← Chapters

အဋ္ဌမမင်းသားကတော့တန်ဖိုးတက်သွားပြန်ပြီ

Vol. 21 Ch. 289

အဋ္ဌမမင်းသားကတော့တန်ဖိုးတက်သွားပြန်ပြီ

Vol. 21 Ch. 289

အခန်း (၂၈၉) အဋ္ဌမမင်းသားကတော့တန်ဖိုးတက်သွားပြန်ပြီ

အချိန် (၃)လ ကြာပြီးနောက်…။

ကျန်းလန် မရဏဂူထဲမှ ထွက်လာခဲ့သည်။

ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်သည်မှာလည်း ရပ်တန့်သွားပြီ ဖြစ်၏။ မရဏအငွေ့အသက်များ ဆယ်စုနှစ်အနည်းငယ်ကြာ ပေါက်ကွဲနေသည့်တိုင် မည်သည့်ပြဿနာမှ မဖြစ်ခဲ့ပေ။

နတ်မိစ္ဆာများက ငရဲတံခါးကို အာရုံစိုက်ရန် မအားမလပ်ဖြစ်နေသည်လား ၊ အခြားနည်းလမ်းတစ်ခု ရှာဖွေနေကြခြင်းလား မပြောတတ်ပေ။

သူကတော့ မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ အန္တရယ်ကင်းစွာ တက်လှမ်းနိုင်ခဲ့ပြီး လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် ညီမျှသည့် တန်ခိုးစွမ်းအားများကို ကျွမ်းဝင်အောင် ဆက်လက်ကျင့်ကြံနေခဲ့သည်။

ယခုဆိုလျှင် ကျန်းလန် မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

သူ့အတွက် ကျင့်ကြံခြင်းထိုးထွင်းသိမြင်မှုနှင့်ပတ်သက်သည်များကို ဖတ်ရှုလေ့လာရန် လိုအပ်နေပြီး တိကျသည့် တာအိုလမ်းစဉ်ကို နားလည်ရန် ကြိုးစားရမည့်အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူ၏တာအိုတရားကို မိုးကောင်းကင်က အသိအမှတ်ပြုခဲ့ပြီ ဖြစ်သော်ငြား ကျင့်ကြံခြင်းတွင် ဆက်လက်အာရုံစိုက်ရမည့် အခြားကိစ္စများ ရှိနေသေးသည်။

အစစ်အမှန်အင်မော်တယ်အဖြစ် အဆင့်တက်ရောက်စဉ်ကကဲ့သို့ ဖြစ်၏။

ထိုစဉ်က အင်မော်တယ်ခန္ဓာကို ထိန်းချုပ်ရန် သင်ယူခဲ့ရသည်။ အင်မော်တယ်ခန္ဓာကိုသာ မထိန်းချုပ်နိုင်လျှင် အဆင့်တက်ရန် ခက်ခဲမှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

မိုးကောင်းကင်အင်မော်တယ်အဆင့်နှင့်ပတ်သက်သည့်စာအုပ်များကို ဖတ်ရှုလေ့လာခြင်း မပြုဘဲ ကိုယ်တိုင်နားလည်အောင် ကြိုးစားနေလျှင် ကျင့်ကြံခြင်းက နှေးကွေးပေလိမ့်မည်။

အခြားသူများ၏ ထိုးထွင်းသိမြင်ထားမှုများကို လေ့လာခြင်းအားဖြင့် ကျင့်ကြံခြင်းလည်း အနည်းငယ်လျှင်မြန်လာမည် ဖြစ်သလို သတိထားရမည့်အချက်များကိုလည်း သိရှိလာမည် ဖြစ်၏။

ရှေ့မှလျှောက်လှမ်းခဲ့ကြသူများ၏ ဦးနှောက်ကို ယူသုံးရသည့်အလားပင် ဖြစ်သည်။

မရဏဂူထဲမှ ထွက်လာပြီးနောက် ကျန်းလန် ကောင်းကင်ထက်မော့ကြည့်လိုက်သည်။

ဆောင်းဦးရာသီရောက်ပြန်လေပြီ။

ထိုစဉ်…

ခွန်လွန်တောင် အဓိကခန်းမဆောင်မှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ ထိုနေရာတွင် လူပေါင်းများစွာ စုရုံးနေကြဟန် ရှိသည်။

