← Chapters

သွေးသံတရဲရဲ ရတနာလုပွဲ

Vol. 10 Ch. 152

သွေးသံတရဲရဲ ရတနာလုပွဲ

Vol. 10 Ch. 152

လီထူဂိုဏ်း၏ အရှိန်အဝါအရ ဝိညာဉ်ကျောက်တုံးများအတွက် အဖွဲ့ငယ်လေးများနှင့် ယှဉ်ပြိုင်တိုက်ခိုက်မည် မဟုတ်ပေ။ ဂိုဏ်းမှပေးအပ်သည့် တာဝန်များကိုသာ သူတို့ ကျေပွန်စွာ ထမ်းဆောင်ကြမည်သာ ဖြစ်သည်။

ဤနေရာသို့ တာဝန်တစ်ခုအတွက် သူတို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး ဂိုဏ်းမှ သူတို့ကို ပေးလိုက်သော ထိုတာဝန်က နတ်အငေ့ွအသက်ပါသော ပင်လယ်ဖွတ်အရေခံကို ရယူရန် ဖြစ်သည်။

ပင်လယ်ဖွတ်အရေခွံပေါ်လာသည်ကို မြင်လိုက်သည်နှင့် လီထူဂိုဏ်းသား ရှစ်ယောက်လုံး ဆတ်ခနဲ မတ်တတ်ရပ်လိုက်ကြသည်။ သူတို့ထံမှ လူသတ်ငွေ့များ တရိပ်ရိပ်ထွက်ပေါ်လာပြီး တစ်ယောက်စီတိုင်းက ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေကြပြီဖြစ်ကာ ချိုင့်ဝှမ်းဆီ တဟုန်ထိုး ဝင်ရောက်သွားကြသည်။

သူတို့သည် လက်ဖျားခါရလောက်အောင် မြန်ဆန်ကြသည်။

တုန်လှုပ်ချောက်ချားစရာအကောင်းဆုံးတစ်ချက်မှာ သူတို့သည် လူရှစ်ယောက်ဖြစ်ပါသော်လည်း လူတစ်ယောက်တည်းပမာ လှုပ်ရှားသွားခြင်းဖြစ်သည်။ သူတို့ခြေလှမ်းများသည်ပင် မညီမညာဖြစ်မနေဘဲ တစ်သားတည်း ဖြစ်နေကြသည်။ ကြည့်ရသည်မှာ စူးရှချွန်ထက်သော ဓားရှစ်လက် တစ်ပြိုင်နက်တည်း ဝင်ရောက်သွားသည့်အလားပင်။

သူတို့လမ်းတစ်လျှောက်ရှိ လေလွင့်ကျင့်ကြံသူတချို့မှာ ရှောင်တိမ်းရန် အချိန်မရလိုက်ချေ။ သူတို့နှင့် ထိတွေ့မိသွားသည့်အခိုက် ရေလှိုင်းများအောက် နင်းကြေသွားရသောအပင်များအလား ဖြစ်သွားသည်။

လီထူဂိုဏ်း၏ အစွမ်းက စောင့်ကြည့်နေသည့် ပင်လယ်တစ္ဆေဂိုဏ်းသားများ၏ မျက်လုံးများကို အေးစက်စက်ဝင်းလက်သွားစေသည်။

ယခင်က အလယ်ပိုင်းအခြေတည်အဆင့် ပင်လယ်ဖွတ်အရေခွံအတွက် ပင်လယ်တစ္ဆေဂိုဏ်းက လူဆယ်ယောက်သာ စေလွှတ်ခဲ့သည်။ လူခုနစ်ယောက်၊ ရှစ်ယောက်ခန့် နောက်တွင် ကျန်နေခဲ့သေး၏။ ယခုအခါ ထိုလူခုနစ်ယောက်၊ ရှစ်ယောက်က ချီစုစည်းခြင်းအဆင့်အထွတ်အထိပ် စွမ်းအားများကို ထုတ်ဖော်၍ ထွက်လာကြသည်။

အထူးသဖြင့် ဗိုက်ထဲမှ မိစ္ဆာတစ္ဆေမျက်နှာနှင့် လူထွားကြီးပင်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အငွေ့အသက်များက တခြားလူများကို ကျော်လွန်ပြီး အခြေတည်အဆင့်အငွေ့အသက်အနည်းငယ်ပင် ရှိနေသည်။

