← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အပိုင်း (၂၉.၁) သံသယဝင်ခြင်း၊ နားလည်လာခြင်း၊ ကိုယ်တိုင်ဖြစ်လာခြင်း

ရှန်ယင်းယင်းနှင့် သူမ၏သားနှစ်ယောက်သည် ထိုနေ့က အိမ်မပြန်ဖြစ်ကြဘဲ ယန်လျိုတပ်ဖွဲ့တွင်သာ ဆက်လက်တည်းခိုခဲ့ကြ၏။

ရှန်မော့အာ၏ နေအိမ်လေးက သူတို့အားလုံးကို နေရာချထားပေးရန် အမှန်ပင် မလုံလောက်ခဲ့ပေ။ ဆွေမျိုးသားချင်းများ ဖြစ်ကြသော်ငြားလည်း ရှန်မိသားစု၏ ပထမအိမ်ထောင်စုတွင် နေထိုင်စရာ နေရာထိုင်ခင်း ကျပ်တည်းလှပြီး ဒုတိယအိမ်ခွဲနှင့် တတိယအိမ်ခွဲတို့ကတော့ အနည်းငယ် ပို၍ အဆင်ပြေကြသည်။ သူတို့အနေဖြင့် ယာယီတည်းခိုရန် အခန်းတစ်ဝက်ခန့်ကို ဖယ်ပေးနိုင်စွမ်း ရှိကြသော်လည်း ရှန်ယင်းယင်းက သူ၏အစ်ကိုကြီးများနှင့် ဘယ်လိုမှ ပတ်သက်လိုခြင်း မရှိချေ။ ထို့ကြောင့် သူမသည် ငယ်သူငယ်ချင်းတစ်ယောက်ကို သွားရောက်တွေ့ဆုံခဲ့ပြီး မာနကို မြိုသိပ်ကာ သားများကို ခေါ်ဆောင်လျက် ထိုအိမ်တွင် သွားရောက်တည်းခိုခဲ့လေသည်။

ထိုသူငယ်ချင်း၏ ကလေးများက အိမ်ထောင်မကျကြသေးသဖြင့် နေရာထိုင်ခင်း အလုံအလောက် ရှိနေလေသည်။ ရှန်ယင်းယင်းက အိမ်မှ ကန်စွန်းဥခြောက်များနှင့် ဟင်းသီးဟင်းရွက် တချို့ကိုလည်း ယူဆောင်လာခဲ့၏။ ရက်အနည်းငယ်မျှသာ ဖြစ်ပြီး ထမင်းကျွေးစရာ မလိုသဖြင့် ထိုမိသားစုကလည်း လိုလိုလားလားပင် လက်ခံခဲ့ကြသည်။

သို့သော်ငြားလည်း ကွယ်ရာတွင်တော့ ရှန်ယင်းယင်းနှင့် သူ၏အစ်ကိုများသည် အမေမတူကြသဖြင့် အစ်ကိုကြီးများနှင့် ဆက်ဆံရေးက ရှေ့လျှောက် ပိုမိုဆိုးရွားလာလိမ့်မည်ဟု သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်ခဲ့ကြရလေသည်။

ရှန်ယင်းယင်းနှင့် သူမ၏သားများ ကူညီပေးခြင်းကြောင့် အိမ်ဆောက်လုပ်သည့် အရှိန်အဟုန်က သိသိသာသာ မြန်ဆန်လာခဲ့သည်။ ၉လပိုင်း လဆန်းပိုင်းသို့ ရောက်သောအခါ ထုပ်တန်းများ တင်ပြီး အုတ်ကြွပ်များ မိုးကာ အုတ်ကြွပ်မိုးအိမ်ကြီး တစ်လုံး အသစ်စက်စက် ပေါ်ထွက်လာခဲ့တော့သည်။ အိမ်ဆောက်နေစဉ် ကာလအတွင်း ရှန်ရှောက်ယွမ်သည် တပ်ဖွဲ့သို့ အထူးတလည် သွားရောက်ခဲ့ပြီး ရွှီဝေကော်ကို မှန်တချို့ ဝယ်ယူပေးရန် အကူအညီတောင်းခဲ့ကာ ထိုမှန်များကို အိမ်၏ ပြတင်းပေါက်များအဖြစ် တပ်ဆင်ခဲ့လေသည်။

သို့သော် လူတိုင်းကို အံ့သြသွားစေသည့် အရာမှာ အိမ်ဘေးတွင် ဆောက်လုပ်ထားသော ရေချိုးခန်းငယ်လေးပင်။ အုတ်နှင့် ဘိလပ်မြေများဖြင့် ပြုလုပ်ထားသော ပိုက်လုံးများကို သွယ်တန်းထားပြီး အိမ်နောက်ဖေးရှိ မြေကြီးထဲတွင် အုတ်နှင့် ဘိလပ်မြေများဖြင့်ပင် တည်ဆောက်ထားသော ကန်တစ်ခုနှင့် ဆက်သွယ်ထားလေသည်။ ဖုမင်ဇယ်၏ ပြောစကားအရ ထိုကန်ကို မြေဆွေးတွင်းအဖြစ်လည်း အသုံးပြုနိုင်သည်ဟု ဆိုသဖြင့် အတွေ့အကြုံရင့်ကျက်သော လယ်သမားကြီးများကို အံ့သြမင်သက်စေခဲ့သလို သံသယလည်း ဖြစ်စေခဲ့သည်။

အခန်းငယ်လေး တစ်ခန်းမျှသာ ဖြစ်သော်ငြားလည်း ဆောက်လုပ်စရိတ်က တော်တော်လေး မြင့်မားလှသည်။ သို့သော် ရေချိုးရန်နှင့် အိမ်သာသုံးရန် ပိုမိုအဆင်ပြေသွားမည်ကို တွေးကြည့်မိသောအခါ လူတိုင်းက အနည်းငယ်တော့ မနာလို မဖြစ်ဘဲ မနေနိုင်ကြချေ။

အိမ်ဆောက်လုပ်ပြီးစီးသွားသောအခါ နောက်တစ်ဆင့်အနေဖြင့် အိမ်ကို အချိန်အတိုင်းအတာတစ်ခုအထိ အခြောက်ခံထားရမည် ဖြစ်ပြီး ပရိဘောဂများကို တဖြည်းဖြည်းချင်း ဖြည့်တင်းရပေမည်။

အလုပ်များ ပြီးစီးသွားသည်ကို မြင်တွေ့ရသောအခါ ရှန်ယင်းယင်းနှင့် သူမ၏သားများသည် အိမ်ပြန်ရန် ပြင်ဆင်ကြလေတော့သည်။ အိမ်မှ ထွက်လာစဉ်က ရက်အနည်းငယ် ကြန့်ကြာနိုင်ကြောင်း မိသားစုကို ပြောခဲ့သော်ငြားလည်း အိမ်ဆောက်သည့် လုပ်ငန်းစဉ်တွင် ပါဝင်ကူညီရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ၁၀ ရက်ကျော်ခန့် ကြာမြင့်သွားခဲ့သည်။ ကျန်ရစ်ခဲ့သည့် မိသားစုများကတော့ သေချာပေါက် စိုးရိမ်နေကြပေတော့မည်။

ရှန်မော့အာသည် ရှန်ယင်းယင်းတို့ သားအမိများနှင့်အတူ ၁၀ ရက်ကျော်ခန့် အချိန်ဖြတ်သန်းခဲ့ရသဖြင့် ရှန်ယင်းယင်း၏ ပွင့်လင်းရိုးသားသော အကျင့်စရိုက်ကို တော်တော်လေး သဘောကျလာခဲ့သည်။ ကျောက်ကျိန့်ယန်နှင့် ကျောက်ကျိန့်ဟွေးတို့သည်လည်း ရိုးသားပြီး ခင်မင်ဖွယ် ကောင်းကြသည်။ ထို့ကြောင့် ရှန်ရှောက်ယွမ်နှင့် တိုင်ပင်ပြီးနောက် ကျေးဇူးတင်စကားဆိုရန်နှင့် အောင်ပွဲခံရန်အတွက် အတူတကွ ထမင်းစားရန် နောက်ထပ် ၁ ရက် ဆက်နေရန် သူတို့ကို နားချခဲ့လေသည်။

ဒေသဓလေ့ထုံးစံများအရ ထုပ်တန်းတင်သည့်အခါတွင် စားပွဲသောက်ပွဲ ကျင်းပလေ့ရှိကြသည်။ သို့သော် လက်ရှိခေတ်ရေစီးကြောင်းက ချွေတာရေးကို အားပေးနေသဖြင့် ကြီးကျယ်ခမ်းနားသော စားပွဲသောက်ပွဲ ကျင်းပခြင်းက ဝေဖန်မှုများကို ဖိတ်ခေါ်သလို ဖြစ်နေပေလိမ့်မည်။ သို့ရာတွင် အိမ်ဆောက်ရာ၌ ကူညီပေးခဲ့သူများနှင့် အတူတကွ ထမင်းစားခြင်းကတော့ လက်ခံနိုင်ဖွယ်ရာ ဖြစ်လေသည်။

နောက်ထပ် ၁ ရက် ထပ်နေခြင်းက သိပ်ပြီး ကွာခြားသွားမည် မဟုတ်သဖြင့် နောက်တစ်နေ့ နံနက်စောစောတွင် ရှန်ယင်းယင်းသည် သူမ၏သားနှစ်ယောက်ကို တောင်ပေါ်သို့ စေလွှတ်လိုက်ပြီး သူမနှင့် ရှန်မော့အာတို့ကတော့ တပ်ဖွဲ့သို့ သွားရောက်ခဲ့ကြသည်။

ထိုနေ့က စာကလေးဈေးနေ့နှင့် တိုက်ဆိုင်နေလေသည်။ ဈေးထဲတွင် တပ်ဖွဲ့ဝင်များ ပြုလုပ်ထားသော တို့ဟူးနှင့် တို့ဟူးခြောက်ဖတ်များကို ဝယ်ယူခဲ့ကြပြီး ငါးပါးနီ တစ်ခြင်းငယ်ကိုလည်း ဝယ်ယူခဲ့ကြသည်။

ရှန်ယင်းယင်းက ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။ "နင့်အစ်ကိုဝမ်းကွဲတွေ တောင်ပေါ်မှာ ဘာမှမရခဲ့ရင်တောင်မှ ဒီငါးပါးနီတစ်ခြင်းက အသားဟင်းကောင်း တစ်ခွက် ဖြစ်လာမှာပါ"

ရှန်မော့အာက ပြန်ဖြေလိုက်သည်။ "ဟုတ်တယ် အဒေါ်၊ တို့ဟူးနဲ့ချက်ထားတဲ့ ငါးပါးနီဟင်း တစ်ခွက်ရယ်၊ တို့ဟူးခြောက်လိပ် တစ်ခွက်ရယ်ဆိုတော့ ဟင်းနှစ်ခွက်တောင် ရနေပြီပဲ"

စာကလေးဈေးမှ ထွက်ခွာလာပြီးနောက် သူတို့သည် အထည်ချုပ်စက်ရုံ အိပ်ဆောင်နယ်မြေသို့ သွားရောက်ခဲ့ကြပြီး အစ်မချောင်၏ အိမ်ကို ရှာတွေ့ခဲ့ကြသည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ပေါက်စီပေါင်းများ၏ မွှေးပျံ့သော ရနံ့က ဆီးကြိုနေလေသည်။ ရှန်မော့အာက အလျင်အမြန်ပင် ပြောလိုက်၏။ "အစ်မချောင်၊ ကျွန်မတို့ကို ပေါက်စီ ၄ လုံးလောက် အရင်ပေးပါဦး။ ကြက်သွန်မြိတ်နဲ့ အသားဆုပ် ၂ လုံးရယ်၊ သက်သတ်လွတ် ၂ လုံးရယ်ပေါ့။ ကျွန်မတို့ ဒီမှာပဲ စားသွားကြမယ်"

အစ်မချောင်က ပြုံးကာ သဘောတူလိုက်သည်။ မကြာမီမှာပင် သူမသည် ကြွေခွက်တစ်ခွက်ဖြင့် ပေါက်စီ ၄ လုံး ယူလာပေးပြီး မေးလိုက်၏။ "ဖုမင်ဇယ်ကို မတွေ့ရတာ တော်တော်ကြာပြီနော်။ သူ မလာဘူးလား"

ပြီးခဲ့သည့်အကြိမ်က ဖုမင်ဇယ်သည် ရှန်မော့အာနှင့် စကားပြောနေသည်ကို သူမ မြင်တွေ့ခဲ့ရစဉ်က ဖုမင်ဇယ်သည် အခြားသူများနှင့် အလွန်အမင်း ရောနှောဆက်ဆံလေ့မရှိသော အေးစက်စက် လူတစ်ယောက်ဖြစ်ကြောင်း သတိထားမိခဲ့သဖြင့် ဖုမင်ဇယ်နှင့် ရှန်မော့အာတို့ကြားတွင် ဆက်ဆံရေးကောင်းမွန်လိမ့်မည်ဟု သူမ ခန့်မှန်းလိုက်သည်။

"သူ အခုတလော တော်တော်လေး အလုပ်များနေတယ်။ ကျွန်မအိမ်ဆောက်တာကို ကူညီပေးတဲ့အပြင် ပညာတတ်လူငယ်များအဖွဲ့က မြေဆွေးလုပ်တဲ့ စမ်းသပ်မှုတစ်ခုခု လုပ်နေကြတယ်ထင်တယ်လေ" ရှန်မော့အာက ရှင်းပြလိုက်သည်။

သူမ၏အိမ်တွင် ဆောက်လုပ်ထားသော ရေချိုးခန်းကို အတုယူပြီး ပညာတတ်လူငယ်များအဖွဲ့သည် အစပိုင်းတွင် အလားတူ ရေချိုးခန်းမျိုး ဆောက်လုပ်လိုခဲ့ကြသည်။ သို့သော် လူဦးရေများပြားလှသဖြင့် သူမ၏ရေချိုးခန်းကဲ့သို့ အခန်းငယ်လေးသာ ဆောက်လုပ်၍ မရနိုင်ပေ။ ထို့အပြင် အခန်းငယ်လေး ဆောက်လုပ်လျှင်ပင် ကုန်ကျစရိတ် တော်တော်လေး များပြားမည်ဖြစ်ရာ လူအများအပြား ရှိနေသော်ငြားလည်း ငွေကြေးထည့်ဝင်လိုသူ နည်းပါးလှပြီး အထူးသဖြင့် မရှိမဖြစ် မလိုအပ်သော အရာတစ်ခုအတွက် ပို၍ပင် ခက်ခဲလှသည်။ ထို့ကြောင့် သူတို့သည် နောက်ဆုံးတွင် ထိုအစီအစဉ်ကို စွန့်လွှတ်လိုက်ကြလေသည်။

မည်သို့ပင်ဖြစ်စေ အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်ပြီးနောက်တွင်တော့ သူတို့သည် လာမည့်ရာသီတွင် သီးနှံအထွက်နှုန်း တိုးတက်စေရန်အတွက် မြေဆွေးတွင်းတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်လိုက်ကြပြီး ဆိုရှယ်လစ် တည်ဆောက်ရေးတွင် ပညာတတ်လူငယ်များ၏ အခန်းကဏ္ဍကို အမှန်တကယ် ဖြည့်ဆည်းပေးခဲ့ကြသည်။

ရွာရှိ အတွေ့အကြုံရင့်ကျက်သော လယ်သမားကြီးများက သံသယဝင်ခဲ့ကြသော်လည်း ပညာတတ်လူငယ်များအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ကျန်းကျစ်ချန်ကမူ ယခုတစ်ကြိမ်တွင် အလွန် စိတ်အားထက်သန်နေခဲ့သည်။ သူသည် ရန်ပုံငွေ အနည်းငယ် ချထားပေးရန် တပ်ဖွဲ့ခေါင်းဆောင်ကို မမောနိုင်မပန်းနိုင် နားချခဲ့ပြီး ပညာတတ်လူငယ်များကို ငွေကြေးနှင့် လုပ်အား ထည့်ဝင်ကြရန် တိုက်တွန်းခဲ့သည်။ လူတိုင်း အံ့သြသွားရသည်မှာ သူတို့သည် ထိုစီမံကိန်းကို အမှန်တကယ်ပင် အကောင်အထည် ဖော်နိုင်ခဲ့ခြင်းပင်။

ရလဒ်အနေဖြင့် ဖုမင်ဇယ်သည် သူမ၏အိမ်ဆောက်လုပ်ရာတွင် ကူညီပေးပြီးသည်နှင့် ပညာတတ်လူငယ်များအဖွဲ့၏ မွန်မြတ်သောအလုပ်ထဲသို့ ချက်ချင်းပင် ဝင်ရောက်လုပ်ကိုင်ခဲ့ရလေသည်။

ရှန်မော့အာ၏ ရှင်းပြသည့်စကားကို ကြားပြီးနောက် အစ်မချောင်က ပြုံးကာ ပြောလိုက်၏။ "ပညာတတ်လူငယ်ဖုက အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါ"

ထို့နောက် ရှန်မော့အာက မေးလိုက်သည်။ "အစ်မချောင်၊ ရှင်က ပညာတတ်လူငယ်ဖုနဲ့ တော်တော်လေး ရင်းနှီးတာလား"

တကယ်တော့ သူမသည် ဖုမင်ဇယ်ကို ဤနေရာတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကတည်းက စူးစမ်းလိုစိတ် ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။ ဖုမင်ဇယ်သည် ဆင်းရဲနွမ်းပါးသူဖြစ်သည်မှာ ထင်ရှားပြီး သူ၏ ငွေကြေးအခြေအနေအရ မှောင်ခိုဈေးကွက်တွင် ပါဝင်ပတ်သက်နေသော အစ်မချောင်နှင့် အစ်ကိုပေါင်တို့နှင့် မပတ်သက်သင့်ပေ။

အစ်မချောင်က ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ရေရေရာရာမရှိဘဲ ပြောလိုက်၏။ "ပညာတတ်လူငယ်ဖုက ကျွန်မကို ၁ ခါ ကူညီဖူးတယ်။ သူ ပိုက်ဆံနည်းနည်းပါးပါး ပိုတဲ့အခါ တစ်ခါတလေ ဒီမှာ လာစားတတ်တယ်"

သူမက အသေးစိတ် မပြောပြသည်ကို မြင်သောအခါ ရှန်မော့အာကလည်း ဆက်ပြီး အတင်းအကျပ် မမေးမြန်းတော့ချေ။

အစ်မချောင် ထွက်သွားသောအခါ ရှန်ယင်းယင်းက အသံကိုနှိမ့်ကာ ပြောလိုက်သည်။ "သက်သတ်လွတ်ပေါက်စီ ၁ လုံးကို ၅ ဝမ်တောင် ပေးရတယ်၊ ဒီပေါက်စီတွေက တော်တော်လေး ဈေးကြီးတာပဲ။ မော့အာ... နင်ပဲ စားလိုက်ပါ၊ ပိုရင် နင့်အဖေအတွက် ပြန်ယူသွားလိုက်" သူမသည် ဤမျှ ဈေးကြီးသော ပေါက်စီများကို မစားရက်ချေ။

