အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အပိုင်း (၄၅.၁) ဖုမင်ဇယ်ရဲ့ ဒီလိုပုံစံမျိုးကို ဘယ်သူက ချစ်သူတော်ရဲမှာလဲ...
ရှန်မော့အာ၏ ပထမဆုံး တုံ့ပြန်မှုမှာ ခြေထောက်ကို မြှောက်၍ ကန်ပစ်ရန်ပင်။ သို့သော် ဖုမင်ဇယ်ကလည်း အတော်လေး လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ချက်ချင်း နောက်သို့ဆုတ်ကာ နေရာသို့ ပြန်ထိုင်လိုက်သည်။ ထိုအခါမှသာ ရှန်မော့အာသည် သူတို့နှစ်ဦးကြားတွင် ကန့်လန့်ဖြတ် တည်ရှိနေသော မွှေးတစ်ဝက်ခန့် နုတ်ပြီးသည့် ကြက်ကို ကြည့်ကာ ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေမျိုး ဖြစ်သွားရတော့သည်။
ဖုမင်ဇယ်သည် ခေါင်းမော့ကာ သူမကို တစ်ချက်ကြည့်လိုက်ပြီး အချက်မပေး ဘာမပေး မတ်တပ်ရပ်လိုက်ပြန်သည်။ သူ၏ နက်မှောင်သော မျက်ဝန်းများဖြင့် သူမကို စိုက်ကြည့်ရင်း ရိုက်ချင်သလိုရိုက်၊ ဆဲချင်သလိုဆဲဟူသော အမူအရာမျိုးဖြင့် ပြောလိုက်၏။
"ဒါမှမဟုတ်... မင်း ကို့ကို တစ်ချက်လောက် ကန်လိုက်မလား။ ကို မလှုပ်ဘဲ နေပေးမယ်လို့ ကတိပေးပါတယ်”
ရှန်မော့အာသည် မျက်နှာရဲတွတ်သွားပြီး ဆဲဆိုလိုက်၏။ "လူလည်ကျတဲ့ကောင်”
ဖုမင်ဇယ်သည် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
ရဲဘော်ရှန်မော့အာက တော်တော်လေး ယဉ်ကျေးသေးတာပဲ။ တခြားသူသာဆိုရင် ဒီအချိန်မှာ လူယုတ်မာလို့ ဆဲနေလောက်ပြီ။
သူသည် မနေနိုင်ဘဲ ပြုံးလိုက်မိပြီး နှေးကွေးသော လေသံဖြင့် ပြန်ပြောလိုက်၏။
"ဒါမှမဟုတ်ရင်... ကို မင်းကို ပြန်နမ်းခိုင်းလိုက်ရမလား”
ရှန်မော့အာ : "......"
ဒီလူက ဒီလောက် အရှက်မရှိတဲ့လူမှန်း အရင်ကတော့ တကယ်ကို မသိသာခဲ့ဘူး။
"ကြက်မွှေးတွေကို ပြောင်အောင် နုတ်လိုက်”
သူမသည် စကားတစ်ခွန်း ချန်ထားရစ်ခဲ့ပြီးနောက် လှည့်ထွက်သွားလေတော့သည်။ မီးဖိုချောင်ထဲသို့ ဝင်ရောက်သွားသည့်အချိန်အထိ ပြင်းထန်နေသော ရင်ခုန်သံများက တဖြည်းဖြည်းမှသာ ငြိမ်သက်သွားခဲ့သော်ငြားလည်း မျက်နှာကတော့ ပူလောင်နေဆဲပင်။ သူမသည် အလိုလို လက်လှမ်းမိကာ စမ်းသပ်ကြည့်ရန် ပြင်လိုက်သော်လည်း လက်က စိုနေသေးသည်ကို ချက်ချင်း သတိထားမိလိုက်သည်။
လက်က စိုနေသည်သာမက ဖုမင်ဇယ်က ဆွဲထားခဲ့သော လက်ကောက်ဝတ်ကလည်း စိုစွတ်ကာ နွေးထွေးနေဆဲဖြစ်ပြီး သူ၏ ကိုယ်ငွေ့များ ကျန်ရစ်နေသေးသကဲ့သို့ပင်။
"ညစ်ပတ်လိုက်တာ”
ရှန်မော့အာသည် တိုးတိုးလေး ညည်းညူလိုက်ပြီး မျက်နှာရဲရဲဖြင့် ရေလောင်းချကာ လက်ကို သေသေချာချာ ဆေးကြောလိုက်သည်။ ဆပ်ပြာတိုက်ပြီး အမြှုပ်များ အတော်ကြာအောင် ပွတ်တိုက်ပြီးနောက်မှသာ လက်ကို သန့်စင်အောင် ဆေးကြောနိုင်ခဲ့တော့သည်။
သူမသည် လက်ကို မြှောက်ကာ နှာခေါင်းနားသို့ ကပ်ပြီး နမ်းကြည့်လိုက်သောအခါ တခြားဘာအနံ့မှ မရှိတော့ဘဲ ဆပ်ပြာ၏ သင်းပျံ့သော အနံ့သာ ရှိတော့သည်။
ဖုမင်ဇယ်သည် ရိုးရိုးသားသားဖြင့်ပင် ကြက်မွှေးများကို ပြောင်စင်အောင် နုတ်လိုက်ပြီး ကြက်ကို ခွဲစိတ်ကာ အတုံးလေးများပါ တုံးပေးလိုက်သည်။ ထို့နောက် အလိုက်သတိပင် မီးသွားမွှေးပေးလိုက်သည်။
ရှန်မော့အာသည် ဆေးကြောထားသော ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူများကို လှီးဖြတ်လိုက်ပြီး ဒယ်အိုးထဲသို့ ရေအေးထည့်ကာ တစ်ချိန်တည်းမှာပင် တုံးထားသော ကြက်သားများကိုပါ ထည့်လိုက်သည်။ ရေဆူလာသောအခါ အမြှုပ်များကို ခပ်ထုတ်လိုက်ပြီး ရေအသစ် ပြန်ထည့်လိုက်သည်။ ထို့နောက် လှီးဖြတ်ထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်အမြစ်များနှင့် ပိတ်စဖြင့် ထုပ်ထားသော အိတ်ငယ်လေးကိုပါ ရေထဲသို့ ထည့်လိုက်သည်။ ရေဆူလာပြီးနောက်တွင် ဖုမင်ဇယ်ကို ထင်းနှစ်ချောင်း ဆွဲထုတ်ခိုင်းလိုက်ပြီး ထင်းတစ်ချောင်းတည်းဖြင့်သာ မီးအေးအေးဖြင့် ဖြည်းဖြည်းချင်း တည်ထားလိုက်သည်။
မကြာမီမှာပင် ကြက်စွပ်ပြုတ်၏ မွှေးပျံ့သော ရနံ့က လေထုထဲတွင် ပျံ့နှံ့လာတော့သည်။
ဖုမင်ဇယ်က မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်၏။
"ဒီကြက်စွပ်ပြုတ်က တကယ်ကို မွှေးတာပဲ..."
"ဝါး... ကြက်စွပ်ပြုတ် တည်နေတာလား။ ဒီကြက်စွပ်ပြုတ်က တကယ်ကို မွှေးနေတာပဲ” ကျိန့်ကျားမင်က ဆူညံစွာဖြင့် ဝင်ရောက်လာပြီး အော်ဟစ်လိုက်သည်။ "ရဲဘော်ရှန်မော့အာ... ကူညီစရာ ဘာရှိသေးလဲ။ ရေခပ်ပေးရမလား၊ ထင်းခုတ်ပေးရမလား၊ ဟင်းသီးဟင်းရွက် ဆေးပေးရမလား”
ဖုမင်ဇယ်သည် သူ့ကို အေးစက်စက် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီး ကျိန့်ကျားမင်ကလည်း အကြောင်းရင်းမသိဘဲ သူ့ကို ပြန်ကြည့်ပြီး ပြောလိုက်၏။
"မင်ဇယ်... မင်းက ဘာလို့ ကြောင်တောင်တောင်နဲ့ ရပ်နေတာလဲ။ လုပ်စရာရှိတာ သွားလုပ်လေ။ ငါတို့က အလကားလာစားတာဆိုတော့ ဘာမှမလုပ်ဘဲ အသင့်စားဖို့ပဲ စောင့်နေလို့တော့ ဘယ်ဖြစ်မလဲ”
ဖုမင်ဇယ် : "......"
ဘယ်သူက အလကားလာစားတာလဲ။ ငါက ငါ့ချစ်သူအိမ်မှာ ထမင်းလာစားတာ။ မင်းကမှ အလကားလာစားတာ။
သူသည် စကားပြန်မပြောတော့ဘဲ မီးဖိုပေါက်ဘေးမှ ထင်းခုတ်ဓားကို ယူထုတ်လိုက်ပြီး ပြောလိုက်သည်။
"မင်း သွားပြီး ထင်းခုတ်လိုက်”
သူကိုယ်တိုင်ကတော့ ရေပုံးကို ယူကာ ရေအနည်းငယ် ထပ်ခပ်ရန် ပြင်လိုက်၏။
ရှန်မိသားစု၏ ခြံဝင်းသည် ခြံစည်းရိုး ကာရံပြီးနောက်ပိုင်းတွင် ပိုသပ်ရပ်သွားသယောင် ရှိသော်ငြားလည်း တစ်ချိန်တည်းမှာပင် ဘေးအိမ်သို့ ရေသွားခပ်ရသည်က ပိုဝေးသွားခဲ့သည်။ ယခင်က နှစ်ဖက်စလုံးတွင် ခြံစည်းရိုး မရှိသဖြင့် တည့်တည့်လျှောက်သွားရုံဖြင့် ရနိုင်သော်လည်း ယခုအခါတွင်တော့ ခြံဝင်းတံခါးမှ ထွက်သွားရသဖြင့် လမ်းအနည်းငယ် ပိုလျှောက်ရသည်။
ရှန်မော့အာသည် ကြွေဇလုံကို ပွေ့ချီကာ ရေတွင်းဘေးသို့ သွားပြီး ဟင်းသီးဟင်းရွက်များ ဆေးကြောနေစဉ် ဖုမင်ဇယ်က ရေတစ်ပုံး ဆွဲလာပြီး ကြွေဇလုံထဲသို့ လောင်းထည့်ပေးသည်။ သူ၏ လက်လှုပ်ရှားမှုက အလွန်တည်ငြိမ်ပြီး ရှန်မော့အာ၏ ကိုယ်ပေါ်သို့ ရေတစ်စက်လေးမှ စင်မသွားခဲ့ချေ။ ရေပုံးထဲတွင် ရေတစ်ဝက်ခန့် ကျန်ရှိနေသေးသဖြင့် ဖုမင်ဇယ်သည် ဖွင့်ထားသော တပ်ဖွဲ့ရုံး၏ တံခါးကို တစ်ချက်ကြည့်လိုက်ပြီး ခြေတစ်ဝက်ခန့် နောက်သို့ဆုတ်ကာ ရှန်မော့အာ ဟင်းသီးဟင်းရွက် ဆေးကြောနေသည်ကို ရပ်ကြည့်နေသည်။
ရှန်မော့အာသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ရှင် ရေခပ်သွားလေ”
ဖုမင်ဇယ် : "မင်း အနည်းဆုံးတော့ နှစ်ခါလောက် ဆေးရဦးမှာလေ။ ကို ရေပုံးကို ယူသွားရင် မင်းက ဘာနဲ့ ဆေးမလဲ”
ရှန်မော့အာ : "ရှင်က အရင်ဆုံး တစ်ပုံးသွားခပ်ပြီး ပြန်လာမှ ကျွန်မကို လောင်းထည့်ပေးလို့ ရတာပဲဟာ”
ဖုမင်ဇယ်သည် လုံးဝမလှုပ်ရှားဘဲ ပြန်ပြောလိုက်၏။
"ကိုက ဒီနေရာမှာပဲ မင်းကို အဖော်လုပ်ပေးချင်လို့”
ရှန်မော့အာသည် "ဘယ်သူက ရှင့်အဖော်လုပ်တာကို လိုချင်လို့လဲ" ဟု တိုးတိုးလေး ညည်းတွားလိုက်ပြီး ဟင်းသီးဟင်းရွက်များကို မြန်မြန်ဆန်ဆန် တစ်ကြိမ် ဆေးကြောလိုက်၏။ ရေသွန်ပစ်လိုက်သည်နှင့် တစ်ပြိုင်နက် ဖုမင်ဇယ်က အလိုက်သတိပင် ရေပုံးကို မကာ ရေထပ်ဖြည့်ပေးသည်။
အနောက်ဘက်မှ "ကျွီ" ကနဲ အသံထွက်ပေါ်လာပြီး ကျိုးမန်ခန်းသည် တပ်ဖွဲ့ရုံးခန်းထဲမှ ထွက်လာကာ တံခါးကို သော့ခတ်ရန် ပြင်လိုက်သည်။ ရှန်မော့အာသည် ခေါင်းမော့ကာ ဖုမင်ဇယ်ကို မျက်ရိပ်ပြလိုက်ပြီး သူ့ကို ရေပုံးဆွဲကာ အမြန်ထွက်သွားစေချင်သော်ငြားလည်း ဖုမင်ဇယ်ကတော့ သူမနှင့် အကြည့်ချင်းဆုံပြီးနောက် အေးအေးဆေးဆေးပင် ထိုနေရာ၌ မလှုပ်မယှက် ရပ်နေလေ၏။
ရှန်မော့အာ တစ်စုံတစ်ရာ မပြောနိုင်မီမှာပင် ကျိုးမန်ခန်းသည် တံခါးကို သော့ခတ်ပြီး ထွက်လာခဲ့လေပြီ။ သူတို့နှစ်ဦးကို မြင်လိုက်ရသောအခါ ခြေလှမ်းကို ပြောင်းလဲကာ လျှောက်လာခဲ့ပြီး မေးလိုက်၏။
"မော့အာ... ပညာတတ်လူငယ်ဖု... မင်းတို့က ဒါ..."
ရှန်မော့အာက ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။
"တပ်ဖွဲ့ခေါင်းဆောင်... ကျွန်မတို့အိမ်မှာ ညစာ လာစားပါလား။ ညဘက်ကျရင် ပညာတတ်လူငယ်ဖုနဲ့ ပညာတတ်လူငယ်ကျိန့်တို့ လာပြီး အတူတူ စားကြမလို့လေ”
ကျိုးမန်ခန်းက ပြန်ပြောလိုက်၏။
"ငါကလည်း ဘယ်သူ့အိမ်ကများ ကြက်စွပ်ပြုတ် တည်နေတာလဲလို့။ တပ်ဖွဲ့ရုံးကနေတောင် အနံ့ရနေတာကိုး။ မင်းတို့ပဲ စားကြပါကွာ။ အိမ်မှာလည်း ထမင်းဟင်း ချက်ပြီးလောက်ပြီ၊ ငါ ပြန်လာပြီး စားမယ့်အချိန်ကို စောင့်နေကြမှာ”
ဤခေတ်ကာလတွင် တခြားသူများ၏ အိမ်သို့ အလွယ်တကူ သွားရောက်ပြီး ထမင်းစားရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။
သူသည် ဖုမင်ဇယ်ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။
"ပညာတတ်လူငယ်ဖုက ရေခပ်ကူညီပေးနေတာလား။ အတူတူ သွားကြတာပေါ့။ မင်းတို့ ပညာတတ်လူငယ်စခန်းက စမ်းသပ်စိုက်ခင်းရဲ့ အခြေအနေက မဆိုးဘူးလို့ ကြားတယ်။ မင်း ငါ့ကို အဲဒီအကြောင်း နည်းနည်းလောက် ပြောပြပါလား”
ဖုမင်ဇယ်သည် ခြေထောက်တွင် သံမှိုစွဲထားသကဲ့သို့ ထိုနေရာ၌ပင် ရပ်နေပြီး ခြေတစ်လှမ်းမှ မရွှေ့ဘဲ ပြန်ဖြေလိုက်သည်။
"ကျွန်တော် ဒီမှာ ရေခပ်ကူညီပေးရဦးမယ်။ တပ်ဖွဲ့ခေါင်းဆောင်၊ ဒီကိစ္စက စကားနည်းနည်းလေးနဲ့ ပြောပြလို့ ပြီးမှာ မဟုတ်ဘူး။ မနက်ဖြန်ကျရင် တပ်ဖွဲ့ခေါင်းဆောင် ပညာတတ်လူငယ်စခန်းကို လာခဲ့ပါလား။ ကျွန်တော်တို့ ဟင်းသီးဟင်းရွက် စိုက်ခင်းထဲမှာ လက်တွေ့ သွားကြည့်ကြတာပေါ့။ အဲဒီကျမှ သေချာ အသေးစိတ် ပြောပြတာပေါ့”
ကျိုးမန်ခန်းသည် မိန်းကလေးတစ်ယောက် ဟင်းသီးဟင်းရွက် ဆေးနေတာလေးကိုများ မင်းက အနားမှာ ရပ်ပြီး ရေခပ်ကူညီပေးဖို့ လိုသေးလို့လား ဟု ပြောချင်သွားသော်ငြားလည်း ချက်ချင်းဆိုသလို သဘောပေါက်သွားပြီး သူ့မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာများ ပေါ်ထွက်လာလေတော့သည်။
"အယ်... မင်းတို့က ဒါ..."
