ပိုင်ရှောင်ချန်းကို ဓားပြတိုက်ခြင်း
Vol. 11 Ch. 1032
" ဟောက်အာ ... "
သူက စိတ်လှုပ်ရှားစွာ တီးတိုးရေရွတ်လိုက်သည်။ ကောင်းကင်တံတားဒေသတွင် မကြာခဏ ပေါ်လာတတ်ပါသော်လည်း သူ ကြုံတွေခဲ့ရသည့် အရာအားလုံးပြီးနောက် စိန်ပွင့်သဖွယ် ရှားပါးလာခဲ့ပါသော အပြုံးစလေး … ယခုအခါ ကလေးတစ်ယောက်သဖွယ် သူ စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။
သူ၏မျှော်လင့်ချက်များကုန်ခမ်းနေသော အခြေအနေတွင် ပိုင်ဟောက်ဝိညာဥ်၏အခိုးအငွေ့များသည် မဟူရာညတွင် တောင်လောင်နေသောမီးအိမ်တစ်လုံးအလား ဖြစ်လာတော့သည်။ ထိုညက စိုစွတ်ပြီး အေးခဲနေသည့်တိုင် ပိုင်ရှောင်ချန်း၏ရင်ထဲ နွေးထွေးနေ၏။
မြေရိုင်းဒေသမှာ ဆရာတပည့်နှစ်ယောက် စိတ်စွမ်းအင်မြှင့်တင်ဆိုင်သေးသေးလေးဖွင့်ရင်း အသက်ရှင်သန်မှုအတွက် တစ်ယောက်အပေါ် တစ်ယောက် မှီခိုခဲ့ကြသည့် အမှတ်တရပုံရိပ်များက ရုတ်ချည်း ပိုင်ရှောင်ချန်းကို အသိစိတ်ပြန်ဝင်သွားစေသည်။ ၄င်းမှာ မိုးကုပ်စက်ဝန်းမှ တရိပ်ရိပ် မြင့်တက်လာနေသော နေမင်းကြီးအလားပင်။
သူက သူ့လက်များကို ပြန်ငုံ့ကြည့်ကာ အိပ်မက်မက်နေသည်လား ရုတ်တရက် သိချင်သွားသည်။ ထို့ကြောင့် သူသည် သေချာစေရန် သူ့လက်ပေါ်ရှိ အမာရွတ်ကို ထပ်ကာ ထပ်ကာ စစ်ဆေးလိုက်သည်။ နောက်ဆုံးတွင် သူက သက်ပြင်းရှည်ကြီးချလိုက်တော့၏။
ပိုင်ဟောက် သေချာပေါက် မသေသေးပေ။
သူ၏ဝိညာဥ်က အပြည့်အဝ မလွင့်ပျယ်သွားခဲ့တာ ဖြစ်လိမ့်မည် သို့တည်းမဟုတ် သချိုင်းစောင့်ကြီးက တစ်ခုခုလုပ်ခဲ့သည်လော။ ပိုင်ဟောက်၏ စိတ်ဓာတ်ခိုင်မာမှုကြောင့်လော။ မည်သို့ပင်ဆိုစေ သူသည် တစ်နည်းနည်းဖြင့် ရုပ်မရှိသောဝိညာဥ်တစ်ကောင် အဖြစ် အသက်ရှင်ကျန်ခဲ့လေသည်။
ပိုင်ရှောင်ချန်းက ပိုင်ဟောက်ကိုဖမ်းဆုပ်ရန် ကြိုးစားခဲ့ရာမှ သူ့လက်ခုံပေါ်တွင် မီးပွားစလေးတစ်ခုကိုသာ ရခဲ့၏။ ထိုမီးပွားလေးက ရုပ်မရှိသော ဝိညာဥ်ပင်။
