← Chapters

ပင်လယ်ဖွတ်ကျွန်းပေါ် သွေးချောင်းစီးခြင်း ( ၁ )

Vol. 10 Ch. 153

ပင်လယ်ဖွတ်ကျွန်းပေါ် သွေးချောင်းစီးခြင်း ( ၁ )

Vol. 10 Ch. 153

ညအခါ ပင်လယ်ပြင်ရှိ ရာသီဥတုက ကွဲပြားခြားနားပြီး မှန်းဆမရတတ်ပေ။

ပင်လယ်ဖွတ်ကျွန်းပတ်လည်ရှိ ကောင်းကင်ယံတွင် မိုးကြိုးလျှပ်စီးများ ဝင်းလက်နေပြီး မိုးခြိမ်းသံ တဂျိမ်းဂျိမ်း မြည်ဟည်းနေ၏။

မိုးသက်မုန်တိုင်းတစ်ခု သက်ဆင်းလာပေတော့မည်။

လျှပ်စီးများ၏ အလင်းရောင်အောက်၌ ပင်လယ်ဖွတ်ကျွန်း အမြင့်ဆုံးတောင်ထိပ်တွင် လူသတ်ပွဲကြီး ဆက်လက်ဖြစ်ပွားနေသည်။

နတ်အငွေ့အသက်များ ကိန်းအောင်းနေသော ပင်လယ်ဖွတ်အရေခွံသုံးခုက လေလွင့်ကျင့်ကြံသူများကို အသက်နှင့်ရင်း၍ စွန့်စားတိုက်ခိုက်စေသည်။

တိုက်ခိုက်သံများနှင့် မိုးခြိမ်းသံများက စည်းချက်ညီစွာ ထွက်ပေါ်နေပြီး ရွှီချင်း၏မျက်လုံးများထဲရှိ လူသတ်ငွေ့များက နက်ရှိုင်းလွန်းလှ၍ အပြင်ဘက်သို့ ပြည့်လျှံထွက်လာတော့မည့်အလားပင်။ သူက လီထူဂိုဏ်းသားတစ်ယောက်ကို အညှာအတာမဲ့စွာ ဝင်တိုက်လိုက်ပြီး ထိုတိုက်အားကြောင့် ထိုဂိုဏ်းသား၏ခန္ဓာကိုယ် နောက်သို့ယိုင်သွားသည်။

ထိုဂိုဏ်းသားက မန္တန်အစီအရင်များဖြင့် တန်ပြန်တိုက်ခိုက်လိုက်ပါသော်လည်း ရွှီချင်းက ဂရုမစိုက်ဘဲ ထိုလူ၏နှလုံးသားနေရာရှိ ဝမ်းဗိုက်ကို သံတုတ်လေးဖြင့် ခြောက်ကြိမ်ဆက်တိုက် ထိုးသွင်းလိုက်သည်။

ထိုးချက်တိုင်းတွင် လီထူဂိုဏ်းသား၏ ခန္ဓာကိုယ် တုန်ရီသွားသည်။ သူ ပစ်လွှတ်လိုက်သော မန္တန်များ ရွှီချင်းထံ ရောက်သွားသည့်အချိန်မှာပင် ရွှီချင်းက လှစ်ခနဲ ရှောင်တိမ်းလိုက်သည်။ တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ လီထူဂိုဏ်းသား၏ခန္ဓာကိုယ်က အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။

ရွှီချင်းက နောက်ဆုတ်လိုက်ပြီး ပင်လယ်တစ္ဆေဂိုဏ်းမှ လူသားမဟုတ်သောကျင့်ကြံသူလေးယောက်က သူ့ကို ဝိုင်းလိုက်ကြပြီး ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်ကြသည်။

ထိုလူများထဲတွင် ဗိုက်၌ သွေးအေးသော မွေးကင်းစကလေးမျက်နှာနှင့် လူထွားကြီးတစ်ယောက်လည်း ပါသည်။ သူက လက်ဟန်များဖော်လိုက်ရာ ဧရာမသွေးလုံးကြီးတစ်လုံးပေါ်လာပြီး သွေးရောင်ယုန်ကြီးတစ်ကောင်အသွင်ပြောင်း၍ ရွှီချင်းထံ ပြေးဝင်သွားသည်။ ၎င်း၏ အကိုက်ခံလိုက်ရသည်နှင့် မသေသည့်တိုင်အောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်သည့်အလား ၎င်းတွင် စူးရှချွန်ထက်သော သွားများ ရှိသည်။