သူသည် စကားကို အဆုံးအထိ မပြောတော့ဘဲ ဖုမင်ဇယ်ကို လက်ညှိုးဖြင့် ထိုးပြကာ ခေါင်းခါ၍ ရယ်မောလိုက်ပြီး ပြောလိုက်၏။
"ကောင်းပြီလေ၊ မနက်ဖြန် နေ့လယ်စာစားပြီးရင် ငါ ပညာတတ်လူငယ်စခန်းကို လာကြည့်မယ်”
ရှန်မော့အာ၏ မျက်နှာသည် နားရွက်ဖျားများအထိပင် ပူထူရဲတွတ်သွားတော့သည်။ ကျိုးမန်ခန်း အဝေးသို့ ရောက်သွားချိန်တွင်မှ သူမသည် ဖုမင်ဇယ်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ပြောလိုက်၏။
"ရှင် တပ်ဖွဲ့ခေါင်းဆောင်ကို ဘာတွေ လျှောက်ပြောနေတာလဲ”
ဖုမင်ဇယ် : "ကို ဘယ်မှာ လျှောက်ပြောလို့လဲ။ ရေခပ်ကူညီပေးရမယ်ဆိုတာ လျှောက်ပြောတာလား”
ရှန်မော့အာသည် "ဟွန့်" ကနဲ အသံပြုလိုက်ပြီး ခိုင်လုံသော အကြောင်းပြချက်ရှိသကဲ့သို့ ပြောလိုက်၏။
"ကျွန်မက လျှောက်ပြောတယ်လို့ ပြောရင် လျှောက်ပြောတာပဲ”
ဖုမင်ဇယ်သည် နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
"အင်း... ချစ်သူက ပြောတာမှန်သမျှ အကုန်မှန်တယ်”
ရှန်မော့အာ : "......"
ဒီလို မျက်နှာပြောင်တိုက်လွန်းတဲ့ ချစ်သူကို ပြန်အမ်းပစ်လို့ ရမလား။
သို့သော် ရှန်ရှောက်ယွမ် အိမ်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် မျက်နှာပြောင်တိုက်လွန်းသော ပညာတတ်လူငယ်ဖုသည် သူမရှေ့တွင် အမြီးပေါ်သွားသော မြေခွေးတစ်ကောင်ကဲ့သို့ အမြီးကို တိတ်တဆိတ် ပြန်ဝှက်လိုက်သည့်အလား အလွန်ပင် ရိုးသားဖြောင့်မတ်သော ပုံစံပေါက်သွားတော့သည်။ သူမကိုပင် တစ်ချက်ပို၍ မကြည့်ရဲတော့ချေ။
ထမင်းစားပွဲပေါ်တွင်လည်း အလွန်ပင် ဖော်ရွေပျူငှာလွန်းလှသည်။ သန့်ရှင်းသော တူတစ်စုံကို ယူကာ ရှန်ရှောက်ယွမ်ကို အဆက်မပြတ် ဟင်းများ ခပ်ထည့်ပေးနေပြီး တစ်ခါတစ်ရံတွင် ရှန်မော့အာကိုလည်း တစ်ချက်၊ နှစ်ချက်ခန့် ခပ်ထည့်ပေးသည်။ ရှန်ရှောက်ယွမ်က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်နှင့် သူသည် လိမ္မာရေးခြားရှိစွာဖြင့် တူကို ချထားလိုက်လေတော့သည်။
ကျိန့်ကျားမင်ကတော့ မကျေမနပ် ဖြစ်နေလေသည်။
"မင်ဇယ်... ဘာပဲဖြစ်ဖြစ် ဒီကြက်အတွက် ငါလည်း ပိုက်ဆံ ထုတ်ထားတာပဲလေ။ မင်း ငါ့ကို ဘာလို့ အသားတစ်တုံးတောင် ခပ်မပေးတာလဲ”
ဖုမင်ဇယ်က အေးစက်စက် မျက်နှာဖြင့် ပြန်ပြောလိုက်၏။ "မင်းက လက်ပြတ်နေလို့လား၊ ငါက ဟင်းခပ်ပေးရအောင်”
ကျိန့်ကျားမင် : "ဒါဆို ဦးလေး၇ နဲ့ ရဲဘော်ရှန်မော့အာတို့ရဲ့ လက်ကလည်း အကောင်းကြီးပဲလေ။ ငါတို့က အလကား လာစားလာသောက်တာ ဖြစ်ပေမယ့် မင်းက ဒီလောက်ကြီး မျက်နှာလိုက်တာတော့ မကောင်းဘူးလေ”
ရှန်ရှောက်ယွမ်သည် ဤလူနုံလေးကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို ရယ်ချင်သွားရတော့သည်။
ထမင်းစားပြီးနောက် ဖုမင်ဇယ်သည် အလိုက်သတိပင် ပန်းကန်ဆေးရန် သွားရောက်ခဲ့ပြီး ကျိန့်ကျားမင်ကလည်း နောက်မှလိုက်ကာ ကူညီပေးသည်။ ပန်းကန်ဆေးပြီးလုနီးပါးအချိန်တွင် ခွေးခြေပုလေးတစ်လုံးကို ယူကာ ထွက်လာခဲ့ပြီး ဆင်ဝင်အောက်တွင် ထိုင်ကာ ရှန်ရှောက်ယွမ်နှင့် စကားစမြည် ပြောဆိုနေလေတော့သည်။
"ဦးလေး၇... ဦးလေးတို့ အိမ်သစ်ကို ဘယ်တော့ ပြောင်းနေမှာလဲ”
ရှန်ရှောက်ယွမ်သည် ပြုပြင်ထားသော ကုလားထိုင်ဟောင်းလေးပေါ်တွင် မှီထိုင်နေရင်း မည်းမှောင်နေသော ကောင်းကင်ယံရှိ တံစဉ်းသဏ္ဍာန် လခြမ်းကွေးလေးကို မော့ကြည့်ကာ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်၏။
"လပြည့်ရင် ပြောင်းဖြစ်မယ်ထင်တယ်”
ကျိန့်ကျားမင်က သက်ပြင်းချလိုက်ပြီး "ဦးလေး၇... အရင်ကတော့ ဦးလေးနဲ့ မရင်းနှီးဘူး။ အခု ရင်းနှီးလာတော့ ဦးလေးက ဘိုးဘွားစဉ်ဆက် မြေကြီးကို မျက်နှာမူပြီး ကောင်းကင်ကို ကျောခိုင်းလာခဲ့တဲ့ တောင်သူလယ်သမားတစ်ယောက်နဲ့ မတူဘူးလို့ ခံစားရတယ်။ ရှေးဟောင်းစာပေတွေထဲက စာပေကျမ်းဂန်တွေ အများကြီး ဖတ်ဖူးတဲ့ ပညာရှိတစ်ယောက်နဲ့ ပိုတူတယ်”
ရှန်ရှောက်ယွမ်နှင့် တခြားတစ်ဖက်တွင် ထိုင်နေသော ရှန်မော့အာတို့သည် ကျိန့်ကျားမင်ကို တစ်ချိန်တည်းမှာပင် လှမ်းကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ဖုမင်ဇယ်သည် မီးဖိုချောင်ထဲမှ ထွက်လာခဲ့ပြီး ရှန်မော့အာ၏ အကြည့်အတိုင်း ကျိန့်ကျားမင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့ကို ထပ်ပြီး အရူးစကားတွေ လျှောက်ပြောနေပြန်ပြီဟု ထင်မှတ်ကာ ပြောလိုက်၏။
"ကျိန့်ကျားမင်... ပြန်ကြစို့”
ကျိန့်ကျားမင် : "စားပြီးတာနဲ့ ချက်ချင်း ဘယ်လိုလုပ်ပြီး ပြန်လို့ဖြစ်မှာလဲ။ ဦးလေး၇ နဲ့ စကားနည်းနည်းလောက် ပြောပြီး အဖော်လုပ်ပေးရဦးမှာပေါ့။ အဲဒီလောက်စောစော ပြန်ပြီး ဘာလုပ်ရမှာလဲ။ ရှီဝေဆိုတဲ့ ကောက်ကျစ်တဲ့ကောင်ရဲ့ မျက်နှာကို သွားကြည့်ရမှာလား”
သူသည် ချက်ချင်းဆိုသလို ရှန်ရှောက်ယွမ်ဘက်သို့ လှည့်ကာ ထပ်မံ၍ စကားပြောဆိုလိုက်ပြန်သည်။
"ဦးလေး၇... ကျွန်တော်တို့ ဆက်ဆံရေးက ဒီလောက်ကောင်းတာဆိုတော့ ဦးလေးကို ပြောပြရမှာ မကြောက်ပါဘူး။ ကျွန်တော်တို့ ပညာတတ်လူငယ်စခန်းက အဲဒီ ရှီဝေဆိုတဲ့ကောင်က လူကောင်းမဟုတ်ဘူး။ သူက မင်ဇယ်ရဲ့ ပစ္စည်းတွေကို ခိုးပြီး မွှေနှောက်နေတာကို ကျွန်တော် တွေ့လိုက်တယ်။ ကျွန်တော် ဝင်သွားတော့ သူက ချက်ချင်း မတ်တပ်ရပ်ပြီး ပိုးဟပ်တစ်ကောင် ဝင်သွားလို့ လိုက်ရိုက်မလို့ပါလို့ ပြောတယ်။ ဟင်း... ဘယ်သူက ယုံမှာလဲ။ ကျွန်တော်က မျက်မှန်တပ်ထားတာ၊ ရှင်းရှင်းလင်းလင်းကို မြင်လိုက်ရတာ”
ရှန်ရှောက်ယွမ်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
ငါတို့က ဘယ်လို ဆက်ဆံရေးမျိုးမို့လို့ မင်းက ဒီလိုကိစ္စတွေကို ငါ့ကို ပြောပြရဲရတာလဲ။
ကျိန့်ကျားမင် : "ဒါပေမဲ့ မင်ဇယ်က စစ်ကြည့်တော့ ဘာမှ မပျောက်ဘူးတဲ့။ ဒီရက်ပိုင်းမှာ ကျွန်တော် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေတာ။ သူက အလုပ်မရှိရင် မင်ဇယ်ရဲ့ ကုတင်နားကို ရောက်ရောက်သွားတတ်တယ်။ ဘာလုပ်ချင်မှန်းကို မသိပါဘူး”
"ဦးလေး စဉ်းစားကြည့်လေ။ သူ့မှာ ရောဂါများ ရှိနေလားလို့။ ပညာတတ်လူငယ်စခန်း တစ်ခုလုံးမှာ မင်ဇယ်က အဆင်းရဲဆုံးလေ။ သူ ပစ္စည်းခိုးချင်ရင်တောင် ကျွန်တော့်ဆီမှာ လာရှာသင့်တာ မဟုတ်ဘူးလား။ ဦးလေး ဘယ်လိုထင်လဲ”
တခြားသူသုံးယောက် : "......"
ရှန်ရှောက်ယွမ်သည် စိတ်ထဲမှ တွေးလိုက်မိသည်။ ဒီလူနုံလေးက ဖားတော့ တတ်သားပဲ။ ဒါပေမဲ့ တကယ်ကို ဉာဏ်မရှိတာ။ သာ့လျန်မင်းဆက်ရဲ့ နန်းတော်ထဲမှာသာဆိုရင် သုံးရက်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။
"သူ ရှာနေတာက ငွေကြေးပစ္စည်းတွေ မဟုတ်ဘဲ တခြားအရာတွေများ ဖြစ်နေမလား” ရှန်မော့အာသည် ဖုမင်ဇယ်ကို ကြည့်ကာ မေးလိုက်လေသည်။
ဖုမင်ဇယ်သည်လည်း သူမကို ကြည့်နေပြီး အကြည့်များထဲတွင် စိတ်သက်သာရာ ရစေလိုသော အငွေ့အသက်များ ပါဝင်နေ၏။
"ကိစ္စမရှိပါဘူး”
ရှန်ရှောက်ယွမ်သည် သူတို့နှစ်ဦး၏ ပုံစံကို ဆက်ကြည့်မနေနိုင်တော့ဘဲ မတ်တပ်ရပ်ကာ ပြောလိုက်တော့သည်။
"ကဲပါ... မင်းတို့ ပြန်ကြတော့”
ရှန်မော့အာသည် အဖေဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း ရယ်မောလိုက်တော့သည်။
"ပြန်ကြပါတော့၊ ပြန်ကြပါတော့။ ကျွန်မအဖေ မနက်ဖြန် စောစောထပြီး အလုပ်သွားရဦးမှာ”
"သွားမယ် သွားမယ်။ ဦးလေး၇၊ ရဲဘော်ရှန်မော့အာ... စောစော အနားယူကြပါတော့။ နောက်တစ်ခါ ကျွန်တော့်အိမ်က အသားကူပွန်တွေ ပို့လာရင် ကြက်တစ်ကောင်လောက် ထပ်ဝယ်လာခဲ့မယ်။ ဟင်း... ဒီကြက်စွပ်ပြုတ်က တကယ်ကို ကောင်းတာပဲ။ အိမ်သစ်တက်တုန်းက ချက်တဲ့ ကြက်စွပ်ပြုတ်ထက်ကို အများကြီး ပိုကောင်းသေးတယ်”
ကျိန့်ကျားမင်သည် ကြက်စွပ်ပြုတ်၏ အရသာကို ပြန်လည် စားမြုံံပြန်နေရင်း ပြောလိုက်သည်။
"ကောင်းပြီလေ... နောက်နေ့ကျရင် ရှင်တို့ကို ထမင်းလာစားဖို့ ထပ်ခေါ်လိုက်ပါ့မယ်”
ရှန်မော့အာက ပြောရင်း လူများကို လိုက်ပို့ရန် မတ်တပ်ရပ်လိုက်သည်။ သို့သော် သူမ၏ စိတ်ထဲတွင် တွေးနေမိသည်က အိမ်သစ်တက်တုန်းက ဒီဆေးဖက်ဝင် အပင်တွေကိုမှ ရှာမတွေ့သေးတာ၊ ဒီတစ်ခါနဲ့ ဘယ်လိုလုပ်ပြီး တူနိုင်ပါ့မလဲ ဟူ၍ပင်။
"ဦးလေး၇... ဒါဆို ကျွန်တော် နောက်နေ့မှ ထပ်လာခဲ့ပါ့မယ်” ဖုမင်ဇယ်သည်လည်း မတ်တပ်ရပ်လိုက်သည်။
ရှန်ရှောက်ယွမ်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စကားပင် ပြန်မပြောချင်တော့ဘဲ လက်ဝှေ့ယမ်းကာ မြန်မြန်ထွက်သွားရန်သာ အချက်ပြလိုက်လေတော့သည်။
...
အပိုင်း (၄၅.၂)
ရှန်မော့အာသည် သူတို့နှစ်ဦးကို ခြံဝင်းတံခါးအပြင်ဘက်အထိ လိုက်ပို့ပေးခဲ့သည်။ ဖုမင်ဇယ်သည် တံခါးဝတွင် ရပ်တန့်လိုက်ပြီး သူမကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။
"မနက်ဖြန်မှ တွေ့ကြမယ်”
ကျိန့်ကျားမင်သည် ဖုမင်ဇယ်က ဘာကြောင့် မနက်ဖြန်မှ တွေ့ကြမည်ဟု ပြောရသည်ကို နားမလည်သော်ငြားလည်း တစ်ရွာတည်းတွင် နေထိုင်ကြသဖြင့် မနက်ဖြန်တွင်လည်း တွေ့နိုင်ကောင်းသည်ဟု တွေးလိုက်ပြီး ထောက်ခံပြောဆိုလိုက်၏။
"ဟုတ်တယ်... ဟုတ်တယ်... မနက်ဖြန်မှ တွေ့မယ်၊ မနက်ဖြန်မှ တွေ့မယ်”
ဖုမင်ဇယ်သည် နောက်ဆုံးတွင်တော့ မနေနိုင်တော့ဘဲ သူ့ကို တစ်ချက်ကန်လိုက်ပြီး ပြောလိုက်တော့သည်။
"သွားမယ်”
........