၄င်းမှာ အလွန်အားနည်းနေသဖြင့် အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်ဟန်တူသည်။ သို့ေပမည့် ယခု အမာရွတ်လေးထဲတွင် ရှိနေသေးသည်။ ကောင်းကင်တံတားဒေသပျက်သုဥ်းသွားရာမှ အဆုံးသတ်သွားခဲ့ရသည့် ဆိုးရွားပြင်းထန်သောအဖြစ်အပျက်များ၏ နှောင်ကြိုးများကြောင့် ပိုင်ရှောင်ချန်းမှာ ဝိညာဥ်၏ အလွန်တရာ အားနည်းသောအခိုးအငွေ့များကို ဘယ်တော့မှ အာရုံမရခဲ့ပေ။
သို့သော် ဤမြို့ငယ်လေးထဲ သူ တိတ်ဆိတ်စွာ စိတ်ပျက်လက်မှိုင်ကျနေသော အခိုက်အတန့်ဝယ် နေထွက်နေဝင်ဖြစ်နေသည်ကို သူ ထိုင်ကြည့်နေစဥ် ... ရုတ်တရက် သူ၏လက်ခုံပေါ်က အမှတ်လေးထဲတွင် တစ်စုံတခုကို အာရုံရလိုက်လေပြီ။
" မင်း ငါနဲ့ ရှိနေသေးတာပဲ ... "
သူက ရေရွတ်လိုက်၏။ သူ၏အပြုံးထဲတွင် ခါးသီးနာကျင်မှုအနည်းငယ်ကို မြင်နိုင်ပြီး သူက နောက်တစ်ကျိုက်မော့ရန် သေရည်အိုးကို မြှောက်လိုက်သည်။ ၄င်းမှာ ကုန်လုနီးပါးဖြစ်နေလေပြီ။
" ဒီအင်မော်တယ်သေရည်က ကောင်းတယ် ဟောက်အာရေ "
သူက ထိုးကိုက်နေသော နားထင်ကိုပွတ်ကာ အရက်ဆိုင်ကို နောက်တစ်ဖန် ဦးတည်လိုက်သည်။ သူက တစ်ကိုယ်တည်း စကားပြောလိုက်၊ သောက်လိုက်ဖြင့် လျှောက်သွားနေစဥ် လမ်းပေါ်ရှိ အခြားလူများက သူ့ကို ထူးဆန်းသောအမူအရာများဖြင့် ကြည့်ပြီး သူ၏လမ်းမှ ကပျာကယာဖယ်ပေးကြသည်။
" စာပေသမားပိုင်ကတော့ ရူးပြီဟေ့"
" သူ တစ်ယောက်တည်း စကားပြောလာပြီ။ ဒီရောင်ရင်းပိုင်ဟောက်က ဘယ်သူတုန်း။ သူ့လက်ထောက်လား ဘာလား "
" သူ့ကိုကြည့်ရုံနဲ့ မင်း မသနားပဲ နေနိုင်မှာကို မဟုတ်ဘူး "
ပိုင်ရှောင်ချန်းက မြို့သူမြို့သားများအားလုံး သူ့ကို လက်ညှိုးထိုးပြီး သူ့အကြောင်း တီးတိုးပြောနေကြသည်ကို လျစ်လျူလိုက်သည်။ ယခင်က သူသည် ကမ္ဘာပေါ်တွင်တစ်ယောက်တည်းဖြစ်ခဲ့သော်လည်း ယခု သူ့ကို အဖော်ပြုပေးရန် ပိုင်ဟောက်ရှိနေလေပြီ။
သူ၏တစ်နေ့တာက နောက်ဆုံး ဘုရားကျောင်းကို ဒယိမ်းဒယိုင်ပြန်လာပြီး ပျက်စီးနေသောနံရံကိုမှီသည်အထိ အရက်သောက်ရင်း၊ သူ၏တပည့်အား စကားပြောရင်းဖြင့် ကုန်ဆုံးသွားသည်။ ထို့နောက် သူက ကောင်းကင်ကြီးကို ငေးကြောင်ကြောင် မော့ကြည့်ပြန်သည်။