ရှန်မော့အာက ပေါက်စီ ၁ လုံးကို တန်းယူကာ သူမအဒေါ်၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး ပြောလိုက်၏။ "ကျွန်မတို့ ပြန်သွားရင် အဖေနဲ့ အစ်ကိုဝမ်းကွဲတွေအတွက် နောက်ထပ် နည်းနည်းလောက် ဝယ်သွားကြတာပေါ့"

သူမက ထပ်လောင်းပြောလိုက်သည်။ "အဒေါ်၊ အဖေ့ရဲ့ပိုက်ဆံတွေအတွက် နှမြောမနေပါနဲ့။ အခု အဖေက အုတ်ဖုတ်ဖိုမှာ အလုပ်လုပ်နေတာလေ၊ လုပ်အားခနဲ့ ထောက်ပံ့ကြေးတွေရတော့ အရင်ကထက် ဘဝက အများကြီး ပိုအဆင်ပြေနေပါပြီ။ ရှေ့လျှောက် ပိုပြီး ကောင်းလာဦးမယ်လို့ ကျွန်မ ယုံကြည်တယ်။ ပြီးတော့ ဒါက နေ့တိုင်းစားနေတာမှ မဟုတ်တာ၊ တစ်ခါတလေမှ စားတာပဲလေ။ ဒီရက်ပိုင်းတွေမှာ အဒေါ် ပင်ပင်ပန်းပန်း လုပ်ပေးထားရတာ၊ ကျွန်မက အဒေါ်ကို ပေါက်စီ ၁ လုံးလောက်တောင် မကျွေးသင့်ဘူးလား"

ရှန်ယင်းယင်းမှာ ပေါက်စီကို ပါးစပ်အပြည့် ကိုက်ထားရသဖြင့် မစားလို့ မဖြစ်တော့ချေ။ "ကောင်းပါပြီ၊ ငါ စားပါ့မယ်။ ဒီပေါက်စီတွေက တကယ်ကို ကောင်းတာပဲ၊ ငါ့မောင်နဲ့ တူမလေးရဲ့ ကျေးဇူးကြောင့် တကယ့်ကို ဇိမ်ကျနေပါပြီ"

ပေါက်စီများကို ဂျုံအကောင်းစားဖြင့် ပြုလုပ်ထားပြီး မုန့်သားမှာ ချောမွေ့ကာ ကျစ်လျစ်မှုရှိသည်။ အစာသွပ်များကိုလည်း ကောင်းမွန်စွာ အရသာသွင်းထားပြီး အထူးသဖြင့် အသားပေါက်စီများမှာ တစ်ကိုက်ကိုက်လိုက်တိုင်း အရည်ရွှမ်းကာ အရသာရှိလှသည်။

တကယ်တမ်းတွင် သက်သတ်လွတ်ပေါက်စီ ၁ လုံးလျှင် ၅ဝမ်၊ ကြက်သွန်မြိတ်နှင့် အသားပေါက်စီ ၁ လုံးလျှင် ၈ ဝမ်ဆိုသော ဈေးနှုန်းက အထူးသဖြင့် ရိက္ခာကူပွန်များ မလိုအပ်သဖြင့် အမှန်တကယ် ဈေးမကြီးလှပေ။ သို့သော် လူတို့သည် ချွေတာရေးနှင့် ယဉ်ပါးနေကြသဖြင့် ပေါက်စီအနည်းငယ်အတွက် ငွေအနည်းငယ်မျှ သုံးစွဲလိုက်ရခြင်းက အနည်းငယ်တော့ နှမြောစရာ ကောင်းနေလေသည်။

စားသောက်ပြီးနောက် ရှန်မော့အာသည် အစ်မချောင်ထံမှ နောက်ထပ် ပေါက်စီ ၁၀ လုံးနှင့် ဝက်သား ၂ ပေါင်ကို ဝယ်ယူခဲ့ပြီး ၎င်းတို့အားလုံးကို သူတို့ယူလာသော ဝါးခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် မှောင်ခိုဈေးကွက်မှ ဝယ်ယူလာသော တို့ဟူး၊ တို့ဟူးခြောက်ဖတ်နှင့် ငါးပါးနီများကို အပေါ်မှ သေချာစွာ ပြန်စီထည့်လိုက်လေသည်။

"အစ်မချောင်၊ အဆင်ပြေရင် နောက်တစ်ခါ အဝတ်စတချို့လောက် ရှာပေးလို့ရမလား။ ကျွန်မတို့ အိမ်သစ်ဆောက်ထားတာဆိုတော့ စောင်အသစ်တစ်ထည်လောက် ချုပ်ချင်လို့ပါ"

အစ်မချောင်က ရှန်ယင်းယင်းကို တစ်ချက်ကြည့်လိုက်ရာ ရှန်မော့အာက အလျင်အမြန် ဖြည့်စွက်ပြောလိုက်၏။ "ဒါ ကျွန်မရဲ့ အဒေါ်ပါ။ စိတ်မပူပါနဲ့၊ သူ ဘယ်သူ့ကိုမှ မပြောပါဘူး"

ထိုအခါမှသာ အစ်မချောင်က သဘောတူလိုက်လေသည်။ "ကောင်းပြီလေ၊ ၁၀ ရက်လောက်နေရင် ပြန်လာခဲ့ပါ။ ကျွန်မက ပုံမှန်ဆို ဖောက်သည်အသစ်တွေကို လက်မခံပါဘူး။ ဒါပေမဲ့ လောင်အာ့က ရှင်တို့ကို ခေါ်လာပေးတာရယ်၊ ရှင်က ပညာတတ်လူငယ်ဖုကို သိနေတာရယ်ကြောင့် ချွင်းချက်အနေနဲ့ လုပ်ပေးလိုက်ပါ့မယ်"

အခြားသူများနှင့် ဖလှယ်ရန် ပေါက်စီအနည်းငယ် ပြုလုပ်ခြင်းမှာ ပြန်လည်ရောင်းချရန်အတွက် ကုန်ပစ္စည်းများ ရှာဖွေပေးခြင်းနှင့် လုံးဝ ကွဲပြားခြားနားလေသည်။

ရှန်မော့အာက ပြုံးလိုက်၏။ "အစ်မချောင်၊ ကျွန်မ နားလည်ပါတယ်"

အစ်မချောင်၏ အိမ်မှ ထွက်ခွာလာပြီးနောက် လမ်းဆုံတစ်ခုကို ဖြတ်ကျော်သွားစဉ်မှာပင် ရုတ်တရက် ပေါ်လာသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။ ထိုအမျိုးသမီး၏ မျက်လုံးများတွင် မျက်ဖြူလွှာက ပိုများနေပြီး လူများကို ကြည့်သည့်အခါတိုင်း မျက်လုံးများကို စွေပြီး ကြည့်နေသည်နှင့် တူလေသည်။ သူက ရှန်မော့အာကို ဆွဲဖမ်းလိုက်ပြီး သူမ၏ကျောပေါ်ရှိ ဝါးခြင်းတောင်းထဲသို့ ဟန်ဆောင်ပန်ဆောင် ငုံ့ကြည့်လိုက်၏။ "နင်တို့တွေ အစ်မချောင်ဆီက လာတာ မဟုတ်လား။ သူ့ဆီကနေ ပေါက်စီတွေ ဝယ်လာတာလား။ သူက ဈေးကစားပြီး အမြတ်ထုတ်နေတာလား..."

သူမက ခြင်းတောင်းကို မထိရသေးမီမှာပင် ရှန်မော့အာက သူမ၏လက်မောင်းကို လိမ်ချိုးလိုက်သဖြင့် ထိုအမျိုးသမီးက ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။ "အား... နာတယ် နာတယ်၊ နင် ဒီကောင်မစုတ်လေး... လွှတ်စမ်း လွှတ်စမ်း"

ရှန်မော့အာက သူမ၏ ဒူးခေါက်ကွေးကို ကန်လိုက်သဖြင့် မြေကြီးပေါ်သို့ ဒူးထောက်ကျသွားစေပြီးနောက် ပြောလိုက်၏။ "ကျွန်မက အစ်မချောင်နဲ့ ကြက်ဥကို ပေါက်စီ ၂ လုံးနဲ့ လဲလှယ်ခဲ့တာ။ ဘာလဲ... သူငယ်ချင်းအချင်းချင်း အစားအသောက် လဲလှယ်တာကို ရှင်က ဝင်စွက်ဖက်မလို့လား။ ရှင်က စည်းကျော်နေပြီ"

ထိုအမျိုးသမီးက မြေကြီးပေါ်တွင် ခဏလောက် ထိုင်နေပြီး ဒူးကို ပွတ်သပ်ကာ နာကျင်စွာ ညည်းညူနေလေသည်။ "နင်က ဘယ်လိုလုပ်ပြီး ဒီလောက် ခွန်အားကြီးနေရတာလဲ ကောင်မလေး။ နင် ငါ့ကို နာအောင်လုပ်လိုက်ပြီ၊ ငါ မတ်တပ်တောင် မရပ်နိုင်တော့ဘူး... နင်..."

"ရှင်က ကျွန်မဆီက ပိုက်ဆံလိမ်တောင်းဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား။ ကျွန်မတို့လို ဆင်းရဲတဲ့ လယ်သမားတွေက အဲဒါတွေကို မကြောက်ပါဘူး" ရှန်မော့အာက ခပ်အေးအေးပင် ပြောလိုက်သည်။

ရှန်ယင်းယင်းက ပို၍ပင် ပြတ်သားစွာဖြင့် အင်္ကျီလက်ကို ပင့်တင်လိုက်၏။ "ဘာဖြစ်နေတာလဲ။ ငါတို့ အေးအေးဆေးဆေး လမ်းလျှောက်နေတာကို နင်က လာပြီး လိမ်စားဖို့ ကြိုးစားနေတာလား။ နင်က အရိုက်ခံချင်နေတာပဲ ဖြစ်ရမယ်။ ငါတို့ တောင်ပေါ်သားတွေမှာ တခြားအရာတွေ မရှိရင်တောင်မှ ခွန်အားကတော့ အလျှံပယ် ရှိတယ်ဟဲ့"

ထိုအမျိုးသမီးသည် ယနေ့တွင် သူနှင့်အဆင့်တူသူကို တွေ့ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် မြေကြီးပေါ်မှ ကုန်းရုန်းထလိုက်လေသည်။ "ထားလိုက်ပါတော့၊ ထားလိုက်ပါတော့၊ နင်တို့ တောသားတွေက အမြဲတမ်း ရိုင်းစိုင်းကြတာပဲ။ ငါက နင်တို့အဆင့်ထိ ဆင်းပြီး မပြောတော့ပါဘူး။ ရန်ဖြစ်ဖို့တော့ မစဉ်းစားနဲ့နော်၊ ဒီနားက အိမ်နီးချင်းတွေက နင်တို့ကို တစ်ယောက်တစ်ချက် ကန်လိုက်ရုံနဲ့ တောင်ဘက်မြစ်ကမ်းစပ်အထိတောင် ရောက်သွားနိုင်တယ်။ ငါမို့လို့ သဘောထားကြီးကြီးထားပြီး လွှတ်ပေးလိုက်တာ..."

သူက လေလုံးထွားနေသော်လည်း အလျင်အမြန် ဆုတ်ခွာသွားပြီး မကြာမီမှာပင် တံခါးဝ၌ သလဲပင်တစ်ပင်ရှိသော တဲအိမ်ငယ်လေးထဲသို့ ပျောက်ကွယ်သွားလေတော့သည်။

ရှန်ယင်းယင်း: "အစ်မချောင် စောင့်ကြည့်ခံနေရတာ မဟုတ်လား"

ရှန်မော့အာက ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်၏။ "ကျွန်မတို့ ပြန်သွားပြီး သူ့ကို သတိပေးသင့်တယ်"

သူတို့သည် နောက်ကြောင်းပြန်လှည့်ကာ ထိုအဖြစ်အပျက်ကို အစ်မချောင်အား ပြောပြခဲ့ကြသည်။ အစ်မချောင်၏ မျက်နှာက သိပ်မကောင်းလှသော်လည်း သူတို့ကို ကျေးဇူးတင်စကား ဆိုခဲ့ပြီး ပေါက်စီ ၂ လုံး ထပ်ပေးရန် အတင်းအကျပ် ကြိုးစားခဲ့သော်လည်း ရှန်မော့အာက ငြင်းပယ်ခဲ့လေသည်။

ရှန်မော့အာနှင့် သူမ၏အဒေါ်တို့သည် ရွာ၏ မြည်းလှည်းဖြင့် လာခဲ့ကြခြင်း ဖြစ်သည်။ ပစ္စည်းများ ဝယ်ယူပြီးနောက် သူတို့သည် မြည်းလှည်း ရပ်နားထားရာ နေရာသို့ ပြန်လာခဲ့ကြသည်။

သူတို့နှင့်အတူ ပါလာသူတချို့ ပြန်မရောက်သေးသဖြင့် မြည်းလှည်းပေါ်တွင် စောင့်ဆိုင်းနေခဲ့ကြသည်။

ရုတ်တရက် ရှန်ယင်းယင်းက ရှန်မော့အာကို တံတောင်ဖြင့် တွတ်လိုက်ပြီး တီးတိုးပြောလိုက်၏။ "မော့အာ... ဟိုဘက်က ကောင်မလေးက နင့်ကို စိုက်ကြည့်နေတာလား"

အစောကြီးထထားရသဖြင့် ရှန်မော့အာသည် အိပ်ချင်မူးတူး ဖြစ်နေပြီး မြည်းလှည်းကိုမှီကာ မှေးငိုက်နေလေပြီ။ ထိုစကားကို ကြားလိုက်သောအခါ သူက မော့ကြည့်လိုက်သည်တွင် မလှမ်းမကမ်းရှိ သစ်ပင်အောက်တွင် ရပ်နားထားသော အခြားမြည်းလှည်းတစ်စီး၏ ရှေ့ပိုင်းနားတွင် ထိုင်နေသည့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရ၏။ ထိုမိန်းကလေးက သူမကို တည့်တည့်မတ်မတ် စိုက်ကြည့်နေလေသည်။

ရှန်မော့အာက ထိုမိန်းကလေးမှာ လျိုယင်းရွှမ်းမှန်း မှတ်မိသွားပြီး မျက်ခုံးပင့်လိုက်မိသည်။ ဒီမိန်းကလေးက သူမကို တစ္ဆေလို့ ထပ်ခေါ်ဦးမလို့လား။

သူမ မော့ကြည့်လိုက်ချိန်မှာပင် လျိုယင်းရွှမ်းက မြည်းလှည်းပေါ်မှ ဆင်းလာပြီး စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးနောက် သတ္တိများကို စုစည်းလိုက်ပုံရကာ ပြတ်သားပြီး ရဲရင့်သော အမူအရာဖြင့် ရှန်မော့အာထံသို့ လျှောက်လာခဲ့သည်။

ရှန်မော့အာ: "..."

'တစ္ဆေတစ်ကောင်လို ဆက်ဆံခံရတာ ဘယ်လိုခံစားရလဲဆိုတာကို နောက်ဆုံးတော့ ငါ ကြုံတွေ့လိုက်ရပြီပဲ'

'ဒါပေမဲ့ ဒီမိန်းကလေးက ငါ့ကို ကပ်ရောဂါတစ်ခုလို ရှောင်ရှားပြီး ငါ့ကို မြင်တာနဲ့ ထွက်ပြေးရမှာ မဟုတ်ဘူးလား။ ဒီနေ့ကျမှ ဘာလို့ လျှောက်လာရတာလဲ'

လျိုယင်းရွှမ်းသည် ရှန်မော့အာထံသို့ လျှောက်လာရုံသာမက စကားပါ ပြောလိုက်သေးသည်။ "ရှန်မော့အာ၊ နင် ငါ့ကို မှတ်မိလား။ ငါက လျိုကျိဟုန်လေ။ အရင်တုန်းက အလယ်တန်းကျောင်းမှာ ငါတို့ အတန်းတွေ ကပ်ရက်ရှိခဲ့တာ။ ဪ ဒါနဲ့ ငါ့နာမည်က လျိုကျိဟုန် မဟုတ်တော့ဘူး။ ငါ နာမည်ပြောင်းလိုက်ပြီ။ အခု ငါက လျိုယင်းရွှမ်းပဲ"

ရှန်မော့အာက အနည်းငယ် ဇဝေဇဝါဖြင့် ခေါင်းငြိမ့်ပြလိုက်၏။ "အင်း... ငါ နည်းနည်း မှတ်မိပါတယ်"

လျိုယင်းရွှမ်းက ရှန်မော့အာကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် ခဏအကြာတွင် သက်ပြင်းရှည်ကြီး ချလိုက်ကာ ပြောလိုက်သည်။ "အရာတော်တော်များများ ပြောင်းလဲသွားပေမဲ့ နင် အသက်ရှင်နေသေးတာ ကောင်းပါတယ်။ နောင်လာမယ့် အနာဂတ်မှာလည်း နင် ဆက်ပြီး ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ပါစေလို့ မျှော်လင့်ပါတယ်"

သူမ၏စကားများက အကြောင်းမဲ့သက်သက် ထွက်ပေါ်လာသဖြင့် ရှန်ယင်းယင်းက ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။ "ဟဲ့... နင်က ဘယ်လိုတွေ လာပြောနေတာလဲ။ ဆက်ပြီး ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ပါစေလို့ မျှော်လင့်တယ်ဆိုတာ ဘာသဘောလဲ။ ငါတို့ရဲ့ မော့အာက ဘာမှမဖြစ်ဘဲ အကောင်းကြီး ရှိနေတာကို။ နင်က ဘာလို့ အကြောင်းပြချက်မရှိဘဲ သူ့ကို လာကျိန်ဆဲနေရတာလဲ"

လျိုယင်းရွှမ်းက ရှန်ယင်းယင်းကို တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးများက "နင်တို့လို သာမန်လူတွေကို ငါ ပြောစရာ ဘာမှမရှိဘူး" ဟု ဆိုနေသကဲ့သို့ အနည်းငယ် အထင်သေးနေပုံရသည်။ သူက နောက်ထပ် ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားလေတော့သည်။

ရှန်ယင်းယင်း: "သူ ဘာဖြစ်နေတာလဲ"

အပိုင်း (၂၉.၂)

ရှန်မော့အာ တစ်ယောက်သာ လျိုယင်းရွှမ်း၏ အဓိပ္ပာယ်ကို နားလည်လေသည်။ လျိုယင်းရွှမ်းသည် သူမက တစ္ဆေမဟုတ်ကြောင်းနှင့် အမှန်တကယ် မသေသေးကြောင်း အချက်ကို နောက်ဆုံးတွင် လက်ခံသွားပုံရသည်။