နောက်တစ်နေ့တွင် ရှန်မော့အာ စာသင်နေစဉ် ကျောင်းမနေရသေးသည့် ကလေးငယ်တစ်ယောက်က အတန်းပေါက်ဝသို့ ပြေးလာပြီး ချိုသာသောအသံလေးဖြင့် အော်ခေါ်လေသည်။
"ဆရာမရှန်——"
ရှန်မော့အာသည် ကျောက်သင်ပုန်းပေါ်တွင် ကြောင်ကလေးပုံတစ်ပုံကို အကြမ်းဖျင်း ဆွဲလိုက်ပြီး ကျောင်းသားများကို လိုက်ဆွဲခိုင်းလိုက်၏။ ထို့နောက် အပြင်သို့ထွက်လာကာ ကလေးငယ်၏ နူးညံ့သော ဆံပင်လေးများကို ပွတ်သပ်ပေးရင်း မေးလိုက်၏။
"သမီးက ဘယ်သူလဲ၊ ဆရာမ သမီးကို အိမ်ပြန်ပို့ပေးရမလား”
ကျောင်းတွင် မနက်ပိုင်း အတန်းမစမီ အချိန်များတွင် ကျောင်းမနေရသေးသော ကလေးများက ကစားကွင်း၌ လာရောက်ဆော့ကစားလေ့ရှိပြီး အတန်းစသည်နှင့် မိဘများက လာခေါ်သွားတတ်ကြလေသည်။ ဤကလေးက ဘယ်အိမ်က ကလေးမှန်း သူမ မသိသော်ငြားလည်း အသားအရေ အနည်းငယ် မည်းသော်လည်း မျက်လုံးဝိုင်းဝိုင်းကြီးများနှင့် အတော်လေး ချစ်စရာကောင်းလေသည်။
"သမီးက ကျိုးချင်းကော်ရဲ့ သမီးလေ” ကလေးငယ်က သွားရည်များ စုပ်ရင်း ပြန်ဖြေလေသည်။
ရှန်မော့အာသည် စဉ်းစားကြည့်လိုက်ပြီး သဘောပေါက်သွားလေသည်။ ပြည်သူ့စစ်တပ်ဖွဲ့မှူး ကျိုးချင်းကော်၏ သမီး။
ကျိုးချင်းကော်ကို ကြည့်ရသည်မှာ အရပ်အမောင်း ထွားကြိုင်းသော်ငြားလည်း ဤမျှလောက် ချစ်စရာကောင်းသော သမီးလေး ရှိနေမည်ဟု သူမ မထင်ထားခဲ့ချေ။
ကလေးငယ်က ရှန်မော့အာ၏ ဘောင်းဘီစကို ဆွဲကာ ပြောလိုက်လေသည်။
"အပြင်မှာ... အပြင်မှာ... လူတစ်ယောက် ရှိတယ်..."
ရှန်မော့အာသည် သဘောပေါက်သွားပြီး ပြန်မေးလိုက်၏။
"အပြင်မှာ ဆရာမကို လာရှာတဲ့သူ ရှိနေတာလား”
သူမသည် ခါးကိုင်းကာ ကလေးငယ်ကို ပွေ့ချီလိုက်ပြီး အိတ်ကပ်ထဲမှ သကြားလုံးတစ်လုံးကို ထုတ်ကာ ကလေးငယ်၏ အင်္ကျီအိတ်ကပ်ထဲသို့ ထည့်ပေးလိုက်လေသည်။
"အို... သမီးရဲ့ အိတ်ကပ်ထဲမှာ သကြားလုံး နှစ်လုံးတောင် ရှိနေပြီပဲ”
ကလေးငယ်က သွားသေးသေးလေးများ ပေါ်လာသည်အထိ ပြုံးရယ်လိုက်လေသည်။
ကျောင်းတံခါးပေါက်သို့ ရောက်လုနီးပါးအချိန်တွင် ရှန်မော့အာသည် ကျောင်းတံခါးအပြင်ဘက်တွင် ရပ်နေသော ဝမ်ချိုးထုန်ကို မြင်လိုက်ရ၏။ သူမသည် ဘာအရေးတကြီး ကိစ္စရှိနေမှန်း မသိသော်ငြား ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ထိုနေရာ၌ပင် ဂဏာမငြိမ်ဖြစ်ကာ လှည့်ပတ်နေလေသည်။
ရှန်မော့အာကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမသည် ချက်ချင်း ခြေလှမ်းသွက်သွက်ဖြင့် ရှေ့တိုးလာပြီး စက်သေနတ်ပစ်သကဲ့သို့ တရစပ် ပြောဆိုတော့သည်။
"ရဲဘော်ရှန်မော့အာ... တပ်ဖွဲ့ရုံးကို မြန်မြန် သွားကြည့်ပါဦး။ တပ်ဖွဲ့ရုံးက တော်လှန်ရေးကော်မတီက လူတချို့လာပြီး ပညာတတ်လူငယ်ဖုကို စုံစမ်းစစ်ဆေးမလို့တဲ့။ ကျွန်မတို့ကလည်း တခြားသူတွေနဲ့ မရင်းနှီးဘူးလေ။ ပညာတတ်လူငယ်ကျိန့်က ကျွန်မကို ရှင့်ကို လာခေါ်ခိုင်းတာ။ သူပြောတာက ရှင့်မိသားစု နောက်ခံကောင်းတယ်၊ ပြီးတော့ ဦးလေး၇ ကလည်း တပ်ဖွဲ့ရုံးမှာ လူနည်းနည်းပါးပါး သိထားတော့ အကူအညီတောင်းပြီး ဝင်ပြောပေးလို့ ရမလားဆိုပြီးတော့လေ”
ရှန်မော့အာသည် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"တော်လှန်ရေးကော်မတီက ဘာလို့ ပညာတတ်လူငယ်ဖုကို စုံစမ်းစစ်ဆေးရတာလဲ”
ဝမ်ချိုးထုန်က ပြန်ဖြေလေသည်။
"တိုင်စာ ပို့ထားတဲ့သူ ရှိလို့တဲ့။ သူ့ကို ဓနရှင်ပေါက်စ အမူအကျင့် ရှိတယ်လို့ တိုင်ထားတာ။ ပြီးတော့ သူ့စာအုပ်ထဲမှာ တော်လှန်ရေးကို ဆန့်ကျင်တဲ့ စကားတွေ ရေးထားတယ်လို့လည်း ပြောတယ်။ အသေးစိတ်ကိုတော့ ကျွန်မလည်း သေချာ မသိဘူး။ သူ့ကို ခေါ်သွားတာနဲ့ ကျွန်မလည်း ချက်ချင်း ရှင့်ဆီကို ပြေးလာခဲ့တာပဲ”
ရှန်မော့အာသည် ခေါင်းညိတ်ပြကာ နားလည်ကြောင်း ပြလိုက်လေသည်။
ဝမ်ချိုးထုန်က အတန်းထဲသို့ တိုက်ရိုက်ဝင်လာပြီး သူမကို လာရှာမည်ဆိုပါက မလိုအပ်သော ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ကလေးငယ်တစ်ယောက်ကို အကူအညီတောင်းကာ စကားပါးခိုင်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ဤကလေးငယ်က အရမ်းငယ်လွန်းလှရာ အတန်းမှားဝင်သွားပြီး လူကို ရှာမတွေ့မှာကို သူမ မစိုးရိမ်ခဲ့လေသလား။
သို့သော် အံ့ဩစရာကောင်းသည်မှာ အမှန်တကယ်ပင် အဆင်ပြေချောမွေ့စွာ ရှာတွေ့သွားခဲ့ခြင်းပင်။
"အရင်သွားကြည့်ရအောင်” ရှန်မော့အာက ပြောလိုက်သည်။
ယမန်နေ့ညက ကျိန့်ကျားမင် ပြောခဲ့သော စကားများကို ပြန်လည်တွေးတောမိပြီး ဤကိစ္စသည် ရှီဝေနှင့် ပတ်သက်နေနိုင်ကြောင်း ရှန်မော့အာ အနည်းငယ် သံသယဝင်သွားမိလေသည်။
သူမသည် ကလေးငယ်ကို ပွေ့ချီလျက် တပ်ဖွဲ့ရုံးခန်းပေါက်ဝအထိ ရောက်ရှိလာခဲ့သည်။ ထိုအခါမှသာ ရှန်မော့အာသည် သတိဝင်လာပြီး ပြောလိုက်၏။
"အယ်... ငါတို့ ဒီကလေးလေးကို အရင်ဆုံး အိမ်ပြန်ပို့ပေးရမှာကို”
"ချုံးချုံး အိမ်မပြန်ဘူး၊ ချုံးချုံး ဖေဖေ့ကို ရှာမှာ”
ကလေးငယ်က အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ပြောလိုက်လေသည်။
စကားပင် မဆုံးသေးမီ ကျိုးချင်းကော်သည် တပ်ဖွဲ့ရုံးခန်းထဲမှ ထွက်လာခဲ့လေသည်။
"ချုံးချုံး... သမီးက ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ”
သူသည် အလောတကြီးဖြင့် သမီးဖြစ်သူကို လှမ်းယူလိုက်လေသည်။ ရှန်မော့အာအနေဖြင့် သူမသာ အနည်းငယ် နှေးကွေးသွားပါက သူက တိုက်ရိုက် လုယူသွားမည်ဟုပင် သံသယဝင်သွားမိလေသည်။
"အစ်ကိုချင်းကော်... အထဲမှာ အခြေအနေ ဘယ်လိုရှိလဲ”
ရှန်မော့အာက မေးလိုက်၏။
ကျိုးချင်းကော်သည် အသက် ၃၀ ကျော်အရွယ်ရှိပြီး နေလောင်ထားသဖြင့် မျက်နှာက မည်းနက်နေကာ မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးဖြင့် ဖြောင့်မတ်တည်ကြည်သော ရုပ်သွင် ရှိသည်။ သူသည် စစ်တပ်မှ အငြိမ်းစားယူကာ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကလေးငယ်ကို ပွေ့ချီလျက် ရပ်နေပုံကပင် လှံတစ်ချောင်းကဲ့သို့ မတ်မတ်မတ်မတ် ရှိလေ၏။
"တိုင်စာ ပို့ထားတဲ့သူ ရှိတယ်။ ပညာတတ်လူငယ်ဖုမှာ ဓနရှင်ပေါက်စ အမူအကျင့် ရှိတယ်တဲ့။ ဆပ်ပြာတစ်ဝက် ရှိနေသေးတာကို နောက်ထပ် ဆပ်ပြာတစ်တုံးလုံး သွားဝယ်ပြီး ဖွက်ထားတယ်တဲ့လေ။ လူအများစုမှာ ဆပ်ပြာတစ်ဝက်တောင် မရှိကြတဲ့ အချိန်မှာ ပိုရယူ၊ ပိုသုံးစွဲပြီး ထုတ်လုပ်ရေး ပစ္စည်းတွေကို ပိုသိမ်းပိုက်ထားတယ်တဲ့”
ကျိုးချင်းကော်သည်လည်း ဤတိုင်ကြားမှုက အလွန်ပင် ယုံကြည်နိုင်ဖွယ် မရှိကြောင်း ထင်မြင်နေသည်မှာ ထင်ရှားလေသည်။ သို့သော် ဤခေတ်ကာလတွင် အမျိုးသမီး ရဲဘော်တစ်ဦး ဆံပင်တွင် အရောင်တောက်တောက် ကလစ်လေးတစ်ခု တပ်ထားလျှင်ဖြစ်စေ၊ အနည်းငယ် ထူးခြားသော စကတ်လေးတစ်ထည် ဝတ်ဆင်ထားလျှင်ဖြစ်စေ ဓနရှင်ပေါက်စ အမူအကျင့်ရှိသည်ဟု ဝေဖန်ခံရနိုင်သည် မဟုတ်ပါလား။
"ဆပ်ပြာတစ်တုံးလောက်က ဘာမှမဟုတ်သေးဘူး။ အဓိကကတော့ သူ့မှာ အမျိုးသား၊ အမျိုးသမီး ဆက်ဆံရေး ဖောက်ပြန်မှုတွေ ရှိတယ်လို့လည်း တိုင်ထားတယ်။ ပြီးတော့ သူပုံမှန်ဖတ်လေ့ရှိတဲ့ စာအုပ်တွေထဲမှာ တော်လှန်ရေးကို ဆန့်ကျင်တဲ့ စကားတွေ ရေးထားတယ်တဲ့လေ”
ဤနေရာသို့ ရောက်သောအခါ ကျိုးချင်းကော်သည် ဝမ်ချိုးထုန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။
"တိုက်ဆိုင်လိုက်တာ၊ ပညာတတ်လူငယ်ဝမ်... ကျွန်တော် မင်းကို လာရှာမလို့ပဲ။ တော်လှန်ရေးကော်မတီက လူတွေက မင်းနဲ့ စကားပြောချင်တယ်လို့ ပြောနေကြတယ်”
ဝမ်ချိုးထုန်သည် ဇဝေဇဝါဖြင့် မေးလိုက်လေသည်။ "ဘာလို့ ကျွန်မနဲ့ စကားပြောချင်ရတာလဲ”
ရှန်မော့အာသည် သဘောပေါက်သွားပြီဖြစ်ပြီး ထူးဆန်းသော အမူအရာဖြင့် မေးလိုက်၏။
"တိုင်ကြားတဲ့သူက ပညာတတ်လူငယ်ဖုနဲ့ ပညာတတ်လူငယ်ဝမ်တို့ကြားမှာ ဆက်ဆံရေး ဖောက်ပြန်မှု ရှိတယ်လို့များ တိုင်ထားတာလား”
ကျိုးချင်းကော် : "ဟုတ်တာပေါ့”
သူသည် ဝမ်ချိုးထုန်ကို အသေအချာ ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
"ပညာတတ်လူငယ်ဝမ်နဲ့ ပညာတတ်လူငယ်ဖုတို့ကို ကြည့်ရတာတော့ တော်တော်လေး လိုက်ဖက်ပါတယ်။ မင်းတို့ကလည်း လူပျို၊ အပျိုတွေပဲလေ။ ပုံမှန် ရည်းစားထားကြတာဆိုရင် မင်္ဂလာမဆောင်ခင်မှာ မလုပ်သင့်တာတွေကို မလုပ်ဘူးဆိုရင် တော်လှန်ရေးကော်မတီကလည်း မင်းတို့ကို ဘာမှ လုပ်လို့ မရပါဘူး”
သူ့စကားသည် ဝမ်ချိုးထုန်ကို စိတ်သက်သာရာ ရစေရန် ရည်ရွယ်ပြောဆိုခြင်းဖြစ်သော်ငြား ဝမ်ချိုးထုန်က ရုတ်တရက် "အာ" ကနဲ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး စိုးရိမ်ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားကာ ချက်ချင်းပင် ဆဲဆိုတော့မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။
"အား... အား... အား... ဘယ်အရူးက ငါနဲ့ ဖုမင်ဇယ်ကြားမှာ ဖောက်ပြန်မှု ရှိတယ်လို့ ပြောရဲတာလဲ။ မျက်စိကန်းနေလို့လား။ ဖုမင်ဇယ်ရဲ့ ပုံစံကြီးကိုရော မကြည့်ဘူးလား။ ဘယ်မိန်းကလေးက သူ့ရည်းစား လုပ်ရဲမှာလဲ။ ဆောင်းတွင်းက မအေးလွန်းလို့ ဖုမင်ဇယ်ရဲ့ အေးစက်စက် မျက်နှာကြီးကို သွားကြည့်ရမှာလား။ ဒါမှမဟုတ် ဘဝက အရမ်းသာယာလွန်းလို့ နေ့တိုင်း အေးစက်စက် စကားတွေကို နားထောင်ချင်နေတာလား။ အရူး၊အရူးပဲ... အား..."
တကယ်တမ်းတွင် ဝမ်ချိုးထုန် မပြောရဲသော စကားတစ်ခွန်း ရှိသေးသည်။ ချောင်းရေက မနက်လွန်းလို့ တစ်ယောက်ယောက်က ကိုယ့်ကို အချိန်မရွေး ကန်ချတာကို ခံချင်နေလို့လား။
ဝမ်ချိုးထုန်၏ တုံ့ပြန်မှုက ဤမျှလောက် ပြင်းထန်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သော ကျိုးချင်းကော် : "......"
