← Chapters

တရုတ်နိုင်ငံက မင်းတို့ရဲ့ ဆိုးရွားတဲ့ အပြုအမူကို သည်းခံနေမှာ မဟုတ်ဘူး

Vol. 8 Ch. 111

တရုတ်နိုင်ငံက မင်းတို့ရဲ့ ဆိုးရွားတဲ့ အပြုအမူကို သည်းခံနေမှာ မဟုတ်ဘူး

Vol. 8 Ch. 111

“ဝုန်း”

ဂျပန်အသင်း၏ စခန်းမှ ပေါက်ကွဲသံနှင့်အတူ ဂိမ်းက အဆုံးသတ်သွားလေသည်။

ထိုအခါမှသာ ကြည့်ရှုသူများသည် မှင်တက်နေရာမှ တဖြည်းဖြည်း သတိဝင်လာကြပြီး အတွေးထဲ ဝုန်းဒိုင်းကြဲ

နေကြသည်။

[ယီးပဲ ငါတို့ နိုင်ပြီ၊ ငါတို့ နိုင်ပြီ၊ အရေးကြီးတဲ့ ကြေငြာချက်ကို သုံးကြိမ်တိုင်တိုင် ကြေငြာရမယ်ကွ]

[ဒါ မိုက်တယ်ကွာ၊ ဝိုင်နတ်ဘုရားက စောက်ရမ်း မိုက်တယ်၊ တစ်ယောက် ငါးယောက် ချတာ]

[ဒီလို နည်းဗျူဟာမျိုး … ငါ လေးစားမိသွားပြီ၊ ဝိုင်နတ်ဘုရားက တစ်သက်လုံး ငါ့စံပြပုဂ္ဂိုလ် ဖြစ်သွားပြီ]

[ငါတို့နိုင်ငံအတွက် ဂုဏ်ကျက်သရေကို ယူဆောင်လာတာပဲ၊ သူက ငါတို့နိုင်ငံအတွက် ဂုဏ်တက်ရအောင် လုပ်ပေးတာပဲ၊ ဝိုင်နတ်ဘုရား မင်းက သူရဲကောင်းပဲ]

[နည်းဗျူဟာရော ဖြေရှင်းနည်းရောက ပြီးပြည့်စုံတယ်၊ ဒါက အံ့ဩဖို့ ကောင်းလိုက်တာ]

[ဝိုင်နတ်ဘုရား ကျေးဇူးပြုပြီး မင်း ဂိမ်းကစားတာကို ဆက်ပြီး ထုတ်လွှင့်ပေးပါ၊ ငါ အတည်ပြောတာ၊ မင်း ဂိမ်းဆော့တဲ့အချိန်ဆို တအား မိုက်တာ]

…

ချက်ချင်းဆိုသလိုပင် ထောင်ချီသော ကောမန့်များ တက်လာသည်။ ထို့နောက်တွင် ချီးကျူးစကားများ မရေတွက်နိုင်အောင် ထွက်လာ၏။

ရဲ့လင်းချန်၏ နောက်ဆုံး အပြီးသတ် တိုက်ခိုက်ပုံက ရိုးစင်းသည်ဟု ထင်ရသော်လည်း နည်းနည်းလေးမှ အမှားခံ၍ မရချေ။ အခြေအနေကို သတိပြုနိုင်စွမ်း၊ လှည့်ကွက်၊ စိတ်အခြေအနေ တစ်ခုချင်းစီက သာမန်လူများ တည်ငြိမ်အောင် ထိန်းချုပ်နိုင်သော အရာ မဟုတ်ပေ။

ထို့အပြင် သူ၏ ရွှေမြန်မြန် ရှာနိုင်သော နည်းပေါ်တွင်လည်း အတော်လေး မူတည်သည်။

ရဲ့လင်းချန်ဘက်က Divine Rapier ကို ဝယ်လိုက်သောအချိန်က တကယ့် အချိန်ကောင်းပင်။

၎င်းကို ပြန်တွေးကြည့်ရုံနှင့်တင် ကြည့်ရှုသူများ စိတ်လှုပ်ရှားလာပြီး စိတ်အားထက်သန်မှုကြောင့် သွေးများ ပွက်ပွက်ဆူလာ၏။

