ငါတို့တွေက ငိုနေလို့ မဖြစ်ဘူး။ အိမ်သစ်ဆောက်မယ့် ကိစ္စက ဒီလောက်အထိ ကြီးကျယ်တာကို ပေရှန်းအောက်ဆီ ဘာလို့ တစ်စုံတစ်ယောက်ကတစ်ဆင့် သတင်းမပို့ရတာလဲ။ နင့်ရဲ့ ယောက်ဖနဲ့ တူတွေကို လာကူခိုင်းလို့ ရတာပဲ။ ဒီနေ့ ငါတို့ လာမိတာ တော်သေးတယ်။ အခုတော့ ကျိန့်ယန်နဲ့ ကျိန့်ဟွေးကို အလုပ်ကူခိုင်းလိုက်၊ ငါကတော့ မော့အာကို ထမင်းကူချက်ပေးမယ်"
ရှန်ရှောက်ယွမ်က ရယ်မောရင်း ပြန်ပြောလိုက်လေသည်။ "လုပ်စရာတွေ များနေတာနဲ့ မေ့သွားတာပါ အစ်မရယ်။ ပြီးတော့ အစ်မတို့ တောင်ပေါ်က ဆင်းလာရတာလည်း မလွယ်ဘူး မဟုတ်လား”
အမှန်စင်စစ်တွင်မူ ရှန်ရှောက်ယွမ်၌ ရှန်လောင်ချီ၏ မှတ်ဉာဏ်များ ရှိနေသော်လည်း သူကိုယ်တိုင်မှာ ရှန်လောင်ချီ အစစ်အမှန် မဟုတ်သဖြင့် ထိုအစ်မဖြစ်သူကို သတိပင် မရမိခြင်း ဖြစ်လေသည်။ သို့သော်လည်း ရှန်လောင်ချီ၏ မှတ်ဉာဏ်များအရ ထိုအစ်မဖြစ်သူမှာ သူတို့ မိသားစုအပေါ် အမှန်တကယ် ကောင်းမွန်သူဖြစ်ကြောင်း သိရှိရသည်။ အထူးသဖြင့် ရှန်လောင်ချီ၏ ဇနီး ကွယ်လွန်သွားပြီးနောက် ရှန်ယင်းယင်းသည် မကြာခဏ မလာနိုင်သော်လည်း ရောက်ရှိလာသည့် အချိန်တိုင်းတွင် ပစ္စည်းအမြောက်အမြား ယူဆောင်လာကာ သူတို့ သားအဖနှစ်ဦးကို အမြဲတမ်း ကူညီလေ့ရှိခဲ့သည်။
ရှန်ယင်းယင်းက ရှန်ရှောက်ယွမ်ကို ကြည့်ကာ ပြောလိုက်ပြန်သည်။ "နင် အရင်ကထက်စာရင် တော်တော်လေး ပြောင်းလဲသွားသလိုပဲ။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တာက ကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ ငါတို့က မောင်နှမအရင်းတွေလေ။ ကူညီပေးဖို့ လိုအပ်လာရင် တခြားသူများကို အကူအညီမတောင်းချင်ရင်တောင် ငါ့ကိုတော့ တောင်းလို့ ရတာပဲ မဟုတ်လား”
'ငါက ဘယ်လိုလုပ်ပြီး သူများဆီက အကူအညီ တောင်းဖို့ ဝန်လေးနေမလဲ။ ငါက ဘုရင်မင်းမြတ်ကိုတောင်မှ ပါးစပ်ဟပြီး အကူအညီ တောင်းရဲတဲ့သူပဲလေ' ဟု ရှန်ရှောက်ယွမ်က စိတ်ထဲမှ တွေးလိုက်မိ၏။
