အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အပိုင်း (၄၉.၁) ရွာနီးချုပ်စပ်မှာတောင် သူတို့နှစ်ယောက်ထက် ပိုလိုက်ဖက်တဲ့သူ မရှိဘူး...
တောင်ပေါ်မှ ဆင်းလာသည့်အချိန်အထိ ကျိန့်ကျားမင်သည် မူးဝေဝေဖြစ်နေဆဲဖြစ်ပြီး မည်သည့်နှစ်၊ မည်သည့်အချိန်သို့ ရောက်နေမှန်းပင် မသိတော့သည့် အမူအရာမျိုး ဖြစ်နေ၏။ တကယ့် ညီအစ်ကိုလို ခင်ရသူက ရုတ်တရက် ရည်းစားရသွားသည်ဟူသော ကိစ္စက သူ့အတွက်တော့ အလွန်အမင်း တုန်လှုပ်စရာ ကောင်းလွန်းနေခဲ့သည်။
ထိုနည်းတူပင် ကြောင်တောင်တောင် ဖြစ်နေသူက ဝမ်ချိုးထုံပင်။
သို့သော် မိန်းကလေးများက ပိုအကဲဆတ်တတ်ကြသည်မို့ ယခင် ဆောင်းဦးရာသီ စပါးရိတ်သိမ်းချိန်ကတည်းက ဖုမင်ဇယ်သည် ရှန်မော့အာနှင့် တွေ့လျှင် စကားပြောရ အလွန်လွယ်ကူနေသည်ကို သူမ အမှန်တကယ်ပင် သတိထားမိခဲ့သည်။ ပညာတတ်လူငယ်များ နေထိုင်သည့်နေရာတွင် မည်သူ့ကိုမဆို အေးတိအေးစက် ဆက်ဆံတတ်သည့်ပုံစံနှင့် လုံးဝမတူညီချေ။ ထို့အပြင် တော်လှန်ရေးကော်မတီရှေ့တွင် ရှန်မော့အာက အန္တရာယ်ကို မမှုဘဲ ဖုမင်ဇယ်အတွက် ဝင်ရောက်ပြောဆိုပေးခဲ့သဖြင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အနည်းငယ် နီးစပ်နေသည်ဟု သူမ တိတ်တဆိတ် ခံစားနေမိခဲ့သည်။
ယနေ့တွင် သူတို့နှစ်ဦး လက်ချင်းချိတ်ထားသည်ကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရပြီး ဖုမင်ဇယ် ကိုယ်တိုင်ကလည်း သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်နေကြပြီဟု ဝန်ခံလိုက်သည်ကို ကြားလိုက်ရချိန်တွင်... သေချာ ပြန်လည် စဉ်းစားကြည့်ပါက သိပ်ပြီး အံ့သြစရာတော့ မဟုတ်လှပေ။
သူတို့နှစ်ဦးမှာ တုန်လှုပ်မှု ကြီးမားလွန်းသဖြင့် လမ်းတစ်လျှောက်လုံးတွင် စကားသိပ်မပြောဖြစ်ကြချေ။
ရွာထဲသို့ ဝင်ရောက်လာချိန်မှသာ ကျိန့်ကျားမင်က ရုတ်တရက် ဖုမင်ဇယ်ကို လှမ်းကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။ "မင်းက ပညာတတ်လူငယ်တွေရဲ့ နေရာကနေ ပြောင်းရွှေ့မယ်ဆိုတဲ့ ရည်မှန်းချက်ကို ဒီလောက်မြန်မြန် အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ညီအစ်ကိုရာ... ငါ့ကို တစ်ယောက်တည်း ဒီလိုမျိုး ပစ်ထားခဲ့ရတာ မင်းရဲ့ လိပ်ပြာ မလုံဘူးလား"
ဖုမင်ဇယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ နေလိုက်သည်။ ဤကဲ့သို့သော မေးခွန်းမျိုးကို ပြန်ဖြေရန်ပင် ပျင်းရိနေလေသည်။
အမှန်တကယ်တော့ ကျိန့်ကျားမင်ကလည်း ဖုမင်ဇယ်ထံမှ အဖြေကို မျှော်လင့်မနေခဲ့ပေ။ သူက လွန်ခဲ့သည့် ၂ ရက်ခန့်ကမှ ပညာတတ်လူငယ်များ နေထိုင်ရာနေရာမှ ပြောင်းရွှေ့ရန် နည်းလမ်းမရှာနိုင်သေးကြောင်း ညည်းတွားနေခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုမင်ဇယ်က ပြောင်းရွှေ့သွားတော့မည်ကို တွေးမိသွားခြင်းသာ ဖြစ်သည်။
"ဒါကြောင့်မို့လည်း ရဲဘော်ရှန်တို့အိမ် အိမ်သစ်ဆောက်တာကို ကူညီပေးဖို့ မင်းက ငါ့ကို အတင်းဆွဲခေါ်နေတာကိုး။ တကယ်တော့ ဒီအိမ်က မင်းကိုယ်တိုင် နေဖို့ ဆောက်နေတာကိုး" ကျိန့်ကျားမင်က ဝိညာဉ်ထဲမှ နက်ရှိုင်းစွာ ညည်းတွားလိုက်လေသည်။
ထိုအချိန်ကတော့ ဤကဲ့သို့သော ရည်ရွယ်ချက်မျိုး ရှိဦးမည် မဟုတ်ချေ။ သို့သော် ရလဒ်ကတော့ အမှန်တကယ်ပင် ထိုသို့ ဖြစ်လာခဲ့လေသည်။
ထို့ကြောင့် ဖုမင်ဇယ်မှာ ဤစကားကို ပြန်လည် ချေပရန် အမှန်တကယ်ပင် ခက်ခဲနေတော့သည်။
သူက လုံးဝ ပြန်မချေပတော့ဘဲ ကျိန့်ကျားမင်ကိုသာ အဲဒီနေရာတွင် တတွတ်တွတ်နှင့် ညည်းတွားပြောဆိုခွင့် ပြုထားလိုက်လေသည်။ အမှန်ပင် ထိုသို့ ရင်ဖွင့်လိုက်ပြီးနောက် ကျိန့်ကျားမင်မှာ မကြာမီမှာပင် သူ့ဘာသာသူ သက်သာရာရသွားပြီး သူ၏ အာရုံစိုက်မှုမှာလည်း ယနေ့ တောင်ပေါ်တက်ခဲ့စဉ်က ရရှိခဲ့သော ပစ္စည်းများဆီသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
"ငါက တကယ့်ကို မျက်စိစူးရှတာပဲ။ အဲဒီလောက် ထူထပ်နေတဲ့ ချုံပုတ်ကြီးထဲမှာလေ။ အဲဒီယုန်ကလည်း တော်တော် ကောက်ကျစ်တာပဲ၊ အဲဒီမှာ ပုန်းနေပြီး အပြင်ကို လုံးဝ ထွက်မလာဘူး။ ငါ့မျက်စိနဲ့ ပက်ပင်းတိုးသွားမလဲလို့ ဘယ်သူက ထင်မှာလဲ၊ ဟီးဟီး"
ထိုအကြောင်းကို ပြောလိုက်သည်နှင့် ကျိန့်ကျားမင်မှာ ချက်ချင်းပင် အနည်းငယ် ဂုဏ်ယူဝင့်ကြွားလာလေသည်။
ထိုအချိန်က သူသည် မြက်ပင်များကြားတွင် ယုန်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ဖုမင်ဇယ်တို့ကို လှည့်ခေါ်လိုက်ခြင်း ဖြစ်သည်။ သို့သော် လှည့်လိုက်သည်နှင့် ဖုမင်ဇယ်ဆိုသည့် ကောင်လေးက ရဲဘော်ရှန်မော့အာ၏ လက်ကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရလိမ့်မည်ဟု ဘယ်သူက သိပါထားမည်နည်း။ ရဲဘော်ရှန်မော့အာက တုံ့ပြန်မှု မြန်ဆန်ပြီး လက်ရုံးရည် ကောင်းမွန်လွန်းနေလို့သာ တော်သေးသည်။ ထိုသို့မဟုတ်ပါက ယုန်ထွက်ပြေးသွားလျှင် သူတို့ အကြီးအကျယ် နစ်နာသွားမည်မှာ အသေအချာပင်။
ယုန် ၂ ကောင်တောင်မှ ဖမ်းမိခဲ့တာလေ!
တောကြက် ၁ ကောင်၊ ယုန် ၂ ကောင်နှင့် သစ်အယ်သီး ၂ တောင်း။ သူတို့ ယနေ့ တကယ့်ကို အကြီးအကျယ် သီးနှံရိတ်သိမ်းနိုင်ခဲ့သည်ပဲ!
ဝမ်ချိုးထုံကလည်း စိတ်လှုပ်ရှားလာပြီး ရှန်မော့အာ၏ လက်ကို ဖက်ကာ အဆက်မပြတ် လှုပ်ယမ်းလိုက်၏။ "ရဲဘော်မော့အာ... ရှင်က တကယ့်ကို အရမ်း... အရမ်းကို တော်လွန်းတာပဲ!!!"
သူတို့ ၄ ယောက် ရှန်အိမ်၏ ခြံဝင်းငယ်လေးထဲသို့ ပြန်ရောက်သည်နှင့် အလုပ်စများတော့သည်။
ဖုမင်ဇယ်နှင့် ကျိန့်ကျားမင်တို့က ကြက်နှင့် ယုန်များကို သတ်ရန် သဘာဝကျကျပင် တာဝန်ယူလိုက်ကြသည်။ ဖုမင်ဇယ်သည် အကြိမ်အနည်းငယ် ကြည့်ရှုလေ့လာဖူးပြီဖြစ်ရာ ဤတစ်ကြိမ်တွင်တော့ ရှန်မော့အာကို ကူညီခိုင်းခြင်း မရှိတော့ဘဲ အလွန် သွက်လက်စွာဖြင့် ကြက် ၁ ကောင်နှင့် ယုန် ၁ ကောင်ကို လည်ပင်းလှီးလိုက်လေသည်။
ကံကောင်းထောက်မစွာဖြင့် ဘေးမှလွတ်မြောက်သွားသော ကျန်ရစ်သည့် ယုန် ၁ ကောင်ကိုတော့ လွတ်နေသော ကြက်ခြင်းထဲတွင် ယာယီ ထည့်သွင်းလှောင်ပိတ်ထားလိုက်သည်။
ရှန်မော့အာနှင့် ဝမ်ချိုးထုံတို့က ဆန်ဆေးခြင်းနှင့် ဟင်းသီးဟင်းရွက် ဆေးကြောခြင်းတို့ကို တာဝန်ယူကြပြီး ငါးရှဉ့်နှင့် တို့ဟူးပေါင်းကို အိုးထဲသို့ အရင်ဆုံး ထည့်လိုက်လေသည်။ မကြာမီမှာပင် ဆွဲဆောင်မှုရှိသော မွှေးပျံ့သောအနံ့သည် အထက်သို့ တက်လာသော ရေနွေးငွေ့များနှင့်အတူ ခြံဝင်းထဲတွင် လွင့်ပျံလာတော့သည်။
အဒေါ်ချန်က မောင်းမောင်ကို ခေါ်ဆောင်လာချိန်တွင် တောကြက်ကို ပေါင်းထားပြီး ဖြစ်နေလေပြီ။ ကြက်စွပ်ပြုတ်၏ အရသာရှိသော အနံ့မွှေးမွှေးက မောင်းမောင်ကို တံတွေးမြိုချချင်စိတ် ပေါက်သွားစေတော့သည်။ "အရမ်း မွှေးတာပဲ"
"အိုက်ယိုး... စောစောလာပြီး ကူညီပေးမယ်လို့ တွေးထားတာ။ ကြည့်ရတာ ဒီအဘွားကြီးကို အသုံးချစရာတောင် မလိုတော့တဲ့ပုံပဲ။ ဘယ်လောက်တောင် မွှေးနေအောင် ချက်ထားလိုက်သလဲ။ မောင်းမောင်ရေ... ငါတို့တော့ ဒီနေ့ ပါးစပ်အရသာ တွေ့ပြီဟေ့"
ထိုသို့ ပြောလိုက်သော်ငြား အဒေါ်ချန်က ချက်ချင်းပင် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး သိပ်အကူအညီမဖြစ်လှသော ကျိန့်ကျားမင်နှင့် ဝမ်ချိုးထုံတို့ကို အပြင်သို့ မောင်းထုတ်လိုက်လေသည်။ ဖုမင်ဇယ်ကိုသာ မီးထိုးရန် အထဲတွင် ချန်ထားရစ်ခဲ့ပြီးနောက် အင်္ကျီလက်ကို မတင်ကာ တက်တက်ကြွကြွဖြင့် အလုပ်စတင်လုပ်ကိုင်တော့သည်။
အချိန်ရတိုင်း ဟင်းချက်နေသော ရှန်မော့အာနှင့် မီးထိုးနေသော ဖုမင်ဇယ်ကို တစ်ချက်တစ်ချက် လှမ်းကြည့်ကာ မျက်လုံးများ မှေးကျသွားသည်အထိ ပြုံးရွှင်နေပြီး 'ဘယ်လောက်တောင် လိုက်ဖက်တဲ့ စုံတွဲလေးလဲ' ဟု စိတ်ထဲမှ တွေးနေလေသည်။
