အနွေးဓာတ်ကလေး
Vol. 11 Ch. 1031
" အဆုံးသတ်မှာ … အဲဒီကမ္ဘာကလူတွေက ဒီနေ့အထိ ခေတ်အဆက်ဆက် တည်ရှိလာခဲ့တဲ့ အင်အားကြီး တိုင်းပြည်ကြီးတစ်ခုကို ဖန်တီးလိုက်ကြတယ်။ အဲဒီတိုင်းပြည်ကြီးကတော့ ထာဝရနယ်မြေတွေထဲ တည်ရှိနေတဲ့ တိုင်းပြည်ကြီးနှစ်ခုထဲက တစ်ခုဖြစ်သလို အင်အားအကြီးဆုံးလဲဖြစ်တဲ့ မိစ္ဆာ ဧကရာဇ်တိုင်းပြည်ပဲ “
" နောက်ဆုံးမှာ မိစ္ဆာဧကရာဇ်တိုင်းပြည်က ထာဝရသားတော်တွေရဲ့ အခြားရုပ်တုကြီးနှစ်ခုကို သတိပြုမိခဲ့တယ်။ တစ်နေ့ အဲဒီရုပ်တုကြီးနှစ်ခု ပွင့်ထွက်ပြီး အထဲမှာ နေနေကြတဲ့ သက်ရှိအရာတွေ ထွက်လာလိမ့်မယ်ဆိုတာ သူတို့သိကြတယ် “
" အစက မိစ္ဆာဧကရာဇ်တိုင်းပြည်က အခြားရုပ်တုနှစ်ခုဆီက လူတွေကို ကြိုဆိုပြီး မဟာရန်သူတော်ကြီးကို တိုက်ခိုက်ဖို့အတွက် သူတို့နဲ့ ပူးပေါင်းဖို့ ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ သေသေချာချာ မပြင်ဆင်ရသေးခင်မှာပဲ ဒုတိယရုပ်တုကြီးက မမျှော်လင့်ဘဲ အက်ကွဲလာတယ်။ အထဲက လူတွေက ထာဝရနယ်မြေတွေမှာရှိတဲ့ နေရာမျိုးစုံကို တည်နေရာရွှေ့ပြောင်းခံလိုက်ကြရတာပေါ့။ မထင်မှတ်ထားဘဲ သူတို့က မဟာရန်သူတော်ကြီးကို တိုက်ခိုက်ဖို့ စိတ်မဝင်စားခဲ့ကြဘူး။ သူတို့က အာဏာရယူနိုင်ဖို့အတွက်ပဲ စိတ်ပိုင်းဖြတ်ထားကြတော့ နောက်ဆုံး မိစ္ဆာဧကရာဇ်တိုင်းပြည်မှာ စစ်ဖြစ်ဖို့ကလွဲပြီး ရွေးစရာမရှိခဲ့ဘူး။ အဲဒီအချိန်တစ်ဝိုက်မှာပဲ အသစ်ရောက်ရှိလာတဲ့ တော်ဝင်မျိုးနွယ်စုထဲ လောကနတ်ဘုရားတစ်ပါး ပေါ်ထွက်လာခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ သူက မိစ္ဆာဧကရာဇ်နဲ့ ကျင့်ကြံခြင်းအခြေခံ အတူတူ ဖြစ်နေတယ်။ သူတို့နှစ်ဦးက လူတွေအတွက် ဆိုးဆိုးရွားရွားအခြေအနေတစ်ရပ်ကို ကာကွယ်ဖို့ နောက်ဆုံးမှာ ငြိမ်းချမ်းရေးယူလိုက်ကြတော့တာပဲ "
အဘိုးကြီးက ဘုရားကျောင်းထဲတွင် သက်ပြင်းချလိုက်စဥ် ပိုင်ရှောင်ချန်းက အရက်တစ်ကျိုက်မော့ပြီးနောက် ရယ်လိုက်သည်။