သူသည် ရှန်လောင်ချီ၏ မှတ်ဉာဏ်များ ရှိနေသဖြင့် ရှန်ယင်းယင်းအပေါ်တွင် စိမ်းသက်မှု မရှိဘဲ ရင်းနှီးမှုကိုပင် ခံစားနေရလေသည်။ ထို့အပြင် သူသည် ယခင်ကလည်း အစ်ကိုတော်ဖြစ်သူကို အမြဲတမ်း အကူအညီ တောင်းခံနေကျဖြစ်ရာ ယခု အစ်မဖြစ်သူအား အကူအညီ တောင်းရန်လည်း ဝန်လေးခြင်း မရှိဘဲ သူ၏ တူနှစ်ဦးကို ခေါ်ကာ အလုပ်စေခိုင်းလိုက်လေသည်။ "ဒါဆိုလည်း ကောင်းပြီ။ ကျိန့်ယန်၊ ကျိန့်ဟွေး၊ ဒီကိုလာပြီး အလုပ်ကူလုပ်ကြဦး”
အရုဏ်ဦးအချိန်ကတည်းက တောင်ပေါ်မှ ဆင်းလာကာ ရေတစ်ငုံပင် မသောက်ရသေးသော လူငယ်နှစ်ဦးခမျာ ဆွံ့အသွားရတော့သည်။
ထိုခေတ်အခါက တောတောင်ထူထပ်သော ဒေသများရှိ လူနေမှုဘဝမှာ ပြင်ပထက် ပိုမိုသက်သာလေ့ရှိသည်။ တောကိုမှီ၍ တောစာစားကာ ရေကိုမှီ၍ ရေစာစားရသဖြင့် တောတောင်များထဲတွင် တောကြက်နှင့် တောယုန်များမှာ ပြင်ပထက် ပိုမိုပေါများလှပေသည်။ ပေရှန်းအောက် ရွာတွင် အိမ်ခြေမများလှဘဲ အားလုံးမှာ စည်းလုံးညီညွတ်ကြလေသည်။ ထိုရွာတွင် ယခင်က မုဆိုးဟောင်းတစ်ဦး ရှိခဲ့ဖူးပြီး သူသည် သူ၏ အတတ်ပညာများကို မဖုံးကွယ်ဘဲ သင်ကြားပေးခဲ့သဖြင့် ရွာရှိ ကလေးအများအပြားမှာ တောကောင်များကို ရှာဖွေခြင်းနှင့် ထောင်ချောက်ဆင်ခြင်း အတတ်ပညာများကို တတ်မြောက်ထားကြ၏။
ကျောက်ကျိန့်ယန်နှင့် ကျောက်ကျိန့်ဟွေးတို့မှာလည်း ထိုအတတ်ပညာများကို အနည်းငယ် တတ်မြောက်ထားကြပြီး လွန်ခဲ့သော ရက်အနည်းငယ်က တောကြက် ၂ ကောင် ဖမ်းမိခဲ့သည်။ ရှန်ယင်းယင်းသည် မောင်ဖြစ်သူက အငတ်ဘေးနှင့် ကြုံနေရသည်ကို ကြားသိသောအခါ ထိုတောကြက် ၂ ကောင်လုံးကို ယူဆောင်လာရန် သားဖြစ်သူတို့အား စေခိုင်းခဲ့သည်။ ထိုတောကြက် ၂ ကောင်အပြင် သူတို့သည် ရိက္ခာများနှင့် ဟင်းသီးဟင်းရွက် ခြောက်များကိုလည်း အမြောက်အမြား သယ်ဆောင်လာခဲ့ကြသေးသည်။
'ဒါက ကောင်းကင်ဘုံကနေ ငါ့ကို တိုက်ရိုက် ဟင်းပို့ပေးလိုက်တာနဲ့ အတူတူပဲ' ဟု ရှန်မော့အာက တွေးလိုက်မိ၏။
ရှန်ယင်းယင်းမှာ အလုပ်လုပ်ရာတွင် တက်ကြွဖျတ်လတ်သူဖြစ်ပြီး သူမ၏ စရိုက်မှာလည်း ပွင့်လင်းလှပေသည်။ သူမသည် ရှန်မော့အာနှင့်အတူ ထမင်းဟင်း ပြင်ဆင်နေစဉ်အတွင်း လွန်ခဲ့သော ကာလများက ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် မေးမြန်းသိရှိခဲ့လေသည်။