ပြီးတော့ သူက အရာတော်တော်များများ ပြောင်းလဲသွားပြီဟု ပြောဆိုရာတွင် သူမ မသေသေးခြင်း အကြောင်းတစ်ခုတည်းသာ မဟုတ်ဘဲ အခြားအရာများလည်း ပြောင်းလဲသွားခြင်း ဖြစ်နိုင်ပေသည်... ဥပမာအားဖြင့် တစ်စုံတစ်ယောက်က တောတောင်ထဲမှ ဂျင်ဆင်းတူးဖော်လိမ့်မည်ဟု လျိုယင်းရွှမ်း ထင်မှတ်ထားခဲ့သော်လည်း နောက်ဆုံးတွင် တူးဖော်သွားသူက တခြားသူ မဟုတ်နေခြင်းပင်။

ရှန်မော့အာက ရှန်ယင်းယင်းကို နှစ်သိမ့်ပေးလိုက်၏။ "သူက တကယ်ပဲ ကျွန်မရဲ့ အတန်းဖော်ဟောင်းပါ။ သူ့ရဲ့ တွေးခေါ်ပုံက နည်းနည်းတော့ ထူးခြားတယ်။ သူက ကျွန်မကို ကျိန်ဆဲဖို့ ရည်ရွယ်တာ မဟုတ်လောက်ပါဘူး"

မြည်းလှည်းပေါ်တွင် ထိုင်နေသည့် အဒေါ်လော့ အမည်ရှိ ရွာသူတစ်ဦးက ဝင်ပြောလိုက်သည်။ "အဲဒါ စုန်းရှုတပ်ဖွဲ့က လျိုယင်းရွှမ်းလေ။ သူက ခေါင်းထဲမှာ နည်းနည်း လွတ်နေတာ"

ရှန်ယင်းယင်း၏ ဇဝေဇဝါဖြစ်နေပုံကို မြင်သောအခါ အဒေါ်လော့က သူမ သိထားသော အတင်းအဖျင်းများကို စိတ်အားထက်သန်စွာ မျှဝေတော့သည်။ "သူ့မိသားစုက မိန်းကလေးတွေထက် ယောကျ်ားလေးတွေကို ပိုပြီး မျက်နှာသာပေးကြတယ်။ သူတို့က သူ့ကိုသုံးပြီး သူ့အစ်ကိုအတွက် မိန်းမတောင်းပေးဖို့ လုပ်ကြတော့ သူက ငြင်းတာပေါ့။ သူက အိမ်မှာ ရက်ပေါင်းများစွာ ငိုယိုပြီး တောင်းပန်ခဲ့တယ်လို့ ပြောကြပေမဲ့ သူ့မိသားစုကတော့ လုံးဝ မလျှော့ပေးခဲ့ဘူးတဲ့။ ပြီးတော့ ဒီနှစ်အစပိုင်းတုန်းက သူက မှိုရှာဖို့ တောင်ပေါ်ကို တက်သွားတယ်။ အရင်နေ့က မိုးရွာထားတော့ တောင်တက်လမ်းက ချောနေတာပေါ့။ သူက ချော်ကျပြီး ခေါင်းကို ခိုက်မိသွားတယ်။ ကံကောင်းလို့ မှိုလာရှာတဲ့ တခြားသူတွေက သူ့ကို တွေ့သွားကြတာ။ အဲလိုမှမဟုတ်ရင် အဲဒီအအေးဒဏ်ထဲမှာ သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

အဒေါ်လော့က စိတ်အားထက်သန်စွာ ဆက်ပြောပြလေသည်။ "ဒါပေမဲ့ ဆေးရုံကနေ ပြန်ဆင်းလာပြီးနောက်မှာတော့ သူက တခြားလူတစ်ယောက်လို ပြောင်းလဲသွားတယ်။ သူ့အမေက သူ့ကို သဘောတူလိုက်ဖို့ ပြောတော့ သူက မီးဖိုချောင်သုံးဓားကို သွားယူပြီး ဘယ်တော့မှ သဘောမတူနိုင်ဘူးလို့ ပြောတယ်တဲ့။ သူတို့သာ အတင်းအကျပ် လုပ်မယ်ဆိုရင် သူ့အစ်ကိုကို သတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်လိုက်သေးတယ်။ အိုကွယ်... လျိုမိသားစုကို သေမတတ် ကြောက်သွားစေတာပဲ။ အဲဒီနောက်ပိုင်းတော့ လျိုမိသားစုက သူ့ကို အတင်းအကျပ် ပေးစားမယ့်အကြောင်း ထပ်မပြောရဲတော့ဘူး။ သူတို့က မင်္ဂလာကြေးရဖို့ မျှော်လင့်ပြီး သူ့အတွက် သင့်တော်မယ့်သူကို ရှာပေးမယ်လို့ပဲ ပြောတယ်လေ။ ဒါပေမဲ့ အဲဒီကောင်မလေးက မီးဖိုချောင်သုံးဓားကို ပြန်ယူပြီး သူ့ကို မင်္ဂလာကြေးအတွက် သုံးဖို့ ကြိုးစားတဲ့သူ ဘယ်သူ့ကိုမဆို သတ်ပစ်မယ်လို့ ပြောလိုက်ပြန်ရော"

အဒေါ်လော့က ဆက်ပြောသည်။ "နောက်ထပ် အဖြစ်အပျက်တွေ အများကြီး ရှိသေးတယ်။ သူ့အစ်ကိုက အသား အပိုတစ်ဖတ် ရသွားရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် သူ့မောင်က ကြက်ဥအပို ၁ လုံး ရသွားရင်ဖြစ်ဖြစ် သူက ပြဿနာရှာတော့တာပဲ။ သူက နေ့တိုင်း ပြဿနာတွေ လိုက်ရှာနေတော့တာ။ အခုဆိုရင် သူ့မိသားစုတင်မကဘူး၊ သူတို့တပ်ဖွဲ့က လူတွေတောင် သူ့ကို မထိန်းနိုင်တော့ဘူး"

ရှန်ယင်းယင်းမှာ ကြောင်အသွားပြီး ရေရွတ်လိုက်မိ၏။ "ဒီကောင်မလေးက တကယ့်ကို ထူးခြားတာပဲ"

ရှန်မော့အာသည် လျိုယင်းရွှမ်းအကြောင်း အရင်က ကြားဖူးသော်လည်း သည်လောက် အသေးစိတ် မသိခဲ့ချေ။ ထို့ကြောင့် သူမက မနေနိုင်ဘဲ ပြောလိုက်သည်။ "အဒေါ်လော့၊ အဒေါ်က တကယ့်ကို အံ့သြစရာ ကောင်းတာပဲ။ စုန်းရှုတပ်ဖွဲ့အကြောင်း ဒီလောက်တောင် အများကြီး သိနေတယ်။ အဒေါ့်မှာ အဆက်အသွယ်တွေ အများကြီး ရှိရမယ်"

ဟိုအကြောင်းဒီအကြောင်း အတင်းပြောရသည်ကို နှစ်သက်သော အဒေါ်လော့မှာ ရှန်မော့အာက သူ့ကို ချီးကျူးလိုက်သောအခါ မျက်နှာအနှံ့ အရေးအကြောင်းများ ပေါ်လာသည်အထိ ပြုံးသွားလေသည်။ "ဪ... ဘာမှမဟုတ်ပါဘူးကွယ်။ ငါ့မှာ ငယ်ငယ်တုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းဟောင်း တချို့က စုန်းရှုတပ်ဖွဲ့ထဲမှာ ရှိနေလို့ပါ။ ငါတို့ တွေ့တဲ့အခါတိုင်း စကားပြောဖြစ်ကြတာပါ"

'ဒါက သာမန်စကားပြောရုံသက်သက်တော့ မဟုတ်လောက်ဘူး။ သူက အများကြီး သိနေတာ၊ သူကိုယ်တိုင် မြင်ခဲ့ရသလိုမျိုးပဲ' ရှန်မော့အာက စိတ်ထဲမှ တွေးလိုက်မိသည်။

သူတို့ စကားပြောနေကြစဉ်မှာပင် လျိုယင်းရွှမ်းသည် စုန်းရှုတပ်ဖွဲ့၏ မြည်းလှည်းဆီသို့ ပြန်ရောက်လာပြီး လှည်းရှေ့ပိုင်းနားရှိ သူ၏နေရာကို တစ်စုံတစ်ယောက်က ယူထားကာ သူ၏ဝါးခြင်းတောင်းကို ဘေးသို့ ဖယ်ထားသည်ကို တွေ့လိုက်ရသည်။ သူမနေရာကို ယူထားသော အမျိုးသမီးငယ်ကို ကြည့်လိုက်ရင်း သူမ၏မျက်နှာထားက ချက်ချင်းပင် မည်းမှောင်သွားပြီး ပြောလိုက်၏။ "နင် လာတဲ့နေရာကို ပြန်သွား"

အမျိုးသမီးငယ်သည် မျက်နှာနီမြန်းသွားသော်လည်း နေရာမှ မရွေ့ဘဲ ညင်သာစွာ ပြန်ပြောလိုက်သည်။ "မြည်းလှည်းက အရင်လာတဲ့သူ အရင်ထိုင်ရတာပဲလေ၊ သတ်မှတ်ထားတဲ့ နေရာမှ မရှိတာ။ နင် ထွက်သွားရင် တခြားလူတစ်ယောက်က ဒီမှာ လာထိုင်မှာပဲ၊ ငါမှ မဟုတ်ဘူး"

လျိုယင်းရွှမ်းမှာ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားပြီး ထိုအမျိုးသမီးငယ်၏ နှာခေါင်းကို လက်ညှိုးထိုးကာ ဆူပူကြိမ်းမောင်းတော့သည်။ "နင်... လက်ဖက်စိမ်းမစုတ်လေး၊ ငါ့ရှေ့မှာ လာပြီး ရိုးသားဖြူစင်ဟန် လာမဆောင်နေနဲ့။ ငါ နင့်ကို ပြောထားမယ်၊ အဲဒီဟန်ဆောင်မှုက တခြားသူတွေအပေါ် အလုပ်ဖြစ်ချင် ဖြစ်လိမ့်မယ်၊ ငါ့အပေါ်တော့ မရဘူး။ တောက်... အပြင်ပန်းမှာတော့ သဘောကောင်းချင်ယောင်ဆောင်ပြီး အတွင်းစိတ်ထဲမှာ အကြံအစည်တွေနဲ့ ပြည့်နေတဲ့ နင့်လိုလူမျိုးတွေကို ငါ အရမ်းမုန်းတယ်။ နင် ဖယ်ပေးမှာလား၊ မဖယ်ပေးဘူးလား"

ထိုအမျိုးသမီးငယ်၏ မျက်လုံးများတွင် ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာပြီး မြည်းလှည်းပေါ်ရှိ အခြားသူများကို သနားစရာကောင်းအောင် ကြည့်လိုက်ကာ ရှိုက်ငိုရင်း ပြောလိုက်သည်။ "နင်... နင်က တော်တော့်ကို ကျိုးကြောင်းမဲ့တာပဲ။ ဒါက နေရာလေးတစ်ခုပဲလေ။ နင် ကောင်းကောင်းမွန်မွန် ပြောလို့ မရဘူးလား။ ဘာလို့ ဆဲဆိုနေရတာလဲ"

မြည်းလှည်းပေါ်ရှိ အခြားသူများက လျိုယင်းရွှမ်းကို တစ်ချက်ကြည့်လိုက်ကြသော်လည်း မည်သူကမျှ ဝင်မပြောရဲကြချေ။ ထို့အစား သူတို့အားလုံးသည် နေရာများကို ရွှေ့လိုက်ကြပြီး ရှေ့ပိုင်းနှင့် တတ်နိုင်သမျှ အဝေးဆုံးတွင် နေရန် ကြိုးစားလိုက်ကြသည်။

'ဒီအမျိုးသမီးငယ်က စုန်းရှုတပ်ဖွဲ့ထဲကို အိမ်ထောင်ကျပြီး ရောက်လာတာ သိပ်မကြာသေးဘူး။ သူက အခြေအနေကို မသိသေးဘူး။ အဲလိုမှမဟုတ်ရင် ဘယ်သူ့ကိုမဆို ပြဿနာရှာလို့ရပေမဲ့ လျိုယင်းရွှမ်းကိုတော့ ပြဿနာသွားမရှာသင့်ဘူး ဆိုတာကို သူ သိမှာပေါ့' ဟု သူတို့အားလုံး စိတ်ထဲမှ တွေးလိုက်ကြသည်။

လျိုယင်းရွှမ်းက နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ဘဲ သူ၏အိတ်ကပ်ထဲမှ ကတ်ကြေးတစ်လက်ကို ထုတ်လိုက်ကာ "နင် မဖယ်ခင် နင့်မျက်နှာကို ငါ ခြစ်ပစ်ရမလား၊ ဒါမှမဟုတ် အခုချက်ချင်း ဖယ်ပေးမှာလား"

ကတ်ကြေးက သူမ၏မျက်နှာနှင့် လက်မအနည်းငယ်အကွာတွင် ရှိနေသဖြင့် အမျိုးသမီးငယ်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်တော့သည်။ "နင် ဘာလုပ်မလို့လဲ။ ငါ... ငါ ဖယ်ပေးပါ့မယ်... ဟုတ်ပြီလား... ဝူးဝူးဝူး..."

မြည်းလှည်းပေါ်မှ မည်သူကမျှ ဝင်ရောက်ကူညီပေးခြင်း မရှိသည်ကို မြင်သောအခါ အမျိုးသမီးငယ်သည် မျက်ရည်စက်လက်ဖြင့် ဘေးသို့ဖယ်ပေးလိုက်ပြီး လျိုယင်းရွှမ်း၏ ဝါးခြင်းတောင်းကို မူလနေရာသို့ ပြန်ထားပေးလိုက်လေသည်။

တစ်ဖက်တွင်တော့ ယန်လျိုတပ်ဖွဲ့၏ မြည်းလှည်းပေါ်မှ အဒေါ်လော့က ရှန်မော့အာကို မျက်စိမှိတ်ပြလိုက်၏။ "အဲဒါကို တွေ့လား။ ဒီကောင်မလေးက တကယ့်ကို ထူးခြားတာပဲ။ သူက အစွမ်းကုန် လုပ်ဖို့ကို မကြောက်ဘူး။ အကြမ်းတမ်းဆုံး လူတွေတောင် ကိုယ့်အသက်ကို တန်ဖိုးမထားတဲ့သူကို ကြောက်ကြတာပဲ။ အခုဆို သူတို့တပ်ဖွဲ့က ဘယ်သူမှ သူ့ကို သွားမရှုပ်ရဲကြတော့ဘူး"

ရှန်ယင်းယင်းမှာ အံ့သြသွားလေသည်။ "ဒါက တကယ့်ကို ထူးခြားတာပဲ၊ ငါတို့ တောင်ပေါ်သားတွေထက်တောင် ပိုပြီး ရဲတင်းနေသေးတယ်"

ရှန်မော့အာသည် တစ်ချက် လှမ်းကြည့်လိုက်ရာ လျိုယင်းရွှမ်းသည် သူမ၏ဝါးခြင်းတောင်းနှင့်အတူ မူလနေရာတွင် ပြန်ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။

'တကယ်တမ်းပြောရရင် ရဲဘော်လျိုရဲ့ နည်းလမ်းတွေက နည်းနည်းတော့ အစွန်းရောက်ကောင်း ရောက်နေနိုင်ပေမဲ့ သူလုပ်ခဲ့တာတွေက မမှားပါဘူး။ သူ့မိသားစုက အတင်းအကျပ် စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကို ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ သူ့မိဘတွေက မျက်နှာလိုက်တာကို ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ခုလေးတင် ဖြစ်သွားတဲ့ နေရာလုတဲ့ ပြဿနာမှာပဲဖြစ်ဖြစ်၊ သူက တခြားသူတွေအတွက် အလွန်အကျွံဖြစ်နေတယ်လို့ ထင်ရတဲ့ နည်းလမ်းတွေနဲ့ သူ့ရဲ့ အကျိုးစီးပွားတွေကို မသမာတဲ့နည်းနဲ့ ချိုးဖောက်ခံရတဲ့အချိန်မှာ သူ့ကိုယ်သူ ကာကွယ်နေတာ သက်သက်ပါပဲ'

'တော်တော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ'

'ဒါပေါ့... သူ့ရဲ့စကားလုံးတွေကလည်း တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ သူက အဲဒီအမျိုးသမီးငယ်ကို "လက်ဖက်စိမ်းမ" လို့ ခေါ်ပြီး သူ့ကို "လက်ဖက်ရည်လိုမျိုး" လို့ ဖော်ပြခဲ့တယ်။ အစပိုင်းမှာတော့ နားလည်ဖို့ နည်းနည်းခက်တယ်။ လူတွေကို လက်ဖက်ရည်နဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ရမှာလဲ။ ဒါပေမဲ့ သေချာစဉ်းစားကြည့်လိုက်တော့ သူ့ရဲ့ ဖော်ပြချက်က တော်တော်လေး ပီပြင်တယ်ဆိုတာကို ရှန်မော့အာ နားလည်သွားတယ်'

'ဒါက ထျန်းဖန်နဲ့ ဆက်ဆံရတဲ့အခါ သူမ ခံစားရတဲ့ ခံစားချက်နဲ့ ကွက်တိပဲ'

လူစုံသွားသောအခါ ဦးလေးလျိုက သူ၏ကြိမ်လုံးကို ရမ်းလိုက်ပြီး မြည်းလှည်းသည် တခွပ်ခွပ်မြည်သံနှင့်အတူ စတင်ရွေ့လျားသွားလေတော့သည်။

လှည်းပေါ်တွင် လူများ ပြည့်ကျပ်နေပြီး သူတို့ ထွက်ခွာလာပြီး သိပ်မကြာမီမှာပင် သိမ်မွေ့သော ရုပ်ရည်ရှိသည့် အမျိုးသမီးငယ်တစ်ဦးက လေကို ရှူရှိုက်လိုက်ပြီး ညင်သာစွာ ပြောလိုက်၏။ "တစ်ယောက်ယောက် ပေါက်စီတွေ ဝယ်လာတာလား။ တအားမွှေးနေတာပဲ"

လှည်းပေါ်မှ မည်သူကမျှ စကားတစ်ခွန်းမှ ဝင်မပြောကြချေ။

ဒါက သိသာပေသည်။ သူ့တစ်ယောက်တည်း နှာခေါင်းပါသည်မှ မဟုတ်ဘဲ။ လူတိုင်းက ပေါက်စီရနံ့ကို ရနေကြသည်သာ ဖြစ်သည်။

