ပင်လယ်ဖွတ်ကျွန်းပေါ် သွေးချောင်းစီးခြင်း ( ၂ )
Vol. 10 Ch. 154
ရွှီချင်းက ထိုလူနှစ်ယောက်၏ မန္တန်များကို နာကျင်စွာ တောင့်ခံလိုက်ပြီး လေလွင့်ကျင့်ကြံသူတစ်ယောက်၏ ဝမ်းဗိုက်ထဲသို့ လက်ကို ထိုးသွင်းလိုက်သည်။ ထို့နောက် သူ နောက်ဆုတ်လိုက်ပြီး ကျောက်တုံးကြီးတစ်တုံးပေါ် ဆင်းသက်လိုက်သည်။ သူက အနည်းငယ် ကုန်း၍ ခေါင်းမော့ကာ ဘေးပတ်ဝန်းကျင်ရှိ လက်ကျန်ကျင့်ကြံသူများကို အသက်ဖြည်းဖြည်းရှူ၍ အေးတိအေးစက်ကြည့်လိုက်သည်။
လီထူဂိုဏ်းမှ ခေါင်းဆောင်တစ်ယောက်သာ ကျန်တော့သည်။ ပင်လယ်တစ္ဆေဂိုဏ်းမှ လူထွားကြီးအပါအဝင် လူလေးယောက် ကျန်သေးသည်။
သူ့ကိုယ်ပေါ်ရှိ ပျံသန်းစေနိုင်သောအဆောင်ကိုသုံး၍ ဤနေရာမှ ပျံသန်းသွားနိုင်ပါသော်လည်း ဤနေရာရှိ လူအားလုံးက သူ့ကို သတ်ချင်နေကြသည်။
သူ၏ စည်းမျဉ်းအရ ဤနေရာတွင် ဆက်နေပြီး ဆူးညှောက်ခလုတ်များကို အတတ်နိုင်ဆုံး လက်စတုံးပစ်ရန် ဖြစ်သည်။
ယခုအခါ ဘေးပတ်လည်တွင် အလောင်းလေးဆယ်ကျော် ရှိနေပြီး တစ်နေရာလုံး အနိဋ္ဌာရုံမြင်ကွင်းတစ်ခု ဖြစ်နေသည်။ လေလွင့်ကျင့်ကြံသူများ တုန်ရီနေကြပြီး ရှေ့ဆက်မတိုးရဲကြတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်လိုက်ကြသည်။
ရွှီချင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
သူ့ကို တိုက်ခိုက်ခဲ့သည့် မည်သူ့ကိုမဆို သူ အလွတ်မပေးချင်ပေ။ သူတို့က ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေပါသော်ငြား ရင်ထဲတွင် ဆူးညှောက်များ စိုက်ဝင်နေသကဲ့သို့ သူ ခံစားနေရဆဲပင်။
သူတို့နောက်သို့ သူ လိုက်ရန်ပြင်လိုက်စဉ် လက်ကျန်လီထူဂိုဏ်းသားက ရုတ်တရက် ပြောလိုက်သည်။
“ ပင်လယ်ဖွတ်အရေခွံတစ်ခုပဲ ငါ လိုချင်တာ။ ငါ့ကိုပေးလိုက်။ ဒီကိစ္စကို ငါ တင်ပြပြီးရင် လီထူဂိုဏ်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု မင်း ရစေရမယ် ”
“ ငါလည်း တစ်ခုပဲ လိုချင်တာကွ။ ဒီလိုမှမဟုတ်ရင် မင်းလက်ရှိအခြေအနေနဲ့ ဆက်အသက်ရှင်နိုင်မှာ မဟုတ်ဘူးနော် ”
ပင်လယ်တစ္ဆေကျင့်ကြံသူ၏ ဗိုက်ပေါ်ရှိ မျက်နှာက စူးစူးရှရှအော်ပြောလိုက်ပြီး သူ့မျက်လုံးများထဲရှိ အနီရောင်အလင်းသည်လည်း ပို၍ပင် ဝင်းလက်လာသည်။