အန္တရာယ်ထဲ ရောက်သွားသည်ကိုမြင်၍ ရွှီချင်းက အဆောင်ကိုဝှေ့ယမ်းကာ အကာအကွယ်အလွှာ ဖန်တီးလိုက်သည်။ သွေးရောင်ယုန်နှင့် ပင်လယ်တစ္ဆေဂိုဏ်းသားများ၏ တိုက်ကွက်များကို သူ ခုခံလိုက်ပြီးနောက် အပြေးအလွှား ဝင်ရောက်လာသည့် လီထူဂိုဏ်းသားသုံးယောက်ထံ တဟုန်ထိုး ပြေးဝင်သွားရန်အတွက် နောက်သို့ဆုတ်၍ အရှိန်ယူလိုက်သည်။

သူ၏ ရည်ရွယ်ချက်က ရှင်းသည်။ လီထူဂိုဏ်းသားများကို ပထမဦးစွာ ရှင်းလင်းပစ်ရန် ဖြစ်သည်။

လီထူဂိုဏ်းကို သူ ရွေးချယ်လိုက်ရသည့်အကြောင်းအရင်းမှာ လီထူဂိုဏ်းက သူ့အတွက် အကြီးမားဆုံး အဟန့်အတားတစ်ခု ဖြစ်နေသောကြောင့်ပင်။

လီထူဂိုဏ်းသားများက သူတို့ကိုယ်သူတို့ဖြစ်စေ၊ အပြင်လူများကိုဖြစ်စေ သေမထူူးနေမထူး ခံယူထားကြသည့်အတွက် သူတို့တိုက်ရည်ခိုက်ရည်က အလွန်မြင့်မားသည်။

ရွှီချင်းနောက်ဆုတ်သွားရာတွင် ‘ ပါ ’ အရိပ်မီးတောက်များပါ ကပ်ပါလာသည်။ သို့သော်လည်း လီထူဂိုဏ်းသားများ၏ မျက်နှာအမူအရာများက ပြောင်းလဲသွားခြင်းမရှိဘဲ အသက်ချင်းလဲ၍ ရွှီချင်းကို ဝင်တိုက်လိုက်ကြသည်။

သူတို့ တိုက်မိကြသည့်အခါ လီထူဂိုဏ်းသားတစ်ယောက်၏ ဗိုက်က ချိုင့်ဝင်သွားပါသော်လည်း ရွှီချင်း၏ခါးကို ဆုပ်ကိုင်ထားသေးသည်။ တခြားတစ်ယောက်၏ နဖူးကို သံတုတ် စိုက်ဝင်သွားပါသော်လည်း ထိုသူက သံတုတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ရွှီချင်းကို နောက်ဆုတ်ရန် အခွင့်အရေးမပေးချေ။

နောက်ဆုံးတစ်ယောက်၏ မျက်လုံးများထဲတွင် ပထမဆုံးအကြိမ်အဖြစ် ခံစားချက်များဖြင့် ဝင်းလက်သွားသည်။

“ လီထူ ”

သူ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်က ရုတ်ခြည်း လောင်ကျွမ်းသွားကာ စူးရှတောက်ပသော လှံတံတစ်ချောင်းအသွင်ဖြင့် ရွှီချင်းထံ တဟုန်ထိုး ဝင်ရောက်သွားသည်။

၎င်းက တခဏလေးအတွင်း ရွှီချင်းထံ ရောက်သွားပြီး ထိုးဖောက်တော့မည့်ဆဲဆဲ ဖြစ်နေသည်။

ရွှီချင်း၏မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားပြီး ခန္ဓာကိုယ်ထဲမှ ပေကိုးရာမြင့်သော ဝိညာဉ်ပင်လယ် ထွက်ပေါ်လာကာ ခန္ဓာကိုယ်အပြင်ဘက်တွင် ပြောင်းလဲ၍ အရပ်မျက်နှာအနှံ့ ကျယ်ပြန့်သွားသည်။

