အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အပိုင်း (၃၃.၁) သူမမိသားစုက အုတ်ခဲ ၆ တောင်းအတွက်နဲ့ အသက်စွန့်ရဲလောက်အောင် ဆင်းရဲလွန်းတယ်...
ဖုမင်ဇယ်သည် လမ်းတစ်ဝက်တွင် ကျိန့်ကျားမင်နှင့် ဆုံသည်။ ကျိန့်ကျားမင်သည် အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို သူပြောပြ၍ ကြားသိလိုက်ရသောအခါ အကြီးအကျယ် ဒေါသထွက်လေတော့သည်။ "ရှီဝေက ပညာတတ်လူငယ်စခန်းမှာ ယန်ချင်းချင်း ပျောက်သွားပြီဆိုပြီး တစ်မနက်ခင်းလုံး အော်ဟစ်နေတာကွ။ ငါကတော့ ယန်ချင်းချင်းလို အရွယ်ရောက်ပြီးသား လူတစ်ယောက်က နေ့ခင်းကြောင်တောင်ကြီး ဘယ်ကိုများ ထွက်ပြေးသွားနိုင်မှာလဲလို့ အဲဒီတုန်းကတည်းက ပြောခဲ့တာ။ ဒီနေ့ သူ တော်တော်လေး ထူးဆန်းနေတယ်လို့ ငါပြောသားပဲ၊ ကြည့်ရတာ သူတို့နှစ်ယောက် ပေါင်းပြီး မင်းကို အကွက်ဆင်ချင်နေတာကိုး"
သူက ခဏစဉ်းစားလိုက်ပြီးနောက် ဟီးဟီးဟားဟား ရယ်မောကာ "မဖြစ်ဘူး၊ ငါ သွားကြည့်မှရမယ်"
မူလက ရှီဝေသည် လူများကိုခေါ်ကာ ချောင်းနံဘေးသို့ သွားကြည့်ရန် ပြောနေစဉ်က ကျိန့်ကျားမင် သိပ်ပြီး မသွားချင်ခဲ့ပေ။ ဤရက်ပိုင်းအတွင်း ယန်ချင်းချင်းက ဖုမင်ဇယ်ကို မကြာခဏ အကဲခတ်ကြည့်ရှုနေသဖြင့် ကျိန့်ကျားမင်မှာလည်း သူမကိုမြင်လျှင် စိတ်အနှောင့်အယှက် ဖြစ်မိသည်။ ထို့အပြင် နေ့ခင်းကြောင်တောင်အချိန်ကြီး၌ မည်သည့်ကိစ္စမျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဟု တကယ်ပင် ထင်မှတ်ထားခဲ့၏။
ထို့ကြောင့် ရှီဝေတို့လူစုမှာ ကမန်းကတန်း သွားနေကြသော်လည်း ကျိန့်ကျားမင်ကမူ အနောက်မှ အေးအေးဆေးဆေး လိုက်ပါသွားခဲ့သည်။ ယခုတော့ ကြည့်စရာ ပွဲရှိနေပြီဟု ကြားလိုက်ရသည်နှင့် ကျိန့်ကျားမင်သည် ချက်ချင်းပင် ပြေးသွားတော့သည်။
ဖုမင်ဇယ်က ဂရုမစိုက်တော့ဘဲ ပညာတတ်လူငယ်စခန်းသို့ တိုက်ရိုက်ပြန်လာခဲ့ပြီး ရေခပ်ကာ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်လိုက်ပြီးနောက် ကုတင်ခေါင်းရင်းကို မှီပြီး အနားယူနေလိုက်သည်။
လက်ခုံမှ ပူစပ်ပူလောင်နှင့် စူးရှရှ နာကျင်မှုကို ခံစားလိုက်ရသဖြင့် သူ လှမ်းကြည့်လိုက်သောအခါ လက်ပေါ်ရှိ နေရာနှစ်ခုတွင် အရေပြား ပွန်းပဲ့နေသည်ကို တွေ့လိုက်ရ၏။
အစောပိုင်းက ဝမ်ကျင်းပေါင်ကို ထိုးကြိတ်စဉ်က ဒဏ်ရာရသွားခြင်း ဖြစ်ရပေမည်။
ကျွတ်။
ဖုမင်ဇယ်၏ ကုတင်နေရာမှာ အစွန်ဆုံး အထဲဘက်တွင် ရှိပြီး နံရံနှင့် ကပ်နေကာ ပြတင်းပေါက်မရှိသဖြင့် အလင်းရောင် မရောက်ဆုံးနေရာဖြစ်သည်။ အိပ်ဆောင်၏ တံခါးမကြီးကို ဖွင့်ထားပြီး မွန်းတည့်နေရောင်ခြည်က တံခါးဝတွင် ကျရောက်နေသဖြင့် အခန်းထဲတွင် ပိုမှောင်မိုက်နေသယောင် ထင်ရ၏။ ဖုမင်ဇယ်သည် ဤမှောင်မိုက်သော နေရာလေးတွင် မျက်လုံးများကို မှိတ်ထားလျက် သူ၏လက်ချောင်းများက လက်ခုံပေါ်ရှိ ဒဏ်ရာများကို အမှတ်တမဲ့ ပွတ်သပ်နေမိသည်။
'ဘာလို့ ဝမ်ကျင်းပေါင်ကို ထိုးကြိတ်ခဲ့တာလဲ။
လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက သူ့ကို ထိုးချင်နေခဲ့လို့ပဲ'
မည်မျှကြာသွားသည်ကို မသိ။ အပြင်ဘက်မှ ဒုန်းဒုန်းဒိုင်းဒိုင်း ခြေသံများ ထွက်ပေါ်လာပြီးနောက် ကျိန့်ကျားမင်သည် အပြေးကလေး ဝင်လာကာ ဗိုက်ကိုနှိပ်၍ ရယ်မောရင်း "ယန်ချင်းချင်းက တကယ်ပဲ ခြေသလုံး ကြွက်တက်သွားတာကွ။ ရေတွေလည်း တော်တော်များများ သီးသွားပုံရတယ်၊ အသိစိတ်ပျောက်သွားပြီး ရှီဝေကို အသေအလဲ ဖက်ထားတော့တာပဲ။ ရှီဝေကလည်း သူ ရေမကူးတတ်ဘူးဆိုပြီး သူတို့ကို ဆင်းကယ်ဖို့ ပြောနေတာ၊ အမျိုးသမီး ရဲဘော်တွေကိုချည်းပဲ ဆက်တိုက်အော်ခေါ်နေတယ်။ နောက်ဆုံးတော့ ကျန်းကျစ်ချန်က ကြည့်မနေနိုင်တော့ဘဲ ဆင်းသွားပြီး သူ့ကို ဆွဲထူလိုက်ရတယ်။ မိုက်တယ်ကွာ၊ ရှီဝေ မတ်တပ်ရပ်လိုက်တဲ့ အချိန်ကျတော့ ရေက သူ့ရင်ဘတ်တောင် မရောက်ဘူး။ ဟား ဟား ဟား... သူက လူတွေကို ရေထဲဆင်းလာအောင် လှည့်စားဖို့အတွက် တမင်သက်သက် ဒူးကွေးထားခဲ့တာကိုး"
"မင်း မသိပါဘူး၊ အဲဒါတောင် ရှီဝေက ယန်ချင်းချင်းကို ကျန်းကျစ်ချန်ဆီ ပစ်ပေးချင်နေသေးတာ။ ဒါပေမဲ့ ကျန်းကျစ်ချန်ကလည်း တုံးတဲ့သူမှ မဟုတ်တာ။ ယန်ချင်းချင်းက ရေထဲမှာ အဲဒီလောက်ကြာကြာ ရုန်းကန်နေရတော့ တစ်ကိုယ်လုံး ရေတွေစိုရွှဲနေတာလေ၊ ပြီးတော့ သူကလည်း သတိမကပ်ဘူးဆိုတော့ ကိုယ်ခန္ဓာချင်း ထိတွေ့မိဖို့ဆိုတာ ရှောင်လွှဲလို့မရဘူး။ ဒါဆို နောက်ပိုင်းကျရင် ရှင်းပြလို့ ရမှာမဟုတ်တော့ဘူး"
ထို့အပြင် ထိုမျှလောက် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရာ ပညာတတ်လူငယ်များသာမက လာရောက်ကြည့်ရှုသည့် တပ်ဖွဲ့ဝင်များမှာလည်း မည်မျှများပြားနေသည်ကိုပင် မသိနိုင်တော့ချေ။
ကျိန့်ကျားမင်သည် ဖုမင်ဇယ်က ဘာမျက်နှာအမူအရာမှ မရှိဘဲ ကိုယ်နှင့်မဆိုင်သကဲ့သို့ နေနေသည်ကို မြင်သောအခါ ဟီးကနဲ ရယ်မောလိုက်ပြီး မျက်စပစ်ပြကာ ပြောလိုက်၏။ "မင်း အဲဒီမှာ မရှိလိုက်လို့၊ ယန်ချင်းချင်းက ရှီဝေကို ဖက်ထားလိုက်တာများ တင်းကျပ်နေတာပဲ။ အမလေး... တစ်ကိုယ်လုံးကို ရစ်ပတ်ထားတာ။ ဒါပေမဲ့ သူက တကယ်ပဲ သတိလွတ်သွားတာလားတော့ မသိဘူး၊ ပါးစပ်ကနေ အမြဲတမ်း အော်နေတာက..."
ခဏရပ်သွားပြီးနောက် ကျိန့်ကျားမင်က ထူးဆန်းသော မျက်နှာအမူအရာဖြင့် "သူက 'ပညာတတ်လူငယ်ဖု ကျွန်မကို ကယ်ပါဦး၊ ပညာတတ်လူငယ်ဖု ရှင်က လူကောင်းတစ်ယောက်ပါ၊ ပညာတတ်လူငယ်ဖု ကျွန်မကို ပစ်မထားခဲ့ပါနဲ့' လို့ ဆက်တိုက်အော်နေတာကွ..."
ကျိန့်ကျားမင်က ယန်ချင်းချင်း၏ လေသံကို တမင်သက်သက် လုပ်ကြံတုပကာ ပြောလိုက်သဖြင့် ဖုမင်ဇယ်၏ အေးစက်စက် အမူအရာကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပြီး သူ၏မျက်နှာထက်တွင် ရွံရှာစက်ဆုပ်သည့် အမူအရာများ ပေါ်ထွက်လာစေခဲ့သည်။
ကျိန့်ကျားမင်သည် ချက်ချင်းပင် ဟားဟားဟားဟား ဟု ရယ်မောလိုက်ပြီး "သူက တကယ်ပဲ မင်းကို အကွက်ဆင်ချင်နေတာပဲ။ မင်း မသိပါဘူး၊ အဲဒီအချိန်က အဲဒီမှာရှိနေတဲ့ လူတွေရဲ့ မျက်နှာအမူအရာတွေက ဘယ်လောက်တောင် အရောင်အသွေး စုံလင်နေလဲဆိုတာ"
ဖုမင်ဇယ်က မျက်မှောင်ကြုတ်လိုက်ပြီး "ရွာထဲက လူတွေ အများကြီး ရှိနေတာလား"
ကျိန့်ကျားမင်: "အဘိုးတွေ၊ အဘွားတွေ၊ ဦးလေးတွေ၊ အဒေါ်တွေ၊ ပြီးတော့ ကလေးတွေလည်း အများကြီးပဲ။ အိမ်မှာ ထမင်းချက်စရာ မလိုတဲ့သူတွေ အကုန်လုံး ထွက်ကြည့်ကြတာ ဖြစ်မယ်။ ရဲဘော် ရှန်မော့အာ က..."
