← Chapters

ဂုဏ်ယူပါတယ် ယောက္ခမကြီး

Vol. 11 Ch. 1034

ဂုဏ်ယူပါတယ် ယောက္ခမကြီး

Vol. 11 Ch. 1034

နောက်တစ်ရက်တွင် အလောင်းမရှိတော့ပေ။ မြင်းခိုးပြီး ညအမှောင်ထဲ ပျောက်ကွယ်သွားကြသည့် လူမိုက်များကိုလည်း ကမ္ဘာပေါ်တွင် ဘယ်တော့မှ ထပ်မြင်နိုင်မည် မဟုတ်တော့ပေ။

ပိုင်ရှောင်ချန်းက သူတို့အကြောင်း ဂရုမစိုက်သော်လည်း သရဲကြီးဘုရင်က ကျူပင်ခုတ် ကျူငုတ်မကျန်အောင် လုပ်ချင်သည်။ မြို့ထဲက လူအားလုံး သာမန်လူများဖြစ်သော်လည်း သူက ဒုက္ခရောက်စေနိုင်သည့် သတင်းပျံ့နှံ့မည့်အပေါ် လောင်းကြေးမထပ်ချင်သေးပေ။

မြို့ထဲက ဂိုဏ်းသည် အဖွဲ့ဝင်သုံးယောက် ပျောက်သွားခဲ့၍ စုံစမ်းသော်လည်း ဖြစ်ပျက်ခဲ့သည်နှင့်ပတ်သက်၍ မည်သည့်သက်သေအထောက်အထားမှမရသည့်အတွက် ထိုကိစ္စအား လျင်မြန်စွာ မေ့ပျောက်သွားလေသည်။ ပိုင်ရှောင်ချန်းမှာမူ ထုံးစံအတိုင်းပင်။

သို့သော် ယခု သူတစ်ယောက်တည်း မသောက်တော့။ သူ အရက်ဆိုင်ကိုသွားသည့်အခါတိုင်း အဘိုးကြီးတစ်ယောက်လည်း ပါသည်။

ထိုလူသည် ထောင်ထောင်မောင်းမောင်းဖြင့် ကြမ်းတမ်းသန်မာဟန်ရှိသည်။ သူက အသက်ကြီးသော်လည်း အင်အားကြီးပြီး သူရဲကောင်းဆန်၍ ပိန်ပိန်ပါးပါး အသားဖြူဖြူ ပိုင်ရှောင်ချန်းနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းပင်။ အမှန်တကယ်ဆိုရလျှင် သူ၏တောင့်တင်းသောခန္ဓာကိုယ်၊ မျက်နှာပေါ်ရှိ အမာရွတ်များနှင့် ယောက်ျားဆန်သောပုံပန်းသွင်ပြင်ကြောင့် မြို့လေးထဲရှိ အမျိုးသမီးများစွာအတွက် အတော်လေးဆွဲဆောင်မှုရှိလေသည်။

နောက်ဆုံးတွင် တစ်လကုန်လွန်သွားလေပြီ။ သရဲကြီးဘုရင်က ပိုင်ရှောင်ချန်းကို ပျော်ပျော်နေရန် ဘယ်တော့မှ ဖိအားပေး မကြိုးစားပေ။ သူတို့နှစ်ယောက်လုံးသည် တစ်နေကုန်သောက်၊ အမူးအိပ်မက်များကို အိပ်မက်ရင်း နေ့ရက်များကို ကုန်ဆုံးကြ၏။ သူတို့ စကားအများကြီးပြောကြသည်။ သရဲကြီးဘုရင်က သူ၏အတိတ်က ရွှေထီးဆောင်းခဲ့သောနေ့ရက်များကို ပြန်ပြောင်းတွေးတောပြီး သူ မည်မျှမယုံကြည်နိုင်ဖွယ်ကောင်းခဲ့ကြောင်း ကြွားလုံးထုတ်သည်။ သူက နှစ်ပေါင်းများစွာ တော်ဝင်မိန်းမပျိုမည်မျှအထိ သူနှင့်အတူ ကုတင်ထဲ တွားသွားခဲ့ကြောင်းကိုပင် ပြောပြသည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းမှာ ထိုဇာတ်လမ်းများအား ငြီးငွေ့လာပြီး ငေါ့တော့တော့ မှတ်ချက်များအား ဟိုဟိုသည်သည် ထောက်ပြလာတော့သည်။