အဒေါ်ချန်၏ အကူအညီကြောင့် ဟင်းချက်သည့်အရှိန်မှာ တဖြည်းဖြည်း မြန်ဆန်လာခဲ့ပြီး ဟင်း ၁ ခွက်သာ ချက်ရန် ကျန်တော့သည့်အချိန်တွင် ဖုမင်ဇယ်လည်း အပြင်သို့ စေခိုင်းခံလိုက်ရလေသည်။ သူက ကျိန့်ကျားမင်နှင့်အတူ စက်ဘီးစီးကာ ရွာထဲသို့ လူသွားခေါ်၍ ထမင်းစားရန် ဖိတ်ခေါ်လေသည်။
ဒီခေတ်ကာလတွင် ဒီလိုပင် ဖြစ်လေသည်။ လူတိုင်းက အချိန်ကို အတိအကျ မသိနိုင်ကြသဖြင့် ဧည့်ခံကျွေးမွေးသည့်အခါ ဧည့်သည်များက စောစောရောက်လာပါက အိမ်ရှင်က ဟင်းချက်မပြီးသေးမှာကို စိုးရိမ်ကြသည်။ စောင့်ဆိုင်းနေရုံသာမက မိမိကိုယ်ကို အစားမက်သည့်ပုံစံ ပေါက်သွားမည်ကိုလည်း စိုးရိမ်ကြသဖြင့် ပုံမှန်အားဖြင့် စောစောစီးစီး အိမ်ပေါ်သို့ မတက်လာတတ်ကြချေ။
ထို့ကြောင့် အိမ်ရှင်များက ပုံမှန်အားဖြင့် ဟင်းချက်ခါနီးအချိန်တွင် အိမ်ရှိ လူငယ်များကို အိမ်တိုင်ရာရောက် ထပ်မံ သွားရောက်ခေါ်ယူစေကာ လေးစားမှုကို ပြသကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် တစ်ဦးကိုတစ်ဦး စောင့်ဆိုင်းနေရကာ အချိန်ဖြုန်းတီးခြင်းမျိုး မဖြစ်စေတော့ပေ။
စက်ဘီး တစ်ပတ် လှည့်ပတ်လိုက်ပြီးနောက် အိမ်တိုင်းမှ တဖြည်းဖြည်း ရောက်ရှိလာကြသည်။ ကျိုးမန်ခန်း၊ တင်းရှိုချန်၊ ကျိုးဖေ့ကျွင်းတို့က တစ်ယောက်တည်း ရောက်လာကြသော်လည်း ကျိုးချင်းကော်ကတော့ ကလေးငယ်လေး ချုံးချုံးကို ပွေ့ချီလျက် ရောက်ရှိလာခဲ့လေသည်။
စားပွဲဝိုင်းတွင် လူများ ထိုင်လိုက်ကြချိန်၌ ချုံးချုံးက စားပွဲပေါ်ရှိ ဇလုံကြီးများထဲမှ အသားများကို ကြည့်ကာ သူမ၏ တံတွေးများမှာ စားပွဲပေါ်သို့ ပေါက်ကနဲ ကျလာတော့သည်။
ရှန်ရှောက်ယွမ်သည် ချစ်စရာကောင်းသော ကလေးမလေးများကို အမြဲတမ်း နှစ်သက်သဘောကျတတ်သူဖြစ်သောကြောင့် ချုံးချုံး၏ ဤအမူအရာကို မြင်လိုက်သည်နှင့် ချက်ချင်းပင် ပြုံးရွှင်သွားကာ သူမ၏ ပန်းကန်လုံးငယ်လေးထဲသို့ ကြက်ပေါင်တစ်ဝက်ကို အရင်ဆုံး ညှပ်ထည့်ပေးလိုက်၏။ "စားလေ"
ကလေးငယ်လေးက အရိုးကို လက်ဖြင့် ကိုင်ကာ ကိုက်စားနေသည်ကို ကြည့်ရင်း သူက ပြုံးလိုက်ပြီးမှ အရက်ခွက်ငယ်လေးကို မြှောက်ကာ ပြောလိုက်လေသည်။ "အားလုံး လာရောက်ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အရင်ကလည်း အားလုံးကို အသိပေးပြီးပါပြီ။ အခု တစ်ခါ ထပ်ပြီး တရားဝင် ပြောပြချင်ပါတယ်။ ကျွန်တော်တို့အိမ်က မော့အာနဲ့ ပညာတတ်လူငယ်ဖုတို့က ချစ်သူအဖြစ် တရားဝင် သတ်မှတ်လိုက်ကြပါပြီ။ လက်ရှိ အခြေအနေတွေကြောင့် စေ့စပ်ပွဲ လုပ်ငန်းစဉ်တွေကိုတော့ မလုပ်တော့ပါဘူး။ ဒီနေ့ အားလုံးကို ဖိတ်ကြားရတာက သက်သေအဖြစ် မှတ်ယူပေးဖို့နဲ့ စေ့စပ်ပွဲအဖြစ် သတ်မှတ်ပေးဖို့ပါပဲ"
ထိုင်နေသူအားလုံးမှာ ချက်ချင်းပင် အပြုံးများ ပေါ်လာကြပြီး ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ထံသို့ စေတနာပါပါဖြင့် အနည်းငယ် နောက်ပြောင်ချင်သော အကြည့်များ ပို့လွှတ်လိုက်ကြလေသည်။
အဒေါ်ချန်က ရယ်မောကာ ပြောလိုက်၏။ "ကျွန်မက အောင်သွယ်လို့ ဆိုရပေမယ့် အသင့်ရှိတာကို ကောက်ယူလိုက်ရသလိုပါပဲ။ ဒါပေမဲ့ ကျွန်မ ရဲရဲကြီး ပြောရဲပါတယ်။ ဒီရွာနီးချုပ်စပ် တစ်ဝိုက်မှာတောင် သူတို့နှစ်ယောက်ထက် ပိုလိုက်ဖက်တဲ့ စုံတွဲ မရှိနိုင်ပါဘူး"
အမြဲတမ်း တည်ကြည်လေးနက်နေတတ်သော ကျိုးမန်ခန်း၏ မျက်နှာပေါ်တွင်လည်း ရှားရှားပါးပါး အပြုံးရိပ် အနည်းငယ် ပေါ်လွင်လာခဲ့လေသည်။ "ပညာတတ်လူငယ်ဖုက ငါတို့တပ်ဖွဲ့ကို ရောက်လာတာ အချိန်မကြာသေးဘူး ဆိုပေမယ့် သူက လုပ်ရည်ကိုင်ရည်ရှိပြီး တည်ငြိမ်တဲ့ လူငယ်တစ်ယောက်ဆိုတာ သိသာပါတယ်။ မော့အာနဲ့ တော်တော်လေး လိုက်ဖက်ပါတယ်။ မင်းတို့နှစ်ယောက် နောင်ကြရင် အတူတူ လေ့လာသင်ယူပြီး အတူတူ တိုးတက်အောင် လုပ်ကြပါ"
အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ထောက်ခံပြောဆိုကြပြီး ကြက်ရိုးကို ကိုက်နေသော ချုံးချုံးလေးပင် ကလေးသံလေးဖြင့် "ကောင်းတယ်... စုံတွဲ... ကောင်းတယ်" ဟု ပြောလိုက်လေသည်။
မောင်းမောင်က အသားကို အားပါးတရ စားနေရင်း မျက်လုံးများက တောင်ကြည့်မြောက်ကြည့် လှည့်ပတ်နေကာ ရှန်မော့အာကို တစ်လှည့်၊ ဖုမင်ဇယ်ကို တစ်လှည့် ကြည့်နေပြီး 'အစ်မမော့အာနဲ့ ပညာတတ်လူငယ်ဖုတို့က ချစ်သူတွေဖြစ်နေကြပြီဆိုတာကို ငါ စောစောကတည်းက သိပြီးသားပါ၊ ဟွန့်' ဟု စိတ်ထဲမှ တွေးလိုက်လေသည်။
ရှန်ရှောက်ယွမ်က အရက်ခွက်လေးကို မြှောက်ထားဆဲဖြစ်၏။ "ဒါပေါ့... ဒီနေ့က ဖုမင်ဇယ်ကို အားလုံးက ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့အတွက်လည်း အခွင့်ကောင်းယူပြီး ကျေးဇူးတင်ချင်လို့ပါ။ နောင်လည်း ဒီလူငယ်နှစ်ယောက်ကို အများကြီး စောင့်ရှောက်ပေးကြပါဦး"
"ဒီအရက်တစ်ခွက်နဲ့ အားလုံးကို ဂါရဝပြုပါတယ်"
ထိုသို့ ပြောရင်း ခွက်ထဲရှိ အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။
ကျိန့်ကျားမင်က ဦးဆောင်ကာ သြဘာပေးလိုက်လေသည်။
ထိုင်နေသူများအနက် ရှန်လောင်ချီနှင့် အရင်းနှီးဆုံးဖြစ်သော ကျိုးဖေ့ကျွင်းက မနေနိုင်ဘဲ ပြောလိုက်၏။ "လောင်ချီ... အလုပ်သမားဖြစ်သွားတော့လည်း မတူတော့ဘူးပဲ။ စကားပြောရတာတွေကအစ အစီအစဉ်တကျနဲ့ တကယ့် ပညာတတ်တစ်ယောက်နဲ့တောင် တူနေသေးတယ်"
ကျိုးချင်းကော် : "သူက ဝါဒဖြန့်ချိရေးဌာနကလေ။ အမြဲတမ်းဝန်ထမ်း ဖြစ်သွားပြီဆိုရင် အရာရှိအဆင့်အတန်း ဖြစ်သွားပြီပေါ့။ ပညာတတ်မဟုတ်လို့ ဘာဖြစ်ရမှာလဲ"
ကျိုးမန်ခန်းက ရယ်မောကာ ပြောလိုက်၏။ "ဒီအရက်က တကယ့်ကို မဆိုးဘူးပဲ"
ဒီခေတ်ကာလတွင် ကောက်ပဲသီးနှံများက အလွန် တန်ဖိုးကြီးလှသဖြင့် ကောက်ပဲသီးနှံများကို အသုံးပြု၍ အရက်ချက်ရန် နှမြောသူများ အလွန်နည်းပါးလှသည်။ ထို့အပြင် ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမတွင် ပိုက်ဆံပေး၍ အရက်အကြမ်းများကို ဝယ်သောက်ရန်လည်း ဘယ်သူကမှ မရက်ရောကြချေ။ ထို့ကြောင့် လူတိုင်းတွင် အရက်သောက်ရန် အခွင့်အရေးမှာ အမှန်တကယ်ပင် အလွန် နည်းပါးလှပေသည်။
အခြားသူများကလည်း ဘာမှ သေချာ အရသာမခံတတ်ကြဘဲ အရက်အနံ့က အလွန် မွှေးပျံ့နေပြီး သောက်ရသည်မှာလည်း လည်ချောင်းမပူဘူးဟုသာ ခံစားကြရသည်။ အရက်သောက်ရသည့် အခွင့်အရေး အနည်းငယ် ပိုများသော ကျိုးမန်ခန်းကဲ့သို့ မဟုတ်ဘဲ အရက်၏ အကောင်းအဆိုးကို အရသာခံ၍ သိနိုင်စွမ်း မရှိကြချေ။
ကျိန့်ကျားမင်လည်း အနည်းငယ် အရသာခံနိုင်လေသည်။ သူ့အဖေမှာ အရက်ကြိုက်သူတစ်ဦးဖြစ်ပြီး သူတို့အိမ်၏ အခြေအနေမှာလည်း မဆိုးလှချေ။ အိမ်တွင် တစ်ခါတစ်ရံ အရက်အနည်းငယ် ဝယ်သောက်လေ့ရှိပြီး တစ်ခါတစ်ရံတွင်လည်း တန်ဖိုးကြီး ပုလင်းအရက်များကို ဝယ်သောက်တတ်ကြသော်လည်း သူ့ ရှေ့က အရက်ခွက်ငယ်လေးထဲမှ အရက်လောက် မွှေးပျံ့အရသာရှိသည်ဟု မခံစားရချေ။
အမှန်တကယ်တော့ ဖုမင်ဇယ်လည်း အရသာကို ခွဲခြားသိရှိနိုင်လေသည်။ မည်သို့ပင်ဆိုစေ သူက ဓနရှင်လူတန်းစား မိသားစုမှ ဆင်းသက်လာသူ ဖြစ်သောကြောင့် အိမ်ရှိ လူကြီးများမှာ တံခါးပိတ်ထားချိန်တွင် ပြောင်းလဲရခက်ခဲသော "ဓနရှင်ဆန်ဆန် အမူအကျင့်" အချို့ ရှိနေဆဲ ဖြစ်သည်။ ပြည်တွင်းဖြစ် အရက်များကို မဆိုထားနှင့် နိုင်ငံခြားဖြစ် အရက်များကိုပင် သူ သောက်ဖူးလေသည်။
သို့သော် သူ၏ ယောက္ခထီးလောင်းမှာ အုတ်ဖိုစက်ရုံ၏ အလေးထားမှုကို အတော်လေး ရရှိထားပြီး ဝါဒဖြန့်ချိရေးဌာနဆိုသည်မှာလည်း မျက်နှာပန်းလှသော ဌာနတစ်ခုဖြစ်သောကြောင့် အရက်ကောင်းကောင်း အနည်းငယ် ရရှိနိုင်ခြင်းက အံ့သြစရာတော့ မဟုတ်ကြောင်း သူ သိထားလေသည်။
ယောက္ခထီးလောင်းတို့ အိမ်၏ ကျပ်တည်းနေသော စီးပွားရေး အခြေအနေအရ အရက်ကောင်းကောင်း ရရှိလာသည့်တိုင် တိတ်တဆိတ် သွားရောက်ရောင်းချကာ ငွေမပြောင်းဘဲ ယနေ့တွင် ဧည့်သည်များကို ဧည့်ခံရန် ထုတ်ယူလာခဲ့ခြင်းကြောင့် ဖုမင်ဇယ်မှာ ယောက္ခထီးလောင်းက သမီးဖြစ်သူအပေါ် မည်မျှအထိ ချစ်ခင်ယုယကြောင်းကို သိမြင်နားလည်မှု နောက်တစ်ဆင့် ထပ်တက်သွားရလေတော့သည်။