ပိုင်ဟောက်ဝိညာဥ်၏ အခိုးအငွေ့များသည် မှောင်မိုက်သော ညတစ်ညဝယ် ကမ္ဘာလောကထဲသို့ အလင်းရောင်များ ဖြန့်ကျက်ပေးနေသည့် မီးအိမ်တစ်လုံးအလားပင်။ ယခင်က ပိုင်ရှောင်ချန်းမှာ အနာဂတ်က မည်သို့ေဖာ်ဆောင်သွားမည်ကို မစဥ်းစားချင်ခဲ့သော်လည်း ယခု သူ စတင်တွေးလာမိတော့သည်။
" ဟောက်အာရေ ဆရာ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲကွာ ... “
" ကောင်းကင်တံတားဒေသက လူတွေကို ငါ လိုက်ရှာသင့်တာလား။ ဒါပေမဲ့... ငါရှာသွားပြီလေ။ ငါနိုးထလာတဲ့အချိန်ကစလို့ လိုက်ရှာခဲ့တာ။ ဒါပေမဲ့ ငါတွေ့သမျှအကုန်က.... အလောင်းတွေချည်းပဲ “
" ဟောက်အာ မင်း ပေဟန့်လဲ့ကို မှတ်မိသေးလား။ ေဩာ်… ဟုတ်သားပဲ မင်းမှ သူ့ကို မတွေ့ဖူးတာ။ အင်း ငါ သူ့ အလောင်းကို တွေ့လိုက်တယ်..."
ပိုင်ရှောင်ချန်းက ခါးကို ခါရမ်းပြီး ခါးခါးသီးသီးပြုံးလိုက်သည်။ ထို့နောက် သူက နောက်တစ်ကျိုက်သောက်လိုက်၏။
" ငါ ဆက်မရှာချင်တော့ဘူး ... ဒါပေမဲ့လဲ ဒီအစိမ်းသက်သက် ကမ္ဘာကြီးမှာ ငါတခြားဘာလုပ်ရမလဲ ... မင်းနိုးလာရင် သိပ်ကောင်းမှာပဲ။ မင်းဆို သေချာပေါက် အကြံကောင်းတွေ ရှိမှာလေ။ မင်းမှာ အမြဲရှိတာပါကွာ"
ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်ပြီး မိုးကုပ်စက်ဝန်းတွင် ဝင်နေသောနေမင်းကြီးနှင့် ကောင်းကင်ယံသို့ ဖြန့်ကျက်ပေးနေသော ပုစွန်ဆီရောင်လင်းရောင်ခြည်များအား မော့ကြည့်လိုက်သည်။
သူ အရက်ထပ်လိုကြောင်း ဆုံးဖြတ်လိုက်သည့်အချိန်တွင် မှောင်ရီပျိုးစပြုနေလေပြီ။ ထုံးစံအတိုင်း သူက ခြေထောက်တရွတ်ဆွဲ၍ အရက်ဆိုင်ကိုဦးတည်ကာနောက်တစ်အိုးဝယ်လိုက်သည်။ အမှောင်ထုထဲပြန်လျှောက်လာသည့်အခါ သူထပ်မူးနေပြီဖြစ်သည်။
" အာ ငမူးဘဝ။ ဒါပဲ ဘယ်လိုပျော်ရွှင်ရမလဲဆိုတာ … "
သူက ခေါင်းနောက်လှန်၍ ဟားတိုက်ရယ်လိုက်ပြီးနောက် ရုတ်တရက် ငိုပြန်တော့သည်။ ဘုရားကျောင်းသို့ ယိုင်တီးယိုင်တိုင်ပြန်ရောက်သောအခါ သူ အားကုန်နေ၍ မြေကြီးပေါ်သို့ မှောက်လျက်လဲကျသွား၏။ သူ့အိုးက သေရည်များဖိတ်ကျကာ ဘေးသို့လိမ့်ထွက်သွားတော့သည်။