ပိုင်ရှောင်ချန်းသည် အမှန်တရားအား ချက်ချင်းပင် ဖောက်ထွင်းမြင်နိုင်၏။ မိစ္ဆာဧကရာဇ်တိုင်းပြည်က ထာဝရနယ်မြေများအားလုံးကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ရန် မျှော်လင့်ခဲ့သော်လည်း သူတို့ ထိုသို့ပြုလုပ်ရန် နေရာတကျမဖြစ်သေးခင် ဒုတိယထာဝရသားတော်ရုပ်တုကြီး ပွင့်ထွက်လာခဲ့သည်။ ဒုတိယရုပ်တုအတွင်းရှိ လူအများသည် အဖွဲ့များပြန်လည်စုစည်းလိုက်ပြီး တန်ပြန်တိုက်ခိုက်ခဲ့ကြသည်ဖြစ်၍ မိစ္ဆာဧကရာဇ်တိုင်းပြည်မှာ မတတ်သာဘဲ စစ်ပြေငြိမ်းရေးကြေညာချက်ထုတ်ပြန်လိုက်ရတော့သည်။
ထိုအခြားအဓိကတပ်ဖွဲ့ကြီးကား သူတော်စင်ဧကရာဇ်တိုင်းပြည် ဖြစ်ပေသည်။
" တကယ်ကော့ အင်ပါယာနိုင်ငံ သုံးနိုင်ငံ ဖြစ်သင့်တာ... "
အဘိုးကြီးက နောက်တစ်ကြိမ် သက်ပြင်းချကာ ပြောသည်။
" ကျွန်တော် သိတယ် ဆရာ။ တတိယအင်ပါယာနိုင်ငံတော်က ဗဟိုဧကရာဇ်တိုင်းပြည် ဖြစ်သင့်တာ။ လူတိုင်းပြောနေကြတဲ့ မကြာသေးခင်က ကွဲကြေသွားတဲ့ တတိယထာဝရသားတော်ရုပ်တုကြီးမလား "
ပိုင်ရှောင်ချန်းသည် ကောင်လေး၏ စကားများကို ကြားသောအခါ သေရည်အိုးကိုသာ ငုံ့ကြည့်လိုက်ပြီး သူ့လက်သည်ကား တဆတ်ဆတ်တုန်ရီနေတော့သည်။
" ဝမ်းနည်းစရာကောင်းတာက တတိယထာဝရသားတော်ရုပ်တုက ဗဟိုဧကရာဇ်တိုင်းပြည်ကို ထုတ်ခဲ့သင့်တာ။ ဒါပေမဲ့ အဲဒါက အင်မတန် နောက်ကျလွန်းမှ ကွဲအက်သွားခဲ့တယ် ... အခုတော့ မိစ္ဆာဧကရာဇ်တိုင်းပြည်က အင်မော်တယ်နယ်မြေသုံးခုလုံးကို ထိန်းချုပ်နေတာပဲ။ မိစ္ဆာဧကရာဇ်တိုင်းပြည် ဘာမှမလုပ်နိုင်တဲ့ နယ်မြေက သူတော်စင်ဧကရာဇ်နိုင်ငံတော်လက်အောက်က အင်မော်တယ်နယ်မြေနှစ်ခုပဲ ရှိတယ် “
" အခု ဗဟိုဧကရာဇ်တိုင်းပြည်က လူတွေအတွက် အဆင်ပြေတာက တခြားအင်ပါယာနိုင်ငံတော်တွေရဲ့ တပ်ဖွဲ့တွေကို အားဖြည့်ပေးဖို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေအားလုံးရဲ့ အဆုံးသတ်ပန်းတိုင်က နောက်ကွယ်က မဟာရန်သူတော်ြကီးနဲ့ ရင်ဆိုင်ဖို့ပဲလေ။ တကယ်တော့ သူတော်စင်ဧကရာဇ်တိုင်းပြည်က အားနည်းပြီး အသုံးမကျဘူး။ ငါတို့ မိစ္ဆာဧကရာဇ်တိုင်းပြည်ကပဲ ထာဝရနယ်မြေတွေရဲ့ စစ်မှန်တဲ့အင်အားစု၊ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ "
