← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အပိုင်း (၃၁) အခုတော့ ဆရာမဖြစ်သွားပြီ

ရှန်ရှောက်ယွမ်သည် ကျိုးမန်ခန်း၏ ရှင်းပြချက်ကို ကြားလိုက်ရမှသာ သဘောပေါက်သွားလေတော့သည်။ ကျိုးမန်ခန်းက တပ်ဖွဲ့ မူလတန်းကျောင်းတွင် ပန်းချီသင်ခန်းစာကို ထပ်တိုးချင်နေပြီး သူ့ကို ပန်းချီဆရာအဖြစ် တာဝန်ယူစေလိုခြင်းပင်။

တစ်ခရိုင်လုံးတွင် အကောင်းဆုံးဖြစ်သော တုန်းဖန်ဟုန် မူလတန်းကျောင်းတွင်ပင် ဂီတ၊ ပန်းချီနှင့် ကာယကဲ့သို့သော ဘာသာရပ်ခွဲများ ထားရှိသည်ဟု ကြားသိရ၏။ ခရိုင်မြို့တော်ရှိ တခြားမူလတန်းကျောင်းဖြစ်သော ကျန်းပေခရိုင် အလုပ်သမားနှင့်လယ်သမား မူလတန်းကျောင်း၌မူ ဆရာအင်အား လိုအပ်ချက်ကြောင့် ကာယနှင့် ဂီတဘာသာရပ်ကိုသာ ထားရှိနိုင်ပြီး ပန်းချီဘာသာရပ်ကို မထားရှိနိုင်ခဲ့ချေ။

ကာယသင်ခန်းစာသည် ရိုးရှင်းလှပြီး တကယ်တမ်း မတတ်နိုင်ပါကလည်း ကျောင်းသားများကို ပြေးလွှားခုန်ပေါက်ခိုင်းထား၍ ရလေသည်။ ဂီတသင်ခန်းစာတွင်မူ အနည်းဆုံးတော့ အသံနှင့်တေးသွားကို နားလည်သော ဆရာတစ်ဦး လိုအပ်ပေသည်။ ကံကောင်းထောက်မစွာဖြင့် ယခုခေတ်အခါတွင် စံပြပြဇာတ်များနှင့် ခေတ်ပြောင်းတော်လှန်ရေးတေးသီချင်းများ ခေတ်စားနေသဖြင့် တူရိယာအနည်းငယ် တီးခတ်တတ်ပြီး သီချင်းဆိုတတ်သူများကို ရှာဖွေရလွယ်ကူသော်လည်း ပန်းချီဆွဲတတ်သူကိုမူ ရှာဖွေရ အလွန်ခက်ခဲရှားပါးလှပေသည်။

ခရိုင်ရှိ မူလတန်းကျောင်းများပင် ဤသို့သော အခြေအနေမျိုး ဖြစ်နေပါက တပ်ဖွဲ့ရှိ မူလတန်းကျောင်းများ၏ ဆရာအင်အားမှာ သေချာပေါက် ပိုပြီး ကျပ်တည်းမည်သာ။ ထို့ကြောင့် သူတို့၏ လျိုချောင်တပ်ဖွဲ့ မူလတန်းကျောင်းတွင် ကာယသင်ခန်းစာသာ ရှိပြီး ဂီတနှင့် ပန်းချီသင်ခန်းစာများ မရှိခဲ့ချေ။

အမှန်တကယ်တော့ တပ်ဖွဲ့မူလတန်းကျောင်းကို မဆိုထားနှင့် တပ်ဖွဲ့အလယ်တန်းကျောင်းတွင်ပင် ဤဘာသာရပ်ခွဲ ၂ ခု မရှိခဲ့ပေ။

သို့ဆိုလျှင် ကျိုးမန်ခန်းက ဘာကြောင့်များ သူတို့တပ်ဖွဲ့ မူလတန်းကျောင်းတွင် ပန်းချီသင်ခန်းစာ ဖွင့်လှစ်ရန် ရုတ်တရက် စိတ်ကူးရသွားရသနည်း။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် အမှန်တကယ်တော့ ရှန်ရှောက်ယွမ်ကြောင့်ပင်။

အကြောင်းရင်းမှာ ဤတလောတွင် ရှန်ရှောက်ယွမ်၏ ပြောင်းလဲမှုက အလွန်ကြီးမားလွန်းနေသောကြောင့် ဖြစ်၏။ သာမန်အလုပ်လုပ်ပြီး အိမ်တွင် ထမင်းစားရန်ပင် အနိုင်နိုင်ဖြစ်နေသော သာမန်တပ်ဖွဲ့ဝင်တစ်ဦးမှ ရုတ်တရက် တပ်ဖွဲ့စက်ရုံ၏ အလုပ်သမားတစ်ဦး ဖြစ်လာခဲ့သည်။ အလုပ်သမားဟု ဆိုသော်လည်း သူလုပ်နေရသည်မှာ ဝါဒဖြန့်ချိရေးဌာန၏ အလုပ်ဖြစ်ပြီး တိတိကျကျပြောရလျှင် အရာရှိများ၏ အလုပ်ကို လုပ်နေရခြင်းပင်။

တပ်ဖွဲ့ရှိ တခြားအဖွဲ့ဝင်များ လှုံ့ဆော်ခံရသည်ကို မဆိုထားနှင့်၊ ကျိုးမန်ခန်းကိုယ်တိုင်ပင် အတော်လေး လှုံ့ဆော်ခံလိုက်ရလေသည်။

သူတို့ တပ်ဖွဲ့အရာရှိ အနည်းငယ်ကိုသာ ဥပမာပေးရလျှင် ရွာတွင် လုပ်အားခရမှတ်များ ရရှိနိုင်သည့်အပြင် တပ်ဖွဲ့မှ ချထားပေးသော ထောက်ပံ့ကြေး အနည်းငယ်ကိုပါ ရရှိနိုင်သောကြောင့် သူတို့၏ ဘဝမှာ သာမန်အဖွဲ့ဝင်များထက် များစွာ ပိုမိုကောင်းမွန်နေသော်လည်း လစာရသော အလုပ်သမားများနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်သေးချေ။

ယာယီအလုပ်သမားဖြစ်လျှင်ပင် ပထမနှစ် လစာမှာ ၁၈ ယွမ်ဖြစ်ပြီး တစ်နှစ်လျှင် ယွမ် ၂၀၀ ကျော် ရရှိလေရာ ဤသည်မှာ သူတို့ကဲ့သို့သော တောင်သူကြီးများ လုံးဝ မစဉ်းစားရဲသည့် လစာမြင့်မားမှုပင် ဖြစ်လေသည်။

လှုံ့ဆော်ခံရသည်မှာ မှန်သော်လည်း ကျိုးမန်ခန်းသည် သူ့ကိုယ်တိုင် တပ်ဖွဲ့ခေါင်းဆောင် အလုပ်မှထွက်ကာ အလုပ်သမားသွားလုပ်ရန် စိတ်ကူးမရှိခဲ့ပေ။ ထို့အပြင် သူလုပ်ချင်လျှင်ပင် အခွင့်အရေးနှင့် အဆက်အသွယ် မရှိချေ။

တာဝန်သိစိတ်နှင့် စိတ်ကူးကောင်းရှိသော တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျိုးမန်ခန်း တွေးမိသည်မှာ စာရေးတတ်၊ ပန်းချီဆွဲတတ်ခြင်းက အလုပ်အကိုင် ရှာဖွေပေးနိုင်သော အတတ်ပညာတစ်ရပ် ဖြစ်နေသဖြင့် ရွာရှိ ကလေးများကိုလည်း ဤအတတ်ပညာကို သင်ယူခွင့်ရစေလိုသည်။ သင်ယူသူတိုင်း အသုံးဝင်မည် မဟုတ်သော်လည်း သင်ယူထားပါက အနည်းဆုံး လူအနည်းငယ်ခန့်တော့ နောင်တစ်ချိန်တွင် ဤအတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်မည် မဟုတ်ပါလား။

အစပိုင်းတွင် ကျိုးမန်ခန်း၌ ဤစိတ်ကူးလေးသာ ဝေဝေဝါးဝါး ရှိနေခဲ့သော်လည်း နောက်ပိုင်းတွင် ခရိုင်ရှိ မူလတန်းကျောင်းများ၏ အခြေအနေနှင့် ခရိုင်ကြွေထည်စက်ရုံ၏ အလုပ်သမားခေါ်ယူမှု အခြေအနေများကို နည်းလမ်းရှာ၍ စုံစမ်းကြည့်လိုက်လေသည်။ သူတို့သည် ပန်းချီဆွဲတတ်သော ပန်းချီလုပ်သားများကို ခေါ်ယူနေကြောင်း ကြားသိရသောအခါ ဤစိတ်ကူးကို ပိုပြီး အခိုင်အမာ ဆုံးဖြတ်လိုက်တော့သည်။

အရင်က အခြေအနေ မပေးခဲ့သော်လည်း ယခုအခါ ရှန်လောင်ချီတွင် ဤအရည်အချင်းရှိကြောင်း သိရှိရသဖြင့် ရွာရှိ ကလေးများကို သင်ယူခွင့်ရစေရန် နည်းလမ်းရှာခြင်းက နောင်တစ်ချိန်တွင် ထွက်ပေါက်တစ်ခု ပိုရလာစေနိုင်လေသည်။

ဤကိစ္စကို ကျိုးမန်ခန်း စဉ်းစားနေခဲ့သည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်ပြီး တစ်ခုတည်းသော အခက်အခဲမှာ ယခုအခါ ရှန်ရှောက်ယွမ်သည် တပ်ဖွဲ့အုတ်ဖိုတွင် အလုပ်ဆင်းနေပြီဖြစ်သောကြောင့် သူ့ကို တပ်ဖွဲ့ မူလတန်းကျောင်းသို့ ပြန်လာ၍ ဆရာလုပ်ခိုင်းရန်မှာ မဖြစ်နိုင်တော့တာ သေချာသည်။

ရှန်လောင်ချီ၏ အလုပ်သဘောသဘာဝမှာ အနည်းငယ် ထူးခြားပြီး အုတ်ဖိုရှိ သူ၏အလုပ်သည် တခြားအလုပ်သမားများကဲ့သို့ အလုပ်တက်၊ အလုပ်ဆင်းချိန်များကို တိကျစွာ လိုက်နာရန် မလိုအပ်ဘဲ ခေါင်းဆောင်များ ပေးအပ်သော တာဝန်များကို ပြီးစီးအောင် လုပ်ဆောင်နိုင်ပါက စက်ရုံမှ သူ့ကို အချိန်လွတ်လပ်စွာ စီစဉ်ခွင့်ပေးထားကြောင်း ကြားသိရသည့် အချိန်အထိပင်။

ကျိုးမန်ခန်း စဉ်းစားကြည့်လိုက်ရာ ရှန်ရှောက်ယွမ်သည် ရွာရှိ ကလေးများကို စာသင်ပေးရန် အချိန်အနည်းငယ်ကို လွတ်လပ်စွာ စီစဉ်နိုင်မည်ဟု ထင်မြင်မိလေသည်။

တစ်ခရိုင်လုံးတွင် မူလတန်းကျောင်း တစ်ကျောင်းတည်းသာ ပန်းချီသင်ခန်းစာ ဖွင့်လှစ်ထားသည့် အခြေအနေမျိုးတွင် သေးငယ်လှသော တပ်ဖွဲ့မူလတန်းကျောင်းလေး၌ ပန်းချီသင်ခန်းစာ ဖွင့်လှစ်ရန် ကျိုးမန်ခန်းက သည်လောက်အထိ စဉ်းစားတွေးတောနိုင်လိမ့်မည်ဟု ရှန်ရှောက်ယွမ် မထင်မှတ်ထားခဲ့ပေ။

သို့သော် ရှန်ရှောက်ယွမ်ကလည်း ကျိုးမန်ခန်းသည် အဖွဲ့ဝင်များအတွက် လက်တွေ့ကျကျ လုပ်ဆောင်ပေးတတ်သော တာဝန်သိ တပ်ဖွဲ့အရာရှိတစ်ဦး ဖြစ်ကြောင်း ဝန်ခံရပေမည်။

သို့ရာတွင် ရှန်ရှောက်ယွမ်က ငြင်းပယ်လိုက်ပြီး ပြောလိုက်၏။

"ကျွန်တော့်ရဲ့ အလုပ်ချိန်က အလုပ်ရုံထဲက အလုပ်သမားတွေထက် နည်းနည်းပိုပြီး လွတ်လပ်မှုရှိတယ်။ အဲဒါက ကျွန်တော် အလုပ်လုပ်ရတဲ့ နေရာက အလုပ်ရုံထဲမှာ မဟုတ်ဘဲ စက်ရုံနံရံတွေ၊ ကြော်ငြာသင်ပုန်းတွေ စတဲ့ နေရာတွေမှာ ဖြစ်နေလို့ပဲ။ ပြီးတော့ အလုပ်တာဝန်တွေက အများအားဖြင့် စုပြုံပြီး လာတတ်တယ်။ တချို့အချိန်တွေဆို အချိန်ပိုတောင် ဆင်းရသေးတယ်။ တာဝန်တွေ သိပ်မများတဲ့ အချိန်ကျမှပဲ ခေါင်းဆောင်က ကျွန်တော့်ဘာသာ အချိန်ယူပြီး အနားယူဖို့ ခွင့်ပြုပေးတာပါ"

"ဒါပေမဲ့ ကျွန်တော့်အချိန်က ပုံသေမဟုတ်ဘူး။ အားလပ်ချိန်ကလည်း ခင်ဗျားတို့ ထင်ထားသလောက် မများပါဘူး။ ခင်ဗျားက ကျွန်တော့်ကို ရွာမှာ ဆိုင်းဘုတ်လေး ဘာလေး ရေးပေးဖို့ အကူအညီတောင်းမယ်ဆိုရင်တော့ ကျွန်တော် အချိန်ခွဲပေးလို့ ရပါတယ်။ ကလေးတွေကို စာသင်ပေးဖို့ ဆိုတာကတော့ ၁ နာရီ ၂ နာရီနဲ့ ပြီးမယ့်ကိစ္စ မဟုတ်တော့ သေချာပေါက် အဆင်မပြေနိုင်ဘူးလေ"

ကျိုးမန်ခန်းမှာ ရုတ်တရက် အနည်းငယ် စိတ်ပျက်သွားလေသည်။

"ဒီလိုဆိုတော့ အဆင်မပြေတော့ဘူးပေါ့"

သူသည် ခဏလောက် စဉ်းစားလိုက်ပြီး ရွာရှိ ကလေးများအတွက် ကြိုးစားပေးလိုက်သေးသည်။

"အဲဒါဆိုလည်း ခင်ဗျား အားတဲ့အချိန်လေးတွေမှာ သူတို့ကို သင်ပေးလို့ မရဘူးလား။ ကျွန်တော် တပ်ဖွဲ့ရုံးမှာ အခန်းလွတ်တစ်ခန်း ဖယ်ပေးထားပြီး ကျောက်သင်ပုန်းတစ်ခုပါ လုပ်ပေးထားမယ်လေ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားအိမ်ရဲ့ ဘေးမှာတင်ပဲဟာ။ ခင်ဗျား အားတဲ့အချိန်ကို ကြည့်ပြီး ကျွန်တော် လူလွှတ်ကာ ကလေးတွေကို လာခေါ်ခိုင်းလိုက်မယ်။ အထူးသဖြင့် နွေရာသီနဲ့ ဆောင်းရာသီ ကျောင်းပိတ်ရက်တွေမှာ ကလေးတွေက အိမ်မှာ အလကား နေနေကြရတာလေ။ ခင်ဗျားကြည့်ရတာ အဲလိုဆိုရင်ကော အဆင်ပြေနိုင်မလား"

ထိုသို့ပြောလိုက်ပြီးမှ ကျိုးမန်ခန်းမှာ ရုတ်တရက် နောင်တရသွားလေသည်။ ဤကိစ္စကို လွန်ခဲ့သည့် ၂ လကတည်းက စီစဉ်ခဲ့သင့်ကြောင်း စောစောစီးစီး သိခဲ့လျှင် ကောင်းမည်။ ယခုတော့ နွေရာသီ ကျောင်းပိတ်ရက် တစ်ခုကို အလဟဿ ဖြုန်းတီးလိုက်ရလေပြီ။