နှစ်ဖက်လုံးက ချိုင့်ဝှမ်းထဲတွင် တိုက်ပွဲဖြစ်သွားသည်။ တဝုန်းဝုန်းမြည်ဟည်းသံများကြားတွင် ရွှီချင်း၏ မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံက အရှိန်အဟုန်ပြင်းစွာ လည်ပတ်လာပြီး တဟုန်ထိုး ပြေးသွားသည်။

မကြာသေးခင်က ပန်းချွမ်လမ်းမှ အဘိုးအို ယူသွားခဲ့သည့် ပင်လယ်ဖွတ်အရေခွံနှင့် ပတ်သက်၍ သူ များစွာ ဂရုမစိုက်ချေ။ ထိုအဘိုးအိုသာ ချီရွှဲ့ထုံဂိုဏ်းသို့ ပြန်ရောက်မလာခဲ့လျှင် ကိစ္စမရှိပေ။

သို့တည်းမဟုတ်ဘဲ ချီရွှဲ့ထုံဂိုဏ်းသို့ ပြန်လာပြီး သူ့အတွက်အကျိုးအမြတ်ကိုလည်း မောင်ပိုင်စီးထားမည်ဆိုပါက အဘိုးအိုကို သူ လက်စတုံးပစ်မည်သာ ဖြစ်သည်။

ထို့ကြောင့် သူက အဘိုးအိုကို လျစ်လျူရှုထားလိုက်ပြီး စကားတစ်ခွန်းပင် မပြောချေ။ သူက တရွှီရွှီမြည်လျက် လီထူဂိုဏ်းနှင့် ပင်လယ်တစ္ဆေဂိုဏ်းတို့ တိုက်ခိုက်နေသည့်နေရာသို့ ပြေးဝင်သွားသည်။ သူက လက်သီးများ ဆုပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲရှိ သွေးနှင့်ချီက အရူးအမူး လှုပ်ရှားလာသည်။

သူ့နောက်ရှိ ‘ ပါ ’ အရိပ်က မကြုံစဖူး ကြည်လင်ပြတ်သားလာပြီး ၎င်း၏ မြင့်မားသော ခန္ဓာကိုယ်နှင့် အက်ကွဲကြောင်းထနေသော အရေပြားက ချော်ရည်ပူများအလား အနီရောင်တဖျပ်ဖျပ်လက်နေသည်။

ထို့ပြင် ချီစုစည်းခြင်းအဆင့်ကို သာလွန်သည့် ပြင်းထန်သော အရှိန်အဝါက ရွှီချင်း၏ လက်သီးနှစ်လုံးကို ချီစုစည်းခြင်းအဆင့်ထက်သာလွန်သော ခွန်အားမျိုး ပိုင်ဆိုင်သွားစေသည်။

ဘုန်း …

လက်သီးတစ်ချက်က လီထူဂိုဏ်းထံ ဝင်ရောက်သွားပြီး နောက်တစ်လုံးက ပင်လယ်တစ္ဆေဂိုဏ်းထံ ဝင်ရောက်သွားသည်။

ရွှီချင်းက အားကုန်သုံး၍ ထိုးနှက်လိုက်ခြင်းဖြစ်သည်။ ထိုလက်သီးချက်များ၏ ပြင်းအားက ချိုင့်ဝှမ်းတစ်ခုလုံးကို တုန်ခါသွားစေကာ လေပြင်းမုန်တိုင်းတစ်ခုပင် ဖြစ်ပေါ်လာရသည်။

ထိုမုန်တိုင်းထဲရောက်သွားသော ပင်လယ်တစ္ဆေဂိုဏ်းမှလူများ ကွက်ခနဲ မျက်နှာပျက်သွားသည်။ လီထူဂိုဏ်းမှ လူရှစ်ယောက်သည်လည်း ဒရောသောပါး နောက်ဆုတ်ကာ ရွှီချင်းကို တင်းမာခက်ထန်သောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။

“ မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ ”

“ ချီရွှဲ့ထုံဂိုဏ်း …”

လီထူဂိုဏ်းနှင့် ပင်လယ်တစ္ဆေဂိုဏ်းက တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်လိုက်ကြပြီး လက်ကျန်ခွန်အားများဖြင့် အားလုံးအလယ်တွင် လွင့်မျောနေသော နတ်ဖွတ်အရေခွံသုံးခုကို ရွှီချင်း မယူသွားနိုင်အောင် ရွှီချင်းကို ဖိနှိပ်လိုက်ကြသည်။

