← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အပိုင်း (၃၉.၁) ဒီနေ့တော့ ပင်ပန်းလိုက်တာ

ဆောင်းဦးရိတ်သိမ်းချိန် စတင်သောနေ့တွင် ရှန်မော့အာနှင့် ချန်ထောင်တို့သည် ကျောင်းသား ၆ ယောက်ကို ခေါ်ဆောင်ကာ ပဏာမပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြို့တော်သို့ ထွက်ခွာခဲ့ကြသည်။ ဦးလေးလျိုက မြည်းလှည်းဖြင့် သူတို့ကို ကားမှတ်တိုင်သို့ လိုက်ပို့ပေးခဲ့ပြီး ထိုနေရာတွင် တပ်ဖွဲ့ချုပ် မူလတန်းကျောင်းမှ ဆရာ ၂ ယောက်၊ ကျောင်းသား ၆ ယောက်တို့နှင့် သွားရောက်ဆုံတွေ့ကြသည်။

တပ်ဖွဲ့ချုပ် မူလတန်းကျောင်းမှ လိုက်ပါလာသော ဆရာ ၂ ယောက်မှာ ထိုနေ့က သူမ တွေ့ခဲ့ရသော ဆရာ ၂ ယောက်ပင် ဖြစ်ကြောင်း ရှန်မော့အာ တွေ့ရှိလိုက်ရသည်။ အရပ်မြင့်မြင့်နှင့် ဆရာ၏ မျိုးရိုးမည်မှာ ဝမ် ဖြစ်ပြီး အနည်းငယ် ပုသော ဆရာ၏ မျိုးရိုးမည်မှာ ဟယ် ဖြစ်လေသည်။

ဆရာ ၂ ယောက်စလုံးသည် တစ်ကြိမ်သာ တွေ့ဖူးသော သူမလို သူစိမ်းတစ်ယောက်ကို သေချာပေါက် မှတ်မိမည် မဟုတ်သော်လည်း သူမသည် ရှန်ရှောက်ယွမ်၏ သမီးဖြစ်ကြောင်းကိုတော့ သိထားကြသဖြင့် လမ်းတစ်လျှောက်လုံး အလွန် ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြသည်။ ထို့အပြင် ရဲဘော်ရှန်ရှောက်ယွမ်၏ အကူအညီသာ မရခဲ့လျှင် သူတို့ လျိုချောင် တပ်ဖွဲ့မူလတန်းကျောင်းမှာ ယခုတစ်ကြိမ် တကယ့်ကို အရှက်ကွဲရတော့မည် ဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုနေကြလေသည်။

ကားပေါ်သို့ တက်သောအခါတွင်လည်း သူတို့က အရှေ့တန်းမှ နေရာများကို ယန်လျို တပ်ဖွဲ့မှ လူများအတွက် အလိုအလျောက် ဖယ်ပေးလိုက်ပြီး သူတို့ကျောင်းမှ လူများကို ခေါ်ဆောင်ကာ အနောက်တန်းတွင် သွားထိုင်ကြသည်။

ဤကဲ့သို့ သဟဇာတဖြစ်ပြီး ရင်းနှီးဖော်ရွေသော လေထုထဲတွင် ကားသည် ခရိုင်မြို့တွင်းသို့ ဝင်ရောက်လာခဲ့သည်။ ထို့နောက် သူတို့ အုပ်စုသည် ခရိုင်ကားဂိတ်တွင် ခရိုင်အတွင်းရှိ အခြားကျောင်းများမှ ဆရာ၊ ကျောင်းသားများနှင့် ထပ်မံ ဆုံတွေ့ကြပြန်သည်။ လူအုပ်ကြီးမှာ အတော်လေး များပြားလှသဖြင့် ခရိုင်မှနေ၍ သူတို့ကို မြို့တော်သို့ ပို့ဆောင်ပေးရန် ခရီးသည်တင်ကားကြီး ၂ စီးကို တကူးတက စီစဉ်ပေးထားလေသည်။

ခရိုင်မြို့သို့ တစ်ခါမှ မရောက်ဖူးကြသော မူလတန်းကျောင်းသားလေး ၆ ယောက်မှာ ရှန်မော့အာတို့၏ နောက်မှ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လိုက်ပါလာကြသည်။ အမြဲတမ်း ရဲတင်းတတ်သော ကျောင်းသားလေး မောင်းမောင် ပင်လျှင် မျက်နှာလေး တင်းမာနေပြီး ပါးစပ်လေးကလည်း တတွတ်တွတ် မပြောတော့ချေ။ မိန်းကလေးငယ်များမှာ ပိုပြီး စိုးရိမ်ကြောက်လန့်နေကြကာ ရှန်မော့အာ၏ ဘေးတွင် ကပ်၍ ဝိုင်းရံနေကြသည်။ ကျိုးကျောက်တိ ဆိုလျှင် ရှန်မော့အာ၏ အင်္ကျီစကိုပင် တိတ်တဆိတ် ဆွဲထားလေသည်။

ချန်ထောင်မှာ သူတို့၏ ပုံစံကို ကြည့်ပြီး ရယ်မောမိတော့သည်။

ကလေးများက စိုးရိမ်ကြောက်လန့်ပြီး တုန်လှုပ်နေကြသည်မှာ အံ့သြစရာ မဟုတ်သော်လည်း သူ့ကို အံ့အားသင့်စေသည်မှာ ရှန်မော့အာသည် နည်းနည်းလေးမှ စိုးရိမ်ကြောက်လန့်နေပုံ မပေါ်ခြင်းပင်။ မလာမီက သူသည် ကျောင်းသား ၆ယောက်အတွက် တာဝန်ခွဲဝေပေးရုံသာမဟုတ်ဘဲ ၇ယောက်အတွက် အထူးတလည် တာဝန်ယူပေးရလိမ့်မည်ဟု စိုးရိမ်ခဲ့မိသေးသည်။

မည်သို့ပင်ဆိုစေ ယခင် ရှန်မော့အာသည် ရွာထဲတွင် လူများနှင့်ပင် စကားမပြောရဲသူ တစ်ယောက် ဖြစ်ခဲ့သည် မဟုတ်ပါလား။ ယခု ပြောင်းလဲသွားပြီဆိုလျှင်တောင် ရွာထဲတွင်သာ သိပ်မကြောက်တော့ခြင်း ဖြစ်မည်ဟု ချန်ထောင် ထင်မှတ်ထားခဲ့သည်။

သို့သော် သူမက ရှန်လင်းလင်းကို ပုံမှန် ပြန်လည် ချေပလေ့ရှိသည့် ပုံစံကို ပြန်လည်စဉ်းစားမိသောအခါ ချန်ထောင်သည် ခေါင်းခါလျက် ရယ်မောလိုက်မိသည်။ ကြည့်ရသည်မှာ သူမ အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့ဟန်တူသည်။

ခရိုင်မှ စီစဉ်ပေးသော ကားမှာ အတော်လေး ကြီးမားပြီး ကားတစ်စီးလျှင် လူ ၄၀၊ ၅၀ ခန့် စီးနင်းနိုင်လေသည်။ ရှန်မော့အာတို့သည် တန်းစီ၍ ကားပေါ်သို့ တက်ခဲ့ကြပြီး အနောက်ဘက် ခပ်ကျကျ နေရာများကို ရရှိခဲ့သည်။

လျိုချောင် တပ်ဖွဲ့မူလတန်းကျောင်းမှ ဆရာဟယ် သည် သူတို့၏ အရှေ့တန်းတွင် ထိုင်နေပြီး ရှန်မော့အာနှင့် ချန်ထောင်တို့အား လိမ္မော်သီး တစ်လုံးစီ ယဉ်ကျေးစွာ ကမ်းပေးလာ၏။ "နောက်ထပ် ၃၊ ၄ နာရီလောက် သွားရဦးမယ်။ လိမ္မော်သီးလေး စားထားရင် နေလို့ ပိုကောင်းလိမ့်မယ်။ တကယ်လို့ အရမ်း မူးလာရင်လည်း လိမ္မော်ခွံလေးကို နှာခေါင်းဝမှာ တေ့ထားရင် နည်းနည်း သက်သာသွားလိမ့်မယ်"

ရှန်မော့အာနှင့် ချန်ထောင်တို့က အားနာနေမည်ကို စိုးရိမ်၍ ဖြစ်ဟန်တူသည်။ သူက ထပ်ပြောလိုက်သေးသည်။ "ရွာက ခြံထဲက လိမ္မော်ပင်ကနေ ခူးလာတာပါ။ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေတော့ မဟုတ်ပါဘူး"

ထိုစကားအထိ ပြောလာသည်တွင် ထပ်မံ ငြင်းဆန်နေရန် မသင့်တော်တော့သဖြင့် ရှန်မော့အာနှင့် ချန်ထောင်တို့သည် ကျေးဇူးတင်စကား ဆိုလိုက်ကြပြီး လှမ်းယူလိုက်ကြသည်။

လိမ္မော်သီးများမှာ အဝါရောင် တောက်တောက်နှင့် အလွန် လတ်ဆတ်နေပုံရသည်။

ကလေးများကို ခေါ်ဆောင်၍ ခရီးထွက်ရသည်မှာ အမြဲတမ်း အနည်းငယ် ရှုပ်ထွေးလေ့ရှိသည်။ ကား၏ အရှေ့တန်းများတွင် တုန်းဖန်းဟုန် မူလတန်းကျောင်းနှင့် အခြားသော တပ်ဖွဲ့ မူလတန်းကျောင်းများမှ လူများက ထိုင်နေကြသည်။ ကား စတင်ထွက်ခွာသည်နှင့် ရုတ်တရက် ကျောင်းသား နှစ်ယောက်က အိမ်သာသွားချင်သည်ဟု ပြောလာကြသဖြင့် ဆရာများက သူတို့ကို ကားပေါ်မှ ပြန်ခေါ်ဆင်းကာ ကားဂိတ်ရှိ အများသုံးအိမ်သာသို့ သွားရောက်ပို့ဆောင်ပေးရတော့သည်။

ကားတစ်စီးလုံးမှ လူများ စောင့်ဆိုင်းနေရစဉ် အရှေ့တန်းမှ ကလေးများမှာ ဆူဆူညံညံ အသံများ ထွက်ပေါ်နေသော်လည်း ယန်လျို တပ်ဖွဲ့ မူလတန်းကျောင်းမှ ကလေးများမှာမူ ငုံးလေးများကဲ့သို့ ထိုနေရာတွင် ခွေခွေလေး ထိုင်နေကြပြီး ပြတင်းပေါက်အပြင်ဘက်သို့သာ သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေကြကာ တစ်ခါတစ်ရံမှသာ တီးတိုး စကားပြောဆိုကြလေသည်။

ရှန်မော့အာ၏ မျက်စောင်းထိုးတွင် ထိုင်နေသော တပ်ဖွဲ့ချုပ် မူလတန်းကျောင်းမှ ဆရာတစ်ယောက်က တီးတိုး ပြောဆိုလိုက်သည်ကို ရှန်မော့အာ ကြားလိုက်ရ၏။ "တုန်းဖန်းဟုန် မူလတန်းကျောင်းကလည်း ဒီလိုပါပဲလား။ ကျောင်းသားတွေက ကားပေါ်မတက်ခင် အိမ်သာ အရင်သွားရမယ်ဆိုတာကိုတောင် မသိကြဘူး"

ဪ... ကားပေါ်မှ ဆင်းသွားသော ကျောင်းသား နှစ်ယောက်မှာ တုန်းဖန်းဟုန် မူလတန်းကျောင်းမှ ဖြစ်နေသည်ကိုး။

မကြာမီမှာပင် ထိုဆရာသည် ကျောင်းသား နှစ်ယောက်ကို ခေါ်ဆောင်ကာ ပြန်ရောက်လာပြီး ကားသည်လည်း ဖြည်းညင်းစွာ စတင်ထွက်ခွာလာခဲ့သည်။ အရှေ့တန်းရှိ အခြား တပ်ဖွဲ့ မူလတန်းကျောင်းများမှ ဆရာများက ထို တုံး မျိုးရိုးမည်ရှိသော ဆရာနှင့် နှုတ်ဆက်စကား ပြောဆိုကြလေသည်။ ဆိုလိုရင်းမှာ သူတို့၏ အခြားကျောင်းများတွင် ပုံမှန်အားဖြင့် ပန်းချီသင်တန်းပင် မရှိကြသဖြင့် ယခုတစ်ကြိမ် ပဏမရွေးချယ်ပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်ရခြင်းမှာလည်း အခြေခံအားဖြင့် ပါဝင်ယှဉ်ပြိုင်ရုံ သက်သက်သာ ဖြစ်ပြီး ဆုရရှိရန်အတွက်ကတော့ တုန်းဖန်းဟုန် မူလတန်းကျောင်းကိုသာ အားကိုးရတော့မည် ဖြစ်ကြောင်း ပြောဆိုနေကြခြင်း ဖြစ်သည်။

ထို ဆရာတုံး ကလည်း နိမ့်ချစွာဖြင့် ယဉ်ကျေးစွာ တုံ့ပြန်ပြောဆိုနေခဲ့သည်။ သူတို့ စကားပြောဆိုနေကြစဉ် မည်သူက ရုတ်တရက် ပြောလိုက်သည်မသိ။ စကားသံတစ်ခု ထွက်ပေါ်လာ၏။ "ဒီတစ်ခါ တပ်ဖွဲ့ မူလတန်းကျောင်း တစ်ကျောင်းကလည်း စာရင်းပေးထားတယ်လို့ ကြားတယ်။ ဒါက ရမ်းလုပ်နေတာပဲ မဟုတ်ဘူးလား။ ရွာက ကလေးတွေက ကျောင်းတက်ရရင်တောင် တော်လှနေပြီကို၊ ပန်းချီပါ ဆွဲကြဦးမလို့လား"

ထိုသူက သရော်လှောင်ပြောင်စွာ ရယ်မောလိုက်ပြီး သိသာထင်ရှားစွာပင် အလေးမထားသည့်ဟန် ရှိလေသည်။

တစ်ယောက်ယောက်က လျိုချောင် တပ်ဖွဲ့မှ လူများ နောက်တန်းတွင် ရှိနေကြောင်း တိုးတိုးလေး သတိပေးလိုက်သော်လည်း ထိုသူက နှုတ်ခမ်းမဲ့ကာ ပြန်ပြောလိုက်သည်။ "အမှန်တရားကိုတောင် ပြောခွင့်မရှိတော့ဘူးလား"

ဆရာဟယ်သည် မတ်တတ်ရပ်ကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဆရာဝမ် က ပြဿနာမဖြစ်စေရန် သူ့ကို ဆွဲထိုင်ခိုင်းလိုက်ပြီး "ထားလိုက်ပါ၊ ထားလိုက်ပါတော့"

ချန်ထောင်က မျက်မှောင်ကြုတ်လိုက်ပြီး နောက်သို့လှည့်ကာ ကလေးများကို နှစ်သိမ့်ပေးသည့် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

ရှန်မော့အာကလည်း ခေါင်းလှည့်ကြည့်လိုက်သောအခါ ကလေးများအားလုံး ရှက်ရွံ့ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မျက်နှာထား တင်းမာသွားကာ မတ်တတ်ရပ်၍ ကျယ်လောင်သော အသံဖြင့် မေးလိုက်လေသည်။ "ကျွန်မက လျိုချောင် တပ်ဖွဲ့ချုပ်က ယန်လျို တပ်ဖွဲ့ မူလတန်းကျောင်းက ဆရာမပါ။ ကျွန်မ မျိုးရိုးနာမည်က ရှန် ပါ။ အရှေ့က ကျွန်မတို့ကို ရမ်းလုပ်နေတယ်လို့ ပြောတဲ့ ရဲဘော်၊ ရှင်က ဆရာတစ်ယောက်လား"

ကားအတွင်းမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး အရှေ့တန်းရှိ ကျောင်းသားများ အားလုံးက ရှန်မော့အာဘက်သို့ သိချင်စိတ်ပြင်းပြစွာဖြင့် လှည့်ကြည့်လာကြကာ ဆရာအချို့မှာလည်း အချင်းချင်း ကြည့်လိုက်ကြလေသည်။

စောစောက စကားပြောခဲ့သောသူမှာ နှုတ်ခမ်းမဲ့ကာ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။ "ဒါက အလကားစကားတွေ မဟုတ်ဘူးလား။ ဒီမှာ ပါလာတဲ့ ခေါင်းဆောင်တွေ အားလုံးက ဆရာတွေချည်းပဲ မဟုတ်ဘူးလား"