တစ်စုံတစ်ခုများ ဖြစ်လို့လား။

သူက နှစ်ပေါင်းများစွာ တစ်ယောက်တည်း ကျင့်ကြံနေခဲ့လေရာ ပြင်ပလောကနှင့် အဆက်ပြတ်လျှက် ရှိသည်။ အဆက်မပြတ်ကျင့်ကြံနေရသောကြောင့် မရဏဂူထဲမှ ထွက်ခွာရန် အချိန်မရှိခဲ့ပေ။

အဋ္ဌမင်းသားလာရောက်လည်ပတ်သည်ကိုပင် ကျန်းလန် ထွက်မတွေ့နိုင်ခဲ့ပေ။

သို့သော်…

နတ်ဘုရားရာထူးက တစ်စုံတစ်ခုလှုပ်ရှားလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

"ဒီနှစ်တွေအတွင်းမှ အဲဒီပုဂ္ဂိုလ် လုံးဝအောင်မြင်မှုရပြီး နတ်ဘုရားရာထူးတစ်ခု ရရှိနိုင်မလား မသိဘူး"

ကျန်းလန် တွေးလိုက်သည်။

ထို့နောက် ကောင်းကင်ထက်သို့ တစ်ချက်မျှမော့ကြည့်လိုက်ပြီး ချက်ချင်းပင် ခေါင်းပြန်ငုံ့ကာ အာရုံမစိုက်တော့ပေ။

အနည်းငယ်မျှ အာရုံခံနိုင်ခြင်းက လုံလောက်ပြီ ဖြစ်သည်။ ဆက်ပြီး သိချင်နေလျှင် သူ့ကို အာရုံခံမိသွားကြပေလိမ့်မည်။

ထိုစဉ်မှာပင်…

နတ်ဘုရားရာထူးရရှိသည့် နိမိတ်လက္ခဏာအလင်းတန်းများ ဖြာလင်းလာသည်ကို ကျန်းလန် အာရုံခံလိုက်မိသည်။

ထို့နောက် ကျယ်လောင်သည့်အသံကြီးတစ်သံ ထွက်ပေါ်လာ၏။

"ရှေးဟောင်းပင်လယ်လေးခုနန်းတော်မှ အထွတ်ထိပ်ချန်ယွမ်နဂါးမင်း"

ထိုအသံကိုကြားသည့်တိုင် ကျန်းလန်ကတော့ ဘာမှမဟုတ်သလို ခံစားချက်ကင်းမဲ့သည့် မျက်နှာဖြင့် လမ်းဆက်လျှောက်လာခဲ့သည်။

အသံထွက်ပေါ်လာရာ နေရာကို မသိရှိနိုင်သော်လည်း ကျယ်လောင်သည့်အသံကြီးကပင် အတော်လေး အံ့သြစရာကောင်းနေပြီ ဖြစ်သည်။

နတ်ဘုရားရာထူးနာမည်ကို ကြားလိုက်ရုံဖြင့် နတ်ဘုရားရာထူးကို ရရှိခဲ့သူမှာ နဂါးမျိုးနွယ်များ ဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။

စုစုပေါင်း နတ်ဘုရားရာထူး ဘယ်နှစ်နေရာရှိသည်ကို ကျန်းလန် သိချင်မိသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားရာထူးရရှိရန်အတွက် အင်အားကြီးအုပ်စုများ အချင်းချင်း တိုက်ခိုက်နေကြသည် မဟုတ်ပါလား။

***

ကျန်းလန် ခြံဝန်းဆီသို့ ပြန်ရောက်သည်နှင့် ခြံဝန်းထဲတွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့မြင်လိုက်ရသည်။

