← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

Chapter 139

~

အခန်း ၁၃၉

~

သိုင်းသူတော်စင်သည် ဝမ်စုန့်ဟဲ၏ အမူအရာပြောင်းလဲမှုကို သတိထားမိသော်လည်း သိပ်ဂရုမစိုက်ချေ ။

" ဝမ်ရှန်ဟဲ ဘာတွေ ဖုံးကွယ်ချင်နေတာလဲ.. ဒါက နာမည်တုလေး ပဲကို.. မင်းတောင်မှ နာမည်တုနဲ့ နေနေတာ မဟုတ်ဘူးလား.. ခုမင်းကို ဝမ်စုန့်ဟဲလို့ ခေါ်ရမှာလား.. ဝမ်ဟဲလား.. "

ချောင်မူသည် ထိုစကားကို ကြားလျှင် သူ မသိသည့်လူစိမ်းမှာ ဝမ်စုန့်ဟဲ ဖြစ်နေမှန်း သဘောပေါက်သွားသည် ။

သိုင်းလောကတွင် ရုပ်ဖျက်၍ လှည့်လည်ခြင်းက လူကြိုက်များပေသည် ။

ထို့အပြင် ဝမ်စုန့်ဟဲက ရုံးတော်မှ ဆုကြေးထုတ်ထားသော ဓားပြခေါင်းဆောင်ဖြစ်သဖြင့် သူ၏ ရုပ်အမှန်ဖြင့် မြို့အတွင်းသို့ ဝင်၍ မရပေ ။

သို့သော်လည်း ချောင်မူ၏ ရုပ်ဖျက်မှုသည်တော့ ကွာခြား၏ ။ သူ၏ သေဆုံးမှုများသည် လူအများရှေ့တွင်ဖြစ်၍ သေချင်ယောင်ဆောင်ပြီး ပြန်ပေါ်လာသည်ဟု လုပ်၍ မရချေ ။

ထို့ကြောင့် ယခုအခါတွင် ချောင်မူ၏ နာမည်ဖြစ်နိုင်သည်က ကုံးယန်ကို သတ်ပြီး ပျောက်ကွယ်သွားသည့် ချောင်ဆန်းသာ ဖြစ်နိုင်ပေသည် ။ သူ ဖော်ထုတ်ခံလိုက်ရသည်ကလည်း သိုင်းသူတော်စင်က သူ၏ မိတ်ကပ်များကို ဖယ်ရှားလိုက်၍ပင် ။

" ချောင်ကျန့်.. မင်းရဲ့ နာမည်အရင်းက ချောင်ဆန်းလား.. ဒါဆို ယန်မြို့မှာ ပေါ်လာတဲ့ ချောင်တွေနဲ့ ဟဲရန်မြို့မှာ သေသွားတဲ့ ချောင်ပိုင်ဖူက မိသားစုတစ်ခုတည်းကလား.. "

သိုင်းသူတော်စင်သည် ချောင်ကျန့်၏ နာမည်ရင်းကို ဂရုမစိုက်ပေ ။ သို့ရာတွင် ချောင်မူက သူ့အား ခေါျင်မိသားစုနှင့် ခြိမ်းခြောက်ခဲ့သဖြင့် စပ်စုချင်စိတ်ပေါ်လာခြင်းပင် ။

ချောင်ကျန့်၏ နာမည်ရင်းက ချောင်ဆန်းဖြစ်နိုင်သည်ကို သိလိုက်ရ၍ ပို၍ စိတ်ဝင်စားလာခဲ့သည် ။

" ဒါပေမဲ့ မင်းနာမည်တုနဲ့ လှုပ်ရှားတာက မြို့စားပေါက်စကို သတ်လိုက်လို့ပဲလား.."

မြို့ငယ်လေး၏ မြို့စားကို သတ်ပြီး တခြားသို့ တိမ်းရှောင်နေသည်လော ။

သိုင်းသူတော်စင်၏ အမြင်အရ ဤကဲ့သို့ ရာဇဝတ်မှုလေးမှာ အရေးမပါလှပေ ။

သူ၏ စိတ်ဝင်စားမှုမှာ နည်းပါးသွားလေပြီ ။

" မင်းက ယန်မြို့စားကိုသတ်ပြီး ရုပ်ဖျက်ပြီး ပုန်းနေရတာတောင် မင်းရဲ့ ချောင်မိသားစုနဲ့ ငါ့ကို ခြောက်ချင်သေးတာလား.. ငါဘာလို့ ယုံလိုက်မိတာပါလိမ့်..ယန်မြို့စားလောက်ကတော့ ဘယ်အချိန် သတ် သတ် ဘာမှ မဖြစ်တဲ့ ပုရွတ်ဆိတ်ပဲကို.. "

လက်ရှိယန်မြို့စား ဝမ်စုန့်ဟဲ.... "...."