လီထူဂိုဏ်းသားနှစ်ယောက်၏ အလောင်းများ ချက်ချင်း ကြေမွသွားသည်။ အပြေးအလွှား ဝင်ရောက်လာသည့် ကျင့်ကြံသူများသည်ပင် မရှောင်တိမ်းနိုင်ဘဲ အဝေးသို့ လွင့်ထွက်သွား၏။

ထိုအခွင့်အရေးကို ယူ၍ ရွှီချင်းက ဘေးသို့ ရှောင်တိမ်းလိုက်သည်။ အပူဓာတ်နှင့် ဖျက်ဆီးခြင်းအငွေ့အသက်များကို ဆောင်ကြဉ်းလာသော လှံတံအလင်းက သူ့ဝမ်းဗိုက်မှ ပွတ်ကာသီကာလေး ဖြတ်ကျော်သွားသည်။

ထိုအလင်းတန်းက စိုက်ဝင်သွားခြင်းမရှိပါသော်လည်း သူ၏ဝမ်းဗိုက်အသားများ ဖွာလန်ကြဲသွားသည်။

သူ့အသက်ရှူသံများ မြန်ဆန်နေပြီး ပေငါးဆယ်အကွာသို့ သူ ဆက်လက်ဆုတ်ခွာလိုက်သည်။ ပြီးသည်နှင့် သူ ရပ်လိုက်ပြီး ကြောင်တစ်ကောင်ကဲ့သို့ ဝပ်ချလိုက်သည်။ သူ၏ညာဘက်ခြေထောက်က မြေကြီးထဲသို့ နစ်ဝင်သွားပြီး လေးညှို့မှ ပစ်လွှတ်လိုက်သည့်မြားတစ်စင်းအလား သူ တဟုန်ထိုး ပြေးထွက်သွားသည်။

ထို့နောက် ကျစ်ထူဂိုဏ်းသားနောက်တစ်ယောက်ရှေ့သို့ သူ ရိပ်ခနဲ ရောက်သွားသည်။ ထိုကျစ်ထူဂိုဏ်းသား၏ မျက်လုံးများထဲတွင်လည်း ရူးသွပ်ခြင်းများ ရှိနေသည်။

“ ကျစ်ထူ ”

သူက အော်ဟစ်လိုက်ပြီး သူ့ကိုယ်သူ ဖောက်ခွဲလိုက်သည်။

ယခုအခါ ကျစ်ထူဂိုဏ်း၌ လူသုံးယောက်သာ ကျန်တော့သည်။

ထိုလူသုံးယောက်အနက် မလှုပ်မယှက်ရှိနေသော အလယ်ရှိလူတစ်ယောက်မှလွဲ၍ တခြားနှစ်ယောက်က ရွှီချင်းထံ တဟုန်ထိုး ပြေးဝင်လာကြသည်။

သူတို့ဝတ်ရုံများအောက်ရှိ မျက်လုံးများထဲတွင် ပြင်းပြသောစိတ်ဆန္ဒများဖြင့် လောင်မြိုက်နေသည်။ သူတို့သည်လည်း သူတို့ကိုယ်သူတို့ ဖောက်ခွဲရန် ရွေးချယ်လိုက်ကြသည်။

ပင်လယ်တစ္ဆေဂိုဏ်း ဒေါသထွက်လာပြီး လက်ကျန်ဆယ့်တစ်ယောက်၊ ဆယ့်နှစ်ယောက်ခန့်က ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။ သူတို့အားလုံး ဝှက်ဖဲများ ထုတ်ဖော်လိုက်ကြပြီး ရွှီချင်းထက် လူသတ်ငွေ့များ သာလွန်သော အဆောင်သုံးခု ထွက်ပေါ်လာသည်။

ထိုမျှသာမကသေး၊ မူလက ကြည့်နေကြသည့် ဘေးပတ်လည်မှ လေလွင့်ကျင့်ကြံသူများနှင့် တခြားတောင်ထိပ်အသီးအသီးမှ ကျင့်ကြံသူများ၏ မျက်လုံးများထဲတွင် လောဘအရိပ်အယောင်များဖြင့် တောက်လောင်နေသည်။ သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် ချဉ်းကပ်လာကြပြီး တချို့က ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။

