မိုးကောင်းကင်အင်မော်တယ်
Vol. 21 Ch. 288
အခန်း (၂၈၈) မိုးကောင်းကင်အင်မော်တယ်
လက်ရှိတွင် နတ်ဘုရားရာထူးပိုင်ဆိုင်ထားသူ (၃) ယောက်သာလျှင် ရှိသည်။
ခွန်လွန်တောင် ၊ ရှေးဟောင်းအနောက်နန်းတော်မှ ဧကရာဇ်ရှီးဟယ် ၊ ရှေးဟောင်းမြောက်ပိုင်းနန်းတော်မှ ဧကရာဇ်ချုန်းကိုး ၊ ပြီးတော့ သူရရှိထားသည့် နတ်ဘုရားရာထူးဖြစ်သည့် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှတစ္ဆေတိုင်းပြည်၏ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား တို့ဖြစ်သည်။
ယခု စတုတ္ထရာထူးတစ်ခု ထွက်ပေါ်လာပြီ ဖြစ်သည်။
နဂါးမျိုးနွယ်မှ ပုဂ္ဂိုလ်တစ်ယောက်ယောက်များ နတ်ဘုရားရာထူးကို ရရှိခဲ့သည်လား ၊ သို့တည်းမဟုတ် နတ်လူသားမျိုးနွယ်များလား။ ဇာမဏီမျိုးနွယ်များလည်း ဖြစ်နိုင်လေသည်။
ဤမျိုးနွယ်စု (၃)ခုက စစ်ပွဲကို အရင်ဆုံး စတင်ခဲ့ကြသူများ ဖြစ်သောကြောင့် ဖြစ်နိုင်ခြေများပြားသည်။
နတ်မိစ္ဆာများက စစ်ပွဲကို စတင်ခဲ့ကြသူများဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သည့်နှစ်များအတွင်း နတ်ဘုရားရာထူးတစ်ခုကို ဦးစွာရရှိခဲ့ကြသည်။
ယခုတစ်ကြိမ်တော့ နဂါးမျိုးနွယ်များက ဖြစ်နိုင်ခြေ အမြင့်ဆုံးဖြစ်သည်။
သူ့အထင် မှန်သည်လား ၊ မှားသည်လားဆိုသည်ကိုတော့ မသိနိုင်သေးပေ။
တစ်ဖက်လူကလည်း နတ်ဘုရားရာထူးရရှိရန် ကြိုးစားနေဆဲ လမ်းပေါ်တွင်သာ ရှိသေးဟန်တူသည်။
"ဒီပုဂ္ဂိုလ် နတ်ဘုရားရာထူးရဖို့ အချိန်တစ်ခု လိုအပ်လိမ့်ဦးမယ် ၊ ငါက သူ့ထက်အရင် မိုးကောင်းကင်အင်မော်တယ် ဖြစ်လာမှာပဲ ၊ ဒါဆို အဲဒီလူ ဘယ်သူလဲဆိုတာ ငါလည်း သိနိုင်မှာပဲ"
ကျန်းလန် တွေးလိုက်သည်။
နဂါးဧကရီရန်ကျင်း သူ့ကို လာရောက်တွေ့ဆုံပြီးနောက် နှစ်ပေါင်း (၂၀) ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ကျန်းလန်သည်လည်း မိုးကောင်းကင်အင်မော်တယ်အဖြစ် အဆင့်တက်လုနီးပြီ ဖြစ်သည်။
သို့သော် ယခုတော့ စတုတ္ထမြောက် နတ်ဘုရားရာထူးကို အာရုံခံမိပြီး သူ ကျင့်ကြံခြင်းမှ နိုးထာလာခဲ့ရသည်။
သူ တံခါးပိတ်ကျင့်ကြံနေစဉ် ရှောင်ယွိကလည်း လာရောက်နှောက်ယှက်ခြင်း မရှိပေ။
သူတို့ နောက်ဆုံးတစ်ကြိမ် တွေ့ဆုံကြစဉ်က သူမသည်လည်း မရှိမှုအာကာသအဆင့် အောင်မြင်သွားပြီ ဖြစ်သည်။ ထို့ကြောင့် လူသားအင်မော်တယ်အဖြစ် အဆင့်တက်ရန် ကျင့်ကြံနေလောက်ပေသည်။