ရှန်မော့အာက မျက်နှာသေဖြင့် ပြောလိုက်လေသည်။ "ဆရာတစ်ယောက် ဖြစ်နေမှတော့ ပညာသင်ကြားရာမှာ ခွဲခြားဆက်ဆံမှု မရှိသင့်ဘူးဆိုတဲ့ စကားကို ကြားဖူးသင့်တယ်။ ကျောင်းသားတွေအပေါ်မှာ တန်းတူညီမျှ ဆက်ဆံသင့်တယ်။ ကျောင်းသားတိုင်းရဲ့ ပညာသင်ယူခွင့်၊ ပြိုင်ပွဲဝင်ခွင့်တွေကို လေးစားသင့်တယ်။ ကျောင်းသားတွေကို အဆင့်အတန်းခွဲပြီး ကျေးလက်က ကလေးတွေကို ထင်သလို နှိမ့်ချလှောင်ပြောင်တာမျိုး မလုပ်သင့်ဘူး။ နိုင်ငံတော်ကတောင် ပညာတတ်လူငယ်တွေကို ကျေးလက်ဆင်းပြီး ဆင်းရဲတဲ့ တောင်သူလယ်သမားတွေဆီကနေ ပြန်လည်ပညာသင်ယူဖို့ တိုက်တွန်းနေတာ၊ ဒီဆရာက ဘာလို့ ကျေးလက်ဒေသကို အထင်သေးပြီး ကျေးလက်က ကလေးတွေကို အထင်သေးနေရတာလဲ"

ထိုသူမှာ ချက်ချင်းပင် စိုးရိမ်တကြီးဖြင့် မတ်တတ်ရပ်လိုက်၏။ သူမသည် ရှေ့ဆံပင်အတိ ဂုတ်ဝဲဆံပင်ပုံစံ ညှပ်ထားပြီး မျက်နှာအနည်းငယ် ကြီးကာ အသက် ၃၀ ဝန်းကျင်ခန့်ရှိသော အမျိုးသမီး တစ်ဦး ဖြစ်သည်။

သူမက ရှန်မော့အာကို စိုက်ကြည့်ကာ "ရှင် ကျွန်မကို မဟုတ်ကဟုတ်ကတွေ လာမစွပ်စွဲနဲ့နော်။ ကျွန်မက အရှိကိုအရှိအတိုင်း မှတ်ချက်ပေးရုံပဲလေ။ ဘယ်လိုလုပ်ပြီး ကျေးလက်ကို အထင်သေးတာ၊ ကျေးလက်က ကလေးတွေကို အထင်သေးတာ ဖြစ်သွားရတာလဲ"

ရှန်မော့အာက သူမကို ခပ်အေးအေးပင် ကြည့်လျက် ပြန်ပြောလိုက်၏။ "ရှင်ပြောတဲ့ အရှိကိုအရှိအတိုင်း မှတ်ချက်ပေးတယ် ဆိုတာက ရှင်ကိုယ်တိုင် အကြောင်းပြချက်မရှိဘဲ ထင်ယောင်ထင်မှား ဖြစ်နေတာပဲလေ။ ရှင်က ကျေးလက်က ကလေးတွေကို အထင်သေးတာ ဟုတ်မဟုတ် ဆိုတာကိုတော့ ဒီမှာ ထိုင်နေတဲ့ လူတိုင်းရဲ့ စိတ်ထဲမှာ ကိုယ်ပိုင် အကဲဖြတ်မှုတွေ ရှိနေမှာပါ"

ထိုသူမှာ ဒေါသထွက်၍လား၊ ရှက်၍လား မသိ၊ ချက်ချင်းပင် ပါးပြင်များ နီရဲသွားတော့သည်။ တုန်းဖန်းဟုန် မူလတန်းကျောင်းမှ ဆရာတုံး မှာ ကမန်းကတန်း မတ်တတ်ရပ်ကာ ကြားဝင်ဖျန်ဖြေပေးလိုက်ရလေသည်။ "အားလုံးက ညီနောင်အဖွဲ့အစည်းတွေချည်းပါပဲ။ ဆရာမဟူ နဲ့ ဒီက ရဲဘော်လေးရှန်၊ အားလုံးပဲ စကားကို လျှော့ပြောကြပါတော့။ ကလေးတွေ အများကြီး ကြည့်နေကြတာဆိုတော့ ဒါက အရမ်းကို အကျိုးသက်ရောက်မှု ဆိုးရွားလွန်းပါတယ်"

ရှန်မော့အာက ခေါင်းညိတ်လိုက်ပြီး "မှန်ပါတယ်။ ဆရာတစ်ယောက်ဖြစ်နေမှတော့ ကိုယ့်ရဲ့ အပြောအဆို၊ အပြုအမူတွေကို အမြဲတမ်း သတိထားသင့်တာပေါ့"

ဆရာတုံး: "......"

ထို ဆရာမဟူမှာ မကျေနပ်သေးသည်မှာ သိသာလှပြီး တစ်ခုခု ဆက်ပြောချင်နေသေးသော်လည်း ဆရာတုံးက သူမကို ဆွဲကာ တိုးတိုးလေး တစ်ခုခု ပြောလိုက်ပြီး သူမကို ထိုင်ခုံပေါ်သို့ ပြန်လည် တွန်းထိုင်ခိုင်းလိုက်လေသည်။

အခြေအနေကို မြင်သောအခါ ရှန်မော့အာလည်း မိမိနေရာတွင် ပြန်ထိုင်လိုက်၏။ အရှေ့တန်းရှိ ဆရာဟယ် သည် သူမအား တိတ်တိတ်လေး လက်မထောင်ပြလိုက်ပြီး ချန်ထောင်ကလည်း ပြုံးလျက် လိုက်၍ လက်မထောင်ပြလိုက်လေသည်။

ကားတစ်စီးလုံးရှိ မူလတန်းကျောင်းသားလေးများမှာ ဟိုလူ့ကို ကြည့်လိုက်၊ ဒီလူ့ကို ကြည့်လိုက်ဖြင့် မျက်နှာအမူအရာများ အားလုံး အနည်းငယ် အံ့အားသင့်နေကြလေသည်။

ဆရာများ သူတို့ရှေ့တွင် ရန်ဖြစ်ကြသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်!

ဆရာမဟူ ခေါ်ဆောင်လာသော ကျောင်းသားအချို့မှာ အချင်းချင်း အကြည့်များ ဖလှယ်လိုက်ကြပြီး အားလုံးက အနည်းငယ် အရှက်ရနေကြသည်ဟု ခံစားကြရသည်။

သူတို့ဆရာမက ရန်ဖြစ်ရာတွင် ရှုံးနိမ့်သွားခဲ့သည်လေ။

ထို့အပြင် အရေးအကြီးဆုံးအချက်မှာ သူတို့ကိုယ်တိုင်လည်း ဆရာမဟူ သည် ကျေးလက်မှ ကလေးများကို အနည်းငယ် အထင်သေးနေသည်ဟု ခံစားရခြင်းပင်။ အစောပိုင်းက အခြားဆရာတစ်ယောက်ကပင် တပ်ဖွဲ့မှ ကျောင်းသားများ မြို့တော်သို့ လာရောက် ယှဉ်ပြိုင်ရဲသည်မှာ ရဲရင့်မှုရှိကြောင်း ချီးကျူးပြောဆိုခဲ့သေးသည် မဟုတ်ပါလား။

လျိုချောင် တပ်ဖွဲ့မူလတန်းကျောင်းနှင့် ယန်လျို တပ်ဖွဲ့ မူလတန်းကျောင်းမှ ကလေးများမှာ ပါးစပ်ကို အုပ်ကာ တိတ်တိတ်လေး ရယ်မောနေကြတော့သည်။ အထူးသဖြင့် ယန်လျို တပ်ဖွဲ့ မူလတန်းကျောင်းမှ ကလေးများမှာ ချက်ချင်းပင် ရင်ကော့ကာ ခေါင်းကို မော့ထားလိုက်ကြပြီး စိုးရိမ်ကြောက်လန့်မှုများ ပျောက်ကွယ်သွားကြတော့သည်။

မြို့တော်သို့ ရောက်သောအခါ မွန်းတည့်ချိန် နီးပါးခန့် ရှိနေပြီ ဖြစ်သည်။ ကားသည် မြို့တော် ပညာရေးဌာနမှ ငှားရမ်းထားသော ပြိုင်ပွဲကျင်းပရာ နေရာဖြစ်သည့် မြို့တော် အလုပ်သမားအဖွဲ့အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။ ကားပေါ်မှ ဆင်းသည်နှင့် အားလုံးကို ဝန်ထမ်းများက ကြီးမားသော ခန်းမကြီး တစ်ခုဆီသို့ လမ်းညွှန်ခေါ်ဆောင်သွားကြသည်။ ထိုနေရာတွင် အဖြူရောင် စားဖိုမှူးဝတ်စုံ ဝတ်ဆင်ထားသူများက စောင့်ဆိုင်းနေကြပြီး ဝန်ထမ်းများ၏ လမ်းညွှန်မှုဖြင့် တန်းစီပြီးသည်နှင့် တစ်ယောက်ချင်းစီအား ထမင်းဟင်းများ ဝေငှပေးကြလေသည်။

လူတစ်ယောက်လျှင် ထမင်း ဇွန်းကြီးတစ်ဇွန်း၊ ဟင်း ဇွန်းသေးနှစ်ဇွန်း ရရှိပြီး ဟင်းများမှာ မုန်လာဥနီနှင့် ဝက်သားကြော်၊ ငရုတ်ပွနှင့် ကြက်ဥကြော် တို့ ဖြစ်ကြသည်။ ဝက်သားနှင့် ကြက်ဥ ပါဝင်မှု အချိုးအစားမှာ အနည်းငယ် နည်းပါးသော်လည်း ဤစားသောက်မှု အခြေအနေက လူအများစုကို အလွန်တရာ ဝမ်းသာပျော်ရွှင်သွားစေခဲ့သည်။

ယန်လျို တပ်ဖွဲ့မှ မူလတန်းကျောင်းသား ၆ ယောက်မှာ လက်တစ်ဖက်က ကြွေရည်သုတ် ဇလုံကို ကိုင်လျက် နောက်လက်တစ်ဖက်က ဇွန်းကို ကိုင်ထားရင်း အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာလေးများပေါ်တွင် မယုံနိုင်လောက်အောင် အံ့သြဝမ်းသာနေသည့် အမူအရာများ ပေါ်လွင်နေလေသည်။

"မြန်မြန် စားကြ၊ စားပြီးရင် ခဏနားကြမယ်။ ညနေကျရင် အကောင်းဆုံး အခြေအနေနဲ့ ပြိုင်ပွဲဝင်ကြတာပေါ့" ချန်ထောင်က ပျော်ရွှင်စွာ ပြောလိုက်၏။

ရှန်မော့အာကလည်း ကျိုးကျောက်တိ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ ပြောလိုက်သည်။ "မြန်မြန်စားနော်"

ကလေးများသည် အငမ်းမရ စားသောက်ကြလေသည်။ ရှန်မော့အာကမူ ဖြည်းဖြည်းမှန်မှန်သာ စားသောက်နေပြီး တစ်ခါတစ်ရံ ခေါင်းမော့ကြည့်လိုက်သောအခါ ကျိုးကျောက်တိသည် သူမ၏ မျက်တောင်စွန်းများကို တိတ်တဆိတ် သုတ်နေသည်ကို မြင်လိုက်ရ၏။

သူမသည် အလွန် အလေးအနက်ထားကာ စားသောက်နေသည်။ မူလက ရှန်မော့အာသည် သူမ၏ ပိန်ချုံးသေးငယ်လှသော ခန္ဓာကိုယ်လေးဖြင့် သည်လောက်များပြားသော ထမင်းဟင်းများကို ကုန်အောင် စားနိုင်ပါ့မလားဟု စိုးရိမ်နေခဲ့သော်လည်း မကြာမီမှာပင် အားလုံး ကုန်စင်သွားပြီး ကြွေရည်သုတ် ဇလုံမှာ ရေဖြင့် ဆေးကြောထားသကဲ့သို့ ပြောင်စင်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ထမင်းစားပြီးနောက် ကြွေရည်သုတ် ဇလုံများနှင့် ဇွန်းများကို ဝန်ထမ်းများက ပြန်လည်သိမ်းဆည်းသွားကြသည်။ သူတို့သည် ထိုနေရာတွင်ပင် ခဏလောက် အနားယူကြပြီးနောက် အိမ်သာသွားခြင်း၊ ယူဆောင်လာသော စာရေးကိရိယာများကို စစ်ဆေးခြင်းတို့ ပြုလုပ်ကြကာ ဝန်ထမ်းများ၏ လမ်းညွှန်မှုဖြင့် ပုရွက်ဆိတ်လေးများကဲ့သို့ စာသင်ခန်းများအတွင်းသို့ အသီးသီး ဝင်ရောက်သွားကြလေသည်။

ခေါင်းဆောင်ဆရာများသည် ထမင်းစားခဲ့သော နေရာသို့ ပြန်သွားကာ အနားယူစောင့်ဆိုင်းနေကြသည်။

ထိုအချိန်အတွင်း ရှန်မော့အာ မတ်တတ်ရပ်ကာ လမ်းလျှောက်နေစဉ် ထို ဆရာမဟူ က အခြားသူများကို ခနဲ့တဲ့တဲ့ ပြောဆိုနေသံကို ကြားလိုက်ရသေးသည်။ "အဲဒီအချိန်ကျရင် သုညတွေချည်းပဲ ရလာပြီး နောက်ဆုံးနေရာကို ကပ်နေရင်တော့ တကယ်ကြည့်ကောင်းဦးမှာပဲ "

ဤတစ်ကြိမ်တွင်တော့ ရှန်မော့အာ သူမကို ဂရုမစိုက်တော့ချေ။

၃ နာရီအကြာတွင် ပြိုင်ပွဲပြီးဆုံးသွားပြီး ဆရာများသည် ကျောင်းသားများ မည်သို့ ဖြေဆိုခဲ့ကြောင်းကိုပင် မေးမြန်းရန် အချိန်မရလိုက်ဘဲ အလျင်စလိုဖြင့် ကလေးများကို ပြန်မည့်ကားပေါ်သို့ ခေါ်ဆောင်သွားကြရလေသည်။

ကားစတင်ထွက်ခွာသွားသောအခါ တစ်စုံတစ်ယောက်က တီးတိုး ပြောဆိုလိုက်သည်။ "ရှင်းရှန်း တပ်ဖွဲ့က လူတွေ ကားပြောင်းစီးသွားတယ်နော်"

ရှန်မော့အာက သတိမထားမိခဲ့ပေ။ မည်သူက ရှင်းရှန်း တပ်ဖွဲ့မှမှန်းကိုပင် သူမ လုံးဝ မသိခဲ့ချေ။ ဆရာဟယ် က သူမအား ပြောပြလာမှသာ ထို ဆရာမဟူ သည် ရှင်းရှန်း တပ်ဖွဲ့မှ ဖြစ်ကြောင်း သိလိုက်ရတော့သည်။

ဆရာဟယ်က ရှန်မော့အာအား သတင်းတစ်ခုကိုလည်း ဖွင့်ဟပြောပြခဲ့သေးသည်။ ဤ ဆရာမဟူ ၏ ခင်ပွန်းသည် ခရိုင် ပညာရေးဌာနမှ ဖြစ်သောကြောင့် အထက်တွင် လူရှိနေသဖြင့် သူမသည် ပုံမှန်အားဖြင့် စကားပြောဆို လုပ်ကိုင်ရာတွင် အနည်းငယ် မောက်မာဝင့်ကြွားနေခြင်း ဖြစ်သည်ဟု ဆိုလေသည်။

ရှန်မော့အာ သိပ်ဂရုမစိုက်ခဲ့ပေ။ မျက်မုန်းကျိုးစရာ ကောင်းသောသူက ကိုယ်တိုင် အခြားကားသို့ ပြောင်းစီးသွားသဖြင့် သူမမှာ တိတ်ဆိတ်ငြိမ်သက်မှုကို ရရှိလိုက်သည်ပင် မဟုတ်ပါလား။

အပြန်လမ်းတွင်တော့ ကလေးများသည် သွားစဉ်ကလောက် တက်ကြွမနေကြတော့ချေ။ တစ်နေ့လုံး ပင်ပန်းခဲ့ရသဖြင့် အားလုံး အနည်းငယ် နွမ်းနယ်နေကြသည်။ သို့သော် ယန်လျို တပ်ဖွဲ့မှ ကလေးအချို့မှာတော့ စိတ်ဓာတ် တက်ကြွနေဆဲဖြစ်ပြီး တစ်ခါတစ်ရံတွင် တီးတိုး စကားပြောဆိုနေကြလေသည်။

ကျိုးကျောက်တိက ရှောင်ယဲ့ဇီကို ယနေ့ သူမ အလွန် ဝလင်အောင် စားခဲ့ရကြောင်း၊ ဝက်သားကြော်နှင့် ကြက်ဥကိုပါ စားခဲ့ရကြောင်းနှင့် အဘွားကွယ်လွန်သွားပြီးကတည်းက ဤသည်မှာ သူမ ပထမဆုံးအကြိမ် အသားနှင့် ကြက်ဥ စားရခြင်းဖြစ်ကြောင်း အသံတိုးတိုးလေးဖြင့် ပြောပြနေသည်ကို ရှန်မော့အာ ကြားလိုက်ရသေးသည်။