Silencer နှင့် Slayer ကို အရင် ပစ်မှတ်ထားလိုက်ခြင်းမှာ သူတို့နှစ်ယောက်က magesများ ဖြစ်နေ သောကြောင့်ပင်။ သူတို့၌ မထင်မှတ်ထားသော ဖြစ်ရပ်များ ထုတ်နိုင်သော ထိခိုက်ပျက်စီးစေနှုန်းနှင့် ထိန်းချုပ်နိုင်စွမ်းများ ရှိသည်။ ထို့အပြင် mages များအားလုံးက ရှင်းရလွယ်လွန်းသော ပစ်မှတ်များ ဖြစ်သည်။ ထို့ကြောင့် သူတို့ကို သူ အရင် ရှင်းခြင်း ဖြစ်ပေသည်။

ရဲ့လင်းချန်က နောက်ဆုံးအကွက်ကို ထုတ်သုံး၍ တစ်ယောက်ချင်းစီကို လိုက်သတ်ခဲ့သည်။ သူသည် တည်တည်ငြိမ်ငြိမ်နှင့် စနစ်ကျကျ လှုပ်ရှားသည်။ ယင်းက ရဲ့လင်းချန်၏ အနိုင်ရမှုကို အဆုံးအဖြတ်ပေးသည့် အချက်ပင်။

မယုံနိုင်စရာ ကောင်းလှပြီး စိတ်လှုပ်ရှားစရာ ကောင်းလှသဖြင့် ကြည့်ရှုသူများ ရင်သက်ရှုမော ဖြစ်သွားရသည်။

များစွာသော ကြည့်ရှုသူများသည် အစောပိုင်းက ဂိမ်းကစားပုံများကို ပြန်မြင်ယောင်ရင်း ငိုင်တွေနေကာ မတင်းတိမ်နိုင် ဖြစ်နေကြသည်။

[ချီးပဲ ကံကောင်းတာပဲ၊ မင်းရဲ့ critical rate က မြင့်တာပဲကို၊ ဂိမ်းရဲ့စနစ်က မင်းဘက် လိုက်နေတာပဲ မဟုတ်ရင် မင်း ရှုံးမှာ]

ဂျပန်နိုင်ငံဘက်က အချိန်အတော်ကြာ နေပြီးမှ မခံချိမခံသာ ဖြစ်အောင် ပြောလာသည်။

[ဟဲဟဲ ကံကောင်းတာ ဟုတ်လား၊ မင်းတို့ အရှက်မရှိဘူးလား]

[အရှုံးကို ဝန်မခံချင်လို့ ကွေ့ဝိုက်ပြောနေတာလား၊ ဂျပန်နိုင်ငံဘက်က တော်တော် ရယ်ရတာပဲ၊ ဟမ် အရှုံးကို လက်မခံနိုင်ဘူးလား]

[စောက်ရူးတွေ သူတို့ဘက်က critical rate က ၂၅% ပဲရှိတာ၊ ငါ ပြန်ကြည့်ပြီးသွားပြီ၊ ဝိုင်နတ်ဘုရားရဲ့ critical rate က ၂၃% တောင် မရှိဘူး]

[မင်းတို့က ဘာလို့ ဂျပန်နိုင်ငံကို သွားပြောနေတာလဲ၊ ဒါ ခွေးကို သွားပြောတာနဲ့ အတူတူပဲ မဟုတ်လား]

[ဂျပန်ကကောင်တွေ ခွေးလို ဟောင်ဖို့ မမေ့နဲ့၊ မြန်မြန်လုပ် ငါတို့ စောင့်နေတယ်]

မရေတွက်နိုင်သော ပြစ်တင်ဝေဖန်သံများနှင့် ရင်ဆိုင်ရသောအခါ ဂျပန်ဘက်က ငါးယောက်လုံး ငြိမ်ကျ သွားသည်။

[တရုတ်နိုင်ငံက မင်းတို့ရဲ့ ဆိုးရွားတဲ့ အပြုအမူကို သည်းခံနေမှာ မဟုတ်ဘူး၊ ထွက်သွားစမ်း]

ရဲ့လင်းချန်က ပြန်ရေးလိုက်သည်။ တစ်ခဏအတွင်းမှာပင် ဂျပန်နိုင်ငံဘက်က အသင်းက ဘာမှမပြောဘဲ လိုင်းပေါ်မှ ဆင်းသွားသည်။ ဤသည်ကို လူတိုင်း မအံ့ဩကြချေ။

[အစ်ကို ဝိုင်နတ်ဘုရား၊ ဒီတစ်ခါ ကျွန်မ ရှင့်ကို တကယ် ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့သာ ရှုံးသွားရင် ကျွန်မအတွက်လည်း ဒါ အဆုံးသတ် ဖြစ်သွားမှာ စိုးရတယ်]

