မထင်မှတ်ထားသော တွေ့ဆုံမှု
Vol. 8 Ch. 113
ကြာသပတေးနေ့ အတန်းချိန်မရှိသည်ကို အကြောင်းပြု၍ ရဲ့လင်းချန်သည် ထိုနေ့၌ အိမ်တစ်လုံး လိုက်ကြည့်ရန် အသင့်ပြင်လိုက်သည်။
သူ့စိတ်ကူးထဲတွင် ကျောင်းနှင့်လည်းနီးပြီး ရေကန်နှင့်လည်း နီးသော နေရာတစ်ခုကို လိုချင်နေသည်။ ယင်းက သူ့အား တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကို ပေးစွမ်းသလို သူ၏ မနက်ပိုင်း လေ့ကျင့်ခန်းအတွက်လည်း အဆင်ပြေသည်။
ကံကောင်းသည်က ပီကင်းတက္ကသိုလ်သည် မြို့လယ်ခေါင်၌ ရှိမနေပေ။ ထို့ကြောင့် အိမ်ဈေးများကလည်း အသင့်အတင့်သာ ရှိပြီး တစ်စတုရန်းမီတာကို ပျမ်းမျှ ယွမ်ခြောက်သောင်းဝန်းကျင် ရှိသည်။ ၎င်းက ရဲ့လင်းချန် တတ်နိုင်သော အသုံးစရိတ်အတွင်း၌ ရှိနေပေ၏။ မြို့လယ်ခေါင်မှာသာဆိုလျင် ဈေးက တစ်စတုရန်းမီတာကို ယွမ်တစ်သိန်း ရှိပေလိမ့်မည်။
*ငါ ဝယ်မယ်ဆိုရင် အကောင်းဆုံးကို ဝယ်ရမယ်*
ပိုက်ဆံ လုံလုံလောက်လောက် ရှိသဖြင့် ရဲ့လင်းချန်သည် ကိုယ့်ကိုယ်ကိုယ် ခြိုးခြံနေမည် မဟုတ်ပါ။
လက်ရှိတွင် သူ့၌ ယွမ် ၅၅,၀၀၀,၀၀၀ ရှိသည်။ သူသည် ရှောင်ဖေးဖေးကဲ့သို့ အေးချမ်းသောနေရာ၌ စံအိမ်တစ်လုံး ဝယ်နိုင်ပေသည်။
တကယ်တမ်း၌ ၎င်းသည် ရဲ့လင်းချန်၏ စိတ်ကူးသက်သက်သာ ဖြစ်နေသည်။
မြို့တော်သည် နိုင်ငံတွင်း၌ အဖွံ့ဖြိုးဆုံး မြို့ဖြစ်သည်။ နေရာတိုင်း၌ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများစွာ ရှိသည်။ သတင်းအချို့ စုဆောင်းပြီးနောက် ရဲ့လင်းချန်သည် နှိုင်းယှဉ်လေ့လာရန် ပြခန်းများသို့ သွားလေ တော့သည်။
သူ အရောင်းပြခန်း ငါးခုကို သွားခဲ့သည်။ အရောင်းစာရေးတိုင်းက သူ့ကို အေးတိအေးစက်သာ ဆက်ဆံကြသည်။ ဘယ်သူမှ ရှေ့ထွက်လာပြီး သူ့ကို မနှုတ်ဆက်ချေ။ ရဲ့လင်းချန်က မေးခွန်းမေးတိုင်း သူတို့က အကျောကြီးနှင့်သာ ပြန်ပြောကြသည်။
ရဲ့လင်းချန်က သူတို့ကို စိတ်ထဲမထားချေ။ သူသည် ကျောင်းသားတစ်ယောက်လို ဝတ်ဆင်ထားပြီး တစ်ချက်ကြည့်ရုံနှင့် ငွေသန်းချီ အလွယ်တကူ သုံးနိုင်သော လူတစ်ယောက်နှင့် တူမနေပါ။