ကလေးများ၏ ပျော်ရွှင်နေသော စကားသံများကို နားထောင်ရင်း ရှန်မော့အာသည် မှောင်မည်းနေသော ပြတင်းပေါက်အပြင်ဘက်သို့သာ တိတ်ဆိတ်စွာ ကြည့်နေလိုက်မိသည်။

ကားသည် ခရိုင်မြို့သို့ ရောက်ရှိသောအခါ ည ၈ နာရီခန့် ရှိနေပြီ။ ကံကောင်းထောက်မစွာဖြင့် တပ်ဖွဲ့မှ ကားသည် ကားဂိတ်တွင် သူတို့ကို စောင့်ဆိုင်းနေဆဲ ဖြစ်သောကြောင့် လူအုပ်ကြီးသည် မနားတမ်း ကားပြောင်းစီးကြပြီးနောက် တပ်ဖွဲ့၏ ကားမှတ်တိုင်သို့ ရောက်ရှိသောအခါ လူကြီးရော ကလေးပါ အားလုံး ပင်ပန်းဆာလောင်နေကြလေပြီ။ ရှန်မော့အာတို့သည် တပ်ဖွဲ့ချုပ် မူလတန်းကျောင်းမှ ဆရာ၊ ကျောင်းသားများနှင့် ကမန်းကတန်း နှုတ်ဆက်ခွဲခွာခဲ့ကြပြီး တကူးတက လာစောင့်နေသော မြည်းလှည်းပေါ်သို့ တက်ခဲ့ကြတော့သည်။

ဦးလေးလျိုက ဂျုံပေါက်စီ အဖြူ ၄ လုံးကို ရှန်မော့အာအား ကမ်းပေးလိုက်၏။ "မင်းအဖေ ပြင်ပေးလိုက်တာ၊ မင်း ဗိုက်ဆာနေမှာစိုးလို့ အရင် အဆာပြေ စားထားဖို့ လိုတယ်တဲ့"

ရှန်မော့အာက ကျေးဇူးတင်စကား ဆိုလိုက်ပြီး လှမ်းယူလိုက်ကာ ပေါက်စီများကို ဖဲ့၍ တစ်ယောက်လျှင် ထက်ဝက်စီ ဝေပေးလိုက်သည်။ အားလုံးက ဗိုက်ဆာလွန်းနေကြသဖြင့် ပါးစပ်ကလည်း အလွန် ခြောက်သွေ့နေသော်ငြားလည်း ထိုပေါက်စီတစ်ဝက်ကို တစ်လုတ်ချင်း စားသောက်လိုက်ကြလေသည်။

စားပြီးသွားသောအခါ ကလေးအချို့မှာ မြည်းလှည်းပေါ်တွင် တိုက်ရိုက်ပင် ပစ်လှဲလိုက်ကြပြီး ဟောက်သံလေးများပင် ထွက်လာတော့သည်။

ချန်ထောင်က မနေနိုင်ဘဲ ပြုံးလျက် သက်ပြင်းချလိုက်၏။ "ဒီတစ်နေ့တာလုံးက တကယ့်ကို စစ်တိုက်နေရသလိုပဲနော်"

ရှန်မော့အာက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "တကယ် ပင်ပန်းတယ်"

သူမက ဖုမင်ဇယ်၏ ပုံစံအတိုင်း ဒူးခေါင်းပေါ် လက်ထောက်ကာ မျက်နှာကို လက်မောင်းကြားထဲ အပ်ထားပြီး ခဏလောက် မှေးလိုက်လေသည်။

နောက်ဆုံးတွင် အိမ်သို့ ပြန်ရောက်သောအခါ သူမသည် ထမင်းပင် မစားနိုင်တော့ဘဲ ရေသောက်ပြီးနောက် အနည်းငယ် သန့်စင်ဆေးကြောကာ အခန်းထဲ ဝင်၍ တန်းအိပ်လိုက်တော့သည်။

နောက်တစ်နေ့တွင် ရှန်မော့အာသည် နေအတော်မြင့်သည်အထိ အိပ်ပျော်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုနေ့တွင် သူမ၌ နေ့လယ်ပိုင်းမှသာ အတန်းတစ်တန်း ရှိသဖြင့် ကပျာကယာ မျက်နှာသစ်ပြီးနောက် အိုးထဲတွင် နွှေးထားသော ဆန်ပြုတ်ကို အနည်းငယ် စားသောက်ကာ ကျောင်းသို့ အလျင်အမြန် သွားခဲ့လေသည်။

မနက်ပိုင်းအတန်းပြီး၍ ကျောင်းဆင်းသောအခါ ချန်ထောင်က သူမအား သတိပေးလာလေသည်။ "နေ့လယ်ပိုင်း အတန်းမရှိဘူး၊ တပ်ဖွဲ့ရဲ့ လုပ်အားပေးမှာ ပါဝင်ရမယ်"

ရှန်မော့အာ၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးကျသွားတော့သည်။

...

အပိုင်း (၃၉.၂)

ဆောင်းဦးရိတ်သိမ်းချိန်အတွင်း တပ်ဖွဲ့ မူလတန်းကျောင်းသည် မနက်ပိုင်းတစ်ပိုင်းသာ ကျောင်းဖွင့်ပြီး နေ့လယ်ပိုင်းတွင် ဆရာ၊ ကျောင်းသားအားလုံး တပ်ဖွဲ့၏ လုပ်အားပေးတွင် ပါဝင်ကြရသည်။ ကလေးများက ကောက်သင်းကောက်ခြင်း သို့မဟုတ် ရိတ်သိမ်းပြီးသော စပါးများကို သယ်ယူပို့ဆောင်ခြင်းတို့ကို တာဝန်ယူရပြီး ဆရာများမှာမူ အမှတ် (၁၂) ထုတ်လုပ်ရေးအဖွဲ့တွင် ပါဝင်ကာ ပညာတတ်လူငယ်များနှင့်အတူ စပါးရိတ်သိမ်းကြရသည်။

ဒီကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာပြီးနောက်ပိုင်း ရှန်မော့အာသည် အစောပိုင်းရက်အနည်းငယ်တွင် ပေါင်းသင်ခြင်းကိုသာ ပြုလုပ်ခဲ့ဖူးပြီး နောက်ပိုင်းတွင် လယ်လုပ်ငန်းများ ပါးသွားသဖြင့် လုပ်အားပေး မဆင်းခဲ့ရတော့ချေ။ နောက်တစ်ကြိမ် လုပ်အားပေး ဆင်းရမည့်အချိန် ရောက်လာသောအခါတွင်လည်း သူမသည် တပ်ဖွဲ့ မူလတန်းကျောင်း၏ ဆရာမတစ်ယောက် ဖြစ်နေပြီ။ ထို့ကြောင့် ယခုတစ်ကြိမ် ဆောင်းဦးရိတ်သိမ်းချိန်သည် သူမအတွက် အမှန်တကယ် ပထမဆုံးအကြိမ် တရားဝင် လုပ်အားပေး ဆင်းရခြင်း ဖြစ်လေသည်။

ချန်ထောင်က သူမ၏ ပုံစံကို မြင်သောအခါ အားရပါးရ ရယ်မောလိုက်ပြီး ပြောလိုက်၏။ "လုပ်အားပေး မဆင်းရတာ ဘယ်လောက်မှတောင် မကြာသေးဘူး၊ မနေတတ်မထိုင်တတ် ဖြစ်နေပြီလား။ စိတ်ချပါ၊ ငါတို့က ပညာတတ်လူငယ်တွေနဲ့ အတူတူ လုပ်ရမှာဆိုတော့ မင်းတို့ အမှတ် (၈) ထုတ်လုပ်ရေးအဖွဲ့လောက်တော့ အလုပ်ကြမ်းမှာ မဟုတ်ပါဘူး"

ဤသည်မှာ တစ်ခုတည်းသော သတင်းကောင်း ဖြစ်လောက်ပေသည်။

ခရိုင်မြို့မှ ရောင်စုံခဲ့တံများ ဝယ်ယူလာပြီးကတည်းက ရှန်မော့အာသည် မူလတန်းကျောင်းသားလေးများကို အထူးလေ့ကျင့်မှုများ ပြုလုပ်ပေးရန် အလုပ်ရှုပ်နေခဲ့ပြီး သူမ၏ အားလပ်ချိန် အားလုံးနီးပါးကို အချိန်ပို သင်ကြားပေးရာတွင် အသုံးပြုခဲ့သည်။ ထို့ကြောင့် တွက်ကြည့်မည်ဆိုပါက သူမနှင့် ဖုမင်ဇယ်တို့ တစ်ရွာတည်းတွင် ရှိနေပါလျက်နှင့် ဆယ်ရက်ကျော်ခန့်ပင် မတွေ့ဖြစ်ခဲ့ကြချေ။

ပြီးခဲ့သည့်တစ်ကြိမ်က သူ၏ ၃ ကျင်းတန် ရိက္ခာလက်မှတ်ကို ယူထားခဲ့ပြီး မည်သို့ ပြန်လည် ထောက်ပံ့ပေးရမည်နည်းဟု စဉ်းစားနေခဲ့သော်လည်း အခွင့်အရေး လုံးဝ မရခဲ့ပေ။

ဪ... ဟုတ်သားပဲ။ ထိုနေ့က ခရိုင်မြို့တွင် နိုင်ငံတော်ပိုင် စားသောက်ဆိုင်မှ ခေါက်ဆွဲဖိုးနှင့် နောက်ပိုင်း ရုပ်ရှင်လက်မှတ်ဖိုးများကိုလည်း သူကသာ ရှင်းသွားခဲ့သည်။ အလွန်တရာ ဆင်းရဲနေပါလျက်နှင့် အဘယ်ကြောင့် ဤမျှလောက်အထိ လူချမ်းသာ ဟန်ဆောင်ချင်နေရသနည်း မသိ။ ကျိန့်ကျားမင်၏ ရှေ့တွင်မို့လို့ သူမလည်း အများကြီး ဝင်မပြောသာခဲ့ချေ။

လွန်ခဲ့သော နှစ်ရက်က ရှန်ရှောက်ယွမ်သည် ဂျုံမှုန့်အကောင်းစား အနည်းငယ် ယူလာခဲ့သဖြင့် ရှန်မော့အာသည် ဝက်ပေါင်ခြောက် အနည်းငယ်ကို လှီးဖြတ်ကာ စဉ်းလိုက်ပြီး ယခင်က တောင်နောက်ဘက်တွင် ကောက်ယူ၍ နေလှန်းထားသော မှိုခြောက်အနည်းငယ်ကို ရေစိမ်လိုက်သည်။ ထို့နောက် မုန်လာဥအချို့ကို ဆေးကြောကာ အမျှင်လေးများ ဖြစ်အောင် သေးသေးလေးများ လှီးဖြတ်ပြီး အားလုံးကို ရောနှောကာ မွှေးပျံ့အရသာရှိသော အဆာပလာအဖြစ် ကြော်လိုက်၏။ ထို့နောက် အိမ်တွင် သိမ်းထားသော တဆေးရည်ဖြင့် ဂျုံနယ်ကာ သက်သတ်လွတ် အဆာသွတ် ပေါက်စီ တစ်ပေါင်းအိုးကို ပေါင်းလိုက်လေသည်။

ပေါင်းအိုးမှာ ရှန်ရှောက်ယွမ်က လွန်ခဲ့သောရက်အနည်းငယ်က ရွာသားများကို အကူအညီတောင်း၍ ပြုလုပ်ခိုင်းထားခြင်း ဖြစ်သည်။ ဤရက်ပိုင်းအတွင်း ရှန်မော့အာ အလုပ်ရှုပ်နေသဖြင့် သားအဖနှစ်ယောက်မှာ ရိုးရိုးရှင်းရှင်းသာ စားသောက်ဖြစ်ခဲ့ကြပြီး ပေါင်းအိုးအသစ်ကို တစ်ကြိမ်မှ မသုံးဖြစ်သေးချေ။ ပေါက်စီ တစ်ပေါင်းအိုး ကျက်သွားသောအခါ လေထုထဲတွင် ဆွဲဆောင်မှုရှိသော ပေါက်စီရနံ့များအပြင် ဝါး၏ သင်းပျံ့လတ်ဆတ်သော ရနံ့လေးများပါ ရောယှက်ပျံ့နှံ့နေလေသည်။

ရှန်မော့အာသည် ပေါင်းအိုးကို ဖယ်ရှားကာ မီးဖို၏ အခြားတစ်ဖက်သို့ ရွှေ့ထားလိုက်ပြီး ဒယ်အိုးထဲတွင် ရေထည့်တည်လိုက်သည်။ ရေဆူလာသောအခါ ကြက်ဥတစ်လုံးကို ဖောက်ထည့်လိုက်ပြီး သကြားအနည်းငယ်ကိုပါ ထည့်ကာ ကြက်ဥဟင်းချို တစ်ပန်းကန်ကို ပြုလုပ်လိုက်၏။

ပေါက်စီ ၂ လုံး၊ ကြက်ဥဟင်းချို တစ်ပန်းကန်ဖြင့် နေ့လယ်စာကို ဖြေရှင်းလိုက်လေသည်။

နေ့လယ်ပိုင်း လုပ်အားပေး ဆင်းရန် သွားသောအခါ ရှန်မော့အာသည် ဝါးခြင်းတောင်းလေး တစ်ခုကို ဆွဲလာခဲ့လေသည်။ ကြွေရည်သုတ် ခွက်ကြီးထဲတွင် အအေးခံထားသော ရေကျက်အေးများ ပါဝင်ပြီး ကြွေရည်သုတ် ဇလုံထဲတွင်တော့ ဖြူဖွေးနူးညံ့နေသော သက်သတ်လွတ် အဆာသွတ် ပေါက်စီများ ပါဝင်ကာ အပေါ်မှ သန့်စင်နေအောင် လျှော်ဖွပ်နေလှန်းထားသော ချည်ထည်ဖြူလေးဖြင့် အုပ်ထားပြီး ထိုအပေါ်မှ မျက်နှာသုတ်ပုဝါ တစ်ထည်ကို ထပ်မံ ဖုံးအုပ်ထားလေသည်။

ရှန်မော့အာသည် ခြင်းတောင်းကို ဆွဲလျက် လယ်ကွင်းစပ်သို့ ရောက်လာသောအခါ လက်ထဲတွင် တံစဉ်တစ်လက် ကိုင်ထားပြီး ကိုယ်ပေါ်တွင် စစ်စိမ်းရောင် ရေဘူးတစ်ဘူး လွယ်ထားသော ရှန်လင်းလင်းနှင့် ဆုံတွေ့လေသည်။

ရှန်လင်းလင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး ဟွန်း ကနဲ နှာခေါင်းရှုံ့ကာ သူမ၏ အရှေ့သို့ လျင်မြန်စွာ ကျော်တက်သွားလေသည်။ သူမအား ကျော်တက်သွားခြင်းကပင် ကြီးမားသော အောင်ပွဲတစ်ခုကို ရရှိသွားသည့်အလား အမူအရာ ဖြစ်နေသည်။

ရှန်မော့အာမှာ နားမလည်နိုင်ဖြစ်သွား၏။

ပညာတတ်လူငယ်များသည် လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြပြီ။ ရှန်လင်းလင်း ပေါ်လာသည်နှင့် ကျန်းကျစ်ချန် က ချက်ချင်းပင် နွေးထွေးစွာ နှုတ်ဆက်လိုက်ပြီး သူမအား သူတို့နှင့် အတူလာရောက် လုပ်ကိုင်ရန် ခေါ်လိုက်၏။ အခြားသော ပညာတတ်လူငယ် အဟောင်းများထဲမှလည်း "ဆရာမရှန်" ဟု ခေါ်ဆိုသံများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာလေသည်။

ရှန်လင်းလင်းသည် မူလတန်းကျောင်း ဆရာမ ဖြစ်လာကတည်းက လယ်လုပ်ငန်း များပြားသော အချိန်များတွင် ပညာတတ်လူငယ်များနှင့်အတူ အလုပ်လုပ်လေ့ရှိသောကြောင့် ပညာတတ်လူငယ်များ၊ အထူးသဖြင့် ဖုမင်ဇယ်တို့ကဲ့သို့သော ပညာတတ်လူငယ် အဟောင်းများနှင့် အတော်လေး ရင်းနှီးမှု ရှိလေသည်။ သူမတို့ မိသားစု ပြဿနာများ ဆက်တိုက်မဖြစ်ပေါ်မီက အမျိုးသား ပညာတတ်လူငယ် အတော်များများက သူမကို သူတို့၏ နတ်သမီးလေးအဖြစ် နောက်ကွယ်တွင် သတ်မှတ်ထားခဲ့ကြပြီး ယခုအချိန်တွင်လည်း ထိုသို့ သတ်မှတ်ထားသူများ သေချာပေါက် အများအပြား ရှိနေဆဲပင်။

နွေးထွေးစွာ နှုတ်ဆက်ပြီးနောက် ရှန်လင်းလင်းသည် အောင်နိုင်သူတစ်ယောက်ကဲ့သို့ ရှန်မော့အာဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ရှန်မော့အာက သူမကို ဂရုစိုက်မနေတော့ဘဲ အနီးဆုံး လယ်ကန်သင်းမှနေ၍ လယ်ကွင်းထဲသို့ ဆင်းသွားလိုက်သည်။ ခြေလှမ်းအနည်းငယ်မျှသာ လျှောက်ရသေးသည်။ "ရဲဘော်ရှန်မော့အာ" ဟူသော အံ့သြဝမ်းသာနေသည့် အသံတစ်ခုကို ကြားလိုက်ရပြီး မျက်လုံးက မော့ကြည့်လိုက်သောအခါ ကျိန့်ကျားမင်သည် အဝေးရှိ စပါးခင်းနောက်ကွယ်မှနေ၍ သူမအား လက်လှမ်းပြနေသည်ကို တွေ့လိုက်ရ၏။ "ရဲဘော်ရှန်... ဒီဘက်လာ!"