မြို့ငယ်လေးအတွင်း မီးအိမ်အတော်များများ လင်းထိန်နေသော်လည်း ဘုရားကျောင်းကို အလင်းပေးနိုင်သည်အထိ အားမကောင်းပေ။ အရိုးခိုက်အောင် အေးစိမ့်သောလေတစ်ချက် ဝေ့တိုက်လိုက်ရာ လေပေါ်သို့ လွင့်လာသည့် သစ်ရွက်ခြောက်များ၏ တရှဲရှဲမြည်သံများဖြစ်စေ၊ ရွာ ဘေးပတ်ချာလည်ရှိ ဝါးရုံတော၏ လေတိုးသံများဖြစ်စေ လွန်စွာ စိတ်ပျက်ဖွယ်ကောင်းလှပေသည်။
ညသည် မှောင်သထက်မှောင်လာပြီး လေများတိုက်ခတ်လာတော့သည်။ နောက်ဆုံးတွင် လေကြမ်းတစ်ချက်က ဘာမှမရှိသော သေရည်အိုးအလွတ်ကို တွန်းထုတ်လိုက်သည်။ ၄င်းက ဘေးလိမ့်သွားပြီး အနီးနားရှိမြောင်းတစ်ခုထဲ ကျသွားရာ ခြေထောက်တစ်ခုက ၄င်းအပေါ်သို့ ရုတ်တရက် နင်းလိုက်၍ ရွှံ့ထဲကြေမွသွားတော့သည်။
" အဲဒီငမူးကတော့ အနှေးနဲ့အမြန် သေတဲ့အထိ သောက်တော့မှာပဲ "
" မင်းသိလား။ သူ တော်တော်လေး ချမ်းသာလိမ့်မယ်။ တွေးကြည့်။ သူ တစ်လပြီးတစ်လ သောက်နေခဲ့တောတောင်မှ သုံးစရာငွေရှိသေးတယ် "
" တကယ်တော့ ငါတို့ ဒီမှာ ကောင်းတာ လုပ်နေတာပါ။ သူ့ပိုက်ဆံတွေက သူသေတဲ့အထိ အရက်သောက်ရင်းဖြုန်းပစ်တာထက်စာရင် ငါတို့အိတ်ထဲမှာဆို ပိုကောင်းတယ်။ သူ့သေဆုံးသွားတဲ့ မိသားစုနဲ့ ပြန်လည်ဆုံးစည်းရအောင် စောစောပို့ပေးကြတာပေါ့ကွာ"
လူမိုက်သုံးယောက်က သူတို့အချင်းချင်း လောဘတကြီး စနောက်ကာ အနီးနားရှိဝါးရုံတောထဲမှ ထွက်လာ၍ ဘုရားကျောင်းထံ လျှောက်လာလေသည်။
သူတို့သည် အရင်ကတည်းက ပိုင်ရှောင်ချန်းကို သတိထားမိခဲ့သော ဒေသခံလူမိုက်ဂိုဏ်း၏ အဖွဲ့ဝင်များဖြစ်သည်။ အစက သူတို့က သူ့ကို ခေါင်းထဲသိပ်မထည့်သော်လည်း သူက အင်မော်တယ်သေရည်အား အဆက်မပြတ်ဝယ်ပြီး ဘယ်တော့မှ ငွေပြတ်သည်ကို သဘောပေါက်လိုက်သဖြင့် သူတို့၏စိတ်ဝင်စားမှုများ မြင့်တက်လာတော့သည်။
ဤကဲ့သို့ လူမိုက်များအတွက် ငွေပေါသည့်ငမူးတစ်ယောက်မှာ လည်လှီးခံရန် စောင့်နေရသည့် သိုးကြီးတစ်ကောင်အလားပင်။ လူမိုက်တစ်ယောက်က ပိုင်ရှောင်ချန်းနား ကပ်လာ၏။ အခြားနှစ်ယောက်က ကင်းသမားများအဖြစ် လူဖြန့်လိုက်သည်။ သူတို့အတွက် ငမူးစာပေသမားတစ်ယောက်အား တစ်ယောက်တည်း ရှင်းပစ်နိုင်ပေသည်။