ထိုအချိန်၌ ရွှီချင်း၏ ရက်စက်ကြမ်းတမ်းသော စရိုက် ပေါ်ထွက်လာသည်။

ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်းခဲ့ရပြီး ရတနာမုဆိုးစခန်း၌ အတွေ့အကြုံများစွာ ရှိခဲ့သော သူ့အတွက် လုယူခြင်းက အစိမ်းသက်သက်ဖြစ်မနေချေ။

ထိုအချိန်၌ ရွှီချင်း၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူ လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် ဘေးပတ်လည်တွင် ရေစက်များ ဖြစ်ပေါ်လာပြီး အရပ်မျက်နှာအနှံ့ တရွှီရွှီမြည်သံပေး၍ ပျံထွက်သွားသည်။

ရေစက်များက မိုးရေစက်များပမာ ပစ်လွင့်သွားစဉ် ရွှီချင်း၏ခန္ဓာကိုယ်က ပင်လယ်တစ္ဆေဂိုဏ်းမှ လူသားမဟုတ်သော ကျင့်ကြံသူကို အညှာအတာမဲ့စွာ တိုက်မိလိုက်သည်။ ချက်ချင်းပင် သူက ဓားမြှောင်ဖြင့် ထိုကျင့်ကြံသူ၏ လည်ပင်းကို လှီးဖြတ်လိုက်ရာ ပူနွေးသော သွေးစီးကြောင်းတစ်ကြောင်း ဖွာခနဲ ပြန့်ကျဲသွားသည်။

ရွှီချင်းက ဆတ်ခနဲ နောက်ဆုတ်လိုက်ပြီး သူ့နောက်ရှိ လီထူဂိုဏ်းသားတစ်ယောက်၏ ဗိုက်ကို လက်သီးဖြင့် ထိုးလိုက်ရာ ထိုဂိုဏ်းသား၏ ဗိုက်ပေါက်ကွဲသွားသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ တာအိုဝတ်ရုံက သွေးအလိမ်းလိမ်းဖြစ်နေပြီး ချောမောသောသူ့မျက်နှာသည်လည်း အသက်မဲ့နေပြီး အေးတိအေးစက်အသွင် ဖြစ်နေသည်။

လူနှစ်ယောက်ကို တစ်ဆက်တည်း သတ်လိုက်ပြီးနောက် ရွှီချင်းက ဘယ်လက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ပြီး သူ့နောက်မှ ‘ ပါ ’ အရိပ်က ဟိန်းဟောက်လိုက်ရာ အရပ်မျက်နှာအနှံ့ ပြေးဝင်သွားခဲ့သော ရေစက်များအားလုံး လောင်ကျွမ်းသွားကြသည်။

အဝေးတစ်နေရာမှကြည့်လျှင် အဖက်ဖက်သို့ မရေမတွက်နိုင်သော မီးမြားများ ပစ်လွှတ်လိုက်သည့်အလားပင်။

မီးတောက်အလင်းရောက်အောက်၌ လူအားလုံး၏အရိပ်များက မိစ္ဆာများအလား ယိမ်းနွဲ့နေသည်။ ထိုရုန့်ရင်းဆန်ခတ်အခြေအနေအတွင်း အရိပ်တစ်ခုက ပင်လယ်ဖွတ်အရေခွံများဆီ တိုးဝင်သွားသည်ကို တစ်ယောက်မှ သတိမထားမိကြချေ။

မီးတောက်များ ပျံ့နှံ့သွားသည်ကို အခွင့်အရေးယူ၍ ရွှီချင်းက ဆတ်ခနဲ နောက်ဆုတ်လိုက်သည်။ သူ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် လူအားလုံး ဝိုင်းထားသည့် ပင်လယ်ဖွတ်အရေခွံများဘေးရှိ မြေပြင်မှအရိပ်က ဆတ်ခနဲ အပေါ်သို့ ခုန်တက်လာသည်။