တစ်နေရာတွင် သူက သမ်းပြီး ပြော၏။

" ဟေး မျိုးနွယ်စုတစ်စုက ဟိုအမျိုးသမီးကို မှတ်မိလား။ ဘယ်မျိုးနွယ်စုဆိုတာတော့ ကျုပ်မေ့သွားပြီ။ သူ့ကို သွားသိမ်းဖို့ ပြောပြီးတော့ ကိစ္စတစ်ခုလုံးမှာ ကျုပ်ကို ကြာကူလီဖြစ်အောင် လုပ်ခဲ့တာ ခင်ဗျား မေ့သွားပြီလား။ နှာဘူးအိုကြီး… မြေရိုင်းဒေသက ဘယ်သူမှ အမှန်ကို မသိဘူးဗျ "

သူက သရဲကြီးဘုရင်ကဲ့သို့ စကားမများသော်လည်း သူ ငေါ့တော့တော့ပြောသည့်အချိန်တိုင်း သရဲကြီးဘုရင်အား အံ့သြ မှင်သက်သွားစေတတ်သည်။ တခဏကြာသော် သရဲကြီးဘုရင်သည် မတတ်သာသည့်အဆုံး သူ မည်သူဖြစ်ကြောင်း ပိုင်ရှောင်ချန်းအား ဒေါသတကြီး သတိပေးရတော့သည်။

ပိုင်ရှောင်ချန်း၏လက်မှ သေရည်အိုးကို ဆွဲယူကာ သူက ပိုင်ရှောင်ချန်းကို စိန်းစိန်းဝါးဝါး ကြည့်ပြီး ဟိန်းဟောက်လိုက်သည်။

" နားထောင် အရူးရေ ငါက မင်းယောက္ခမကြီးနော်။ မင်းနဲ့ ကျစ်မိုအကြောင်း ငါ မသိဘူး ထင်နေလား။ ငါသာ တိတ်တိတ်လေး အောင်သွယ်လုပ်မပေးခဲ့ရင် အဲဒါ ဘယ်တေ့ာမှ ဖြစ်လာခဲ့မှာ မဟုတ်ဘူးကွ "

သူက အေးစက်စက် နှာမှုတ်ကာ အရက်များအား အငမ်းမရသောက်လိုက်သည်။

ကျိုးကျစ်မို၏နာမည်ကြားလိုက်သည်နှင့် ပိုင်ရှောင်ချန်းက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။

သရဲကြီးဘုရင်က ထိုသည်ကို မြင်သောအခါ အတော်လေးစိတ်မကောင်းဖြစ်သွား၏။ သူက သက်ပြင်းချကာ ပြောသည်။

" ဟေး ရှောင်ချန်း ဗဟိုဧကရာဇ်တွေမှာ ဘာလို့ ကလေးတွေအများကြီး မရှိခဲ့တာလဲ မင်းသိလား "

ပိုင်ရှောင်ချန်းမှာ အတန်ငယ် အံအားသင့်ကာ သရဲကြီးဘုရင်ကို လှမ်းကြည့်သည်။

" လူအနည်းစုတော့ အမှန်တရားကို သိကြပေမယ့် ကောင်းကင်ဘုရင်တစ်ပါးအနေနဲ့ ငါ သာမန်လူတွေ မသိတာတွေ အများကြီးသိတယ်။ မင်းမြင်တဲ့အတိုင်း ထာဝရအသက်ရှည်ကျမ်းကို အားထုတ်ကြတဲ့ လူတွေက သာမန်ကျင့်ကြံသူတွေထက် တော်တော့်ကို သန်မာတယ်ကွ။ ဒါကြောင့်ပဲ သူတို့အတွက် သာမန်မိန်းမတွေ ကိုယ်ဝန်ရဖို့ မဖြစ်နိူင်ဘူး။ ပြီးတော့ သူတို့က အမျိုးသမီး ကျင့်ကြံသူတစ်ယောက်ကို ကိုယ်ဝန်ရအောင်လုပ်နိုင်ရင်တောင်မှ အဖိုစွမ်းအင်ကနေ ကလေးပုံစံဖြစ်တည်စေဖို့အတွက် နှစ်ပေါင်းများစွာ ကြာလိမ့်မယ် "