ရွှီချင်းမှာ သေရေးရှင်ရေးအန္တရာယ်ထဲ ကျရောက်သွားရသည်။ လီထူဂိုဏ်းသားသုံးယောက် သူတို့ကိုယ်သူတို့ ဖောက်ခွဲပြီး ပင်လယ်တစ္ဆေဂိုဏ်းသားများ တိုက်ခိုက်ကာ အဆောင်များ အသက်ဝင်လာသည်နှင့် ရွှီချင်း၏နေရာ၌ တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ ဖုန်မှုန့်များ လွင့်ပျံတက်လာသည်။

သို့သော်လည်း ဖုန်မှုန့်များ မငြိမ်သက်ခင် ရွှီချင်းက လျှပ်စီးလက်သည့်အလား ပြေးထွက်သွားသည်။

သူ့ခန္ဓာကိုယ်ပတ်လည်တွင် အဝါရောင်ဖျော့ဖျော့အလွှာတစ်ခု တဖျပ်ဖျပ်လက်နေသည်။ ၎င်းသည် နောက်ထပ်အဆောင်တစ်ခု၏ စွမ်းအားဖြစ်သည်။

သူ့ခြေထောက်အောက်၌လည်း ပျံသန်းစေနိုင်သော အဆောင်တစ်ခုရှိသည်။

ထိုအခြင်းအရာအားလုံးကြောင့် ရွှီချင်း၏ အမြန်နှုန်းက ယခင်ကန့်သတ်ချက်ကို ကျော်လွန်သွားပြီး ဓားမြှောင်ကိုင်ထားသည့် လေလွင့်ကျင့်ကြံသူတစ်ယောက်ရှေ့သို့ ရုတ်တရက် ရောက်သွားကာ ထိုကျင့်ကြံသူကို ဘုန်းခနဲ ထိုးနှက်လိုက်သည်။

စူးရှနာကျင်စွာ အော်ဟစ်သံနှင့်အတူ ထိုလေလွင့်ကျင့်ကြံသူ လဲကျသွားသည်။ ရွှီချင်းက မရပ်နားဘဲ ထိုလေလွင့်ကျင့်ကြံသူ၏ ဓားမြှောင်ကို ဖမ်း၍ ဘေးပတ်လည်ရှိ လူအုပ်ကြီးထဲ ပြေးဝင်သွားသည်။

သူ့နှုတ်ခမ်းထောင့်စွန်းတွင် သွေးများ ရှိနေဆဲဖြစ်ပြီး သူ့တာအိုဝတ်ရုံသည်လည်း များစွာ စုတ်ပြဲနေပြီဖြစ်သည်။ သို့သော်လည်း သူ့မျက်လုံးများထဲရှိ အေးစက်တင်းမာသောအရိပ်အငွေ့များကတော့ အရည်ပျော်မသွားခဲ့ပေ။

သူ ဖြတ်သန်းသွားသည့်နေရာတိုင်း စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာကာ အလောင်းများ မြေပြင်ပေါ် ကျလာသည်။ နေရာတိုင်းတွင် သွေးကွက်များ ပြန့်ကျဲနေပြီး တောင်ထိပ်ပေါ်ရှိ မြေပြင်တစ်ခုလုံး သွေးများ စွန်းထင်းနေတော့သည်။

ရွှီချင်း ဖြတ်သွားသည့်နေရာတိုင်း ခေါင်းများ ပြတ်ထွက်သွားသည့် ပင်လယ်တစ္ဆေဂိုဏ်းသားများလည်း ရှိသည်။

ထိုအညှာအတာကင်းမဲ့သော လူသတ်ပွဲက ကျစ်ထူဂိုဏ်းမှ နောက်ဆုံးတစ်ယောက်နှင့် ပင်လယ်တစ္ဆေဂိုဏ်းမှ ဝမ်းဗိုက်တွင် မျက်နှာနှင့်လူထွားကြီး အတူတကွ လှုပ်ရှားလာသည့်တိုင်အောင် ကြာမြင့်သွားသည်။ ထိုအခါမှသာ ရွှီချင်း၏ လူသတ်နှုန်းက တုံ့ခနဲ ရပ်သွား၏။

All Chapters