ရိက္ခာများ အလုခံရသည့် ကိစ္စမှာ ထျန်းဖန်၏ သွေးထိုးပေးမှုကြောင့် ဖြစ်ကြောင်းနှင့် ထိုမိန်းမမှာ အရှက်မရှိဘဲ မောင်ဖြစ်သူ၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်ရန် သူမ၏ တူဖြစ်သူကိုပင် ခေါ်ယူခဲ့ကြောင်း သိလိုက်ရသောအခါ ရှန်ယင်းယင်းမှာ မနေနိုင်တော့ဘဲ တံတွေးနှင့် ထွေးလိုက်မိလေသည်။ "သူက အပြင်ပန်းမှာ စကားချိုချိုပြောတတ်ပေမဲ့ စိတ်ထားကတော့ အရမ်းယုတ်မာတာ ငါ သိသားပဲ။ စကားပြောရင်တော့ ဇာတ်မင်းသမီးလိုပဲ၊ အကွက်တွေက တော်တော်များတာ။ အရင်တုန်းက ငါ အိမ်ထောင်ပြုမယ့် အချိန်မှာတောင် သူက ဝင်ရှုပ်ချင်သေးတာလေ။ ငါ့အမေက ဆုံးသွားပြီး အဖေကလည်း အသက်ကြီးပြီး ဝေဝေဝါးဝါး ဖြစ်နေတော့ ငါ့မှာ အားကိုးရာ မရှိဘူးဆိုတာကို သူ သိနေလို့ပေါ့”
အကယ်၍ အထက်မှ အစ်ကိုများနှင့် မရီးများက သူမ၏ အိမ်ထောင်ရေးကို ဝင်ရောက်စွက်ဖက်ရန် မကြိုးစားခဲ့ပါက သူမသည် ဦးလေး၏ ဇနီးဖြစ်သူအား အကူအညီတောင်းခံကာ ပေရှန်းအောက် သို့ အိမ်ထောင်ပြုရန် ကြံစည်ခဲ့မည် မဟုတ်ပေ။
သို့သော် ရှန်ယင်းယင်းအား အံ့သြဆုံး ဖြစ်စေသည်မှာ သူမ၏မောင်ဖြစ်သူ ရှန်လောင်ချီမှာ တပ်ဖွဲ့ အုတ်ဖုတ်စက်ရုံတွင် အလုပ်သမား ဖြစ်နေခြင်းပင်။ ရှန်ယင်းယင်းသည် တောကြက်၏ လည်ပင်းကို လှီးဖြတ်ကာ သွေးများကို ပန်းကန်လုံးထဲသို့ ထည့်နေစဉ် ခဏမျှ ကြောင်အသွားပြီးနောက် မေးလိုက်၏။ "ဘယ်လို... ရှန်လောင်ချီက အုတ်ဖုတ်စက်ရုံမှာ အလုပ်ရရုံတင်မကဘူး၊ သူက အုတ်သယ်တဲ့ အလုပ်ကြမ်းကို လုပ်တာ မဟုတ်ဘဲ ဝါဒဖြန့်ချိရေးဌာနမှာ စာရေးပြီး ပန်းချီဆွဲရတာလို့ ပြောလိုက်တာလား”
ရှန်ယင်းယင်းက ဇဝေဇဝါဖြင့် ထပ်မေးလိုက်သည်။ "နင့်အဖေက စာရေးပြီး ပန်းချီဆွဲတတ်လို့လား”
ရှန်မော့အာသည် သူမ၏ လက်ထဲမှ ကြက်ကို ယူဆောင်ကာ ရေနွေးများ ထည့်ထားသော ကြွေဇလုံထဲသို့ ထည့်လိုက်ပြီး တည်ငြိမ်စွာပင် ပြန်ပြောလိုက်လေသည်။ "အဖေက တတ်ပါတယ်၊ အမေ ရှိစဉ်တုန်းက အဖေ့ကို နေ့တိုင်း သင်ပေးခဲ့တာလေ။ ဒါပေမဲ့ ရွာမှာ လယ်ပဲ လုပ်နေရတော့ စာရေးဖို့၊ ပန်းချီဆွဲဖို့ အခွင့်အရေး မရှိခဲ့တာပါ။ ဒီတစ်ခါတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ အုတ်ဖုတ်စက်ရုံက ဝါဒဖြန့်ချိရေး ဝန်ထမ်းက တခြားနေရာကို ပြောင်းသွားတော့ သူတို့က လူတစ်ယောက် အမြန်လိုနေတာနဲ့ အဖေနဲ့ သွားတိုးတာပေါ့”