ပြီးတော့ သူသည်လည်း မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်သို့ ရောက်ရှိလုနီးပြီ ဖြစ်၏။
မိုးကောင်းကင်အင်မော်တယ်အဆင့်၏အသေးစိတ်အချက်အလက်များကို ကျန်းလန် သိရှိခြင်း မရှိပေ။ သို့သော် အဆင့်တက်ရန် နီးကပ်နေပြီဖြစ်ရာ မကြာခင် သိရတော့မည် ဖြစ်သည်။
မရဏဂူအတွင်းတွင် မရဏအငွေ့အသက်များက အကြမ်းပတမ်းပင် မြင့်တက်လျှက်ရှိသည်။ယခုအချိန်သည် ငရဲတံခါးမှ မရဏအငွေ့အသက်များ အထွတ်အထိပ် ပေါက်ကွဲသည့် ကာလဖြစ်သည်။
ကျန်းလန်ကတော့ မရဏဂူထဲတွင်ပင် ကျင့်ကြံလျှက်ရှိပြီး မရဏအငွေ့အသက်များက သူ့ကို ထိခိုက်စေနိုင်ခြင်း မရှိပေ။
ခွန်လွန်စိတ်ကျမ်း တန်ခိုးစွမ်းအားက သူ၏ခန္ဓာကိုယ်ထဲတွင် အဆက်မပြတ်လှည့်ပတ်နေပြီး ဝိညာဉ်ဖိနှိပ်စွမ်းအားသည်လည်း သူ၏ သွေးကြောဆုံချက်များအားလုံးတွင် စီးဆင်းလျှက် ရှိသည်။
ဤသည်က စွမ်းအားများ ပိုမိုပေါင်းစပ်စေနိုင်ပြီး ကျင့်ကြံခြင်းကို သိပ်သည်းခိုင်မာစေသည်။
ကျန်းလန် ကျင့်ကြံခြင်းကို မရပ်တန့်ဘဲ တောက်လျှောက် ကျင့်ကြံလျှက် ရှိသည်။
အချိန် (၇) နှစ်ကြာပြီးနောက် ကျန်းလန် ကျင့်ကြံခြင်းအထွတ်ထိပ်သို့ ရောက်ရှိလာသည်။ ဤအချိန်က ကျင့်ကြံခြင်းအဆင့်တက်ရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း သိရှိလိုက်သည်။
ထိုခဏမှာပင် တောင်ထိပ်တစ်ခုတွင် မတ်တတ်ရပ်နေသည့်အလား ကျန်းလန် ခံစားလိုက်ရသည်။ သူ့ခြေထောက်အောက်မှ လမ်းကြောင်းက တဖြည်းဖြည်း ရှည်လျားကျယ်ပြန့်လာသည်။
မဟာတာအိုကို နားလည်ခြင်းက သူသွားမည့်လမ်းကို ညွှန်ပြလျှက် ရှိသည်။
စုစည်းထားသည့် စွမ်းအားများသည် မရေမတွက်နိုင်သည့် လှေကားထစ်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့တက်လှမ်းရန် လမ်းခင်းပေးလေသည်။
"ဘုန်း"
ထိုစဉ်မှာပင် သူ့ခြေထောက်အောက်မှ တောင်ထွတ်က တစ်စစီကွဲကြေသွား၏။
ကွဲကြေသွားသည့် တောင်ထွတ်အပိုင်းအစများက လှေကားထစ်များအသွင် ကူးပြောင်းသွားပြီး ကျန်းလန်ရှေ့တွင် ရှည်လျားသည့် လှေကားထစ်များ ဆက်တိုက်ထွက်ပေါ်လာသည်။
သူက လှေကားထစ်များကို နင်းလျှောက်ရင်း ရှေ့သို့ ခြေတစ်လှမ်းချင်း ဆက်တက်လာသည်။
"ဒုတ်…"
သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ကျန်းလန်က အာရုံထွေပြားခြင်းမရှိဘဲ ကောင်းကင်ထက်သို့ မော့ကြည့်ပြီး မိုးကောင်းကင်အင်မော်တယ်တံခါးကို လိုက်ရှာနေသည်။
သူ အဆုံးထိတက်နိုင်လျှင် မိုးကောင်းကင်အင်မော်တယ် ဖြစ်လာမည် ဖြစ်သည်။
ကျရှုံးသွားလျှင်တော့ အဆုံးမရှိသည့် အသူရာချောက်နက်ကြီးအတွင်း သက်ဆင်းရပေလိမ့်မည်။ သို့ဆိုလျှင် ချောက်နက်ကြီးအတွင်းမှ ပြန်ထွက်လာနိုင်ရန် အချိန်မည်မျှကြာမည်ကို ပြောရန်ခက်သည်။
သို့သော် ကျန်းလန်က သူ့ခြေထောက်အောက်မှ ချောက်နက်ကြီးကို လုံး၀ ငုံ့ကြည့်ခြင်း မရှိပေ။ အဆုံးမရှိသည့် ကောင်းကင်ပြင်သို့သာ မော့ကြည့်လျှက် ရှိသည်။
"ဒုတ်"
"ဒုတ်"
ကျန်းလန် ခြေလှမ်းမှန်မှန်ဖြင့် ဆက်တက်လာသည်။
"ဘုန်း"
တောင်ထွတ်အပိုင်းအစများက အဆက်မပြတ် ကွဲကြေနေပြီး မရေမတွက်နိုင်သည့် လှေကားထစ်များအဖြစ် အဆက်မပြတ်ဖြစ်တည်နေသည်။
သူတို့က ကျန်းလန်ကို ရှေ့ဆက်တက်လှမ်းနိုင်ရန် ကူညီပေးနေလေ၏။
***
လှေကားအဆုံးထိ တက်ရောက်နိုင်မည်လားဆိုသည်ကတော့ လွန်ခဲ့သည့် နှစ်များစွာအတွင်း သူ စုစည်းထားသည့် တန်ခိုးစွမ်းအားများနှင့် တာအိုနားလည်ခြင်းများ လုံလောက်ခြင်း ရှိ မရှိ အပေါ်တွင် မူတည်သည်။
သူ့ခြေထောက်အောက်မှ တောင်ထွတ်က သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ဖြစ်သည်။
ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို လှေကားထစ်များအဖြစ် ပြောင်းလဲစေပြီး လှေကားထစ်များကို ထိန်းချုပ်နိုင်ခြင်းက သူ၏ တန်ခိုးစွမ်းအားကို ထိန်းချုပ်နိုင်ခြင်း ဖြစ်ပြီး တာအိုနားလည်ခြင်းက လှေကားထစ်များကို တက်လှမ်းရာတွင် လမ်းညွှန်မှုပေးသည်။
ထို အချက် (၂)ခု မှ တစ်ခု လစ်ဟာနေလျှင် လှေကားထစ်များအဆုံးထိ တက်ရောက်နိုင်မည် မဟုတ်ပေ။
အချိန်ခဏကြာပြီးနောက် ကျန်းလန်က အရှိန်ကိုမြှင့်လိုက်ပြီး အရှေ့ဆီသို့ လျှင်မြန်စွာတက်သွားသည်။ သူက ဖြစ်စဉ်နှင့် ကျွမ်းဝင်လာပြီဖြစ်သောကြောင့် ခပ်မြန်မြန်တက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ကျန်းလန် ချက်ချင်းပင် တန်ခိုးစွမ်းအားများ အားလုံးကို အဆုံးစွန်ထိ တွန်းပို့လိုက်သည်။ သူက မိုးကောင်းကင်လှေကားထစ်များဆီသို့ တက်လှမ်းရင်း ကောင်းကင်ထက်ဆီ ပျံသန်းနေသကဲ့သို့ပင် ဖြစ်သည်။