ဝူအာက စိုးရိမ်တကြီး ပြောလာသည်။

အကယ်၍ သူတို့ ရှုံးသွားလျင် အပြစ်တင်ခံရမည့်သူက သူမသာ ဖြစ်သွားလိမ့်မည်။ မရေတွက်နိုင်သော လူများက သူမနာမည်ကို ရိုက်ချိုးပေလိမ့်မည်။ ယင်းက ထုတ်လွှင့်သူဖြစ်သော သူမ အလုပ်အကိုင်၏ အဆုံးသတ် ဖြစ်သွားမှာပင်။

[ဒါလေးက ဂိမ်းလေးပဲကို၊ ငါ မင်းကို အပြစ်မတင်ပါဘူး]

ရဲ့လင်းချန် ပြုံးနေသည်။

[ကျွန်မ ဘယ်လို ကျေးဇူးပြန်ဆပ်ရမလဲ မသိတော့ဘူး၊ ကျွန်မတို့ ဒိတ်လုပ်ကြမလား၊ ခုနက ကျွန်မ ပြောခဲ့တဲ့ စကားကို ပြန်စဉ်းစားမလား]

ဝူအာက ဆက်ပြောလာသည်။

[ရှောင်ဝူ ဝိုင်နတ်ဘုရားကို အဲ့လို ဟာသတွေ ပြောနေတာ ရပ်လိုက်တော့]

ရဲ့လင်းချန် ပြန်မပြောခင်မှာပင် ကိုးလ်က အလျင်အမြန် ဖြတ်ပြောသည်။

[ဂျပန်ကို အနိုင်ယူပြီးပြီဆိုတော့ အားလုံး ပင်ပန်းနေမှာပဲ၊ အခု ငါတို့ ဆင်းသင့်ပြီ]

09 နှင့် ရည်းစားစာတို့ကလည်း ရဲ့လင်းချန်အား ကျေးဇူးတင်ပြီး လေးစားကြောင်း ပြောဆိုကြသည်။ ထို့နောက် အာလာပ သလာပတစ်ချို့ ပြောပြီးနောက် သူတို့အားလုံး လိုင်းပေါ်မှ ဆင်းသွားကြသည်။

ရဲ့လင်းချန် သူ၏ ရေပန်းစားမှု အချက်ကို တစ်ချက် ကြည့်လိုက်သည်။ အမှတ်က ၄၂,၃၈၉ မှနေ၍ ၁၅၆,၇၈၅ သို့ တက်သွားသည်။

သူ တစ်ခါတည်းနှင့် ရေပန်းစားမှုအမှတ် တစ်သိန်းကျော် ရသွားလေပြီ။

ယင်းက ရဲ့လင်းချန် ရဖူးသမျှထဲ၌ အများဆုံးပင်။

*ငါတို့လူမျိုးတွေက တကယ် မျိုးချစ်စိတ် ပြင်းတာပဲ၊ ဂျပန်ဘက်က ရန်စတာနဲ့ ရင်ဆိုင်ရတာနဲ့ ပရိသတ်တွေ အများကြီး ရလာတယ်၊ နောင်ကို ဂျပန်ဘက်က မကြာမကြာ ရန်စတဲ့ လုပ်ရပ်တွေ လုပ်လာပါစေလို့ ငါ မျှော်လင့်သား၊ ဒါမှ ငါ့အကြောင်း ထုတ်ပြနိုင်ပြီးတော့ ရေပန်းစားမှုအမှတ်တွေ ပိုရလာမှာ*

ရဲ့လင်းချန် တစ်ကိုယ်တည်း တွေးတော၍ ကျေနပ်နေသည်။

လက်ရှိ သူ့စွမ်းရည်ကို ကြည့်ပြီးနောက် ယခုတစ်ခေါက်တွင် ရဲ့လင်းချန်က သူ့ရေပန်းစားမှု အမှတ်ကို အလျင်စလို မဖြန်းတီးတော့ချေ။

*ဒါကို အရင် သိမ်းထားပြီးမှ အသုံးဝင်မယ့် ပညာအသစ်တွေ လေ့လာပြီးမှ အသုံးချဖို့ စဉ်းစားတာပေါ့*

…

ဟူယွီ ဌာနချုပ်၌ စနု့်ချမ်သည် နေရာမှာတင် ကြက်သေ သေနေပြီး သူ့လည်ပင်းက အဆက်မပြတ် တုန်နေသည်။ သူ အချိန်အတော်ကြာအောင် အသိစိတ် လွတ်နေ၏။