အရောင်းစာရေးများသည် လက်တွေ့ကျကျ တွေးတောရမည် ဖြစ်ပြီး သူတို့၏ မိသားစုများကို ထောက်ပံ့ရန် လိုအပ်ပေသည်။ သူတို့၏ အပြုအမူက အကျိုးသင့် အကြောင်းသင့် ဖြစ်သည်။
သူသည် နှိုင်းယှဉ်ရန်အတွက် အိမ်များ၏ တည်နေနှင့် ပတ်ဝန်းကျင်အနေအထားကိုသာ လေ့လာ၇◌န်သာ ဖြစ်သည်။ အိမ်တစ်လုံး ဝယ်ယူခြင်းက အသေးအဖွဲ ကိစ္စရပ် မဟုတ်ပေ။ သူ စိတ်အကျေနပ်ဆုံး အိမ်တစ်လုံးကို ရွေးချယ်မှ ရပေမည်။
အစောပိုင်းက သူ သွားကြည့်ခဲ့သော ကျားဟယ် အိမ်ခြံမြေလုပ်ငန်း၌ ကောင်းမွန်သော အိမ်များ ရှိသည်။ အထူးသဖြင့် ရေကန်ဘေးမှ စံအိမ်များ တန်းစီ၍ ရှိနေခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်က အဆင်ပြေချောမွေ့၍ အနေအထားက အေးချမ်းသည်။ ထို့အပြင် အပြင်အဆင်က ခမ်းနားပြီး သာယာသည်။ သူ ရွေးချယ်သင့်သော အရာပင်တည်း။
ထို့နောက် သူသည် တောင်စမ်းရေ အိမ်ရာကို ကြည့်ရန် စိတ်ကူးလိုက်သည်။ တောင်စမ်းရေ အိမ်ရာသည် ရဲ့လင်းချန် ရှာတွေ့ထားသမျှထဲ၌ အသင့်တော်ဆုံး ဖြစ်သည်။
နာမည်လိုပင် ယင်း၌ တောင်ကုန်းနှင့် ရေကန်တို့ ရှိသည်။ အခြားနေရာများနှင့် မတူသည်က ဤအိမ်ရာသည် ပန်းခြံတွင်း၌ တည်ဆောက်ထားခြင်း ဖြစ်သည်။ အတိအကျပြောရမည်ဆိုလျင် ၎င်းက ပန်းခြံ၏ အစိတ်အပိုင်း တစ်ခုပင်။ အိမ်ရာဝန်းအတွင်း၌ မြစ်တစ်စင်းလည်း ရှိသည်။ ပတ်ဝန်းကျင်က သာယာကောင်းမွန်ကြောင်း ပြောနေစရာပင် မလိုတော့ပါ။
ထိုသည်သာမက တောင်စမ်းရေ အိမ်ရာ၏ ပင်မဂိတ်အပြင်ဘက် ထွက်ထွက်ခြင်း၌ ဘူတာရုံတစ်ခု ရှိသည်။ ပီကင်း တက္ကသိုလ်ရောက်ရန် နှစ်ဘူတာမျှသာ စီးရသည်။ ပတ်ဝန်းကျင်က မြို့ထဲကဲ့သို့ လူမထူသလို ကျေးလက်ကဲ့သို့လည်း တိတ်ဆိတ် ခြောက်ကပ်မနေသဖြင့် နေထိုင်ရန် အသင့်တော်ဆုံး နေရာပင်။
သူ အရောင်းပြခန်းဘက်သို့ လျှောက်လာသည်။ သူ ထင်ထားသလိုပင် အရောင်းစာရေးတိုင်းက သူ့အား အရေးမစိုက်သလို တစ်ချက်သာ ကြည့်ကြပြီး နှုတ်ဆက်ရန်ပင် စိတ်ထဲမထားကြချေ။
ရဲ့လင်းချန်သည် အိမ်ပုံစံများကိုသာ ကြည့်ပြီး တောင်စမ်းရေ အိမ်ရာ၏ အတွင်းပိုင်းအပြင်အဆင်ကို ဂရုတစိုက် လေ့လာနေလိုက်သည်။