သူတို့ကို ရွှီချင်း လျစ်လျူရှုလိုက်သည်။ ပျံသန်းစေနိုင်သောအဆောင်က တဖန် ပြန်လည်အသက်ဝင်လာပြီး မလှမ်းမကမ်းသို့ ရောက်နေပြီဖြစ်သည့် သူ့ကို တိုက်ခိုက်ခဲ့သော လေလွင့်ကျင့်ကြံသူများထံ သူ ဝင်ရောက်သွားသည်။ သူသည ကြောက်ခမန်းလိလိ မြန်ဆန်လှသည်ဖြစ်၍ ရုတ်ခြည်း အနီးသို့ရောက်သွားပြီး ခေါင်းများ လွင့်ပျံလာတော့သည်။
သူက ဆက်လက်သတ်ဖြတ်ရန် ပြင်လိုက်စဉ် လီထူဂိုဏ်းနှင့် ပင်လယ်တစ္ဆေဂိုဏ်းတို့က ပူးပေါင်း၍ အတူတကွ ပြေးလာကြသည်။
သူတို့ထဲတွင် လီထူဂိုဏ်းခေါင်းဆောင်၏ အနက်ရောင်ဝတ်ရုံက ပြေလွင့်သွားရာ သက်လတ်ပိုင်းယောက်ျားကြီးတစ်ယောက်၏ မျက်နှာပေါ်လာသည်။ သူ့မျက်လုံးများသည် အေးစက်နေပြီး သူ့ခန္ဓာကိုယ်က တုန်လှုပ်ချောက်ချားဖွယ်ရာ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
ထိုအရှိန်အဝါသည် ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ကို ကျော်လွန်ပြီး အခြေတည်အဆင့်နှင့် မဝေးတော့ပေ။
သူ လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် သူ့နောက်တွင် အနက်ရောင်မြူခိုးများ ပေါ်လာသည်။ မြူခိုးများက တရွှီရွှီအော်မြည်၍ ဧရာမအထိမ်းအမှတ်ကျောက်တိုင်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ထိုမြူခိုးအထိမ်းအမှတ်ကျောက်တိုင်ကြီးက ရွှီချင်းထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
ပင်လယ်တစ္ဆေဂိုဏ်းမှ လူထွားကြီးသည်လည်း စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ့ခန္ဓာကိုယ် ခြောက်ကပ်သွားပါသော်လည်း သူ့ဗိုက်ပေါ်ရှိ မျက်နှာက သွေးရောင်လွှမ်းလာကာ ၎င်း၏ မျက်လုံးများထဲရှိ အနီရောင်အလင်းသည်လည်း ဖြာထွက်လာသည်။ ၎င်း၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး သွေးတစ်ပွက်စာ အန်ထုတ်လိုက်သည်။
ထိုသွေးများက သွေးရောင်လွှမ်းသော ဓားပျံတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထုတ်လွှတ်နေလျက် ရွှီချင်းထံ တဟုန်ထိုး ပြေးဝင်သွားသည်။
လက်ကျန်ပင်လယ်တစ္ဆေဂိုဏ်းသားများသည်လည်း ထိုနည်းတူပင်၊ ဝှက်ဖဲများကို ထုတ်သုံးလိုက်ကြ၏။
ထိုအကျဉ်းအကြပ်အခြေအနေတွင် ရွှီချင်းက ရုတ်တရက် ညာလက်ကိုမြှောက်၍ ကောင်းကင်ကြီးကို ထိုးလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ခရမ်းရောင်အလင်းတန်းများ ချက်ချင်း ဖြာထွက်လာပြီး သူ့ခေါင်းအထက်တွင် စုစည်းသွားကာ ဧရာမဓားမော့ကြီးတစ်လက် ဖြစ်သွားသည်။
