← Chapters

ဥခွံမရှိနိုင်သည့် နဂါးလူသားလေးများ

Vol. 21 Ch. 290

ဥခွံမရှိနိုင်သည့် နဂါးလူသားလေးများ

Vol. 21 Ch. 290

အခန်း (၂၉၀) ဥခွံမရှိနိုင်သည့် နဂါးလူသားလေးများ

တောင်ဘုရင်… တဲ့။

အဋ္ဌမမင်းသား၏ ဂုဏ်သရေကြောင့် ထိုသို့သော ရာထူးမျိုးယူမည်ဆိုလျှင်လည်း လူအတော်များများက အသိအမှတ်ပြုကြမည်ပဲ ဖြစ်သည်။

သို့သော် ယခုလက်ရှိတွင် နဝမတောင်ထွတ်တွင် တပည့်တစ်ယောက် ရှိနေခြင်းကို အချို့တပည့်များ မသိရှိကြပေ။

အဋ္ဌမမင်းသားသာ တောင်ဖွင့်ပွဲကျင်းပပြီး ယောက်ဖဖြစ်သူကို တောင်ဘုရင်ဟု ကြေငြာလိုက်လျှင် သူက အလိုအလျှောက် နာမည်ကြီးဦးမည် ဖြစ်သည်။

ဤကိစ္စ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။ ကျန်းလန် ထိုအကြောင်း ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်၏။

"မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲအကြောင်း ဘာသတင်းကြားသေးလဲ"

ကျန်းလန်က စကားလမ်းကြောင်းလွှဲလိုက်သည်။

အဋ္ဌမမင်းသားက ခွန်လွန်တောင်နှင့် ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် လျှောက်သွားနေလေရာ အတော်လေး သတင်းစုံသည်။

ထို့ပြင် သေရည်ဆိုင်တွင် အချိန်ပြည် သေရည်သောက်နေသည့် လုန်ရဲ့ထံမှလည်း သူက သတင်းစကားများစွာ ရရှိလေသည်။

"ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးက လူတွေအတော်များများ မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲကို လာကြလိမ့်မယ်လို့ ကျုပ် သတင်းကြားတယ်"

အဋ္ဌမမင်းသားက ရင်ပြင်ထက်တွင် ထိုင်ချလိုက်ပြီး လက်များကို ခေါင်းအနောက်ဘက်တွင်ထားကာ မှီနေလိုက်သည်။

"ဥပမာပေးရရင် ကျုပ်တို့ နဂါးမျိုးနွယ်တွေလည်း လာကြမှာပေါ့ ၊ သူတို့ ခွန်လွန်တောင်ကို လာကြတာလည်း (၃)ခါလောက် ရှိနေပြီ ၊ ကျုပ်ကိုလည်း တစ်ခါမှ ပြန်ခေါ်မသွားနိုင်ကြဘူး ၊ အမေတောင်မှ ပြန်ခေါ်မသွားနိုင်ဘူး"

လုန်မန်က ဆက်ပြောသည်။

"ဒါပေမဲ့ အခုတစ်ကြိမ် လာကြမယ့် သူတွေထဲမှာ တန်ခိုးစွမ်းအားနည်းပါးတဲ့သူ တစ်ယောက်မှ မရှိဘူးတဲ့ ၊ အရင်တုန်းက ပြုလုပ်ခဲ့တဲ့ မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲတွေနဲ့ လုံး၀ မတူဘူး"

ကျန်းလန်က…

"ဘာ မတူတာလဲ"

ကျန်းလန်က တံမြက်စည်းတစ်ချောင်းယူကာ ရင်ပြင်ကို စတင် သန့်ရှင်းရေး လုပ်လိုက်သည်။ သူ တံခါးပိတ်ကျင့်ကြံပြီးကတည်းက နဝမတောင်ထွတ်တစ်ခုလုံး သန့်ရှင်းရေး မလုပ်ခဲ့ရပေ။

ရင်ပြင်တစ်ခုလုံး သစ်ရွက်ကြွေများ ဖုံးလွှမ်းနေပြီး တောင်ပေါ်လမ်းသည်လည်း မြက်ရိုင်းပင်များဖြင့် ပြည့်နေလေပြီ။

ရှောင်ယွိသာရှိလျှင် သူ့ကို ကူညီပြီး သန့်ရှင်းရေးလုပ်ပေးလေ့ရှိသည်။ သူမ ရှုတ်သောကြောင့် အလုပ်လုပ်ရသည်မှာ အချိန်နည်းနည်းပိုကြာသည့်တိုင် ပျော်စရာကောင်းလေသည်။

