← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အပိုင်း (၄၃) အိမ်ထောင်ဖက်ရွေးချယ်ဖို့ သတ်မှတ်ချက်က တကယ့်ကို တစ်မူထူးခြားနေ...

"အာ... တကယ်တော့ ကျွန်မက အမြဲတမ်း ရှာချင်နေခဲ့တာက..."

ရှန်မော့အာသည် သတိပြန်ဝင်လာပြီးနောက် ယနေ့ ပညာတတ်လူငယ်ဖု၏ လုပ်ရပ်က လူကို အမှန်တကယ်ပင် အံ့အားသင့်စေသည်ဟု တွေးလိုက်မိ၏။ သူ ရုတ်တရက် ပြန်ပြေးလာလိမ့်မည်ဟု သူမ မထင်ထားခဲ့သလို ဤမေးခွန်းမျိုး မေးလာလိမ့်မည်ဟုလည်း ပိုလို့ပင် မထင်ထားခဲ့ပေ။ သို့သော်လည်း ဤမေးခွန်းကြောင့် သူမသည် အလိုအလျောက် ပြုံးလိုက်မိလေသည်။

"အမြဲတမ်း ဆင်းရဲတဲ့သူကိုပဲ ရှာချင်နေခဲ့တာ”

ပထမအချက်အနေဖြင့် ရုပ်ရည်ချောမောရမည်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ဆင်းရဲရပေမည်။

အမှန်တွင်တော့ ဖုမင်ဇယ်နှင့် မရင်းနှီးခင်ကတည်းက သူမ သတိထားမိခဲ့ခြင်း ဖြစ်လေသည်။ ပညာတတ်လူငယ်စခန်းတွင် ရုပ်ရည်သန့်စင်ပြီး ချောမောလှပသော ပညာတတ်လူငယ်ဖုဟူ၍ ရှိလေသည်။ ထိုအရာက သာ့လျန်မင်းဆက်တွင် သူမ တိတ်တခိုး ငေးမောကြည့်ရှုခဲ့ဖူးသော ချောမောလှပါသည်ဆိုသည့် ပညာရှိဆိုသူများထက်ပင် ပိုကြည့်ကောင်းနေသေး၏။ ထို့အပြင် သူက အတော်လေး ဆင်းရဲရှာသည်။ တစ်နေ့ကုန် စုတ်ပြတ်သတ်နေသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး အင်္ကျီပေါ်ရှိ ဖာထေးထားသော အကွက်များက အခြားမည်သူ့ထက်မဆို ပို များပြားနေလေသည်။ သို့သော်ငြားလည်း ထိုအဝတ်အစားများက သန့်ရှင်းသပ်ရပ်နေသဖြင့် လူကို တစ်ချက်ကြည့်လိုက်သည်နှင့် သဘောကျသွားစေနိုင်စွမ်း ရှိလေသည်။

အကယ်၍သာ သူက ကြည့်ရသည်မှာ ဆင်းရဲပုံပေါက်နေသော်ငြားလည်း အရိုးအဆစ်များထဲတွင် ကိန်းအောင်းနေသော မာနတရားများက သိသာထင်ရှားလွန်းမနေခဲ့လျှင်၊ အကယ်၍သာ နောင်တစ်ချိန်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်ဖြေဆိုခွင့်ရလာပြီး ပညာတတ်လူငယ်များလည်း ကျေးလက်ဒေသမှ ထွက်ခွာသွားကြမည်ဟု ခန့်မှန်းရကာ အနာဂတ်အတွက် မသေချာမရေရာမှုများ အလွန်များပြားမနေခဲ့လျှင်၊ အကယ်၍သာ အသေးအမွှား စိုးရိမ်ပူပန်မှုလေးများ မရှိနေခဲ့လျှင် သူမအနေဖြင့် ထိုမျှလောက် တွေဝေတုံ့ဆိုင်းနေမည် မဟုတ်သလို မျက်မြင်ကိုယ်တွေ့ သွားရောက်စုံစမ်းရန်လည်း တွေးတောနေမည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေ မြို့တော်ကို စစ်တပ်များ ဝန်းရံလာချိန်တွင် သူပုန်များ၏ ဓားအောက်၌ ဝိဉာဉ်တစ်ကောင် ဖြစ်သွားလုမတတ် ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာများကို ဖြတ်သန်းခဲ့ရပြီးနောက်၊ လုံးဝစိမ်းသက်နေသော ကမ္ဘာသစ်တစ်ခုဆီသို့ အကြောင်းအရင်းမသိဘဲ ရုတ်တရက် ရောက်ရှိလာခဲ့ပြီးနောက်တွင်တော့ ရှန်မော့အာ၏ စိတ်နှလုံးထဲ၌ တည်ငြိမ်အေးချမ်းသော ဘဝတစ်ခုက အခြားအရာအားလုံးထက် များစွာ ပိုအရေးကြီးနေခဲ့လေပြီ။

ဤကမ္ဘာကြီးနှင့် တဖြည်းဖြည်း ပိုရင်းနှီးကျွမ်းဝင်လာပြီးနောက်တွင် ဘဝကလည်း တဖြည်းဖြည်း ပိုတည်ငြိမ်လာခဲ့သည်။ အိမ်သစ်ဆောက်ခဲ့သည်။ အလုပ်အကိုင် ရရှိခဲ့သည်။ မြို့ပေါ်သို့လည်း သွားရောက်ခဲ့ရပြီး ဤနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက်ဖြစ်ထွန်းမှုတို့ကို ခံစားသိရှိလာရလေသည်။ ထိုအခါမှသာ ဤကမ္ဘာကြီးဆီသို့ ရောက်ရှိလာကတည်းက ရင်ထဲတွင် အမြဲလိုလို စွဲထင်နေခဲ့သော တိုင်းတစ်ပါး၌ လွင့်မျောနေရသည်ဟူသည့် ခံစားချက်က တစ်စတစ်စ ပျောက်ကွယ်သွားခဲ့တော့သည်။

၎င်းသည် နံနက်ခင်း လယ်ကွင်းပြင်များထက်တွင် ဖုံးလွှမ်းနေသော မြူခိုးပါးပါးလေးများက ပူပြင်းလာသော နေရောင်ခြည်အောက်တွင် တဖြည်းဖြည်း လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ပင်။

နောင်တစ်ချိန်တွင် ဘာတွေပဲဖြစ်လာပါစေ ဂရုစိုက်မနေတော့ပေ။ ကျန်းကျွင့်လျန် သို့မဟုတ် အခြားမည်သူပဲဖြစ်နေပါစေ၊ အိမ်လိုက်နေမည့် သားမက်အဖြစ် လိုလိုလားလား ရှိနေလျှင်တောင်မှ ဘာများထူးခြားသွားမည်နည်း။ သူက ရုပ်ရည်မှ မချောမောသည်ကိုး။ ကျိုးကြောင်းမဲ့သည့် အမေဖြစ်သူ မရှိနေလျှင်တောင်မှ သူမကတော့ သဘောကျမည် မဟုတ်ပေ။

အခြားသူများကို ထည့်သွင်းစဉ်းစားနေစရာ မလိုတော့ပေ။ ရုပ်ရည်ချောမောပြီး အတော်လေး ဆင်းရဲနေရှာသော ထိုပညာတတ်လူငယ်ဖုပင် ဖြစ်ရလိမ့်မည်။

သူပဲ ဖြစ်ရလိမ့်မည်။

ဘယ်အချိန်ကတည်းက စတင်ခဲ့သည်ကို မသိရသော်ငြားလည်း ရှန်မော့အာ၏ စိတ်နှလုံးထဲတွင် ဤကဲ့သို့သော အတွေးမျိုး ဖြစ်ပေါ်နေခဲ့လေပြီ။

ကျောင်းစဖွင့်ကတည်းက အမြဲတမ်း အလုပ်များမနေခဲ့လျှင် သူမအနေဖြင့် ဖုမင်ဇယ်ကို ဖိအားပေးရန် နည်းလမ်းတစ်ခုခု ကြံစည်မိပေလိမ့်မည်။ မူလက သူမ တွေးထားပြီးသားပင်။ ပြည်နယ်အဆင့် ပြိုင်ပွဲများ ပြီးဆုံးသွားသည်နှင့် ဤကိစ္စကို စီစဉ်ဆောင်ရွက်နိုင်ပြီ။ သို့သော်ငြားလည်း ဤလူက... ဟုတွေးကာ ရှန်မော့အာသည် ပြုံးလိုက်မိ၏။ ထို့နောက် ဖုမင်ဇယ်ကို ကြည့်ကာ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။

"ဒါကြောင့်... ရပါတယ်”

ရှန်မော့အာ၏ ပထမဆုံးစကားလုံး ထွက်ပေါ်လာချိန်မှစ၍ ဖုမင်ဇယ်သည် မှင်သက်သွားခဲ့ရတော့သည်။

ရှန်မော့အာက သဘောတူလက်ခံလိမ့်မည်ဟု သူ တွေးထားခဲ့ဖူးသလို သူမ ငြင်းပယ်လိမ့်မည်ဟုလည်း တွေးထားခဲ့ဖူးသည်။ သို့သော်ငြားလည်း သူမက ဆင်းရဲသော အိမ်ထောင်ဖက်မျိုးကိုသာ အမြဲတမ်း ရှာဖွေချင်နေခဲ့သည်ဟု ပြောလာလိမ့်မည်ကိုတော့ သူ ဘယ်လိုမှ တွေးထင်မထားခဲ့မိချေ။

ဤအိမ်ထောင်ဖက် ရှာဖွေရမည့် သတ်မှတ်ချက်က အမှန်တကယ်ပင် တစ်မူထူးခြားလွန်းနေလေသည်။

သို့သော်ငြားလည်း ချက်ချင်းဆိုသလိုပင် ဖုမင်ဇယ်က သတိထားမိလိုက်ပြန်သည်။ ရှန်မော့အာ ပြောလိုက်သော စကားသည် တကယ်တမ်း အလွန်ပင် နားယဉ်နေခဲ့လေသည်။ အစောပိုင်း သူ ကျေးလက်သို့ မဆင်းမီက လူကြီးသူမများကလည်း ဤကဲ့သို့ပင် လေးလေးနက်နက် မှာကြားခဲ့ကြသည် မဟုတ်ပါလား။ သင့်တော်သူနှင့် တွေ့ဆုံပါက ကျေးလက်၌ပင် အိမ်ထောင်ပြုနိုင်ကြောင်း၊ မျိုးဆက် ၈ ဆက် ဆင်းရဲသူဖြစ်စေ၊ မျိုးဆက် ၃ ဆက် ဆင်းရဲသူဖြစ်စေ အားလုံးရကြောင်း၊ ဆင်းရဲနေလျှင် ရပြီဖြစ်ကြောင်း စသဖြင့် မှာကြားခဲ့ကြလေသည်။

ဖုမင်ဇယ်သည် သူ့ရှေ့တွင် ရပ်နေသော မိန်းကလေးကို ကြည့်လိုက်၏။ ယခု သူမ၏ ပုံပန်းသွင်ပြင်က ကွဲပြားခြားနားနေသော်ငြား လွန်ခဲ့သော လအနည်းငယ်ခန့်က အခြေအနေကို ပြန်လည်တွေးတောကြည့်မည်ဆိုလျှင်... ကောက်နယ်တလင်းပြင်၌ စပါးခွဲဝေချိန်တွင် သူ သူမကို ပထမဆုံးအကြိမ် သတိထားမိခဲ့သည်။ ထိုအချိန်က သူမသည် ဆံပင်ဖုတ်သိုက်နှင့် မျက်နှာပေပွနေကာ စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူမ၏ မိသားစုသည် ရွာထဲ၌ နာမည်ကြီးလောက်အောင် ခက်ခဲကျပ်တည်းသော ဆင်းရဲသားအိမ်ထောင်စု ဖြစ်ရုံသာမက စပါးများ အလုခံလိုက်ရသဖြင့် လယ်ကွင်းထဲတွင်ပင် ငတ်မွတ်၍ မူးလဲသွားခဲ့ရသေးသည်။ ဆင်းရဲသည်ဟု ဆိုရမည်ဆိုလျှင် သူမတို့က အမှန်တကယ်ပင် ဆင်းရဲလှပေသည်။

သို့သော်ငြား တကယ်တမ်း၌ ထိုနေ့ကတည်းက သူ သတိထားမိခဲ့ခြင်း ဖြစ်လေသည်။ ဤမိန်းကလေးသည် မည်းနက်ပြီး ပိန်လှီနေသော်ငြားလည်း တကယ်တော့ ရုပ်ရည်အလွန်ချောမောလှပသည်။ အထူးသဖြင့် ထိုမျက်လုံးတစ်စုံပင်။ ပါးနပ်မှုများကြားတွင် လည်ဝယ်မှု အနည်းငယ် ရောယှက်နေပြီး အခြားသူများ၏ နှုတ်ဖျားမှ ထွက်ပေါ်နေတတ်သော ရိုးသားအေးဆေးကာ ခေါင်းငုံ့ခံတတ်သည့် ပုံစံမျိုးနှင့် လုံးဝ မတူညီချေ။

လူကြီးသူမများက သူ့ကို ဆင်းရဲသောသူကိုသာ ရှာဖွေခိုင်းခြင်းမှာ ပြဿနာပေါ်လာချိန်တွင် မိသားစု၏ နောက်ဆက်တွဲ ပြဿနာများကြောင့် သူ ထိခိုက်နစ်နာရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သူက နောက်ခံကောင်းမွန်သော ချွေးမတစ်ယောက်ကို လက်ထပ်ထားမည်ဆိုလျှင် အခြေအနေ မကောင်းတော့ပါက မိသားစုနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်ရုံဖြင့် သူတို့ ဇနီးမောင်နှံနှစ်ဦးသည် ကြီးမားသော သက်ရောက်မှုများကို ခံစားရမည် မဟုတ်ပေ။

ထူးဆန်းသည်မှာ ရှန်မော့အာကလည်း ဆင်းရဲသောသူကိုသာ ရှာဖွေချင်သည်ဟု ပြောလာခြင်းပင်။

သူမ၏ မိသားစုနောက်ခံသည် ဘာပြဿနာမှ မရှိပေ။ မျိုးဆက် ၃ ဆက် ဆင်းရဲသားများဖြစ်ပြီး အနီရောင် လူတန်းစား ၅ ရပ်တွင် ပါဝင်လေသည်။ သူမက ဆင်းရဲသောသူကို ရှာဖွေချင်နေခြင်းမှာ သူနှင့်တူညီသော စိုးရိမ်ပူပန်မှုမျိုးကြောင့် မဖြစ်နိုင်သည်မှာ သေချာလှသည်။ သို့ဆိုလျှင် သူမ၏ စိတ်ကူးအတွေးအခေါ်များက အထူးတလည် မြင့်မားနေခြင်းကြောင့်သာ ဖြစ်ရပေလိမ့်မည်။