ခါတိုင်းကဲ့သို့ပင် ရှောင်ယွိ ရောက်ရှိနေခြင်း မဟုတ်ပေ။ ယခု ရောက်ရှိနေသူက ဆရာဖြစ်သူ မော့ကျန်းသုန့် ဖြစ်၏။

ဆရာ အဘယ့်ကြောင့် တောင်ထွတ်အစွန်းမှ သူနေထိုင်ရာနေရာသို့ ဆင်းလာရပါသနည်း။

ကျန်းလန် ခြံဝန်းအတွင်းသို့ လှမ်းဝင်လိုက်ရင်း ဆရာဖြစ်သူကို နှုတ်ဆက်လိုက်သည်။

"ဆရာ"

"မင်းရဲ့ နာမ်ဝိညာဉ်ရောင်ပြန်ပညာက မဆိုးဘူးပဲ"

မော့ကျန်းသုန့်က နာမ်ဝိညာဉ်ခြံဝန်းကို အာရုံခံမိသောကြောင့် ပြောလိုက်ခြင်း ဖြစ်သည်။

ကျန်းလန်က ဆရာဖြစ်သူကို ဦးညွှတ်အရိုအသေပြုရင်း…

"ကျွန်တော်က ဒီတိုင်းပဲ လျှောက်လုပ်ထားတာပါ"

တကယ်လည်း လျှောက်လုပ်ထားသည်ဆိုသော်လည်း အများကြီးကြိုးစားခဲ့ရသည်။

အဓိကရည်ရွယ်ချက်ကတော့ ရှောင်ယွိကစားဖို့ လုပ်ပေးထားခြင်းပင်။

ကျန်းလန် ခေါင်းမော့လိုက်ပြီး ဆရာဖြစ်သူကို အကဲခတ်ကြည့်လိုက်သည်။

သူက မိုးကောင်းကင်အင်မော်တယ်အဆင့်တက်လှမ်းခဲ့ပြီးဖြစ်ရာ ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိမြင်နိုင်ပြီလားဟု အကဲခတ်လိုက်ခြင်း ဖြစ်၏။

ခဏအတွင်း ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိမြင်လိုက်သည်ဟု တွေးထင်လိုက်မိသည့်တိုင် တကယ်တမ်းတွင် သိမြင်နိုင်စွမ်း မရှိခဲ့ပေ။

"ဘာဖြစ်တာလဲ"

"သူ အခုပဲ မြင်လိုက်ပါတယ် ၊ ဒါပေမဲ့ မျက်စိတစ်မှိတ်အတွင်း ဘာလို့ ပျောက်ကွယ်သွားရတာလဲ"

ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သေသေချာချာ သိမြင်နိုင်ခြင်း မရှိခဲ့သလို သူ ထပ်ပြီးတော့လည်း မစွန့်စားဝံ့တော့ပေ။

မိုးကောင်းကင်အင်မော်တယ်အဆင့်ဖြင့် ရှင်းရှင်းလင်းလင်း မသိမြင်နိုင်လျှင် ဆရာဖြစ်သူက တာ့လော်အင်မော်တယ် မဟုတ်ကြောင်း သက်သေပြနေသည်။

ဆရာက တာ့လော်အင်မော်တယ်ထက် မြင့်မားသည့်အဆင့်တွင် ရှိရမည် ဖြစ်သည်။ ဆရာဖြစ်သူက အလွန်ပဲ တန်ခိုးစွမ်းအားမြင့်မားလွန်းသည်ပင်။

အတိတ်က သူလုပ်ခဲ့သမျှကို ဆရာဖြစ်သူ သိရှိနေခဲ့သည်လားဟု တွေးမိပြီး ကျန်းလန် အနည်းငယ် ထိတ်လန့်သွားမိသည်။

သို့သော် ချက်ချင်းပင် အတွေးများကို ရပ်တန့်လိုက်သည်။ သူ့လုပ်ရပ်များကို သိရှိနိုင်ရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

မော့ကျန်းသုန့်က…

"မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲ ကျင်းပတော့မယ်"