" ချီကျန်း.. မင်း ချောင်ကျန့် အဲ.. ချောင်ဆန်းကို ခေါ်ပြီး လုပ်စရာရှိတာ သွားလုပ်တော့.. "

သိုင်းသူတော်စင်က စိတ်မရှည်စွာ လက်ဝှေ့ယမ်းလိုက်ပြီး...

" ချင်းမင် မြို့ကို အရင်သွားကြမယ်.. "

" ချင်းမင် မြို့လား .."

ဝမ်စုန့်ဟဲ အံ့အားသင့် သွားပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိလိုက်၏ ။ သူ ချင်းမင် တောင်ခြေတွင်ရှိသော ချင်းမင်မြို့အကြောင်းကို သိလေသည် ။

ချင်းမင်မြို့ဟု ခေါ်သော ဤမြို့သည် မူလက ရွာလေး တစ်ရွာသာ ဖြစ်၏ ။

တန်ခိုးကြီးသော ချင်းယွင်ဘုရားကျောင်း ပေါ်ပေါက်လာပြီး နောက်မှသာ ဘုရားဖူးများဖြင့် စည်ကားလာပြီး တဖြည်းဖြည်း မြို့ဖြစ်လာခဲ့သည် ။

တရားဝင်အားဖြင့် ၎င်းသည် မဟာယန်အင်ပါယာတရားရုံး၏ တရားစီရင်ပိုင်ခွင့်အောက်တွင်ရှိသော မြို့တစ်မြို့ဖြစ်ပြီး လူဦးရေအရ ယန်မြို့နှင့် အတူတူပင်ဖြစ်သည်။

ပို၍ အရေးကြီးသည်မှာ ချင်းမင်​တောင်တန်း၏ နက်ရှိုင်းသော နေရာတွင် ရွှမ်ထျန်းဂိုဏ်း ရှိနေခြင်းပင် ။ သိုင်းသူတော်စင်က ချောင်ဆန်းအား မည်သည့်အတွက်ကြောင့် ထိုမြို့သို့ ခေါ်သွားချင်ပါသနည်း ။

ဝမ်စုန့်ဟဲ အတွေးလွန်နေစဥ် ချောင်မူနှင့် ဝူချီကျန်းတို့မှာ အဝေးသိူ့ ရောက်နေကြလေပြီ ။

" ဝမ်ရှန်ဟဲ.. "

သိုင်းသူတော်စင်က နာမည်ခေါ်လိုက်ပြီး ကျင့်ကြံသူတို့၏ သိုလှောင်အိတ်တစ်လုံးကို အလေးမထားဟန်ဖြင့် ပစ်ပေးလိုက်သည် ။

သိုလှောင်အိတ် ဟူသည်ကား သာမန်အကြည့်ဖြင့် အမွှေးအိတ် တစ်လုံးလို ထင်ရသော်လည်း အတွင်း၌ ပစ္စည်းများ သိမ်းဆည်းရန် နေရာလွတ် ရှိပေသည် ။

ဝမ်စုန့်ဟဲ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ သူသည် သိုလှောင်အိတ်ထဲမှ အရာများကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်ရာ သူ့မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။

" ရွှမ်ထျန်းဂိုဏ်းက ကျင့်ကြံသူတွေရဲ့ အခြေခံထူထောင်ခြင်းအဆင့် ကျင်စဥ့် ..ရွှမ်ထျန်း ရတနာ ကျမ်းစာ.. "

" အခြေခံထူထောင်တဲ့ နည်းလမ်းတောင် မကဘူး ကျင့်ကြံသူတွေရဲ့ အဆောင်တွေ ရတနာတွေ ရော ပါလားဟ.."