ဖုမင်ဇယ်က သူ့ကို မော့ကြည့်လိုက်သော်လည်း ကျိန့်ကျားမင်ကမူ လုံးဝ သတိမထားမိဘဲ အမောတကောဖြင့် ဆက်ပြောသည်။ "ရဲဘော် ရှန်မော့အာက အဲဒီလောက်နီးနေတာတောင် ပွဲထွက်မကြည့်ဘူးကွ"
ဖုမင်ဇယ်သည် အကြောင်းပြချက်မရှိဘဲ သက်ပြင်းတစ်ချက်ချလိုက်မိကာ ပြောလိုက်၏။ "သူ ထမင်းချက်နေလို့ ဖြစ်မှာပါ"
ရှန်မော့အာအကြောင်း ပြောလာသောအခါ ကျိန့်ကျားမင် ရုတ်တရက် သတိရသွားပြီး "အေး ဟုတ်သားပဲ၊ အစောပိုင်းက ရဲဘော် ရှန်မော့အာက မင်းကို ပညာတတ်လူငယ်စခန်းမှာ လာရှာသေးတယ်။ သူက အထက်တန်း သင်ခန်းစာတွေကို ကိုယ်တိုင်လေ့လာနေတဲ့ပုံပဲ။ မင်းကို နည်းနည်းလောက် ကူညီသင်ပြပေးဖို့ တောင်းဆိုချင်လို့တဲ့"
ဖုမင်ဇယ်သည် ထိုစကားကို ကြားသည်နှင့် နေရာမှ မတ်တပ်ထရပ်လိုက်ကာ "ငါ သွားကြည့်လိုက်ဦးမယ်"
သူသည် အစောပိုင်းက တပ်ဖွဲ့ရုံးသို့ ယူသွားခဲ့သော ဝါးခြင်းတောင်းကို ကောက်လွယ်လိုက်ပြီး ပညာတတ်လူငယ်များစခန်း တံခါးဝသို့ ရောက်ရှိသွားချိန်တွင် အုပ်စုလိုက် ပြန်လာကြသော လူအုပ်ကြီးနှင့် ဆုံသွားခဲ့သည်။ တစ်ကိုယ်လုံး ရေများစိုရွှဲနေသော ရှီဝေက သုန်မှုန်နေသည့် မျက်နှာဖြင့် အရှေ့မှ လျှောက်လာပြီး ထိုနည်းတူ တစ်ကိုယ်လုံး ရေစိုရွှဲနေသော ယန်ချင်းချင်းကိုမူ အမျိုးသမီး ပညာတတ်လူငယ် နှစ်ဦးက တွဲခေါ်လာကာ အနောက်မှ လိုက်ပါလာကြသည်။ အခြားလူများအားလုံးကလည်း သူတို့၏နောက်မှ လိုက်ပါလာကြသည်။
ဖုမင်ဇယ်ကို မြင်သည်နှင့် ရှီဝေသည် ဒေါသတကြီးဖြင့် ပြေးလာကာ အော်ဟစ်လိုက်သည်။ "ဖုမင်ဇယ်၊ သေမတတ်ဖြစ်နေတာကို ဘယ်လိုလုပ် မကယ်ဘဲ နေနိုင်ရတာလဲ။ မင်းက သွေးအေးလွန်းတယ်။ အတူတူ ကျေးလက်ဆင်းလာတဲ့ ပညာတတ်လူငယ်အချင်းချင်း အားလုံးက စည်းစည်းလုံးလုံးနဲ့ အပြန်အလှန် ကူညီသင့်တာ မဟုတ်ဘူးလား။ အမိုးတစ်ခုအောက်မှာ အတူမနေတဲ့ ပညာတတ်လူငယ်ဖြစ်ရင်တောင်၊ တပ်ဖွဲ့က ရွာသားတစ်ယောက်ဖြစ်နေရင်တောင်၊ ဒါမှမဟုတ် မင်းမသိတဲ့သူ တစ်ယောက်ဖြစ်နေရင်တောင်မှ တခြားလူတစ်ယောက် ရေနစ်တော့မယ်ဆိုတာကို မြင်နေရရင် အကူအညီပေးဖို့ လက်ကမ်းသင့်တာ မဟုတ်ဘူးလား"
ဤသည်မှာ ကိုယ်ကျင့်တရား အမြင့်ဆုံးနေရာတွင် ရပ်တည်ကာ ဖုမင်ဇယ်ကို ပြစ်တင်ရှုတ်ချလိုက်ခြင်းပင်။
ဖုမင်ဇယ်က အေးအေးဆေးဆေးပင် ပြောလိုက်၏။ "ငါ ရေမကူးတတ်ဘူး"
ရှီဝေမှာ တဒင်္ဂ ဆွံ့အသွားသော်လည်း ချက်ချင်းပင် ဒေါသထွက်လာကာ "ရေမကူးတတ်တော့ ဘာဖြစ်လဲ၊ ချောင်းရေက လုံးဝ မနက်ဘူးလေ၊ မင်း ရေထဲဆင်းပြီး တစ်ချက်လေး ဆွဲတင်ပေးလိုက်ရုံနဲ့ ရနေတာပဲကို"
ဖုမင်ဇယ်က ပြန်မေးလိုက်သည်။ "မင်း ရေထဲ ဆင်းသွားတာ မဟုတ်ဘူးလား"
ဖုမင်ဇယ်က မျက်နှာသေဖြင့် ရှီဝေကို ကြည့်လိုက်သည်တွင် ရှီဝေသည် အကြောင်းပြချက်မရှိဘဲ ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရပြီး အစောပိုင်းက သူ ဖုမင်ဇယ်ကို တွန်းခဲ့သည့်လုပ်ရပ်ကို ဖုမင်ဇယ် သိသွားလေသလားဟု မသေချာမရေရာ ဖြစ်သွားတော့သည်။
တကယ်တော့ သူရေထဲပြုတ်ကျသွားခြင်းမှာ ဖုမင်ဇယ်က ကန်လိုက်ခြင်းဖြစ်မည်ဟု ရှီဝေ သံသယရှိခဲ့သည်။ သို့သော် ထိုအချိန်က သူကိုယ်တိုင် လူကိုတွန်းရန် ရည်ရွယ်ခဲ့ရာမှ လွဲချော်သွားပြီး အရှိန်ကြောင့် ရှေ့သို့ မှောက်ရက်လဲကျသွားခြင်း ဖြစ်သည်။ ထို့အပြင် သူ ရေထဲပြုတ်ကျသွားချိန်တွင် ဖုမင်ဇယ်က သူ့ကို အနည်းငယ် တားလိုက်သလိုမျိုးလည်း ခံစားခဲ့ရသဖြင့် ဖုမင်ဇယ်က မတော်တဆ သူ့ကို တိုက်မိသွားခြင်း ဖြစ်နိုင်သည်ဟုလည်း ရှီဝေက သံသယဝင်နေမိ၏။
မည်သို့ပင်ဆိုစေကာမူ ရှီဝေက ဤကိစ္စကို လုံးဝ ထုတ်ပြောရဲမည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ သူက အရင် လူကို တွန်းခဲ့ခြင်း ဖြစ်ပြီး ထိုအချိန်က ဝမ်ချိုးထုန်းလည်း ရှိနေခဲ့သဖြင့် အကယ်၍ ဝမ်ချိုးထုန်းက ဝင်ရောက်ကာ ဖုမင်ဇယ်ဘက်မှ ပြောဆိုပေးခဲ့လျှင် သူ ပြဿနာတက်သွားလိမ့်မည်။
လူတို့သည် တွေးတောမှု များပြားလာသောအခါ ရှေ့နောက်စဉ်းစားလွန်းခြင်း၊ ကြောက်ရွံ့တုံ့ဆိုင်းခြင်းတို့ ဖြစ်ပေါ်လာတတ်ပြီး စကားပြောဆို လုပ်ကိုင်ရာတွင်လည်း ယုံကြည်ချက်ရှိရှိ၊ ပြတ်ပြတ်သားသား လုပ်ကိုင်နိုင်စွမ်း လျော့ကျသွားတတ်သည်။
ရှီဝေသည်လည်း ထိုကဲ့သို့ပင်။ သူ့ဦးနှောက်ထဲတွင် တွေးတောမှုအမျိုးမျိုး ပေါ်လာသည်နှင့် ရင်ထဲတွင် အောင့်အီးထားသော ဒေါသကြောင့် ဖြစ်ပေါ်လာသည့် အရှိန်အဝါမှာ ချက်ချင်းပင် လျော့ကျသွားပြီး စကားပြောသံမှာလည်း အတော်အတန် တိုးသွားခဲ့သည်။ "ဒါဆိုလည်း ငါ ရေထဲဆင်းသွားတာကို ကြည့်ပြီး မင်းက ထွက်သွားလို့ မရဘူးလေ"
ဖုမင်ဇယ်: "မင်းပဲ ပြောတယ်လေ၊ ရေက မနက်ပါဘူးဆို"
ထိုသို့ပြောပြီးနောက် သူသည် ရှီဝေကို အဖက်လုပ်မနေတော့ဘဲ လူအုပ်ကြီးကို ဖြတ်သန်း၍ တိုက်ရိုက်ပင် ထွက်ခွာသွားတော့သည်။
နောက်ပိုင်းတွင် ရှီဝေက သူ့ကို ဆွဲသွင်းကာ အခြားပြဿနာများ ထပ်မံဖန်တီးလာမည်ကို မစိုးရိမ်ရလျှင် ဖုမင်ဇယ်၏ နဂိုစရိုက်အရ ရှီဝေနှင့် စကားတစ်ခွန်းမျှပင် ပိုပြောနေမည် မဟုတ်ချေ။
ယန်ချင်းချင်းကိုမူကား သူ တစ်ချက်လေးမျှပင် လှည့်မကြည့်ခဲ့ပေ။
ယန်ချင်းချင်းက သူ့ကို အကွက်ဆင်ချင်နေကြောင်း ဖုမင်ဇယ် သိထားသည်။ ယန်ချင်းချင်းက သူ့ကို မည်သို့မည်ပုံ ပစ်မှတ်ထားလာခဲ့သည်ကို သူ မသိသော်ငြားလည်း ယန်ချင်းချင်းနှင့် ရှီဝေတို့၏ ဦးနှောက်မျိုးဖြင့် သူသာ အကွက်ဆင်ခံရမည်ဆိုလျှင် ထိုသည်မှာ သူ ခံသင့်ခံထိုက်၍သာ ဖြစ်ပေလိမ့်မည်ဟု ဖုမင်ဇယ်က တွေးတောမိ၏။
ဖုမင်ဇယ်သည် မျက်စိကို ဘေးဘီမကြည့်ဘဲ ထွက်ခွာသွားခဲ့သောကြောင့် သဘာဝကျစွာပင် ယန်ချင်းချင်းက သူ့ကို စူးစိုက်ကြည့်နေပြီး သူမ၏မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော နာကြည်းမှုနှင့် မုန်းတီးမှုများ ပေါ်လွင်နေသည်ကို မမြင်တွေ့ခဲ့ရချေ။
ဖုမင်ဇယ်က မြင်တွေ့ခဲ့လျှင်တောင်မှ ဂရုမစိုက်မှာ သေချာသည်။
ပညာတတ်လူငယ်များစခန်းမှ ထွက်လာပြီးနောက် ဖုမင်ဇယ်သည် ရွာထိပ်သို့ လျှောက်လာခဲ့လိုက်ပြီး လမ်းတွင် အဒေါ်ကြီးချိုက်နှင့် သူမ၏မြေးလေးတို့ကို တွေ့လေသည်။ အဒေါ်ကြီးချိုက်က ရယ်ရယ်မောမောဖြင့် ဖုမင်ဇယ်ကို ဦးစွာ နှုတ်ဆက်လိုက်သည်။ "ပညာတတ်လူငယ်ဖု၊ နေ့လယ်စာ စားပြီးပြီလား။ အို... ဟုတ်သားပဲ၊ မင်းတို့ ပညာတတ်လူငယ်စခန်းမှာ ပြဿနာတက်သွားတော့ နေ့လယ်စာ ချက်ဖို့တောင် အချိန်မရလောက်သေးဘူးမလား"
ဖုမင်ဇယ် ခေါင်းငြိမ့်ကာ အသံပြုလိုက်သည်။
အဒေါ်ကြီးချိုက်သည် ရွာထိပ်မှ ပွဲကြည့်ပြီး ပြန်လာသည်မှာ သိသာလှသည်။ သူမသည် လူတစ်ယောက်ကို တွေ့သည်နှင့် မနေနိုင်ဘဲ စကားအနည်းငယ်လောက်တော့ ပြောချင်နေသည်။ "မင်းတို့ မြို့ပေါ်က ကလေးတွေက အတွေ့အကြုံ သိပ်မရှိကြဘူးကွဲ့။ တို့ရွာထိပ်က ချောင်းလေးက မကြီးသေးတဲ့ ကလေးတွေကလွဲရင် ဘယ်သူ့ကိုများ ရေနစ်သေစေနိုင်လို့လဲ။ အဒေါ်ကြည့်ရတာ အဲဒီပညာတတ်လူငယ်ယန်က ကိုယ့်ဘာသာကိုယ် လန့်သွားပြီး ရေထဲမှာ မလှုပ်ရဲတော့လို့ ခြေသလုံး ကြွက်တက်သွားတာပဲ နေမယ်။ သူသာ သေချာမတ်တပ်ရပ်ပြီး ခြေနှစ်လှမ်းလောက် လျှောက်လိုက်ရင် စောစောကတည်းက သူဘာသာ ကုန်းပေါ် ပြန်တက်လာနိုင်ပြီ"
သူမက ပြောနေရင်းမှ ဖုမင်ဇယ်ကို စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ "ဒီပညာတတ်လူငယ်ယန်နဲ့ ပညာတတ်လူငယ်ရှီတို့က ပုံမှန်ဆိုရင်လည်း ဆက်ဆံရေး တော်တော်ကောင်းကြတယ်မလား၊ သူတို့နှစ်ယောက်က အဲဒီလိုမျိုး တစ်ကိုယ်လုံး ရစ်ပတ်ဖက်တွယ်ထားကြပြီးပြီဆိုတော့ လက်ထပ်ရတော့မှာပဲနော်"
ဖုမင်ဇယ်: "...ဒါကို ကျွန်တော်လည်း သေချာမသိဘူးဗျ"
အဒေါ်ကြီးချိုက်က ခေါင်းတဆတ်ဆတ် ငြိမ့်ကာ "မင်း စောစောက အဲဒီမှာ မရှိလိုက်လို့၊ အဲဒီမြင်ကွင်းကို မမြင်လိုက်ရဘူး။ အမလေး... ရှက်စရာကြီးကွယ်၊ အဒေါ်က တို့အိမ်က ရှောင်ပေါင်လေးကိုတောင် ပေးမကြည့်ဘူး..."
သူမသည် တရစပ် စကား အများကြီး ဆက်ပြောနေခဲ့ပြီး မြေးလေးက သူမ၏အင်္ကျီစကို ဆွဲကာ ဗိုက်ဆာပြီဟု အော်ပြောမှသာ စကားမဆုံးသေးဘဲ ထွက်သွားရတော့သည်။ သွားနေရင်းမှလည်း တတွတ်တွတ် ရေရွတ်သွားသေး၏။ "ပညာတတ်လူငယ်ဖုက တကယ့်ကို လူကောင်းလေးပဲ၊ ပညာတတ်တယ်၊ စကားလည်း ကောင်းကောင်းပြောတတ်တယ်"
သိပ်မဝေးသေးသော နေရာမှ ဖုမင်ဇယ်: "..."
အမှန်တကယ်တွင် သူသည် စကားနှစ်ခွန်းသာ ပြောခဲ့ပြီး စာလုံးရေ ၁၀ လုံးပင် မပြည့်ခဲ့ပေ။
....