လှေကားထစ် အမြင့်ဆီသို့ရောက်လာလေ သူ့အတွက် ပိုမိုခက်ခဲလာလေ ဖြစ်သည်။ မိုးနဲ့မြေမှ ဖိအားများက သူ့ကို ဖိနှိပ်ထားလေရာ ကျန်းလန်မှာ အသက်ရှူရပင် ခက်ခဲလာသည်။
"မိုးကောင်းကင်အင်မော်တယ်ဖြစ်ဖို့အတွက် လောကရဲ့စွမ်းအားကို ရင်ဆိုင်ရတာပဲ"
ကျန်းလန်က သူ၏ စိတ်ခံစားချက်ကို ချိုးနှိမ်ပြီး မိုးကုတ်စက်ဝိုင်းဆီသို့ ဆက်လက်လျှောက်လှမ်းသွားသည်။
အချိန်မည်မျှ ကြာသွားသည် မသိပေ။ လှေကားထစ်အဆုံးသို့ ရောက်လုနီးပြီဟု ကျန်းလန် ခံစားလိုက်ရသည်။
သူ အလျှင်စလို ရှေ့ဆက်လျှောက်ခြင်း မပြုတော့ဘဲ အရှိန်ပြန်လျှော့ကာ ခြေတစ်လှမ်းချင်းသာ ဖြည်းဖြည်းမှန်မှန် တက်သွားသည်။
သို့သော် နောက်ဆုံးလှေကားထစ်သို့ ရောက်သည့်အခါ ကျန်းလန် ရှေ့မဆက်နိုင်ဖြစ်ရသည်။
နောက်ဆုံးလှေကားထစ်သည် မိုးနဲ့မြေအကြား ကွာဟမှုပမာ သူနှင့် အလွန်ဝေးကွာလွန်းနေလေရာ ခြေလှမ်း၍ မရနိုင်ပေ။
ထိုလှေကားထစ်ကိုကြည့်ပြီး ကျန်းလန် ရုတ်တရက် သဘောပေါက်သွားသည်။
ဤလှေကားထစ်က နောက်ဆုံးလှေကားထစ်ဖြစ်သည် ဤအဆင့်ကို ကျော်လွန်နိုင်လျှင် ကျန်းလန် အဆင့်တက်ရောက်နိုင်ပြီ ဖြစ်သည်။
ကျန်းလန် နေရာတွင် မတ်တတ်ရပ်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ တာအိုနားလည်ခြင်းရောင်ဝါများ ထုတ်လွှတ်လိုက်၏။
ထိုအခါ အလွန်ဝေးကွာနေသည့် နောက်ဆုံးလှေကားထစ်သည် သူ့အနားသို့ ချက်ချင်းပင် တိုးကပ်ရောက်ရှိလာသည်။
ကျန်းလန် ထိုလှေကားထစ်ဆီသို့ ခြေလှမ်းလိုက်သည်။
"ဘုန်း"
သူ ခြေလှမ်းပြီးသည်နှင့် ထိုလှေကားထစ် ပျောက်ကွယ်သွားပြီး အဆုံးမရှိသည့် လှေကားထစ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
ကျန်းလန်သည် ကောင်းကင်ထက်တွင် မတ်တတ်ရပ်လျှက် ကျယ်ပြောသည့် လောကကြီးကို လေ့လာနေလေသည်။
လောကတစ်ခွင်မှ မိုးကောင်းကင်လျှို့ဝှက်ချက်များအားလုံးကို သိရှိလိုက်သည့်အလား ကျန်းလန် ခံစားလိုက်ရသည်။
မိုးကောင်းကင်အင်မော်တယ်တစ်ပါး၏ စွမ်းရည်တစ်ခုမှာ မိုးကောင်းကင်လျှို့ဝှက်ချက်များကို ထိုးဖောက်သိမြင်နိုင်ခြင်းပင် ဖြစ်လေသည်။
သူက မိုးကောင်းကင်တာအိုအောက်တွင် ရောက်နေသည့်အလားပင် ဖြစ်သည်။
သူ၏ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို မိုးကောင်းကင်တာအိုက အသိအမှတ်ပြုပြီးသည်နှင့် ယခုထက်ပိုပြီး အောင်မြင်ရန် အခွင့်အရေးများ ရရှိလာမည် ဖြစ်သည်။
***
မရဏဂူထဲတွင်...
