← Chapters

ရူးနေသော ရဲ့လင်းချန်

Vol. 8 Ch. 112

ရူးနေသော ရဲ့လင်းချန်

Vol. 8 Ch. 112

ရဲ့လင်းချန် ရယ်ရင်း ခေါင်းခါလိုက်ကာ သူ့အိပ်ရာပေါ် တက်လိုက်သည်။

“မနက်ပိုင်း အတန်းရှိတယ်လေ၊ မင်းတို့ကောင်တွေ မအိပ်သေးဘူးလား”

“အိပ်မယ် ဟုတ်လား၊ ငါတို့ နိုးနိုးကြားကြားနေပြီး ပါတီလုပ်သင့်တာကွ”

ရဲ့လင်းချန်

အိပ်မပျော်နိုင်သော ရှန်းက ပြန်ပြောလိုက်သည်။

“အဲ့ပြိုင်ပွဲကို ကြည့်ပြီးတော့ ငါတို့ စိတ်လှုပ်ရှားနေတာ၊ ငါတို့ DOTA ပွဲလေး နည်းနည်းလောက် စမလို့ လုပ်ရုံပဲ ရှိသေးတယ်၊ အဲ့ကိစ္စ ဖြစ်တာပဲ”

“ရှောင်ရဲ့ ဝိုင်နတ်ဘုရားကလွဲရင် ကျန်တဲ့ တင်ဆက်သူတွေက မင်းနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူးလို့ ငါ ထင်တယ်၊ မင်းသာ ရှိမယ်ဆိုရင် ငါတို့ အဲ့လို ဖြစ်မှာ မဟုတ်ဘူး”

အာလူးလေးက ပြောလာသည်။

“မင်း အဲ့ဒါ ဘာကိုပြောချင်တာလဲ သိလား၊ တကယ့် ထူးချွန်သူတွေက သာမန်လူတွေကြားထဲမှာ ပုန်းကွယ် နေတယ်လို့ ဆိုလိုတာပဲ၊ ရှောင်ရဲ့က နှိမ်ချပြီး နေနေလို့၊ ဂျပန်နိုင်ငံက သူ့ကို ယှဉ်နိုင်တဲ့ အရည်အချင်း မရှိဘူး”

ရှောင်ကမ်းက ရဲ့လင်းချန်ကို ကြားဝင်ဖြတ်၍ ပြောလာသည်။

“ရှောင်ရဲ့ မင်း ဘာလို့ စောစော အိပ်တာလဲ၊ ငါတို့ကို အဆင့်တက်အောင် ကူပေးပါဦးဟ”

ရဲ့လင်းချန် ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီး စိတ်မပါ လက်မပါဖြင့် ခုတင်မှထကာ သူတို့အား အောင်ပွဲ၏ အရသာကို ခံစားရစေရန် ကူညီပေးလိုက်သည်။

“ဟုတ်သားပဲ ရှောင်ရဲ့ အခု မင်းက ငါတို့ တက္ကသိုလ်ရဲ့ နာမည်အကြီးဆုံး ဖြစ်နေတာနော်၊ ဒီလို ဘတ်စကတ်ဘော စွမ်းရည်နဲ့ဆိုတော့ ငါတို့ဆီကနေ မင်းရဲ့ WeChat acc လာတောင်းတဲ့ မိန်းကလေးတွေ အများကြီးပဲ”

“မင်း သူတို့ကို ပြောပြလိုက်လား”

“ဘယ်ပြောမလဲ”

ရှောင်ကမ်းက တည်ကြည်လေးနက်သော မျက်နှာဖြင့် ပြန်ပြောလိုက်သည်။

“ငါက သူငယ်ချင်းကို အဲ့လို ရောင်းစားမယ့်ကောင်မျိုး ပေါက်နေလို့လား”

ထိုစည် ရှန်းက ညစ်ကျယ်ကျယ် ပြုံး၍ ပြောလာသည်။

“ရှောင်ရဲ့ မင်းရဲ့ WeChat acc က ငါတို့ရဲ့ အားသာချက်ပဲ၊ ငါတို့ကသာ သူတို့ကို ပြောလိုက်ရင် သူတို့ ငါတို့ကို မသိချင်ယောင် ဆောင်မှာပေါ့၊ ငါတို့ ဆက်ပြီး လျှို့ဝှက်ထားရင် သူတို့ ငါတို့ကို မုန့်တောင် ကျွေးလောက်တယ်”