*အနီရောင်လူတန်းစား ၅ရပ်ဆိုတာ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ နိုင်ငံရေးအရ ခွဲခြားသတ်မှတ်ထားတဲ့ အခွင့်ထူးခံလူတန်းစား ၅ခုပါ။ -ဆင်းရဲသားလယ်သမား၊ -အလုပ်သမား၊ - တော်လှန်ရေးစစ်သည်၊ -တော်လှန်ရေးကေဒါ၊ -တော်လှန်ရေးအာဇာနည်တွေရဲ့ မိသားစု

သည်အချက်ကို တွေးမိသောအခါ ဖုမင်ဇယ်သည် အဓိပ္ပါယ်မဲ့စွာဖြင့်ပင် သံသယဝင်လာမိတော့သည်။

သူမက ကျန်းကျွင့်လျန်ကို လက်မခံခဲ့တာက အဲဒီကောင်လေးက လုံလောက်အောင် မဆင်းရဲလို့များလား။

မည်သို့ပင်ဆိုစေ ချည်မျှင်နှင့် အထည်စက်ရုံမှ ကျွမ်းကျင်လုပ်သားတစ်ဦး၏ လစာသည် သာမန် အမြဲတမ်းဝန်ထမ်းတစ်ဦး၏ လစာထက် အနည်းငယ် ပိုများနေသည် မဟုတ်ပါလား။

ထို့နောက် ချက်ချင်းဆိုသလိုပင် ဖုမင်ဇယ်သည် သိမ်မွေ့သော စိုးရိမ်ထိတ်လန့်မှု တစ်ခုကို ခံစားလိုက်ရလေသည်။ အကယ်၍ ကျန်းကျွင့်လျန်က "ဆင်းရဲသောသူ" ဟူသည့် သတ်မှတ်ချက်နှင့် မကိုက်ညီဘူးဆိုလျှင် သူကိုယ်တိုင်က ထိုအချက်နှင့် ပိုလို့ပင် မကိုက်ညီသည်မှာ ထင်ရှားနေလေသည်။

အပေါ်ယံကြည့်မည်ဆိုလျှင် ကိုက်ညီသယောင် ထင်ရသော်ငြားလည်း လက်တွေ့တွင်တော့ တစ်ကမ္ဘာခြားလောက်အောင် ကွာခြားနေသည်။

မိသားစုက ရှေ့အနောက် အကြိမ်ကြိမ် နိုင်ငံတော်သို့ လှူဒါန်းခဲ့မှုများ အများအပြား ရှိခဲ့သော်လည်း တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။ မျိုးဆက်သစ်များ၏ အနာဂတ်အတွက် ရည်ရွယ်၍ လူကြီးသူမများသည် မိသားစုပိုင်ဆိုင်မှု အားလုံးကို နိုင်ငံတော်သို့ အမှန်တကယ် လွှဲပြောင်းပေးအပ်လိမ့်မည် မဟုတ်ချေ။ ဖွက်ထားသည်များ သေချာပေါက် အများအပြား ရှိနေပေလိမ့်မည်... မိသားစုအကြောင်းကို မပြောဘဲ သူကိုယ်တိုင်၏ အကြောင်းကိုသာ ပြောရမည်ဆိုလျှင် ကျေးလက်သို့ ဆင်းလာစဉ်က ယူဆောင်လာခဲ့သော ငွေကြေး၊ ကူပွန်လက်မှတ်များနှင့် ပစ္စည်းပစ္စယများသည် တကယ်တမ်းတွင် အနည်းအကျဉ်း မဟုတ်ချေ။ "သူဆင်းရဲ" ဟူသည့် အချက်နှင့် တကယ်တမ်းတွင် တစ်စက်လေးမျှပင် သက်ဆိုင်ခြင်း မရှိပေ။

အကယ်၍သာ ရှန်မော့အာက "ဆင်းရဲသော" အိမ်ထောင်ဖက်ကိုသာ အမှန်တကယ် ရည်ရွယ်ရှာဖွေနေခြင်း ဖြစ်ပါက ဖုမင်ဇယ်သည် သူ့ကိုယ်သူ ပြိုင်ဆိုင်နိုင်စွမ်း သိပ်မရှိလှကြောင်း ခံစားလိုက်ရလေသည်။ အပေါ်ယံတွင် အနည်းငယ် ရှိနိုင်သော်ငြားလည်း အနှစ်သာရအားဖြင့်တော့ လုံးဝ မရှိသည်မှာ အမှန်ပင်။

ရှန်မော့အာက "ရပါတယ်" ဟု ပြောခဲ့သော်ငြားလည်း ဖုမင်ဇယ်သည် ရှေ့နောက် စဉ်းစားတွေးတောပြီးနောက်တွင် ဝမ်းသာပျော်ရွှင်မှု တစ်စက်လေးပင် မခံစားရသည့်အပြင် ဆန့်ကျင်ဘက်အနေဖြင့် ရင်တွင်းမှ အေးစက်သော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်။ သူသည် မျက်မှောင် မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားရပြီး မေးလိုက်၏။

"မင်း... ဘာလို့ ဆင်းရဲတဲ့သူကိုပဲ ရှာချင်နေရတာလဲ”

ရှန်မော့အာသည်လည်း သူက ဤကဲ့သို့ တုံ့ပြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမတို့ သားအဖနှစ်ယောက်သည် အလွန်အမင်း ချမ်းသာကြွယ်ဝလွန်းနေသဖြင့် ဆင်းရဲသော အိမ်ထောင်ဖက်ကို ရှာဖွေခြင်းက ပို စိတ်အေးရလိမ့်မည် ဖြစ်သောကြောင့်ဟုတော့ သူမ သေချာပေါက် ဖွင့်ဟပြောဆိုနိုင်မည် မဟုတ်ချေ။

သူမသည် အသေအချာ စဉ်းစားချင့်ချိန်ပြီးနောက် အကြောင်းပြချက်တစ်ခုကို ရှာဖွေလိုက်လေသည်။

"ကျွန်မတို့အိမ်က ဆင်းရဲတယ်လေ။ အခြေအနေကောင်းတဲ့သူကို ရှာလိုက်ရင် အဆင့်အတန်းချင်း မတူညီလို့ အနှိမ်ခံရမှာ စိုးရိမ်တယ်။ ပြီးတော့ ဆင်းရဲတာကလည်း ဘာမှ မကောင်းစရာ မရှိပါဘူး။ အတူတူ ကြိုးစားရုန်းကန်ပြီး ဘဝကို တဖြည်းဖြည်းနဲ့ ကောင်းမွန်အောင် တည်ဆောက်လို့ ရတာပဲလေ”

ခဏလောက် ရပ်တန့်သွားပြီးနောက် သူမက နောက်ထပ် စကားတစ်ခွန်းကို ထပ်ပေါင်းထည့်လိုက်၏။

"ဒါပေါ့... ဆင်းရဲတာအပြင် ရုပ်လည်း ချောရဦးမယ်လေ”

ဖုမင်ဇယ်၏ မျက်နှာထားသည် အနည်းငယ် အံ့အားသင့်သွားဟန် ရှိလေသည်။

"ရုပ်ချောရမယ် ဟုတ်လား”

ရှန်မော့အာသည် သူ့ကို ရဲတင်းစွာ ကြည့်လိုက်လေသည်။

"ဟုတ်တယ်လေ၊ ကျွန်မက ရုပ်ချောတဲ့သူကိုမှ သဘောကျတာ”

ဤစကားကို ကြားလိုက်ရသောအခါ ဖုမင်ဇယ်၏ ကြုတ်ထားသော မျက်ခုံးများက ပြေလျော့သွားတော့သည်။

အကယ်၍ သူမက ဆင်းရဲသောသူကိုသာ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ချင်နေကြောင်း အပြင်လူများသာ သိသွားခဲ့ပါလျှင် လူဘယ်လောက်များ စိတ်ဝင်စားသွားကြမည်ကို မသိနိုင်တော့ဟုပင် သူ ခုလေးတင် ရှုပ်ယှက်ခတ်အောင် တွေးတောနေမိခဲ့သေးသည်။ မည်သို့ပင်ဖြစ်စေ ယခုအချိန်အထိ ရွာသူရွာသားများက သူမ၏မိသားစုသည် အိမ်လိုက်နေမည့် သားမက်ကို ရှာဖွေချင်နေသည်ဟုသာ ကြိတ်ပြီး ယူဆထားကြလေသည်။ ထို့အပြင် သူမတို့ သားအဖနှစ်ယောက်စလုံးတွင် အလုပ်အကိုင်များ ရှိနေကြသဖြင့် အိမ်လိုက်နေမည့် သားမက်ကို ခေါ်ယူမည်ဆိုလျှင်တောင်မှ အလွန်အမင်း ဆိုးရွားနေသူမျိုးကိုတော့ ခေါ်ယူလိမ့်မည် မဟုတ်ချေ။

သို့သော် ရုပ်ရည်ချောမောမှုနှင့် ပတ်သက်၍ ပြောရမည်ဆိုလျှင် ဖုမင်ဇယ်ကတော့ ရွာထဲတွင် ဘယ်အမျိုးသားရဲဘော်ကမှ ရုပ်ရည်ချောမောသည်ဟု အမှန်တကယ် မခံစားရပေ။ အရုပ်ဆိုးအကျည်းတန်သည်ဟု မဆိုလိုသော်ငြားလည်း အနည်းဆုံးတော့ အားလုံးက သာမန်ရုပ်ရည်မျိုးသာ ရှိကြသည်။

သူကတော့ ငယ်စဉ်ကတည်းက လမ်းကြိုလမ်းကြားရှိ အိမ်နီးချင်းများ၏ ရုပ်ချောလိုက်တာဟု ချီးမွမ်းပြောဆိုမှုများကြားတွင် ကြီးပြင်းလာခဲ့ရသူ ဖြစ်လေသည်။

အဓိကအချက်မှာ ရှန်မော့အာ၏ ဤစကားအဓိပ္ပါယ်သည် တကယ်တမ်းတွင် သူ ရုပ်ရည်ချောမောကြောင်းကို ပြောဆိုနေခြင်းပင်။

ဖုမင်ဇယ်သည် ဘေးသို့ ခေါင်းလှည့်ကာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။ ရှန်မော့အာက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်၏။ သူမ၏ မျက်ဝန်းများသည် တက်ကြွလှုပ်ရှားကာ ချစ်စရာကောင်းနေပြီး လှပကျော့ရှင်းစွာဖြင့် မေးလိုက်လေသည်။

"ဘယ်လိုလဲ၊ ရှင် ရုပ်ချောတယ်လို့ ချီးမွမ်းခံရတာကို အဲဒီလောက်တောင် ဝမ်းသာနေတာလား”

ဖုမင်ဇယ်သည် သူမကို ကြည့်ကာ ပြုံးလိုက်လေသည်။

"ကျွန်တော်က ရုပ်ချောတယ်လို့ ချီးမွမ်းခံရတာပဲ၊ သေချာပေါက် ဝမ်းသာတာပေါ့”

သူသည် ခဏလောက် ရပ်တန့်သွားပြီး နှုတ်ခမ်းထောင့်ကို ကွေးညွတ်လိုက်ကာ ပေါ့ပါးနှေးကွေးသော လေသံဖြင့် ဆက်ပြောလိုက်၏။

"အထူးသဖြင့် ချစ်ရသူက ချီးမွမ်းတာဆိုတော့လေ”

ရုပ်ရည်ချောမောခြင်းနှင့် ဆင်းရဲခြင်းဟူသော ဤသတ်မှတ်ချက်နှစ်ခုထဲတွင် သူက အနည်းဆုံးတော့ တစ်ခုကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။

ထို့အပြင် အခြားသူများက သူ၏ နောက်ကြောင်းကို လိုက်လံစုံစမ်းခြင်း မရှိသရွေ့၊ ဤယန်လျိုတပ်ဖွဲ့တွင် ဆက်လက်နေထိုင်နေသရွေ့ သူက သေချာပေါက် ဆက်လက်၍ ဆင်းရဲနေရဦးမည်သာ။ ပေါင်းတွက်ကြည့်မည်ဆိုပါက သူသည်လည်း "ဆင်းရဲသည်" ဟူသော စကားလုံးနှင့် အနည်းနှင့်အများတော့ သက်ဆိုင်နေသေးသည်။

တူညီသည့် အကြောင်းပြချက်ကြောင့်ပင် သူသည် သူမ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဟု ယူဆနိုင်သည်။ သူမက "ရပါတယ်" ဟု ပြောထားပြီးဖြစ်သောကြောင့် သူတို့သည် သမီးရည်းစားများ ဖြစ်သွားကြပြီ။

ရှန်မော့အာသည် သူ့စကားကြောင့် မျက်နှာတစ်ခုလုံး ပူထူသွားသော်ငြားလည်း ရှက်ရွံ့နေသည့် အမူအရာကို နည်းနည်းလေးမှ ထုတ်ဖော်မပြခဲ့ချေ။ ထို့အပြင် သူ့ကို တမင်သက်သက် ဆန့်ကျင်နေသကဲ့သို့ပင် သတိပေးစကား ဆိုလိုက်သေး၏။

"ရှင် အခုထိ ရည်းစားမရှိသေးပါဘူးနော်။ ကျွန်မက ရတယ်လို့ ပြောတာနဲ့ အတည်မဖြစ်သေးဘူး။ အဖေ့ကို အရင်မေးရဦးမယ်”

ဒါကလည်း အမှန်တရားပင်။ သူမနှင့် သူမ၏အဖေသည် နှစ်ပေါင်းများစွာ အချင်းချင်း အမှီသဟဲပြုကာ အသက်ရှင်သန်လာခဲ့ကြပြီး မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော ကိစ္စမျိုးကို သူ၏ သဘောထားကို အရင်ဆုံး မေးမြန်းရပေမည်။

ဖုမင်ဇယ်သည် ဆွံ့အသွားပြီး အတန်ကြာမှသာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီလေ၊ ဒါဆိုရင်လည်း မင်းအဖေကို အရင်မေးလိုက်ပါ။ ကျွန်တော်ကတော့ အမြန်ဆုံး အတည်ဖြစ်သွားအောင် သေချာ ကြိုးစားပြီး စွမ်းဆောင်ပြပါ့မယ်”