တချိန်တည်းမှာပင် ပင်လယ်ဖွတ်အရေခွံများဘေးရှိ လေဟာနယ်က တွန့်လိမ်သွားပြီး ပန်းချွမ်လမ်းမှ အဘိုးအို၏ပုံရိပ် ထူးဆန်းစွာ ပေါ်ထွက်လာသည်။ သူက ရွှီချင်း၏ မီးတောက်များကြောင့် ပရမ်းပတာဖြစ်နေသည့် အခြေအနေကို အခွင့်အရေးယူ၍ ရူးသွပ်နေသည့်မျက်ဝန်းများဖြင့် ပင်လယ်ဖွတ်အရေခွံသုံးခုကို လှမ်းဆွဲလိုက်သည်။

သို့သော်လည်း သူ ခြေတစ်လှမ်း နောက်ကျသွားပြီး အရေခွံများကို အရိပ်က ဆွဲယူသွားလေသည်။

“ ချီးပဲကွာ ”

အဘိုးအိုမှာ ဘာတစ်ခုမှ မရလိုက်ဘဲ ဒရောသောပါး နောက်ဆုတ်လိုက်သည်။ တခြားလူများသည်လည်း ထိုဖြစ်ရပ်ကို သတိထားမိသွားပြီး အကြီးအကျယ် ဒေါသထွက်ကာ ရွှီချင်းနောက်သို့ မလိုက်ကြတော့ဘဲ အဘိုးအိုထံ ပြေးဝင်သွားကြသည်။

ရွှီချင်း၏မျက်နှာအမူအရာက ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ သူက ထိုအခြေအနေကို အခွင့်အရေးယူ၍ အလျင်အမြန် နောက်ဆုတ်လိုက်သည်။ အရိပ်ကိုသုံး၍ သူ လုယူခဲ့သည့် ပင်လယ်ဖွတ်အရေခွံများကို လျှို့ဝှက်စွာ သိမ်းဆည်းလိုပြီး တောင်ခြေသို့ တဟုန်ထိုး ပြေးသွားသည်။

ချိုင့်ထဲမှ သူ ထွက်သွားတော့မည့်အခိုက် လိုက်လံသတ်ဖြတ်ခြင်းခံနေရသော အဘိုးအိုမှာ ဒေါသတကြီး အော်ဟစ်လိုက်၏။

“ ငါ မယူခဲ့ဘူး။ ငါ့မှာ ဒီအိတ်ပဲ ရှိတယ်ကွ။ သေချာကြည့်ဦး ”

ပန်းချွမ်လမ်းမှ အဘိုးအိုက ပြောပြီးသည်နှင့် သူ့သိုလှောင်အိတ်ကို ရွှီချင်းထံ ပစ်ပေးလိုက်သည်။

“ ကလေး၊ အားလုံး အထဲမှာ ရှိတယ်။ သေချာသိမ်းထား ”

အဘိုးအိုသည်လည်း ပြတ်သားသောလူတစ်ယောက်ဖြစ်သည်။ သူ့စကားများကို လူအားလုံး ယုံကြည်ကြမည်မဟုတ်မှန်း သူ သိသည်။ ထိုအချိန်၌ ကျယ်လောင်သော ပေါက်ကွဲသံထွက်ပေါ်လာပြီး သူက အရှက်တရားကင်းမဲ့စွာဖြင့် သူ့ကိုယ်ပေါ်ရှိ အဝတ်အစားများအားလုံးကို စုတ်ဖြဲပစ်လိုက်ပြီး အတွင်းခံတစ်ထည်သာ ချန်ခဲ့သည်။ လူအားလုံးရှေ့တွင် ကိုယ်လုံးတီး ဖြစ်သွားပြီးနောက် သူ့မှာ ဘာပစ္စည်းမှမရှိကြောင်း သက်သေပြရန် လှည့်ပတ်ပြေးပြလိုက်သေးသည်။

ပြီးသည်နှင့် မနီးမဝေးမှ ကြည့်နေသော မြွေကြီးကို ပွေ့ဖက်ကာ တောင်အောက်သို့ ချက်ချင်း ပျံသန်းသွားသည်။

လူအများစုက သူ့ကို မယုံကြပါသော်လည်း သူ့နောက်သို့ လိုက်သွားသူ အနည်းငယ် ရှိသေးသည်။ ထိုလူများထဲတွင် ပင်လယ်တစ္ဆေဂိုဏ်းနှင့် ကျစ်ထူဂိုဏ်းမှ အဖွဲ့ဝင်များလည်း ပါသည်။ သို့သော်လည်း ရွှီချင်းအနားသို့ သူတို့ ရောက်သွားသည်နှင့် ချက်ချင်းပင် လမ်းကြောင်းပြောင်း၍ ရွှီချင်းထံ ဝင်ရောက်သွားကြသည်။

