← Chapters

ဖီးနစ်လော၊ လင်းယုန်လော ( ၁ )

Vol. 10 Ch. 155

ဖီးနစ်လော၊ လင်းယုန်လော ( ၁ )

Vol. 10 Ch. 155

ခဏအကြာ မိုးသည်းထန်စွာ ရွာသွန်းနေသော ကမ်းခြေ၌ ရွှီချင်း ပေါ်ထွက်လာသည်။

သဲထဲမြုပ်နေသော အရိုးများပေါ်မှ သူ ကျော်ဖြတ်လာပြီး မိုးရေများ စိုစွတ်နေလျက် ကမ်းခြေမှနေ၍ ပင်လယ်ပြင်ကြီးကို ကြည့်လိုက်သည်။

ပင်လယ်ထဲတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေသည့်အလား လှိုင်းများ တဝုန်းဝုန်း ရိုက်ခတ်နေသည်။

လီထူဂိုဏ်း၏ လှေကို သူ ပြန်တွေးမိလိုသော်လည်း ယခုတွင် မရှိတော့ပေ။

ဤကျွန်းပေါ်သို့ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်မှ ခြေမချဝံ့ကြသလို ကျွန်းအနီးတဝိုက်တွင်လည်း မနေဝံ့ကြောင်း သူ သိသည်။ သို့သော်လည်း ယုတ်မာကောက်ကျစ်သော စိတ်နှင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေမည်ဆိုပါက ကျွန်းအပြင်ဘက်ပိုင်းတွင် ရှိနေနိုင်ကြောင်း သူ ခံစားမိနေသည်။

ပင်လယ်ဖွတ်ကျွန်းမှ အကျိုးအမြတ်များစွာ ရရှိလာသော ချီစုစည်းခြင်းအဆင့်ဂိုဏ်းသားများကို သတ်ဖြတ်၍ လုယက်ရန် သူတို့ စောင့်နေနိုင်သည်။ သို့တည်းမဟုတ် သူတို့ စေလွှတ်လိုက်သည့်လူများကိုလည်း စောင့်နေနိုင်သည်။

ပင်လယ်တစ္ဆေဂိုဏ်းနှင့် လီထူဂိုဏ်းမှလူများ၏နောက်မှ အခြေတည်အဆင့်ကျင့်ကြံသူများ လိုက်ပါလာနိုင်ချေနှင့် ပတ်သက်၍ သူ့စိတ်ထဲ မသေချာပေ။ သူတို့သာ လိုက်ပါလာခဲ့မည်ဆိုပါက ဖြစ်ကြောင်းကုန်စင်သိသွားရန် အခွင့်အရေးများသည်။ ရုန့်ရင်းဆန်ခတ်တိုက်ပွဲအတွင်း သတင်းစကားအားလုံးကို သူ ပိတ်ပင်တားဆီးရန် မဖြစ်နိုင်သည် မဟုတ်ပါလား။

အတန်ငယ် တွေးတောပြီးနောက် ချက်ချင်းထွက်မသွားရန် ရွှီချင်း ဆုံးဖြတ်လိုက်သည်။ သူ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး နေရာမှာပင် တိတ်ဆိတ်စွာ ထိုင်၍ ကျင့်ကြံခြင်းအခြေခံကို လည်ပတ်ကာ အားအင်များ ဖြည့်လိုက်သည်။

သူ များစွာ ပြန်လည်သက်သာလာသောအခါ မိုးရေများထဲတွင် မျက်လုံးများကို ဖွင့်၍ အဝေးရှိ ပင်လယ်ကြီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အေးစက်တင်းမာသော အရိပ်အငွေ့များက နေရာယူထား၏။

“ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ယောက်သာ တကယ် ရှိနေခဲ့ရင် … ”

ရွှီချင်းက အကောင်းနှင့်အဆိုးကို ဝေဖန်သုံးသပ်လိုက်ပြီး သူ၏လူသတ်ချင်စိတ်ကို ဖိနှိပ်လိုက်သည်။

အခြေတည်အဆင့်ကျင့်ကြံသူ မည်မျှရှိနေနိုင်သည်ကို သူ သေချာမသိသည့်အတွက်ကြောင့် မလိုအပ်ဘဲ သူ မတိုက်ခိုက်ချင်ပေ။