ရှန်မော့အာသည် မနေနိုင်ဘဲ ရယ်မောလိုက်မိလေသည်။

ဤနေရာသို့ ရောက်သောအခါ ဖုမင်ဇယ်သည် ရုတ်တရက် သတိရသွားလေသည်။

"မင်းအဖေ ပြန်ရောက်လာတော့မယ် မဟုတ်လား”

ရှန်မော့အာက ခေါင်းညိတ်ပြလိုက်၏။

"စက်ဘီးရှိသွားကတည်းက သူ အလုပ်ဆင်းရင် ပြန်ရောက်တာ အများကြီး မြန်သွားတယ်”

ဖုမင်ဇယ်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်လေသည်။

"ဒါဆိုရင် ကျွန်တော် အရင်ပြန်တော့မယ်”

ဒီအချိန်မျိုးတွင် သူမ၏ဖခင်နှင့် တိုက်ရိုက် မဆုံတွေ့သင့်သည်မှာ သေချာသည်။ သို့မဟုတ်ပါက ဖခင်ဖြစ်သူ၏ စိတ်ထဲတွင် သိပ်ပြီး သက်တောင့်သက်သာ ရှိမည်မဟုတ်ဟု ခန့်မှန်းရသည်။ အစောပိုင်းက သူ့ဝမ်းကွဲအစ်မ၏ ရည်းစားက ဝမ်းကွဲအစ်မကို အိမ်သို့ ပထမဆုံးအကြိမ် လိုက်ပို့စဉ်က တိုက်ဆိုင်စွာဖြင့် တံခါးဝတွင် သူ့ဦးလေးနှင့် ဆုံတွေ့ခဲ့ပြီး ဦးလေးဖြစ်သူက လူကို တံမြက်စည်းဖြင့် ရိုက်တော့မလိုအထိ ဖြစ်ခဲ့ဖူးလေသည်။ သူက အရိုက်ခံရမည်ကို မကြောက်သော်ငြားလည်း သူမအဖေ၏စိတ်ထဲတွင် မသက်မသာဖြစ်သွားပြီး သူတို့ ချစ်သူဖြစ်မည့်အရေးကို တိုက်ရိုက် ငြင်းဆန်ပစ်လိုက်မည်ကိုသာ စိုးရိမ်မိခြင်း ဖြစ်သည်။

စိတ်ထဲမှ အမြန်သွားရမည်ဟု တွေးနေသော်ငြားလည်း ခြေလှမ်းများကတော့ ရွှေ့ပြောင်းရန် ခက်ခဲနေသယောင်။ ဖုမင်ဇယ်သည် မနေနိုင်ဘဲ ရှန်မော့အာကို ထပ်မံကြည့်လိုက်မိပြန်သည်။ သူမ၏ ပါးပြင်က တိမ်တိုက်များနှယ် ပါးလျသော အနီရောင်သန်းနေပြီး မျက်ဝန်းများကလည်း ထူးကဲစွာ စိုစွတ်တောက်ပနေကာ တောက်ပလင်းလက်နေသကဲ့သို့ပင် လှပလွန်းနေလေသည်။

သည်လူက ပြန်တော့မည်ဟု ရှင်းရှင်းလင်းလင်း ပြောထားပါလျက်နှင့် တစ်ချက်လေးမျှပင် မလှုပ်ရှားသေးချေ။ အကြည့်များကလည်း ပွင့်လင်းပြီး ပြင်းပြနေသဖြင့် ရှန်မော့အာသည် သူ၏ အကြည့်များအောက်တွင် ရင်တဒိတ်ဒိတ် ခုန်လာရကာ မနေနိုင်ဘဲ ပြောလိုက်မိလေသည်။

"ရှင် ပြန်တော့မယ်ဆို၊ ဘာကြည့်နေတာလဲ”

ဖုမင်ဇယ်သည် တိုးညှင်းသော လေသံဖြင့် ပြန်ဖြေလိုက်၏။

"ကို့ရဲ့ ချစ်သူလောင်းလျာလေးကို ကြည့်နေတာလေ”

ရှန်မော့အာက မနေနိုင်ဘဲ သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။ ဖုမင်ဇယ်က နှုတ်ခမ်းထောင့်ကို ကွေးညွတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်၏။

"ကျွန်တော် သွားပြီ၊ မနက်ဖြန်မှ တွေ့ကြမယ် ရဲဘော်ရှန်မော့အာ”

ထိုသို့ပြောပြီးနောက် ပြတ်သားစွာ ခြေလှမ်းကျဲကြီးများဖြင့် လှည့်ထွက်သွားလေသည်။ ခြံဝသို့ ရောက်လုနီးပါးအချိန်တွင်တော့ သူသည် တန်းပြီး ပြေးထွက်သွားတော့သည်။

ဆောင်းဦးလေပြေက သူ၏ ကိုယ်ပေါ်ရှိ ရှပ်အင်္ကျီအဖြူလေးကို အနည်းငယ် ဖောင်းကြွသွားစေလေသည်။ သူ့ကျောပြင်ထက်တွင် ချွေးများ ရွှဲနစ်နေသည်ကို ရှန်မော့အာ မြင်လိုက်ရ၏။ သွယ်လျဖြောင့်မတ်သော ကိုယ်နေဟန်ထား ပုံစံသည် ထိုစိုရွှဲနေသော အဝတ်စထဲတွင် ရစ်ပတ်ခံထားရပြီး လူငယ်ဆန်သော အငွေ့အသက်တစ်ခုကို မသိမသာ ထုတ်လွှင့်နေလေသည်။

ယခင်က ဖုမင်ဇယ်အပေါ် ရှန်မော့အာ၏ အမြင်မှာ သူသည် အသက်အရွယ်ထက် အနည်းငယ် ပို ရင့်ကျက်သည်ဟု ထင်မြင်ခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် သူက စကားနည်းလွန်းသဖြင့် တည်ငြိမ်မှုများကြားတွင် လျှို့ဝှက်ဆန်းကြယ်မှု အနည်းငယ် ပါဝင်နေသယောင် ထင်ရလေသည်။

သို့သော် ဤအခိုက်အတန့်တွင်တော့ နောက်မှနေ၍ ဝံပုလွေတစ်ကောင်က လိုက်လံဖမ်းဆီးနေသည့်အလား ခြံဝင်းထဲမှ ပြေးထွက်သွားသော သူ့ကို ကြည့်ရင်း ရှန်မော့အာသည် မနေနိုင်ဘဲ အသံထွက်ကာ ရယ်မောလိုက်မိတော့၏။

ထိုမျှလောက် အလောတကြီးဖြင့် ထွက်ပြေးသွားတတ်သော ပညာတတ်လူငယ်ဖုကို မြင်တွေ့ရသည်မှာ အမှန်တကယ်ပင် ရှားပါးလှပေသည်။

ဖုမင်ဇယ်သည် ပညာတတ်လူငယ်စခန်းသို့ တစ်လျှောက်လုံး ပြေးလာခဲ့ပြီး စခန်းခြံဝင်းတံခါးအပြင်ဘက်တွင် ရပ်တန့်လိုက်လေသည်။ တစ်စုံတစ်ရာကို တွေးတောလိုက်ပြီးနောက် လှည့်ကာ ဟင်းသီးဟင်းရွက်စိုက်ခင်းဘက်သို့ သွားလိုက်၏။

ရှန်မော့အာ၏ အိမ်တွင် ရေချိုးခန်း အိမ်သာတစ်ခု ပြုလုပ်ပြီးနောက် ပညာတတ်လူငယ်များသည်လည်း မူလက ထူးဆန်းသော စိတ်ကူးများဖြင့် တစ်ခုပြုလုပ်ချင်ခဲ့ကြသော်ငြားလည်း သိပ်မကြာမီမှာပင် ကြီးမားသော ကုန်ကျစရိတ်များကြောင့် လက်လျှော့လိုက်ရလေသည်။

သို့သော် နောက်ပိုင်းတွင်တော့ မြေဆွေးမြေဩဇာများ ပြုလုပ်ရန်အတွက် ကျင်းတစ်ခုတူးရန် တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ဟင်းသီးဟင်းရွက်စိုက်ခင်းထဲတွင် "စမ်းသပ်စိုက်ခင်း" အဖြစ် အသုံးပြုရန် မြေကွက်ငယ်တစ်ကွက်ကို သတ်မှတ်လိုက်ကြလေသည်။

"စမ်းသပ်စိုက်ခင်း" ကို လောလောဆယ်တွင် ဖုမင်ဇယ်နှင့် ကျန်းကျစ်ချန်တို့က အဓိက တာဝန်ယူထားကြလေသည်။ မြေဆွေးမြေဩဇာများ ပြုလုပ်ရန် စိတ်ကူးကို ဖုမင်ဇယ်က အကြံပြုခဲ့ခြင်းဖြစ်ပြီး အခြားသူများက ဤကိစ္စနှင့် ပတ်သက်၍ လုံးဝ နားမလည်ကြသဖြင့် တာဝန်ယူချင်လျှင်ပင် တာဝန်ယူနိုင်စွမ်း မရှိကြချေ။

ကျန်းကျစ်ချန်အနေဖြင့်တော့ သူသည် ပညာတတ်လူငယ်စခန်း၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဤကိစ္စရပ်၏ တိုးတက်မှုကို "ကြီးကြပ်" နေခြင်း ဖြစ်သည်။ ဖုမင်ဇယ်က သေချာပေါက် သူ့ကို အနားပေးထားမည် မဟုတ်ချေ။ ကြီးကြပ်သည်ဟု အမည်ခံထားသော်ငြားလည်း လက်တွေ့တွင်တော့ သူသည် ဖုမင်ဇယ်၏ လှည့်စားမှုကြောင့် ပင်ပန်းခက်ခဲသော အလုပ်ကြမ်းများကို အများအပြား လုပ်ကိုင်ခဲ့ရလေသည်။

အချုပ်အားဖြင့်ဆိုရသော် သူတို့နှစ်ဦး၏ သေချာစွာ ဂရုစိုက်မှုအောက်တွင် လောလောဆယ်ကြည့်မည်ဆိုလျှင် "စမ်းသပ်စိုက်ခင်း" ၏ ကြီးထွားမှုအခြေအနေက အလွန်ကောင်းမွန်နေလေသည်။

ဖုမင်ဇယ်သည် ဟင်းသီးဟင်းရွက်စိုက်ခင်းထဲသို့ ဝင်ရောက်သွားပြီးနောက် "စမ်းသပ်စိုက်ခင်း" ထဲတွင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို အရင်ဆုံး သွားရောက်ကြည့်ရှုလိုက်ပြီး မြေကန်သင်းပေါ်တွင် ရပ်ကာ ခေတ္တမျှ ငေးမောနေမိလေသည်။

တကယ်တမ်းတွင် သူသည် အစကတည်းက ရှန်မော့အာကို ယနေ့ မေးမြန်းရန် ရည်ရွယ်မထားခဲ့ချေ။ ဆောင်းဦးသီးနှံရိတ်သိမ်းမှု အားလုံး ပြီးဆုံးသွားချိန် သို့မဟုတ် သူမ ပြည်နယ်အဆင့် ပြိုင်ပွဲ ပြီးဆုံးသွားချိန်အထိ စောင့်ဆိုင်းခြင်းက ပို သင့်လျော်မည်ဟု ထင်မြင်မိလေသည်။

သို့သော်ငြား သူမ၏ အိမ်မှ ထွက်လာပြီး ရွာလမ်းမပေါ်တွင် လျှောက်လှမ်းနေချိန်၌ ရုတ်တရက်ဆိုသလို သူမကို ပြန်သွားကြည့်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့ပြီး သူမ၏ အိမ်သို့ အပြေးအလွှား ပြန်ရောက်သွားချိန်တွင်တော့ ရုတ်တရက်ပင် ဖွင့်ပြောခဲ့မိလေ၏။

အလွန်ပင် ရုတ်တရက်ဆန်လွန်းလှသည်။ ရုတ်တရက်ဆန်လွန်းလှသဖြင့် သူ့ကိုယ်သူပင် လန့်ဖြန့်သွားရသည်အထိပင်။

သို့သော်ငြားလည်း အတော်လေး ကောင်းမွန်သယောင် ရှိလေသည်။ ယခုအချိန်တွင် တရားဝင် ချစ်သူများ မဟုတ်ကြသေးသော်ငြား အနည်းဆုံးတော့ "ယာယီ" အဖြစ် သတ်မှတ်၍ ရနိုင်လောက်သည်။

ဖုမင်ဇယ်သည် ပြုံးလိုက်လေသည်။

"နေပါဦး၊ မင်းက ဟင်းခင်းကိုကြည့်ပြီး ဘာတွေ ပြုံးနေတာလဲ”

ကျိန့်ကျားမင်သည် မည်သည့်အချိန်က ရောက်ရှိလာမှန်းမသိဘဲ လျှောက်လာခဲ့ပြီး သူ့မျက်နှာထက်တွင် လန့်ဖြန့်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်နေလေ၏။

"မင်း ပြန်ရောက်လာပြီး ဟင်းရွက်ခင်းထဲမှာ ရှိနေတယ်လို့ ဝမ်ချိုးထုန် ပြောတုန်းက ငါက မယုံသေးဘူး။ တကယ်တမ်းကျတော့ မင်းက ဟင်းခင်းထဲမှာ ရှိနေရုံတင်မကဘဲ ဟင်းခင်းကို ကြည့်ပြီးတော့တောင် အရူးတစ်ယောက်လို ပြုံးနေသေးတယ်။ မင်းများ ရူးသွားတာ မဟုတ်ပါဘူးနော်”

ဖုမင်ဇယ်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်၏။

"ငါ့ကို ဘာလာရှာတာလဲ”

"အေး... ဒါမှန်သွားပြီ။ ဒီလို ခံစားချက်မရှိဘဲ လူကို ဂရုမစိုက်ချင်တဲ့ ပုံစံမျိုးကမှ မင်းနဲ့ ပိုပြီးလိုက်ဖက်တာ” ကျိန့်ကျားမင်က ပြောလိုက်လေသည်။

ဖုမင်ဇယ် ထပ်မေးသည်ကိုပင် စောင့်မနေတော့ဘဲ သူကိုယ်တိုင်ပင် ဖုမင်ဇယ်၏ အနီးသို့ ကပ်သွားကာ တိုးတိုးလေး ပြောလိုက်လေသည်။

"ရှီဝေ့ မင်းရဲ့ ပစ္စည်းတွေကို မွှေနှောက်နေတာ ငါ တွေ့လိုက်တယ်”

...