ကျိုးမင်သည်လည်း မှင်တက်နေသည်။ သူမကတော့ အထိတ်လန့်လွန်၍ မှင်တက်နေခြင်း ဖြစ်ပေသည်။

“ဒါ … ဒါရိုက်တာ စုန့်၊ ဝိုင်နတ်ဘုရားက … နိုင်သွားတာလား”

ရှောင်ကျန်းက အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလာပြီး တံတွေးကို မနည်းမျိုချ၍ ဖန်သားပြင်ကို ဆက်ကာ ကြည့်နေသည်။

“ကြည့်ရတာတော့ … သူ နိုင်သွားတဲ့ပုံပဲ”

စုန့်ချမ်၏ မျက်နှာက ပို၍ နီရဲလာပြီး မျက်လုံးများပင် စွေးစွေးနီလာ၏။ သူ အရူးသဖွယ် ရယ်မောကာ ရေရွတ် လိုက်သည်။

“ဟားဟားဟား … ဝိုင်နတ်ဘုရားက ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ၊ ဟားဟားဟား … သူက ငါတို့ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်မှန်း ငါ သိပြီးသားပဲ၊ ငါ သူ့အပေါ် လောင်းကြေးထပ်ခဲ့တာ မမှားဘူး”

“ဒါရိုက်တာစုန့် ခုနလေးတင် ကျွန်တော်တို့ ထုတ်လွှင့်ရေး ပလက်ဖောင်းက အွန်လိုင်း ကြည့်ရှုသူ အရေအတွက်က မြင့်လာတယ်”

ထိုစဉ် ဒေတာ အစီရင်ခံခြင်း ဌာနမှ တစ်စုံတစ်ယောက်က အလျင်စလို ဝင်လာပြီး ပြောလေသည်။

“ပြီးတော့ ကျွန်တော်တို့ ပလက်ဖောင်းက ဝေ့ပေါ်ရဲ့ ထိပ်တန်း ရှာဖွေမှု စာရင်းပေါ် ရောက်နေတယ်၊ Tencent သတင်းဌာနကတောင်မှ ဂိမ်းထုတ်လွှင့်မှုရဲ့ နိုင်ပွဲသတင်းကို တိုက်ရိုက် တင်ဆက်နေတယ်”

“ဒါရိုက်တာစုန့် ဝိုင်နတ်ဘုရားရဲ့ ချန်နယ်ကို ဆုပေးတာတွေက အရမ်း မြင့်တက်နေတယ်၊ ကိုးလ်နဲ့ ကျန်သုံးယောက်တောင်မှ ဆုတွေ မတရား ရနေပြီ”

အခြားတစ်ယောက်ကလည်း ထပ်အစီရင်ခံလာ၏။

“ဒီအရေအတွက်က ကျွန်တော်တို့ ပလက်ဖောင်းရဲ့ သမိုင်းမှာ အများဆုံး ဆုကြေး ရရှိတဲ့ စာရင်းကို စံချိန်ချိုး သွားပြီ”

“ဒါရိုက်တာစုန့် Aiku ဘက်က ဖုန်းဆက်လာပါတယ်၊ သူတို့ အစောပိုင်းက ပြိုင်ပွဲ ဗွီဒီယိုကို မူပိုင်ခွင့် ဝယ်ဖို့ စိတ်ဝင်စားနေပါတယ်တဲ့၊ ကျွန်တော်တို့နဲ့ သဘောတူညီမှု ဆွေးနွေးဖို့ ဆန္ဒရှိနေပါတယ်”

အခန်းထဲသို့ တတိယမြောက်လူက အလျင်စလို ဝင်လာပြီး ပြောလာလေသည်။ ထို့နောက်တွင်မူ နောက်တစ်ယောက်ကပါ ပြေးဝင်လာ၏။

“ဒါရိုက်တာစုန့် စီအီးအိုဝမ်ကို သတင်းပို့လိုက်ပါပြီ၊ သူ ဒီကို ချက်ချင်း လာနေပြီးတော့ တန်းပြီး အစည်းအဝေး ခေါ်ချင်တယ်လို့ ပြောလာပါတယ်”

ထိုပြိုင်ပွဲက ဂိမ်းလောကတွင်း၌ နိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ပေးရုံသာမက အလွန်လည်း စိတ်အပန်းပြေရသည်။ အထူးသဖြင့် ဝိုင်နတ်ဘုရား၏ ဂိမ်းကစားပုံနှင့် နည်းဗျူဟာများပင်။ ၎င်းတို့အား ဂန္တဝင် အဖြစ်အပျက်များကြား၌ အကောင်းဆုံးဟုပင် တင်စားရလောက်ပြီး လူအများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ပေးသော အရာပင်တည်း။