ဆရာဖြစ်သူက တကယ်တမ်းတွင် နာမ်ဝိညာဉ်ရောင်ပြန်ပညာကို စိတ်မဝင်စားပေ။ သူက အလေးအနက်ထားရမည့်ကိစ္စကို စတင်ပြောဆိုလိုက်သည်။

ကျန်းလန်က…

"ဆရာ… တပည့်က ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေသေးတယ်"

သူ ပြင်ပလောကသို့ မသွားချင်ပေ။

အရင်ကဆိုလျှင် သူ ငြင်းဆန်မိမည် မဟုတ်ပေ။

သို့သော်…

ယခု သူက နတ်ဘုရားရာထူးကို ပိုင်ဆိုင်ထားလေရာ ပြင်ပလောကသို့သာ ထွက်ခွာသွားမည်ဆိုပါက အခန့်မသင့်လျှင် အသက်အန္တရယ် ရှိနိုင်သည်။

အရေးကြီးဆုံးမှာ စိတ်ငြိမ်ငြိမ်ထားပြီး တစ်ယောက်တည်း ကျင့်ကြံရန်ပင် ဖြစ်သည်။

မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်ရင်း မပီမပြင် ပြုံးသည်။

"မင်း ပြင်ပလောကကို မသွားချင်တာလား ၊ ဒါမှမဟုတ် မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲကို မပါဝင်ချင်တာလား"

ဆရာဖြစ်သူစကားကြောင့် ကျန်းလန် စိတ်ရှုတ်ထွေးသွားသည်။

သူက…

"ဆရာ ဘာကိုဆိုလိုတာလဲ"

မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်လိုက်ရင်း…

"မင်း ပြင်ပလောကကို သွားစရာမလိုပါဘူး"

သူက ဆက်ပြောသည်။

"ဒီတစ်ခေါက် မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲကို ခွန်လွန်တောင်မှာပဲ ကျင်းပကြမှာ ၊ မင်းက သွားကြည့်ရုံပဲ"

"……"

အပြင်ဘက်တွင် ဆူညံနေသည်ကို ကျန်းလန် မအံ့သြတော့ပေ။

မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲသို့ သွားရောက်စေချင်သည်က သေချာပေါက် ဆရာဖြစ်သူ ဖြစ်စေချင်သည့် ဆန္ဒပင်။

သို့သော် ပါရမီရှင်များစွာ စုဝေးကြသည့်နေရာတွင် သေချာပေါက် တိုက်ပွဲများကတော့ ရှိမည်ပဲ ဖြစ်သည်။ ဤစုဝေးပွဲသည် မုန်တိုင်းမတိုက်ဘဲ ပြီးဆုံးရန်မှာ မဖြစ်နိုင်ပေ။

သူ့ကို မည်သူမှ လာမရှုတ်ရန်သာ မျှော်လင့်မိသည်။ လူတိုင်းက ခင်မင်နှစ်လိုဖွယ်ကောင်းပြီး ဖော်ရွေမှုရှိကြလျှင် အကောင်းဆုံးပင်။

နောက်ဆုံးတော့ ဆရာဖြစ်သူ၏ဆန္ဒကို ကျန်းလန် သဘောတူလိုက်သည်။ ပြင်ပလောကသို့ မထွက်ခွာရဘူးဆိုလျှင် သူ့အတွက် ငြင်းစရာ အကြောင်းမရှိပေ။

ဆရာဖြစ်သူ ပြန်သွားသည်နှင့် ကျန်းလန် ကျောက်စိမ်းရေကန်သို့ ထွက်ခွာလာခဲ့သည်။ လုန်ယွိလည်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီလားဟု သိချင်သောကြောင့် ဖြစ်၏။

သူ မထွက်ခွာခင် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးခဲ့သည်။ ဆယ်စုနှစ်များစွာအတွင်း သူတို့က ကျန်းကျန်းမာမာပင် ရှိနေကြသည်။

သူ တံခါးပိတ်ကျင့်ကြံစဉ်ကာလအတွင်း ဤအရာလေးများက အသက်ရှင်နေသည်ကိုကြည့်လျှင် ဆရာဖြစ်သူက ဝိညာဉ်ဆေးရည်များ လောင်းပေးထားဟန် ရှိသည်။