ပင်လယ်ဘေးသို့ သူ လျှောက်သွားလိုက်ပြီး မှော်လှေကို ထုတ်လိုက်သည်။ ညာလက်ကို သူ ဝှေ့ယမ်းလိုက်ရာ မှော်လှေမှ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာပြီး ထိုမှော်လှေ၏ ပုံပန်းသွင်ပြင်က ယခင်အတိုင်း တသွေမတိမ်း ရှိနေသေးသော်လည်း အောက်မှ လှေအသေးလေးတစ်စီး ပေါ်လာသည်။

ထိုလှေမြန်ကလေးကို ကျန်းစန်းက မှော်လှေပျက်စီးသွားပြီး အရေးပေါ်အခြေအနေအတွက် လုပ်ပေးထားခဲ့ခြင်း ဖြစ်သည်။

၎င်းက ဂိုဏ်းမှ စံသတ်မှတ်ထားသော မှော်လှေမျိုးမဟုတ်ဘဲ ဖွဲ့စည်းတည်ဆောက်ပုံလည်း ကွဲပြားသည်။ ၎င်းက ခုခံတိုက်ခိုက်ရာတွင် အလွန်ညံ့သည်။ သို့ရာတွင် ကျန်းစန်း၏ ပြုပြင်မှုအောက်၌ ၎င်း၏ အမြန်နှုန်းက သိသိသာသာ တိုးတက်လာသည်။ ၎င်းသည် အချိန်အတိုင်းအတာတစ်ခုအထိ မှော်လှေထက် နှစ်ဆအမြန်နှုန်းဖြင့် သွားနိုင်သည်။

သို့သော်လည်း ၎င်းကို အချိန်အတော်ကြာသည်အထိ ရွက်လွှင့်သွားရန်မှာ အလွန် အန္တရာယ်များသည်။

ရွှီချင်းက အတန်ငယ် စူးစိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ ဆုံးဖြတ်ချက်ချသည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ မှော်လှေကို ထိန်းချုပ်သည့် ကျောက်စိမ်းပေလွှာအား ထုတ်လိုက်ပြီး မှော်လှေကို အလိုအလျောက် ထိန်းချုပ်နိုင်စေရန် ပြင်ဆင်ထိန်းညှိလိုက်သည်။ ပြီးသည်နှင့် မှော်လှေအတွက် လမ်းကြောင်းတစ်ခု သတ်မှတ်လိုက်ပြီး အကာအကွယ်အလွှာကို အပြည့်အဝ အသက်သွင်းလိုက်၏။

ထွက်ခွာသွားသော မှော်လှေကို သူ ကြည့်၍ နှမျောစိတ်ကို ချိုးနှိမ်ကာ ဘေးရှိ လှေမြန်လေးပေါ် တက်လိုက်သည်။ လှေမြန်လေးပေါ် သူ တက်လိုက်ပြီး ပင်လယ်ဖွတ်ကျွန်းပေါ်မှ ထွက်ခွာရန် အသင့်ဖြစ်နေသောအခါ ကျွန်းဘက်သို့ ပြန်ကြည့်လိုက်သည်။

မိုးရေစက်များအောက်တွင် ကျွန်းကြီးက မှောင်မည်းခြင်းအတိ ရှိနေသည်။ မိုးနှင့်လေကြား ယိမ်းနွဲ့နေသော သစ်ပင်လေးများက တရှဲရှဲအော်မြည်၍ သွေးစွန်းတိုက်ပွဲအကြောင်း ဆွေးနွေးနေကြသည့်အလားပင်။

ပြင်းထန်သော လေနှင့်မိုးကြောင့် တောင်တန်းများသည်လည်း ဟိုမှသည် ယိမ်းယိုင်နေပါသော်ငြား လူများက ငြိမ်သက်နေသည်။

ထိုအခြင်းအရာအားလုံးကို ရွှီချင်း ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် ကျွန်းကြီးကို သူ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

“ အနှောင့်အယှက်ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ် ဆရာကြီးခင်ဗျား ”

ပြီးသည်နှင့် သူက လှေမြန်ကို ထိန်းချုပ်၍ ပင်လယ်ထဲသို့ တွေဝေတွန့်ဆုတ်မနေဘဲ သွားလိုက်သည်။