အချိန် (၇)နှစ်လုံးလုံး တိတ်ဆိတ်ငြိမ်သက်နေသည့် ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
ကျန်းလန်၏ ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားရောင်ဝါများ မသိမသာ ထွက်ပေါ်လျှက် ရှိသည်။ ခဏအကြာတွင်တော့ စွမ်းအားများ ပျောက်ကွယ်သွားသည်။
သူ မိုးကောင်းကင်အင်မော်တယ်အဖြစ် အဆင့်တက်ရောက်နိုင်ခဲ့ပေပြီ။
မိုးကောင်းကင်အင်မော်တယ်အဖြစ် အဆင့်တက်ရောက်ပြီး ခဏမှာပင် ကျန်းလန် သူ့ခန္ဓာကိုယ်အပေါ်ထားရှိသည့်အမြင်မှာလည်း ကြည်လင်သည်ထက် ကြည်လင်လာသည်။
နတ်ဘုရားရာထူး၏ ဇစ်မြစ်ကိုပင် တွေ့မြင်လိုက်ရသည်။
ချက်ချင်းပင် နတ်ဘုရားရာထူးဇာစ်မြစ်ကို ကျန်းလန် ကြည့်ရှုလိုက်သည်။
သူ၏ စိတ်အာရုံက အာကာသအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အဆုံးမရှိသည့် ဗလာနယ်ထဲသို့ ဖြတ်သန်းကြည့်ရှုလိုက်သည်။
အာကာသဗလာနယ်ထဲတွင် မှေးမှိန်သည့် ကြယ်လေးတစ်စင်းကို တွေ့မြင်ရသည်။
တခြားနေရာများတွင်လည်း ကြယ်စင်များ ရှိဟန်တူသည်။ သို့သော် ကျန်းလန်ကတော့ တွေ့မြင်ရခြင်း မရှိပေ။
မှေးမှိန်သည့်ကြယ်စင်ငယ်သည် သူ ရရှိထားသည် နတ်ဘုရားရာထူး မြစ်ဖျားခံလာသည့် နေရာပင် ဖြစ်၏။
ကျန်းလန် ချက်ချင်းပင် အကြည့်လွှဲလိုက်ပြီး သူ့လက်ဖဝါးများကို ကြည့်လိုက်သည်။
သူ့လက်များဆီမှ ကြီးမားလွန်းသည့် စွမ်းအားကြီးတစ်ခုကို ကျန်းလန် ခံစားလိုက်ရသည်။
ထို့ပြင် နတ်ဘုရားရာထူးကိုလည်း အတော်လေး ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
နောင် နှစ်ပေါင်း (၁၀၀) တွင် အင်မော်တယ်အဖြစ် အဆင့်တက်ရန် ဟန်ဆောင်ပြီး ပြင်ပလောကသို့ ထွက်ခွာသည့်အခါ အခြားနတ်ဘုရားများ သူ့ကို ခြေရာခံနိုင်မည် မဟုတ်တော့ပေ။
ကျန်းလန် နတ်ဘုရားရာထူးကို အာရုံခံလိုက်သည့်အခါ အစက်အပျောက်လေး (၂) ခုကို တွေ့လိုက်ရသည်။
ထိုအရာလေး (၂) ခုက သူ့ကို အံ့အားသင့်သွားစေသည်။
တစ်ခုကတောက်ပနေပြီး တစ်ခုကတော့ မှေးမှိန်သည်။
ခဏမျှတုံ့ဆိုင်းနေပြီးနောက် မှေးမှိန်နေသည့် အစက်လေးကို အာရုံခံကြည့်ရန် ကြိုးစားလိုက်သည်။
သို့သော် သူကြည့်လိုက်သည်နှင့် ထိုအစက်လေးက ပိုပြီးမှိန်ဖျော့သွားကာ ထိုးဖောက်ကြည့်ရှုရန် မဖြစ်နိုင်ခဲ့ပေ။
ထိုအရာလေးက သူကြည့်ရှုနိုင်သည်ထက် ကျော်လွန်နေပုံရသည်။
ထိုအစက်လေးက ဧကရာဇ်ရှီးဟယ်များလား။
မဖြစ်နိုင်ပေ။
ဧကရာဇ်ရှီးဟယ်၏ နေထိုင်ရာက ခွန်လွန်တောင်တွင် ဖြစ်၏။
ဆိုတော့...