အဋ္ဌမမင်းသားက…

"အရင်က ဒီအတိုင်းပဲ ပညာဖလှယ်ကြတယ်လို့ ကြားဖူးတာပဲ ၊ ဒါပေမဲ့ အခု မှော်ရုံနယ်မြေတွေထဲကို ဝင်ရောက်ပြီး တာအိုဆွေးနွေးကြမယ်ဆိုလားပဲ"

ယခင်က ရင်ပြင်တွင်ပင် အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ယခုတော့ မှော်ရုံနယ်မြေထဲ အလုံပိတ်ပြီး အတင်းအကျပ် တိုက်ခိုက်ခိုုင်းတော့မည်လား။

ကျန်းလန် ပဟေဠိ ဖြစ်သွားသည်။

သစ်ရွက်ကြွေများကို တံမြက်စည်းလှည်းရင်း သူက မေးလိုက်သည်။

"နတ်မိစ္ဆာတွေလည်း လာမှာလား"

အဋ္ဌမမင်းသားက…

"နတ်မိစ္ဆာတွေတင်မကဘူးဗျာ… နတ်လူသားမျိုးနွယ်တွေ  ၊ ဇာမဏီမျိုးနွယ်တွေ ၊ မြေအောက်နတ်ဆိုးတွေ ချီလင်တွေ ၊ မှော်ဝိညာဉ်တောင်က မှော်ဆရာတွေ အကုန်လာကြမှာ"

ကျန်းလန်က…

"တစ္ဆေတိုင်းပြည်ကရော လာမှာလား"

အဋ္ဌမမင်းသားက ခေါင်းခါယမ်းရင်း…

"အာ… အဲဒါတော့ မသိဘူး"

တစ္ဆေတိုင်းပြည်ကတော့ အနည်းငယ်ထူးခြားသည့် တိုင်းပြည်တစ်ခုဖြစ်လေရာ လာမည်လား ၊ မလာမည်လား မသေချာပေ။

အဋ္ဌမမင်းသားက…

"အရင်ကတော့ သူတို့က မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲကျင်းပရင် မပါဝင်ကြဘူးလို့ကြားတယ် ၊ ဒါပေမဲ့ နောက်ဆုံးတစ်ခေါက် မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲတုန်းက ကျုပ်မှ မမွေးသေးတာ"

ကျန်းလန် : "……"

အင်မော်တယ်အဖြစ် မွေးဖွားလာသူ လုန်မန်က အတော်လေး အသက်ငယ်ရွယ်သေးကြောင်း ကျန်းလန် အမှတ်ရလိုက်သည်။

နှစ်ပေါင်း (၂၀၀) ခန့်သာရှိသေးသည် အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်သို့ ရောက်နေလေပြီ။

ယခု ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၃)ခု ရရှိထားသည်ဖြစ်ရာ သူ၏ ကျင့်စဉ်လမ်းသည်လည်း ချောမွေ့နေမည် ဖြစ်သည်။

ကျန်းလန် တံမြက်စည်းလှည်း၍ရစေရန် လုန်မန်က နည်းနည်း နေရာရွှေ့ကာ ထိုင်လိုက်သည်။

"ဒီတစ်ခေါက် ယောက်ဖလည်း မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲမှာ ပါဝင်မလို့လား"

နဂါးမင်းသားငယ်က မည်သို့ သန့်ရှင်းရေးလုပ်ရမည်ကို နားမလည်ပေ။ ထို့ကြောင့် ကျန်းလန်ကို ကူညီနိုင်ခြင်း မရှိပေ။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

"ဒီတစ်ခေါက်တော့ ပါဝင်ရမယ်ထင်တယ်"

"ကျုပ်လည်း ပါဝင်လို့ရမလားမသိဘူး ၊ ပါဝင်လို့ရရင်တော့ ကောင်းမှာပဲ"

လုန်မန်က ပြောလိုက်သည်။

ထို့နောက် သူက စိတ်ထဲသိပ်မထားဟန်ဖြင့် အခြားအကြောင်းများ ဆက်ပြောနေသည်။

"အခုတလေ သေရည်ဆိုင်က ကောင်လေးက ဇာမဏီမလေးနဲ့ အတော်အဆင်ပြေနေတာဗျ ၊ ကျုပ်သေရည်ဆိုင်ရောက်တော့ ကောင်လေးက အဲဒီကောင်မလေးရဲ့ အလုပ်တွေကို ကူလုပ်ပေးနေတယ်လေ"