ရဲ့လင်းချန် ခေါင်းခါလိုက်ပြီး သူ့အခန်းဖော်သုံးယောက်၏ အပြုအမူအတွက် ပြောစရာစကား မဲ့နေသည်။

“ဘတ်စကတ်ဘော ပြိုင်ပွဲပြီးတော့ တစ်ခြားဟာလည်း ရှိသေးတယ်”

အာလူးလေးက ဂိမ်းဆော့နေရင်း ဖြတ်ပြောသည်။

“အဲ့ကိစ္စက ငါတို့ တက္ကသိုလ်ရဲ့ website မှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားတာ၊ အဲ့ဒါက ဟွာချင်တက္ကသိုလ်ရဲ့ ရန်စတဲ့ ကိစ္စလေ”

“ရန်စတာ ဟုတ်လား”

ရဲ့လင်းချန်က ပြိုင်ဘက်အသင်းကို အသာလေး ရှင်းလင်းလိုက်ပြီးနောက် အာလူးလေးအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဟုတ်တယ် ဟွာချင် တက္ကသိုလ်နဲ့ ပီကင်း တက္ကသိုလ်က နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ်တွေလို့ အဆင့် သတ်မှတ်ခံ ထားရတာလေ၊ အဲ့တော့ အချင်းချင်း အတော်လေး ယှဉ်ပြိုင်ကြတယ်၊ နှစ်ကျောင်းလုံးက ဘတ်စကတ်ဘော အပါအဝင် ကိစ္စအားလုံးနီးပါးကို ပြိုင်ကြတယ်”

တစ်ခဏမျှ ရပ်လိုက်ပြီးမှ အာလူးလေးက ဆက်ပြောသ်ည။

“ပြီးခဲ့တဲ့နှစ်တွေက အားကစားဌာနက အမြဲ ပထမရတာ၊ အခု အားကစားဌာနက ရှုံးသွားတော့ ဟွာချင် တက္ကသိုလ်က ပီကင်း တက္ကသိုလ်ရဲ့ ဘတ်စကတ်ဘောအသင်းကို အချိန်နဲ့အမျှ ဆိုးရွား ယိုယွင်း လာတယ်လို့ စပြီး ပုတ်ခတ် ပြောဆိုလာတာ”

“ငါလည်း အဲ့ဒါကို ကြားလိုက်တယ်၊ အဲ့ဒါက အတော်လေး သက်ရောက်မှု ကြီးသွားတယ်”

ရှန်းက ခပ်ကျယ်ကျယ် ရယ်လိုက်ပြီးမှ ခနဲ့သောလေသံဖြင့် ဆက်ပြောသည်။

“ဒီကိစ္စက ဟဲဟွမ်ကို အတော်လေး ခေါင်းခဲသွားစေလောက်တယ်၊ သူ ဒါနဲ့ ခဏခဏ အပြောခံနေရတာလေ”

“ဟုတ်တယ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌရော အားကစားအသင်းကောင်စီရဲ့ ကော်မတီဝင် ဖြစ်နေတော့ ဟဲဟွမ် အတော်လေး အပြောခံနေရတာ”

ရှောင်ကမ်းက ဝင်ပြောလာပြီး ဆက်ပြောလေသည်။

“ဒါပေမဲ့ ပီကင်းတက္ကသိုလ်က ငါတို့အားလုံးရဲ့ မိခင်တက္ကသိုလ် မဟုတ်လား၊ ဟဲဟွမ် တက္ကသိုလ်က ငါတို့ကို ဒီလို သရော်တာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး”

“ဒီနှစ်ရဲ့ တက္ကသိုလ်ချင်း ဘတ်စကတ်ဘော ပြိုင်ပွဲနေ့ကို သတ်မှတ်ပြီးပြီလို့ ငါ ကြားလိုက်တယ်”

ရှောင်ကမ်းသည် ဘတ်စကတ်ဘောအသင်းနှင့် အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေသဖြင့် သူ့၌ သတင်း စုံလင်သည်က ထုံးစံပင်။

အာလူးလေး အံ့ဩသွားသည်.

