← Chapters

ကျုပ်သည်းခံနိုင်စွမ်းကို လာစမ်းနေတာလား

Vol. 8 Ch. 114

ကျုပ်သည်းခံနိုင်စွမ်းကို လာစမ်းနေတာလား

Vol. 8 Ch. 114

“မန်နေဂျာဟွမ် ဒါ ကျွန်မရဲ့ မိတ်ဆွေပါ၊ ပြီးတော့ ကျွန်မက သူ့ကို ဒီနားကို လိုက်ပြနေတာပါ”

ကျန်းယွင်ရှီက အောက်ကျို့စွာ ပြန်ပြောလိုက်သည်။

“ဪဪ ဒီငမွဲကောင် ဘယ်ကလာသလဲ မှတ်တယ်၊ လတ်စသက်တော့ နင့်သူငယ်ချင်း ဖြစ်နေတာကိုး၊ ဘယ်လိုလုပ် သူ့လိုလူက ဒီကနေ အိမ်တစ်လုံး ဝယ်နိုင်မှာလဲ၊ ဟာသပဲ”

မန်နေဂျာဟွမ်က လှောင်ရယ်လိုက်သည်။ ထို့နောက် သူမက ကျန်းယွင်ရှီအား သရော်သောအကြည့်ဖြင့် ကြည့်လာသည်။

“အိမ်သာသွားဆေးစမ်း၊ ထောင့်တွေအားလုံးမှာ သန့်နေအောင် လုပ်နော်”

ရဲ့လင်းချန်၏ အမူအရာက သုန်မှုန်လာပြီး မန်နေဂျာဟွမ်အား ခံစားချက် ကင်းမဲ့စွာကြည့်၍ ပြောလိုက်သည်။

“ယွင်ရှီက ဒီမှာ အရောင်းစာရေးပါ၊ သန့်ရှင်းရေးသမား မဟုတ်ဘူး၊ ခင်ဗျား ဘာလို့ သူ့ကို အိမ်သာဆေး ခိုင်းနေတာလဲ”

“ထွီ ငါက ဒီမှာ မန်နေဂျာပဲ၊ ငါ သူ့ကို ခိုင်းချင်တာ ခိုင်းလို့ရတယ်၊ ငါ့ကိစ္စကို ဝင်ပါရအောင် နင်က ဘယ်သူလဲ”

မန်နေဂျာဟွမ်၏ အမူအရာက ခက်ထန်လာသည်။

“ဒါ သူတောင်းစားတစ်ယောက် ရှိရမယံ့် နေရာ မဟုတ်ဘူး၊ ထွက်သွားစမ်း”

“ယွင်ရှီက ခင်ဗျားထက် ထူးချွန်ပြီး သာနေမှာကို စိုးနေတာပဲ၊ သူက ခင်ဗျားရာထူးကို ခြိမ်းခြောက်လာမှာကို ခင်ဗျား စိုးရိမ်နေတာ ဟုတ်တယ်မလား”

ရဲ့လင်းချန် ပျက်ရယ်ပြုလိုက်သည်။ သူသည် စိတ်ပညာနှင့် ပတ်သက်သော စာအုပ်အချို့ကို ဖတ်ခဲ့ဖူးသဖြင့် မန်နေဂျာဟွမ်၏ အတွေးကို အနည်းငယ် တွေးကြည့်ရုံဖြင့် နားလည်နိုင်သည်။

အသွင်အပြင်၊ အပြောအဆိုနှင့် ဆွဲဆောင်မှုအရဆိုလျင် ကျန်းယွင်ရှီက မန်နေဂျာဟွမ်ထက် အဆများစွာ ပို၍ သာလွန်သည်။ အကယ်၍ သူမသာ အရောင်းပိုင်း၌ တာဝန်ယူရလျင် ဝယ်သူများစွာက အိမ်ဝယ်ယူရန် စာချုပ်ချုပ် ကြလိမ့်မည်ဟု ရဲ့လင်းချန် ယုံကြည်သည်။

“သောက်ရေးမပါလိုက်တာ”

မန်နေဂျာဟွမ်က သူ့အား သေစေနိုင်သော အကြည့်တို့ဖြင့် ကြည့်လာသည်။

“မျိုးမစစ်ကောင် နင်က ဒီကောင်မရဲ့ ရည်းစားလို့ ငါ လောင်းရဲတယ်၊ ဆင်းရဲသား အရူးနှစ်ကောင် နင်တို့က လိုက်တော့လိုက်သား”