သေချာပေါက် သူလည်း အကျိုးကျေးဇူး ခံစားလိုက်ရသဖြင့် စိတ်ထဲတွင် သဘာဝကျကျပင် ကျေးဇူးတင်မိလေသည်။
ဖုမင်ဇယ်သည် အလိုက်တသိပင် ရှန်ရှောက်ယွမ်၏ အရက်ခွက်ကို ပြန်လည် ဖြည့်ပေးလိုက်ပြီးနောက် အခြားသူများကိုလည်း ဖြည့်ပေးလိုက်သည်။ ထို့နောက် အရက်ခွက်ကို မြှောက်ကာ ရှန်ရှောက်ယွမ်ကို အရင်ဆုံး ပြောလိုက်၏။ "ဦးလေး၇... ကျေးဇူးတင်ပါတယ်"
ထို့နောက် တခြားသူများဖက်သို့ လှည့်လိုက်ပြီး "အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်"
ထိုသို့ပြောပြီးနောက် အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။
"အိုက်ယိုး... အခုတော့ ဦးလေး၇ လို့ ခေါ်နေတာ။ ခဏနေရင် အဖေလို့ ခေါ်ရတော့မှာပေါ့" အဒေါ်ချန်က ရယ်မောကာ ပြောလိုက်လေသည်။ သူမက အောင်သွယ်တစ်ယောက်အနေဖြင့် အလွန် တာဝန်ကျေပွန်လှပြီး ရှောက်ယွမ်ဘက်သို့ လှည့်ကာ မေးလိုက်၏။ "ကလေးနှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ဘယ်တော့လောက် သတ်မှတ်ထားလဲ"
ရှန်ရှောက်ယွမ်သည် အရက်ကို ဖြည်းညင်းစွာ သောက်လိုက်ပြီး ဝမ်ချိုးထုံက ဆွဲကာ တီးတိုးစကားပြောနေသော ရှန်မော့အာကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "နောက်လပေါ့... အရင်ဆုံး လက်မှတ်သွားထိုးမယ်။ ပြီးမှ အရက်စားပွဲ ၂ ဝိုင်းလောက် လုပ်မယ်။ အဲဒီအချိန်ကျရင် မင်းတို့ အားလုံး လာခဲ့ကြပါ"
ကျိန့်ကျားမင်က ချက်ချင်းပင် ဦးဆောင်ကာ ဝိုင်းဝန်းအော်ဟစ် အားပေးလေသည်။ မောင်းမောင်နှင့် ချုံးချုံးတို့က နောက်တစ်ကြိမ် ထမင်းလာစားရဦးမည်ဟု ကြားလိုက်သည်နှင့် ချက်ချင်းပင် သွားဖြီးကာ မျက်လုံးများ မှေးကျသွားသည်အထိ ပျော်ရွှင်သွားကြပြီး ဝိုင်းဝန်းအော်ဟစ်ကြတော့သည်။ ဝမ်ချိုးထုံကလည်း ကလေးဆိုးလေး ၂ ယောက် ဝိုင်းဝန်းအော်ဟစ်နေသည်ကို မြင်လိုက်သည်နှင့် အားနာမနေတော့ဘဲ လိုက်ပါ၍ အော်ဟစ်တော့သည်။
လေထုမှာ ချက်ချင်းပင် အလွန်အမင်း တက်ကြွလှုပ်ရှားလာတော့သည်။ ကျိုးဖေ့ကျွင်းက စားပွဲကို တစ်ချက်ရိုက်ကာ ပြောလိုက်လေသည်။ "ငါတို့ အမှတ်၈ တပ်စုက မိန်းကလေး လက်ထပ်တာပဲ။ နောက်ကျရင် သေချာပေါက် စည်စည်ကားကားလေး လုပ်ရမယ်"
ထို့ကြောင့် ရှန်မော့အာကလည်း လူအနည်းငယ်ကို အရက်တစ်ခွက်စီ လိုက်လံတိုက်ကာ ဂါရဝပြုလိုက်လေသည်။
နောက်ပိုင်းတွင် မောင်းမောင်နှင့် နို့နံ့မစင်သေးသော ချုံးချုံးတို့ပါ ဝင်ရောက်လာကြပြီး ကြက်စွပ်ပြုတ် ထည့်ထားသော အရက်ခွက်ငယ်လေးများကို ကိုင်ဆောင်ကာ လူတိုင်းကို လိုက်လံတိုက်ကြရာ လူကြီးတစ်သိုက်မှာ တသောသော ရယ်မောသွားကြတော့သည်။
ထမင်းတစ်နပ် စားပြီးသွားချိန်တွင် လူတိုင်း၌ အနည်းငယ် မူးယစ်နေသည့် အရိပ်အယောင်များ ကပ်ငြိနေကြလေပြီ။ ဖုမင်ဇယ်က ကျိန့်ကျားမင်နှင့် ဝမ်ချိုးထုံတို့ကို အရင်ပြန်လွှတ်လိုက်ပြီး သူကိုယ်တိုင်ကတော့ ကျန်ရစ်ကာ နောက်ဆက်တွဲ ရှင်းလင်းမှုများကို ကူညီပေးလေသည်။
ဖုမင်ဇယ်က ပန်းကန်ဆေးသည့် အလုပ်ကို ကိုယ်တိုင် တာဝန်ယူလိုက်ပြီး ရှန်မော့အာက တံမြက်စည်းယူကာ ကြမ်းပြင်ကို လှည်းကျင်းလေသည်။ ရှန်ရှောက်ယွမ်က အထဲသို့ ဝင်လာပြီး သူတို့နှစ်ဦးကို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှ မပြောတော့ဘဲ မီးဖိုပေါ်ရှိ ကြိုတင်ခပ်ထားသော ကြက်စွပ်ပြုတ် ပန်းကန်လုံးငယ်လေးကို ယူဆောင်သွားလေတော့သည်။
...
အပိုင်း (၄၉.၂)
ဖုမင်ဇယ်က မျက်ခုံးတစ်ချက် ပင့်လိုက်သော်လည်း ဘာမှမမေးတော့ချေ။
ရှန်ရှောက်ယွမ် ထွက်သွားသည့်အခါ ရှန်မော့အာက တိုးတိုးလေး ပြောလိုက်၏။ "ဒါက ဘေးနားက နွားတင်းကုပ်ထဲမှာ နေတဲ့ လောင်ဝမ်ကို သွားပေးတာလေ။ သူတို့နှစ်ယောက် ဘယ်အချိန်ကတည်းက အဆက်အသွယ် ရှိနေကြမှန်း ကျွန်မလည်း မသိဘူး။ ကျွန်မအဖေက လောင်ဝမ်ကို ဗဟုသုတကြွယ်ဝပြီး အမြင်ကျယ်တယ်လို့ ထင်နေတာ။ သူနဲ့ စကားပြောရတာကို တော်တော်လေး သဘောကျနေတယ်"
သို့သော်လည်း တခြားသူများ မမြင်နိုင်မည့် အချိန်ကိုသာ ရွေးချယ်၍ သွားတတ်ကြပြီး တစ်ခါတစ်ရံ အိမ်တွင် ဟင်းကောင်းကောင်း ချက်သည့်အခါမျိုး၌ သူ့အတွက် အနည်းငယ် ထုပ်သွားလေ့ရှိသည်။
လောင်ဝမ်မှာ အသက်မငယ်တော့ဘဲ နွားတင်းကုပ်ထဲတွင် နေထိုင်ကာ တစ်နေ့လုံး ဖွဲနုနှင့် တောဟင်းရွက်များကိုသာ စားသောက်နေရသဖြင့် လူမှာ အလွန်အမင်း ပိန်ချုံးနေလေသည်။ ရှန်မော့အာသည် သူ့ကို တစ်ခါတစ်ရံ တွေ့ဖူးပြီး ဤဆောင်းရာသီကို သူ ကျော်ဖြတ်နိုင်ပါ့မလားဟုပင် တစ်ခါတစ်ရံ စိုးရိမ်မိလေသည်။
ရှန်ရှောက်ယွမ်နှင့် လောင်ဝမ်တို့မှာ စကားပြောဆိုရာတွင် အလွန် အဆင်ပြေကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် ရွာအဝင်ဝတွင် နေထိုင်ကြသဖြင့် သာမန်အချိန်များတွင် ကိစ္စမရှိဘဲ ရွာထဲမှ လူများက သည်ဘက်သို့ ရောက်မလာတတ်ကြချေ။ ထို့ကြောင့် ရှန်ရှောက်ယွမ်နှင့် လောင်ဝမ်တို့ ဆက်သွယ်နေကြသည့် ကိစ္စကို တခြားသူများ သိရှိရန် အလွန် ခဲယဉ်းလှသည်။
သို့သော် ဖုမင်ဇယ်ကတော့ မတူချေ။ နောင်တွင် အတူတကွ နေထိုင်ကြမည်ဖြစ်သောကြောင့် မပြောပြလျှင်တောင်မှ သူက သိရှိသွားမည်သာ။
သူနှင့် လက်ထပ်ရန် ပြင်ဆင်ထားပြီးဖြစ်သဖြင့် ကူးပြောင်းလာခြင်းနှင့် ရတနာသိုက်ကိစ္စမှလွဲ၍ အိမ်ရှိ တခြားကိစ္စရပ်များကို ရှန်မော့အာက သူ့ကို ဖုံးကွယ်ထားမည် မဟုတ်သည်မှာ သဘာဝပင်။
ကူးပြောင်းလာသည့်ကိစ္စမှာ အလွန်အမင်း ထိတ်လန့်အံ့သြဖွယ် ကောင်းလွန်းလှပြီး ရတနာသိုက် ရှိနေခြင်းကလည်း ယုံကြည်နိုင်ဖွယ် မရှိရုံသာမက ဥစ္စာဓနဆိုသည်မှာ လူတို့၏ စိတ်ကို လှုပ်ရှားစေတတ်သဖြင့် မလိုအပ်ပါက ရှန်မော့အာသည် ထိုကိစ္စကို ပြောပြရန် ရည်ရွယ်မထားပေ။
ဖုမင်ဇယ်က ပန်းကန်ကို သုတ်ရင်း တွေးတွေးဆဆဖြင့် မေးလိုက်၏။ "လောင်ဝမ်လို လူဆိုးစာရင်းဝင်နဲ့ ဆက်သွယ်တာက မကောင်းဘူးလို့ မင်း မထင်ဘူးလား"
ရှန်မော့အာမှာ အနည်းငယ် ကြောင်အသွားပြီးနောက် ချက်ချင်းပင် ဖုမင်ဇယ်သည် နိုင်ငံတော်၏ တိုက်တွန်းနှိုးဆော်မှုကို တုံ့ပြန်ကာ ကျေးလက်ဒေသ တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသော ပညာတတ်လူငယ် တစ်ဦးဖြစ်ကြောင်း သတိရသွားလေသည်။ ဤလူများသည် အထူးမွန်မြတ်သော စံပြရည်မှန်းချက်များနှင့် ခိုင်မာသော ယုံကြည်ချက်များကို ကိုင်စွဲထားကြသည်ဟု ဆိုကြသည်။ ဟုတ်ပါသည်။ ယန်ချင်းချင်းနှင့် ရှီဝေတို့ကဲ့သို့သော လူများကတော့ ချွင်းချက်ပင်။
အထူးသဖြင့် ဖုမင်ဇယ်ဆိုသည့် ဤလူမှာ ကြည့်လိုက်သည်နှင့် စိတ်ဆန္ဒ ခိုင်မာပြတ်သားသည့် လူစားမျိုး ဖြစ်ကြောင်း သိသာလှသည်။ ရှန်မော့အာက ခဏလောက် စဉ်းစားချိန်ဆလိုက်ပြီး ပြောလိုက်၏။ "လူဆိုးစာရင်းဝင်တွေနဲ့ ဆက်သွယ်တာက သေချာပေါက် မကောင်းဘူးပေါ့။ ဒါပေမဲ့ လူကြီးသူမတွေရဲ့ စကားရှိတယ်လေ။ ကိုယ့်ကိုယ်ကိုယ်သိပြီး သူတစ်ပါးကိုလည်း သိရင် တိုက်ပွဲတိုင်းမှာ အောင်နိုင်တယ်တဲ့။ ကျွန်မတို့က လူဆိုးစာရင်းဝင်တွေရဲ့ စိတ်ကူးတွေးခေါ်မှု အခြေအနေကို တစ်ခါတစ်ရံ လေ့လာသိရှိထားတာက တကယ်တော့ သူတို့ကို ကြီးကြပ်ကွပ်ကဲပြီး ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာလည်း အကျိုးရှိစေပါတယ်"
သူမက ရှေ့တွင် ပြောခဲ့သော စကားကိုပင် အနည်းငယ် ပြန်လည် ဖြည့်စွက်လိုက်သေးသည်။ "ဘာပဲဖြစ်ဖြစ် လောင်ဝမ်က မြို့တော်ကနေ လာတာလေ။ အရင်တုန်းက တော်တော်လေး အရေးပါတဲ့ ဌာနတစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ပုံပဲ။ ဗဟုသုတကြွယ်ဝပြီး အမြင်ကျယ်တယ်ဆိုတာကလည်း လက်တွေ့အမှန်တရားပါပဲ။ ဒါပေမဲ့ ကျွန်မအဖေကတော့ သေချာပေါက် ကောင်းတာကိုယူပြီး ဆိုးတာကို ပယ်မှာပါ"
မူလက စမ်းသပ်ကြည့်ရုံသာ ရည်ရွယ်ခဲ့သော ဖုမင်ဇယ် : "..."