ထိုဓားမော့သည် ပေတစ်ရာရှည်၍ ပေသုံးဆယ်ကျယ်သည်။ ဓားကိုယ်ထည်တစ်ခုလုံး ခရမ်းရောင်ဝင်းလက်နေပြီး ဓား၏အေးစက်စက်အငွေ့အသက်များသည်လည်း အသက်ရှူကြပ်သွားစေသည်။
လေထဲတွင် ကောင်းကင်ဓားမော့ကြီးတစ်လက် ထောင်မတ်နေပြီး ဖော်ပြခြင်းငှာ မစွမ်းသာသော တာအိုသဘောတရားတစ်ခု ကိန်းအောင်းနေဟန်တူသည်။ ၎င်းတွင် လောကနိယာမများ ပါဝင်နေဟန်တူပြီး မြေပြင်တုန်ဟီးစေသည့်အရှိန်အဝါတစ်ခု ရှိနေဟန်တူသည်။
အနှီဓားမော့ကြီး ပေါ်လာသည်နှင့် ပင်လယ်တစ္ဆေဂိုဏ်းမှ လူထွားကြီးမှာ သိသိသာသာ မျက်နှာပျက်သွားပြီး အထိတ်တလန့် အော်ပြောလိုက်သည်။
“ ချီစုစည်းခြင်းအဆင့်နဲ့ တာအိုပညာကို သူ နားလည်နေတာလား။ သောက်ကျိုးနဲကွာ … ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ဒါကို နားလည်နေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း ”
သူသည် ပြောရင်းဆိုရင်း နောက်ဆုတ်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။
လီထူဂိုဏ်း၏ အသင်းခေါင်းဆောင်သည်လည်း တဆတ်ဆတ်တုန်ရီလာပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။
ရွှီချင်းက အသက်မဲ့နေသောမျက်နှာဖြင့် သူ့လက်ဝါးကို အောက်သို့ ချလိုက်သည်။
ကောင်းကင်နှင့်မြေပြင်၌ တဝုန်းဝုန်း မြည်ဟည်းသွားသည်။ ဝေဟင်ရှိ ခရမ်းရောင်ဓားမော့ကြီးက အောက်သို့ကျလာပြီး ချိုင့်ဝှမ်းပေါ် ကျသွားသည်။ ၎င်း၏ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံး ချေမှုန်းခံလိုက်ရသည်။
သွေးရောင်ဓားပျံမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။
အနက်ရောင်အထိမ်းအမှတ်ကျောက်တိုင်သည်လည်း ပြိုလဲကာ ပေါက်ကွဲသွားသည်။
မြေပြင်မှာလည်း တဝုန်းဝုန်းမြည်ဟည်းကာ ချိုင့်ဝှမ်းက နှစ်ခြမ်းကွဲထွက်သွားပြီး ဧရာမဓားမော့ရာကြီး ကျန်ရစ်ခဲ့လေသည်။ လီထူဂိုဏ်း၏ အသင်းခေါင်းဆောင်သည်လည်း နှစ်ခြမ်း ပိုင်းဖြတ်ခံလိုက်ရသည်။
သူက ရွှီချင်းကို မှင်သက်နေသောအကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။ ထို့နောက် သူ့ခန္ဓာကိုယ် ကွဲထွက်သွားကာ လတ်ဆတ်သော သွေးများ ပန်းထွက်လာသည်။