"ဘယ်မိန်းကလေးက သူ့ရည်းစား လုပ်ရဲမှာလဲ" ဟု ကြားလိုက်ရသော ရှန်မော့အာ : "......"
တံခါးဖွင့်ထားသော တပ်ဖွဲ့ရုံးခန်းအတွင်းမှ လူအားလုံး : "......"
တော်လှန်ရေးကော်မတီမှ ရောက်ရှိလာသူများထဲတွင် ဦးဆောင်သူမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသား၊ အမျိုးသမီး ကေဒါနှစ်ဦး ဖြစ်ကြသည်။ အမျိုးသားမှာ အနက်ရောင် မျက်မှန်ကိုင်းကို တပ်ဆင်ထားပြီး မျက်နှာအမူအရာ တင်းမာနေကာ အမျိုးသမီးကတော့ ဆံပင်တိုတို ညှပ်ထားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေသော်ငြား အကြည့်များကမူ အလွန်ပင် စူးရှထက်မြက်လေသည်။
"အပြင်က တစ်ယောက်က တိုင်စာထဲမှာ ပါတဲ့ ပညာတတ်လူငယ်ဝမ်ချိုးထုန်လား”
အမျိုးသမီးကေဒါက ကျိုးမန်ခန်းကို ကြည့်ကာ မေးလိုက်လေသည်။
ကျိုးမန်ခန်းက ခေါင်းညိတ်ပြလိုက်၏။
"အင်း... သူပါပဲ”
သူသည် ဘေးတွင် ရပ်နေသော ဖုမင်ဇယ်ကို ကြည့်ကာ တစ်စုံတစ်ရာ ပြောလိုသော်လည်း ထိန်းချုပ်ထားလိုက်လေသည်။ ယမန်နေ့က အခြေအနေအရဆိုလျှင် ပညာတတ်လူငယ်ဖုသည် ရှန်လောင်ချီ၏ သမီးနှင့် ချစ်သူဖြစ်နေကြသည်မှာ ထင်ရှားလေသည်။ သို့သော် တော်လှန်ရေးကော်မတီမှ လူများက ခေါ်ယူစစ်ဆေးချိန်တွင်တော့ သူက ရှန်မော့အာ၏ အကြောင်းကို တစ်ခွန်းမျှပင် မပြောဆိုခဲ့ချေ။
အမျိုးသမီးကေဒါက ရယ်မောလိုက်၏။
"ဒီစကားတွေကို ကြားရတာကတော့ ချစ်သူတွေဖြစ်နေတဲ့ ပုံစံမျိုးနဲ့ မတူဘူးပဲ”
ခဏလောက် ရပ်တန့်သွားပြီးနောက် သူမက ထပ်မေးလိုက်လေသည်။
"နောက်တစ်ခုကရော”
ဖုမင်ဇယ်က ရုတ်တရက် စကားပြောလာလေသည်။
"ဒုကော်မတီမှူးဝူ၊ ဒုကော်မတီမှူးဆွန်း... ကျွန်တော်နဲ့ ရဲဘော်ဝမ်ချိုးထုန်က သာမန် တော်လှန်ရေးရဲဘော် ဆက်ဆံရေးမျိုးသာ ရှိကြတာပါ။ ပုံမှန်အားဖြင့် ရဲဘော်ဆက်ဆံရေးထက် ကျော်လွန်တဲ့ အထိအတွေ့မျိုး လုံးဝ မရှိခဲ့ပါဘူး။ အထောက်အထား မခိုင်လုံဘဲ စွပ်စွဲတာဆိုတော့ ဒါက တစ်စုံတစ်ယောက်က ကျွန်တော်နဲ့ ရဲဘော်ဝမ်ချိုးထုန်ကို တမင်သက်သက် သိက္ခာကျအောင် လုပ်ကြံတာ ထင်ရှားပါတယ်”
"အထက်တန်း ကျောင်းသုံးစာအုပ်ပေါ်က တော်လှန်ရေးကို ဆန့်ကျင်တဲ့ စကားတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ခုလေးတင် သက်သေပြခဲ့ပြီးပါပြီ။ အဲဒီလောက် ရုပ်ဆိုးတဲ့ လက်ရေးမျိုးက ကျွန်တော့်လက်ရေး မဖြစ်နိုင်ပါဘူး။ ဒီစာအုပ်တွေက လွန်ခဲ့တဲ့ ရက်ပိုင်းလေးကမှ ကျွန်တော် အဟောင်းဆိုင်ကနေ ဝယ်လာခဲ့တာပါ။ အဲဒီစာတွေကို တစ်ယောက်ယောက်က ရေးထည့်ထားတာ ထင်ရှားပါတယ်။ အခု ကျွန်တော် သံသယရှိတာက ဒီတော်လှန်ရေးကို ဆန့်ကျင်တဲ့ စကားတွေကို ရေးသားဖြန့်ဝေတဲ့သူဟာ ပညာတတ်လူငယ်စခန်းထဲမှာပဲ ရှိနေနိုင်တယ်။ စစ်ဆေးမယ်ဆိုရင် အားလုံးကို တစ်ပြေးညီ စစ်ဆေးသင့်ပါတယ်။ ဒါမှမဟုတ်ရင် ဒီလို ကောလာဟလဖြန့်၊ သိက္ခာချပြီး တော်လှန်ရေးကို ဆန့်ကျင်တဲ့ စကားတွေ ဖြန့်ဝေနေတဲ့ လူဆိုးလူယုတ်မာတွေက ပညာတတ်လူငယ်အဖွဲ့အစည်းထဲမှာ ပုန်းအောင်းနေပြီး ရေရှည်မှာဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ တည်ငြိမ်မှုနဲ့ စည်းလုံးညီညွတ်မှုကို သေချာပေါက် ဖျက်ဆီးပစ်လိမ့်မယ်”
ဒုကော်မတီမှူးဝူဟု ခေါ်သော အမျိုးသမီးကေဒါသည် တိတ်ဆိတ်စွာ စဉ်းစားနေပြီး ဒုကော်မတီမှူးဆွန်းက အနက်ရောင် မျက်မှန်ကိုင်းကို ပင့်တင်လိုက်ကာ ပြောလိုက်လေသည်။
"စစ်ရမယ်။ ပြဿနာရှိတယ်ဆိုရင် သေချာပေါက် စစ်ဆေးရမှာပဲ။ ခေါင်းဆောင်ကြီးက ပညာတတ်လူငယ်တွေအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိခဲ့တာ။ ကျွန်တော်တို့အနေနဲ့ ပညာတတ်လူငယ်အဖွဲ့အစည်းထဲမှာ ပုန်းအောင်းနေတဲ့ ပိုးကောင်တွေကို ပြတ်ပြတ်သားသား ဖော်ထုတ်ရမယ်”
သမီးငယ်လေးကို ပွေ့ချီထားသော ကျိုးချင်းကော်သည် အထဲသို့ ပြန်လည်ခေါ်ယူခြင်း ခံလိုက်ရပြီး ဒုကော်မတီမှူးဆွန်းက သူ့ကို ပြည်သူ့စစ်များနှင့်အတူ ပညာတတ်လူငယ်စခန်း အိပ်ဆောင်များသို့ သွားရောက်ရှာဖွေရန် ညွှန်ကြားလိုက်လေသည်။
မူလက ကောက်နယ်တလင်းပြင်တွင် အလုပ်လုပ်နေကြသော ပညာတတ်လူငယ်များသည် တော်လှန်ရေးကော်မတီမှ လူများက ဖုမင်ဇယ်ကို ခေါ်ဆောင်သွားပြီးနောက် ပညာတတ်လူငယ်စခန်းသို့ ပြန်လည်စောင့်ဆိုင်းနေကြရန်နှင့် အချိန်မရွေး စစ်ဆေးမေးမြန်းမှု ခံယူရန် အမိန့်ပေးခံထားရလေသည်။
ဒုကော်မတီမှူးဆွန်းသည် တော်လှန်ရေးကော်မတီမှ လူများနှင့် ပြည်သူ့စစ်များကို ခေါ်ဆောင်ကာ ဝင်ရောက်လာချိန်တွင် ပညာတတ်လူငယ်များသည် ဧည့်ခန်းထဲတွင် ထိုင်နေကြပြီး လေထုမှာ အနည်းငယ် လေးလံနေလေသည်။
ဖုမင်ဇယ်သည် ပုံမှန်အားဖြင့် ရွာသူရွာသားများနှင့် ထိတွေ့ဆက်ဆံမှု မရှိသလို ရွာသူရွာသားများကလည်း ပညာတတ်လူငယ်စခန်း၏ အခြေအနေကို နားမလည်ကြချေ။ ထို့ကြောင့် ယခုတစ်ကြိမ် တိုင်စာပို့သူမှာ ပညာတတ်လူငယ်တစ်ဦးဦးသာ ဖြစ်ရမည်ဆိုသည်ကို စဉ်းစားစရာပင် မလိုဘဲ သိသာနေလေသည်။
ပညာတတ်လူငယ်များသည် ချက်ချင်းဆိုသလိုပင် ကိုယ့်ကိုယ်ကိုယ် မလုံမလဲ ဖြစ်နေကြသကဲ့သို့ ခံစားလိုက်ရလေသည်။
တော်လှန်ရေးကော်မတီမှ လူများ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် လူအတော်များများက ချက်ချင်း မတ်တပ်ရပ်လိုက်ကြပြီး လူများက အိပ်ဆောင်ထဲသို့ ဝင်ရောက်သွားသည်ကို မျက်နှာအမူအရာ မသာမယာနှင့် တိတ်ဆိတ်စွာဖြင့် ကြည့်နေကြလေသည်။ တချို့ကိုလည်း စစ်ဆေးမှုတွင် ပူးပေါင်းပါဝင်ရန် အထဲသို့ ခေါ်ယူခြင်း ခံရလေသည်။
ဒုကော်မတီမှူးဆွန်း ကိုယ်တိုင်က အမျိုးသား ပညာတတ်လူငယ်များ၏ အိပ်ဆောင်ထဲတွင် ရပ်ကာ စောင့်ကြည့်နေလေသည်။
ဖုမင်ဇယ်သည် ဤအခန်းထဲတွင် နေထိုင်ခြင်း ဖြစ်သဖြင့် တကယ်လို့ တစ်စုံတစ်ယောက်က တမင်သက်သက် တော်လှန်ရေးကို ဆန့်ကျင်သော စကားများကို ဖြန့်ဝေပြီး သူ၏စာအုပ်ထဲတွင် ရေးသားထားခြင်း ဖြစ်ပါက ထိုသူသည် အမျိုးသား ပညာတတ်လူငယ်တစ်ဦး ဖြစ်ရန် အလားအလာ ပိုများလေသည်။
မကြာမီမှာပင် တော်လှန်ရေးကော်မတီမှ ဝန်ထမ်းငယ်တစ်ဦးက ကုတင်တစ်လုံး၏ ချောင်ကျကျ နေရာတစ်ခုမှ စုတ်ပြဲနေသော မှတ်စုစာအုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူသည် ဖွင့်ကြည့်လိုက်သည်နှင့် မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ဒုကော်မတီမှူးဆွန်းရှေ့သို့ လျင်မြန်စွာ လျှောက်သွားကာ စာအုပ်ကို ကမ်းပေးလိုက်လေသည်။
ဒုကော်မတီမှူးဆွန်းသည် တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာအမူအရာ အနည်းငယ် မည်းမှောင်သွားကာ ထိုကုတင်ကို လက်ညှိုးထိုးပြ၍ မေးလိုက်၏။
"ဒါက ဘယ်သူ့ဟာလဲ”
ကျန်းကျစ်ချန်ကို အထဲသို့ ခေါ်ယူလိုက်ပြီး ဒုကော်မတီမှူးဆွန်း ညွှန်ပြနေသော ကုတင်ကို ကြည့်ကာ ပြန်ဖြေလိုက်လေသည်။ "ဒါက ရှီဝေရဲ့ ကုတင်ပါ”
ဒုကော်မတီမှူးဆွန်းက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။ "ဒီရှီဝေဆိုတဲ့သူကို ဖမ်းချုပ်ထားလိုက်စမ်း”
...