ခဏမျှ အံ့သြသွားပြီးနောက် ရှန်ယင်းယင်းသည် ဝမ်းသာအားရ ပြုံးလိုက်ပြီး ပြောလိုက်၏။ "ဒါဆိုရင် နင့်အဖေက အခု အလုပ်သမား ဖြစ်နေပြီပေါ့။ အမယ်လေး... တို့မောင်လေးလည်း ဒုက္ခတွေ ပြီးဆုံးသွားပြီပဲ။ သူ အရင်တုန်းက တော်တော်လေး ပင်ပန်းခဲ့တာပါ။ တို့အမေ ဆုံးသွားပြီးနောက်မှာ တို့အဖေကလည်း ဝေဝေဝါးဝါး ဖြစ်နေတော့ သူ ၁၀ ကျော်အရွယ်တုန်းကဆိုရင် နေ့တိုင်း တောင်ပေါ်တက်၊ ထင်းခုတ်ပြီး အစ်ကိုတွေအတွက် မီးမွှေးပေးခဲ့ရတာလေ။ နောက်ပိုင်းမှာ ကံကောင်းလို့ နင့်အမေကို ကယ်တင်နိုင်ခဲ့ပြီးမှပဲ ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်လာတာ။ သူတို့နှစ်ယောက် လက်ထပ်တုန်းကဆိုရင် ပန်းကန်ကောင်းကောင်း တစ်လုံးတောင် မရှိခဲ့ကြဘူး...”
ပြောရင်းနှင့်ပင် ရှန်ယင်းယင်း၏ မျက်ဝန်းအစုံ၌ မျက်ရည်များ ပြန်လည် ဝိုင်းလာခဲ့ပြီး သူမသည် လက်ဖြင့် အမြန်သုတ်လိုက်ပြီး နှာခေါင်းကို တစ်ချက် ရှုံ့လိုက်ကာ ပြောလိုက်လေသည်။ "ငါကလည်း ဒါတွေကို ဘာလို့ ပြန်ပြောနေတာလဲ။ ဒါတွေက ကောင်းတဲ့ကိစ္စတွေပဲလေ။ နောင်ကို နင်တို့ သားအဖနှစ်ယောက်ရဲ့ ဘဝက အဆင်ပြေသွားတော့မှာပါ”
သူမ၏မောင်ဖြစ်သူ အိမ်တွင် ထမင်းစားရန်ပင် မရှိတော့ကြောင်း ကြားသိရသောအခါ သူမ မည်မျှ စိုးရိမ်ခဲ့သည်ကို ဘုရားသာ သိပေလိမ့်မည်။ သတင်းကို ကြားရသည့် ညနေခင်းမှာပင် ပစ္စည်းများကို အလျင်အမြန် ထုပ်ပိုးကာ အရုဏ်မတက်မီ သားနှစ်ဦးအား ခေါ်ဆောင်၍ တောင်ပေါ်မှ ဆင်းလာခဲ့ခြင်း ဖြစ်သည်။
သူသည် သူမ၏ တစ်ဦးတည်းသော မောင်ငယ်အရင်းပင်။
အထက်မှ စိတ်ဓာတ်မကောင်းသော မောင်နှမများကိုတော့ သူမ မောင်နှမအဖြစ် မသတ်မှတ်တော့ပေ။
ရှန်ယင်းယင်း၏ အကူအညီကြောင့် ရှန်မော့အာမှာ တော်တော်လေး သက်သာသွားခဲ့သည်။ နောက်ပိုင်းတွင် အဒေါ်ချန်နှင့် အစ်မရှင်းမေတို့ ရောက်ရှိလာကြရာ လေးဦးသား ဝိုင်းကူလုပ်ကိုင်ကြသဖြင့် ပိုမို လွယ်ကူသွားတော့သည်။
