အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အပိုင်း (၃၅.၁) ဖုမင်ဇယ်: ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်
စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဖြစ်သဖြင့် တပ်ဖွဲ့ မူလတန်းကျောင်း၏ ဂိတ်တံခါးကြီးကို သော့ခတ်ထားလေသည်။ ရှန်မော့အာ ရောက်ရှိလာချိန်တွင် တံခါးဝ၌ မည်သူမျှ မရှိသေးချေ။
စောရောက်သွားခြင်း ဖြစ်လောက်မည်ဟု ခန့်မှန်းမိကာ ရှန်မော့အာသည်လည်း အလောတကြီး မဖြစ်ဘဲ တံခါးဝနှင့် သိပ်မဝေးလှသော သစ်ပင်အရိပ်အောက်တွင် စောင့်ဆိုင်းနေလိုက်၏။
မကြာမီမှာပင် မူလတန်းကျောင်း၏ တံခါးကြီး ပွင့်လာပြီး ဆရာပုံပေါက်သော လူနှစ်ယောက်သည် အထဲမှ ကမန်းကတန်း ထွက်လာကာ လမ်းလျှောက်ရင်း စကားပြောဆိုနေကြလေသည်။
အရပ်အနည်းငယ် ပိုရှည်သောသူက ပြောလိုက်သည်။ "အထက်လူကြီးတွေကလည်း လုပ်ချင်တာကို ထလုပ်ကြတာပဲ။ ကျွန်တော်တို့ လျိုချောင်တပ်ဖွဲ့ မူလတန်းကျောင်းကို မပြောနဲ့ဦး။ တစ်ခရိုင်လုံးမှာရှိတဲ့ မူလတန်းကျောင်းတွေမှာတောင် ပန်းချီဆွဲတတ်တဲ့ ကလေးက လက်ချိုးရေလို့ရတယ်။ တုန်းဖန်ဟုန် မူလတန်းကျောင်းက ကလေးတွေ ဝင်ပြိုင်ရင် ရပြီမဟုတ်ဘူးလား"
အရပ်အနည်းငယ်ပုသော နောက်တစ်ယောက်က ပြန်ပြောလေသည်။ "ကျွန်တော် ကြားတာတော့ ခေါင်းဆောင်ကြီးက တောင်ပိုင်းကို စစ်ဆေးရေးခရီးထွက်ရင်းနဲ့ အရေးကြီးတဲ့ လမ်းညွှန်ချက်တွေ အများကြီး ပေးခဲ့တယ်တဲ့။ ပြည်နယ်ကလည်း ကဏ္ဍပေါင်းစုံမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လေ့လာရေးနဲ့ ဝါဒဖြန့်ချိရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်။ ဒါပေမဲ့ ခင်ဗျားလည်း သိတဲ့အတိုင်းပဲလေ။ ဒီနှစ်ပိုင်းတွေမှာ ဝါဒဖြန့်ချိရေးဌာနက လူဘယ်နှယောက်များတောင် နယ်ဆင်းပြီး ပြန်လည်ပညာသင်ကြားရေး ခံယူနေရပြီလဲ။ အဲဒါကြောင့် သူတို့က ကျောင်းတွေကို ဦးတည်လာကြတာပေါ့"
"ဒါကတော့ တကယ်ကို..." အရပ်ပိုရှည်သောသူက ညည်းတွားစကား အနည်းငယ် ပြောချင်ဟန်ရှိသော်လည်း သတိဝီရိယဖြင့် စကားကို ပြန်မြိုချလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "အရင်ဆုံး အုတ်ဖုတ်ဖိုကို သွားကြည့်ကြတာပေါ့။ သူတို့ ဝါဒဖြန့်ချိရေးဌာနကို ပန်းချီဆွဲအရမ်းတော်တဲ့သူ အသစ်ရောက်လာတယ်လို့ ပြောကြတယ် မဟုတ်လား။ ကျွန်တော်တို့ အရင်ဆုံး သွားပြီး စုံစမ်းကြည့်ကြတာပေါ့။ အဆင်ပြေရင် ကျောင်းအုပ်ကြီးကို အုတ်ဖုတ်ဖိုနဲ့ ညှိနှိုင်းခိုင်းပြီး ကလေးတွေကို အရေးပေါ် သင်တန်းပေးဖို့ အဲဒီလူကို အကူအညီတောင်းကြည့်ရလိမ့်မယ်"
ထိုသို့ပြောရင်း သူက သက်ပြင်းတစ်ချက် ချလိုက်ပြန်၏။ "အချိန်ကပ်မှ အပူကပ်ရတာဆိုတော့ သိပ်ပြီး အရှက်မကွဲရင် တော်ပါပြီလေ"
သတင်းပိုရတတ်သော အရပ်ပုပုနှင့် လူက ပြောလေသည်။ "ကျွန်တော် ကြားတာတော့ ယန်လျိုတပ်မဟာက ဒီစာသင်နှစ်မှာ ပြည်သူ့ကျောင်းဆရာ နေရာတစ်နေရာ ပိုရအောင် ကြိုးစားထားပြီး ဖွင့်မှာက ပန်းချီသင်တန်းတဲ့။ နိုင်ငံရေး ဝါဒဖြန့်ချိရေးနဲ့ ပညာပေးရေးဆိုတာ တစ်ခဏလေးတောင် လျှော့ပေါ့ထားလို့ မရဘူးလေ။ သင့်တော်တဲ့ လူစွမ်းအားအရင်းအမြစ် မရှိရင် ဒါက စကားအလွတ်သက်သက်ပဲ ဖြစ်သွားမှာပေါ့။ တပ်ဖွဲ့ကလည်း အခက်အခဲကို ကိုယ်တိုင်ကြုံတွေ့ရမှ ယန်လျိုတပ်မဟာရဲ့ လျှောက်ထားမှုကို ခွင့်ပြုပေးလိုက်တာပဲ"
အရပ်ရှည်ရှည်နှင့်လူက ခေါင်းယမ်းလိုက်ပြီး "ဒီစာသင်နှစ်မှ အသစ်ဖွင့်တဲ့ အတန်းဆိုတော့ ကလေးတွေက အပေါ်ယံလောက်ပဲ တတ်ကြမှာပေါ့။ ပြီးတော့ ဒီတစ်ခေါက် ပြိုင်ပွဲက တပ်ဖွဲ့အဆင့်ရှိတဲ့ ကျောင်းတွေအထိပဲလေ။ အောက်ခြေက တပ်မဟာကျောင်းတွေက ဝင်ပြိုင်စရာမှ မလိုတာ"
လူနှစ်ယောက်သည် စကားပြောဆိုရင်း တဖြည်းဖြည်း ဝေးကွာသွားကြပြီး ရှန်မော့အာသည် ထိုသူနှစ်ယောက်၏ ကျောပြင်ကို ကြည့်ကာ တွေးတောနေမိလေသည်။
"ဟိုလေ... ရဲဘော်ရှန်မော့အာများလား ခင်ဗျာ" သေချာရေရာမှုမရှိလှသော ယောကျ်ားတစ်ယောက်၏ အသံ ထွက်ပေါ်လာလေသည်။
ရှန်မော့အာ လှည့်ကြည့်လိုက်ပြီး လာသူကို သေချာမြင်လိုက်ရသောအခါ မသိမသာ မျက်ခုံး ပင့်လိုက်မိသည်။ ဤလူကို မကြာမီကမှ စာကလေးဈေးတန်းတွင် သူမ တွေ့ခဲ့ဖူးလေသည်။ သူသည် ကျိုးကြောင်းမဲ့လှသည့် ထိုလူလတ်ပိုင်း အမျိုးသမီး၏ သားပင်။ ရှန်မော့အာ နောက်ကျမှ သတိရကာ တွေးလိုက်မိလေသည်။ ငါ ဒီနေ့ တွေ့ရမယ့်သူ နာမည်က ကျန်းကျွင့်လျန်ဆိုတာပဲ။ ကြည့်ရတာ ငါ့ရှေ့ကလူက အဲဒီ ကျွင့်လျန် ဖြစ်ရမယ်။
ရှန်မော့အာက ခေါင်းညိတ်ပြလိုက်ပြီး "ကျွန်မက ရှန်မော့အာပါ။ ရဲဘော်ကျန်းကျွင့်လျန် မင်္ဂလာပါရှင်
ကျန်းကျွင့်လျန်သည်လည်း အနည်းငယ် အံ့ဩသွားခဲ့သည်။ ယခင်က စာကလေးဈေးတန်းတွင် ဤမိန်းကလေးကို သူ သတိထားမိခဲ့သည်။ သူမ ဝတ်ဆင်ထားသော အဝတ်အစားများမှာ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း အမှန်တကယ်ပင် လှပလွန်းလှသည်။ သို့သော်ငြားလည်း ထိုမိန်းကလေးသည် သူနှင့် ချိန်းတွေ့ရမည့်သူ ဖြစ်နေလိမ့်မည်ဟု ကျန်းကျွင့်လျန် လုံးဝ ထင်မှတ်မထားခဲ့ပေ။
သူက ကမန်းကတန်း ခေါင်းညိတ်ပြလိုက်ပြီး "မင်္ဂလာပါ ရဲဘော်ရှန်မော့အာ"
ကျန်းကျွင့်လျန်က ခဏတာ တွေဝေသွားပြီးနောက် ရှင်းပြလိုက်၏။ "စောစောက စာကလေးဈေးတန်းမှာ ဖြစ်သွားတဲ့ကိစ္စအတွက် တကယ်ပဲ အားနာပါတယ်။ ကျွန်တော့်အမေက ချွေတာတတ်တဲ့ အကျင့်ရှိပြီး စိတ်ကလည်း နည်းနည်း ခေါင်းမာတတ်လို့ပါ။ ဒါပေမဲ့ ဒါကလည်း ကျွန်တော့်အပြစ်ပါပဲ။ သူကလည်း ကျွန်တော့်အတွက် ပိုက်ဆံချွေတာပေးချင်လို့ပါ"
ရှန်မော့အာကမူ ဤကိစ္စလေးကြောင့်နှင့် ကျန်းကျွင့်လျန်အပေါ် နည်းနည်းလေးမှ အဆိုးမမြင်မိချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် သူ့မိခင်ကဲ့သို့ ကျိုးကြောင်းမဲ့သူမျိုး မဟုတ်ဘဲ လူမှုဆက်ဆံရေးတွင်လည်း ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သောကြောင့် သူမက ကိစ္စမရှိကြောင်းသာ ပြန်ပြောလိုက်လေသည်။
ကျန်းကျွင့်လျန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး အကြံပြုလိုက်သည်။ "ဒါမှမဟုတ်... ကျွန်တော်တို့ အနီးအနားမှာ လမ်းနည်းနည်း လျှောက်ကြမလား"
ရှန်မော့အာသည် သူ့ကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
ဒီလူက ရုပ်ရည်လည်း သန့်ပြန့်ပြီး စိတ်သဘောထားလည်း နူးညံ့တယ်။ သူ့ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ကြည့်ရင်တော့ မဆိုးပါဘူး။ ဒါပေမဲ့ သူ့အမေက နည်းနည်း ပြဿနာရှာတတ်ပြီး ကျိုးကြောင်း မဆင်ခြင်တတ်ဘူးဆိုတော့ ယောက္ခမနဲ့ ချွေးမ ဆက်ဆံရေးက အဆင်ပြေမှာ မဟုတ်ဘူး။
ရှန်မော့အာက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်လေသည်။ "အောင်သွယ်ပြောတာတော့ ရှင့်အိမ်မှာ ညီအစ်ကို ၃ ယောက် ရှိပြီး အစ်ကို ၂ ယောက်က အိမ်ထောင်ကျသွားပြီဆိုတော့ ရှင်က အငယ်ဆုံးဖြစ်လို့ လက်ထပ်ပြီးရင် ယောက္ခထီးနဲ့ အတူနေဖို့ ဆန္ဒရှိတယ်ဆိုတာ ဟုတ်လား"
ရွှီဝေကော် ပြောခဲ့သည်မှာ ကျန်းမိသားစုတွင် သား ၃ ယောက်ရှိသဖြင့် အိမ်ခန်းနေရာ အခက်အခဲရှိကြောင်း၊ ကျန်းကျွင့်လျန်သည် အမြဲတမ်းအလုပ်သမား ဖြစ်သော်ငြားလည်း အသက်ငယ်ရွယ်သေးသဖြင့် အိမ်ခန်းမည်သည့်အချိန်တွင် ရမည်ကို မသိနိုင်သေးကြောင်း၊ ထို့ကြောင့် လက်ထပ်ပြီးပါက ယောက္ခထီးအိမ်တွင် သွားရောက်နေထိုင်လိုကြောင်း ဖြစ်သည်။ ဆိုလိုသည်မှာ အိမ်ပါသမက်အဖြစ် အိမ်ထောင်ပြုခြင်း မဟုတ်သော်လည်း သူတို့သားအဖနှစ်ယောက်နှင့် အတူတကွ နေထိုင်မည်ဖြစ်သည်။
ရွှီဝေကော်က ရှန်ရှောက်ယွမ်ကို ဖျောင်းဖျခဲ့သည်မှာ အိမ်ပါသားမက်ရှာရန်မှာ အလွန်ခက်ခဲပြီး လူငယ်ကောင်းတစ်ယောက်ကို ရှာရန်မှာ ပို၍ပင် ခက်ခဲကြောင်း၊ ယခုကဲ့သို့ အိမ်ပါသမက်အဖြစ် လက်ထပ်ခြင်း မဟုတ်သော်လည်း သူ့အိမ်တွင် လာနေခြင်းမှာ တကယ်တမ်းတွင် အိမ်ပါသမက်နှင့် အတူတူပင်ဖြစ်ကြောင်း၊ ထို့အပြင် ရှန်မော့အာသည် တစ်ဦးတည်းသောသမီး ဖြစ်သဖြင့် ယောက္ခထီး အသက်ကြီးလာပါက သူတို့မှ စောင့်ရှောက်ရမည်မှာ မလွှဲမသွေဖြစ်ကြောင်း အခြားတစ်ဖက်မှ ပြောထားသဖြင့် ဤသည်မှာလည်း အိမ်ပါသမက်အဖြစ် လက်ထပ်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း ပြောပြခဲ့သည်။
ထို့ကြောင့် ရှန်ရှောက်ယွမ်သည်လည်း သဘောကျသွားခဲ့လေသည်။
ကျန်းကျွင့်လျန်သည် ရှန်မော့အာကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြန်ဖြေလေသည်။ "ကျွန်တော်တို့အိမ်မှာက နေရာအခက်အခဲရှိတယ်။ ကျွန်တော် လက်ထပ်ပြီးရင် အိမ်မှာ ဆက်နေချင်တယ်ဆိုရင်တောင် နေစရာ နေရာမရှိလောက်တော့ဘူးလေ"
မူလက သူ့မိသားစုသည် သူ လက်ထပ်ပြီးပါက အခြားသူများထံမှ အခန်းတစ်ခန်း ထပ်ငှားရန် စီစဉ်ထားခဲ့ကြသည်။ အချို့သော ကလေးငယ်ရှိသည့် မိသားစုများသည် ငွေအနည်းငယ်ရရန်အတွက် အခန်းတစ်ခန်း သို့မဟုတ် အခန်းတစ်ဝက်ခန့်ကို ဖယ်ပေးလေ့ရှိကြသည်။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က သူ၏အဒေါ်ဖြစ်သူ ရောက်လာပြီး ဤမိန်းကလေးအကြောင်း လာပြောပြခဲ့သည်။ အိမ်တွင် သမီးတစ်ယောက်တည်းသာရှိပြီး သားအဖနှစ်ယောက် အမှီသဟဲပြုကာ နေထိုင်ကြကြောင်း၊ အရေးအကြီးဆုံးမှာ သူမ၏ဖခင်သည် အုတ်ဖုတ်ဖို ဝါဒဖြန့်ချိရေးဌာနတွင် အလုပ်လုပ်နေပြီး ယခု ယာယီအလုပ်သမား ဖြစ်သော်လည်း ဌာနမှူးက ၁ နှစ်ပြည့်လျှင် အမြဲတမ်းဝန်ထမ်း ဖြစ်လာနိုင်ခြေရှိကြောင်း အရိပ်အမြွက် ပြောထားခဲ့သည်။
ထိုမိန်းကလေး ကိုယ်တိုင်ကလည်း တပ်မဟာ မူလတန်းကျောင်းတွင် ပြည်သူ့ကျောင်းဆရာမအဖြစ် အလုပ်လုပ်နေပြီး တစ်လလျှင် လစာ ၁၂ ယွမ် ရရှိလေသည်။
အိမ်သည် တောရွာတွင် ရှိသော်ငြားလည်း ယန်လျိုတပ်မဟာသည် တပ်ဖွဲ့နှင့် နီးသဖြင့် စက်ဘီးစီး၍ အလုပ်သွားအလုပ်ပြန် လုပ်ရန်မှာလည်း အမှန်တကယ်ပင် အဆင်ပြေလှသည်။
ထို့အပြင် သူမ၏ဖခင်သာ အမြဲတမ်းဝန်ထမ်း ဖြစ်သွားခဲ့လျှင် ဝါဒဖြန့်ချိရေးဌာနသည် ကေဒါအဆင့်အတန်း ဖြစ်သွားမည်ဖြစ်ပြီး အုတ်ဖုတ်ဖို၏ ဝန်ထမ်းအိမ်ရာများကိုလည်း အများအပြား ဆောက်လုပ်နေသဖြင့် မကြာမီ အိမ်ခန်းရနိုင်ခြေ ရှိလေသည်။
ထိုသို့ တွက်ကြည့်လိုက်မည်ဆိုလျှင် တကယ်တမ်း၌ တောရွာတွင် ကြာကြာနေစရာ မလိုတော့ပေ။
အိမ်ခန်း မရလျှင်တောင်မှ နောင်တစ်ချိန် ကလေးရလာပါက ကလေးသည် တပ်ဖွဲ့ မူလတန်းကျောင်းတွင် ကျောင်းတက်ရမည်။ ထိုအချိန်ရောက်လျှင် အိမ်ငှားသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ ယောက္ခထီးတွင် ငွေကြေးရှိသဖြင့် လင်မယားနှစ်ယောက်ကို ပစ်ထားမည် မဟုတ်ချေ။
သူ၏အဒေါ်နှင့် မိခင်တို့သည် အချိန်အတော်ကြာ တီးတိုးတိုင်ပင်ပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချကာ ဤအိမ်ထောင်ရေးသည် မဆိုးလှဟု ယူဆခဲ့ကြသည်။ အမျိုးသမီးဘက်မှ ဝင်အိမ်ထောင်ပြုရန် အတင်းအကျပ် မတောင်းဆိုသရွေ့ ဝင်အိမ်ထောင်ပြုသည်ဟူသော နာမည်ဆိုးကို ခံယူစရာမလိုဘဲ ယောက္ခထီးထံမှ အကျိုးကျေးဇူးများကိုလည်း ခံစားရနိုင်သဖြင့် တကယ်တမ်းတွင် တပ်ဖွဲ့အတွင်းရှိ သာမန်မိသားစုမှ မိန်းကလေးတစ်ယောက်ကို ရှာဖွေရသည်ထက် ပိုကောင်းလေသည်။
ကျန်းကျွင့်လျန်သည် မူလက စိတ်ထဲတွင် အနည်းငယ် တွေဝေနေခဲ့သော်လည်း ယခု လူကိုမြင်လိုက်ရသောအခါ နောက်ဆုံးကျန်ရှိနေသော တွေဝေမှုလေးပင် ပျောက်ကွယ်သွားခဲ့လေပြီ။
သူတို့နှစ်ယောက်သည် တပ်ဖွဲ့၏ လမ်းမကြီးပေါ်တွင် ဟိုဟိုဒီဒီ လမ်းလျှောက်ခဲ့ကြသည်။ ကျန်းကျွင့်လျန်သည် နေ့လယ်စာအတွက် ရှန်မော့အာကို နိုင်ငံပိုင် စားသောက်ဆိုင်သို့ ခေါ်သွားကာ ထမင်းကျွေးရန် ရည်ရွယ်ထားသော်လည်း ရှန်မော့အာက ခဏနေလျှင် တပ်မဟာ၏ မြည်းလှည်းဖြင့် ပြန်ရမည်ကို သိလိုက်ရသဖြင့် နိုင်ငံပိုင် စားသောက်ဆိုင်သို့ သွားကာ ရှန်မော့အာ ယူပြန်သွားရန် ပေါက်စီ ၂ လုံး ဝယ်ပေးမည်ဟု ပြောလေသည်။
နိုင်ငံပိုင် စားသောက်ဆိုင်မှ ပေါက်စီများဝယ်ရန် ရိက္ခာလက်မှတ် လိုအပ်သော်လည်း အစ်မချောင်၏ ဆိုင်ထက် ဈေးပိုသက်သာလေသည်။ ကျန်းကျွင့်လျန်က ပေါက်စီ ၆ လုံး ဝယ်ခဲ့သော်လည်း ရှန်မော့အာက ၃ လုံးသာ ယူခဲ့သည်။
ရိက္ခာလက်မှတ်ကို ကျန်းကျွင့်လျန်က ပေးခဲ့သော်လည်း ငွေကိုတော့ ရှန်မော့အာက အလုအယက် ရှင်းပေးခဲ့သဖြင့် သူ့အပေါ် အခွင့်အရေးယူခြင်းမျိုး မရှိခဲ့ချေ။
သူတို့နှစ်ယောက် နိုင်ငံပိုင် စားသောက်ဆိုင်မှ အထွက်တွင်ပင် အထုပ်ကြီးအထုပ်ငယ်များ ဆွဲကိုင်လာသော ကျိန့်ကျားမင်နှင့် မျက်နှာချင်းဆိုင် ဆုံမိကြလေသည်။
ကျိန့်ကျားမင်က သူ၏လက်ထဲမှ အထုပ်ငယ်လေးကို ဝမ်းသာအားရ ဝှေ့ယမ်းပြကာ လှမ်းခေါ်လိုက်သည်။ "ရဲဘော်ရှန်မော့အာ..."