တောင်စမ်းရေ၏ အပြင်အဆင်သည် သူ ထင်ထားသည်ထက်ပင် ပိုကောင်းနေပြီး သစ်ပင်ပန်းမန်က ခြောက်ဆယ် ရာခိုင်နှုန်းကျော် ပါရှိသည်။ အထဲ၌ အထပ်မြင့် အဆောက်အဦးများ မရှိဘဲ စံအိမ်များသာ ရှိသည်။ အားလုံးနှင့် မတူဖြစ်နေသည်က ရှစ်ထပ် ဘန်ဂလိုလေးတစ်ခု ဖြစ်သည်။ ၎င်းက လူချမ်းသာများအတွက်သာ ဖြစ်နိုင်သည်။
အိမ်ပုံစံများက သုံးမျိုး ရှိသည်။ မိသားစုတစ်စုနေ ပုံစံ၊ လုံးချင်းနှင့် အဆင့်မြင့် အိမ်ပုံစံတို့ ဖြစ်သည်။ မိသားစု တစ်စုံနေ အိမ်လေးများက အကောင်းဆုံး မြေအနေအထားနှင့် ဈေးအတန်ဆုံး ဖြစ်ပြီး ရေကန်ကို လှမ်းမြင်ရသည့် မြင်ကွင်းပါ နေအိမ်၊ သို့မဟုတ် တောင်ကုန်းကို လှမ်းမြင်ရသည့် မြင်ကွင်းပါ အိမ်မျိုး ဖြစ်သည်။
“ဟဲ့ သွားစမ်း ဘေးဖယ်နေ”
ထိုစဉ် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။ ရုံးဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက ရဲ့လင်းချန်အား ဘေးသို့ တွန်းထုတ်ပြီး အထင်သေးသော မျက်နှာနှင့် ပြောလာသည်။
“ငါတို့ အလုပ်ကို ဝင်မနှောင့်ယှက်နဲ့”
ထိုအမျိုးသမီးသည် မျက်လုံးအိမ်ကျဉ်း၍ မေးရိုးကားကာ ပိန်ပါးပြီး အရပ်ရှည်သည်။ သူမ၏ စူးသော အသံနှင့်အတူ အသွင်အပြင်က အခြားသူများအပေါ် မယဉ်ကျေးသောပုံစံ ပေါက်သည်။
ရဲ့လင်းချန်ကို ဘေးသို့ တွန်းထုတ်ပြီးနောက် ထိုအမျိုးသမီး၏ အမူအရာက လုံးဝ ပြောင်းလဲသွားသည်။ သူမက မျက်လုံးပိတ်မတတ် ပြုံးပြီး သူမဘေးမှ ဝယ်သူအား မျက်နှာချိုသွေးသော လေသံဖြင့် ပြောလေ၏။
“မစ္စတာဝမ် ကျွန်မတို့ အိမ်ရာက မြို့တော်တစ်ခုလုံးမှာ အကောင်းဆုံး ပတ်ဝန်းကျင်ရှိတဲ့ အိမ်ရာပါ၊ အိမ်ရာထဲမှာ စိုက်ပျိုးထားတဲ့ သစ်ပင်ပန်းမန်အားလုံးက အရည်အသွေးကောင်းပါတယ်၊ ဒါကို တန်တယ်လို့ ပြောလို့ရပါတယ်၊ ပြိးတော့ ကျွန်မတို့ အိမ်ရာက ပန်းခြံနဲ့ ဆက်နေတာပါ၊ ဒါမျိုးက မြင်ရခဲပါတယ်”
သူမက အိမ်ရာ၏ ကောင်းကွက်များကို ဆက်လက်၍ ကြော်ငြာနေပြီး အိမ်ပုံစံများကို ဆက်ပြနေသည်။
“ဒီဘန်ဂလိုလေးကို တစ်ချက် ကြည့်ပါဦး၊ စတုရန်းမီတာ တစ်ရာ့တစ်ဆယ် ပါပါတယ်၊ မကြာသေးခင်ကမှ ယွမ် ၇.၅ သန်းဖိုး ဝယ်ရင် တစ်ဆယ် ရာခိုင်နှုန်း လျှော့ပေးဖို့ ဈေးချနေပါသေးတယ်”
သူမဘေး၌ စုံတွဲတစ်တွဲက သူမစကားကို ငြိမ်၍ နားထောင်နေသည်။ စုံတွဲက သူမစကားကြောင့် စိတ်လှုပ်ရှား သွားသော်လည်း တုံ့ဆိုင်းနေသေးသည်။