ရှန်ရှောက်ယွမ်က ပြုံးလိုက်ပြီး ကျိုးမန်ခန်း၏ မေးခွန်းကို မဖြေဘဲ ပြန်လည်မေးခွန်းထုတ်လိုက်၏။

"တကယ်လို့ ဒီပန်းချီဆရာက အချိန်ပြည့်လုပ်ရမယ်ဆိုရင် ရရှိမယ့် ခံစားခွင့်တွေက တခြား ဆရာ ၂ ယောက်နဲ့ အတူတူပဲလား"

ကျိုးမန်ခန်းက သက်ပြင်းချလိုက်၏။ ရှန်ရှောက်ယွမ်သည် ဤဆရာအလုပ်ကို စိတ်ဝင်စားနေသည်ဟု သူ မထင်မှတ်ပေ။ ဒေသခံကျောင်းဆရာတစ်ဦး၏ လစာမှာ ၁၂ ယွမ်သာရှိပြီး အုတ်ဖို ယာယီအလုပ်သမား၏ လစာထက် တစ်လလျှင် ၆ ယွမ် ပိုနည်းလေသည်။ ထို့အပြင် အုတ်ဖိုမှ ရရှိသော အမျိုးမျိုးသော ခံစားခွင့်များလည်း မရှိသဖြင့် ရှန်ရှောက်ယွမ်သည် သေချာပေါက် မျက်စိကျမည် မဟုတ်ချေ။

သူက ရှန်ရှောက်ယွမ် စူးစမ်းလိုစိတ်ဖြင့်သာ မေးသည်ဟု ထင်လိုက်ပြီး သူ၏ စေတနာကို ပြသရန်အတွက် ပြောလိုက်သည်။

"တကယ်လို့ ခင်ဗျားသာ အချိန်ပြည့် ဆရာလုပ်ဖို့ ပြန်လာချင်တယ်ဆိုရင် ကျွန်တော် သေချာပေါက် တပ်ဖွဲ့ဆီကို သွားပြီး တခြားလူတွေနဲ့ တန်းတူ ခံစားခွင့်တွေ ရအောင် တောင်းဆိုပေးပါ့မယ်။ တပ်ဖွဲ့ကနေ မရခဲ့ဘူးဆိုရင်တောင် တပ်ဖွဲ့ကနေ ခင်ဗျားကို လုပ်အားခရမှတ်တွေနဲ့ သေချာပေါက် အစားထိုးပေးမှာပါ"

ရှန်ရှောက်ယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ "ကောင်းပြီလေ... အဲဒါဆို ကျွန်တော့်အိမ်က မော့အာကိုပဲ သွားခိုင်းလိုက်ပါ့မယ်"

ကျိုးမန်ခန်းမှာ ကြက်သေသေသွားပြီး ချက်ချင်း သဘောမပေါက်နိုင်ဘဲ မေးလိုက်သည်။ "မော့အာကို ဘာသွားလုပ်ခိုင်းမလို့လဲ"

ရှန်ရှောက်ယွမ်က သဘာဝကျကျပင် ပြန်ဖြေလိုက်၏။

"ခင်ဗျားက မူလတန်းကျောင်းမှာ ပန်းချီသင်ခန်းစာ ဖွင့်ချင်တာ မဟုတ်ဘူးလား။ ကျွန်တော်နဲ့ စာရင် တကယ်တော့ ကျွန်တော့်အိမ်က မော့အာက ပိုပြီး သင့်တော်ပါတယ်။ သူက ဘာပဲဖြစ်ဖြစ် ရွာမှာပဲ ရှိနေတာဆိုတော့ အချိန်ပြည့် ဆရာမ သွားလုပ်မယ်ဆိုရင် အချိန်ပြဿနာကို ထည့်စဉ်းစားနေစရာ မလိုတော့ဘူးလေ။ ပြီးတော့ သူ့ခန္ဓာကိုယ်က အစကတည်းက နည်းနည်း အားနည်းနေတာဆိုတော့ သူ အလုပ်ဆင်းရတာ အရမ်းပင်ပန်းသွားမှာကို ကျွန်တော်က စိုးရိမ်နေခဲ့တာ။ ကလေးတွေကို စာသွားသင်ပေးမယ်ဆိုရင် သူလည်း နည်းနည်း သက်သာသွားနိုင်သလို ကလေးတွေကလည်း တစ်ခုခု သင်ယူခွင့်ရသွားမှာဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်နဲ့ အားလုံးအတွက် ဝမ်းသာစရာပဲ မဟုတ်လား"

သူသည် ဖုံးကွယ်မထားတော့ဘဲ အမှန်အတိုင်းပင် ပြောလိုက်လေသည်။ သူသည် သမီးဖြစ်သူကို အနည်းငယ် ပေါ့ပါးသော အလုပ်ကို လုပ်စေချင်နေသည်မှာ အမှန်ပင် ဖြစ်၏။

ကျိုးမန်ခန်းသည် နားထောင်ရင်း ကြောင်အမ်းအမ်း ဖြစ်သွားကာ အလိုအလျောက်ပင် ရှန်ရှောက်ယွမ်၏ စဉ်းစားပုံနောက်သို့ လိုက်ပါသွားပြီး ပြောလိုက်သည်။

"ဟုတ်တာပေါ့... ခင်ဗျားပြောတာလည်း အဓိပ္ပါယ်ရှိပါတယ်။ တကယ်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ..." စကားတစ်ဝက်ခန့် ရောက်သောအခါမှ သတိဝင်လာပြီး မေးလိုက်၏။ "နေပါဦး... ခင်ဗျားတို့အိမ်က မော့အာကကော ပန်းချီဆွဲတတ်လို့လား"

ရှန်ရှောက်ယွမ်သည် ယုတ္တိရှိလှသော အမူအရာဖြင့် ပြောလိုက်လေသည်။ "တကယ်တော့ ကျွန်တော့်အိမ်က မော့အာကို ပန်းချီဆွဲဖို့ သင်ပေးခဲ့တာက ကျွန်တော့်မိန်းမပါ။ ကျွန်တော်က သူ့ဆီကနေ ကြားဖူးနားဝနဲ့ သင်ယူခဲ့တာပေါ့။ နောက်တော့ ကျွန်တော့်မိန်းမ ဆုံးသွားပြီး ကျွန်တော်တို့ သားအဖ ၂ ယောက်က ပုံမှန်ဆို အိမ်မှာနေရင်း ဘာမှလုပ်စရာမရှိတော့ အတူတူ စာရေး၊ ပန်းချီဆွဲကြတာပေါ့။ ကျွန်တော့် မော့အာရဲ့ ပန်းချီဆွဲတဲ့ စွမ်းရည်က ကျွန်တော့်ထက် မညံ့ပါဘူး"

အမှန်တကယ်တော့ သူ့ထက် အတော်လေး ညံ့ဖျင်းသေးလေသည်။ သူသည် အမှန်တကယ် စိတ်ဝင်စားမှုရှိကာ အချိန်လည်းရှိသဖြင့် စာရေး၊ ပန်းချီဆွဲခြင်းတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ နစ်မြုပ်နေခဲ့သူ မဟုတ်ပါလား။ မော့အာကမူ မတူညီချေ။ ထိုကလေးမလေးသည် စွဲမြဲမှု မရှိဘဲ အစပိုင်းက သင်ယူစဉ်တွင်ပင် ရက်အနည်းငယ် လုပ်လိုက် နားလိုက်နှင့်သာ ဖြစ်သောကြောင့် သူမ၏ အဆင့်အတန်းမှာ အလယ်အလတ်အထက်တွင်သာ ရှိသည်ဟု ဆိုနိုင်သော်လည်း မူလတန်းကျောင်းမှ ကလေးများကို သင်ကြားပေးရန်မှာမူ အလွန်ပင် လုံလောက်နေပြီ ဖြစ်သည်။

သေချာသည်မှာ ကျိုးမန်ခန်းရှေ့တွင်တော့ အဆင့်အတန်း တူညီလုနီးပါး ရှိသည်ဟုသာ ပြောရမည်။ မည်သို့ပင်ဆိုစေကာမူ ထိုဆိုင်းဘုတ်များနှင့် ပန်းချီကားများက သူ၏ အစစ်အမှန် စွမ်းရည်ကို လုံးဝ ထုတ်ဖော်ပြသနိုင်ခြင်း မရှိသဖြင့် အဆင့်အတန်း တူညီသည်ဟု ပြောလိုက်ခြင်းကလည်း ပြဿနာ မရှိနိုင်ချေ။

ကျိုးမန်ခန်းသည် ရှန်မော့အာ၏ ပန်းချီစွမ်းရည်က ရှန်ရှောက်ယွမ်ထက် မညံ့ကြောင်း ကြားလိုက်ရသောအခါ ချက်ချင်းပင် ပြောလိုက်တော့သည်။

"ကောင်းပြီလေ... သူက ခင်ဗျားရဲ့ စွမ်းရည် တစ်ဝက်လောက် ရှိရင်ကိုပဲ ကျွန်တော် ဝမ်းသာနေပြီ။ ကောင်းပြီ... ကောင်းပြီ... အဲဒါဆို ခင်ဗျားတို့အိမ်က ရှန်မော့အာကို မူလတန်းကျောင်းမှာ ဆရာမ သွားလုပ်ခိုင်းလိုက်။ ကျောင်းဖွင့်တာနဲ့ ချက်ချင်းသွား။ စိတ်ချပါ... ဒေသခံကျောင်းဆရာ နေရာအတွက် ကျွန်တော် တပ်ဖွဲ့ဆီကို သွားပြီး သေချာပေါက် ရအောင် ယူပေးပါ့မယ်"

ကျိုးမန်ခန်းမှာ အလွန် စိတ်လှုပ်ရှားသွားလေသည်။ မူလက ရှန်ရှောက်ယွမ် ငြင်းဆိုလိုက်သဖြင့် သူ၏ စိတ်ထဲတွင် အလွန် မသက်မသာ ဖြစ်နေခဲ့ရသော်လည်း မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး အချိန်တွင် အလင်းရောင်တစ်ခု ပေါ်လာကာ ပိုပြီး သင့်တော်သော လူတစ်ဦးကို ရရှိလာလိမ့်မည်ဟု မည်သူကများ ထင်မှတ်ထားခဲ့ပါမည်နည်း။

ဒါက တကယ့်ကို ကောင်းလွန်းလှပေသည်။

တစ်ဖက်တွင်မူ တခြားသူများသည် ရှန်မော့အာကို ထမင်းစားပွဲနှင့် ပန်းကန်ခွက်ယောက်များကို ကူညီသိမ်းဆည်းပေးပြီးနောက် ကိုယ်စီ ပန်းကန်ခွက်ယောက်များ၊ စားပွဲ၊ ကုလားထိုင်နှင့် ခုံများကို ယူဆောင်ကာ နှုတ်ဆက်၍ ထွက်ခွာသွားကြလေသည်။

ထွက်ခွာခါနီးတွင် အဒေါ်ကြီးချန်က ရှန်မော့အာ၏ လက်ကိုပုတ်ကာ စိတ်ချရန် ပြောလိုက်ပြီး ရွာရှိ အဒေါ်ကြီးများကို စည်းရုံးကာ ထျန်းဖန်နှင့် ထျန်းချွေ့ ညီအစ်မ နှစ်ဦး၏ ယုတ်မာသော လုပ်ရပ်များကို ဖြန့်ဝေပြောဆိုပေးမည်ဖြစ်ကြောင်း၊ ရှန်မော့အာ၏ နာမည်ကို ဖျက်ဆီးရန် သူတို့ကို အခွင့်အရေး လုံးဝ ပေးမည်မဟုတ်ကြောင်း ပြောကြားသွားလေသည်။

ရှန်မော့အာက အားလုံးကို ကျေးဇူးတင်စကား ဆိုလိုက်ပြီး လူတိုင်းကို အပြင်ဘက်အထိ လိုက်ပို့ပေးလိုက်သည်။ ဖုမင်ဇယ်နှင့် ကျိန့်ကျားမင်တို့သည်လည်း တခြားသူများနှင့်အတူ ထွက်ခွာသွားကြသော်လည်း ဖုမင်ဇယ်သည် ထွက်သွားချိန်တွင် တစ်စုံတစ်ရာကို စိုးရိမ်နေသကဲ့သို့ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

ရှန်ရှောက်ယွမ်နှင့် ကျိုးမန်ခန်းတို့ စကားပြောဆိုပြီးစီးကာ လူများကို ပြန်လွှတ်လိုက်ပြီးနောက်တွင် ရှန်ယင်းယင်းတို့ သားအမိ ၃ ယောက်သည်လည်း ရှန်မော့အာတို့ကို နှုတ်ဆက်လိုက်ကြလေသည်။

"ငါတို့ ထွက်လာတာ အတော်လေး ကြာနေပြီ။ ပေရှန်းအောက်က တကယ်ကို ခေါင်လွန်းတော့ သတင်းတစ်ခု ပို့ချင်ရင်တောင် ခက်တယ်။ ပြန်မသွားသေးရင် နင့်ယောက်ဖက စိတ်ပူနေတော့မှာ"

ရှန်ယင်းယင်းသည် အိမ်ပြန်ရန် အလောတကြီး ဖြစ်နေသော်လည်း မောင်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို အလွန် စိတ်မချဖြစ်နေလေသည်။ ဤသည်မှာလည်း ပုံမှန်ပင်။ ခုလေးတင် လူတချို့ အိမ်ပေါ်အထိ လာရောက်ကာ ရန်ဖြစ်သွားခဲ့ကြပြီး သူတို့ကလည်း ရွာအဝင်ဝတွင် သားအဖ ၂ ယောက်တည်း နေထိုင်ကြသည်ဖြစ်သောကြောင့် မည်သို့များ စိတ်ချနိုင်ပါမည်နည်း။

ရှန်ယင်းယင်း: "နောက်ကျလို့ ထျန်းမျိုးရိုးတွေ အိမ်ပေါ်အထိ ထပ်ပြီး ပြဿနာလာရှာရင် နင်တို့ တံခါး လုံးဝ မဖွင့်ပေးနဲ့နော်။ နေ့ခင်းဘက်ကတော့ တော်သေးတယ်။ ငါက အဲဒီလူရမ်းကားတွေ ညဘက် လာပြီး ဒုက္ခပေးမှာကိုပဲ စိုးရိမ်နေတာ။ ထျန်းညီအစ်မ ၂ ယောက်စလုံးက ဘယ်လိုမှ ကောင်းတဲ့သူတွေ မဟုတ်ဘူး"

ရှန်မော့အာက သူမကို နှစ်သိမ့်လိုက်၏။

"နောက်ဆိုရင် ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန် ရောက်တော့မှာပါ။ နေ့ခင်းဘက်ဆို အားလုံးက ကောက်ရိတ်ဖို့ အလုပ်များနေကြမှာပဲ။ ညဘက်ဆိုရင်လည်း တပ်ဖွဲ့က ပြည်သူ့စစ်တွေကို ဖွဲ့စည်းပြီး လယ်ကွင်းတွေထဲမှာ ကင်းလှည့်ခိုင်းမှာဆိုတော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး"

ရှန်ယင်းယင်းသည် စိုးရိမ်ပူပန်နေဆဲပင်။

"ကောက်ရိတ်ချိန်မှာ ပြဿနာ လာမရှာရင်တောင် ကောက်ရိတ်ပြီးရင်ကော။ ဆောင်းရာသီ ရောက်လာတဲ့အခါ အပြင်ဘက်မှာ အဲဒီလောက် အေးနေရင် အိမ်တိုင်းအိမ်တိုင်းက တံခါးတွေ ပိတ်ပြီး အိမ်ထဲမှာပဲ နေကြတော့မှာ။ အဲဒီအချိန်ကျလို့ တစ်ခုခု ဖြစ်လာခဲ့ရင် ဘယ်သူက သိနိုင်မှာလဲ။ အေး... ရှောက်ယွမ်... ငါပြောမယ်နော်၊ ၁၀လပိုင်း ကျော်သွားရင် မော့အာက အသက် ၁၈ နှစ် ပြည့်ပြီဆိုတော့ တကယ်ပဲ လက်တွဲဖော် ရှာပေးသင့်နေပြီ။ နင်က သမက် ခေါ်တင်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ အဲဒါဆို အမြန်ဆုံး အကဲခတ်ပြီး သမက်တစ်ယောက် ခေါ်တင်ပြီး အတူတူနေလိုက်ပါ။ သုံးယောက်ဆိုရင် ဘာပဲဖြစ်ဖြစ် နင်တို့ သားအဖ ၂ ယောက်တည်းထက်တော့ နည်းနည်း ပိုကောင်းတာပေါ့"