ဝမ်စုန့်ဟဲသည် အိတ်ကို ကိုင်ထားရသည်မှာ ပူလောင်လာသလိုပင် ခံစားမိချေသည် ။

" သိုင်းသူတော်စင်.. ဒါက ဘာကိုဆိုလိုတာလဲ.. "

" ငါတို့က လမ်းစဥ်မှ မတူတာ ပူးပေါင်းဆောင်ရွက်စရာ မလိုပါဘူး .."

သိုင်းသူ​တော်စင်က တည်ငြိမ်စွာဖြင့်...

" ဒါတွေက ငါ့အတွက်မှာ အသုံးမဝင်တာ.. အသုံးဝင်တဲ့သူကို ပေးလိုက်တာ ပိုကောင်းတာပေါ့.. "

" ဒီနှစ်တွေထဲ ငါသတ်ခဲ့တဲ့ ကျင့်ကြံသူအရေအတွက် သိပ်မများပေမဲ့ ကျင့်ကြံသူတွေရဲ့ အမွေအနှစ်အချို့ကို စုဆောင်းမိထားတယ်.. ဒါတွေက မင်းလေ့ကျင့်နေတဲ့ ပေါပေါပဲပဲ ကျင့်စဥ်ထက် ပိုကောင်းပါတယ်.. "

ဝမ်စုန့်ဟဲ အနည်းငယ် တုန်ရီသွား၏ ။ သူ့အား လေလွင့်ကျင့်ကြံသူဟူ၍ သတ်မှတ်နိုင်သဖြင့် ဤကျင့်စဥ်များ၏ တန်ဖိုးကို သူနားလည်သည် ။

တစ်နေ့တစ်နေ့ ရွှမ်ထျန်းဂိုဏ်းမှ သူတော်စင်များ၏ ဆုံးမသွန်သင်မှုကို ခံယူပြီး ထာဝရအသက်ရရှိရန် ကြိုးပမ်းနေသည့် သိုင်းပညာရှင်များမှာ ရေတွက်ရန်ပင် ခက်ခဲချေမည် ။ ထိုသူများသည် ဘုရားကျောင်းအမျိုးမျိုးသို့ အစောင့်အဖြစ်ဝင်ရောက်ပြီး လူသိမခံနိုင်သည့် အလုပ်မျိုးစုံကို လုပ်ပေးရပေသည် ။

ဝမ်စုန့်ဟဲသည် ကျင့်ကြံမှု လမ်းစဥ် မစတင်မီက အဆင့် ၂ အရာရှိ ဖြစ်ခဲ့ဖူးသော်လည်း မဟာယန်အင်ပါယာကိုယ်တိုင်ပင် ရှုံးနိမ့်ခဲ့ရ၍ ထိုရာထူးက အရေးမပါလှပေ ။

ထို့ကြောင့် သူသည် အင်မော်တယ်ဂိတ် ကိုးခုထံသို့ မချဥ်းကပ်ရဲဘဲ သာမန်ဂိုဏ်းငယ်လေးတစ်ခုထံမှသာ သင်ယူခဲ့ရသည် ။

သူလေ့ကျင့်လာသည်မှာ နှစ်သုံးဆယ်ကျော် ရှိနေပြီ ဖြစ်ပြီး အောင်မြင်မှုအချို့ကို ရရှိထားသော်လည်း ကျင့်စဥ်များ ချို့တဲ့နေသဖြင့် တိုက်ခိုက်ရေးစွမ်းရည် အားနည်းလှပေသည် ။

ရွှမ်းထျန်းဂိုဏ်း၏ အဆင့်နိမ့်ကျင့်ကြံသူများသုံးသော လီမီး​တောက်ကိုပင် မည်သို့ သုံးရမည်ကို သူ မသိပေ ။

" မျိုးနွယ်ခြားတွေက လူသားအရှိန်အဝါ ရှိတယ်လို့ ဆိုကြတယ်.. "

သိုင်းသူတော်စင်က တည်ငြိမ်စွာဖြင့်...