ရဲ့လင်းချန်က ထိုမိန်းမကို လျစ်လျူရှု၍ တောင်စမ်းရေ၏ နမူနာ အိမ်ပုံစံများကို ဆက်ကြည့်နေ၏။ အိမ်ပုံစံများက ကြည့်ကောင်းသလို နာမည်ကိုလည်း သူ သဘောကျသည်။
*ငါ ဒီမှာ တစ်နေရာလောက် ဝယ်လိုက်ရင် ကောင်းမလား၊ ငါ့ပိုက်ဆံက မိသားစုတစ်စုနေ စံအိမ်ကို ဝယ်နိုင်တဲ့အထိ လောက်ပါ့မလားတော့ မသိဘူး*
အချိန်တစ်ချို့ကြာပြီးနောက် အရောင်းစာရေးတစ်ဦးက သူ့ထံ လျှောက်လာသည်။
“လူကြီးမင်း အိမ်ရှာနေပါသလား”
*ဒီအသံက … အတော် ရင်းနှီးနေသလိုပဲ*
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားပြီး နောက်သို့ ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်သည်။
“ယွင်ရှီ”
“လင်း … လင်းချနန်လား”
ကျန်းယွင်ရှီ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်လုံးတွင် ဝေခွဲမရဟန် ပေါ်လာသည်။
“မင်း ဘာလို့ မြို့တော်ကို ရောက်နေတာလဲ”
ရဲ့လင်းချန် မေးလိုက်ပြီး မသိမသာ ဝမ်းသာသလို ခံစားလိုက်ရသည်။ ကျန်းယွင်ရှီက ရဲ့လင်းချန်ကို စိုက်ကြည့်၍ အံကြိတ်ကာ ပြောလိုက်သည်.
“ပေကျင်းက အလုပ်ပိုရှာလို့ရနိုင်တယ်လို့ ထင်လို့ ငါ ကံစမ်းဖို့ တက်လာခဲ့တာ”
“နင် မြို့တော်ကို လာရင် ငါနဲ့ ဒီလောက် နီးနေပြီပဲကို၊ ဘာလို့ ငါ့ကို အသိမပေးတာလဲ”
“ငါ ရောက်တာ မကြာသေးပါဘူး၊ ငါ နင့်ကို ဆက်သွယ်ဖို့ အချိန်မရလိုက်လို့ပါ”
ကျန်းယွင်ရှီ စိတ်လှုပ်ရှားနေသလို စိုးလည်းစိုးရိမ်နေ၏။
“ပြီးတော့ ငါ နင့်ကို ဒုက္ခမပေးချင်လို့ပါ”
“ငါတို့က တစ်ရွာတည်း ကြီးလာတာလေ၊ မင်းက ငါ့အတွက် မိသားစုလိုပါပဲ၊ မင်း အဲ့လို တွေးပူစရာ မလိုဘူး”
ရဲ့လင်းချန် ရယ်လိုက်သည်။
“မင်းက ဒီက အရောင်းစာရေးဆိုတော့ ပိုအဆင်ပြေသွားတာပေါ့၊ ငါ ဒီကနေ အိမ်တစ်လုံး ဝယ်မလို့”
“အိမ်ဝယ်မလို့လား”
ကျန်းယွင်ရှီ မျက်လုံးပြူးသွားပြီး ရဲ့လင်းချန်အား တအံ့တဩ ကြည့်လာသည်။ ဤလုပ်ငန်းမှ ရောင်းသော အိမ်တိုင်း၏ တန်ဖိုးသည် ကျန်းယွင်ရှီ အိပ်မက်ပင် မမက်နိုင်သော ပမာဏ ဖြစ်သည်။