"ဒီကိစ္စ အဆုံးသတ်လှမှာမဟုတ်ဘူးလို့ ကျုပ် ကောင်လေးကို ဆူပစ်ခဲ့တယ် ၊ လူဆိုတာ ပျော့ညံ့နေရင် စွမ်းအားကြီးမားတဲ့သူတွေ ဝါးမြိုသွားတာကို ခံရမှာပဲ ၊ ပြီးတော့ ဇာမဏီကောင်မလေးက လူသားတစ်ယောက် မဟုတ်ဘူး ၊ သူ့မှာ အချစ်နဲ့ပတ်သက်တဲ့ခံစားချက်မျိုး သိပ်မရှိနိုင်ဘူး"

"ဒီလိုကိစ္စမျိုးကို အင်အားသုံးပြီးတော့ပဲ ဖြေရှင်းသင့်တယ်"

အဋ္ဌမမင်းသား၏လေသံက စိတ်ပျက်လက်ပျက် ဖြစ်နေဟန်ပင်။

"ကောင်လေးက တကယ်တမ်းဆို ဘယ်လိုလူမျိုးလဲ ၊ သားရဲမျိုးနွယ်ဖြစ်တဲ့ ချုန်ချီသတ္တဝါ မဟုတ်ဘူးလား ၊ ဇာမဏီကောင်မလေးနဲ့ ယှဉ်ရင် နိမ့်ကျတာ ဘာမှ မရှိဘူး ၊ ဒါကို သူက ကောင်မလေးကို အထက်ဆီးကနေ မဆက်ဆံပင် ခေါင်းငုံ့အောက်ကျခံနေတယ်"

"ဒါက တကယ့်ကို ရှက်စရာပဲ ၊ ကံကောင်းတာက ယောက်ဖက သူ့ကို တန်ခိုးစွမ်းအားမြင့်မားအောင် ကျင့်ကြံဖို့ သတိပေးထားလို့သာပေါ့ ၊ နောက်တစ်ခါတော့ ဇာမဏီကောင်မလေးကို မာနထားပြီးဆက်ဆံဖို့ ကျုပ် ကောင်လေးကို သင်ပေးဦးမယ်"

"ဒါမှ သေရည်ဆိုင်ပိုင်ရှင်အစစ်က ဘယ်သူလဲဆိုတာ သဘောပေါက်ပြီး ဒီကောင်မလေး ကိုယ့်နေရာကိုယ် သိသွားမှာ"

ကျန်းလန်က သန့်ရှင်းရေးလုပ်ရင်း အဋ္ဌမမင်းသား ပြောဆိုနေသည့် စကားများကို နားထောင်နေသည်။

အဋ္ဌမမင်းသားက လတ်တလော သူ ကြုံတွေ့ရသမျှ ကိစ္စများအားလုံးကို ကျန်းလန်ကို ပြောပြနေ၏။

သေရည်ဆိုင်မှ ကောင်ငယ်လေးအတွက်တော့ မည်သူမဆို ထိုသို့ပင် တွေးကြမည် ဖြစ်သည်။ သို့သော် အဋ္ဌမမင်းသား ပြောသည့်စကားများထဲတွင် မှန်သည့်အချက် တစ်ချက်ရှိသည်။

သေရည်ဆိုင်မှ ကလေးငယ်သည် သူ့ကိုယ်သူအတော်လေး လျှော့တွက်ကာ နှိမ့်ချလွန်းသည်။ အမှန်ဆိုလျှင် ကောင်ငယ်လေးသည် ချုန်ချီသားရဲမျိုးနွယ်ဖြစ်သည့်အပြင် အဘိုးဖြစ်သူ၏ တန်ခိုးစွမ်းအားကလည်း အလွန်တရာ မြင့်မားလွန်းသည်။

ဆိုင်ရှင်အဘိုးသည် ခွန်လွန်တောင်မှ တောင်သခင်များဖြင့် အဆင့်အတူတူပင် ဖြစ်သည်။

ထိုသို့သောပုဂ္ဂိုလ်တစ်ယောက်၏မြေးငယ်က ဇာမဏီကောင်မလေးတစ်ယောက်ကို ထိုမျှ အောက်ကျနောက်ကျခံရန် လိုပါသလား။

ဇာမဏီကောင်မလေးက မျိုးနွယ်ထဲတွင် အဆင့်အတန်းမြင့်မားသူ မဟုတ်လျှင် ကောင်ငယ်လေးနှင့် မည်သည့်နည်းနှင့်မှ ယှဉ်နိုင်မည် မဟုတ်ပေ။

