အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
Chapter 135
~
အခန်း ၁၃၅
~
ယန်မြို့... မြို့စားအိမ်တော်...
" အကိုကြီး.. သိပ်မကြာခင်က ဟဲရန်မြို့မှာ ကိစ္စကြီး တစ်ခု ဖြစ်ခဲ့တယ်တဲ့.. "
" ငါ့ကို အကိုကြီးလို့ မခေါ်ပါနဲ့ဆို ..သခင်ကြီး လို့ခေါ်.. ဒါက မြို့စားအိမ်တော်ပေမဲ့ ငါတို့ လုပ်တာကိုင်တာ အမြဲ သတိထားနေရမယ်.. သတိလက်လွတ် မဖြစ်စေနဲ့.. "
ဝမ်စုန့်ဟဲသည် အသံပြဲကြီးနှင့် အော်နေသော သူ၏ လက်အောက်ငယ်သားဖြစ်သူ တောင်ပေါ်ဓားပြ ကျန်းခွေကို ဆူပူလိုက်၏ ။
သူနှင့် ချောင်ဆန်းတို့ ကုန်းယန်ကို လုပ်ကြံပြီးနောက် ခန္ဓာပြောင်းကျင့်စဥ်ကို ရရှိခဲ့ပေသည် ။
ထို့နောက် သူ၏ အရင်အတွေးဖြစ်သော တောင်ပေါ်ရွာ တည်ထောင်မည့် အကြံအစည်ကို စွန့်လွှတ်ပြီး ခန္ဓာပြောင်း ကျင့်စဥ်ကို အသုံးပြု၍ ယန်မြို့အတွင်းသို့ ဝင်လာခဲ့သည် ။
မြို့စားဟောင်း ကုံးယန်သည် ညဏ်များပြီး သြဇာကြီးမားသူ ဖြစ်၏ ။ သူ ယန်မြို့ကို အုပ်ချုပ်စဥ်ကာလအတွင်း ယန်မြို့၏ အာဏာကို တစ်ဦးတည်းဆုပ်ကိုင်ထားခဲ့ပြီး တခြားအရာရှိများအား နှိပ်ကွပ်ခဲ့သည် ။
ထို့ကြောင့် ဝမ်စုန့်ဟဲသည် ကုံးယန်သေပြီးနောက် အုပ်ချုပ်မည့်သူ မရှိသော ယန်မြို့ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည် ။ နာမည်တု တစ်ခုဖြင့် အယောင်ဆောင်ပြီး မြို့စား ရာထူးကို ဆက်ခံလိုက်လေသည် ။
ဝမ်စုန့်ဟဲသည် အဆင့်မြင့်အရာရှိ ဖြစ်ခဲ့ဖူးသလို ခွန်အားမှာလည်း မနိမ့်ကျချေ ။ ထို့ကြောင့် ယန်မြို့၏ မြို့စားရာထူးကို သိမ်းပိုက်ရသည်က ထမင်းစား ရေသောက်သလို လွယ်ကူလှပေသည် ။
ကျန်းခွေက ခေါင်းညိတ်လိုက်ပြီး ...