အဘိုးကြီးက သူ့စကား၏ နောက်ဆုံးအပိုင်းအား ပြောသည့်အခါတွင် သူ၏အသံတွင် လေးစားကြည်ညိုမှုများ၊ စိတ်ဓာတ်အားမာန်များဖြင့် ပြည့်လျှံနေတော့သည်။
ပိုင်ရှောင်ချန်းက နံရံကိုမှီကာ လှဲလိုက်ပြီး တုန်ရီနေသောလက်ဖြင့် သေရည်အိုးကို မြှောက်၍ သူ၏ရင်ထဲတွင် အမြစ်တည်နေသော ခါးသီးနာကျည်းမှုများအား မကြာမီ ထုံသွားစေရန် မျှော်လင့်ကာ နောက်တစ်ကျိုက် သောက်လိုက်သည်။
ဤမြို့သည် မိစ္ဆာဧကရာဇ်တိုင်းပြည်၏ ထိန်းချုပ်ခံရသော တတိယမြောက် အင်မော်တယ်နယ်မြေတွင် တည်ရှိသည်။ ထာဝရနယ်မြေများထဲက အင်မော်တယ်နယ်မြေငါးခုသည် အကြမ်းဖျင်းအားဖြင့် အရွယ်အစားတူပြီး တစ်ခုစီက ကောင်းကင်တံတားဒေသထက် အဆမတန်ကြီးမား၏။ အမှန်တွင် ကောင်းကင်တံတားဒေသကို ထိုအင်မော်တယ်နယ်မြေတစ်ခုအတွင်း တည်ရှိသည့် စီရင်စုများအနက် တစ်ခုအဖြစ်သာ သတ်မှတ်နိုင်လိမ့်မည်။
အင်မော်တယ်နယ်မြေတစ်ခုစီတွင် စီရင်စုပေါင်းဒါဇင်များစွာရှိ၏။ ထိုစီရင်စုများထဲတွင် နိုင်ငံများ ဒါဇင်ချီရှိပြီး ထိုနိုင်ငံများအတွင်း အရွယ်အစားအမျိုးမျိုးရှိသော မြို့ကြီး၊မြို့ငယ်များရှိသည်။
ပိုင်ရှောင်ချန်းရောက်ရှိနေသည့် မြို့ငယ်လေးသည် ထိုသို့ နေရာတစ်နေရာသာဖြစ်၏။
ထာဝရနယ်မြေများတွင် ကျင့်ကြံသူများနှင့် သာမန်လူများအကြား ပတ်သက်မှုသည် ကောင်းကင်တံတားဒေသနှင့် အတန်ငယ် ကွဲပြားလေသည်။ ဤနေရာတွင် ကျင့်ကြံသူများက သာမန်လူများနှင့်အတူ နယ်မြေကို စောင့်ရှောက်ကြသည်။
အင်မော်တယ်နယ်မြေတစ်ခုစီကို ကောင်းကင်ဧကရာဇ်တစ်ပါးစီက အုပ်ချုပ်ကြပြီး သူတို့၏ လက်အောက်ငယ်သား၊ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများက စီရင်စုနယ်များကို ကြီးကြပ်ကွပ်ကဲကြ၏။
အမှန်တွင် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများ၌လည်း အမျိုးမျိုးသောနိုင်ငံများကို စီမံကွပ်ကဲသည့် လက်အောက်ငယ်သား နတ်အဆင့်ကျင့်ကြံသူများရှိကြသည်။ များသောအားဖြင့် ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်များက ပိုကြီးသောမြို့များကို တာဝန်ယူရပြီး သေးငယ်သောနေရာများကိုမူ ရံဖန်ရံခါ အမြုတေအဆင့်ကျင့်ကြံသူများက စီမံကွပ်ကဲလေသည်။