အပိုင်း (၄၄.၁) အိမ်ထောင်ဖက်ရှာဖို့အတွက် အရှက်နည်းရတာကလဲ လူ့သဘာဝ မဟုတ်ဘူးလား...

"ရှဲခနဲ”အသံနှင့်အတူ ဟင်းသီးဟင်းရွက်များကို ဒယ်အိုးထဲသို့ လောင်းထည့်ကာ စတင်မွှေကြော်နေချိန်တွင် ရှန်ရှောက်ယွမ်သည် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။ သူသည် ရေခပ် မျက်နှာသစ်လိုက်ပြီး မျက်နှာသုတ်ပုဝါကို ပွတ်သပ်ရင်း ရှန်မော့အာကို မေးလိုက်၏။

"အဖေ ခုလေးတင် စက်ဘီးစီးပြီး ပြန်လာတော့ ပညာတတ်လူငယ်ဖု အဖေတို့အိမ်ကနေ ပြေးထွက်သွားတာကို မြင်လိုက်ရသလိုပဲ။ ပြေးလိုက်တာမှ မြန်လိုက်တာများ နောက်ကနေ ဓားပြလိုက်နေတဲ့အတိုင်းပဲ။ ဘာလဲ... ပညာတတ်လူငယ်စခန်းမှာ အရေးပေါ်ကိစ္စ ရှိလို့လား”

ရှန်မော့အာသည် "ဖူး" ကနဲ အသံထွက်ကာ ရယ်မောလိုက်ပြီးနောက် ခဏလောက် စဉ်းစားလိုက်ကာ အရေးမကြီးသော ကိစ္စများကို ရွေးချယ်ပြီး အရင်ပြောပြလိုက်သည်။

"ပညာတတ်လူငယ်ဖုက ကြက်ဖတစ်ကောင် လာပို့သွားတယ်။ အရှင်ကြီးပဲ၊ ကြက်ခြံထဲမှာ မွေးထားတယ်။ ဆောင်းဦးသီးနှံရိတ်သိမ်းတာ အရမ်းပင်ပန်းလို့ အားဖြည့်ချင်တယ်တဲ့။ ပညာတတ်လူငယ်စခန်းမှာက ချက်ပြုတ်စားသောက်ဖို့ အဆင်မပြေလို့တဲ့လေ”

"ကျိန့်ကျားမင်နဲ့ အတူတူ အဖေတို့အိမ်မှာ ထမင်းလာစားကြမလို့ မဟုတ်လား။ သူတို့က အသားထုတ်ပြီး အဖေတို့က ဆန်ထုတ်ရမှာဆိုတော့ အဖေတို့ကတောင် အမြတ်ထွက်နေသေးတာပဲ”

ဖုမင်ဇယ်နှင့် ကျိန့်ကျားမင်တို့သည် သူတို့အိမ်တွင် အချိန်အတော်ကြာအောင် ကူညီလုပ်ကိုင်ပေးခဲ့ကြသဖြင့် ရှန်ရှောက်ယွမ်သည်လည်း သူတို့နှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။

"မနက်ဖြန် ချက်မှာလား။ ဒါဆို အဖေ တပ်ဖွဲ့ကနေ ပြန်လာတဲ့အခါ တခြားဟင်းစရာလေး နည်းနည်း ထပ်ဝယ်ခဲ့မယ်လေ”

အသားဝယ်ရန်အတွက် အသားကူပွန် လိုအပ်သဖြင့် ရှန်ရှောက်ယွမ်သည် ကူပွန်မလိုသော ဝက်ကလီစာ အနည်းငယ်ကို ဝယ်ယူရန် စဉ်းစားလိုက်ပြီး ဝက်အသည်းကြော် တစ်ခွက် လုပ်ရန် ရည်ရွယ်လိုက်သည်။ မည်သို့ပင်ဆိုစေ ကြက်တစ်ကောင်လုံး ဖြစ်နေသဖြင့် သူတို့အနေဖြင့်လည်း သူတစ်ပါးအပေါ် အလွန်အမင်း အမြတ်ထုတ်လွန်းရာ မကျသင့်ပေ။

"အဖေ ကြည့်ပြီးသာ လုပ်လိုက်ပါ”

ရှန်မော့အာသည် ဟင်းမွှေဇွန်းကို လှန်လှောမွှေနှောက်လိုက်ပြီးနောက် မကြာမီမှာပင် ဒယ်အိုးထဲရှိ ဝက်ပေါင်ခြောက် ပဲတောင့်ရှည်ကြော်ကို ပန်းကန်ထဲသို့ ခူးထည့်လိုက်သည်။ ထို့နောက် ရေခပ်ပြီး ဒယ်အိုးကို ဆေးကြောလိုက်ပြီး ဆီထည့်ကာ ခေါက်ထားသော ကြက်ဥရည်ကို လောင်းထည့်လိုက်၏။

ရှန်မော့အာ၏ ကျွမ်းကျင်ပိုင်နိုင်သော လှုပ်ရှားမှုများကို ကြည့်ရင်း ရှန်ရှောက်ယွမ်၏ ရင်ထဲတွင် အနည်းငယ် ဆွေးမြည့်နာကျင်သွားရပြန်သည်။ သူ၏ သမီးငယ်လေး မော့အာသည် သာ့လျန်မင်းဆက်တွင် အမှန်အတိုင်း အကြမ်းဖျင်းပြောရမည်ဆိုလျှင် မျက်နှာသာမပေးခံရသော မင်းသမီးငယ်လေးများထက်ပင် ပိုအလိုလိုက်ခံရသော ခရိုင်မင်းသမီးငယ်လေး တစ်ပါးဖြစ်ခဲ့သည် မဟုတ်ပါလား။ ယခုအခါ လအနည်းငယ်အတွင်းမှာပင် အိမ်မှုကိစ္စများကို လုပ်ကိုင်ရာ၌ သည်လောက်တောင် ကျွမ်းကျင်နေခဲ့လေပြီ။

အင်း... လောကဓံဆိုတာ မှန်းဆလို့ မရနိုင်ပါလား။

ဒီအချက်ကို တွေးမိသောအခါ ရှန်ရှောက်ယွမ်သည် မျက်နှာသုတ်ပုဝါကို ညှစ်လိုက်ပြီး စကားစလိုက်သည်။

"မော့အာ... အဖေ ပြောစရာ သတင်းကောင်းတစ်ခု ရှိတယ်”

ရှန်မော့အာသည် အဖေဖြစ်သူကို လှည့်ကြည့်လိုက်ပြီး ပြုံးရွှင်စွာဖြင့် မေးလိုက်၏။

"ဘာကိစ္စလဲ”

ရှန်ရှောက်ယွမ်သည် အိမ်အပြင်သို့ အရင်ထွက်ကာ ကြွေပန်းကန်လုံးထဲမှ ရေများကို သွန်ပစ်လိုက်ပြီး ပြန်ဝင်လာကာ ပန်းကန်လုံးကို နေရာတကျ ပြန်ထားလိုက်သည်။ ထို့နောက် ရှန်မော့အာ၏ အနီးသို့ သွားရပ်လိုက်မှသာ ပြောလိုက်လေသည်။

"အဖေ လာမယ့်လဆိုရင် အမြဲတမ်းဝန်ထမ်း ဖြစ်တော့မယ်”

"အယ်”

ရှန်မော့အာသည် လက်တစ်ချက် တုန်သွားပြီး စဉ်းတီတုံးပေါ်ရှိ တောမှိုများကို ဒယ်အိုးထဲသို့ တွန်းချမိသွားတော့သည်။

"အာ... ဟင်းနုနွယ်ရွက် ကြက်ဥကြော် လုပ်မလို့ကို”

ရှန်ရှောက်ယွမ်ကတော့ နည်းနည်းလေးမှ ဂရုမစိုက်ချေ။

"ဒါဆိုလည်း မှိုကြက်ဥကြော် လုပ်လိုက်ပေါ့။ ဟင်းနုနွယ်ရွက်ကို ဟင်းချိုလုပ်သောက်ကြတာပေါ့”

ရှန်မော့အာက ပြုံးလျက် ပြန်ပြောလိုက်၏။

"ကောင်းပါပြီ”

သူမသည် ဟင်းမွှေဇွန်းဖြင့် ဖြစ်သလို ဟိုလှန်ဒီလှန် လုပ်လိုက်ပြီး ခေါင်းလှည့်ကာ ရှန်ရှောက်ယွမ်ကို ထပ်မံကြည့်လိုက်ပြန်သည်။

"အဖေက တကယ်ကို တော်တာပဲ”

ရှန်ရှောက်ယွမ်သည်လည်း ပြုံးလိုက်လေသည်။ ရှန်မော့အာသည် ဟင်းမွှေဇွန်းကို အကြိမ်အနည်းငယ် မွှေနှောက်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်၏။

"သမီးလည်း အဖေ့ကို ပြောစရာ တစ်ခုရှိတယ်။ အင်း... သတင်းကောင်းလို့ ခေါ်လို့ရမယ် ထင်တယ်”

ရှန်ရှောက်ယွမ်သည် အံ့အားသင့်သွားလေသည်။

"ဪ...?"

ရှန်မော့အာအတွက်တော့ မကြာသေးမီက အကြီးမားဆုံး သတင်းကောင်းဆိုသည်မှာ ကလေးနှစ်ယောက် ဆုရရှိသွားပြီး ပြည်နယ်မြို့တော်သို့ သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားခြင်းပင် ဖြစ်သင့်သည်တွင် ရှန်ရှောက်ယွမ်အနေဖြင့် ချက်ချင်းဆိုသလို အခြားမည်သည့် သတင်းကောင်း ရှိနိုင်ဦးမည်ကို စဉ်းစား၍ မရနိုင်အောင် ဖြစ်သွားရသည်။

ရှန်မော့အာသည် အဖေဖြစ်သူကို လှည့်ကြည့်လိုက်ပြီး နောက်ပြောင်ချင်သော အပြုံးဖြင့် ပြုံးလိုက်လေသည်။

"ပညာတတ်လူငယ်ဖုက ခုလေးတင် သမီးနဲ့ ချစ်သူဖြစ်ချင်တယ်လို့ ပြောသွားတယ်။ သမီးလည်း သဘောတူလိုက်ပြီ”

"???"

"!!!"

မူလက ပြုံးရွှင်နေခဲ့ရာမှ မျက်တောင်တစ်ခတ်အတွင်းမှာပင် မျက်နှာထားက မည်းမှောင်သွားတော့ပြီး ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"ဒါက သတင်းကောင်းလား”

ရှန်မော့အာက ရယ်မောလျက် ပြောလိုက်၏။

"အဖေပဲ သမီးကို မျက်မြင်ကိုယ်တွေ့ သွားကြည့်ခိုင်းဖို့ စီစဉ်နေတာ မဟုတ်ဘူးလား။ အဲဒီ ကျန်းကျွင့်လျန်က ရုပ်ရည်ကလည်း သာမန်ပဲ၊ ပြီးတော့ ကျိုးကြောင်းမဲ့တဲ့ အမေတစ်ယောက်လည်း ရှိသေးတယ်။ အဓိကအချက်က သူက အိမ်လိုက်နေမယ့် သားမက်လည်း မလုပ်ချင်ဘူးလေ။ ပညာတတ်လူငယ်ဖု ပြောတဲ့စကားအရဆိုရင်တော့ သူက အိမ်လိုက်နေမယ့် သားမက် လုပ်ဖို့ လိုလိုလားလား ရှိနေတယ်”

ရှန်ရှောက်ယွမ်သည် ဆွံ့အသွားရလေသည်။

"သူက အိမ်လိုက်နေမယ့် သားမက် လုပ်ချင်လို့ ဟုတ်လို့လား။ သူက အိမ်လိုက်နေမယ့် သားမက် မလုပ်လို့လည်း မရလို့နေမှာပေါ့။ အဲဒီလောက်အထိ ဆင်းရဲနေမှတော့ မိန်းမယူပြီးရင်လည်း ပညာတတ်လူငယ်စခန်းက အများအိပ်ဆောင်ကြီးမှာ ဆက်နေလို့မှ မရနိုင်တာကိုး။ အဖေ စောစောကတည်းက ရိပ်မိသားပဲ။ ဒီကောင်လေးက သဘောကောင်းတဲ့သူမျိုးလည်း မဟုတ်ဘဲနဲ့ ရှေ့နောက် အလုပ်ရှုပ်ခံပြီး အဖေတို့အတွက် ရေချိုးခန်း အိမ်သာတွေ လာလုပ်ပေးနေကတည်းက အစောကြီးကတည်းက အကြံယုတ်တွေ ကြံစည်နေတာ ထင်ရှားနေတာပဲ”

ရှန်မော့အာသည် ပန်းခက်လေးများ ယိမ်းနွဲ့သွားသည့်အလား လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်လေသည်။

"အဖေပဲ ပြောတယ်လေ၊ သူက အလုပ်ရှုပ်ခံပြီး ကူညီပေးခဲ့ပါတယ်လို့”

ရှန်ရှောက်ယွမ်က ဒေါသတကြီးဖြင့် ပြန်ပြောလိုက်၏။

"အဖေလည်း စောစောကတည်းက ရိပ်မိပါတယ်။ သမီးက အဲဒီ သောက်ကျိုးနည်း ကျန်းကျွင့်လျန်ကို သဘောမကျတာ ဘယ်ဟုတ်မလဲ။ သမီးက အစောကြီးကတည်းက ဖုမင်ဇယ်ဆိုတဲ့ အဲဒီ မျက်နှာဖြူကောင်လေးကို သဘောကျနေခဲ့တာ ထင်ရှားနေတာပဲ”

ရှန်မော့အာကလည်း မငြင်းဆန်ခဲ့ချေ။

"သူက ရုပ်ချောတယ်လေ”

"ရုပ်ချောတာက ထမင်းစားလို့ ဝလို့လား”

"ကြည့်ရင်းနဲ့ ထမင်းတစ်ပန်းကန် ပိုစားလို့ ရတာပေါ့”

ရှန်ရှောက်ယွမ်သည် ချက်ချင်းဆိုသလို ပို၍ ဒေါသထွက်သွားတော့သည်။

"မိန်းကလေးဆိုတာ အပြင်ဘက်ကိုပဲ မျက်နှာမူတတ်ကြတာပဲ”