" တောင်းပန်ပါတယ် အကိုကြီး.. နောက်ကို အသံအကျယ်ကြီး မပြောတော့ဘူး.. ဒါပေမဲ့ ဒီသတင်းကို အမြန်ဖတ်ကြည့်လိုက်အုံး..ခု သတင်းက ဒီရေနားစွင့် မျှော်စင်က ဖြန့်လိုက်တာ.. တစ်လောကလုံး ပြန့်နေပြီ.. "
ဝမ့်စုန်ဟဲက သတင်းကို အမြန်ကြည့်လိုက်ပြီး သူ၏ အမူအရာမှာ ပြောင်းလဲသွားသည် ။
' သိုင်းသူတော်စင် ပေါ်လာပြီးလား.. သူဘာလို့ ပြန်ပေါ်လာတာလဲ.. ဟဲရန်မြို့က အတော်လေး ရှုပ်ထွေးနေတာပဲ.. '
ဝမ့်စုန်ဟဲ သက်ပြင်းချလိုက်၏ ။ သူအရင်က ချောင်ဆန်းအား နှိမ့်ချတက်စေရန် ဟဲရန်မြို့တွင် လူဆိုးထိန်းလုပ်ရန် စေလွှတ်ခဲ့ပေသည် ။
နောက်ဆယ်နှစ်ကြာလျှင် ချောင်ဆန်းအား သူ၏ လက်ရုံးအဖြစ် အသုံးပြုရန် စိတ်ကူးထားခဲ့၏ ။
သို့သော်လည်း သိပ်မကြာမီက ချောင်ပိုင်ဖူ ဆိုသူကို အင်မော်တယ်ဂိတ်၏ သူတော်စင်မက မီးရှို့သတ်လိုက်သည်ဟူသော သတင်းများ ပြန့်လာခဲ့သည် ။
ဝမ်စုန့်ဟဲသည် ချောင်ပိုင်ဖူဟူသည့် အမည်ကို မသိသော်လည်း လုပ်ရပ်အရ ချောင်ဆန်းဖြစ်နိုင်သည်ကို သူ သိပေသည် ။
' သူ ဒီလောက် ရဲရင့်မယ်မှန်း သိရင် လူဆိုးထိန်းလုပ်ဖို့ လွှတ်မှာ မဟုတ်ဘူး.. ငါ့အမှားကြောင့် သူသေရတာပဲ.. '
ဝမ်စုန့်ဟဲ သက်ပြင်းချလိုက်သည် ။
ထိုအခိုက် အစေခံ တစ်ယောက်က တံခါးခေါက်ပြီး စာကြည့်ခန်းထဲသို့ ဝင်လာ၏ ။
" သခင်ကြီး.. ဝူမျိုးရိုးနဲ့ လူတစ်ယောက်က သခင်ကြီးရဲ့ မိတ်ဆွေဟောင်းလို့ အကြောင်းကြားခိုင်းလိုက်ပါတယ်.. သူ ယန်မြို့နားက ဖြတ်လာလို့ ဝင်လည်တာတဲ့.. "
" မိတ်ဆွေဟောင်းလား .."
ဝမ်စုန့်ဟဲ၏ မျက်ခုံးနှစ်ဖက်က တွန့်ကွေးသွား၏ ။
သူ နာမည်တုဖြင့် မြို့စားလုပ်နေသည် ဖြစ်ရာ မိတ်ဆွေဟောင်းက မည်သို့ ရှိနိုင်ပါမည်နည်း ။
" သူ့ကို စာကြည့်ခန်းထဲ ခေါ်လာလိုက်ပါ.. "
ဝမ်စုန့်ဟဲ က စဥ်းစားလိုက်၏ ။
' ပြဿနာ ဖြစ်လာလဲ ဘာဖြစ်လဲ ဖြေရှင်းလိုက်ရုံပေါ့.. ဘာကြောက်နေရမှာလဲ.. '
ခဏကြာပြီးနောက်...