အဋ္ဌမမင်းသားဆိုလျှင် တန်ဖိုးကြီးမားလွန်းသဖြင့် သူ့ကို ပြန်လည်ရွေးယူရန် နဂါးမျိုးနွယ်များပင် မပေးဆပ်နိုင်ကြပေ။ ဇာမဏီကောင်မလေး၏ အဆင့်အတန်းက အဋ္ဌမမင်းသားထက် မြင့်မားနိုင်မည် မဟုတ်ပေ။

ညနေခင်းတွင်တော့…

နေရာအတော်များများကို ကျန်းလန် သန့်ရှင်းရေးလုပ်ပြီးသွားပြီ ဖြစ်သည်။ အဋ္ဌမမင်းသားကတော့ စကားပြော၍ မပြီးသေးပေ။

"ဒါနဲ့ ယောက်ဖ… ၊ ကျုပ် တစ်ခု သတိရသွားလို့"

အဋ္ဌမမင်းသားက မြက်ပင်များရိတ်သိမ်းရန် ကျန်းလန်ကို ကူညီပေးရင်း စကားဆိုသည်။

သူက မန္တန်အသုံးပြုပြီး ပေါင်းပင်များကို ရိတ်သိမ်း၍ရကြောင်း သိရှိသော်လည်း လက်နှစ်ဖက်ဖြင့်ပင် ကျန်းလန်ကို ကူညီပေးသည်။

လက်နှစ်ဖက်ထက် နဂါးလက်သည်းများအသုံးပြုလျှင် ပိုပြီးအဆင်ပြေနိုင်သည်ဟု ကျန်းလန်က တွေးလိုက်သည်။

သူက စကားပြန်မပြောဘဲ အဋ္ဌမမင်းသား ပြောသည့်စကားများကိုသာ နားထောင်နေသည်။

"လွန်ခဲ့တဲ့ရက်နည်းနည်းလောက်က တစ်ယောက်ယောက်က ကျုပ်ကို စောင့်ကြည့်နေတယ်လို့ ရုတ်တရက် ခံစားရတယ် ၊ နတ်မိစ္ဆာတွေ လိုက်ဖမ်းတာခံရတုန်းက ခံစားချက်မျိုးလေ ၊ ကျုပ်အထင် အဲဒါ လက်သီးနတ်ဘုရားနဲ့များ ပတ်သက်နေမလားမသိဘူး"

အဋ္ဌမမင်းသားက ကျန်းလန်ကို အလေးအနက်ထားကာ ပြောပြနေသည်။

"ယောက်ဖ… မင်းရော နတ်ဘုရားတွေရဲ့ နာမည်ကို မခေါ်ဘဲ အဲဒီလိုစောင့်ကြည့်ခံရတဲ့ ခံစားချက်မျိုး ခံစားဖူးလား"

အမှန်တော့ ကျန်းလန် မကြာခဏပင် ထိုသို့သောအတွေ့အကြုံကို ခံစားခဲ့ရသည်ပင်။

သာမန်လူများကို မည်သူမှ စောင့်ကြည့်မည် မဟုတ်ပေ။ သို့သော် အဋ္ဌမမင်းသားက သာမန်လူ မဟုတ်ပေ။

အဋ္ဌမမင်းသားက ကံကြမ္မာအခွင့်ကောင်းရောင်ဝါများ ရရှိထားသူ ဖြစ်လေရာ ကံကောင်းလွန်းသူ ဖြစ်သည်။ သို့သော် ထိုရောင်ဝါများကြောင့် အန္တရယ်ကို လက်ရပ်ခေါ်သလိုလည်း ဖြစ်နေနိုင်သည်။

ကျန်းလန်က…

"မင်း နတ်မိစ္ဆာတွေအနားကို မသွားသရွေ့ အန္တရယ် မရှိနိုင်ပါဘူး"

ထို့နောက် ကျန်းလန်က တောင်ပေါ်လမ်းအတိုင်း လမ်းလျှောက်သွားပြီး ပတ်ဝန်းကျင်မှ မြက်ပင်များကို တစ်ချက်တည်း ခုတ်ဖြတ်သွားသည်။

