ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသော ရွှေရောင်အလင်း ( ၂ )
Vol. 10 Ch. 151
ယင်းမှာ သူ့အရှိန်အဝါ ဖိနှိပ်ခံလိုက်ရခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ တချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်က ရွှီချင်းကို အချိန်မရွေးတိုက်ခိုက်ရန် ပြောနေသည်။
“ အခြေတည်အဆင့် ပင်လယ်ဖွတ်တစ်ကောင်ရဲ့ အရေခွံကို ငါ ရအောင် ယူနိုင်ရင် ဒီခရီးက သိပ်အကျိုးရှိသွားမယ်။ ပြီးတော့ ရလာမယ့်အကျိုးအမြတ်ကလဲ ငါ့မှော်လှေနဲ့ ငါ့ကျင့်ကြံခြင်းကို ထောက်ပံ့ပေးဖို့ လုံလောက်တယ်။ အချိန်အတိုင်းအတာတစ်ခုအထိ ဝိညာဉ်ကျောက်တုံးတွေကို ငါ ပူစရာလိုတော့မှာ မဟုတ်ဘူး ”
ရွှီချင်း၏ မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ မကြာခင်က သူ ရခဲ့သည့် ပင်လယ်ဖွတ်အရေခွံကို ပေါင်းလိုက်လျှင် ဝိညာဉ်ကျောက်တုံးနှစ်ထောင်ခန့်ရှိသည်။ လမ်းတစ်လျှောက် ရခဲ့သည့် ဂိုဏ်းတူအစ်မတင်း၏ ပစ္စည်းများနှင့် သူ သတ်ခဲ့သည့်လူများ၏ ပစ္စည်းများပါ ထည့်တွက်လိုက်ပါက ဝိညာဉ်ကျောက်တုံးလေးထောင်ခန့် ရှိနေပြီဖြစ်သည်။
“ အခြေတည်အဆင့် ပင်လယ်ဖွတ်အရေခွံတစ်ခုလောက် ရအောင်ယူပြီး ဒီနေရာက ထွက်သွားမယ် ”
ရွှီချင်း ဆုံးဖြတ်ပြီးသွားသည်နှင့် တောင်ခြေမှ ကျယ်လောင်သောအသံကြီး မြည်ဟည်းသွားသည်။ အခြေတည်အဆင့်ပင်လယ်ဖွတ်သုံးကောင်က တောင်ထိပ်သို့ ချဉ်းကပ်လာနေကြပြီ ဖြစ်သည်။
၎င်းတို့က ပျံသန်းမသွားဘဲ ကမူးရူးထိုး တွားသွားတက်လာပြီး သစ်ပင်များထဲ ပွတ်တိုက်သွားကာ ၎င်းတို့အရေခွံများအား ချွတ်ရလွယ်ကူစေရန် လုပ်လိုက်သည်။
၎င်းတို့က တောင်ထိပ်သို့ အလျင်အမြန် ရောက်ရှိလာကြပြီး ချိုင့်ထဲ တဝုန်းဝုန်း ပြေးဝင်သွားသည်။
၎င်းတို့၏ခန္ဓာကိုယ်က အရွယ်အစားကြီးမားလွန်းသည့်အတွက်ကြောင့် ချိုင့်ဝှမ်းထဲ ၎င်းတို့ သုံးယောက် ဝင်ရောက်လိုက်သည့်အခါ ချိုင့်ဝှမ်းတစ်ဝက်ကျော်ကို နေရာယူထားပြီးသား ဖြစ်သွားသည်။ အခြေတည်အဆင့်သတ္တဝါကြီးများကို အနီးကပ် တွေ့လိုက်ရသည့်အတွက်ကြောင့် ဘေးပတ်လည်ရှိ ကျင့်ကြံသူများအားလုံး အသက်ရှူရပ်မတတ် ဖြစ်သွားကြသည်။
ခဏအကြာ ၎င်းတို့က ကောင်းကင်ကြီးကို မော့ကြည့်၍ ဟိန်းဟောက်မာန်ဖီလိုက်သည်။ အခြေတည်အဆင့် ပင်လယ်ဖွတ်ကြီးသုံးကောင်၏ ဟိန်းသံက သေစေနိုင်သည်။