'သိပါပြီ။ ချစ်သူက အရင်းအမြစ်မှန်ကန်ပြီး မျိုးဆက်သန့်စင်တဲ့ ပစ္စည်းမဲ့လူတန်းစားပီပီ တော်လှန်ရေးစိတ်ဓာတ်က အရမ်းကို ခိုင်မာပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းကလည်း အရမ်းအားကောင်းတာပဲ'
'တစ်ခုတည်းသော ဝမ်းသာအားရဖြစ်စရာ ကောင်းတာကတော့ ချစ်သူရော ယောက္ခထီးပါ လူတွေကို တစ်ချက်တည်းနဲ့ ရိုက်သတ်တတ်တဲ့သူမျိုးတွေ မဟုတ်ကြဘူး။ လောင်ဝမ်ကို ဝေဖန်ပိုင်းခြားပြီး ဆက်ဆံတတ်တဲ့အပြင် လောင်ဝမ်ကို ကြက်စွပ်ပြုတ်တောင်မှ တိတ်တိတ်လေး သွားပို့ပေးတတ်သေးတယ်'
ချစ်သူဖြစ်သူတွင် မလိုအပ်သော စိတ်ရှုပ်ထွေးမှုများနှင့် ရုန်းကန်မှုများ မဖြစ်ပေါ်စေရန်အလို့ငှာ ဖုမင်ဇယ်သည် နှုတ်ခမ်းဖျားသို့ ရောက်နေပြီဖြစ်သော ပွင့်ပွင့်လင်းလင်း ပြောဆိုလိုသည့် စကားများကို ပြန်လည် မျိုချလိုက်လေသည်။
'ပြောကိုပြောရမယ့်အချိန်ရောက်မှပဲ ချစ်သူရဲ့ ဝေဖန်မှုကို ခံယူလိုက်တော့မယ်' ဟု စိတ်ထဲမှ တွေးလိုက်၏။
'ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန်အားဖြင့်တော့ ပြောကိုပြောရမယ့် အချိန်ဆိုတာ သိပ်ပြီး ရှိလာမှာ မဟုတ်ပါဘူးလေ'
မိသားစုမှ လူကြီးများက လူတစ်ဦးချင်းစီ၏ အခြေအနေနှင့် ကိုက်ညီအောင် စီစဉ်ပေးခဲ့ကြပြီး လူတိုင်း၏ ကိုယ်ရေးအချက်အလက် မှတ်တမ်းများကိုလည်း လူကြုံမှတစ်ဆင့် အနည်းငယ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားခဲ့သည်။ လက်ရှိတွင် ဖုမိသားစုဝင်များမှာ တောင်နှင့်မြောက် အနှံ့အပြားတွင် ကွဲကွာနေကြရာ သူတို့၏ မှတ်တမ်းများကို ခြေရာခံမိရန် မဆိုထားနှင့်၊ သူတို့ မိသားစုဝင်အချင်းချင်းပင် အဆက်အသွယ်ရရန် ခက်ခဲလှပေသည်။
ဖုမင်ဇယ်က အနည်းငယ် စဉ်းစားချိန်ဆလိုက်ပြီး ရှန်မော့အာ၏ စကားအဆက်ကို ဆွဲယူကာ ပြောလိုက်၏။ "မင်း ပြောတာ မှန်ပါတယ်။ ကောင်းတာကိုယူပြီး ဆိုးတာကို ပယ်ရမယ်၊ အချိန်တိုင်း သတိဝီရိယရှိနေရမယ်"
ရှန်မော့အာ : "..."
ချစ်သူဖြစ်သူ၏ သန့်စင်ချောမောကာ ဖြောင့်မတ်တည်ကြည်သော မျက်နှာသွင်ပြင်ကို တစ်ချက်ကြည့်လိုက်ပြီး 'တော်သေးတာပေါ့။ ကျွန်မက ပဒေသရာဇ်အကြွင်းအကျန်ဆိုတာကို ရှင်မသိလို့။ အဲဒီလိုမှ မဟုတ်ရင် ကျွန်မကို ဘယ်လိုမျိုးတောင် သတိထားနေမလဲ မသိဘူး' ဟု စိတ်ထဲမှ တွေးလိုက်လေသည်။
သူတို့နှစ်ဦးမှာ ကိုယ်စီ အတွေးများဖြင့် ရှိနေကြသော်လည်း လက်လှုပ်ရှားမှုများကတော့ လုံးဝ မနှေးကွေးကြဘဲ မကြာမီမှာပင် အလုပ်များကို အားလုံး ပြီးစီးသွားကြတော့သည်။ ထို့နောက် တစ်ယောက်က လက်နှိပ်ဓာတ်မီးကို ကိုင်ကာ တခြားတစ်ယောက်က ရေပုံးကို ဆွဲလျက် တပ်ဖွဲ့ရုံး၏ ခြံဝင်းထဲသို့ ရေသွားခပ်လိုက်ကြသည်။
အနီးအနားသို့ ရောက်သည်နှင့် ရေတွင်းဘေးတွင် ပိန်ချုံးနေသော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူတို့နှစ်ဦးကို မြင်လိုက်သည့်အခါ လန့်ဖြတ်သွားသော ယုန်တစ်ကောင်ကဲ့သို့ ရေပုံးကိုဆွဲကာ အလွန်လျင်မြန်စွာ ထွက်ခွာသွားပြီး ညအမှောင်ထုအောက်ရှိ ခြံဝင်းထဲတွင် မကြာမီ ပျောက်ကွယ်သွားတော့သည်။
ဖုမင်ဇယ် : "...အဲဒါ ရွာထဲကလူတွေ ပြောနေကြတဲ့ မြေရှင်ပေါက်စလား"
ရှန်မော့အာက လက်နှိပ်ဓာတ်မီးဖြင့် ရေတွင်းကို ထိုးပြလိုက်၏။ "ဟုတ်တယ်၊ သူ့နာမည်က လင်းခိုင်ချန်လေ"
ခဏလောက် စဉ်းစားလိုက်ပြီးနောက် ရှန်မော့အာက ယခင်တစ်ခေါက်က လင်းခိုင်ချန်သည် သန်းခေါင်ယံအချိန်တွင် အုတ်ခိုးသူများ ရှိကြောင်း သတိပေးခဲ့သည့် ကိစ္စကို ပြောပြလိုက်လေသည်။ "ကျွန်မ အစက ပစ္စည်းနည်းနည်း သွားပေးပြီး ကျေးဇူးတင်စကား ပြောချင်ခဲ့တာ။ ဒါပေမဲ့ အဲဒီကို သွားပြီး တံခါးခေါက်တိုင်း သူတို့က လုံးဝ မဖွင့်ပေးဘူး။ လင်းခိုင်ချန်က ကျွန်မကို မြင်တိုင်း ကြွက်က ကြောင်ကို မြင်သလိုပဲ၊ ဘယ်လောက်ဝေးဝေး ရှောင်နိုင်သလဲ အဲဒီလောက်ကို ရှောင်တော့တာပဲ"
"ပြဿနာ မရှာချင်လို့ နေမှာပါ"
ဖုမင်ဇယ်က ပြောရင်းနှင့် ရေပုံးကို ဆွဲတင်လိုက်ကာ အိမ်သို့ ပြန်လာရင်း ပြောလိုက်၏။ "နောက်ကျရင် ကူညီပေးနိုင်တာရှိရင် ကူညီပေးလိုက်ရုံပါပဲ"
ရှန်မော့အာက အမှောင်ထုထဲတွင် သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမ၏ ချစ်သူသည် လူတန်းစားတိုက်ပွဲများကိုသာ သိရှိပြီး ကျေးဇူးသိတတ်ရန် နားမလည်သူ မဟုတ်ကြောင်း သိလိုက်ရသဖြင့် သူမမှာ စိတ်အေးသွားရတော့သည်။
သူတို့နှစ်ဦး အတူတူ အကြိမ်အတော်များများ ရေခပ်ခဲ့ကြပြီး ရေစည်၏ တစ်ဝက်ခန့် ပြည့်သွားချိန်မှသာ ရပ်တန့်လိုက်ကြသည်။
ညအချိန်တွင် အိမ်၌ ရေအနည်းငယ် သိုလှောင်ထားခြင်းက အကြောင်းတစ်စုံတစ်ရာ ဖြစ်လာပါက မီးလောင်သည်ဖြစ်စေ၊ ရုတ်တရက် ရေသုံးရန် လိုအပ်သည်ဖြစ်စေ ကတိုက်ကရိုက်နှင့် အလုပ်ရှုပ်သွားခြင်းမျိုး မဖြစ်စေနိုင်ပေ။
ဖုမင်ဇယ်က ရေပုံးကို ချလိုက်ပြီးနောက် ပိတ်ထားသော ခြံတံခါးကို ခေါင်းပြူပြီး တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းလှည့်ကာ အပြင်သို့ ထွက်ရန် ပြင်နေသော ရှန်မော့အာကို ဆွဲကိုင်ထားလိုက်ပြီး တိုးညှင်းစွာ ခေါ်လိုက်၏။ "ချစ်သူ"
ရှန်မော့အာ၏ ခြေလှမ်းများမှာ ရပ်တန့်သွားပြီး သူ၏ ကြည်လင်၍ ဩရှရှ အသံသည် ချိတ်တစ်ခု ပါလာသကဲ့သို့ သူမ၏ နားထဲသို့ တိုးဝင်လာပြီး လူကို ယားကျိကျိ ဖြစ်သွားစေကာ မျက်နှာမှာ ချက်ချင်းပင် ပူထူလာတော့သည်။
သူမက ဖုမင်ဇယ်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်၏။ ရေနံဆီမီးခွက်၏ အလင်းရောင်မှာ အနည်းငယ် မှိန်ပျပျဖြစ်နေပြီး အမျိုးသား၏ မျက်နှာကောက်ကြောင်းများကို ရှင်းလင်းပြတ်သားစွာ ပေါ်လွင်စေသည်။ သူ၏ တောက်ပနေသော မျက်ဝန်းများက သူမကို စိုက်ကြည့်နေပြီး ပြုံးကာ ပြောလိုက်၏။ "တရားဝင် ချစ်သူတွေ ဖြစ်သွားပြီဆိုတော့ ဖက်ထားသင့်တယ် မဟုတ်လား"
ရှန်မော့အာ၏ အဖြေကိုပင် မစောင့်တော့ဘဲ သူက လက်ရှည်ကြီးများကို ဆန့်ထုတ်ကာ သူမကို သူ၏ ရင်ခွင်ထဲသို့ အလွယ်တကူပင် ပွေ့ဖက်ထားလိုက်တော့သည်။
သူ၏ ရင်ခွင်ထဲသို့ အလိုအလျောက် ရောက်ရှိသွားသည့် ခဏတာအတွင်းမှာပင် ရှန်မော့အာသည် သူမ၏ နှလုံးသားက ချက်ချင်းဆိုသလို ပြင်းထန်စွာ ခုန်ပေါက်လာသည်ကို ခံစားလိုက်ရ၏။ သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းသွားပြီး သူ၏ ကိုယ်ပေါ်မှ စိမ်းသက်ကာ နွေးထွေးသော အငွေ့အသက်များကို သဘာဝမကျစွာ ခံစားနေရလေသည်။ အတန်ကြာသည်အထိ သူက ထပ်မလှုပ်ရှားတော့သဖြင့် ရှန်မော့အာလည်း တဖြည်းဖြည်း စိတ်ကိုဖြေလျှော့လိုက်ကာ လက်ကိုဆန့်ပြီး သူ၏ ကျစ်လျစ်သွယ်လျသော ခါးကို ပြန်လည် ဖက်တွယ်ထားလိုက်လေသည်။
'ဟုတ်သားပဲ၊ ခြုံကြည့်လိုက်ရင် သူတို့ ဒီနေ့ စေ့စပ်လိုက်ကြတာပဲလေ'
သည်လို နီးကပ်နေသော အကွာအဝေးတွင် ရှန်မော့အာသည် သူ၏ အနည်းငယ် မြန်ဆန်နေသော နှလုံးခုန်သံကို ကြားနေရသကဲ့သို့ ခံစားရပြီး မရှိသလောက် သိမ်မွေ့သော နွေးထွေးသည့် ဝင်သက်ထွက်သက်များကိုလည်း ခံစားနေရသည်။ သူမမှာ အနည်းငယ် နေရခက်သလို ခံစားလာရပြီး နားရွက်ဖျားလေးများမှာ ယားယံလာကာ တဖြည်းဖြည်း ပိုပိုပြီး ပူနွေးလာတော့သည်။
အတန်ကြာသောအခါ သူမသည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ အနည်းငယ် ရုန်းကန်လိုက်လေသည်။ ထို့နောက် ရှေ့ကလူသည် ရုတ်တရက် ခါးကို ညွှတ်ချလိုက်သည်ကို ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် အမျိုးသားက ကိုယ်ကိုကိုင်းကာ နမ်းရှိုက်လာတော့သည်။
သူ၏ နှုတ်ခမ်းများက သူမ၏ နှုတ်ခမ်းများပေါ်သို့ ဖိကပ်လာပြီး အရင်ဆုံး အခိုက်တန့်လေး ရပ်တန့်နေကာ အနည်းငယ် နှစ်သိမ့်ချော့မြူသည့် အရသာ ပါဝင်နေသော်လည်း ထို့နောက်တွင်တော့ အင်အားကြီးမားလာကာ မကြာမီမှာပင် သူမ၏ နှုတ်ခမ်းလွှာများကို ဖွင့်ဟစေပြီး ကျူးကျော်သိမ်းပိုက်မှုများကို စတင်တော့သည်။
ရှန်မော့အာက မသိစိတ်ဖြင့် တွန်းဖယ်ရန် ကြိုးစားလိုက်သော်လည်း သူက ပိုပြီး တင်းကျပ်စွာ ရင်ခွင်ထဲသို့ ဖက်သွင်းထားလိုက်သည်။ သူမမှာ တောင့်ခံမထားနိုင်တော့ဘဲ ခန္ဓာကိုယ်မှာ အနောက်ဘက်သို့ အနည်းငယ် ကွေးညွှတ်သွားရာ သူ၏လက်က ချက်ချင်းပင် လိုက်ပါလာပြီး သူမ၏ ခါးကို ပင့်မကိုင်တွယ်ထားလိုက်လေသည်။ ပူလောင်နေသော လက်ဖဝါး၏ အပူချိန်သည် ပါးလွှာသော အင်္ကျီစမှတစ်ဆင့် သူမ၏ အရေပြားပေါ်သို့ ကူးစက်လာပြီး ရှန်မော့အာကို ဆက်မလှုပ်ရဲတော့လောက်အောင် ပူလောင်သွားစေတော့သည်။
သူသည် အလွန်အမင်း အေးစက်ကာ မာနကြီးသည့် စရိုက်မျိုး ရှိပုံပေါ်သော်လည်း ဤအနမ်းကတော့ အလွန်အမင်း ပြင်းပြနေပြီး လွှမ်းမိုးလိုစိတ်များဖြင့် ပြည့်နှက်နေလေသည်။