ထို့နောက် သူ၏ ဘေးတွင် ခါးကိုင်းကာ စပါးရိတ်နေသော လူတစ်ယောက်သည် ဖြည်းညင်းစွာ မတ်တတ်ရပ်လာသည်ကို မြင်လိုက်ရသည်။ လယ်ကွင်းထဲတွင် မတ်မတ်ရပ်နေသော ပေါ့ပလာပင်ပေါက်လေးကဲ့သို့ ဖြောင့်မတ်သော ခန္ဓာကိုယ်ဖြင့်၊ လက်တစ်ဖက်တွင် တံစဉ်ကို ကိုင်ထားပြီး နောက်လက်တစ်ဖက်တွင် စပါးတစ်ဆုပ်ကို ဆုပ်ကိုင်ထားလျက် အဝေးမှနေ၍ သူမကို လှမ်းကြည့်လာလေသည်။

ဆောင်းဦးရာသီ၏ နေပူရှိန်က အလွန်ပြင်းထန်လွန်း၍လား မသိ။ ရှန်မော့အာသည် ရုတ်တရက် သူမ၏ ပါးပြင်များ အနည်းငယ် ပူထူလာသည်ဟု ခံစားလိုက်ရသည်။

ရှန်မော့အာသည် ဘယ်ဘက်လယ်ကွင်းထဲတွင် ကျန်းကျစ်ချန်တို့နှင့် ရင်းနှီးစွာ စကားပြောဆိုနေသော ရှန်လင်းလင်းကို တစ်ချက်ကြည့်လိုက်ပြီး ညာဘက်လယ်ကွင်းထဲတွင် သူမအား အနည်းငယ် နားမလည်နိုင်သော အမုန်းတရားများဖြင့် စိုက်ကြည့်နေသည့် ယန်ချင်းချင်း ကိုလည်း တစ်ချက်ကြည့်လိုက်ကာ ချက်ချင်းပင် ရှေ့သို့ ဆက်လျှောက်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်လေသည်။

ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် ခမောက်ဆောင်းထားသည့် အမျိုးသမီး ပညာတတ်လူငယ် တစ်ယောက် သူမနောက်သို့ လိုက်လာ၏။ "ဆရာမရှန်၊ ဆရာမရှန်မော့အာ!"

ရှန်မော့အာသည် ခြေလှမ်းများကို ရပ်တန့်ကာ လာသူကို လှည့်ကြည့်လိုက်သည်တွင် ဝမ်ချိုးထုန် အမည်ရသည့် အမျိုးသမီး ပညာတတ်လူငယ် ဖြစ်ကြောင်း မှတ်မိသွားသဖြင့် မေးလိုက်သည်။ "ပညာတတ်လူငယ်ဝမ်... ဘာကိစ္စများ ရှိလို့လဲ"

ဝမ်ချိုးထုန်သည် လက်တစ်ဖက်တွင် တံစဉ်ကို ကိုင်ထားပြီး နောက်လက်တစ်ဖက်ဖြင့် ကောက်ရိုးဦးထုပ်၏ အစွန်းကို ပွတ်သပ်နေကာ အနည်းငယ် အားနာနေဟန် ရှိသော်လည်း ရဲတင်းစွာဖြင့် မေးလိုက်၏။ "ဆရာမရှန်... ကျွန်မ ဆရာမနဲ့ အတူတူ ဟိုဘက်ကို သွားရိတ်လို့ ရမလားဟင်"

ရှန်မော့အာသည် နားမလည်နိုင်စွာဖြင့် ဖုမင်ဇယ်တို့ ရှိရာဘက်သို့ လှည့်ကြည့်လိုက်ပြီး မရေမရာ ပြန်မေးလိုက်၏။ "ပညာတတ်လူငယ်ဖုနဲ့ ပညာတတ်လူငယ်ကျိန့်တို့ဘက်ကိုလား"

ဝမ်ချိုးထုန်က ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ "ဟုတ်တယ်၊ ကျွန်မ ဆရာမတို့နဲ့ အတူတူ လုပ်ချင်လို့ပါ"

ရှန်မော့အာက ခေါင်းညိတ်လိုက်ပြီး "ရတာပေါ့၊ သွားကြတာပေါ့"

တကယ်တမ်းတွင် သူမက 'သူတို့နဲ့ အတူတူ အလုပ်လုပ်ချင်နေမှတော့ အစောကတည်းက ဘာလို့ သွားမလုပ်တာလဲ' ဟု မေးချင်ခဲ့သော်လည်း ထိုဘက်တွင် ဖုမင်ဇယ်နှင့် ကျိန့်ကျားမင် နှစ်ယောက်တည်းသာ ရှိနေသဖြင့် ဝမ်ချိုးထုန်လို မိန်းကလေး တစ်ယောက်တည်း သွားရောက်၍ အတူတကွ လုပ်ကိုင်ရန် အားနာနေတာ ဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။

သူမက ခွင့်ပြုလိုက်သည်ကို ကြားသောအခါ ဝမ်ချိုးထုန်မှာ အလွန် ဝမ်းသာသွားပြီး ချက်ချင်းပင် သူမနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာတော့သည်။

ပြီးခဲ့သည့်တစ်ကြိမ်က ချောင်းထဲသို့ ပြုတ်ကျသွားသည့် ကိစ္စပြီးကတည်းက ယန်ချင်းချင်းသည် အလွန်တရာ ဒေါသထွက်လွယ်ကာ မှုန်ကုပ်ကုပ် ဖြစ်လာခဲ့သည်။ သူမသည် ရှီဝေ နှင့် ချစ်သူများ မဟုတ်ကြသော်လည်း သူတို့နှစ်ယောက်သည် ဟင်းသီးဟင်းရွက်ခင်းထဲတွင် မကြာခဏ ခိုးကြောင်ခိုးဝှက် ရန်ဖြစ်လေ့ရှိကြပြီး ဝမ်ချိုးထုန်သည် ကံဆိုးစွာဖြင့် နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရကာ ခိုးနားထောင်မိသည့် အကြောင်းအရာတိုင်းက သူမကို အလွန်တရာ ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

ယခုအခါ သူမသည် ထိုနှစ်ယောက်ကို အမှန်တကယ်ပင် ကြောက်ရွံ့နေခဲ့သည်။ အထူးသဖြင့် တစ်ကြိမ်တွင် "ငါ မင်းကို လက်ထပ်ရတာထက် ဝမ်ချိုးထုန်ကို လက်ထပ်တာကမှ ပိုကောင်းဦးမယ်" ဟု ရှီဝေ က ပြောလိုက်ပြီး ယန်ချင်းချင်း က "နင် ငါ့ကို ကူညီပြီး ဖုမင်ဇယ်ကို သတ်ပေးမယ်ဆိုရင် ငါ နင့်ကို ကူညီပြီး ဝမ်ချိုးထုန်ကို လုပ်ကြံပေးမယ်" ဟု ပြန်ပြောသည်ကို ခိုးနားထောင်မိပြီးနောက်တွင် သူမသည် ထိုနှစ်ယောက်ကို မြင်သည်နှင့် တုန်ယင်နေမိတော့သည်။

တကယ့်ကို ကြောက်စရာကောင်းလိုက်တာ။ ဝူးဝူးဝူး။

သူမ ယန်ချင်းချင်းနှင့် အတူတူ အလုပ်မလုပ်ချင်ဘူး!

ရှီဝေနဲ့ အတူတူ အလုပ်လုပ်ဖို့ဆိုရင် ပိုပြီးတော့တောင် မဖြစ်နိုင်သေးဘူး!

ကျိန့်ကျားမင်က ရှန်မော့အာနှင့် သူမနောက်မှ လိုက်ပါလာသော ဝမ်ချိုးထုန်တို့အား လှိုက်လှဲစွာ ကြိုဆိုကြောင်း ဖော်ပြလိုက်ရာ ဝမ်ချိုးထုန်မှာ အလွန် ဝမ်းသာပီတိဖြစ်သွားပြီး ချက်ချင်းပင် အင်္ကျီလက်ကို ပင့်တင်ကာ အလုပ်စတင် လုပ်ကိုင်တော့သည်။

ရှန်မော့အာက ဝမ်ချိုးထုန်ကို နားမလည်နိုင်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး 'အလုပ်လုပ်မယ့် နေရာပြောင်းလိုက်တာလေးကိုများ ဒီကောင်မလေး ဘာဖြစ်လို့ ဒီလောက်တောင် ပျော်နေရတာလဲ' ဟု စိတ်ထဲမှ စဉ်းစားလိုက်၏။

သူမသည် ယူဆောင်လာသော ဝါးခြင်းတောင်းကို ဘေးရှိ လယ်ကန်သင်းပေါ်တွင် တင်ထားလိုက်ပြီး အလုပ်လုပ်ရန် ပြန်လှည့်လာစဉ် ဖုမင်ဇယ်သည် ဘေးဘက်သို့ အနည်းငယ် ဆုတ်ပေးလိုက်ပြီး သူ မူလက လုပ်ကိုင်နေသော နေရာကို သူမအတွက် ဖယ်ပေးလိုက်သည်ကို တွေ့လိုက်ရသည်။

ရှန်မော့အာသည်လည်း သူ့ကို အားနာမနေတော့ဘဲ ခေါင်းပေါ်ရှိ ကောက်ရိုးဦးထုပ်ကို သေချာစွာ ပြင်ဆောင်းလိုက်ပြီး စပါးများ စတင်ရိတ်သိမ်းလေတော့သည်။

တရှပ်ရှပ်ဟူသော စက်သံကဲ့သို့ မှန်ကန်ညီညာသော အသံများနှင့်အတူ ရွှေဝါရောင် စပါးပင်များသည် အကွက်လိုက် အကွက်လိုက် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ ခါးကိုင်းလိုက်၊ ရှေ့တိုးလိုက်၊ ထပ်ပြီး ခါးကိုင်းလိုက်၊ ထပ်ပြီး ရှေ့တိုးလိုက်... မကြာမီမှာပင် ရှန်မော့အာသည် နဖူးမှနေ၍ ချွေးများ စီးကျလာသည်ကို ခံစားလိုက်ရသည်။ ချွေးပေါက်များမှတစ်ဆင့် မျက်လုံးထောင့်သို့ စီးကျလာသော ချွေးများကြောင့် မျက်လုံးများ စပ်ဖျင်းဖျင်းဖြစ်ကာ သေချာစွာ ဖွင့်မရတော့ချေ။

ဘဝနှစ်ဆက်လုံးတွင် ဤကဲ့သို့ အလုပ်ကြမ်းလုပ်ရသဖြင့် ချွေးများ ရွှဲနစ်နေအောင် မကြုံဖူးခဲ့ချေ။

"ပဏမရွေးချယ်ပြိုင်ပွဲက ဘယ်လိုနေလဲ"

ရုတ်တရက် သူမ၏ ဘေးမှ အမျိုးသားတစ်ဦး၏ ကြည်လင်သော အသံ ထွက်ပေါ်လာရာ ရှန်မော့အာ ခဏလောက် ကြောင်အမ်းသွားပြီးနောက်မှသာ မတ်တတ်ရပ်လိုက်ပြီး လည်ပင်းတွင် ချိတ်ထားသော မျက်နှာသုတ်ပုဝါဖြင့် ချွေးများကို သုတ်ကာ ပြန်ဖြေလိုက်၏။ "သူတို့ဘာသာ ပြောပုံအရတော့ အခြေအနေ မဆိုးဘူးလို့ ထင်တာပဲ"

ဖုမင်ဇယ်လည်း မတ်တတ်ရပ်လိုက်ပြီး နေပူရှိန်နှင့် အလုပ်ကြမ်းကြောင့် ချွေးများဖြင့် စိုရွှဲကာ နီမြန်းနေသော သူမ၏ မျက်နှာကို ကြည့်လျက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အင်း... အဲဒါဆို ကောင်းတာပေါ့"

ထို့နောက် သူက ဆက်မေးလိုက်၏။ "မင်း ခဏလောက် ထိုင်နားချင်လား"

ရှန်မော့အာက သူ့ကို ပြန်ကြည့်ကာ အလေးအနက်ထားကာ မေးလိုက်၏။ "ကျွန်မ ရိတ်နေတာ နာရီဝက်ရော ပြည့်ပြီလား"

နာရီဝက်တောင် မပြည့်သေးဘဲ သွားထိုင်နားဖို့က အဆင်ရောပြေလို့လား။

ဖုမင်ဇယ်: "......"

ရှန်မော့အာသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ထပ်ပြီး ခါးကိုင်းကာ အလုပ်စတင် လုပ်ကိုင်ပြန်လေသည်။ သူမ၏ ကိုယ်ကာယ ကြံ့ခိုင်မှုက မဆိုးလှသော်လည်း လယ်လုပ်ငန်း အတွေ့အကြုံ မရှိခြင်းကြောင့်သာ ဖြစ်သည်။ မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို အသုံးပြု၍ နည်းစနစ်များကို တဖြည်းဖြည်း ချိန်ညှိလိုက်သောအခါ မကြာမီမှာပင် ကျွမ်းကျင်လာတော့သည်။

တောင်သူလယ်သမားများ၏ ပင်ပန်းဆင်းရဲမှုကို ဖွဲ့ဆိုထားသော ကဗျာများစွာကို သင်ယူခဲ့ဖူးသော်လည်း ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ လုပ်ဆောင်ကြည့်ရသည်နှင့်တော့ မည်သို့မျှ မယှဉ်သာချေ။

သာ့လျန်မင်းဆက်တွင်သာ ဆိုလျှင်တော့ သူမသည် ဦးရီးတော်ဘုရင်အား ဆွေတော်မျိုးတော်များနှင့် မှူးမတ်အရာရှိများကို လယ်လုပ်ငန်းများတွင် လပေါင်းအနည်းငယ်ခန့် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လုပ်ကိုင်စေရန် အသေအချာ အကြံပြုတိုက်တွန်းမိဦးမည်။ ထိုသို့ဆိုလျှင် ပြည်သူလူထုထံမှ အခွန်အခများကို အတင်းအဓမ္မ ကောက်ခံရန် ဤကဲ့သို့သော မကောင်းသည့် အကြံအစည်များ ပေါ်လာတိုင်း မိမိတို့၏ ကုသိုလ်ကံကို ထိခိုက်နိုင်မည်လားဟု သူတို့၏ စိတ်ထဲတွင် ချင့်ချိန်စဉ်းစားလာကြမည်မှာ သေချာပေသည်။

တစ်နာရီကျော်ခန့် အလုပ်လုပ်ပြီးနောက် ရှန်မော့အာတို့သည် လယ်ကန်သင်းဘေးတွင် ခဏလောက် ထိုင်အနားယူကြပြီး ကိုယ်စီ ယူဆောင်လာသော ရေဘူးများကို ထုတ်ကာ ရေသောက်ကြလေသည်။ ရှန်မော့အာက ဝါးခြင်းတောင်းထဲမှ ပေါက်စီများကို ထုတ်ယူကာ အခြားသူများကို ဝေငှပေးလိုက်ပြီး ပြောလိုက်၏။ "သရေစာလေး နည်းနည်း စားထားကြ၊ ခဏနေရင် ပိုပြီး မြန်မြန် လုပ်နိုင်လိမ့်မယ်"

ကျိန့်ကျားမင်မှာ ဝမ်းသာအားရဖြင့် ချက်ချင်း လှမ်းယူကာ စားသောက်လေတော့သည်။ ဝမ်ချိုးထုန်မှာ အနည်းငယ် ကြောင်အမ်းသွားပြီး တစ်ကြိမ် နှစ်ကြိမ် ငြင်းဆန်ခဲ့သော်လည်း နောက်ဆုံးတွင် ရှန်မော့အာ၏ တိုက်တွန်းမှုကြောင့် လှမ်းယူလိုက်ရလေသည်။ သူမသည် တစ်ကိုက်သာ ကိုက်လိုက်ရသေးသော်လည်း မျက်လုံးများ အရောင်လက်သွားကာ ရှန်မော့အာကို ကြည့်ကာ ပြောလိုက်၏။ "ရဲဘော်ရှန်မော့အာ... ဒီပေါက်စီက တကယ် ကောင်းတာပဲ၊ နိုင်ငံတော်ပိုင် စားသောက်ဆိုင်က ပေါက်စီတွေထက်တောင် ပိုကောင်းသေးတယ်!"