တံခါးပိတ်ကျင့်ကြံခြင်း ပြီးဆုံးသွားလျှင် ရှောင်ယွိသည်လည်း မရှိမှုအာကာသအဆင့် အောင်မြင်သွားပြီ ဖြစ်သည်။

လက်ရှိ အများအမြင်တွင် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ ကနဦးအဆင့်တွင် ရှိနေဆဲ ဖြစ်ပြီး တောင်သခင်များနှင့် အကြီးအကဲများသာ သိရှိနိုင်သော ဖုံးကွယ်ထားသည့် ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ အလယ်ဆင့် ဖြစ်၏။

အများအမြင်တွင်တော့ သူ ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် နောင်ထက်အနှစ် (၃၀) (၄၀)လောက် အချိန်ယူရဦးမည် ဖြစ်သည်။

ကျောက်စိမ်းရေကန်သို့ ရောက်သည့်အခါ ကျန်းလန်က ခါတိုင်းလိုပင် စာလေးချန်ထားရန် ဟန်ပြင်လိုက်သည်။

ကျောက်စိမ်းရေကန်တွင် ကျန်းလန်က အစီအရင်များ ပြုလုပ်ထားသည်။ သူ ချန်ခဲ့သည့်စာကို အခြားသူများ အာရုံခံနိုင်မည် မဟုတ်ဘဲ ရှောင်ယွိတစ်ယောက်သာလျှင် သိရှိနိုင်သည်။

သို့သော် ကျန်းလန် ရောက်လာသည့်အခါ ရှောင်ယွိချန်ထားသည့် စာလေးတစ်စောင်ကို တွေ့လိုက်ရသည်။

"ကျွန်မ တံခါးပိတ်ကျင့်ကြံနေတယ် ဂိုဏ်းတူမောင်လေး ၊ ကျွန်မ ကျင့်ကြံခြင်းပြီးဆုံးတဲ့အထိ စောင့်ပါ"

ကျန်းလန် : "……"

ထို့နောက် သူက စာလေးတစ်စောင် ချန်ထားခဲ့လိုက်သည်။

"စောင့်နေပါတယ်"

ထို့နောက် ကျန်းလန်က မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲကို လေ့လာရန်အတွက် တောင်ပေါ်မှ ဆင်းလာခဲ့သည်။ အားလုံးက သူ့လိုပင် သိုသိုသိပ်သိပ် နေကြစေရန် မျှော်လင့်မိသည်။

သို့သော် သူက ယခုပင် ပူပူနွေးနွေး ကျင့်ကြံခြင်းအဆင့်တက်ထားသူဖြစ်လေရာ မိုးကောင်းကင်အင်မော်တယ်များနှင့်ပတ်သက်သည့် ကျင့်ကြံခြင်းထိုးထွင်းသိမြင်မှုအကြောင်း စာအုပ်များကို အလောတကြီး ဖတ်ရှုချင်နေခဲ့သည်။

ထို့ကြောင့် တုံ့ဆိုင်းမနေတော့ဘဲ နဝမတောင်ထွတ်၏ စာကြည့်တိုက်သို့ ပြန်လှည့်လာခဲ့ပြီး ကျင်ကြံခြင်းထိုးထွင်းသိမြင်မှုဆိုင်ရာ စာအုပ်များကို စတင် ရှာဖွေခဲ့သည်။

အားလုံးက ဆရာဖြစ်သူ ရေးသားထားသည့် စာအုပ်များဖြစ်ပြီး သူ တစ်အုပ်ချင်း လှန်ကြည့်လိုက်သည်။

အတန်ကြာပြီးနောက်…

ယခင်က ခွန်လွန်တောင်စာကြည့်တိုက်တွင် သူ ဖတ်ရှုခဲ့ဖူးသည်မှာ "ကိုယ်ပိုင်တာအိုလမ်းစဉ်ကို မိုးကော်းကင်တာအိုက အတည်ပြုလိုက်လျှင် တာ့လော်အင်မော်တယ် ဖြစ်လာမည်" ဟူ၍ ဖြစ်သည်။