ဝမ်စုန့်ဟဲသည် စာကြည့်ခန်းထဲတွင် ထိုင်နေသော သိုင်းသူတော်စင်ကို မှင်သက်စွာ စိုက်ကြည့်နေလေသည်။
" ဝမ်ရှန်ဟဲ.. မင်းရဲ့ မိတ်ဆွေဟောင်းကို လက်ဖက်ရည်လေး ဘာလေး တိုက်ဖို့ သတိမရတော့ဘူးလား.. "
သိုင်းသူတော်စင်က တည်ငြိမ်စွာ ပြောလိုက်သည် ။
Chapter 136
~
အခန်း ၁၃၆
~
" လက်ဖက်ရည်က ဧည့်သည်တွေကိုပဲ တိုက်တာ.. ငါတို့နှစ်ယောက်က လမ်းမှ မတူတာ အတူတူ အလုပ်လုပ်လို့ မရဘူး.. "
ဝမ်စုန့်ဟဲ၏ မျက်နှာက အီးမှန်ထားသလို ရှုံ့မဲ့နေလေ၏ ။
သူ၏ အမည်ရင်းမှာ ဝမ်ရှန်ဟဲ ဖြစ်ပြီး မဟာယန်ရုံးတော်တွင် အဆင့်မြင့် အရာရှိဖြစ်သော တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပေသည် ။
ထို့ကြောင့် သူ၏ အသက်မှာ သိုင်းသူတော်စင်ထက် နှစ်အနည်းငယ် ငယ်သော်လည်း ခေတ်ပြိုင် ပါရမီရှင် နှစ်ဦးဟု သတ်မှတ်နိုင်သည် ။
သို့သော်လည်း ထိုစဥ်က ဝမ်စုန့်ဟဲသည် သိုင်းပညာရှင် မဟုတ်သေးဘဲ အရပ်ဘက် ဝန်ထမ်းတစ်ဦးသာ ဖြစ်ခဲ့သည် ။ သူ၏ နာမည်ဂုဏ်သတင်းမှာ ထိုစဥ်က စစ်ဘက်အရာရှိများ၏ ခေါင်းဆောင် ဖြစ်နေသော သိုင်းသူတော်စင်ထက် များစွာပို၍ နိမ့်ကျပေသည် ။
လွန်ခဲ့သော အနှစ်လေးဆယ်က ထိုမျိုးဆက်မှ အရပ်ဘက်အရာရှိများနှင့် စစ်ဗိုလ်ချုပ်ကြီးများစွာ ကွယ်လွန်သွားကြပြီး ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်သူ အလွန်နည်းပါးလှသည်။ ထို့အပြင် ၎င်းတို့အများစုမှာ အလွန်အိုမင်းနေကြပြီဖြစ်သည်။
ပြိုင်ဘက်ကင်း သိုင်းသူတော်စင်နှင့် အသက် ၄၀ ကျော်မှ စတင်ကျင့်ကြံခဲ့သော ဝမ်ဟုန့်ဟဲတို့အား အလွန်ထူးခြားသူများအဖြစ် သတ်မှတ်ရပေမည် ။
ဤသူနှစ်ဦးသည် ခေတ်ဟောင်း၏ အကြွင်းအကျန်များလည်း ဖြစ်၏ ။
" လမ်းမတူရင် အတူတူ အလုပ်လုပ်လို့ မရဘူးလား..ဝမ်ရှန်ဟဲ မင်းက ကျင့်ကြံမှု လမ်းကြောင်းကို လိုက်ပြီး အဆင့် ၂ အရာရှိကနေ မြို့ငယ်လေးရဲ့ မြို့စား ဖြစ်နေပြီပဲ.. မင်းရဲ့ လမ်းစဥ်ကရော ဘာလဲ.. "
သိုင်းသူတော်စင်က တည်ငြိမ်စွာမေးလိုက်သည် ။
" မျိုးနွယ်ခြားတွေက ကံကြမ္မာကို ယုံကြည်ကြတယ်.. ဝမ်ရှန်ဟဲ မင်းက အင်မော်တယ်လမ်းစဥ်ကို ကျင့်ကြံနေတယ် ..အရာရှိ တစ်ယောက်လုပ်နေတယ်.. ပြီးတော့ သူပုန်တပ်တစ်ခုကိုတောင် ထူထောင်နေတယ်.. ဒါတွေက မင်းကို ထာဝရအသက်ပေးနိုင်မှာလား.. "
" ထာဝရအသက်က ငါ့အတွက် ဘာအသုံးဝင်လို့လဲ ..ငါက မှော်စွမ်းရည်တွေကိုပဲ လေ့ကျင့်တာ အင်မော်တယ်လမ်းစဥ်မဟုတ်ဘူး.. ဒါပေမဲ့ အင်မော်တယ်လမ်းစဥ်က ပိုအားကောင်းနိုင်ရင် ငါ ကျင့်ကြံမယ်.. သိုင်းလမ်းစဥ်က ပိုအားကောင်းရင် ငါ သိုင်းပညာကို လေ့ကျင့်မယ်.. ဝမ်းနည်းစရာ ကောင်းတာက ဒီသိုင်းလမ်းစဥ်က... "
ဝမ်စုန့်ဟဲက သိုင်းသူတော်စင်အား ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်၏ ။
သူသိသည့် သိုင်းသူတော်စင်ဟူသည်က ရည်မှန်းချက်ကြီးသော စစ်သူကြီးတစ်ယောက်ဖြစ်သည် ။ အသက်ကို ဆွဲဆန့်နိုင်ရန်နှင့် ခွန်အားအတွက် လူများကို ဝါးမျိုနေသူတစ်ယောက် မဟုတ်ပေ ။
" မင်းမှာလည်း မင်းရဲ့ လမ်းရှိသလို ငါ့မှာလည်း ငါလျှောက်နေတဲ့ လမ်းရှိတယ် .."