ဒီအကြောင်းကို ပြောရင်းနှင့် ရှန်ယင်းယင်းက ထပ်မံ၍ စိတ်ပူလာပြန်သည်။

"နင့်အိမ်က အခု အခြေအနေ ကောင်းလာပြီ၊ အိမ်လည်း ရှိတယ်၊ နင့်မှာလည်း အလုပ်တစ်ခု ရှိနေပြီ။ ဒါပေမဲ့ ဒီခေတ်ကြီးထဲမှာ အိမ်ပေါ်တက်ပြီး သမက်လုပ်ချင်တဲ့လူက တကယ်ကို မများလှဘူး။ ရှိရင်တောင်မှ အခြေအနေက သိပ်ကောင်းမှာ မဟုတ်ဘူးလေ။ ပြီးတော့ အမွေကို သိမ်းပိုက်ချင်တဲ့ လူတွေကိုလည်း သတိထားနေရဦးမယ်ဆိုတော့ ဒါက တကယ်ကို နည်းနည်း ခက်ခဲတဲ့ကိစ္စပဲ"

ရှန်ရှောက်ယွမ်က ရုတ်တရက် ရယ်မောလိုက်လေသည်။ "အစ်မ စိတ်ပူနေတာတွေကို ကြည့်ပါဦး။ ဒါက မဖြစ်လာသေးတဲ့ ကိစ္စတွေကို ကြိုပြီး ပူပန်နေတာ မဟုတ်ဘူးလား။ ကျွန်တော့်အိမ်က မော့အာက ဒီလောက် လှပချောမောပြီး စရိုက်လေးကလည်း ကောင်းတဲ့အပြင် ဒီလောက်လည်း အရည်အချင်းရှိတာ၊ အိမ်ပေါ်တက်မယ့် သမက်တစ်ယောက် ရှာရတာ ဘာများ ခက်ခဲတဲ့ကိစ္စ ဖြစ်နိုင်မှာမို့လို့လဲ။ ဒီကိစ္စက မလောပါဘူး။ အမှိုက်ကောင် နည်းနည်းလောက်ကြောင့် ကမန်းကတန်း လူရွေးပြီး လက်ထပ်လိုက်လို့တော့ ဘယ်ဖြစ်မလဲ။ မော့အာက နောက်ဆိုရင် တပ်ဖွဲ့ မူလတန်းကျောင်းမှာ ဆရာမ သွားလုပ်ရတော့မှာလေ။ တခြားကိစ္စတွေကို သူ အလုပ်ကိစ္စတွေ တည်ငြိမ်သွားတဲ့ အချိန်ကျမှပဲ ဆက်ပြောကြတာပေါ့"

ရှန်ယင်းယင်းသည် ရှန်မော့အာက တပ်ဖွဲ့ မူလတန်းကျောင်းတွင် ဆရာမ သွားလုပ်တော့မည်ဟု ကြားလိုက်ရသောအခါ ရုတ်တရက် အလွန် ဝမ်းသာသွားပြီး ရှန်ရှောက်ယွမ် ပြောသည်မှာ မှန်ကန်သည်ဟု တွေးလိုက်မိလေသည်။ ရှန်မော့အာ ကိုယ်တိုင် အလုပ်အကိုင် ရရှိသွားပါက အိမ်ပေါ်တက်မည့် သမက်တစ်ဦး ရှာဖွေရန် ခက်ခဲတော့မည် မဟုတ်ချေ။

နောက်ဆုံးတွင် ထပ်မံ၍ အသေအချာ မှာကြားပြီးနောက်မှသာ ရှန်ယင်းယင်းသည် သား ၂ ယောက်ကို ခေါ်ဆောင်ကာ ထွက်ခွာသွားလေတော့သည်။

လာစဉ်က မောင်ဖြစ်သူ အငတ်ဘေးကြုံနေရပြီဟု ထင်မှတ်ထားခဲ့သဖြင့် ရင်ထဲတွင် မီးလောင်နေသကဲ့သို့ အလွန် စိုးရိမ်ပူပန်နေခဲ့သော်လည်း ပြန်လည်ထွက်ခွာချိန်တွင်မူ အလွန် ပျော်ရွှင်နေခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ မောင်ဖြစ်သူ၏ မိသားစုဘဝလေးမှာ မြင်သာထင်သာပင် ပိုပြီးပိုပြီး ကြီးပွားတိုးတက်လာတော့မည် မဟုတ်ပါလား။

ရှန်ယင်းယင်းတို့ မိသားစု ထွက်ခွာသွားပြီးနောက်မှသာ ရှန်မော့အာက ဖခင်ဖြစ်သူကို စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

"တပ်ဖွဲ့ခေါင်းဆောင်က အဖေ့ကို ဒီကိစ္စ ပြောဖို့ လာရှာတာလား"

ရှန်ရှောက်ယွမ်က အကျိုးအကြောင်း အစအဆုံးကို ပြောပြလိုက်ပြီးနောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။

"ဒီလိုဆိုတော့ နောက်ကျရင် သမီး အလုပ်သွားဆင်းစရာ မလိုတော့ဘူးပေါ့။ ဆောင်းဦးရာသီ ကောက်ရိတ်ချိန် ရောက်ရင်တောင် ကူညီရုံပဲဆိုတော့ နည်းနည်း ပေါ့ပါးတဲ့ အလုပ်လေးတွေကို ရွေးလုပ်လို့ ရသွားပြီလေ"

အမှန်တကယ်တော့ ရှန်ရှောက်ယွမ်သည် သမီးဖြစ်သူအတွက် ပေါ့ပါးသော အလုပ်တစ်ခု ရှာဖွေပေးရန် စောစောကတည်းက စဉ်းစားနေခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ဤခေတ်ကာလတွင် အလုပ်ရှာရန် အလွန် ခက်ခဲလှပြီး ပေါ့ပါးသော အလုပ်ဆိုလျှင် ပိုပြီး ရှာရခက်ခဲလှပေသည်။ သူသည် တပ်ဖွဲ့တွင် ၂ လကြာ နေထိုင်ခဲ့သော်လည်း သင့်တော်သော အလုပ်ကို မရှာဖွေနိုင်ခဲ့ချေ။ သို့ရာတွင် မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး အချိန်တွင် သင့်တော်သော အလုပ်က သူ့အလိုလို အိမ်တိုင်ရာရောက် လာရောက်ရှာဖွေလိမ့်မည်ဟု မည်သူကများ ထင်မှတ်ထားခဲ့ပါမည်နည်း။

ဟုတ်ပေသည်။ ကျိုးမန်ခန်းက မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး အချိန်တွင် အလင်းရောင်တစ်ခု ပေါ်လာသည်ဟု ထင်မြင်ခဲ့သော်လည်း အမှန်တကယ်တော့ ရှန်ရှောက်ယွမ်ကရော ထိုသို့ မထင်မြင်ခဲ့ဘဲ နေပါမည်တဲ့လား။

ရှန်မော့အာသည်လည်း အလွန် ပျော်ရွှင်နေလေသည်။ လယ်အလုပ် လုပ်ခြင်းသည် သူမ၏ အားသာချက် လုံးဝ မဟုတ်ခဲ့ချေ။ ဇိမ်ကျကျ ကြီးပြင်းလာခဲ့ရသော မင်းသမီးလေး တစ်ပါးဖြစ်သည့် သူမသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်များ ရှိနေလျှင်ပင် ပြင်းထန်သော နေရောင်အောက်နှင့် ပူပြင်းသော ရာသီဥတုတွင် လယ်အလုပ်များကို လုပ်ကိုင်ရန် အမှန်တကယ်ပင် အသားမကျနိုင်ခဲ့ချေ။ ဆရာမလုပ်ရခြင်းက များစွာ ပိုပြီး ပေါ့ပါးလှပြီး အထူးသဖြင့် ပန်းချီသင်ပေးရမည် မဟုတ်ပါလား... အင်း။ အဖေ့သင်ကြားနည်းတွေကို လိုက်ပြီး ကလေးတွေကို ပြန်သင်ပေးလိုက်ရုံပဲလေ။ လွယ်လွယ်လေးပါ။

"သူတို့ ဒီက ပန်းချီဆွဲတဲ့ နည်းစနစ်တွေက အစတုန်းက အဖေ သမီးကို သင်ပေးခဲ့တာတွေနဲ့ မတူညီတဲ့ အချက်တွေ အများကြီး ရှိသေးတယ်။ အတော်ပဲ... အဖေ ဒီတလော စဉ်းစားလေ့လာထားတာကနေ နားလည်သဘောပေါက်မှု နည်းနည်း ရထားတယ်။ နောက်ကျရင် အကုန်လုံး သမီးကို သင်ပေးမယ်"

"ကောင်းပြီလေ... နောက်ကျရင် သမီးက အရင်ဆုံး သင်ရလွယ်ကူမယ့် ပန်းချီကား အနည်းငယ်လောက်ကို သင်ခန်းစာ အစီအစဉ်အဖြစ် စမ်းဆွဲကြည့်လိုက်မယ်"

သားအဖ ၂ ယောက်သည် အလျင်အမြန်ပင် တိုင်ပင်ဆွေးနွေးလိုက်ကြလေတော့သည်။

နောက်တစ်နေ့တွင် ရှန်ရှောက်ယွမ်သည် အုတ်ဖိုသို့ ပြန်လည် အလုပ်ဆင်းလေသည်။ တစ်ချက်မှာ သူသည် ဤတလောတွင် အမှန်တကယ်ပင် အနားယူချိန် အလွန် ကြာမြင့်သွားခဲ့သောကြောင့် ဖြစ်သည်။ ကြားထဲတွင် အကြိမ်အနည်းငယ် ပြန်လာကာ အရေးတကြီး အလုပ်အချို့ကို လုပ်ဆောင်ခဲ့သည်ဟု ဆိုသော်လည်း တိတိကျကျ ပြောရလျှင် သူသည် သေသေချာချာ အလုပ်မဆင်းခဲ့သည်မှာ ဆယ်ရက်ကျော် ကြာမြင့်နေပြီဖြစ်သောကြောင့် အလုပ်ခွင်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရန် လိုအပ်လေသည်။

နောက်ထပ် အကြောင်းရင်းတစ်ခုမှာ တပ်ဖွဲ့ထဲတွင် သတင်းစုံစမ်းရန် ပိုပြီး အဆင်ပြေသောကြောင့်ပင်။ ယမန်နေ့က ရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားသော လူအုပ်ကြီးသည် ယမန်နေ့ညက ပြန်မရောက်လာခဲ့ကြသဖြင့် ရှန်ရှောက်ယွမ်သည်လည်း နောက်ဆက်တွဲ အခြေအနေများကို စုံစမ်းချင်နေခဲ့သည်။

မကြာသေးမီက တပ်ဖွဲ့အတွင်း၌ အတော်လေး တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ ဆောင်းဦးရာသီ ကောက်ရိတ်ချိန် နီးကပ်လာပြီဖြစ်၍ တပ်ဖွဲ့အသီးသီးမှာ အတော်လေး ငြိမ်သက်နေကြပြီး စုန်းရှုတပ်ဖွဲ့မှ လျိုယင်းရွှမ်းပင်လျှင် သိပ်ပြီး ပြဿနာမရှာတော့ကြောင်း ကြားသိရသည်။ ထို့ကြောင့်ပင် ယန်လျိုတပ်ဖွဲ့မှ လူနှစ်စုသည် မိန်းမယူမည့် ကိစ္စအတွက် အုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြသည်ဆိုသော သတင်းမှာ ထိုနေ့မှာပင် တပ်ဖွဲ့တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေတော့သည်။

ရွှီဝေကော်သည် ဤကိစ္စတွင် ရှန်ရှောက်ယွမ်၏ သမီးဖြစ်သူပါ ပါဝင်ပတ်သက်နေကြောင်း ကြားသိလိုက်ရသောအခါ မျက်လုံးများမှာ နွားမျက်လုံးထက်ပင် ပိုပြီး ပြူးကျယ်သွားလေတော့သည်။

"တကယ်တော့ ခင်ဗျားသမီးကို ယူဖို့အတွက် ရန်ဖြစ်ကြတာပေါ့လေ"

ရှန်ရှောက်ယွမ်မှာ လုံးဝ စကားမပြောနိုင်တော့ဘဲ အကျိုးအကြောင်း အစအဆုံးကို အကြမ်းဖျင်း ရှင်းပြလိုက်ပြီး ပြောလိုက်၏။

"မိန်းမယူမယ် ဆိုတာက လုံးဝ အခြေအမြစ်မရှိတဲ့ စကားပါ။ ယန်လျိုတပ်ဖွဲ့က လူနှစ်စု အုပ်စုဖွဲ့ ရန်ဖြစ်ကြတာ ဆိုတာကလည်း မမှန်ပါဘူး။ အဲဒီအထဲက တစ်စုက ရှားတတပ်ဖွဲ့က လူတွေပါ"

ရွှီဝေကော်: "ကြားရတာတော့ ဒီရှားတတပ်ဖွဲ့က လူတွေရဲ့ ဦးနှောက်က တကယ်ကို မမှန်တဲ့ပုံပဲ"

တခြားတပ်ဖွဲ့ဆီကို ပြေးသွားပြီး တတွတ်တွတ်နဲ့ ပြဿနာလာရှာတာက အရိုက်ခံရဖို့ သက်သက် စောင့်နေတာနဲ့ မတူဘူးလား။

ရွှီဝေကော်က မနေနိုင်ဘဲ ညည်းတွားလိုက်လေသည်။

"ခင်ဗျားသမီးက နည်းနည်းတော့ လှလွန်းလို့ ပြဿနာဖြစ်ရတဲ့ သဘောမျိုး ဖြစ်နေပြီ... အေး... ကျွန်တော့်အိမ်က မိန်းမကို ခင်ဗျားသမီးအတွက် ဖူးစာရှင်တစ်ယောက်လောက် ရှာပေးခိုင်းရင် ဘယ်လိုလဲ"

သူသည် ရှန်ရှောက်ယွမ်၏ သမီးဖြစ်သူကို မြင်ခဲ့ဖူးသည်။ သူတို့ ဝါဒဖြန့်ချိရေး ဆိုင်းဘုတ်များနှင့် ပန်းချီကားများအတွက် ခေါင်းမီးတောက်နေချိန်တွင် ရှန်ရှောက်ယွမ် လာရောက်၍ ကိုယ်တိုင် အကြံပြုခဲ့သော နေ့ကပင် ဖြစ်သည်။ ထိုစဉ်က သူသည် သိပ်သတိမထားမိခဲ့သော်လည်း ယခု ပြန်လည်စဉ်းစားကြည့်ရာ ထိုမိန်းကလေးမှာ အမှန်တကယ်ပင် အတော်လေး လှပချောမောပုံရလေသည်။

ရွှီဝေကော်သည် ရှန်ရှောက်ယွမ်တွင် ဤသမီးတစ်ယောက်တည်းသာ ရှိသဖြင့် အားစိုက်ထုတ်ကာ ကလေးမလေးကို တပ်ဖွဲ့သို့ လာရောက် လက်ထပ်စေနိုင်သည်ဟု ထင်မြင်မိသည်။

ရှန်ရှောက်ယွမ်က တိုက်ရိုက်ပင် ပြောလိုက်၏။ "ကျွန်တော် သူ့အတွက် အိမ်ပါသမက်တစ်ယောက် ခေါ်တင်ပေးမလို့"

ရွှီဝေကော် : "..."