ထိုဟိန်းသံ ပဲ့တင်ထပ်သွားသည်နှင့် လောကကြီးတစ်ခုလုံး တဝုန်းဝုန်း မြည်ဟည်းနေသည့်အလားပင်။ ထိုအသံလှိုင်းများက ဘေးပတ်လည်သို့ လွင့်ပျံသွားသည်။
ခန္ဓာကိုယ်တောင့်တင်းခြင်းမရှိသော သို့မဟုတ် အချိန်မီ မရှောင်တိမ်းနိုင်သော ကျင့်ကြံသူများမှာ အပြင်းအထန် တုန်ရီသွားကြပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ကြသည်။
သစ်ပင်များသည်လည်း အသံလှိုင်းကို မခံနိုင်ကြဘဲ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။
အခြေတည်အဆင့်ပင်လယ်ဖွတ်များ၏ ဟိန်းသံများက အဖက်ဖက်သို့ ပျံ့နှံ့နေပြီး အနီးအနားရှိ တောင်များသို့လည်း သက်ရောက်သွားသည်။ သစ်ပင်များ ပျက်စီးသွားပြီး အဆင့်နိမ့်ကျင့်ကြံသူများမှာလည်း ရှောင်တိမ်းရန် အခွင့်အရေး မရလိုက်ကြဘဲ စူးစူးဝါးဝါးအော်ဟစ်ကာ လဲကျသွားကြသည်။
ရွှီချင်းမှာ ဒယိမ်းဒယိုင်ဖြစ်သွားပါသော်လည်း သူ့ခန္ဓာကိုယ်က လုံလောက်အောင် တောင့်တင်းနေပြီးသား ဖြစ်သည်။ အသံလှိုင်းများကြောင့် သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရမသွားပါသော်လည်း သူ့အောက်ရှိ သစ်ပင်မှာ အမှုန့်များ ဖြစ်သွားသည်။
ရွှီချင်းက သစ်ပင်ပျက်စီးသွားသည်ကို ဂရုမစိုက်ဘဲ မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး စွန်ရဲတစ်ကောင်ကဲ့သို့ အကြည့်မျိုးဖြင့် ချိုင့်ဝှမ်းထဲ စူးစိုက်ကြည့်လိုက်ပြီး အရေခွံလဲပြီးသွားမည့်အချိန်ကို စောင့်နေလိုက်သည်။
ပန်းချွမ်လမ်းမှအဘိုးအိုသည်လည်း လုံးလုံးလျားလျား အာရုံစိုက်နေသည်။ ဘေးပတ်လည်ရှိ အသံလှိုင်းများကို တောင့်ခံခဲ့ကြသော ပင်လယ်တစ္ဆေဂိုဏ်းသားများနှင့် လူသားမဟုတ်သော ကျင့်ကြံသူများသည်လည်း ထိုနည်းတူပင်။
ထိုသို့ဖြင့် လူအားလုံး စောင့်နေကြစဉ် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်လွန်သောအခါ ချိုင့်ဝှမ်းထဲရှိ အခြေတည်အဆင့်ပင်လယ်ဖွတ်သုံးကောင်အနက် အလယ်ပိုင်းအခြေတည်အဆင့် ပင်လယ်ဖွတ်နှစ်ကောင်က ခက်ခက်ခဲခဲရုန်းကန်ပြီးနောက် အရေခွံလဲပြီးသွားကြပြီ ဖြစ်သည်။
ပင်လယ်ဖွတ်အရေခွံများ အောက်ကျသွားပြီး လူအားလုံးက နာကျင်နေသော မျက်လုံးများဖြင့် ကြည့်နေကြစဉ် ပင်လယ်ဖွတ်များက အရေခွံအပိုင်းအစအကြီးကြီးကို ကိုက်၍ မျိုချလိုက်ကြသည်။ ပြီးသောအခါမှသာ ၎င်းတို့က ချိုင့်ဝှမ်းထဲမှ လေပေါ်သို့ ပျံတက်ကာ ဟိန်းဟောက်လိုက်ကြသည်။