သို့သော် ဤသည်မှာ နားလည်နိုင်သော ကိစ္စပင်။ လူတိုင်းက အစားအသောက်၊ အဖျော်ယမကာ သို့မဟုတ် အခြား လိုအပ်သော ပစ္စည်းများကို ဝယ်ယူရန် တပ်ဖွဲ့သို့ လာရောက်ကြခြင်းဖြစ်ပြီး ယနေ့သည် အလွတ်သဘော ဈေးလေးတစ်ခုဖြစ်သော စာကလေးဈေးနေ့ ဖြစ်နေလေသည်။ လှည်းပေါ်ရှိ လူအများအပြားသည် ဈေးကောင်းရခဲ့ကြသဖြင့် တစ်စုံတစ်ယောက်က ပေါက်စီများ ဝယ်ယူလာခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ ၎င်းသည် အားကျစရာတစ်ခု ဖြစ်သော်ငြားလည်း ထူးခြားဆန်းပြားသော ကိစ္စတစ်ခု မဟုတ်သဖြင့် အသိဉာဏ်ရှိသူတိုင်းက ထုတ်ဖော်ပြောဆိုနေမည် မဟုတ်ချေ။

အဆုံးမှာတော့ ဒီတစ်ကြိမ်မှာ တခြားတစ်ယောက်က ပေါက်စီဝယ်လာတာပဲလေ။ နောက်တစ်ကြိမ်မှာ ကိုယ်တိုင်က ပန်ကိတ်တွေ ဝယ်လာရင်ကော ဘယ်လိုလုပ်မလဲ။

မည်သူကမျှ တုံ့ပြန်ခြင်း မရှိသည်ကို မြင်သော်လည်း အမျိုးသမီးငယ်သည် လက်မလွှတ်သေးချေ။ သူမက နောက်တစ်ကြိမ် ထပ်မံရှူရှိုက်လိုက်ပြီး ရှန်မော့အာရှိရာဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ရှင်တို့လား။ အများကြီး ဝယ်လာတဲ့ အနံ့ရတယ်။ အဲဒါတွေ ဘယ်ကရလာတာလဲ။ နိုင်ငံပိုင် စားသောက်ဆိုင်ကလား။ ပေါက်စီတွေက တအားမွှေးတာပဲ။ ဘယ်လောက်ပေးရလဲ။ ကူပွန်ဘယ်နှစ်စောင် ပေးရလဲ"

ရှန်ယင်းယင်းက ဆက်ပြီး သည်းမခံနိုင်တော့ချေ။ "အေး... ဟုတ်တယ်၊ ငါတို့ ပေါက်စီတွေ ဝယ်လာတာ။ ငါတို့ အိမ်သစ်ဆောက်နေတာဆိုတော့ အားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ ပေါက်စီတချို့ ဝယ်လာတာလေ။ အဲဒါ နင့်အပူ ပါလို့လား။ နင်က ဘာလို့ သူများကိစ္စတွေကို ဝင်စွက်ဖက်နေရတာလဲ။ အဲဒါတွေက ဘယ်လောက်ပေးရပြီး ကူပွန်ဘယ်နှစ်စောင် သုံးရလဲဆိုတာ နင်နဲ့ ဘာဆိုင်လို့လဲ။ နင်က ငါတို့အတွက် ကုန်ကျစရိတ်ကို ရှင်းပေးမလို့လား။ တကယ်ပဲ... ဒီ 'လက်ဖက်စိမ်း' အပြုအမူက တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ"

လူတိုင်းသည် လျိုယင်းရွှမ်း၏ စောစောက စကားများကို ကြားခဲ့ကြသည်မှာ ထင်ရှားပြီး ရဲဘော် ရှန်ယင်းယင်းက ချက်ချင်းပင် ၎င်းတို့ကို လက်တွေ့အသုံးချလိုက်ခြင်း ဖြစ်လေသည်။

"ကျွန်မ... ကျွန်မက ဒီအတိုင်း မေးကြည့်တာပါ။ ရှင်က ဘာလို့ ဒီလောက်တောင် ရိုင်းစိုင်းရတာလဲ" အမျိုးသမီးငယ်မှာ မျက်ရည်ကျလုမတတ် ဖြစ်နေလေသည်။

ရှန်မော့အာက မျက်မှောင်ကြုတ်လိုက်ပြီး တိုက်ရိုက်ပင် မေးလိုက်၏။ "ရှင့်ပါးစပ် ပိတ်သွားပြီး သတိဝင်လာအောင် ကျွန်မက ရှင့်ကို ရိုက်ပေးရမလား၊ ဒါမှမဟုတ် အခုချက်ချင်း ပါးစပ်ပိတ်ထားမှာလား"

လျိုယင်းရွှမ်းကို အကြောင်းမေးခဲ့ပြီး လျိုယင်းရွှမ်းကို နားလည်ကာ လျိုယင်းရွှမ်း ကိုယ်တိုင် ဖြစ်လာတော့သည်။

အမျိုးသမီးငယ်သည် ရှန်မော့အာ၏ အကြည့်နှင့် ဆုံလိုက်ရသောအခါ နောက်သို့ တွန့်ဆုတ်သွားပြီး ပါးစပ်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားလိုက်လေသည်။ သူမ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်ပါက ရှန်မော့အာက သူမကို အမှန်တကယ် ရိုက်လိမ့်မည်ဟု ခံစားလိုက်ရသည်။

အဒေါ်လော့က အဓိပ္ပာယ်ပါပါဖြင့် ရေရွတ်လိုက်၏။ "အခုခေတ် အမျိုးသမီးငယ်တွေကတော့လေ..."

လှည်းပေါ်ရှိ လူတိုင်းသည် အဒေါ်လော့၏ အဓိပ္ပာယ်ကို အလျင်အမြန်ပင် နားလည်သွားကြသည်။ ယနေ့ခေတ် အမျိုးသမီးငယ်များသည် အမှန်တကယ်ပင် အကင်းမပါးလှချေ။ စုန်းရှုတပ်ဖွဲ့မှ တစ်ယောက်ကလည်း ဒီလိုပဲဖြစ်ပြီး အခု ယန်လျိုတပ်ဖွဲ့မှ တစ်ယောက်ကလည်း ထူးမခြားနားပင်—အမြဲတမ်း ပြဿနာရှာနေပြီး ဆူပူကြိမ်းမောင်းခံရရန် တောင်းဆိုနေသလို ဖြစ်နေလေသည်။

ရှန်ယင်းယင်းနှင့် ရှန်မော့အာ နှစ်ယောက်စလုံးက တော်တော်လေး ပွင့်လင်းပြတ်သားသူများ ဖြစ်ကြသဖြင့် ခရီးစဉ်၏ ကျန်ရှိနေသော အချိန်များတွင် နောက်ထပ် အဖြစ်အပျက် တစ်စုံတစ်ရာ မရှိဘဲ ဖြတ်သန်းသွားခဲ့သည်။ သို့သော်ငြားလည်း ပေါက်စီများ၏ သွားရည်ကျစရာ ကောင်းလှသော ရနံ့က အခြားသူများအတွက် သည်းခံနိုင်ရန် ခက်ခဲလွန်းလှသော်လည်း ရှန်မိသားစုသည် သူတို့၏ အိမ်သစ်ကို အောင်ပွဲခံရန်အတွက် စားပွဲသောက်ပွဲ ကျင်းပနေခြင်းဖြစ်ကြောင်းကိုမူ နားလည်ထားကြလေသည်။

တကယ်တမ်းတွင် စားပွဲသောက်ပွဲအတွက် တပ်ဖွဲ့မှ ပေါက်စီများ ဝယ်ယူခြင်းက တော်တော်လေး ငွေကုန်ကြေးကျ များလှသဖြင့် လူအများအပြားက စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိကြသည်။ ရှန်မိသားစုက သဘောထားကြီးကြောင်းနှင့် သူတို့၏ အိမ်မှုကိစ္စများကို ကူညီပေးသူများကို ကောင်းမွန်စွာ ဆက်ဆံကြောင်း လူတိုင်းက ပြောကြသည်။ ယခုအခါ စားပွဲသောက်ပွဲက သူတို့ စိတ်ကူးထားသည်ထက် ပို၍ပင် ကောင်းမွန်နေလိမ့်မည်ဟု ထင်ရလေသည်။

ဤသို့ တွေးမိသောအခါ ရှန်မိသားစုအတွက် အလုပ်လုပ်ပေးခဲ့သူများကို မနာလို မဖြစ်ဘဲ မနေနိုင်အောင် ဖြစ်ခဲ့ကြရသည်။

တစ်ချိန်တည်းမှာပင် ရှန်မိသားစု၏ ပထမအိမ်ခွဲနှင့် ဒုတိယအိမ်ခွဲတို့၏ ထူးဆန်းသော အပြုအမူကို နားလည်ရန် ပို၍ပင် ခက်ခဲနေကြောင်း သူတို့ တွေ့ရှိလိုက်ကြရသည်။

ရှန်မော့အာနှင့် အခြားသူများ အိမ်သို့ ရောက်ရှိလာသောအခါ အိမ်ထဲတွင် ဟင်းပွဲများ ပြင်ဆင်နေကြသဖြင့် လူများဖြင့် စည်ကားနေသည်ကို တွေ့လိုက်ရ၏။ သံဒယ်အိုးကြီးထဲတွင် အသားအိုးကြီး တစ်အိုးကို တည်ထားပြီး မွှေးပျံ့ကာ ဆွဲဆောင်မှုရှိသော ရနံ့က မိုင်ပေါင်းများစွာအထိ မွှေးပျံ့နေလေသည်။

"ရဲဘော် ရှန်မော့အာ၊ ရဲဘော် ကျောက်ကျိန့်ယန်နဲ့ ရဲဘော် ကျောက်ကျိန့်ဟွေးတို့က တကယ့်ကို အံ့သြစရာ ကောင်းတာပဲ။ သူတို့က မင်းလိုပဲ အထင်ကြီးစရာ ကောင်းတယ်"

ကျိန့်ကျားမင်သည် သကြားလုံးဆိုင်ထဲ ရောက်နေသော ကလေးတစ်ယောက်လို စိတ်လှုပ်ရှားနေလေသည်။ သူသည် ထိုနေ့နံနက်က ကျောက်ကျိန့်ယန်နှင့် အခြားသူများနှင့်အတူ တောင်ပေါ်သို့ တက်ခဲ့ပြီး သူ၏ စိတ်လှုပ်ရှားမှုက ပျောက်ကွယ်မသွားသေးချေ။ သူက စကားတွေ တရစပ် ပြောနေတော့သည်။ "သူတို့က ကျွန်တော့်ကို တောင်တွေထဲ ပိုနက်တဲ့နေရာကို ခေါ်သွားတယ်၊ ပြီးတော့ ကျွန်တော်တို့ ဝံပုလွေတစ်ကောင်နဲ့ ဆုံခဲ့တယ်... ဝံပုလွေတစ်ကောင်နော်။ အိုဘုရားရေ... ကျွန်တော့်ခြေထောက်တွေတောင် ကြောက်လွန်းလို့ အားပျော့သွားတယ်။ သူတို့သာ ကျွန်တော့်ကို ဆွဲမခေါ်သွားဘူးဆိုရင် ကျွန်တော် သေသွားလောက်ပြီ"

ကျောက်ကျိန့်ယန်က ပခုံးတွန့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ "မဖြစ်နိုင်ပါဘူးဗျာ၊ ကျွန်တော်တို့ဆီမှာ ဓားတွေ ပါတာပဲ။ တကယ်လို့ လိုအပ်လာရင် ကျွန်တော်တို့ အဲဒါကို ပြန်တိုက်ခိုက်လို့ ရပါတယ်။ ဝံပုလွေအုပ်နဲ့ ဆုံမှာကြောက်လို့ ကျွန်တော်တို့ ပြေးခဲ့တာပါ။ အမဲလိုက်သေနတ် မပါဘဲနဲ့ ဝံပုလွေအုပ်နဲ့ဆိုရင်တော့ ပြဿနာဖြစ်နိုင်တယ်လေ"

ကျိန့်ကျားမင်က သူ့ကို လေးစားအားကျစွာဖြင့် ကြည့်လိုက်သည်။ "အားလုံးပဲ နားထောင်ကြည့်ကြပါဦး။ သူက ကျွန်တော်တို့ရဲ့ တောကြက်သူရဲကောင်းပဲဗျို့။ တစ်ကောင်တည်းရှိတဲ့ ဝံပုလွေနဲ့ ရင်ဆိုင်ရချိန်မှာ အကြောက်အလန့်မရှိဘဲ ဉာဏ်ရည်ပြည့်ဝပြီး တောကြက်တွေကို ဖမ်းတဲ့အခါမှာ မြန်ဆန်ပြီး ပြတ်သားတယ်။ ရဲရင့်တဲ့ ရဲဘော် ကျောက်ကျိန့်ယန်နဲ့ ကျောက်ကျိန့်ဟွေးတို့ကို လက်ခုပ်တီးပြီး အားပေးကြရအောင်"

ကျောက်ကျိန့်ယန်: "..."

မီးဖိုရှေ့တွင် ရပ်နေသော အဒေါ််ချန်မှာ အူတက်မတတ် ရယ်မောနေလေသည်။ "အိုကွယ်... ဒီ ပညာတတ်လူငယ်လေး ကျိန့်ကျားမင်က တကယ့်ကို ပြဿနာကောင်လေးပဲ"

ကျောက်ကျိန့်ယန် ဖမ်းလာသော တောကြက်များနှင့် ရှန်မော့အာ ဝယ်လာသော အသား၊ ငါးပါးနီနှင့် တို့ဟူးတို့ဖြင့် အစားအသောက်ကို အလွန် ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်ထားလေသည်။ နောက်ဆုံးတွင် စားပွဲအပြည့် ဟင်းပွဲများကို ချက်ပြုတ်နိုင်ခဲ့ပြီး ရှန်မော့အာက အစ်မချောင်ထံမှ ဝယ်လာသော ပေါက်စီ ၁ လုံးစီ၏ တစ်ဝက်စီကို လူတိုင်းအား ဝေငှပေးလိုက်သည်။ လူတိုင်းသည် ဗိုက်ပြည့်တင်းကာ လုံးဝ ကျေနပ်သွားသည်အထိ စားသောက်ခဲ့ကြလေသည်။

လူတိုင်းက သူတို့၏ အစားအသောက်များကို မြိန်ယှက်စွာ စားသောက်နေကြစဉ်မှာပင် အပြင်ဘက်မှ တစ်စုံတစ်ရာကို မြေကြီးပေါ်သို့ ဆောင့်ချလိုက်သကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအသံ၏နောက်တွင် စူးရှသော အမျိုးသမီးအသံတစ်ခုကို ချက်ချင်းပင် ကြားလိုက်ရလေသည်။ "ရှန်မော့အာ... နင် ဒီကောင်မစုတ်လေး... အရှက်မရှိတဲ့ ဖာသည်မလေး... အခုချက်ချင်း အပြင်ထွက်ခဲ့စမ်း..."

ခုလေးတင်က ချန်ကျွမ်းကျွမ်းနှင့် ရယ်မောနောက်ပြောင်နေခဲ့သော ရှန်ရှောက်ယွမ်သည် ချက်ချင်းပင် လေးနက်သွားကာ သူ၏ဘေးတွင် ထိုင်နေသော ချန်ကျွမ်းကျွမ်းမှာ လန့်ဖျပ်သွားတော့သည်။ အပြင်ဘက်မှ အသံကို ကြားလိုက်ရသောအခါ သူက အလျင်အမြန် မတ်တပ်ရပ်လိုက်၏။ "ဘာဖြစ်တာလဲ သွားကြည့်ရအောင်"

...

အပိုင်း (၃၀.၁) မျှော်လင့်မထားသော ထိပ်တိုက်ရန်ပွဲ

ရှန်အိမ်၏ အပြင်ဘက်ရှိ ကျေးလက်လမ်းမထက်တွင် လူတစ်စု ရပ်နေကြ၏။ ထိုလူအုပ်၏ ရှေ့ဆုံး၌ ခါးထောက်ကာ ကျယ်လောင်စွာ ဆဲဆိုနေသူမှာ ပါးရိုးအနည်းငယ် မြင့်သော အဒေါ်ကြီးတစ်ဦး ဖြစ်သည်။ ရှန်မော့အာတို့ အပြင်သို့ ထွက်လာချိန်အထိ ထိုအမျိုးသမီးက ဆဲဆိုနေဆဲပင်။

ရှန်မော့အာတို့မိသားစု အိမ်သစ်ဆောက်စဉ်က ခြံဝင်းကိုပါ ခြံစည်းရိုး ကာရံခဲ့ကြသည်။ ယခင်က ရွာခံများက သူတို့မိသားစုကို အုတ်ခဲများစွာ အလဟဿ အသုံးပြုကာ ငွေဖြုန်းတီးသည်ဟု ပြောဆိုခဲ့ကြဖူး၏။

သို့သော် ခြံစည်းရိုး၏ အကျိုးကျေးဇူးကို ယနေ့တွင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရလေပြီ။ ထိုလူအုပ်ကြီးသည် ခြံစည်းရိုး၏ တားဆီးမှုကြောင့် အပြင်ဘက် ကျေးလက်လမ်းမထက်၌သာ ရပ်ကာ ရှန်အိမ်ကို မျက်လုံးပြူး၍ ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြချေ။ သို့မဟုတ်ပါက သူတို့အားလုံး အိမ်ထဲသို့ အတင်းအဓမ္မ ဝင်ရောက်လာကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

တံခါးဝသို့ ရောက်သည်နှင့်တပြိုင်နက် ရှန်ယင်းယင်းက ရှန်မော့အာကို အသာအယာ ဆွဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒါ ထျန်းချွေ့ပဲ။ သူ ငယ်ငယ်တုန်းက ငါတို့တပ်ဖွဲ့ဆီကို ထျန်းဖန်ကို မကြာခဏ လာရှာတတ်တယ်။ ငါ သူ့ကို ၂ ခါ ၃ ခါလောက် မြင်ဖူးတယ်။ ဒီအရှက်မရှိတဲ့ မိန်းမက ငါတို့ဆီကိုတောင် ပြဿနာလာရှာရဲသေးတယ်။ ခဏနေရင် နင် ဝင်မပါနဲ့၊ ငါ သူ့ကို သေအောင် ပါးချပစ်မယ်"

ရှန်မော့အာသည် ထျန်းချွေ့ဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း သတိမရနိုင်ဖြစ်နေ၏။ မော့အကြည့်တွင် ထျန်းချွေ့၏ နောက်ကွယ်တွင် ရပ်နေသော ဝမ်ကျင်းပေါင်ကို မြင်လိုက်ရမှသာ သတိရသွားလေတော့သည်။ ဤအမျိုးသမီးသည် ထျန်းဖန်၏ ညီမဖြစ်ပြီး ဝမ်ကျင်းပေါင်၏ မိခင်ဖြစ်မည်ဟု သူမ တွက်ဆလိုက်သည်။

အဒေါ်ချန်သည် မူလက ခြံနံရံကို မှီထားသော်လည်း ယခုအခါ မြေပြင်ပေါ်သို့ လဲကျနေပြီဖြစ်သော တွန်းလှည်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ မြေးငယ်ကို ရွာထဲသို့ လူသွားခေါ်ရန် တိတ်တဆိတ် စေခိုင်းလိုက်၏။