" လူသားဧကရာဇ်မှာက ကိုယ်ပိုင် အရှိန်အဝါ ရှိလို့ အင်မော်တယ်လမ်းစဥ်ကို ကျင့်ကြံလို့ မရဘူးတဲ့.. ဧကရာဇ်တစ်ပါးက ကျင့်ကြံရင် ရေထဲက လပုံရိပ်ကို ငါးမျှားနေတာနဲ့ အတူတူပဲ.. တကယ်လို့ အောင်မြင်နိုင်ရင်တောင် သတ်တမ်းတိုးလာပြီး ထာဝရအသက်ကို မရနိုင်ဘူး.. "

" ဒီလက်ဆောင်ကို မင်းရဲ့ အသုဘအတွက် ပေးတယ်လို့ သဘောထားပြီး လက်ခံလိုက်ပါ.. "

ထိုသို့ ပြောပြီးနောက် သိုင်းသူတော်စင်က လှည့်ထွက်သွားသည် ။

သူသည် ဝမ်စုန့်ဟဲ၏ လမ်းစဥ်ကို အထင်မကြီးသော်လည်း သူငယ်ချင်ဟောင်းအား တစ်ခုခု ထောက်ပံ့ပေးချင်လေသည် ။

' သိုင်းပညာကသာ ကျင့်ကြံသူတွေကို အနိုင်ယူနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ.. ဝမ်စုန့်ဟဲလိုသာ ကျင့်ကြံခြင်းလမ်းစဥ်ကို လျှောက်လှမ်းရမယ်ဆိုရင် ဒီတာဝန်ကို အောင်မြင်နိုင်ဖို့ နှစ်တွေ ဘယ်လောက်တောင် စောင့်ရမှာလဲ ..အချိန်ကြာလွန်းတယ်.. ပြီးတော့ အောင်မြင်နိုင်ချေ မရှိဘူး ..'

' သိုင်းလမ်းစဥ်ရဲ့ တိုးတက်မှုက အင်မော်တယ်လမ်းစဥ်ထက် အများကြီး ပိုမြန်တယ်.. ရေရှည် အချိန်က ငါတို့ဘက်မှာ ရှိနေတာပဲ.. ခုသိုင်းလမ်းစဥ်က နိမ့်ကျနေတော့ ငါ အချိန်ပိုပြီး လိုအပ်တယ်.. '

သိုင်းသူတော်စင်၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသော အမူအရာရှိနေပြီး ဝမ်စုန့်ဟဲကို လျစ်လျူရှုကာတစ်ယောက်တည်း ထွက်ခွာသွားလေတော့သည် ။

Chapter 140

~

အခန်း ၁၄၀

~

ဝူကျိအသင်းတွင် ဧကရာဇ်၏တည်နေရာကို ရှာဖွေရန် ကောင်းမွန်သောနည်းလမ်းမရှိသောကြောင့် ယန်မြို့မှ ချင်းမင်တောင်တန်းအထိသာ သေချာစွာရှာဖွေနိုင်ခဲ့သည် ။

ချင်းမင်းတောင်တန်းသည် ရွှမ်ထျန်းဂိုဏ်း၏ ပိုက်နက်ဖြစ်၍ ဝူကျိအသင်းသည် ကြောက်ရွံ့သောကြောင့် လျှို့ဝှက်စွာသာလှုပ်ရှားနိုင်ကြသည်။

ချောင်မူ တောင်ခြေရှိ ချင်းမင်မြို့သို့ မရောက်မချင်း ဧကရာဇ်၏ တည်နေရာနှင့် ပတ်သက်၍ သင့်လျော်သော သတင်းအချက်အလက်များ မရှိခဲ့ပေ။

မြင့်မားသော ချင်းမင်တောင်ထိပ်သည် မိုးတိမ်များထဲသို့ ရောက်ရှိနေပြီး တောင်ခြေမှနေ၍ မြင့်မားသော တောင်ပေါ်တွင် ခမ်းနားထည်ဝါသော တာအိုဘုရားကျောင်းတစ်ခုကို မှုန်ဝါးဝါးမြင်နိုင်သည်။ ဤမြို့သည် အဓိကတောင်ထိပ်ဖြစ်သော ချင်းမင်တောင်ထိပ်၏ ခြေရင်းတွင် တည်ရှိသည်။

မြို့ထဲသို့ လျှောက်လာကြပြီး လမ်းတစ်လျှောက်ရှိ ဆိုင်အများစုမှာ အမွှေးတိုင် ၊ ဖယောင်းတိုင်နှင့် ပူဇော်ရာတွင် အသုံးပြုသော စက္ကူများ ရောင်းချသည့် ဆိုင်ငယ်လေးများသာ ဖြစ်ကြသည် ။