“သူတို့ ဒီနှစ် စောလုပ်တာလား၊ အရင်နှစ်တွေတုန်းက နှစ်ဝက်လောက် ရောက်မှ ပြိုင်ပွဲတွေ စတာ မဟုတ်ဘူးလား”

“အင်း … ဟွာချင် တက္ကသိုလ်က ဒီနှစ်ရဲ့ ဘတ်စကတ်ဘော အသင်းကို အထင်သေးနေသော ပီကင်းတက္ကသိုလ် ကလည်း ကိုယ့်ကိုယ်ကိုယ် တော်ကြောင်း သက်သေပြချင်နေတယ်လေ”

ရှောင်ကမ်းက ရဲ့လင်းချန်ကို ကြည့်လိုက်သည်။

“ရှောင်ရဲ့ မင်းလည်း ဒီတက္ကသိုလ်က ကျောင်းသား တစ်ယောက်ပဲ၊ မင်းသာ ဝင်ပါရင် ငါတို့ သေချာပေါက် နိုင်ပြီးတော့ ငါတို့ တက္ကသိုလ်အတွက် ဂုဏ်တက်အောင် လုပ်ပေးနိုင်မှာ”

တက္ကသိုလ်ချင်း ဘတ်စကတ်ဘော ပြိုင်ပွဲဟု အမည်တပ်သော်လည်း တကယ်တမ်း၌ ပီကင်းတက္ကသိုလ်နှင့် ဟွာချင် တက္ကသိုလ်၏ ဘတ်စကတ်ဘော ပြိုင်ပွဲသာဖြစ်ပြီး ရှားပါးသော ဖြစ်ရပ် မဟတု်ချေ။ နှစ်တိုင်း ကျောင်းနှစ်ခုက ပြိုင်ပွဲပေါင်းစုံလုပ်၍ အချင်းချင်း ပြိုင်လေ့ ရှိသည်။

ရဲ့လင်းချန် ပြုံး၍သာနေသည်။

“အချိန်တန်ရင် ငါတို့ ကြည့်ကြတာပေါ့ကွာ”

သူသည် တက္ကသိုလ် မျက်နှာရမည့်ကိစ္စကို ကူညီနိုင်မည့် အခွင့်အရေးကို ငြင်းမည် မဟုတ်ပါ။ သို့သော် သူ့အရည်အချင်းကိုလည်း သူ ကြွားလုံး မထုတ်ချင်ပါ။ တကယ်တမ်းတွင် သူ့လက်ရှိအရည်အချင်းအရ တက္ကသိုလ် ကျောင်းသားအချို့နှင့် ယှဉ်ပြိုင်ခြင်းက လူကြီးက ကလေးကို အနိုင်ကျင့်နေသည်နှင့်တူကာ ဦးတည်ချက်မဲ့၍ ပျင်းစရာ ကောင်းလှသည်။

*ကံကြမ္မာကိုပဲ ဆုံးဖြတ်ခိုင်းရတော့မယ်*

….

ထိုသို့သောအချိန်၌ ဟဲယွမ်၏အဆောင်ခန်းတွင် အဆောင်နေသည့် ဘတ်စကတ်ဘောအသင်းမှ အဖွဲ့သားများ အားလုံး စုဝေးနေ၏။

လက်ရှိတွင် အားလုံးက ပီကင်းတက္ကသိုလ်၏ အွန်လိုင်းစာမျက်နှာကို သုန်မှုန်သော မျက်နှာဖြင့် စိုက်ကြည့် နေကြသည်။

“မြေယိုး ငါတို့ အဲ့ရဲ့လင်းချန် ကြွားလုံးထုတ်နိုင်အောင် လုပ်လိုက်မိတာပဲ”

ဟဲယွမ် ရေရွတ်လိုက်သည်။

“ပြီးတော့ ဟွာချင်တက္ကိသုလ်က အဲ့အရူးတွေ၊ သူတို့ ဘာကို လေကျယ်ချင်တာလဲ၊ ပြိုင်ပွဲနေ့ ရောက်လာတာကို စောင့်နေလိုက်၊ ငါ သူတို့ကို သူတို့အမေတွေတောင် မမှတ်မိနိုင်အောင် ဆော်ပြလိုက်မယ်”

“ဟွာချင်တက္ကသိုလ်က မနှစ်ကထက် ပိုတော်လာတယ်လို့ ငါ ကြားခဲ့တယ်၊၊ သူတို့ဆီမှာ ခရိုင်အဆင့် ဘတ်စကတ်ဘော ပြိုင်ပွဲအထိ ဝင်ပါဖူးတဲ့ ကျောင်းသားသစ် ရှိတယ်၊ သူ့ရဲ့ အခုန်စွမ်းရည်က ရူးချင်စရာပဲ”

