← Chapters

ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသော ရွှေရောင်အလင်း ( ၁ )

Vol. 10 Ch. 150

ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသော ရွှေရောင်အလင်း ( ၁ )

Vol. 10 Ch. 150

မကြာခင် လီထူဂိုဏ်းမှလူတစ်စုက တောအုပ်ထဲမှထွက်၍ တောင်ပေါ်ရှိ ချိုင့်ဝှမ်းသို့ ရောက်လာကြသည်။

စုစုပေါင်းလူရှစ်ယောက်ရှိပြီး သူတို့အားလုံး သွေးရောင်နေတံဆိပ်ခတ်နှိပ်ထားသော အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ ၎င်းက ချောက်ချားစရာကောင်းပါသော်လည်း သူတို့ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသည့် အအေးဓာတ်က ပို၍ သိသာထင်ရှားနေသည်။

အထူးသဖြင့် ဝတ်ရုံများ လွှမ်းခြုံထားသည့် သူတို့မျက်လုံးများပင်။ ရံဖန်ရံခါ အသက်ရှင်ရခြင်းကို ငြီးငွေ့နေသည့်အလား ခံစားချက်ကင်းမဲ့နေသည့် အေးစိမ့်စိမ့်အကြည့်များ ထိုဝတ်ရုံများအောက်မှ လှစ်ခနဲ ပေါ်လာတတ်သည်။

သေမင်းကို ထီမထင်ဟန်ရှိသည့် ထိုအမူအရာများကြောင့် ချိုင့်ဝှမ်းထဲရှိ လေလွင့်ကျင့်ကြံသူများနှင့် လူသားမဟုတ်သောကျင့်ကြံသူများကို သတိကြီးကြီး ထားသွားစေသည်။ ပင်လယ်တစ္ဆေဂိုဏ်းသည် ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် အမြဲတစေ နာမည်ကြီးနေခဲ့ပါသော်ငြား ယခုတွင် သူတို့အားလုံး အလွန် သတိထားနေကြပြီ ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်ခြင်းသည် လူသားသဘာဝအစိတ်အပိုင်းတစ်ခု ဖြစ်ပါသော်လည်း လီထူဂိုဏ်းမှ ထိုလူများမှာမူ ခံစားချက်ကင်းမဲ့သော လူသတ်စက်များ ဖြစ်ကြသည်။

သူတို့ လျှောက်လာသည်နှင့်အမျှ အအေးဓာတ်က ချိုင့်ဝှမ်းတစ်ခုလုံးကို လွှမ်းခြုံလာသည်။ လေလွင့်ကျင့်ကြံသူအများစု၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး ထွက်သွားရန် ရွေးချယ်လိုက်ကြသည်။

လီထူဂိုဏ်းက ထွက်သွားသော လေလွင့်ကျင့်ကြံသူများကို စောင်းငဲ့၍ပင် မကြည့်ပေ။ သူတို့က ရောက်သည်နှင့် ထိုင်ချလိုက်ပြီး လှုပ်ရှားခြင်းမရှိ ငြိမ်သက်သွားတော့သည်။

ရွှီချင်းက လီထူဂိုဏ်းသားများကို ဝေ့ကြည့်လိုက်သည်။ ယခင်က ရတနာမုဆိုးစခန်းထဲရှိ မိန်းကလေး၏ အစ်ကိုဖြစ်သူ ပါလာသည်ကို သူ မမြင်သည့်အတွက်ကြောင့် အကြည့်လွှဲ၍ ကျင့်ကြံရန် မျက်လုံးများကို မှိတ်လိုက်သည်။

ပန်းချွန်လမ်းမှ အဘိုးအိုမှာမူ ကျောက်တုံးကြီးနောက်သို့ ပြန်မသွားတော့ဘဲ အဆိပ်ဓာတ်ကင်းလွတ်သည့်နေရာတစ်နေရာကို ရှာ၍ ထိုင်ချလိုက်သည်။ သူက ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကိုသာမက ရွှီချင်းကိုပါ သတိထားနေသည်။ တချိန်တည်းမှာပင် စိတ်ထဲမှနေ၍ တီးတိုးရေရွတ်လိုက်၏။