သိုင်းသူတော်စင်က...
" ငါ့အတွက်ကတော့ အစွန်းရောက် သိုင်းလမ်းစဥ်ကို လေ့ကျင့်ဖို့..မျိုးနွယ်ခြား အားလုံးကို သတ်ပစ်နိုင်ဖို့နဲ့ ဒီလောကကြီးကို ထာဝရ ငြိမ်းချမ်းရေး တည်မြဲစေနိုင်ဖို့ပဲ.. "
" မင်း ငါ့ရှေ့မှာ လာပြီး ဖြောင့်မတ်သလို ပြောမနေနဲ့.. "
ဝမ်စုန့်ဟဲ၏ မျက်နှာတွင် ခံစားချက်အနည်းငယ်သာ ပေါ်လွင်နေပြီး တည်ငြိမ်နေသေး၏ ။
" လွန်ခဲ့တဲ့ နှစ်လေးဆယ်တုန်းက အဆင့် ၁ စစ်သူကြီး က ဒီလို စကားတွေ ပြောခဲ့ဘူးတယ် .. မင်းက ကမ္ဘာကြီးကို နှလုံးသားထဲမှာ အရေးကြီးဆုံးနေရာ ထားတယ်ဆိုတာ ငါယုံကြည် ပေးခဲ့ပြီးပြီ.."
" ဒါပေမဲ့ ခု မင်းရဲ့လက်မှာ သိုင်းလောက တစ်ဝက်လောက်ရဲ့ သွေးတွေ စွန်းနေပြီ ..ငါဘယ်လို ယုံကြည်ရအုံးမှာလဲ.. "
နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ ဝမ်စုန့်ဟဲသည် သိုင်းသူတော်စင်၏ နာမည်ဆိုးဖြင့်ကျော်ကြားသော လုပ်ရပ်များကို ကြားသိရခဲ့ပေသည် ။ ထို့ကြောင့် သူ့ရှေ့တွင် ရှိသော အနှီ သိုင်းသူတော်စင်ကို ကြောက်ရွံ့မှု မရှိသလို လေးစားမှုလည်း မရှိတော့ပေ ။
" ဒီလောကမှာ သူတော်စင်ဆိုတာ မရှိဘူး.. တချိန်လုံး တရားမျှတမှု အကြောင်းပြောနေပြီး သေမှာ ကြောက်တက်တဲ့ သူပဲ ရှိတယ်.. "
ဝမ်စုန့်ဟဲက စိတ်လိုက်မာန်ပါ ပြောရင်း ထရပ်လိုက်၏ ။
" ဘယ်လောက်ပဲ ဖြောင့်မတ်ပါတယ်ပြောနေပါစေ လက်တစ်ခါ သွေးစွန်းပြီးရင် လူ့သဘာဝ လမ်းမှား ရောက်သွားလိမ့်မယ်.. "
" သိုင်းသူတော်စင်.. မင်းမှာ လူသားဆန်မှု ဘယ်တောင်ကျန်သေးလဲ.. "
" မင်း ယုံတာ မယုံတာ ငါ ဘာလုပ်ရမှာလဲ.. "
သိုင်းသူတော်စင်က နားရွက်ကို ပွတ်ရင်း အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည် ။
ဝမ်စန့်ဟဲ ဆွံ့အသွားပြီး ခဏနေမှ အေးစက်စွာဖြင့်..