ပင်လယ်ထဲသို့ လှေမြန်လေး ရောက်လာသည်နှင့် ရွှီချင်းက သူ့အရှိန်အဝါအားလုံးကို ရုတ်သိမ်းလိုက်သည်။ ထို့ပြင် ဝေလနဂါးကြီးလည်း ရောက်လာပြီး လှေကလေးကို လွှမ်းခြုံလိုက်သည်။

မိုးသည်းသောည၌ ရွှီချင်းသည် လှေကလေးကို စီး၍ ခရီးဆက်နေသည်။

ယင်းသည် ရွှီချင်း တွေးထားသည့်နည်းလမ်းဖြစ်သည်။ မှော်လှေနှစ်စီးအနက် တစ်စီးက လူမြင်ကွင်းတွင် ရှိနေပြီး တစ်စီးက အမှောင်ထဲတွင် ရှိနေသည်။ ၎င်းတို့က မတူညီသောအရပ်မျက်နှာအသီးသီးသို့ ခရီးဆက်နေကြသည်ဖြစ်၍ အခြေတည်အဆင့် ကျင့်ကြံသူများ၏ အာရုံစိုက်ခံရခြင်းမှ ရှောင်လွှဲနိုင်သည်။

သူ ထွက်သွားသည်နှင့် မိုးရေထဲတွင် ငြိမ်သက်တိတ်ဆိတ်နေခဲ့သော ကျွန်းကြီးက ရုတ်တရက် တုန်ခါလာပြီး နစ်မြုပ်သွားသည်။ ပင်လယ်ရေများ ကျွန်းပေါ် တလိမ့်လိမ့်တက်လာပြီး မိုးရေများဖြင့် ဆေးကြောသန့်စင်ခြင်း မပြုနိုင်သည့် သွေးကွက်များကို ချက်ချင်း ဆေးကြောလိုက်သည်။

ခဏအကြာ ကျွန်းကြီး ပြန်ပေါ်လာသောအခါ မည်သည့်သွေးစက်မျှ ရှိမနေတော့ပေ။ ပြိုလဲနေခဲ့သော သစ်ပင်များနှင့် ပြန့်ကျဲနေခဲ့သော တောင်ကျောက်သားများသည်လည်း ထူးဆန်းစွာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ကျွန်းအောက်ရှိ ပင်လယ်၏ အနက်ရှိုင်းဆုံးတစ်နေရာ၌သာ ဧရာမမျက်လုံးကြီးနှစ်လုံး တဖြည်းဖြည်း ပွင့်လာသည်။ ထိုမျက်လုံးတစ်စုံက အဝေးသို့ ရောက်သွားပြီဖြစ်သော လှေမြန်ကလေးကို မထူးခြားလေဟန်ဖြင့် ကြည့်နေပြီးနောက် အချိန်အတော်ကြာသောအခါ ပြန်မှိတ်သွားသည်။

တစ်နာရီကြာသောအခါ …

ကြောက်ခမန်းလိလိ မြန်ဆန်စွာ သွားနေသော လှေမြန်လေးထဲရှိ ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။ မှော်လှေကို ထိန်းချုပ်သည့် ကျောက်စိမ်းပေလွှာကို သူ ထုတ်ကြည့်လိုက်ပြီး သူ့မျက်လုံးများ မှေးသွားသည်။

ကျောက်စိမ်းပေလွှာ အက်ကွဲနေပေသည်။

ယင်းမှာ အလိုလို ရွက်လွှင့်သွားခဲ့သော မှော်လှေက ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း ဖော်ပြနေပေသည်။

“ ခန့်မှန်းထားသလို အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ”

“ ဒါဆို ငါ ရေထဲ ပုန်းနေပြီး အခြေတည်အဆင့်ကျင့်ကြံသူတွေ ငါ့ကို ရှာလို့ မတွေ့တော့အထိ စောင့်နေသင့်လား၊ ဒါမှမဟုတ် ငါ အရှိန်တင်ပြီး ထွက်ပြေးသင့်လား ”

ရွှီချင်း ငြိမ်သက်သွားပြီး အရှိန်တင်ပြီး ထွက်ပြေးရန်ကိုသာ ရွေးချယ်လိုက်သည်။

ဤနေရာတွင် ဆက်နေပြီး သေမင်းကို သူ စောင့်မနေချင်ပေ။ ပင်လယ်အောက်ပိုင်းသည်လည်း ပင်လယ်ပြင်ပေါ်ကဲ့သို့ တူညီစွာ အန္တရာယ်များသည်။ တစ်ဖက်လူသာ ဤနေရာမှ အချိန်အတော်ကြာသည်အထိ ထွက်မသွားခဲ့ပါက ထိုလူ ပြုသမျှ နုရသည့်ဘဝသို့ သူ ရောက်သွားလိမ့်မည်။