"ပညာတတ်လူငယ်ကျိန့်" ရှန်မော့အာသည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ကျိန့်ကျားမင်၏ လက်ထဲမှ အထုပ်များကို တစ်ချက်ကြည့်ကာ "ပညာတတ်လူငယ်ကျိန့်... ပစ္စည်းတွေ အများကြီး ဝယ်လာတာပဲ"
ကျိန့်ကျားမင်က ရယ်မောလိုက်ပြီး "အာ... ဝယ်တာမဟုတ်ပါဘူးဗျာ။ အိမ်ကနေ ပို့လိုက်တာတွေပါ။ ဆောင်းဦးလယ်ပွဲတော် နီးလာပြီဆိုတော့ အိမ်က စားစရာနည်းနည်းပါးပါး ပို့ပေးရမှာပေါ့"
ရှန်မော့အာသည် ကျိန့်ကျားမင်၏ မိသားစု အခြေအနေ ကောင်းမွန်ကြောင်း သိထားသဖြင့် သူ့အိမ်မှ ပစ္စည်းများ ပို့ပေးခြင်းမှာ မဆန်းကြယ်လှပေ။ သို့သော် မည်သို့ဖြစ်သည်မသိဘဲ ဖုမင်ဇယ်ကို သတိရသွားမိသည်။ သူ့မိသားစုမှ သူ့ထံသို့ ပစ္စည်းများ ပို့ပေးသည်ဟု တစ်ခါမျှ မကြားဖူးခဲ့ချေ။
ကျိန့်ကျားမင်က ကျန်းကျွင့်လျန်ကို အံ့သြသလို တစ်ချက်ကြည့်လိုက်သည်။ သူသည် စကားကို စိတ်ထဲတွင် မြိုသိပ်ထားတတ်သူမျိုး မဟုတ်သဖြင့် သိလိုသည်ကို တိုက်ရိုက်ပင် မေးလိုက်၏။ "ရဲဘော်ရှန်မော့အာ... ဒီလူက ဘယ်သူလဲ"
ထို့ကြောင့် ရှန်မော့အာက နှစ်ဖက်စလုံးကို မိတ်ဆက်ပေးလိုက်လေသည်။ "သူက ကျွန်မတို့ တပ်မဟာမှာ ကျေးလက်ဆင်းလာတဲ့ ပညာတတ်လူငယ် ကျိန့်ကျားမင်ပါ။ သူကတော့ အထည်ချုပ်စက်ရုံက ရဲဘော်ကျန်းကျွင့်လျန်ပါ"
ကျိန့်ကျားမင်က ကျန်းကျွင့်လျန်ကို စူးစမ်းချင်စိတ်ဖြင့် အကဲခတ်ကြည့်လိုက်ပြီး ရင်းနှီးစွာပင် နှုတ်ဆက်လိုက်၏။ "ရဲဘော်ကျန်း... မင်္ဂလာပါ"
ကျန်းကျွင့်လျန်က ခပ်တည်တည်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြန်လည်နှုတ်ဆက်လေသည်။ "မင်္ဂလာပါ"
ရှန်မော့အာသည် ကျိန့်ကျားမင်၏ လက်ထဲတွင် အထုပ်ကြီးအထုပ်ငယ်များဖြင့် ပစ္စည်းများကိုပင် မသယ်နိုင်တော့သည်ကို မြင်လိုက်ရသောကြောင့် ကျန်းကျွင့်လျန်ကို နှုတ်ဆက်ကာ ကျိန့်ကျားမင်နှင့်အတူ ပစ္စည်းများ ကူသယ်ပေးမည်ဟု ကိုယ်တိုင်ပြောဆိုလိုက်သည်။ ကျိန့်ကျားမင်ကလည်း သူမကို အားနာမနေဘဲ အသေးဆုံးအထုပ်ကို ရှန်မော့အာ၏ လက်ထဲသို့ ချက်ချင်း ထည့်ပေးလိုက်၏။
ကျန်းကျွင့်လျန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ရှန်မော့အာနောက်သို့ လိုက်လာကာ မေးလိုက်သည်။ "ရဲဘော်ရှန်... နောက်အပတ် တနင်္ဂနွေနေ့ အားမယ်ဆိုရင် ခရိုင်မြို့မှာ ရုပ်ရှင်သွားကြည့်ကြမလား"
ရုပ်ရှင်ကြည့်ရမည်ဆိုသည်ကို ရှန်မော့အာက အမှန်တကယ်ပင် စိတ်ဝင်စားလေသည်။ မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ရုပ်ရှင်ကြည့်ဖူးသည့် အတွေ့အကြုံ ၂ ကြိမ်ရှိခဲ့ဖူးသော်လည်း ကြည့်ခဲ့ရသည်များမှာ ရုပ်ရှင်ပြသရေးအဖွဲ့မှ ပြသသော လဟာပြင်ရုပ်ရှင်များသာ ဖြစ်သည်။ ကျန်းကျွင့်လျန် ပြောသော ခရိုင်မြို့သို့သွား၍ ရုပ်ရှင်ကြည့်မည်ဆိုသည်မှာ ခရိုင်မြို့ရှိ ရုပ်ရှင်ရုံတွင် သွားရောက်ကြည့်ရှုခြင်းကို ဆိုလိုခြင်း ဖြစ်ရပေမည်။
လက်ရှိအခြေအနေအရဆိုလျှင် ရှန်မော့အာသည် ကျန်းကျွင့်လျန်ကိုယ်တိုင်အပေါ် အမြင်ဆိုးမရှိလှချေ။ ဆင်ခြင်ဉာဏ်နည်းသည့် သူ၏မိခင်နှင့် အတူမနေရပါက တကယ်တမ်းတွင် သိပ်ပြီး ပြဿနာများမည် မဟုတ်သဖြင့် ကျန်းကျွင့်လျန်နှင့် ထပ်မံတွေ့ဆုံရန် သူမ ဆန္ဒရှိလေသည်။
သို့သော်ငြားလည်း တပ်ဖွဲ့ မူလတန်းကျောင်းဝတွင် ကြားခဲ့ရသော စကားဝိုင်းကို သတိရသွားသဖြင့် ရှန်မော့အာက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြန်ပြောလိုက်၏။ "နောက်အပတ် တနင်္ဂနွေနေ့ ကိစ္စကတော့ သေချာမပြောတတ်သေးဘူး။ အချိန်ကျရင် ကျွန်မအဖေကနေတစ်ဆင့် ဌာနမှူးရွှီကို ကြိုပြီး အကြောင်းကြားခိုင်းလိုက်မယ်လေ။ အဲဒါ အဆင်ပြေမလား"
ကျန်းကျွင့်လျန်သည် သူမက ချက်ချင်း သဘောမတူလိုက်သဖြင့် စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်သွားသော်လည်း ခေါင်းညိတ်ပြလိုက်ပြီး "ကောင်းပါပြီ။ မင်းရဲ့ အကြောင်းကြားစာကို စောင့်နေပါ့မယ်"
ကျန်းကျွင့်လျန် ထွက်သွားသည်နှင့် ကျိန့်ကျားမင်က မျက်နှာပေါ်တွင် သိချင်စိတ်များ အပြည့်ဖြင့် ချက်ချင်း မေးလိုက်တော့သည်။ "ရဲဘော်ရှန်မော့အာ... ခင်ဗျားနဲ့ ဒီရဲဘော်ကျန်းတို့က ချိန်းတွေ့နေကြတာလား"
ရှန်မော့အာကလည်း ဖုံးကွယ်မထားဘဲ သူမအဖေ၏ စက်ရုံမှ ခေါင်းဆောင်က မိတ်ဆက်ပေးခြင်းဖြစ်ကြောင်းနှင့် ယနေ့မှ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောပြလိုက်၏။
ကျိန့်ကျားမင်က ခေါင်းညိတ်လိုက်ပြီးနောက် တစ်ဖန် ခေါင်းယမ်းလိုက်ကာ စိတ်ထဲတွင် မသက်မသာဖြစ်နေသလို ခံစားနေရ၏။ ယုတ္တိအရဆိုလျှင် ဤရဲဘော်ကျန်း၏ အခြေအနေက မဆိုးသော်လည်း သူကတော့ ရဲဘော်ရှန်မော့အာနှင့် မလိုက်ဖက်ဟုသာ ထင်မြင်နေမိလေသည်။
ကျိန့်ကျားမင် ကိုယ်တိုင်လည်း ဤအတွေးမှာ အနည်းငယ် ထူးဆန်းနေကြောင်း သိထားလေသည်။
ဤခေတ်တွင် မြို့နှင့်တော ကွာဟချက်မှာ ကြီးမားလှပြီး ကုန်စည်ရိက္ခာ စားသုံးခွင့်ရသူများသည် တောသူတောင်သားများနှင့် လက်ထပ်ရန် သိပ်ဆန္ဒမရှိကြချေ။ ဤရဲဘော်ကျန်းကိုယ်တိုင်က အထည်ချုပ်စက်ရုံမှ ကျွမ်းကျင်အလုပ်သမား ဖြစ်သည်။ ကျိန့်ကျားမင်၏ မိသားစုတွင်လည်း အလုပ်သမားများ အများအပြား ရှိသဖြင့် ကျွမ်းကျင်အလုပ်သမားများသည် သာမန်အလုပ်သမားများထက် လစာပိုများကြောင်း သူ သဘာဝကျစွာပင် သိထားသည်။ ထို့အပြင် ရဲဘော်ကျန်းသည် ရုပ်ရည်သန့်ပြန့်ပြီး စိတ်သဘောထားလည်း ကောင်းမွန်ပုံရသည်... ယုတ္တိအရဆိုလျှင် အခြေအနေများကိုသာ ကြည့်မည်ဆိုပါက ရှန်မော့အာက သူ့ကို အဆင့်ကျော်၍ မျှော်မှန်းထားခြင်း ဖြစ်သင့်လေသည်။
သို့သော် ကျိန့်ကျားမင်သည် ရှန်မော့အာကို သိကျွမ်းလာခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ စိတ်ထဲတွင် ရှန်မော့အာသည် သာမန် အမျိုးသမီးရဲဘော်များနှင့် မတူညီဟု အမြဲခံစားနေရသည်။ ကျန်းကျွင့်လျန် မည်မျှပင် ကောင်းမွန်နေပါစေ သူကတော့ တစ်ဖက်လူသည် ရှန်မော့အာနှင့် မလိုက်ဖက်ဟုသာ ထင်မြင်နေမိသည်။
သို့သော်ငြားလည်း သူသည် ရင်းနှီးလွယ်သူ ဖြစ်သော်လည်း အတိုင်းအတာမသိဘဲ စကား 함စ 함စ ပြောတတ်သူမျိုးတော့ မဟုတ်ချေ။ ဤစကားတစ်ခွန်းကိုသာ အနည်းငယ် ဖွင့်ဟပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် ဘာမှ ထပ်မပြောတော့ပေ။
ရှန်မော့အာကလည်း ဂရုမစိုက်ခဲ့ချေ။ သူမသည် ကျန်းကျွင့်လျန်အပေါ် အမြင်ဆိုးမရှိဘဲ သာမန်လူတစ်ယောက်အနေဖြင့် အဆင်ပြေသည်ဟု ယူဆထားခြင်းသာဖြစ်ပြီး ဤလူနှင့် မဖြစ်မနေ လက်ထပ်ရမည်ဟူသည့် အဆင့်အထိ မရောက်သေးသဖြင့် လိုက်ဖက်ခြင်း၊ မလိုက်ဖက်ခြင်း ပြဿနာများကို ဂရုစိုက်နေစရာ မလိုပေ။
သူတို့နှစ်ယောက် အထုပ်အပိုးများ သယ်ဆောင်ကာ မြည်းလှည်းရှိရာသို့ ပြန်ရောက်လာသောအခါ အခြားသူများအားလုံး ရောက်ရှိနေကြပြီ။ ထို့ကြောင့် သူတို့နှစ်ယောက် ပစ္စည်းများကို နေရာချကာ မြည်းလှည်းပေါ်သို့ တက်ထိုင်လိုက်သည်နှင့် ဦးလေးလျိုက မြည်းလှည်းကို စတင်မောင်းနှင်လိုက်လေတော့သည်။
...
အပိုင်း (၃၅.၂)
မွန်းတည့်ချိန် နေပူပြင်းနေချိန်တွင် ကျိန့်ကျားမင်သည် အထုပ်ကြီးအထုပ်ငယ်များကို ထမ်းကာ ပညာတတ်လူငယ်စခန်းသို့ ပြန်ရောက်လာလေသည်။
ဖုမင်ဇယ်သည် အိတံစက်မြိတ်အောက်တွင် စာအုပ်ဖတ်နေကာ ကျိန့်ကျားမင် ခြံဝင်းထဲ ဝင်လာသည်ကို မြင်သောအခါ စာအုပ်ကိုချထားပြီး ကူညီသယ်ဆောင်ပေးရန် ထသွားလိုက်၏။ ကျိန့်ကျားမင်က ခေါင်းပြူကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။ "အားလုံး အခန်းထဲမှာလား"
ဖုမင်ဇယ်က ခေါင်းညိတ်ပြလိုက်ပြီး ကျိန့်ကျားမင်က ပြောလိုက်၏။ "ဒါဆို မီးဖိုချောင်သွားရအောင်"
အခြားသူများအားလုံးက နေ့လယ်စာ စားပြီးကြပြီဖြစ်သဖြင့် မီးဖိုချောင်ထဲတွင် ခြောက်ကပ်လို့နေသည်။ ကျိန့်ကျားမင်က ဟင်းလှီးဓားကို ကိုင်ကာ အထုပ်များကို ဖောက်နေချိန်တွင် ဖုမင်ဇယ်က ဒယ်အိုးထဲမှ နွေးထားသော ဟင်းသီးဟင်းရွက်ဆန်ပြုတ် တစ်ပန်းကန်ကို ထုတ်ယူလာခဲ့သည်။ ဤသည်မှာ ကျိန့်ကျားမင်အတွက် ချန်ထားပေးသော ထမင်းဖြစ်ပြီး ဟင်းသီးဟင်းရွက်များမှာ အနည်းငယ် ဝါကြင့်ကြင့်ဖြစ်နေကာ ကြည့်ရသည်မှာ စားချင်စရာ သိပ်မကောင်းလှချေ။
ကျိန့်ကျားမင်သည် အထုပ်များကို ဖောက်ပြီးသွားခဲ့သည်။ လမုန့်၊ malted milk၊ သကြားလုံး၊ ဘီစကွတ် အစရှိသော စားစရာများအပြင် အလွန်ထူထဲစွာ ထိုးထားသော သိုးမွေးအင်္ကျီတစ်ထည်နှင့် ဂွမ်းဖိနပ်တစ်ရန်လည်း ပါရှိလေသည်။
ကျိန့်ကျားမင်သည် စောစောကတည်းက ဗိုက်ဆာနေပြီဖြစ်၏။ လမုန့်ထုပ်ထားသော စက္ကူအိတ်ကို ဖောက်ကာ သူကိုယ်တိုင် တစ်ခုယူလိုက်ပြီး ဖုမင်ဇယ်ကိုလည်း တစ်ခု ပေးလိုက်၏။ ထို့နောက် ထိုနေရာတွင်ပင် မတ်တပ်ရပ်ကာ ဆန်ပြုတ်နှင့် တွဲ၍ အားပါးတရ စားသောက်တော့သည်။
ဗိုက်တစ်ဝက်ခန့် ဝသွားမှသာ ကျိန့်ကျားမင်သည် စကားပြောရန် အချိန်ရသွားတော့သည်။ "ဒီလမုန့်က ငါတို့ ရှန်ဟိုင်းက နာမည်ကြီး ယွဲ့လိုင်ဖန်း ဆိုင်ကနေ ဝယ်လာတာ။ သူတို့ဆိုင်က လမုန့်တွေက အရမ်းစားလို့ကောင်းတာ"
ဖုမင်ဇယ်က ခေါင်းညိတ်လိုက်ပြီး ချီးကျူးစကားဆိုရန် တွန့်တိုမနေခဲ့ချေ။ "တကယ် မဆိုးဘူးပဲ"
ကျိန့်ကျားမင် : "..."