ရဲ့လင်းချန်သည် ဤအရူးမနှင့် အရေးမပါသော စကားများ အပြန်အလှန် ပြောနေရန် စိတ်မပါချေ။ သူက အိမ်တစ်လုံးကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“ယွင်ရှီ အဲ့အရူးမကြီးကို ထားလိုက်တော့၊ ဒီတစ်မိသားစုသုံး အိမ်က ဘယ်လောက်လဲ”

သူမဘေး၌ ရဲ့လင်းချန် ရှိနေသဖြင့် ကျန်းယွင်ရှီ မကြောက်တော့ဘဲ ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဒီလို တစ်မိသားစုသုံး နေအိမ်တွေက နေရာအမျိုးမျိုးမျာ ရှိတယ်၊ အဲ့အိမ်တွေထဲမှာမှ ဒီတော်ဝင်စံအိမ်က ဈေးအကြီးဆုံးပဲ၊ ပြီးတော့ နေရာလေးကလည်း ကောင်းတယ်၊ စုစုပေါင်း သုံးထပ်ပါတယ်၊ နေရာအကျယ်အဝန်းကလည်း စတုရန်းမီတာ ငါးရာကျော်တယ်၊ ကားဂိုဒေါင်၊ မြေအောက်ကားပါကင်နဲ့ မြေအောက်ခန်းအပြင် အခြား နေရာလွတ်တွေ အများကြီး ပါသေးတယ်၊ ဈေးကတော့ ယွမ် ၄၂ သန်း”

အခြားသော စံအိမ်များနှင့် ယှဉ်လျင် ဈေးက အနည်းငယ် ပိုမြင့်သော်လည်း တန်ပေသည်။ နေရာလွတ်များစွာ ရှိသဖြင့် နေရတာက ပို၍ သက်တောင့်သက်သာ ရှိသည်။

ပိုက်ဆံရှိခြင်းက အတော်လေး ကောင်းပေသည်။

“ကောင်းပြီလေ၊ ငါ ဒီအိမ်ကိုယူမယ်၊ မင်း စာရွက်စာတမ်းတွေ ပြင်ဆင်လိုက်တော့”

ရဲ့လင်းချန် အပြုံးနှင့် ပြောလိုက်သည်။

“အာ …”

ကျန်းယွင်ရှီ အလန့်တကြား ဖြစ်သွားသည်။

“လင်းချန် နင် အခန်းတွေကို အရင် မကြည့်တော့ဘူးလား၊ ငါ နင့်ကို အိမ် အရင်လိုက်ပြရင် မကောင်းဘူးလား”

“ရတယ်”

ရဲ့လင်းချန် ခေါင်းခါပြလိုက်သည်။

“မင်း စာရွက်စာတမ်းတွေသာ အသင့်ပြင်လိုက်ပါ၊ ငါ ချက်ချင်း ငွေချေနိုင်တယ်၊ ငွေသားနဲ့နော်၊ ငါ သော့တွေကိုတော့ မြန်မြန်လိုချင်တယ်”

အစက မန်နေဂျာဟွမ်သည် ရဲ့လင်းချန် လေကျယ်နေသည်ဟု ထင်နေသေးသည်။ သို့သော် သူ၏ နောက်ဆုံး စကားကိုကြားသောအခါ သူမ မျက်လုံးပြူးသွားလေသည်။ သူမ၏ မျက်လုံးများက အရောင်တောက်လာပုံ ပေါ်ပြီး ရဲ့လင်းချန်အား ကံကောင်းခြင်းနတ်ဘုရားသဖွယ် မြင်ယောင်လာ၏။

*မိသားစုတစ်စုနေ စံအိမ်ကို ဝယ်မယ် ဟုတ်လား၊ လက်ငင်း ငွေသားနဲ့ပေါ့လေ*

“ဟီးဟီးဟီး လူကြီးမင်း ကျွန်မ ရှင့်ကို စတွေ့ကတည်းက ရှင်က ထူးခြားနေတယ်လို့ ကျွန်မ ခံစားမိတာပါ၊ ကျွန်မနောက် လိုက်ခဲ့ပါ၊ ကျွန်မ ရှင့်အတွက် စာရွက်စာတမ်းတွေ ပြင်ဆင်ပေးပါ့မယ်”

ထိုသို့ပြောပြီး သူမက ကျန်းယွင်ရှီကို တွန်းထုတ်ကာ ရဲ့လင်းချန်၏ အရှေ့သို့ တိုးလာသည်။