ရှန်မော့အာက ပြုံးလိုက်ပြီး "ဒါဆို ခဏနေရင် နောက်တစ်လုံး ထပ်စားပေါ့"

ဖုမင်ဇယ်သည် တိတ်ဆိတ်စွာဖြင့် ပေါက်စီကို စားနေရင်း ဘေးကလူကို ရံဖန်ရံခါ လှမ်းကြည့်နေမိသည်။ သူမ ပြုံးရွှင်စွာဖြင့် ဝမ်ချိုးထုန်နှင့် စကားပြောနေပုံ၊ ကြီးမားလှသော ကြွေရည်သုတ် ခွက်ကြီးကို ကိုင်ကာ ဖြည်းဖြည်းချင်း ရေသောက်နေပုံ၊ ချွေးအလွန်အကျွံ ထွက်ခြင်းကြောင့် အနည်းငယ် ခြောက်သွေ့နေသော နှုတ်ခမ်းများ ပြန်လည် နီရဲလာပုံကို သူ ကြည့်နေမိသည်။ ထို့နောက် သူသည် မျက်လွှာချလိုက်ပြီး အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်လေသည်။

ကျိန့်ကျားမင်နှင့် ဝမ်ချိုးထုန်တို့သည် စားသောက်ပြီးနောက် အလုပ်လုပ်လိုစိတ်များ ပိုမို တက်ကြွလာကာ မကြာမီမှာပင် အလုပ်ထဲသို့ ပြန်လည် ဝင်ရောက်သွားကြသည်။

ရှန်မော့အာသည် ကြွေရည်သုတ် ခွက်ကြီးကို ဝါးခြင်းတောင်းထဲသို့ ပြန်ထည့်လိုက်ပြီး ပစ္စည်းများကို နေရာချထားကာ စပါးရိတ်ရန် ထသွားရန် ပြင်လိုက်စဉ် ဖုမင်ဇယ်က ရုတ်တရက် ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "အစ်ကိုပေါင် က တစ်ပတ်ရစ် စက်ဘီးတစ်စီး ရထားတယ်။ အရင်းက ယွမ် ၅၀ ပေးရပြီး ပြင်ဆင်စရိတ် ၂၀ ကျော် ကုန်တယ်။ မင်း ယူမယ်ဆိုရင် ယွမ် ၈၀ ပါ"

ခဏလောက် ရပ်တန့်သွားပြီးနောက် သူက ထပ်ပြောလိုက်သည်။ "ပိုက်ဆံ အဆင်မပြေသေးဘူးဆိုရင်လည်း တစ်စိတ်တစ်ပိုင်းကို အကြွေးအရင်ထားလို့ ရပါတယ်"

ရှန်မော့အာက ချက်ချင်းပင် ပြန်ပြောလိုက်သည်။ "ယူမယ်၊ ပိုက်ဆံကတော့ ကျွန်မတို့ စုလို့ရပါတယ်။ အင်း... အကြွေးမထားရအောင် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"

ဖုမင်ဇယ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ "ဒါဆို ညကျရင် မင်းဆီ လာခဲ့မယ်"

ပြောပြီးသည်နှင့် သူသည် အလုပ်လုပ်ရန် ထသွားလေတော့သည်။

ရှန်မော့အာ: "?"

တစ်ပတ်ရစ် စက်ဘီးဝယ်ခြင်းနှင့် ညဘက် သူမဆီ လာတွေ့ခြင်းကြားက မည်သည့် ဆက်စပ်မှု ရှိနေသည်ကို သူမ သိပ်နားမလည်နိုင်အောင် ဖြစ်နေမိလေတော့သည်။

...

အပိုင်း (၄၀.၁) ပျော်ရွှင်မှုအပြည့်နဲ့ သူ့မျှော်လင့်ချက်လေးဆီ ပြေးအသွား

တစ်နေကုန် စပါးရိတ်ပြီးနောက် ရှန်မော့အာ၏ လက်များမှာ အပေါ်သို့ပင် မမြှောက်နိုင်တော့လောက်အောင် ဖြစ်နေလေသည်။ အိမ်သို့ ပြန်ရောက်သောအခါ အခြားအလုပ်များကို ဆက်လုပ်ရန် ပျင်းရိနေသဖြင့် နေ့လယ်က ကျန်ခဲ့သော ပေါက်စီများကိုသာ ပြန်ပေါင်းလိုက်သည်။ ထို့နောက် ဝက်ပေါင်ခြောက် အနည်းငယ်ကို လှီးဖြတ်ကာ ကိုယ်ပိုင် စိုက်ခင်းထဲက နုတ်လာသော ဟင်းနုနွယ်ရွက် နည်းနည်းပါးပါးကို ရေဆေးပြီး ကြက်ဥတစ်လုံး ဖောက်ထည့်ကာ ဝက်ပေါင်ခြောက် ဟင်းနုနွယ်ရွက် ကြက်ဥဟင်းချို တစ်ပန်းကန်ကို ချက်ပြုတ်လိုက်လေသည်။

ဆောင်းဦးရိတ်သိမ်းချိန်အတွင်း အလုပ်ဆင်းရသော အချိန်ပိုမိုကြာမြင့်သဖြင့် ရှန်မော့အာ အိမ်ပြန်ရောက်ချိန်မှာ ပုံမှန်ထက် နောက်ကျလေသည်။ ဟင်းချိုပင် မကျက်သေးမီ ရှန်ရှောက်ယွမ် ပြန်ရောက်လာ၏။

သူမ ဟင်းခပ်ဇွန်းကို ကိုင်ထားသော လက်မှာ အနည်းငယ် တောင့်တင်းနေသည်ကို မြင်သောအခါ ရှန်ရှောက်ယွမ်သည် လက်ဆေးပြီး လျင်မြန်စွာ လျှောက်လာကာ ဟင်းခပ်ဇွန်းကို လှမ်းယူလိုက်ပြီး မျက်မှောင်ကြုတ်လျက် သူမကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "ဘေးမှာ သွားနားနေ"

ရှန်မော့အာသည် လက်သီးဆုပ်ဖြင့် လက်မောင်းများကို ထုနှက်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။ "လယ်အလုပ်လုပ်ရတာ တကယ့်ကို ပင်ပန်းတာပဲ"

ရှန်ရှောက်ယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ အုတ်ဖုတ်စက်ရုံမှ အလုပ်သည်လည်း မသက်သာသဖြင့်သာ။ မဟုတ်လျှင် အုတ်ဖုတ်စက်ရုံမှ သူ့အလုပ်နေရာကိုပင် ရှန်မော့အာနှင့် လဲလှယ်ပေးချင်စိတ် ပေါ်လာလေသည်။

တကယ်တမ်း ပြောရလျှင် ဤကမ္ဘာကြီးမှာ အတော်လေး ထူးဆန်းလှသည်။ အလုပ်နေရာများကို "ဖခင်၏ အမွေကို သားက ဆက်ခံခြင်း" ဖြင့် ဆက်ခံနိုင်ရုံသာမက နောက်ကွယ်က အချင်းချင်း နားလည်မှုဖြင့် ရောင်းဝယ်ဖောက်ကားနိုင်ပြီး အချင်းချင်း လဲလှယ်၍လည်း ရနိုင်သေးသည်... မင်းသားအိမ်တော်ရှိ အစေခံမိန်းကလေးများက အလုပ်လုပ်နေရင်းဖြင့် အိမ်မှ ညီအစ်မများ သို့မဟုတ် အခြားသူတစ်ယောက်ယောက်နှင့် နေရာလဲလှယ်ပေးလိုက်မည့် အခြေအနေမျိုးကို ရှန်ရှောက်ယွမ် လုံးဝ စိတ်ကူးကြည့်၍ မရနိုင်ချေ။ ထိုသို့ဆိုလျှင် ဗြောင်းဆန်ကုန်မည် မဟုတ်ပါလား။

"မနက်ဖြန် အဖေ အလုပ်ပိတ်တယ်။ သမီးအစား တစ်ရက် သွားလုပ်ပေးမယ်" ရှန်ရှောက်ယွမ်က ပြောလိုက်၏။

သူကိုယ်တိုင် ယုယကြင်နာစွာ ပြုစုပျိုးထောင်လာခဲ့သော သမီးလေးဖြစ်သဖြင့် ရှန်ရှောက်ယွမ်အနေဖြင့် အမှန်ပင် ရင်နာမိသည်။ ငယ်စဉ်ကတည်းက ရွှေပုံငွေပုံပေါ်တွင် ကြီးပြင်းလာခဲ့ပြီး တန်ဖိုးကြီးမားသော အစားအသောက်များနှင့် အဝတ်အထည်များကိုသာ သုံးဆောင်ဆင်မြန်းခဲ့ရသူက ယခုလို ဆင်းရဲဒုက္ခမျိုးကို ခံစားနေရသည်ဟု တွေးမိသောအခါ သူ့မျက်ဝန်းများပင် ချက်ချင်း နီရဲလာတော့သည်။

ရှန်မော့အာက ဘေးမှနေ၍ တစ်ချက်ကြည့်လိုက်၏။ အို... မဖြစ်သေးပါဘူး။

သူမ၏ အဖေသည် ဤကမ္ဘာသို့ ရောက်ရှိလာပြီးကတည်းက မျက်ရည်ကျလေ့ သိပ်မရှိတော့သဖြင့် ရုတ်တရက် ဖခင်ဖြစ်သူက ဤပုံစံ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူမပင် အနည်းငယ် မနေတတ်မထိုင်တတ် ဖြစ်သွားရလေသည်။

"အို... သနားစရာ ငါ့ရဲ့ မော့အာလေး..."

ရှန်မော့အာသည် ဤအစချီစကားကို ကြားလိုက်ရသောအခါ ပိုလို့ပင် မဖြစ်သေးဟု တွေးမိကာ ရှန်ရှောက်ယွမ်အား ချက်ချင်း ဖြတ်ပြောလိုက်၏။ "အဖေ... အဖေက သမီးအစား သွားလုပ်ပေးစရာ မလိုပါဘူး။ မနက်ဖြန် မနက်ပိုင်း သမီး ကျောင်းမှာ စာသင်ရဦးမယ်လေ။ နေ့လယ်ပိုင်း တစ်ပိုင်းပဲ အလုပ်လုပ်ရမှာဆိုတော့ တကယ်က အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်း သမီးတို့ အလုပ်များနေကြတော့ အစားအသောက်ပိုင်းမှာ ကောင်းကောင်းလေး လုပ်စားပြီး အားဖြည့်သင့်တယ်။ အရင်တုန်းက သမီး ရတနာတိုက်ခန်းထဲမှာ ပင်လယ်မျှော့တွေ၊ ငါးစည်ဖောင်းတွေ အများကြီး ရှာတွေ့ထားတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အတော်ပဲ အဖေ မနက်ဖြန် အလုပ်ပိတ်တော့ ကြည့်ပြီး နည်းနည်းလောက် ပေါင်းထားလိုက်ပါလား"

ရှန်ရှောက်ယွမ်၏ အာရုံစိုက်မှုများ ပြောင်းလဲသွားပြီး ခဏလောက် စဉ်းစားလိုက်ကာ ပြောလိုက်သည်။ "အတော်ပဲ ဒီရက်ပိုင်း အသားဝယ်ခွင့် လက်မှတ်လေး နည်းနည်း စုမိထားတယ်။ မနက်ဖြန် တပ်ဖွဲ့ခေါင်းဆောင်ဆီက စက်ဘီးငှားပြီး တပ်ဖွဲ့ရုံးချုပ်ကို သွားပြီး ကြက်တစ်ကောင်ရဲ့ တစ်ဝက်လောက် သွားဝယ်လိုက်မယ်။ ပင်လယ်မျှော့၊ ငါးစည်ဖောင်း ကြက်ပေါင်းရည် တစ်ခွက် လုပ်တာပေါ့"

ဒါက ပြုလုပ်ရန် သိပ်မခက်ခဲလှပေ။ ဂျင်းပြားအနည်းငယ်နှင့် ဟင်းချက်အရက်တို့ ထည့်ကာ မီးအေးအေးဖြင့် ဖြည်းဖြည်းချင်း ပေါင်းရုံဖြင့် ရနိုင်လေသည်။

ညစာ စားပြီးနောက် သားအဖနှစ်ယောက်သည် ထုံးစံအတိုင်း စကားလက်ဆုံ ကျကြလေသည်။ ရှန်ရှောက်ယွမ်သည် အုတ်ဖုတ်စက်ရုံသို့ ဝင်ရောက်ပြီးကတည်းက တစ်ချိန်လုံး အလုပ်များနေခဲ့သည်။ အုတ်ဖုတ်စက်ရုံ၏ အလုပ်များကို လုပ်ကိုင်ရုံသာမက တပ်ဖွဲ့ရုံးချုပ်ရှိ အခြားဌာနများမှလည်း မကြာခဏ အကူအညီ လာတောင်းတတ်ကြသည်။ သူ၏ စိတ်နေသဘောထားက နူးညံ့သိမ်မွေ့ပြီး ဟာသဉာဏ်ရွှင်ကာ မည်သူနှင့်မဆို စကားပြောဆိုနိုင်ပြီး မည်သည့်ဌာနမှ လူများနှင့်မဆို ဆက်ဆံရေး ကောင်းမွန်လေသည်။ တပ်ဖွဲ့ရုံးချုပ်ဘက်မှဆိုလျှင် သူ့ကို ထိုနေရာသို့ ပြောင်းရွှေ့ခန့်ထားလိုကြောင်း အရိပ်အမြွက်ပင် ပြောဆိုလာကြသေးသည်။

ရွှီဝေကော် ကတော့ သေချာပေါက် လက်မခံချေ။ သူကိုယ်တိုင်က ဝါဒဖြန့်ချိရေး အလုပ်များကို ကျွမ်းကျင်သူ မဟုတ်သောကြောင့် ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိထားသော အရည်အချင်းရှိသူ တစ်ယောက်ကို အလွယ်တကူ လက်လွှတ်ခံမည် မဟုတ်ပေ။ ဤလအနည်းငယ်အတွင်း သူ၏ နေ့စဉ်ဘဝများ ဘယ်လောက်အထိ သက်သာရာရခဲ့သည်ကို သူသာ အသိဆုံးပင်။ အခြားသူများက သည်လိုလုယူသွားခြင်းကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။

"အဖေ့ကို စောစောစီးစီး အမြဲတမ်းဝန်ထမ်း ဖြစ်လာအောင် စက်ရုံမှာ ကြိုးစားပြီး တောင်းဆိုပေးမယ်လို့ သူ ပြောတယ်" ရှန်ရှောက်ယွမ်က ပြောလိုက်၏။

သူ၏ လက်ရှိ လစာမှာ တစ်လလျှင် ၁၈ ယွမ် ဖြစ်သည်။ အပိုအလုပ်များစွာကို လုပ်ကိုင်ပေးရသဖြင့် စက်ရုံက ထောက်ပံ့ကြေးများ ထပ်ဆောင်းပေးသောကြောင့် ဤနှစ်လအတွင်း သူ ရရှိသော ငွေမှာ ယွမ် ၂၀ ကျော် ရှိလေသည်။

သို့သော် အမြဲတမ်းဝန်ထမ်း ဖြစ်သွားပါက ၃၆ ယွမ် ရရှိမည်။ ထို့နောက် ရာထူးအဆင့် တက်လာပါက နှစ်စဉ် အနည်းငယ်စီ ထပ်တိုးလာမည်။ ထို့အပြင် ဆန်၊ ဆီ၊ အရန်စားသောက်ကုန် စသည့် လက်မှတ်အမျိုးမျိုးကိုလည်း ပိုမို ရရှိမည်ဖြစ်ပြီး ပွဲတော်ရက်များတွင်လည်း အကျိုးခံစားခွင့်များ ပိုမို ရရှိလိမ့်မည်။