ကျေးလက်မှ မိန်းကလေးတစ်ဦး တပ်ဖွဲ့သို့ လာရောက် လက်ထပ်ရန်မှာ ဖြစ်နိုင်ခြေ ရှိသေးသော်လည်း ကျေးလက်မိန်းကလေးက တပ်ဖွဲ့မှ အိမ်ပါသမက်တစ်ဦးကို ခေါ်တင်ရန်မှာမူ လုံးဝ အိပ်မက်မက်နေခြင်းပင်။

ရွှီဝေကော်က ဖျောင်းဖျရန် ကြိုးစားလိုက်သည်။

"ခင်ဗျား ဒီလောက် ခေါင်းမာမနေပါနဲ့။ တကယ်တော့ ခင်ဗျားမှာ သမီးတစ်ယောက်တည်း ရှိတာ။ အိမ်ထောင်ချပေးလိုက်တာဖြစ်ဖြစ်၊ သမက်ခေါ်တင်တာဖြစ်ဖြစ် သမက်က သေချာပေါက် ခင်ဗျားကို လုပ်ကျွေးပြုစုရမှာပဲလေ။ သမက်ခေါ်တင်လို့ ဘယ်လိုလူမျိုး ကောင်းကောင်း ရနိုင်မှာလဲ။ ကျွန်တော် ခင်ဗျားကို ပြောပြမယ်... ကျွန်တော် တပ်ဖွဲ့ထဲက လူငယ်တချို့လောက်ကို သိတယ်။ အခြေအနေက အတော်လေး ကောင်းပါတယ်..."

စသည်ဖြင့် ပွစိပွစိ ပြောနေလေတော့သည်။

ပိုက်ကွန်ကို ကျယ်ကျယ်ဖြန့်ချကာ အရင်ဆုံး ဆယ်ယူကြည့်ပြီး အဆင်မပြေပါက မြစ်ထဲသို့ တိုက်ရိုက် ပြန်ပစ်ချလိုက်မည်ဟူသော အတွေးဖြင့် ရှန်ရှောက်ယွမ်သည် နောက်ဆုံးတွင် အရင်ဆုံး ကြည့်ရှုအကဲခတ်နိုင်ကြောင်း ရွှီဝေကော်ကို သဘောတူလိုက်လေတော့သည်။

ထို့ကြောင့် သည်နေ့တွင် ရှန်ရှောက်ယွမ်သည် အလုပ်ဆင်းရုံသာမက သမီးဖြစ်သူအတွက် ကြင်ဖက်တွေ့မည့် အစီအစဉ် တစ်ခုကိုပါ သဘောတူခဲ့လေသည်။ ရုံးဆင်းချိန် နီးကပ်လာသောအခါ ရွှီဝေကော်ထံမှ အုပ်စုဖွဲ့ ရန်ဖြစ်မှု၏ နောက်ဆက်တွဲ အခြေအနေများကိုပါ ဆန္ဒရှိသည့်အတိုင်း စုံစမ်းသိရှိခဲ့ရလေသည်။

ရန်ပွဲတွင် ပါဝင်ပတ်သက်ပြီး ပြစ်မှုပေါ့ပါးသူများမှာ ရဲစခန်းတွင် ၃ ရက်ခန့် ချုပ်နှောင်ခံရပြီးနောက် လွတ်မြောက်သွားလိမ့်မည်။ ထျန်းဖန်၊ ထျန်းချွေ့နှင့် ဝမ်ကျင်းပေါင်တို့ ၃ ဦးမှာမူ အဓိက တရားခံများအဖြစ် သတ်မှတ်ခံရပြီး ရဲစခန်းတွင် လဝက်ခန့် ချုပ်နှောင်ခံရမည်ဖြစ်ကာ ဆောင်းဦးရာသီ ကောက်ရိတ်ချိန် နီးကပ်လာမှသာ ပြန်လည်လွတ်မြောက်လာလိမ့်မည်။ ထို့အပြင် ဝမ်ကျင်းပေါင်သည် လူယုတ်မာဆန်သော အပြုအမူကို လုပ်ဆောင်ခဲ့သည်ဟု သံသယရှိခြင်းကြောင့် ရှန်လင်းလင်းကို တောင်းပန်ရမည့်အပြင် နစ်နာကြေး ယွမ် ၂၀ ကိုပါ ပေးလျော်ရမည်။

ထိုနစ်နာကြေး ယွမ် ၂၀ ကြောင့် ထျန်းချွေ့နှင့် ထျန်းဖန်တို့သည် ရဲစခန်းထဲတွင် ထပ်မံ၍ ရန်ဖြစ်ခဲ့ကြသေးသည်ဟု ကြားသိရလေသည်။

သိလိုသော သတင်းများကို ရရှိသွားပြီးနောက် ရှန်ရှောက်ယွမ်သည် ရုံးဆင်းကာ အိမ်သို့ ပျော်ရွှင်စွာ ပြန်လာခဲ့လိုက်သည်။

ဤနစ်နာကြေး ယွမ် ၂၀ သည် ထျန်းချွေ့နှင့် ထျန်းဖန်တို့ကို ရဲစခန်းတွင် ရန်ဖြစ်စေရုံမျှသာ မဟုတ်ကြောင်း သူ ယုံကြည်သည်။ ဤယွမ် ၂၀ ငွေသည် ထျန်းချွေ့အား ထျန်းဖန်က အစကတည်းက စေတနာမရှိခဲ့ကြောင်းကို ပိုပြီး အခိုင်အမာ ယုံကြည်သွားစေလိမ့်မည်။ ယခုအခါ ရဲများ၏ ဖိအားကြောင့် ပေးလိုက်ရလျှင်ပင် ထျန်းချွေ့၏ ရင်ထဲတွင် အလွန် နက်ရှိုင်းသော မကျေနပ်မှုများ၊ အမုန်းတရားများပင် ကိန်းအောင်းသွားလိမ့်မည်။ ထျန်းချွေ့၏ စရိုက်အရ ဤကိစ္စကို ဒီအတိုင်း အဆုံးသတ်သွားမည် မဟုတ်ဘဲ နောက်ပိုင်းတွင် ထျန်းဖန်ကို သေချာပေါက် ပြဿနာ ဆက်ရှာဦးမည်သာ။

သူတို့ ညီအစ်မ နှစ်ဦး ခွေးအချင်းချင်း ကိုက်နေကြသဖြင့် လောလောဆယ်တွင် သူ့ကိုဖြစ်စေ၊ မော့အာကိုဖြစ်စေ ပြဿနာလာရှာရန် ခွန်အား ရှိတော့မည် မဟုတ်ဟု တွက်ဆလိုက်လေသည်။

ဤညီအစ်မ နှစ်ဦးမှာ သံယောဇဉ် မနက်ရှိုင်းသေးချေ။ သည်လောက် ရိုးရှင်းသော သွေးထိုးလှုံ့ဆော်မှုလေးကပင် သူတို့ကို ကွဲကွာသွားစေခဲ့သည် မဟုတ်ပါလား။

ရှန်ရှောက်ယွမ်က စိတ်ထဲမှ ရေရွတ်လိုက်လေသည်။ သူ့လိုနဲ့ သူ့နောင်တော် ဧကရာဇ်တို့လို ဘယ်ဖြစ်ပါ့မလဲ။ ငယ်ငယ်ကတည်းက သွေးထိုးလှုံ့ဆော်မှုတွေ၊ လျှို့ဝှက်ကြံစည်မှုတွေ ဘယ်လောက်ပဲ ကြုံခဲ့ကြုံခဲ့၊ သူပုန်တွေသာ မြို့ကို မတိုက်ခိုက်ဘူးဆိုရင် သူတို့ ညီအစ်ကို နှစ်ပါးမှာ အကောင်းပကတိအတိုင်း ရှိနေဦးမှာ။

ထို့ကြောင့် သူက သွေးထိုးလှုံ့ဆော်သည်ဟု အပြစ်မတင်သင့်ဘဲ သူတို့ကိုယ်တိုင် တစ်ကိုယ်ကောင်းဆန်လွန်း၊ လောဘကြီးလွန်းသည်ကိုသာ အပြစ်တင်ရလိမ့်မည်။

နောက်ရက်အနည်းငယ်တွင် ရှန်ရှောက်ယွမ်သည် အစောကြီးထွက်ကာ အတော်မိုးချုပ်မှ ပြန်လာတတ်ပြီး နေ့ခင်းဘက်တွင် တပ်ဖွဲ့၌ အလုပ်လုပ်ကာ ညဘက် ပြန်ရောက်လာချိန်တွင် ရှန်မော့အာကို "သီးသန့်သင်တန်း" ပေးရလေသည်။ သားအဖ ၂ ယောက် အတူတကွ တိုင်ပင်ဆွေးနွေးကာ ကလေးများကို ဘာတွေသင်ပေးမည်၊ မည်သို့ သင်ပေးမည်ဆိုသည်ကို စီစဉ်ကြသည်။

မကြာမီ ကျောင်းဖွင့်ရက်သို့ ရောက်ရှိလာခဲ့၏။ ရှန်ရှောက်ယွမ်သည် မနက်စောစော နံနက်စာစားပြီးသည်နှင့် တပ်ဖွဲ့သို့ အလျင်စလို သွားရောက်ခဲ့လေသည်။ ရှန်မော့အာသည် သန့်ရှင်းသပ်ရပ်ပြီး ဖာထေးရာ အနည်းဆုံး အဝတ်အစားတစ်စုံကို လဲလှယ်ဝတ်ဆင်ကာ တပ်ဖွဲ့ရုံးသို့ တိုက်ရိုက် သွားရောက်ခဲ့ပြီးနောက် တပ်ဖွဲ့ခေါင်းဆောင် ကျိုးမန်ခန်း၏ ဦးဆောင်မှုဖြင့် ရွာမူလတန်းကျောင်းသို့ အတူတကွ သွားရောက်ခဲ့ကြလေသည်။

ယန်လျိုတပ်ဖွဲ့၏ မူလတန်းကျောင်းမှာ "ဆင်းရဲသော လယ်သမားများ၏ အိမ်တံခါးဝအထိ ကျောင်းများ ဖွင့်လှစ်ပေးမည်" ဟူသော ကြွေးကြော်သံကို တုံ့ပြန်သည့်အနေဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်လေသည်။ ယခင်က အတန်း ၂ တန်းသာ ရှိပြီး ယခုနှစ် ဆောင်းဦးပေါက်တွင် ကျောင်းသားအသစ် တစ်သုတ်ကို ထပ်မံလက်ခံလိုက်သော်လည်း စုစုပေါင်း အတန်း ၃ တန်းသာ ရှိသေးသောကြောင့် လက်တွေ့ကျကျ ပြောရလျှင်လည်း ချန်ထောင်နှင့် ရှန်လင်းလင်း ဆရာ ဆရာမ ၂ ယောက် ရှိနေခြင်းက လုံလောက်နေလေပြီ။

ထို့ကြောင့် ကျိုးမန်ခန်းက ရှန်မော့အာကို မူလတန်းကျောင်း ရုံးခန်းထဲသို့ ခေါ်ဆောင်လာပြီး ကျောင်းအတွက် အပိုဆရာ တစ်နေရာ ရရှိအောင် ကြိုးပမ်းပေးခဲ့ကြောင်းနှင့် နောက်ဆိုလျှင် ကျောင်းတွင် ဆရာ ၃ ယောက် ရှိလာတော့မည်ဟု ပြောလိုက်သောအခါ ရှန်လင်းလင်းမှာ လုံးဝကို မှင်သက်အံ့ဩသွားခဲ့လေတော့သည်။

"ဘာ... ရှန်မော့အာက နောက်ဆို ရွာမူလတန်းကျောင်းရဲ့ ဆရာမ ဖြစ်လာတော့မှာလား"

...

အပိုင်း (၃၂.၁) ပညာတတ်လူငယ်ဖုက ကိစ္စရှိရင် အားကိုးရတယ်

ရှန်မော့အာ ရွာစာသင်ကျောင်းဆရာမ ဖြစ်လာသည့် ကိစ္စကို ရှန်လင်းလင်း သိလိုက်ရချိန်တွင် အလွန်အမင်း အံ့သြသွားရုံသာမက အလွန်ကို မကျေမနပ် ဖြစ်သွားခဲ့၏။

မကျေနပ်ဆို သူမ၏ အမေ၊ အစ်ကိုနှင့် ယောက်မဖြစ်သူတို့က ရန်ပွဲကြောင့် ရဲစခန်းတွင် အချုပ်ကျနေရဆဲပင်။

သူတို့ ရန်ဖြစ်ခဲ့သည်က ရှန်မော့အာနှင့် မဟုတ်သော်ငြားလည်း ဇစ်မြစ်ကို ပြန်ကောက်ရလျှင် ထိုကိစ္စ၏ တရားခံမှာ ရှန်မော့အာပင် ဖြစ်သည်ဟု ရှန်လင်းလင်းကတော့ တွေးမှတ်ထားလေသည်။ ထို့ကြောင့် လက်ရှိတွင် သူတို့မိသားစုနှင့် ရှန်မော့အာတို့ သားအဖနှစ်ယောက်ကြား ရန်ငြိုးရှိနေသည်ဟု ဆိုလျှင်လည်း မှားမည် မဟုတ်ချေ။

နောက်တစ်ချက်အနေဖြင့် ရှန်မော့အာသည် အစကတည်းက သူမ၏ အလုပ်အပေါ် မျက်စိကျနေခဲ့ကြောင်းကို ရှန်လင်းလင်း မှတ်မိနေသေးသည်။ သူမသာ အကင်းမပါးခဲ့လျှင်၊ တစ်လကို ငွေ ၃ ယွမ် ပိုပေးမည့် အပေးအယူဖြင့် အလုပ်ကို မကာကွယ်နိုင်ခဲ့လျှင် ထိုစဉ်ကတည်းက ရှန်မော့အာသည် အပြာရောင်အုတ်ကြွပ်မိုးအိမ်ကြီး တစ်ဝက်ဖြင့် သူမ၏အလုပ်ကို လဲလှယ်ယူငင်သွားလောက်ပြီ။

ယခုတော့ ဘယ်သူထင်ထားမည်နည်း။ ရှန်မော့အာက ဆရာမ ဖြစ်လာခဲ့ပြီပင်။

သည်တွက်ချက်ပုံများကြောင့် ရှန်လင်းလင်းသည် အတိုင်းအတာတစ်ခုအထိ ကြောက်စိတ်ဝင်လာကာ ရှန်မော့အာက ဤအလုပ်ကို မျက်စိကျနေခြင်းသာ ဖြစ်ကြောင်း နက်နက်နဲနဲ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် လစဉ် မိသားစုကို ငွေ ၃ ယွမ် ပိုပေးခဲ့ရသော်လည်း အနည်းဆုံးတော့ အလုပ်ကို ကာကွယ်နိုင်ခဲ့သည့် သူမ၏ "အမြော်အမြင်ကြီးမားမှု" အတွက် အလွန်ပင် ကံကောင်းသည်ဟု မှတ်ယူလိုက်မိသည်။

ဟုတ်ပါသည်။ သူမ သည်လောက် ပေးဆပ်ခဲ့ရခြင်း၏ တရားခံမှာ ရှန်မော့အာပင် ဖြစ်သည်ဟု ရှန်လင်းလင်းက အပြစ်ဖို့လေသည်။ ထို့ကြောင့် အမှန်တကယ်တွင် သူမကိုယ်တိုင်လည်း ရှန်မော့အာနှင့် ရန်ငြိုးရှိနေသည်။

ထိုသို့ တွက်ကြည့်လိုက်လျှင် ရှန်လင်းလင်းသည် ရှန်မော့အာနှင့် သူမကြားတွင် ရန်ငြိုးနှစ်ထပ် ကိန်းအောင်းနေသည်ဟု ခံစားရတော့သည်။ နေ့စဉ်နေ့တိုင်း ရန်သူဖြစ်သူက လယ်ထဲဆင်းစရာမလိုဘဲ လွယ်လွယ်ကူကူ လစာရနေသည်ကို မြင်နေရသဖြင့် သူမ မည်သို့များ ပျော်ရွှင်နိုင်ပါမည်နည်း။

ရှန်မော့အာသာ ရှန်လင်းလင်း၏ အတွေးများကို သိခဲ့လျှင် အရူးမဟု အပြတ်အသတ် ဆဲဆိုမိမည်မှာ သေချာလှ၏။