ရှန်ရှောက်ယွမ် အလုပ်သွားနေသဖြင့် နေ့လယ်စာကို ရှန်မော့အာ တစ်ယောက်တည်း စားရသည်။ သို့သော် သူမသည် ကောင်းနိုးရာရာ စားသောက်ဝတ်ဆင်ခြင်းဖြင့် ကြီးပြင်းလာသူဖြစ်ရာ အခြားကမ္ဘာတစ်ခုသို့ ပြောင်းလဲရောက်ရှိလာပြီး ချို့တဲ့စွာ နေထိုင်ရလျှင်တောင်မှ တစ်ယောက်တည်း စားရမည်ဆိုတိုင်း ဖြစ်သလို ချက်ပြုတ်စားသောက်မည် သို့မဟုတ် တစ်ယောက်တည်း ဖြစ်နေသဖြင့် ကြမ်းတမ်းသော အစားအစာများကိုသာ ဖြစ်သလို စားသောက်၍ ဖြေရှင်းမည်ဟူသော အတွေးမျိုး မရှိခဲ့ပေ။
အဒေါ်ကြီးချန်တို့အိမ်တွင် ယခုနှစ် ပဲတီစိမ်း အနည်းငယ် စိုက်ပျိုးထားပြီး ရှန်မော့အာက လွန်ခဲ့သောရက်အနည်းငယ်က သူမထံမှ အနည်းငယ် လဲလှယ်ယူထားခဲ့သည်။ နေ့လယ်ပိုင်းတွင် အရင်ဆုံး ကြွေရည်သုတ်ခွက်ကြီး တစ်ခွက်စာ ပဲတီစိမ်းဟင်းချို ချက်လိုက်ပြီးနောက် ဒယ်အိုးကိုဆေးကြောကာ ဂျုံမှုန့်ဖျော်၍ ကြက်ဥမုန့်အချပ် တစ်ချပ် ကြော်လိုက်သည်။
မုန့်အချပ်လေးမှာ ပါးလွှာပြီး ကြွပ်ရွနေအောင် ကြော်ထားကာ အပေါ်မှနေ၍ ခေါက်ထားသော ကြက်ဥရည်ကို ဆမ်းလိုက်သည်။ ထို့နောက် အမျှင်လေးများ လှီးထားသော သခွားသီး၊ ဟင်းသီးဟင်းရွက်၊ ကြက်သွန်မြိတ်နှင့် ဝက်သားနုတ်နုတ်စင်း အနည်းငယ်တို့ကို ထည့်ကာ လိပ်လိုက်သည်။ တစ်ကိုက် ကိုက်လိုက်သည်နှင့် ဆိမ့်၊ ကြွပ်၊ မွှေးနေတော့၏။
ချိုမြိန်သော ပဲတီစိမ်းဟင်းချိုလေးနှင့် တွဲဖက်လိုက်သောအခါ အချင်းချင်း အထောက်အကူပြုကာ ပိုလို့ပင် အရသာရှိသွားတော့သည်။
ကြက်ဥမုန့်အချပ် ကျက်၍ ဒယ်အိုးထဲမှ ခူးထုတ်လိုက်သည်နှင့် ရှန်မော့အာသည် ခြံတံခါးအပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရ၏။ သူမက ကြက်ဥမုန့်အချပ်ကို ပန်းကန်ထဲသို့ ထည့်လိုက်ပြီး လက်ကိုသုတ်ကာ တံခါးသွားဖွင့်သည်။
ခြံတံခါးကို ဖွင့်လိုက်သောအခါ မွန်းတည့်နေရောင်အောက်တွင် မိုးမခပင်ငယ်လေးတစ်ပင်ကဲ့သို့ မတ်မတ်ရပ်နေသော ဖုမင်ဇယ်ကို မြင်လိုက်ရသဖြင့် ရှန်မော့အာ၏ မျက်နှာထက်တွင် အပြုံးများ အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။ "ပညာတတ်လူငယ်ဖု၊ ရှင် တပ်ဖွဲ့ရုံးက ပြန်ရောက်ပြီလား"
ဖုမင်ဇယ်က အင်း ဟု အသံပြုလိုက်ပြီးနောက် ကြက်ဥမုန့်ကြော်၏ ဆွဲဆောင်မှုရှိသော ရနံ့ကို ချက်ချင်းပင် ရှူရှိုက်မိသွား၏။
သူသည် ပညာတတ်လူငယ်များစခန်းမှ ထွက်လာကတည်းက တစ်စုံတစ်ခုကို မေ့ကျန်ရစ်ခဲ့သလို ဝိုးတဝါး ခံစားနေခဲ့ရသည်။ ယခုအချိန် အစားအသောက်ရနံ့ကို ရလိုက်မှသာလျှင် ယခုက နေ့လယ်စာစားချိန်ဖြစ်နေပြီး ဤအချိန်မျိုးတွင် အိမ်လည်သွားခြင်းမှာ အမှန်တကယ် မသင့်တော်လှကြောင်းကို ရုတ်တရက် သတိပြုမိသွားတော့သည်။
သို့သော် ရှန်မော့အာက သူ့ကို လာရှာခဲ့ကြောင်း ကြားလိုက်ရသည်နှင့် သူသည် အခြားမည်သည့်အရာကိုမျှ ထည့်မစဉ်းစားမိခဲ့ခြင်းသာ။
ရှန်မော့အာက ကိုယ်ကိုစောင်း၍ လမ်းဖယ်ပေးလိုက်ပြီး "ပညာတတ်လူငယ်ဖု အရင်ဝင်လာခဲ့ပါ"
ဖုမင်ဇယ် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း ခြံဝင်းထဲသို့ လိုက်ဝင်သွားခဲ့သည်။
ရှန်မော့အာ: "ပညာတတ်လူငယ်ဖု နေ့လယ်စာ မစားရသေးဘူးမလား။ အတော်ပဲ၊ ကျွန်မ ကြက်ဥမုန့်ကြော် လုပ်ထားတယ်၊ အတူတူ နည်းနည်းလောက် အရင်စားကြမလား"
…
အပိုင်း (၃၃.၂)
ဖျော်ထားသော မုန့်နစ်မှာ မုန့် ၃ ချပ် ကြော်၍ရလေသည်။ ရှန်မော့အာသည် ဖုမင်ဇယ်ထံ သွားရှာသည့်အခါ သူ့အတွက် မုန့် ၂ ချပ် ယူသွားပေးရန် မူလကပင် ပြင်ဆင်ထားခဲ့သည်။ ယခုတော့ လူကိုယ်တိုင် ရောက်လာပြီဖြစ်သဖြင့် အတော်ဖြစ်သွားခဲ့သည်။ ပူပူနွေးနွေး စားလိုက်ရုံသာ ရှိတော့၏။
'သူများဆီကနေ စာသင်ယူမယ့်ဟာကို ဆရာကန်တော့ကြေးလို့ မပြောရင်တောင် စားစရာသောက်စရာလေး ပေးတာက သင့်တော်တာပဲမလား'
အိမ်သစ် ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်သော်လည်း ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့ ပြောင်းရွှေ့မနေကြသေးပေ။ ဆောက်လုပ်ပြီးခါစ အိမ်သစ်တွင် စိုထိုင်းမှု ရှိနေတတ်သောကြောင့် သမီးဖြစ်သူ အအေးပတ်ပြီး စိုထိုင်းမှု ဝင်ရောက်သွားမည်ကို ရှန်ရှောက်ယွမ်က စိုးရိမ်သဖြင့် အိမ်ကို အချိန်အတန်ကြာ လေသလပ်ခံထားရန် ပြင်ဆင်ထားလေသည်။ သားအဖနှစ်ယောက်သည် အိမ်ဟောင်းတွင်သာ ဆက်လက်နေထိုင်နေကြဆဲဖြစ်ပြီး ထမင်းစားလျှင်လည်း မီးဖိုချောင်ထဲတွင်သာ စားသောက်ကြဆဲပင်။
ရှန်မော့အာသည် မူလက ဖုမင်ဇယ်ကို လေဝင်လေထွက်ကောင်းသော အိမ်အမိုးအောက်တွင် ခဏထိုင်စောင့်ခိုင်းရန် ရည်ရွယ်ခဲ့သော်လည်း ဖုမင်ဇယ်က ဝါးခြင်းတောင်းကို ချထားကာ မီးဖိုချောင်ထဲသို့ လိုက်ဝင်လာခဲ့သည်။
နွေနှောင်းရာသီ ကုန်ဆုံးသွားပြီး မြူနှင်းဖြူများ ကျချိန်သို့ ရောက်ရှိတော့မည် ဖြစ်သော်ငြားလည်း ရာသီဥတုက ပူအိုက်စွတ်စိုနေဆဲဖြစ်ကာ မီးဖိုချောင်ထဲတွင်တော့ ပိုပြီး ပူအိုက်နေသေး၏။
ရှန်မော့အာသည် ဂျုံမှုန့်ကို မွှေရင်း ဒယ်အိုးထဲသို့ ကြက်ဥမုန့်များကို ညင်သာစွာ ထည့်ကြော်နေလေသည်။ သူမက တစ်ခါတစ်ရံ မော့ကြည့်လိုက်သောအခါ ဖုမင်ဇယ်က မီးဖိုနောက်တွင် ထိုင်နေသည်ကို မြင်တွေ့ရပြီး သူ၏ ဖြူဖွေးချောမောသော မျက်နှာပေါ်တွင် မှိန်ဖျော့ဖျော့ မီးရောင်ဟပ်နေကာ နဖူးစွန်းမှ ချွေးပေါက်လေးများက တောက်ပနေလေသည်။
အမှန်တကယ်တွင် မုန့် ၂ ချပ် ကြော်ရန် ထင်းတစ်ချောင်းသာ လိုအပ်သော်လည်း တစ်ယောက်ကလည်း သတိမပေးမိသလို နောက်တစ်ယောက်ကလည်း ထိုအချက်ကို သတိမထားမိကြချေ။
မုန့်ကြော်ပြီးသောအခါ ရှန်မော့အာသည် ပန်းကန်လုံးဖြင့် ပဲတီစိမ်းဟင်းချိုကို ပန်းကန်တစ်ဝက်ကျော်ခန့်စီ ၂ ခွက် ခပ်ယူလိုက်လေသည်။ ကြွေရည်သုတ်ခွက်ကြီးထဲတွင် အနည်းငယ် ကျန်နေသေးသောကြောင့် ရှန်ရှောက်ယွမ် ညနေပိုင်း အလုပ်မှပြန်လာလျှင် သောက်ရန်အတွက် ထိုခွက်ကို ရေစည်ထဲတွင် စိမ်ထားလိုက်၏။
မီးဖိုချောင်က အနည်းငယ် ပူအိုက်နေသဖြင့် ဟင်းချက်ပြီးသည်နှင့် ရှန်မော့အာသည် တံခါးကို ဖွင့်ထားလိုက်သည်။ တံခါးဝအနီးတွင် စားပွဲငယ်လေးတစ်လုံး ချထားပြီး ခုံပုလေး ၂ လုံး ယူလာကာ ဖုမင်ဇယ်ကို ထမင်းစားရန် ပြုံးရွှင်စွာ ခေါ်လိုက်သည်။
စားပွဲငယ်နှင့် ခုံပုလေးများကို ကျောက်ကျိန့်ယန် ညီအစ်ကိုနှစ်ယောက်က အိမ်ဆောက်ပြီး ကျန်ရစ်သော သစ်စသစ်နများဖြင့် အားလပ်ချိန်တွင် ပြုလုပ်ပေးထားခြင်း ဖြစ်၏။
တောင်ပေါ်သားများအတွက် တစ်စုံတစ်ခု ဝယ်ယူရန် အဆင်မပြေလှသဖြင့် ယေဘုယျအားဖြင့် အိမ်သုံးပစ္စည်းများကို ကိုယ့်အားကိုယ်ကိုးကာ ပြုလုပ်ကြရလေသည်။
"ကျွန်မ အထက်တန်းဖတ်စာအုပ်တွေကို ကိုယ်တိုင် လေ့လာနေတာ။ တရုတ်စာ၊ နိုင်ငံရေးနဲ့ သမိုင်း၊ ပထဝီဝင်ကတော့ အဆင်ပြေသေးတယ်။ သင်္ချာ၊ ရူပဗေဒနဲ့ ဓာတုဗေဒကတော့ တကယ်ကို ခက်နေလို့။ ပညာတတ်လူငယ်ဖုက စာတော်မယ် ထင်ပါတယ်။ နောက်ပိုင်း ရှင် အားရင် ကျွန်မကို သင်ပေးလို့ ရမလား" ရှန်မော့အာက ပြောလိုက်၏။
ရှန်မော့အာသည် ကြက်ဥမုန့်ကြော်နှင့် ပဲတီစိမ်းဟင်းချိုတို့ကို ဖုမင်ဇယ်ရှေ့တွင် ချထားပေးရင်း ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။ "ဒါက ဆရာ့ကို ကြိုပြီး လာဘ်ထိုးတာပါ။ ပညာတတ်လူငယ်ဖု စိတ်ချလက်ချ စားပါ"
ဖုမင်ဇယ်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်ကာ "ဒါဆိုလည်း ကျွန်တော် အားမနာတော့ဘူးနော်"
သူက တူကိုကောက်ကိုင်ကာ ဖြည်းဖြည်းမှန်မှန် စတင်စားသောက်လေတော့သည်။
တစ်မနက်လုံး ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေရသဖြင့် အမှန်တကယ်တွင် သူ ဗိုက်ဆာနေသည်မှာ ကြာပြီဖြစ်သည်။ အထူးသဖြင့် ခြံတံခါးဝတွင် ရပ်နေစဉ် ကြက်ဥမုန့်ကြော်၏ မွှေးရနံ့ကို ရှူရှိုက်လိုက်ရချိန်တွင် ဗိုက်ထဲမှ မြည်လုမတတ် ဆာလောင်မှုက ချက်ချင်း ပေါ်ပေါက်လာခဲ့လေသည်။
ကြက်ဥမုန့်ကြော်မှာ ကြွပ်ရွကာ ဆားပေါ့ပေါ့နှင့် မွှေးပျံ့နေပြီး ပဲတီစိမ်းဟင်းချိုမှာလည်း အနည်းငယ် အေးသွားပြီဖြစ်ကာ ချိုမြိန်နေသဖြင့် ကြက်ဥမုန့်ကြော်နှင့် တွဲဖက်စားသောက်ရာတွင် အံဝင်ခွင်ကျ ဖြစ်နေလေသည်။