" မင်းအတွက် အခြားသူတွေ စတေးနေရမယ့်အစား မင်းကိုယ်တိုင် စတေးရမယ့်နေ့ကို ငါမြင်ချင်သေးတယ် .."
" ဒါပေမဲ့ အဲ့နေ့အထိ ငါ အသက်ရှင်နိုင်ပါ့မလား မသိဘူး ..ငါ အင်မော်တယ်လမ်းစဥ်ကို ကျင့်ကြံမယ်ဆိုရင်တောင် အဲ့အချိန်အထိ အသက်ရှင်နိုင်ဖို့ မသေချာဘူး.. "
" ငါ သေသွားရင် သိုင်းလမ်းစဥ် ပျောက်ကွယ် သွားလိမ့်မယ်.. အင်မော်တယ်တွေကို ဆန့်ကျင်နိုင်မယ့်သူလည်း မရှိတော့ဘူး.. ဒါကြောင့် ငါသေလို့ မရဘူး.. "
သိုင်းသူတော်စင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် ။
ဝမ်စုန့်ဟဲ ခဏတာ တိတ်ဆိတ်သွားတော့၏ ။
သိုင်းလောက၏ အသန်မာဆုံးမှာ သိုင်းသူတော်စင်ဖြစ်၍ ဤကမ္ဘာပေါ်ရှိ သိုင်းသမားများထဲတွင် သိုင်းသူတော်စင်က အရေးအကြီးဆုံး ဟူသည်က မမှားပေ ။
သိုင်းသူတော်စင် သေရမည်ဆိုလျှင် သိုင်းလောကသား အားလုံး၏ နောက်ဆုံးတွင်မှ ဖြစ်ချေမည် ။
" မင်း ဘယ်လိုပဲ ဆင်ခြေပေးပေး.. အကုန်လုံးက မင်းအပေါ်မှာပဲ မူတည်နေတာလေ.. "
ဝမ်စုန့်ဟဲက ခေါင်းခါပြီး ပြောလိုက်သည် ။
" သိုင်းလောက က သိုင်းပညာရှင် အားလုံး ကုန်မသွားခင်... မင်းက အောင်မြင်မှုအတွက် အရာအားလုံးကို အသုံးချမယ့်သူလား..ဒါမှမဟုတ် တကယ်စွန့်လွှတ်အနစ်နာခံမယ့် သူရဲကောင်းလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး.. "
" အင်းပေါ့.. "
သိုင်းသူတော်စင်က ခပ်ပြုံးပြုံး ခေါင်းညိတ်လိုက်၏ ။ သူ အပြစ်ကင်းကြောင်း သက်သေမပြနိုင်သည်ကို ဂရုမစိုက်ပေ ။
စကားပြောပြီးနောက် သူချက်ချင်းထရပ်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။
" ဝမ်ရှန်ဟဲ.. လူတစ်ယောက်နဲ့ တွေ့ဖို့ ငါ့နောက် လိုက်ခဲ့အုံး .."
" ဟမ်.."
ဝမ်စုန့်ဟဲ အံ့သြ သွားသည် ။
" ငါက အားအားယားယား မင်းကို တွေ့ချင်လို့ လာတယ်များ ထင်နေတာလား.. ကိုယ့်ကိုကိုယ် အထင်ကြီး မနေနဲ့.. "
သိုင်းသူတော်စင်က အထင်သေးဟန်ဖြင့်...
" ခန္ဓာပြောင်းကျင့်စဥ်ကို သုံးပြီး ရုပ်ဖျက်ထားတဲ့ သူတစ်ယောက်ရှိတယ်.. သူကလည်း ချောင်မျိုးရိုးပဲ.. မင်းက ချောင်မျိုးရိုးတွေနဲ့ တစ်ကြိမ်ထပ်မက တွေ့ဖူးတယ်ဆိုတော့ ..ငါလာခေါ်တာ.. "