ခပ်လှမ်းလှမ်းရှိ ပင်လယ်တစ္ဆေဂိုဏ်းမှ လူထွားကြီး၏ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေပြီး သူ့မျက်လုံးများထဲတွင် စိတ်ဓာတ်ကျသည့်အရိပ်အယောင်များ ပေါ်လာသည်။ သူ ခေါင်းငုံ၍ ခါးနေရာကို ကြည့်ချင်ပါသော်လည်း သူ မကြည့်ခင်မှာပင် ခါးနေရာမှစတင်၍ သူ့ခန္ဓာကိုယ် နှစ်ခြမ်းကွဲထွက်သွားသည်။ သူ့ဝမ်းဗိုက်ပေါ်ရှိ မျက်နှာကိုလည်း သေမင်းအငွေ့အသက်များ ဖုံးလွှမ်းသွားသည်။
တချိန်တည်းမှာပင် လက်ကျန်ပင်လယ်တစ္ဆေဂိုဏ်းသားများ၏ ခန္ဓာကိုယ်များသည်လည်း ကွဲထွက်သွားသည်။
တိုက်ပွဲကွင်းပြင်တစ်ခုလုံး ပကတိ ငြိမ်သက်သွား၏။ ကောင်းကင်ကြီးသည်သာ တဂျိမ်းဂျိမ်းမြည်ဟည်း၍ နောက်ဆုံး၌ မိုးများ ရွာသွန်းလာသည်။
မိုးရေစက်များက မြေပြင်ပေါ် အတားအဆီးမရှိ ဒလဟော ရွာကျနေပါသော်ငြား ဤနေရာရှိ သွေးကွက်များကို ဆေးကြောသန့်စင်ခြင်းငှာ မစွမ်းသာချေ။
ရွှီချင်းက မိုးရေစက်များထဲတွင် ရပ်၍ မောဟိုက်ပင်ပန်းစွာ အသက်ရှူလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရှိနေသည်။ ဒဏ်ရာအများစုက ပျောက်ကင်းသွားပြီဖြစ်ပါသော်လည်း တခဏလေးအတွင်း မပျောက်ကင်းနိုင်သည့် ပြင်းထန်သော ဒဏ်ရာအနည်းငယ်လည်း ရှိသေးသည်။
ထိုတိုက်ပွဲက သူ့အတွက်လည်း မလွယ်ကူခဲ့ပေ။ ရန်သူများစွာကို သူ ရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလား။
သူက မနီးမဝေးရှိ တုန်ရီနေသော ကောက်ရိုးဝတ်ရုံဝတ် လူသားမဟုတ်သော ကျင့်ကြံသူနှင့် ဆင်နှာခေါင်းနှင့်လူထွားကြီးတို့ကို လှည့်ကြည့်လိုက်သည်။
“ ကျုပ်တို့ မတိုက်ခဲ့ပါဘူး ”
“ အစကတည်းက ကျုပ်တို့ ဝင်မပါခဲ့တာပါဗျာ ”
ရွှီချင်း၏အကြည့်ကြောင့် သူတို့နှစ်ယောက်လုံး ထိန်းမနိုင်သိမ်းမရ တုန်ရီသွားကြသည်။
ရွှီချင်းက စကားတစ်ခွန်းမဆိုဘဲ အကြည့်လွှဲ၍ အဝေးသို့ ပြေးထွက်သွားသော လေလွင့်ကျင့်ကြံသူများကို ကြည့်လိုက်သည်။ မကြာသေးခင်က ရွှီချင်းကို သူတို့ တိုက်ခိုက်ခဲ့ကြပြီး အခြေအနေမဟန်သည်ကို မြင်သောအခါ လူစုခွဲ၍ ထွက်ပြေးလိုက်ကြခြင်း ဖြစ်သည်။
ရွှီချင်းက သူတို့နောက်သို့ မလိုက်ဘဲ အေးတိအေးစက်သာ ကြည့်နေသည်။ ထိုစဉ် ထိုလေလွင့်ကျင့်ကြံသူများနှင့် လူသားမဟုတ်သော ကျင့်ကြံသူများမှာ ကျွန်းပေါ်မှ ထွက်မသွားခင် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။ သူတို့ခန္ဓာကိုယ်များ အစိမ်းပုပ်ရောင်ပြောင်းလဲသွားပြီး အဆိပ်ကြောင့် သူတို့ ဇီဝိန်ချုပ်သွားကြသည်။