သူတို့နှစ်ယောက်စလုံးက ကောင်းမွန်သော စားသောက်မှုအလေ့အထ ရှိကြသဖြင့် ထမင်းစားနေချိန်တွင် စကားတစ်ခွန်းမှ မပြောကြသလို အသံလည်း သိပ်မထွက်ကြချေ။ ဖုမင်ဇယ်၏ ပန်းကန်ထဲတွင် မုန့် ၂ ချပ် ရှိပြီး သူ မုန့်စားပြီးကာ ပဲတီစိမ်းဟင်းချို သောက်လိုက်ချိန်တွင် ရှန်မော့အာ၏ မုန့် ၁ ချပ်မှာ သုံးပုံတစ်ပုံခန့် ကျန်နေသေး၏။
ရှန်မော့အာက မုန့်နှင့် ပဲတီစိမ်းဟင်းချို အကုန်စားသောက်ပြီးသွားသောအခါ ဖုမင်ဇယ်သည် ကိုယ်တိုင် ပန်းကန်များကို သိမ်းဆည်းကာ ဆေးကြောရန် ပြင်ဆင်ရင်း ပြောလိုက်လေသည်။ "မင်း ဟင်းချက်ထားတာဆိုတော့ ပန်းကန်တွေကို ကျွန်တော်ပဲ ဆေးလိုက်ပါ့မယ်"
ရှန်မော့အာက သူ့လက်ထဲမှ ပန်းကန်များကို ပြန်ယူလိုက်ပြီး "နောက်တစ်ခါမှပဲ ဆေးပါ။ ရှင့်လက်မှာ ဒဏ်ရာရထားတာ မဟုတ်ဘူးလား။ ပန်းကန် နည်းနည်းလေးကို ခဏလေးဆေးလိုက်ရင် ပြီးသွားမှာပါ"
ဖုမင်ဇယ်က သူကိုယ်တိုင်ပင် မေ့နေခဲ့သော လက်ခုံပေါ်ရှိ ဒဏ်ရာနှစ်ခုကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်များက အလိုအလျောက် ကွေးတက်သွားလေသည်။ သူကလည်း အလကား မနေဘဲ တံမြက်စည်းယူကာ ကြမ်းပြင်ကို လှည်းကျင်းပေးလိုက်၏။
သူတို့နှစ်ယောက်သည် အလုပ်လုပ်ရင်းဖြင့် နောက်ပိုင်းအတွက် "စာသင်ကြားမည့် အစီအစဉ်" ကို တိုင်ပင်ဆွေးနွေးလိုက်ကြသည်။ နေ့ခင်းဘက်တွင် ကိုယ်စီ အလုပ်များကြသဖြင့် နေ့လယ်နှင့် ညနေပိုင်း၌သာ အားလပ်ကြလေသည်။ အခြားသူများ၏ အတင်းပြောခြင်းကို ရှောင်ရှားနိုင်ရန်အတွက် ရှန်မော့အာက အဒေါ်ကြီးချန် အိမ်မှ မူလတန်းတက်နေသော မြေးနှစ်ယောက်ကိုပါ အိမ်စာလာလုပ်ရန် ခေါ်ထားဖို့ ပြင်ဆင်ထားလိုက်၏။
ကိစ္စများကို တိုင်ပင်ပြီးနောက် ဖုမင်ဇယ်က မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်ချိန်တွင် ရှန်မော့အာက သူ့ကို ခဏစောင့်ခိုင်းပြီး အိမ်ထဲသို့ လှည့်ဝင်သွားကာ ပစ္စည်းတစ်ခုကို ယူထုတ်လာခဲ့သည်။ "ဒါက အပူလောင်ရင် လိမ်းတဲ့ဆေးပါ။ တခြားဒဏ်ရာတွေ လိမ်းရင်လည်း ရတယ်။ အာနိသင် တော်တော်ကောင်းတယ်။ ပညာတတ်လူငယ်ဖု ဒါလေး ယူသွားပြီး စမ်းလိမ်းကြည့်ပါလား"
ဖုမင်ဇယ်က ငုံ့ကြည့်လိုက်သောအခါ သူမ၏ ဖြူနုပြီး ပန်းသွေးရောင်သန်းနေသော လက်ဖဝါးထဲတွင် လုံးဝန်းဖောင်းမို့နေသော ဂုံးခွံဆီဗူးလေးကို မြင်လိုက်ရသဖြင့် အံ့သြသွားပြီး မေးလိုက်မိသည်။ "ဒါက အပူလောင်လိမ်းဆေးလို့ မင်း ပြောတာလား"
ရှန်မော့အာက ရှင်းပြလိုက်၏။ "ဒီဂုံးခွံဆီက အစောကြီးကတည်းက ကုန်သွားတာပါ။ ဆေးကြောပြီး အခြောက်ခံထားတာ။ ကျွန်မ အပူလောင်လိမ်းဆေး နည်းနည်းကို ဒီထဲမှာ ထည့်ထားတာပါ"
အပူလောင်လိမ်းဆေးဟု ဆိုသော်ငြားလည်း အမှန်တကယ်တွင် ထိုဆေးသည် သာ့လျန်မင်းဆက်ခေတ်က နန်းတွင်းသမားတော်ကြီး ကိုယ်တိုင် ဖော်စပ်ထားသော ဆေးဆီဖြစ်ပြီး ထိခိုက်ဒဏ်ရာ၊ အပူလောင်၊ မီးလောင် စသည့် မည်သည့်ဒဏ်ရာမျိုးကိုမဆို လိမ်းကျံအသုံးပြုနိုင်လေသည်။
သို့သော် ထိုဆေးဆီကို ထည့်ထားသော ဗူးလေးမှာ အလွန်တရာ လက်ရာမြောက်လွန်းလှသည်တွင် အိမ်ဆောက်ရန် ရှိသမျှငွေ အကုန်သုံးထားပြီး ချည်စောင်သစ်တစ်ထည်ပင် မဝယ်နိုင်လောက်အောင် ဆင်းရဲနေသည့် မိသားစုမျိုးနှင့် မအပ်စပ်ချေ။ မူလခန္ဓာကိုယ်ပိုင်ရှင် ချန်ထားရစ်ခဲ့သော ဂုံးခွံဟောင်းလေး အနည်းငယ် ရှိနေသဖြင့် ရှန်မော့အာက ထိုခွံလေးများကို ဆေးကြောသန့်စင်ကာ ဆေးအနည်းငယ် ထည့်၍ အရေးပေါ်သုံးရန် အပြင်တွင် ထားထားခြင်း ဖြစ်သည်။
မူလက ဖုမင်ဇယ်၏ အတွေးထဲတွင် သူ၏လက်ပေါ်မှ သေးငယ်သော ဒဏ်ရာလေးများကို လုံးဝ ဂရုစိုက်စရာမလိုဘဲ မနက်ဖြန် သို့မဟုတ် သန်ဘက်ခါဆိုလျှင် သူ့အလိုလို ပျောက်ကင်းသွားလိမ့်မည်ဟု ခန့်မှန်းထားသဖြင့် မည်သည့်ဆေးကိုမျှ လိမ်းရန် စဉ်းစားမထားခဲ့ချေ။
သို့သော် လုံးဝန်းဖောင်းမို့နေသော ထိုဂုံးခွံဗူးလေးကို မြင်လိုက်ရသောအခါ သူသည် မနေနိုင်ဘဲ လှမ်းယူလိုက်မိလေသည်။
ဖုမင်ဇယ်က ဂုံးခွံဗူးကို ဖွင့်ကြည့်လိုက်သောအခါ အဝါနုရောင် ဆေးနှစ်ကို တွေ့လိုက်ရသည်။ ရုတ်တရက်ကြည့်လိုက်လျှင် ဂုံးခွံဆီနှင့်ပင် တူနေပြီး အနံ့ခံကြည့်လိုက်သောအခါ မွှေးပျံ့သော ရနံ့သင်းသင်းလေး ထွက်လာသည်။ သူက ဆေးအနည်းငယ်ကို လက်ခုံပေါ်သို့ လိမ်းကြည့်လိုက်သောအခါ အေးမြမြလေးနှင့် အတော်လေး သက်တောင့်သက်သာ ရှိသွားလေသည်။
"ဒါလေး ရှင့်ကို ပေးလိုက်မယ်။ ရှင် သိမ်းထားပြီး မနက်ဖြန် မပျောက်သေးရင် နည်းနည်း ထပ်လိမ်းလိုက်ပါ" ရှန်မော့အာက ပြောလိုက်၏။
ဖုမင်ဇယ်က ခေါင်းငြိမ့်ပြလိုက်ပြီး ထပ်မံငြင်းဆန်ခြင်း မပြုတော့ဘဲ ဆေးဗူးကို တိုက်ရိုက်ပင် သိမ်းဆည်းလိုက်လေသည်။ ထို့နောက် ယူလာသော ဝါးခြင်းတောင်းထဲမှ စက္ကူအိတ်တစ်အိတ်ကို ထုတ်ယူကာ ရှန်မော့အာကို ကမ်းပေးရင်း ပြောလိုက်၏။ "မင်းပေးတဲ့ လက်ဆောင်အတွက် ကျွန်တော် ပြန်ပေးတဲ့ လက်ဆောင်ပါ"
လက်သည်းခွံထက် အနည်းငယ်မျှသာ ကြီးသော ဆေးဗူးလေးတစ်ဗူးကို လက်ဆောင်ပေးလိုက်ရုံဖြင့် သူက ချက်ချင်းပင် လက်ဆောင်ပြန်ပေးလိမ့်မည်ဟု ရှန်မော့အာ ထင်မထားခဲ့ချေ။ စက္ကူအိတ်မှာ ဖောင်းကားနေသဖြင့် အတွင်းတွင် ပစ္စည်းအတော်များများ ပါဝင်ပုံရလေသည်။
သို့သော် သူမက ချက်ချင်း သတိထားမိသွားသည်။ လက်ဆောင်ပြန်ပေးသည်ဆိုခြင်းမှာ ဆင်ခြေတစ်ခုသာ ဖြစ်ပြီး ပစ္စည်းများကို အစောကြီးကတည်းက ပြင်ဆင်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း အတူတူ ထမင်းစားရန် ခေါ်လိုက်ချိန်တွင် သူက တစ်ခွန်းမျှ မငြင်းဆန်ခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ရှန်မော့အာက ပြောလိုက်လေသည်။ "ကျွန်မက ဆရာ့ကို ကန်တော့ကြေးတောင် မပေးရသေးဘဲ ဆရာ့ဆီက လက်ဆောင်ပြန်ယူရတာ သိပ်မသင့်တော်ဘူး ထင်ပါတယ်"
ဖုမင်ဇယ်က သူမကို ကြည့်လိုက်ပြီး သူ၏မျက်ဝန်းအိမ်၌ အပြုံးရိပ်များ စွန်းထင်းနေပြီး ပြောလိုက်၏။ "နားမလည်တဲ့နေရာလေးတွေကိုပဲ သင်ပေးရမှာဆိုတော့ ဆရာလို့ မခေါ်လောက်ပါဘူး"
ရှန်မော့အာက ခိုင်မာသော အကြောင်းပြချက်ဖြင့် ပြောလိုက်လေသည်။ "နားမလည်တဲ့နေရာတွေက ရှင်ထင်ထားတာထက် ပိုများနေနိုင်တယ်လေ"
ဖုမင်ဇယ်က ကိုယ်တိုင်ပင် စက္ကူအိတ်ကို ဖွင့်လိုက်ပြီး အလွန်သပ်ရပ်စွာ ခေါက်ထားသော နေဗီပြာရောင် ချည်ထည်တစ်စကို ထုတ်ယူလိုက်ကာ "မင်းနဲ့ ဦးလေး၇ တို့က ကူပွန်စုပြီး စောင်သစ်ချုပ်ဖို့ ချည်ထည်ဝယ်ချင်နေတာ မဟုတ်ဘူးလား။ ဒီချည်ထည်က အိပ်ရာခင်းတစ်စုံ ချုပ်ဖို့ လောက်ပါတယ်"
ဤကမ္ဘာတွင် ချည်ထည်ရရှိရန် မည်မျှခက်ခဲကြောင်းကို ရှန်မော့အာ ကောင်းကောင်း သိနေသည်။ ယခင်က လျိုယင်းရွှမ်းသည် ကူပွန်မလိုသော အပြစ်အနာအဆာပါသည့် အထည်စများကို ဝယ်ယူနိုင်ရန်အတွက် ကုန်စုံဆိုင်မှ အရောင်းဝန်ထမ်းနှင့် အကြီးအကျယ် ရန်ဖြစ်ခဲ့ရသေးသည် မဟုတ်ပါလား။
ရတနာတိုက်ခန်းထဲတွင် ပိုးထည်နှင့် ဖဲထည်များ မပူပန်ရသော်လည်း အခြေခံအကျဆုံးဖြစ်သော ချည်ထည် သို့မဟုတ် လျှော်ထည်များ လုံးဝမရှိချေ။
ရှန်ရှောက်ယွမ်က ရွှီဝေကော်ကို အကူအညီတောင်းကာ ချည်ထည်ကူပွန်များ လဲလှယ်ခိုင်းထားခဲ့သော်လည်း အချိန်တော်တော် ကြာသွားသည့်တိုင် အထည်ပေအနည်းငယ်မျှသာ လဲလှယ်နိုင်ခဲ့ပြီး အိပ်ရာခင်းတစ်စုံ ချုပ်ရန်အတွက်မူ အလွန်အလှမ်းဝေးနေဆဲပင်။
ဖုမင်ဇယ်က အခြားပစ္စည်းတစ်ခုခုကို လက်ဆောင်ပေးလာလျှင် ရှန်မော့အာက ဘာပဲဖြစ်ဖြစ် သေချာပေါက် လက်ခံမည် မဟုတ်ပေ။ သို့သော် ယခု သူပေးလာသည်မှာ ချည်ထည်ဖြစ်နေပြီး အိပ်ရာခင်းတစ်စုံ ချုပ်ရန် အနေတော်ဖြစ်နေသဖြင့် ရှန်မော့အာမှာ ငြင်းဆန်မည့်စကားများကို ပြောထွက်နိုင်စွမ်း မရှိတော့ချေ။
"ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်။ ပညာတတ်လူငယ်ဖု၊ လက်ဆောင်ဆိုရင်တော့ ကျွန်မ သေချာပေါက် လက်ခံလို့မရဘူး။ ဒါပေမဲ့ ကျွန်မတို့အိမ်မှာ တကယ်လိုအပ်နေတာမလို့ ရှင်နဲ့ လဲလှယ်ရင် ရမလား။ ငွေနဲ့ ကူပွန် ပေါင်းလိုက်ရင် စုစုပေါင်း ဘယ်လောက်ကျမလဲဆိုတာ ရှင် တွက်ကြည့်လိုက်ပါလား"