ထို့နောက် သူက အဋ္ဌမမင်းသားကို လှည့်ကြည့်လိုက်ပြီး…

"အချို့နတ်ဘုရားနာမည်တွေကတော့ ထုတ်ပြောဖို့ အန္တရယ်များပေမယ့် အချို့ကတော့ မင်းကို ကူညီမယ့်သူတွေလည်း ဖြစ်နိုင်ပါတယ်ကွာ"

ထိုစကားကိုကြားတော့ အဋ္ဌမမင်းသား ပြုံးလိုက်သည်။ စိတ်သက်သာရာလည်း ရရှိသွားသည်။

လုန်မန်က…

"ယောက်ဖ… မင်းနဲ့ အစ်မက ဘယ်တော့လောက် လက်ထပ်မှာလဲ ၊ နဂါးလူသားလေးတွေ ဘယ်လောက် မွေးဖို့ မင်း မျှော်လင့်ထားလဲ"

နဂါးလူသား…တဲ့။

သူ့သားသမီးလေးများ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက နဂါးဖြစ်နေပြီး အောက်ပိုင်းက လူသားဖြစ်နေလျှင် မည်သို့ ရှိမည်နည်းဟု ကျန်းလန် တွေးလိုက်သည်။

ထိုသို့သာဆိုလျှင် သူ့ သားသမီးလေးတွေတော့ သေချာပေါက် ရုပ်ဆိုးပန်းဆိုး ဖြစ်လာပေတော့မည်။

ကျန်းလန် ရိတ်ဖြတ်ထားသည့် မြက်ပင်များကို ဘေးသို့အသာချထားလိုက်ပြီး ဇဝေဇဝါ ဖြစ်နေတော့၏။

ကျန်းလန်က…

"အဋ္ဌမမင်းသားက ဥကနေ မွေးလာတာလား"

အဋ္ဌမမင်းသားက…

"ဟုတ်တယ်လေ ၊ ကျုပ်ရဲ့ ဥခွံက ကျုပ်ရဲ့ သံချပ်ကာပဲ ၊ မွေးရာပါအင်မော်တယ်တစ်ပါးရဲ့ ဥခွံက လုံး၀ ပြိုင်ဘက်ကင်းတယ်လေ"

သူက ဆက်ပြောသည်။

"ယောက်ဖနဲ့ အစ်မရဲ့ ကလေးမွေးလာရင် ကျုပ်ရဲ့ ဥခွံကို နည်းနည်းခွဲပြီး လက်ဆောင်ပေးမယ်လေ"

ရှောင်ယွိက ဥဥမှာလား ၊ ဒီအတိုင်း လူသားတွေလို ကလေးမွေးမှာလား။ ဤသည်က နည်းနည်းတော့ ပြဿနာ ရှိသည်။

လူသားတစ်ယောက်လိုမွေးမည်ဆိုလျှင် သူမ ဗိုက်ထဲမှာ ဥခွံက ကျန်ရစ်ခဲ့မည်လား။ သို့ဆိုလျှင် ဥခွံကို မည်သို့ ထုတ်ယူရမည်နည်း။

နဂါးတစ်ကောင်ကို လက်ထပ်ဖို့ မသင့်တော်ဘူးဟု ချက်ချင်းပင် ကျန်းလန် တွေးလိုက်မိသည်။ ထို့ပြင် အချိန်ရလျှင် ထိုသို့သောကိစ္စများကို လေ့လာထားရမည်ဟုလည်း စဉ်းစားမိ၏။

ရှောင်ယွိက နဂါးအသွင်မပြောင်းဘဲ လူသားပုံစံအတိုင်းသာ နေထိုင်မည်ဆိုပါက လူသားများကဲ့သို့ပင် ကလေးမွေးဖွားနိုင်မည်ဟု ကျန်းလန် မျှော်လင့်လိုက်သည်။

အဋ္ဌမမင်းသားက…

"နဂါးတစ်ကောင်မွေးဖွားလာတဲ့အခါ သူနဲ့ ဥခွံနဲ့က ဆက်နွယ်မှု ရှိတယ် ၊ တန်ခိုးစွမ်းအားတွေ ခိုင်မာလာစေဖို့ ဥခွံကို အသုံးပြုပြီး ကျင့်ကြံလို့ရတယ်"

ထို့နောက် လုန်မန်က တစ်စုံတစ်ခုကို စဉ်းစားနေရင်း…

"ဒါပေမဲ့ ယောက်ဖက လူသားလေ ၊ ဒီတော့ အစ်မက သာမန်လူသားလိုပဲ ကလေးမွေးမယ်ထင်တယ် ၊ ဥ မဥလောက်ဘူး ၊ ဒီတော့ ကလေးတွေမှာလည်း ဥခွံ မရှိလောက်ဘူး"