“ ဒီကလေးက ဘာလို့ ဒီလောက်မြန်မြန်ကြီး သဘောတူလိုက်ရတာတုံး။ သေချာပေါက် သူ့မှာ ယုတ်မာတဲ့စိတ်ရှိလောက်တယ် ”

ထိုသို့ဖြင့် ဆယ်ရက်ကုန်လွန်သွားပြီး ချိုင့်ကြီးပတ်လည်က မွန်းကြပ်ကြပ် ခံစားနေရသည်။

ထိုဆယ်ရက်တာအတောအတွင်း ပင်လယ်ဖွတ်တစ်ကောင်မျှ ရောက်မလာခဲ့ပေ။

ထိုဖြစ်ရပ်က ဤနေရာရှိ ကျင့်ကြံသူအားလုံးကို စိတ်တထင့်ထင့် ဖြစ်လာစေသည်။ ပင်လယ်ရေပြင်ရှိ လှိုင်းများသည်လည်း တဖြည်းဖြည်း လျော့ကျလာပြီး ငြိမ်သက်လာသည်။

မုန်တိုင်းကြီးတစ်ခု ကျရောက်လာတော့မည့်အလားပင်။

ချိုင့်ဝှမ်းပတ်လည်ရှိ ကျင့်ကြံသူများသည်လည်း ထိုနည်းတူပင်။ သူတို့အားလုံး ငြိမ်သက်နေကြပြီး အဘိုးအိုဘေးရှိ မြွေကြီးသည်သာ ရွှီချင်းကို ကွက်ကြည့်ကွက်ကြည့်လုပ်ကာ တရွှီရွှီအသံပေးနေသည်။

ရွှီချင်းက ထိုအသံကို နားမလည်သလို စိတ်ဝင်စားခြင်းလည်း မရှိချေ။ သူ့ကိုယ်သူသာ အသင့်ပြင်ထား၏။

သူက ဓားမြှောင်ကို သန့်ရှင်းထားပြီးပြီဖြစ်ပြီး သံတုတ်ကလေးကိုလည်း ချွန်ထားလိုက်ပြီဖြစ်သည်။ မဟာမိတ်အတွက်မူ ပေါ့ပေါ့ပါးပါး သဘောတူလိုက်ခြင်းသာ ဖြစ်သည်။ အဘိုးအိုကို သူ ယုံကြည်မည် မဟုတ်ဘဲ အဘိုးအိုလည်း သူ့ကို ယုံကြည်နေမည်မဟုတ်ကြောင်း သူ သိသည်။

မွန်းကြပ်စရာပတ်ဝန်းကျင်က ဆယ့်တစ်ရက်မြောက်နေ့ ဆည်းဆာချိန်၌ ပြောင်းလဲသွားသည်။

ဆယ်ရက်ကျော်လွန်ပြီးနောက် ပင်လယ်ပြင်က နိုးထလာသည့်အလား လှိုင်းများ တဝုန်းဝုန်း ရိုက်ခတ်လာတော့သည်။

ပင်လယ်ပြင်မှ ကြောက်မက်ဖွယ်လှိုင်းကြီးများ လိမ့်တက်လာကာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ ထိုလှိုင်းများ ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းလာသောအခါ အဝေးတစ်နေရာရှိ ပင်လယ်ရေပြင်ပေါ်တွင် ရေဝဲအမြောက်အမြား ထွက်ပေါ်နေပြီး ကျွန်းဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသည်ကို ရွှီချင်း မြင်လိုက်ရသည်။

ကျင့်ကြံသူအများစုက ထိုမြင်ကွင်းကို သတိထားမိသွားကြပြီး ငြိမ်သက်သွားကြသည်။ သို့ပေမည့် သူတို့ ကျင့်ကြံခြင်းအခြေခံများအားလုံး လည်ပတ်လာ်နေပြီး အချိန်မရွေး လှုပ်ရှားရန် အသင့်ပြင်နေကြသည်။

မကြာခင် ပထမရေဝဲက ကမ်းခြေသို့ ဆိုက်ကပ်လာသည်။ ပင်လယ်ရေက တဝုန်းဝုန်းမြည်ဟည်းလျက် ဘေးပတ်လည်သို့ ရိုက်ခတ်သွားပြီးနောက် ပင်လယ်ရေမျက်နှာပြင်မှ ပေငါးရာရှည်ဟန်တူသော ဧရာမခရမ်းနက်ရောင်သတ္တဝါကြီးတစ်ကောင် ဘွားခနဲ ပေါ်လာပြီး ကမ်းခြေပေါ် တက်လာသည်။