ချောင်မူတို့က လမ်းဘေးစားသောက်ဆိုင်တစ်ဆိုင်တွင် ဝင်ထိုင်ကာ အစားအစာများ မှာယူလိုက်ပြီး လမ်းဘေးရှုခင်းများကို ငေးကြည့်နေလေသည် ။

မြို့ထဲတွင် လူများဖြင့် စည်ကားနေ​ပြီး လမ်းမပေါ်တွင် ကျိတ်ကျိတ်တိုး နေကြသည် ။

လူအများစုမှာ တခြားနေရာမှ လာသော ဘုရားဖူးများဖြစ်ပြီး တောင်တက်ခြင်းမပြုမီ ဤမြို့တွင် ခေတ္တအနားယူကာ အမွှေးတိုင်နှင့် ဖယောင်းတိုင်များဝယ်ယူလေ့ရှိကြ၏ ။

ဝူချီကျန်းက အသံတိုးတိုးဖြင့်...

" လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က ဒီရွာမှာ အိမ်ထောင်စု တစ်ရာအောက်ပဲ ရှိတယ်.. "

" ဒါပေမဲ့ မျိုးနွယ်ခြားတွေ တန်ခိုးထွားလာပြီး ချင်းယွင်ဘုရားကျောင်းက အနီးအနားမှာ ရှိတဲ့ ဘုရားကျောင်းတွေထက် နာမည်ကြီးသွားတော့ ဘုရားကျောင်း လာတဲ့သူ အရမ်းများလာတယ်.. "

" တစ်နေ့တစ်နေ့ အမွှေးတိုင်ပူဇော်ဖို့ အဝေးကလာတဲ့သူတွေ အများကြီးပဲ.. "

ချောင်မူက တိတ်ဆိတ်စွာ နားထောင်နေသည်။

အတိတ်ဘဝတွင် ချင်းယွင်ဘုရားကျောင်း၏ ဂုဏ်ဒြပ်သည် အမွှေးတိုင်များစွာရှိသော လူကြိုက်များသော တာအိုဘုရားကျောင်းတစ်ခု၊ ပိုမိုကြီးမားသော ခရီးသွားဆွဲဆောင်မှုတစ်ခုသာ ဖြစ်နိုင်သည်။

သို့သော်လည်း ဤလောကတွင်တော့ ထိုသို့ မရိုးရှင်းပေ ။

" မြို့ပတ်ဝန်းကျင်မှာ လယ်တွေ ယာတွေ မတွေ့ရဘူး.. မြို့ထဲက ဆိုင်အများစုကလည်း ပူဇော်ပစ္စည်း ရောင်းတဲ့ ဆိုင်တွေကြည့်ပဲ.. "

ချောင်မူက ခပ်တိုးတိုး ပြောလိုက်၏ ။

သို့ရာတွင် အနားမှ ဖြတ်လျှောက်သွားသော ခြေတစ်ဘက်ဆွံ့နေသည့် အဘိုးအိုက ကြားသွားပြီး လှည့်ကြည့်၍ ပြုံးလိုက်ကာ...

" ဟားဟား..မင်းတို့ တခြားဒေသက လာကြတာလား.. ဒါကြောင့် နားမလည်ကြတာ.. "

" ဒီမြို့ခံ အများစုက ပူဇော်ခံပစ္စည်း ရောင်းတဲ့သူနဲ့ အစားအသောက် ရောင်းတဲ့ဆိုင်တွေကြည့်ပဲ ပင်ပင်ပန်းပန်းလယ်လုပ်တဲ့သူဆိုလို့ မရှိသလောက်ပဲ.. "

ထိုအဘိုးကြီး၏ နားသယ်စပ် နှစ်ဘက်တွင် မီးခိုးရောင် ဆံပင်များ ရှိနေ၍ ချောင်မူထက် အသက်ပိုကြီးပုံ ပေါက်နေသည် ။

အဘိုးကြီး၏ မျက်နှာသည် ဇရာကြောင့် ဖြစ်သော အရေးအကြောင်းများစွာ ရှိနေသော်လည်း အသားအရေ ဝင်းပနေကာ အားအင်ပြည့်ဖြိုးနေပုံရသည် ။ ဤသည်က ချောင်မူ ရှားရှားပါးပါး မြင်ဖူးခြင်းပင် ။