ဤကဲ့သို့ အရာမျိုးကို ပိုင်ရှောင်ချန်း ပထမဆုံးအကြိမ်ကြားဖူးခြင်း ဖြစ်ပြီး သူက အတန်ငယ်တုန်လှုပ်သွားသော်လည်း အမှန်တွင် သိပ်အံ့သြစရာကောင်းသည်ဟု မထင်ပေ။ သူက နောက်တစ်ကျိုက်သောက်လိုက်စဥ် သရဲကြီးဘုရင်က နောင်အကြောင်းတစ်ခု ဆက်ပြောလေသည်။ မကြာမီ ပိုင်ရှောင်ချန်းသည် စောစောကကဲ့သို့ တိတ်ဆိတ်ပြီး စိတ်ဓာတ်ကျနေတော့သည်။ သရဲကြီးဘုရင်က သက်ပြင်းချလိုက်ပြီး သူ့မျက်လုံးများထဲတွင် စိုးရိမ်ခြင်းအရိပ်အယောင်ကို မြင်နိုင်လေသည်။

ပိုင်ရှောင်ချန်းသည် သူ့ထက်များစွာ ပြင်းထန်သော ထိုးနှက်ချက်ကို ခံစားခဲ့ရကြောင်း သူသိသည်။ ထိုမျှသာမက သူတို့နှစ်ယောက် နှစ်ပေါင်းမည်မျှကြာကြာ အတူနေထိုင်သည်နှင့် ပတ်သက်၍ ပိုင်ရှောင်ချန်းနှင့်ယှဥ်လျှင် သူ့ကို အဘိုးကြီးတစ်ယောက်အဖြစ် အမှန်တကယ် သတ်မှတ်နိုင်သည်။

သို့သော် သူက ပိုင်ရှောင်ချန်း၏နှလုံးသားထဲ ချက်ချင်း မီးတောက် ထတောက်လာစေရန် မျှော်လင့်မနေပေ။ သူ တဖြည်းဖြည်း ပြန်လည်သက်သာအောင် ကုစားပေးချင်သည်။အမှန်တွင် တစ်လကြာသော် သူသည် ပိုင်ရှောင်ချန်း ယခင်နှင့်မတူတော့သည်ကို မြင်လာသည်။ သူက စကားနည်းနည်းပိုပြောလာပြီး မကြာခဏ ပြုံးတတ်လာသည်။

နောက်ထပ် လဝက် ကုန်လွန်သွား၏။

အရက်ဆိုင်က ဖောက်သည်များမှာ ယခုတွင် ပိုင်ရှောင်ချန်းနှင့် အဘိုးကြီး အရက်ဝယ်ရန် လာသည်ကို ကျင့်သားရနေလေပြီ။ ထိုမျှသာမက အဘိုးကြီးက ပိုင်ရှောင်ချန်းနှင့် အတော်လေးကွဲပြားသည်။ သူက စကားပြောရသည်ကို သဘောကျပြီး မကြာမီ လူများမှာ သူ၏အနားတွင် သက်တောင့်သက်သာဖြစ်လာကြသည်။

လူတချို့က အဘိုးကြီးက သူ့ကိုယ်သူ စာပေသမားပိုင်၏ ယောက္ခမအဖြစ် ရည်ညွှန်းသည်ကိုပင် သတိထားမိသွားကြသည်။ နောက်ဆုံးတွင် အရက်ဆိုင်က လူများသည် ပိုင်ရှောင်ချန်း၏နောက်ကြောင်းကို သူတို့ဘာသာသူတို့ ဇာတ်လမ်း ဖန်တီးလိုက်ကြတော့သည်။

" ဒါဆို စာပေသမားပိုင်ရဲ့ မိန်းမက သေသွားတာပေါ့ "

" သူ့မိန်းမလား… သူ အရမ်း စိတ်ဓာတ်ကျနေတာ အံ့သြစရာမရှိပါဘူး "

" အခု သူတို့နှစ်ယောက် အသက်ရှင်သန်ဖို့ တစ်ယောက်ကို တစ်ယောက် မှီခိုနေရတာပဲ။ ကမ္ဘာကြီးက အခုတော့ ရူးစရာနေရာကြီးတစ်ခုလို့ မင်းတို့ ဝန်ခံရမယ် "

အရက်ဆိုင်က လူအများစုမှာ ဇာတ်လမ်းကြောင့် ဝမ်းနည်းစွာ သက်ပြင်းချတတ်ကြသည်။

ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်မှာ အချိန်ကြာလာသည်နှင့်အမျှ မကြာခဏ ငြင်းခုံလာကြတော့သည်။ တစ်ညနေတွင် ဘုရားကျောင်းထဲ၌ သရဲကြီးဘုရင်သည် အရက်တကျိုက်ကျိုက်မော့ရင်း နံရံကိုမှီ၍ ပျင်းရိပျင်းတွဲထိုင်နေစဥ် ပိုင်ရှောင်ချန်းကို လှမ်းကြည့်ပြီး ပြော၏။