မရေမတွက်နိုင်သော အဖိုးတန်ရတနာများ ပိုင်ဆိုင်ထားကြသည့် လူနှစ်ယောက်သည် အမြဲတမ်းဝန်ထမ်း ဖြစ်ပြီးနောက် တိုးလာမည့် လစာနှင့် အကျိုးခံစားခွင့်များအကြောင်းကို ပြောဆိုရင်း အလွန်တရာ ပျော်ရွှင်နေကြလေသည်။

ရှန်မော့အာက ထောက်ခံအားပေးသည့်အနေဖြင့် ပြောလိုက်၏။ "သမီးဲ့အဖေနဲ့ တကယ် တန်ပါတယ်။ တကယ့်ကို တော်တာပဲ။ တခြားကမ္ဘာတစ်ခုကို ရောက်လာတာတောင်မှ အောင်မြင်မှုတွေ ရနေတုန်းပဲ"

ရှန်ရှောက်ယွမ်သည် ပြုံးရွှင်နေပြီး ဘာမျှမပြောသော်ငြားလည်း စိတ်ထဲတွင်တော့ အလွန်တရာ ဂုဏ်ယူဝင့်ကြွားနေလေသည်။

မနက်ဖြန်လည်း အလုပ်ဆင်းရဦးမည် ဖြစ်သောကြောင့် သားအဖနှစ်ယောက်သည် ခဏလောက် စကားစမြည် ပြောဆိုပြီးနောက် ကိုယ်လက်သန့်စင်ကာ ကိုယ်စီ အခန်းအသီးသီးသို့ ပြန်ဝင်ခဲ့ကြသည်။ သူတို့သည် မူလ အိမ်အဟောင်းတွင်သာ ဆက်လက် နေထိုင်နေကြသေးသည်။ အရင်ရက်ပိုင်းက အလွန် အလုပ်များခဲ့ပြီး ဆက်တိုက်ဆိုသလို ဆောင်းဦးရိတ်သိမ်းချိန် ရောက်ရှိလာသဖြင့် ဆောင်းဦးရိတ်သိမ်းချိန် ပြီးဆုံးမှသာ ရှင်းလင်းသိမ်းဆည်းပြီး အိမ်သစ်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်ထားလိုက်ကြသည်။

အိမ်သစ်သို့ မပြောင်းရသေးသော်လည်း ပစ္စည်းများကို တဖြည်းဖြည်းနှင့် တဖြည်းဖြည်း ဖြည့်တင်းထားခဲ့သဖြင့် ရှန်မော့အာ အိပ်သည့်အခန်းတွင် မူလက ဟာလာဟင်းလင်း ခုတင်တစ်လုံးသာ ရှိခဲ့သော်လည်း ယခုအခါတွင်တော့ စာရေးစားပွဲ တစ်လုံးနှင့် ကုလားထိုင် တစ်လုံးပါ တိုးလာခဲ့သည်။

ရှန်မော့အာသည် ခုတင်ခေါင်းရင်းကို မှီလျက် နေ့လယ်ပိုင်းက ဖုမင်ဇယ် ပြောခဲ့သော စကားများကို ရုတ်တရက် ပြန်လည် သတိရသွား၏။ သူက ညဘက် လာတွေ့မည်ဟု ပြောခဲ့သော်လည်း ယခုအချိန်အထိ ပေါ်မလာသေးချေ။

ရှန်မော့အာက သူ တစ်ခုခု အလုပ်ရှုပ်နေ၍ နောက်ကျနေခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ မည်သို့ပင်ဆိုစေ မနက်ဖြန် အလုပ်ဆင်းချိန်တွင်လည်း တွေ့ရမည်ဖြစ်သောကြောင့် ထိုအချိန်ကျမှ သူ ဘာကိစ္စရှိသည်ကို မေးကြည့်တော့မည်ဟု တွေးလိုက်၏။

ထိုသို့ တွေးလိုက်ပြီးနောက် ရှန်မော့အာသည် ခေါင်းအုံးကို သေချာချကာ လှဲအိပ်ရန် ပြင်လိုက်သည်။ ယနေ့ သူမ အမှန်တကယ်ပင် အနည်းငယ် ပင်ပန်းသွားခဲ့သည်။ စိတ်ပိုင်းဆိုင်ရာအရ သိပ်ပြီး အိပ်ချင်မနေသေးသော်လည်း ခန္ဓာကိုယ်ကမူ အနားယူရန် အလွန်တရာ တောင့်တနေပြီ ဖြစ်သည်။

သို့သော် သူမ လှဲအိပ်ပြီး သိပ်မကြာမီမှာပင် အိပ်ပျော်လုနီးပါး ဝေဝါးနေချိန်တွင် ပြတင်းပေါက်ဘက်မှနေ၍ ဒေါက် ဒေါက်၊ ဒေါက် ဒေါက် ဟူသော အသံများကို ကြားလိုက်ရလေသည်။

ညနက်သန်းခေါင် တိတ်ဆိတ်နေချိန်တွင် ရုတ်တရက် ထွက်ပေါ်လာသော အသံဖြစ်သည်။ ဤမြင်ကွင်းမှာ တစ်နည်းနည်းဖြင့် ရင်းနှီးနေသကဲ့သို့ ခံစားရပြီး၊ ပြီးခဲ့သည့်တစ်ကြိမ်က ရှန်မိသားစုမှ လူငယ်အချို့ ညသန်းခေါင်ကြီး အုတ်ခဲလာခိုးသည့် ကိစ္စကို ရုတ်တရက် ပြန်လည် သတိရသွားသဖြင့် ရှန်မော့အာ လန့်ဖျပ်သွားကာ ချက်ချင်းပင် အတော်လေး လန်းဆန်းသွားတော့သည်။

သေချာစွာ နားထောင်ကြည့်သောအခါ ဒေါက် ဒေါက် မြည်သံများကြားတွင် "ကလင်လင်" ဟူသော ကြည်လင်သည့် အသံလေးတစ်ခုပါ ပါဝင်နေသကဲ့သို့ ရှိလေသည်။ ရှန်မော့အာ စိတ်ထဲတွင် ထူးဆန်းနေသော်လည်း သူမက အမြဲတမ်း သတ္တိရှိသူ တစ်ယောက် ဖြစ်သောကြောင့် ထရပ်ပြီး ထောင့်ရှိ သစ်သားတုတ်ကို ကောက်ကိုင်ကာ ပြတင်းပေါက်၏ သော့ချိတ်ကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။

"ကျွန်တော်ပါ"

ပြတင်းပေါက်အပြင်ဘက်မှ ရင်းနှီးကျွမ်းဝင်ပြီး ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာ၏။

ရှန်မော့အာ၏ ရင်ထဲတွင် လှုပ်ခတ်သွားပြီး ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်ရာ ဖြူလွှလွှ မှိန်ပျပျ လရောင်အောက်တွင် ဖုမင်ဇယ်သည် စက်ဘီးတစ်စီးကို ဘေးတိုက် မှီလျက် လက်တစ်ဖက်ဖြင့် စက်ဘီးဘဲလ်ကို ခပ်ဖွဖွ နှိပ်ကာ နှုတ်ခမ်းထောင့်ကို ကွေးညွတ်ပြုံးရွှင်လျက် သူမအား ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

ကြည်လင်တောက်ပသော မျက်လုံးများထဲတွင် လရောင်ကို ထင်ဟပ်နေသကဲ့သို့ ရှိလေသည်။

"ထွက်ခဲ့" သူက တိုးတိုးလေး ပြောလိုက်၏။

ပြောရင်းဖြင့် အနောက်ရှိ စက်ဘီးထိုင်ခုံကို ပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။ "မင်းရဲ့ စက်ဘီးလေ"

ရှန်မော့အာ မျက်တောင်ခတ်လိုက်မိပြီး ဤမြင်ကွင်းမှာ တစ်နည်းနည်းဖြင့် မှော်ဆန်နေသကဲ့သို့ ခံစားလိုက်ရ၏။

ဒီလူက ညကြီးအချိန်မတော် သူမကို စက်ဘီးလာပို့ပေးတာလား။

သို့သော် သူမသည် ချက်ချင်းပင် ခြေသံဖွဖွဖြင့် အပြင်သို့ ထွက်လာခဲ့သည်။ မည်သို့ပင်ဆိုစေ ဤလူက စက်ဘီးဘဲလ်ကို ထပ်နှိပ်လိုက်ပါက သူမအဖေ လန့်နိုးသွားနိုင်သည် မဟုတ်ပါလား... အင်း။ ဘယ်ညာ အိမ်နီးချင်းတွေ၊ ညာဘက် နွားတင်းကုပ်မှာ နေတဲ့ အဘိုးအိုဝမ် နဲ့ ဘယ်ဘက် တပ်ဖွဲ့ရုံး နောက်ဖေးခြံဝင်းမှာ နေတဲ့ မြေရှင်ငယ်လေး သားအမိတို့ပါ လန့်နိုးသွားနိုင်တယ်။

သူမ အပြင်သို့ ရောက်သွားသောအခါ ဖုမင်ဇယ်သည် စက်ဘီးကို တွန်းလျက် ခြံနံရံအပြင်ဘက်သို့ ရောက်နေပြီ ဖြစ်သည်။ အနီးသို့ ရောက်သွားမှသာ သူ့ နဖူးတွင် ချွေးများ ပြည့်နှက်နေပြီး ကိုယ်ပေါ်က ရှပ်အင်္ကျီမှာလည်း ချွေးများဖြင့် ရွှဲနစ်နေသည်ကို ရှန်မော့အာ သတိပြုမိလိုက်၏။

သူ စက်ဘီးကို ဘယ်ကနေ စီးလာသလဲဆိုတာတောင် သံသယဝင်စရာ ဖြစ်နေပြီး စက်ဘီးကို ထမ်းလာတာလားလို့တောင် ထင်ရလောက်အောင်ပင်။

"ရေ သွားခပ်ပေးမယ်"

ရှန်မော့အာ ပြောရင်းဖြင့် ခြံထဲသို့ ပြန်လှည့်ဝင်သွားကာ မီးဖိုချောင်ထဲမှ ကြွေရည်သုတ် ခွက်ကြီးနှင့် ရေနွေးဗူးကို ယူဆောင်လာခဲ့သည်။ လရောင်ကို အားပြု၍ ပြတင်းပေါက်ဘောင်ပေါ်တွင် ရေငှဲ့ကာ ကြွေရည်သုတ် ခွက်ကြီးကို ကိုင်လျက် ခြံအပြင်သို့ ပြန်ထွက်လာခဲ့၏။

"ရေက မပူတော့ဘူး၊ အခု သောက်လို့ရပြီ" သူမက ကြွေရည်သုတ် ခွက်ကြီးကို ဖုမင်ဇယ်အား ကမ်းပေးလိုက်သည်။

ဖုမင်ဇယ်မှာ တကယ်ပင် ရေဆာနေဟန်ရှိပြီး ကြွေရည်သုတ် ခွက်ကြီးကို လှမ်းယူပြီးနောက် ဘာစကားမှမပြောဘဲ တစ်ဝက်ကျော်ခန့်ကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။ ထို့နောက်မှသာ ရှင်းပြလေသည်။ "ကျွန်တော် ညနေပိုင်းက တပ်ဖွဲ့ရုံးချုပ်ကို သွားပြီး အစ်ကိုပေါင် ဆီကနေ စက်ဘီး သွားယူတာ။ အဲဒီမှာတင် စက်ဘီးကို နည်းနည်း ပြင်ဆင်လိုက်တော့ အပြန်နောက်ကျသွားတာ"

တကယ်တော့ ဤမျှလောက်အထိ အလောတကြီး လုပ်စရာ မလိုဘဲ မနက်ဖြန်မှ လာပို့ပေးလျှင်လည်း ရနိုင်သည်သာ။ သို့မဟုတ် ယနေ့ တပ်ဖွဲ့ရုံးချုပ်သို့ သွား၍ စက်ဘီးယူရန် ဆုံးဖြတ်လိုက်ကတည်းက အပြန်စောမည် မဟုတ်ကြောင်းကို သူ သိထားပြီး ဖြစ်သော်လည်း ယနေ့ည တွေ့ဆုံရန် သူမနှင့် ချိန်းဆိုခဲ့သေးသည်။

အကြောင်းရင်းမှာ ဤရက်ပိုင်းအတွင်း သူမကို လုံးဝ မတွေ့ခဲ့ရသောကြောင့်ပင်။ နေ့လယ်ကမှ တွေ့ခဲ့ရပြီး မနက်ဖြန်လည်း ထပ်တွေ့ရမည် ဖြစ်သော်ငြားလည်း ယနေ့ညတွင် ဖုမင်ဇယ်သည် သူမကို ထပ်တွေ့ချင်နေသေးတာ ဖြစ်မည်။

ထင်ထားသည့်အတိုင်းပင်။ သူသည် အစ်ကိုပေါင် သေချာ မပြင်ဆင်ရသေးသော စက်ဘီးကို တပ်ဖွဲ့ရုံးချုပ်သို့ အပြေးအလွှား သွားရောက်ယူဆောင်ကာ အချိန်လု၍ သေချာစွာ ပြင်ဆင်ခဲ့သည်။ ထို့နောက် အမြန်ဆုံး အရှိန်ဖြင့် စက်ဘီးကို စီးလာခဲ့ပြီး သူမ၏ ပြတင်းပေါက်ကို တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ ခေါက်ခဲ့သည်... ဆောင်းဦးည၏ အေးမြသော လရောင်အောက်တွင် တောက်ပနေသော သူမ၏ မျက်လုံးများကို မြင်လိုက်ရသောအခါ ဖုမင်ဇယ်သည် သူ၏ စိတ်လိုက်မာန်ပါ လုပ်ရပ်များ အားလုံး တန်ဖိုးရှိသည်ဟု ခံစားလိုက်ရတော့သည်။

သူမ ပြတင်းပေါက်ဖွင့်ပြီးနောက် သူ့ကို ဆူပူကာ နှင်ထုတ်မည်ကိုပင် သူက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

ယခုလေးတင် သူသည် ညဘက် ရွာလမ်းမပေါ်တွင် စက်ဘီးကို အရှိန်ပြင်းပြင်းဖြင့် စီးလာခဲ့စဉ် ဖြူလွှလွှ လရောင်သည် တိတ်ဆိတ်ငြိမ်သက်နေသော လယ်ကွင်းပြင်ပေါ်သို့ ဖြာကျနေပြီး စက်ဘီးဘီးများ လည်ပတ်သံက စက်ရုပ်ဆန်ဆန် ထွက်ပေါ်နေခဲ့သည်။ အဝေးမှနေ၍ ဖားအော်သံနှင့် ပိုးကောင်အော်သံများကို မပီဝေဝါး ကြားနေရပြီး အရာအားလုံးက အလွန်တရာ တိတ်ဆိတ်ငြိမ်သက်ကာ လွတ်လပ်နေသကဲ့သို့ ရှိလေသည်။

ဖုမင်ဇယ်သည် ကျေးလက်သို့ မဆင်းမီက ညတစ်ညကို ရုတ်တရက် ပြန်လည် သတိရသွား၏။

ထိုနေ့က လူကြီးများသည် သူ ကျေးလက်သို့ ရောက်ရှိသွားပြီးနောက် မိမိကိုယ်ကိုယ် ဘေးကင်းအောင် ကာကွယ်ရန်၊ လက်တွေ့ဘဝကို လက်ခံရန်နှင့် အမှန်တကယ် မတတ်နိုင်ပါက ကျေးလက်တွင်ပင် အခြေချနေထိုင်ရန် သူ့အား တစ်ယောက်တစ်ပေါက်ဖြင့် အကြံပေးနေခဲ့ကြသည်။ သူ့စိတ်ထဲတွင် အလွန်တရာ ရှုပ်ထွေးနေပြီး မျက်နှာထား မည်းမှောင်စွာဖြင့် အခန်းထဲ ပြန်ဝင်ကာ အထုပ်အပိုးများ သိမ်းဆည်းနေခဲ့သည်။ သိပ်မကြာမီမှာပင် ဖခင်ဖြစ်သူ ဝင်လာပြီး ဘေးတွင် အချိန်အတော်ကြာ ငြိမ်သက်စွာ ထိုင်နေခဲ့လေသည်။

ဖခင်ဖြစ်သူသည် ထမသွားမီ သူ့ပခုံးကို ပုတ်ကာ လေးနက်သော အသံဖြင့် ပြောခဲ့သည်။ "မင်ဇယ်... ဆင်းရဲဒုက္ခ ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်မှုတွေက လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို မဖျက်ဆီးနိုင်ဘူး။ ဒါပေမဲ့ မျှော်လင့်ချက်မဲ့ခြင်းကတော့ ဖျက်ဆီးနိုင်တယ်။ ကျေးလက်ကို ရောက်သွားတဲ့အခါ ကောင်းကောင်းမွန်မွန် နေထိုင်ပါ။ ကောင်းကောင်းမွန်မွန် နေထိုင်ရင် မျှော်လင့်ချက်တွေ ရှိလာလိမ့်မယ်"

ထိုအချိန်က ဖုမင်ဇယ်သည် ကောင်းကောင်းမွန်မွန် နေထိုင်ရင် မျှော်လင့်ချက် ရှိလာလိမ့်မည် ဟူသော စကား၏ အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။ ဤကဲ့သို့ ရှုပ်ထွေးပွေလီလှသော ခေတ်ကာလကြီးတွင် လူသားများအတွက် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရန် လွတ်လပ်ခွင့် ဘယ်လောက်မှ ကျန်ရှိမနေတော့ဘူးဟု သူ ထင်မြင်ခဲ့သည်။

သို့သော်...