တခြားလူ၏ ဆုံးဖြတ်ချက်များအပေါ် သူ့ဘဝကို ဝ,ကွက် မအပ်လိုက်ချင်ပေ။

သူက လှေမြန်လေးကို အမြန်နှုန်းတင်ရန် ထိန်းချုပ်လိုက်ရင်း သူ့အရှိန်အဝါကို တတ်နိုင်သလောက် ကွယ်ဝှက်ထားလိုက်သည်။

ကံကောင်းထောက်မ၍ ပင်လယ်ရေသည်လည်း သူ့အရှိန်အဝါကို ဖုံးကွယ်ရာတွင် အကူအညီပေးလေသည်။ ထို့ပြင် ဓာတ်နှောများကို သူ စိုးရိမ်နေစရာမလိုသည့်အတွက် သူ့အရှိန်အဝါကို ဖုံးကွယ်နိုင်ရန် ပင်လယ်နက်ပိုင်းသို့ ဆင်းလိုက်သည်။

သူ ထည့်သွင်းစဉ်းစားရမည့်တစ်ချက်မှာ လှေမြန်က ဖိအားဒဏ်ကို ခံနိုင်မလား ဆိုသည့်အချက်ပင် ဖြစ်သည်။

သို့သော်လည်း ယခုအချိန်က ထိုအကြောင်း တွေးတောနေရမည့်အချိန် မဟုတ်သည်ကို သူ သိသည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် လှေမြန်လေးက ပင်လယ်အောက်ပိုင်း၌ တဟုန်ထိုး ခရီးဆက်နေသည်။ ခဏအကြာ ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။

တစ်ခုခုရှာနေသည့်အလား ပင်လယ်ပြင်ထက်မှ အန္တရာယ်တစ်စုံတစ်ခုကို သူ အာရုံခံမိလိုက်သည်။

သူ လှေကလေးကို ပို၍ နက်ရှိုင်းစွာ ဆင်းသက်နိုင်ရန် ထိန်းချုပ်လိုက်ပြီး ရှေ့ဆက်သွားလိုက်သည်။

သို့သော်လည်း အန္တရာယ်အာရုံက ရှိနေဆဲပင်။ လှေမြန်လေးက ပင်လယ်အောက်ရှိ ဖိအားဒဏ်နှင့် ဓာတ်နှောများ တိုက်စားသည့်ဒဏ်ကို တောင့်မခံနိုင်သည့် လက္ခဏာများ ပြသလာသည်။ ယခုအတိုင်း ဆက်သွားနေပါက လှေကလေး ပျက်စီးသွားမည့်အရေးကို မြင်၍ ရွှီချင်းက လှေကလေးကို သိမ်းဆည်းကာ တားမြစ်ပင်လယ် ဝေလနဂါး၏ ခန္ဓာကိုယ်ထဲ တိုးဝင်၍ ထပ်မံခရီးဆက်လိုက်သည်။

ထိုသို့ဖြင့် အချိန်များ ကုန်လွန်လာခဲ့ပြီး တစ်ညတာ ကျော်လွန်သွားသည်။

ပင်လယ်ပြင်မှ အန္တရာယ်ခံစားချက်က တဖြည်းဖြည်း လျော့ပါးသွားပါသော်လည်း အနည်းအကျဉ်း ကျန်နေသေးသည်။ သူတို့က ရွှီချင်းကို စောင့်ကြည့်ရန် လျှို့ဝှက်နည်းလမ်းများ သုံးနေကြသည့်အလားပင်။

ထို့ကြောင့် ရွှီချင်းမှာ သတိလက်လွတ်မနေဝံ့ချေ။ သူ အံတင်းတင်းသာကြိတ်လိုက်ပြီး ထိုစောင့်ကြည့်ခံရခြင်းမှ ရှောင်တိမ်းရန် ပင်လယ်ထဲသို့ ပို၍ ငုပ်လျှိုးလိုက်သည်။

All Chapters