ဥခွံမရှိနိုင်သည့် နဂါးလူသားလေးများမှာ အတော်ပင် သနားစရာကောင်းလိမ့်မည်ဟု အဋ္ဌမမင်းသား တွေးလိုက်သည်။

ကျန်းလန်ကတော့ တိတ်ဆိတ်ငြိမ်သက်နေ၏။

သူ ထိုအကြောင်းကို ဆက်မစဉ်းစားတော့ဘဲ မြက်ပင်များကိုသာခုတ်ထွင်ရှင်းလင်းနေလိုက်သည်။ သူ ယနေ့ညတစ်ညလုံး နဝမတောင်ထွတ်ကို သန့်ရှင်းရေးလုပ်ရန် စဉ်းစားထားသည်။

ယခုရက်ပိုင်းအတွင်း သူ ကျင့်ကြံရန် အစီအစဉ် မရှိသေးပေ။ မိုးကောင်းကင်အင်မော်တယ်အဖြစ် အဆင့်တက်ပြီးနောက် စိတ်တည်ငြိမ်စေရန် အနားယူသင့်သည်။

မိုးကောင်းကင်အင်မော်တယ် ဖြစ်လာပြီးနောက် သူ ပိုမိုတန်ခိုးစွမ်းအားမြင့်မားလာသည်ဟု ခံစားရသည်။

သူ အပြင်သွားပြီး သူ၏ တန်ခိုးစွမ်းအားကို စမ်းသပ်ကြည့်ချင်သည်။ သို့သော် ဤသည်က အန္တရယ်များမည် ဖြစ်၏။

လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလာလျှင် အခြားသူများကို ရန်လိုလာမည် ဖြစ်သည်။ စွမ်းအားကြီးမားလာသည့်အခါ မာန်တက်လာသည့်စိတ်ထားကို မထိန်းချုပ်နိုင်လျှင် ကျိန်းသေ အန္တရယ် ကြုံတွေ့ရမည်ပင်။

ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာ မြင့်တက်လာသည့်အတွက် ပြိုင်ဘက်ကင်းပြီဟု မှတ်ယူ၍မရသလို ပေါ့ပေါ့ဆဆလည်း မနေသင့်ပေ။

နောက်တစ်နေ့နံနက်စောစောတွင်တော့ အဋ္ဌမမင်းသားက ကျန်းလန်ကို နှုတ်ဆက်ကာ ပြန်သွားလေသည်။

သူက တောကောင်အချို့ သွားဖမ်းမည်ဖြစ်ပြီး တောင်ဘုရင်လုပ်ရန် သင့်တော်သည့် တောင်တစ်တောင်ရှာဖွေမည်ဟုလည်း ပြောသွားသည်။

ကျန်းလန်က တစ်စုံတစ်ရာ ကန့်ကွက်ခြင်း မပြုခဲ့ပေ။

နဂါးမင်းသားက အစစ်အမှန်အင်မော်တယ်တစ်ပါး ဖြစ်သောကြောင့် တောင်တစ်တောင်ကို အုပ်စိုးနိုင်စွမ်းရှိမည်မှာ အသေအချာပင်။

ခွန်လွန်တောင်မှ တန်ခိုးစွမ်းအားမြင့်မားသည့်တပည့်များ ၊ တပည့်ရင်းများက ပြဿနာမရှာသရွေ့ အဋ္ဌမမင်းသား၏ တောင်ဘုရင်ရာထူးက ခိုင်မြဲနေမည် ဖြစ်သည်။

သို့သော်…

တောင်တစ်တောင်ကို ပိုင်ဆိုင်ခြင်းက ဘာအသုံးဝင်ပါမည်နည်း။

ကျန်းလန် ခေါင်းခါယမ်းလိုက်သည်။

ထို့နောက် ပန်းပင်လေးများကို ရေလောင်းပေါင်းသင်ပေးလိုက်သည်။ ရှောင်ယွိ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာလျှင် ပန်းများပွင့်လန်းနေစေရန် ရည်ရွယ်လေသည်။

မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲကတော့ အေးအေးဆေးဆေး ရှိမည့်ပုံ မရှိပေ။ သူနှင့်တွေ့ဆုံသူများက သူ့လိုပင် သိုသိုသိပ်သိပ် နေထိုင်သူများ ဖြစ်စေရန်သာ ကျန်းလန် မျှော်လင့်မိတော့၏။

All Chapters