ချွန်ထားသော အရေခွံများ၌ ကြီးမားသော အစိတ်အပိုင်းများ ပျောက်သွားခဲ့ပါသော်ငြား တုန်လှုပ်ချောက်ချားဖွယ်ရာအတိ ဖြစ်နေသေးသည်။ ထိုအရေခွံများက အလိုလို ကျုံ့သွားပြီး လက်တစ်ဝါးစာအရွယ် ဖြစ်သွားသည်။
ထိုအချိန်၌ ပင်လယ်တစ္ဆေအဖွဲ့ဝင်ဆယ်ယောက်ကျော် ပြေးထွက်လာကြသည်။ ဘေးပတ်လည်မှ လေလွင့်ကျင့်ကြံသူများနှင့် လူသားမဟုတ်သောကျင့်ကြံသူများလည်း ပြေးထွက်လာကြသည်။ တစ်ယောက်မှ ပင်လယ်တစ္ဆေဂိုဏ်းကို ဂရုမစိုက်ကြတော့ပေ။ ကြီးမားသော အကျိုးအမြတ်က သူတို့မျက်လုံးများကို လောဘရောင်လက်သွားစေသည်။
ပန်းချွန်လမ်းမှ အဘိုးအိုသည်လည်း ထိုနည်းတူပင် တဟုန်ထိုး ပြေးထွက်လာ၏။
ရွှီချင်းက ပို၍ပင် မြန်ဆန်သွက်လက်နေသည်။ တခဏလေးအတွင်း မလှုပ်မရှားရှိနေခဲ့သော လီထူဂိုဏ်းမှလွဲ၍ ကျန်ကျင့်ကြံသူများအားလုံး အလုအယက် ပြေးသွားကြပြီဖြစ်သည်။
ရွှီချင်းက သူနှင့်အနီးဆုံး အရေခွံကို ရွေးချယ်လိုက်သည်။ ပန်းချွမ်လမ်းမှ အဘိုးအိုသည်လည်း သူကဲ့သို့ ရွေးချယ်လိုက်သည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မတည့်ပါသော်ငြား အတိုင်းအတာတစ်ခုအထိ ပူးပေါင်းနေကြသေးသည်။ အမှန်စင်စစ် တစ်ယောက်ကိုတစ်ယောက်လည်း သတိထားနေကြသေး၏။
ရွှီချင်းက ကျင့်ကြံခြင်းအခြေခံအားလုံးကို လှည့်ပတ်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ ရေစက်များ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။ သူက ဓားမြှောင်တစ်လက်ကိုပင် ထုတ်၍ အေးစက်စက်ဝှေ့ယမ်းကာ ပင်လယ်တစ္ဆေဂိုဏ်းမှ လူသားမဟုတ်သော ကျင့်ကြံသူကို တိုက်ခိုက်လိုက်သည်။
ပင်လယ်တစ္ဆေဂိုဏ်းမှ ထိုကျင့်ကြံသူသည် ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီး အလွန်အစွမ်းထက်သည်။ သို့ပါသော်လည်း ရွှီချင်းက ပို၍ အစွမ်းထက်သည်။ သူက ညာလက်ကို လက်သီးအဖြစ် ဆုပ်၍ ထိုလူ၏ ဝမ်းဗိုက်ကို ထိုးနှက်လိုက်သည်။ သူ့နောက်မှ ‘ ပါ ’ အရိပ်က ဟိန်းဟောက်မာန်ဖီ၍ ရန်သူကို ဖိနှိပ်လိုက်သည်။
လူသားမဟုတ်သော ကျင့်ကြံသူက မာန်သွင်းကြုံးဝါး၍ တန်ပြန်တိုက်ခိုက်လိုက်သည်။ အဆောင်တစ်ရွက်ကိုပင် သူ ထုတ်လိုက်၏။ သို့သော်လည်း သူ ဒဏ်ရာအပြင်းအထန် ရသွားပြီး သွေးများ အန်ထုတ်လိုက်သည်။ အဆောင်က ပျက်စီးလုနီးပါးဖြစ်သွားပြီး သူသည်လည်း ပေခုနစ်ဆယ်၊ ရှစ်ဆယ်အကွာအထိ လွင့်သွားသည်။