ရှေးခေတ်မင်းဆက်များ၏ သာမန်လူများသည် အသက်ရှည်သည်ဟူ၍ ရှားကြပြီး အသက်ကြီးသူများမှာလည်း ပို၍ အိုဇာကြသည် ။

ဤခြေတစ်ဘက် ဆွံ့နေသည့် အဘိုးကြီးမှာ တက်ကြွလွန်းနေသဖြင့် မသိလျှင် မောင်းမ ၁၈ ယောက်ယူထားသူနှင့်ပင် တူနေသေး၏ ။

" ဒါဆို ခင်ဗျားတို့က စီးပွါးရေးနဲ့ အိမ်ငှားတာပဲ လုပ်ကြတာပေါ့ ..အံ့သြစရာပဲ.. "

ချောင်မူက ပြောလိုက်သည် ။

သူ၏ယခင်ဘဝ ခရီးသွားမြို့များတွင် ဤနည်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ များစွာရှိခဲ့သောကြောင့် သူမေးမြန်းခဲ့ခြင်းဖြစ်သည်။

" အာ..ကျုပ်တို့က သာမန်လူတွေပါ ဘယ်လိုလုပ်ပြီး စီပွားရေးလုပ်မှာလဲ.. "

အဘိုးကြီးက ​တခြားဒေသမှ လာသူများကို ကြွားချင်သည့် အပြုံးဖြင့် ဂုဏ်ယူစွာ ပြုံးလိုက်ပြီး...

" ဒါက အင်မော်တယ်ဂိတ်ရဲ့ တောင်ခြေပါ.. ရွှမ်ထျန်းဂိုဏ်းရဲ့ အင်မော်တယ်တွေက ကျုပ်တို့ သာမန်လူသားတွေရဲ့ ဒုက္ခကို ကူညီပြီး ဖြေရှင်းပေးတယ်.. ကျုပ်တို့ ကျမ်းစာနေ့တိုင်း ရွတ်ဖတ်ပြီး တောင်ပေါ်က နတ်ဘုရားတွေကို ပူဇော်နေသရွေ့ လယ်ကွင်းထဲမှာ ပင်ပင်ပန်းပန်း လုပ်စရာမလိုဘဲ သက်တောင့်သက်သာ နေလို့ရတယ် .."

" မှန်တာပေါ့.. ဒါ ဒေသခံတွေရဲ့ အထူးအခွင့်အရေးပဲ.. "

ဤမြို့၏ ဒေသခံလက်မှတ်ရရန် မလွယ်ကူပေ ။

ယန်ဧကရာဇ်နန်းတော်သည် လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်အတွင်း များပြားသောအခွန်များနှင့် တင်းကျပ်သောမူဝါဒများကို ချမှတ်ခဲ့သည်။ အခြားမြို့များသည် နှစ်ပေါင်းနှစ်ဆယ်နီးပါး အခွန်ကောက်ခံခဲ့ပြီးဖြစ်သည်။ မကြာခဏဖြစ်ပွားသော အစာရေစာခေါင်းပါးမှုများကြောင့် စားရန်လုံလောက်သောအစားအစာရှိရန် ရှားပါးသည်။

ထိုကဲ့သို့သောအခြေအနေများတွင်၊ ချင်းမင်းတောင်ခြေတွင် မြို့တစ်မြို့ရှိပြီး၊ ထိုမြို့သည် ကျမ်းစာများကို ရွတ်ဆို၍ နတ်ဘုရားများကို ကိုးကွယ်သရွေ့ စိုးရိမ်ပူပန်မှုမရှိဘဲ နေထိုင်နိုင်သည်။ ၎င်းသည် ကမ္ဘာမြေပေါ်ရှိ သုခဘုံတစ်ခုကဲ့သို့ပင်...

ဤနေရာအား ရွှမ်ထျန်းဂိုဏ်းက စီမံခန့်ခွဲနေ၍သာ ဒုက္ခသည်များ ပြုံမတိုးရဲကြခြင်းပင် ။

" ဒေသခံတွေလား.."

ချောင်မူက ခဏတာစဥ်းစားပြီး ရုတ်တရက်ပြောလိုက်သည် ။

" အကို​ကြီး ခင်ဗျားရဲ့ လေယူလေသိမ်းအရဆိုရင် ယန်မြို့ဇာတိလား.. "

" ဟမ်..သိတယ်လား.. "

အဘိုးကြီးက အနည်းငယ်အံ့သြသွားကာ ပိုမို ဖော်ရွေဟန်ဖြင့် ပြုံးလိုက်​ပြီး ...