“ကောင်းတယ် ကောင်းတယ်၊ တစ်ယောက်ပြီးမှ တစ်ယောက် လာပါဟ အလျင်မလိုကြပါနဲ့”

စုန့်ချမ် တက်ကြွနေသည်။

“ဒီပြိုင်ပွဲကို ဆက်ပြီး ကြော်ညာထား၊ ဒီပြိုင်ပွဲရဲ့ ဗွီဒီယိုကို ပလက်ဖောင်းရဲ့ ပင်မစာမျက်နှာမှာ တင်ထားဖို့ မမေ့နဲ့ဦး၊ ဆယ်ရက်လောက် တင်ထားကွာ”

“သောက်ကံကောင်းသွားတာပါဟယ်”

ကျိုးမင်က စုန့်ချမ်ကို စိုက်ကြည့်လျက် တီးတိုး ရေရွတ်နေ၏။ သူမမျက်လုံးများသည် အားကျစိတ်တို့ကြောင့် အရောင်လက်နေသည်။

…

ညဆယ်နာရီခွဲတွင် အဆောင်မှူး၏ ထူးဆန်းသော အကြည့်အောက်၌ ရဲ့လင်းချန် အဆောင်သို့ စိုးရိမ်တကြီး ပြေးဝင်လာသည်။

မကြာသေးမီကမှ ရဲ့လင်းချန် အဆောင်ပြန်လာချိန် အလွန် နောက်ကျလာသဖြင့် အဆောင်မှူးကပင် သူ့အား မှတ်မိစ ပြုလာသည်။

ယခု သူ့၌ ပိုက်ဆံတစ်ချို့ ရှိပြီဖြစ်သဖြင့် အိမ်တစ်လုံးနှင့် ကွန်ပျူတာတစ်လုံး ဝယ်ထားသင့်နေလေပြီ။ သို့မှသာ သူ့အတွက် ပို၍ အဆင်ပြေ ချောမွေ့ပေမည်။

သူ လာမယ့် အပတ်အတွင်း အိမ်ရှာရန် အချိန်ဖယ်ထားသင့်သလော။

ရဲ့လင်းချန်က ဆုံးဖြတ်ချက် ပြတ်သားသော လူစားမျိုး ဖြစ်သည်။ သူ့၌ အကြံအစည် တစ်ခုရှိသည်နှင့် ထိုအတိုင်း ချက်ချင်း အကောင်အထည် ဖော်ချင်သည်။

အဆောင်သို့ ပြန်ရောက်သောအခါ အခန်းဖော်များက နိုးနေဆဲပင်။ ရှောင်ကမ်း၏ ခြေထောက်က ကောင်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

သူတို့ သုံးယောက်က ကွန်ပျူတာရှေ့၌ စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် တစ်စုံတစ်ရာကို တက်ကြွစွာ ဆွေးနွေးနေကြသည်။

“ရှောင်ရဲ့ မင်း ပြန်လာပြီပဲ၊ စောနတုန်းက ဝိုင်နတ်ဘုရားက ဂျပန်နဲ့ အသေအကြေ ချနေတာကွ၊ စောက်ရမ်း ကောင်းတယ်ကွာ”

“ရှောင်ရဲ့ မင်းရဲ့ ရှဲဒိုးဖီးန် ကိုင်ပုံကလည်း အတော်လေး ကောင်းတာပဲ၊ မင်း ကြည့်သင့်တယ်၊ မင်းလည်း ဒုတိယ ဝိုင်နတ်ဘုရား ဖြစ်လာနိုင်တာပဲကွ”

“ဝိုင်နတ်ဘုရားက ဒဏ္ဍာရီလာပဲကွ၊ ခဏလေး ပုန်းနေပြီးတော့ ပြန်ထွက်လာတာနဲ့ ဂျပန်ကောင်တွေကို ဘောင်းဘီ သေးစိုပြီး အိမ်ကို ငိုပြီး ပြန်ရအောင် လုပ်လိုက်တာ”

“တရုတ်နိုင်ငံက မင်းတို့ရဲ့ ဆိုးရွားတဲ့ အပြုအမူကို သည်းခံနေမှာ မဟုတ်ဘူး၊ အဲ့စကားက အတော်လေး အထက်စီး ဆန်တယ်လို့ ခံစားရတယ်ကွ၊ အဲ့စကားက ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကပဲ ပြောမယ့် စကားမျိုး၊ သူက ငါ့စံပြပုဂ္ဂိုလ် ဖြစ်ဖို့ ထိုက်တန်တယ်ကွ”

All Chapters