← Chapters

မိစ္ဆာဧကရာဇ်ထံမှ အမိန့်

Vol. 11 Ch. 1035

မိစ္ဆာဧကရာဇ်ထံမှ အမိန့်

Vol. 11 Ch. 1035

ဆောင်းဦးရာသီ၏ သစ်ရွယ်ငယ်လေးများအားလုံး ကြွေလွင့်သွားခဲ့ပြီး ဆောင်းရာသီ၏ အေးစက်မှု ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ ရာသီ၏ အအေးဆုံးနေ့ရက်များ ယခုထက်ထိ ရောက်မလာခဲ့သေးသော်လည်း လူအများစု အပြင်မထွက်ချင်သည်အထိ အေးစိမ့်နေသေးသည်။ လေအေးများ၏ အတွေ့အထိမှာ မျက်နှာကို ဓားသွားများဖြင့် မွှန်းလိုက်သည့်အလား ဖြစ်နေလေသည်။

မြေပြင်ပေါ်တွင် သစ်ရွက်အနည်းငယ်ကို မြင်နိုင်သေးသော်လည်း အနှီသစ်ရွက် အားလုံးမှာ ခြောက်သွေ့ပြီး အဝါရောင်ဖြစ်နေကာ မဆိုစလောက် ထိလိုက်ရုံနှင့် အပိုင်းပိုင်းအစစ ပျက်စီးသွားမည် ဖြစ်သည်။ အတန်ကြာမှ တစ်ခါသာ လေထဲတွင် သစ်ရွက်လေးတစ်ရွက် လူးလွန့်ကခုန်နေသည်ကို မြင်နိုင်သည်။ ယခု ဆောင်းရာသီ ရောက်ရှိလာခဲ့ပြီဖြစ်၍ တစ်ရွက်တလေမှ မြို့ငယ်လေးထဲတွင် နေချင်ဟန်မတူဘဲ တတ်နိုင်သမျှ မြန်မြန် အဝေးသို့ ပျံသန်းသွားကြသည်။

ထိုကဲ့သို့ရာသီမျိုးတွင် သခင်မစွန်းက အဆောက်အအုံများ၏ နွေးထွေးမှုကို ချန်ခဲ့ပြီး ထိုနေရာတွင် နေထိုင်သော ယောက္ခထီးနှင့်သားမက်ဖြစ်သူအား စကားပြောရန် ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းကို ရောက်ချလာခဲ့သည်။ သူမ တာဝန်အောင်မြင်ပါက မုဆိုးမကျန်းဆီမှ သူမရရှိမည့် အောင်သွယ်ခမှာ များပြားသည် မဟုတ်ပါလော။

ထိုအကြောင်းကြောင့် သူမမှာ လွယ်လင့်တကူ လက်လျှော့မည် မဟုတ်ပေ။ သူမက ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင် အပေးအယူသဘောတူအောင် နားချရန် ထပ်ခါတလဲလဲ ကြိုးစားလေသည်။ သူမသည် သူတို့နှစ်ယောက်အတွက် ၄င်းက တစ်သက်မှတစ်ခါသာ လာမည့် ရှားရှားပါးပါး အခွင့်ရေးတစ်ခုဖြစ်၍ သူတို့ ဤအခွင့်အရေးကို လက်မလွှတ်သင့်ကြောင်း အသားပေးပြောတော့သည်။

သူမက ပို၍ငယ်သော မုဆိုးမ၏ ကြည့်ကောင်းသော အသွင်အပြင်များကို ဖော်ပြပြီး ဆိုင်က မည်မျှအမြတ်ရကြောင်း ထပ်ခါထပ်ခါ ထောက်ပြလေသည်။ အဖန်တလဲလဲ သူမသည် သူတို့သဘောမတူလျှင် မည်မျှဆုံးရှုံးရမည်ကို ရှင်းပြ၏။

သရဲကြီးဘုရင်မှာ ငိုရမည်လား၊ ရယ်ရမည်လား မသိတော့ပေ။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့်တိုင် သူ့အတွက် ရက်ရက်စက်စက် ငြင်းဆိုရန် အကြောင်းပြချက်မရှိပေ။ သူက သခင်မစွန်းကို သူတို့ လက်ထပ်ခွင့်အကြောင်း စဥ်းစားပေးမည်ဟူ၍သာ ပြောနိုင်ပြီးနောက် သူမအား ပြန်ရန် တောင်းဆိုလိုက်ရတော့သည်။

သူမထွက်သွားပြီးနောက် သူက ပိုင်ရှောင်ချန်းထံ ပြန်လှည့်ကာ သက်ပြင်းချလိုက်သည်။

" မြင်လား။ ငါက အင်မတန် ခန့်ညားလွန်းနေတယ်ကွာ။ သရဲကြီးမြို့မှာ ဘယ်လိုဖြစ်ခဲ့လဲ ဒီလောက်ဆို မင်း သဘောပေါက်လောက်ပြီ။ ငါ မတတ်သာပဲ အမြဒ အိမ်တွင်းအောင်းေနရတယ်။ ငါ အပြင်သွားတိုင်း မိန်းမတွေအားလုံး တမ်းတမ်းစွဲဖြစ်ကုန်မှာလေ။ ငယ်ငယ်ကြီးကြီး အကုန်ပါပဲကွာ "