" ရှောင်ချန်း… ငါမင်းကိုပြောနေတယ်လေ ကောင်းကင်မှာ ဘာပန်းမှမရှိဘူး။ အဲဒီရုပ်ဆိုးဆိုးမျက်နှာကြီးပဲ ရှိတာကွာ။ ငါတို့ အရက်ကုန်နေပြီ။ သွား နည်းနည်းပါးပါး ဝယ်စမ်း"

ပိုင်ရှောင်ချန်းက သူ၏အတွေးများ နှောင့်ယှက်ခံလိုက်ရ၍ မျက်မှောင်ကြုတ်လိုက်သည်။ သူက စိန်းစိန်းဝါးဝါး ကြည့်ကာ သရဲကြီးဘုရင်ထံ သေရည်အိုးကို ပစ်ပေါက်လိုက်၏။

" ခင်ဗျား သွား "

သူက ပြောသည်။

သရဲကြီးဘုရင်က မတ်မတ်ထရပ်ပြီး ငေါက်သည်။

" ပိုင်ရှောင်ချန်း။ မင်း ငါ့ကို ဘယ်လိုပါးချပြီး ပြန်ပေးဆွဲလဲ ငါမေ့သွားပြီ မထင်နဲ့။ ငါတို့ အဲဒီအကြွေးကို ဘယ်တုန်းကမှ မချေရသေးဘူးနော်။ ငါက မင်းကို အရက်နည်းနည်းပါးပါးသွားဝယ်ခိုင်းတာကို မင်းက ဆင်ခြေတစ်သောင်းလောက်ပေးပြန်ရော။ ငါက မင်းရဲ့ ယောက္ခမဆိုတာ မမေ့စမ်းနဲ့ "

သရဲကြီးဘုရင်က သူ့ကိုယ်သူ ' ယောက္ခမ' ဟု တစ်လကျော် ခေါ်နေသည်ကို ကြားပြီးနောက် ပိုင်ရှောင်ချန်းမှာ နားကြားပျင်းကတ်လာပြီး မျက်လုံးထောင့်မှ ကျီစယ်သလို ကြည့်ကာ ပြောလိုက်သည်။

" ေဩာ်… ဟုတ်တာပေါ့ ။ ကျုပ်က ဗဟို ဘိုးဘေးကြီးပဲလေ "

ပိုင်ရှောင်ချန်း၏ စကားလုံးများက သရဲကြီးဘုရင်အား အံ့သြမှင်တက်သွားစေကာ သူ ပြောစရာတစ်ခုမှ မတွေးနိုင်တော့ပေ။ သူက မျက်လုံးကလေးကလယ်ကလယ်ဖြင့် ထိုင်နေချိန်မှာပင် ပိုင်ရှောင်ချန်း၏ အမူအရာ ရိပ်ခနဲဖြစ်သွား၏။ ထို့နောက် သူတို့နှစ်ယောက်လုံး ဘုရားကျောင်း၏ တံခါးကို လှမ်းကြည့်လိုက်ကြသည်။

မကြာခင် အမျိုးသမီးတစ်ယောက်၏ အသံကို အပြင်မှ ကြားလိုက်ရသည်။

" သူဌေးကြီးကျိုး၊ စာပေသမားပိုင်ရေ… ရှင်တို့နှစ်ယောက်လုံးအတွက် သတင်းကောင်းရှိတယ် "

ထိုအမျိုးသမီး၏ေလသံကို နားထောင်ရသည်မှာ သူမက အလွန်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေဟန်တူ၏။ သူမ၏ စကားသံများ ပဲ့တင်ထပ်နေချိန်မှာပင် သူမက ဘုရားကျောင်းထဲ ဝင်လာသည်။ သူမက ငယ်လည်းမငယ်၊ ကြီးလည်းမကြီးဘဲ ကောင်းမွန်သောအဝတ်အစားများ ဝတ်ဆင်ထားပြီး အစေခံမလေးများစွာ ခြံရံထား၏။

" ဟေး အဲဒါ သခင်မစွန်းမလား"

သရဲကြီးဘုရင်၏မျက်လုံးများ တဖျပ်ဖျပ်လက်လာကာ ပြောသည်။ သူက ပိုင်ရှောင်ချန်းကို ဥပေက္ခါပြု၍ ထရပ်လိုက်သည်။