တစ်ယောက် စိုးရိမ်တကြီး ပြောလာသည်။

“ခုန်နိုင်တော့ ဘာဖြစ်လဲ၊ ဒါ ကြည့်ကောင်းချင်ယောင် လုပ်နေတာ သက်သက်ပဲ”

“အဲ့ခွေးမသား ရဲ့လင်းချန်ကြောင့်သာ မဟုတ်ရင် ငါ ဟွာချင် တက္ကသိုလ်က သရော်တာကို ခံရမှာ မဟုတ်ဘူး”

“ဟဲယွမ် ဒါ ဘတ်စကတ်ဘောပြိုင်ပွဲအတွက် ဝင်ပါမယ့် အဖွဲ့ဝင်စာရင်းအကြမ်းပဲ၊ တစ်ချက် ကြည့်ကြည့်ဦး”

ဟဲယွမ်က နာမည်စာရင်းကို ယူ၍ တစ်ချက်ကြည့်လိုက်သည်။ စာရင်း၌ ပါသူ အများစုက အားကစားဌာနမှ လူများ ဖြစ်ပြီး မနှစ်က ဘတ်စကတ်ဘောပြိုင်ပွဲ၌ ထူးချွန်ခဲ့သော ကျောင်းသားအချို့ ဖြစ်လေသည်။

ရုတ်တရက် သူ့အကြည့်က တန့်ခနဲ ဖြစ်သွားပြီး မျက်မှောင်ကြုတ်သွားသည်။ သူသည် ဘောပင်ကို လှမ်းယူ၍ စာရင်းထဲမှ ရဲ့လင်းချန်၏ နာမည်ကို ချက်ချင်း ခြစ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါဆို အဆင်ပြေပြီ၊ ငါ ဒီနာမည်စာရင်းကို တက္ကသိုလ် စီမံခန့်ခွဲရေးဌာနကို တင်ပြပြီးတော့ သူတို့ကို ပြိုင်ပွဲလုပ်မယ့် နေ့အတွက် စီစဉ်ခိုင်းလိုက်မယ်”

ကျန်ရှိသော အချိန်များသည် ရဲ့လင်းချန်အတွက် အလွန် အကျိုးရှိသော အချိန်များ ဖြစ်သည်။

သူသည် အတန်းများ တက်ပြီး အားလပ်ချိန်၌ စာကြည့်တိုက်တွင် စာအုပ်များ ဖတ်ကာ သူ၏ ဗဟုသုတကို ကြီးမား တိုးတက်လာအောင် အကောင်းဆုံး ကြိုးစားနေ၏။

နည်းပညာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဂျာမန်၊ ဒတ်ချ်နှင့် တူရကီ ဘာသာစကားတို့ကို သူ လေ့လာခဲ့သည်။ သူ ဟင်းချက်နည်း စာအုပ်များကိုပင် ဖတ်ခဲ့သည်။

လေးရက်အတွင်း ပါရမီရှင်စနစ်၏ စွမ်းဆောင်ချက်ကိုပါ ပေါင်းလိုက်လျင် ရဲ့လင်းချန်သည် ပီကင်း တက္ကသိုလ်၏ စာကြည့်တိုက်တစ်ခုလုံးနီးပါးကို ဖတ်ပြီးသလောက် ဖြစ်နေ၏။

ပီကင်းတက္ကသိုလ်သည် အတိတ်ရာစုနှစ်က ဂုဏ်သတင်းကြီးသော တက္ကသိုလ်တစ်ခုဟု ခေါ်ဆိုထိုက်ပေသည်။ ကျောင်း၌ ရှိသော စာအုပ်အရေအတွက်က အထင်ကြီးလောက်စရာပင်။ ယင်းက ရဲ့လင်းချန်၏ ဗဟုသုတကို အဆင့်များစွာ တိုးတက်ကျယ်ပြန့်လာစေသည်။

တစ်ချိန်တည်းမှာပင် ရဲ့လင်းချန် ပြဿနာအချို့ကို ရှာတွေ့လာသည်။

ဘာသာစကားနှင့် ပတ်သက်သော ပညာများက အဆင်ပြေပါသည်။ ၎င်းတို့၏ စွမ်းရည်က တစ်ရာ ရာခိုင်နှုန်းသို့ အသာလေး တိုးတက်သည်။