ကောင်းကင်ဧကရာဇ်တိုင်းကို အင်မော်တယ်နယ်မြေတစ်ခု၏ အုပ်ချုပ်သူအဖြစ် ထမ်းဆောင်ရန် ခန့်အပ်မည်မဟုတ်ပေ။ ဥပမာအနေဖြင့် မိစ္ဆာဧကရာဇ်တိုင်းပြည်မှာပင် ထိုသို့အုပ်ချုပ်ခွင့်ရသည့် ကောင်းကင်ဧကရာဇ်က သုံးပါးသာရှိပြီး အခြားလက်တစ်ဆုပ်စာ ကောင်းကင်ဧကရာဇ်များက ဗဟိုဧကရာဇ်မြို့တော်တွင် တာဝန်ကျလေသည်။
ထို့ပြင် မိစ္ဆာဧကရာဇ်ကိုယ်တိုင်က မိစ္ဆာဧကရာဇ်မြို့တော်နှင့် ၄င်းကိုဝန်းရံထားသည့် နယ်မြေများအတွက် တာဝန်ရှိသည်။
" ထာဝရနယ်မြေများ ... "
ပိုင်ရှောင်ချန်းက ခပ်တိုးတိုးရေရွတ်လိုက်၏။ အလွန်တရာကြီးမားသော အရွယ်အစားအရသော်လည်းကောင်း၊ ရှိသည့် အစွမ်းထက်ပညာရှင်အရေအတွက်အားဖြင့်သော်လည်းကောင်း၊ ထာဝရနယ်မြေများသည် ကောင်းကင်တံတားဒေသထက် များစွာသာလွန်ပေသည်။ ကောင်းကင်ဧကရာဇ်အစစ် မဖြစ်သေးသည့် ကောင်းကင်တံတားတာအိုကဲ့သို့သော လူများမှာ ... ရှားလှသည် မဟုတ်ပေ။
မဟာယနအဆင့်သို့ ရောက်ရှိပြီး ကောင်းကင်ဧကရာဇ်များ ဖြစ်လာမှသာလျှင် လူတစ်ယောက်အား ထာဝရနယ်မြေများတွင် အစွမ်းထက်ပညာရှင်တစ်ယောက်အဖြစ် အမှန်တကယ် သတ်မှတ်နိုင်၏။
ကောင်းကင်ဧကရာဇ်အဆင့်အထက်တွင် ရှိနေသည်မှာ လောကနတ်ဘုရားအဆင့်ဖြစ်သည်။ ထိုအဆင့်မှာ ကြောက်စရာကောင်းသောအဆင့်ဖြစ်ပြီး ထာဝရနယ်မြေအားလုံးတွင် ထိုအဆင့်သို့ ရောက်ရှိနေသည်မှာ ဧကရာဇ်နှစ်ပါးသာ ရှိသည်။
ပိုင်ရှောင်ချန်း ပြောနိုင်သည်မှာ လောကနတ်ဘုရားတစ်ပိုင်းအဆင့်လူများသည် ကောင်းကင်ဧကရာဇ်အဆင့်၏ မဟာစက်ဝန်းသို့ ရောက်ရှိနေသော လူများ သို့မဟုတ် လောကနတ်ဘုရားအဆင့်သို့ ရောက်ရှိရန်ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့သည့် လူများသာ ဖြစ်သည်။
" ဟိုငိုလိုက်ရယ်လိုက်သရဲမျက်နှာကြီး ဘယ်ကလာလဲ သိချင်လိုက်တာ ... "
သူက တွေးလိုက်၏။ ထို့နောက် သူက ခေါင်းခါပစ်သည်။ ထိုကိစ္စများကို သူ စိတ်ရောက်သွားတိုင်း သူ၏ခေါင်းထဲတွင် ပုံရိပ်များစွာ ပေါ်လာသည်။