အပိုင်း (၄၆.၁) ပညာတတ်လူငယ်ဖုက ပါမွှားလေးမဟုတ်
ရှီဝေသည် မကြာမီမှာပင် ထိန်းသိမ်းခံလိုက်ရသည်။ သူသည် အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် မျက်နှာ ဖြူရော်သွားကာ ရုန်းကန်ရင်း အော်ဟစ်နေလေသည်။ "ကျွန်တော် မတရားစွပ်စွဲခံရတာပါ" တော်လှန်ရေးကော်မတီဝင်များသည် ဤကဲ့သို့သော အခြေအနေမျိုးကို မြင်တွေ့ဖူးနေကျ ဖြစ်သဖြင့် သူ့ခေါင်းကို ဖိချကာ ရိုက်နှက်လိုက်ပြီး တော်လှန်ရေးကော်မတီဝင်များ မျှော်လင့်ထားသည့်အတိုင်း မကြာမီမှာပင် "ငြိမ်ကျ" သွားတော့သည်။
တခြားပညာတတ်လူငယ်များသည်လည်း အလွန် လန့်ဖျပ်သွားကြသည်။ တော်လှန်ရေးကော်မတီဝင်များက သူတို့ကို တပ်ဖွဲ့ရုံးသို့ လိုက်ခဲ့ရန် ခိုင်းလိုက်သည်နှင့် ချက်ချင်းဆိုသလို အားလုံးက လိမ်လိမ်မာမာလေး နောက်မှ လိုက်ပါသွားကြလေသည်။
ယန်ချင်းချင်းသည် တစ္ဆေလို ဖြူရော်နေသော မျက်နှာဖြင့် အနောက်ဆုံးမှ လိုက်ပါလာခဲ့၏။
တော်လှန်ရေးကော်မတီဝင်များသည် ရှီဝေ အိမ်သို့ မပို့ရသေးသော တစ်စောင်ကိုပါ ယူဆောင်လာခဲ့သည်။ ထိုစာနှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ မှတ်စုစာအုပ်ဟောင်းနှင့် ဖုမင်ဇယ်၏ ကျောင်းသုံးစာအုပ်ပေါ်ရှိ လက်ရေးများမှာ ရှီဝေ၏ လက်ရေးဖြစ်ကြောင်း ရာခိုင်နှုန်းပြည့် အတည်မပြုနိုင်လျှင်တောင် အနည်းဆုံးတော့ ကိုးဆယ်ရာခိုင်နှုန်းခန့် တူညီနေသည်။
ရှီဝေကတော့ သေချာပေါက် ဝန်ခံမည် မဟုတ်ချေ။ အထူးသဖြင့် ထိုမှတ်စုစာအုပ်ဟောင်းကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သို့သော် ထူးဆန်းသည်မှာ ထိုမှတ်စုစာအုပ်ပေါ်တွင် ရေးထားသော လက်ရေးများက သူ့ လက်ရေးနှင့် အမှန်တကယ်ပင် အလွန်တူညီနေပြီး ဖုမင်ဇယ်၏ ကျောင်းသုံးစာအုပ်ပေါ်ရှိ လက်ရေးများထက်ပင် ပို၍ တူညီနေလေသည်။
ဖုမင်ဇယ်၏ ကျောင်းသုံးစာအုပ်ပေါ်ရှိ စာများကို သူက တိတ်တဆိတ် ရေးသားခဲ့ခြင်း ဖြစ်သော်ငြား သူ့ကိုယ်သူ ကင်းလွတ်ခွင့်ရစေရန် ရေးသားချိန်တွင် အထူးသတိထားခဲ့ပြီး ဖုမင်ဇယ်၏ လက်ရေးကိုပင် တတ်နိုင်သမျှ အတုခိုးရန် ကြိုးစားခဲ့သေးသည်။
သို့သော် လက်ရေးဟူသည်မှာ ဆိုးဝါးအောင် ရေးရန် လွယ်ကူသော်လည်း ကောင်းမွန်အောင် ရေးရန် ခက်ခဲလှသည် မဟုတ်ပါလား။ ဖုမင်ဇယ်၏ လက်ရေးက အလွန်ကောင်းမွန်သဖြင့် သူက အမှန်တကယ်ပင် အတုမခိုးနိုင်ခဲ့ချေ။
ထို့ကြောင့် နောက်ဆုံးရလဒ်မှာ ဖုမင်ဇယ်၏ လက်ရေးနှင့်လည်း မတူသလို သူ့ လက်ရေးနှင့်လည်း သိပ်မတူတော့ချေ။
သို့သော် ပြဿနာမှာ မှတ်စုစာအုပ်ဟောင်းထဲတွင် ဖုမင်ဇယ်၏ ကျောင်းသုံးစာအုပ်ပေါ်ရှိ စာမျက်နှာနှင့် တစ်ထပ်တည်းတူညီသော အကြောင်းအရာ တစ်မျက်နှာ ပါဝင်နေခြင်းပင်။ ဤသို့ တိုက်ဆိုင်စစ်ဆေးကြည့်လိုက်သောအခါ တော်လှန်ရေးကော်မတီဝင်များက ထိုနှစ်ခုစလုံးကို သူ ရေးသားခဲ့ခြင်းဖြစ်ကြောင်း အလိုအလျောက် သတ်မှတ်လိုက်ကြတော့သည်။
တော်လှန်ရေးကို ဆန့်ကျင်သော စကားများ ဖြန့်ဝေခြင်းသည် သေဒဏ်ပေးခံရနိုင်လောက်အောင် ပြစ်မှုကြီးမားလှသည်။
ထိုအခါမှသာ ရှီဝေသည် ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး စိတ်လွတ်ကိုယ်လွတ်ဖြင့် အော်ဟစ်လိုက်တော့သည်။
"ကျွန်တော် မဟုတ်ဘူး။ ဒါတွေအကုန်လုံး ကျွန်တော် ရေးခဲ့တာ မဟုတ်ဘူး။ ကျွန်တော်က အခြေခံလူတန်းစားက ဆင်းသက်လာတဲ့ အလုပ်သမား လူတန်းစားပါ။ တစ်ယောက်ယောက်က ကျွန်တော့်ကို တမင်သက်သက် ထောင်ချောက်ဆင်တာ။ ဟုတ်တယ်။ သေချာပေါက် တစ်ယောက်ယောက်က ကျွန်တော့်ကို တမင်သက်သက် ထောင်ချောက်ဆင်တာ”
သူသည် ဘေးတွင် ရပ်နေသော ဖုမင်ဇယ်ကို ကြည့်ကာ ဒေါသတကြီးဖြင့် လက်ညှိုးထိုးပြီး ပြောလိုက်လေသည်။
"မင်းပဲမလား။ မင်းက ငါ့ကို ထောင်ချောက်ဆင်တာ မဟုတ်လား။ ဖုမင်ဇယ်။ မင်းက ငါ့ကို သေစေချင်နေတာ မဟုတ်လား။ မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အကြံပက်စက်ရတာလဲ”
ထို့နောက် တော်လှန်ရေးကော်မတီဝင်များဘက်သို့ လှည့်ကာ ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
"သူပဲ။ သေချာပေါက် သူပဲ။ ဒီစာတွေအကုန်လုံးကို သူ ရေးခဲ့တာ။ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး။ သူက ကျွန်တော့်ကို ထောင်ချောက်ဆင်တာ”
ဖုမင်ဇယ်က တည်ငြိမ်စွာဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်၏။ "ငါနဲ့ မင်းကြားမှာ ဘာရန်ငြိုးမှ မရှိဘဲနဲ့ ငါက ဘာလို့ မင်းကို ထောင်ချောက်ဆင်ရမှာလဲ”
ရှီဝေသည် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသဖြင့် ဦးနှောက်များ ရှုပ်ထွေးနေပြီဖြစ်သောကြောင့် ဖုမင်ဇယ်ဘက်သို့ လှည့်ကာ အော်ဟစ်လိုက်လေတော့သည်။
"ရန်ငြိုးမရှိဘူးဆိုတာ ဘာစကားလဲ။ ဘယ်လိုလုပ်ပြီး ရန်ငြိုးမရှိဘဲ နေမလဲ။ ယန်ချင်းချင်းက ချောင်းထဲမှာ မင်းကို နာမည်ချင်နေတာကို ငါက သူ့ကို ကူညီမယ်လို့ ကတိပေးထားခဲ့တာ။ ငါ မင်းကို ချောင်းထဲကို တွန်းချမိတော့မလို ဖြစ်ခဲ့ပေမယ့် မင်းက ငါ့ကို တစ်ချက်ပြန်ကန်လိုက်တော့ ငါက ပြောင်းပြန် ချောင်းထဲ ကျသွားခဲ့တာလေ။ အဲဒီတုန်းက မင်း သေချာပေါက် သိနေခဲ့တာပဲ။ ငါက မင်းကို တွန်းချချင်မှန်း သိလို့ မင်းက တမင်သက်သက် ငါ့ကို ကန်ချခဲ့တာ။ မင်းက တမင်သက်သက် လုပ်ခဲ့တာ။ မင်း တမင်သက်သက် လုပ်ခဲ့တာဆိုတာ ငါ စောစောကတည်းက သိပြီးသားပဲ။ မင်းလို ခွေးကောင်က ယန်ချင်းချင်းလို မိန်းမမျိုးနဲ့ ငါ့ကို ပတ်သက်သွားအောင် လုပ်ခဲ့တာ...”
သူသည် တော်လှန်ရေးကော်မတီဝင်များ၏ ရိုက်နှက်မှုကြောင့် နှာခေါင်းသွေးယိုကာ မျက်နှာတစ်ခုလုံး ဖူးယောင်နေပြီး ပိုရုပ်ဆိုးအကျည်းတန်နေကာ ဘေးတွင် ရပ်နေသော ပညာတတ်လူငယ်တချို့ကိုပင် နောက်သို့ ဆုတ်သွားစေလောက်အောင် ထိတ်လန့်သွားစေလေသည်။
ဖုမင်ဇယ်၏ မျက်နှာအမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိဘဲ ပေါ့ပေါ့ပါးပါးဖြင့် ပြန်မေးလိုက်၏။
"ဒါဆိုရင် ဒါက မင်း ငါ့ကို မတရားစွပ်စွဲတဲ့ အကြောင်းရင်းပေါ့။ အဲဒီတုန်းက ငါက မင်းကို ကန်ချခဲ့တယ်လို့ မင်း ထင်နေလို့ အငြိုးထားပြီး ငါ့ကျောင်းသုံးစာအုပ်ပေါ်မှာ တော်လှန်ရေးကို ဆန့်ကျင်တဲ့ စာသားတွေ ရေးပြီး ငါ့ကို ထောင်ချောက်ဆင်ခဲ့တာပေါ့”
ရှီဝေသည် ရူးသွပ်နေပြီဖြစ်ဟန်တူပြီး အသံကိုမြှင့်ကာ အော်ဟစ်လိုက်လေသည်။
"ယန်ချင်းချင်းလေ။ မင်း လက်စားချေချင်ရင် ဘာလို့ ယန်ချင်းချင်းကို မရှာတာလဲ။ မင်းရဲ့ ဆပ်ပြာကို ခိုးတာက သူပဲ၊ ချောင်းထဲမှာ မင်းကို နာမည်တာကလည်း သူပဲ၊ တိုင်စာပို့တာကလည်း သူပဲလေ။ သူက ရူးနေတာ။ မင်း ဒီကို စရောက်တုန်းက ကူပွန်လက်မှတ်တွေ အထပ်လိုက်ကြီး ပါလာတာကို သူ မြင်လိုက်တယ်တဲ့လေ။ မင်းက တကယ် ဆင်းရဲတာ မဟုတ်ဘဲ ဟန်ဆောင်နေတာတဲ့။ ငါက သူ ရူးနေတယ်လို့ ပြောတာတောင် သူက မယုံဘူး။ တစ်နေ့ကုန် မင်းကိုပဲ စောင့်ကြည့်နေပြီး ဘာပဲဖြစ်ဖြစ် မင်းနဲ့ ချစ်သူဖြစ်အောင် အရင်ကြိုးစားမယ်တဲ့လေ။ ဒါပေမဲ့ မင်းက လုံးဝ အဖတ်မလုပ်တော့ ဟားဟားဟား။ သူက မင်းကို မုန်းသွားပြီး မင်းကို သေစေချင်နေတာ”
ယန်ချင်းချင်း၏ ဘေးတွင် ရပ်နေသော ပညာတတ်လူငယ်များသည် ချက်ချင်းဆိုသလို ခြေလှမ်းများစွာ နောက်သို့ ဆုတ်သွားကြလေတော့သည်။
ဆပ်ပြာခိုးတယ်၊ လူကို တမင်သက်သက် ချောင်းထဲကနေ ငွေညှစ်တယ်၊ မရတော့ တိုင်စာပို့ပြီး တိုင်တယ်။ ဒီလူက တကယ်ကို ကြောက်စရာ ကောင်းလွန်းတာပဲ။
ကျင့်ဝတ်ဖောက်ပြားမှု၊ ဓနရှင်ပေါက်စ အမူအကျင့် ပြဿနာများကပင် လူတစ်ယောက်ကို ဒုက္ခရောက်စေရန် လုံလောက်နေပြီဖြစ်သောကြောင့် သူတစ်ပါး၏ ကျောင်းသုံးစာအုပ်ပေါ်တွင် တော်လှန်ရေးကို ဆန့်ကျင်သော စကားများကိုပါ ရေးသားရန် ကြံစည်ခဲ့သည်ဆိုတော့ ဒါက အမှန်တကယ်ပင် လူကို သေစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းပင်။
ဟုတ်ပေသည်။ မူလက မှတ်စုစာအုပ်ဟောင်း အထောက်အထား ရှိနေသဖြင့် အားလုံးက ဖုမင်ဇယ်၏ ကျောင်းသုံးစာအုပ်ပေါ်ရှိ တော်လှန်ရေးကို ဆန့်ကျင်သော စကားများကို ရှီဝေက ရေးသားခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆထားကြပြီး ယခု ရှီဝေကိုယ်တိုင်က ဤသို့ ထုတ်ဖော်ပြောဆိုလိုက်သောအခါ အားလုံးက ရာခိုင်နှုန်းပြည့် ယုံကြည်သွားကြတော့သည်။
သူတို့ပဲ။ သူတို့ပဲ လုပ်ခဲ့တာ။
သူတို့နှစ်ဦး ပူးပေါင်းကာ ဖုမင်ဇယ်ထံမှ ငွေညှစ်ရန် ကြိုးစားသော်လည်း အဆင်မပြေခဲ့သဖြင့် အငြိုးထားကာ လူကို သေစေရန် ကြံစည်ခဲ့ကြခြင်းပင်။
အမလေး။ အကြောင်းရင်းက ယန်ချင်းချင်းက ဖုမင်ဇယ်မှာ ကူပွန်လက်မှတ် အထပ်လိုက်ကြီး ရှိနေတယ်လို့ ထင်နေတာကြောင့်တဲ့လား။
ဒါက ဦးနှောက်မရှိတာ မဟုတ်ရင် ဘာလဲ။ ဖုမင်ဇယ်၏ ထိုမျှလောက် ဆင်းရဲနေသော ပုံစံဖြင့်သာ သူ့ထံတွင် ကူပွန်လက်မှတ် အထပ်လိုက်ကြီး အမှန်တကယ် ရှိနေပါက ပိုက်ဆံအဖြစ် ပြောင်းလဲကာ သုံးစွဲနေလောက်ပြီ။ သို့သော် အမှန်တရားမှာ သူ့ထံတွင် လုံးဝ မရှိခဲ့ချေ။
အားလုံးက အတူတူ နေထိုင်ကြသဖြင့် တကယ်တမ်း အနည်းနှင့်အများတော့ နားလည်ထားကြလေသည်။ ဖုမင်ဇယ်က အသန့်ကြိုက်သူသဖြင့် ဆပ်ပြာကို ပိုမိုဝယ်ယူလေ့ရှိပြီး ဆပ်ပြာဝယ်ရန် ကူပွန်များကိုလည်း ကျိန့်ကျားမင်က သူ့ကို လဲလှယ်ပေးခဲ့ခြင်းဖြစ်ကာ တစ်ခါတစ်ရံတွင် တိုက်ရိုက်ပင် ပေးကမ်းခဲ့ခြင်း ဖြစ်ဟန်တူလေသည်။ တခြားအရာများအတွက် သူက ငွေကြေးသုံးစွဲလေ့ မရှိသလောက်ပင် ဖြစ်ပြီး သူ့မိသားစုက သူ့ထံသို့ ငွေကြေး ပေးပို့သည်ကိုလည်း တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ သူသည် ပညာတတ်လူငယ်စခန်း တစ်ခုလုံးတွင် အဆင်းရဲဆုံးဖြစ်သည်ကတော့ မျက်မြင်ကိုယ်တွေ့ပင်။
ယန်ချင်းချင်းက ဦးနှောက်မှာ တစ်ခုခုဖြစ်နေတာပဲ ဖြစ်ရမယ်။ သေချာတယ်။
နှစ်အနည်းငယ် ကြာပြီးနောက်တွင် ထိုနေရာ၌ ရှိနေခဲ့ကြသော ပညာတတ်လူငယ်များသည် ဒီနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ပြန်လည်အမှတ်ရမိသောအခါ ယန်ချင်းချင်းသည် တကယ်တမ်းတော့ အနည်းငယ် အကင်းပါးသည်ဟု ရင်ထုမနာဖြစ်ကာ သက်ပြင်းမချဘဲ မနေနိုင်အောင်ဖြစ်ကြလေသည်။ သို့သော် ဤအခိုက်အတန့်တွင်တော့ ထိုမျှလောက် အဓိပ္ပါယ်မဲ့သော ခန့်မှန်းချက်ကို ဘယ်သူကမှ မယုံကြည်ခဲ့ကြချေ။
ပညာတတ်လူငယ်များက နောက်သို့ ဆုတ်သွားကြသဖြင့် ယန်ချင်းချင်း၏ ဘေးပတ်လည်တွင် ချက်ချင်းဆိုသလို ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။ သူမ၏ မျက်နှာသည် သံမဏိရောင်ကဲ့သို့ မည်းမှောင်နေပြီး ရှီဝေကို စိုက်ကြည့်ကာ အော်ဟစ်လိုက်လေသည်။
"နင် လျှောက်ပြောနေတာ။ နင်လို ခွေးကောင်။ ဒါတွေအကုန်လုံးကို နင်ပဲ လုပ်ခဲ့တာ။ ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါ့ကို မတရားစွပ်စွဲဖို့ မကြိုးစားနဲ့”
ဒုကော်မတီမှူးဝူသည် သူမကို ကြည့်ကာ မေးလိုက်၏။ "မင်းက ယန်ချင်းချင်းလား”
သူမသည် အနောက်ဘက်ရှိ ဝန်ထမ်းငယ်ကို တစ်ချက်ကြည့်လိုက်ပြီး အမိန့်ပေးလိုက်လေသည်။
"သူ့ရဲ့ လက်ရေးကို စစ်ဆေးကြည့်လိုက်စမ်း”
မကြာမီမှာပင် ဝန်ထမ်းငယ်သည် ပညာတတ်လူငယ်စခန်းမှ ယန်ချင်းချင်း၏ စာအုပ်များကို ရှာဖွေယူဆောင်လာခဲ့သည်။ ပြောစရာပင် မလိုတော့ချေ။ တိုင်စာကို သူမ ရေးသားခဲ့ခြင်းပင်။
သို့သော် ယန်ချင်းချင်း၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အလွန်ကောင်းမွန်လှသည်။ ကိစ္စများ ဤအခြေအနေအထိ ရောက်ရှိလာပြီဖြစ်သောကြောင့် တိုင်စာကို သူမ ရေးသားခဲ့ခြင်းဖြစ်ကြောင်းကိုလည်း မငြင်းဆန်တော့ဘဲ ပြောလိုက်လေသည်။
"ကျွန်မက ပညာတတ်လူငယ်တစ်ယောက် အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်က သံသယဖြစ်ဖွယ် ကောင်းတဲ့သူတွေကို တော်လှန်ရေးကော်မတီကို တိုင်ကြားတာ ဘာမှားနေလို့လဲ။ ဖုမင်ဇယ်က တစ်နေ့ကုန် ဝမ်ချိုးထုန်နဲ့ မျက်လုံးချင်း စကားပြောနေတာကို သူတို့ကြားမှာ မသင့်တော်တဲ့ အမျိုးသား၊ အမျိုးသမီး ဆက်ဆံရေး ရှိနေတယ်လို့ ကျွန်မ သံသယရှိတာ ဘာပြဿနာရှိလို့လဲ။ ဖုမင်ဇယ်က ခဏခဏ ဆပ်ပြာဝယ်ပြီး တစ်နေ့ကုန် အဝတ်လျှော်နေတာက ထုတ်လုပ်ရေး ပစ္စည်းတွေကို ဖြုန်းတီးတာပဲ၊ သူ့မှာ ဓနရှင်ပေါက်စ အမူအကျင့် ရှိတယ်လို့ ကျွန်မ တိုင်ကြားတာ ဘာမှားနေလို့လဲ။ သူ့ကျောင်းသုံးစာအုပ်ပေါ်မှာ တော်လှန်ရေးကို ဆန့်ကျင်တဲ့ စကားတွေ ရှိနေတာကို ကျွန်မက အဖွဲ့အစည်းကို တက်တက်ကြွကြွ တိုင်ကြားတာဆိုတော့ ပိုပြီးတော့တောင် မမှားနိုင်ဘူး”
ဝမ်ချိုးထုန်သည် ချက်ချင်း မတ်တပ်ရပ်ကာ သူမကို ဆဲဆိုလိုက်လေသည်။
"နင့်ဦးနှောက်မှာ ရောဂါရှိနေရင်လည်း ဆေးရုံသွားပြလိုက်လေ။ နင်ကမှ တစ်နေ့ကုန် ဖုမင်ဇယ်နဲ့ မျက်လုံးချင်း စကားပြောနေတာ၊ အယ်...”