“ မင်း ဘယ်လောက်ပဲ သိမ်းထားနေနေ၊ အသုံးမဝင်ဘူးကွ။ တခြားလူတွေက ပင်လယ်ဖွတ်အရေခွံတွေရဲ့ အငွေ့အသက်ကို အာရုံမခံနိုင်ချင်နေမယ်။ ငါကတော့ ညအမှောင်ထဲက မီးတောက်လို သေချာသိနေတယ်ကွ ”

“ ပင်လယ်ဖွတ်အရေခွံတွေ ပေးလိုက် ”

နှစ်ဖက်စလုံး၏ မန္တန်များက ကြောက်မက်ဖွယ်မြန်ဆန်စွာ ဝင်ရောက်လာသည်။

ရွှီချင်းက နောက်ဆုတ်၍ ပင်လယ်တစ္ဆေဂိုဏ်းနှင့် လီထူဂိုဏ်း၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်သည်။ သူ၏မျက်လုံးများထဲတွင် လူသတ်ငွေ့များ တောက်လောင်လာပြီး အဘိုးအိုပစ်ပေးလိုက်သည့် သိုလှောင်အိတ်ကိုလည်း သူ ဂရုမစိုက်ချေ။ အဘိုးအိုက အဖိုးတန်ပစ္စည်းများ ထည့်ပေးလိုက်မည်ဟု သူ မယုံကြည်ပေ။

သို့တိုင်အောင် ဤနေရာရှိ ကျင့်ကြံသူများကို ကြာကြာ ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ဘဲ အဘိုးအို၏ အပြုအမူက သူ့ကို အနည်းငယ် အာရုံလွှဲပြောင်းသွားစေရန်သာ ဖြစ်စေခဲ့သည်။

သို့သော် သူ ရှာတွေ့ခံသွားရပြီဖြစ်သည့်အတွက်ကြောင့်လည်း ကြောက်လန့်တုန်ရီသွားခြင်း မရှိပေ။ သူ၏မျက်လုံးများထဲ လူသတ်ငွေ့များ ထပ်မံပေါ်ထွက်လာပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်၍ ရှေ့သို့ တွန်းထုတ်လိုက်သည်။ ရုတ်တရက် အပြာရောင်အဆောင်တစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ ဝိညာဉ်စွမ်းအားများ စီးဆင်းသွားပြီး အဆောင်အသက်ဝင်လာကာ ဧရာမရုပ်တုကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။

ထိုအဆောင်သည် လူသားမဟုတ်သောမျိုးနွယ်တစ်ခု၏ သေမင်းသင်္ကေတတစ်ခုအသွင်ဖြစ်သည်။ ၎င်း၌ ခေါင်းသုံးခေါင်းနှင့် လက်ခြောက်ဖက်ပါပြီး ခန္ဓာကိုယ်တစ်ခုလုံး သေမင်းအငွေ့အသက်များ ထုတ်လွှတ်နေသည်။ ၎င်းက ပင်လယ်တစ္ဆေဂိုဏ်းနှင့် လီထူဂိုဏ်းမှ ကျင့်ကြံသူများအားလုံးကို ဖိနှိပ်လိုက်သည်။

ထိုအဆောင်သည် သေသွားခဲ့ပြီဖြစ်သော ရေသူထီးလူငယ်ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကို တစ်ခါတရံမှသာ အသုံးပြုခဲ့သည့်အတွက်ကြောင့် ၎င်း၏ အခြေတည်အဆင့် စွမ်းအားများ အပြည့်အဝ ထွက်ပေါ်လာသည်။ ထိုသို့ ဖိနှိပ်ခံနေရစဉ် လီထူဂိုဏ်းနှင့် ပင်လယ်တစ္ဆေဂိုဏ်းမှ ကျင့်ကြံသူများက အဆောင်ရတနာများကို ချက်ချင်းထုတ်၍ ခုခံလိုက်ကြသည်။

ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုကြောင့် နှစ်ဖက်လုံး နောက်ဆုတ်သွားကြသည်။