ထိုမြင်ကွင်းက ကောက်ရိုးဝတ်ရုံဝတ်လူသားမဟုတ်သော ကျင့်ကြံသူနှင့် ဆင်နှာခေါင်းပိုင်ရှင်လူထွားကြီးတို့ကို ပို၍ပင် တုန်ရီသွားစေသည်။
ရွှီချင်းက သူတို့နှစ်ယောက်က လျစ်လျူရှုထားပြီး ချာခနဲလှည့်၍ အဝေးတစ်နေရာသို့ ညာလက်ဖြင့် လှမ်းဆုပ်လိုက်သည်။ ထိုအခါ အနက်ရောင်သံတုတ်ကလေးက သူ့လက်ထဲ ပြန်လည်ပျံသန်းလာ၏။ ထို့နောက် သူက သံတုတ်ကလေးကို ထပ်မံဝှေ့ယမ်းလိုက်ရာ ထိုသံတုတ်ကလေးက မယှဉ်သာလောက်သည့် အမြန်နှုန်းဖြင့် ဘေးပတ်ဝန်းကျင်မှ အလောင်းများကို လျင်မြန်စွာ ဖောက်ထွင်းသွားသည်။
သေချင်ယောင်ဆောင်သော လူတချို့ကို တားဆီးရန်အတွက် ရွှီချင်းက နောက်ဆုံးပိတ်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ကောက်ရိုးဝတ်ရုံဝတ်လူသားမဟုတ်သူနှင့် ဆင်နှာခေါင်းပိုင်ရှင်လူထွားကြီးတို့က နောက်ဆုတ်လိုက်ကြသည်။ သူတို့ အဝေးသို့ ဆုတ်ခွာပြီးသောအခါမှသာ ရွှီချင်းက သူတို့ကို ဂရုမစိုက်ကြောင်း သတိထားမိလိုက်ပြီး စိတ်ပေါ့သွားသည်။ သို့သော်လည်း သူတို့က အားကုန်သုံး၍ အဝေးသို့ အရူးအမူး ပြေးထွက်သွားကြသေးသည်။ တောင်ပေါ်မှ ဆင်းသက်လာပြီး တောအုပ်ထဲရောက်သောအခါမှသာ သူတို့ စိတ်အေးလက်အေးဖြင့် အသက်ဝဝရှူသွင်းလိုက်ကြသည်။
သို့ပေမည့် သူတို့ရင်ထဲမှ လောဘမီးတောက်ကို မငြိမ်းသက်နိုင်ကြချေ။ သူတို့က ကျောက်စိမ်းပေလွှာများကို တိတ်တဆိတ် ထုတ်လိုက်ကြပြီး အပြင်ဘက်ရှိ ခေါင်းဆောင်ကြီးကို အသံလွှင့်ပေးပို့ချင်နေသည်။ သူတို့ နောက်ကျသွားပါက ရွှီချင်း လွတ်မြောက်သွားမည်ကို သူတို့ စိတ်ပူနေ၏။
သို့သော် သူတို့ အသံမပို့လွှတ်ခင်မှာပင် သူတို့နောက်မှ အေးစက်စက်အလင်းတန်းနှစ်တန်း ဝင်ရောက်လာပြီး သူတို့လည်ပင်းများကို ဖောက်ထွက်သွားသည်။
သူတို့ ချက်ချင်း ဇီဝိန်ချုပ်သွား၏။
ရွှီချင်းက တည်ငြိမ်စွာ အကြည့်လွှဲလိုက်သည်။ ပင်လယ်ဖွတ်ကျွန်းပေါ်၌ အခြေတည်အဆင့်ကျင့်ကြံသူ တစ်ယောက်မှ မရှိပါသော်လည်း ပင်လယ်ထဲ၌ မရှိသည်ဟု မဆိုနိုင်ပေ။ ယခုအချိန်၌ အသံလွှင့်ပေးပို့မည့်ကိစ္စတွင် လွတ်မြောက်သွားသော လူနှစ်ယောက်မှာ အလွန် သံသယဝင်စရာကောင်းနေသည်။ သူတို့က လူတစ်ယောက်ကို အသံလှိုင်းစာတစ်စောင် ပေးပို့ရန် အခွင့်အရေးများသည်။