ရှန်မော့အာက ရယ်မောလျက် ပြောလိုက်၏။

"သမီးက သူ့ကို ပြောလိုက်ပါတယ်။ အဖေသာ သဘောမတူဘူးဆိုရင် ဒီကိစ္စကို လက်လျှော့လိုက်မယ်လို့”

ရှန်ရှောက်ယွမ်သည် စကားဆို့သွားပြီး အတန်ကြာမှသာ သက်ပြင်းချလိုက်လေသည်။

"အဖေက ဘယ်လိုလုပ်ပြီး သဘောမတူဘဲ နေနိုင်မှာလဲ။ မျက်နှာဖြူလေးက ရုပ်ရည်တော့ အမှန်တကယ်ပဲ ကြည့်ကောင်းပါတယ်။ အတော်လေးလည်း ဆင်းရဲတယ်ဆိုတော့ အိမ်လိုက်နေမယ့် သားမက်လည်း လုပ်နိုင်တာပေါ့။ သူ့ဘေးနားမှာ အဖေအမေလည်း မရှိဘူးဆိုတော့ သမီးလည်း ယောက္ခမရဲ့ အနှိမ်ခံရစရာ မလိုတော့ဘူးလေ။ စဉ်းစားကြည့်တော့လည်း... အတော်လေး သင့်တော်ပါတယ်”

အတော်လေး သင့်တော်သည်ဟူသော စကားလုံးအချို့ကို မလိုလားမနှစ်သက်စွာဖြင့် ပြောထွက်လာခဲ့သော်ငြားလည်း အမှန်တရားက အမှန်တကယ်ပင် ဤအတိုင်း ဖြစ်နေလေသည်။ ထို့အပြင် ထိုမျှလောက် အပြစ်ရှာမနေဘူးဆိုလျှင် မျက်နှာဖြူလေးဖုသည် အနည်းငယ် ဆင်းရဲသည်မှအပ တကယ်တမ်း၌ အခြားအပြစ်တင်စရာ အကြောင်းပြချက် မရှိလှချေ။

ရှန်ရှောက်ယွမ်သည် စဉ်းစားတွေးတောလိုက်ပြီးနောက် ဒေါသမပြေနိုင်သေးဘဲ ပြောလိုက်လေသည်။

"အဲဒီ ကြက်ကို သူ့ဆီ ပြန်ပို့လိုက်”

ရှန်မော့အာသည် တောမှိုကြက်ဥကြော်ကို ခူးထည့်လိုက်ပြီး ဟင်းနုနွယ်ရွက်ဟင်းချိုကို စတင်ချက်ပြုတ်ကာ ပေါ့ပေါ့ပါးပါးပင် ပြန်ထူးလိုက်၏။

"အင်း... ကြက်ကို သူ့ဆီ ပြန်ပို့လိုက်မယ်။ ခဏနေရင်ကို သွားပို့လိုက်မယ်”

ရှန်ရှောက်ယွမ်သည် သူမကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး အတန်ကြာမှသာ ဝမ်းနည်းဆွေးကြေစွာဖြင့် သက်ပြင်းချလိုက်လေသည်။

"မိန်းကလေးဆိုတာ အပြင်ဘက်ကိုပဲ မျက်နှာမူတတ်ကြတာပဲ”

ထို့နောက် ရင်ဘတ်ထဲတွင် ဖိနေသော ကျောက်တုံးကြီးတစ်တုံးက ထိုစကားနှင့်အတူ ပြုတ်ကျသွားသကဲ့သို့ အမည်မသိသော ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။

လာမည့်လဆိုလျှင် မော့အာလေး၏ အသက် ၁၈ နှစ်ပြည့် မွေးနေ့ရောက်ရှိတော့မည်။ သာ့လျန်မင်းဆက်တွင် သူမကဲ့သို့ အရွယ်ရောက်ပြီး အိမ်ထောင်မကျသေးသော မိန်းကလေးဆိုသည်မှာ အလွန်ပင် ရှားပါးလှသည်ဟု ဆိုနိုင်ပေသည်။ သူကတော့ ဧကရာဇ်မင်း၏ ညီတော်အရင်းဟူသော ဂုဏ်ပုဒ်နှင့် အစ်ကိုတော်က မော့အာလေးအပေါ် ချစ်ခင်မြတ်နိုးမှုကို အားကိုး၍ အသက်အရွယ် အနည်းငယ် ကြီးရင့်သွားလျှင်တောင်မှ သာ့လျန်မင်းဆက် တစ်ခုလုံးတွင် သင့်တော်သော သားမက်တစ်ယောက် မရှာဖွေနိုင်မှာကို မစိုးရိမ်ခဲ့ချေ။

ဤသို့ဖြင့် သမီးဖြစ်သူကို တစ်နှစ်ပြီးတစ်နှစ် အိမ်တွင် ထားရှိခဲ့ခြင်း ဖြစ်လေသည်။

သူပုန်များက မြို့ကို ဝန်းရံလာချိန်တွင် ရှန်ရှောက်ယွမ်သည် နောင်တရခဲ့ပြီး ဖြစ်သည်။ ကမ္ဘာသစ်တစ်ခုသို့ ပြောင်းလဲရောက်ရှိလာပြီးနောက် ဘဝက အနည်းငယ် တည်ငြိမ်လာချိန်တွင် သူသည် တကယ်တမ်း ဤကိစ္စကို စတင်စဉ်းစားနေခဲ့ပြီ ဖြစ်သည်။

ယခုအခါတွင်တော့ အရာအားလုံး အတည်တကျ ဖြစ်သွားပြီဟု ဆိုနိုင်ပေပြီ။

ရှန်မော့အာသည် အဖေဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်လေသည်။

"ဒီနေ့ ကျိုးကျောက်တိရဲ့ မိထွေးက သမီးကို ပြဿနာ လာရှာတယ်”

ရှန်ရှောက်ယွမ်သည် အာရုံပြောင်းသွားပြီး "ဟင်။ ကြည့်ရတာ အရမ်းကို ပိန်လှီသေးကွေးနေတဲ့ အဲဒီ မိန်းကလေးလား။ ဆုတောင် ရသွားပြီ မဟုတ်ဘူးလား။ ပြည်နယ်အဆင့် ပြိုင်ပွဲတောင် သွားရဦးမှာကို၊ သူ့မိထွေးက သမီးကို ပြဿနာ လာရှာသေးတာလား”

ရှန်မော့အာသည် ယနေ့ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ပြောပြလိုက်သည်တွင် ရှန်ရှောက်ယွမ်၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို မသာမယာ ဖြစ်သွားတော့သည်။

"အဖေတို့အိမ်အထိတောင် လာပြီး ပြဿနာရှာရဲတယ်ပေါ့လေ။ မဖြစ်ဘူး၊ အဖေ သွားပြီး သူ့ကို ပညာနည်းနည်းလောက် ပေးလိုက်ဦးမှ”

ရှန်မော့အာသည်လည်း တားဆီးခြင်း မပြုခဲ့ဘဲ စကားတစ်ခွန်းသာ ပြောလိုက်၏။

"ညစာ အရင်စားလိုက်ပါဦး။ ဗိုက်ဝမှ သွားတာပေါ့”

ညစာစားပြီး ပန်းကန်များကို ဆေးကြောပြီးနောက် ရှန်ရှောက်ယွမ်သည် ရေတစ်ဇလုံ ထပ်ခပ်ကာ လက်များကို သေသေချာချာ ပွတ်သပ်ဆေးကြောလိုက်၏။ ထို့နောက် အခန်းထဲသို့ ပြန်ဝင်ကာ ပစ္စည်းတစ်ခုကို ယူဆောင်လိုက်ပြီး တံခါးဘေးမှ သစ်သားတုတ်တစ်ချောင်းကိုလည်း ယူဆောင်ကာ ရွာထဲသို့ ဖြည်းညှင်းစွာ ထွက်ခွာသွားလေတော့သည်။

ရှန်မော့အာလည်း ပြုံးလိုက်ပြီး နောက်မှ လိုက်ပါသွားလေသည်။

သားအဖနှစ်ဦးသည် ကျိုးမိသားစု၏ ခြံဝင်းတံခါးအပြင်ဘက်သို့ ရောက်ရှိသွားချိန်တွင် အထဲ၌ ယန်တာ့နွီက လူများကို ဆဲရေးတိုင်းထွာနေလေသည်။

"... ငါက ဘယ်သူ့အတွက် လုပ်ပေးနေတာလဲ။ ငါက ဒီမိသားစုအတွက် လုပ်ပေးနေတာ မဟုတ်ဘူးလား။ တပ်ဖွဲ့ဆီကနေ လုပ်အားခရမှတ် ပိုတောင်းလို့ရမယ့် ကိစ္စကို ဘာလို့ မတောင်းရမှာလဲ။ ပြီးတော့ အဲဒီ ဆရာမရှန်လေ၊ သူတို့မိသားစုမှာ အလုပ်သမား နှစ်ယောက်တောင် ရှိတာ။ ငွေတွေ၊ ကူပွန်တွေက သုံးလို့တောင် မကုန်နိုင်ဘူး။ အပြာရောင်အုတ်ကြွပ်မိုး အိမ်ကြီးတောင် ဆောက်ထားနိုင်သေးတာ။ သူက အခု အဲဒီ ဆန်ကုန်မြေလေး ကောင်မလေးဆီကနေ အောင်မြင်မှုတွေ မျှော်လင့်နေတာလေ၊ ငါက သူ့ဆီကနေ ပိုက်ဆံနည်းနည်းတောင်းတာ ဘာများ ဖြစ်သွားလို့လဲ။ ထွီ... တစ်မိသားစုလုံး သတ္တိကြောင်တဲ့ကောင်တွေချည်းပဲ”

ကျိုးရှောင်ရွှမ်း၏ အသံ ထွက်ပေါ်လာလေသည်။

"မင်း အသံတိုးတိုး လုပ်ပါဦး။ တပ်ဖွဲ့ခေါင်းဆောင်က ပြောပြီးပြီလေ၊ ဒါက အများနဲ့သက်ဆိုင်တဲ့ ကိစ္စလို့။ ပြီးတော့ ကျောက်တိလည်း လုပ်အားခရမှတ်တွေ အများကြီး ရထားတယ် မဟုတ်လား။ ထားလိုက်ပါတော့”

အိမ်ခန်းအတွင်းမှ သိပ်မပီသသော အသံတစ်ခု ထွက်ပေါ်လာလေသည်။

"မန်ခန်း ပြောတာကို နားထောင်လိုက်။ သူက ငါတို့ ကျိုးမျိုးရိုးတွေကို နစ်နာအောင် လုပ်ပါ့မလား။ မင်း ထပ်ပြီး ပြဿနာ မရှာနဲ့တော့။ ကလေးကိုသာ အေးအေးဆေးဆေး မွေးဖို့ လုပ်ပါ..."

ထိုအသံသည် ကျိုးမိသားစု၏ အဘိုးအို ဖြစ်ဟန်တူလေသည်။

"ရှင်တို့က ဗိုက်ထဲက ကလေးကို ဂရုစိုက်တယ်ဆိုရင် တပ်ဖွဲ့ရုံးကိုသွားပြီး နို့စိမ်းမှုန့်တို့ နို့မှုန့်တို့ ဘာလို့ သွားမဝယ်တာလဲ။ ဒီလို သားယောက်ျားလေးတစ်ယောက် မွေးဖို့ဆိုတာ အဲဒီလောက် လွယ်တယ်များ မှတ်နေလား။ အစားကောင်း အသောက်ကောင်းလေး မစားရဘဲနဲ့ သားယောက်ျားလေးက ရှင်တို့အိမ်ကို ဘယ်လိုလုပ်ပြီး ဝင်စားချင်မှာလဲ။ တစ်မိသားစုလုံးက ကပ်စေးနဲပြီး သတ္တိကြောင်တဲ့ကောင်တွေချည်းပဲ။ ဒါကြောင့်လည်း ညီအစ်ကို နှစ်ယောက်စလုံးက သားယောက်ျားလေး တစ်ယောက်မှ မမွေးနိုင်ကြတာ နေမှာပေါ့”

စကားပင် မဆုံးသေးမီ "ဒုန်း" ကနဲ အသံနှင့်အတူ ခြံဝင်းတံခါးသည် ခြေစုံကန်၍ ဖွင့်ချခံလိုက်ရလေသည်။

ယန်တာ့နွီသည် လန့်ဖြန့်သွားပြီး ချက်ချင်း မတ်တပ်ရပ်လိုက်ကာ အော်မေးလိုက်၏။

"ဘယ်သူလဲ”

ရှန်ရှောက်ယွမ်သည် ခြံဝင်းထဲသို့ ဝင်ရောက်လာပြီးနောက် စကားတစ်ခွန်းမှ မဆိုဘဲ အဝတ်လှန်းသည့် စင်ရှေ့သို့ တန်းတန်းမတ်မတ် လျှောက်သွားကာ စင်ကို ခြေစုံကန်၍ လှဲချပစ်လိုက်သည်။ ထို့နောက် ဘေးတွင် ဟင်းသီးဟင်းရွက် အခြောက်လှန်းထားသော ဝါးဗန်းဝိုင်းကြီးကိုလည်း မြကြီးပေါ်သို့ ရိုက်ချလိုက်လေသည်။

ကျိုးရှောင်ရွှမ်းသည် ချက်ချင်း ပြေးထွက်လာပြီး အော်လိုက်၏။

"ဘယ်သူလဲ”

ရှန်ရှောက်ယွမ်က အလွန်ပင် ဩဇာအာဏာပါပါဖြင့် ပြန်ဖြေလိုက်လေသည်။

"မင်းရဲ့ ဘိုးဘေးပဲဟေ့”

ယန်တာ့နွီသည်လည်း အနောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။ သူမ၏ အမြင်အာရုံက ကျိုးရှောင်ရွှမ်းထက် ပို၍ ကောင်းမွန်သည်မှာ ထင်ရှားပြီး အနီးသို့ မရောက်မီမှာပင် ဆဲဆိုလိုက်လေတော့သည်။

"ရှန်လောင်ချီ... ဓားနဲ့ ထစ်ထစ်ပြီး သတ်ရမယ့်ကောင်၊ ရှင်က ကျွန်မတို့အိမ်ကိုလာပြီး ဘာတွေ ရူးသွပ်နေတာလဲ”