ပုံမှန်အားဖြင့် နေ့ခင်းဘက်ဆိုလျှင် ဘေးရှိ တပ်ဖွဲ့ရုံးတွင် လူရှိတတ်သော်လည်း ယခုအချိန်သည် ထမင်းစားချိန် ဖြစ်နေသည်။ ပူပြင်းလှသော ရာသီဥတုတွင် ထမင်းစားပြီးနောက် လူတိုင်းသည် အိမ်၌ ခေတ္တ အနားယူတတ်ကြသဖြင့် ယခုအချိန်၌ ရွာအဝင်ဝတွင် လူသူကင်းမဲ့လျက် ရှိနေသည်။

"ထျန်းချွေ့... ရှင် တကယ့်ကို အရှက်မရှိတဲ့ မိန်းမပဲ။ ရှင့်ပါးစပ်ကို ဆင်ခြင်ပြောပါ။ ရှင် ထပ်ပြီး ပါးစပ်သရမ်းနေမယ်ဆိုရင် ရှင့်ကို ကျွန်မ ဆွဲဆုတ်ပစ်မလားဆိုတာ စောင့်ကြည့်နေလိုက်" ရှန်ယင်းယင်းက ဆဲဆိုလိုက်သည်။

ထျန်းချွေ့ကလည်း သူမကို မှတ်မိသွားပြီး တံတွေးထွေးလိုက်ကာ ပြောလိုက်၏။

"ဘယ်သူများလဲလို့၊ တောင်ကြားကလာတဲ့ တောသူမကများ ဒီမှာလာပြီး ဆရာကြီး လာလုပ်နေတယ်ပေါ့လေ"

ထို့နောက် ထျန်းချွေ့သည် ရှန်ယင်းယင်း၏ အနောက်တွင် ရပ်နေသော ရှန်မော့အာကို မြင်လိုက်ရပြီး စိတ်ထဲက တွေးလိုက်၏။ 'ဒီကောင်မလေးက တကယ်ကို လှပချောမောတာပဲ။ ငါ့သား ကျင်းပေါင် သဘောကျတာလည်း မဆန်းပါဘူးလေ'

အစကတော့ သူမ၏သား အရိုက်ခံရသည်ဟု ကြားလိုက်ရသဖြင့် ထျန်းချွေ့သည် လက်တုံ့ပြန်ရန် အခိုင်အမာ ဆုံးဖြတ်ထားခဲ့သည်။ သို့သော် ယန်လျိုတပ်ဖွဲ့သို့ လူများကို ခေါ်ဆောင်လာပြီးနောက် ရှန်လောင်ချီ၏ အပြာရောင်အုတ်ကြွပ်မိုး အိမ်သစ်ကြီးကို ဦးစွာ မြင်တွေ့လိုက်ရပြီး ယခု ရှန်မော့အာကိုပါ မြင်လိုက်ရသောအခါ ထျန်းချွေ့၏ စိတ်ကူးများ ပြောင်းလဲသွားခဲ့သည်။

ဒီမိန်းကလေးသည် အလုပ်သမားလည်း မဟုတ်သလို ‌ကေဒါတစ်ဦးလည်း မဟုတ်သည်မှာ အားနည်းချက်တစ်ခု ဖြစ်သော်လည်း အားသာချက်များလည်း ရှိနေသည်။ ရုပ်ရည်လှပပြီး အိမ်တွင် သူမ တစ်ဦးတည်းသာ ရှိသဖြင့် လက်ထပ်ပြီးပါက အရာအားလုံးသည် သူမသား ကျင်းပေါင်၏ အပိုင်ဖြစ်လာလိမ့်မည်။ ထိုအချိန်ကျလျှင် ရှန်လောင်ချီကို အုတ်ဖိုလုပ်ငန်းခွင်မှ နေရာကို ကျင်းပေါင်အတွက် ဖယ်ပေးခိုင်းလိုက်ပါက ကျင်းပေါင်သည် တပ်ဖွဲ့ထဲသို့ ဝင်ရောက်ကာ အလုပ်သမားတစ်ဦး ဖြစ်လာနိုင်သေးသည်။

အကယ်၍ ကျင်းပေါင်သည် အလုပ်သမား သို့မဟုတ် ‌ကေဒါတစ်ဦးနှင့် လက်ထပ်ခဲ့လျှင်ပင် ထိုအမျိုးသမီး၏ မိသားစုတွင် ညီအစ်ကိုမောင်နှမများ သေချာပေါက် ရှိနေဦးမည်။ ထိုသို့ဆိုလျှင် အလုပ်တစ်ခုမှလွဲ၍ အခြား အကျိုးအမြတ် ဘာမှရှိမည် မဟုတ်ချေ။ တစ်ဦးတည်းသောသမီးကို ရယူရသည့် အကျိုးအမြတ်လောက် မည်သို့များ ကောင်းနိုင်ပါမည်နည်း။

သေချာသည်မှာ ယခုအခါ ရှန်လောင်ချီသည် အလုပ်သမားတစ်ဦး ဖြစ်နေပြီး ဘဝအခြေအနေလည်း တိုးတက်လာသောကြောင့်သာ။ သို့မဟုတ်ပါက ထျန်းချွေ့သည် သူတို့ကို အဖက်လုပ်မည်ပင် မဟုတ်ချေ။

ထျန်းချွေ့သည် စိတ်ထဲမှ ထိုသို့ တွက်ဆလိုက်ပြီးနောက် ဆက်မဆဲတော့ဘဲ ပြောလိုက်၏။

"ကျွန်မက စကားနည်းနည်း ပြောမိတာ ဘာဖြစ်လို့လဲ။ ကျွန်မက အမှန်တရားဘက်က ရပ်တည်နေတာပါ။ ရှင်တို့ကော ကြင်ဖက်တွေ့ပွဲမှာ လူကို ရိုက်လွှတ်လိုက်တာမျိုး မြင်ဖူးလို့လား။ ကျွန်မတို့ရဲ့ ကျင်းပေါင်က တစ်မိသားစုလုံး အလိုလိုက်ပြီး ကြီးပြင်းလာခဲ့ရတာ။ ငယ်ငယ်ကတည်းက ကျွန်မတို့က သူ့ကို လက်ဖျားနဲ့တောင် မတို့ရက်ခဲ့ဘူး။ ရှင်တို့ဆီကို ကြင်ဖက်လာတွေ့တာနဲ့ အရိုက်ခံလိုက်ရတယ်။ ရှင် စဉ်းစားကြည့်ပါ၊ ကျွန်မလို မိခင်တစ်ယောက်က ဒေါသမထွက်ဘဲ နေနိုင်ပါ့မလား"

ရှန်ယင်းယင်းက သူမကို အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်၏။ ထျန်းချွေ့၏ အမူအရာ ရုတ်တရက် ပျော့ပျောင်းသွားခြင်းမှာ ကောင်းမွန်သော ရည်ရွယ်ချက်ကြောင့် ဖြစ်မည်ဟု သူမ လုံးဝ မယုံကြည်ချေ။

မျှော်လင့်ထားသည့်အတိုင်းပင် ထျန်းချွေ့ ဆက်ပြောသည်ကို ကြားလိုက်ရသည်။

"ပုံမှန်ဆိုရင် ရှင်တို့က ကျွန်မသား ကျင်းပေါင်ကို ရိုက်ထားတဲ့အတွက် ကျွန်မက ဒီအတိုင်း လွှတ်ထားပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မသား ကျင်းပေါင်က လိမ္မာတဲ့ကလေးပါ။ သူက ကျွန်မကို ကြီးကြီးကျယ်ကျယ် မလုပ်ဖို့ တားခဲ့တယ်။ သူက ရှင်တို့အိမ်က ရှန်မော့အာကို တော်တော်လေး သဘောကျနေတာ။ ကျွန်မကြည့်ရတာတော့ သာမန်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့ မိသားစုက ကလေးတွေကို အမြဲတမ်း အလိုလိုက်တယ်လေ။ ကလေးက သဘောကျနေမှတော့ လူကြီးတွေဖြစ်တဲ့ ကျွန်မတို့ကလည်း သူ့သဘောအတိုင်း လိုက်ရုံပဲ ရှိတော့တာပေါ့။ လောင်ချီတို့ အိမ်လည်း ဆောက်ပြီးပြီဆိုတော့ ကလေး ၂ ယောက်ရဲ့ မင်္ဂလာကိစ္စကိုပါ တစ်ခါတည်း စီစဉ်လိုက်မယ်ဆိုရင် ဆွေမျိုးလည်း တော်ပြီးသားဖြစ်သလို မင်္ဂလာနှစ်ထပ်ကွမ်း ဖြစ်သွားတာပေါ့"

ရှန်ယင်းယင်းသည် လှောင်ရယ်တစ်ချက် ရယ်လိုက်မိပြီး ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်သွားတော့သည်။

သူမသည် ဒေါသကို မနည်းထိန်းချုပ်လိုက်ကာ နှုတ်ခမ်းကို တွန့်လိုက်ပြီး ပြောလိုက်၏။ "ရှင်ပြောတဲ့အတိုင်းဆိုရင် ရှင့်သားက တကယ်ကို ကောင်းမွန်တဲ့ ကလေးပဲ။ ဘယ်သူလဲ။ ကျွန်မကို သေသေချာချာ ကြည့်ခွင့်ပေးဖို့ ခေါ်လာခဲ့ပါလား"

ထျန်းချွေ့က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ "ဒါပေါ့... ကျွန်မသား ကျင်းပေါင်က ကုန်ထုတ်လုပ်ရေးအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ငယ်လေးပါ။ သူက အရမ်းကို တော်တာ"

ထို့နောက် သားဖြစ်သူဘက်သို့ လှည့်ကာ ပြောလိုက်၏။ "ကျင်းပေါင်... ဒါက ရှန်မော့အာရဲ့ အဒေါ်ပဲ။ သူ့ကို မြန်မြန် နှုတ်ဆက်လိုက်ပါဦး"

ရှန်မော့အာ၏ မိခင်အရင်းမှာ စောစီးစွာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပြီး ရှန်လောင်ချီမှာလည်း တာဝန်ယူနိုင်စွမ်းရှိသူ မဟုတ်သဖြင့် ရှန်ယင်းယင်းက ရှန်မော့အာ၏ မင်္ဂလာကိစ္စအတွက် အကဲခတ်ပေးရန် တာဝန်ယူမည်ဟု ထျန်းချွေ့က ထင်မှတ်ထားခဲ့သည်။

ရှန်ယင်းယင်းသည် မျက်လုံးမှေးမှေး နှာခေါင်းပြားပြားနှင့် အရပ်ပုပြတ်ပြတ် လူငယ်တစ်ဦး သူမတို့ရှေ့သို့ ထွက်လာသည်ကို မြင်လိုက်ရသောအခါ မျက်စိနောက်စရာကောင်းလှသည်ဟုသာ ခံစားလိုက်ရတော့သည်။

သူမ၏ မိခင်အရင်းမှာ ရုပ်ရည်ပြေပြစ်သူ ဖြစ်သောကြောင့် သူမနှင့် လောင်ချီတို့ မောင်နှမ ၂ ဦးစလုံးသည် ရုပ်ရည်သန့်ပြန့်ကြသည်။ အထူးသဖြင့် လောင်ချီသည် မိဘများ၏ အကောင်းဆုံး အသွင်အပြင်များကို အမွေရရှိထားသလို ဖြစ်နေပြီး ငယ်ရွယ်စဉ်က မျက်ခုံးကောင်း မျက်လုံးလှဖြင့် အလွန်ကြည့်ကောင်းခဲ့ကာ ယခု အသက် ၄၀ နား နီးကပ်လာချိန်တွင်ပင် လူငယ်တစ်ဦးကဲ့သို့ နုပျိုနေဆဲပင်။

လောင်ချီ လက်ထပ်ခဲ့သော ဇနီးသည်မှာမူ ပိုလို့ပင် လှပချောမောလှပေသည်။

အစပိုင်းတွင် သူမ ထွက်ပြေးလာခဲ့စဉ်က ဆံပင်များကို ခပ်တိုတို ညှပ်ထားပြီး ခွေးကိုက်ထားသကဲ့သို့ ဖရိုဖရဲ ဖြစ်နေကာ မျက်နှာပေါ်တွင်လည်း အညစ်အကြေး အစွန်းအထင်းများဖြင့် ယောကျ်ားလေးတစ်ဦးနှင့် တူနေခဲ့သည်။ နောက်ပိုင်းတွင် လောင်ချီနှင့် ရင်းနှီးလာပြီး မျက်နှာသစ်လိုက်မှသာ သူမသည် လှပသော မိန်းမပျိုလေးတစ်ဦးဖြစ်ကြောင်း လောင်ချီ သိရှိသွားခဲ့ရသည်။

ဤသို့ ရုပ်ရည်ချောမောသော မိဘ ၂ ပါးမှ မွေးဖွားလာသည့် မော့အာသည် မည်သို့များ ရုပ်ဆိုးသော ကလေးတစ်ယောက် ဖြစ်နိုင်ပါမည်နည်း။

မော့အာသည် ငယ်စဉ်က ကျောက်စိမ်းလေးကဲ့သို့ ဖြူဖွေးနုဖတ်နေခဲ့သည်။ နောက်ပိုင်းတွင် မိခင်အရင်း သေဆုံးသွားပြီးနောက် ဘဝအခြေအနေ ပိုမိုဆိုးရွားလာကာ အလွန်အမင်း ပိန်ချုံးလာခဲ့ပြီး တစ်နေ့လုံး အလုပ်လုပ်ရသဖြင့် နေလောင်ကာ အသားမည်းသွားသောကြောင့်သာ ယခုကဲ့သို့ အလှလျော့သွားခြင်း ဖြစ်သည်။

သို့သော် နေလောင်၍ ပိန်ချုံးနေသော ရှန်မော့အာပင်လျှင် ဤရုပ်ဆိုးဆိုး ကောင်နှင့် လုံးဝ မထိုက်တန်ချေ။ ထို့အပြင် ယခုအခါ လောင်ချီတို့ မိသားစု၏ ဘဝအခြေအနေ တိုးတက်လာပြီဖြစ်သဖြင့် မော့အာသည်လည်း သိသိသာသာ ပိုမိုလှပလာပြီ။

ရှန်ယင်းယင်းသည် သူမရှေ့ရှိ ကျင်းပေါင်ဖြစ်စေ၊ ယင်းပေါင်ဖြစ်စေ ထိုကောင်သည် မြည်းက သူ့ကိုယ်သူ ရုပ်ဆိုးမှန်းမသိ၊ မျောက်က သူ့မျက်နှာပိန်တာကို သတိမထားမိသကဲ့သို့ ဖားပြုပ်က ငန်းကို မှန်းနေခြင်းသာဖြစ်ပြီး ကိုယ့်အဆင့်ကိုယ် လုံးဝ မသိသူဟုသာ ခံစားလိုက်ရတော့သည်။

သူမ၏ စိတ်ထဲတွင် အလွန်ရွံရှာနေသော်လည်း မျက်နှာပေါ်တွင် အနည်းငယ်မျှ အမူအရာမပျက်ဘဲ လက်ယပ်ခေါ်လိုက်ကာ ပြောလိုက်၏။

"ကောင်လေး... ဒီကိုလာခဲ့ပါဦး။ အဒေါ် မင်းနဲ့ စကားနည်းနည်း ပြောစရာရှိလို့ပါ"

အကယ်၍ အခြားသူတစ်ဦးသာဆိုလျှင် ဝမ်ကျင်းပေါင်သည် သေချာပေါက် ဂရုစိုက်မည် မဟုတ်သော်လည်း ရှန်မော့အာ၏ အဒေါ်ဖြစ်နေသဖြင့် သူက လျှောက်သွားလိုက်သည်။ ရလဒ်အနေဖြင့် သူ့အနီးသို့ ရောက်သည်နှင့်တပြိုင်နက် ရှန်ယင်းယင်းက ချက်ချင်း လက်ပါတော့ကာ သူ့ကို ပါး ၂ ချက် ဆင့်ကာ ရိုက်ချလိုက်သည်။ ဝမ်ကျင်းပေါင် အသိမဝင်မီမှာပင် သူမက သူ့ဆံပင်များကို ဆွဲဆောင့်ကာ ခေါင်းကို ဖုန်းကနဲ ဖောင်းကနဲ အချက်ပေါင်းများစွာ ထုထောင်းလိုက်လေတော့သည်။

"နင် အိမ်ကမထွက်လာခင် မှန်လေးဘာလေး ကြည့်ဖို့ မစဉ်းစားမိဘူးလား။ နင်တို့အိမ်မှာ မှန်မရှိဘူးဆိုရင်တောင် ဆီးသွားပြီး နင့်ဆီးထဲမှာ နင့်မျက်နှာကို ပြန်ကြည့်သင့်တယ်။ နင့်ရဲ့ ရုပ်ဆိုးလွန်းတဲ့ပုံက ငါကြည့်ရတာ မျက်စိတောင် နောက်တယ်။ ဖားပြုပ်လိုကောင်ကများ ငါတို့အိမ်က မော့အာကို မျက်စိကျရဲသေးတယ်။ နင့်ခေါင်းထဲမှာ ခွေးချေးတွေ ပြည့်နေလို့လား"

ရှန်ယင်းယင်းသည် တစ်ဖက်မှ ရိုက်နှက်ကာ တစ်ဖက်မှ ဆဲဆိုနေပြီး ပြင်းထန်သော လက်သီးချက်များဖြင့် လုံးဝ သနားညှာတာမှု ကင်းမဲ့စွာ တိုက်ခိုက်နေလေသည်။

ဝမ်ကျင်းပေါင်သည် လူငယ်တစ်ဦး ဖြစ်သော်ငြားလည်း သူမ၏ ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ချေ။

ထျန်းချွေ့မှာ ကြက်သေသေသွားပြီး အချိန်အတော်ကြာမှ သတိဝင်လာကာ ချက်ချင်းပင် စူးစူးဝါးဝါး အော်ဟစ်လိုက်တော့၏။ "အား... နင် ဘာလုပ်နေတာလဲ။ အလကား မိန်းမ... နင် ငါ့သားကို ရိုက်ရဲတယ်ပေါ့လေ။ နင့်ကို ငါ သတ်မယ်။ နင့်ကို ငါ သတ်ပစ်မယ်"

သူမ တစ်ကိုယ်လုံးသည် ရှန်ယင်းယင်းထံသို့ ပြေးဝင်သွားသည်။ ရှန်ယင်းယင်းက ဝမ်ကျင်းပေါင်ကို တစ်ချက်တည်း ဆွဲလွှင့်ပစ်လိုက်ပြီး အလွန်သွက်လက် ချောမွေ့စွာဖြင့် ထျန်းချွေ့၏ ဆံပင်များကို ဆက်လက်ဆွဲဆောင့်လိုက်ကာ မဆိုင်းမတွပင် ဖြန်းကနဲ ဖြောင်းကနဲ ပါး ၄ ချက် ဆင့်ကာ ရိုက်ချလိုက်တော့သည်။