ဆည်းဆာရောင်ခြည်တန်းများက ၎င်းအပေါ် ဖြာကျသွားရာ ရတနာချပ်ဝတ်တန်ဆာတစ်ခုကို ၎င်းက ဝတ်ဆင်ထားသည့်အလား ဖြစ်နေပေသည်။ ထိုရတနာချပ်ဝတ်တန်ဆာသည် နက်မှောင်သောအလင်းရှိပြီး အလွန် မာကြောတောင့်တင်းဟန်ရှိသည်။ တချိန်တည်းမှာပင် ၎င်း၏ခန္ဓာကိုယ်မှ ချီစုစည်းခြင်းအဆင့်ထက်သာလွန်သော ဖိအားတစ်မျိုး ထွက်ပေါ်လာသည်။

ထိုအရှိန်အဝါက ပြင်းထန်လွန်း၍ ဘေးပတ်လည်ရှိ သဲများ အဘက်ဘက်သို့ လွင့်ပျံသွားသည်။

၎င်းက အခြေတည်အဆင့်ပင်လယ်ဖွတ်ကြီးတစ်ကောင်ပင်။

၎င်း၏ကိုယ်ပေါ်ရှိ ရတနာချပ်ဝတ်တန်ဆာဖြစ်စေ၊ ၎င်း၏ခြေလက်များပေါ်ရှိ စူးရှချွန်ထက်သော ခြေသည်းလက်သည်းများဖြစ်စေ၊ ၎င်း၏ မျက်လုံးများထဲရှိ ဒေါင်လိုက်သူငယ်အိမ်အရဖြစ်စေ လွန်ကြူးသော သတ်ဖြတ်လိုသည့်စိတ်ကို လှစ်ဟပြသနေသည်။

ထို့အပြင် ၎င်းက အသိဉာဏ်ရှိသည်မှာ ထင်ရှားသည်။ ကမ်းခြေသို့ ရောက်ပြီးနောက် ခန္ဓာကိုယ်ကို ခါယမ်းကာ ကျွန်းတစ်ခုလုံးကို ခြုံကြည့်လိုက်သည်။ နောက်ဆုံး၌ အမြင့်ဆုံးတောင်ထိပ်ရှိ ချိုင့်ဝှမ်းကို ကြည့်လိုက်သည်။ ၎င်း၏မျက်လုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်တစ်ခု ပေါ်လာပြီး တဟုန်ထိုး ပြေးတက်သွားသည်။

အရှိန်အဝါက ပြင်းထန်လွန်းသည့်အတွက် ကျွန်းပေါ်မှ တောင်ထိပ်များပေါ်ရှိ ကျင့်ကြံသူများအားလုံး တုန်ရီကာ အသက်ရှူသံများ မြန်သွားကြသည်။ သူတို့မှာ ဖိနှိပ်ခံနေရသည့်အလား မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်နေကြ၏။

ထို့ပြင် အခြေတည်အဆင့် ပင်လယ်ဖွတ်က တစ်ကောင်တည်း မဟုတ်ပေ။

ပထမမြောက်ပင်လယ်ဖွတ်ပြီးနောက် ရေဝဲများ တဖြည်းဖြည်း ချဉ်းကပ်လာပြီး ဒုတိယမြောက်အခြေတည်အဆင့် ပင်လယ်ဖွတ်သည်လည်း ကမ်းခြေပေါ် တက်လာကာ တောအုပ်ထဲ ဝင်ရောက်သွားသည်။

နောက်ထပ် တတိယမြောက်ပင်လယ်ဖွတ်လည်း ထွက်လာသည်။

တတိယမြောက်ပင်လယ်ဖွတ်၏ အရှိန်အဝါက ပို၍ပင် အားကောင်းသည်။ ၎င်း၏ခန္ဓာကိုယ်က ပေတစ်ထောင်ရှည်လျားပြီး ကမ်းခြေပေါ် ရောက်သည်နှင့် ကောင်းကင်ကြီးကို ဟိန်းဟောက်မာန်ဖီလိုက်သည်။ ရုတ်တရက် ဘေးပတ်ဝန်းကျင်တွင် မုန်တိုင်းတစ်ခု ပေါ်လာပြီး အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားကာ တောအုပ်ထဲရှိ သစ်ပင်များအားလုံး ယိမ်းယိုင်သွားကြသည်။