ယခုလေးတင် သူသည် ရွာလမ်းမပေါ်တွင် ချွေးတလုံးလုံးဖြင့် ပြေးလွှားလာခဲ့စဉ် ကောင်းကောင်းမွန်မွန် နေထိုင်ရင် မျှော်လင့်ချက် ရှိလာလိမ့်မည် ဟူသော စကား၏ အဓိပ္ပာယ်ကို ရုတ်တရက် နားလည်သွားခဲ့လေသည်။

သူသည် သူ၏ မျှော်လင့်ချက်ဆီသို့ ဝမ်းမြောက်ဝမ်းသာ ပြေးသွားနေခြင်းပင် ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။

ရှန်မော့အာသည် စက်ဘီးကို အကြိမ်အနည်းငယ်မျှ ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ စက်ဘီးဘဲလ်ကို ခပ်ဖွဖွ နှိပ်လိုက်ရာ တိတ်ဆိတ်နေသော ညဉ့်ယံတွင် ကြည်လင်သော ခေါင်းလောင်းသံလေးက အဝေးဆီသို့ လွင့်ပျံသွားလေသည်။ သူမသည် ချက်ချင်းပင် လက်ကို လွှတ်လိုက်ပြီး ဝမ်းသာအားရဖြင့် ဖုမင်ဇယ်ကို မော့ကြည့်ကာ မေးလိုက်၏။ "ဒါက ယွမ် ၈၀ တန်တဲ့ စက်ဘီးလား"

စက်ဘီးများ၏ ဈေးနှုန်းကို သူမ အစောကြီးကတည်းက သတိထားမိခဲ့သည်။ စက်ဘီးဝယ်ခွင့် လက်မှတ်မှာ အလွန် ရှားပါးပြီး တန်ဖိုးကြီးလှသည့်အပြင် စက်ဘီး၏ ဈေးနှုန်းကလည်း မနည်းလှချေ။ သာမန်တံဆိပ် စက်ဘီးတစ်စီးလျှင် ယွမ် ၁၅၀ ခန့် ပေးရပြီး ဖီးနစ်၊ ယုံကျိုး စသည့် နာမည်ကြီး တံဆိပ်များဆိုလျှင် ယွမ် ၁၈၀ ခန့်အထိ ပေးရလေသည်။

နိုင်ငံတော်ပိုင် စက်ရုံမှ အမြဲတမ်းဝန်ထမ်း တစ်ယောက်ပင်လျှင် မစားမသောက်ဘဲ လပေါင်းများစွာ စုဆောင်းမှသာ ဝယ်ယူနိုင်လိမ့်မည်။

ထို့ကြောင့် ယခင်က ဖုမင်ဇယ်က ယွမ် ၈၀ သာ ကျသင့်မည်ဟု ပြောခဲ့စဉ်ကတည်းက ရှန်မော့အာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ ဤစက်ဘီး၏ အခြေအနေမှာ သိပ်ကောင်းမည် မဟုတ်ဘဲ အခြားသူများ လုံးဝ အသုံးပြု၍ မရနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားမှသာ အစ်ကိုပေါင် ထံသို့ ပြန်လည် ရောင်းချလိုက်ခြင်း ဖြစ်လောက်မည်ဟု ခန့်မှန်းထားခဲ့သည်။

ယခု စက်ဘီးကို မြင်လိုက်ရသောအခါ အံ့သြဝမ်းသာစရာ ဖြစ်သွားရလေသည်။ ညဘက်ဖြစ်သဖြင့် သေချာစွာ မမြင်ရသော်ငြားလည်း အကြမ်းဖျင်းအားဖြင့် ကြည့်မည်ဆိုလျှင် စက်ဘီးမှာ သိပ်မသစ်လှသော်လည်း အလွန် သန့်ရှင်းအောင် ဆေးကြောသုတ်သင်ထားသည်ကို တွေ့ရသည်။ စက်ဘီးခေါင်း‌လောင်း ဖြစ်စေ၊ ဘီးများရှိ spokeတိုင်းများ ဖြစ်စေ ညအမှောင်ထဲတွင် ငွေရောင်အလင်းများ တောက်ပနေလေသည်။

သူမ စိတ်ကူးထားသလို စုတ်ပြတ်သတ်နေသော သံတိုသံစပုံစံမျိုး လုံးဝ မဟုတ်ချေ။

...

အပိုင်း (၄၀.၂)

ဖုမင်ဇယ်သည် သူမ၏ တောက်ပနေသော မျက်လုံးများကို ကြည့်ရင်း ယနေ့ည သူ၏ ဆုံးဖြတ်ချက် မှန်ကန်သွားပြီဟု ပိုသေချာသွားကာ နှုတ်ခမ်းထောင့်ကို ကွေးညွတ်ပြုံးရွှင်လျက် ပြောလိုက်၏။ "ဟုတ်တယ်၊ ဒီစက်ဘီးပဲ"

ရှန်မော့အာသည် ဝမ်းသာအားရဖြင့် နှုတ်ခမ်းကို ကွေးညွတ်လိုက်သော်လည်း ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်သွားလေသည်။

နေ့လယ်က ဖုမင်ဇယ် ယွမ် ၈၀ တန် စက်ဘီး ရနိုင်သည်ဟု ပြောစဉ်က မည်သို့ပင်ဖြစ်စေ ဆောင်းဦးရိတ်သိမ်းချိန် အလုပ်များပြီးသွားသည်အထိ စောင့်ရလိမ့်မည်ဟု သူမက ထင်ထားခဲ့သည်။ ထိုအချိန်ရောက်လျှင် သူမနှင့် အဖေဖြစ်သူတို့၏ လစာများ ရရှိပြီဖြစ်သောကြောင့် ငွေကြေးအတွက် ကျပ်တည်းတော့မည် မဟုတ်ချေ။

သို့သော် ဖုမင်ဇယ်က ထိုနေ့မှာပင် စက်ဘီးကို ယူဆောင်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူမတို့အိမ်တွင် ယခု စုစုပေါင်း ၈၂ ယွမ် ၇၆ဖန်သာ ကျန်ရှိတော့ရာ စက်ဘီးဖိုးတော့ ထုတ်ပေးနိုင်သော်လည်း ဤငွေကို ထုတ်ပေးလိုက်ပါက အိမ်တွင် ၂ ယွမ်ကျော်ခန့်သာ ကျန်ရှိတော့မည်ဖြစ်ပြီး အခြေခံအားဖြင့် မွဲတေသွားပြီဟု ဆိုနိုင်ပေသည်။

ဖုမင်ဇယ်က သူမ စက္ကန့်ပိုင်းလေးအလိုက ဝမ်းသာပျော်ရွှင်နေပြီး နောက်တစ်စက္ကန့်တွင် မျက်မှောင်ကြုတ်သွားသည်ကို မြင်လိုက်ရသောအခါ အကြောင်းရင်းကို ချက်ချင်း ခန့်မှန်းမိသွားပြီး ပြောလိုက်၏။ "စက်ဘီးကို မင်း အရင် တွန်းသွင်းသွားလိုက်။ နောက်နေ့ ရှန်ဦးလေး၇ အလုပ်သွားရင် သုံးလို့ရပြီ။ ပိုက်ဆံကို ကျွန်တော့်ကို အရင်ပေးစရာ မလိုသေးဘူး။ ဒီရက်ပိုင်းက ဆောင်းဦးရိတ်သိမ်းချိန်ဆိုတော့ တပ်ဖွဲ့ရုံးချုပ်ကို နောက်တစ်ခေါက် သွားဖို့ ကျွန်တော်လည်း အချိန်မရှိဘူး။ ပိုက်ဆံကို ပညာတတ်လူငယ်အဆောင်မှာ ထားရင်လည်း မလုံခြုံဘူး"

ရှန်မော့အာမှာ ချက်ချင်းပင် သက်ပြင်းချနိုင်သွားသည်။ အကယ်၍ ဆောင်းဦးရိတ်သိမ်းပြီးမှ ငွေပေးရမည်ဆိုပါက သဘာဝကျကျပင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သို့သော် သူမက မနေနိုင်ဘဲ မေးလိုက်၏။ "ဒီလောက် အကြာကြီး အကြွေးထားတာ အစ်ကိုပေါင် ဘက်က ကိစ္စမရှိဘူးလား"

ဖုမင်ဇယ်က ခေါင်းခါပြလိုက်ပြီး"ကိစ္စမရှိပါဘူး"

တကယ်တမ်းတွင် ထိုငွေကို သူ စိုက်ရှင်းပေးခဲ့ပြီး ဖြစ်လေသည်။

သူတို့နှစ်ယောက်မှာ အခိုက်တန့် စကားမဆိုနိုင်ဘဲ တိတ်ဆိတ်သွားကြ၏။

အချိန်အတော်ကြာမှသာ ဖုမင်ဇယ်က စကားစလိုက်သည်။ "ဒါဆို မင်း အမြန် ပြန်ဝင်တော့လေ"

ရှန်မော့အာက ခေါင်းညိတ်လိုက်ပြီး "ဒါဆို ကျွန်မ စက်ဘီးကို တွန်းသွားလိုက်တော့မယ်နော်"

ဖုမင်ဇယ်က ဘေးဘက်သို့ အနည်းငယ် ဖယ်ပေးလိုက်သည်။ ရှန်မော့အာက စက်ဘီးလက်ကိုင်ကို ကိုင်လိုက်ပြီး စကားပြောရန် နောက်သို့ လှည့်ကြည့်လိုက်သည်တွင် ဖုမင်ဇယ်သည် ထိုနေရာတွင်ပင် မလှုပ်မယှက် ရပ်နေသေးသည်ကို တွေ့လိုက်ရ၏။ သူမ ဤသို့ လှည့်လိုက်သောအခါ သူတို့နှစ်ယောက်၏ အကွာအဝေးမှာ ရုတ်တရက် အလွန် နီးကပ်သွားပြီး သူမ၏ လက်မောင်းသည် သူ၏ ရင်ဘတ်ရှိ ချွေးစိုနေသော အင်္ကျီနှင့် ပွတ်တိုက်မိသွားကာ ထိုတစ်ခဏတွင် တစ်ဖက်လူ၏ ကိုယ်ငွေ့နွေးနွေးကိုပင် ခံစားလိုက်ရလေသည်။

နှလုံးခုန်နှုန်းမှာ ရုတ်တရက် အနည်းငယ် မြန်ဆန်သွားပြီး ရှန်မော့အာသည် အနည်းငယ် အနေခက်သွားကာ နောက်သို့ ဆုတ်လိုက်၏။ ဖုမင်ဇယ်သည်လည်း ရုတ်တရက် သတိဝင်လာသကဲ့သို့ နောက်သို့ ချက်ချင်း ခြေတစ်လှမ်း ဆုတ်လိုက်လေသည်။

လေထုမှာ တစ်ခဏအတွင်း ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး သတိပြုမိရန် ခက်ခဲသော ရင်ခုန်စရာ အနေရခက်မှုများ လွှမ်းခြုံသွားလေသည်။

ရှန်မော့အာသည် စက်ဘီးလက်ကိုင်ကို ဆုပ်ကိုင်ထားသော လက်ကို တင်းကျပ်လိုက်ပြီး စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် အားတင်းကာ ပြောလိုက်တော့သည်။ "ပညာတတ်လူငယ်ဖု... ကျေးဇူးပါပဲရှင်"

ဖုမင်ဇယ်က ချောင်းတစ်ချက် ဟန့်လိုက်သော်လည်း သူ့အသံမှာ အနည်းငယ် အက်ရှနေဆဲပင်။ "အင်း... ရပါတယ်"

ရှန်မော့အာ စက်ဘီးကို တွန်းလျက် ခြံထဲသို့ ဝင်သွားပြီး "မနက်ဖြန်မှ တွေ့ကြတာပေါ့" ဟု ပြောကာ သူ့ရှေ့တွင်ပင် ခြံတံခါးကို ပိတ်လိုက်ပြီးနောက်မှသာ ဖုမင်ဇယ်သည် ဖြည်းညင်းစွာ သက်ပြင်းချလိုက်ပြီး တိုးတိုးလေး ရယ်မောလိုက်လေသည်။

ထို့နောက် သူသည် လရောင်အောက်တွင် ပေါ့ပါးသော ခြေလှမ်းများဖြင့် ပညာတတ်လူငယ်အဆောင်သို့ ပြန်သွားတော့သည်။

...

နောက်တစ်နေ့တွင် ရှန်ရှောက်ယွမ် အိပ်ရာမှ နိုးလာသောအခါ ခြံထဲတွင် စက်ဘီးတစ်စီး တိုးနေသည်ကို မြင်လိုက်ရသည်။ ကြည့်ရသည်မှာ အသစ်တော့ မဟုတ်သော်လည်း အဟောင်းကြီးဟုလည်း မဆိုသာပေ။ သံချေးတက်၍ စုတ်ပြတ်နေသော အရိပ်အယောင် လုံးဝ မရှိဘဲ နေရာတိုင်းကို အလွန် သန့်ရှင်းအောင် ဆေးကြောသုတ်သင်ထားလေသည်။

သူက တအံ့တဩဖြစ်သွားကာ မေးလိုက်၏။ "ဒီစက်ဘီးက ဘယ်ကရောက်လာတာလဲ။ တပ်ဖွဲ့ခေါင်းဆောင်ရဲ့ စက်ဘီးကလည်း ဒီပုံစံမှ မဟုတ်တာ"

ရှန်မော့အာက မီးဖိုချောင်ထဲမှ ခေါင်းပြူထွက်လာပြီး ခြံထောင့်တွင် ရပ်ထားသော စက်ဘီးကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "မနေ့ညက ပညာတတ်လူငယ်ဖု လာပို့သွားတာလေ"

ထို့နောက် အစ်ကိုပေါင်က စက်ဘီးကို ဝယ်ယူပြင်ဆင်ပြီး သူတို့ထံ ပြန်လည်ရောင်းချသည့် ကိစ္စကို အကြမ်းဖျင်း ပြောပြလိုက်ပြီး ဤစက်ဘီးကို ဝယ်လိုက်သဖြင့် အိမ်တွင် ၂ ယွမ်ကျော်သာ ကျန်ရှိတော့မည့် အကြောင်းကိုပါ တစ်ပါတည်း ထည့်သွင်းပြောပြလိုက်၏။

ရှန်ရှောက်ယွမ်က သိပ်ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။ "ယွမ် ၈၀ ဆိုတာက အဖေတို့ အမြတ်ထွက်သွားတာပါ။ ပြီးတော့ ဒီ သိပ်မသစ် သိပ်မဟောင်းတဲ့ စက်ဘီးက အဖေတို့အိမ်သုံးဖို့ တော်တော်လေး သင့်တော်တယ်။ အသစ်က ဝယ်ဖို့ ခက်တာကို အသာထား၊ စက်ဘီးဝယ်ခွင့် လက်မှတ်ကိုတောင် ဘယ်တော့မှ လဲလို့ရမလဲ မသိဘူးလေ။ ဝယ်နိုင်ရင်တောင်မှ လူတွေရဲ့ မျက်စိကျစရာ ဖြစ်နေဦးမှာပဲ။ အဖေတို့လို ဆင်းရဲတဲ့ မိသားစုရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီဘူး။ ပိုက်ဆံကတော့ လစာရရင် ပြန်ရှိလာမှာပါပဲ"

ယခင်က မိမိ၏ အစ်ကိုအရင်းထံမှ အဖိုးတန် ရတနာများကို နည်းလမ်းပေါင်းစုံဖြင့် မရမက ယူငင်တတ်သော်ငြားလည်း တကယ်တမ်းတွင် ရှန်ရှောက်ယွမ်သည် ငွေကြေးအပေါ် သိပ်ပြီး ဂရုစိုက်လေ့ရှိသူ မဟုတ်ချေ။

ရွှေဇွန်းကိုက်လျက် ကြီးပြင်းလာခဲ့သော တကယ့် မင်းသား တစ်ပါးဖြစ်သည်တွက် ငယ်စဉ်ကတည်းက ငွေကြေးအတွက် တစ်ခါမှ ပူပန်ခဲ့ရခြင်း မရှိသဖြင့် ဘယ်လောက် ဂရုစိုက်နေမည်နည်း။