ပန်းချွမ်လမ်းမှ အဘိုးအိုသည်လည်း ရွှီချင်းကဲ့သို့ ရက်စက်ကြမ်းတမ်းသည်။ သူ့ခန္ဓာကိုယ် ပတ်လည်မှ ကြိုးများ ရုတ်တရက် ထွက်ပေါ်လာပြီး သူနှင့် တိုက်ခိုက်နေသည့် လေလွင့်ကျင့်ကြံသူများနှင့် လူသားမဟုတ်သူများအားလုံးကို ချက်ချင်း ရစ်ပတ်သွားသည်။ တချို့ကြိုးများက ရွှီချင်းထံသို့ပင် ရှည်ထွက်လာ၏။
ရွှီချင်းက ထိုကြိုးများကို ပြန်လည်တွန်းထုတ်လိုက်ပြီး ပင်လယ်ဖွတ်အရေခွံကို ဆုပ်ယူရန် ပြင်လိုက်သည်။ ထိုစဉ် ဘေးပတ်လည်ရှိ ကြိုးများက သူ့ကို အလုအယက် ရစ်ပတ်လာကြပါသော်လည်း ရွှီချင်းက ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူက အေးစက်စက်နှာမှုတ်၍ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးနှင့် ချီကို ထုတ်ဖော်လိုက်သည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ဘေးပတ်လည်ရှိ ကြိုးများအားလုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ ပင်လယ်ဖွတ်အရေခွံဆီ သူ လက်လှမ်းလိုက်သည့်အခိုက် ပင်လယ်တစ္ဆေဂိုဏ်းမှ ကျင့်ကြံသူလေးယောက်က နီမြန်းနေသော မျက်လုံးများဖြင့် သူ့ထံ ပြေးဝင်လာကြသည်။ သူတို့အားလုံး မန္တန်လက်ကွက်များဖော်လိုက်ကြပြီး အန္တရာယ်မန္တန်များကို အသက်သွင်းလိုက်ကြသည်။
ပန်းချွမ်လမ်းမှ အဘိုးအိုသည်လည်း လေလွင့်ကျင့်ကြံသူများ၏ ဝိုင်းခြင်းခံလိုက်ရပြီး ရပ်သွားသည်။
ပင်လယ်ဖွတ်အရေခွံထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားကြသော ပင်လယ်တစ္ဆေဂိုဏ်းမှ ကျင့်ကြံသူနှစ်ယောက်လည်း ရှိသည်။ သူတို့ အောင်မြင်တော့မည့်အခိုက် ပင်လယ်ဖွတ်ဘေးရှိ လေထုကြီး ပုံပျက်ရှုံ့တွသွားပြီး မြွေကြီးတစ်ကောင် လေထဲ ပေါ်လာသည်။ ၎င်းက အရေခွံကို ပါးစပ်ဖြင့် ဆတ်ခနဲ လှမ်းကိုက်လိုက်သည်။
၎င်းမှာ အလွန် စိတ်လှုပ်ရှားနေဟန်တူပြီး အဘိုးအိုနှင့် ရွှီချင်းကို လှမ်းကြည့်ကာ ရွှီချင်းကို သွားရောက်အကူအညီပေးရန် ပြင်လိုက်သည်။ သို့သော်လည်း အဘိုးအို၏မျက်လုံးများ ဝင်းလက်သွားပြီး တဟားဟား ရယ်မောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ အဆောင်ရတနာအလင်းတန်းများ ဖြာထွက်လာပြီး ဘေးပတ်လည်ရှိ လူအားလုံးကို နောက်သို့ တွန်းထုတ်လိုက်သည်။ ထို့နောက် သူက မြွေကြီးထံ တဟုန်ထိုး သွားလိုက်သည်။
အဘိုးအိုက မြွေကြီးကို ပွေ့ဖက်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ သိပ်လိမ္မာတဲ့ကောင်မလေး၊ ကောင်းတယ်ဟေ့ ”