'လဲလှယ်မယ်ဆိုပေမယ့် တကယ်တော့ ဖုမင်ဇယ်ကို ငွေဘယ်လောက်ပေးရင် သင့်တော်မလဲလို့ တွက်ခိုင်းတာပဲလေ' ရှန်မော့အာသည် စဉ်းစားခန်းဖွင့်ပြီးနောက် ဤအိပ်ရာခင်းချည်ထည်ကို ရရှိမည့် အခွင့်အရေးကို သူမ တကယ်ပင် လက်မလွှတ်နိုင်ကြောင်း ခံစားလိုက်ရသည်။
ဖုမင်ဇယ်က ငွေမလိုကြောင်း ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ရှန်မော့အာက ဖြည့်စွက်ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။ "ပညာတတ်လူငယ်ဖု၊ ပြီးခဲ့တဲ့တစ်ခေါက်က ရှင်ကိုယ်တိုင်ပဲ ရှင့်မှာ ငွေကြေးကျပ်တည်းနေတယ်လို့ ပြောခဲ့တယ်လေ။ တကယ်လို့ ပိုက်ဆံမယူဘူးဆိုရင် ကျွန်မ သေချာပေါက် လက်ခံမှာ မဟုတ်ဘူးနော်"
ဖုမင်ဇယ်မှာ အခိုက်တန့် ပြောစရာစကား ပျောက်သွားပြီးမှ ပြောလိုက်၏။ "ဒါက ငွေကြေးအဆင်ပြေတဲ့ ကျွန်တော့်သူငယ်ချင်းက ပို့ပေးလိုက်တာပါ။ ကျွန်တော့်မှာ အရင်အိပ်ရာခင်းက အကောင်းအတိုင်း ရှိနေသေးတော့ တကယ်ကို မလိုလို့ပါ။ သူများပစ္စည်းနဲ့ မျက်နှာလုပ်တာပါ"
သူ့တွင် ငွေကြေးအဆင်ပြေသော ရင်းနှီးသည့် သူငယ်ချင်းတစ်ယောက် ရှိကြောင်း ယခင်တစ်ခေါက်က သူပြောခဲ့ဖူးသည်ကို ရှန်မော့အာ မှတ်မိနေသေးသည်။ ပညာတတ်လူငယ်ဖု ငွေကြေးကျပ်တည်းနေသည်ကို သိသဖြင့် ထိုသူငယ်ချင်းက သူ့ထံသို့ ကိုယ်တိုင်ကိုယ်ကျ ပစ္စည်းများ ပို့ပေးလိုက်ခြင်း ဖြစ်ပေမည်။
ထိုသို့ဖြစ်နေလျှင်တောင်မှ ရှန်မော့အာအနေဖြင့် ဖုမင်ဇယ်၏ ပစ္စည်းကို အလကားသက်သက် လက်ခံရန် ပိုပြီး မဖြစ်နိုင်တော့ချေ။
ကိုယ်အိမ်၏ အခြေအနေကို ကိုယ်တိုင်သာ အသိဆုံးဖြစ်လေသည်။ သူမတို့အိမ်က အပေါ်ယံကြည့်လျှင်သာ ဆင်းရဲနေသယောင် ရှိသော်လည်း အမှန်တကယ်တွင် ရတနာတိုက်ခန်းထဲ၌ ပစ္စည်းများစွာ ရှိနေလေသည်။ သေချာရှာဖွေကြည့်လျှင် ငွေနှင့်လဲလှယ်နိုင်သော ပစ္စည်းအချို့ကို သေချာပေါက် ရှာတွေ့နိုင်လိမ့်မည်။ ထို့အပြင် ယခုအခါ သူမနှင့် သူမအဖေတို့ နှစ်ယောက်စလုံး အလုပ်ရနေကြပြီဖြစ်သဖြင့် လစဉ်လစာ စုစုပေါင်း ၃၀ ယွမ် ရှိပြီး ဤပမာဏမှာ ရွာထဲတွင် ဝင်ငွေမြင့်မားသူများစာရင်း၌ ပါဝင်နေပြီ ဖြစ်လေသည်။
'ငါတို့သားအဖက အခုဆို ဆင်းရဲသားပုံစံကို ဘယ်လိုဆက်ထိန်းရမလဲဆိုတာကိုပဲ ခေါင်းကိုက်နေရတာလေ'
'ငါတို့အိမ်က တကယ်ဆင်းရဲတာမှ မဟုတ်တာ၊ တကယ်ပိုက်ဆံရှားပါးနေတဲ့လူရဲ့ ပစ္စည်းကို ဘယ်လိုလုပ် အလကားယူလို့ရမှာလဲ။ တွေးကြည့်လေလေ ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းသလို ခံစားရလေလေပဲ'
ရှန်မော့အာက တွေးကြည့်လိုက်လေလေ ရင်ထဲတွင် မလုံမလဲ ဖြစ်မိလေလေပင်။
သူမက ပြတ်ပြတ်သားသားပင် ငြင်းဆန်လိုက်၏။ "ပညာတတ်လူငယ်ဖု၊ တကယ်တော့ ဒီချည်ထည်ကို ရှင် အပြင်ထုတ်သွားရင် ရွာက တပ်ဖွဲ့ဝင်တွေဆီကနေ ပစ္စည်းအများကြီးနဲ့ လဲလှယ်လို့ ရတယ်။ ပြီးတော့ ရှင့်အတွက် အင်္ကျီအသစ်တစ်စုံတောင် ချုပ်လို့ ရသေးတာပဲ။ ရှင်က ကျွန်မကို လဲပေးဖို့ သဘောတူတာကိုက ကျေးဇူးတင်လို့ကို မဆုံးနိုင်တာ၊ ဘယ်လိုလုပ် မျက်နှာပြောင်တိုက်ပြီး အလကား ယူရက်မှာလဲ။ မကူညီနိုင်ရင်တောင်မှ ဒုက္ခရောက်နေသူကို ပိုပြီး ဒုက္ခရောက်အောင်တော့ မလုပ်နိုင်ပါဘူး"
ဖုမင်ဇယ်: "..."
'ငါ့ရဲ့ ဆင်းရဲသားပုံစံက ဒီလောက်ထိတောင် လူတွေရဲ့ စိတ်ထဲစွဲနေတာကို ဝမ်းသာရမလားတောင် မသိတော့ပါဘူး'
ဖုမင်ဇယ်က ရှန်မော့အာကို ဖျောင်းဖျလို့မရတော့သဖြင့် နောက်ဆုံးတွင် အပေးအယူလုပ်ကာ အမှန်တကယ်ဈေးထက် သုံးပုံတစ်ပုံ လျှော့၍ ဈေးပြောလိုက်ရလေသည်။ "ပြီးခဲ့တဲ့တစ်ခေါက်က မင်းကိုယ်တိုင်ပဲ ပြောခဲ့တယ်လေ၊ မင်းတို့မိသားစု ငွေကြေးကျပ်တည်းနေတယ်ဆို။ အိမ်သစ်ဆောက်ဖို့ ငွေလည်း သိပ်မလုံလောက်ဘူးဆိုတော့ အိမ်ဆောက်ပြီးရင်လည်း ငွေအများကြီး ကျန်တော့မှာ မဟုတ်ဘူး။ နောက်ပိုင်း ပရိဘောဂတွေ၊ အသုံးအဆောင်တွေ ဝယ်ဖို့ကလည်း ငွေအများကြီး ထပ်ကုန်ဦးမှာပဲ။ ကျွန်တော့်မှာ ငွေကြေးအဆင်ပြေတယ်လို့ မဆိုနိုင်ပေမယ့် စားသောက်နေထိုင်တာက ပညာတတ်လူငယ်များစခန်းမှာဆိုတော့ ပုံမှန်ဆို ငွေကုန်စရာနေရာ သိပ်မရှိဘူး။ တွက်ကြည့်မယ်ဆိုရင်တော့ တကယ်တမ်း မင်းတို့ထက် အခြေအနေ နည်းနည်း ပိုကောင်းပါတယ်။ ဒါကြောင့် ရဲဘော် ရှန်မော့အာ၊ မင်း ကျွန်တော့်ကို အားနာနေစရာ မလိုပါဘူး"
ရှန်မော့အာ: "..."
'ဟုတ်တယ်၊ ငါတို့အိမ်က အုတ်ခဲ ၆ တောင်းအတွက်နဲ့ အသက်စွန့်ရဲလောက်အောင်ကို ဆင်းရဲတာလေ'
သူတို့နှစ်ယောက်တွင် တစ်ယောက်က တစ်ဖက်လူ၏ ငွေကြေးကျပ်တည်းမှုကို သက်သာစေရန် ငွေပိုယူစေချင်ပြီး အခြားတစ်ယောက်ကလည်း မူလကတည်းက ဆင်းရဲနေသော မိသားစုအပေါ် ပိုမိုကြီးမားသော စီးပွားရေးဖိအားများ မကျရောက်စေရန် ငွေလျှော့ပေးစေချင်နေကြသည်။ နှစ်ယောက်စလုံးက တစ်ဖက်လူကို နည်းမျိုးစုံဖြင့် ဖျောင်းဖျနိုင်ရန် ကြိုးစားနေကြပြီး နောက်ဆုံးရလဒ်အနေဖြင့် ရှန်မော့အာသည် ပေါက်ဈေးထက် လေးပုံတစ်ပုံ လျော့နည်းသော ဈေးနှုန်းဖြင့် ထိုချည်ထည်ကို ဝယ်ယူနိုင်ခဲ့လေသည်။
ငွေပေးပစ္စည်းယူ ပြုလုပ်ပြီးနောက် သူတို့နှစ်ယောက်စလုံးသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိကြလေသည်။
'မတတ်နိုင်ဘူးလေ၊ သူမ/သူ က ဆင်းရဲချင်ယောင် ဆောင်ရမှာကိုး'
ညနေပိုင်းတွင် အလုပ်မှပြန်လာသော ရှန်ရှောက်ယွမ်သည် ပညာတတ်လူငယ်ဖုက သူတို့မိသားစုအား အိပ်ရာခင်းတစ်စုံ ချုပ်ရန် လုံလောက်သော ချည်ထည်တစ်စကို လက်ဆောင်ပေးကြောင်း သိလိုက်ရသောအခါ ပညာတတ်လူငယ်ဖုမှာ အပြင်ပန်းတွင် အေးစက်စက်နိုင်သော်လည်း စိတ်ထားနွေးထွေးသူဖြစ်ကြောင်း ဝမ်းသာအားရ ချီးကျူးလိုက်လေသည်။ သူကိုယ်တိုင် အလွန်ဆင်းရဲနွမ်းပါးနေလျက်နှင့်ပင် သူတို့ထံမှ ငွေပိုမယူလိုသည်မှာ အလွန်တရာ မြင့်မြတ်သော စိတ်ထားပင်။
အိမ်သစ်ဆောက်ရာတွင် ကူညီပေးခဲ့သည့်အတွက် ရှန်ရှောက်ယွမ်သည် ဖုမင်ဇယ်အပေါ် အထင်အမြင် အတော်လေး ကောင်းမွန်နေခဲ့သည်။ ထို့အပြင် ဤလူငယ်လေး၏ ပညာအရည်အချင်းနှင့် စရိုက်လက္ခဏာမှာ အတော်လေး သင့်တင့်လျောက်ပတ်ပြီး ရုပ်ရည်ကလည်း လူတစ်ရာတွင် တစ်ယောက်သာရှိနိုင်လောက်အောင် ချောမောသူဖြစ်ကြောင်း သူ၏စိတ်ထဲတွင် တွေးတောမိလေသည်။ အရပ်ပုသူများထဲမှ အရပ်အရှည်ဆုံးသူကို ရွေးချယ်ရသကဲ့သို့ ယန်လျိုတပ်ဖွဲ့၊ ပို၍ပြောရလျှင် လျိုချောင်တပ်ဖွဲ့ တစ်ခုလုံး၌ သူ လက်ရှိ ထိတွေ့ဆက်ဆံဖူးသမျှ လူများထဲတွင်မူ တကယ်ကို အတော်အတန် သင့်တော်သော သမက်တော်လောင်းတစ်ယောက်ပင်။
သို့သော် ရှန်ရှောက်ယွမ်နှင့် ရှန်မော့အာတို့၏ အတွေးက အတူတူပင်ဖြစ်သည်။ ဖုမင်ဇယ်ကဲ့သို့ အနည်းငယ် မာနကြီးသော စရိုက်မျိုးဖြင့် အိမ်ပါသမက် အဖြစ် နေထိုင်လိုမည် မဟုတ်ကြောင်း သေချာနေလေသည်။ ထို့ကြောင့် သားအဖနှစ်ယောက်စလုံးက ဖုမင်ဇယ်ကို အတော်လေး ကောင်းသည်ဟု ယူဆထားသော်လည်း ဖုမင်ဇယ်ကို အိမ်ပါသမက်အဖြစ် လက်ခံရန် တကယ်တမ်း မစဉ်းစားဖူးကြချေ။
"ရွှီဝေကော်က လူတစ်ယောက်ကို မိတ်ဆက်ပေးတယ်။ ချည်မျှင်နှင့်အထည်စက်ရုံက စက်မှုဝန်ထမ်းတဲ့။ ကြားရသလောက်တော့ အခြေအနေ မဆိုးပါဘူး။ သီတင်းပတ်ကုန်ရင် တွေ့လို့ရမလားလို့ မေးနေတယ်" ညဘက် ထမင်းစားချိန်တွင် ရှန်ရှောက်ယွမ်က ရွှီဝေကော် အကူအညီဖြင့် သူမအတွက် ယောက်ျားလေးတစ်ယောက်ကို မိတ်ဆက်ပေးသည့်ကိစ္စကို ပြောပြလိုက်လေသည်။
"ရတယ်လေ" ရှန်မော့အာက ပြန်ဖြေလိုက်၏။
သူမက မူလကတည်းက သီတင်းပတ်ကုန်လျှင် အိမ်အတွက် လိုအပ်သော ပစ္စည်းအချို့ကို တပ်ဖွဲ့ရုံးသို့ သွားဝယ်ရန် ပြင်ဆင်ထားသဖြင့် လမ်းကြုံခိုက် ဝင်တွေ့လိုက်လျှင်လည်း မည်သည့်ကိစ္စမှ နှောင့်နှေးသွားမည် မဟုတ်ချေ။
ရှန်မော့အာက တွေးလိုက်လေသည်။ များများတွေ့ကြည့်ရမယ်။ လူများများတွေ့ရင် ပညာတတ်လူငယ်ဖုလို ချောတဲ့သူတစ်ယောက်ယောက်နဲ့များ ဆုံနိုင်မလား မပြောနိုင်ဘူးလေ။
...