ကောင်းကင်တံတားဒေသမှ မိတ်ဆွေများ၊ မိသားစုများ၊ သူမရှာနိုင်ခဲ့သော လူများကို ... သူမြင်မိသည်။
ပထမဆုံး လအနည်းငယ် သူ ရှာဖွေခဲ့သည့်အတောအတွင်း ကောင်းကင်တံတားဒေသ၏ အရှိန်အဝါများကို ခြေရာခံရန် လွယ်ကူခဲ့လေသည်။ သူသည် လူစိမ်းများနှင့် ရင်းနှီးသောမျက်နှာတချို့၏ အလောင်းများကို တွေ့ခဲ့ရသည်။ တွေ့သည့်အခါတိုင်း သူ၏ရင်ထဲတွင် ပရိဒေဝမီးများ တောက်လောင်လာကာ သူ့နှလုံးသားတစ်ခုလုံး တဆတ်ဆတ်တုန်ယင်လျက် ကောင်းကင်ကို မော့ကြည့်ခဲ့ရသည်။
အချိန်တစ်ခုအကြာတွင် အဖိုးကြီးနှင့်ကလေးငယ်တို့ ဘုရားကျောင်းမှ ထွက်သွားကြသည်။ သူတို့ထွက်သွားချိန်တွင် ကောင်လေးက မှော်ကျင့်စဥ်၏ ဉာဏ်အလင်းပွင့်မှုရရှိခဲ့သဖြင့် စိတ်လှုပ်ရှားမှုများအား မဖုံးဖိနိုင်အောင် ဖြစ်နေပေသည်။
နောက်ဆုံးတွင် နေဝင်သွားပြီး ပိုင်ရှောင်ချန်းမှာ ခါတိုင်းကဲ့သို့ မူးယစ်လျက် ဘုရားကျောင်းနံရံလေးတွင် လှဲနေသေးသည်။ သူ့ကိုကြည့်ရသည်မှာ အိပ်ပျော်နေသည့်အလား။
များသောအားဖြင့် သူသည် သေရည်ကုန်သွားပါက ဤနေရာမှ ထွက်သွားမည်သာ ဖြစ်သည်။ ထို့နောက် ထပ်ဝယ်ရန် အရက်ဆိုင်ထံ ယိုင်တီးယိုင်တိုင်လျှောက်သွားပြီးနောက် ဘုရားကျောင်းကိုပြန်လာကာ နံရံကိုမှီပြီး နေထွက်နေဝင်သည်ကို စောင့်ကြည့်လျှင် စောင့်ကြည့်၊ သို့တည်းမဟုတ် ကောင်းကင်က ထူးဆန်းသောလက်ကြီးနှင့် မကောင်းဆိုးဝါးမျက်နှာကြီးကို မော့ကြည့်နေမည် ဖြစ်သည်။
နေ့ရက်များသည် ဝေဝါးလာ၏။ ပိုင်ရှောင်ချန်းမှာ အချိန်မည်မျှကုန်ဆုံးသွားသည်ကို မသိပေ။ ယခု သူက နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများဖြင့် ပေပွနေပြီး သူ၏အဝတ်အစားများမှာ ညစ်ပတ်ပေရေနေ၍ အမည်းရောင်ပင် ပြောင်းနေတော့သည်။
သူက အတိတ်အကြောင်း မတွေးတော့ပေ။ သူသည် နာကျင်မှုဝေဒနာကို ရင်ဆိုင်လိုစိတ်မရှိရာမှ ငေးကြောင်နေသည့်အခြေအနေသို့ ရောက်ရှိသွားတော့သည်။
တစ်ခါတရံ သစ်ရွက်ခြောက်တစ်ရွက် သူ၏အရှေ့တွင် ကျဆင်းလာပြီး သူက အနှီသစ်ရွက်ကို တစ်ရက်လုံး စိုက်ကြည့်နေတတ်သည်။ သစ်ရွက်ကို ကြည့်ခြင်းအားဖြင့် သူသည် ထိုသစ်ရွက်၏ဘဝတွင် ကြုံတွေ့ခဲ့ရသည့် ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်မှုတို့အားလုံးကို မြင်နိုင်သည့်အလားပင်။