ဆရာဖြစ်သူ၏ ရေးသားချက်များတွင်လည်း တာအိုအကြောင်း များစွာ ထည့်သွင်းရေးသားထားသည်။

သို့သော် စာအုပ်တွင်ရေးသားထားသည်မှာ "တာအိုကလည်း အရာအားလုံး မဟုတ်ပေ။ ကျင့်ကြံခြင်းအနှစ်သာရနှင့်ပြည့်စုံရန်လည်း လိုအပ်သည်" ဟု ဆိုသည်။

တာအိုဆိုသည်က နားလည်ခြင်းနှင့်ပတ်သက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ကျင့်ကြံခြင်းနှင့်ပတ်သက်လျှင်တော့ ရွှေခန္ဓာရရှိရန် ကျင့်ကြံရမည် ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်သည် ရွှေခန္ဓာရသည်အထိ သူ၏ အင်မော်တယ်ခန္ဓာကို သန့်စင်ရန်လိုအပ်သည်။ သို့ဆိုလျှင် သူ၏ တာအိုလမ်းစဉ်ကို မိုးကောင်းကင်တာအိုက အတည်ပြုပေးမည် ဖြစ်သည်။

ကိုယ်ပိုင်တာအိုလမ်းစဉ်ကို မိုးကောင်းကင်တာအိုက အတည်ပြုခြင်းနှင့် ရွှေခန္ဓာရရှိအောင် ကျင့်ကြံခြင်း (၂)ခုလုံးကို ပြုလုပ်နိုင်မှသာ ထိပ်တန်းအဆင့် တာ့လော်အင်မော်တယ်တစ်ပါး ဖြစ်လာနိုင်သည်။

ထို့နောက် ကျန်းလန် အချိန်ကြာမြင့်စွာ ထိုစာအုပ်ကို ဖတ်နေခဲ့သည်။

မိုးကောင်းကင်အင်မော်တယ်မှ တာ့လောအင်မော်တယ်ဖြစ်လာရန် အချိန်မည်မျှကြာအောင် ကျင့်ကြံရမည်ကိုတော့ ကျန်းလန် မသိရှိခဲ့ပေ။

သို့သော် ကိစ္စ မရှိပေ။

ယခု ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် အာရုံစိုက်ရမည့်အရာအားလုံးကို သူ မှတ်သားထားပြီး ဖြစ်သည်။ သူ့အတွက် လမ်းလွဲသွားနိုင်စရာ အကြောင်း မရှိတော့ပေ။

ထိုစဉ်…

"ယောက်ဖရေ… ယောက်ဖရေ… မင်း တံခါးပိတ်ကျင့်ကြံရာကနေ ပြန်ထွက်လာပြီလို့ သတင်းကြားလို့ လာလည်တာ"

လုန်မန်၏ အော်ကြီးဟစ်ကျယ်အသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ကျန်းလန် ပဟေဠိဖြစ်သွားပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။ သူ ယနေ့ပဲ တံခါးပိတ်ကျင့်ကြံရာမှ ပြန်ထွက်လာခြင်းဖြစ်လေရာ အဋ္ဌမမင်းသားက မည်သည့်နေရာက သတင်းကြားပါသနည်း။

ကျန်းလန် စာအုပ်များကို သိမ်းဆည်းလိုက်ပြီး ရင်ပြင်ဆီသို့ ထွက်လာခဲ့သည်။

ရင်ပြင်ဆီရောက်သည်နှင့် ကြောက်ရွံ့တုန်လှုပ်နေဟန် မျက်နှာဆီးရွက်လောက်ဖြင့် အဋ္ဌမမင်းသားကို တွေ့လိုက်ရသောကြောင့် ကျန်းလန် အံ့သြသွားရသည်။

တစ်ချိန်တည်းမှာပင် အဋ္ဌမမင်းသားထံ၌ နောက်ထပ် ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခု ရှိနေကြောင်း သတိပြုလိုက်မိသည်။