သူမ တိုက်ခန်းတစ်ခန်း ရောင်းရလျင် သူမ ကော်မရှင်ခ သုံးရာခိုင်နှုန်း ရပေမည်။

အိမ်များကို ဝယ်သူများက လိုချင်ကြသော်လည်း မပေးနိုင်ကြချေ။ အကယ်၍ သူမ အိမ်တစ်လုံး ရောင်းရလျင် ချမ်းသာပေတော့မည်။ ကော်မရှင်ခက အနည်းဆုံး ယွမ်တစ်သန်းလောက် ရှိနိုင်သည်။

ဤသည်က ကောင်းကင်မှနေ၍ ထီလက်မှတ် ကျလာသလိုပင်။

“ထွက်သွား”

ရဲ့လင်းချန်၏မျက်နှာ မည်းမှောင်သွားသည်။

“လူကြီးမင်း ခုနက နားလည်မှုအချို့ ဖြစ်သွားတာပါ၊ ကျေးဖူးပြုပြီး အတိတ်ကို ဆွဲမထားပါနဲ့”

မန်နေဂျာဟွမ်က မျက်လုံးရွဲကြီးများနှင့် ပြောလာပြီး အရှက်မရှိ ရဲ့လင်းချန်ကို ကပ်တွယ်ရန် ကြိုးစားနေ၏။

“ကျွန်မက ယွင်ရှီရဲ့ အရင်းနှီးဆုံးသူပါ၊ သူက ဒီမှာ အသစ်ဆိုတော့ ကျွန်မက သူ့ကို အတွေ့အကြုံ ပိုရအောင် လုပ်ပေးရုံလေးပါ”

“ပြီးတော့ ကျွန်မမှာ ရှင့်ကို ဆယ်ရာခိုင်နှုန်း လျှော့ဈေးပေးနိုင်တဲ့ လုပ်ပိုင်ခွင့် ရှိပါတယ်၊ အဲ့လောက်ဆို ပိုက်ဆံ သန်းဂဏန်း နည်းနည်းလောက် လျော့သွားမှာပါ”

“ငါ နောက်တစ်ခါပဲ ထပ်ပြောမယ်၊ ထွက်သွားလိုက်”

ရဲ့လင်းချန်က မန်နေဂျာဟွမ်ကို စူးစိုက်ကြည့်ပြီးနောက် သူမအား အဝေးသို့ တွန်းထုတ်လိုက်သည်။

“ယွင်ရှီ ကျေးဇူးပြုပြီး ငါ့ကို လမ်းပြပေးပါ”

“အင်း”

ကျန်းယွင်ရှီက စာရွက်စာတမ်းများ လုပ်ဆောင်ရန် ရဲ့လင်းချန်အား အရှေ့မှနေ၍ ဦးဆောင် ထွက်သွားသည်။ မန်နေဂျာဟွမ်၏ မျက်လုံးများ အရောင်တောက်နေပြီး သူတို့အနောက်မှနေ၍ လိုက်လာသည်။

ကျန်းယွင်ရှီက ရဲ့လင်းချန်အား မည်သည့်နေရာ၌ လက်မှတ်ထိုးရမလဲ ပြနေချိန်တွင် မန်နေဂျာဟွမ်က ရုတ်တရက်ကြီး ရောက်လာပြီး ကျန်းယွင်ရှီအား ဘေးသို့ တွန်းထုတ်လိုက်သည်။

သူမ အချိန်ကောင်းကို စောင့်နေခြင်း ဖြစ်သည်။ ကျန်းယွင်ရှီသည် သတိလက်လွတ် ဖြစ်နေချိန်၌ အတွန်းခံလိုက် ရသဖြင့် ကြမ်းပြင်ပေါ် လဲကျသွားသည်။

မန်နေဂျာဟွမ်၏ မျက်လုံးတွင် စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေပြီး အရောင်းအဝယ်စာချုပ်မှ တာဝန်ယူသော အရောင်းစာရေး၏ နေရာတွင် သူမလက်မှတ်ကို ထိုးရန် ပြင်လိုက်သည်။

ထိုနေရာ၌ လက်မှတ်ထိုးလိုက်နိုင်သည့် မည်သူမဆို ကော်မရှင်ခ ရမည် ဖြစ်သည်။

ထိုအခိုက်တွင် သူမ၏လက်ကောက်ဝတ်ကို လက်တစ်ဖက်က ဖမ်းချုပ်လာသဖြင့် နည်းနည်းလေးမှ မလှုပ်နိုင် တော့ပေ။