ရပ်နေသော လူမိုက်တစ်ယောက်က ခပ်တိုးတိုးရယ်ပြီး ပြော၏။
" မြန်မြန် သတ်လိုက် စွန်းဝူ။ ပြီးရင် ငါတို့ ဇာပန်းချီစံအိမ်ကို ငွေတွယူသွားပြီး ပျော်ကြပါးကြတာပေါ့ကွာ "
စွန်းဝူဟုခေါ်သော တစ်ယောက်က တွန့်ဆုတ်မနေပေ။ သူက ဘုရားကျောင်း အပြင်က မြေကြီးပေါ်တွင် လဲနေသော ပိုင်ရှောင်ချန်းထံ လျှောက်လာပြီး သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
" စာပေသမားပိုင်ရေ … မြန်မြန်သေရင် မြန်မြန်လူပြန်ဖြစ်တာပေါ့။ ကျုပ်က မင်းကို ကူညီပေးနေရုံပါ "
ထို့နောက် သူက သူ၏ဝတ်ရုံခေါက်ထဲ နှိုက်၍ ဓားမြှောင်တစ်ချောင်းကိုထုတ်ကာ ပိုင်ရှောင်ချန်း၏ နှလုံးတည့်တည့်ရွယ်လိုက်သည်။
ထိုလူမိုက်သုံးယောက်သည် သူတို့ကျင့်လည်ခဲ့ရသည့် လူမိုက်ဘဝကြောင့် သာမန်လူအများစုမလုပ်ဖူးသည်များကို လုပ်ဆောင်ခဲ့သည်။ သူတို့သည် အတိတ်က အသက်များစွာကို နုတ်ယူခဲ့ဖူးပြီး သူတို့ကို အတော်လေး အာဏာရှိသည်၊ အန္တရာယ်များသည်ဟူ၍ မသတ်မှတ်နိုင်သည့်တိုင် အရိုးထဲအထိ ရက်စက်ပြီး သနားညှာတာမှုကင်းမဲ့လေသည်။
သူတို့က ပိုင်ရှောင်ချန်း၏အသက်ကို ချမ်းသာပေးရန် တစ်ခါမှ မစဥ်းစားခဲ့ဖူးပေ။ သူက အပြင်လူတစ်ယောက်သာ ဖြစ်၍ သူသေသွားလျှင် ဘယ်သူမှ သိပ်များများစားစား ဂရုစိုက်နေမည် မဟုတ်ပေ။ အခြားတစ်ဖက်တွင် သူတို့ သူ့ကို လုယက်သော်လည်း အသက်ရှင်ခွင့်ပေးလိုက်၍ သူက အာဏာပိုင်များကို ခိုးမှုတိုင်ကြားခဲ့လျှင် သူတို့အတွက် ခေါင်းခဲစရာကြီးဖြစ်နိုင်သည်။
လရောင်က ဓားမြှောင်ပေါ်ကျသွားရာ ရက်စက်သောအသွင်ဖြင့် အလင်းများဖြာထွက်သွားသည်။ စွန်းဝူက သွေးအေးစွာ ပြုံးလိုက်သော်လည်း သူက စာပေသမား နာကျင်၍နိုးသွားမည်ကို စဥ်းစားကာ သူ၏ပါးစပ်ကို လှမ်းပိတ်လိုက်သည်။
ဤနည်းဖြင့် လူပေါင်းများစွာကို သူ သတ်ခဲ့ဖူး၏။ သို့သော် ဤတစ်ခေါက်တွင် ထူးဆန်းသည့်အရာတစ်ခုဖြစ်သွားသည်။ သူက ပိုင်ရှောင်ချန်း၏ရင်ထဲသို့ ဓားကို အားဖြင့် ထိုးချရန် ကြိုးစားလိုက်ချိန်တွင် သတ္တုပြားတစ်ခုကို ရိုက်ချလိုက်သည့်အလား ခံစားလိုက်ရသည်။ သူက အားထည့်၍ ထပ်ထိုးလိုက်သော်လည်း ဓား ထက်ပိုင်းကျိုးသွားသဖြင့် သူ တအံ့တဩဖြစ်ကာ နာနာကျင်ကျင် အော်ဟစ်လိုက်ရသည်။