ရွှီချင်းသည် အစွမ်းထက်ပါသော်လည်း အစွမ်းထက်ကျင့်ကြံသူအများအပြားနှင့် ရင်ဆိုင်လိုက်ရသည့်အတွက်ကြောင့် သူ့နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာသည်။ သို့သော်လည်း ခရမ်းရောင်သလင်းကျောက်၏ ပြန်လည်ကုစားနိုင်စွမ်းက သူ့ကို ချက်ချင်း ကုသပေးလိုက်သည်။

သူ၏အကြည့်က ပို၍ လေးနက်လာပြီး ဘေးပတ်လည်ရှိ လူများကို အေးတိအေးစက် ကြည့်လိုက်သည်။

သူ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းမှ သွေးများက ငံကျိကျိအရသာဖြစ်ပြီး ရင်းနှီးသောအငွေ့အသက်တစ်ခု သူ ရလိုက်ပြီး ဆင်းရဲသားရပ်ကွက်နှင့် ရတနာမုဆိုးစခန်းသို့ ရောက်သွားသည့်အလား ခံစားလိုက်ရသည်။

ရှုပ်ရှုပ်ယှက်ယှက်ကိစ္စများကို သူ သဘောမကျပေ။ ယခု ပင်လယ်ဖွတ်အရေခွံများကို သူ ရသွားခဲ့ပြီဖြစ်ပြီး ဤနေရာရှိ လူအားလုံးက သူ့ကို ထွက်ခွာခွင့်မပေးနိုင်အောင် ဖြစ်နေသည်။ ကိစ္စများက ရိုးရှင်းနေသင့်ပေသည်။

“ သူတို့အားလုံးကို သတ်ပစ်တာပေါ့ ”

ရွှီချင်းက စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်ပြီး သူ၏အကြည့်ကြောင့် ဘေးပတ်လည်ရှိ ကျင့်ကြံသူများအားလုံး နှလုံးသားများ အနည်းငယ် တုန်ခါသွားသည်။

ယခင်က ရက်စက်ကြမ်းကြုတ်သော လူများကို သူတို့ မြင်ခဲ့ဖူးပါသော်လည်း သူတို့ရှေ့မှောက်ရှိ အနှီ ချီရွှဲ့ထုံဂိုဏ်းသားက သူတို့ကို ရင်တဒိန်းဒိန်းခုန်သွားစေခဲ့သည်။ သို့သော်လည်း နတ်ပင်လယ်ဖွတ်၏ အရေခွံက ဆွဲဆောင်အားကောင်းလွန်းလှ၍ နောက်ဆုတ်ရန်အတွေးများ သူတို့တွင် လုံးဝ မရှိချေ။

အစကတည်းက ရွှီချင်း တိုက်ခိုက်သည်ကို မြင်ခဲ့ဖူးထားသော လေလွင့်ကျင့်ကြံသူများနှင့် လူသားမဟုတ်သူများသာ သူ မည်မျှရက်စက်ကြမ်းကြုတ်သည်ကို မြင်ဖူးကြသည်။ ထို့ကြောင့် သူတို့က အဝေးမှသာ ကြည့်နေကြပြီး အခွင့်အရေးကို စောင့်နေသည်။

သူတို့ထဲတွင် ကောက်ရိုးဝတ်ရုံရှည်ဝတ်လူသားမဟုတ်သောကျင့်ကြံသူနှင့် ဆင်နှာခေါင်းပုံစံလူထွားကြီးလည်း ပါသည်။

ခဏအကြာ ပထမဆုံးလှုပ်ရှားလာသည်မှာ လီထူဂိုဏ်းဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်က မကြာသေးခင် သေသွားခဲ့ပြီဖြစ်ပြီး ယခုအခါ လက်ကျန်ခုနစ်ယောက်လုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ သူတို့လက်များထဲတွင် လှံများ ပေါ်လာပြီး ရွှီချင်းထံ တဟုန်ထိုး ဝင်ရောက်သွားကြသည်။

ပင်လယ်တစ္ဆေဂိုဏ်းသည်လည်း လှုပ်ရှားလာသည်။ လေလွင့်ကျင့်ကြံသူအနည်းငယ်နှင့် လူသားမဟုတ်သော ကျင့်ကြံသူအနည်းအကျဉ်းသည်လည်း အလျင်အမြန် ချဉ်းကပ်လာ၏။