ရှန်မော့အာ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပျော့ခွေကျသွားပြီး အလိုအလျောက်ပင် သူ့ခါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိကာ လက်ချောင်းများက ထိုပျော့ပျောင်းကျစ်လျစ်သော အရေပြားပေါ်တွင် မသိစိတ်ဖြင့် ပွတ်သပ်နေမိလေသည်။
ဖုမင်ဇယ်၏ နမ်းရှိုက်နေသော လှုပ်ရှားမှုမှာ အနည်းငယ် ရပ်တန့်သွားပြီး အတန်ကြာမှ နောက်ဆုံးတွင် သူမကို လွှတ်ပေးလိုက်လေသည်။ သူမ၏ လည်ပင်းလေးထဲတွင် မျက်နှာအပ်ကာ နက်ရှိုင်းစွာ သက်ပြင်းချလိုက်ပြီး အသက်ရှူငွေ့များက သူမ၏ အကဲဆတ်သော လည်ပင်းဘေးဘက်သို့ ရိုက်ခတ်လာကာ သူမ၏ နားနားကပ်၍ ဖိနှိပ်ထားရသော အသံဩဩဖြင့် စွပ်စွဲတိုင်တန်းနေသည့်အလား ပြောလိုက်၏။ "ချစ်သူရယ်... မင်း ဆက်ပြီး ကိုင်တွယ်နေမယ်ဆိုရင် ကို တောင့်ခံနိုင်မှာ မဟုတ်တော့ဘူးနော်"
ရှန်မော့အာ၏ လက်လှုပ်ရှားမှုမှာ ချက်ချင်းပင် ရပ်တန့်သွားပြီး ခဏလောက် တိတ်ဆိတ်သွားကာ သူ့ကို တွန်းထုတ်လိုက်ပြီး ရှက်ရမ်းရမ်း၍ ဒေါသထွက်ထွက်နှင့် ပြောလိုက်လေသည်။ "ရှင် ဘာတွေ လျှောက်ပြောနေတာလဲ"
ဖုမင်ဇယ်က တိုးတိုးလေး ရယ်မောလိုက်ပြီး အလိုလိုက်ထားသကဲ့သို့ ပြောလိုက်၏။ "အင်း... ကို လျှောက်ပြောမိတာပါ"
သို့သော် သူက မကြာမီပင် သက်ပြင်းတစ်ချက်ချလိုက်ကာ ရှန်မော့အာကို မလိုလားစွာဖြင့် လွှတ်ပေးလိုက်ပြီး ပြောလိုက်၏။ "ကို မြန်မြန် သွားမှရတော့မယ်။ အဲဒီလိုမှ မဟုတ်ရင် ယောက္ခထီး ပြန်ရောက်လာတဲ့အခါ ကို့ကို ရိုက်လိမ့်မယ်"
ထိုသို့ပြောရင်း ခေါင်းကိုစောင်းကာ ပါးပြင်နှစ်ဖက်လုံး နီမြန်းနေသော သူ၏ချစ်သူမျက်နှာလေးကို တစ်ချက် နမ်းရှိုက်လိုက်ပြန်သည်။ ထို့နောက်မှ အနည်းငယ် မတ်မတ်ရပ်လိုက်ပြီး သူမ၏ အနည်းငယ် ရှုပ်ပွနေသော ဆံနွယ်များကို တွယ်တာမက်မောစွာဖြင့် သပ်တင်ပေးလိုက်ကာ သိပ်မလိုလားလှသော ဟန်ဖြင့် နောက်တစ်ကြိမ် ထပ်ပြောလိုက်၏။ "ကို တကယ် သွားပြီနော်"
ဤတစ်ကြိမ် ပြောပြီးနောက် ရှန်မော့အာ၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ဖုမင်ဇယ်က လက်ကို လွှတ်လိုက်ပြီး နောက်ဆုံးအနေဖြင့် ရှန်မော့အာကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ကာ တကယ်ပင် ကိုယ်ကိုလှည့်ပြီး ခပ်သုတ်သုတ် လျှောက်ထွက်သွားလေတော့သည်။
ရှန်မော့အာမှာ မူလနေရာတွင်ပင် ခဏလောက် ငေးကြောင်ပြီး ရပ်နေမိ၏။ မီးဖိုချောင်၏ ဖွင့်ထားသော တံခါးမှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်သောအခါ ဖုမင်ဇယ်က ခြံတံခါးကို ဖွင့်လိုက်ချိန်တွင် သူမဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်ကို မြင်လိုက်ရသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လွင်နေပြီးနောက် ကိုယ်ကိုလှည့်ကာ ပြေးထွက်သွားလေတော့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ကျောပြင်သည် မှောင်မိုက်နေသော ညဉ့်ယံထဲတွင် ပျောက်ကွယ်သွားတော့သည်။
'ဒီ ကောင်ဆိုးလေး'
ရှန်မော့အာက မနေနိုင်ဘဲ တိတ်တဆိတ် ကျိန်ဆဲလိုက်မိပြီး သူမ၏ ပူလောင်နေဆဲဖြစ်သော ပါးပြင်နှစ်ဖက်ကို ပုတ်လိုက်လေသည်။
ခဏလောက် စဉ်းစားလိုက်ပြီးနောက် ဖုမင်ဇယ် ပြောခဲ့သည်မှာ တကယ်တော့ မှန်ကန်ကြောင်း သူမ ချက်ချင်းပင် သဘောပေါက်သွားလေသည်။ အကယ်၍ သူမအဖေကသာ သူတို့ကို မြင်သွားခဲ့မည်ဆိုလျှင်... သူမအဖေက ဖုမင်ဇယ်ကို ရိုက်လိမ့်မည်ကတော့ သေချာပေါက်ပင်။
ထိုသို့တွေးရင်း ရှန်မော့အာမှာ သူခိုးလူမိသကဲ့သို့ ထိတ်လန့်သွားကာ အိမ်ထဲသို့ ပြေးဝင်ပြီး မျက်နှာသုတ်ပဝါကို ယူလိုက်ကာ ရေလောင်း၍ မြန်မြန်ဆန်ဆန် မျက်နှာသစ်လိုက်လေသည်။ သူမ မျက်နှာသစ်ပြီးသွားချိန်မှာပင် ခြံတံခါးမှာ နောက်တစ်ကြိမ် ကျွီခနဲ အသံမည်လာသဖြင့် ရှန်မော့အာက အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်၏။ "အဖေလား"
ရှန်ရှောက်ယွမ်က ပြန်ထူးလိုက်ပြီး ဆက်လက်၍ မေးခွန်းထုတ်လိုက်သည်။ "အကုန်လုံး ပြန်သွားကြပြီလား"
တကယ်တော့ သူက ဖုမင်ဇယ်ကို မေးနေခြင်းဖြစ်ကြောင်း ရှန်မော့အာက သိလိုက်သဖြင့် ချက်ချင်းပင် ရယ်မောလိုက်ကာ ပြောလိုက်၏။ "အင်း... မျက်နှာဖြူကောင်လေးလည်း ပြန်သွားပြီ"
ရှန်ရှောက်ယွမ်က လှောင်ရယ်သလို ရယ်လိုက်သံကို ကြားလိုက်ရပြီးနောက် ရှန်မော့အာသည် ခြံတံခါးကို ပိတ်လိုက်ပြီး ကန့်လန့်ဖြတ်တံခါးကျင်ကို ထိုးချလိုက်သည့် အသံကို ကြားလိုက်ရလေသည်။
ရှန်မော့အာက မျက်နှာသစ်ထားသော ရေများကို သွန်ပစ်လိုက်ပြီး "အဖေ စောစောအိပ်တော့နော်" ဟု လှမ်းပြောလိုက်သည်။ ထို့နောက် ရှန်ရှောက်ယွမ် လျှောက်မလာခင်မှာပင် အိမ်ထဲသို့ အမြန်ဝင်သွားတော့သည်။
ရှန်ရှောက်ယွမ်သည် ခြံတံခါးကို ပိတ်ပြီး ဝင်လာချိန်တွင် မိမိ၏ သမီးအရင်းအချာဖြစ်သူက အိမ်ထဲသို့ ကမန်းကတန်း ဝင်သွားသည်ကို တွေ့လိုက်ရပြီး သူ့ကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။
ရှန်ရှောက်ယွမ်မှာ ထိုနေရာတွင် ရပ်ကာ အတန်ကြာအောင် လှမ်းကြည့်နေပြီးနောက် "ကျွတ်" ကနဲ စုပ်သပ်လိုက်လေတော့သည်။
...
အပိုင်း (၅၀.၁) မြို့ပေါ်သို့ တက်ခြင်း
နောက်တစ်နေ့တွင် ယန်လျို ကုန်ထုတ်လုပ်ရေးတပ်မဟာ တစ်ခုလုံးက သိရှိသွားကြလေသည်။ ရှန်လောင်ချီ၏ သမီး ရှန်မော့အာနှင့် ပညာတတ်လူငယ် ဖုမင်ဇယ်တို့ ချစ်သူများ ဖြစ်သွားကြပြီဟူသော သတင်းမှာ ပျံ့နှံ့သွား၏။ အောင်သွယ်တော်မှာ အဒေါ်ကြီးချန် ဖြစ်ပြီး တပ်ဖွဲ့မှ ကေဒါတချို့လည်း ဝိုင်းဝန်းသက်သေပြုကာ ထမင်းလက်ဆုံ စားခဲ့ကြသည်ဟု ဆိုကြသည်။ မင်္ဂလာရက်ကိုပင် လာမည့်လထဲတွင် သတ်မှတ်လိုက်ပြီဟု သတင်းများ ထွက်ပေါ်နေလေသည်။
ဤကိစ္စသည် အစပိုင်းတွင် ဘာအရိပ်အယောင်မှ မရှိခဲ့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် တော်လှန်ရေးကော်မတီမှ လူများရောက်လာပြီး ဖုမင်ဇယ်နှင့် ဝမ်ချိုးထုန်တို့အကြား ဖောက်ပြန်သော ဆက်ဆံရေး ရှိ၊ မရှိ စုံစမ်းစစ်ဆေးသွားခဲ့ကြသေးသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖုမင်ဇယ်က ရှန်မော့အာနှင့် ချစ်သူဖြစ်သွားပြီး လက်ထပ်ရန်ပင် ပြင်ဆင်နေကြပြီ။
ရွာသားများမှာ အစပိုင်းတွင် မယုံကြည်နိုင်ကြချေ။ တော်လှန်ရေးကော်မတီ လာစဉ်ကကဲ့သို့ပင် တစ်စုံတစ်ယောက်က ကောလာဟလ လွှင့်နေသည်ဟုသာ ထင်မှတ်ခဲ့ကြသည်။ သို့သော် အဒေါ်ကြီးချန်နှင့် တပ်ဖွဲ့ကေဒါများကို သွားရောက်မေးမြန်းကြည့်သောအခါမှသာ အမှန်တကယ် ဖြစ်နေကြောင်း သိရှိသွားကြတော့သည်။
ထိုအခါ လူအမျိုးမျိုး စကားအဖုံဖုံ ပြောကြလေတော့သည်။ သူတို့နှစ်ဦးမှာ ရုပ်ရည်ချင်း လိုက်ဖက်ညီပြီး အောင်မြင်မည့်သူများဟု မြင်ကြသူများ ရှိသကဲ့သို့ ကွယ်ရာတွင် အတင်းအဖျင်း ပြောဆိုသူများလည်း မနည်းလှပေ။
တချို့က ရှန်လောင်ချီတို့ သားအဖမှာ အမြော်အမြင် မရှိဘဲ ရွေးရင်းရွေးရင်းနှင့်မှ အားကိုးရာမဲ့သည့် ပညာတတ်လူငယ်ကို ရွေးလိုက်ရသဖြင့် နောင်တွင် အနိုင်ကျင့်ခံရမည့် ကံကြမ္မာဟု ဆိုကြသည်။ တချို့ကတော့ ရှန်မော့အာမှာ တွက်ကိန်းမရှိဘဲ ရုပ်ချောသည်ကိုသာ ကြည့်တတ်ကြောင်း၊ နောင်တစ်ချိန် ဘဝအခြေအနေ ဆိုးရွားလာမှသာ ရုပ်ချောခြင်းမှာ ထမင်းစား၍ မရကြောင်း သိလိမ့်မည်ဟု ကဲ့ရဲ့ကြ၏။ ထို့ပြင် အေးစက်စက် နေတတ်သော ဖုမင်ဇယ်မှာ မိန်းမဆီက ကပ်စားမည့်သူ ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ကြောင်း ပြောဆိုသူများလည်း ရှိလေသည်။
အထူးသဖြင့် ရှန်မိသားစုဝင်များမှာ သူတို့၏ ပစ္စည်းများကို သူစိမ်းပညာတတ်လူငယ်က လုယူသွားသလို ခံစားနေကြရသည်။ အကြောင်းမှာ ရှန်မော့အာ အိမ်ထောင်ပြုသွားပါက ရှန်လောင်ချီ၏ အိမ်ဝိုင်းမှာ သူတို့လက်ထဲသို့ ပြန်ရောက်လာနိုင်သည်ဟု တွက်ချက်ထားခဲ့ကြသောကြောင့် ဖြစ်၏။ ထို့ကြောင့် သူတို့သည် ဖုမင်ဇယ်ကို တန်ဖိုးမရှိသူ တစ်ယောက်အဖြစ် နှိမ့်ချပြောဆိုနေကြလေသည်။
ထျန်းဖန်ကတော့ လူတွေ့တိုင်းတွင် သူမ၏ စေတနာကို ဝေဒနာဖြစ်အောင် လုပ်သည်ဟု ဆိုကာ ရင်ဖွင့်နေလေသည်။ သူမက ရှန်မော့အာအတွက် အခြေအနေကောင်းသော သူမ၏ တူနှင့် မိတ်ဆက်ပေးခဲ့သော်လည်း ကျေးဇူးမတင်သည့်အပြင် သူတို့မိသားစုကိုပါ ပွက်လောရိုက်အောင် လုပ်ခဲ့သည်ဟု ဆို၏။ ရှန်လောင်ချီတို့ သားအဖမှာ အဆင့်အတန်း မြင့်လှပြီ အောက်မေ့ရသော်လည်း နောက်ဆုံးတွင် ပညာတတ်လူငယ်များထဲမှ အဆင်းရဲဆုံး တစ်ယောက်ကိုသာ ရွေးခဲ့သည်ဟု လှောင်ပြောင်နေတော့သည်။
ပညာတတ်လူငယ်များ အဆောင်တွင်လည်း ဤသတင်းကြောင့် အံ့အားသင့်နေကြပြီး အထူးသဖြင့် ကျန်းကျစ်ချန်မှာ ပိုခံစားနေရသည်။