အပိုင်း (၃၄) တနင်္ဂနွေနေ့ မနက်ခင်း...
တနင်္ဂနွေနေ့ မနက်ခင်းတွင် ရှန်မော့အာသည် အဖာအထေးအနည်းဆုံး အဝတ်အစားတစ်စုံကို တမင်ရွေးချယ်ဝတ်ဆင်လိုက်သည်။ သူမ၏ ဆံပင်ကို ကျစ်ဆံမြီးကျစ်ကာ ဖဲကြိုးနီလေးတစ်ချောင်းဖြင့် စည်းနှောင်ထားပြီး မျက်နှာပေါ်တွင်လည်း ရတနာတိုက်ခန်းထဲ၌ သိမ်းဆည်းထားသော မျက်နှာချေများကို အနည်းငယ် လိမ်းခြယ်ထားလိုက်ရာ သူမတစ်ကိုယ်လုံးမှာ လန်းဆန်းတက်ကြွပြီး လှပနေလေသည်။
ဆောင်းဦးလယ်ပွဲတော်နှင့် အမျိုးသားနေ့တို့မှာလည်း မဝေးတော့သဖြင့် တပ်ဖွဲ့၏ ဝါဒဖြန့်ချိရေး လုပ်ငန်းစဉ်များမှာ အလွန်တာဝန်ကြီးမားနေလေသည်။ လူအင်အားငှားရမ်းရာတွင် အုတ်ဖုတ်ဖိုအထိပင် ငှားရမ်းရသဖြင့် တနင်္ဂနွေနေ့ ဖြစ်နေသော်ငြားလည်း ရှန်ရှောက်ယွမ်ကမူ တပ်ဖွဲ့သို့ အချိန်ပိုဆင်းရန် သွားရပေလိမ့်မည်။ သားအဖနှစ်ယောက်သည် မနက်စာကို ရိုးရိုးရှင်းရှင်း စားသောက်ပြီးနောက် ဝါးခြင်းတောင်းများကို လွယ်ကာ မြည်းလှည်းစီးရန်အတွက် ဘေးဘက်ရှိ တပ်ဖွဲ့ရုံးဝင်းဆီသို့ ထွက်လာခဲ့ကြသည်။
ပုံမှန် အလုပ်သွားရက်များတွင် ခြေလျင်လျှောက်သွားလေ့ရှိသော်လည်း တပ်ဖွဲ့၌ ဈေးနေ့နှင့် ကြုံကြိုက်သော နေ့များတွင်သာ ဦးလေးလျိုက လူတိုင်းကို မြည်းလှည်းဖြင့် လိုက်ပို့ပေးလေ့ရှိသည်။ ရှန်ရှောက်ယွမ်သည် သူ၏သမီးလေးကို မပင်ပန်းစေချင်သဖြင့် တပ်ဖွဲ့တွင် ဈေးနေ့ရှိသောရက်ကို ရွှီဝေကော်ကို တမင်ရွေးချယ်ချိန်းဆိုခိုင်းခဲ့သည်။
မြည်းလှည်းပေါ်တွင် အဒေါ်ကြီးအချို့ ထိုင်နေကြပြီးဖြစ်ကာ ကျိန့်ကျားမင်ကဲ့သို့သော လူငယ်လေးတစ်ယောက်က သူတို့အလယ်တွင် ဝင်ထိုင်နေခြင်းမှာ လုံးဝ အမြင်မရိုင်းသည့်အပြင် အလွန်ပင် လိုက်ဖက်ညီနေပြီး အဒေါ်ကြီးများနှင့် အားပါးတရ စကားစမြည် ပြောဆိုနေလေသည်။
ရှန်မော့အာတို့ကို မြင်လိုက်သည်နှင့် ကျိန့်ကျားမင်က ချက်ချင်း လက်ဝှေ့ယမ်းပြလိုက်သည်။ "ရဲဘော်ရှန်... ရှန်ဦးလေး၇..."
ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့ ထိုင်လိုက်သည်နှင့် သူက ရှန်ရှောက်ယွမ်၏ ဘေးသို့ ချက်ချင်း တိုးကပ်သွားပြီး "ဦးလေး၇... ဒီနေ့ တပ်ဖွဲ့မှာ ဈေးသွားဝယ်မလို့လား" ဟု မေးလိုက်ရာ ဦးလေး၇ ဟူသော ခေါ်ဝေါ်သံမှာ အလွန်ပင် သဘာဝကျချောမွေ့နေလေသည်။
ရှန်ရှောက်ယွမ်က ပြန်ဖြေလိုက်၏။ "ဦးလေးက အချိန်ပိုသွားဆင်းမလို့ကွ။ မော့အာကတော့ ပစ္စည်းနည်းနည်းပါးပါး သွားဝယ်မလို့လေ"
ကျိန့်ကျားမင်က ချက်ချင်းပင် တက်ကြွစွာဖြင့် ပြောလိုက်သည်။ "ရဲဘော်ရှန်မော့အာ... နောက်ကျရင် ပစ္စည်းတွေဝယ်ပြီး သယ်လို့မနိုင်ရင် ကျွန်တော့်ကို အကူအညီလှမ်းခေါ်လိုက်နော်"
အချိန်အတော်အတန်ကြာသော် ဦးလေးလျိုသည် နောက်ထပ် လာမည့်သူ မရှိလောက်တော့ဟု ခန့်မှန်းလိုက်ပြီးနောက် မြည်းကို မောင်းနှင်လိုက်တော့သည်။
ကျိန့်ကျားမင်သည် အဒေါ်ကြီးများ၏ သဘောကျနှစ်သက်မှုကို အတော်လေး ရရှိထားပုံပေါ်ပြီး မကြာမီမှာပင် အဒေါ်ကြီးတစ်ယောက်က သူ့ကို စကားစပြောလာသည်။ "မင်းတို့ ပညာတတ်လူငယ်စခန်းက ပညာတတ်လူငယ်ယန်နဲ့ ပညာတတ်လူငယ်ရှီတို့ ဘယ်တော့ မင်္ဂလာဆောင်ကြမှာလဲ။ အဲဒီနေ့က ငါတို့အားလုံး မြင်လိုက်ကြတယ်လေ။ အဲဒီလောက်ထိ ဖြစ်သွားကြမှတော့ သေချာပေါက် လက်ထပ်ရမှာပဲ မဟုတ်လား။ အခုကြည့်ရတာ ဆောင်းဦးရိတ်သိမ်းချိန်တောင် ရောက်တော့မယ်။ မြန်မြန်ဆန်ဆန် မလုပ်ရင် ဆောင်းဦးရိတ်သိမ်းချိန်ကျရင် အဆင်ပြေမှာ မဟုတ်ဘူးနော်"
ထိုအကြောင်းကို ပြောလာသောအခါ ကျိန့်ကျားမင်သည် အနေခက်သွားသော်လည်း ယဉ်ကျေးသော အပြုံးလေးကို ပြုံးပြလိုက်ပြီး "သူတို့နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် မောင်နှမတွေလိုပဲ သဘောထားတယ်လို့ ပြောကြတယ်ဗျ"
ရှီဝေကမူ သူသည် ယန်ချင်းချင်းကို ညီမလေးတစ်ယောက်လိုသာ အမြဲသဘောထားခဲ့ကြောင်း၊ ထို့အပြင် ထိုအချိန်က လူကိုကယ်ဆယ်ရန် အရေးပေါ်အခြေအနေအရ လုပ်ဆောင်ခဲ့ရခြင်းသာဖြစ်ပြီး ဤကိစ္စသေးသေးလေးကြောင့်နှင့် လက်ထပ်လိုက်၍မဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ပါက အနာဂတ်တွင် နောင်တရစရာ အိမ်ထောင်ရေးသာ ဖြစ်လာနိုင်ကြောင်း ပြောဆိုခဲ့သည်။
ယန်ချင်းချင်းကလည်း သူတို့သည် ခေတ်ပြောင်းတော်လှန်ရေး ရဲဘော်ရဲဘက်များအကြား အပြန်အလှန် ကူညီရိုင်းပင်းခြင်းသာဖြစ်ပြီး ယောကျ်ားမိန်းမ ခွဲခြားမှုကို ပြောဆိုလာသူတိုင်းသည် ပဒေသရာဇ်ခေတ်၏ အကျင့်ဆိုးများကို လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။
တကယ်တမ်းတော့ ထိုသူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် သဘောမကျကြဘဲ နှစ်ယောက်လုံးက အချင်းချင်း လက်မထပ်ချင်ကြကြောင်းကို လူတိုင်းက ရိပ်မိနေကြလေသည်။ ယခင်က အဘယ်ကြောင့်များ ထိုမျှလောက် ရင်းနှီးခဲ့ကြသည်ကိုမူ မည်သူမျှ မသိကြချေ။
စကားပြောနေသော အဒေါ်ကြီးက အာမေဋိတ်သံပြုလိုက်ပြီး "မောင်နှမတွေတဲ့လား။ ဒီလိုပြောရမယ်ဆိုရင် လူဆိုးလူမိုက်တွေတောင်မှ သူတို့ကိုယ်သူတို့ မောင်နှမတွေပါလို့ ပြောကြမှာပဲပေါ့"
အဒေါ်ကြီးက မျက်စပစ်ပြကာ မေးလိုက်သည်။ "အဲဒီနေ့က ပညာတတ်လူငယ်ယန်က ပညာတတ်လူငယ်ရှီကို ဖမ်းဆွဲထားတုန်းက ပါးစပ်ကနေ အော်ခေါ်နေတာက ပညာတတ်လူငယ်ဖုကိုလေ။ ပညာတတ်လူငယ်ယန်က ပညာတတ်လူငယ်ရှီကို သဘောမကျဘဲ ပညာတတ်လူငယ်ဖုကို သဘောကျနေတာများလား။ ကျွတ်... ကျွတ်... ကျွတ်... ရှေးလူကြီးတွေ ပြောသလိုပဲ မိန်းကလေးတွေက ချောမောတာကို နှစ်သက်တတ်ကြတယ်တဲ့။ ပညာတတ်လူငယ်ဖုက ပညာတတ်လူငယ်ရှီထက် အများကြီး ပိုချောတာကိုး"
အခြားသော အဒေါ်ကြီးများကလည်း ကိစ္စရပ်၏ အမှန်တရားကို စောစောစီးစီးကပင် သိမြင်ထားပြီးဖြစ်သည့်ဟန်ဖြင့် တခဲနက် ထောက်ခံလိုက်ကြသည်။ ကျိန့်ကျားမင်ကမူ ဖုမင်ဇယ်အတွက် စိတ်ထဲမှ တိတ်တဆိတ် သနားသွားမိပြီး အချည်းနှီးဖြစ်မည့် ရှင်းပြစကားတစ်ခွန်းကို ကူညီပြောပေးလိုက်၏။ "ဒီကိစ္စက ပညာတတ်လူငယ်ဖုနဲ့ ဘာမှမဆိုင်ပါဘူးဗျာ။ သူနဲ့ ယန်ချင်းချင်းတို့ရဲ့ ဆက်ဆံရေးက သာမန်ပါပဲ"
အဒေါ်ကြီးက လက်ကာပြလိုက်ပြီး "အယ်... အဲဒါက ဘာခေါ်မလဲ။ ကြွေကျလာတဲ့ ပန်းပွင့်လေးက ဆန္ဒရှိနေပေမဲ့ စီးဆင်းနေတဲ့ ရေကတော့ အဲဒီလိုဆန္ဒ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးမလား။ ငါ နားလည်ပါတယ်"
ကျိန့်ကျားမင်က တိုးညင်းသောအသံဖြင့် ပြင်ပေးလိုက်သည်။ "ပန်းမှာသာအဆင်၊ ရေမှာအကြင် မရှိတာပါဗျာ"
အဒေါ်ကြီး: "အဲဒီအဓိပ္ပာယ်ပဲ မဟုတ်ဘူးလား"