သူ၏လက်ညှိုးမှာ ကျိုးပဲ့သွားသောဓားမြှောင်ကြောင့်ပြတ်သွားပြီး သွေးများစီးကျလာ၍ စွန်းဝူမှာ အံ့သြတုန်လှုပ်သွားတော့သည်။
အခြားလူမိုက်များအတွက် ဖြစ်ပျက်နေသည်များအား မြင်ရန် မှောင်မည်းလွန်းနေသည်ဖြစ်၍ တစ်ယောက်က အော်ပြောလိုက်သည်။
“ မြန်မြန် စွန်းဝူ။ မင်း ဘာတွေလုပ်နေတာလဲ "
စွန်းဝူက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ သူက ကျိုးသွားသော ဓားမြှောင်နှင့် အရက်နံ့ တထောင်းထောင်းထလျက် အိပ်ပျော်နေသော ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။ သူ၏ဓားမြှောင်က တစ်ခုခုဖြစ်နေသည်ဟု ယူဆကာ သူ၏အပေါင်းဖော်တစ်ယောက်ထံမှ ဓားတစ်ချောင်းကိုငှားပြီးနောက် ပိုင်ရှောင်ချန်း၏လည်တိုင်ကို ခုတ်ချလိုက်၏။
အက်ကွဲသံတစ်သံမြည်သွားပြီး စွန်းဝူသည် စူးစူးဝါဝါးအော်ဟစ်ကာ သူ၏လက်မောင်းမှာ အရိုးများကျိုးလောက်မည်ကို စိုးရိမ်ရသည့်အလား အလွန်ပြင်းပြင်းထန်ထန် တုန်ခါနေလျက် သူ နောက်သို့ ယိမ်းယိုင်သွား၏။ ဓား၏ ကြေမွသွားသော အပိုင်းအစများက သူ၏ပတ်ပတ်လည်တွင် ပြန့်ကြဲနေပြီး သူက ဟန်ချက်ပင်မထိန်းနိုင်တော့ဘဲ မြေကြီးပေါ် လဲကျသွားတော့သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ယခင်အတိုင်း ကျယ်လောင်စွာဟောက်နေပြီး ဘာမှတုံ့ပြန်မှုမရှိပေ။ သူ့အတွက် ဓားမြှောင်နှင့် ဓားက ခြင်ကိုက်လိုက်သည့်ပမာသာ ခံစားခဲ့ရသည်။
စွန်းဝူနှင့် အပေါင်းအဖော်များမှာ ချက်ချင်းပင် ချွေးတဖြိုက်ဖြိုက်ကျလာပြီး သူတို့မျက်လုံးများမှာ သရဲကြီးတစ်ကောင်အား မြင်လိုက်ရသည့်အလား ဝိုင်းစက်ပြူးကျယ်ကုန်တော့သည်။
" သူ ...သူ ... "
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
#ဘာသာပြန်မှတ်စု…. ပိုင်ရှောင်ချန်းရဲ့လက်ပေါ် မီးပွားလေးကျလာတဲ့အကြောင်းက အခန်း ( ၁၀၁၄ ) မှာ ရှိပါတယ်။