ယခုလိုအခြေအနေတွင် သာမန်လူများသာဆိုပါက အသံလွှင့်ပေးပို့ခြင်းကို တွေးတောမိမည် မဟုတ်ပေ။
ရွှီချင်းက တိုက်ပွဲကွင်းပြင်ပေါ်မှ ပစ္စည်းများကို သိမ်းဆည်းရင်း ပွဲသိမ်းတိုက်ခိုက်လိုက်သည်။
မကြာခင် မြေပြင်ပေါ်ရှိ အလောင်းများကို သူ ကြည့်လိုက်ပြီး ရုတ်တရက် သူ့ခြေထောက်အောက်ရှိ အရိပ်က သေချင်ယောင်ဆောင်နေသော လေလွင့်ကျင့်ကြံသူသုံးယောက်၏ လည်ပင်းကို ဖမ်းဆုပ်၍ အပေါ်သို့ မ,လိုက်သည်။
သူတို့သုံးယောက်မှာ ဒူးထောက်၍ အသနားမခံနိုင်သေးခင် သူတို့လည်ပင်းများ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားကာ ချက်ချင်း ဇီဝိန်ချုပ်သွားသည်။
ရွှီချင်း တိုက်ခိုက်လိုက်သည့် တချိန်တည်းမှာပင် ခန္ဓာကိုယ်နှစ်ခြမ်းကွဲသွားခဲ့သော ပင်လယ်တစ္ဆေဂိုဏ်းမှ လူထွားကြီး၏ ဝမ်းဗိုက်ထဲရှိ သေနေသော မျက်နှာ၏ မျက်လုံးများ ဆတ်ခနဲ ပွင့်လာပြီး သွေးမှင်စာတစ်ကောင်အသွင်ပြောင်း၍ အပြင်ဘက်သို့ ပြေးထွက်သွားသည်။
မည်သည့်နည်းလမ်းကို အသုံးပြုလိုက်သည် မသိပါသော်လည်း ၎င်း၏ စွမ်းအင်များ ပျံ့လွင့်သွားကာ လေထဲသို့ ပျံတက်လိုက်သည်။ ၎င်းက ကြောက်ခမန်းလိလိ မြန်ဆန်လှသည်ဖြစ်ပြီး တခဏလေးအတွင်း ကျွန်းပေါ်မှ ထွက်ခွာ၍ ပင်လယ်ပြင်ပေါ်သို့ ရောက်သွားပြီး အဝေးသို့ အရူးအမူး ပျံပြေးလိုက်သည်။
ရွှီချင်းက အေးတိအေးစက်ကြည့်လိုက်ပြီး တိုက်ပွဲစကတည်းက ပထမဆုံးအကြိမ်အဖြစ် စကားတစ်ခွန်း ပြောလိုက်လေသည်။
“ တားမြစ်ပင်လယ် ဝေလနဂါး ”
သူ့စကားဆုံးသည်နှင့် ပင်လယ်ဖွတ်ကျွန်းဘေးရှိ ပင်လယ်ကြီးက ရုတ်တရက် ဝုန်းခနဲ မြည်ဟည်းလာပြီး ရေလှိုင်းများ ကောင်းကင်သို့ ထိုးတက်သွားသည်။ ထို့နောက် ပေတစ်ထောင်ရှည်သော ရှဲကျင်းလုံတစ်ကောင် ပင်လယ်ထဲမှ ဘွားခနဲ ထွက်လာပြီး သွေးရောင်မှင်စာကို ဝါးမျိုလိုက်သည်။
၎င်း၏ခန္ဓာကိုယ်က လရောင်ကို ဖုံးကာထားပြီး ပင်လယ်အနံ့အသက်များ ထောင်းခနဲ ထနေသည်။ မှင်စာနီလေးကို ဝါးမျိုပြီးနောက် ၎င်းက ပင်လယ်ပြင်ပေါ်သို့ ဘုန်းခနဲ ပြန်ကျသွားသည်။
ပင်လယ်ပြင်တစ်ခုလုံး တဝုန်းဝုန်းမြည်ဟည်းသွားကာ လှိုင်းထန်သွားသည်။
မိုးများသည်လည်း သည်းကြီးမဲကြီး ရွာချလာသည်။