သူ ချစ်မြတ်နိုးသည့် တစ်ခုတည်းသောအရာမှာ ညရောက်သောအခါ ဘုရားကျောင်းရှိ သူ၏နေရာမှ မီးအိမ်အလင်းရောင်များပြည့်နှက်နေသည့် မြို့ငယ်လေးကို တွေ့ရခြင်းပင်။ ထိုမှိတ်တုတ် မှိတ်တုတ် မီးအိမ်တစ်ခုစီက မိသားစုတစ်စုစီကို ကိုယ်စားပြုနေသည် မဟုတ်ပါလော…
သူက သူ၏မျက်ရည်များ ခြောက်ကပ်သွားသည်အထိ ထိုမီးအိမ်တစ်ခုချင်းစီကို စိုက်ကြည့်နေတတ်သည်။ ဝမ်းနည်းဖွယ်ကောင်းစွာ သူ၏နှလုံးသားမီးအိမ်ကား ထွန်းလင်းလာရန် မဖြစ်နိုင်ဟန်တူသည်။
ဆောင်းဦးညတစ်ညတွင် ကောင်းကင်ယံ၌ မိုးကြိုးများ တဂျိန်းဂျိန်း ထစ်ခြုန်းမြည်ဟည်းသွားပြီး ရေခဲတစ်မျှအေးစက်သော ပဲစေ့အရွယ်မိုးပေါက်ကြီးများ ကျဆင်းလာသည်။ သိသာစွာပင် ဆောင်းရာသီ ရောက်ပေတော့မည်။
ပိုင်ရှောင်ချန်းက ညအမှောင်ထုထဲ မော့ကြည့်လိုက်ရာ မိုးပေါက်များ သူ့မျက်နှာကို စင်သွား၏။ ပထမဆုံးအနေဖြင့် သူ အေးစက်မှုကို အမှန်တကယ် ခံစားလိုက်ရသည်။ သို့သော် ထိုအချိန်မှာပင် သူက သူ၏လက်ခုံအပေါ်ရှိ ပိုင်ဟောက် သေဆုံးသွားခဲ့သည့်နေရာဖြစ်သော မီးပွားပုံစံအမာရွတ်လေးကို ငုံကြည့်လိုက်သည်။
" နွေးတယ်... "
သူက ဆို၏။ သူ အကျယ်ကြီးစကားမပြောသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၍ ခံစားချက်က ထူးဆန်းလှသည်။ သူ၏လက်ကို သူငုံ့ကြည့်လိုက်သဖြင့် သူ၏ရှုပ်ပွနေသော ဆံပင်များကျလာကာ သူ့မျက်နှာကို ဖုံးအုပ်သွားသည့်တိုင် သူ၏မျက်လုံးများထဲရှိ တွေဝေအံ့သြနေမှုအား မဖုံးကွယ်နိုင်ပေ။ ရုတ်တရက် သူ ရင်တဒိန်းဒိန်းခုန်လာတော့သည်။
" နွေးတယ်လား "
သူက တဆတ်ဆတ် တုန်ရီနေလျက် သူ၏နှာခေါင်းရှေ့တည့်တည့် ရောက်သည့်တိုင်အောင် လက်ကိုမြှောက်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူ၏မျက်လုံးများမှာ ရီဝေပြီး မှေးမှိန်မနေဘဲ အံ့သြသောအလင်းရောင်များဖြင့် စူးရှတောက်ပနေလေသည်။
သူ၏အကြည့်တွင် ခိုင်မာပြတ်သားသောအလင်းတစ်ခု ရုတ်ချည်း အသက်ဝင်လာတော့သည်။