ရွှီချင်း၏နောက်ရှိ ‘ ပါ ’ အရိပ်က ဟိန်းဟောက်မာန်ဖီ၍ မီးတောက်များကို မှုတ်ထုတ်လိုက်ရာ သူ့ဘေးပတ်လည်ရှိ ပင်လယ်တစ္ဆေဂိုဏ်းဝင်အနည်းငယ်မှာ စူးစူးဝါးဝါးအော်ဟစ်၍ နောက်ဆုတ်လိုက်ကြသည်။ ရွှီချင်းက သူတို့ကို လှည့်၍ပင်မကြည့်ဘဲ အဘိုးအိုကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အေးစက်စက်ဝင်းလက်နေပြီး တဟုန်ထိုး သူ ပြေးသွား၏။
ထိုအချိန်၌ တစ်ယောက်မှ မနှောင့်ယှက်ဝံ့သော ပေတစ်ထောင်ရှည်သည့် ပင်လယ်ဖွတ်ကြီးက ကောင်းကင်ကြီးကို မော့ကြည့်၍ ဟိန်းဟောက်လိုက်သည်။
၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ပင်လယ်ဖွတ်အရေခွံ ကွဲထွက်ကာ ၎င်း၏ခန္ဓာကိုယ်သစ် တွားသွားထွက်လာသည်။ ၎င်း၌ ၎င်း၏အရေခွံကို ပြန်လည်ဝါးမျိုရန် အချိန်ရှိဟန်မတူဘဲ ကောင်းကင်ကြီးပေါ်သို့ တဟုန်ထိုး ပျံတက်သွားသည်။
၎င်း၏သွေးနှင့်ချီများက အခြေတည်အဆင့်မှ လွန်မြောက်တော့မည့်အလား ဆက်လက်ဖောင်းကားလာသည်။
၎င်း၏ ဟိန်းဟောက်သံကြီးသည်လည်း လေပြင်းမုန်တိုင်းတစ်ခုအလား ပျံ့လွင့်သွားကာ အသံလှိုင်းရိုက်ခတ်မိသည့်လူတိုင်း စိတ်များဗလာကျင်းသွားကြသည်။ ကျင့်ကြံသူအများစု၏ ဒွါရခုနစ်ပါးမှ သွေးများစီးကျလာနေစဉ် နှောင်းပိုင်းအခြေတည်အဆင့် ပင်လယ်ဖွတ်ကြီး၏ အရေခွံက ရုတ်တရက် ကျုံ့သွားပြီး အစိတ်အပိုင်းသုံးခုအဖြစ် ကွဲထွက်သွားသည်။
ထိုပင်လယ်ဖွတ်အရေခွံသုံးခုမှ ထွက်ပေါ်နေသော အရှိန်အဝါက ယခင်နှစ်ခုထက် သိသိသာသာ အံ့သြတုန်လှုပ်ဖွယ်ရာကောင်းနေသည်။ ၎င်းတို့အပေါ်တွင် ရွှေရောင်ဖျော့ဖျော့ပင် ဝင်းလက်နေ၏။
ထိုရွှေရောင်ဝင်းလက်လာသည်နှင့် တဝုန်းဝုန်းမြည်ဟည်းသံများ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။ မိုးသားတိမ်စိုင်များသည်ပင် စုဝေးလာကြပြီး နတ်အငွေ့အသက်တစ်ခု ပျံ့ထွက်လာရာ ရွှီချင်းမှာ ချီရွှဲ့ထုံဂိုဏ်းသို့ စဝင်လာခဲ့စဉ်က နတ်သတ္တဝါသွေး၏ ဖိအားနှင့် ရင်ဆိုင်လိုက်ရသလိုမျိုး တူညီစွာ ခံစားလိုက်ရသည်။
“ ဒါ … ငါ ခန့်မှန်းတာလွဲသွားတာပဲဟ။ ဒီနှောင်းပိုင်းအခြေတည်အဆင့် ဖွတ်ကြီးရဲ့ခန္ဓာကိုယ်မှာ တကယ်ကြီး နတ်အငွေ့အသက်ရှိနေတာပဲ။ ဒီဖွတ်ကြီးရဲ့အရေခွံတွေမှာ နတ်အငွေ့အသက်တွေ ပါနေတော့ တန်ကြေးကလည်း အများကြီး မြင့်တယ် ”
အဘိုးအို၏မျက်လုံးများ ပြူးကျယ်နေပြီး တအံ့တသြ ရေရွတ်လိုက်သည်။
ထိုအခါတွင် လီထူဂိုဏ်းဝင်အားလုံး၏ မျက်လုံးများ ပွင့်လာကြပြီး အေးစက်စက်ဝင်းလက်သွားကြသည်။ သူတို့အားလုံး ယခုအခိုက်အတန့်ကို စောင့်နေခဲ့ကြခြင်း ဖြစ်သည်။