" ကျုပ်က ယန်မြို့ ဇာတိပါ.. တချိန်တုန်းက အစာရေစာငတ်မွတ်ခေါင်းပါးလို့ ထွက်ပြေးလာကြတာ.. "

" ဒီမြို့ကို လာတဲ့လမ်းမှာ ကျုပ်တို့လို အဘိုးကြီးတွေအတွက် မလွယ်ခဲ့ဘူး.. ပြီးတော့ ကျုပ်တို့က အသက်ကြီးလို့ အင်မော်တယ် အကြီးအကဲက သနားပြီး မြို့ထဲ ဝင်ခွင့်ပြုခဲ့တာ.. "

" အရင်တုန်းက အစာငတ်ရေငတ်နဲ့ ဒုက္ခမျိုးစုံ ဖြတ်သန်းခဲ့ရပေမဲ့ ခု​တော့ ကျုပ်ဘဝက လုံးဝပြောင်းလဲသွားပြီ ဘာမှ ပူစရာမလိုတော့ဘူး.. "

အဘိုးကြီးသည် ဒုက္ခများစွာ ခံစားဖူး၍ အပြင်လူတစ်ယောက်အား ဤမျှ ကြွားဝါနေခြင်းမှာ အံ့သြစရာမဟုတ်ပေ ။

" ဒါဆို အင်မော်တယ်ဂိတ်က လေးစားစရာပဲနော်.. အင်မော်တယ် တွေကလည်း ကြင်နာတက်လိုက်တာ.. "

" တကယ်တော့ ဒီလို ကံကောင်းတာကလည်း အကို့ရဲ့ ကြင်နာမှုနဲ့ ကောင်းမှုတွေ အများကြီး လုပ်ခဲ့လို့ဖြစ်မယ် ..အသက်​ကြီးမှ သက်တောင့်သက်သာ ဘဝကို ဖြတ်သန်းနိုင်ဖို့ ဆိုတာ တကယ်မလွယ်ဘူး ..ကျုပ်လို အပြင်လူတစ်ယောက် အနေနဲ့ကတော့ အားကျပြီး ကြည့်နေရုံပဲ တက်နိုင်ပါတယ်ဗျာ.. "

ချောင်မူ၏ စကားများကြောင့် ထိုအဘိုးကြီး၏ မျက်နှာမှာ ပို၍ ဝင်းပလာသည် ။ သူ မူလက စကားအနည်းငယ်သာပြော​ပြီး ထွက်သွားချင်သော်လည်း ယခုမူ စကားဆက်ပြောချင်နေ၏ ။

သူက ပြောလေလေ ပို၍ အားပါလေလေ ဖြစ်ပြီး သိသမျှကို ထုတ်ပြောတော့သည် ။

ချောင်မူက မြို့အတွင်း၌ မူမမှန်များ ရှိခဲ့သလော ၊ အဆင့်မြင့် အရာရှိများ ၊ သာမန်လူထက် အဆင့်မြင့်သည့် မူမမှန်သူများကို မြင်ခဲ့သလောဟု မေးမြန်းခဲ့သော်လည်း သူလိုချင်သည့် အဖြေမရခဲ့ပေ ။

သူတဖြည်းဖြည်း စိတ်ပျက်လာ၍ နောက်ဆုံးမေးခွန်းကို မေးလိုက်တော့သည် ။

" ဒါပေမဲ့ ကျုပ်နားမလည်တာ တစ်ခုရှိသေးတယ်.. "

" ဒီ အင်မော်တယ်တွေက ကြင်နာတက်လို့ မြို့ခံတွေက အစားအသောက်အတွက် ပူစရာမလိုဘူးလို့ ခင်ဗျား ပြောတယ်.. "

" ဒါပေမဲ့ ဒီလောကမှာ ငွေကြေးမလိုအပ်တာမှ မရှိတာ.. "

" မြို့သားတွေလိုအပ်တဲ့ ငွေကြေးနဲ့ အစားအသောက်တွေကို ဘယ်ကရတာတုန်း.. "

ခြေဆွံ့နေသော အဘိုးကြီးသည် လန့်ဖျပ်သွားပြီး ခဏလောက် စဉ်းစားနေသော်လည်း အကြောင်းရင်းကို နားမလည်နိုင်ပေ။