ထိုရောင်ဝါက "အထွတ်ထိပ်ချန်ယွမ်နဂါးမင်း" ထံမှ ရရှိထားခြင်း ဖြစ်နိုင်၏။

"ဒီကောင်ကတော့ တစ်နေ့တခြား တန်ဖိုးတက်လာပြီ"

ကျန်းလန် တွေးလိုက်သည်။

ယခင်တစ်ခေါက်က နဂါးမျိုးနွယ်များ အဋ္ဌမမင်းသားကို ပြန်ခေါ်မသွားနိုင်ကြပေ။

ယခုတော့ နဂါးမျိုးနွယ်ဘက်မှ မြင့်မားသည့်တန်ဖိုးတစ်ခုသာ မပေးလျှင် ခွန်လွန်တောင်ကလည်း အဋ္ဌမမင်းသားကို ပြန်လွှတ်ပေးတော့မည် မဟုတ်ပေ။

အဋ္ဌမမင်းသားတစ်ဘဝလုံး ခွန်လွန်တောင်တွင် နေရမည်လားဆိုသည်ကတော့ မပြောတတ်ပေ။

ကျန်းလန်က လုန်မန်အနားသို့ လျှောက်သွားလိုက်ပြီး…

"ဘာများဖြစ်လို့လဲ"

ဟု မေးလိုက်၏။

အဋ္ဌမမင်းသားက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ပြီး မည်သူမှ မရှိသည်မှာ သေချာတော့မှ စကားဆိုသည်။

"ယောက်ဖ… မင်း ယုံမှာတောင် မဟုတ်ဘူး ၊ ကျုပ် တတိယမြောက် အသံကြီးတစ်သံ ထပ်ကြားခဲ့ရတယ် ၊ ဒီတစ်ခါတော့ ကျုပ်တို့ နဂါးမျိုးနွယ်တွေဆီကအသံ ဖြစ်နိုင်တယ် ၊ အဲဒီအသံကြီးလည်းကြားပြီးရော ကျုပ် ခွန်လွန်တောင်ကနေပြန်ဖို့ အခွင့်အရေး အတော်နည်းသွားပြီလို့ ခံစားရတယ်"

ကျန်းလန် အဋ္ဌမမင်းသားအနားသို့ ချဉ်းကပ်လိုက်သည်နှင့် သူ၏ နတ်ဘုရားရာထူးကို ထိန်းချုပ်နိုင်စွမ်း ပိုမိုမြင့်မားလာသည်ကို ခံစားလိုက်ရပြီး အနည်းငယ် အံ့အားသင့်သွားသည်။

အဋ္ဌမမင်းသားတွင် ဤသို့သော သက်ရောက်မှုမျိုး ရှိနေသည်လား။ အဋ္ဌမမင်းသား ရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၃)ခုက အလွန်တန်ဖိုးရှိလှလေသည်။

ကျန်းလန်က…

"ဒီမှာနေရတာလည်း အဆင်မပြေတယ် မဟုတ်လား"

"အဆင်ပြေလွန်းလို့တောင် ခက်နေတယ် ၊ ဒါပေမဲ့ ဒီမှာ အကြာကြီးနေရာတော့မယ်လို့ ခံစားမိတော့… ခွန်လွန်တောင်မှာ တောင်တစ်တောင်လောက် အပိုင်ဝယ်လို့ရရင် ကောင်းမယ် ၊ ဒါမှ ကိုယ့်ဟာကိုယ် တောင်ဘုရင်လုပ်ပြီး နေလို့ရမှာဗျ"

ခဏမျှ စဉ်းစားပြီးမှ လုန်မန်က ဆက်ပြောသည်။

"အင်း .. ကျုပ်က တတိယတောင်ဘုရင်ပေါ့ ၊ ယောက်ဖနဲ့ အစ်မက ပထမတောင်ဘုရင်နဲ့ ဒုတိယတောင်ဘုရင် လုပ်ကြလေ"

ကျန်းလန် : "……"

All Chapters