သူ ထိုပစ္စည်းများကို မရမက ယူငင်ရခြင်းမှာလည်း သူ့သမီးလေးတွင် မောင်နှမအရင်းဟူ၍ တစ်ယောက်မှ မရှိသဖြင့် နောင်တစ်ချိန် အိမ်ထောင်ကျသွားသောအခါ အခြေအနေ မည်သို့ ရှိမည်ကို မသိနိုင်ရာ ပစ္စည်းများများစားစား ရှိနေခြင်းက အမြဲတမ်း ပိုကောင်းသည်ဟု တွေးမိသောကြောင့်သာ။

ရှန်မော့အာသည် မိမိဖခင်၏ စရိုက်ကို ရှင်းလင်းစွာ သိထားသဖြင့် သူ့ကို တစ်ခွန်းပြောလိုက်ခြင်းမှာလည်း မကြာမီ အိမ်တွင် သုံးစွဲရန် ငွေများများစားစား ရှိတော့မည်မဟုတ်ကြောင်း သတိပေးလိုက်ခြင်းမျှသာ ဖြစ်သည်။

ရှန်ရှောက်ယွမ် ရုတ်တရက် သတိရသွားပြီး မေးလိုက်၏။ "မနေ့ညက လာပို့တာကို အဖေ ဘာလို့ မသိလိုက်တာလဲ"

ရှန်မော့အာက အဖေဖြစ်သူကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။ "အဖေက အရမ်းကို အိပ်မောကျနေတာလေ။ အဖေ့နားနားမှာ လင်းကွင်းတီးရင်တောင် အဖေ သိမှာမဟုတ်ဘူး။ ဒီလောက် ပင်ပန်းနေတာကို ဒီနေ့ အဖေ ဟင်းချိုတစ်ခွက်ပဲ တည်လိုက်၊ ကျန်တာတွေ ဘာမှ မလုပ်နဲ့တော့"

ဤမျှလောက်အထိ အိပ်မောကျနေပြီး သူမ အဝင်အထွက် အကြိမ်ကြိမ် လုပ်ခဲ့သည်ကိုပင် နည်းနည်းလေးမှ မကြားခဲ့သဖြင့် သူ အလွန်တရာ ပင်ပန်းနေသည်မှာ သေချာလှပေသည်။

တကယ်တော့ ရှန်ရှောက်ယွမ်သည် အနည်းငယ် ထူးဆန်းနေမိသည်။ စက်ဘီးလာပို့သည်ဆိုမှတော့ ဘာဖြစ်လို့ နေ့ဘက် မပို့ဘဲ ညဘက်မှ လာပို့ရသနည်း။ ပုံမှန်အားဖြင့် လာပို့လျှင် တံခါးခေါက်ရမည်ဖြစ်ကာ မိမိအနေဖြင့် အဘယ်ကြောင့် နည်းနည်းလေးမှ မသိလိုက်ရသနည်း။

သို့သော် ရှန်မော့အာက သူ အလွန် အိပ်မောကျနေသည်ဟု ပြောသဖြင့် ရှန်ရှောက်ယွမ်လည်း ဆက်လက် တွေးတောမနေတော့ချေ။ သူ အမှန်တကယ်ပင် အနည်းငယ် ပင်ပန်းနေခဲ့သည်။ အလုပ်တွင် အလုပ်များရသည်မှာ ထားလိုက်ဦး။ နေ့စဉ် တပ်ဖွဲ့ရုံးချုပ်သို့ အချိန်အကြာကြီး လမ်းလျှောက်သွားရခြင်းက ယခင်က အပြင်ထွက်လျှင် မြင်းလှည်း သို့မဟုတ် လူထမ်းဝေါယာဉ်ကိုသာ စီးလေ့ရှိသော သူ့အတွက် တကယ့်ကို အသားမကျနိုင်သော ကိစ္စပင်။

ထိုသို့ တွေးမိသောအခါ နောင်တွင် အလုပ်အသွားအပြန် စက်ဘီးစီးနိုင်တော့မည်ဖြစ်သောကြောင့် တကယ့်ကို ဝမ်းသာစရာ ကိစ္စတစ်ခု ဖြစ်လာတော့သည်။

မနက်စာစားပြီးနောက် ရှန်မော့အာသည် ကျောင်းသို့သွားကာ ရှန်ရှောက်ယွမ်လည်း ကိုယ်ပိုင် စက်ဘီးကို စီးလျက် စိတ်အားထက်သန်စွာဖြင့် အပြင်သို့ ထွက်သွားလေသည်။

နောက်ပိုင်းရက်များတွင် ရှန်မော့အာသည် မနက်ပိုင်းတွင် စာသင်ပြီး နေ့လယ်ပိုင်းတွင် အလုပ်ဆင်းရသည့် ဘဝကို စတင် ဖြတ်သန်းရလေတော့သည်။ ဒုတိယနေ့မှစ၍ လက်မောင်းများသည် ဖန်တရာတေနေပြီး ပျင်းစရာကောင်းသော လယ်လုပ်ငန်းများကို တဖြည်းဖြည်း အသားကျလာခဲ့သည်။ နေ့စဉ် ထမင်းစားပြီးသည်နှင့် သေလောက်အောင် အိပ်ချင်လွန်းသည့်အထိ ပင်ပန်းနေသည်မှလွဲလျှင် အခြားကိစ္စများကိုလည်း တဖြည်းဖြည်း အသားကျလာခဲ့သည်။

ထို့အပြင် အိမ်တွင် စက်ဘီးရှိသွားသဖြင့် ရှန်ရှောက်ယွမ် လမ်းတွင် အချိန်ကုန်ရသည်ကလည်း အများကြီး လျော့နည်းသွားကာ ဤရက်ပိုင်းအတွင်း နေ့လယ်စာမှလွဲ၍ မနက်စာနှင့် ညစာများကို ရှန်ရှောက်ယွမ်ကသာ ချက်ပြုတ်လေသည်။

ရှန်ရှောက်ယွမ်သည် အမှန်ပင် ဟင်းချက်တတ်သူ တစ်ယောက် မဟုတ်သော်လည်း သူ့အားသာချက်မှာ အဆာပလာများကို ရက်ရက်ရောရော ထည့်တတ်ခြင်းပင်။ လက်ရှိအချိန်တွင် မိသားစုအများစုက အရည်ကျဲကျဲ ထမင်းဟင်းများနှင့် နှိုင်းယှဉ်ပါက အတော်လေး ကောင်းမွန်နေသေးသည်ဟု ဆိုရပေမည်။

ဤရက်ပိုင်းအတွင်း ရှန်လင်းလင်းနှင့် ပညာတတ်လူငယ်များမှာ ပိုမို ရင်းနှီးသွားကြသည်။ သူမသည် အပြင်တွင် စကားလှလှလေးများ အတော်လေး ပြောတတ်သည့်အပြင် ယခင်က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကိုလည်း မိသားစုထဲက အခြားသူများအပေါ်သို့ လွှဲချလိုက်သဖြင့် အမျိုးသား ပညာတတ်လူငယ်များမှာ သူမ နစ်နာနေရကြောင်း ပြောဆိုသည်ကို ကြားသောအခါ သဘာဝကျကျပင် မိသားစု၏ အမှားများကြောင့် ရိုးသားပြီး သဘောထားကောင်းသော မိန်းကလေးတစ်ယောက်ကို မထိခိုက်သင့်ဘူးဟု ထင်မြင်သွားကြကာ တစ်ယောက်ပြီးတစ်ယောက် အလုအယက်ပင် သူမအား အလုပ်ဝိုင်းလုပ်ပေးကြလေသည်။

ရှန်လင်းလင်းမှာ အမျိုးသား ပညာတတ်လူငယ်များ၏ မြှောက်ထိုးပင့်ကော်မှုကြောင့် ဘဝင်မြင့်သွား၍လား မသိ။ ရှန်မော့အာအပေါ်သို့ ထပ်ပြီး ခနဲ့တဲ့တဲ့ ပြောဆိုလှောင်ပြောင်လာပြန်သည်။ အထူးသဖြင့် ကျောင်းသားများ ပန်းချီပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်သည့် ကိစ္စနှင့် ပတ်သက်၍ ရှန်မော့အာအား ခွေးအ၏ ခေါင်းပေါ်တွင် သမင်ဂျိုကို ရှာဖွေနေသကဲ့သို့ မဖြစ်နိုင်သည်ကို တွေးတောနေခြင်း ဖြစ်ကြောင်း သရော်လှောင်ပြောင်လေသည်။

"သစ်ပင်စိုက်ပျိုးဖို့ ဆယ်နှစ်လိုပြီး လူတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ အနှစ်တစ်ရာ လိုတယ်တဲ့။ ပညာရေးဆိုတာ ချက်ချင်းလက်ငင်း ဖြစ်လာနိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူးလေ။ ပြိုင်ပွဲသွားပြိုင်တာ မကောင်းဘူးလို့ ကျွန်မ ပြောနေတာ မဟုတ်ပါဘူး၊ ဒီလိုမျိုး အပေါ်ယံလောက်ပဲ သင်ထားရသေးတဲ့ ကျောင်းသားတွေကို ပြိုင်ပွဲသွားပြိုင်ဖို့ ကမန်းကတန်း စီစဉ်တာက ပြိုင်ပွဲကိုယ်၌ကို မလေးစားရာ ရောက်ရုံသာမက ပြိုင်ပွဲမှာ ရှုံးနိမ့်သွားတဲ့အခါ ကျောင်းသားတွေအတွက် ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်လို့ပါ။ ကျွန်မတို့ ဆရာတွေဆိုတာက ကိုယ့်မျက်နှာရဖို့ ကိစ္စလောက်ကိုပဲ တွေးနေလို့ မရဘူး၊ ကျောင်းသားတွေရဲ့ ထိခိုက်လွယ်တဲ့ စိတ်ခံစားချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးရမယ်..."

အလုပ်ကူလုပ်ပေးသူ အလွန်များပြားနေသောကြောင့် ဖြစ်မည်။ ရှန်လင်းလင်းမှာ ဆက်တိုက်ဆိုသလို စပါးရိတ်သိမ်းနေရသည့် ပင်ပန်းနွမ်းနယ်မှုကို နည်းနည်းလေးမှ မခံစားရဘဲ တစ်ခါတစ်ရံတွင် တံစဉ်ကို ကိုင်လျက် လယ်ကွင်းထဲ၌ အသက်ဝင်လှသော မိန့်ခွန်းတစ်ခုကိုပင် ပြောဆိုနိုင်လေသည်။

ရှန်မော့အာတို့ လေးယောက်မှာ အလွန် အလှမ်းဝေးနေသဖြင့် မကြားရသလို သူမ ဘာတွေပြောနေသည်ကိုလည်း ဂရုမစိုက်ကြချေ။ ထို့အပြင် ယန်ချင်းချင်း က အမြဲတမ်း ရွံရှာသော မျက်နှာထားဖြင့် သူမကို စိုက်ကြည့်နေသည်ကလွဲလျှင် ကျန်သော ပညာတတ်လူငယ်များမှာ သူမ၏ စကားများထဲတွင် ပါဝင်နေသော ပညာရေးလုပ်ငန်းအပေါ်ထားရှိသည့် စေတနာထားမှုကို နားထောင်ပြီး မနေနိုင်ဘဲ လက်ခုပ်တီးပေးကြလေသည်။

သို့သော် ထိုနေ့တွင် သူမ ကြီးကျယ်ခမ်းနားစွာ ပြောဆိုပြီးသွားသည်နှင့် တပ်ဖွဲ့ရုံးချုပ်တွင် ဆောင်းဦးရိတ်သိမ်းချိန်နှင့် ပတ်သက်သော အစည်းအဝေး သွားတက်ခဲ့သည့် တပ်ဖွဲ့ခေါင်းဆောင် ကျိုးမန်ခန်း သည် စက်ဘီးစီးလျက် ရောက်လာခဲ့သည်။

ကျိုးမန်ခန်းသည် ပုံမှန်အားဖြင့် အလွန် တည်ကြည်သူ တစ်ယောက် ဖြစ်သည်။ မကြာခဏ မျက်မှောင်ကြုတ်လေ့ရှိသဖြင့် သူ၏ နဖူးတွင် အလွန်နက်ရှိုင်းသော "川" (ချွန်း) ပုံစံ တွန့်ခေါက်ရာများ ရှိလေသည်။ သို့သော် ယနေ့တွင် သူ၏ စိတ်အခြေအနေမှာ သိသိသာသာ အလွန် ကောင်းမွန်နေပြီး မျက်မှောင်များ ပြေလျော့နေကာ မျက်လုံးထောင့်ရှိ အရေးအကြောင်းများထဲတွင် စိတ်လှုပ်ရှား ဝမ်းသာနေသည့် အရိပ်အယောင်လေးများကို တိတ်တဆိတ် ဖုံးကွယ်ထားလေသည်။

သူသည် စက်ဘီးကို လယ်ကန်သင်းဘေးတွင် ရပ်ထားလိုက်ပြီး လယ်ကန်သင်းနှင့် အနီးဆုံးတွင်ရှိသော ကျန်းကျစ်ချန်ကို မေးလိုက်၏။ "ရှန်မော့အာရော"

ကျန်းကျစ်ချန်မှာ နားမလည်နိုင်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်ပြီး အဝေးရှိ လူအနည်းငယ်ကို လက်ညိုးထိုးပြကာ ပြန်ဖြေလိုက်သည်။ "ဟိုဘက်မှာပါ"

ကျိုးမန်ခန်းက ပြောလိုက်၏။ "တစ်ယောက်လောက် သွားပြီး သူ့ကို ခေါ်ပေးပါဦး"

ကျန်းကျစ်ချန်က တံစဉ်ကို ချထားလိုက်ပြီး ကိုယ်တိုင် သွားရောက်ခေါ်ယူလိုက်လေသည်။

တစ်စုံတစ်ယောက်က စပ်စုကာ ဝင်မေးလိုက်၏။ "တပ်ဖွဲ့ခေါင်းဆောင် ဆရာမရှန်ကို ကိစ္စရှိလို့လား"

ဤစကားမှာ တကယ်တော့ "ထမင်းစားပြီးပြီလား" ဟု မေးသည်နှင့် အတူတူပင် ဖြစ်ပြီး ပြောစရာစကားမရှိ၍ ယဉ်ကျေးမှုအရ နှုတ်ဆက်လိုက်ခြင်းသာ ဖြစ်သည်။ မေးမြန်းသူကလည်း ကျိုးမန်ခန်း အမှန်တကယ် ပြန်လည် ဖြေကြားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ မည်သို့ပင်ဆိုစေ သူ ရှန်မော့အာကို ရှာဖွေရသည့် ကိစ္စမှာ သူတို့ အခြားသူများနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိသည် မဟုတ်ပါလား။

သို့သော် ကျိုးမန်ခန်းက ချက်ချင်းပင် ရယ်မောလိုက်ပြီး ပြောလိုက်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ "မင်းက တကယ့်ကို ဉာဏ်ကောင်းတဲ့ ကောင်လေးပဲ။ ငါ ဆရာမရှန်ကို ကိစ္စရှိလို့ ရှာတာ၊ ဆရာမရှန်ကို သတင်းကောင်းတစ်ခု လာပြောပြတာ"

သည်လောက်လေးနှင့ ဉာဏ်ကောင်းသည်ဟု ချီးကျူးခံလိုက်ရသောကြောင့် ဤသည်မှာ တပ်ဖွဲ့ခေါင်းဆောင် ကိုယ်တိုင်က အလွန် ပြောချင်နေသည်မှာ ထင်ရှားလှပေသည်။ ထို့ကြောင့် ထိုလူက အခြေအနေကို အလိုက်သင့် လိုက်ပါလျက် ထပ်မံ မေးလိုက်၏။ "ဘာသတင်းကောင်းမို့လို့လဲ"

ကျိုးမန်ခန်းက စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ဆုပ်ကာ တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။ "ငါတို့ တပ်ဖွဲ့ မူလတန်းကျောင်းက ကလေးတွေ ပန်းချီပြိုင်ပွဲမှာ ဒုတိယဆု ရသွားတယ်၊ နောက်ဆုံးပြိုင်ပွဲကို တက်သွားပြီဟေ့!"

သူ့အသံမှာ ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေပြီး စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များလည်း ပါဝင်နေလေသည်။

ဒုတိယဆုကို ခရိုင်တစ်ခုလုံးတွင် သူတို့ ယန်လျို တပ်ဖွဲ့ မူလတန်းကျောင်း တစ်ကျောင်းတည်းကသာ ရရှိခဲ့ခြင်း ဖြစ်သည်။ သူတို့ တပ်ဖွဲ့မှ ကလေးများသည် ပြည်နယ်အဆင့် ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရတော့မည်။

ဤသည်မှာ ဘိုးဘွားမိဘများ၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် အလွန် ကြီးကျယ်သော ကိစ္စကြီး တစ်ခုပင် ဖြစ်လေတော့သည်။

...

All Chapters