နည်းပညာ၊ ဓာတုဗေဒ၊ ဆေးပညာ ဗဟုသုတနှင့် အခြားသော ပညာရပ်များ၏ စွမ်းရည်က အလွယ်တကူ တစ်ဆို့သွားသည်။

သူ စာအုပ်အားလုံးကို လှန်လှော ဖတ်ရှုလျင်တောင်မှ အမြင့်ဆုံး စွမ်းရည်က ရှစ်ဆယ် ရာခိုင်နှုန်းသာ ရှိသည်။

ဗဟုသုတအား အမျိုးအစားအလိုက် ခွဲခြားထားသည့်ပုံပင်။

ဘာသာစကားနှင့် သိုင်းပညာတို့အား သာမည ပညာများဟု သတ်မှတ်နိုင်သည်။ နည်းပညာနှင့် အခြားသော ပညာရပ်များကိုမူ အရေးကြီးသော ပညာများဟု ယူဆနိုင်၏။

သာမည ပညာများက အလွယ်တကူ လေ့ကျင့်နိုင်သော်လည်း အဓိက ပညာရပ်များက သူ့အား သတ်ဆိုင်သော သတင်းအချက်အလက် အားလုံးကို စုစည်းရန် လိုအပ်သည်။ ဥပမာအားဖြင့် နည်းပညာဆိုလျင် တစ်လောကလုံးရှိ နည်းပညာနှင့် သတ်ဆိုင်သော ဗဟုသုတကို သူ သင်ယူပါမှ တစ်ရာရာခိုင်နှုန်းသို့ ရောက်နိုင်သည်။

ယင်းက အလွန် ခက်ခဲလှပေသည်။

သူ လေ့လာချင်ပါသော်လည်း ယင်းတို့ကို သူ ဘယ်ကနေ လေ့လာရပါမည်နည်း။

ထို့အပြင် သတင်းအချက်အလက်များကို အဆင့်ခွဲခြားထားပြီး နိုင်ငံတိုင်းက ကာကွယ်ကြသည်။ သာမန်လူ တစ်ယောက်က ယင်းတို့ကို ရရန် မဖြစ်နိုင်ပေ။ ဤသည်က သူ့ကို အကြံအိုက်စေ၏။

*ထားလိုက်ပါတော့ ငါ အလိုက်သင့် နေရတာပေါ့*

ရဲ့လင်းချန် သက်ပြင်းချလိုက်ပြီးနောက် သူ့လက်ထဲမှ “ပရိုတစ်ယောက်လို မိတ်ကပ် ဘယ်လိုပြင်ရမလဲ” ဟူသော စာအုပ်ကိုသာ အာရုံစိုက်၍ ဖတ်လိုက်သည်။

* ပရိုတစ်ယောက်လို မိတ်ကပ် ဘယ်လိုပြင်ရမလဲကို ကိုယ်တိုင် လေ့လာခြင်း၊ မိတ်ကပ်ပညာစွမ်းရည် တစ်မှတ်*

* ပရိုတစ်ယောက်လို မိတ်ကပ် ဘယ်လိုပြင်ရမလဲကို ကိုယ်တိုင် လေ့လာခြင်း၊ မိတ်ကပ်ပညာစွမ်းရည် တစ်မှတ်*

* ပရိုတစ်ယောက်လို မိတ်ကပ် ဘယ်လိုပြင်ရမလဲကို ကိုယ်တိုင် လေ့လာခြင်း၊ မိတ်ကပ်ပညာစွမ်းရည် တစ်မှတ်*

…

ယောက်ျားသားတစ်ယောက်က ပန်းရောင်အဖုံးနှင့် စာအုပ်ကို ကိုင်ထားပုံက ဘယ်လိုဖြစ်ဖြစ် ထူးဆန်းနေ၏။

ဖြတ်သွားဖြတ်လာများက သူ့ကို တစ်ချက်ကြည့်ပြီး ထူးဆန်းသော မျက်နှာထားများနှင့် အနားမှ ရှောင်ထွက်သွားကြသည်။

*ဒါကြီးက … ရူးချင်စရာ ကောင်းလိုက်တာ*

All Chapters