သို့သော်လည်း ရှန်လင်းလင်း မည်သို့ပင်တွေးစေကာမူ ရှန်မော့အာသည် အလုပ်ကို အဆင်ပြေချောမွေ့စွာ စတင်ဝင်ရောက်နိုင်ခဲ့သည်။

ကျောင်းအုပ်ကြီး ချန်ထောင်သည် ကျိုးမန်ခန်းထံမှ သတင်းကြိုရထားသဖြင့် အတန်းချိန်များကို စီစဉ်ထားပြီး ဖြစ်သည်။

အပတ်စဉ် ပန်းချီ ၆ ချိန်အပြင် ရှန်မော့အာသည် ကာယ ၃ ချိန်ကိုပါ ပူးတွဲသင်ကြားပေးရမည်။ ဆိုလိုသည်မှာ တစ်ပတ်လျှင် စုစုပေါင်း အတန်း ၉ ချိန် ရှိပြီး ချန်ထောင်နှင့် ရှန်လင်းလင်းတို့ထက် အနည်းငယ်လျော့နည်းသော်လည်း အများကြီး ကွာခြားခြင်းတော့ မရှိချေ။

ရှန်လင်းလင်းနှင့် ချန်ထောင်တို့သည် တရုတ်စာနှင့် သင်္ချာ ဟူသော အဓိကဘာသာရပ် နှစ်ခုကို အသီးသီး သင်ကြားကြသည်။ ထိုဘာသာရပ်များကို ပြည်နယ်မှ တပြေးညီ ဖတ်စာအုပ်များ ထုတ်ပေးထားသော်လည်း ပန်းချီဘာသာရပ်အတွက်မူ ဖတ်စာအုပ် မရှိပေ။ ခရိုင်မြို့ရှိ တုန်းဖန်ဟုန် မူလတန်းကျောင်းတွင် သုံးသော ပန်းချီသင်ခန်းစာများကိုပင် သူတို့၏ ပန်းချီဆရာက ကိုယ်တိုင်ရေးဆွဲထားသည်ဟု ဆိုကြသဖြင့် ရှန်မော့အာသည်လည်း ကိုယ်ပိုင်နည်းလမ်း ရှာရလိမ့်မည်။

ကျိုးမန်ခန်းက ဤပန်းချီသင်ခန်းစာကို ရရှိအောင် ကြိုးပမ်းရသည့် ရည်ရွယ်ချက်မှာ ရွာမှ ကလေးများကို အတတ်ပညာ တစ်ခုခု သင်ယူစေချင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အသုံးအဝင်ဆုံးနှင့် လက်တွေ့အကျဆုံး နည်းလမ်းများကိုသာ သင်ကြားပေးရန် လိုအပ်လေသည်။

ထိုကိစ္စက သိပ်မခက်ခဲလှချေ။ ရှန်မော့အာသည် လွန်ခဲ့သော ရက်အနည်းငယ်က အိမ်တွင် သူမ၏အဖေနှင့်အတူ ရိုးရှင်းသော ပုံကြမ်းတချို့ကို တိုင်ပင်ရေးဆွဲထားပြီး လက်ရှိ ခေတ်စားနေသော ဝါဒဖြန့် ပိုစတာများကိုလည်း ကိုးကားထားသဖြင့် သေချာပေါက် ရိုးရှင်းအသုံးဝင်ရုံသာမက တက်ကြွမှုလည်း ရှိပေသည်။

ကာယ ၃ ချိန်အတွက်ကတော့ ပိုလွယ်ကူသေးသည်။ ပြေးခိုင်းခြင်း၊ မြင်းစီးဟန် ကျင့်စဉ်လုပ်ခိုင်းခြင်းတို့ ပြုလုပ်ပြီးနောက် လွတ်လပ်စွာ ကစားခွင့်ပေးလိုက်ရုံပင်။ တစ်ခါတစ်ရံ ဝင်ကြည့်ပေးကာ ရန်မဖြစ်ဖို့နှင့် လျှောက်မပြေးဖို့လောက်သာ ဂရုစိုက်ရုံဖြင့် လုံလောက်လေသည်။

ကလေးတိုင်းသည် ဆော့ကစားခြင်းကို နှစ်သက်ကြသည်။ စာသင်ရသည်ကို ဝါသနာပါသူများ ရှိသော်လည်း အနည်းစုသာ ဖြစ်၏။ ထို့ကြောင့် တရုတ်စာနှင့် သင်္ချာအပြင် ပန်းချီဘာသာရပ်အသစ် ဖွင့်လှစ်မည်ဟု ကြားသောအခါ မူလတန်းကျောင်းသားလေးများသည် ဆန်းသစ်မှုနှင့်အတူ စပ်စုချင်စိတ်များ ဖြစ်ပေါ်နေကြသည်။

အတန်းကို တရားဝင် စတင်ချိန်တွင် ရှန်မော့အာက မြေဖြူကို အသုံးပြု၍ ကျောက်သင်ပုန်းပေါ်၌ အသက်ဝင်ပြီး ချစ်စရာကောင်းသော ခွေးပေါက်လေးတစ်ကောင်ကို ချက်ချင်း ရေးဆွဲပြလိုက်သောအခါ ကျောင်းသားလေးများအားလုံး ချက်ချင်းပင် သဘောကျသွားကြတော့သည်။

အချိန်တိုအတွင်းမှာပင် ပန်းချီသင်ခန်းစာသည် ကျောင်းသားလေးများ၏ အနှစ်သက်ဆုံး ဘာသာရပ် ဖြစ်လာခဲ့ပြီး အခြားယှဉ်နိုင်သော ဘာသာရပ် မရှိတော့ချေ။

ရှန်မော့အာ ဆရာမ မလုပ်ဖူးသဖြင့် အစပိုင်းတွင် သေချာပေါက် အလွဲလွဲအချော်ချော်ဖြစ်ကာ အရှက်ကွဲလိမ့်မည်ဟု ထင်ထားခဲ့သော ရှန်လင်းလင်းတစ်ယောက် ဆွံ့သွားတော့သည်။

အတန်းချိန်နားချိန်တွင် ကျောင်းသားတချို့က အနှစ်သက်ဆုံးမဟုတ်တဲ့ ဘာသာရပ်က တရုတ်စာပဲ၊ ဆရာမ ရှန်လင်းလင်း သင်တာက တအားပျင်းစရာကောင်းတယ်။ ဆရာ ချန်ထောင်လို စိတ်ဝင်စားစရာ ပုံပြင်လေးတွေလည်း မပြောပြဘူး၊ ဆရာမ ရှန်မော့အာလို ချစ်စရာ တိရစ္ဆာန်လေးတွေလည်း မဆွဲပြဘူး။ တရုတ်စာသင်ချိန်သာ မရှိရင် သိပ်ကောင်းမှာပဲ၊ ဒါဆို ကျောင်းတက်ရတာ ပျော်စရာချည်းပဲ ဖြစ်နေတော့မှာ ဟု ပြောဆိုနေကြသည်ကိုပင် သူမ ကြားလိုက်ရသေးသည်။

ရှန်လင်းလင်း ဒေါသထွက်လွန်း၍ ရူးမတတ်ပင်။

ရှန်မော့အာကမူ ရှန်လင်းလင်း၏ မှောင်မိုက်သော စိတ်နှလုံးနှင့် နာကြည်းဖွယ် အတွေ့အကြုံများကို လုံးဝ မသိရှိခဲ့ပေ။ အလုပ်စဝင်ပြီးနောက် သူမသည် မူလတန်းကျောင်း ပန်းချီဆရာမ ဟူသော ရာထူးသစ်နှင့် အလျင်အမြန်ပင် အသားကျသွားခဲ့သည်။ နေ့စဉ် ကလေးများကို ပန်းချီသင်ပေးသည့်အပြင် အားလပ်ချိန်များတွင် ရုံးခန်းထဲ၌ စာအုပ်ဖတ်နေတတ်၏။

နောက်နှစ်အနည်းငယ်ကြာလျှင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပတော့မည်ဟု လျိုယင်းရွှမ်း ပြောခဲ့ဖူးသည်။ အကယ်၍ ထိုအတိုင်းသာ အမှန်တကယ်ဖြစ်လာလျှင် ရှန်မော့အာသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ပြင်ဆင်ထားလေသည်။

သာ့လျန်မင်းဆက်ခေတ်တွင် အမျိုးသမီးများသည် နိုင်ငံတော်စာမေးပွဲ ဖြေဆိုခွင့် သို့မဟုတ် နန်းတွင်းအရာရှိအဖြစ် အမှုထမ်းခွင့် မရှိခဲ့ပေ။ သူမသည် မင်းသမီးတစ်ပါး ဖြစ်နေလျှင်တောင်မှ ချွင်းချက်မရှိခဲ့ချေ။

သာ့လျန်မင်းဆက်နှင့် နှိုင်းယှဉ်လျှင် ဤကမ္ဘာရှိ အမျိုးသမီးများသည် သိသိသာသာ ပို၍ ကံကောင်းကြသည်။ တန်းတူညီမျှ ပညာသင်ကြားခွင့် ရရှိကြပြီး အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း တန်းတူညီမျှ ရရှိနိုင်ကြသည်။ ယောက်ျားလေးကို ဦးစားပေးပြီး မိန်းကလေးကို နှိမ့်ချဆက်ဆံသည့် ကိစ္စများ ရှိနေသေးသော်ငြားလည်း ယေဘုယျအားဖြင့်တော့ ကောင်းမွန်နေဆဲ ဖြစ်သည်။

‘အမျိုးသမီးတွေက ကောင်းကင်တစ်ဝက်ကို ထမ်းထားနိုင်ကြတယ်’ ဤစကားသည် ရှန်မော့အာအတွက် အတော်လေး ရင်လှိုင်းထန်စေခဲ့၏။

ရှန်မော့အာကို ရှန်ရှောက်ယွမ်က လွတ်လွတ်လပ်လပ် ပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။ ရှန်ရှောက်ယွမ်သည် မိန်းမပျိုလေးများ လိုက်နာရမည့် စည်းကမ်းဘောင်များဖြင့် သူမကို ချုပ်ချယ်ထားခြင်း တစ်ခါမှ မရှိခဲ့ပေ။ ထို့ကြောင့် ရှန်မော့အာသည် အတိတ်က နားမလည်နိုင်ခဲ့သည့် အရာများ ရှိခဲ့ဖူးသည်။ တချို့ကိစ္စများကို သူမ၏နောင်တော်များက လုပ်နိုင်ပြီး သူမက ဘာကြောင့် မလုပ်နိုင်ရသနည်း။ တချို့ကိစ္စများကို ယောက်ျားများလုပ်နိုင်ပြီး မိန်းမများက ဘာကြောင့် မလုပ်နိုင်ရသနည်း။ ဘာကြောင့်များ မိန်းမတို့သည် မွေးဖွားလာကတည်းက အိမ်ထဲတွင်သာ ပိတ်လှောင်နေရပြီး ယောက်ျားတို့က အပြင်ထွက်ကာ အောင်မြင်မှုများ တည်ဆောက်နိုင်ရသနည်း... စသည့် များပြားလှသော းဘာကြောင့်’များစွာသည် ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာပြီးနောက် ရှင်းလင်းသွားခဲ့လေပြီ။

တကယ်တော့ ဤကဲ့သို့ သဘာဝကျလှသည်ဟု ထင်ရသော အရာများကိုလည်း ချိုးဖျက်ပစ်နိုင်စွမ်း ရှိပေသည်။

တကယ်တော့ အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ စာသင်ကြားခြင်း၊ စာမေးပွဲဖြေဆိုခြင်း၊ အလုပ်လုပ်ကိုင်ခြင်း... မည်သည့်လုပ်ငန်းခွင်မျိုးတွင်မဆို ပါဝင်လုပ်ကိုင်နိုင်ရုံသာမက နိုင်ငံတော် တည်ဆောက်ရေးနှင့် စီမံအုပ်ချုပ်ရေးတို့တွင်ပင် ပါဝင်နိုင်ကြသည်ကိုး။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဆိုသည်မှာ အမှန်တကယ်တော့ သာ့လျန်မင်းဆက်၏ နိုင်ငံတော်စာမေးပွဲနှင့် သိပ်မကွာခြားကြောင်း ရှန်မော့အာ သိထားသည်။ ပွင့်လင်းမြင်သာမှု ပိုရှိပြီး အားလုံးကို လက်ခံပေးနိုင်စွမ်း ရှိသေးသည်။ လူတိုင်းသည် ဤစာမေးပွဲမှတစ်ဆင့် မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး အရေးကြီးသော လုပ်ငန်းခွင်များသို့ ရောက်ရှိနိုင်ခွင့် ရှိကြသည်ဟု ဆိုနိုင်သည်။ သူမသည် အချိန်နှင့် လေဟာနယ်ကို ဖြတ်သန်းကာ ကူးပြောင်းလာမှသာ ဤအခွင့်အရေးကို ရရှိခဲ့ခြင်းဖြစ်သဖြင့် သေချာပေါက် လွယ်လွယ်နှင့် လက်လွှတ်ခံမည် မဟုတ်ချေ။

သူမကိုယ်တိုင် ဖြေဆိုခွင့် အရည်အချင်း ပြည့်မီခြင်း ရှိမရှိကိုတော့ သိပ်ပြီး စိုးရိမ်မနေခဲ့ချေ။ မည်သို့ပင်ဆိုစေ လျိုယင်းရွှမ်း၏ အခြေအနေကလည်း သူမနှင့် မတိမ်းမယိမ်းပင်။ နှစ်ယောက်စလုံး အလယ်တန်းကျောင်းဆင်းများသာ ဖြစ်ပြီး အထက်တန်း မတက်ဖူးကြပေ။ လျိုယင်းရွှမ်းက သည်လောက် ယုံကြည်မှုရှိနေခြင်းက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပလာပါက သူတို့လို အလယ်တန်းကျောင်းဆင်းများလည်း သေချာပေါက် ဝင်ရောက်ဖြေဆိုခွင့် ရရှိမည်ဆိုသည်ကို ဖော်ပြနေခြင်းပင်။

ရှန်မော့အာသည် ရှန်ရှောက်ယွမ်ကို တပ်ဖွဲ့၏ အဟောင်းဝယ်စခန်းမှ အထက်တန်းဖတ်စာအုပ် တစ်စုံ ဝယ်ခိုင်းလိုက်ပြီး အစမှစတင်ကာ ကိုယ်တိုင် လေ့လာခဲ့သည်။

မူလခန္ဓာကိုယ်ပိုင်ရှင်၏ အမှတ်စာရင်းများက မဆိုးလှပေ။ အလွန်ထူးချွန်သည်ဟု မဆိုနိုင်သော်ငြားလည်း အခြေခံကတော့ အလွန်ခိုင်မာသည်။ ၎င်းအပြင် ရှန်မော့အာ ကိုယ်တိုင်၏ ကဗျာလင်္ကာ အခြေခံကလည်း ကောင်းမွန်သဖြင့် အထက်တန်း ပထမနှစ် တရုတ်စာ၊ နိုင်ငံရေးနှင့် သမိုင်း၊ ပထဝီဝင် ဘာသာရပ်များကို ကိုယ်တိုင်လေ့လာရာတွင် သိပ်မခက်ခဲလှချေ။ သို့သော် သင်္ချာနှင့် ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များကတော့ အဆင်မပြေပေ။

အတန်းချိန်နားချိန်များတွင် ချန်ထောင်ကို မေးမြန်းနိုင်သော်လည်း အနားပေးချိန်က အလွန်တိုတောင်းလှသည်။ ချန်ထောင်ကိုယ်တိုင်ကလည်း အလုပ်များနေသဖြင့် သူ့ကို အမြဲတမ်း ဒုက္ခပေးနေရန် မသင့်တော်ချေ။

ထို့အပြင် ချန်ထောင်သည် ကျေးလက်သို့ အစောဆုံး ရောက်ရှိလာခဲ့သော ပညာတတ်လူငယ် အသုတ်မှ ဖြစ်သည်။ သူကိုယ်တိုင် ပြောခဲ့သလိုပင် အထက်တန်းအသိပညာ အတော်များများကို ဆရာ့ထံ ပြန်အပ်ခဲ့ပြီးဖြစ်သဖြင့် တချို့သော မေးခွန်းများကို သူလည်း မဖြေနိုင်တော့ချေ။

ရှန်မော့အာသည် သေသေချာချာလေး စဉ်းစားလိုက်ပြီးနောက် ပညာတတ်လူငယ်များစခန်းသို့ ထွက်လာခဲ့သည်။ သူမက ဖုမင်ဇယ်ကို မေးမြန်းရန် ရည်ရွယ်ထားလိုက်သည်။ သူ့မျက်နှာကို ကြည့်ရုံဖြင့် ပညာတတ်တစ်ယောက် ဖြစ်ပြီး အနည်းဆုံးတော့ အဆင့်(၃) စာမေးပွဲအောင်သူတစ်ယောက် ဖြစ်နိုင်သည်ဟု ခံစားမိသောကြောင့်ပင်။ သို့သော် စခန်းသို့ ရောက်သောအခါ ဖုမင်ဇယ်ကို မတွေ့ရဘဲ ကျိန့်ကျားမင်ကိုသာ တွေ့လိုက်ရလေသည်။

"ဖုမင်ဇယ် တပ်ဖွဲ့ရုံးကို သွားတယ်” ကျိန့်ကျားမင်က ရှန်မော့အာ လာရင်းကိစ္စကို ကြားပြီးနောက် ခေါင်းကုတ်ကာ ပြောလိုက်သည်။ "ကျွန်တော်လည်း သူ့အမှတ်တွေ ဘယ်လိုနေလဲ သေချာမသိဘူး။ သူ့လက်ရေးကတော့ တော်တော်လှတယ်။ ဒါပေမဲ့ ပုံမှန်ဆို သူ စာဖတ်နေတာ မတွေ့ဖူးဘူး။ သူပြန်လာမှ ကျွန်တော် မင်းအတွက် မေးပေးရမလား"

ရှန်မော့အာကလည်း ရောက်လာမှတော့ဟု တွေးကာ လွယ်ထားသော ဝါးခြင်းတောင်းထဲမှ သင်္ချာဖတ်စာအုပ်ကို ထုတ်ယူလိုက်ပြီး "ကျွန်မ နားမလည်တဲ့ ပုစ္ဆာတစ်ပုဒ် ရှိနေလို့၊ ရှင်များ တွက်တတ်မလားလို့..."