ရှန်လင်းလင်း၏ စိတ်ကို ရယူနိုင်ရန်အတွက် သူမ၏ အလုပ်များကို ကူညီပေးခဲ့ရုံသာမက စားဝတ်နေရေးကို ချွေတာပြီး လက်ဆောင်များ ဝယ်ပေးခဲ့ရသည်မှာ တစ်နှစ်ကျော် ရှိနေပြီ ဖြစ်သော်လည်း မကြာသေးမီကမှ ဆက်ဆံရေး အနည်းငယ် နီးစပ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဖုမင်ဇယ်ကတော့ ရွာသို့ ရောက်သည်မှာ တစ်နှစ်ပင် မပြည့်သေးသည့်အပြင် ရှန်မော့အာနှင့် နီးစပ်သည်မှာလည်း လအနည်းငယ်သာ ရှိသေးသော်လည်း လက်ထပ်ရန်အထိ ဖြစ်သွားခဲ့လေပြီ။
အထူးသဖြင့် သတင်းထွက်ပြီး နောက်တစ်နေ့မှာပင် ရှန်မော့အာက ဖုမင်ဇယ်အတွက် ကြိမ်ဖြင့် ပြုလုပ်ထားသော သေတ္တာတစ်လုံး လာရောက်ပေးပို့ခဲ့သည်။ ထိုသေတ္တာမှာ ဒီဇိုင်းဆန်းသစ်ပြီး သော့ခလောက်ပါ ပါရှိသဖြင့် တန်ဖိုးကြီးပုံရလေသည်။ ဖုမင်ဇယ်၏ ပစ္စည်းအဟောင်းအားလုံး စုပေါင်းလိုက်လျှင်ပင် ထိုသေတ္တာတန်ဖိုးကို မမီနိုင်ပေ။ ဤသည်မှာ အမျိုးသား ပညာတတ်လူငယ်များ၊ အထူးသဖြင့် ကျန်းကျစ်ချန်ကို မနာလိုစိတ် ပြင်းထန်စေခဲ့သည်။
မိန်းကလေးတစ်ဦး၏ စိတ်ကို ရရန် သူတို့မှာ ပင်ပင်ပန်းပန်း အလုပ်ကူလုပ်ပေးရပြီး လက်ဆောင်များ ဝယ်ပေးရသော်လည်း ဖုမင်ဇယ်ကတော့ အိမ်သစ်ဆောက်ရာတွင် ရက်အနည်းငယ်သာ ကူညီခဲ့ပြီး ဟင်းကောင်းများဖြင့် ဧည့်ခံကျွေးမွေးခြင်း ခံခဲ့ရသည်။ ကောက်ရိတ်သိမ်းချိန်တွင်လည်း ရှန်မော့အာက ကိုယ်တိုင် အလုပ်လုပ်ခဲ့ပြီး ဖုမင်ဇယ်ကို ခိုင်းစေခြင်း မရှိခဲ့ပေ။ လက်ဆောင်ပေးဖို့ ဝေးစွ။ ယခုမူ ရှန်မော့အာကပင် သူ့ကို ပစ္စည်းများ ဝယ်ပေးနေသည် မဟုတ်ပါလား။
'နှိုင်းယှဉ်ကြည့်လိုက်ရင် ပစ္စည်းက လွှင့်ပစ်ချင်စရာ၊ လူကတော့ ဒေါသထွက်စရာပဲ' ဟု ကျန်းကျစ်ချန် တစ်ယောက်တည်း စဉ်းစားခန်း ဖွင့်နေမိလေသည်။
ကျန်းကျစ်ချန်၏ မျက်လုံးများက ဖုမင်ဇယ်ကို ကြည့်လိုက်လျှင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေတော့သည်။ ကျိန့်ကျားမင်၏ စကားနှင့်ပြောရလျှင် အကြောင်းမသိသူများက ဖုမင်ဇယ်သည် သူ့ကို ပစ်ပယ်သွားသည်ဟု ထင်ကြပေလိမ့်မည်။
ရှန်မော့အာကတော့ ဖုမင်ဇယ်အပေါ် ဝေဖန်မှုများကို ဂရုမစိုက်ဘဲ ရှိနေသည်။ တစ်စုံတစ်ယောက်က သူမရှေ့တွင် လာရောက်ပြောဆိုပါကလည်း ပွင့်လင်းစွာပင် ပြန်လည် တုံ့ပြန်တတ်လေသည်။
“ဟုတ်တယ်၊ ကျွန်မက ပညာတတ်လူငယ်ဖုကို သဘောကျတာ။ သူ့မှာ ရည်မှန်းချက်ရှိတယ်၊ ဝီရိယရှိတယ်၊ ပညာရှိတယ်၊ ပြီးတော့ ရှင်တို့ပြောသလို ရုပ်လည်းချောတယ်၊ ဒီလောက်ကောင်းတဲ့လူကို ချစ်သူတော်ထားတာ ဘာမှားလို့လဲ”
အကယ်၍ တစ်စုံတစ်ယောက်က ဖုမင်ဇယ်၏ ဆင်းရဲမှုကို ထောက်ပြပါက သူမက အံ့ဩဟန်ဖြင့် ဤသို့ ပြန်ပြောလိမ့်မည်။
“သူက မချမ်းသာတာ အမှန်ပဲ၊ ဒါပေမဲ့ မချမ်းသာတာက ပုံမှန်ပဲ မဟုတ်လား။ ကျွန်မတို့အားလုံးက ပစ္စည်းမဲ့လူတန်းစား ညီအစ်ကို မောင်နှမတွေပဲလေ။ အထူးသဖြင့် ကျွန်မတို့က ဆင်းရဲသား လယ်သမား မျိုးရိုးတွေပဲ၊ ဘယ်မိသားစုကများ မဆင်းရဲဖူးလို့လဲ။ ဆင်းရဲတာက ကြောက်စရာ မဟုတ်ပါဘူး၊ လက်ရှိ အခြေအနေမှာပဲ ရောင့်ရဲနေတာကမှ ကြောက်စရာကောင်းတာ။ ကျွန်မတို့က ခေါင်းဆောင်ကြီး ပြောသလို ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားအားထုတ်ရမယ်။ ဆိုရှယ်လစ် စနစ် တည်ဆောက်ရေးအတွက် ကြိုးစားကြရင် မကြာခင်မှာ အားလုံး ဆင်းရဲတွင်းက လွတ်မြောက်ပြီး ချမ်းသာတဲ့ဘဝကို ရောက်ကြမှာပါ”
လယ်သမားများသည် ဆရာမဖြစ်လာလျှင် စကားများလာတတ်ပြီး အကြောင်းပြချက်များ ပေးတတ်လာသည်ဟု ကြားဖူးကြသော်လည်း ရှန်မော့အာကတော့ ထိုရောဂါ အတော်ကျွမ်းနေလေပြီ။ သူတို့က ကဲ့ရဲ့ချင်သော်လည်း ပြန်လည်၍ အတွေးအခေါ် ပညာပေးခြင်းကို ခံလိုက်ရသဖြင့် နောက်ပိုင်းတွင် ဘယ်သူမှ သူမရှေ့တွင် စကားမပြောရဲကြတော့ပေ။
သို့သော် ရှန်မော့အာ ထူးဆန်းသည်ဟု ထင်မိသည်မှာ အမြဲတမ်း ပြဿနာရှာတတ်သော ရှန်လင်းလင်းပင်။ ယခုတစ်ကြိမ်တွင်တော့ သူမသည် အလွန်ပင် ငြိမ်သက်နေပြီး ရှန်မော့အာရှေ့တွင် စကားတစ်ခွန်းမှ မဟပေ။ တစ်ခါက အတင်းအဖျင်း ပြောနေသူ တစ်ဦးကိုပင် ရှန်လင်းလင်းက ဝင်ရောက်ပြီး ကူညီပြောပေးခဲ့သေးသည်။ “ချစ်သူရွေးချယ်တာက ကိုယ့်လွတ်လပ်ခွင့်ပဲ၊ ခံစားချက်ကို ငွေကြေးနဲ့ တိုင်းတာလို့ မရဘူး၊ ကျွန်မတို့ မော့အာက အဲဒီလောက် အောက်တန်းကျတဲ့သူ မဟုတ်ပါဘူး”
ထိုစဉ်က ရှန်မော့အာသည် ရှန်လင်းလင်း တစ်ခုခု မှားယွင်းနေပြီလားဟုပင် သံသယ ဝင်ခဲ့မိလေသည်။
မကြာမီ မြို့ပေါ်သို့ ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ရမည့်ရက်သို့ ရောက်ရှိလာခဲ့သည်။ နံနက်စောစောတွင် ရှန်မော့အာသည် မျက်နှာသစ်၊ မနက်စာ စားပြီးနောက် ရှန်ရှောက်ယွမ်နှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။ ကလေးနှစ်ယောက် ပါရှိနေသဖြင့် စက်ဘီးဖြင့် သွားရန် မဖြစ်နိုင်သောကြောင့် ရှန်မော့အာသည် ကလေးများကို ခေါ်ဆောင်ကာ တပ်ဖွဲ့မှ မြည်းလှည်းဖြင့် ဂိတ်သို့ အရင်သွားရမည်။
ရှန်ရှောက်ယွမ်သည် စိတ်မချနိုင်သဖြင့် တံခါးဝတွင် အတန်ကြာ မှာကြားပြီးနောက်မှ စက်ဘီးစီးကာ ထွက်ခွာသွားလေသည်။ ရှန်မော့အာသည် တပ်ဖွဲ့ရုံးဝင်းထဲသို့ လျှောက်သွားသောအခါ အဒေါ်ကြီးချန်၊ ချန်ထောင်နှင့် သူ၏ဇနီး လျိုဟွေ့ဟွာတို့ကို တွေ့လိုက်ရ၏။ လူကြီး ၃ ဦးမှာ ချန်မောင်းမောင် ဟူသော ကလေးကို ဝိုင်းအုံ၍ လူစိမ်းများနှင့် မလိုက်သွားရန်၊ ဆရာမစကား နားထောင်ရန်နှင့် လူပျောက်သွားပါက ဒုက္ခရောက်လိမ့်မည် ဖြစ်ကြောင်း အထပ်ထပ် မှာကြားနေကြလေသည်။
မြည်းလှည်းပေါ်တွင်တော့ ကျိုးကျောက်တိသည် အဝတ်ထုတ်လေးကို ပွေ့ပိုက်ထားပြီး အခြားကလေးများကို မိဘများက မှာကြားနေသည်ကို အားကျစွာ ကြည့်နေရှာသည်။ မောင်းမောင်သည် ရှန်မော့အာကို မြင်သည်နှင့် လွတ်မြောက်ရာလမ်းကို တွေ့လိုက်သကဲ့သို့ “ဆရာမရှန် လာပြီ၊ ကျွန်တော်တို့ သွားတော့မယ်၊ မြန်မြန် ပြန်ကြတော့” ဟု ဆိုကာ မြည်းလှည်းပေါ်သို့ အလျင်အမြန် တက်သွားလေသည်။
“ဒီကောင်လေးကတော့!” အဒေါ်ကြီးချန်က ဆူပူလိုက်သော်လည်း ရှန်မော့အာကိုမူ လမ်းခရီးတွင် ကလေးကို လိုအပ်ပါက ရိုက်နှက်ဆုံးမရန် မှာကြားနေသေးသည်။ ရှန်မော့အာက ခေါင်းငြိမ့် ကတိပေးလိုက်ပြီးနောက်တွင်မှ လှည်းကို ထွက်ခွာခွင့် ပေးလိုက်တော့သည်။
လှည်းထွက်ခွာလာသောအခါ မောင်းမောင်မှာ အလွန်ပင် ပျော်ရွှင်နေသော်လည်း ကျိုးကျောက်တိကတော့ ရွာလမ်းမပေါ်တွင် ကျန်ရစ်ခဲ့သည့် ချန်မိသားစုကို ကြည့်ရင်း ဝမ်းနည်းစွာဖြင့် သူမ၏ ဒူးကို ပွေ့ပိုက်ထားရှာသည်။ ရှန်မော့အာက သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သော်လည်း ဘာမှတော့ မပြောခဲ့ပေ။
လမ်းခုလတ်သို့ ရောက်သောအခါ မောင်းမောင်က “ပညာတတ်လူငယ်ဖု အစ်ကိုကြီးပဲ၊ ပညာတတ်လူငယ်ဖု အစ်ကိုကြီး လာနေပြီ!” ဟု အော်ဟစ်လိုက်လေသည်။ ရှန်မော့အာ လှည့်ကြည့်လိုက်သောအခါ ဖုမင်ဇယ်က စက်ဘီးကို အမြန်နင်း၍ နောက်မှ လိုက်လာသည်ကို တွေ့လိုက်ရ၏။ နံနက်ခင်း လေပြည်ကြောင့် သူ့အင်္ကျီမှာ ဖောင်းတက်နေပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် လှည်းနားသို့ ရောက်ရှိလာလေသည်။
ဦးလေးလေးလျိုက လှည်းကို အရှိန်လျှော့ပေးလိုက်သည်။ ဖုမင်ဇယ်က စက်ဘီးကို ရပ်လိုက်ပြီး ရှန်မော့အာကို ကြည့်ကာ ရှင်းပြလေသည်။ “မနက်က နောက်ကျသွားလို့ပါ။ တပ်ဖွဲ့ရုံးရောက်တော့ မင်းတို့ ထွက်သွားတာ ကြာပြီဆိုတာနဲ့ တပ်ဖွဲ့ခေါင်းဆောင်ရဲ့ စက်ဘီးကို ခဏငှားပြီး လိုက်လာတာ”
တကယ်တော့ သူသည် လိုက်ပို့မည်ဟု ကတိမပေးထားခဲ့သော်လည်း ရှန်မော့အာမှာ သူ လိုက်လာသဖြင့် ဝမ်းသာမိသွားသည်။ ဘေးက ကလေးနှစ်ယောက်ကလည်း စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေကြသဖြင့် ဖုမင်ဇယ်က လမ်းခရီးအတွက် သတိထားရမည့် အချက်များကို မှာကြားပြီးနောက် စက်ဘီးခြင်းထဲမှ လိမ္မော်သီးတစ်ဆွဲကို ရှန်မော့အာလက်ထဲသို့ ထည့်ပေးလိုက်လေသည်။
“လမ်းမှာ စားဖို့ ဒီမှာ ယူထားလိုက်”
သူသည် ရှန်မော့အာကို တစ်ချက် စိုက်ကြည့်ပြီးနောက်တွင်မှ စက်ဘီးကို လှည့်ကာ ပြန်လည် ထွက်ခွာသွားတော့သည်။ လှည်းကလေး ပြန်လည် ထွက်ခွာလာသောအခါ ဦးလေးလေးလျိုက ရေရွတ်လိုက်လေသည်။ “ဒီကလေးက လူကို တော်တော် ဂရုစိုက်တတ်တာပဲ”
မောင်းမောင်နှင့် ကျိုးကျောက်တိတို့ကလည်း ရှန်မော့အာကို ကျီစယ်နေသော မျက်နှာမှာများဖြင့် ကြည့်နေကြသည်။ ရှန်မော့အာကတော့ ဘာမှ မကြားသလို၊ မမြင်သလို ဟန်ဆောင်ကာ လိမ္မော်သီးများကို ခွဲဝေပေးလိုက်ပြီး ကလေးနှစ်ယောက် စားရင်း အလုပ်များနေချိန်တွင် မနေနိုင်တော့ဘဲ ရွာဘက်သို့ လှည့်ကြည့်ကာ ပြုံးလိုက်မိလေသည်။
မြည်းလှည်းကလေးသည် သူတို့ကို မြို့နယ်ရှိ ကားဂိတ်သို့ ပို့ဆောင်ပေးရန်အတွက် ခရီးဆက်ခဲ့လေတော့သည်။
...