“ခင်ဗျား ကျုပ်သည်းခံနိုင်စွမ်းကို လာစမ်းနေတာလား”

ရဲ့လင်းချန်၏ အမူအရာက အလွန် ကြည့်ရဆိုးနေသည်။ ထို့နောက် သူက သူမ၏ လက်ကောက်ဝတ်ကို အားဖြင့် အနောက်သို့ လိမ်လိုက်လေ၏။

“ဂျွတ်”

ကျယ်လောင်သော အသံတစ်သံနှင့်အတူ မန်နေဂျာဟွမ်၏ လက်ကောက်ဝတ်က ရဲ့လင်းချန်ကြောင့် အဆစ်လွဲ သွားလေသည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူမတစ်ကိုယ်လုံး တွန့်လိမ်လာသည်။ နာကျင်မှုကြောင့် သူမနဖူးမှ ချွေးများပင် စီးကျလာလေသည်။

“ငါ အမြဲတမ်း မိန်းမတွေကို မရိုက်မိအောင် ထိန်းတယ်၊ သူတို့က သည်းမခံနိုင်အောင် လွန်လာရင်တော့ တစ်မျိုးပေါ့”

ထိုသို့ပြောလိုက်ပြီးသည်နှင့် ရဲ့လင်းချန်၏လက်က မန်နေဂျာဟွမ်၏ မုန်းစရာကောင်းသော ပါးပေါ် ကျရောက် သွားသည်။

“ဖြောင်း”

ကြည်လင်ပြတ်သားသော အသံတစ်သံနှင့်အတူ မန်နေဂျာဟွမ် နောက်သို့ လွင့်ထွက်သွားသည်။ သူမပါးစပ်မှ သွေးစများ ရောနေသော သွားများပင် ကျွတ်ထွက်လာ၏။ သူမမျက်နှာတစ်ချမ်း ပုံပျက်နေကာ ပါးစပ်က ရွဲ့နေသဖြင့် သူမပုံစံက ပို၍ပင် ကြောက်စရာ ကောင်းနေသည်။

“နင် ငါ့ကို ရိုက်လိုက်တယ်ပေါ့၊ နင် ငါ့ကို ရိုက်ရဲတယ်ပေါ့လေ”

မန်နေဂျာဟွမ်၏ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး ကြမ်းပြင်ပေါ်၌ အရူးမသဖွယ် လဲနေသည်။ သူမက ရဲ့လင်းချန်အား အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ် မုန်းတီးစက်ဆုပ်သည့် အကြည့်တို့ဖြင့် ကြည့်နေသည်။

“ငါ ဘယ်သူလဲ နင် သိလား၊ နင်တော့ သေပြီသာမှတ်၊ နင် နောင်တရအောင် ငါ လုပ်ပြမယ်”

ထိုသို့ပြောပြီး သူမက ဖုန်းကိုထုတ်၍ နံပါတ်တစ်ခုကို ဆက်လေသည်။ ထိုအခိုက်တွင် ဘေးပတ်ဝန်းကျင်မှ လူများသည်လည်း အံ့ဩနေရာမှ အသိဝင်လာပြီး ကြောက်လန့်သော အမူအရာများ ဖြစ်ပေါ်လာသည်။

“သေစမ်း၊ လူတစ်ယောက်ကတော့ မန်နေဂျာဟွမ်ကို ရိုက်ရဲတယ်ဟေ့၊ စံပဲကွာ”

“အဲ့ကောင်လေးက စံအိမ်တစ်လုံး ဝယ်ချင်နေတာကွ၊ သူ့နောက်ခံက မရိုးရှင်းဘူးလို့ ငါ ထင်တယ်”

“မင်း မှားနေပြီ၊ သူ့မှာသာ တောင့်တင်းတဲ့ နောက်ခံရှိတယ်ဆိုရင် ဘာလို့ သူက ကိုယ်တိုင် လာမှာလဲ၊ ကုမ္ပဏီ ပိုင်ရှင်နဲ့ သူ တိုက်ရိုက်ပြောမှာပေါ့၊ ဒီကောင်လေးက လတ်တလောမှ ချမ်းသာလာတာ ဖြစ်မယ်”

“သူက သူဌေးလက်သစ်ဖြစ်မယ်လို့ ငါလည်း ထင်တယ်၊ သူ့ဘေးက ကောင်မလေးက ဆင်းရဲသား မိသားစုကဆိုတာ သိသာတယ်”