ယွဲ့လိုင်ဖန်း၏ လမုန့်ကို စားနေလျက်နှင့် မျက်နှာပေါ်တွင် ဘာခံစားချက်မှ မပေါ်လွင်သောသူကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ အမှန်အတိုင်းပြောရလျှင် တစ်ခါတစ်ရံ၌ ဖုမင်ဇယ်သည် အထည်ကြီးပျက် သူဌေးသားများ ဖြစ်နေမလားဟု ကျိန့်ကျားမင် သံသယဝင်မိလေသည်။ အတိတ်က အလွန်ချမ်းသာကြွယ်ဝပြီး စည်းစိမ်ယစ်မူးခဲ့သူဖြစ်၍ ယခုကဲ့သို့ ဘာကိုမြင်မြင်၊ ဘာကိုစားစား ဤကဲ့သို့ ခံစားချက်ကင်းမဲ့နေသည့် ပုံစံမျိုး ဖြစ်နေသလားဟု တွေးမိလေသည်။
"အာ... စောစောက ရဲဘော်ရှန်မော့အာ မြည်းကြည့်ရအောင် လမုန့် ၂ ခုလောက် ချန်ထားခဲ့သင့်တာ" ကျိန့်ကျားမင် ရုတ်တရက် သတိရသွားလေသည်။
ယခင်က အိမ်ဆောက်တုန်းက သူသည် ရှန်မိသားစုထံတွင် အကြိမ်ပေါင်းများစွာ ထမင်းဝင်စားခဲ့လေသည်။ အလုပ်လုပ်ပေးခဲ့သည်ဟု ဆိုသော်ငြားလည်း ကျိန့်ကျားမင်သည် ကိုယ့်ကိုယ်ကိုယ် ကောင်းစွာ သိရှိထားသူဖြစ်ပြီး သူ၏ လုပ်အားအနည်းငယ်မျှဖြင့် သူတစ်ပါးက အသားငါးများဖြင့် ဧည့်ခံကျွေးမွေးရန် မတန်ကြောင်း သိထားလေသည်။ သူသည် အခြားသူများ၏ အကျိုးကျေးဇူးကို ဝင်ရောက် ခံစားခဲ့ရခြင်းသာ ဖြစ်သည်။
ဖုမင်ဇယ်က မျက်လုံးပင့်ကြည့်လိုက်ပြီး "ရဲဘော်ရှန်လည်း တပ်ဖွဲ့ကို သွားလို့လား"
ကျိန့်ကျားမင်က ခေါင်းညိတ်လိုက်လေသည်။ "ဟုတ်တယ်။ တပ်မဟာရဲ့ မြည်းလှည်းကို အတူတူ စီးသွားကြတာလေ"
ထိုအကြောင်းကို ပြောမိသောအခါ သူသည် ဘယ်ညာသို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး လျှို့ဝှက်စွာဖြင့် အသံကို နှိမ့်ကာ ပြောလေသည်။ "မင်း အပြင်မှာ လျှောက်မပြောနဲ့နော်။ ငါ တပ်ဖွဲ့မှာ ရဲဘော်ရှန်မော့အာ လူတစ်ယောက်နဲ့ ချိန်းတွေ့နေတာကို ပက်ပင်းသွားတိုးတာ။ အထည်ချုပ်စက်ရုံက ကျွမ်းကျင်အလုပ်သမားတဲ့။ ရုပ်ရည်ကတော့ မဆိုးပါဘူး။ ဒါပေမဲ့ ငါ ကြည့်ရတာ ရဲဘော်ရှန်မော့အာနဲ့ သိပ်မလိုက်ဖက်ဘူးလို့ ထင်တယ်။ ရဲဘော်ရှန်မော့အာက ဘယ်လောက်တောင် လှသလဲ။ လူကလည်း ရဲရင့်ပြတ်သားတယ်။ အဲဒီ ရဲဘော်ကျန်းကတော့ မဆိုးဘူးဆိုပေမဲ့ သာမန်ပါပဲ..."
ဖုမင်ဇယ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ့စကားကို ဖြတ်ပြောလိုက်၏။ "ရှန်ဦးလေး၇က သူ့သမီးအတွက် အိမ်ပါသမက်ကို ရှာချင်တယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ အထည်ချုပ်စက်ရုံက ကျွမ်းကျင်အလုပ်သမားက သူများအိမ်မှာ ဝင်နေဖို့ သဘောတူပါ့မလား"
ကျိန့်ကျားမင်က ခေါင်းကုတ်လိုက်ပြီး "အဲဒါတော့ ငါလည်း မသိဘူး။ ဒါကို သွားမေးလို့မှ မကောင်းတာ"
ဖုမင်ဇယ်က ရယ်မောလိုက်ပြီး မေးလိုက်၏။ "မင်းမှာလည်း အားနာတတ်တဲ့ အချိန် ရှိသေးတာလား"
သူသည် ပြုံးနေသည်မှာ သိသာသော်လည်း ကျိန့်ကျားမင်မှာမူ သူ သိပ်မပျော်ရွှင်သလိုမျိုး အကြောင်းပြချက်မရှိဘဲ ခံစားလိုက်ရသည်။ သို့သော် ကျိန့်ကျားမင်က တစ်စုံတစ်ရာ ဆက်ပြောရန် အချိန်မရလိုက်မီမှာပင် ဖုမင်ဇယ်က "မင်းဟာမင်းပဲ ရှင်းလိုက်တော့" ဟု စကားတစ်ခွန်းချန်ထားရစ်ကာ လှည့်ထွက်သွားပြီး မီးဖိုချောင်ထဲမှ ထွက်သွားလေတော့သည်။
ကျိန့်ကျားမင်က 'ထူးထူးဆန်းဆန်းပါလား' ဟု တီးတိုးရေရွတ်လိုက်ပြီး ကျန်နေသော ဆန်ပြုတ်ကို တစ်လုတ် နှစ်လုတ်ထဲနှင့် သောက်ချလိုက်လေသည်။ ထို့နောက် ရေခပ်ပြီး ပန်းကန်များကို ဆေးကြောကာ ဖောက်ထားသော ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး အဝတ်အိတ်နှင့် စက္ကူညိုတို့ဖြင့် ပြန်လည်ထုပ်ပိုးကာ ပစ္စည်းများကို ပွေ့ပိုက်လျက် အခန်းထဲသို့ ဝင်သွားလေတော့သည်။
ဖုမင်ဇယ်သည် မီးဖိုချောင်ထဲမှ ထွက်လာပြီးနောက် တံစက်မြိတ်အောက်တွင် ပြန်ထိုင်ကာ စာဆက်ဖတ်ရန် ပြင်ဆင်လိုက်သော်လည်း အချိန်အတော်ကြာသည့်တိုင်အောင် စာတစ်ကြောင်းကိုပင် ပြီးဆုံးအောင် မဖတ်နိုင်ခဲ့ချေ။ သူ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် နေရာမှထကာ အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့လေသည်။
မွန်းတည့်ချိန်ဖြစ်သဖြင့် ရွာလမ်းမပေါ်တွင် လူသူကင်းမဲ့နေလေသည်။ တစ်ခါတစ်ရံတွင် ခြင်းတောင်းဆွဲကာ မိသားစုပိုင် မြေကွက်မှ ပြန်လာသော အဒေါ်ကြီးတစ်ဦးတစ်ယောက်နှင့် သို့မဟုတ် အိမ်သို့ ကမန်းကတန်း ပြေးပြန်သွားသော ကလေးငယ်များနှင့် ဆုံမိပါက သူတို့က ခြေလှမ်းကိုရပ်တန့်ကာ သူ့ကို နှုတ်ဆက်သွားတတ်ကြသည်။
ရွာသူရွာသားများသည် မည်သည့်အချိန်မှစ၍ သူ့ကို အရင်စတင် နှုတ်ဆက်လာကြသနည်း။ ရှန်မိသားစုကို အိမ်ဆောက်ရာတွင် ကူညီပေးခဲ့သည့် အချိန်မှစ၍ ဖြစ်လောက်ပေသည်။
ဖုမင်ဇယ်သည် ကျေးလက်သို့ စတင်ဆင်းလာခဲ့စဉ်က မိသားစုမှ လူကြီးများက သူ့ကို တောရွာသို့ရောက်လျှင် ဒေါသကြီးသော အကျင့်ဆိုးများကို ထိန်းချုပ်ထားရန်၊ အနေအထိုင် သိုသိုသိပ်သိပ်နေရန်နှင့် လုံးဝ ပြောင်ပြောင်တင်းတင်း မလုပ်ဆောင်ရန် အထပ်ထပ်အခါခါ မှာကြားခဲ့သည်ကို မနေနိုင်ဘဲ သတိရသွားမိလေသည်။ ယန်လျိုတပ်မဟာသို့ ရောက်ပြီးနောက်တွင်လည်း သူသည် ထိုသို့ပင် အမြဲတမ်း နေထိုင်ခဲ့သည်။ အဖွဲ့ဝင်များနှင့် လုံးဝနီးပါး အဆက်အသွယ်မလုပ်ဘဲ ပညာတတ်လူငယ်များနှင့်လည်း တတ်နိုင်သမျှ ခပ်ကင်းကင်းသာ နေထိုင်ခဲ့လေသည်။
သို့သော် အိမ်တစ်လုံးဆောက်ရာတွင် ကူညီပေးရုံမျှဖြင့် အခြေအနေများ လုံးဝ ပြောင်းလဲသွားလိမ့်မည်ဟု ဘယ်သူကများ ထင်ထားပါမည်နည်း။
ဖုမင်ဇယ်သည် စဉ်းစားခန်းဝင်ရင်း လမ်းလျှောက်လာရာ မသိမသာဖြင့် ရွာထိပ်သို့ ရောက်ရှိလာခဲ့လေသည်။ ရှန်မိသားစု၏ အသစ်စက်စက် ခြံတံခါးဝသို့ မျက်နှာမူလိုက်ချိန်တွင် သူသည် ခဏတာ တွေဝေသွားပြီးနောက် လက်လှမ်းကာ တံခါးကို ခပ်ဖွဖွ ၂ ချက် ခေါက်လိုက်လေသည်။
အထဲမှ ရှန်မော့အာ၏ ကြည်လင်ပြတ်သားသော အသံက ချက်ချင်း ထွက်ပေါ်လာလေသည်။ "ဘယ်သူလဲ"
ဖုမင်ဇယ်က ပြန်ထူးလိုက်၏။ "ကျွန်တော်ပါ"
အသံထွက်လာမှသာ သူ့အသံမှာ တိုးညင်းပြီး အက်ကွဲနေမှန်း သတိထားမိလိုက်သည်။ သူက အထဲမှလူ မကြားရမည်ကို စိုးရိမ်သဖြင့် ကမန်းကတန်း လည်ချောင်းဟန့်လိုက်ပြီး အသံကို ပိုကျယ်အောင် မြှင့်ကာ ထပ်မံ ထူးလိုက်လေသည်။
ခြံတံခါး ပွင့်လာပြီးနောက် ရှန်မော့အာသည် ဖုမင်ဇယ်ကို မြင်လိုက်ရသောအခါ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ "ပညာတတ်လူငယ်ဖု... ရှင်ကိုး။ မြန်မြန် ဝင်ခဲ့ပါ"
ဖုမင်ဇယ် ခြံဝင်းထဲသို့ ဝင်လာသောအခါ ရှန်မော့အာသည် ခြံတံခါးကို အကျယ်ဆုံးအထိ ဖွင့်လိုက်ပြီး လေတိုက်၍ တံခါးပြန်ပိတ်သွားမည်ကို ကာကွယ်ရန် ဘေးဘက်ရှိ ကျောက်တုံးတစ်တုံးကို ခြေဖြင့်ကန်ကာ တံခါးကို ခုထားလိုက်လေသည်။
ဤသည်မှာ အခြားသူများမြင်သွားပြီး အတင်းပြောမည်ကို ကာကွယ်ရန်အတွက် တံခါးကို တမင်တကာ ဖွင့်ထားခြင်းပင်။
ဤသည်မှာ အလွန်ပင် သာမန်လုပ်ရပ်တစ်ခု ဖြစ်ပြီး ယခင်ကလည်း ဤသို့ပင် လုပ်လေ့ရှိသော်ငြားလည်း ယနေ့တွင်မူ ဖုမင်ဇယ်သည် အကြောင်းပြချက် မရှိဘဲ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်နေမိလေသည်။
"ပညာတတ်လူငယ်ဖု... ထမင်းစားပြီးပြီလား"
ရှန်မော့အာသည် အမှတ်တမဲ့ မေးလိုက်ရင်း မီးဖိုချောင်ထဲသို့ ဝင်ကာ ပန်းကန်လုံး တစ်လုံးကို ယူ၍ ပဲတီစိမ်းပြုတ်ရည် တစ်ဝက်ကျော်ခန့်ကို ထည့်ယူလာခဲ့လေသည်။ ဤပဲတီစိမ်းပြုတ်ရည်မှာ သူမ မနက်ပိုင်း အပြင်မထွက်မီက မီးအေးအေးဖြင့် တည်ထားခဲ့ခြင်းဖြစ်သည်။ ပြန်ရောက်လာပြီးနောက်တွင်လည်း သူမသည် ထမင်းသီးသန့် မချက်တော့ဘဲ နိုင်ငံပိုင် စားသောက်ဆိုင်မှ ဝယ်လာသော ပေါက်စီအချို့ကို နွှေးကာ ပဲတီစိမ်းပြုတ်ရည်နှင့် တွဲဖက်စားသောက်လိုက်ခြင်းဖြင့် တစ်နပ်စာ ပြီးဆုံးသွားလေပြီ။
ဆောင်းဦးပေါက်၏ အပူရှိန်သည် နွေရာသီအလယ်ထက်ပင် ခံစားရ ပို၍ခက်ခဲလှသည်။ ရှန်မော့အာသည် မီးဖိုချောင်ထဲတွင် ပူအိုက်သဖြင့် စားပွဲငယ်လေးကို အပြင်ဘက်ရှိ တံစက်မြိတ်အောက်သို့ ရွှေ့ထားလိုက်သည်။ ထိုနေရာတွင် ဖြတ်သန်းတိုက်ခတ်လာသော လေညင်းလေးများ ရှိနေသဖြင့် မီးဖိုချောင်ထဲထက် အများကြီး ပို၍ သက်သောင့်သက်သာ ရှိလှသည်။
ဖုမင်ဇယ်: "ကျွန်တော် စားပြီးပါပြီ"
ရှန်မော့အာက ခုံပုလေးကို သူhရှေ့တွင် ချပေးလိုက်လေသည်။ "ဒါဆိုလည်း ပဲတီစိမ်းပြုတ်ရည် တစ်ပန်းကန်လောက် သောက်သွားပါဦး။ ဗိုက်မပြည့်ပါဘူး"
ဖုမင်ဇယ်က ထိုင်လိုက်လေသည်။ လမုန့်တစ်ခု စားထားပြီး ရွာထဲမှနေ၍ တစ်လမ်းလုံး လမ်းလျှောက်လာခဲ့ရသဖြင့် သူ အမှန်တကယ်ပင် ရေဆာနေပြီ ဖြစ်သည်။ ထို့ကြောင့် သူက အားနာမနေတော့ဘဲ ပန်းကန်လုံးကို ပင့်ကိုင်ကာ ဖြည်းညင်းစွာ သောက်လိုက်တော့သည်။
ရှန်မော့အာသည် ပေါက်စီကို တစ်ဝက်သာ စားရသေးသဖြင့် ပြန်ယူကာ ဆက်စားလိုက်လေသည်။
ဖုမင်ဇယ်က သူမ၏ လက်ထဲရှိ ပေါက်စီကို ဖျပ်ခနဲကြည့်မိသွားပြီး မနေနိုင်ဘဲ မေးလိုက်၏။ "ဒီပေါက်စီက အစ်မချောင်ဆီက ဝယ်လာတာ မဟုတ်ဘူးလား"
အားလုံးက ပေါက်စီဖြစ်သော်ငြားလည်း လူတစ်ဦးချင်းစီ၏ ပေါက်စီလုပ်ပုံလုပ်နည်းမှာ မတူညီကြသည့်အပြင် ပေါက်စီ၏ အရွယ်အစားမှာလည်း အနည်းငယ် ကွာခြားမှု ရှိလေသည်။
ရှန်မော့အာက အင်း ဟု အသံပြုလိုက်ပြီး ပြန်ဖြေလေသည်။ "တပ်ဖွဲ့ရဲ့ နိုင်ငံပိုင် စားသောက်ဆိုင်ကနေ ဝယ်လာတာလေ။ အစ်မချောင်ဆီကထက် နည်းနည်း ပိုသက်သာတယ်။ ဒါပေမဲ့ ရိက္ခာလက်မှတ်တော့ လိုတယ်"