ကျိန့်ကျားမင်၏ မျက်နှာသည် ချက်ချင်း ပျက်ယွင်းသွားလေသည်။ "မတတ်ဘူး မတတ်ဘူး၊ မင်း ဖုမင်ဇယ် ပြန်လာမှပဲ မေးလိုက်ပါ။ ကျွန်တော် မတွက်တတ်ဘူး၊ နည်းနည်းလေးတောင် မတွက်တတ်ဘူး..."

သူလည်း အထက်တန်း နှစ်နှစ် တက်ခဲ့ဖူးသည် ဆိုသော်ငြားလည်း အမှန်တကယ်တွင် အထက်တန်းကို အမှတ်သီသီလေးဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ အထက်တန်းရောက်ပြီးနောက်ပိုင်း ပိုဆိုးကာ ဘာတစ်ခုမှ မတတ်မြောက်ခဲ့ချေ။ အမှတ်ကောင်းသော အလယ်တန်းကျောင်းသားလေးတွေကပင် သူ့ထက် ပိုသာနေဦးမည်။

ကျိန့်ကျားမင်က ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း သိသူဖြစ်သည်။ သူ သေချာပေါက် မလုပ်နိုင်ကြောင်း သိထားသည်။ ထို့ကြောင့်သာ အလုပ်ခေါ်စာမေးပွဲကိုပင် မအောင်မြင်ခဲ့ဘဲ ကျေးလက်သို့ အရှက်တကွဲဖြင့် လာရောက်ကာ အောက်ခြေမှ စတင်လုပ်ကိုင်နေရခြင်း ဖြစ်လေသည်။

သူက ဖတ်စာအုပ်ကို မြင်သည်နှင့် တောရိုင်းတိရစ္ဆာန်များကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေသဖြင့် ရှန်မော့အာမှာ ဘာပြောရမှန်းပင် မသိတော့ချေ။ သူ့ကို အခက်မတွေ့စေလိုတော့သဖြင့် ဖတ်စာအုပ်ကို ဝါးခြင်းတောင်းထဲ ပြန်ထည့်ကာ နှုတ်ဆက်ပြီး ထွက်လာခဲ့လေသည်။

သို့သော် ရှန်မော့အာ သိပ်မဝေးလှသော နေရာသို့ ရောက်ချိန်တွင် ကျိန့်ကျားမင်ကို တစ်ယောက်ယောက်က မေးလိုက်သံ ကြားလိုက်ရသည်။ "ပညာတတ်လူငယ်ကျိန့်၊ ပညာတတ်လူငယ်ဖု ဘယ်သွားလဲ ရှင် သိလား"

ရှန်မော့အာ အလိုအလျောက် နောက်လှည့်ကြည့်လိုက်ရာ အပြာရောင် ဂါဝန် ဝတ်ဆင်ထားသော အမျိုးသမီး ပညာတတ်လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးမှာ အတော်လေး လှပပြီး နက်မှောင်ပြောင်လက်နေသော ဆံပင်များကို ကျစ်ဆံမြီး နှစ်ခွ ကျစ်ထားကာ အနီရောင်ဖဲကြိုးလေး နှစ်ချောင်းဖြင့် စည်းနှောင်ထားလေသည်။

သူမသည် ဝမ်ချိုးထုန်ဟု ခေါ်သော အမျိုးသမီး ပညာတတ်လူငယ် ဖြစ်ကြောင်း ရှန်မော့အာ မှတ်မိသွားသည်။ ဖုမင်ဇယ်တို့နှင့် တစ်သုတ်တည်း ကျေးလက်သို့ ဆင်းလာသူ ဖြစ်ပုံရသည်။

သို့သော် ဝမ်ချိုးထုန် အမည်အကြီးဆုံး ဖြစ်ခဲ့သည့် ကိစ္စမှာ ခရိုင်မြို့ရှိ ကုန်တိုက်ကြီးတွင် ရှန်လင်းလင်းနှင့် ဂါဝန်တစ်ထည်ကြောင့် အငြင်းပွားခဲ့ကြခြင်း ဖြစ်ပုံရသည်။ နောက်ဆုံးတွင် ရှန်လင်းလင်းက သဘောထားကြီးစွာဖြင့် အလျှော့ပေးခဲ့ပြီး ဝမ်ချိုးထုန်က ဂါဝန်ကို ဝယ်ယူနိုင်ခဲ့သော်လည်း ခေါင်းမာပြီး ထင်ရာစိုင်းတတ်သူ၊ ငွေဖြုန်းတတ်သူဟူသော နာမည်ဆိုးကို ရရှိသွားခဲ့လေသည်။

ဤဂါဝန် ဟုတ်မဟုတ်ကိုတော့ မသိရပေ။

"ဖုမင်ဇယ် တပ်ဖွဲ့ရုံးကို သွားတယ်။ မင်း သူ့ကို ရှာတာ ကိစ္စရှိလို့လား"

"မ..မရှိပါဘူး။ ကျွန်မက ပညာတတ်လူငယ်ဖုနဲ့ စကားနည်းနည်း ပြောချင်လို့ပါ။ ကျွန်မ.. ကျွန်မ၊ ရှင် အထင်မလွဲပါနဲ့နော်။ ကျွန်မ..."

ရှန်မော့အာသည် တဖြည်းဖြည်း ဝေးကွာသွားသဖြင့် ဝမ်ချိုးထုန်၏ အသံကို မကြားရတော့ပေ။ 'ပညာတတ်လူငယ်ဖုက ပညာတတ်လူငယ်များစခန်းမှာ တော်တော်လေး လူကြိုက်များတာပဲ' ဟု သူမ စိတ်ထဲတွင် ရေရွတ်လိုက်မိ၏။

.....

ထိုအချိန် တစ်ချိန်တည်းမှာပင် တပ်ဖွဲ့ရုံး ရဲစခန်း၏ မျက်နှာချင်းဆိုင်၊ လမ်းတစ်ဖက်ရှိ သစ်ပင်ရိပ်အောက်တွင် လူကြိုက်များလှသော ပညာတတ်လူငယ်ဖုသည် သစ်ပင်ပင်စည်ကို မှီ၍ မှေးကာ အိပ်ပျော်ဟန်ဆောင်နေလေသည်။ သူ့ဘေးတွင် မုတ်ဆိတ်မွေးအပြည့်နှင့် အစ်ကိုပေါင်သည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် မျက်နှာချင်းဆိုင်ရှိ ရဲစခန်းတံခါးဝကို မကြာခဏ လှမ်းကြည့်နေပြီး အလွန်ပျင်းရိငြီးငွေ့နေသည့် ပုံပေါက်နေ၏။

တကယ်တော့ ပြောရမည်ဆိုလျှင် သူတို့ကဲ့သို့ ရဲစခန်းတံခါးကို ဗြောင်ကျကျ စိုက်ကြည့်နေသူများမှာ ရဲအရာရှိများ၏ ဖမ်းဆီးစစ်ဆေးခြင်းကို ခံရလေ့ရှိသည်။

သို့သော် သူတို့၏ လျိုချောင်တပ်ဖွဲ့မှာ အနည်းငယ် ထူးခြားလှသည်။ သူတို့တပ်ဖွဲ့တွင် အလုပ်ကြမ်းဖြင့် ပြုပြင်ပြောင်းလဲရေး လယ်ယာစခန်းတစ်ခု ရှိသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် တပ်ဖွဲ့အများစု၌ ရဲအရာရှိ တစ်ဦး သို့မဟုတ် နှစ်ဦးသာ ရှိတတ်သော်လည်း သူတို့တွင်တော့ ရဲစခန်း ရှိနေသည်။

ဤခေတ်ကာလတွင် ကဏ္ဍစုံ၌ ရှုပ်ထွေးနေပြီး အလုပ်ကြမ်းဖြင့် ပြုပြင်ပြောင်းလဲရေး လယ်ယာစခန်းများ၏ စီမံအုပ်ချုပ်မှုသည်လည်း ထိုနည်းတူပင်။ တချို့ဒေသများတွင် လယ်ယာစခန်းများကို စိုက်ပျိုးရေးနှင့် မြေယာဖွံ့ဖြိုးတိုးတက်မှုဗျူရိုက စီမံခန့်ခွဲပြီး တချို့ဒေသများတွင်မူ အကျဉ်းထောင်က စီမံခန့်ခွဲကြသည်။ သို့သော် သူတို့၏ လျိုချောင်တပ်ဖွဲ့ရှိ လယ်ယာစခန်းကိုတော့ ရဲစခန်းက ပူးပေါင်းစီမံခန့်ခွဲပေးရလေသည်။

ထို့ကြောင့် တပ်ဖွဲ့အဆင့် ရဲစခန်းတစ်ခုမျှသာ ဖြစ်သော်လည်း အတိုင်းအတာအရဆိုလျှင် ခရိုင်မြို့ရှိ ရဲစခန်းများကပင် ယှဉ်နိုင်မည် မဟုတ်ချေ။ အနီးအနားရှိ တပ်ဖွဲ့နှစ်ခုမှ ဖမ်းဆီးရမိသော သံသယတရားခံများကိုပင် သူတို့ဘက်၌သာ ချုပ်နှောင်ထားလေ့ရှိသည်။

ထို့ကြောင့် ရဲစခန်းရှေ့တွင် လူလာကြိုသည့် မိသားစုဝင်များကို မကြာခဏ တွေ့ရလေ့ရှိသည်။ ဤအကြောင်းကြောင့်ပင် ဖုမင်ဇယ်နှင့် အစ်ကိုပေါင်တို့ ဤနေရာတွင် စောင့်နေခြင်းကို ရဲစခန်းမှ လူများက ထူးဆန်းသည်ဟု မထင်ကြခြင်း ဖြစ်၏။

အစ်ကိုပေါင်သည် စောင့်ရသည်ကို သည်းမခံနိုင်တော့ဘဲ နဖူးမှ ချွေးများကို သုတ်ကာ ညည်းတွားလိုက်သည်။ "ဒီရာသီဥတုက တအားပူတာပဲ၊ တစ်ခုခု မှားနေတာများလား၊ ဒီနေ့ မဟုတ်ဘူးလား"

ဖုမင်ဇယ်က မျက်လုံးပင် မဖွင့်ဘဲ အေးဆေးစွာ ပြန်ပြောလိုက်သည်။ "ဒီနေ့ပဲ၊ မကြာတော့လောက်ဘူး"

ခဏရပ်ပြီးနောက် သူက ဆက်ပြောလိုက်သည်။ "ခင်ဗျား မုတ်ဆိတ်မွေးတွေ ရိတ်ပစ်လိုက်ရင် တော်တော်လေး အေးသွားမှာပဲ"

အစ်ကိုပေါင်က ချက်ချင်း ရယ်မောလိုက်ပြီး ပြောလိုက်၏။ "အဲလိုတော့ မရဘူးလေ။ ငါ လုပ်နေတာတွေက အသက်နဲ့ ရင်းရတဲ့ အလုပ်တွေပဲ။ တစ်နေ့နေ့ ပြဿနာတက်လာရင် ငါ တခြားနယ်ကို ထွက်ပြေးပြီး မုတ်ဆိတ်မွေးလေး ရိတ်ပစ်လိုက်ရင် များသောအားဖြင့်တော့ လွတ်သွားမှာပဲ"

ဖုမင်ဇယ်က သဘောတူခြင်းလည်းမရှိ၊ ငြင်းဆန်ခြင်းလည်းမရှိဘဲ ဟက်ကနဲ ရယ်လိုက်ပြီးနောက် စဉ်းစားကာ သတိပေးလိုက်သည်။ "အစ်မချောင်ကို အိမ်နီးချင်းတွေ စောင့်ကြည့်နေတယ်ဆို၊ သတိထားရမယ်။ ခင်ဗျားက ပြေးလို့ရပေမဲ့ အစ်မချောင်ကတော့ ပြေးလို့မရဘူးလေ"

...