ထိုအချိန်တွင် စူးစူးဝါးဝါးအော်ဟစ်သံ ထွက်ပေါ်လာသည်။ ထိုလူ၏ခန္ဓာကိုယ်မှာ အစိမ်းပုပ်ရောင်ပြောင်းသွားပြီး သွေးမည်းများ အန်ထုတ်ကာ မြေပြင်ပေါ် လဲကျသွားသည်။

“ အဆိပ် ”

ထိုကဲ့သို့ အဆိပ်မိသွားသည့်လူများ အတော်လေး များလာသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း လူခုနစ်ယောက်၏ ဒွါရခုနစ်ပါးမှ သွေးများ စီးကျကာ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားပေရာ တခြားလူများကို ရင်တုန်သွားစေသည်။ ထို့နောက် ရွှီချင်း လှုပ်ရှားလာသည်။

သူက လီထူဂိုဏ်းအနီးသို့ ချက်ချင်း တိုးကပ်သွား၏။ သူက ညာလက်ထဲရှိ ဓားမြှောင်ကို ဝှေ့ယမ်း၍ သူ့ရှေ့မှ လှံတံကို တားဆီးလိုက်ပြီး ခန္ဓာကိုယ်ကို စွေ့ခနဲ ရှောင်တိမ်းကာ ဘေးမှ တိုးဝင်လာသော လှံကို ရှောင်တိမ်းလိုက်သည်။ သူ့ဘယ်လက်ထဲရှိ ဓားမြှောင်က ဘေးမှ လူတစ်ယောက်၏ လည်ပင်းကို လှီးဖြတ်သွား၏။

လတ်ဆတ်သောသွေးများ ဖွာခနဲ ပန်းထွက်သွားပြီး ရွှီချင်း၏ညာလက်က သားရေအိတ်ရှုံ့ကို ဆွဲယူလိုက်ရာ သံတုတ်လေး ချက်ချင်း ပေါ်လာသည်။ သူက နောက်မဆုတ်သေးဘဲ ရှေ့တက်၍ ခုန်ဝင်လာသည့်လူအားလုံးကို တိုက်ခိုက်လိုက်သည်။

‘ ပါ ’ အရိပ် တဖန် ပေါ်ထွက်လာသည်။ ၎င်းက ဟိန်းဟောက်မာန်ဖီလိုက်ရာ မီးတောက်ပင်လယ်ကြီး ပျံ့လွင့်သွားပြီး ရွှီချင်း၏ အပြင်အားကို အားဖြည့်ပေးလိုက်သည်။

လျှပ်တစ်ပြက်အတွင်း တောင်ထိပ်ရှိ ချိုင့်ဝှမ်း၌ လူသတ်ပွဲကြီး ပေါ်ပေါက်လာတော့သည်။

တချိန်တည်းမှာပင် တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ နောက်ဆုံးတွင် အဘိုးအိုသည သူ့နောက်မှ လိုက်လာသူများကို ချန်ထားခဲ့နိုင်ပြီဖြစ်သည်။ သူက မြွေကြီးကို သယ်ဆောင်၍ နောက်လှည့်ကြည့်လိုက်ပြီး ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

“ ခွေးကောင်လေး၊ အရေခွံတွေကို ယူသွားတာ လက်စသတ်တော့ မင်းကိုးကွ ”

သူက ကျိန်ဆဲလိုက်ပြီးနောက် ပို၍ မြန်ဆန်စွာ သွားလိုက်သည်။ ဧရာမမြွေကြီးမှာမူ အကူအညီပေးချင်နေသည့်အလား ရုန်းကန်နေပြီး စိတ်ပျက်လက်ပျက်ဖြင့် တရွှီရွှီအော်မြည်နေသည်။

ထိုအခါ အဘိုးအိုက မာန်မဲလိုက်၏။

“ အဲဒီကောင်လေးက သိပ်သစ္စာဖောက်တာပဲ ကလေးမရေ … ”

သူက ပြောရင်းဆိုရင်း မြွေကြီးကို လက်ဝါးဖြင့် ခပ်ပြင်းပြင်းပုတ်ကာ အလျင်အမြန် ပျံသန်းသွားသည်။ မကြာခင် ကမ်းခြေသို့ သူ ရောက်သွားပြီး ထွက်ပြေးရန် ပင်လယ်ထဲသို့ ခုန်ဆင်းလိုက်သည်။

All Chapters