ဖုမင်ဇယ်၏ မျက်စောင်းထိုးခြင်းကို ခံလိုက်ရပြီးနောက် ဝမ်ချိုးထုန်သည် ချက်ချင်းဆိုသလို အခြေအနေကို သဘောပေါက်သွားကာ စကားပြောင်းလိုက်လေသည်။
"မဟုတ်ဘူး၊ နင်ကိုယ်တိုင်က ရည်ရွယ်ချက် မကောင်းဘဲနဲ့ ပညာတတ်လူငယ်ဖုကို တစ်နေ့ကုန် စောင့်ကြည့်နေပြီးတော့ ငါ့ကိုပါ မတရားစွပ်စွဲချင်နေတာ။ ငါနဲ့ ပညာတတ်လူငယ်ဖုက အသန့်စင်ဆုံး တော်လှန်ရေးရဲဘော် ဆက်ဆံရေးပဲ ရှိတာ။ တခြား ပညာတတ်လူငယ်တိုင်းနဲ့ အတူတူပဲ။ နင်က ဒါကို မတရားစွပ်စွဲနေတာ”
ကျန်းကျစ်ချန်သည် ပညာတတ်လူငယ်စခန်း၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ပညာတတ်လူငယ်စခန်းတွင် ထိုမျှလောက် ကြီးမားသော ကိစ္စရပ်များ ဖြစ်ပေါ်လာချိန်တွင် မားမားရပ်ကာ စကားပြောဆိုရမည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် အသံကို ရှင်းလင်းလိုက်ပြီး ပြောလိုက်လေသည်။
"ဒုကော်မတီမှူးဝူနဲ့ ဒုကော်မတီမှူးဆွန်းကို သတင်းပို့ပါတယ်။ ကျွန်တော်က ပညာတတ်လူငယ်စခန်းရဲ့ ခေါင်းဆောင် ကျန်းကျစ်ချန်ပါ။ ပညာတတ်လူငယ်ဝမ်နဲ့ ပညာတတ်လူငယ်ဖုတို့ကြားမှာ မသင့်တော်တဲ့ အမျိုးသား၊ အမျိုးသမီး ဆက်ဆံရေး မရှိဘူးဆိုတာကို ကျွန်တော် သက်သေပြနိုင်ပါတယ်။ ကျွန်တော်တို့က ပုံမှန် အတူတူ စားသောက်နေထိုင်ကြတာဆိုတော့ ဒါကိုတော့ သိတာပေါ့။ သူတို့က စကားပိုပြီး တစ်ခွန်းတောင် မပြောဖူးကြပါဘူး”
ဆက်ဆံရေးအကြောင်း ပြောရမည်ဆိုလျှင် ဝမ်ချိုးထုန်က ကျိန့်ကျားမင်နှင့် ပိုရင်းနှီးသည်မှာ ထင်ရှားလေသည်။
သေချာသည်မှာ ကျန်းကျစ်ချန်ကလည်း လူမိုက်မဟုတ်ပေ။ ဤအချိန်တွင် ပြဿနာများကို ပိုမိုရှုပ်ထွေးစေမည့် စကားများကို သေချာပေါက် ပိုပြောမည် မဟုတ်ချေ။
တခြားသော ပညာတတ်လူငယ်တချို့သည်လည်း အချင်းချင်း ကြည့်လိုက်ကြပြီး ခဏလောက် တုံ့ဆိုင်းနေပြီးနောက် အားနည်းသော အသံများဖြင့် ထောက်ခံပြောဆိုလိုက်ကြလေသည်။
"ဟုတ်ပါတယ်။ ကျွန်တော်တို့ သက်သေပြနိုင်ပါတယ်။ ပညာတတ်လူငယ်ဝမ်နဲ့ ပညာတတ်လူငယ်ဖုတို့က ပုံမှန် အဆက်အသွယ် သိပ်မရှိကြပါဘူး”
ကျိုးမန်ခန်းသည် ပါးစပ်မှ ယန်ချင်းချင်းပဲ၊ ဒါတွေအကုန်လုံးကို ယန်ချင်းချင်း လုပ်ခဲ့တာ။ သောက်ကျိုးနည်း။ ဒီမိန်းမက ငါ သူ့ကို ကူညီရင် ပိုက်ဆံပေးမယ်လို့ ပြောပြီးတော့ အခုထိ မပေးသေးဘူး ဟု အဆက်မပြတ် ရေရွတ်နေသော ရှီဝေကို တစ်ချက်ကြည့်လိုက်ပြီး၊ ထို့နောက် မိမိမှာ အပြစ်မရှိကြောင်း အော်ဟစ်နေသော ယန်ချင်းချင်းကိုလည်း တစ်ချက်ကြည့်လိုက်သည်။ အနည်းငယ်သာ ကျန်ရှိတော့သော ဆေးလိပ်တိုကို မြေကြီးပေါ်သို့ ပစ်ချကာ အားကုန်နင်းခြေလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ဒုကော်မတီမှူးဝူ၊ ဒုကော်မတီမှူးဆွန်း။ ကိစ္စတွေကလည်း အတော်လေး ရှင်းလင်းသွားပါပြီ။ ဒီကိစ္စမှာ ပညာတတ်လူငယ်ဖုက မတရားစွပ်စွဲခံရတာပါ။ အမျိုးသား၊ အမျိုးသမီး ဆက်ဆံရေး ဖောက်ပြန်မှုကလည်း ကောလာဟလပါပဲ၊ တော်လှန်ရေးကို ဆန့်ကျင်တဲ့ စကားတွေကလည်း ထောင်ချောက်ဆင်ခံရတာပါ။ ဆပ်ပြာကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆပ်ပြာတစ်တုံး ပိုဝယ်တာကတော့ ဓနရှင်ပေါက်စ အမူအကျင့်လို့ သတ်မှတ်လို့ မရလောက်ပါဘူး။ ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ရင်ရော ဘယ်လိုလဲ”
ဒုကော်မတီမှူးဝူ စကားမပြောရသေးမီမှာပင် ဒုကော်မတီမှူးဆွန်းက မျက်မှန်ကို ပင့်တင်လိုက်ပြီး အရင်ဆုံး ပြောဆိုလိုက်လေသည်။
"တပ်ဖွဲ့ခေါင်းဆောင်ကျိုး။ ခင်ဗျားရဲ့ ဒီစကားကို ကျွန်တော် သဘောမတူဘူး။ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးဆိုတာ အပ်တစ်ချောင်း၊ အပ်ချည်တစ်မျှင်၊ အုတ်တစ်ချပ်၊ အုတ်ကြွပ်တစ်ချပ်ကစပြီး အလေးထားရမှာ။ ဒီနှစ်မှာ ခင်ဗျားက ဆပ်ပြာတစ်တုံး ပိုသုံးမယ်၊ မနက်ဖြန်ကျရင် ကျွန်တော်က ဆပ်ပြာတစ်တုံး ပိုသုံးမယ်။ လူတိုင်းက ချွေတာဖို့ကို အလေးမထားဘဲ အလဟဿ ဖြုန်းတီးနေကြမယ်ဆိုရင် ကျွန်တော်တို့က ဘယ်အချိန်မှ ဆိုရှယ်လစ်စနစ်ကို ကောင်းကောင်း တည်ဆောက်နိုင်တော့မလဲ။ ဒါက ဆပ်ပြာတစ်တုံးရဲ့ ပြဿနာ မဟုတ်ဘူး၊ ဒါက အမူအကျင့် ပြဿနာပဲ”
ကျိုးမန်ခန်းသည် ‘သောက်ရေးမပါတာ။ ဆပ်ပြာတစ်တုံးက ဆပ်ပြာတစ်တုံးပဲပေါ့၊ ဒီဆပ်ပြာတစ်တုံး မရှိတာနဲ့ပဲ ဆိုရှယ်လစ်စနစ်ကြီးကို မတည်ဆောက်နိုင်တော့ဘူးလား’ ဟု ဆဲရေးတိုင်းထွာချင်သွားလေသည်။
သို့သော် တော်လှန်ရေးကော်မတီဝင်များသည် အကြောင်းပြချက် ခိုင်လုံစွာဖြင့် စကားပြောဆိုမည် မဟုတ်ကြောင်းကိုလည်း သူ သိရှိထားလေသည်။ သူတို့က သင့်အမှားကို ရှာဖွေချင်ပြီဆိုလျှင် ဆပ်ပြာတစ်တုံးဆိုသည်ကို ထားလိုက်ပါတော့၊ ဤဒုကော်မတီမှူးဆွန်း ပြောသကဲ့သို့ အပ်တစ်ချောင်း၊ အပ်ချည်တစ်မျှင်ကိုပင် ပြဿနာကြီးတစ်ရပ်အဖြစ် ဖန်တီး၍ အပြစ်ရှာနိုင်ကြလေသည်။
ကျိုးမန်ခန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။
အနည်းဆုံးတော့ အမျိုးသား၊ အမျိုးသမီး ဆက်ဆံရေး ဖောက်ပြန်မှုနှင့် တော်လှန်ရေးကို ဆန့်ကျင်သော စကားများ ပြဿနာများကို ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုနှစ်ခုနှင့် နှိုင်းယှဉ်ပါက ဓနရှင်ပေါက်စ အမူအကျင့် ပြဿနာက အနည်းငယ် ပေါ့ပါးသေးသည်ဟု ဆိုရမည်။
"ဒါဆိုရင် ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ ကျွန်တော်တို့ တပ်ဖွဲ့က အစည်းအဝေးတစ်ခု ခေါ်ပြီး ပညာတတ်လူငယ်ဖုကို အစည်းအဝေးမှာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး လုပ်ခိုင်းလိုက်မယ်”
ကျိုးမန်ခန်းက အကြံပြုလိုက်လေသည်။
ဒုကော်မတီမှူးဆွန်းက ခေါင်းခါပြလိုက်၏။
"တိုင်ကြားတဲ့သူ ရှိနေမှတော့ ပေါ့ပေါ့တန်တန် ထားလို့မရဘူး။ အရင်ဆုံး တပ်ဖွဲ့ရုံးချုပ်ကို ခေါ်သွားရမယ်”
ဖုမင်ဇယ်သည် သူ့ကို ကြည့်ကာ ပြောလိုက်လေသည်။
"ဒုကော်မတီမှူးဆွန်း။ ကျွန်တော် အဲဒီဆပ်ပြာကို ဝယ်ခဲ့တာက...”
ပညာတတ်လူငယ်များနှင့်အတူ ရပ်နေသော ရှန်မော့အာက ရုတ်တရက် ဝင်ပြောလိုက်လေသည်။ "ပညာတတ်လူငယ်ဖု။ အဲဒီဆပ်ပြာက ကျွန်မအတွက် ဝယ်ပေးခဲ့တာ မဟုတ်လား။ ရှင်က ဘာလို့ ကျွန်မကို မယူလာပေးရတာလဲ”
အမြဲတမ်း တည်ငြိမ်နေခဲ့သော ဖုမင်ဇယ်သည် ရှန်မော့အာဘက်သို့ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ပြီး မျက်မှောင်ကို တင်းနေအောင် ကြုတ်လိုက်ကာ သူမကို ထပ်မပြောရန် အကြည့်ဖြင့် အချက်ပြလိုက်လေသည်။ ရှန်မော့အာသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရှေ့သို့ ထွက်လာကာ ပြောလိုက်၏။
"ဒုကော်မတီမှူးဝူ၊ ဒုကော်မတီမှူးဆွန်း။ ကျွန်မက ယန်လျိုတပ်ဖွဲ့က အဖွဲ့ဝင်တစ်ယောက် ဖြစ်သလို တပ်ဖွဲ့ မူလတန်းကျောင်းက ဆရာမတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်မနာမည်က ရှန်မော့အာပါ။ ကျွန်မက အရင်က ပညာတတ်လူငယ်ဖုကို ဆပ်ပြာတစ်တုံး ဝယ်ပေးဖို့ အကူအညီ တောင်းထားခဲ့တာပါ။ သူက ဝယ်ပြီးတော့ ကျွန်မကို ပေးဖို့ မေ့နေတာ ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့လုပ်ရပ်က သူတစ်ပါးကို ကူညီတာပါ။ သူ့မှာ ဓနရှင်ပေါက်စ အမူအကျင့် ရှိတယ်လို့ ပြောတာက သိသာထင်ရှားတဲ့ ကောလာဟလ ဖြန့်ပြီး သိက္ခာချတာပဲ ဖြစ်ပါတယ်”
ဒုကော်မတီမှူးဝူသည် ရှန်မော့အာကို ကြည့်ကာ ပြုံးလိုက်ပြီး မမျှော်လင့်ထားသော မေးခွန်းတစ်ခုကို မေးလိုက်လေသည်။
"မင်းက ယန်လျိုတပ်ဖွဲ့ မူလတန်းကျောင်းရဲ့ ပန်းချီဆရာမလား”
ရှန်မော့အာသည် အံ့အားသင့်သွားပြီး ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ပါတယ်။ ကျွန်မက တပ်ဖွဲ့ မူလတန်းကျောင်းရဲ့ ပန်းချီဆရာမပါ”
ဒုကော်မတီမှူးဝူက ခေါင်းညိတ်ပြလိုက်ပြီး တစ်စုံတစ်ရာ ထပ်မပြောတော့ချေ။
ဒုကော်မတီမှူးဆွန်းသည် ရှန်မော့အာကို အေးစက်စက် အကြည့်ဖြင့် အတန်ကြာ စိုက်ကြည့်နေပြီးနောက် မေးလိုက်လေသည်။
"တပ်ဖွဲ့ရုံးချုပ်က သိပ်မဝေးပါဘူး။ ဆပ်ပြာတစ်တုံးကို မင်းက ဘာလို့ ကိုယ်တိုင် မသွားဝယ်ရတာလဲ”
...