သူမ၏မိသားစုတွင် ရှိသမျှသော ရိက္ခာလက်မှတ် အနည်းငယ်မှာ အိမ်ဆောက်စဉ်က အကုန်သုံးပစ်ခဲ့ပြီးဖြစ်ကြောင်းကို ဖုမင်ဇယ် သိထားလေသည်။ ယခုက လစာထုတ်ပေးပြီး ရိက္ခာလက်မှတ်များ ဝေပေးမည့်အချိန်လည်း မဟုတ်ရာ ကျိန့်ကျားမင် ပြောပြခဲ့သည်များကို ဆက်စပ်ကြည့်လိုက်ပါက ရိက္ခာလက်မှတ်ကို မည်သူက ပေးခဲ့သည်ဆိုသည်ကို ပြောစရာပင် မလိုတော့ချေ။
ပဲတီစိမ်းပြုတ်ရည်မှာလည်း ချိုမြိန်ခြင်းမရှိတော့သလို ခံစားလိုက်ရသည်။
ရှန်မော့အာသည် အလျင်အမြန် စားသောက်ပြီးသွားလေသည်။ သူမ မသိမ်းဆည်းရသေးမီမှာပင် ဖုမင်ဇယ်က လက်လှမ်းကာ ပန်းကန်များကို သိမ်းဆည်းသွားလေပြီ။ "ကျွန်တော်ပဲ ဆေးလိုက်ပါ့မယ်"
ရှန်မော့အာက သူ့လက်ကို တစ်ချက်ကြည့်လိုက်ပြီး ဖုမင်ဇယ်သည် သူမ၏ အကြည့်နောက်သို့ လိုက်၍ ကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲ နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးလိုက်လေသည်။ "ပျောက်သွားပါပြီ"
ထို့ကြောင့် ရှန်မော့အာသည်လည်း သူ့ကို အားနာမနေတော့ဘဲ ပြောလိုက်၏။ "ဒါဆိုလည်း ပညာတတ်လူငယ်ဖုကို အကူအညီတောင်းရတော့မှာပဲ"
ဖုမင်ဇယ်က ပန်းကန်များဆေးပြီး မီးဖိုချောင်ထဲမှ ထွက်လာသောအခါ ရှန်မော့အာသည် အခန်းထဲမှ ကြိမ်သေတ္တာတစ်လုံးကို ယူထုတ်လာသည်ကို မြင်လိုက်ရလေသည်။ "ဒါက ဒီနေ့ ဈေးထဲမှာ တွေ့ခဲ့တာ။ ရက်ထားတာ တော်တော်လေး ခိုင်တယ်။ အဓိကက ဒီသေတ္တာက သော့ခတ်ထားလို့ရတယ်။ ပညာတတ်လူငယ်ဖု အရင်က ပစ္စည်းပျောက်ဖူးတယ် မဟုတ်လား။ အဲဒါကြောင့် သော့ခတ်လို့ရတဲ့ ဒီလိုသေတ္တာမျိုးဆိုရင် တော်တော်လေး သင့်တော်လိမ့်မယ်လို့ ကျွန်မ ထင်တယ်"
ရှန်မော့အာက ရယ်မောကာ ပြောလိုက်၏။ "ကျွန်မတို့အိမ်ဆောက်တုန်းက ပညာတတ်လူငယ်ဖု တော်တော်လေး ကူညီပေးခဲ့တယ်။ အထူးသဖြင့် အဲဒီသန့်စင်ခန်းဆိုရင် သုံးရတာ တကယ်ကို အဆင်ပြေတယ်။ ကျွန်မက စောစောကတည်းက လက်ဆောင်တစ်ခု ပြင်ဆင်ချင်နေခဲ့တာ။ သင့်တော်တာကို မတွေ့တာနဲ့ မပေးဖြစ်ခဲ့ဘူး။ ဒီနေ့ အတော်ပဲ အဲဒီသေတ္တာကို တွေ့တာနဲ့ ကျေးဇူးဆပ်တဲ့အနေနဲ့ တစ်လုံးဝယ်လာခဲ့တာပါ"
သူမက သူ့အတွက် ကျေးဇူးဆပ်လက်ဆောင် ပြင်ဆင်ထားလိမ့်မည်ဟု ဖုမင်ဇယ် မထင်ထားခဲ့ချေ။ အထူးသဖြင့် ဤလက်ဆောင်မှာ လက်ရှိတွင် သူ အရေးတကြီး လိုအပ်နေသော အရာလည်းဖြစ်ပေသည်။
အစက ကျေးလက်သို့ ဆင်းလာခဲ့စဉ်က ဆင်းရဲသားတစ်ယောက်၏ အဆင့်အတန်းနှင့် ကိုက်ညီစေရန်အတွက် မိသားစုမှ သူ့ကို ခရီးဆောင်သေတ္တာ သို့မဟုတ် ခရီးဆောင်အိတ် တစ်စုံတစ်ရာ ယူဆောင်လာခွင့် မပေးခဲ့ဘဲ အဝတ်ဟောင်းများဖြင့် ဖြတ်တောက်ချုပ်လုပ်ထားသော အဝတ်အိတ်တစ်လုံးကိုသာ ထည့်ပေးလိုက်သည်။
ပညာတတ်လူငယ်စခန်း၏ အခန်းတစ်ခန်းထဲတွင် လူဆယ်ယောက်ကျော် နေထိုင်ကြပြီး ပစ္စည်းများကို အဝတ်အိတ်ထဲတွင် ထည့်ထားခြင်းမှာ အပြင်ဘက်တွင် ထားသည်နှင့် သိပ်မကွာလှချေ။ ငွေနှင့် ရိက္ခာလက်မှတ်များကို ဝှက်ထားရန်အတွက် သူ မည်မျှပင် အားစိုက်ထုတ်ခဲ့ရသည်ကိုပင် မသိတော့ချေ။
ဤနေရာတွင် သေတ္တာဝယ်ချင်လျှင်ပင် ပို၍ မဖြစ်နိုင်တော့ချေ။ တစ်ချက်က ပစ္စည်းများကို အလွယ်တကူ ဝယ်၍မရခြင်းဖြစ်ပြီး နောက်တစ်ချက်မှာ သူ၏ အဆင့်အတန်းနှင့် လုံးဝ မကိုက်ညီသောကြောင့်ပင်။
သို့သော် အခြားသူက ပေးသော လက်ဆောင်ဆိုလျှင်မူ သူ သုံးစွဲရန်မှာ အကြောင်းပြချက် ခိုင်လုံသွားလေပြီ။
အခြားအချိန်တွင်သာ ရှန်မော့အာက ဤကျေးဇူးဆပ်လက်ဆောင်ကို ပေးလာပါက သူ သေချာပေါက် ပျော်ရွှင်မိမည်ဖြစ်သည်။ သို့သော် ယနေ့တွင်မူ...
ရှေ့ကလူ၏ ကြည်လင်တောက်ပနေသော မျက်ဝန်းများကို ကြည့်ကာ ဖုမင်ဇယ်သည် ပျော်ရွှင်နေသလို တစ်ပြိုင်နက်တည်းမှာပင် အနည်းငယ် ဒေါသထွက်နေမိသည်။ သူက မသိမသာ မျက်မှောင်ကြုတ်လိုက်မိပြီး ပြောလိုက်လေသည်။ "ကျွန်တော်က သိပ်ပြီး ကူညီပေးခဲ့တာ မဟုတ်ပါဘူး။ ရဲဘော်ရှန် အခုလို အပင်ပန်းခံပြီး ကျွန်တော့်အတွက် ကျေးဇူးဆပ်လက်ဆောင် ပြင်ဆင်ဖို့ တကယ် မလိုအပ်ပါဘူး"
သူ အနည်းငယ် တွေဝေသွားပြီးနောက် မနေနိုင်ဘဲ ဆက်ပြောလိုက်၏။ "ရဲဘော်ရှန်က နောင်ကျရင် ဆက်ဆံရေး အဆင်မပြေမှာကို စိုးရိမ်လို့ဆိုရင် ပွင့်ပွင့်လင်းလင်း တစ်ခွန်းလောက် ပြောလိုက်ရင် ရပါပြီ"
ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ ဒီလို ကျေးဇူးဆပ်လက်ဆောင်ကို တမင်တကာ ပြင်ဆင်နေစရာ မလိုပါဘူး။
ရှန်မော့အာမှာ အနည်းငယ် အံ့အားသင့်သွားမိသည်။ "ပညာတတ်လူငယ်ဖုက ဘာလို့များ အဲဒီလို တွေးရတာလဲ"
ဖုမင်ဇယ်၏ ကြည်လင်အေးစက်နေသော အကြည့်များက သူမကို တိုက်ရိုက် စိုက်ကြည့်နေလျက် ပြောလိုက်လေသည်။ "ကျွန်တော် ကြားတာတော့ ရဲဘော်ရှန်က လူတစ်ယောက်နဲ့ ချိန်းတွေ့နေတယ်ဆိုတော့ တခြားသူတွေနဲ့ သင့်တော်တဲ့ အကွာအဝေးတစ်ခုမှာ နေဖို့ လိုအပ်တယ်လို့ ခံစားနေရတာလားလို့ ကျွန်တော် ခန့်မှန်းမိလို့ပါ။ အိမ်ဆောက်တဲ့ကိစ္စမှာ ကျွန်တော်က တကယ်တမ်း သိပ်ပြီး ကူညီပေးခဲ့တာ မဟုတ်ပါဘူး။ ပြီးတော့ မင်းတို့ မိသားစုကလည်း ထမင်းတွေ အကြာကြီး ကျွေးမွေးခဲ့တာပဲလေ။ ရဲဘော်ရှန်က ဒီကိစ္စကို စိတ်ထဲမှာ ထားနေစရာ မလိုပါဘူး"
ရှန်မော့အာသည် ပါးစပ်ကို ဟလိုက်သော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းသာ ပြောနိုင်ခဲ့လေသည်။ "ကျွန်မမှာ တကယ်ကို အဲဒီလို အဓိပ္ပာယ်မျိုး မရှိပါဘူး"
ဖုမင်ဇယ်က မျက်လွှာချလိုက်ပြီး အချိန်အတော်ကြာမှသာ ပြောလေသည်။ "ဒါဆိုလည်း ကျွန်တော် တွေးတာ မှားသွားတာ ဖြစ်မှာပါ"
စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် သူက ထပ်ပြောလိုက်၏။ "ကျွန်တော် ဒီနေ့လာတာက မနက်ဖြန်ကစပြီး အထက်တန်း သင်ခန်းစာတွေကို စသင်မှာ ဟုတ်မဟုတ် အတည်ပြုချင်လို့ပါ"
ရှန်မော့အာက ဟုတ်ကဲ့ ဟု ပြန်ထူးလိုက်သည်နှင့် ဖုမင်ဇယ်က "ကောင်းပါပြီ။ ကျွန်တော် မနက်ဖြန်မှ ပြန်လာခဲ့ပါ့မယ်" ဟု ထပ်ပြောလိုက်သည်ကို ကြားလိုက်ရသည်။ ပြောပြီးသည်နှင့် သူသည် သွက်လက်စွာ လှည့်ထွက်သွားလေတော့သည်။
ရှန်မိသားစုအိမ်မှ ထွက်လာပြီးနောက် ဖုမင်ဇယ်သည် ပညာတတ်လူငယ်စခန်းသို့ တောက်လျှောက် ပြန်လာခဲ့လေသည်။ အဆောင်ထဲတွင် ကျိန့်ကျားမင်သည် ပစ္စည်းများကို သိမ်းဆည်းပြီးသွားပြီဖြစ်ကာ စားစရာ၊ သုံးစရာများ အားလုံးကို အိမ်မှ သူယူလာသော လက်ဆွဲသေတ္တာထဲသို့ ထည့်ကာ သိမ်းဆည်းထားလိုက်သည်။ ဖုမင်ဇယ် ဝင်လာချိန်တွင် သူသည် ဖင်ထောင်ကာ လက်ဆွဲသေတ္တာကို ကုတင်အောက်သို့ အတင်းထိုးသွင်းနေလေသည်။
ဖုမင်ဇယ်သည် အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့ကုတင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ ဖိနပ်ပင်မချွတ်ဘဲ အပေါ်သို့ တန်းခနဲ ပက်လက်လှန် လှဲချလိုက်လေသည်။
ကျိန့်ကျားမင်က သူ့ကို အံ့သြသလို တစ်ချက်ကြည့်လိုက်မိ၏။ ဖုမင်ဇယ်သည် အသန့်အလွန်နှစ်သက်သူဖြစ်ပြီး ယနေ့တွင်မူ ဖိနပ်ပင်မချွတ်ဘဲ ကုတင်ပေါ်သို့ တက်သွားလေသည်။ ခြေထောက်ကို အပြင်ဘက်သို့ တွဲလောင်းချထားသဖြင့် အိပ်ရာခင်းကို မညစ်ပေစေသော်ငြားလည်း ဤသည်မှာ ဖုမင်ဇယ်၏ ပုံစံနှင့် လုံးဝ မကိုက်ညီပေ။
ကျိန့်ကျားမင်သည် အနားသို့ တိုးသွားကာ တိုးညင်းသောအသံဖြင့် မေးလိုက်၏။ "ဘာကိစ္စဖြစ်လို့လဲ"
ဖုမင်ဇယ်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ကျိန့်ကျားမင်၏ ဦးနှောက်ဖြင့်ဆိုလျှင် အကြံဉာဏ်ကောင်း ထွက်လာမည့်သူမျိုး လုံးဝ မဟုတ်မှန်း သူ သိထားသော်ငြားလည်း ဤအချိန်တွင် သူ၏စိတ်ထဲ၌ အမှန်တကယ်ပင် အနည်းငယ် ရှုပ်ထွေးနေသဖြင့် စကားပြောစရာ လူတစ်ယောက်ကို အမှန်တကယ်ပင် ရှာချင်နေမိလေသည်။ ထို့ကြောင့် သူသည် ကုတင်ပေါ်မှထကာ "အပြင်ထွက်ပြောရအောင်"
မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ယောက်သည် ပညာတတ်လူငယ်စခန်း နောက်ဘက်ရှိ ဟင်းသီးဟင်းရွက်ခင်းထဲတွင် မတ်တပ်ရပ်နေကြသည်။ ဖုမင်ဇယ်သည် စကားကို အနည်းငယ် ချင့်ချိန်စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "ငါ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့အိမ်က စီးပွားရေးတော့ တော်တော်အဆင်ပြေတယ်။ ဒါပေမဲ့ မျိုးရိုးနောက်ခံက သိပ်မကောင်းဘူးပေါ့။ သူက လတ်တလောမှာ ဆင်းရဲတဲ့ လယ်သမား မိသားစုက မိန်းကလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့တယ်။ ဒါပေမဲ့ နောက်ကျရင် သူ့အိမ်ကကိစ္စတွေက အဲဒီမိန်းကလေးကို ထိခိုက်သွားမှာ စိုးရိမ်တဲ့အတွက် သူက နည်းနည်း တွေဝေနေတယ်"
ခေတ္တရပ်သွားပြီးနောက် သူက ထပ်ပြောလိုက်၏။ "အဲဒီမိန်းကလေးကလည်း လတ်တလောမှာ အခြေအနေမဆိုးတဲ့ လူတစ်ယောက်နဲ့ တွေ့နေတယ်"
ကျိန့်ကျားမင်သည် အကြောင်းပြချက် မရှိဘဲ ဤဇာတ်လမ်းကို နားထောင်ရသည်မှာ တစ်နေရာရာတွင် မှားယွင်းနေသလို ခံစားနေရသော်လည်း မည်သည့်နေရာတွင် မှားယွင်းနေသည်ကို စဉ်းစား၍မရပေ။ ထို့ကြောင့် သူက ခေါင်းကုတ်လိုက်ပြီး ပြောလိုက်လေသည်။ "ဒီလိုအခြေအနေမျိုးဆိုမှတော့ အဲဒီမိန်းကလေးမှာလည်း အခြေအနေ မဆိုးတဲ့ ချိန်းတွေ့နေတဲ့လူ ရှိနေပြီဆိုတော့ မင်းရဲ့သူငယ်ချင်းကို လက်လျှော့ခိုင်းလိုက်တာပဲ ကောင်းပါတယ်"
ဖုမင်ဇယ်၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားလေတော့သည်။ "..."
ထင်ထားသည့်အတိုင်းပင်။ ကျိန့်ကျားမင်၏ ဦးနှောက်ဖြင့်ဆိုလျှင် တကယ့်ကို အသုံးမကျသော အကြံဉာဏ်များကိုသာ ပေးနိုင်စွမ်းရှိလေသည်။
...