ထို့ကြောင့် အပြင်ဘက်တွင် အလုပ်လုပ်နေသူများမှာ ယုန်သားချက်စဉ်ကထက် ပိုမို မွှေးကြိုင်လှသော အသားဟင်းနံ့ကို ချက်ချင်းပင် ရရှိလိုက်ကြလေသည်။
ကျောက်ကျိန့်ယန်မှာ အလုပ်လုပ်ရင်း ရယ်မောကာ ပြောလိုက်၏။ "ဒီတောကြက်ချက်တာက ကျွန်တော့်အမေချက်တာထက် ပိုမွှေးတာပဲ။ မွှေးလွန်းလို့ ဗိုက်တောင် တော်တော် ဆာလာပြီ”
ကျိန့်ကျားမင်က မျက်လုံးများ လင်းလက်သွားကာ မေးလိုက်၏။ "အစ်ကိုကြီးကျိန့်ယန်... အခု ချက်နေတာက တောကြက်လား”
ကျောက်ကျိန့်ဟွေးကလည်း ဝင်ပြောလိုက်လေသည်။ "ဒါပေါ့... တောကြက်ပဲလေ။ ကျွန်တော်နဲ့ အစ်ကိုနဲ့ တောထဲမှာ သွားဖမ်းခဲ့တာ။ တစ်ကောင်ဆိုရင် တော်တော် ဆိုးတာဗျ။ ဒါပေမဲ့ ကြက်သားကတော့ တကယ့်ကို မွှေးတာပဲ။ ယုန်သားထက်တောင် ပိုမွှေးသေးတယ်”
ကျိန့်ကျားမင်က လက်မထောင်၍ အားကျစွာ ပြောလိုက်၏။ "အစ်ကိုကြီးကျိန့်ဟွေး... အစ်ကိုတို့ စကားပြောပုံအရဆိုရင် တောကြက်တွေ၊ တောယုန်တွေ ခဏခဏ စားနေရတဲ့ ပုံပဲနော်”
ကျောက်ကျိန့်ဟွေးက ပြန်ဖြေသည်။ "ကျွန်တော်တို့ တောတောင်တွေထဲမှာဆိုတော့ တခြားအရာတွေ မပေါပေမဲ့ တောကောင်တွေတော့ ပေါသားဗျ။ တောကြက်၊ တောယုန်တွေတင် မကဘူး၊ ဝံပုလွေတွေ၊ တောဝက်တွေတောင် ရှိသေးတယ်။ ကျွန်တော်တို့ ရွာမှာဆိုရင် တစ်ခါတလေ လူစုပြီး အမဲလိုက်ကြတယ်။ ရလာတဲ့ အသားများကို အားလုံး ခွဲဝေယူကြတော့ တစ်လကို အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ စားရပါတယ်”
"အစ်ကိုတို့ တောထဲမှာ နေရတာ တကယ့်ကို ကောင်းတာပဲနော်”
ကျိန့်ကျားမင်မှာ အမှန်တကယ်ပင် အားကျနေမိလေသည်။ သူ၏ မိသားစု အခြေအနေမှာ ကောင်းမွန်လှပြီး မိဘများနှင့် ညီအစ်ကိုများမှာ အလုပ်သမားများ ဖြစ်ကြသော်လည်း ထိုခေတ်အခါက မြို့ပေါ်တွင် အသားဝယ်ရန် ခက်ခဲလှပေသည်။ တစ်ဦးလျှင် အသားဝယ်ယူခွင့် လက်မှတ် အနည်းငယ်သာ ရရှိသဖြင့် လူဦးရေ များသော မိသားစုများမှာ လပေါင်းများစွာ ကြာမှသာ အသားဟင်း တစ်နပ်ကို စားရလေ့ရှိသည်။