ရှန်ရှောက်ယွမ် လက်ထဲရှိ ပစ္စည်းက ရုတ်တရက် အပေါ်သို့ မြင့်တက်သွားပြီး "ချပ်" ကနဲ အသံနှင့်အတူ ဖြူဖွေးတောက်ပသော အလင်းရောင်တစ်ခုက ယန်တာ့နွီ၏ မျက်နှာပေါ်သို့ တိုက်ရိုက် ကျရောက်သွားလေသည်။ ထို့နောက် အခြားလက်တစ်ဖက်ရှိ သစ်သားတုတ်ဖြင့် ယန်တာ့နွီ ရှိရာဘက်သို့ ထိုးချိန်လိုက်ပြီး ပြောလိုက်၏။

"မင်းက ဘယ်လို အမှိုက်ကောင်မို့လို့ ငါ့သမီးကို ပြဿနာ လာရှာရဲတာလဲ”

ထိုသို့ပြောရင်း သစ်သားတုတ်ကို ဘေးဘက်သို့ ရမ်းခါလိုက်ရာ ဘေးရှိ ဝါးဖြင့် ရက်လုပ်ထားသော ကြက်လှောင်အိမ်သည်လည်း ရိုက်ချခံလိုက်ရပြီး ညအမှောင်တွင် အိမ်ထဲသို့ ဝင်အိပ်နေသော ကြက်များသည် စူးရှပြီး သနားစရာကောင်းသော အော်သံများကို ထွက်လာကြတော့သည်။

ယန်တာ့နွီနှင့် ကျိုးရှောင်ရွှမ်းတို့သည် ဓာတ်မီး၏ အလင်းရောင်ကြောင့် မျက်စိကျိန်းကာ အတန်ကြာသည်အထိ အသံတစ်သံမှ မထွက်နိုင်ခဲ့ဘဲ ယခုအချိန်မှသာ သတိဝင်လာကြတော့သည်။

"လောင်ချီ... မင်း ဒါ ဘာလုပ်တာလဲ”

ထိုသူမှာ ပျော့ညံ့သူကို အနိုင်ကျင့်ပြီး အင်အားကြီးသူကို ကြောက်ရွံ့တတ်သော သတ္တိကြောင်သူ ကျိုးရှောင်ရွှမ်းပင်။

"ရှန်လောင်ချီ... ကျွန်မ ရှင်နဲ့ စာရင်းရှင်းရလိမ့်မယ်”

ယန်တာ့နွီသည် ခါးကို ကိုင်လျက် ပြေးဝင်လာရန် ဟန်ပြင်လိုက်သော်လည်း ရှန်ရှောက်ယွမ်က ဓာတ်မီးဖြင့် ထပ်မံ ထိုးချိန်လိုက်သဖြင့် တန့်သွားရပြန်သည်။ သူမ အနည်းငယ် တွေဝေတုံ့ဆိုင်းနေချိန်မှာပင် ရှန်ရှောက်ယွမ်သည် သူမ၏ ဘေးတွင် ပက်လက်လန် လဲကျနေသော အဝတ်လှန်းစင်ကို သစ်သားတုတ်ဖြင့် ရိုက်ချလိုက်သည်တွင် စင်ဆီမှ "ဖျန်း" ကနဲ ကျိုးပဲ့သံ ထွက်ပေါ်လာပြီး ယန်တာ့နွီမှာ လန့်ဖြန့်၍ ခုန်ထွက်လုမတတ် ဖြစ်သွားရလေတော့သည်။

"လောင်ချီ... သူက ကိုယ်ဝန်ကြီးနဲ့ကွ”

ကျိုးရှောင်ရွှမ်းက ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

ရှန်ရှောက်ယွမ်သည် လှောင်ပြောင်သရော်သည့် အသံဖြင့် ရယ်မောလိုက်၏။

"သူ လွယ်ထားတာက မင်းတို့ ကျိုးမိသားစုရဲ့ ကလေးလေ၊ ငါတို့ ရှန်မိသားစုရဲ့ ကလေးမှ မဟုတ်တာ။ သူ ရှေ့တိုးရဲရင် ငါကလည်း သူ့ကို ရိုက်ရဲတယ်။ ကလေး ပျက်ကျသွားရင်လည်း သူ ကိုယ်တိုင် ရှာတဲ့ ပြဿနာပဲ။ အလွန်ဆုံးရှိ ငါက မင်းတို့မိသားစုကို အာဟာရဖြည့်စရိတ် ယွမ်နည်းနည်းလောက် လျော်ပေးလိုက်ရုံပေါ့။ စိတ်ချပါ၊ ဒီလောက် ပိုက်ဆံလေးကိုတော့ ငါ အခု ထုတ်ပေးနိုင်ပါတယ်”

ယန်တာ့နွီသည် လုံးဝကို မလှုပ်ရှားရဲတော့ချေ။

သူမသည် ကိုယ်တိုင်က ကိုယ်ဝန်ဆောင် ဖြစ်နေသဖြင့် အခြားသူများက သူမကို မထိရဲကြဘူးဟု အားကိုးကာ သည်လိုရမ်းကားရဲခြင်း ဖြစ်သည်။ ဤနည်းလမ်းကလည်း အမှန်တကယ်ပင် အသုံးဝင်လှပြီး ကျိုးရှောင်ရွှမ်းတို့ သားအဖနှစ်ယောက်သည် ယခုအခါ သူမက တစ်ဟုပြောလျှင် နှစ်ဟုပင် မပြောရဲကြတော့ချေ။ သို့သော် ရှန်ရှောက်ယွမ်၏ ပုံစံကို ကြည့်ရသည်မှာ ယန်တာ့နွီက သူ အမှန်တကယ်ပင် ရိုက်ရဲသည်ဟု ထင်မြင်လာမိလေသည်။

ယခင်က သူသည် ရှန်လောင်တနှင့် ရှန်လောင်အာ့တို့ထံမှ ပိုက်ဆံတောင်းချိန်တွင် လူကို ကြိုးဖြင့် ဆွဲကြိုးချသတ်မည်ဟုပင် ပြောဆိုခဲ့သေးသည် မဟုတ်ပါလား။ ရွာသူရွာသားများကလည်း ကွယ်ရာတွင် ရှန်မော့အာ ငတ်၍ သေလုမတတ် ဖြစ်ခဲ့ရသည့် ကိစ္စက ရှန်ရှောက်ယွမ်ကို ရူးသွပ်သွားအောင် တွန်းပို့လိုက်ပြီဟု ပြောဆိုနေကြလေသည်။

ပြောစရာပင် မလိုတော့ပေ။ ကြည့်ရသည်မှာ အမှန်တကယ်ပင် ဘာကိုမှ မကြောက်မရွံ့တော့သည့် ရူးသွပ်မှုမျိုး ရှိနေလေသည်။

ယန်တာ့နွီသည် ငွေမက်သူ ဖြစ်သော်ငြားလည်း မည်မျှပင် ငွေမက်စေကာမူ ကလေးအတွက် အာဟာရဖြည့်စရိတ်ကိုတော့ မယူရဲချေ။ သူမသည် ဗိုက်ထဲရှိ ဤကလေးကို အားကိုး၍ ကျိုးမိသားစုတွင် ခြေကုပ်ယူကာ ဩဇာအာဏာ လွှမ်းမိုးနိုင်ရန် ရည်ရွယ်ထားသေးသည် မဟုတ်ပါလား။

"မင်းသာ နောက်ထပ် ငါ့သမီးကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ရဲလုပ်ကြည့်၊ ငါ မင်းကို အသေမရိုက်ဘူးလားဆိုတာ ကြည့်ထားလိုက်”

ရှန်ရှောက်ယွမ်သည် ယန်တာ့နွီကို စိုက်ကြည့်လိုက်ပြီး မြေကြီးပေါ်ရှိ ပစ္စည်းများကို ခြေဖြင့် ကန်ဖယ်ကာ ပြန့်ကျဲနေသော အဝတ်အစားများကို နင်းဖြတ်လျက် ကျိုးမိသားစု၏ ခြံဝင်းထဲမှ ထွက်ခွာသွားလေတော့သည်။

ရှန်ရှောက်ယွမ်ကို လုံးဝ မမြင်ရတော့သည့်အချိန်အထိ စောင့်ဆိုင်းပြီးနောက်မှသာ ယန်တာ့နွီသည် "ဝါး" ကနဲ အသံကုန်ဟစ်၍ ငိုကြွေးလိုက်လေတော့သည်။

"ကျိုးရှောင်ရွှမ်း... ရှင်က တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ။ ရှင့်မိန်းမ ဒီလို အနိုင်ကျင့်ခံနေရတာကို ထိုင်ကြည့်နေရက်တယ်ပေါ့လေ။ ကျွန်မတော့ မနေချင်တော့ပါဘူးတော်..."

ရှန်မော့အာသည် ကျိုးမိသားစု၏ ခြံဝင်းတံခါးအပြင်ဘက်ရှိ သစ်ပင်အောက်တွင် ရပ်နေခဲ့သည်။ အဖေဖြစ်သူက ဓာတ်မီးကို ကိုင်ဆောင်လျက် သစ်သားတုတ်ကို ဆွဲကာ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရပြီး ခြံဝင်းထဲတွင်လည်း သနားစရာကောင်းသော ငိုကြွေးသံများက သူ့အတွက် နောက်ခံတေးဂီတအဖြစ် ပံ့ပိုးပေးနေသဖြင့် မနေနိုင်ဘဲ "ဖူး" ကနဲ အသံထွက်ကာ ရယ်မောလိုက်မိတော့သည်။

"အဖေ ဒါက ယောကျ်ားတွေကို အနိုင်ကျင့်ပြီး မိန်းမတွေကို စော်ကားတဲ့ လူဆိုးကြီးနဲ့ တူနေပြနော်”

ရှန်ရှောက်ယွမ်က တိုးညှင်းသော လေသံဖြင့် ပြန်ပြောလိုက်၏။

"သမီး ခန့်မှန်းလိုက်တာ တကယ်ကို မှန်သွားတာပဲ။ တစ်နှစ်တုန်းက ချင်းဟယ်ရပ်ကွက်မှာ ချောင်ကိုယ်လုပ်တော်ရဲ့ အကျင့်ပျက်နေတဲ့ တူလေးနဲ့ အဖေ ဆုံခဲ့ဖူးတယ်။ အဲဒီကောင်လေးက သူ့တပည့်တွေကို သူများဆိုင်ကို ဖျက်ဆီးခိုင်းနေတာ ဒီလိုပုံစံမျိုးပဲလေ။ အဲဒါကြောင့် အဖေလည်း ဒီအတိုင်းလေး အတုခိုးလိုက်တာ”

ခဏလောက် ရပ်တန့်သွားပြီးနောက် သူက ဆက်ပြောလိုက်သည်။

"စိတ်ချပါ၊ သူ နောက်ဆိုရင် သမီးကို သေချာပေါက် ပြဿနာ လာမရှာရဲတော့ပါဘူး”

ရှန်မော့အာက ရယ်မောလျက် ပြောလိုက်၏။

"ဒါ သေချာတာပေါ့။ အဖေက ဒီလောက်တောင် စွမ်းတာကို။ ဓာတ်မီးလေး သမီးကို ခဏပေးစမ်းပါ၊ ဖယောင်းတိုင်လည်း မလို၊ မီးလည်း မလိုဘဲနဲ့ ဒီလောက်တောင် လင်းနေသေးတာ။ ဒီပစ္စည်းက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဌာနမှူးရွှီက လူကောင်းတစ်ယောက်ပဲ၊ အဖေ့ကို ဒီလိုပစ္စည်းတွေတောင် ထုတ်ပေးသေးတယ်”

...

အပိုင်း (၄၄.၂)

ဓာတ်မီးက တစ်လက်ကို ၅ ယွမ်၊ ၆ ယွမ်လောက် ပေးရပြီး စက်မှုလုပ်ငန်းသုံး ကူပွန်လည်း လိုအပ်သေးသဖြင့် ယန်လျိုတပ်ဖွဲ့တွင် ဝယ်ယူနိုင်စွမ်းရှိသည့် မိသားစုဆို၍ လက်ချိုးရေတွက်၍ပင် ရနိုင်လေသည်။

ထို့ကြောင့် သူမ၏အဖေ နောက်ဆုံးပြောခဲ့သော အာဟာရဖြည့်စရိတ် ယွမ်အနည်းငယ်လောက်တော့ ထုတ်ပေးနိုင်သည်ဟူသော စကားက အထူးပင် ယုံကြည်လက်ခံနိုင်ဖွယ် ဖြစ်သွားခဲ့လေသည်။

ငယ်စဉ်ကတည်းက အိမ်ရှေ့စံ အစ်ကိုတော်ကို ဘယ်လို လှည့်စားရမလဲဆိုတာ သိခဲ့တဲ့သူပီပီ ဒီသရုပ်ဆောင်စွမ်းရည်က တကယ်ကို အံ့မခန်းပဲ။

နောက်တစ်နေ့ နံနက်စောစောတွင် ရှန်ရှောက်ယွမ်က ကျိုးရှောင်ရွှမ်း၏ အိမ်ကို သွားရောက်ရိုက်ခွဲခဲ့သည်ဟူသော သတင်းက ရွာထဲတွင် ပျံ့နှံ့သွားခဲ့လေသည်။ အတန်းနားချိန်တွင် ရှန်လင်းလင်းက ရှားရှားပါးပါး အရွဲ့တိုက်ပြောဆိုခြင်း မပြုဘဲ ရှုပ်ထွေးသော မျက်နှာထားဖြင့် စုံစမ်းမေးမြန်းလာလေသည်။

"ရှန်မော့အာ... နင့်အိမ်မှာ ဓာတ်မီးတောင် ရှိနေပြီဆို”

သူမတို့အိမ်တွင်ပင် မရှိသေးချေ။

တိတိကျကျ ဆိုရလျှင် ရွာထဲတွင် အိမ်တစ်အိမ်၊ နှစ်အိမ်လောက်၌သာ ရှိပြီး ပုံမှန်အားဖြင့် အလွယ်တကူ ထုတ်မသုံးကြချေ။ ဓာတ်ခဲလဲလှယ်ရသည်က ငွေကုန်ကြေးကျ များလွန်းလှသည် မဟုတ်ပါလား။

ရှန်မော့အာက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

"အဲဒါက စက်ရုံကနေ ကျွန်မအဖေကို ထုတ်ပေးထားတဲ့ ရုံးသုံးပစ္စည်းပါ။ သူ တစ်ခါတလေ အချိန်ပိုဆင်းရရင် ဓာတ်မီးထိုးဖို့ လိုတယ်လေ။ ညဘက် အိမ်အပြန်လမ်းမှာလည်း ထိုးလို့ရတာပေါ့”