ကျိန့်ကျားမင်သည် ဆက်လက်ငြင်းခုန်ရန် အင်အားမရှိတော့သဖြင့် ရှန်ရှောက်ယွမ်ထံသို့ အမြန်လှည့်ကာ စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "ဦးလေး၇... ဘာလို့ တနင်္ဂနွေနေ့တောင် အချိန်ပိုဆင်းနေရတာလဲ။ အုတ်ဖုတ်ဖိုရဲ့ ဝါဒဖြန့်ချိရေး အလုပ်တွေက အဲဒီလောက်တောင် များနေလို့လား။ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော် မင်ဇယ်နဲ့အတူ တပ်ဖွဲ့ကိုသွားတုန်းက အုတ်ဖုတ်ဖိုအပြင်ဘက်မှာ ဦးလေးရေးထားတဲ့ စာတန်းတွေကို တွေ့ခဲ့တယ်။ အဲဒီလက်ရေးကလေ... ကျွတ်... ကျွတ်... တကယ့်ကို လှတာပဲဗျာ"
ကျိန့်ကျားမင်က လက်မထောင်ပြလိုက်ပြီး ဆက်ပြောလေသည်။ "စာတန်းတွေအကြောင်း မပြောသေးဘူးထား။ နံရံပေါ်မှာ ပန်းချီကားတွေပါ ဆွဲထားသေးတာ။ အဲဒီ အလုပ်သမား၊ လယ်သမား၊ စစ်သား ပုံရိပ်တွေ ဆွဲထားတာများ တကယ့်ကို အသက်ဝင်နေတာပဲ။ ကြည့်ရတာ အရမ်းကို တက်ကြွနေတာပဲ။ ဦးလေး၇... ဦးလေးက တကယ့်ကို တော်တာပဲဗျာ"
ရှန်ရှောက်ယွမ်က ရယ်မောလိုက်ပြီး "မဆိုးပါဘူးကွာ"
မြှောက်ပင့်ပြောဆိုသော စကားများကို သူ အကြိမ်ကြိမ် ကြားဖူးခဲ့လေပြီ။ ပညာတတ်လူငယ်ကျိန့်၏ ဤမြှောက်ပင့်စကားများမှာ ဆန်းသစ်မှုမရှိသော်ငြားလည်း စေတနာအပြည့်အဝ ပါဝင်နေသဖြင့် ရှန်ရှောက်ယွမ်သည် သူ့အနေဖြင့် အဒေါ်ကြီးများ၏ ဖိအားကြောင့် စကားလမ်းကြောင်းလွှဲချင်၍ ပြောနေခြင်းဖြစ်မှန်း သိနေလျှင်တောင်မှ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်လေသည်။
ရှန်မော့အာသည် ရွာအဝင် ချောင်းစပ်တွင် ဖြစ်ပွားခဲ့သော ဤရယ်စရာဇာတ်လမ်းကို ကြားသိခဲ့ရသော်လည်း သူမသည် အဒေါ်ကြီးချိုက်တို့ထံမှ ကြားခဲ့ရခြင်းဖြစ်သည်။ အဒေါ်ကြီးချိုက်တို့မှာ နောက်ကျမှ ရောက်သွားခဲ့ကြသဖြင့် ရှေ့ပိုင်းတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို မသိခဲ့ကြပေ။
သို့သော်ငြားလည်း ရှန်မော့အာသည် ဖုမင်ဇယ်ကို စိတ်ထဲတွင် သနားသွားမိသည်။ ယန်ချင်းချင်းသည် တစ်နေ့ကုန် သူ့နောက်သို့ လိုက်နေရုံသာမက စိတ်မကြည်မလင် ဖြစ်နေသည့် အခြေအနေတွင်ပင် သူ့ကို နှောင့်ယှက်ရန် စဉ်းစားနေသေးသည်။ တစ်မိုးတည်းအောက်တွင် အတူနေထိုင်ရလျက်နှင့် ပညာတတ်လူငယ်ဖုတစ်ယောက် မည်သို့မည်ပုံ သည်းခံနေရမည်ကိုပင် မသိနိုင်တော့ချေ။
တပ်ဖွဲ့သို့ ရောက်ပြီးနောက် ရှန်ရှောက်ယွမ်သည် အလုပ်သို့ သွားလေသည်။ အချိန်စောနေသေးသဖြင့် ရှန်မော့အာသည် စာကလေးဈေးတန်းသို့ လမ်းလျှောက်ထွက်ခဲ့လိုက်သည်။
ယခင် အိမ်သစ်မဆောက်ရသေးမီက နောက်ပိုင်းတွင် ငွေမည်မျှ လိုအပ်မည်ကို သေချာမသိသဖြင့် သူတို့သည် ဘာပစ္စည်းမှ ထပ်မံမဖြည့်တင်းခဲ့ကြပေ။ ယခု အိမ်ဆောက်ပြီးသွားပြီဖြစ်ကာ ပေးချေရန်ရှိသော အကြွေးအသေးအမွှားများကိုလည်း ရှင်းလင်းပြီးဖြစ်သောကြောင့် ရှန်မော့အာ၏ လက်ထဲတွင် ငွေ (၈၃) ယွမ်နှင့် (၆) ကျောင် ကျန်ရှိနေသေးသဖြင့် အရေးတကြီး လိုအပ်သော ပစ္စည်းအချို့ကို ဝယ်ယူရန် ငွေ (၂၀) ယွမ်ကို ထုတ်သုံးဖို့ စဉ်းစားလိုက်လေသည်။
(*ကျောင် - ဒါကလဲ ငွေကြေးယူနစ်ပါပဲ။ republic ခေတ်ငွေကြေးတန်ဖိုးအရ ၁ယွမ်- ၁၀ကျောင်၊ ၁ကျောင် - ၁၀ဖန်၊ ဖန်= ဝမ်။ အမှားပါရင် စာစစ်သူ မင်မင် အမှားပါနော်)
တကယ်တမ်းတွင်တော့ မူလက ဒီထက်ပို၍ ကျန်နိုင်သေးသော်လည်း သန့်စင်ခန်းဆောက်လုပ်ရာတွင် ငွေအနည်းငယ် ထပ်မံကုန်ကျသွားခဲ့သည်။
ရှန်မော့အာသည် စာကလေးဈေးတန်းထဲတွင် တစ်ပတ်ပတ်ကြည့်လိုက်ပြီး အဘိုးအိုတစ်ဦးက သူကိုယ်တိုင် ရက်လုပ်ထားသော ကြိမ်သေတ္တာများကို ရောင်းချနေသည်ကို တွေ့လိုက်ရသည်။ ဒီဇိုင်းမှာ အနည်းငယ် ကြမ်းတမ်းသော်လည်း ကံကောင်းစွာဖြင့် ကုန်ကြမ်းပစ္စည်းများမှာ ခိုင်ခံ့ပြီး ရက်လုပ်ထားပုံမှာလည်း သေသပ်လေသည်။ သေတ္တာကို ပိတ်လိုက်ပြီးနောက် သော့ခတ်နိုင်သော လက်ကိုင်ငယ်လေးပင် ပါရှိသေးရာ အတော်လေး အသုံးတည့်ပုံပေါ်သည်။
"အဘိုး... ဒီသေတ္တာက ဘယ်လောက်လဲ"
အဘိုးအိုက အချိန်အတော်ကြာအောင် တွေဝေနေပြီးမှ တိုးညင်းသောအသံဖြင့် ပြန်ဖြေလေသည်။ "တစ်လုံးကို ၆ ယွမ်၊ နှစ်လုံးတစ်စုံကို ၁၁ ယွမ်ပါ"
ရှန်မော့အာက ဈေးကြီးသည်ဟု ထင်သွားမည်ကို စိုးရိမ်ဟန်ဖြင့် သူက ချက်ချင်းပင် ဆက်လက်ရှင်းပြလိုက်၏။ "သုံးထားတဲ့ ပစ္စည်းတွေက အကောင်းတွေချည်းပဲ။ အချိန်အများကြီးပေးပြီး ရက်လုပ်ထားတာ။ ပြီးတော့... ပြီးတော့... ဒီသေတ္တာရဲ့ ဒီဇိုင်းက ကျွန်တော့်မြေးမလေး ကိုယ်တိုင် စဉ်းစားထားတာမို့လို့ တခြားဘယ်ဆိုင်မှာမှ မရှိဘူး"
ရှန်မော့အာကမူ ဈေးကြီးသည်ဟု မထင်မိပေ။ အခြားအကြောင်းများကို မဆိုထားနှင့်။ ပစ္စည်းက အမှန်တကယ် ခိုင်ခံ့လှသည်။ သူမကို အံ့သြစေခဲ့သည်မှာ အဘိုးအိုသည် ကြောက်ရွံ့ပြီး ရိုးသားပုံပေါက်သော်လည်း စီးပွားရေးလုပ်တတ်မည်ဟု မထင်ထားခဲ့ခြင်းပင်။ တစ်လုံးကို (၆) ယွမ်၊ နှစ်လုံးတစ်စုံကို (၁၁) ယွမ်ဆိုသည်မှာ အမြတ်နည်းနည်းဖြင့် များများရောင်းရအောင် လူများကို ပိုဝယ်လာအောင် ဆွဲဆောင်သည့် နည်းဗျူဟာပင် မဟုတ်ပါလား။
ဖြစ်ချင်တော့ ယနေ့ သူမသည် ငွေ (၂၀) ယွမ်သာ သုံးစွဲရန် ပြင်ဆင်လာခဲ့သည်။ သေတ္တာတစ်စုံ ဝယ်လိုက်လျှင်ပင် (၁၁) ယွမ် ကုန်သွားမည်ဖြစ်သောကြောင့် ကျန်ရှိမည့်ငွေမှာ သိပ်များတော့မည် မဟုတ်ချေ။
"ဝယ်မှာလား... မဝယ်ဘူးလား... မဝယ်ရင် ဖယ်တော့။ လမ်းလာပိတ်နေတယ်" ခန္ဓာကိုယ် အနည်းငယ် ဝဖြိုးသော လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက လျှောက်လာပြီး ရှန်မော့အာကို တွန်းဖယ်ကာ ကြိမ်သေတ္တာရောင်းနေသော အဘိုးအိုကို မေးလိုက်သည်။ "ဒီသေတ္တာက ဘယ်လောက်လဲ"
အဘိုးအိုက စောစောက စကားကို ပြန်လည်ပြောပြလိုက်ပြီးနောက် အမျိုးသမီးက ချက်ချင်း အသံကို မြှင့်လိုက်လေသည်။ "ဒီလို ကြိမ်ကြိုးလေးတွေနဲ့ ရက်ထားတဲ့ ပစ္စည်းလေးကိုများ ရှင်က တစ်လုံးကို ၆ ယွမ်တောင် တောင်းရဲတယ်ပေါ့လေ။ ရှင်က လက်မှုပစ္စည်း အရံအလုပ် လုပ်နေတာမှ မဟုတ်တာ။ ဒါက ဈေးကစားပြီး ခေါင်းပုံဖြတ်နေတာပဲ။ ရှင်က ဘယ်တပ်မဟာကလဲ။ ရှင့်ရဲ့ ဒီပစ္စည်းတွေက အရင်းအနှီးလည်း ဘာမှမရှိဘဲနဲ့ ၂ ယွမ်ဆိုတာ အများဆုံးပဲ။ ၂ ယွမ်နဲ့ ရောင်းမလား... မရောင်းဘူးလား... မရောင်းဘူးဆိုရင်တော့ ရှင်တို့ရဲ့ တပ်မဟာခေါင်းဆောင်ဆီ သွားမေးရလိမ့်မယ်"
အဘိုးအိုသည် သူမ၏ ကြိမ်းမောင်းမှုကြောင့် ကြောက်လန့်ကာ မျက်နှာဖြူရော်သွားပြီး လက်ကို အဆက်မပြတ် ဝှေ့ယမ်းကာ ပြောလေသည်။ "ကျွန်တော် မဟုတ်ပါဘူး။ ကျွန်တော့်ပစ္စည်းက အချိန်အများကြီး ပေးရတာပါ။ ၂ ယွမ်ဆိုရင် လယ်ထဲဆင်းပြီး လုပ်အားခရမှတ် ယူတာကမှ ပိုကောင်းဦးမယ်။ ကျွန်တော် တကယ် ရောင်းလို့မဖြစ်ပါဘူး။ ကျွန်တော့် တပ်မဟာကလည်း ခွင့်ပြုထားပါတယ်..."