“အဲ့လိုဆို မကောင်းတော့ဘူး၊ သူဌေးလက်သစ်က ပိုက်ဆံပဲ ရှိတာ၊ မန်နေဂျာဟွမ်ကို ရိုက်လိုက်လို့ သူ ပြဿနာ တက်မှာစိုးရတယ်”

…

ရဲ့လင်းချန်က ရူးနေသော မန်နေဂျာဟွမ်ကို လျစ်လျူရှု၍ ကျန်းယွင်ရှီကို ထူပေးလိုက်သည်။

“မင်း အဆင်ပြေရဲ့လား”

“ငါ အဆင်ပြေပါတယ်”

ကျန်းယွင်ရှီ ခေါင်းခါလိုက်သည်။ ထို့နောက် သူမမျက်နှာတွင် စိုးရိမ်သော အမူအရာ ပေါ်လာသည်။

“လင်းချန် နင် မြန်မြန် သွားသင့်တယ်၊ မန်နေဂျာဟွမ်က ဒီအိမ်ခြံမြေလုပ်ငန်းကို ဆောက်ပေးတဲ့သူနဲ့ သိတယ်၊ အဲ့လူက အဖော်မဲ့ ဝံပုလွေလို့ ကျော်ကြားပြီးတော့ လက်အောက်ငယ်သားတွေ အများကြီး ရှိတယ်၊ သူ့လုပ်ရပ်တွေက အရမ်း ကြမ်းကြုတ် ရက်စက်တာ”

“အဲ့တော့ ဘာဖြစ်လဲ”

ရဲ့လင်းချန် ရယ်သွေးသွမ်း၍ ပြောလိုက်သည်။

“အဖော်မဲ့ ဝံပုလွေက လူသတ်လို့ ထောင်ဆယ်နှစ် ကျဖူးတယ်လို့ ကောလာဟလ ရှိတယ်၊ သူက စိတ်ရှိသလို လုပ်တတ်လို့ လူတွေက သူ့ကို ကြောက်ကြတာ”

ကျန်းယွင်ရှီ အသက်ပြင်းပြင်း ရှူနေပြီးမှ ဆက်ပြောလိုက်သည်။

“မြန်မြန်သါားရအောင်၊ တစ်ခါတုန်းက လူတစ်ယောက်က ဆောက်လုပ်ရေးအတွက် အိမ်ကိုဖယ်ပေးဖို့ ငြင်းဖူးတယ်လို့ ကြားဖူးတယ်၊ နောက်တော့ အဲ့လူက အဖော်မဲ့ ဝံပုလွေကြောင့် ခြေထောက်တွေ ကျိုးသွားပြီး သူ့အိမ်ကနေ ပစ်ထုတ်ခံလိုက်ရတယ်တဲ့”

ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် များသောအားဖြင့် သူတို့လက်အောက်၌ ကြမ်းကြုတ်သော လူတစ်ချို့ကို ထားထားလေ့ ရှိသည်။ ဤအဖော်မဲ့ ဝံပုလွေသည်လည်း လူအများအား ကြောက်စိတ်ဖြင့် ဖြဲခြောက်သည့် လူစားမျိုး ဖြစ်၏။ သူသည် အတိုက်အခိုက် တော်ရုံသာမက သူ့လုပ်ရပ်များကလည်း ရက်စက်၍ အညှာအတာ မဲ့သည်။ သူ၏ လက်အောက်ငယ်သားများအားလုံးကလည်း မကောင်းသတင်းဖြင့် ကျော်ကြားသူများသာ ဖြစ်သည်။ ထိုအထဲမှ အများစုမှာ ထောင်ထဲမှ သူ့မိတ်ဆွေများ ဖြစ်သည်။ ဤသို့သော လူယုတ်မာများ စုစည်းနေသဖြင့် သူ့အား မည်သူမှ ရန်မစရဲတော့ချေ။

အဖော်မဲ့ ဝံပုလွေက မန်နေဂျာဟွမ်၏ ကျောထောက်နောက်ခံ ဖြစ်ကြောင်း သိနေကြသဖြင့် အခြား အရောင်းစာရေးများသည် သူတို့ထံမှ သူမ ကော်မရှင်ခများ ဖြတ်ခုတ်နေသည်ကို အသံထွက်၍ မကျေနပ်ကြောင်း မပြောရဲကြပေ။

All Chapters