ဤအစက်လေးက မှေးမှိန်နေလေရာ ခွန်လွန်တောင် အပြင်ဘက်တွင် ရှိနိုင်ခြေများသည်။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကျန်းလန် တောင်နှင့်ပင်လယ် ကြေးမုံမှန်ကို ထုတ်ယူလိုက်သည်။
ကြေးမုံကို အသုံးပြုခြင်းဖြင့် ပိုမိုရှင်းလင်းစွာ သိရမည် ဖြစ်သည်။
ထို့နောက် ကျန်းလန်က ထိုအစက်အပျောက်လေးကို တောင်နှင့်ပင်လယ် ကြေးမုံမှန်နှင့် ချိတ်ဆက်စေလိုက်သည်။
ခဏအကြာတွင် ကြေးမုံမှန်ထက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
ခြံဝန်းတစ်ခုထဲတွင် လက်သီးသိုင်း လေ့ကျင့်နေသည့် လူငယ်လေးတစ်ယောက်၏ ပုံရိပ်ဖြစ်သည်။
"သူကိုး..."
ထိုလူငယ်လေးမှာ တစ္ဆေတိုင်းပြည်မှ လူငယ်လေးဖြစ်ကြောင်း ကျန်းလန် မှတ်မိလိုက်သည်။
နတ်မိစ္ဆာများနှင့်တိုက်ပွဲတွင် ထိုလူငယ်လေး၏ ဆုတောင်းသံက သူ့နားထဲသို့ ပထမဆုံး ရှင်းရှင်းလင်းလင်း ဝင်ရောက်လာခြင်း ဖြစ်၏။
သူကလည်း တောင်နှင့်ပင်လယ် ကြေးမုံမှန်မှတစ်ဆင့် ထိုလူငယ်လေးကို ကူညီခဲ့သည်။
ပြီးနောက်မှာတော့ ထူးဆန်းစွာပင် နတ်ဘုရားရာထူးတစ်ခု ပိုင်ဆိုင်ခွင့်ရခဲ့သည်။
လက်ရှိမှာတော့ ဆုတောင်းသံများသည် ယခင်အတိုင်းပင်ဖြစ်သော်လည်း သူ့ကို မထိခိုက်စေခဲ့ပေ။
ကြေးမုံထက်မှ မြင်ကွင်းက ပျောက်ကွယ်သွားသည်။ ပုံရိပ်ကို ကြာရှည်မြင်နိုင်ခြင်း မရှိပေ။
ထို့နောက် ကျန်းလန်က တောက်ပသည့် အစက်အပျောက်လေးကို အာရုံစိုက်လိုက်သည်။
ဤအစက်အပျောက်လေးကရော မည်သူပါလဲ။
သူ ကြည့်ရှုရန် ကြိုးစားလိုက်လေ၏။
***
ထိုစဉ်မှာပင် ရေခဲပုစဉ်းရင်ကွဲတောအုပ်သို့သွားရန် ဟန်ပြင်နေသည့် အဋ္ဌမမင်းသားသည် ရုတ်တရက် ကျေရိုးထဲစိမ့်သွားသလို ခံစားလိုက်ရသည်။
နတ်မိစ္ဆာများ သူ့ကိုလိုက်ဖမ်းစဉ်က ခံစားခဲ့ရသည့် ခံစားချက်နှင့် အတူတူပင် ဖြစ်သည်။
သူ ထခုန်လိုက်သည်။
ထို့နောက် ကြောက်လန့်တခြားဖြင့် ခွန်လွန်တောင်သို့ ပြန်ပြေးရန် ဟန်ပြင်လိုက်သည်။
သို့သော် ခြေနှစ်လှမ်းမျှသာ လှမ်းရသေးသည် ခံစားချက်က ပျောက်ကွယ်သွား၏။
"ဘာဖြစ်တာလဲ"