အပိုင်း (၃၆.၁) ရုပ်ရည်က ဒီလောက်ချောမောနေပြီးတော့များ အဲဒီလောက်တောင် ဆင်းရဲနေရတယ်လို့……
ဖုမင်ဇယ်က စကားပြောပြီးသည်နှင့် ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် ရှန်မော့အာသည် ကြိမ်သေတ္တာကို ဆွဲကာ ထိုနေရာ၌ ရပ်လျက် သူ့ကျောပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိ၏။ စိတ်ထဲမှနေ၍ 'တကယ့်ကို ထူးထူးဆန်းဆန်းပါပဲလား' ဟု တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
သူက မလိုချင်မှတော့ ရှန်မော့အာကလည်း အတင်းအကျပ် ပေးမည် မဟုတ်သည်မှာ သဘာဝပင်။ ထို့ကြောင့် သူမသည် သေတ္တာကိုဆွဲကာ အိမ်ထဲသို့ ပြန်ဝင်လာလိုက်သည်။
မူလက သူမနှင့် သူမ၏ အဖေတွင် ပစ္စည်းများများစားစား မရှိသဖြင့် သေတ္တာတစ်လုံးတည်းတွင် အတူတကွ ထည့်ထားလျှင် ရပြီဟု တွေးထားခဲ့၏။ ယခု ဖုမင်ဇယ်က မလိုချင်တော့သဖြင့် သူမနှင့် သူမ၏ အဖေအတွက် တစ်ယောက် တစ်လုံးစီ အတိအကျဖြစ်သွားကာ အတူတကွ ရောနှောထည့်စရာ မလိုတော့ပေ။
သေတ္တာကို သေချာစွာ ထားသိုပြီးနောက် ရှန်မော့အာသည် ခြံတံခါးကို သွားပိတ်လိုက်သည်။
နေ့ခင်းကြောင်တောင် အချိန်ဖြစ်သော်ငြားလည်း သူမတို့အိမ်၏ တည်နေရာသည် လယ်လုပ်ငန်း မအားမလပ်ဖြစ်နေချိန် မဟုတ်လျှင် နေ့ဘက်၌ အနီးအနားတွင် မည်သူမျှ မရှိတတ်ချေ။ တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့လျှင် လူခေါ်ချင်လျှင်ပင် ခေါ်၍ ရမည်မဟုတ်ပေ။
ရှန်မော့အာသည် တံခါးကို ခုထားသော ကျောက်တုံးကို ကန်ဖယ်လိုက်သည်တွင် ခေါင်းထဲ၌ အတွေးတစ်ခု ရုတ်တရက် ပေါ်လာသဖြင့် ထို သာမန် ကျောက်တုံးလေးကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရ၏။
ပညာတတ်လူငယ်ဖုသည် သူမ တံခါးခုထားသည့် ကျောက်တုံးကို ကန်လိုက်ချိန်မှစ၍ သိပ်မပျော်ရွှင်တော့သလို ခံစားလိုက်ရသည်။
သူ ပြောခဲ့သည့် "အခြားသူတွေနဲ့ သင့်တော်တဲ့ အကွာအဝေးတစ်ခု ထားဖို့ လိုအပ်တယ်လို့ တွေးမိကောင်း တွေးမိလိမ့်မယ်" ဟူသော စကားများကို ပြန်လည်စဉ်းစားကြည့်ရင်း ရှန်မော့အာသည် မျက်တောင်ခတ်လိုက်မိ၏။ သူမက 'ငါ တွေးထားသလိုမျိုးတော့ မဟုတ်လောက်ပါဘူးလေ' ဟု စိတ်ထဲမှ ဆိုလိုက်သည်။
သေချာပေါက်တော့ မပြောနိုင်သေးချေ။ ဆက်လက် စောင့်ကြည့်ရဦးမည်။
မွန်းလွဲပိုင်းတွင် အခြား အလုပ်များများစားစား မရှိသဖြင့် ရှန်မော့အာသည် စက္ကူများကိုဖြတ်ကာ အိမ်သစ်၏ ပြတင်းပေါက်များကို ကပ်လိုက်သည်။ တကယ်တော့ ပြတင်းပေါက် လိုက်ကာများ တပ်ဆင်ခြင်းက အကောင်းဆုံး ဖြစ်သော်လည်း အဝတ်အထည်များ ဝယ်ယူရန် အလွန်ခက်ခဲလှသဖြင့် ယခုလောလောဆယ်တွင် ဤသို့ပင် ဖြစ်သလို နေရဦးမည်။
ထိုသို့မဟုတ်လျှင် ဤမှန်ပြတင်းပေါက်များသည် အထဲမှ အပြင်သို့ ကြည့်လျှင်လည်း ရှင်းလင်းစွာ မြင်ရသလို၊ အပြင်မှ အထဲသို့ ကြည့်လျှင်လည်း အထင်းသား မြင်နေရမည်ဖြစ်သောကြောင့် နေထိုင်ရသည်မှာ စိတ်လုံခြုံမှု ရှိမည်မဟုတ်ချေ။ ကံကောင်းထောက်မစွာဖြင့် ပြတင်းပေါက်များကို အမြင့်တွင် ဖောက်ထားသောကြောင့် အောက်ခြေတစ်တန်းကိုသာ ကပ်ထားရန် လိုအပ်ပြီး အပေါ်ပိုင်းကိုတော့ ဂရုစိုက်နေစရာ မလိုပေ။
ပြတင်းပေါက်များကို ကပ်ပြီးနောက်တွင် ရှန်မော့အာသည် အိမ်ရှိ ပစ္စည်းများကို ပြန်လည် နေရာချထားလိုက်ပြီး တန်ဖိုးရှိသည့် အရာများကို သေတ္တာထဲသို့ သိမ်းဆည်းလိုက်သည်။
အားလုံး ပြီးစီးသွားသောအခါ ရှန်မော့အာသည် ရတနာတိုက်ခန်းထဲသို့ ဝင်ကာ ထပ်မံ ရှင်းလင်းစီစဉ်လိုက်၏။
ဤရတနာတိုက်ခန်းထဲရှိ ရွှေငွေရတနာများ၊ လက်ရေးလှပန်းချီကားများနှင့် ကျောက်စိမ်းအသုံးအဆောင်များသည် သူမ၏ အဖေက နှစ်ပေါင်းများစွာ စုဆောင်းသိမ်းဆည်းထားသော ပစ္စည်းများ ဖြစ်သည်။ ထိုပစ္စည်းများကို စာရင်းဇယားများဖြင့် မှတ်တမ်းတင်ထားသဖြင့် သူမ သိပ်မသိသော်လည်း သူမ၏ အဖေကတော့ စိတ်ထဲတွင် ရှင်းလင်းစွာ သိရှိနေလေသည်။
သို့သော် သူပုန်များ မြို့ကို ဝိုင်းရံထားပြီးနောက် လက်အောက်ငယ်သားများက ကပျာကယာ သိမ်းဆည်းထားခဲ့သည့် ပစ္စည်းများကိုတော့ သူတို့ သားအဖနှစ်ယောက်စလုံး တကယ်တမ်းတွင် သေချာ မသိကြချေ။ ရတနာတိုက်ခန်း၏ အကျယ်အဝန်းက ကြီးမားလှပြီး စင်များ တစ်ခုပေါ်တစ်ခု ထပ်လျက်၊ သေတ္တာများ တစ်လုံးပေါ်တစ်လုံး တင်ထားသဖြင့် သူတို့တွင် အသေးစိတ် စာရင်းကောက်ယူရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် ယခုအခါ အားလပ်ချိန် ရတိုင်း ရှန်မော့အာသည် ရတနာတိုက်ခန်းထဲသို့ ဝင်ကာ "ရတနာရှာဖွေခြင်း" ကို ပြုလုပ်လေ့ရှိသည်။
သေတ္တာတစ်လုံးကို မဖွင့်မီတိုင်း အထဲတွင် မည်သည့်အရာများ ရှိနေမည်ကို လုံးဝ ခန့်မှန်း၍ မရနိုင်သဖြင့် ယင်းသည် ရတနာရှာဖွေခြင်း မဟုတ်လျှင် အဘယ်နည်း။
ဟုတ်ပါသည်။ အကြိမ်တိုင်းတွင်တော့ အံ့သြဝမ်းသာစရာများချည်း မဟုတ်ခဲ့ပေ။ တစ်ခါတစ်ရံ မျှော်လင့်ချက်ကြီးစွာဖြင့် ဖွင့်ကြည့်လိုက်သောအခါ ငိုရခက် ရယ်ရခက် ဖြစ်ရသည်များလည်း ရှိလေသည်။
ဥပမာအားဖြင့် ပြီးခဲ့သည့်အကြိမ်က သူမသည် စန္ဒကူးသစ်သားသေတ္တာတစ်လုံးကို ဖွင့်လိုက်သောအခါ အထဲတွင် တန်ဖိုးကြီးမားသော ပစ္စည်းများ သေချာပေါက် ပါဝင်မည်ဟု တွေးထင်ထားခဲ့၏။ ရလဒ်အနေဖြင့် ကြည့်လိုက်သောအခါ တန်ဖိုးမကြီးဟု မဆိုသာသော်လည်း သာ့လျန်မင်းဆက် မြို့တော်ပတ်ဝန်းကျင်ရှိ ခြံမြေစာချုပ်များနှင့် အိမ်ဂရန်များ၊ အနီးအနားရှိ နိုင်ငံအသီးသီး၏ မြို့တော်များမှ ဆိုင်ခန်းများနှင့် နေအိမ်များ၏ မြေစာချုပ်နှင့် အိမ်ဂရန်များ ဖြစ်နေလေသည်။ အချိန်နှင့် နေရာ ပြောင်းလဲသွားခြင်းသာ မရှိခဲ့လျှင် ယင်းတို့သည် ကြီးမားသော ကြွယ်ဝချမ်းသာမှုကြီး တစ်ခု ဖြစ်နေမည် ဖြစ်သော်လည်း ကံဆိုးချင်တော့ ဤကမ္ဘာတွင်တော့ ထိုနိုင်ငံအသီးသီးမှ လဲလှယ်အသုံးပြု၍ရသော ငွေစက္ကူများကဲ့သို့ပင် အသုံးမဝင်သော စက္ကူစုတ်များ ဖြစ်သွားခဲ့သည်။
ရတနာတိုက်ခန်းထဲရှိ ပစ္စည်းအများစုမှာ လက်ရှိအချိန်တွင် သူတို့ အသုံးပြု၍ မရနိုင်သော အရာများဖြစ်သဖြင့် ရှန်မော့အာသည် "ရတနာရှာဖွေခြင်း" ကိစ္စအပေါ် သိပ်ပြီး စိတ်ဝင်တစား မရှိလှချေ။ တကယ်တမ်း အားလပ်ပြီး လုပ်စရာမရှိသည့် အချိန်မှသာ ဝင်ရောက် မွှေနှောက်လေ့ ရှိသည်။
သို့သော် ဒီကနေ့တွင်တော့ သူမ၏ ကံကြမ္မာက မဆိုးလှပေ။ သေတ္တာတစ်လုံးကို ဖွင့်လိုက်သောအခါ အထဲတွင် အဝတ်အထည်စများကို သေသပ်စွာ စီရီထားသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် ၎င်းတို့သည် သူမ၏ အဖေ စာရင်းသွင်း၍ သိမ်းဆည်းထားသော တန်ဖိုးကြီး ပစ္စည်းများ မဟုတ်ဘဲ အတော်အသင့် သာမန်ဖြစ်သော အဝတ်အထည်စများ ဖြစ်နေ၏။ ကြည့်ရသည်မှာ အိမ်တော်ရှိ အစေခံမိန်းကလေးများအတွက် အဝတ်အစားများ ချုပ်လုပ်ရန် ဝယ်ယူထားသော အစများ ဖြစ်ဟန်တူသည်။
ဖြစ်ချင်တော့ ၎င်းတို့မှာ ပိုးထည်များ ဖြစ်နေပြီး အရောင်အသွေးကလည်း အနည်းငယ် တောက်ပြောင်နေသဖြင့် အပြင်သို့ ယူသွားလျှင် အတော်လေး မျက်စိကျစရာ ဖြစ်နေလိမ့်မည်။
ရှန်မော့အာသည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် သေတ္တာကို ပြန်ပိတ်ကာ ဘေးသို့ ရွှေ့လိုက်သည်။ ထို့နောက် ထိုသေတ္တာ၏ အောက်တွင် ဖိမိနေသော သေတ္တာနှစ်လုံးကို ဆွဲထုတ်လာပြီး နှစ်လုံးစလုံးကို ဖွင့်ချလိုက်တော့သည်။
ဤတစ်ကြိမ်တွင်တော့ အမှန်တကယ်ပင် ကြီးမားသော အံ့အားသင့် ဝမ်းသာမှုကြီး ဖြစ်သွားရသည်။ သေတ္တာတစ်လုံးထဲတွင် ပိုးထည်များ ဖြစ်သော်လည်း အဖြူ၊ အမည်း၊ အစိမ်းပုပ်နှင့် အညိုရောင်စသည့် ရိုးရှင်းသော အရောင်များ ဖြစ်နေပြီး အခြားသေတ္တာတစ်လုံးထဲတွင်မူ ချည်ထည်များ၊ အဖြူရောင်စစ်စစ် ချည်ထည်များ ဖြစ်နေလေသည်။
ရှန်မော့အာမှာ ရှားပါးပြီး တန်ဖိုးကြီးမားသော ရတနာသေတ္တာတစ်လုံးကို ရှာတွေ့သည်ထက်ပင် ပို၍ ဝမ်းသာပျော်ရွှင်သွားရ၏။
ဤချည်ထည်များသည် ဤကမ္ဘာရှိ သမဝါယမ အရောင်းဆိုင်များတွင် ရောင်းချသော အဝတ်အထည်စများနှင့် အနည်းငယ် ကွာခြားမှု ရှိသော်ငြားလည်း ယင်းမှာ လက်မှုပညာရပ်ပိုင်းဆိုင်ရာ ကွာခြားချက်သာ ဖြစ်ပြီး သေချာ မကြည့်လျှင် သိနိုင်မည် မဟုတ်ချေ။
အဓိကအချက်မှာ ဟွာကော်နိုင်ငံတွင် ရေတွက်၍မရနိုင်သော အကြီးအသေား ရက်ကန်းစက်ရုံများ ရှိပြီး စက်ရုံတစ်ရုံစီ၏ ထုတ်လုပ်မှု နည်းပညာများတွင် သေးငယ်သော ကွာခြားချက်များ ရှိတတ်ကြသည်။ အဝတ်အထည် ရှားပါးနေသည့် ဤကဲ့သို့သော အခြေအနေမျိုးတွင်ဘယ်သူကမှ ထိုအရာများကို ဂရုစိုက်နေမည် မဟုတ်သဖြင့် ဤအဝတ်အထည်စများကို သူမ လုံးဝ ထုတ်ယူ အသုံးပြုနိုင်ပေသည်။
ရှန်မော့အာမှာ အလွန်တရာ စိတ်လှုပ်ရှားသွားပြီး ထိုသေတ္တာများ၏ အနီးအနားတွင် ထပ်မံ ရှာဖွေကြည့်လိုက်သောအခါ အဝတ်အထည်စများ ထည့်ထားသော သေတ္တာများစွာကို ထပ်မံ ရှာတွေ့ခဲ့လေသည်။
ဤသည်မှာလည်း ပုံမှန်ပင် ဖြစ်၏။ သူမတို့၏ ခမ်းနားကြီးကျယ်လှသော မင်းသားအိမ်တော်တွင် တစ်နှစ်ပတ်လုံးအတွက် ပြင်ဆင်ထားသော ရိက္ခာပစ္စည်းများမှာ မရေမတွက်နိုင်အောင် များပြားလှသည်။ ထိုအချိန်က အလွန်တရာ အထိတ်တလန့် ဖြစ်ခဲ့ရသဖြင့် ပစ္စည်းများစွာကို သိမ်းဆည်းရန် အချိန်မမီခဲ့ချေ။ ထိုသို့မဟုတ်လျှင် ဤမျှ ကြီးမားကျယ်ဝန်းလှသော ရတနာတိုက်ခန်းကြီးထဲတွင်ပင် ဆံ့မည် မဟုတ်ဟု ခန့်မှန်းရသည်။
တကယ်တမ်းတွင် မင်းသားအိမ်တော်၌ ဆန်၊ ဂျုံ၊ ဆီ၊ အသား၊ ဥ စသည့် စားသောက်ဖွယ်ရာများကို အများအပြား ပြင်ဆင်ထားခဲ့သော်လည်း သူမ၏ အဖေက လူများကို အလုပ်ဖြုတ်၍ ပြန်လွှတ်လိုက်ချိန်တွင် ထိုပစ္စည်းများအားလုံးကို ခွဲဝေပေးလိုက်ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူပုန်များက မြို့ကို ဝိုင်းရံထားသဖြင့် အချိန်ကြာလာသည်နှင့်အမျှ အခြားအရာများကို မဆိုထားနှင့် စားစရာက အရေးအကြီးဆုံး ဖြစ်လာမည် မဟုတ်ပါလား။
သူတို့ သားအဖနှစ်ယောက်သည် ရတနာတိုက်ခန်းထဲတွင် ရိက္ခာများကို သိုဝှက်မထားခဲ့ချေ။ မည်သို့ပင်ဖြစ်စေ ရတနာတိုက်ခန်းထဲတွင် မီးမွှေး၍ မရသဖြင့် ရိက္ခာများကို ဝှက်ထားလျှင်လည်း အသုံးဝင်မည် မဟုတ်ချေ။ ထို့ပြင် သူတို့ သားအဖနှစ်ယောက်သည် ရတနာတိုက်ခန်းထဲသို့ ဝင်ရောက် ပုန်းအောင်းနေခဲ့သော်ငြားလည်း တကယ်တမ်း စိတ်ထဲတွင်တော့ နိုင်ငံအတွက် အသက်စွန့်ရန် စောစီးစွာကပင် ပြင်ဆင်ထားပြီး ဖြစ်လေသည်။
သူတို့သည် ရတနာတိုက်ခန်းထဲတွင် ရိက္ခာခြောက်များနှင့် မုန့်အနည်းငယ်ကိုသာ သိမ်းဆည်းထားခဲ့ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် စားသောက်ရင်း ကုန်ဆုံးသွားခဲ့သည်။
ဤကဲ့သို့ အဝတ်အထည်နှင့် အစားအသောက် ရှားပါးလှသော ကမ္ဘာကြီးဆီသို့ အချိန်နှင့် နေရာကို ဖြတ်ကျော်၍ ရောက်ရှိလာမည်ကို စောစီးစွာ သိခဲ့လျှင် ဘယ်လိုပဲဖြစ်ဖြစ် ရတနာတိုက်ခန်းထဲတွင် ရိက္ခာတန်ချိန် ရာနှင့်ချီ၍ ဝှက်ထားခဲ့မည်မှာ သေချာသည်။
အနာဂတ်ကို ကြိုတင်ခန့်မှန်းလို့မရနိုင်သည်ကတော့ ဆိုးလွန်းလှသည်။
ရှန်မော့အာသည် တိတ်တဆိတ် သက်ပြင်းချလိုက်မိသော်လည်း မကြာမီမှာပင် ပြန်လည် ပျော်ရွှင်လာခဲ့သည်။ သည်လောက်များပြားလှသည့် အဝတ်အထည်စများကို ရှာတွေ့ခြင်းက ရိက္ခာများ ရှာတွေ့ခြင်းနှင့် သိပ်မကွာခြားလှပေ။ မည်သို့ပင်ဆိုစေ ဤကမ္ဘာတွင် အဝတ်အထည်စများ ဆိုသည်မှာ ခိုင်မာသော ငွေကြေးတစ်ခုနှင့်ပင် တူညီနေသည်။
ရှန်မော့အာ၏ စိတ်ထဲတွင် ကျေနပ်ပီတိ ဖြစ်နေပြီး ချည်ထည်တစ်လိပ်ကို ထုတ်ယူလိုက်ကာ သေတ္တာများကို အားလုံး ပြန်ပိတ်၍ နေရာတကျ ပြန်စီထားလိုက်သည်။ သူမသည် "ရတနာရှာဖွေခြင်း" ကို ဆက်မပြုလုပ်တော့ဘဲ ထိုချည်ထည်လိပ်ကို ပိုက်လျက် အပြင်သို့ ထွက်ရန် ပြင်လိုက်တော့သည်။