အပိုင်း (၅၀.၂)
ယခုတစ်ကြိမ်တွင်လည်း တပ်ဖွဲ့မှတစ်ဆင့် ခရိုင်မြို့သို့ အရင်သွားရမည် ဖြစ်သော်လည်း ခရိုင်သို့ ရောက်ရှိချိန်၌ ယခင်ကကဲ့သို့ မြို့တော်သို့ အရင်သွားရန် မလိုတော့ဘဲ ကားဂိတ်တွင် ပြည်နယ်မြို့တော်သို့ တိုက်ရိုက်သွားမည့် ခရီးသည်တင် ဘတ်စ်ကားကိုသာ စီးနင်းရမည် ဖြစ်သည်။
ကျန်းပေခရိုင်မှ စုစုပေါင်း ကလေး ၇ ဦး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကာ လျိုချောင်တပ်ဖွဲ့မှ ၄ ဦး ပါဝင်ပြီး ဒုတိယဆု ၁ ဦးနှင့် တတိယဆု ၃ ဦး ရရှိခဲ့ကြသည်။ ကျန်ဆုရရှိသူ ၃ ဦးအနက် ၂ ဦးမှာ တုန်းဖန်းဟုန် မူလတန်းကျောင်းမှ ဖြစ်ပြီး ၁ ဦးမှာ စန်းရှန်းတပ်ဖွဲ့ မူလတန်းကျောင်းမှ ဖြစ်ကာ အားလုံးမှာ တတိယဆုရှင်များ ဖြစ်ကြသည်။
ဤခရီးစဉ်တွင် ကျောင်းသား ၇ ဦး၊ အုပ်ချုပ်သူ ဆရာ ၄ ဦးနှင့် ပညာရေးဗျူရိုမှ ခေါင်းဆောင် ၁ ဦး၊ စုစုပေါင်း ၁၂ ဦး လိုက်ပါခဲ့ကြသည်။
လျိုချောင်တပ်ဖွဲ့မှ အုပ်ချုပ်သူဆရာမှာ ဖော်ရွေသွက်လက်သည့် ဆရာဟယ် ဖြစ်ပြီး ရှန်မော့အာနှင့်လည်း ရင်းနှီးပြီးသား ဖြစ်သည်။ တပ်ဖွဲ့မှ ခရိုင်သို့ သွားသည့် လမ်းခရီးတစ်လျှောက်တွင် သူသည် ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့ကို တစိုက်မတ်မတ် ချီးကျူးနေပြီး လျိုချောင်တပ်ဖွဲ့အနေဖြင့် မြို့တော်အဆင့် ပြိုင်ပွဲများတွင်သည်လောက် ကောင်းမွန်သည့် ရလဒ်မျိုး တစ်ခါမှ မရရှိဖူးကြောင်း ပြောဆိုနေလေသည်။
ခရိုင်ကားဂိတ်သို့ ရောက်ရှိသောအခါ ဆရာဟယ်သည် သတင်းအချက်အလက်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်စုံစမ်းခဲ့ပြီး မကြာမီမှာပင် ကားလက်မှတ်များကိုပါ ဝယ်ယူ၍ ရှန်မော့အာတို့အား ပြည်နယ်မြို့တော်သို့သွားမည့် ဘတ်စ်ကားဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ အချိန်စောနေသေးသဖြင့် ကားတံခါးမှာ ပွင့်နေပြီး ကားပေါ်တွင် လူတစ်ဦးမှ မရှိသေးချေ။
ဆရာဟယ်မှာ ဝမ်းသာအားရဖြစ်နေ၏။ "ပိုဝေးတဲ့နေရာက လာရတဲ့ ကျွန်တော်တို့က အစောဆုံး ရောက်နေတာပဲ။ ကောင်းတာပေါ့၊ ဒီခရီးက ၆ နာရီနီးပါး ကြာမှာဆိုတော့ စောစောရောက်မှ အရှေ့ဘက် ခုံတန်းတွေကို ရမှာ။ ဒါမှ စီးရတာ ပိုသက်တောင့်သက်သာ ရှိမှာ”
ကလေး ၄ ဦးမှာ စကားပြောရင်း အတန်းလိုက် ထိုင်လိုက်ကြပြီး ရှန်မော့အာနှင့် ဆရာဟယ်တို့မှာ သူတို့၏ နောက်တစ်တန်းတွင် ထိုင်လိုက်ကြသည်။ မကြာမီမှာပင် တခြားခရီးသည်များ တဖွဲဖွဲ တက်လာခဲ့ကြပြီး ကားပေါ်တွင် လူအတော်များများ ရှိနေချိန်၌ တုန်းဖန်းဟုန်ကျောင်းနှင့် စန်းရှန်းတပ်ဖွဲ့ကျောင်းမှ လူများမှာ နောက်ကျမှ ရောက်ရှိလာကြသည်။ ထိုအုပ်စုတွင် ရင်းနှီးပြီးသားသူများ ပါဝင်နေပြီး တုန်းဖန်းဟုန်ကျောင်းမှ အုပ်ချုပ်သူမှာ ယခင်က တွေ့ဖူးသည့် ဆရာမတုန်း ဖြစ်ကာ စန်းရှန်းတပ်ဖွဲ့ကျောင်းမှ အုပ်ချုပ်သူကတော့ ယန်လျိုတပ်ဖွဲ့ကျောင်းကို အထင်သေးပြီး ရှန်မော့အာနှင့် အခြေအတင် ဖြစ်ဖူးသည့် ဆရာမဟူ ဖြစ်သည်။
ဆရာမဟူနှင့် စကားတပြောပြော လိုက်ပါလာသူမှာ အသက် ၄၀ ကျော်အရွယ်၊ မျက်မှန်အမည်းတပ်ထားသည့် တည်ငြိမ်အေးစက်သော အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ခရိုင်ပညာရေးဗျူရိုမှ စေလွှတ်လိုက်သည့် အဖွဲ့ခေါင်းဆောင် ဒုတိယဌာနမှူး ခယ့်ဟုန်ဝမ် ဖြစ်ကြောင်း ဆရာဟယ်က ရှန်မော့အာကို တိုးတိုးလေး ပြောပြခဲ့သည်။
ထိုသူများ ရောက်ရှိချိန်၌ ရှေ့တန်းခုံများမှာ ပြည့်နေပြီ ဖြစ်သဖြင့် နောက်တန်းတွင်သာ နေရာလွတ် ကျန်တော့သည်။ ဆရာမဟူသည် ရှန်မော့အာကို မြင်သောအခါ မျက်နှာပျက်သွားသော်လည်း ဆက်မလျှောက်ဘဲ ရှန်မော့အာတို့ ရှေ့တွင် ရပ်ကာ ပြောလိုက်သည်။
"ဆရာဟယ်၊ ဒီလမ်းက ၅ နာရီ ၆ နာရီလောက် ကြာမှာလေ။ ရှင်က ဒုဌာနမှူး ခယ့်နဲ့ နေရာလဲပေးလိုက်ပါလား။ ဪ... ဆရာမတုန်းကလည်း ကျန်းမာရေး သိပ်မကောင်းဘူးဆိုတော့၊ ညည်း... ယန်လျိုတပ်ဖွဲ့ကမလား၊ ညည်းကလည်း ဆရာမတုန်းနဲ့ နေရာလဲပေးလိုက်ပါ”
သူမ၏ အမိန့်ပေးသည့် လေသံကြောင့် ရှန်မော့အာမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့သည်။ သို့သော် ဒုဌာနမှူး ခယ့်ဟုန်ဝမ်က ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
"ဒါက လျိုချောင်တပ်ဖွဲ့က ဆရာဟယ်နဲ့ ဆရာမရှန်တို့ မဟုတ်လား။ ခင်ဗျားတို့ပဲ ထိုင်ပါ။ ကျွန်တော်ဝယ်ထားတဲ့ လက်မှတ်က နောက်တန်းမှာဆိုတော့ နောက်မှာပဲ ထိုင်ပါ့မယ်”
သူသည် ခေါင်းငြိမ့်ပြကာ သူ၏ ခရီးဆောင်အိတ်ကို ဆွဲ၍ အနောက်သို့ ကိုယ်တိုင် လျှောက်သွားခဲ့သည်။ ဆရာမတုန်းကတော့ ခြေလှမ်းတုံ့သွားပြီး ရှန်မော့အာတို့ကို တိုက်ရိုက် မကြည့်သော်လည်း ဆရာမဟူ၏ အကြံပြုချက်ကို စိတ်ဝင်စားနေသည်မှာ ထင်ရှားလှသည်။ ဆရာဟယ်မှာ အမျိုးသားတစ်ဦး ဖြစ်သဖြင့် အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များကို ငဲ့ညှာသင့်သည်ဟု ယူဆကာ နေရာလဲပေးရန် ပြင်ဆင်နေသော်လည်း သူ အနောက်သို့ သွားပါက သူခေါ်လာသည့် ကျောင်းသား ၂ ဦးကို ဂရုမစိုက်နိုင်တော့မည်ကို စိုးရိမ်နေမိသည်။ သူက ထရပ်ရန် ပြင်နေစဉ်မှာပင် ရှန်မော့အာက သူ့အင်္ကျီစကို ဆွဲပြီး ပြုံးကာ ပြောလိုက်သည်။
"ခေါင်းဆောင်က လက်မှတ်နေရာအတိုင်း ထိုင်ရမယ်လို့ ပြောထားတာပဲ၊ ကျွန်မတို့ နေရာအတိုင်းပဲ ထိုင်ကြရအောင်ပါ။ မဟုတ်ရင် နောက်မှ ရှုပ်ကုန်ပြီး လက်မှတ်စစ်ကို ဒုက္ခပေးသလို ဖြစ်နေပါဦးမယ်။ နောက်ပြီး ကျောင်းသားတွေကလည်း ဒီမှာရှိနေတာဆိုတော့ အုပ်ချုပ်သူဆရာတွေအနေနဲ့ ကလေးတွေကို ကြည့်ပေးဖို့က ပထမဆုံး တာဝန်ပဲ မဟုတ်လား။ ဆရာမတုန်း ရှင်လည်း အဲဒီလိုပဲ ထင်တယ်မလား”
ဆရာမတုန်းမှာ အနည်းငယ် ဆွံ့အသွား၏။ သူမသည် ရှေ့တန်းတွင် ထိုင်ချင်သော်လည်း ကိုယ်တိုင် သက်တောင့်သက်သာ ရှိစေရန်အတွက် ကျောင်းသား ၂ ဦးကို နောက်တန်းတွင် ပစ်ထားခဲ့မည်ဟုတော့ မပြောဝံ့ချေ။ သူမက မချိပြုံး ပြုံးပြကာ
"ဟုတ်ပါတယ်။ အုပ်ချုပ်သူဆရာရဲ့ ပထမဆုံးတာဝန်က ကလေးတွေကို ကြည့်ဖို့ပဲ။ သွားကြရအောင်”
ဆရာမဟူကတော့ မျက်နှာပျက်သွားပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"တကယ်ပဲ ကျေးလက်က လာတဲ့သူတွေဆိုတော့ လူမှုရေးကို နည်းနည်းလေးမှ နားမလည်ဘူး”
ရှန်မော့အာက ပြုံးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြန်ချေပလိုက်သည်။
"စန်းရှန်းတပ်ဖွဲ့ကျောင်းက ဆရာမဟူ၊ ရှင်က မျက်စိမကောင်းလို့ လက်မှတ်နေရာကို မမြင်ရတာလား။ ကျွန်မတို့ ကူကြည့်ပေးဖို့ လိုမလား”
ရှေ့တန်းခုံများမှာ ပြည့်နေသည်မှာ ကြာပြီဖြစ်သော်လည်း ဆရာမဟူက လမ်းကြားတွင် ပိတ်ရပ်ကာ နေရာလုနေသည်ကို ကားပေါ်ရှိ ခရီးသည်အားလုံးက မြင်တွေ့နေရသည်။ သူတို့အားလုံးမှာလည်း စောစောစီးစီး လာဝယ်ထား၍သာ ရှေ့တန်းနေရာ ရရှိထားခြင်း ဖြစ်သဖြင့် ရှန်မော့အာ၏ စကားကို ထောက်ခံနေကြပြီး ဆရာမဟူကို စိတ်ထဲမှ ကဲ့ရဲ့နေကြသည်။ ရှန်မော့အာ၏ စကားကြောင့် ခရီးသည်တချို့မှာ ရယ်မောကုန်ကြပြီး ဤမိန်းကလေးမှာ တော်တော်လေး လျှာစောင်းထက်လေခြင်းဟု တွေးကြလေသည်။
ခရီးသည်တစ်ဦးက တိုးတိုးလေးပင် ရေရွတ်လိုက်သည်။
"ဟွန်း... ဒီလိုလူမျိုးကတောင် ဆရာမ လုပ်နေတာကိုး”