သို့သော် ယခင်က ရဲ့လင်းချန် လောင်းကစား လုပ်ခဲ့သည်ကို ပြန်သတိရပြီး ကျန်းယွင်ရှီ နားလည်သွားသည်။ သူမက ရဲ့လင်းချန်ကို ခံစားချက် ရောထွေးနေသော အကြည့်ဖြင့် ကြည့်နေသည်။
*သူက သိပ်ထူးချွန်လွန်းတာပဲ*
“အင်း … ငါ့ကို လိုက်ပြလို့ရမလား”
“ရတာပေါ့”
ကျန်းယွင်ရှီ ခေါင်းညိတ်လိုက်သည်။
“တောင်စမ်းရေ အိမ်ရာက ဥရောပ ဗိသုကာပုံစံကို နမူနာယူထားပြီးတော့ အပြင်အဆင်က အီတလီပုံစံ သွားတယ်၊ အတွင်းပိုင်း အပြင်အဆင်အပြင်၊ မြေအောက်ခန်း၊ ဥယျာဉ်၊ ဆင်ဝင်နဲ့ ရှုခင်းကြည့်လို့ရတဲ့ အိမ်ငယ်လေး ရှိတယ် …”
ကျန်းယွင်ရှီက အရောင်းစာရေး အရည်အချင်း ရှိပုံပေါ်သည်။ သူမ၏ စကားအပြောအဆိုက ချောမွေ့သည်။ ထို့အပြင် သူမ၏ ယခင်က ပညာရေးက ကောင်းမွန်ပြီး စာတော်ပြီး စကားတတ်သည်။ ယင်းက သူမ၏ ဝယ်သူများအား သူမစကားကို နားထောင်ရုံနှင့် သက်တောင့်သက်သာ ဖြစ်စေသည်။ သူမ၏ လှပသော အသွင်အပြင်ပါ ပေါင်းလိုက်လျင် ဤနေရာ၌ ရှိနေခြင်းက သူမ၏ အရည်အချင်းကို ဖြုန်းတီးရာ ရောက်သည်ဟုပင် ရဲ့လင်းချန် ခံစားမိ၏။
ထိုစဉ် ခပ်ကျယ်ကျယ်အသံက ခန်းမအတွင်း ရိုက်ခတ်လာသည်။
“ကျန်းယွင်ရှီ နင် ဒီမှာ ဘာလုပ်တာလဲ၊ ပန်းကန်တွေဆေးပြီးပြီလား၊ အဝတ်ရော လျှောပြီးပြီလား”
အစောပိုင်းက ရိုင်းပျသော အမျိုးသမီးက ကျန်းယွင်ရှီကို အော်ငေါက်၍ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာသည်။
သူမ စိတ်အခြေအနေမကောင်းမှန်း သိသာလှသည်။ အစောပိုင်းက သူမ၏ ရောင်းချမှု ပွဲပျက်သွားသဖြင့် ကျန်းယွင်ရှီအပေါ် ဒေါသပုံချနေပုံရသည်။
*ပန်းကန်ဆေးတယ်၊ အဝတ်လျှော်တယ် ဟုတ်လား*
ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားသည်။ သူ ဝင်ဝင်လာခြင်းက ကျန်းယွင်ရှီကို မမြင်မိသည်က မထူးဆန်းတော့ချေ။
“မန်နေဂျာဟွမ် ကျွန်မ လုပ်ပြီးပါပြီ”
ကျန်းယွင်ရှီက ကြောက်လန့်စွာ ဖြေလိုက်သည်။
“အဲ့ဒါဆို အိမ်သာသွားဆေးစမ်း”
မန်နေဂျာဟွမ်က အေးစက်စက် အော်ငေါက်လိုက်ပြီးနောက် ရဲ့လင်းချန်ကို တစ်ချက်ကြည့်သည်။
“ကြည့်ရဆိုးလိုက်တာ၊ ဒီလို ငမွဲကိုများ စကားပြောဆိုနေရတယ်လို့ အချိန်ပုပ်တယ်၊ ဒီငမွဲကောင်ကြောင့် ငါ့လာဘ်တွေ တိတ်ကုန်တာ၊ မဟုတ်ရင် ငါ အရောင်းအဝယ်ဖြစ်ပြီး၊ ကံဆိုးလိုက်တဲ့နေ့ပါလား”