ထိုစဉ် အနောက်ဘက်မှ ရုတ်တရက် ဘုံးခနဲ မြည်သံတစ်ခု ထွက်ပေါ်လာသဖြင့် ရှန်မော့အာ လှည့်ကြည့်လိုက်သောအခါ သားရေသေတ္တာတစ်လုံးသည် အမြင့်မှ လိမ့်ကျလာသည်ကို တွေ့လိုက်ရ၏။
သူမ အဝတ်အထည်စများကို ရှာဖွေနေစဉ်က ထိုဘက်ရှိ သေတ္တာကို ထိမိသွားခြင်း ဖြစ်နိုင်ပြီး ဤသေတ္တာကလည်း အမြင့်တွင် တင်ထားရက်သား ဖြစ်နေကာ သေချာစွာ တင်မထားသဖြင့် ကျလာခြင်း ဖြစ်ပေမည်။
သေတ္တာမှာ ခိုင်ခံ့လှသဖြင့် ပြုတ်ကျလာသော်လည်း ပျက်စီးသွားခြင်း၊ ပွင့်ထွက်သွားခြင်း မရှိချေ။ ရှန်မော့အာမှာ အနည်းငယ် သိချင်စိတ် ပြင်းပြသွားသဖြင့် ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ငှက်သိုက်၊ ပင်လယ်မျှော့၊ ငါးစည်ဖောင်း စသည့် တန်ဖိုးကြီး ဟင်းလျာပစ္စည်းများ အပြည့်ပါဝင်နေသည်ကို အံ့သြအားသင့်စွာ တွေ့ရှိလိုက်ရသည်။ ရှန်မော့အာ၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက်သွားတော့သည်။
သေတ္တာ ပြုတ်ကျလာသည့် နေရာကို တစ်ချက်ကြည့်လိုက်ပြီး သူမသည် ချက်ချင်းပင် သွားရောက်ကာ နောက်ထပ် သေတ္တာတစ်လုံးကို ဆွဲချလိုက်ပြီး ဖွင့်ကြည့်လိုက်၏။ အံဩစရာကောင်းလောက်အောင်ပင် ဆေးဖက်ဝင် အပင်များ အပြည့်ပါသော သေတ္တာတစ်လုံး ဖြစ်နေလေသည်။
နောက်ထပ် သစ်သားသေတ္တာတစ်လုံးကို ထပ်မံ ဆွဲချလိုက်၏။ အထဲတွင် သပ်ယပ်စွာ စီရီထပ်ထားသော ဝက်ပေါင်ခြောက်များ ဖြစ်နေပြန်သည်။
သေတ္တာ တော်တော်များများကို ဆက်တိုက် ဖွင့်ကြည့်လိုက်သောအခါ ရှန်မော့အာသည် အစားအသောက်များနှင့် ဆေးဖက်ဝင် ပစ္စည်းများပါသော သေတ္တာပေါင်းများစွာကို တစ်ခဏအတွင်း ရှာဖွေတွေ့ရှိသွားလေသည်။
ရှန်မော့အာသည် သူမရှေ့ရှိ သေတ္တာများကို ကြောင်ငေးစွာ ကြည့်နေမိ၏။ ထိုစဉ်က သူပုန်များ မြို့ကို ဝိုင်းရံထားချိန်တွင် မြို့ထဲ၌ အလွန် ရှုပ်ထွေးနေခဲ့ပြီး သူမ၏ အဖေက အိမ်တော်ရှိ အစေခံများကို သူတို့၏ မိသားစုများနှင့်အတူ ပြန်လည် နေထိုင်ရန် ပြန်လွှတ်လိုက်ကြောင်း ပြန်လည် အမှတ်ရမိလိုက်သည်။ သို့သော် သစ္စာရှိ အိမ်တော်ထိန်း ဦးလေးဖူကမူ လူတစ်စုကို ဦးဆောင်ကာ လှည်းဘယ်နှစ်စီးစာ ရှိမည်မှန်းပင် မသိရသော ပစ္စည်းများကို ရတနာတိုက်ခန်းထဲသို့ မရမက သယ်ဆောင်ပို့ပေးခဲ့ပြီးမှသာ မျက်ရည်များကို သုတ်လျက် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
ယခု ပြန်လည် စဉ်းစားကြည့်သောအခါ ဤသစ္စာရှိလှသော အိမ်တော်ထိန်းကြီးသည် သူ စဉ်းစားမိသမျှနှင့် သူ သိမ်းဆည်းနိုင်မည်ဟု ထင်ရသော ပစ္စည်းမှန်သမျှကို အမှန်တကယ်ပင် သိမ်းဆည်းပေးခဲ့ခြင်း ဖြစ်လေသည်။
သို့သော် သူ၏ သစ္စာစောင့်သိမှုဖြင့် သိမ်းဆည်းထားခဲ့သော၊ ထိုအချိန်က သူကိုယ်တိုင်ပင် အမှန်တကယ် အသုံးဝင်လာလိမ့်မည်ဟု ထင်ထားခဲ့မည် မဟုတ်သော ဤပစ္စည်းများသည် ယခုအခါ သူမတို့ သားအဖအတွက်တော့ တကယ့်ကို အသုံးဝင်ဆုံး အရာများ ဖြစ်လာလိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။
ရှန်မော့အာသည် အချိန်အတော်ကြာယူပြီး ပစ္စည်းများကို ပြန်လည် နေရာချထားလိုက်ပြီးမှသာ ချည်ထည်တစ်လိပ်နှင့် ဝက်ပေါင်ခြောက် တစ်ခုကို ပိုက်လျက် ရတနာတိုက်ခန်းထဲမှ ထွက်လာခဲ့သည်။
အပြင်သို့ ထွက်လာကြည့်လိုက်သောအခါ ညစာချက်ပြုတ်ရမည့် အချိန်နှင့် ကွက်တိကျနေသဖြင့် သူမသည် ချည်ထည်ကို ကြိမ်သေတ္တာထဲသို့ ထည့်သိမ်းလိုက်ပြီး ထိုဝက်ပေါင်ခြောက်ကို ပိုက်လျက် မီးဖိုချောင်ထဲသို့ ဝင်ကာ ဓားဖြင့် အသားများကို အတုံးငယ်လေးများဖြစ်အောင် ပိုင်းဖြတ်လိုက်သည်။
ကြိမ်သေတ္တာ နှစ်လုံးကို အဆင်သင့် ဝယ်လာခဲ့သဖြင့် ရှန်မော့အာသည် မူလ သစ်သားသေတ္တာအဟောင်းထဲရှိ ပစ္စည်းများကို ကြိမ်သေတ္တာထဲသို့ ပြောင်းထည့်လိုက်ပြီး သစ်သားသေတ္တာအဟောင်းကိုတော့ သန့်ရှင်းအောင် သုတ်သင်ကာ ဆန်၊ ဂျုံနှင့် ဆားနယ်အသားများကို ထည့်သွင်းသိမ်းဆည်းရန် အသုံးပြုလိုက်လေသည်။
မူလခန္ဓာကိုယ်ပိုင်ရှင် သားအဖနှစ်ယောက်သည် အလွန်တရာ ဆင်းရဲမွဲတေလှသဖြင့် အိမ်တွင် ရိက္ခာအပိုအလျှံ မရှိခြင်းကြောင့်ဟ စပါးသိုလှောင်စရာလဲ မရှိချေ။ ရှန်မော့အာ ကူးပြောင်းရောက်ရှိလာချိန်မှစ၍ အိမ်တွင် ကြွက်များကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ သို့သော် နောင်တွင်လည်း မရှိနိုင်ဘူးဟု အာမမခံနိုင်သဖြင့် အစားအသောက်များကို သေတ္တာထဲတွင် ထည့်ထားခြင်းက ပို၍ လုံခြုံစိတ်ချရပေသည်။
ဟုတ်ပါသည်။ အကောင်းဆုံးကတော့ မီးဖိုချောင်တွင် ထားရှိရန် ဗီရိုတစ်လုံး ပြုလုပ်လိုက်ခြင်း ဖြစ်ပြီး ပန်းကန်လုံးများနှင့် တူများကိုလည်း ယခုကဲ့သို့ ကြွေရည်သုတ် ခွက်ကြီးတစ်ခုထဲတွင် တိုက်ရိုက် ထည့်ထားစရာ မလိုတော့ပေ။ ဤသို့ တွေးမိတိုင်း ရှန်မော့အာသည် သက်ပြင်းတစ်ချက် မချဘဲ မနေနိုင်တော့ချေ။ ဤအိမ်သည် တကယ့်ကို ဆင်းရဲမွဲတေလွန်းလှပြီး နံရံလေးဘက်မှလွဲ၍ ဘာမျှမရှိပါလား။
မူလခန္ဓာကိုယ်ပိုင်ရှင် သားအဖနှစ်ယောက်ကဲ့သို့ ကျန်းမာသန်စွမ်းသော လုပ်သားအင်အား နှစ်ယောက်စလုံး ရှိနေပါလျက်နှင့် သူတို့၏ နေ့စဉ်ဘဝကို ဤသို့ဖြစ်အောင် မည်သို့ ဖြတ်သန်းခဲ့ကြသည်ကို မသိနိုင်တော့ချေ။
ရှန်မော့အာသည် ပျက်စီးယိုယွင်းနေမှု အားလုံးကို အစမှ ပြန်လည် တည်ဆောက်ရမည့် ခံစားချက်မျိုးကို အမြဲလိုလို ခံစားနေရ၏။ ဥပမာအားဖြင့် ပရိဘောဂများ ဆိုလျှင် ဗီရိုအပြင် တကယ်တမ်း၌ သေသပ်သော ထမင်းစားစားပွဲ တစ်လုံး၊ အနည်းငယ် မြင့်သော ထိုင်ခုံများ၊ စာရေးစားပွဲ တစ်လုံးနှင့် သေတ္တာများ တင်ထားရန် စင်တစ်ခု စသည်တို့ကိုလည်း ပြုလုပ်ရန် လိုအပ်သေးသည်။ ဟုတ်ပါသည်။ အကောင်းဆုံးကတော့ ပစ္စည်းများ သိမ်းဆည်းရန်အတွက် အံဆွဲငါးခုပါသော ဗီရိုတစ်လုံးကို ထပ်မံ ပြုလုပ်ခြင်းပင်။
သို့သော် တစ်ပြိုင်နက်တည်း အားလုံးကို ပြုလုပ်၍တော့ မရနိုင်ပေ။ သူတို့အနေဖြင့် သည်လောက်များပြားသော ငွေကြေးများကို ရုတ်တရက် ထုတ်မပေးနိုင်သည်ကို အသာထား၊ ထုတ်ပေးနိုင်လျှင်တောင်မှ သင့်တော်မည် မဟုတ်ချေ။ သူမတို့အိမ်က အိမ်သစ်ဆောက်လုပ်ခြင်းပင်လျှင် လူအများ၏ အာရုံစိုက်မှုကို လုံလောက်အောင် ရရှိနေလေပြီ။
ရှန်မော့အာသည် အမတရှစ်ပါး ထမင်းစားစားပွဲနှင့် စာရေးစားပွဲတို့ကို အရင်ဆုံး ပြုလုပ်ရန် စဉ်းစားတွက်ချက်လိုက်၏။ ထမင်းစားခြင်းနှင့် စာရေးခြင်း ဤနှစ်ခုကသာ လက်ရှိတွင် အလိုအပ်ဆုံး ဖြစ်နေသည်။
သူမသည် တစ်ဖက်မှ တွေးတောနေရင်း တစ်ဖက်မှလည်း ညစာကို အသင့် ချက်ပြုတ်ပြီးစီးသွားလေသည်။
ဆန်အရောထမင်း တစ်အိုး တည်ထားပြီး ဟင်းနှစ်ခွက်ကို ကြော်လိုက်သည်။ တစ်ခွက်မှာ ဝက်ပေါင်ခြောက်နှင့် ပဲတောင့်ရှည်ကြော် ဖြစ်ပြီး နောက်တစ်ခွက်မှာ ဂျူးမြစ်နှင့် ကြက်ဥကြော် ဖြစ်လေသည်။ ရိုးရှင်းသော ဟင်းနှစ်ခွက်တည်းဟုသာ မထင်လိုက်နှင့်။ ဤစားသောက်မှု အဆင့်အတန်းသည် ယန်လျို တပ်ဖွဲ့ကြီး တစ်ခုလုံးတွင် ထိပ်တန်းစာရင်းဝင်ဟု ဆိုနိုင်ပေသည်။
ထမင်းကျက်သည်နှင့် ရှန်ရှောက်ယွမ်လည်း ပြန်ရောက်လာခဲ့သည်။ နေ့ဝက်ခန့် လမ်းလျှောက်လာခဲ့ရသဖြင့် သူသည် အစောကြီးကတည်းက ဗိုက်ဆာလွန်း၍ ဆာလောင်မွတ်သိပ်နေပြီ ဖြစ်သောကြောင့် ရေခပ်၊ မျက်နှာသစ် လက်ဆေးပြီးနောက် ထိုင်ကာ တူကိုကောက်ကိုင်လျက် စတင် စားသောက်လေတော့သည်။
ဝက်ပေါင်ခြောက်နှင့် ပဲတောင့်ရှည်ကြော် ဟင်းလျာကို မြင်လိုက်ရသောအခါ ရှန်ရှောက်ယွမ်၏ ဟင်းခပ်နေသော တူသည် အခိုက်တန့် ရပ်တန့်သွားပြီး အံ့အားသင့်စွာဖြင့် မေးလိုက်၏။
"ဒီနေ့ မှောင်ခိုဈေးက ဝယ်လာတာလား"
ရှန်မော့အာသည် ရယ်မောလိုက်ပြီး "မဟုတ်ဘူး၊ အဖေ သေချာပေါက် ခန့်မှန်းလို့ ရမှာ မဟုတ်ဘူး"
ရှန်ရှောက်ယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပါးပါးလှီးထားသော ဝက်ပေါင်ခြောက် တစ်ဖတ်ကို ညှပ်၍ ပါးစပ်ထဲသို့ ထည့်လိုက်ကာ ဝါးကြည့်ပြီးနောက် ချက်ချင်းပင် မျက်ခုံးကို မြင့်မြင့်ပင့်တင်လိုက်သည်။
"ဒါက ဝူကျိုးက ဆက်သထားတဲ့ ဝက်ပေါင်ခြောက်ပဲ"
ရှန်မော့အာက ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လိုက်၏။ "ရတနာတိုက်ခန်းထဲက ရှာတွေ့တာလေ"
သူမ၏ အဖေသည် အခြားအရာများတွင် အရည်အချင်း မရှိသော်လည်း စားသောက်ပျော်ပါးသည့် ကိစ္စများတွင်တော့ အမှန်တကယ်ပင် ကျွမ်းကျင်သူ ဖြစ်၏။ ထို့ကြောင့်ပင် ဦးရီးတော်ဧကရာဇ်သည် တိုင်းပြည်များမှ ဆက်သလာသော ပစ္စည်းကောင်းများကို ရရှိတိုင်း သူ၏ ညီတော် အငတ်ဘေးကြုံမည်ကို စိုးရိမ်နေသည့်အလား မင်းသားအိမ်တော်သို့ အမြဲတမ်း ချီးမြှင့်ပေးသနားလေ့ ရှိလေသည်။
ရှန်ရှောက်ယွမ်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သက်ပြင်းချလျက် ပြောလိုက်သည်။
"အဘိုးဖူက တကယ် စေတနာရှိတာပဲ"
သားအဖနှစ်ယောက်စလုံးသည် ခေတ္တမျှ တိတ်ဆိတ်သွားကြ၏။
အချိန်နှင့် နေရာကို ပြောင်းလဲရောက်ရှိလာခြင်းကြောင့် သူတို့သည် ကံကောင်းထောက်မစွာဖြင့် ဘေးအန္တရာယ်မှ လွတ်ကင်းခဲ့ရသော်ငြားလည်း ထိုအကြောင်းကြောင့်ပင် သူတို့ ရင်းနှီးကျွမ်းဝင်ခဲ့သော အချိန်နှင့် နေရာမှ ထာဝရ ထွက်ခွာလာခဲ့ရပြီး တစ်ချိန်က ဆွေမျိုးမိတ်ဆွေများကို တစ်ခေါက်လေးပင် ထပ်တွေ့ခွင့်မရနိုင်တော့ချေ။
မြို့တော်ကြီး ကျဆုံးသွားပြီလား ဆိုသည်ကို မသိနိုင်တော့သလို သူတို့ သိကျွမ်းခဲ့သော လူများကော ဘေးကင်းလုံခြုံကြရဲ့လား ဆိုသည်ကိုလည်း မသိနိုင်တော့ပေ။
ရှန်ရှောက်ယွမ်သည် ခံစားချက်များကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။
"ဒီနေ့ အဲဒီ ကျန်းကျွင့်လျန်ဆိုတဲ့ လူကို တွေ့ခဲ့တယ် မဟုတ်လား၊ အဲဒီလူက ဘယ်လိုနေလဲ"
ရှန်မော့အာကလည်း မှောင်ခိုဈေးတွင် သူတို့ သားအမိနှင့် တွေ့ဆုံခဲ့ရပုံနှင့် နောက်ပိုင်းတွင် တွေ့ဆုံခဲ့သည့် ကိစ္စရပ်များကို အားလုံး ပြောပြလိုက်သောအခါ ရှန်ရှောက်ယွမ်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သိပ်မကျေနပ်လှချေ။
"ယောက္ခမနဲ့ အတူတူ နေစရာမလိုဘူး ဆိုရင်တောင်မှ သူ့အမေက ဒီလောက်တောင် အချိုးမပြေဘဲ ကျိုးကြောင်းဆင်ခြင်ဉာဏ် မရှိဘူးဆိုရင် နောင်တစ်ချိန်မှာ ပြဿနာတက်ဖို့က ရှောင်လွှဲလို့ မရနိုင်ဘူး။ ဒီ ကျန်းကျွင့်လျန်က သင့်တော်တဲ့သူ မဟုတ်ဘူး"
ရှန်မော့အာကတော့ ဆင်ခြင်ဉာဏ်မဲ့သော ယောက္ခမနှင့် ကြုံတွေ့ရလျှင်ပင် သူမကိုယ်တိုင်က နစ်နာမည် မဟုတ်ဟု ယုံကြည်မှု ရှိသော်လည်း ရှန်ရှောက်ယွမ် ကမူ အဖေတစ်ယောက်၏ မေတ္တာဖြင့် သမီးဖြစ်သူ အနှိမ်ခံရမည်ကို နည်းနည်းလေးမှပင် အလိုမရှိခဲ့ပေ။
ရှန်မော့အာက ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်၏။
"ကျန်းကျွင့်လျန် ကိုယ်တိုင်ကတော့ နှိမ့်ချပြီး ယဉ်ကျေးသိမ်မွေ့တဲ့သူလို့ ဆိုလို့ရပါတယ်"
ရှန်ရှောက်ယွမ်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်၏။
"ရုပ်ရည် ချောလို့လား"
ရှန်မော့အာက ခေါင်းခါပြလိုက်သည်။
"ရုပ်ရည်ကတော့ ကြည့်ကောင်းရုံလောက်ပါပဲ"
ရှန်ရှောက်ယွမ်က ပြောလိုက်၏။ "ဒါဆိုရင် ပိုလို့တောင် မသင့်တော်သေးဘူး"
သူ၏ မော့အာသည် ရုပ်ရည်ချောမောသူများကို နှစ်သက်တတ်သဖြင့် ဤကျန်းကျွင့်လျန်သာ ရုပ်ရည်ထူးကဲပါက အောင့်အီးပြီး စဉ်းစားပေးနိုင်သေးသော်လည်း ရုပ်ရည်က သာမန်သာဆိုလျှင်တော့ အမှန်တကယ်ပင် စဉ်းစားပေးရန် မလိုအပ်တော့ချေ။
...