အပိုင်း (၄၆.၂)
ရှန်မော့အာကလည်း ပွင့်လင်းစွာဖြင့် ပြန်ကြည့်ကာ ဖြေလိုက်လေသည်။
"ကော်မတီမှူးကိုယ်တိုင် ပြောခဲ့သလိုပဲလေ၊ ဆပ်ပြာတစ်တုံးလေးအတွက်နဲ့ တပ်ဖွဲ့ရုံးချုပ်ကို တကူးတက သွားဖို့ တန်လို့လား။ ကျွန်မတို့ တပ်ဖွဲ့က ကလေးနှစ်ယောက် ပြည်နယ်အဆင့် ပန်းချီပြိုင်ပွဲ သွားပြိုင်ရမယ်ဆိုတာကို ကော်မတီမှူး ကြားဖူးလားတော့ မသိဘူး။ ဒီကိစ္စက တပ်ဖွဲ့၊ တပ်ဖွဲ့ရုံးချုပ်နဲ့ ခရိုင်အဆင့်အထိ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတာပါ။ ကျွန်မက သူတို့ရဲ့ ဆရာမဆိုတော့ ကလေးတွေကို အချိန်ပြည့် စာသင်ပေးပြီး သူတို့ရဲ့ ပန်းချီဆွဲတဲ့ စွမ်းရည် တိုးတက်လာအောင် လုပ်ပေးဖို့အတွက် ဒီရက်ပိုင်းမှာ ကျွန်မ တပ်ဖွဲ့ရုံးချုပ်ကို မသွားဖြစ်ခဲ့ပါဘူး။ လိုအပ်တာ ရှိရင်လည်း တခြားသူတွေကို အကူအညီတောင်းပြီး အကြုံဝယ်ခိုင်းရတာပါပဲ”
ဒုကော်မတီမှူးဆွန်းက မျက်လုံးကို မှေးစင်းကာ ဖုမင်ဇယ်ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်၏။
"ဒါဆို ပညာတတ်လူငယ်ဖုက ဘာလို့ အစကတည်းက မပြောခဲ့တာလဲ”
ရှန်မော့အာက ပြုံးလျက် ပြန်ဖြေလိုက်လေသည်။
"ဒီနေ့က အမျိုးသား၊ အမျိုးသမီး ဆက်ဆံရေး ဖောက်ပြန်မှုတွေရော၊ ဓနရှင်ပေါက်စ အမူအကျင့်တွေရော၊ တော်လှန်ရေးကို ဆန့်ကျင်တဲ့ စကားတွေ ဖြန့်ဝေတာတွေရော စွပ်စွဲချက်တစ်ခုက တစ်ခုထက် ပိုကြီးမားနေတာလေ။ ပညာတတ်လူငယ်ဖုက ရိုးသားတဲ့သူဆိုတော့ ကျွန်မကို ဒီကိစ္စထဲ ဆွဲမသွင်းချင်လို့ နေမှာပေါ့”
ခဏလောက် ရပ်တန့်သွားပြီးနောက် သူမက ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ ပြည်သူ့ဆရာမ တစ်ယောက်အနေနဲ့ ကိုယ်တိုင် စံပြဖြစ်အောင် နေထိုင်ရမယ်၊ အမှန်တရားကို အမှန်အတိုင်း ပြောရမယ်လေ။ မဟုတ်ရင် စာသင်စင်မြင့်ပေါ်မှာ မတ်တပ်ရပ်ပြီး စာသင်ပေးဖို့ ဘယ်လိုလုပ်ပြီး မျက်နှာပြရဲတော့မလဲ”
ဒုကော်မတီမှူးဆွန်းက သိပ်မကျေနပ်သေးဘဲ ထပ်မေးချင်နေသော်ငြားလည်း ယခုအချိန်အထိ သဘောထား မှတ်ချက် မပေးရသေးသော ဒုကော်မတီမှူးဝူက ရုတ်တရက် ဝင်ပြောလိုက်လေသည်။
"ဒုကော်မတီမှူးဆွန်း... ပန်းချီပြိုင်ပွဲ ကိစ္စက တပ်ဖွဲ့ရုံးချုပ်ရော ခရိုင်ကပါ အလေးထားတဲ့ ကိစ္စပါ။ ရဲဘော်ရှန်မော့အာအတွက် ကောင်းမွန်တဲ့ ပညာရေး ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့က အမှန်တကယ် လိုအပ်ပါတယ်။ ပညာတတ်လူငယ်ဖုက ပစ္စည်း အကြုံဝယ်ပေးတာဆိုတော့ ဓနရှင်ပေါက်စ အမူအကျင့် ပြဿနာ မရှိတော့ပါဘူး။ ဒီကိစ္စကို ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်”
ဒုကော်မတီမှူးဆွန်းက ခဏလောက် တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်၏။
"ကောင်းပြီလေ... ဒါဆို ဒီပညာတတ်လူငယ်တွေကိုရော...?"
သူသည် ပညာတတ်လူငယ်များကို ပြန်လည်ခေါ်ဆောင်သွားပြီး သေချာစွာ စစ်ဆေးမေးမြန်းချင်နေသေးသည်။
ဒုကော်မတီမှူးဝူက ပြန်ပြောလိုက်လေသည်။
"ပညာတတ်လူငယ်တွေ ကျေးလက်ဆင်းလာကြတာက ကျေးလက်ဒေသ တည်ဆောက်ရေးကို ကူညီပံ့ပိုးဖို့ပါ။ ပညာတတ်လူငယ် အများစုက ကောင်းမွန်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့က အထဲမှာ ရောနှောနေတဲ့ ပိုးကောင် အနည်းစုကိုပဲ ရှင်းလင်းပစ်လိုက်ရင် ရပါပြီ”
ဒုကော်မတီမှူးဆွန်းသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ ဆိုလိုရင်းကို နားလည်သွားလေသည်။
ဤကိစ္စက ပညာတတ်လူငယ်များနှင့် သက်ဆိုင်နေသဖြင့် အမှန်တကယ် ပြဿနာ ကြီးထွားသွားပြီးနောက် ပညာတတ်လူငယ်များက ဆူပူအုံကြွလာပါက ဖြေရှင်းရန် ခက်ခဲသွားပေလိမ့်မည်။
"သူတို့နှစ်ယောက်ကို ခေါ်သွားလိုက်”
နောက်ဆုံးတွင် သူသည် ရှီဝေနှင့် ယန်ချင်းချင်းကို လက်ညှိုးထိုးပြကာ အမိန့်ပေးလိုက်လေသည်။
ရှီဝေသည် ချက်ချင်း ခုန်ထလိုက်ပြီး တပ်ဖွဲ့ရုံးခန်း အပြင်ဘက်သို့ ထွက်ပြေးရန် ပြင်လိုက်သော်ငြား ခြေလှမ်းအနည်းငယ်မျှပင် မပြေးရသေးမီ တော်လှန်ရေးကော်မတီဝင်များ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရလေသည်။ ထိုလူက သူ့ကို ဖြန်းကနဲ ပါးရိုက်လိုက်ပြီး တခြားတစ်ယောက်နှင့်အတူ သူ့ လက်မောင်းများကို အနောက်သို့ လိမ်ချိုးကာ ထိန်းချုပ်ထားလိုက်ပြီး အော်ဟစ်လိုက်၏။
"ငြိမ်ငြိမ်နေစမ်း”
ယန်ချင်းချင်းသည်လည်း ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး အော်ဟစ်လိုက်လေသည်။
"ငါ အမှားမလုပ်ခဲ့ဘူး။ နင်တို့ ငါ့ကို ဖမ်းလို့မရဘူး။ ငါက ကျေးလက်ဒေသ တည်ဆောက်ရေးကို ကူညီပံ့ပိုးပေးနေတဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ။ ငါ မြို့တော်ကိုသွားပြီး ခေါင်းဆောင်ကြီးကိုတောင် တွေ့ဖူးတယ်။ ငါက ခေါင်းဆောင်ကြီးရဲ့ အသစ္စာအရှိဆုံး တော်လှန်ရေး လူငယ်လေးပါ။ အား... အား... အား... နင်တို့ ငါ့ကို ဖမ်းလို့မရဘူး။ ငါ့ကို လွှတ်ပေး..."
"နင့်လိုကောင်မက ခေါင်းဆောင်ကြီးရဲ့ အသစ္စာအရှိဆုံး တော်လှန်ရေး လူငယ်လေးဆိုရင် ငါတို့က ဘာကောင်တွေလဲ”
တော်လှန်ရေးကော်မတီမှ လူတစ်ယောက်က သူမ၏ ဆံပင်ကို ဆွဲကိုင်ကာ အပြင်သို့ ဆွဲထုတ်သွားလေတော့သည်။
ဒုကော်မတီမှူးဆွန်းက မေးငေါ့ပြကာ အပြင်သို့ ထွက်သွားပြီး ဒုကော်မတီမှူးဝူကတော့ ကျိုးမန်ခန်းကို ခေါင်းတစ်ချက်ညိတ်ပြပြီးမှသာ နောက်မှ ဖြည်းညှင်းစွာ လိုက်ပါသွားလေသည်။
တော်လှန်ရေးကော်မတီဝင်များ ထွက်သွားပြီး ရှီဝေနှင့် ယန်ချင်းချင်းတို့၏ ဆဲရေးတိုင်းထွာသံများ မကြားရတော့သည့် အချိန်အထိ စောင့်ဆိုင်းပြီးနောက်မှသာ အားလုံးက အောင့်ထားရသော ထွက်သက်ကို ဖြည်းညှင်းစွာ မှုတ်ထုတ်နိုင်ကြတော့သည်။
ကြောက်စရာ ကောင်းလိုက်တာ။
လူအတော်များများက ရင်ထဲမှ အော်ဟစ်လိုက်ကြလေသည်။
ဤခေတ်ကာလတွင် အကြောက်ရဆုံးအရာမှာ တော်လှန်ရေးကော်မတီ၏ ပစ်မှတ်ထားခြင်းကို ခံရခြင်းပင်။ ဒုကော်မတီမှူးဝူကသာ ဝင်ရောက် မပြောဆိုခဲ့ပါက ထိုဒုကော်မတီမှူးဆွန်းက သူတို့အားလုံးကိုပါ ခေါ်ဆောင်သွားချင်နေသည်မှာ ထင်ရှားလေသည်။
ချက်ချင်းဆိုသလိုပင် အားလုံး၏ ရင်ထဲတွင် သေဘေးမှ လွတ်မြောက်လာရသကဲ့သို့ ခံစားလိုက်ကြရလေသည်။
ထောင့်တစ်နေရာတွင် အမြဲတမ်း ပုန်းကွယ်နေခဲ့သော ကျိန့်ကျားမင်သည် ထိုအချိန်မှသာ ဖုမင်ဇယ်၏ အနီးသို့ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားကာ ဖုမင်ဇယ်၏ ပခုံးကို ရိုက်လိုက်ပြီး ပြောလိုက်လေသည်။
"ငါတော့ လန့်သေတော့မလို့ပဲ”
ဖုမင်ဇယ်သည် သူ့ကို ဂရုမစိုက်ချင်ဘဲ မျက်မှောင်ကြုတ်ကာ ရှန်မော့အာကို ကြည့်ပြီး တစ်စုံတစ်ရာ ပြောလိုသော်ငြား လူအတော်များများက သူတို့ကို သိချင်စိတ်ဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရသဖြင့် ပြောလိုက်လေသည်။
"ရဲဘော်ရှန်မော့အာ... ကျွန်တော်ရယ်၊ ကျိန့်ကျားမင်ရယ်... အင်း... ပညာတတ်လူငယ်ဝမ်ရယ် မင်းအိမ်မှာ သွားပြီး စကားပြောကြမလား”
ကျိုးမန်ခန်းက လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
"သွားကြ... သွားကြ... အကြုံဝယ်လာတဲ့ ပစ္စည်းတွေကို မြန်မြန် လွှဲပြောင်းပေးလိုက်ကြ။ ပိုက်ဆံတွေ၊ ကူပွန်တွေကိုလည်း သေချာ ရှင်းကြ။ ပြီးတော့ မင်းတို့တွေလည်း လူစုခွဲကြတော့။ အိမ်ပြန်ပြီး ပစ္စည်းတွေ သိမ်းဆည်းကြ၊ အလုပ်သွားရမယ့်သူတွေလည်း မြန်မြန် သွားကြတော့”
လူစုလူဝေးကြီးသည် တပ်ဖွဲ့ရုံးခန်းထဲမှ အသီးသီး ထွက်ခွာလာခဲ့ကြသည်။
လမ်းမပေါ်တွင် သတင်းကြားသဖြင့် ကြည့်ရှုရန် ရောက်ရှိလာကြသော ရွာသူရွာသားများဖြင့် ပြည့်နှက်နေပြီး ရှေ့ဆုံးမှ ကလေးငယ်ကို ပွေ့ချီလာသော ကျိုးချင်းကော်ကို မြင်လိုက်ရသည်နှင့် မေးမြန်းကြတော့သည်။
"ချင်းကော်... ဘာတွေဖြစ်တာလဲ။ တော်လှန်ရေးကော်မတီက လူတွေက ဘာလို့ ပညာတတ်လူငယ်ယန်နဲ့ ပညာတတ်လူငယ်ရှီကို ခေါ်သွားကြတာလဲ”
"သူတို့ အရင်က ချောင်းထဲမှာ ဖက်လှဲတကင်း နေခဲ့ကြတာလေ။ ဒီလောက်ကြာတာတောင် မင်္ဂလာမဆောင်ကြသေးတော့ အဲဒီကိစ္စကို တော်လှန်ရေးကော်မတီက သိသွားလို့များလား။ ငါ စောစောကတည်းက ပြောသားပဲ၊ သူတို့ ဒီလိုမျိုး မင်္ဂလာမဆောင်ဘဲ နေနေရင် သေချာပေါက် ပြဿနာတက်လိမ့်မယ်လို့”
တစ်ယောက်က ဝင်ပြောလိုက်လေသည်။
"ဒါပေမဲ့ စောစောက ပညာတတ်လူငယ်ရှီက အဲဒီမှာ သူပဲ၊ သူပဲ၊ သူက ဖုမင်ဇယ်ကို သေစေချင်နေတာလို့ အော်နေပြီး ပညာတတ်လူငယ်ယန်ကလည်း ပုန်ကန်တာက အကြောင်းပြချက်ရှိတယ်၊ တိုင်စာပို့တာ မမှားဘူးလို့ အော်နေတာ ငါ ကြားလိုက်ရတယ်လေ။ ကြည့်ရတာ မင်္ဂလာဆောင်တဲ့ ကိစ္စနဲ့ မတူပါဘူး”
......