" ကျေးဇူးပြုပြီး ဟိုနားမှာ သွားပြောကြစို့ "

ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်၏။ သရဲကြီးဘုရင်သည် မြို့ကိုလာကတည်းက မိတ်ဆွေများစွာ ဖွဲ့ခဲ့သည်။ ပိုင်ရှောင်ချန်းသည် မြို့ထဲတွင် သူ့ထက်အနေကြာသည့်တိုင် အနှီအမျိုးသမီး၏ နာမည်ကိုပင် မခန့်မှန်းနိုင်ခဲ့ပေ။

ပိုင်ရှောင်ချန်းမှာ သရဲကြီးဘုရင်နှင့် ကရားရေလွှတ်ပြောနေကာ ဘေးတွင် ရပ်နေသော အမျိုးသမီးကို ကြည့်၍ မတွေးပဲ မနေနိုင်တော့ပေ။ ယခု အင်အားကြီး နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၊ ကောင်းကင်ဘုရင်တစ်ဆူဖြစ်သော သရဲကြီးဘုရင်မှာ လူသာမန်တစ်ယောက်အလား ပြုမူနေလေသည်။ ထိုသည်က အထူးသဖြင့် အံ့သြစရာမကောင်းသော်လည်း ချစ်မှုရေးရာကိစ္စတွင် လူသာမန်များကိုပင် မည်သို့ရင်ဆိုင်ရမည်ကို သိသည့်အချက်ကြောင့် ပိုင်ရှောင်ချန်းအား ဆွံအလုနီးပါး ဖြစ်သွားစေတော့သည်။

ရုတ်တရက် သခင်မစွန်းက ရုတ်တရက် သရဲကြီးဘုရင်ကို သူမထံမှ ညင်ညင်သာသာလေး တွန်းလိုက်သည်။

" ရှင် လူဆိုးကြီး "

သူက ကောက်ချက်ချလိုက်သည်။ ဆွဲဆောင်မှုရှိစွာ မျက်လုံးများ လင်းလက်နေသော်လည်း လေးနက်သော အမူအရာဖြင့် သူက ဆက်ပြောသည်။

" သူဌေးကြီးကျိုးနော် ကျမ အခု အလေးအနက်ပြောနေတာ။ မုဆိုးမကျန်းက မြို့အရှေ့ပိုင်းမှာ ဆိုင်တစ်ဆိုင်ရှိတယ်။ သူ့ ယောက်ျားက သေသွားတာ နှစ်တော်တော်ကြာနေပြီ။ အဲဒီကတည်းက မုဆိုးမတစ်ယောက်ရဲ့ ရပိုင်ခွင့် ရသွားတာ။ သူကလေ မြို့ထဲမှ ကြည့်အကောင်းဆုံး အမျိုးသမီးထဲက တစ်ယောက်နော်။ အရမ်းလဲ ချမ်းသာတယ် “

" ရှင့်ကိုကြိုက်နေတဲ့ ဒီလိုမိန်းမမျိုးကိုရတာ ကံကောင်းတယ်မှတ် သူဌေးကြီးကျိုး။ သူက ကျမကို ဒီလာပြီးတော့ ရှင့်ကို သူနဲ့ လက်ထပ်ပြီး သူ့မိသားစုထဲဝင်ချင်လား ပြောပေးဖို့ တောင်းဆိုခဲ့တာ။ ရှင်လက်ထပ်မယ်ဆိုရင် သူ့ဘက်က လက်ဖွဲ့ပစ္စည်းအနေနဲ့ သူ့ဆိုင်ရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ပေးမယ်တဲ့ "

သခင်မစွန်း၏ စကားများကြောင့် သရဲကြီးဘုရင် ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ ဤကဲ့သို့ မြို့ငယ်လေးတွင် ယခုလိုအရာတစ်ခုဖြစ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ စိတ်ပင်မကူးခဲ့ဖူးပေ။

သူက မြင့်မြတ်သော နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူဖြစ်သည် မဟုတ်ပါလော။ လူသာမန်မုဆိုးမတစ်ယောက်ကို လက်ထပ်ပြီး သူမ၏အမျိုးထဲဝင်ရန်မှာ ... ရှက်ဖွယ်လိလိကိစ္စတစ်ရပ် ဖြစ်သည်။