"နင်က တကယ့်ကို အရှက်မရှိတဲ့ မိန်းမပဲ။ ငါ့မောင်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ချင်နေတာ၊ နင့်ရဲ့ ပေသီးခေါက်သံက မြို့တော်အထိတောင် ကြားနေရပြီ။ ကိုယ့်သားက ချေးလို ရုပ်ဆိုးနေတာကိုတောင် ပြန်မကြည့်ဘူး။ ချေးကျင်းထဲကို ပစ်ချလိုက်ရင်တောင် ချေးတွေနဲ့ တစ်သားတည်း ဖြစ်သွားနိုင်တဲ့ အကောင်ကများ ငါတို့အိမ်က မော့အာကို အချည်းနှီး မှန်းရဲသေးတယ်။ ဟက်ဟက်... နင်က သားကိုခေါ်လာပြီး ငါတို့အိမ်က မော့အာရဲ့ နာမည်ကို ဖျက်ဆီးချင်နေတာ မဟုတ်လား။ အောက်တန်းကျလွန်းတဲ့ မိန်းမ... ဒီနေ့ နင့်ကို သေအောင်မရိုက်နိုင်ဘူးဆိုရင် ငါ ရှန်မျိုးရိုး မခံတော့ဘူး"

ရှန်ယင်းယင်းသည် အလွန် ကြမ်းတမ်းခက်ထန်လှသည်။ ထျန်းချွေ့သည် သူမထက် အနည်းငယ် ပို၍ တောင့်တင်းသန်စွမ်းပုံရသော်လည်း သူမ၏ ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ချေ။

ဝမ်ကျင်းပေါင်သည် ဒေါသသုန်မှုန်ကာ အော်ဟစ်လိုက်၏။

"ခွေးမကြီး... ခင်ဗျား ကျွန်တော့်ကို ရိုက်ရဲတယ်ပေါ့"

သူသည် သူ၏ မိခင်ကို ကယ်တင်ချင်၍ မဟုတ်ဘဲ လူအများရှေ့တွင် ရှန်ယင်းယင်း၏ ရိုက်နှက်မှုကို ခံလိုက်ရခြင်းကို လက်မခံနိုင်သောကြောင့်သာ ဖြစ်သည်။ သူသည် ရှန်ယင်းယင်းကို ပြန်လည်ရိုက်နှက်ရန် ပြေးဝင်လာခဲ့သော်လည်း ကျောက်ကျိန့်ယန်၏ လက်သီးတစ်ချက်ကြောင့် မျက်ကွင်းညိုသွားကာ ပန်ဒါဝက်ဝံကဲ့သို့ ဖြစ်သွားရလေတော့သည်။

"ဟေ့ ဟေ့ ဟေ့... ခင်ဗျားတို့က ဘယ်လိုလုပ်ပြီး လူကို ရိုက်နေရတာလဲ။ ခင်ဗျားတို့က ကျွန်တော်တို့ ရှားတတပ်ဖွဲ့မှာ လူမရှိဘူးထင်ပြီး အနိုင်ကျင့်နေတာလား"

ထျန်းချွေ့နှင့်အတူ လိုက်ပါလာသော ရှားတတပ်ဖွဲ့မှ လူများသည် ကူညီရန် အမြန်ရှေ့သို့ တက်လာကြ၏။

သူတို့သည် ဝမ်ကျင်းပေါင်က ယန်လျိုတပ်ဖွဲ့တွင် အရိုက်ခံရသည်ဟု ကြားသိရသဖြင့် ဖြေရှင်းချက်တောင်းရန် လိုက်ပါလာခဲ့ကြသည်။ သို့သော် ယခုလေးတင် ကြားလိုက်ရသော စကားများအရ အခြေအနေမှာ လောင်ဝမ်မိသားစု ပြောပြခဲ့သည်များနှင့် မတူညီကြောင်း တွေ့ရှိလိုက်ရသည်။ လောင်ဝမ်မိသားစုသည် သူတစ်ပါး သမီးမိန်းကလေးကို အရှက်မရှိ အတင်းအဓမ္မ ပတ်သက်ချင်နေပုံရသဖြင့် ထိုလူများအားလုံး ရုတ်တရက် တွန့်ဆုတ်သွားကြတော့သည်။

သူတို့အထဲတွင် လောင်ဝမ်မိသားစုနှင့် ရင်းနှီးသူအချို့ ပါဝင်ပြီး ထိုသူများကတော့ ဘာပဲဖြစ်ဖြစ် လောင်ဝမ်မိသားစုဘက်မှ ရပ်တည်ကြမည်မှာ သေချာသည်။ သို့သော် တပ်ဖွဲ့တစ်ခုတည်းမှ ဖြစ်နေသဖြင့် တပ်ဖွဲ့ဝင်တစ်ဦးကို အခြားသူများက အနိုင်ကျင့်ခြင်းကို လက်မခံနိုင်၍ လိုက်ပါလာသူ အများအပြားလည်း ရှိနေသည်။ ယခုကဲ့သို့သော အခြေအနေကို မြင်တွေ့လိုက်ရသောအခါ သူတို့အားလုံး ရုတ်တရက် ကြောင်အသွားကြတော့သည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးသည် ရှားတတပ်ဖွဲ့မှ အတူတကွ လာရောက်ခဲ့ကြသူများ ဖြစ်ကာ မိမိတပ်ဖွဲ့မှ လူများ အရိုက်ခံနေရသည်ကို လက်ပိုက်ကြည့်မနေနိုင်သဖြင့် အံကြိတ်ကာ ကူညီရန် ရှေ့သို့ တက်သွားရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။

သို့သော် ထိုသူများကို ချန်ကျွမ်းကျွမ်းတို့က ချက်ချင်းပင် တားဆီးလိုက်ကြသည်။

"ဒါက ယန်လျိုတပ်ဖွဲ့ရဲ့ နယ်မြေပဲ။ တကယ်လို့ ခင်ဗျားတို့ ရိုက်ချင်တယ်ဆိုရင်တောင် ခင်ဗျားတို့ လူနည်းနည်းလေးက ကျွန်တော်တို့ တပ်ဖွဲ့တစ်ခုလုံးက လူတွေကို နိုင်ပါ့မလား။ ခင်ဗျားတို့က ကျွန်တော်တို့ တပ်ဖွဲ့နယ်မြေထဲကို လာပြီး ပြဿနာလာရှာနေတာ။ ကျွန်တော်တို့က ခင်ဗျားတို့ကို ရိုက်ရင်တောင်မှ အဲဒါက ခင်ဗျားတို့ဘက်က မှားနေလို့ပဲ"

ချန်ကျွမ်းကျွမ်းက ရှားတတပ်ဖွဲ့မှ လူတစ်ဦးကို လက်တစ်ဖက်ဖြင့် တွန်းထားရင်း ပြောလိုက်၏။

"ခင်ဗျားတို့ ခုလေးတင် ကြားပြီးပြီပဲ။ အဲဒီ သားအမိ ၂ ယောက်က အလကားနေရင်း သူများသမီးပျိုရဲ့ နာမည်ကို ဖျက်ဆီးချင်နေတာ။ သူတို့ကို ရိုက်နှက်လိုက်တာက လွန်တယ်လို့ မဆိုနိုင်ပါဘူး"

ရှားတတပ်ဖွဲ့မှ လူများမှာ ချက်ချင်းပင် တွန့်ဆုတ်သွားကြတော့သည်။

"အား... ငါ့သားဆီက နင်တို့လက်တွေကို ဖယ်လိုက်စမ်း။ ကျင်းပေါင်... ကျင်းပေါင်... အား... နင်တို့ သူ့ကို လွှတ်ပေးလိုက်စမ်း။ ငါ နင်တို့နဲ့ သေသေရှင်ရှင် တိုက်ခိုက်မယ်"

ဝမ်ကျင်းပေါင်သည် မိခင်ဖြစ်သူ၏ အခြေအနေကို သိပ်ဂရုမစိုက်သော်ငြားလည်း ထျန်းချွေ့မှာမူ ရှန်ယင်းယင်း၏ ရိုက်နှက်မှုကြောင့် ဝက်ခေါင်းကဲ့သို့ ဖူးရောင်နေပြီ ဖြစ်သည့်တိုင် သားဖြစ်သူကို ကူညီရန် ရုန်းကန်နေဆဲဖြစ်ပြီး သူမ၏ အော်ဟစ်သံမှာ အလွန် စူးရှနာကျင်ဖွယ် ကောင်းလှသည်။

"အား... ရှင်တို့က ဘာလို့ မကူညီကြတာလဲ။ တပ်ဖွဲ့တစ်ခုတည်းက ဖြစ်ပြီးတော့ ကျွန်မတို့အိမ်က ကျင်းပေါင် အရိုက်ခံနေရတာကို ရှင်တို့က လက်ပိုက်ကြည့်နေကြတာလား။ အသဲနှလုံးမရှိတဲ့ကောင်..."

လူတစ်ယောက်တည်းမှ လူအုပ်ကြီးတစ်အုပ်၏ အရှိန်အဝါမျိုး ထွက်ပေါ်လာအောင် ဆူပူသောင်းကျန်းနေလေသည်။

အမှန်တကယ်တော့ ရှားတတပ်ဖွဲ့မှ လူများကိုလည်း အပြစ်တင်၍ မရနိုင်ပေ။ ထျန်းချွေ့သည် ရှန်လောင်ချီ၏ အိမ်မှာ ရွာအဝင်ဝတွင် ရှိကြောင်း သိထားပြီး မုဆိုးဖိုတစ်ဦးနှင့် မိဘမဲ့ကောင်မလေး တစ်ယောက်ကို ပြဿနာရှာရုံမျှသာ ဖြစ်သဖြင့် လူအများအပြား ခေါ်စရာမလိုဟု သူမ တွေးထားခဲ့သောကြောင့် ခေါ်လာခဲ့သူ အရေအတွက်မှာ ၇ ယောက် ၈ ယောက်ခန့်သာ ရှိသည်။

ရှန်အိမ်တွင် ဧည့်ခံကျွေးမွေးပွဲ ပြုလုပ်နေပြီး ကူညီလုပ်ကိုင်ပေးနေသူ အားလုံး ရှိနေမည်ဟု မည်သူကများ ထင်မှတ်ထားခဲ့ပါမည်နည်း။ လူဦးရေအရ ရှားတတပ်ဖွဲ့မှ လူများထက် များစွာ သာလွန်နေသည်။

ထို့ကြောင့် ထိုလူများသည် မတွန့်ဆုတ်လျှင်ပင် လက်တွေ့၌ မည်သို့မျှ ကူညီနိုင်မည် မဟုတ်ဘဲ ချန်ကျွမ်းကျွမ်းတို့၏ တားဆီးခြင်းကို ခံနေကြရသည်။

ဝမ်ကျင်းပေါင်သည် အခြေအနေ မဟန်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျကာ သေချင်ယောင် ဆောင်နေတော့သည်။ ထျန်းချွေ့က သူမ၏ အဖိုးတန်သားလေးကို ထိုလူများက မြေပြင်ပေါ်သို့ လဲကျသွားအောင် ရိုက်နှက်လိုက်သည်ကို မြင်လိုက်ရသောအခါ ပို၍ ရူးသွပ်စွာဖြင့် တန်ပြန်တိုက်ခိုက်ရန် ကြိုးစားတော့၏။ သို့သော် ရှန်ယင်းယင်း၏ ပိုမိုပြင်းထန်သော ဖိနှိပ်ချုပ်ချယ်မှုကို ခံလိုက်ရလေတော့သည်။

"ရပ်လိုက်ကြစမ်း... အားလုံး ရပ်လိုက်ကြစမ်း"

တပ်ဖွဲ့ခေါင်းဆောင် ကျိုးမန်ခန်း၊ စာရင်းကိုင် တင်းရှိုချန်၊ အဖွဲ့ခေါင်းဆောင် ကျိုးဖေ့ကျွင်းနှင့် ရွာမှ အခြားလူအချို့တို့ အတူတကွ အလောတကြီး ရောက်ရှိလာကြသည်။

အမှန်တကယ် တိုက်ခိုက်နေကြဆဲ ဖြစ်သူများမှာ ရှန်ယင်းယင်းနှင့် ထျန်းချွေ့ ၂ ဦးတည်းသာ ရှိသည်။ ရှန်ယင်းယင်းသည် ကျိုးမန်ခန်း၏ အသံကို ကြားလိုက်ရသောအခါ လက်ကို တစ်ချက်ခါလိုက်ပြီး ထျန်းချွေ့ကို တွန်းဖယ်လိုက်သည်။ ထျန်းချွေ့သည် သူမ တွန်းလိုက်သည့်အရှိန်ကြောင့် မြေပြင်ပေါ်သို့ ဖုန်းကနဲ လဲကျသွားပြီး ဝါးကနဲ အသံထွက်ကာ ငိုကြွေးတော့သည်။

"ဥပဒေဆိုတာ မရှိတော့ဘူးလား။ ယန်လျိုတပ်ဖွဲ့က လူကို အနိုင်ကျင့်နေတယ်။ ကျင်းပေါင်... ငါ့ရဲ့ ကျင်းပေါင်လေး..."

သူမသည် ငိုကြွေးနေရင်း ဝမ်ကျင်းပေါင် လဲလျောင်းနေသည့် နေရာသို့ လေးဖက်ထောက်ကာ သွားလိုက်သွားသည်။

ရှန်ယင်းယင်းက မျက်မှောင်ကြုတ်လိုက်ပြီး သားဖြစ်သူကို ကြည့်ကာ မေးလိုက်၏။

"နင် သူ့ကို မှောက်သွားအောင် ရိုက်လိုက်တာလား"

ကျောက်ကျိန့်ယန်သည် စကားမပြောနိုင်တော့သည့် မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်တော် သူ့ကို လက်သီးတစ်ချက်ပဲ ထိုးလိုက်တာပါ။ အသေအလဲတောင် အားမထည့်လိုက်ရပါဘူး"

ရှန်ယင်းယင်း : "..."

ကျိုးမန်ခန်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ဒီရက်ပိုင်း လယ်ထဲမှာ အလုပ်ပါးနေလို့ ခင်ဗျားတို့တွေ အားနေကြတာပဲ။ တစ်ယောက်ချင်းစီတိုင်းက အလုပ်မရှိ အကိုင်မရှိနဲ့... ခင်ဗျားတို့တွေ..."

သူသည် အဓိက ရန်ပွဲဖြစ်ပွားရာ နေရာသို့ လှမ်းကြည့်လိုက်ပြီး ရုတ်တရက် အသံဆို့သွားကာ နောက်ဆက်တွဲ စကားလုံးများကို ဆက်မပြောနိုင်တော့ဘဲ ဆွံ့အသွားလေတော့သည်။

အကြောင်းမှာ ဤရန်ဖြစ်နေသူများသည် သူတို့ ယန်လျိုတပ်ဖွဲ့မှ မဟုတ်ကြောင်း ရုတ်တရက် သတိထားမိလိုက်သောကြောင့်ပင်။

ရှားတတပ်ဖွဲ့မှ လူများ ပြဿနာလာရှာသည်ဟု ကြားသိရပြီး မြေပြင်ပေါ်ရှိ ဤသားအမိ ၂ ယောက် ဖြစ်မည်ဟု တွက်ဆလိုက်သည်။ မည်သို့ပင်ဆိုစေ သူတို့က ယန်လျိုတပ်ဖွဲ့မှ အနိုင်ကျင့်သည်ဟု အော်ဟစ်နေကြသည် မဟုတ်ပါလား။

...

အပိုင်း (၃၀.၂)

သူတို့နှင့် ရန်ဖြစ်နေသူများမှာ... အို ရှန်ယင်းယင်း။ ယခင်က သူတို့တပ်ဖွဲ့မှ ဖြစ်သော်လည်း သူမသည် အိမ်ထောင်ကျ၍ ထွက်သွားခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုအခါ ပေရှန်းအောက်တပ်ဖွဲ့မှ ဖြစ်လေသည်။ ဘေးနားရှိ လူငယ် ၂ ဦးမှာလည်း ယန်လျိုတပ်ဖွဲ့မှ မဟုတ်သည်မှာ သိသာထင်ရှားလှပေသည်။ ကျိုးမန်ခန်းက ထိုသူများကို ရှန်ယင်းယင်း၏ သားများဖြစ်မည်ဟု ခန့်မှန်းလိုက်ပြီး သူတို့သည်လည်း ပေရှန်းအောက်တပ်ဖွဲ့မှ လူများဖြစ်ကြောင်း သေချာသွားလေတော့သည်။

ဤ "စစ်ခင်း" နေသော နှစ်ဖက်စလုံးသည် ယန်လျိုတပ်ဖွဲ့မှ လူများ မဟုတ်ကြချေ။ သို့ဆိုလျှင် သူ့လို ယန်လျိုတပ်ဖွဲ့၏ တပ်ဖွဲ့ခေါင်းဆောင်က ဘာကိုပြောရမည်နည်း။

အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ကျိုးမန်ခန်းက မေးလိုက်၏။

"တကတည်း ဘာတွေဖြစ်နေတာလဲ"

ထို့ကြောင့် ရှန်ယင်းယင်းက အဖြစ်အပျက်များကို တိုတိုနှင့် လိုရင်းရောက်အောင် ရှင်းပြလိုက်သည်။

ယန်လျိုတပ်ဖွဲ့မှ လူများသည် ထိုသူမှာ ယခင်တစ်ခေါက်က ထျန်းဖန် စီစဉ်ပေးခဲ့သော ရှန်မော့အာနှင့် ကြင်ဖက်တွေ့မည့် တူဖြစ်ကြောင်း ကြားသိရသောအခါ အားလုံးက သေချာစွာ စေ့စေ့စပ်စပ် ကြည့်လိုက်မိကြ၏။ ကြည့်ပြီးနောက်တွင် ရှန်ယင်းယင်း ဒေါသပေါက်ကွဲသွားသည်မှာ မဆန်းဟု အားလုံးက တွေးလိုက်မိကြသည်။ သည်လောက် အရုပ်ဆိုး အကျည်းတန်သော ကောင်ကများ သူတို့ ယန်လျိုတပ်ဖွဲ့ရှိ အလှဆုံး မိန်းကလေးကို လက်ထပ်ချင်နေသည် မဟုတ်ပါလား။

ဟုတ်ပေသည်။ အလှဆုံး မိန်းကလေးပင်။

လူတိုင်းက မျက်စိမကန်းကြချေ။ မိသားစု၏ ဘဝအခြေအနေ ကောင်းမွန်လာပြီးနောက်ပိုင်း တစ်နေ့လုံး ခေါင်းငုံ့ကာ နေတတ်ပြီး လူလုံးမပြတတ်သော ရှန်မော့အာသည် အကျင့်စရိုက် ပိုမိုပွင့်လင်းလာရုံသာမက ရုပ်ရည်ကလည်း ပိုပိုပြီး လှပလာကြောင်းကို အားလုံးက စောစောကတည်းက သတိထားမိခဲ့ကြသည်။