ချိုင့်ဝှမ်းထဲရှိ ကျင့်ကြံသူများသည်ပင် ငါးညှီနံ့များကို အဝေးမှနေ၍ ရှူရှိုက်မိလိုက်ကြသည်။

ယခုအခါတွင် ကျင့်ကြံခြင်းအခြေခံ ဖိနှိပ်လာခြင်းသည် ပို၍ပင် ပြင်းထန်နေ၏။

ထိုအခြေတည်အဆင့် ပင်လယ်ဖွတ်များ၏ တုန်လှုပ်ချောက်ချားဖွယ်အငွေ့အသက်များကို အာရုံခံမိလိုက်သည့်အတွက်ကြောင့် ရွှီချင်း၏မျက်လုံးများသည်ပင် မှေးသွားသည်။

သူ သတိထားမိသရွေ့ ပထမပင်လယ်ဖွတ်နှစ်ကောင်သည်ပင် အလွန်အစွမ်းထက်နေပြီ ဖြစ်သည်။ နောက်ဆုံးတစ်ကောင်က ကြည့်မိရုံဖြင့် သူ၏မျက်လုံးများကို ထိုးကိုက်သွားစေသည်။

သူ မှင်သက်သွားရပြီး စိတ်ထဲတွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် အလျင်အမြန် နှိုင်းယှဉ်ကြည့်မိလိုက်သည်။ နှိုင်းယှဉ်ကြည့်ပြီးနောက် ရလာသည့်အခြေက အတော်လေး အစွမ်းနိမ့်သော ပထမဖွတ်နှစ်ကောင်သည်ပင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်နိုင်ကြောင်း သိလိုက်ရသည်။

“ အခြေတည်အဆင့်အလယ်အလတ်နှစ်ကောင်၊ နောက်ဆုံးကောင်က နှောင်းပိုင်းအခြေတည်အဆင့်ပဲ။ ပထမနှစ်ကောင်က ဝိညာဉ်ကျောက်တုံးတစ်သောင်းတန်တယ်။ နောက်ဆုံးတစ်ကောင်ကိုတော့ ကြမ်းခင်းဈေး ဝိညာဉ်ကျောက်တုံးတစ်သောင်းခွဲကနေ တစ်သောင်းခြောက်ထောင်ကြား ဖြစ်လောက်တယ်။ ရွှီချင်း၊ ဒီတစ်ခေါက် တကယ် ပူးပေါင်းကြမယ်ဟေ့ ”

ပန်းချွမ်လမ်းက ဝင်းလက်တောက်ပနေသော မျက်လုံးများဖြင့် အလျင်အမြန် ပြောလိုက်သည်။

ချိုင့်ဝှမ်းပတ်လည်ရှိ ကျင့်ကြံသူများ၏ အကြည့်များသည်လည်း စူးရှတောက်ပနေသည်။ ပင်လယ်တစ္ဆေဂိုဏ်းဖြစ်စေ၊ လူသားမဟုတ်သောမျိုးနွယ်ဝင်များဖြစ်စေ လောဘစိတ်များ တောက်လောင်လာ၏။ ဝိညာဉ်ကျောက်တုံးတစ်သောင်းဆိုသည့် ပမာဏက သူတို့ကဲ့သို့ ကျင့်ကြံသူများကို ဆွဲဆောင်အား ကြီးလွန်းလှသည်။

ရွှီချင်းသည်လည်း တည်ကြည်လေးနက်စွာဖြင့် တစ်ကောင်ပြီးတစ်ကောင် လျှောက်လာနေသော အခြေတည်အဆင့် ပင်လယ်ဖွတ်များကို ကြည့်၍ ပြင်းထန်သော အန္တရာယ်အငွေ့အသက်များကို ခံစားမိလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆံပင်များအားလုံး ထောင်မတ်နေပြီး သူ၏အရေပြားသည်ပင် အနည်းငယ် တုန်ခါနေသည်။

All Chapters