'ဒါ့အပြင် ကျောက်ကျိန့်ယန်နဲ့ ကျောက်ကျိန့်ဟွေးကို သိလိုက်ရတော့မှ ရှန်မော့အာက ဘာလို့ တောယုန်ဖမ်းတာ ဒီလောက် တော်နေရတာလဲဆိုတာကို ငါ နားလည်သွားပြီ။ ဒါက မျိုးရိုးစဉ်ဆက် တတ်မြောက်လာတဲ့ ပညာပဲကိုး။ ဝမ်းကွဲအစ်ကိုနှစ်ယောက်က ဒီလောက်အထိ တော်နေမှတော့ သူတို့ဆီက နည်းနည်းပါးပါး သင်လိုက်ရုံနဲ့တင် လုံလောက်နေပြီပေါ့' ဟု ကျိန့်ကျားမင်က တွေးလိုက်မိ၏။
မီးဖိုခန်းထဲတွင် အသားချက်နေသည်ဟု ကြားလိုက်ရသောအခါ ရှန်မိသားစုမှ အစားထိုး လာရောက်လုပ်ကိုင်ပေးနေသော တူဖြစ်သူများမှာ အပျော်ဆုံး ဖြစ်ကြလေသည်။ ရှန်လောင်ချီမှာ ရက်ရောသူဖြစ်ပြီး ထမင်းဟင်း ပြည့်စုံစွာ ကျွေးမွေးတတ်ကြောင်း၊ လွန်ခဲ့သော ရက်များကလည်း အသားဟင်း ကျွေးခဲ့ကြောင်း ကြားသိထားကြသဖြင့် အကယ်၍ အသားဟင်း မစားရလျှင်ပင် ကြက်ဥကြော်နှင့် ထမင်းဝဝလင်လင် စားရမည်ဟု မျှော်လင့်ထားခဲ့ကြသည်။
ယခု ပထမဆုံးနေ့တွင် လာရောက်ကူညီရုံဖြင့် တောကြက်သားဟင်းနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ အထူးသဖြင့် ထမင်းဟင်း ကောင်းကောင်း စားရရန် ရည်ရွယ်၍ လာရောက်သူမှာမူ ပါးစပ်နားရွက် တက်ချိတ်မတတ် ပြုံးနေတော့သည်။
အသားဟင်းနံ့ကြောင့် အားလုံးမှာ အလုပ်လုပ်ရာတွင် စိတ်အားထက်သန်မှုများ တိုးပွားလာကြပြီး ကြက်သားစားကာ ကြက်စွပ်ပြုတ် သောက်ရတော့မည်ကို တွေးမိသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်ထဲတွင် ခွန်အားများ ပြည့်ဝလာကာ အလုပ်များကို ပိုမို လျင်မြန်စွာ လုပ်ကိုင်လာကြလေသည်။
ရှန်ရှောက်ယွမ်က အလုပ်သမားများကို ကြီးကြပ်နေရင်း 'ဒီအတိုင်းဆိုရင်တော့ ခန့်မှန်းထားတာထက် အနည်းဆုံး ၃ ရက်လောက် စောပြီး အလုပ်တွေ ပြီးသွားမှာပဲ' ဟု စိတ်ထဲမှ တွေးလိုက်မိ၏။
အမှန်စင်စစ်တွင်လည်း 'စစ်တပ်မချီမီ ရိက္ခာကို အရင်ပြင်ဆင်ရမည်' ဟူသော လောကတရားမှာ အရာရာတွင် အသုံးဝင်လှပေသည်။
ထိုအချိန်တွင် မီးဖိုခန်းဘက်မှ အော်သံတစ်ခု ထွက်ပေါ်လာလေသည်။ "ထမင်းစားရအောင်...”
အလုပ်လုပ်နေသူများမှာ ထိုအသံကို ကြားသည်နှင့် တစ်ပြိုင်နက် လက်ရှိ အလုပ်များကို ချထားခဲ့ကာ မီးဖိုခန်းဆီသို့ အပြိုင်အဆိုင် ပြေးဝင်သွားကြတော့သည်။
'ထမင်းစားဖို့ စိတ်မပါတာက မင်းမှာ ပြဿနာတစ်ခုခု ရှိနေပြီလို့ ပြောတာပဲ။
သွားကြမယ်ဟေ့။
...