သို့သော် အမှန်တွင် သူက အသက်အရွယ်အိုးမင်းနေသည့်တိုင် ထောင်ထောင်မောင်းမောင်းနှင့် အလွန်ချောမောသေးသည်။ သက်ကြီးပိုင်း အမျိုးသမီးအများစုအတွက် သူက အလွန်ဆွဲဆောင်မှုရှိသည်ဟု သတ်မှတ်နိုင်သည်။

ပိုင်ရှောင်ချန်းမှာလည်း မှင်သက်သွား၏။ သူက သခင်မစွန်းကိုကြည့်ပြီးနောက် သရဲကြီးဘုရင်ကို တစ်လှည့် ကြည့်လိုက်ကာ သူ မည်မျှစိတ်ဓာတ်ကျနေသည့်တိုင် ပေါင်ကိုရိုက်၍ အော်မရယ်ဘဲ မနေနိုင်တော့ပေ။

" ဂုဏ်ယူပါတယ် ယောက္ခမကြီးရေ "

သူက ဝမ်းသာစွာ ပြောသည်။ ရုတ်တရက် သူသည် သူ၏ရင်တွင်းက ဝမ်းနည်းမှုများ၊ ခါးသီးနာကြည်းမှုများ အတန်ငယ်ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသည်။

အမှန်တွင် သရဲကြီးဘုရင်နှင့် ရန်ဖြစ်စကားများခြင်းများအားလုံးက သူ့နှလုံးသားအား ပိတ်လှောင်ထားသည့် ရေခဲများကို တဖြေးဖြေး ဖဲ့ထုတ်နေခဲ့သည်။ ယခုတွင် သူ၏ရယ်သံများက ထိုအက်ကြောင်းများ ကျယ်သွားစေပြီး စတင်ပြိုကျလာစေသည်။

ဆန့်ကျင်ဖက်အနေဖြင့် သရဲကြီးဘုရင်မှာ ပိုင်ရှောင်ချန်း၏ စကားလုံးများကြောင့် အလွန်စိတ်ဓာတ်ကျသွားတော့သည်။

သို့သော် ပိုင်ရှောင်ချန်းက တဟားဟား ရယ်နေချိန် သခင်မစွန်းက သူ့ကို မျက်လုံးများမှေးလျက် လှမ်းကြည့်လိုက်သည်။

" အိုးး စာပေးသမားပိုင်" သူမက ပြုံးပြုံးလေးပြောသည်။

" ရှင် ဒီကိစ္စကို အသိအမှတ်ပြုတဲ့အတွက် ကျမဝမ်းသာပါတယ်။ ကျမတော့ တကယ်ပါပဲ ရှင့်အတွက် သတင်းကောင်းမေ့တော့မလို့။ မုဆိုးမကျန်းက ပြောတယ်။ သူဌေးကြီးကျိုးသာ သူ့လက်ထပ်ခွင့်ကို လက်ခံရင်တဲ့ အရင်လကမှ ယောက်ျားဆုံးသွားပြီး အရမ်းကို လှတဲ့ သူ့သမီးက ရှင့်အတွက် အပြီးပြည့်စုံဆုံး လက်တွဲဖော်ဖြစ်မှာပါတဲ့လေ။ ရှင်တို့ နှစ်ယောက်လုံးသာ လက်ထပ်ဖို့ သဘောတူပြီး မိသားစုထဲဝင်လာရင် ဆိုင်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ပေးပါ့မယ်တဲ့ရှင် “

" ကျမထင်တာတော့ သူ့သမီးက ကြမ္မာငင်ပြီး မွေးလာတာဖြစ်ရမယ်။ သူ့ယောက်ျားကလဲ ရွာထဲက တကယ့်ဂြိဟ်ဆိုး လူမိုက်တစ်ယောက်။ သူ ဝဋ်ပြန်လည်ပြီး တိရစ္ဆာန်တွေစားဖို့ တောထဲ အပစ်ခံလိုက်ရပါကော။ ရှင်းနေတာပါပဲ သူက စာပေသမားပိုင်လို ပညာတတ်၊ ယဥ်ကျေးတဲ့သူနဲ့တော့ လားလားမှ မယှဥ်နိုင်ပါဘူးရှင် "

ရုတ်တရက် ပိုင်ရှောင်ချန်း၏ ရယ်သံမှာ တိခနဲရပ်သွား၏။ ထို့နောက် တခဏကြာသော် သရဲကြီးဘုရင်က ဟားတိုက်ရယ်ပါလေတော့သည်။

All Chapters