ထို့အပြင် ဤကောင်လေး၏ အဓိပ္ပါယ်မရှိသော စကားများကို ရွာထဲရှိ အဒေါ်ကြီးများက တစ်ကြိမ်တခါ ဖြန့်ဝေပြောဆိုခဲ့ဖူးသည်။ ယခု ရှန်ယင်းယင်းက ထျန်းချွေ့၏ စကားများကို ပြန်လည်ပြောပြသည်ကို ကြားလိုက်ရသောအခါ အားလုံး၏ လက်သီးများမှာ အလိုအလျောက် ကျစ်ကျစ်ပါအောင် ဆုပ်မိသွားကြတော့သည်။

၎င်းသည် မိမိကိုယ်ကို အကဲမခတ်နိုင်ဘဲ ဖားပြုပ်က ငန်းကို မှန်းနေခြင်းသာမက ယုတ်မာသော စိတ်ထားဖြင့် အမွေကို သိမ်းပိုက်ချင်နေခြင်းပင်။ ဤမျှ လူလုံးပြကာ ပြဿနာလာရှာနေခြင်းမှာ ရှန်မော့အာ၏ နာမည်ကို ဖျက်ဆီးပြီး သူတို့မိသားစုနှင့် အတင်းအဓမ္မ လက်ထပ်စေရန် ဖိအားပေးနေခြင်းပင်။

ကျိုးမန်ခန်း၏ မျက်နှာမှာ အလွန် မည်းမှောင်သွားသည်။ ဤမိသားစု၏ လုပ်ရပ်များမှာ တကယ့်ကို အရှက်မဲ့လွန်းလှပြီး ဤသို့ လူများခေါ်ဆောင်လာခြင်းက သူတို့ ယန်လျိုတပ်ဖွဲ့ကို လုံးဝ ဂရုမစိုက်ရာ ကျလွန်းလှပေသည်။

သို့သော် မကြာမီ ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန် ရောက်တော့မည်ဖြစ်သောကြောင့် ကျိုးမန်ခန်းသည် ပြဿနာများကို မရှာချင်တော့သဖြင့် စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"ခင်ဗျားတို့ ကိုယ်တိုင်က ကိစ္စတွေကို သေသေချာချာ မလုပ်ခဲ့တာဆိုတော့ ရှန်မိသားစုက လက်ပါတာကို အပြစ်တင်လို့မရဘူး။ တစ်ယောက်ချင်းစီ တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်စလုံးက လက်ပါခဲ့ကြတာဆိုတော့ ဘယ်သူမှလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရမထားဘူးလို့ ကျွန်တော်မြင်တယ်။ ဒီကိစ္စကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ကြရအောင်။ အိမ်ထောင်ပြုတယ်ဆိုတာက နှစ်ဦးနှစ်ဖက် သဘောတူညီမှု အပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့တပ်ဖွဲ့က မိန်းကလေးက ခင်ဗျားတို့တပ်ဖွဲ့က ကောင်လေးကို သဘောမကျဘူးဆိုရင် ခင်ဗျားတို့က ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးလို့မရဘူး။ နောက်တစ်ခါ ထပ်ဖြစ်ရင် ခင်ဗျားတို့ရဲ့ တပ်ဖွဲ့ခေါင်းဆောင်နဲ့ တပ်ဖွဲ့ကို တိုင်ကြားရလိမ့်မယ်"

သူပြောဆိုလိုက်သည်မှာ အမှန်တကယ်ပင် အလွန် မျှတမှုရှိလှသော်လည်း ထျန်းချွေ့နှင့် ဝမ်ကျင်းပေါင်တို့မှာ လုံးဝ နားမဝင်ခဲ့ကြချေ။

တပ်ဖွဲ့မှ အရာရှိများ ရောက်လာပြီး မည်သူမျှ သူ့ကို ဆက်မရိုက်ရဲတော့သည်ကို မြင်သောအခါ ဝမ်ကျင်းပေါင်သည် ဆက်ဟန်မဆောင်တော့ဘဲ မြေပြင်ပေါ်မှ တိုက်ရိုက် ထရပ်လိုက်ပြီး "ကျွန်တော့်အခြေအနေက ဒီလောက်ကောင်းတာကို အလုပ်သမားတွေ၊ ကေဒါတွေကို လက်ထပ်ဖို့တောင် လက်လွှတ်လိုက်သေးတယ်။ သူ့ကို တင်တောင်းကြေးပေးဖို့တောင် သဘောတူခဲ့တာပဲ၊ သူက ဘာများ မကျေနပ်စရာ ရှိနေသေးလို့လဲ။ တင်တောင်းကြေး ပိုလိုချင်လို့ မဟုတ်လား။ ကျွန်တော် ငွေနည်းနည်း ထပ်တိုးပေးရင် မရဘူးလား။ ပြီးတော့ ကျွန်တော့်ကိုတောင် ရိုက်ခိုင်းသေးတယ်။ နောက်ကျလို့ လက်ထပ်ပြီးသွားရင် အဘွားကို သူ့အတွက် စည်းကမ်းတွေ သေချာချမှတ်ခိုင်းရမယ်"

ထျန်းချွေ့သည်လည်း လူးလဲထရပ်လိုက်၏။

"တောက်... ဘာတင်တောင်းကြေးလဲ။ ဒီလောက် ကြမ်းတမ်းတဲ့ အဒေါ်ရှိနေတာနဲ့တင် သူ့ကို တင်တောင်းကြေး ပေးစရာမလိုဘူး"

ကျိုးမန်ခန်း : "..."

အခြားသူများ : "..."

ခင်ဗျားတို့ သားအမိ ၂ ယောက် အရိုက်ခံရတာ တကယ့်ကို အလကားမဟုတ်ဘူး။

တကယ်ပြောရရင် ဒီစကားကို ကြားပြီး ဘယ်သူကများ ခင်ဗျားတို့ကို မရိုက်ဘဲ နေနိုင်မှာလဲ။

ရှန်ရှောက်ယွမ်သည် သူ့အိမ်ခြံဝင်း တံခါးရှေ့တွင် ရပ်ကာ ထျန်းချွေ့ သားအမိကို အေးစက်သော မျက်နှာဖြင့် ကြည့်နေ၏။ ထို့နောက် သူ၏ ဘေးတွင် ရပ်နေသော ကျိန့်ကျားမင်ဘက်သို့ ခေါင်းငဲ့ကာ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်သည်။ ကျိန့်ကျားမင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် အမြန် ပြေးထွက်သွားတော့သည်။

ထျန်းချွေ့တို့ သားအမိသည် တတွတ်တွတ်နှင့် သူတို့ဘာသာ စကားပြောနေကြပြီး အခြားသူများကမူ ရှုပ်ထွေးသော အမူအရာများဖြင့် သူတို့ကို ကြည့်နေကြသည်။ ပို၍ ကြားရလေလေ ဤသားအမိ ၂ ယောက်၏ ဦးနှောက်တွင် တစ်ခုခု ချို့ယွင်းနေပြီဟု ပို၍ သံသယဖြစ်လာကြလေလေပင်။ ရှားတတပ်ဖွဲ့မှ လူများပင်လျှင် ဆက်နားမထောင်နိုင်တော့ဘဲ အနည်းငယ် အရှက်ရလာကြတော့သည်။

မကြာမီတွင် ကျိန့်ကျားမင်သည် ရှန်မိသားစု၏ ဒုတိယအိမ်ထောင်စု မှ လူများကို ခေါ်ဆောင်၍ ပြန်လည်ရောက်ရှိလာသည်။

အို... သူတို့နောက်တွင် တတိယအိမ်ထောင်စု မှ လူများပါ လိုက်ပါလာကြပြီး ချောင်မေက ရှေ့ဆုံးမှ ဦးဆောင်လာကာ သူမ၏ မျက်နှာတွင် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ကြည့်ရှုချင်သော အမူအရာများ အထင်းသား ပေါ်လွင်နေ၏။

"မရီး... အရင်တစ်ခေါက်က ခင်ဗျား ပြောခဲ့တယ်လေ၊ မော့အာကို ဝမ်မိသားစုနဲ့ သဘောတူခိုင်းပြီး သူတို့မိသားစုမှာ ဒီသားတစ်ယောက်ပဲ ရှိတာမလို့ အစက တင်တောင်းကြေး မယူဘဲထားဖို့၊ နောက်ကျလို့ လက်ထပ်ပြီးသွားရင် ခင်ဗျားနဲ့ မော့အာနဲ့ အတွင်းအပြင် ပူးပေါင်းပြီး သူတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လှည့်စားယူလို့ ရနိုင်တယ်ဆိုပြီးတော့လေ။ ပြီးတော့ ခင်ဗျားက တခြားဘာမှ မတောင်းဆိုပါဘူး၊ အရင်က အပြာရောင်အုတ်ကြွပ်မိုး အိမ်ကြီးဝယ်တုန်းက ပိုက်ဆံကို ပြန်ပေးရင် ရပြီလို့လည်း ပြောခဲ့သေးတယ်။ အဲဒီတုန်းက ကျွန်တော် ခင်ဗျားကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တာ မှတ်မိပါသေးတယ်။ ကျွန်တော့်မှာ ဒီရတနာလေးလို သမီးတစ်ယောက်ပဲ ရှိတာမလို့ တခြားလူတွေက ရွှေတောင် ငွေတောင်တွေနဲ့ လာလဲရင်တောင်မှ ကျွန်တော်ကတော့ သဘောတူမှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ ပြီးတော့ ကျွန်တော့်သမီးက တကယ့်ကို ဖြောင့်မတ်မှန်ကန်တဲ့ သူတစ်ယောက်မလို့ သူက သိက္ခာရှိရှိပဲ လူပီသအောင် နေမှာဖြစ်ပြီး ဒီလို မမှန်ကန်တဲ့ လမ်းစဉ်တွေကို လုံးဝ လုပ်မှာမဟုတ်ဘူးလို့လည်း ပြောခဲ့သေးတယ်လေ"

ရှန်ရှောက်ယွမ်၏ အသံမှာ တည်ငြိမ်ပြီး သိမ်မွေ့သည်။ "မရီး... ကျွန်တော် ခင်ဗျားကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီးပြီလို့ ထင်ခဲ့တာ။ ခင်ဗျားက ဝမ်မိသားစုကို သေသေချာချာ မပြောပြခဲ့ဘူးလား"

ယခုမှ ရောက်လာသော ထျန်းဖန်မှာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားသည်။

"ဘာ... ကျွန်မ ဘယ်တုန်းက အဲလိုပြောခဲ့လို့လဲ..."

"သောက်ကျိုးနည်း... ထျန်းဖန် နင်က နှစ်ဖက်စလုံးကို စားချင်နေတာပဲ။ နင့်ကြောင့် ငါ့သား ကျင်းပေါင် အရိုက်ခံရတယ်။ နင်က အတွင်းအပြင် ပူးပေါင်းပြီး ငါ့အိမ်ရဲ့ ပိုင်ဆိုင်မှုတွေကို လောဘတကြီး လိုချင်နေသေးတယ်။ ငါ နင့်ကို အသေပဲ"

ထျန်းဖန်တစ်ယောက် ရှေ့တွင် ဘာတွေဖြစ်နေမှန်း နားမလည်မီမှာပင် ထျန်းချွေ့က ပြေးဝင်လာကာ ထျန်းဖန်၏ ဆံပင်များကို တစ်ချက်တည်း ဆွဲဆောင့်လိုက်ပြီး ဖြန်း ဖြန်း ဖြန်း ကနဲ ပါး ၃ ချက် ဆင့်ရိုက်လိုက်တော့သည်။

ရှန်ယင်းယင်းက သူမကို ထိုသို့ ရိုက်နှက်ခဲ့ခြင်း ဖြစ်သောကြောင့် သူမက ချက်ချင်းသင်ယူကာ ချက်ချင်းပင် ထျန်းဖန်၏ အပေါ်တွင် လက်တွေ့အသုံးချလိုက်သည်။

တကယ်တော့ လူများခေါ်လာကာ နေရာဝင်ယူရန် လာခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် နေရာမရခဲ့သည့်အပြင် အရိုက်ခံလိုက်ရသေးသည်။ အထူးသဖြင့် သူမ၏ အဖိုးတန်သားလေး မျက်ကွင်းညိုအောင် အရိုက်ခံထားရသည်ကို မြင်လိုက်ရသောအခါ ထျန်းချွေ့မှာ မူလကပင် ဒေါသထွက်လွန်း၍ ရူးတော့မတတ် ဖြစ်နေခဲ့သည်တွင် ယခု ရှန်ရှောက်ယွမ် ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်သွားပြီး သူမ၏ ဒေါသမီးမှာ လုံးဝ ဖိနှိပ်ထား၍ မရတော့ဘဲ တန်းပြီး ပေါက်ကွဲထွက်လာတော့သည်။

ရှန်ရှောက်ယွမ် ပြောသော စကားများကို သူမ နည်းနည်းလေးမှ သံသယမဝင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ထျန်းဖန် ပြောတတ်သော စကားမျိုး ဖြစ်နေသောကြောင့်ပင်။

ယခင်က ထျန်းဖန် သူမကို ဖျောင်းဖျခဲ့စဉ်ကလည်း ဤစကားလုံးများကိုပင် သုံးနှုန်းခဲ့သည်။ ထျန်းချွေ့သည် ယခုအခါ ထျန်းဖန်က အစကတည်းက သူတို့မိသားစုထံသို့ လာရောက်ရန် ရည်ရွယ်ထားခဲ့ပြီး ရှန်လောင်ချီက ငြင်းဆိုလိုက်မှသာ သူတို့မိသားစုထံ လာရောက်ကာ အမွေကို သိမ်းပိုက်ရန် သွေးထိုးလှုံ့ဆော်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သံသယဝင်လာတော့သည်။

သူတို့ ညီအစ်မ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်သော်လည်း အားလုံးက တစ်ကိုယ်ကောင်းဆန်သူများ ဖြစ်ကြသဖြင့် မိမိတို့၏ အိမ်ထောင်စုလေးနှင့် သားသမီးများကို ပို၍ ဦးစားပေးကြမည်မှာ သဘာဝပင်။

ထျန်းချွေ့ ကိုယ်တိုင်ကလည်း ထိုသို့သော လူစားမျိုး ဖြစ်သောကြောင့် ထျန်းဖန်က ထိုသို့ မဟုတ်ကြောင်း သူမ နည်းနည်းလေးမှ သံသယမဝင်ခဲ့ချေ။

သူမသည် ရှန်ယင်းယင်းကို မယှဉ်နိုင်သော်လည်း ထျန်းဖန်ကို ရိုက်နှက်ရန်မှာမူ အလွန် လွယ်ကူလှပေသည်။ ထျန်းဖန်သည် တစ်နေ့လုံး အားနည်းဟန်ဆောင်ကာ လူကောင်းဟန်ဆောင်နေတတ်ပြီး ကြမ်းတမ်းသော သူတစ်ဦး မဟုတ်သလို ရန်ဖြစ်ဖူးသည့် အတွေ့အကြုံလည်း မရှိချေ။ ထျန်းချွေ့သည် ဤအပိုင်းတွင် မူလကပင် ထျန်းဖန်ထက် ပို၍ သန်မာပြီး ယခုလေးတင် ရှန်ယင်းယင်းထံမှ "ခိုးသင်" ထားသော လက်ကွက်တချို့ပါ ပေါင်းစပ်လိုက်သောအခါ အလျင်အမြန်ပင် အသာစီးရသွားလေတော့သည်။

"အဒေါ် ၂... ရှင် ဘာလို့ ကျွန်မအမေကို ရိုက်ရတာလဲ"

ရှန်လင်းလင်းလည်း ရောက်လာခဲ့ပြီး မိခင်ဖြစ်သူ ထျန်းချွေ့၏ ရိုက်နှက်မှုကြောင့် ဆံပင်များ ဖရိုဖရဲ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ကူညီရန် ပြေးဝင်သွားတော့သည်။

ဝမ်ကျင်းပေါင်သည် မိန်းမကို မရိုက်ရဆိုသည်များကို ဂရုမစိုက်ချေ။ ရှန်လင်းလင်း ရောက်လာသည်ကို မြင်သောအခါ ရှန်လင်းလင်း၏ ဆံပင်များကို တစ်ချက်တည်း ဆွဲဆောင့်လိုက်၏။

"မင်း ဘာလုပ်ချင်တာလဲ။ မင်း ငါ့အမေကို ရိုက်ချင်လို့လား"

"နာတယ် နာတယ်... အစ်ကို၊ ယောက်မ... ရှင်တို့ မြန်မြန် လာကူညီကြပါဦး" ရှန်လင်းလင်းက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

ရှန်ကျန့်ယဲ့နှင့် ရှန်ကျန့်ရှဲ့တို့က ကမန်းကတန်း ပြေးဝင်လာကြ၏။ "ကျင်းပေါင်... မင်း လင်းလင်းကို လွှတ်လိုက်စမ်း။ အားလုံးက ဆွေမျိုးတွေချည်းပဲ၊ ပြောစရာရှိတာကို ကောင်းကောင်းမွန်မွန် ပြောလို့ရပါတယ်..."