အပိုင်း (၃၂.၂)

အစ်ကိုပေါင်သည် ခဏတဖြုတ် တိတ်ဆိတ်သွားပြီးနောက် ဖုမင်ဇယ်ကို နှစ်သိမ့်သည်လား သို့မဟုတ် သူ့ကိုယ်သူ နှစ်သိမ့်သည်လား မသိနိုင်ဘဲ တိုးတိုးလေး ရေရွတ်လိုက်၏။ "သူက ဆင်းရဲတဲ့ လယ်သမားမိသားစုက ဆင်းသက်လာတာလေ၊ ပြီးတော့ သူ့ယောက်ျားကလည်း ချည်မျှင်နှင့်အထည်စက်ရုံက စက်ပစ္စည်းတွေကို ကာကွယ်ရင်း သေဆုံးခဲ့တာပဲ။ ပေါက်စီလေး နည်းနည်းလုပ်ပြီး လူတွေနဲ့ ပစ္စည်းလေးနည်းနည်း လဲလှယ်တာက ဘာပြဿနာ ရှိနိုင်မှာလဲ"

ဖုမင်ဇယ်က နှုတ်ဆိတ်လျက်သာ။

ပြဿနာ ရှိမရှိ ဆိုသည်ကို သူကိုယ်တိုင် စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိထား၏။

"ဟော၊ ထွက်လာကြပြီ" အစ်ကိုပေါင်က ရုတ်တရက် ပြောလိုက်သည်။

ဖုမင်ဇယ်က ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်၏။ တစ်ဖက်ရှိ သံတံခါးအတွင်းမှ လူများ တဖြည်းဖြည်း ထွက်လာသည်ကို တကယ်ပင် မြင်တွေ့လိုက်ရသည်။ ရှေ့ဆုံးမှ ရုပ်ရည် ၄၊ ၅ ပုံခန့် ဆင်တူသော အမျိုးသမီးကြီး နှစ်ဦးဖြစ်ပြီး၊ ၎င်းတို့နောက်မှ နှာခေါင်းပြားပြား မျက်လုံးသေးသေးနှင့် အမျိုးသားတစ်ဦးက ဖြည်းညင်းစွာ လိုက်ပါလာကာ သူတို့မှာ ထျန်းဖန်၊ ထျန်းချွေ့နှင့် ဝမ်ကျင်းပေါင်တို့ပင် ဖြစ်လေသည်။

ထျန်းဖန်နှင့် ထျန်းချွေ့တို့သည် ရဲစခန်းတံခါးပေါက်မှ ထွက်လာကတည်းက စတင်ရန်ဖြစ်နေကြပြီး ဝမ်ကျင်းပေါင်ကမူ သူတို့ကို ဂရုစိုက်ရန် ပျင်းရိနေကာ ဗိုက်ကို ပွတ်သပ်ရင်း ပြောလိုက်၏။ "ကျွန်တော် နိုင်ငံတော်ပိုင်စားသောက်ဆိုင်ကို သွားပြီး စားစရာ နည်းနည်းသွားဝယ်လိုက်ဦးမယ်"

ထို့နောက် သူ့အမေနှင့် အဒေါ်ဖြစ်သူတို့ ရန်ဖြစ်တော့မည့်ဆဲဆဲ ဖြစ်နေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာသွားတော့သည်။

ထိုသို့ဖြစ်နေသည့်တိုင် ထျန်းချွေ့က အလုပ်ရှုပ်နေသည့်ကြားမှပင် ငွေနှင့်ကူပွန်များ လုံလောက်အောင် ပါရဲ့လားဟု သူ့ကို အချိန်လု၍ မေးလိုက်သေးသည်။ ဝမ်ကျင်းပေါင်သည် နောက်လှည့်မကြည့်ဘဲ လက်ကာပြကာ ထွက်သွားလေသည်။

ထို့နောက် ထျန်းချွေ့သည် ခေါင်းပြန်လှည့်ကာ ထျန်းဖန်နှင့် ဆက်လက်ဆဲဆိုနေတော့၏။

ဝမ်ကျင်းပေါင်သည် တပ်ဖွဲ့နှင့် အတော်လေး ရင်းနှီးကျွမ်းဝင်သူဖြစ်သောကြောင့် လမ်းကြားများကို ဖြတ်သန်းကာ နိုင်ငံတော်ပိုင်စားသောက်ဆိုင်ရှိရာ ဘက်သို့ လျှောက်သွားရင်း ပါးစပ်မှလည်း တစ်ယောက်တည်း ရေရွတ်နေလေသည်။ 'တောက်၊ တကယ် နိမိတ်မကောင်းတာပဲ။ သေနာမ၊ ငါ့ကို ရဲစခန်းထဲမှာ လဝက်လောက် နေရအောင် လုပ်တယ်။ နောက်ကျရင် မင်းကို ငါဘယ်လို ပညာပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်။ ကျွတ်ကျွတ်ကျွတ်... အသားအရေ နုနုထွတ်ထွတ်နဲ့ မိန်းမချောလေး၊ တစ်နေ့နေ့ကျရင် မင်းကို ငါ့ကုတင်ပေါ် ရောက်လာအောင် လုပ်ပြမယ်...'

ထိုသို့ ညစ်ညမ်းသောစကားများကို တတွတ်တွတ် ရေရွတ်နေစဉ် ရုတ်တရက် မျက်စိရှေ့တွင် မှောင်မိုက်သွားပြီး သူ့ခေါင်းကို တစ်စုံတစ်ရာဖြင့် စွပ်ချခံလိုက်ရလေသည်။ ဝမ်ကျင်းပေါင်တစ်ယောက် စက္ကန့်အနည်းငယ်ခန့် ကြောင်အသွားပြီး လူအော်ခေါ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏ပါးစပ်ကို တစ်ယောက်ယောက်က ပိတ်ဆို့ထားကြောင်း သတိပြုမိသွားတော့သည်။

ထို့နောက်ပိုင်း မိနစ်အနည်းငယ်မျှသော အချိန်တိုလေးမှာ ဝမ်ကျင်းပေါင်အတွက်မူ သူ၏ဘဝတွင် အမှောင်မိုက်ဆုံး အချိန်ကာလတစ်ခု ဖြစ်သွားတော့သည်။ ထိုနေ့က ယန်လျိုတပ်ဖွဲ့တွင် အရိုက်ခံရစဉ်ကပင် ဤမျှလောက် ဆိုးဆိုးရွားရွား အရိုက်မခံခဲ့ရဖူးချေ။

သူသည် အလွန်အမင်း နာကျင်နေသော်လည်း အော်မရနိုင်ဘဲ တစ်ဖက်လူက သူ့ကို သေသည်အထိ ရိုက်နှက်ရန် ရည်ရွယ်ထားသလားဟုပင် သံသယဝင်လာမိ၏။ တစ်ခဏအကြာတွင် လူတစ်ယောက်က သူ၏နားနားကပ်ကာ အသံကိုနှိမ့်၍ "ယန်လျိုတပ်ဖွဲ့ကို ထပ်လာရဲလာကြည့်၊ လာတိုင်း တစ်ခါရိုက်မယ်" ဟု ရေခဲများ ရောစပ်ထားသကဲ့သို့ အေးစက်လှသော အသံဖြင့် ပြောလိုက်လေသည်။ ထိုအချိန်တွင် တစ်ဖက်လူက သူ၏ပါးစပ်ကို ပိတ်မထားတော့သော်ငြားလည်း ဝမ်ကျင်းပေါင်မှာ အသံတစ်ချက်ပင် မထွက်ရဲတော့ချေ။

'အမလေး၊ ဒီနေ့တော့ ငါတကယ် အသတ်ခံရတော့မယ်လို့ ထင်ခဲ့တာပဲ၊ ဝူး ဝူး ဝူး'

အဝေးကြီးသို့ ပြေးထွက်လာပြီးနောက်မှသာ အစ်ကိုပေါင်က ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ပြောလိုက်လေသည်။ "ဒီအသုံးမကျတဲ့ကောင်၊ တကယ့်ကို သတ္တိကြောင်တဲ့ကောင်ပဲ"

ဖုမင်ဇယ်က ဘာမှပြန်မပြောချေ။ သူသည် ယနေ့ ဖာထေးထားသော အဖြူရောင်ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားပြီး အင်္ကျီကို အလွန်သန့်ရှင်းနေအောင် လျှော်ဖွပ်ထားလေသည်။ ခုလေးတင် လူတစ်ယောက်ကို ရိုက်နှက်ထားခဲ့သော်ငြားလည်း ရှပ်အင်္ကျီပေါ်တွင် အညစ်အကြေး တစ်စက်မှ စွန်းထင်းနေခြင်း မရှိသည့်အပြင် တွန့်ကြေနေခြင်းမျိုးလည်း သိပ်မရှိချေ။

သူကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်သည်ကို မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရလျှင် အစ်ကိုပေါင်သည် သူ့ကို ခုလေးတင် လူသွားရိုက်လာသည်ဟုပင် မထင်မှတ်ဘဲ တစ်နေရာရာသို့ လမ်းလျှောက်ထွက်ပြီး ပြန်လာသည်ဟုပင် သံသယဝင်မိလိမ့်မည်။

"ဟိုမိသားစုနှစ်စု ရန်ဖြစ်ကြတာ မိန်းမယူတဲ့ကိစ္စကြောင့်လို့ ငါ ကြားတယ်။ မင်းက ဘယ်အိမ်က ချွေးမလောင်းလေးကိုများ သဘောကျနေတာလဲ" အစ်ကိုပေါင်က မနေနိုင်ဘဲ ထပ်မေးလိုက်လေသည်။

ဒီလူသည် လျိုချောင်တပ်ဖွဲ့သို့ ရောက်လာကတည်းက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ဘာကိစ္စကိုမှ ဝင်မပါလိုသည့် ပုံစံမျိုး ရှိနေခဲ့သည်။ လွန်ခဲ့သောနှစ်များစွာက ဖုမိသားစုတွင် သူ အချိန်အတန်ကြာ နေထိုင်ခဲ့ဖူးပြီး သူတို့နှစ်ယောက် အစောကတည်းက သိကျွမ်းခဲ့ကြ၍သာ မဟုတ်လျှင် ဒီလူသည် သူ့ကို လုံးဝ စကားပြောမည် မဟုတ်ဟု အစ်ကိုပေါင် သံသယဝင်မိလေသည်။

ထို့ကြောင့် ဖုမင်ဇယ်၏ ဤကဲ့သို့သော စရိုက်မျိုးဖြင့် တပ်ဖွဲ့ရုံးရှိရာသို့ တကူးတက လာရောက်စောင့်ကြည့်ကာ ကိုယ်တိုင်ကိုယ်ကျ စွန့်စားပြီး လူကို ဝင်ရိုက်သည်အထိ ပြုလုပ်ခဲ့ခြင်းမှာ ဇနီးမယား လုယူခံရသည့် ရန်ငြိုးမျိုး ရှိနေ၍များလားဟု အစ်ကိုပေါင် တွေးတောနေမိ၏။

ဖုမင်ဇယ်က သူ့ကို အေးတိအေးစက် တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်၏။ "ခင်ဗျားရဲ့ ဒီဦးနှောက်နဲ့ဆို ကောလာဟလ ကြားသမျှ အကုန်ယုံနေတာပဲ၊ မှောင်ခိုဈေးကွက်မှာ အရောင်းအဝယ် လုပ်နေတာက နည်းနည်းများ အန္တရာယ် မများလွန်းဘူးလား"

အစ်ကိုပေါင်: "..."

'ငါ့ကို တုံးတယ်လို့ တိုက်ရိုက်ပြောလိုက်လို့ မရဘူးလား၊ ဒီလိုမျိုး သွယ်ဝိုက်ပြီး ခနဲ့တဲ့တဲ့ ပြောနေစရာ မလိုပါဘူး'

သို့သော်လည်း သူက မခံချင်စိတ်ဖြင့် မှတ်ချက် ပြန်ပေးလိုက်သေးသည်။ "ဒါဆို မင်းက မတရားတာကို မြင်လို့ ပြည်သူတွေအတွက် အန္တရာယ်ကောင်ကို ဖယ်ရှားပေးတာတော့ မဟုတ်နိုင်ဘူးမလား"

'ကျွတ်...’

‘ မပြောချင်လည်း မပြောနဲ့ပေါ့'

ဖုမင်ဇယ်သည် သူ့ကို လျစ်လျူရှုထားလိုက်ပြီး သူ နောက်ဆုံး တိုးတိုးလေး ရေရွတ်လိုက်သည့် "မြစ်ကူးပြီး တံတားဖျက်တဲ့ကောင်" ဟူသော စကားကို မကြားချင်ယောင်ဆောင်ကာ "သွားပြီ" ဟု တစ်ခွန်းသာ ပြောပြီး ဝါးခြင်းတောင်းကို လွယ်လျက် တကယ်ပင် ထွက်ခွာသွားတော့သည်။

ကျန်းပေခရိုင် နယ်နိမိတ်အတွင်းတွင် တစ်ခရိုင်လုံးကို ဖြတ်သန်းစီးဆင်းနေသော ပိုင်ရွှေချောင်း ရှိလေသည်။ ယန်လျိုတပ်ဖွဲ့၏ အပြင်ဘက် ပတ်လည် သုံးပုံတစ်ပုံခန့်မှာ ထိုပိုင်ရွှေချောင်းနှင့် နီးကပ်လျက် ရှိသည်။ သို့သော် ရွာသူရွာသားများသည် ရေခပ်ရန်ဖြစ်စေ၊ အဝတ်လျှော်ရန်ဖြစ်စေ အပြင်ဘက်ရှိ ပိုင်ရွှေချောင်းသို့ မသွားကြချေ။ ချောင်းပြင်ကျယ်ပြီး ရေနက်သည့်အပြင် ရွာနှင့်ဝေးသဖြင့် အန္တရာယ်များလှသောကြောင့် ဖြစ်သည်။

နေ့စဉ် လူအများဆုံးသွားလေ့ရှိသည့် နေရာမှာ ရွာထိပ်ရှိ အမည်မသိ ချောင်းလက်တက်လေးပင် ဖြစ်ပြီး ၎င်းမှာ ပိုင်ရွှေချောင်း၏ ချောင်းလက်တက်တစ်ခုဟု ဆိုနိုင်လေသည်။ ရေပြင်အကျယ်မှာ မီတာအနည်းငယ်သာရှိပြီး ရေမနက်သော်လည်း ရေက ကြည်လင်သန့်ရှင်းကာ ရေအရည်အသွေး ကောင်းမွန်လှသည်။

ဖုမင်ဇယ် တပ်ဖွဲ့မှ ပြန်ရောက်လာချိန်တွင် နေ့လယ်ပိုင်းသို့ ချဉ်းကပ်နေပြီဖြစ်သောကြောင့် ချောင်းနံဘေးတွင် ရေခပ်သူ၊ အဝတ်လျှော်သူများ မရှိတော့ချေ။ သူသည် မျက်စိကို ဘေးမကြည့်ဘဲ ရှေ့သို့သာ တည့်တည့်လျှောက်လာခဲ့သော်လည်း သူ၏အကြည့်တို့က ရွာထိပ်ရှိ အသစ်စက်စက် ခြံဝင်းလေးဆီသို့ အလိုအလျောက် ရောက်ရှိသွားမိ၏။ ခြံတံခါး ပိတ်ထားသည်ကိုသာ အဝေးမှနေ၍ လှမ်းမြင်နေရလေသည်။

ရုတ်တရက် "ဗွမ်း" ဟူသော အသံနှင့်အတူ ဘေးဘက်မှ အရာဝတ္ထုတစ်ခုခု ရေထဲကျသွားသည့် အသံထွက်ပေါ်လာပြီး ၎င်းနောက်တွင် အမျိုးသမီးတစ်ဦး၏ အကူအညီတောင်းသံက ထပ်ကြပ်မကွာ ထွက်ပေါ်လာလေသည်။ "အို... ကယ်ကြပါ၊ ကယ်ကြပါဦး"

ဖုမင်ဇယ်သည် အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်သောအခါ ချောင်းထဲတွင် ဆံပင်ဖားလျားနှင့် အမျိုးသမီးတစ်ဦး ရေထဲ၌ နစ်လိုက်ပေါ်လိုက်ဖြစ်နေပြီး သူ့ကိုလှမ်း၍ အော်ဟစ်နေသည်ကို မြင်လိုက်ရသည်။ "ကယ်ပါဦး၊ ပညာတတ်လူငယ်ဖု ကယ်ပါဦး၊ ကျွန်မ ရေမကူးတတ်ဘူး၊ အား... အား... ကျွန်မ... ကျွန်မ... ကျွန်မတော့..."

ဂလု၊ ရေတစ်ငုံ မျိုချလိုက်သည်။

ဖုမင်ဇယ်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ထိုသူကို တစ်ချက်ကြည့်ကာ အေးအေးဆေးဆေးပင် သတိပေးလိုက်၏။ "ချောင်းရေက မနက်ပါဘူး၊ မင်း မတ်တပ်ရပ်လိုက်ရင် ကယ်ပါဦးလို့ အော်နေစရာ မလိုတော့ဘူး"

ထိုသို့ပြောပြီးသည်နှင့် သူသည် လှည့်ထွက်သွားရန် ဟန်ပြင်လိုက်တော့၏။

ရေထဲရှိ ယန်ချင်းချင်းမှာ ဖုမင်ဇယ်၏ မတုန်မလှုပ်ပုံစံကို လုံးဝ မျှော်လင့်မထားခဲ့ချေ။ သာမန်လူတစ်ယောက်ဆိုလျှင် ဤကဲ့သို့သောအခြေအနေမျိုး ကြုံတွေ့ရပါက ပထမဆုံး တုံ့ပြန်မှုမှာ လူကယ်ရန် မဟုတ်ပါလား။ သူ့ကျမှ အဘယ်ကြောင့်များ သည်လောက် အေးစက်စက်နိုင်ကာ သည်လောက် ရက်စက်ပြီး ကိုယ်နှင့်မဆိုင်သလိုမျိုး သူမကို သတိပေးနိုင်ရသနည်း။

သို့သော်ငြားလည်း ကြိုတင်ကြံစည်ကာ ဤကဲ့သို့သော "မတော်တဆမှု" မျိုးကို အကွက်ကျကျ စီစဉ်ထားခဲ့သော ယန်ချင်းချင်းကတော့ သေချာပေါက် လက်လျှော့မည် မဟုတ်ချေ။ သူမက ချက်ချင်းပင် အော်ပြောလိုက်၏။ "ဒါပေမဲ့ ကျွန်မ ခြေသလုံး ကြွက်တက်နေလို့၊ မတ်တပ်ရပ်လို့ မရဘူးဖြစ်နေတယ်။ ဝူး ဝူး ဝူး... ပညာတတ်လူငယ်ဖု ကျွန်မကို ကယ်ပါဦး၊ ဝူး ဝူး... ကျွန်မ တအားကြောက်နေပြီ၊ တအားလည်း အကူအညီမဲ့နေတယ်။ ရှင်က ဒီလောက်သဘောကောင်းတဲ့သူဆိုတော့ သေချာပေါက် ကျွန်မကို မကူညီဘဲ နေမှာမဟုတ်ပါဘူးနော်..."