" နွေးတယ်ဟ "
သူက တုန်ရီအက်ကွဲနေသော အသံဖြင့် အတည်ပြုလိုက်သည်။ လက်တုန်နေခြင်းအား ရပ်တန့်ခြင်းငှာ သူ မစွမ်းနိုင်တော့ဘဲ လက်အတွင်းထဲ၊ အထူးသဖြင့် လက်အပေါ်ရှိ မီးပွားအမှတ်လေးအပေါ် နတ်ဘုရားအာရုံအနည်းငယ် ပို့လွှတ်လိုက်သည်။
ယခင်က သူ ကြိမ်ဖန်များစွာ အလားတူ ပြုလုပ်ခဲ့ပါသော်လည်း သူ၏နတ်ဘုရားအာရုံသည် ထူးထူးခြားခြား မည်သည့်အရာကိုမှ သတိမထားမိခဲ့ပေ။ သို့သော် ယခုတွင် သတိထားမိလိုက်လေပြီ။ ရုတ်တရက် သူ၏ ခြောက်သွေ့နေသော မျက်ဝန်းတစ်စုံမှာ မျက်ရည်များဖြင့် ပြည့်နှက်သွားတော့သည်။
" ဟောက်အာ.... မင်းမသေဘူးပဲ "
ရုတ်တရက် ပြင်းထန်သောစိတ်လှုပ်ရှားမှုများက သူ့ကိုယ်တွင်း မြင့်တက်လာလေသည်။ ကောင်းကင်ယံတွင် မိုးထစ်ခြုန်းသွားသော်လည်း သူ၏စိတ်၊ နှလုံးသားထဲတွင် ဖြစ်ပျက်နေသည်များနှင့် ယှဥ်လျှင် မပြောပလောက်ပေ။ သူက ပိုင်ဟောက်၏အငွေ့အသက်ကို အာရုံရလိုက်လေသည်။ သူ၏လက်ပေါ်က အမှတ်ထဲတွင် ပိုင်ဟောက်ကို မယုံကြည်နိုင်စရာကောင်းလောက်အောင် အားနည်းပြီး အကောင်အထည်မရှိသော ဝိညာဥ်အဖြစ် အာရုံရလိုက်သည်။
ပိုင်ဟောက်သည် လေမုန်တိုင်းထဲတွင် တဖျပ်ဖျပ် ခါယမ်းနေသော ဖယောင်းတိုင်သဖွယ် အထိအရှမခံနိုင်ေပ။ သို့ပေမည့် ထိုသို့အားနည်းနေပါသော်လည်း သူက ဖျက်စီးခံရခြင်းကို ဇွဲနပဲကြီးစွာငြင်းဆန်နေသည်။ ကံဆိုးစွာပင် သူ ပြန်လည်သန်မာလာနိုင်မည့်အခြေအနေသို့ ရောက်ရှိနိုင်ရန်မှာ နှစ်ပေါင်းများစွာ ကြာပေဦးမည်။
ပိုင်ရှောင်ချန်းသည် တစ်ကိုယ်လုံး တုန်ရီနေလျက် သူ၏လက်တစ်ဖက်ကို တခြားတစ်ဖက်နှင့်ဆုပ်ကာ သူ့ရင်ဘတ်မှာ ကပ်ထားလိုက်သည်။ ဖိုသီဖတ်သီဖြစ်နေသော ဆံပင်နှင့် မသပ်မရပ်မုတ်ဆိတ်မွှေးများကြောင့် သူ့ကိုကြည့်ရသည်မှာ ယခုလေးတင် တန်ဖိုးအကြီးဆုံးကျောက်မျက်ရတနာကို ရှာတွေ့လိုက်သော ဆင်းရဲမွဲတေသည့်သူဖုန်းစားနှင့် လွန်စွာ ဆင်တူလှပေသည်။ မိုးရေစက်များက သူ့အပေါ် တဖွဲဖွဲရွာကျနေစဥ်မှာပင် ထာဝရနယ်မြေများသို့ သူ ရောက်ခဲ့ကတည်းက ပထမဆုံးအကြိမ်အဖြစ် … သူ ပြုံးလိုက်လေသည်။