အဌမမင်းသား ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်သည်။
ထို့နောက် ယောက်ဖနှင့်သွားတွေ့ကာ ဤပြဿနာကို ပြောပြရန် တွေးလိုက်သည်။
ယောက်ဖကတော့ သူ့ကို အကြံဉာဏ်ကောင်း ပေးနိုင်မည် မဟုတ်ပါလား။
***
တောက်ပသည့် အစက်လေးက မည်သူဖြစ်ကြောင်း ကျန်းလန် သိသွားလေပြီ။
သူ နတ်ဘုရားရာထူးရရှိစဉ်အချိန်တွင် အဋ္ဌမမင်းသားက သူ့ထံမှ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါနှင့်ချိတ်ဆက်ပြီး အဋ္ဌမမင်းသားကို တွေ့မြင်နိုင်ခြင်း ဖြစ်၏။
သို့သော် နေရာက ဝေးကွာလွန်းလေရာ လုန်မန် မည်သည့်နေရာတွင် ရှိနေကြောင်းကိုပင် မတွေ့မြင်နိုင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ တောင်နှင့်ပင်လယ်ကြေးမံမှန်မှတစ်ဆင့် သူလုပ်နိုင်သည့်အရာ များစွာရှိလေသည်။
ထို့နောက် ကျန်းလန် နတ်ဘုရားရာထူးကို အရေးမစိုက်တော့ပေ။
သူ ဂိုဏ်းထဲသို့ရောက်သည်မှာ နှစ်ပေါင်း (၃၉၂) နှစ် ရှိခဲ့ပြီဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်မှာ မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
မိုးကောင်းကင်အင်မော်တယ်ဖြစ်ပြီးနောက် ပထမဆုံး သူ လုပ်ရမည့်အလုပ်မှာ ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိမြင်နိုင်မည်လားဟု ကြည့်ရှုရန် ဖြစ်သည်။
ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို မသိမြင်နိုင်လျှင် ဆရာဖြစ်သူက တာအိုအင်မော်တယ် ဖြစ်ပေလိမ့်မည်။ သိမြင်နိုင်လျှင်တော့ ဆရာဖြစ်သူက တာ့လော်အင်မော်တယ် ဖြစ်နိုင်ပေ၏။
ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကိုသိရှိလျှင် ခွန်လွန်တောင်တစ်ခုလုံး၏စွမ်းအားကို အကြမ်းဖျင်း ခန့်မှန်းနိုင်မည် ဖြစ်သည်။
ခွန်လွန်တောင်၏စွမ်းအားကို ခန့်မှန်းနိုင်လျှင် ပျက်သုဉ်းတစ်စပြင်လောကကြီးမှ အခြားသောအင်အားကြီးအုပ်စုများ၏စွမ်းအားကိုလည်း နားလည်နိုင်မည် ဖြစ်သည်။
ယခုဆိုလျှင် သူက မိုးကောင်းကင်အင်မော်တယ်ဖြစ်လာပြီဖြစ်ရာ ပျက်သုဉ်းတစ်စပြင်လောကြီးတွင် အားနည်းသူတစ်ယောက် မဖြစ်သင့်တော့ပေ။