ရှန်လင်းလင်းသည် စက်ရုံမှ ထုတ်ပေးထားခြင်းဖြစ်ကြောင်း ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလို ရင်ထဲတွင် အတော်လေး နေလို့ထိုင်လို့ ကောင်းသွားတော့သည်။ သူမတို့ သားအဖနှစ်ယောက်စလုံးက ယခုအခါ လစာရနေကြပြီဖြစ်သဖြင့် နောင်တစ်ချိန်တွင် ဘဝက သိပ်ဆိုးရွားနေမည် မဟုတ်သော်ငြားလည်း ဓာတ်မီးကိုပင် အလွယ်တကူ ဝယ်ယူနိုင်လောက်သည်အထိ ရုတ်တရက် အခြေအနေ ကောင်းမွန်သွားမည်ကိုတော့ ရှန်လင်းလင်းက အမှန်တကယ်ပင် လက်မခံနိုင်ချေ။

စက်ရုံမှ ထုတ်ပေးခြင်းဆိုလျှင်တော့ ပုံမှန်ပင် ဖြစ်လေသည်။ ၎င်းသည် စက်ရုံမှ လုပ်ငန်းခွင်သုံး လက်အိတ်များ ထုတ်ပေးသည်နှင့် အတူတူပင်။

ချန်ထောင်က ဘေးမှနေ၍ ကြားသွားပြီး ရယ်မောလျက် ပြောလိုက်၏။

"ဦးလေး၇ က တကယ်ကို တော်တာပဲ။ တခြားစက်ရုံအလုပ်သမားတွေဆိုရင် အလွန်ဆုံး လုပ်ငန်းခွင်သုံး လက်အိတ်လောက်ပဲ ထုတ်ပေးတာလေ။ သူကျတော့ ဓာတ်မီးတောင် ထုတ်ပေးတယ်ဆိုတော့ တော်တော်လေး စွမ်းတာပဲ”

ရှန်လင်းလင်းသည် ကြားလိုက်ရသည်နှင့် ရင်ထဲတွင် ဆို့နင့်သွားပြီး မတ်တပ်ရပ်ကာ ထွက်သွားလေတော့သည်။ အတန်းပေါက်ဝသို့ ရောက်သောအခါ မြေးဖြစ်သူကို လာပို့သော အဒေါ်ကြီးအချို့က ဤကိစ္စကို ပြောဆိုနေကြသည်နှင့် ဆုံမိရာ မတော်တဆ ကြားဝင်ပြောလိုက်သည့်ဟန်ဖြင့် ဝင်ပြောလိုက်၏။

"ဓာတ်မီးက ဝယ်ထားတာ မဟုတ်ပါဘူး။ သူတို့အိမ်က ဘယ်မှာ ဝယ်နိုင်မလဲ။ အုတ်ဖိုကနေ ထုတ်ပေးထားတာပါ။ အချိန်ပိုဆင်းတဲ့အခါ မမြင်ရရင် သုံးဖို့လေ”

အဒေါ်ကြီးများသည် ချက်ချင်း သဘောပေါက်သွားကြပြီးနောက် ပြောလိုက်ကြလေသည်။

"ဒါက တကယ်ကို မဆိုးဘူးပဲ။ ရှန်လောင်ချီက တကယ်ကို အရည်အချင်းရှိလာတာပဲ။ စက်ရုံကနေ သူ့ကို ဓာတ်မီးတောင် ထုတ်ပေးတယ်ဆိုတော့လေ။ ကျွတ်... ကျွတ်... အလကား ဓာတ်မီးတစ်လက် ရသွားတာ၊ တကယ်ကို ကောင်းတာပဲ”

ရှန်လင်းလင်း : "......"

အဓိကအချက်က ဒါလား။ အဓိကအချက်က သူတို့မိသားစုမှာ ပိုက်ဆံမရှိတာ၊ ပိုက်ဆံမရှိတာကို ပြောတာ။

ရှန်မော့အာကတော့ ရှန်လင်းလင်း၏ စိတ်ထဲရှိ ကောက်ကျစ်သော အကြံအစည်များကို မသိရှိခဲ့ချေ။ သူမသည် မနက်စောစောကတည်းက ကျိုးကျောက်တိကို ရုံးခန်းထဲသို့ ခေါ်ယူကာ စကားအနည်းငယ် မေးမြန်းခဲ့လေသည်။ အဓိကအားဖြင့် ယန်တာ့နွီက သူမအဖေကြောင့် ဒေါသထွက်သွားပြီးနောက် သူတို့သားအဖကို ပြဿနာ မရှာရဲဘဲ အိမ်ပြန်ရောက်သည့်အခါ ကျိုးကျောက်တိအပေါ် ဒေါသများ ပုံချလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ကျိုးကျောက်တိက ခေါင်းခါပြလိုက်၏။

"မောင်းမောင် သမီးကို သင်ပေးထားတယ်။ သူ သမီးကို ဆဲတာနဲ့ သမီးက ခြံဝင်းတံခါးအပြင်ဘက်ကို ပြေးထွက်ပြီး ငိုလိုက်တာပဲ။ သူ ရိုက်ချင်ရင်လည်း သမီးက ပြေးတာပဲ။ သူက မြန်မြန် မလျှောက်ရဲတော့ သမီးကို မီအောင် မလိုက်နိုင်ဘူးလေ”

ဤမိန်းကလေးငယ်သည် ယခုအခါ တစ်နေကုန် ချန်မောင်းမောင်နှင့်အတူ ရှိနေသဖြင့် သူမတစ်ကိုယ်လုံးကို ကြည့်ရသည်မှာ အမှန်တကယ်ပင် သတ္တိ အတော်လေး ကောင်းလာသည်ကို တွေ့ရလေသည်။ ရှန်မော့အာသည် သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။

"တစ်ခုခု ဖြစ်လာရင် ဆရာမကို ပြောနော်။ ဆရာမ မတတ်နိုင်ရင်တောင် သမီးရဲ့ ဦးလေး၇ က ဆရာမတို့အတွက် လက်စားချေပေးလိမ့်မယ်”

ကျိုးကျောက်တိသည် မျက်လုံးလေးများ တောက်ပစွာဖြင့် "အင်း" ဟု အသံပြုလိုက်လေသည်။

သူမသည် ယမန်နေ့ညက ခြံဝင်းထဲတွင် မရှိဘဲ မီးဖိုချောင်ထဲတွင် ပုန်းကွယ်ကာ တိတ်တဆိတ် ကြည့်နေခဲ့သည်။ ဦးလေး၇ က တကယ်ကို စွမ်းလှသည်။ သူက သူမတို့အိမ်၏ ပစ္စည်းများကို ရိုက်ခွဲခဲ့သော်ငြားလည်း ကျိုးကျောက်တိကတော့ သူမ၏မိထွေးက ဆရာမရှန်ကို အရင်ဆုံး ပြဿနာသွားရှာခဲ့ခြင်းကြောင့်သာ ဦးလေး၇ က ဤသို့ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု တွေးထင်ထားလေသည်။ ဦးလေး၇ လုပ်ဆောင်ခဲ့သည်ကို သူမ လုံးဝ အပြစ်မမြင်ခဲ့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် သူမသည် တကယ်တမ်းတွင် ဆရာမရှန်ကို အလွန်ပင် အားကျမိလေသည်။ ဆရာမရှန်သည်လည်း မိန်းကလေးတစ်ယောက် ဖြစ်သော်ငြား သူမကို ဆန်ကုန်မြေလေးဟု ဘယ်သူကမှ မပြောဆိုကြချေ။ မတရားမှု ခံရလျှင်လည်း သူမအဖေက သူမဘက်မှ ရပ်တည်ပေးလေသည်။

........

ညနေစောင်းအချိန်တွင် ရှန်မော့အာသည် အပြန်လမ်းကြုံသဖြင့် ကျိုးကျောက်တိကို အိမ်အထိ လိုက်ပို့ပေးခဲ့သည်။ တံခါးအပြင်ဘက်တွင် ခဏလောက် ရပ်နားထောင်ကြည့်လိုက်ပြီး ယန်တာ့နွီက ကျိုးကျောက်တိကို အကျိုးမပေးတဲ့ကောင်မ၊ ကျေးဇူးကန်းတဲ့ကောင်မ ဟု ဆဲရေးတိုင်းထွာနေပြီး အလုပ်လုပ်ရန် မောင်းနှင်နေသော်ငြားလည်း ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း မရှိသည်ကို ကြားလိုက်ရသဖြင့် မောင်းမောင်၏ လက်ကိုဆွဲကာ ထွက်လာခဲ့လေတော့သည်။

"မိထွေးရှိရင် ပထွေးလည်း ရှိလာတာပါပဲ။ ကျိုးကျောက်တိရဲ့ မိထွေးက တကယ်ကို ဆိုးတာပဲ။ သူ့အဖေကလည်း တကယ်ဆိုးတယ်”

ကျောင်းသားလေ ချန်မောင်းမောင်က လူကြီးပေါက်စလေးလို ပြောလိုက်ပြီးနောက် ခေါင်းမော့ကာ ကြည်လင်သော်လည်း အပြစ်ကင်းစင်လွန်းသော မျက်လုံးဝိုင်းကြီးများဖြင့် ရိုးသားစွာ မေးလိုက်၏။

"အစ်မမော့အာ... တပ်ဖွဲ့ခေါင်းဆောင်ကို ပြောပြီး ကျိုးကျောက်တိအတွက် အဖေနဲ့အမေ လဲပေးခိုင်းလို့ ရမလားဟင်”

ရှန်မော့အာသည် မနေနိုင်ဘဲ ရယ်မောလိုက်မိလေသည်။

"ဘယ်သူနဲ့ လဲရမှာလဲ”

သူမသည် အဆော့မက်သော ကလေးလေးကို စနောက်လိုက်၏။

"နင်နဲ့ လဲရမှာလား။ ကျိုးကျောက်တိကို နင့်အိမ် သွားနေခိုင်းပြီး နင်က ကျိုးကျောက်တိအိမ်ကို သွားနေရရင် သူ့မိထွေးက နင့်ကို ရိုက်ရင် ဘယ်လိုလုပ်မလဲ”

မောင်းမောင်က သက်ပြင်းချလိုက်ကာ "ကျွန်တော်က သူ့မိထွေး ရိုက်မှာကို ကြောက်တာ မဟုတ်ပါဘူး။ ရိုက်ရင် ပြေးလို့ရတာပဲလေ။ သူက ကျွန်တော့်ကို မီအောင်မှ မလိုက်နိုင်တာ။ အဓိကက သူ တစ်နေ့ကုန် ဆဲနေတာကိုပဲ သည်းမခံနိုင်တာပါ”

"ရဲဘော်ရှန်မော့အာ”

ဖုမင်ဇယ်သည် တခြားလမ်းဆုံတစ်ခုမှ လျှောက်လာခဲ့ပြီး ရှန်မော့အာနှင့် တစ်လံခန့်အကွာတွင် ရပ်တန့်လိုက်သည်။ မျက်လွှာချကာ သူမကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီးနောက် သူ့ကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေသော မောင်းမောင်ကို တစ်ချက်ကြည့်ကာ မေးလိုက်၏။

"ကျိုးကျောက်တိရော... အိမ်ပြန်သွားပြီလား”

ရှန်မော့အာ : "အင်း... ခုလေးတင် သူ့ကို အိမ်လိုက်ပို့ပေးခဲ့တာ”

ဖုမင်ဇယ်က မေးလိုက်၏။

"သူ့မိထွေးက မင်းကို ပြဿနာမရှာဘူးမလား”

"ကျွန်တော်တို့က ကျိုးကျောက်တိကို တံခါးဝအထိ ပို့ပြီးတာနဲ့ ပြန်လာတာလေ။ သူ့မိထွေးက ခြံဝင်းထဲမှာ သူ့ကို ဆဲနေတာ။ အကျိုးမပေးတဲ့ကောင်မ၊ ကျေးဇူးကန်းတဲ့ကောင်မလို့ ဆဲပြီး အဝတ်တွေတောင် လျှော်ခိုင်းနေတာ။ သူ့မိထွေးက တကယ်ဆိုးတာ။ သူ့အဖေကလည်း သူ့ကို မကူညီဘူး။ မိထွေးရှိရင် ဖထွေးလည်း ရှိတာပါပဲ” မောင်းမောင်က နှုတ်ခမ်းစူကာ ဝင်ရောက်ပြောဆိုလိုက်လေသည်။

ဖုမင်ဇယ်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ "ကောင်းပြီလေ... ဒါဆို ငါတို့ အခု မင်းကို အိမ်ပြန်ပို့ပေးမယ်”

သို့သော် ကျောင်းသားလေး ချန်မောင်းမောင်က မျက်လုံးလေး ကစားလိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။

"အစ်ကိုတို့ ရည်းစားထားချင်နေတာကိုး၊ ကျွန်တော်က အစ်ကိုတို့နဲ့ အတူတူ မလိုက်ပါဘူး”

ပြောပြီးသည်နှင့် သူ့၏အိမ်ရှိရာဘက်သို့ လှစ်ခနဲ ပြေးထွက်သွားလေတော့သည်။

အဆော့မက်သော ကလေးလေးမှာ တစ်နေ့ကုန် ရွာထဲတွင် ခွေးလိုက်၊ ကြက်လိုက် လုပ်နေတတ်သူဖြစ်ရာ မူလကတည်းက အိမ်အထိ လိုက်ပို့ပေးရန် မလိုအပ်ချေ။

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဖုမင်ဇယ်သည် တိုးညှင်းစွာ ရယ်မောလိုက်လေသည်။

ကလေးပေါက်စလေးက တော်တော် ပါးနပ်တာပဲ။

ရှန်မော့အာသည် သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး အသံမထွက်ဘဲ ရှေ့သို့ ခြေလှမ်းစတင်လိုက်လေသည်။

ဤနေရာက ရွာထဲတွင် ဖြစ်နေသေးသဖြင့် ဖုမင်ဇယ်သည်လည်း ပြေးမလိုက်တော့ဘဲ မနှေးမမြန်ဖြင့် နောက်မှ လိုက်ပါလာခဲ့သည်။ အဝေးမှနေ၍ မိမိ၏ ချစ်သူ၊ အင်း... မဟုတ်သေးဘူး၊ ချစ်သူလောင်းလျာလေး၏ ကျောပြင်ကို ကြည့်နေမိလေသည်။