နှစ်ဖက်စလုံး ဆွဲလားရမ်းလား တွန်းထိုးနေကြပြီး ရုတ်တရက် အချိန်လေးတစ်ခုတွင် ရှန်လင်းလင်းက "အား" ဟု စူးစူးဝါးဝါး အော်ဟစ်လိုက်ကာ ဝမ်ကျင်းပေါင်ထံမှ ရုန်းထွက်လိုက်ပြီး သူ့ကို ပါးတစ်ချက် ရိုက်ချလိုက်တော့သည်။

"လူယုတ်မာ"

ဟိုဘက်တွင် အသာစီးရနေသော ထျန်းချွေ့သည် သားဖြစ်သူ အရိုက်ခံရသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ထျန်းဖန်ကို လွှတ်ပေးလိုက်ကာ ပြေးဝင်လာတော့သည်။

"နင်လို မိန်းမယုတ်ကများ နင့်ရဲ့ ဝမ်းကွဲအစ်ကိုကို ရိုက်ရဲတယ်ပေါ့လေ"

ရှန်လင်းလင်းကို ဖမ်းဆွဲကာ အရူးအမူး ပါးရိုက်တော့သည်။

"အား... နင် ဘာလို့ ငါ့သမီးကို ရိုက်ရတာလဲ။ နင့်ကို အသေရိုက်ပစ်မယ်"

ထျန်းဖန်သည် သမီးဖြစ်သူ အရိုက်ခံရသည်ကို မြင်ပြီး သမီးက လူယုတ်မာဟု အော်ဟစ်လိုက်သည်ကိုပါ ကြားလိုက်ရသောအခါ နိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ ဂရုမစိုက်တော့ဘဲ "စစ်ပွဲ" ထဲသို့ တိုက်ရိုက် ဝင်ရောက်လာကာ တစ်ပြိုင်နက်တည်း လူခေါ်လိုက်သည်။

"ချွေးမကြီး၊ ချွေးမလတ်... နင်တို့တွေ သေနေကြတာလား"

မူလက ဝင်မပါချင်သော ကျန့်ယဲ့၏ ဇနီးနှင့် ကျန့်ရှဲ့၏ ဇနီးတို့သည်လည်း အံကြိတ်ကာ ကူညီရန် ရှေ့သို့ တက်သွားရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။

"ကျင်းပေါင်ရဲ့ ဦးလေး ၃၊ ကျင်းပေါင်ရဲ့ အဒေါ် ၄... ရှင်တို့က ကျွန်မတို့ အနိုင်ကျင့်ခံနေရတာကို ကြည့်ပြီး မကူညီဘဲ နေကြတော့မှာလား" ထျန်းချွေ့သည်လည်း စူးစူးဝါးဝါး အော်ဟစ်ရင်း လူခေါ်လိုက်သည်။

လောင်ဝမ်မိသားစုနှင့် ဆွေမျိုးစပ်ကာ ဆက်ဆံရေး အတော်လေး ကောင်းမွန်သူ အနည်းငယ်မှာလည်း ချက်ချင်းပင် အံကြိတ်ကာ "လူခြင်းခွဲ ရန် " ရှေ့သို့ တက်လာကြသည်။

ယခင်က ထျန်းချွေ့တို့ဘက်မှ မှားယွင်းနေသည်မှာ သိသာထင်ရှားပြီး ချန်ကျွမ်းကျွမ်းတို့ကလည်း တားဆီးထားသဖြင့် သူတို့သည် "တိုက်ပွဲ" ထဲသို့ ဝင်ရောက်ရန် စိတ်အားထက်သန်မှု မရှိခဲ့ကြသလို လက်တွေ့တွင်လည်း အမှန်တကယ် ဝင်ရောက်၍ မရနိုင်ခဲ့ချေ။

ယခုတစ်ကြိမ်တွင် ထျန်းဖန်က ထျန်းချွေ့ကို တွင်းတူးချောက်ချလိုက်သကဲ့သို့ ကြားလိုက်ရပြီး ထျန်းဖန်တို့ဘက်တွင် လူများနေသဖြင့် သူတို့ မကူညီပါက ထျန်းချွေ့ သေချာပေါက် နစ်နာတော့မည် ဖြစ်သောကြောင့် သူတို့သည်လည်း ဝင်ရောက်ပါဝင်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။

မြင်ကွင်းမှာ ချက်ချင်းပင် ခုနကထက် ပို၍ ရှုပ်ထွေးသွားလေတော့သည်။

ကျိုးမန်ခန်းသည် မတိုက်ခိုက်ကြရန် အကြိမ်ကြိမ် အော်ဟစ်သတိပေးသော်လည်း ဘယ်သူကမှ သူ့ကို ဂရုမစိုက်ကြောင်း တွေ့လိုက်ရသောအခါ ကျိုးဖေ့ကျွင်းထံသို့ ကားသော့ကို လှမ်းပစ်ပေးလိုက်ပြီး တပ်ဖွဲရုံးသို့ အမြန်သွားကာ ရဲများကို သွားခေါ်ခိုင်းရုံမှလွဲ၍ အခြားမတတ်နိုင်တော့ချေ။

ကံကောင်းထောက်မစွာဖြင့် သူတို့တပ်ဖွဲ့သည် တပ်ဖွဲ့ရုံးနှင့် သိပ်မဝေးလှသဖြင့် ကျိုးဖေ့ကျွင်းသည် လျှပ်စီးလက်သကဲ့သို့ အလွန်လျင်မြန်စွာ ပြေးသွားခဲ့ပြီး မကြာမီမှာပင် လူများကို ခေါ်ဆောင်၍ ပြန်လည်ရောက်ရှိလာခဲ့သည်။

ရဲများ ရောက်ရှိလာချိန်တွင် နှစ်ဖက်စလုံး ဆွဲလားရမ်းလား ဖြစ်နေကြဆဲပင်။ သို့သော် ဤရန်ပွဲမှာ အခြေခံအားဖြင့် အဆုံးသတ်ပိုင်းသို့ ရောက်နေပြီဖြစ်ကြောင်း သိသာနေသည်။ အားလုံးမှာ အားအင်ကုန်ခမ်းနေကြပြီဖြစ်၍ ဆွဲလားရမ်းလား လုပ်နေသည်မှာလည်း သိပ်မပြင်းထန်တော့ချေ။ ထို့အပြင် နှစ်ဖက်စလုံး၏ မျက်နှာများမှာ ညိုမည်းဖူးရောင်နေပြီး ဝက်ခေါင်းများကဲ့သို့ပင် ဖြစ်လုနီးပါး ရှိနေကြလေပြီ။

ဦးဆောင်လာသော ရဲအရာရှိမှာ မျိုးရိုးအမည် ချန် ဖြစ်သည်။ အရာရှိချန်က ဝက်ခေါင်းနှင့်တူနေသော လူနှစ်စုကို ကြည့်ကာ မနေနိုင်တော့ဘဲ ပြောလိုက်၏။

"ခင်ဗျားတို့ တပ်ဖွဲ့က ဘယ်လိုဖြစ်လို့ ရန်ပွဲကို ဝင်မဆွဲကြတာလဲ"

ကျိုးမန်ခန်းက မျက်နှာသေဖြင့် ပြောလိုက်၏။ "သူတို့က ညီအစ်မအရင်းတွေပါ"

ရဲအရာရှိချန်က ချက်ချင်း နားလည်သွားသည်။ ပို၍ရင်းနှီးသူများ ရန်ဖြစ်လေလေ ဝင်ဆွဲရန် ခက်ခဲလေလေပင်။ အကယ်၍ တစ်ခုခု မှားယွင်းသွားပါက သူတို့က ပြန်လည်သင့်မြတ်သွားပြီး အပြင်လူကို ဝိုင်းရန်ရှာကြမည်ကို မည်သူပြောနိုင်မည်နည်း။

"ကဲ... တပ်ဖွဲ့ ရဲစခန်းကို အားလုံး လိုက်ခဲ့ကြ"

ရဲအရာရှိချန်က သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။

"ကျွန်တော်တို့ တပ်ဖွဲ့ရုံးမှာ ရဲစခန်း ရှိနေလို့ တော်သေးတာပေါ့။ ရဲစခန်းမရှိတဲ့ တပ်ဖွဲ့ရုံးတွေ အများကြီး ရှိသေးတယ်။ ခင်ဗျားတို့လို အကြီးအကျယ် အုပ်စုဖွဲ့ ရန်ဖြစ်ကြရင် တခြားလူတွေက ဘယ်လိုလုပ် ဖြေရှင်းရမလဲ"

ရဲအရာရှိတချို့က ရန်ဖြစ်သူများအားလုံးကို တပ်ဖွဲ့ရုံးသို့ လိုက်ခဲ့ရန် ပြောလိုက်ကြသည်။ ရဲများက ရှန်ယင်းယင်းတို့ကို မခေါ်သည်ကို ထျန်းချွေ့ မြင်သောအခါ ချက်ချင်းပင် မကျေမနပ် ဖြစ်သွား၏။

"သူတို့တွေလည်း လူကို ရိုက်ခဲ့တာပဲ၊ ဘာလို့ သူတို့က မလိုက်ရတာလဲ"

ရှန်ယင်းယင်းက အေးစက်စက် လှောင်ရယ်လိုက်ပြီး ပြောလိုက်၏။

"ရဲအရာရှိကြီး... သူတို့ သားအမိ ကိုယ်တိုင်က လူမဆန်တဲ့ အလုပ်တွေ လုပ်နေတာလေ။ ကျွန်မက ဆံပင်ကို နည်းနည်းဆွဲပြီး ပါးတစ်ချက် ရိုက်လိုက်ရုံပါပဲ၊ ဒါကို ရန်ဖြစ်တယ်လို့ သတ်မှတ်လို့ မရပါဘူး"

ရဲအရာရှိချန်က ဝက်ခေါင်းလို ဖြစ်နေသော ထျန်းချွေ့၏ မျက်နှာကို ကြည့်လိုက်သည်။ ဤမျက်နှာသည် ပါးတစ်ချက် ရိုက်ရုံဖြင့် ဤသို့ဖြစ်လာနိုင်သည် မဟုတ်ချေ။ သူက အခြားသူများကို မေးမြန်းကြည့်လိုက်ရာ ထျန်းချွေ့နှင့် ရှန်ယင်းယင်းတို့ ပဋိပက္ခဖြစ်ရသည့် အကြောင်းရင်းကို အကြမ်းဖျင်း နားလည်သွားပြီး ရှန်ယင်းယင်းက ထျန်းချွေ့ကို ပါးအချက်အနည်းငယ် ရိုက်ခဲ့သည်မှာ အမှန်ဖြစ်ကြောင်း သိရှိသွားပြီးနောက် ပြောလိုက်၏။

"ဒီကိစ္စကို တပ်ဖွဲ့ခေါင်းဆောင် မန်ခန်းက ဖြေရှင်းပေးခဲ့ပြီးပြီဆိုတော့ ခင်ဗျားတို့ကို ရဲစခန်းကို မခေါ်တော့ဘူး။ ပါးစပ်ကနေ သတိပေးရုံပဲ သတိပေးလိုက်မယ်၊ နောက်တစ်ကြိမ် မဖြစ်စေနဲ့။ တစ်ဖက်လူက မှားယွင်းနေရင်တောင်မှ ဥပဒေနဲ့အညီ ဖြေရှင်းသင့်တယ်"

အမှန်တကယ်တော့ သူသည် ထျန်းချွေ့ သားအမိ၏ လုပ်ရပ်များကို အလွန် အထင်အမြင်သေးသော်လည်း ဘာမျှ ပိုမပြောတော့ဘဲ ရန်ဖြစ်သူများကို တိုက်ရိုက် ခေါ်ဆောင်သွားလေတော့သည်။

ရုတ်ချည်းဆိုသလို လူတစ်အုပ်ကြီးသည် ခေါ်ဆောင်ခံသွားရတော့သည်။

ထူးထူးဆန်းဆန်းပင်။ လူအတော်များများက ဤမြင်ကွင်းမှာ အနည်းငယ် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရ၏။

အို... ဟုတ်သားပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က ရှန်မိသားစုက ကောင်လေးတွေ သူတို့ ဦးလေးအိမ်က အုတ်တွေကို ခိုးလို့ ရဲတွေ ခေါ်သွားတာ ခံလိုက်ရတယ်လေ။

ပြောရမည်ဆိုလျှင် ထိုဖမ်းဆီးခံရသူများပင် ပြန်မရောက်လာသေးချေ။ ရှန်လောင်အာ့၏ မိသားစုမှ လူများစွာ ရဲစခန်းသို့ ထပ်မံခေါ်ဆောင်ခံရပြန်သည်။

ဒါက တကယ့်ကိုပဲ...

အားလုံးက တီးတိုးပြောဆိုနေကြပြီး ကျိုးမန်ခန်း၏ မျက်နှာမှာလည်း ပိုပိုပြီး မည်းမှောင်လာလေတော့သည်။

ထပ်ပြီး အရှက်ကွဲရပြန်ပြီ။ သူတို့ ယန်လျိုတပ်ဖွဲ့ ထပ်ပြီး အရှက်ကွဲရပြန်ပြီ။

နောက်တစ်ကြိမ် အစည်းအဝေးလုပ်လျှင် စုန်းရှုတပ်ဖွဲ့၏ တပ်ဖွဲ့ခေါင်းဆောင်က ဘာတွေပြောလာမည်ကို သူ စိတ်ကူးကြည့်၍ပင် ရနေလေပြီ။

ဝိုင်းကြည့်နေသူများလည်း တဖြည်းဖြည်း လူစုကွဲသွားကြသည်။ ကိုယ့်အိမ်တံခါးဝတွင် ရပ်နေသော ရှန်မော့အာ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အနည်းငယ် ထူးဆန်းနေ၏။ ရှန်ယင်းယင်းက သူမကို ဝင်မပါရန် ပြောခဲ့ပြီးနောက် အမှန်တကယ်ပင် သူမကို ဝင်ပါခွင့် နည်းနည်းလေးမှ မပေးခဲ့သည်ကို တကယ်ကို ထင်မှတ်မထားခဲ့ချေ။

အစပိုင်းက ရှားတတပ်ဖွဲ့မှ လူအများအပြား လာရောက်သည်ဟု ကြားသိရချိန်တွင် ရှန်မော့အာက ယနေ့ သူမ၏ အစစ်အမှန် တိုက်ခိုက်နိုင်စွမ်းကို ထုတ်ဖော်ပြသရန် လိုအပ်ကောင်း လိုအပ်လာနိုင်သည်ဟု တွေးထင်ထားခဲ့သည်။

ရှန်ယင်းယင်း၏ တိုက်ခိုက်နိုင်စွမ်းက ဤမျှ အားကောင်းမည်ဟု မည်သူကများ သိထားမည်နည်း။

သူမအား လက်စွမ်းပြရန် အခွင့်အရေး တစ်စက်ကလေးမှ လုံးဝ မပေးခဲ့ချေ။

ရှန်မော့အာ အမှန်တကယ် မြင်တွေ့လိုက်ရသည်မှာ သူမ၏ဖခင်သည် ဒေါသထွက်လွန်းသဖြင့် ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ရန်ပင် မနေနိုင်ဖြစ်ခဲ့သော်လည်း စွမ်းရည်ပြသရန် အခွင့်အရေး သိပ်မရလိုက်ချေ။

ရှန်ရှောက်ယွမ်သည် တည်ငြိမ်သွားပြီဖြစ်ပြီး ကျိုးမန်ခန်းတို့ကို သူ၏အိမ်ထဲသို့ ဝင်ထိုင်ရန် ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်၏။ ကျိုးမန်ခန်းက ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီး ရှန်ရှောက်ယွမ်ကို ဘေးသို့ခေါ်သွားကာ ပြောလိုက်၏။

"ရှားတတပ်ဖွဲ့က လူတွေ ထပ်ရောက်လာရင် ခင်ဗျားတို့ ဝင်မပါနဲ့၊ တပ်ဖွဲ့ကပဲ ဝင်ရောက်ဖြေရှင်းပေးမယ်။ ဒါဆိုရင် ခင်ဗျားတို့အိမ်က မော့အာရဲ့ နာမည်ကိုလည်း ထိခိုက်မှာ မဟုတ်ဘူး"

ရှန်ရှောက်ယွမ်က ကျေးဇူးတင်စကား ဆိုလိုက်သည်။

ကျိုးမန်ခန်းက ခေတ္တ တိတ်ဆိတ်သွားပြီးနောက် စကားလမ်းကြောင်းလွှဲကာ မေးလိုက်၏။

"ခင်ဗျား ဒီတလော တပ်ဖွဲ့ထဲမှာပဲ ရှိနေတာကို တွေ့ရလို့။ အုတ်ဖိုဘက်မှာ အလုပ်မလုပ်တော့ဘူးလား"

ရှန်ရှောက်ယွမ်က မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ပြောလိုက်၏။

"ကျွန်တော်က အဓိက ဆိုင်းဘုတ်တွေရေးဖို့နဲ့ ပန်းချီဆွဲဖို့ တာဝန်ယူရတာပါ။ အရင်တလောက တာဝန်တွေ တော်တော်များလို့ အချိန်ပိုဆင်းပြီး အပြီးသတ်လုပ်ခဲ့ရတယ်။ ဒီတလော အိမ်ဆောက်နေတာဆိုတော့ ဌာနမှူးက ကျွန်တော့်ကို အားလပ်ရက် အချိန်တစ်ခု ပေးထားတာပါ"

ကျိုးမန်ခန်းက ခေါင်းညိတ်လိုက်ပြီး သတိလေးဖြင့် မေးလိုက်၏။ "ဒါဆို ခင်ဗျား အလုပ်မသွားရင် စက်ရုံက လစာပေးသေးလား"

ရှန်ရှောက်ယွမ် : "ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေ အကုန်လုပ်ပြီးသွားပြီဆိုတော့ လစာကတော့ သေချာပေါက် ပေးရမှာပေါ့။ ကျွန်တော့်အလုပ်သဘောသဘာဝက တခြားလူတွေနဲ့ မတူဘူးလေ။ ပြီးတော့ စက်ရုံမှာ အလုပ်ရှိရင် အချိန်မရွေး လာခေါ်နိုင်ပြီး ကျွန်တော်လည်း အချိန်မရွေး ပြန်သွားရမှာပါ"

ကျိုးမန်ခန်း : "...ဒါက တကယ်ကို ကောင်းတာပဲ"

ကျိုးမန်ခန်းမှာ ပြောမည်လုပ်လိုက် မပြောဖြစ်လိုက် ဖြစ်နေသည်ကို မြင်သောအခါ သေချာပေါက် တစ်ခုခုပြောချင်နေသည်ဟု ရှန်ရှောက်ယွမ်က တွေးလိုက်ပြီး တိုက်ရိုက် မေးလိုက်သည်။

"တပ်ဖွဲ့ခေါင်းဆောင်ကြီး... ခင်ဗျား ဒါတွေကို မေးနေတာ စိတ်ထဲမှာ တစ်ခုခု ရှိလို့လား”

ကျိုးမန်ခန်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

"ခင်ဗျား အုတ်ဖိုမှာ အလုပ်ကောင်းကောင်း လုပ်နေတာကို တွေ့ရလို့ နောက်ပိုင်း လူတချို့ကို စုံစမ်းကြည့်လိုက်တော့ စာရေးတတ် ပန်းချီဆွဲတတ်တာက တကယ်တော့ အသုံးဝင်တယ်လို့ ကြားရတယ်။ ကျွန်တော်တို့ ခရိုင်ထဲက ကြွေထည်စက်ရုံက လူခေါ်ရင်တောင် ပန်းချီဆွဲတတ်တဲ့သူတွေကို ဦးစားပေး ခေါ်တယ်လို့ ကြားတယ်။ ဒါနဲ့ ကျွန်တော် တွေးမိတာက ခေါင်းဆောင်ကြီးတွေက ဆင်းရဲတဲ့ လယ်သမားတွေရဲ့ အိမ်တံခါးဝအထိ ကျောင်းတွေဖွင့်ပေးမယ်လို့ ပြောထားတာ မဟုတ်လား။ ဒီကျောင်းက ကလေးတွေကို စာဖတ်စာရေး သင်ပေးတဲ့ ကျောင်းဖြစ်နိုင်သလို ကလေးတွေကို ပန်းချီဆွဲဖို့ သင်ပေးတဲ့ ကျောင်းလည်း ဖြစ်နိုင်တယ်လေ"

ထိုသို့ပြောနေရင်း သူသည် ရှန်ရှောက်ယွမ်အား မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်လိုက်လေသည်။ "လောင်ချီ... ခင်ဗျား ဘယ်လိုထင်လဲ"

...

All Chapters