"ကောင်းပြီလေ။ ကျွန်မ ရှင့်ကို ၅ ကျောင် ထပ်ပေါင်းပေးမယ်။ နှစ်လုံးကို ၅ ယွမ်။ ဒီထက်ပိုမရတော့ဘူး" လူလတ်ပိုင်း အမျိုးသမီးက ပြောပြောဆိုဆိုဖြင့် သေတ္တာများကို သွားရောက်မယူလေသည်။
အဘိုးအိုက စကားကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ရှင်းပြကာ သေတ္တာများကို လက်ဖြင့် ကာကွယ်ထားလိုက်၏။ "ရောင်းလို့ မဖြစ်ပါဘူး။ ကျွန်တော့်မြေးမလေးက ၅ ယွမ်အောက်ဆိုရင် လုံးဝမရောင်းဘူးလို့ ပြောထားလို့ပါ..."
တစ်သက်လုံး ရိုးရိုးသားသား နေထိုင်လာခဲ့သူတစ်ဦးသည် ရုတ်တရက် အတင်းအဓမ္မ ဈေးဆစ်ဝယ်ယူသူနှင့် ကြုံတွေ့လိုက်ရသောအခါ ချက်ချင်းပင် အူကြောင်ကြောင်ဖြစ်သွားပြီး စကားကိုပင် ရှင်းလင်းစွာ မပြောနိုင်တော့ချေ။ စိုးရိမ်ထိတ်လန့်သွားမှုကြောင့် အောက်ဆုံးဈေးကိုပင် ဗြောင်ကျကျ ထုတ်ပြောမိသွားလေသည်။
ရှန်မော့အာသည် ဆက်လက်ကြည့်မနေနိုင်တော့ဘဲ မနေနိုင်မထိုင်နိုင် ဝင်ပြောလိုက်လေသည်။ "ရဲဘော်... ပစ္စည်းဝယ်တယ်ဆိုတာ အပြန်အလှန် သဘောတူညီမှုရှိမှ ဖြစ်တာလေ။ ရှင်က ဈေးနှုန်းမသင့်တော်ဘူးလို့ ထင်ရင် မဝယ်နဲ့ပေါ့။ ဘာလို့ ဒီအဘိုးအိုကို ဒုက္ခပေးနေရတာလဲ"
လူလတ်ပိုင်း အမျိုးသမီးက သေတ္တာနှစ်လုံးကို ဆွဲကိုင်ထားလျက် မလွှတ်ပေးဘဲ ခေါင်းလှည့်ကာ ရှန်မော့အာကို စူးရဲစွာ ကြည့်လိုက်လေသည်။ "နင့်အပူ ပါလို့လား"
သူမက အခြားတစ်ဖက်သို့ လှမ်းအော်ခေါ်လိုက်၏။ "ကျွင့်လျန်... ကျွင့်လျန်... ပိုက်ဆံလာရှင်းပေးပါဦး"
အဘိုးအိုက ထိုနေရာတွင် ရပ်ကာ "ရောင်းလို့ မရဘူး... မရောင်းနိုင်ဘူး..." ဟု ပြောနေဆဲပင်။
ရှန်မော့အာသည် အမှန်တကယ် သည်းမခံနိုင်တော့သဖြင့် သူမကို လက်ဝါးစောင်းဖြင့် တစ်ချက် ခုတ်ချလိုက်ပြီး သူမ 'အား' ဟု အော်ကာ နာကျင်သွားချိန်ကို အခွင့်ကောင်းယူကာ ကြိမ်သေတ္တာကို အတင်းပြန်လုယူလိုက်လေသည်။ "သူများက မရောင်းဘူးလို့ ပြောနေတာကို ရှင်က အတင်းလုယူချင်နေတာလား"
ကြိမ်သေတ္တာကို မြေကြီးပေါ် ချထားလိုက်ပြီးနောက် ရှန်မော့အာသည် သူမ၏ အိတ်ကပ်ထဲမှ လိပ်ထားသော ငွေစက္ကူအချို့ကို ထုတ်ယူလိုက်သည်။ (၁၀) ယွမ်တန် တစ်ရွက်နှင့် (၁) ယွမ်တန် တစ်ရွက်ကို ထုတ်ယူပြီး ငွေစက္ကူနှစ်ရွက်စလုံးကို အဘိုးအိုထံသို့ တိုက်ရိုက် ပေးလိုက်လေသည်။ "ကျွန်မ နှစ်လုံးဝယ်မယ်။ ၁၁ ယွမ် မဟုတ်လား"
အဘိုးအိုက (၁၀) ယွမ်ကိုသာ ယူလိုက်ပြီး (၁) ယွမ်ကို ရှန်မော့အာထံ ပြန်ပေးလိုက်၏။ "၁၁ ယွမ်က ခေါ်ဈေးပါ။ ၁၀ ယွမ်ဆိုရင် လုံလောက်ပါပြီ"
ရှန်မော့အာက ခေါင်းညိတ်ပြလိုက်ပြီး "ဒါဆိုလည်း ကျေးဇူးတင်ပါတယ်ရှင်"
အဘိုးအို၏ ဈေးဆိုင်လေးတွင် စုစုပေါင်း ကြိမ်သေတ္တာ သုံးလုံးသာ ခင်းကျင်းထားပြီး ရှန်မော့အာက နှစ်လုံးကို ဝယ်ယူသွားသဖြင့် ယခုအခါ တစ်လုံးသာ ကျန်ရှိတော့သည်။ လူလတ်ပိုင်း အမျိုးသမီးသည် ရှန်မော့အာက ဤမျှ မြန်ဆန်စွာ ငွေထုတ်ပေးလိုက်မည်ဟု မထင်ထားခဲ့သဖြင့် ရှန်မော့အာက သေတ္တာနှစ်လုံးကို ဆွဲယူကာ ထွက်ခွာသွားတော့မည်ကို မြင်လိုက်ရသောအခါ သူမက အလျင်စလို ဆွဲဖမ်းလိုက်လေသည်။
"ရှင်က ဘယ်လိုလူလဲ။ ကျွန်မက အရင်ဝယ်မလို့ လုပ်ထားတာကို ရှင်က ဘာလို့ ကြားဖြတ်လုဝယ်ရတာလဲ။ အရင်လာတဲ့သူက အရင်ရတယ်ဆိုတာ နားမလည်ဘူးလား။ ဒီသေတ္တာက ကျွန်မဟာပဲ။ ရှင် ယူသွားလို့ မရဘူး"
ရှန်မော့အာက ပြန်ပြောလိုက်၏။ "ကျွန်မ ပိုက်ဆံရှင်းပြီးသွားပြီလေ။ ငွေပေးပြီး ပစ္စည်းယူပြီးသွားပြီမို့လို့ ဒီသေတ္တာက ကျွန်မဟာ ဖြစ်သွားပြီ။ ကျွန်မက ဘာလို့ ယူသွားလို့ မရရမှာလဲ"
လူလတ်ပိုင်း အမျိုးသမီးက အော်ပြောလိုက်သည်။ "မရဘူး... ရှင် ယူသွားရင် ကျွန်မအတွက် တစ်စုံ မပြည့်တော့ဘူးပေါ့။ ကျွန်မက အရင် မျက်စိကျထားတာ။ ၁၀ ယွမ်ဆိုလည်း ကျွန်မ ပေးမယ်"
ထိုသို့ပြောရင်း သူမ၏ အိတ်ကပ်ထဲမှ ငွေများထုတ်ယူကာ (၁၀) ယွမ်တန် တစ်ရွက်ကို ရှာဖွေပြီး အဘိုးအို၏ ဈေးဆိုင်ပေါ်သို့ ပစ်ချလိုက်လေသည်။ "ငါ ပိုက်ဆံပေးပြီးပြီနော်။ ပစ္စည်းတွေကို ငါ့ဆီပေးတော့"
ရှန်မော့အာသည် မျက်လုံးကို မှေးကြည့်လိုက်ပြီး သူမ ဘာမှမလုပ်ရသေးမီမှာပင် ဘေးနားမှ လူငယ်လေးတစ်ယောက်က အလျင်စလို လျှောက်လာလေသည်။ "အမေ... ဘာတွေဝယ်ထားလို့လဲ။ ဘယ်လောက်ကျလဲ သား ရှင်းပေးမယ်"
"ကြိမ်သေတ္တာ နှစ်လုံးလေ။ ၁၀ ယွမ် သားအမေ ရှင်းလိုက်ပြီ။ ဒီသေတ္တာတွေက မဆိုးဘူး။ နောက်ကျရင် သား မင်္ဂလာဆောင်တဲ့အခါ ဒီသေတ္တာတစ်စုံက သတို့သမီးဆီ ပို့ဖို့ လက်ဖွဲ့ပစ္စည်းကောင်းကောင်း ဖြစ်လာလိမ့်မယ်" လူလတ်ပိုင်း အမျိုးသမီးသည် ယခင်က သူမကိုယ်တိုင် ထိုကြိမ်သေတ္တာများကို မည်သို့မည်ပုံ နှိမ့်ချပြောဆိုခဲ့သည်ကို လုံးဝမေ့သွားသည့်အလား အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေလေသည်။
အဘိုးအိုသည် တစ်ကြိမ်လောက်တော့ သတ္တိမွေးလိုက်ပြီး သူမ ပစ်ချထားသော (၁၀) ယွမ်ကို ကောက်ယူကာ လူငယ်လေးထံသို့ ပြန်ပေးလိုက်၏။ "ဟိုဘက်က ရဲဘော်မလေးက အရင်ဝယ်သွားတာပါ။ ကျွန်တော် ခင်ဗျားတို့ရဲ့ ပိုက်ဆံကို ယူလို့မရပါဘူး"
ဈေးကို အောက်ဆုံးအထိ အတင်းဆစ်တတ်သော လူယုတ်မာတစ်ဦးနှင့် ဈေးပင်မဆစ်ဘဲ သူ့ဘက်မှ ကူညီပြောဆိုပေးသော အမျိုးသမီးရဲဘော်တစ်ဦးတို့တွင် အဘိုးအိုက မည်သူ့ဘက်သို့ ပါမည်ဆိုသည်ကို တွေးကြည့်ရုံဖြင့် သိနိုင်လေသည်။
လူငယ်လေးသည် မည်သို့ဖြစ်ပျက်နေသည်ကို ချက်ချင်း သဘောပေါက်သွားပြီး ကြိမ်သေတ္တာကို ယူကာ ရှန်မော့အာထံသို့ ပြန်ပေးလိုက်သည်။ "ရဲဘော်... အားနာပါတယ်။ ဒီသေတ္တာက မင်းဟာပါပဲ။ မင်းပဲ ယူသွားလိုက်ပါ"
ရှန်မော့အာက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်ခံယူလိုက်လေသည်။
လူလတ်ပိုင်း အမျိုးသမီးသည် သားဖြစ်သူ ရောက်လာပြီးနောက် အပြင်လူဘက်မှ ပါဝင်ကူညီပေးလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ချက်ချင်း ဒေါသထွက်သွားတော့သည်။ လူငယ်လေးက စကားအနည်းငယ်ဖြင့် နှစ်သိမ့်လိုက်ပြီး အဘိုးအိုထံမှ ကြိမ်သေတ္တာတစ်လုံးကို ငွေပေးပြီး ဝယ်ယူလိုက်ကာ လူလတ်ပိုင်း အမျိုးသမီးကို ချော့မော့၍ ခေါ်ဆောင်သွားလေတော့သည်။
ထိုသားအမိနှစ်ယောက် ဝေးကွာသွားသောအခါ အဘိုးအိုက ရှန်မော့အာကို ကျေးဇူးတင်စကား ပြောကြားလိုက်ပြီး ကြိမ်ဖြင့်ရက်ထားသော ခြင်းတောင်းငယ်လေး တစ်လုံးကိုပင် ရှန်မော့အာကို လက်ဆောင်အဖြစ် ပေးလိုက်သေးသည်။ ထို့နောက်မှသာ ပစ္စည်းများကို သိမ်းဆည်းကာ ဝမ်းသာအားရဖြင့် ထွက်ခွာသွားလေတော့သည်။
မလာမီက သူ အမှန်တကယ်ပင် မထင်ထားခဲ့ပေ။ သူကိုယ်တိုင် ရက်လုပ်ထားသော သေတ္တာအနည်းငယ်က အရင်းအနှီး လုံးဝမကုန်ဘဲ အချိန်အနည်းငယ်သာ ပေးခဲ့ရသော်လည်း ယခုလို ငွေ (၁၅) ယွမ်အထိ ရောင်းရလိမ့်မည်ဟု မတွေးမိခဲ့ချေ။ ဤပမာဏမှာ အခြားသော အမြဲတမ်းအလုပ်သမားများ၏ လဝက်စာ လစာနှင့်ပင် ညီမျှနေလေသည်။
ရှန်မော့အာသည် ကျွင့်လျန် ဟူသော နာမည်ကို ကြားဖူးသလိုလို ရှိနေသော်လည်း မည်သည့်နေရာတွင် ကြားခဲ့ဖူးမှန်း ချက်ချင်း စဉ်းစား၍မရသဖြင့် ဆက်၍ မတွေးတော့ချေ။ သူမသည် ဤအဖြစ်အပျက်လေးကို စိတ်ထဲမထားတော့ဘဲ ဈေးတန်းထဲတွင် ဆက်လက် လမ်းလျှောက်ကာ အခြားအသေးအမွှား ပစ္စည်းအချို့ကို ဝယ်ယူလိုက်လေသည်။
ဝယ်စရာ ဘာမှမရှိတော့သောအခါ သူမသည် ပစ္စည်းများအားလုံးကို မြည်းလှည်းပေါ်သို့ ပြန်လည်သယ်ဆောင်သွားပြီး လက်ချည်းသက်သက်ဖြင့် ချိန်းဆိုထားသော နေရာဖြစ်သည့် တပ်ဖွဲ့ မူလတန်းကျောင်း ဂိတ်တံခါးဝဆီသို့ သွားရောက်ခဲ့လေသည်။
...