ရှန်မော့အာသည် ထိုအခြေအနေကို မြင်လိုက်ရသည်နှင့် ဖုမင်ဇယ်တို့ကို ချက်ချင်း မျက်ရိပ်ပြလိုက်ပြီး တပ်ဖွဲ့ရုံး၏ အနောက်ဘက်သို့ လှည့်ထွက်သွားလေတော့သည်။
အနောက်ဘက်ခြံဝင်းမှတစ်ဆင့် သူမတို့အိမ်၏ နောက်ဖေးပေါက်ကို ဖြတ်ကာ တခြားတစ်ဖက်မှ ခြံဝင်းတံခါးသို့ လှည့်ပတ်သွားမည်ဆိုပါက ရွာသူရွာသားများ၏ တားဆီးမေးမြန်းခြင်းကို ရှောင်လွှဲနိုင်လိမ့်မည်။
မကြာမီမှာပင် မြေရှင်လေးနှင့် မိခင်ဖြစ်သူတို့ နေထိုင်သော အိမ်အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။ ရှန်မော့အာသည် အိမ်တံခါးက အနည်းငယ် ဟဟလေး ပွင့်နေပြီး လူရိပ်တစ်ခုက တံခါးကြားမှ ချောင်းကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
ရှန်မော့အာသည် စဉ်းစားလိုက်ပြီး အနီးသို့ လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်၏။
"ပညာတတ်လူငယ်တွေရဲ့ ကိစ္စပါ။ တခြားသူတွေနဲ့ ဘာမှမဆိုင်ပါဘူး”
ထိုသို့ပြောပြီးနောက် ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာလာခဲ့လေသည်။
မကြာမီမှာပင် အနောက်ဘက်မှ သစ်သားတံခါး ညင်သာစွာ ပိတ်သွားသံကို ကြားလိုက်ရလေသည်။
ရှန်မော့အာသည် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ဤနှစ်နှစ်အတွင်းတွင် အခြေအနေ အနည်းငယ် ကောင်းမွန်လာသော်ငြားလည်း လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က လှုပ်ရှားမှုများ ပြင်းထန်ချိန်တွင် ထိုသားအမိနှစ်ယောက် ဘယ်လောက် ဒုက္ခရောက်ခဲ့ရမည်ကို မသိနိုင်ချေ။ အရှေ့ဘက်တွင် တော်လှန်ရေးကော်မတီဝင်များ ရောက်လာသည်ကို ကြားလိုက်ရသဖြင့် သူတို့လည်း အလွန် လန့်ဖြန့်သွားကြပုံပေါ်သည်။
ရှန်မော့အာသည် သူတို့သားအမိနှင့် အိမ်နီးချင်းများ ဖြစ်သော်ငြားလည်း သူတို့ကို မြင်တွေ့ရခဲလှသည်။ ရေခပ်ချိန်တွင်ပင် တစ်ခါမှ မဆုံဖူးခဲ့ချေ။ ညနက်သန်းခေါင် လူခြေတိတ်ချိန်တွင်မှ ရေခပ်ကြခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် အလုပ်လုပ်ချိန်တွင်တော့ မြေရှင်လေးက ချေးထမ်းနေသည်ကို မြင်တွေ့ဖူးပြီး ရွာထဲမှ ဆိုးသွမ်းသော ကလေးများက သူ့ကိုယ်ပေါ်သို့ မြေစာခဲများဖြင့် ပစ်ပေါက်ကာ မြေရှင်လေး၊ ခွေးမသားလေးဟု ဆဲဆိုနေကြသည်ကိုလည်း အကြိမ်အနည်းငယ် မြင်တွေ့ဖူးလေသည်။
သူမသည် ထိုဆိုးသွမ်းသော ကလေးများကို ဆူပူကြိမ်းမောင်းခဲ့သော်လည်း ထိုကလေးများက ပါးစပ်မှသာ သူ့ကိုယ်ပေါ်သို့ မြေစာခဲများ မပစ်ပေါက်တော့ပါဘူးဟု ကတိပေးကြပြီး နောက်လှည့်သည်နှင့် ချက်ချင်းဆိုသလိုပင် မြက်ပင်များ၊ အမှိုက်များဖြင့် သူ့ကိုယ်ပေါ်သို့ ပစ်ပေါက်ကြပြန်လေသည်။
ရှန်မော့အာအနေဖြင့် အမှန်တကယ်ပင် နားမလည်နိုင်အောင် ဖြစ်ရလေသည်။ နောက်ခံ မကောင်းလျှင်တောင်မှ၊ သူ၏ဖခင်နှင့် အဘိုးတို့က ဆင်းရဲသား လယ်သမားများကို ဖိနှိပ်ခဲ့လျှင်တောင်မှ အသက် ၁၄၊ ၁၅ နှစ်သာ ရှိသေးသော ကလေးတစ်ယောက်တွင် ဘာအပြစ်ရှိပါသနည်း။ သူတို့မိသားစု မြေရှင်ဖြစ်ခဲ့စဉ်က သူသည် မွေးပင် မမွေးသေးချေ။
သူတို့သည် တခြားတစ်ဖက်သို့ လှည့်ပတ်လာကြပြီး တံခါးဝတွင် ပေါင်းပင်များ၊ အမှိုက်များဖြင့် ပြည့်နှက်နေသော နွားတင်းကုပ်အနီးသို့ ဖြတ်သန်းလာခဲ့ကြသည်။ နွားတင်းကုပ်၏ အသုံးမဝင်သလောက်ဖြစ်နေသော သစ်သားတံခါးအဟောင်းသည်လည်း မြေရှင်လေး၏ အိမ်ကဲ့သို့ပင် အနည်းငယ် ဟဟလေး ပွင့်နေပြီး ဆံပင်ဖြူဖြူနှင့် အဘိုးတစ်ဦးက တံခါးနောက်မှနေ၍ သူတို့ကို ကြည့်နေလေသည်။
"ပညာတတ်လူငယ်ကျိန့်၊ ပညာတတ်လူငယ်ယန်က မသမာတဲ့ ရည်ရွယ်ချက်နဲ့ တိုင်စာပို့တယ်၊ ပညာတတ်လူငယ်ရှီကလည်း မသမာတဲ့ ရည်ရွယ်ချက်နဲ့ မတရားစွပ်စွဲတယ်ဆိုတော့ တော်လှန်ရေးကော်မတီက သူတို့ကို ဘယ်လို အရေးယူမယ်လို့ ရှင်ထင်လဲ” ရှန်မော့အာက ရုတ်တရက် မေးလိုက်လေသည်။
အမေးခံရသော ကျိန့်ကျားမင်သည် ဇဝေဇဝါဖြင့် ပြန်ဖြေလိုက်၏။
"တော်လှန်ရေးကော်မတီရဲ့ ကိစ္စတွေကိုတော့ သေချာ မပြောတတ်ဘူး။ သူတို့ သဘောကျသလို လုပ်ကြမှာပေါ့”
ရှန်မော့အာက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။
"ဒါဆိုရင် ဒီကိစ္စက ကျွန်မတို့ တပ်ဖွဲ့က တခြားလူတွေနဲ့ ဘာမှ မသက်ဆိုင်လောက်ဘူးနော်”
ဖုမင်ဇယ်သည် သူမ၏ဘေးတွင် အမြဲတမ်း လျှောက်လာခဲ့သူဖြစ်ရာ ထိုစကားကို ကြားလိုက်ရသောအခါ နွားတင်းကုပ်၏ ဟနေသော တံခါးကို တစ်ချက်ကြည့်လိုက်ပြီး သူမနှင့် အလိုက်သင့် ဝင်ပြောလိုက်လေသည်။
"ဒီကိစ္စတွေကို စောစောက အကုန်လုံး ရှင်းလင်းပြောပြပြီးသွားပါပြီ။ အဲဒီ ဒုကော်မတီမှူးဝူကလည်း ပြောသွားတယ်လေ၊ ပိုးကောင် အနည်းစုကိုပဲ ရှင်းလင်းပစ်လိုက်ရင် ရပါပြီတဲ့။ သူတို့ ရွာထဲကို ထပ်လာကြတော့မှာ မဟုတ်ပါဘူး”
ရှန်မော့အာသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။
"ဒါဆိုလည်း တော်သေးတာပေါ့”
နွားတင်းကုပ်၏ သစ်သားတံခါးအဟောင်းလေးသည် ဖြည်းညှင်းစွာ ပိတ်သွားလေတော့သည်။
ရှန်မိသားစု၏ ခြံဝင်းထဲသို့ ဝင်ရောက်သွားသည့် အချိန်အထိ ကျိန့်ကျားမင်သည် နောက်မှ သတိဝင်လာပြီး ပြောလိုက်လေသည်။
"ရဲဘော်ရှန်မော့အာ၊ စောစောက နွားတင်းကုပ်ထဲက အဘိုးဝမ်ကို တော်လှန်ရေးကော်မတီက တခြားသူတွေကို ပြဿနာလာမရှာဘူး၊ သူ့ကိုလည်း ပြဿနာလာမရှာဘူးဆိုတာကို ပြောပြချင်လို့ မဟုတ်လား”
အဘိုးဝမ်ဆိုသည်မှာ နွားတင်းကုပ်ထဲတွင် နေထိုင်သော အဘိုးကို ဆိုလိုခြင်း ဖြစ်လေသည်။
ဝမ်ချိုးထုန်က ဝင်ရောက် ဟန့်တားလိုက်၏။ "အို... နင်က အခုမှ သဘောပေါက်တော့တာလား”
ကျိန့်ကျားမင်က ခေါင်းကုတ်ကာ ပြန်ပြောလိုက်လေသည်။ "ငါက ချက်ချင်း သဘောမပေါက်လိုက်လို့ပါ”
သူကိုယ်တိုင်ကပင် ထိုသို့ ဝန်ခံလိုက်ရာ ဝမ်ချိုးထုန်အနေဖြင့်လည်း ထပ်မပြောဆိုနိုင်တော့ဘဲ "လူအ" ဟု တိုးတိုးလေး ညည်းတွားလိုက်ပြီး ဆင်ဝင်အောက်ရှိ ကုလားထိုင်ပေါ်သို့ ပြေးသွားကာ ထိုင်ချလိုက်လေတော့သည်။
တကယ်ကို ကြောက်စရာ ကောင်းလိုက်တာ။ အမျိုးသား၊ အမျိုးသမီး ဆက်ဆံရေး ဖောက်ပြန်တယ်ဆိုတဲ့ ခေါင်းစဉ် တပ်ခံရတော့မလို့။ ဖိနပ်အစုတ်တွေ ဆွဲချိတ်ပြီး လူငယ်တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခေါ်ဆောင်မှုအောက်မှာ ဖုမင်ဇယ်နဲ့ အတူတူ လမ်းမပေါ်မှာ လှည့်လည် အရှက်ခွဲခံရမယ့် မြင်ကွင်းကို တွေးကြည့်လိုက်တာနဲ့ ကြောက်လွန်းလို့ ကြက်သီးတွေတောင် ထလာပြီး ခြေထောက်တွေပါ ပျော့ခွေသွားသလိုပဲ။
"ထိုင်ကြပါဦး။ ကျွန်မ သွားပြီး ရေနည်းနည်း သောက်ဖို့ ယူလာခဲ့မယ်”
ရှန်မော့အာက ပြောရင်း မီးဖိုချောင်ထဲသို့ ဝင်သွားကာ ပန်းကန်လုံး ယူ၍ ရေငှဲ့ရန် ပြင်လိုက်သည်။ ဖုမင်ဇယ်ကလည်း မီးဖိုချောင်ထဲသို့ လိုက်ဝင်လာပြီး ရေနွေးဘူးကို မကာ ရေငှဲ့ပေးရင်း ပြောလိုက်လေသည်။
"မင်း စောစောက အဲဒီလို ထွက်ပြီး စကားပြောလိုက်တာက အရမ်း အန္တရာယ်များတယ်။ တကယ်လို့ သူတို့က မင်းအိမ်ကို လာပြီး ဆပ်ပြာလာရှာရင် ဘယ်လိုလုပ်မလဲ။ ပြီးရင် မင်းကိုပါ ဓနရှင်ပေါက်စ အမူအကျင့် ဆိုတဲ့ ခေါင်းစဉ် တပ်သွားနိုင်တယ်”
"ဒါမှမဟုတ်ရင်... သူတို့က မင်းအဖေ တပ်ဖွဲ့ရုံးချုပ်မှာ အလုပ်လုပ်နေတာကို သိသွားရင် မင်းပြောတဲ့ အကြောင်းပြချက်က ခိုင်လုံမှု မရှိတော့ဘူးလေ။ ဆပ်ပြာဝယ်ဖို့ကို မင်းအဖေက ဝယ်လို့ရတာပဲ”
ရှန်မော့အာက သူ့ကို ကြည့်ကာ ပြန်ပြောလိုက်၏။ "ကျွန်မတို့အိမ်က မျိုးဆက် ၃ ဆက် ဆင်းရဲသားတွေ၊ ပြီးတော့ ရွာထဲက အဖွဲ့ဝင်တွေဆိုတော့ ပုံမှန်အားဖြင့် အထောက်အထား မရှိဘဲနဲ့ သူတို့က အိမ်အထိ လာပြီး မရှာရဲပါဘူး။ တကယ်လို့ ပြဿနာတက်လာရင်လည်း သူတို့ လူနည်းနည်းလေးနဲ့ ရွာထဲက ဒီလောက်များတဲ့ လူတွေကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ။ ပြီးတော့... တကယ်လို့ လာရှာရင်တောင် ဘာမှ ရှာတွေ့မှာ မဟုတ်ပါဘူး”
သူမအဖေက ဆပ်ပြာအနံ့ကို မကြိုက်သဖြင့် အမွှေးဆပ်ပြာ တစ်တုံးကို တကူးတက ဝယ်ထားခဲ့သည်။ ပုံမှန်အားဖြင့် ဆင်းရဲသော မိသားစုဖြစ်ဟန် ဆောင်ထားရန်အတွက် အမွှေးဆပ်ပြာကို သေချာစွာ ဖွက်ထားလေ့ရှိလေသည်။
"ကျွန်မအဖေ တပ်ဖွဲ့ရုံးချုပ်မှာ အလုပ်လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လေ... သူက ပုံမှန်ဆို အလုပ်အရမ်းများတာ၊ အလုပ်များနေရင် ပစ္စည်းဝယ်ဖို့ အချိန်မရှိတာကလည်း ပုံမှန်ပါပဲ”
"ဘာပဲဖြစ်ဖြစ် အရမ်း အန္တရာယ်များတယ်။ အဲဒီ ဒုကော်မတီမှူးဆွန်းက သိပ်ပြီး စကားပြောလို့ လွယ်မယ့်ပုံ မပေါ်ဘူး။ တကယ်လို့ သူက သေချာပေါက် စစ်ဆေးမယ်ဆိုရင် အဲဒီလောက် အလွယ်တကူနဲ့ လှည့်စားလို့ ရမှာ မဟုတ်ဘူး”
ဖုမင်ဇယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ သူမ ထွက်ပြီး စကားပြောလိုက်ချိန်တွင် သူ အမှန်တကယ်ပင် လန့်ဖျပ်သွားခဲ့ရသည်။
"ကျွန်မ ထွက်မပြောရင် ရှင်က ဘယ်လိုပြောဖို့ ပြင်ထားတာလဲ”
ရှန်မော့အာက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"အဲဒီဆပ်ပြာက ဟင်းသီးဟင်းရွက် စိုက်ခင်းက ပိုးမွှားတွေကို သတ်ဖို့ ဝယ်ထားတာပါ။ အချိုးအစား တစ်နဲ့ တစ်ရာ ရောစပ်ထားတဲ့ ဆပ်ပြာရည်ကို ပိုးမွှားတွေအပေါ် ဖြန်းပေးမယ်ဆိုရင် ပျပိုး၊ ယင်ဖြူ စတဲ့ ပိုးမွှားမျိုးစုံကို သတ်ပစ်နိုင်ပါတယ်”
ဖုမင်ဇယ်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်လေသည်။
ရှန်မော့အာ - "......"
ဒီကမ္ဘာကြီးအကြောင်း ငါ သိတာ တကယ်ကို နည်းလွန်းသေးတာပဲ။ ဆပ်ပြာက ပိုးသတ်ဖို့ သုံးလို့ရတယ်ဆိုတာ ငါ မသိခဲ့ဘူး။
ဖုမင်ဇယ်၏ ဤအကြောင်းပြချက်က အပြစ်အနာအဆာ ကင်းသည်ဟု မဆိုနိုင်သော်ငြား အနည်းဆုံးတော့ အပေါ်ယံကြည့်မည်ဆိုလျှင် အတော်လေး သင့်လျော်နေသေးသည်။ မည်သို့ဆိုစေ သူတို့က မကြာသေးမီက စမ်းသပ်စိုက်ခင်း ဆိုသည့်အရာကို ပြုလုပ်နေကြသည် မဟုတ်ပါလား။ ထို့အပြင် ဤအကြောင်းပြချက်က နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိစေမည့် ကောင်းမှုကုသိုလ် ပြုလုပ်နေခြင်းဖြစ်သည်တွင် တော်လှန်ရေးကော်မတီဝင်များကလည်း ကောက်ပဲသီးနှံများ ပိုးသတ်ခြင်းကို တားဆီးပိတ်ပင်မည် မဟုတ်ချေ။
သို့သော် သေချာ ပြန်လည်စဉ်းစားကြည့်မည်ဆိုလျှင် ဤလူက အစအဆုံး အလွန် တည်ငြိမ်နေခဲ့သည်ဟု ထင်ရလေသည်။ တိုင်ကြားချက်များကို ရင်ဆိုင်ရာတွင်လည်း အလွယ်တကူ ဖြေရှင်းနိုင်ခဲ့ပြီး နည်းနည်လေးမှ ထိတ်လန့်သွားခြင်း မရှိဘဲ ကြိုတင်ပြင်ဆင်ထားသကဲ့သို့ပင်။
ရှန်မော့အာသည် ဖုမင်ဇယ်ကို အကြိမ်အနည်းငယ် စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။ သူမသည် အသံကို နှိမ့်ကာ အနီးသို့ တိုးကပ်သွားပြီး မေးလိုက်လေသည်။
"ရှီဝေရဲ့ မှတ်စုစာအုပ်ဟောင်းပေါ်က တော်လှန်ရေးကို ဆန့်ကျင်တဲ့ စကားတွေက ရှင် ရေးထားတာတော့ မဟုတ်ပါဘူးနော်။ ရှင်က စောစောကတည်းက ကျောင်းသုံးစာအုပ်ပေါ်မှာ အဲဒီစာတွေ ရေးထားတာကို တွေ့သွားပြီးတော့... သူတို့အကြံကို သူတို့ ပြန်ခံရအောင် လုပ်လိုက်တာလား”
ဖုမင်ဇယ်သည် မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ပြီး သူမ၏ သိချင်စိတ်ပြင်းပြကာ စိုးရိမ်နေသော ပုံစံလေးကို ကြည့်ရင်း မနေနိုင်ဘဲ ပြုံးလိုက်မိလေသည်။
"ဘာ... အဲဒီ မှတ်စုစာအုပ်ဟောင်းက ရှီဝေရဲ့ဟာ မဟုတ်ဘူးလား”
ဝမ်ချိုးထုန်သည် မီးဖိုချောင်ပေါက်ဝတွင် ရပ်လျက် အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"ရှင်... ရှင်... ရှင်... ပညာတတ်လူငယ်ဖု... အဲဒါ ရှင် တမင်သက်သက် ရေးပြီး သူ့ကုတင်အောက်ကို ထည့်ထားခဲ့တာလား”
ငါ စောစောကတည်းက သိသားပဲ။ ပညာတတ်လူငယ်စခန်းမှာ ဘယ်သူမှ ရန်သွားမစသင့်ဘူးဆိုတာ။ အထူးသဖြင့် ပညာတတ်လူငယ်ဖုကို ပိုပြီးတော့တောင် ရန်မစသင့်ဘူးဆိုတာ။
အို... မဟုတ်သေးဘူး... ကျိန့်ကျားမင်ဆိုတဲ့ လူနုံလေးကိုတော့ အရင်ဆုံး ဖယ်ထုတ်ထားရမယ်။
...