"ရွှမ်ထျန်းဂိုဏ်းက အင်မော်တယ်တွေက ဘာမှမရှိတဲ့နေရာကနေ တစ်ခုခုကို ဖန်တီးနိုင်တာလား"

ချောင်မူက ထပ်မေးလိုက်သည်။

" ဖြစ်နိုင်တယ်.. အင်မော်တယ် အကြီးအကဲတွေက အဲ့လို ဖန်တီးထားတာ နေမှာ.. "

ခြေဆွံ့နေသော အဘိုးကြီးက ချောင်မူ၏ စကားကို ယုံကြည်လိုက်သည် ။

မည်သို့ပင် ဆိုစေကာမူ အင်မော်တယ်များသည် အစွမ်းထက်လှသဖြင့် လေထဲမှ အစားအသောက်ထုတ်ယူနိုင်မည်ဆိုပါက အဆန်းဟုတ်မည် မထင်ချေ ။

" ချွင်..ချွင်..ချွင်..."

ထိုအခိုက် သာယာနာပျော်ဖွယ် ခေါင်းလောင်းသံလေးများ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည် ။

တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အစေခံတစ်ဦးသည် ယာဂုပုံးကြီး တစ်ပုံးကို သယ်ဆောင်ကာ အဆောက်အအုံငယ်လေး တစ်ခုဆီမှ ထွက်လာ၏ ။

" ရွှမ်ထျန်းဂိုဏ်းက အင်မော်တယ်တွေ ဂျုံယာဂု ဝေတော့မယ် ..ငါ မင်းနဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေ မပြော​တော့ဘူး .."

အဘိုးကြီးက ချိုင်းထောက်ကို တတောက်တောက်ထောက်ပြီး ထော့နဲ့ထော့နဲ့ဖြင့် အ​မြန် ထွက်ခွာ သွားတော့သည် ။

……………

" ချွင်..ချွင်...ချွင်..."

ခေါင်းလောင်းသံများမှာ အဝေးသို့ ပျံ့နှံ့သွား​ပြီး တာအိုဘုရားကျောင်းရှိရာ တောင်၏ တဝက်လောက်အထိ ပျံ့နှံ့သွားသည် ။

ယုံဟဲဧကရာဇ်သည် ချင်းယွင်ဘုရားကျောင်းနှင့် သိပ်မဝေးသော တောင်ကုန်းတစ်ခုပေါ်တွင် ရပ်နေပြီး အနည်းငယ် ဝမ်းနည်းနေသော အမူအရာဖြင့် မြို့ကို ငုံ့ကြည့်နေလေ၏ ။

ရွှမ်ထျန်းဘုရားကျောင်းမှ ပေးသော ငွေကြေးနှင့် စားစရာများမှာ မည်သည့်နေရာမှ လာသည်ကို မည်သူမှ မသိကြလေသလော ။

" အင်မော်တယ်ဂိတ်တွေက အထင်ကြီးလေးစားခံရပြီး အပြစ်တင်ခံရတာကတော့ ငါတဲ့လား.. "

" ဒီတစ်ခါ ရွှမ်ထျန်းဂိုဏ်းနဲ့ ဆက်သွယ်ရတာက မီးထဲကို ထင်းထည့်တာနဲ့ တူပေမဲ့ အရန်အစီအစဥ်မရှိဘဲ မျက်စိစုံမှိတ်ပြီး လုပ်တာမှ မဟုတ်တာ.. "

ယုံဟဲဧကရာဇ်က သူ့ခါးတွင် ချိတ်ထားသော အရာဝတ္ထုကို လက်ဖြင့် စမ်းကြည့်ပြီးမှ အနည်းငယ် စိတ်သက်သာရာ ရသွားသည် ။

" အရာအားလုံးက ငါ နတ်ဘုရားတွေကို ပူဇော်မယ့်နေ့အပေါ်မှာ မူတည်နေတယ်... "

( ဒီစာစဥ်နဲ့ ရှေ့စာစဥ် တွေမှာ အပိုင်းတွေ တိုပေမဲ့ နောက်စာစဥ်ကစပြီး ရှည်တော့မှာပါဗျ.. ဆက်လက် အားပေးကြပါအုံး 😁...)

All Chapters