ရှန်မော့အာသည် တပ်ဖွဲ့ရုံးအနီးသို့ ရောက်ရှိသွားချိန်တွင်မှသာ ဖုမင်ဇယ်သည် ခြေလှမ်းသွက်သွက်ဖြင့် လိုက်သွားပြီး ရှန်မော့အာနှင့်အတူ ခြံဝင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ရှန်မော့အာ ခြေလှမ်းမရွှေ့မီမှာပင် သူသည် အလိုအလျောက်ပင် ကျောက်တုံးကို ခြေဖြင့်ကန်ကာ တံခါးကို ပိတ်ထားလိုက်သည်တွက် ရှန်မော့အာက မြင်တွေ့သွားပြီး မနေနိုင်ဘဲ ရယ်မောလိုက်မိတော့သည်။

သူမ ရယ်မောလိုက်သည်ကို မြင်လိုက်ရသောအခါ ဖုမင်ဇယ်သည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

"ကို အရင်သွားပြီး ရေနွေးနည်းနည်း တည်လိုက်မယ်။ ရေနွေးဆူလာရင် ကြက်သတ်ကြတာပေါ့”

ဒါကြောင့် ဒီလောက်စောစော ပြေးလာတာကိုး။ ကိုယ့်သဘောနဲ့ကိုယ် ကူညီပေးဖို့ လာတာပဲ။

ရှန်မော့အာသည်လည်း သူ့ကို မကူညီရန် မပြောတော့ချေ။ သူမက သူ့ကို ချစ်သူတော်ရန် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် အိမ်မှုကိစ္စများကိုလည်း သေချာပေါက် သူ့ကို အတူတူ လုပ်ကိုင်ခိုင်းရမည်။ နောင်တစ်ချိန် အိမ်ထောင်ကျသွားလျှင်လည်း အနည်းဆုံးတော့ အလုပ်တာဝန်များကို ခွဲဝေလုပ်ကိုင်ရမည်သာ။

ဖုမင်ဇယ် ရေသွားခပ်ချိန်တွင် ရှန်မော့အာသည် အိမ်ထဲသို့ ဝင်ကာ အခြောက်လှန်းထားသော တောမှိုများကို ယူဆောင်လာခဲ့သည်။ ထို့နောက် စဉ်းစားလိုက်ပြီး တန်းကွေ့ နှင့် တန်ရှန်း အနည်းငယ်ကို ထပ်ယူလိုက်ကာ သန့်ရှင်းသော ပိုက်ဆံလျှော်အဝတ်စ တစ်စကို ဖြတ်ယူပြီး ဟင်းခတ်အမွှေးအကြိုင်များနှင့်အတူ ထုပ်ပိုးကာ ပိုးကြိုးဖြင့် အိတ်ငယ်လေးတစ်ခု ပြုလုပ်လိုက်လေသည်။

ဖုမင်ဇယ်သည် မကြာမီမှာပင် ရေခပ်၍ ပြန်ရောက်လာပြီး ဒယ်အိုးထဲသို့ ရေများ လောင်းထည့်ကာ အဖုံးအုပ်လိုက်သည်။ ထို့နောက် သူသည် မီးဖိုပေါက်အနောက်တွင် ထိုင်ကာ မီးမွေးနေလေတော့သည်။

သူ မီးမွေးနေပုံက သိပ်ကျွမ်းကျင်ပုံမပေါ်သဖြင့် ရှန်မော့အာက အံ့ဩစွာဖြင့် မေးလိုက်၏။

"ရှင်တို့ ပညာတတ်လူငယ်စခန်းမှာ အလှည့်ကျ ထမင်းချက်ကြတာ မဟုတ်ဘူးလား”

ဖုမင်ဇယ်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။ "ထမင်းမချက်တတ်တဲ့သူတွေက ထင်းခုတ်၊ ရေခပ်တာကို တာဝန်ယူရတယ်လေ”

နားလည်ပြီ။ ပညာတတ်လူငယ်ဖုက သေချာပေါက် ထင်းခုတ်၊ ရေခပ်တဲ့ အုပ်စုထဲကပဲ ဖြစ်ရမယ်။

ပညာတတ်လူငယ်ဖုသည် မီးမွေးရာတွင် သိပ်မကျွမ်းကျင်သော်ငြားလည်း မီးထိုးရာတွင်တော့ အတော်လေး နည်းစနစ်ကျလေသည်။ မီးတောက်များက အလွန်ပြင်းထန်လာပြီး မကြာမီမှာပင် ဒယ်အိုးထဲကလည်း အငွေ့များ ထွက်ပေါ်လာတော့သည်။ ရှန်မော့အာသည် ပန်းကန်လုံးတစ်လုံးကို ယူကာ တောမှိုများကို ထည့်လိုက်ပြီး ဒယ်အိုးထဲမှ ရေနွေးဆူဆူ တစ်ဇွန်းကို ခပ်ယူ၍ မှိုများအပေါ်သို့ လောင်းချလိုက်သည်။

ဖုမင်ဇယ်သည် မီးဖိုထဲမှ ထင်းများကို ဆွဲထုတ်လိုက်ပြီး အောက်ဘက်ရှိ ပြာများထဲသို့ ထိုးသွင်းလိုက်သည်။ ထို့နောက် မတ်တပ်ရပ်ကာ ပြောလိုက်၏။

"ကို သွားပြီး ကြက်သတ်လိုက်မယ်”

ရှန်မော့အာသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်လေသည်။

"ရှင် ကြက်သတ်တတ်လို့လား”

ဖုမင်ဇယ်သည် အနည်းငယ် ကြောင်အမ်းသွားပြီး ပြန်ဖြေလိုက်၏။ "အရင်ကတော့ မသတ်ဖူးဘူး။ ဒါပေမဲ့ တခြားသူကို မေးကြည့်ပြီးသွားပြီ”

ရှန်မော့အာသည် သူ့ကြောင့် ရယ်ချင်သွားတော့၏။ "ရှင်က ဘယ်သူ့ကို သွားမေးထားတာလဲ”

ဖုမင်ဇယ် : "အဒေါ်ကြီးချိုက်ကို မေးထားတာလေ။ သူ ပြောတာကတော့... မြန်မြန်ဆန်ဆန်၊ ပြတ်ပြတ်သားသား၊ တိတိကျကျနဲ့ လည်ပင်းကို ဓားနဲ့ တစ်ချက်တည်း လှီးချလိုက်ရင် ရပြီတဲ့”

ရှန်မော့အာ : "...... ကျွန်မပဲ လုပ်လိုက်ပါ့မယ်”

ရှန်မော့အာတွင် အိမ်မွေးကြက်များကို သတ်ဖူးသော အတွေ့အကြုံ မရှိသော်ငြားလည်း ကံကောင်းထောက်မစွာဖြင့် သူမတွင် တောကြက်၊ တောယုန်များကို ကိုင်တွယ်ဖြေရှင်းဖူးသော အတွေ့အကြုံများစွာ ရှိနေသည်။ ထို့အပြင် လက်ငြိမ်ပြီး ဓားချက်တိကျသဖြင့် ဖုမင်ဇယ် ပြောသကဲ့သို့ပင် မြန်ဆန်၊ ပြတ်သား၊ တိကျစွာဖြင့် ဓားတစ်ချက်တည်းနှင့်ပင် ကြက်၏ လည်ပင်းကို လှီးဖြတ်လိုက်လေတော့သည်။

သတ်ပြီးသွားသော ကြက်ကို ရေနွေးများ အပြည့်ထည့်ထားသော ကြွေဇလုံထဲသို့ ပစ်ထည့်လိုက်သည်။ ရေနွေးဖြင့် စိမ်ပြီးနောက်တွင် ကြက်မွှေးနုတ်ရန် လွယ်ကူသွားတော့၏။ သူတို့နှစ်ဦးသည် ခွေးခြေပုလေး တစ်လုံးစီဖြင့် မျက်နှာချင်းဆိုင် ထိုင်ကာ ကြက်မွှေးနုတ်ရန် စတင်လိုက်ကြလေသည်။

ကြွေဇလုံက မကြီးမားသဖြင့် ဇလုံကို ခြားပြီး မျက်နှာချင်းဆိုင် ထိုင်နေကြသော သူတို့နှစ်ဦး၏ အကွာအဝေးမှာလည်း သေချာပေါက် ဝေးကွာနေမည် မဟုတ်ချေ။ ရှန်မော့အာက ခန္ဓာကိုယ်ကို အနည်းငယ် ရွှေ့လိုက်သည်နှင့် သူ့ဒူးခေါင်းနှင့် ထိမိသွားလေသည်။ သူမသည် ချက်ချင်းဆိုသလို အနည်းငယ် သက်တောင့်သက်သာ မဖြစ်တော့သဖြင့် ထပ်မံ ရွှေ့လိုက်ပြန်ရာ ဤတစ်ကြိမ်တွင်လည်း သူ၏ တခြားတစ်ဖက်မှ ဒူးခေါင်းနှင့် တိုက်မိသွားပြန်သည်။

"......"

ဒီလူက ခြေတံရှည်လွန်းလို့ တကယ်ကို နေရာယူတာပဲ။

ရှန်မော့အာသည် ခေါင်းမော့ကာ မတ်တပ်ရပ်ပြီး ခုံကို ဆွဲရွှေ့ရန် ပြင်လိုက်သော်ငြား ဖုမင်ဇယ်ကလည်း ခေါင်းမော့ကာ သူမကို လှမ်းကြည့်လိုက်သည်နှင့် တိုက်ဆိုင်သွားလေသည်။ မူလကတည်းက အကွာအဝေးက နီးကပ်နေခဲ့ရာ ယခုအခါတွင်တော့ ခေါင်းချင်းပါ ထိမိသွားကြလေတော့သည်။

နွေးထွေးသော အသက်ရှူငွေ့များက မျက်နှာပေါ်သို့ ရိုက်ခတ်လာပြီး အနည်းငယ် ယားကျိကျိ ဖြစ်သွားရသည်။ ရှန်မော့အာသည် မိမိ၏ အသက်ရှူနှုန်းများပင် အနည်းငယ် ကမောက်ကမ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ရင်ခုန်သံများကလည်း တဖြည်းဖြည်း မြန်ဆန်လာတော့သည်။ သူမသည် အလိုအလျောက် ခန္ဓာကိုယ်ကို အနောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်လေသည်။

ထိုအချိန်မှာပင် စိုရွှဲနေသော လက်တစ်ဖက်က သူမကို ဆွဲဖမ်းထားလိုက်လေသည်။

အသားမာပါးပါးလေး ရှိနေသော လက်ချောင်းထိပ်လေးများက သူမ၏ လက်ကောက်ဝတ်အပေါ်သို့ အမှတ်တမဲ့ ပွတ်သပ်သွားခဲ့သည်တွင် ရှန်မော့အာ၏ မျက်နှာသည် ချက်ချင်းဆိုသလို မီးဟပ်ခံရသကဲ့သို့ ပူထူသွားရတော့သည်။ သူမသည် ခေါင်းလှည့်ကာ ဖုမင်ဇယ်ကို မျက်စောင်းထိုးလိုက်ပြီး မေးလိုက်၏။

"ဘာလုပ်တာလဲ”

ဖုမင်ဇယ်သည် သူမ၏ လက်ကို ဆွဲထားရာမှ မလွှတ်ပေးသေးဘဲ မည်းနက်နက်ရှိုင်းသော မျက်ဝန်းများဖြင့် ရှန်မော့အာကို စိုက်ကြည့်ကာ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် မေးလိုက်လေသည်။

"မင်းအဖေကို ပြောပြီးပြီလား”

ရှန်မော့အာ : "ပြောပြီးရင် ဘာဖြစ်လဲ၊ မပြောရသေးရင်ရော ဘာဖြစ်လဲ။ ရှင် အရင်လွှတ်ပေးဦး”

ဖုမင်ဇယ် : "မလွှတ်ဘူး”

သူက အကျင့်ယုတ်သည့် ပုံစံဖြင့် ပြောလိုက်လေသည်။

"ပြောပြီးပြီဆိုရင်လည်း မင်းက ကို့ချစ်သူပဲ၊ မပြောရသေးဘူးဆိုရင်လည်း မင်းက ကို့ချစ်သူပဲ။ ကို ခဏနေရင် ဦးလေး၇ ကို မျက်နှာချင်းဆိုင် သွားပြောလိုက်မယ်”

ရှန်မော့အာသည် သူ့စကားကြောင့် ဒေါသထွက်လွန်း၍ပင် ရယ်ချင်သွားရတော့သည်။

"ရှင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အရှက်မဲ့ရတာလဲ”

"အင်း..." ဖုမင်ဇယ်က ခေါင်းညိတ်ပြလိုက်ပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် ပြန်ပြောလိုက်၏။ "အိမ်ထောင်ဖက်ရှာဖို့အတွက် နည်းနည်းလေး အရှက်မဲ့ပြီး လုပ်ရတာက လူ့သဘာဝ မဟုတ်ဘူးလား”

ဒါကိုပဲ ဂုဏ်ယူနေသေးတာလား။

ရှန်မော့အာသည် ဖုမင်ဇယ်ကို အကြိမ်အနည်းငယ် စိုက်ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။ ဒီလူက ပုံမှန် မျက်နှာတည်တည်ကြီးနဲ့ နေတာတောင် လုံလောက်အောင် ရုပ်ချောနေပြီကို။ အခုလို အကျင့်ယုတ်တဲ့ ပုံစံမျိုး လုပ်နေတော့ ဘယ်လိုလုပ်ပြီး ပိုကြည့်ကောင်းလာရတာလဲ။

ဒါဆိုရင် သူမအနေနဲ့ ဘယ်လိုလုပ်ပြီး ဆက်ငြင်းဆန်နိုင်ပါတော့မလဲ။

"ပြောပြီးပြီ... ပြောပြီးပြီ” ရှန်မော့အာက ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်လေသည်။

သို့သော် ဤလူက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီးနောက် ရှန်မော့အာသည် သူမ၏ မျက်စိရှေ့တွင် အလင်းရောင်များ မှောင်မိုက်သွားသည်ဟု ခံစားလိုက်ရသည်နှင့်တပြိုက်နက် သူမ၏ပါးပြင်ပေါ်သို့ ညင်သာသော အနမ်းတစ်ပွင့် ကျရောက်လာခဲ့လေတော့သည်။

...

All Chapters