အပိုင်း (၃၆.၂)
ရှန်ရှောက်ယွမ်သည် မျက်မှောင်ကြုတ်လိုက်၏။ သူတို့၏ လက်ရှိအခြေအနေအရ သာ့လျန်မင်းဆက်တုန်းကလို ရုပ်ရည်ချောမောထူးကဲသော လူငယ်လေးများထဲမှ သားမက်တစ်ယောက်ကို သေချာရွေးချယ်ရန် မဖြစ်နိုင်တော့ကြောင်းကို သဘာဝကျကျပင် သိထားသည်။ သို့သော် သူ့သမီးကို ဤကဲ့သို့ တွေ့ကရာ လူတစ်ယောက်နှင့် လက်ထပ်ပေးလိုက်ရမည့် အရေးကိုတော့ သူ အမှန်တကယ်ပင် အလိုမရှိခဲ့ချေ။
"အဆင်မပြေဘူးဆိုရင်လည်း အိမ်လိုက်မယ့် သားမက်လောင်း မရှာနဲ့တော့လေ။ ဘာပဲဖြစ်ဖြစ် နောင်ကျရင် သမီးရဲ့ ယောက္ခမအိမ်နားမှာ နေလို့ရအောင် အဖေ နည်းလမ်းရှာလိုက်မယ်" ရှန်ရှောက်ယွမ်က ပြောလိုက်သည်။
ရှန်မော့အာက ထိုမျှလောက်အထိ အဝေးကြီး မတွေးထားခဲ့ပေ။ ကျန်းကျွင့်လျန်၏ စိတ်နေသဘောထားမှာ အတော်အသင့် လက်ခံနိုင်စရာရှိသည်ဟုသာ ထင်ထားခဲ့၏။ လူနှစ်ယောက် တစ်ကြိမ်မျှ တွေ့ဆုံရုံဖြင့် အိမ်ထောင်ပြုရန် အဆင့်အထိ ရောက်နိုင်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ချေ။ ထို့ကြောင့် ယခင်က သူ့ကို အခွင့်အရေးတစ်ခု ထပ်ပေးသည့်အနေဖြင့် နောက်ထပ်တစ်ကြိမ် ပြန်လည်တွေ့ဆုံရန် စဉ်းစားခဲ့ပြီး ရုပ်ရှင်ကြည့်ရမည့်ကိစ္စကို အမှန်တကယ် စိတ်ဝင်စားနေခြင်းကြောင့်လည်း သူ့ ရုပ်ရှင်ကြည့်ရန် ဖိတ်ခေါ်မှုကို တိုက်ရိုက် မငြင်းဆန်ခဲ့ခြင်းသာ ဖြစ်သည်။
အမှန်ပင်။ ကိစ္စများက ပြောင်းလဲသွားခဲ့သည်။ သူမသည် သိပ်မကြာခင်က ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး စိတ်ထဲတွင် ကျန်းကျွင့်လျန်နှင့် ထပ်မတွေ့တော့ရန် ဆုံးဖြတ်လိုက်တော့၏။ ယခု အဖေဖြစ်သူမှာလည်း လုံးဝ မကျေနပ်သည့်ပုံပေါက်နေသည်ကို မြင်လိုက်ရသဖြင့် သူမက ပြောလိုက်၏။ "ဒါဆိုရင်လည်း အဖေ နောက်ကျရင် ဌာနမှူးရွှီကို ငြင်းပေးဖို့ တစ်ချက်လောက် ပြောလိုက်ပါ"
ရှန်ရှောက်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။ သားအဖနှစ်ယောက် သဘောတူညီမှု ရသွားကြသဖြင့် ဤကိစ္စ ပြီးဆုံးသွားပြီဟု ဆိုရပေမည်။
ရှန်မော့အာသည် ကိစ္စတစ်ခုကို သတိရသွားပြီး ယနေ့ တပ်ဖွဲ့မူလတန်းကျောင်းမှ ဆရာများ သူ့ထံ လာရှာခဲ့သေးသလားဟု ရှန်ရှောက်ယွမ်ကို မေးလိုက်၏။ ထိုကိစ္စကို မေးလိုက်သည်ကို ကြားသောအခါ ရှန်ရှောက်ယွမ်သည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ဘဲ ပြန်ဖြေလေသည်။ "တပ်ဖွဲ့ရဲ့ ဝါဒဖြန့်ချိရေးဌာနမှာ လူမရှိတော့ဘူးလေ။ အဲဒါကို အထက်က တစ်ခါတလေ ဒီပွဲလုပ်ခိုင်းလိုက်၊ တစ်ခါတလေ ဟိုလှုပ်ရှားမှု လုပ်ခိုင်းလိုက်နဲ့ အလုပ်တွေက အရမ်းများနေတာ။ အမေက အဲဒီလူနှစ်ယောက်ကို ငြင်းလိုက်ပြီးပြီ။ ဒါပေမဲ့ သူတို့က ရွှီဝေကော်ဆီ ပြေးသွားပြီးတော့ အဖေ့ကို ကျောင်းသားတချို့ ကူညီသင်ပေးဖို့ အတင်းအကျပ် အကူအညီတောင်းခိုင်းတယ်။ ကျောင်းကို တကူးတက သွားသင်ပေးစရာ မလိုဘဲ ပုံမှန် အလုပ်ဆင်းတဲ့အချိန်မှာ အလုပ်သင်တွေလို ခေါ်ထားပေးရုံပဲလို့ ပြောတယ်"
ရွှီဝေကော်သည် သူ့အပေါ် အမြဲတမ်း ကောင်းမွန်စွာ ဆက်ဆံလေ့ရှိပြီး သူ အမြဲတမ်းဝန်ထမ်း ဖြစ်လာစေရေးအတွက်လည်း အမြဲတမ်း ကူညီကြိုးပမ်းပေးနေသူ ဖြစ်သောကြောင့် ရှန်ရှောက်ယွမ်အနေဖြင့် သူ့ကို မျက်နှာသာတော့ ပေးရပေမည်။
ရှန်မော့အာ၏ မျက်လုံးများ အရောင်လက်သွားပြီး ပြုံးလျက် ပြောလိုက်သည်။ "ဒါဆိုရင် အဖေ နောက်ကျရင် သူတို့ကို တောင်းဆိုမှုတစ်ခု ထပ်လုပ်လိုက်။ သူတို့ရဲ့ အဲဒီ ဘာပြိုင်ပွဲပဲဖြစ်ဖြစ် သမီးတို့ရဲ့ တပ်မဟာ မူလတန်းကျောင်းအတွက် နေရာတချို့ ပေးဖို့ပေါ့။ အထက်က တပ်မဟာ မူလတန်းကျောင်းကို ပါဝင်ယှဉ်ပြိုင်ဖို့ မတောင်းဆိုတာက တပ်မဟာ မူလတန်းကျောင်းမှာ ဒီအရည်အချင်း မရှိဘူးလို့ ထင်နေတာ များတယ်။ သမီးတို့ ကိုယ်တိုင် သွားစာရင်းပေးမယ်ဆိုရင် အထက်က သေချာပေါက် ခွင့်ပြုပေးမှာပဲ"
ရှန်ရှောက်ယွမ်သည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ "ဒါ မဆိုးဘူးပဲ"
တပ်မဟာ မူလတန်းကျောင်းတွင် ပန်းချီသင်တန်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရွာထဲရှိ တပ်ဖွဲ့ဝင်တချို့က နားလည်သဘောပေါက်ခြင်း မရှိကြသေးပေ။ အကယ်၍ ကလေးများအနေဖြင့် ဤပြည်နယ်အဆင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်ဆိုပါက အတင်းအဖျင်း ပြောဆိုမှုများ အတော်လေး လျော့နည်းသွားလောက်ပေသည်။
ထို့နောက် သားအဖနှစ်ယောက်သည် စကားဆက်မပြောကြတော့ချေ။ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထမင်းစားသောက်ပြီးစီးသွားသောအခါ ရှန်ရှောက်ယွမ်က ပန်းကန်များကို ကိုယ်တိုင် သွားဆေးကြောလိုက်သည်။ ရှန်မော့အာသည် ရေခပ်လာပြီး ရေနွေးအနည်းငယ် တည်လိုက်၏။ ဆောင်းဦးရာသီသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ရေချိုးခြင်းစသည်တို့အတွက် ရေအေးကို အသုံးပြု၍ မရနိုင်တော့ပေ။
ရှန်ရှောက်ယွမ်သည် ပန်းကန်ဆေးပြီးနောက် သစ်နံပင်ကို ယူ၍ မီးရှို့ကာ ခြင်ပြေးစေရန် အိမ်ထဲ၌ မှိုင်းတိုက်လိုက်လေသည်။
ရေနွေးဆူသွားသောအခါ သားအဖနှစ်ယောက်သည် အသစ်ဆောက်ထားသော ရေချိုးခန်းထဲတွင် တစ်ယောက်ပြီးတစ်ယောက် ရေချိုးမျက်နှာသစ်လိုက်ကြသည်။ အိမ်ထဲရှိ သစ်နံပင် မှိုင်းတိုက်ခြင်းကလည်း အတော်လေး လုံလောက်သွားပြီ ဖြစ်သောကြောင့် သစ်နံပင် မီးရှို့ထားသော ကြွေရည်သုတ် ဇလုံအဟောင်းကို အပြင်သို့ ထုတ်ထားလိုက်ပြီး တံခါးနှင့် ပြတင်းပေါက် နေရာအနှံ့အပြားကို တစ်ကြိမ်လောက် စစ်ဆေးလိုက်သည်။ ထို့နောက် သားအဖနှစ်ယောက်သည် မိမိတို့၏ အခန်းအသီးသီးသို့ ပြန်ဝင်ကာ လှဲလျောင်း၍ အနားယူရန် ပြင်ဆင်လိုက်ကြတော့သည်။
ညဘက်တွင် လုပ်စရာကိစ္စ မရှိသည့်အပြင် မီးထွန်းလျှင်လည်း ဆီကုန်လေသည်။ အဓိကအချက်မှာ ရှန်ရှောက်ယွမ်သည် နေ့စဉ် အစောကြီးထွက်၍ မိုးချုပ်မှ ပြန်လာရပြီး အသွားအပြန်ကို ခြေလျင်လျှောက်ရသဖြင့် အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်နေခြင်းကြောင့် ညဘက်တွင် စောစောအနားယူနိုင်လေ ပိုကောင်းလေ ဖြစ်သည်မှာ သဘာဝပင်။
ရှန်မော့အာသည် ခုတင်ပေါ်တွင် လှဲနေရင်း အချိန်အတော်ကြာသည်အထိ အိပ်မပျော်နိုင်ဘဲ "အဖေ" ဟု လှမ်းခေါ်လိုက်၏။ ရှန်ရှောက်ယွမ်က အပြင်ခန်းမှ ထူးသံကို ကြားလိုက်ရသဖြင့် ပြောလိုက်၏။ "သမီးတို့ စက်ဘီးဝယ်ခွင့် လက်မှတ်တစ်စောင် ရဖို့ နည်းလမ်းရှာကြည့်ရအောင်။ အဖေ ဒီလို နေ့တိုင်း လမ်းလျှောက်နေရတာ တကယ့်ကို ပင်ပန်းလွန်းပါတယ်"
ရှန်ရှောက်ယွမ်၏ အသံက အပြင်ခန်းမှ ထွက်ပေါ်လာသည်။ "စက်ဘီးဝယ်တာက လူတွေအာရုံစိုက်စရာ ဖြစ်လွန်းတယ်"
စက်ဘီးဝယ်ခြင်းက သူတစ်ပါး၏ မျက်စိကျစရာ ဖြစ်စေကြောင်းကို ရှန်မော့အာကလည်း သဘာဝကျကျပင် သိထားသည်။ သို့သော် သူမ၏ အဖေသည် မွေးဖွားလာကတည်းက ဤကဲ့သို့သော ဆင်းရဲဒုက္ခမျိုးကို တစ်ခါမှ မကြုံဖူးခဲ့သည်ကို တွေးမိကာ အနည်းငယ်တော့ ရင်နာမိသည်။ သူမက 'ဝယ်လို့မရဘူးဆိုရင်လည်း တခြားနည်းလမ်းတွေ စဉ်းစားကြည့်ရမှာပဲ' ဟု စိတ်ထဲမှ ဆိုလိုက်၏။
သူတို့အနေဖြင့် အနည်းငယ်မျှသော ချမ်းသာကြွယ်ဝမှုကိုပင် မထုတ်ပြရဲကြသည်က ခက်နေသည် မဟုတ်ပါလား။
တစ်နေ့လုံး အထုပ်ကြီးအထုပ်ငယ်များ ဆွဲကာ အခြားသူများ၏ မနာလိုဖြစ်ပြီး စောင့်ကြည့်ခံရမည်ကို နည်းနည်းလေးမှ မကြောက်တတ်သည့် ကျိန့်ကျားမင်နှင့်တော့ မတူချေ။
ဆင်းရဲချင်ယောင်ဆောင်ရမည့် ကိစ္စကို တွေးမိသောအခါ ရှန်မော့အာသည် အမှန်တကယ် ဆင်းရဲနွမ်းပါးလှသော ထိုလူကို မတွေးဘဲ မနေနိုင်တော့ချေ။ သေတ္တာတစ်လုံးကိုပင် မဝယ်နိုင်ဘဲ ဆပ်ပြာကို အပြင်တွင်ထားရာ တစ်ဝက်ကျော်ခန့် အချိုးခံလိုက်ရသည်ကို ရှင်းရှင်းလင်းလင်း သိနေပါလျက်နှင့် သူ့အတွက် သေတ္တာတစ်လုံးကို တကူးတက ဝယ်ပေးခဲ့သော်လည်း သူက မလိုချင်ဟု ငြင်းဆန်ခဲ့သေးသည်။
"အဖေ... တကယ်တော့ သမီး စဉ်းစားကြည့်တာ၊ သမီးက ရုပ်ရည်ချောမောတာကိုပဲ သဘောကျတုန်းပဲ။ နောက်တစ်ခုက မိသားစု အခြေအနေ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အလုပ်သမား ဟုတ်မဟုတ်ဆိုတာက တကယ်တော့ အရေးမကြီးပါဘူး။ သမီးတို့က အစကတည်းက ချမ်းသာတာကို လူသိခံရမှာ ကြောက်နေကြတာ မဟုတ်ဘူးလား။ အဲဒီအစား ဆင်းရဲတဲ့သူ တစ်ယောက်ကို ရှာလိုက်တာကမှ ပိုပြီး အေးချမ်းသေးတယ်"
ရှန်ရှောက်ယွမ်သည် အိပ်ချင်မူးတူး ဖြစ်နေပြီဟု ခန့်မှန်းရသည်။ သူ့ အသံက အနည်းငယ် တိုးလျနေပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။ "ဒါဆို သမီးက ရုပ်လည်းချောပြီး ဆင်းရဲတဲ့သူကို ရှာချင်နေတာပေါ့။ ဒီမှာ ဆင်းရဲတဲ့သူတွေ အများကြီး ရှိပေမယ့် ရုပ်ချောတဲ့သူကို ရှာဖို့ကတော့ သိပ်မလွယ်လှဘူး..."