ဆရာမဟူမှာ ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး စကားတစ်ခွန်းမှ ဆက်မပြောဝံ့တော့ဘဲ အနောက်တန်းဆီသို့ အမြန်လျှောက်သွားတော့သည်။ စန်းရှန်းတပ်ဖွဲ့ကျောင်းမှ ကျောင်းသားကတော့ သူ့ဆရာမ အရှက်တကွဲ ထွက်ပြေးသွားသည့် ကျောပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ယခင်တစ်ကြိမ်ကလည်း ယန်လျိုတပ်ဖွဲ့ကျောင်းမှ ဆရာမလှလှလေးကို အကြောင်းမရှိဘဲ သွားရောက်ရန်စခဲ့သလို ယနေ့တွင်လည်း ခရီးသည်များ၏ ကဲ့ရဲ့ခြင်းကို ခံရပြန်သည်မှာ အလွန်ပင် အရှက်ရစရာ ကောင်းလှသည်ဟု ခံစားနေရတော့သည်။
ပြည်နယ်မြို့တော်သို့ သွားသည့် လမ်းခရီးတစ်လျှောက်တွင် ဆရာမဟူမှာ ပြဿနာ ထပ်မရှာတော့သလို၊ ဤကျန်းပေခရိုင် ကိုယ်စားလှယ်အဖွဲ့ဝင်များအကြားတွင်လည်း မည်သည့် ဆက်ဆံရေးမှ မရှိခဲ့ချေ။ တစ်ခုတည်းသော ထိတွေ့မှုမှာ လမ်းခုလတ်၌ အိမ်သာတက်ရန် ကားရပ်နားစဉ် ဆရာမဟူက သူတို့ကို ကြည့်ကာ နှာခေါင်းရှုံ့ခဲ့ခြင်းပင်။ သို့သော် ထိုအပြုအမူကိုပင် လူလည်လေး မောင်းမောင်က ထိုနည်းအတိုင်းပင် ပြန်နှာခေါင်းရှုံ့ပြလိုက်သဖြင့် ဆရာမဟူ၏ မျက်နှာမှာ ပိုဆိုးရွားသွားခဲ့သည်။
ပြည်နယ်မြို့တော်သို့ ရောက်ရှိချိန်၌ မွန်းလွဲ ၃ နာရီ ဝန်းကျင် ရှိနေပြီ ဖြစ်သည်။ လင်ကျန်းမြို့ ပညာရေးဗျူရိုမှ စေလွှတ်လိုက်သော ကားတစ်စီးမှာ ကားဂိတ်တွင် စောင့်ဆိုင်းနေပြီး ကျန်းပေခရိုင်မှ ၁၂ ဦးမှာ နောက်ဆုံးမှ ရောက်ရှိလာသူများ ဖြစ်ကြသည်။ သူတို့သည် ကားပေါ်တက်လိုက်သည်နှင့် ကားမှာ ချက်ချင်း ထွက်ခွာခဲ့ပြီး ဧည့်ရိပ်သာသို့ ပို့ဆောင်ပေးခဲ့သည်။ ပြိုင်ပွဲမှာ နောက်တစ်နေ့ နံနက်တွင် ဖြစ်သဖြင့် ဧည့်ရိပ်သာ၌ တစ်ည အိပ်စက်ရမည်။
တည်းခိုခွင့် လက်မှတ်များဖြင့် အခန်းယူပြီးနောက် ရှန်မော့အာသည် ကလေးနှစ်ယောက်ကို ခေါ်ကာ အခန်းထဲသို့ ဝင်ခဲ့၏။ ပြည်နယ်အဆင့်မှ သူတို့အတွက် ၆ ယောက်ခန်းကို စီစဉ်ပေးထားပြီး ကျောင်းသား တစ်ဦးစီအတွက် ကုတင်တစ်လုံးစီ ပါရှိသည်။ ခရိုင်တစ်ခုတည်းမှ ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဆရာမများနှင့် ကလေးများ ဖြစ်ခြင်းကြောင့်လည်းကောင်း ရှန်မော့အာတို့မှာ တုန်းဖန်းဟုန်ကျောင်းမှ ဆရာမ၊ ကျောင်းသားများနှင့် အခန်းတစ်ခုတည်း ကျခဲ့သည်။ ရှန်မော့အာက အခန်းထဲသို့ ဝင်စဉ် နှုတ်ဆက်ခဲ့သော်လည်း ဆရာမတုန်းက အေးစက်စက်သာ တုံ့ပြန်ခဲ့သည်။ ရှန်မော့အာကတော့ ဂရုမစိုက်ဘဲ မောင်းမောင်နှင့် ကျိုးကျောက်တိကို ပြောလိုက်သည်။
"ပစ္စည်းတွေကို ကုတင်ပေါ်မှာ တင်ထားလိုက်ကြ၊ ပြီးရင် မျက်နှာသုတ်ပုဝါယူပြီး ရေချိုးခန်းမှာ သွားသစ်ကြ။ အားလုံးပြီးရင် တို့တွေ အနီးအနားကို လမ်းလျှောက်ထွက်ကြမယ်”
ကလေးနှစ်ယောက်မှာ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားကြသည်။ လမ်းခရီးတွင် ကားပြတင်းပေါက်မှတစ်ဆင့် ပြည်နယ်မြို့တော်၏ ကျယ်ပြန့်သည့် လမ်းမကြီးများနှင့် မြင့်မားခမ်းနားသည့် အဆောက်အဦးများကို သူတို့ မြင်တွေ့ခဲ့ရသော်လည်း ဧည့်ရိပ်သာသို့ တိုက်ရိုက် ပို့ဆောင်ခံလိုက်ရသဖြင့် အနီးကပ် မြင်တွေ့ခွင့် မရရှိခဲ့ကြပေ။ သူတို့မှာ ဧည့်ရိပ်သာထဲတွင်သာ ပြိုင်ပွဲကို စောင့်ဆိုင်းရမည်ဟု ထင်ထားခဲ့သော်လည်း ရှန်မော့အာက လမ်းလျှောက်ထွက်မည်ဟု ဆိုသဖြင့် အလွန်ပင် ပျော်ရွှင်သွားကြသည်။ ဤနေရာမှာ ပြည်နယ်မြို့တော် မဟုတ်ပါလား။ သူတို့၏ မိဘဘိုးဘွားများပင် တစ်ခါမှ မရောက်ဖူးသည့် နေရာတွင် လမ်းလျှောက်ခွင့်ရခြင်းမှာ ရွာပြန်ရောက်လျှင် ၁၀ နှစ်လောက်အထိ ကြွားလုံးထုတ်လို့ ရနိုင်သည့် ကိစ္စပင်။
ကုတင်ပေါ်တွင် မှီနေသော ဆရာမတုန်းကတော့ ရှန်မော့အာကို မနှစ်မြို့သလို မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဆရာမရှန်၊ သူတို့က ပြိုင်ပွဲဝင်ဖို့ လာတာနော်။ ပြိုင်ပွဲက အရေးအကြီးဆုံးပဲ။ 'တိုက်ပွဲမဝင်ခင် ဓားသွေးထားရင်တောင် ပိုထက်သေးတယ်' ဆိုတဲ့ စကားရှိတယ်လေ။ ဒီလိုအချိန်မှာ သူတို့ကို ဧည့်ရိပ်သာထဲမှာပဲ နေခိုင်းပြီး ပြိုင်ပွဲအတွက် မှာကြားစရာရှိတာတွေ မှာသင့်တာပါ။ အပြင်ကို လမ်းလျှောက်ခေါ်သွားရမယ့် အချိန်မဟုတ်ဘူး”
သူမက ခဏရပ်ပြီး လေးနက်သော လေသံဖြင့် ဆက်ပြောသည်။ "သူတို့သာ တကယ် ကြိုးစားရင် နောက်ဆို ပြည်နယ်မြို့တော်ကို လာဖို့ အခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ”
ရှန်မော့အာက သူမ၏ အကြံပြုချက်ကို ကျေးဇူးတင်စကား ဆိုလိုက်သော်လည်း မောင်းမောင်နှင့် ကျိုးကျောက်တိတို့၏ မှေးမှိန်သွားသော မျက်ဝန်းများကို ကြည့်ကာ ပြန်လည် တုံ့ပြန်လိုက်သည်။
"ဆရာမတုန်း၊ ကျွန်မ သူတို့ကို ပန်းချီဆွဲနည်းတွေ ဘယ်လောက်ပဲ သင်ပေးပါစေ၊ သူတို့က ပုံစံခွက်အတိုင်းပဲ ဆွဲတတ်တဲ့ ပန်းရန်သမားတွေပဲ ဖြစ်လာလိမ့်မယ်။ စစ်မှန်တဲ့ ပန်းချီပညာဆိုတာ ကမ္ဘာကြီးကို သူတို့ ဘယ်လိုရှုမြင် ခံစားတတ်သလဲ ဆိုတဲ့ အမြင်အပေါ်မှာပဲ မူတည်တာပါ။ ဒါကြောင့် သူတို့ရဲ့ ပန်းချီနည်းစနစ်တွေ တိုးတက်ဖို့ထက် သူတို့ရဲ့ အမြင်ကျယ်ဖို့က ပိုအရေးကြီးတယ်လို့ ကျွန်မ ထင်တယ်”
"ဒါပေမဲ့ ရှင် စေတနာနဲ့ အကြံပေးတာကိုတော့ ကျေးဇူးတင်ပါတယ်ရှင်”
စကားအဆုံးတွင် ရှန်မော့အာက ကလေးများကို မျက်နှာသစ်ရန် တိုက်တွန်းလိုက်သည်။ ဆရာမတုန်းကတော့ တိတ်ဆိတ်သွားပြီး ဘာမှ ဆက်မပြောတော့ချေ။
ဆရာမတုန်းသည် ခဏလောက် တိတ်ဆိတ်သွားပြီး ဘာမှ ထပ်မပြောတော့ချေ။ မောင်းမောင်နှင့် ကျိုးကျောက်တိတို့မှာမူ အရာရာကို အထူးအဆန်းအဖြစ် ကြည့်နေကြသည်။ ရေချိုးခန်းရှိ ဘုံဘိုင်ခေါင်းမှ ကျလာသော ရေကို မြင်သောအခါ အလွန်ပင် စိတ်လှုပ်ရှားကာ အော်ဟစ်လိုက်ကြ၏။ ကံကောင်းထောက်မစွာဖြင့် ကလေးနှစ်ယောက်မှာ စကားနားထောင်ကြသဖြင့် အသံကို ချက်ချင်း ပြန်လျှော့လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်ပင် မျက်နှာနှင့် လက်များကို ဆေးကြောသန့်စင်လိုက်ကြသည်။
ရှန်မော့အာသည်လည်း ကိုယ်လက်သန့်စင်ပြီးနောက် ဆရာတပည့် ၃ ဦးသားမှာ မလိုအပ်သော ပစ္စည်းများနှင့် တန်ဖိုးမရှိသော အရာများကို ဧည့်ရိပ်သာတွင် ချန်ထားရစ်ခဲ့ကာ လက်ချင်းတွဲလျက် ပျော်ရွှင်စွာ အပြင်သို့ ထွက်လာခဲ့ကြသည်။
ဧည့်ရိပ်သာထဲတွင်မူ ဆရာမတုန်းသည်လည်း သူမ၏ ကျောင်းသား ၂ ဦးကို ကိုယ်လက်သန့်စင်ခိုင်းလိုက်သည်။ သူတို့ သန့်စင်ပြီးသွားသောအခါ သူမသည် စက္ကူနှင့် ဘောပင်များကို ထုတ်ခိုင်းပြီး လေ့ကျင့်ခန်းများ စတင်လုပ်ခိုင်းလေတော့သည်။
ကျောင်းသား ၂ ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် စိတ်ပျက်အားငယ်မှုများ ကိန်းအောင်းနေလေသည်။
သူတို့မှာ ခရိုင်မြို့ပေါ်မှ ကလေးများ ဖြစ်ကြသော်လည်း ပြည်နယ်မြို့တော်သို့ တစ်ခါမှ မရောက်ဖူးကြချေ။ အမှန်တကယ်တွင်တော့ သူတို့သည်လည်း အပြင်သို့ ထွက်ကာ လမ်းမများပေါ်တွင် လျှောက်ကြည့်ချင်ကြပြီး ပြည်နယ်မြို့တော်၏ အလှအပများကို အနီးကပ် မြင်တွေ့လိုကြသည်။
နှမြောစရာကောင်းသည်မှာ သူတို့၏ ဆရာမသည် ထိုလှပသော ဆရာမရှန် မဖြစ်နေခဲ့ခြင်းပင်။
ဆရာမရှန်က တော်တော်လေးလည်း တော်တာပဲ။ သူ့ရဲ့ ကျောင်းသားဆိုရင် ဒုတိယဆုတောင် ရထားသေးတယ်။ ဘာလို့ ငါတို့ တုန်းဖန်းဟုန်ကျောင်းမှာ လာမသင်ပါလိမ့်။
ထိုကလေးနှစ်ယောက်မှာ စိတ်ထဲမှနေ၍ ကြိတ်ပြီး တတွတ်တွတ် ပြောနေကြလေသည်။ ကျောင်းသားများ၏ စိတ်အခြေအနေကို သတိပြုမိသွားသော ဆရာမတုန်းသည် ပြတင်းပေါက်အပြင်ဘက်ရှိ ဝူထုံပင်ခက်များကို ကြည့်ရင်း နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်မိလေတော့သည်။
...