ထိုအချိန်မှာပင် ရွာဘက်မှနေ၍ လူတစ်ယောက်က ကမန်းကတန်း ပြေးလာလေသည်။ "ပညာတတ်လူငယ်ဖု၊ ရှင်... ရှင်... ရှင် သတိထားဦး..."

ဝမ်ချိုးထုန်သည် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေအောင် ပြေးလာခဲ့ပြီး တစ်ဖက်မှ အမောတကော အသက်ရှူရင်း ပြောလိုက်သည်။ "ပညာတတ်လူငယ်... ဖု... ယန် ကို သတိထား..."

သူမက ပညာတတ်လူငယ်ယန်ကို သတိထားရန် ပြောချင်ခဲ့ခြင်း ဖြစ်သော်လည်း မျက်လုံးပင့်ကြည့်လိုက်သည်နှင့် ချောင်းထဲတွင် ဆံပင်ဖားလျားနှင့် လူတစ်ယောက်က ရေထဲတွင် ပေါ်လိုက်မြှုပ်လိုက် ဖြစ်နေသည်ကို မြင်လိုက်ရလေသည်။ နေရောင်ခြည် တောက်ပစွာ ကျရောက်နေသော နေ့ခင်းကြောင်တောင် အချိန်ဖြစ်လင့်ကစား ဤသို့ ရုတ်တရက် မြင်လိုက်ရခြင်းကြောင့် ဝမ်ချိုးထုန်မှာ လန့်ဖျပ်သွားကာ အသံကုန်ဟစ်၍ အော်လိုက်မိတော့သည်။ "အား... အား... အား... ရေသရဲမ..."

ရေထဲမှ ယန်ချင်းချင်း: "..."

'ငါက ဖုမင်ဇယ်ကို ရက်အတော်ကြာ စောင့်ကြည့်ပြီးမှ ဒီနေ့လို အခွင့်အရေးမျိုးကို မနည်းရအောင် ယူထားရတာ။ ဘာလို့များ ဝမ်ချိုးထုန် ဆိုတဲ့ အနှောင့်အယှက်က ရုတ်တရက် ထွက်လာရတာလဲ။ နားကိုမလည်နိုင်တော့ဘူး။ တကယ် နိမိတ်မကောင်းတာပဲ'

သို့သော် ယန်ချင်းချင်းကတော့ သဘာဝကျကျပင် ဤမျှနှင့် လက်လျှော့မည် မဟုတ်ချေ။ သူမသည် သူမ၏ဘဝတစ်လျှောက်လုံးရှိ အနုပညာစွမ်းရည်များကို ထုတ်သုံးကာ ချောင်းထဲတွင် အသက်လုရုန်းကန်နေရသည့် ဟန်ကို အစွမ်းကုန် ကြိုးစားသရုပ်ဆောင်ပြလေသည်။ "ချိုးထုန်... ကျွန်မပါ၊ ယန်ချင်းချင်းပါ။ ကျွန်မ မတော်တဆ ရေထဲကျသွားတာ၊ ခြေသလုံး ကြွက်တက်နေလို့ ရှင်တို့ ကျွန်မကို မြန်မြန် ကယ်ကြပါဦး။ ပညာတတ်လူငယ်ဖုကို ကျွန်မကို ကယ်ဖို့ ရှင် မြန်မြန်ပြောပေးပါ။ ရှင်တို့က သေမတတ်ဖြစ်နေတာကို မကယ်ဘဲတော့ မနေနိုင်ပါဘူးနော်။ ဝူး ဝူး ဝူး... ကယ်ကြပါဦး၊ ကယ်ကြပါဦး... ဂလု..."

ယန်ချင်းချင်း၏ သရုပ်ဆောင်မှုမှာ အလွန်ပင် ပီပြင်လှသည်။ ပို၍ ပီပြင်စေရန်အတွက် သူမသည် ရေကိုပင် ဆက်တိုက် အငုံများစွာ မျိုချပစ်လိုက်သေးသည်။

သူမသည် အသက်နှင့်ရင်း၍ပင် သရုပ်ဆောင်နေသော်လည်း ကမ်းစပ်ရှိ လူနှစ်ယောက်ထဲမှ တစ်ယောက်မှ စိတ်လှုပ်ရှားသွားခြင်း မရှိသည်မှာ ထင်ရှားနေလေသည်။

ယခင်တစ်ခေါက်က ဟင်းသီးဟင်းရွက်ခင်းထဲတွင် ယန်ချင်းချင်းနှင့် ရှီဝေတို့၏ စကားပြောသံကို မတော်တဆ ကြားလိုက်ရကတည်းက ဝမ်ချိုးထုန်သည် ယန်ချင်းချင်းကို တိတ်တဆိတ် စောင့်ကြည့်လာခဲ့သည်။ ထို့ကြောင့် ယနေ့ ယန်ချင်းချင်းက ဖုမင်ဇယ်ကို အကွက်ဆင်ရန် ကြံရွယ်နေကြောင်းကို သူမ သိထားလေသည်။

ယခင်က ယန်ချင်းချင်း မည်သို့ အကွက်ဆင်မည်ကို မသိခဲ့သော်လည်း ယခုကဲ့သို့သော မြင်ကွင်းမျိုးကို တွေ့လိုက်ရချိန်တွင် ဘာကိုများ နားမလည်စရာ ရှိတော့မည်နည်း။ ထို့ကြောင့် ယန်ချင်းချင်း၏ လှည့်စားသောစကားများကို မည်သို့များ ယုံကြည်နိုင်ပါမည်နည်း။

ဝမ်ချိုးထုန်သည် ဖုမင်ဇယ်ကို ခိုးကြည့်လိုက်ရာ ဖုမင်ဇယ်ကလည်း လုံးဝ တုန်လှုပ်မှု မရှိသည်ကို တွေ့လိုက်ရ၏။

သို့သော် ထိုအချိန်တွင် နောက်ထပ်လူတစ်ယောက် ထပ်ပြေးလာခဲ့ပြီး သူကား ရှီဝေပင်။ ဖုမင်ဇယ်ကို မြင်သည်နှင့် သူက အလွန်စိုးရိမ်ပူပန်နေသည့် ဟန်ဖြင့် ပြောလိုက်သည်။ "ပညာတတ်လူငယ်ဖု၊ မင်း ယန်ချင်းချင်းကို မြင်မိသေးလား။ သူ အဝတ်သွားလျှော်မယ်ပြောပြီး အခုထိ ပြန်မလာသေးလို့၊ ကျွန်တော်တို့ အတူတူ သွားရှာကြည့်ကြမလား"

ဖုမင်ဇယ်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။ ဤလူများ၏ ဦးနှောက်များက တကယ့်ကို အသုံးမကျလှဟု သူ အပြည့်အဝ ခံစားမိသွား၏။ သူ့ကို အကွက်ဆင်ရန် အသုံးပြုသည့် နည်းလမ်းတိုင်းမှာ အလွန်တရာ အောက်တန်းကျလွန်းလှပြီး သူတို့၏ ဦးနှောက်ထဲတွင် ကော်ရည်များသာ ဖြည့်ထားသလားဟုပင် သံသယဝင်ရသည့် အဆင့်အထိ ဖြစ်နေသည်။

သူက အဖက်လုပ်ရန် ပျင်းရိနေသဖြင့် ဒီအတိုင်း ထွက်ခွာသွားရန် ဟန်ပြင်လိုက်စဉ် ရှီဝေက သူ့ကို ဆွဲဖမ်းထားလိုက်ပြီး မေးလိုက်၏။ "ပညာတတ်လူငယ်ဖု၊ မင်းက ဘယ်လိုလုပ် ဒီလောက် သွေးအေးနိုင်ရတာလဲ။ ပညာတတ်လူငယ်အချင်းချင်း ယန်ချင်းချင်း ပျောက်နေတာတောင် မင်းက ဝိုင်းမရှာပေးချင်ဘူးလား"

ဝမ်ချိုးထုန်က မနေနိုင်တော့ဘဲ ဝင်၍သတိပေးလိုက်သည်။ "ပညာတတ်လူငယ်ရှီ၊ ယန်ချင်းချင်းက ရေထဲမှာပဲ ရှိနေတာလေ၊ ရှင် သွားပြီး မြန်မြန် ကယ်လိုက်ပါလား"

သူမက သိပ်မဝေးလှသော နေရာရှိ ချောင်းကို လက်ညှိုးထိုးပြလိုက်သည်။

ချောင်းရေထဲတွင် ဆံပင်ဖားလျားနှင့် အမျိုးသမီးကို မြင်လိုက်ရသောအခါ ရှီဝေ၏ မျက်နှာအမူအရာက အခိုက်တန့် အေးခဲသွားခဲ့သည်။ သို့သော် သူသည် ဖုမင်ဇယ်ကို ဆွဲကိုင်ထားရာမှ အလွတ်မပေးဘဲ ဖုမင်ဇယ်ကိုပါ ဆွဲလျက် ချောင်းစပ်သို့ လျှောက်သွားကာ အော်ပြောလိုက်၏။ "ပညာတတ်လူငယ်ယန်၊ တောင့်ခံထားပါဦး၊ ကျွန်တော်တို့ အခုချက်ချင်း ဆင်းကယ်ပါ့မယ်"

ယန်ချင်းချင်းက လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ အားနည်းနေသောအသံဖြင့် အော်ဟစ်လိုက်လေသည်။ "မြန်မြန်ကယ်ကြပါ၊ ကျွန်မ တကယ်ကို ခြေသလုံး ကြွက်တက်နေလို့ပါ၊ မြန်မြန်ကယ်ကြပါဦး..."

ရှီဝေကတော့ ယန်ချင်းချင်းသည် ဖုမင်ဇယ်ကို အကွက်ဆင်ရန်အတွက် သူမ၏ လက်နက်စုံ၊ စွမ်းရည်စုံကို အကုန်ထုတ်သုံးနေခြင်းဖြစ်ပြီး သရုပ်ဆောင်သည်မှာလည်း အလွန်ပင် သဘာဝကျလွန်းသည်ဟု စိတ်ထဲတွင် တွေးလိုက်မိ၏။ ယန်ချင်းချင်းက ကတိပေးထားသော အကျိုးအမြတ်များကို တွေးမိလိုက်သောအခါ သူသည် အံကြိတ်လိုက်ပြီး ဖုမင်ဇယ်ကို အားကုန်သုံးကာ တွန်းပစ်လိုက်တော့သည်။

ရလဒ်အနေဖြင့် သူက ဖုမင်ဇယ်ကို လွှတ်ကာ ရေထဲသို့ အားနှင့်တွန်းချလိုက်သည့် တစ်ချိန်တည်းမှာပင် ဖုမင်ဇယ်က ရုတ်တရက် ခါးကို ကိုင်းချလိုက်လေသည်။ ရှီဝေ၏ တွန်းချက်မှာ လေထဲသို့သာ ရောက်သွားပြီး အရှိန်မထိန်းနိုင်ဖြစ်သွားစဉ်မှာပင် သူ၏ခြေထောက်ကို တစ်ယောက်ယောက်က ကန်လိုက်သလို ခံစားလိုက်ရကာ တစ်ကိုယ်လုံး ချောင်းထဲသို့ ပြုတ်ကျသွားတော့သည်။

ပြုတ်ကျသွားသည့် ထိုခဏလေးတွင်ပင် သူ့ကို တစ်ယောက်ယောက်က အနည်းငယ် ဆွဲတားလိုက်သကဲ့သို့ ရှီဝေ ခံစားလိုက်ရသေးသည်။ အရှိန်လွန်ပြီး ပြုတ်ကျသွားကာ တစ်ခုခု အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သည့်အလားပင်။

ဗွမ်း... ရေပြင်ထက်တွင် ကြီးမားသော ရေပွက်များ ထွက်ပေါ်လာလေသည်။

ရှီဝေသည် ရေသီးသွားပြီး ဘာဖြစ်သွားမှန်းပင် မသိလိုက်ခင်မှာပင် တစ်ကိုယ်လုံးကို တစ်စုံတစ်ရာက ရစ်ပတ်ထားသလို ခံစားလိုက်ရ၏။ အောက်သို့ ငုံ့ကြည့်လိုက်ရာ ရေမှော်ပင်များကဲ့သို့ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို မြင်လိုက်ရ၏။ "အား... အား... အား... ရေသရဲမ..."

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှသာ ထိုသူမှာ ယန်ချင်းချင်း ဖြစ်နိုင်ကြောင်း ရုတ်တရက် သတိပြုမိသွားသဖြင့် အက်ကွဲသော အော်ဟစ်သံက ချက်ချင်းပင် ရပ်တန့်သွားလေသည်။

"မဟုတ်ဘူး... မဟုတ်ဘူး... ကျွန်တော် ရေမကူးတတ်ဘူး။ ဖုမင်ဇယ်၊ မင်း မြန်မြန်လာကယ်ပါဦး။ ဝမ်ချိုးထုန်၊ မင်း ကျွန်တော့်ကို ကယ်ပါဦး..." ရှီဝေက ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

ဝမ်ချိုးထုန်သည် တိတ်ဆိတ်စွာပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်လေသည်။

"သူ တကယ် ခြေသလုံး ကြွက်တက်သွားတာ ဖြစ်နိုင်တယ်" ကမ်းစပ်တွင် ရပ်နေသော ဖုမင်ဇယ်က ပြောလိုက်ပြီး ပြောပြီးသည်နှင့် ထိုနှစ်ယောက်ကို ထပ်မကြည့်တော့ဘဲ လှည့်ထွက်သွားတော့သည်။

မလှမ်းမကမ်းတွင်မူ ပညာတတ်လူငယ်များစခန်းမှ လူများက ဤဘက်သို့ ပြေးလာနေကြလေသည်။ "ယန်ချင်းချင်း ပျောက်သွားတယ်ဆိုတာ ဟုတ်လား၊ တကယ်ပဲ ရေထဲပြုတ်ကျသွားတာတော့ မဟုတ်ပါဘူးနော်"

"ဖုမင်ဇယ်၊ မင်း ယန်ချင်းချင်းကို မြင်မိသေးလား"

"အား... အား... အား... ဒီမှာ ဒီမှာ၊ ယန်ချင်းချင်းရော ရှီဝေရော ဒီမှာပဲ ရှိနေကြတယ်..."

"မြန်မြန်ကယ်ကြ၊ မြန်မြန်ကယ်ကြ..."

အစမှအဆုံး မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသော ဝမ်ချိုးထုန် တစ်ယောက်တည်းသာလျှင် ဖုမင်ဇယ် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း တံတွေးမျိုချလိုက်မိတော့သည်။

'အရင်တုန်းက တကယ် မသိသာခဲ့ဘူး။ ပညာတတ်လူငယ်ဖုက ပြဿနာရှိလာရင် တကယ်ကို အားကိုးရတာပဲ။ ခုနက ရှီဝေကို ကန်ချလိုက်တဲ့ တစ်ချက်က တကယ့်ကို သေသပ်ပြတ်သားလွန်းတယ်'

ပြဿနာသွားမရှာသင့်ဘူး၊ ဒီပညာတတ်လူငယ်စခန်းက လူတွေထဲမှာ ဘယ်သူတစ်ယောက်မှ သွားပြီး ပြဿနာရှာလို့ကောင်းတဲ့သူတွေ မဟုတ်ကြဘူးပဲ။

...

All Chapters