စကားပြောရင်းဖြင့် သူ့ အသံက တဖြည်းဖြည်း တိုးဝင်သွားသောကြောင့် အိပ်ပျော်သွားပြီဟု ခန့်မှန်းရသည်။
ရှန်မော့အာသည် မျက်လုံးဖွင့်လျက် မှောင်မည်းနေသော လဟာပြင်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။ "ဘယ်နေရာက ရှာရခက်လို့လဲ၊ အဆင်သင့် တစ်ယောက် ရှိနေတာပဲ မဟုတ်ဘူးလား"
ရုပ်ရည်က ဒီလောက်ချောမောနေပြီးတော့များ အဲဒီလောက်တောင် ဆင်းရဲနေရတယ်လို့လေ။
နောက်တစ်နေ့တွင် ရှန်မော့အာသည် ကျောင်းသို့သွားကာ ကျောင်းသားများအတွက် "အတန်းတွင်း စာမေးပွဲ" တစ်ခုကို စီစဉ်ပေးလိုက်သည်။ ဤနည်းလမ်းကို ချန်ထောင်ထံမှ သင်ယူခဲ့ခြင်းဖြစ်ပြီး အတော်လေး အသုံးဝင်လှသည်။ သူမသည် ကျောင်းသားများ ရေးဆွဲထားသော စက္ကူအမျိုးမျိုးပေါ်မှ ပန်းချီကားများကို ကိုင်ဆောင်လျက် ထိုအထဲမှ အလားအလာရှိသော ကျောင်းသားအချို့ကို လျင်မြန်စွာ ရွေးချယ်နိုင်ခဲ့သည်။
လူများကို ရွေးချယ်ပြီးနောက် သူမသည် ဘာမှမပြောခဲ့ချေ။ ချန်ထောင်က မေးလာသောအခါတွင်လည်း အားလုံး ဘယ်လောက်အတိုင်းအတာအထိ သင်ယူနိုင်ခဲ့သည်ကို ရှောင်တခင် စမ်းသပ်ကြည့်ချင်၍သာ ဖြစ်ကြောင်း ပြောလိုက်သည်။
ထို့နောက်တွင်တော့ ရှန်လင်းလင်း၏ လှောင်ပြောင်သရော်မှုများကို ခံလိုက်ရလေသည်။ "ကိုယ့်ဘာသာကိုယ် အရမ်းအရေးကြီးတဲ့ ဘာသာရပ်တစ်ခုကို သင်နေရတယ်လို့များ ထင်နေတာလား မသိဘူး၊ အတန်းတွင်း စာမေးပွဲတောင် စစ်နေသေးတယ်။ တကယ့်ကို ရယ်ရလွန်းလို့ သေတော့မယ်။ တရုတ်စာကို အတန်းတွင်း စာမေးပွဲစစ်တာ ကြားဖူးတယ်၊ သင်္ချာကို အတန်းတွင်း စာမေးပွဲစစ်တာ ကြားဖူးတယ်။ ပန်းချီကို အတန်းတွင်း စာမေးပွဲစစ်တာကတော့ အခုမှ ပထမဆုံး ကြားဖူးတာပဲ"
ရှန်မော့အာသည် သူမကို နည်းနည်းလေးမှ အားနာမနေဘဲ ပြန်လည် မေးခွန်းထုတ်လိုက်၏။ "အရင်တုန်းက ပန်းချီသင်တန်းမှ မရှိခဲ့တာ၊ ရှင်က ပန်းချီအတန်းတွင်း စာမေးပွဲအကြောင်း မကြားဖူးဘူးဆိုတာက အရမ်းကို ပုံမှန်ဖြစ်နေတဲ့ ကိစ္စပဲ မဟုတ်ဘူးလား။ ဪ... ဟုတ်သားပဲ၊ ကျွန်မ ဒီရက်ပိုင်း အလုပ်များနေလို့ အဒေါ်၂ ကို သတင်းမေးဖို့တောင် မေ့နေတယ်။ သူ ရဲစခန်းကနေ ထွက်လာပြီလား မသိဘူးနော်"
လူကို ရိုက်လျှင် မျက်နှာကိုသာ ရိုက်ရမည် ဆိုသည့် သဘောပင်။
ရှန်လင်းလင်းမှာ ဒေါသထွက်လွန်းသဖြင့် ချက်ချင်းပင် ကုလားထိုင်ကို တွန်းဖယ်ကာ ထွက်သွားလေတော့သည်။
အမှန်တကယ်ပင်။ သူမ၏ မိခင် ရဲစခန်းတွင် ၁၅ ရက်ခန့် ဖမ်းဆီးခံရသည့် ကိစ္စမှာ ရွာတစ်ရွာလုံး၏ လှောင်ပြောင်စရာတစ်ခု ဖြစ်နေခဲ့သည်။ ထို့အပြင် သူမ၏ မိခင် ရဲစခန်းမှ ထွက်လာသည့်နေ့တွင်ပင် အဒေါ်လေးဖြစ်သူနှင့် ရန်ဖြစ်ခဲ့ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ကြကာ အဝတ်အစားများပင် စုတ်ပြဲသွားခဲ့သည်။
ဤသည်မှာ အဓိကအချက် မဟုတ်သေးပေ။ အရေးအကြီးဆုံးအချက်မှာ သူမ၏ ဝမ်းကွဲအစ်ကို ဝမ်ကျင်းပေါင် သည်လည်း ထိုနေ့တွင်ပင် ပြန်လွတ်လာခဲ့ပြီး တပ်ဖွဲ့၏ လမ်းကြားလေးထဲတွင် ဝက်ခေါင်းကဲ့သို့ ဖြစ်သွားသည်အထိ အရိုက်ခံလိုက်ရခြင်းပင်။ သူမ၏ အဒေါ်လေး ထျန်းချွေ့မှာ ဒေါသထွက်လွန်းသဖြင့် ရူးမတတ်ဖြစ်သွားပြီး သူမတို့ မိသားစုက ရည်ရွယ်ချက်ရှိရှိ လက်စားချေသည်ဟု အတင်းအကျပ် စွပ်စွဲကာ ယခုရက်ပိုင်းအတွင်း သူမတို့အိမ်သို့ အကြိမ်ကြိမ် လာရောက်ကာ ပြဿနာရှာခဲ့လေသည်။
အိမ်ထဲတွင် ဖြေရှင်း၍မရလောက်အောင် ဆူညံပွက်လောရိုက်နေသဖြင့် ရှန်လင်းလင်း၏ ဂုဏ်သတင်းသည်လည်း ထိခိုက်မှုများ ရှိလာခဲ့သည်။ ယခင်က တပ်ဖွဲ့မူလတန်းကျောင်းမှ ဆရာတစ်ဦးက သူမအား ကြင်ဖက်မိတ်ဆက်ပေးမည်ဟု ပြောထားခဲ့သော်လည်း သူမအိမ်၏ ကိစ္စရပ်များကို ကြားသိသွား၍လား မသိ။ ယခုအချိန်အထိ အသံတိတ်နေခဲ့လေသည်။
ယခုအခါတွင် တစ်စုံတစ်ယောက်က ထိုကိစ္စကို ထုတ်ပြောလိုက်သည်နှင့် ရှန်လင်းလင်းသည် စကားတစ်ခွန်းပင် ပို၍ မပြောချင်တော့ချေ။
ရှန်မော့အာသည် မျက်ခုံးပင့်လိုက်ပြီး သူမ၏ လက်ထဲရှိ စုံလင်လှသော ပန်းချီကားများကို သိမ်းဆည်းလိုက်သည်။
ဘေးမှနေ၍ ပွဲကို စောင့်ကြည့်နေခဲ့သော ချန်ထောင်က မပြုံးဘဲ မနေနိုင်တော့ပေ။ "ရွာထဲက လူတော်တော်များများက မင်းရဲ့ စရိုက်က အများကြီး ပြောင်းလဲသွားတယ်လို့ ပြောကြတယ်။ အခုကြည့်ရတာ တကယ်ပဲ ဖြစ်နေတာကိုး။ ဒါပေမဲ့ ဒီလိုလည်း ကောင်းပါတယ်။ အရာရာကို ခေါင်းငုံ့ခံတတ်တဲ့ စရိုက်မျိုးက အနိုင်ကျင့်ခံရဖို့ အရမ်းလွယ်တယ်လေ"
အခြားသူများက ရှန်လင်းလင်းကို မည်သို့ပင် အကဲဖြတ်ကြပါစေ၊ ချန်ထောင်သည် သူမနှင့် အတူ အလုပ်လုပ်လာခဲ့သည်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေပြီဖြစ်သောကြောင့် သူ့ ကိုယ်ပိုင် အကဲခတ်မှုများ ရှိလေသည်။ အနည်းဆုံးတော့ ရှန်လင်းလင်းသည် အပြင်လူများ ပြောနေသကဲ့သို့ နူးညံ့သိမ်မွေ့ပြီး သဘောထားကောင်းသူ မဟုတ်ကြောင်းကို သူ သိထားသည်။
ရှန်မော့အာ၏ ယခင် စရိုက်မျိုးနှင့်ဆိုလျှင် အမှန်တကယ်ပင် အနိုင်ကျင့်ခံရရန် လွယ်ကူလှပေသည်။
ရှန်မော့အာသည် သူ့ ဆိုလိုရင်းကို နားလည်သွားသဖြင့် ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်၏။ "ကျောင်းအုပ်ကြီးချန်... ကျေးဇူးတင်ပါတယ်ရှင်"
မနက် အိမ်မှမထွက်မီ ရှန်မော့အာသည် ဒယ်အိုးထဲတွင် ပဲတီစိမ်းစွပ်ပြုတ် တစ်ဝက်ခန့်ကို ချက်ထားခဲ့သဖြင့် မွန်းလွဲပိုင်း အိမ်ပြန်ရောက်သောအခါ ပဲတီစိမ်းစွပ်ပြုတ်မှာ ကျက်နေလေပြီ။ သူမသည် ပဲတီစိမ်းစွပ်ပြုတ်ကို ကြွေရည်သုတ် ခွက်ကြီးထဲသို့ ခပ်ထည့်လိုက်ပြီး မီးပြန်မွှေးကာ ကြက်ဥကိတ် ၂ ခုကို ကြော်လိုက်လေသည်။
ကြက်ဥကိတ် ကြော်ပြီးနောက် သူမသည် ပဲတီစိမ်းစွပ်ပြုတ်နှင့် တွဲဖက်၍ တစ်ခုကို စားလိုက်သည်။ ပန်းကန်များနှင့် တူများကို ဆေးကြောပြီးသည်နှင့် ခြံတံခါး ခေါက်သံကို ကြားလိုက်ရလေသည်။
ဖုမင်ဇယ် ဖြစ်ပြီး အဒေါ်ကြီးချန်နှင့် အဒေါ်ကြီးချိုက်တို့၏ မြေးနှစ်ယောက်လည်း ပါလာသည်။ တစ်ယောက်၏ အိမ်နာမည်မှာ မောင်းမောင် ဖြစ်ပြီး နောက်တစ်ယောက်၏ အိမ်နာမည်မှာ ရွှင့်အာ ဖြစ်လေသည်။
ထို ကလေးဆိုးနှစ်ယောက်စလုံးမှာ အနည်းငယ် နှုံးခွေနေကြသည်။ စဉ်းစားကြည့်လျှင်လည်း သိနိုင်ပါသည်။ နေ့လယ်ခင်းကြီးတွင် အိမ်စာလုပ်ရန် အခေါ်ခံရခြင်းကို မည်သည့်ကလေးကမျှ သဘောကျမည် မဟုတ်ချေ။
ရှန်မော့အာသည် ပဲတီစိမ်းစွပ်ပြုတ် ၃ ပန်းကန်ကို တန်းပြီး ခပ်ထည့်ပေးလိုက်သောအခါ မောင်းမောင်နှင့် ရွှင့်အာတို့သည် စားစရာကို မြင်သည်နှင့် ချက်ချင်းပင် မျက်လုံးများ အရောင်လက်သွားကြတော့သည်။ သူတို့သည် ပန်းကန်များကို ကိုင်လျက် ဂလုဂလုမြည်အောင် အငမ်းမရ သောက်ချလိုက်ကြပြီး မကြာမီမှာပင် ကုန်စင်သွားတော့သည်။ ထို့နောက် လက်ကို မြှောက်၍ ပါးစပ်သေးသေးလေးများကို သုတ်လိုက်ကြပြီး သက်ပြင်းချလျက် ပြောလိုက်ကြ၏။ "အစ်မမော့အာ... အစ်မရဲ့ ဒီပဲတီစိမ်းစွပ်ပြုတ်က အရမ်းချိုတာပဲနော်"
"ဟုတ်တယ်၊ ပဲတီစိမ်းတွေလည်း အများကြီး ထည့်ထားတယ်။ ကျွန်တော်တို့ အိမ်နဲ့တော့ မတူဘူး၊ ရေသန့်နဲ့ ဘာမှမကွာတော့ဘူး"
ရှန်မော့အာက ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ဒါဆို နောက်နေ့တွေလည်း လာသောက်ကြလေ"
တကယ်တမ်းတွင် သူမ၏ ပဲတီစိမ်းများကို အဒေါ်ကြီးချန်ထံမှ လဲလှယ်ယူထားခြင်း ဖြစ်သည်။ အဒေါ်ကြီးချိုက်၏ အိမ်တွင်လည်း အနည်းငယ် စိုက်ပျိုးထားလောက်သည်။ သို့သော် သူတို့သည် ချွေတာတတ်သူများ ဖြစ်ကြပြီး အိမ်တွင်လည်း လူဦးရေ များပြားသဖြင့် ပြုတ်သည့်အခါ ပဲတီစိမ်းနှင့် သကြားကို အများအပြား မထည့်နိုင်ကြခြင်းကြောင့် သဘာဝကျကျပင် အဖတ်မပါဘဲ အရည်ကျဲကျဲများ ဖြစ်နေခြင်း ဖြစ်သည်။
ဖုမင်ဇယ်လည်း သောက်ပြီးသွားသောအခါ ပန်းကန်ကို ကိုယ်တိုင်ယူပြီး သွားဆေးလိုက်သည်။ ရှန်မော့အာက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာခံစားချက်မှ မရှိသော သူ့ မျက်နှာပေါ်တွင် မည်သည့် အရိပ်အယောင်မှ ရှာမတွေ့ခဲ့ချေ။
ထို့ကြောင့် သူမကလည်း သူ့ကို လောလောဆယ် ဂရုမစိုက်တော့ဘဲ အဆော့သန်လှသည့် နှစ်ယောက်အတွက် စားပွဲငယ်နှင့် ခုံငယ်လေးများကို ယူဆောင်လာပေးကာ သူတို့ကို ထိုင်ခိုင်းလိုက်ပြီး အိမ်စာများ လုပ်ခိုင်းလိုက်လေသည်။
ချန်ထောင်၏ အလေ့အကျင့်မှာ မနက်ပိုင်းတွင်ပင် အားလုံးအတွက် ထိုနေ့၏ အိမ်စာများကို ပေးထားလေ့ရှိသည်။ ဤသို့ဆိုလျှင် ကလေးအချို့သည် ညနေကျောင်းဆင်းသည်အထိ စောင့်စရာမလိုဘဲ အားလပ်ချိန်တွင် အိမ်စာများကို ပြီးစီးအောင် လုပ်နိုင်မည်ဖြစ်သောကြောင့် ညနေပိုင်း အိမ်ပြန်၍ အလုပ်လုပ်ရမည့် ကိစ္စကို အနှောင့်အယှက် ဖြစ်စေမည် မဟုတ်ချေ။
ဤသည်မှာလည်း ရွေးချယ်စရာ မရှိသော ကိစ္စပင်။ ကျေးလက်မှ ကလေးများသည် မူလတန်း တက်ရမည့် အရွယ်ရောက်သည်နှင့် အခြေခံအားဖြင့် လုပ်သားအင်အား တစ်ယောက်အဖြစ် သတ်မှတ်ခံရပြီး ဖြစ်သည်။ ကလေး အတော်များများသည် ပုံမှန်အချိန်များတွင် အိမ်ရှိ အသေးအမွှား အလုပ်များကို လုပ်ကိုင်ပေးကြရသည်။ အကယ်၍ ကျောင်းတက်ရခြင်းကြောင့် အလုပ်များကို အနှောင့်အယှက် ဖြစ်စေမည်ဆိုပါက မိသားစုအချို့သည် ကလေးများကို ကျောင်းဆက်ထားတော့မည် မဟုတ်ချေ။
ထင်ထားသည့်အတိုင်းပင်။ ကလေးနှစ်ယောက်သည် ယူဆောင်လာသော ဝါးခြင်းတောင်းငယ်ထဲမှ သင်္ချာဖတ်စာအုပ်ကို ထုတ်ယူလိုက်ပြီး အနည်းငယ် တွန့်ကြေနေသော အိမ်စာဗလာစာအုပ်ကိုလည်း ထုတ်ယူလိုက်ကြသည်။ ထို့နောက် အိတ်ကပ်ထဲမှနေ၍ လက်ချောင်းတစ်ချောင်းစာခန့်သာ အရှည်ရှိသော ခဲတံတစ်ချောင်းစီကို အသီးသီး ထုတ်ယူလိုက်ကြပြီးနောက် ခေါင်းငုံ့ကာ အိမ်စာများကို စတင် ရေးသားကြတော့သည်။
အတော်လေး လိမ္မာကြသည်ပင်။
ရှန်မော့အာသည် အိမ်ထဲမှနေ၍ ကျောက်ကျိန့်ယန် ပြင်ဆင်ပေးထားသော၊ သိပ်မစုတ်ပြတ်တော့သည့် ကုလားထိုင်အဟောင်း နှစ်လုံးကို ယူဆောင်လာပြီး စင်္ကြံအောက်ရှိ အခြားတစ်ဖက်တွင် ချထားလိုက်သည်။ ထိုနေရာသည် ကလေးနှစ်ယောက်နှင့် အနည်းငယ် ကွာဝေးသဖြင့် အချင်းချင်း မြင်တွေ့နိုင်သော်လည်း တစ်ဖက်လူ ပြောသည့်စကားများကိုတော့ အချင်းချင်း သေချာ မကြားနိုင်ချေ။
ဖုမင်ဇယ်သည် ပန်းကန်ဆေးပြီးနောက် ထွက်အလာတွင် တစ်ချက်ကြည့်လိုက်သည်နှင့် အလိုအလျောက်ပင် ထိုနေရာသို့ လျှောက်သွားကာ လွတ်နေသော ကုလားထိုင်အဟောင်းပေါ်တွင် ထိုင်လိုက်လေသည်။
"ကျွန်တော် အစကနေ ပြန်ရှင်းပြပေးဖို့ လိုမလား" သူက မေးလိုက်၏။
ရှန်မော့အာက ခေါင်းခါပြလိုက်ပြီး "မလိုပါဘူး၊ နားမလည်တာ တချို့ရှိလို့ ရှင်က နည်းနည်း ရှင်းပြပေးရင် ရပါပြီ"
သူမသည် ဖတ်စာအုပ်ကို ဖွင့်လိုက်ပြီး သိပ်နားမလည်သည့် ပထမနေရာကို ရှာဖွေကာ အပေါ်က စာသားများကို ထောက်ပြလိုက်ပြီး ပြောလိုက်သည်။ "ဒီနေရာ... ဒီစာပိုဒ်က..."
ပြောပြီးသည်နှင့် ဖုမင်ဇယ်ဘက်သို့ လှည့်ကြည့်လိုက်သည်တွင် သူ့ နက်နဲသော မျက်လုံးများနှင့် တည့်တည့်ဆုံသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရှန်မော့အာသည် မျက်တောင်ခတ်လိုက်ပြီး ဘာမှမဖြစ်သည့်ဟန်ဖြင့် ပြောလိုက်၏။ "ဒီစာပိုဒ်ကို ရှင်းပြပေးပါလား"
ဖုမင်ဇယ်သည် ဟန်ဆောင်ကာ ချောင်းတစ်ချက် အသာဟန့်လိုက်ပြီး သူမအပေါ် ကျရောက်နေသော အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ဖတ်စာအုပ်ကို ကြည့်ပြီး ရှင်းပြလေသည်။ "အင်း... ဒီစာပိုဒ်ရဲ့ အဓိပ္ပာယ်က..."
စာပိုဒ်တစ်ခုကို ရှင်းပြပြီးသွားသောအခါ ရှန်မော့အာသည် ဖတ်စာအုပ်ထဲရှိ ခေါင်းစဉ်များနှင့် တိုက်ဆိုင်စစ်ဆေးကာ ပိုမိုနားလည်အောင် ကြိုးစားလေသည်။ ဖုမင်ဇယ်သည် မွန်းတည့်နေရောင်အောက်တွင် အနည်းငယ် စင်းကျနေသော သူမ၏ မျက်ဝန်းများနှင့် တဖျတ်ဖျတ် လှုပ်ခတ်နေသော ရှည်လျားသည့် မျက်တောင်လေးများကို ကြည့်နေမိသည်။ ထိုအရာက သူ့ နှလုံးသားပေါ်သို့ တစ်ချက်ပြီးတစ်ချက် ညင်သာစွာ ပွတ်ဆွဲနေသကဲ့သို့ ခံစားရသဖြင့် သူသည် ဂနာမငြိမ်ဖြစ်ကာ ထိုင်ရခက် ထရခက် ဖြစ်လာတော့သည်။
ဖုမင်ဇယ်သည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး မနေနိုင်တော့ဘဲ စကားစလိုက်လေသည်။ "ရဲဘော်ရှန်မော့အာ... မနေ့က ကိစ္စအတွက် ကျွန်တော် မင်းကို တောင်းပန်ချင်ပါတယ်"
အသံက အနည်းငယ် တိုးလျနေပြီး နားထောင်ရသည်မှာ တစ်နည်းနည်းဖြင့် ခွင့်လွှတ်ပေးရန် တောင်းပန်နေသည့် အရိပ်အယောင်လေးများ ပါဝင်နေသည့်နှယ်။
…