သူက သူ၏စကားလုံးများကို စိတ်ပျက်နေသည့်အလား ပြောလိုက်သော်လည်း သူ့ကိုယ်သူ မည်မျှပီတိဖြစ်ကာ ကျေနပ်နေသည်ကို ဖုံးဖိရန် မဖြစ်နိုင်ပေ။

" ဘယ်သူမှ ငါက ကျင့်ကြံသူတစ်ယောက်ဆိုတာတောင် မသိကြတဲ့ ဒီလို မြို့သေးသေးလေးထဲမှာ ဒီလိုကိစ္စထပ်ဖြစ်မယ်လို့ ဘယ်သူက တွေးမိမှာတုန်း။ တကယ့်ကို ငါ့အမှားပဲ ထင်ပါတယ် "

သူက သက်ပြင်းချလိုက်သည်။

ပိုင်ရှောင်ချန်းမှာ သရဲကြီးဘုရင်က သူ မည်မျှ အံ့သြဖွယ်ကောင်းကြောင်း တဗျစ်ဗျစ်တတောက်တောက် ငြီးငြူနေသည်ကို မျက်စိဆံပင်မွှေးစူးလာတော့သည်။ မုဆိုးမကျန်းက သရဲကြီးဘုရင်၏ သဘောတူညီမှုရရှိရန် သူ့ကို အပေးအယူဒိုးပြားလေးတစ်ပြားသဖွယ် အသုံးပြုနေခဲ့ခြင်းကြောင့် ပို၍ဆိုးလေသည်။ သို့မဟုတ်လျှင် တစ်လသာ မုဆိုးမဖြစ်ခဲ့ရသော သူမ၏ သမီးဖြစ်သူကို မည်သည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းကို လက်ဆက်ရန် ကမ်းလှမ်းခဲ့မည်နည်း။

"ငါ ပိုင်ရှောင်ချန်းက ဒီသချိုင်းကုန်းခြေတစ်ဖက်လှမ်းနေတဲ့ အဘိုးကြီးလောက်တောင် ဆွဲဆောင်မှုမရှိတာ မယုံနိုင်ဘူး"

သူက အမှန်တရားကို လက်မခံလိုဘဲ ကိုယ့်ငါးချဥ်ကိုယ်ချဥ်နေသော သရဲကြီးဘုရင်ကို မျက်လုံးထောင့်မှ ကြည့်ကာ အေးစက်စက် နှာမှုတ်လိုက်သည်။

" ဂုဏ်ယူပါတယ် ယောက္ခကြီးရေ။ ခင်ဗျား ဒီလိုမြို့လေးမှာ အခြေကျလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာတုန်း။ ခင်ဗျား ဒီမှာ ကြီးပွားလိမ့်မယ်ဆိုတာ ကျုပ်တော့ သေချာတယ်။ ခင်ဗျား ဒီကမ်းလှမ်းချက်ကို လုံးဝ လုံးဝ ငြင်းမှာမဟုတ်ဘူး။ အဲ … ဒီမင်္ဂလာပွဲအတွက် အရက်လဲ လိုလိမ့်မှာပေါ့။ ဒီတော့ ဘာလို့နောက်တစ်အိုး သွားမဝယ်သေးတာတုန်း "

အကျင့်အရ သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်းကို မျက်စောင်းထိုးပြီး ရန်ဖြစ်ရန် ပြင်လိုက်သည်။ သို့သော် သူက သူ့မေးစေ့ကို လေးလေးနက်နက် ပွတ်လိုက်၏။

" အခု ငါတွေးကြည့်တော့မှ အရင်က မုဆိုးမကျန်းကို မြင်ဖူးတာကို မှတ်မိတယ်။ အရက်ဝယ်ဖို့သွားရင်း သူ့နားဖြတ်သွားခဲ့တာပဲ။ ငါ မှတ်မိသလောက် ... သူ့ငါ့ကို မြင်တုန်းက မျက်နှာလေးကို နီသွားတာပဲ။ သူက တကယ့်ကို တော်တော်လေး ကြည့်ကောင်းတယ်။ ကိုယ်လုံးလှလှ၊ ဆွဲဆောင်မှုရှိတဲ့ ကျောပြင်လေး ... တကယ့်အပျိုဖြန်းလေးလိုပဲ "

သရဲကြီးဘုရင်၏ မျက်လုံးများမှာ တောက်ပစွာ လင်းလက်လာတော့သည်။ အထူးသဖြင့် မုဆိုးမကျန်း မည်သည့်အသွင်ရှိသည်ကို ပြောပြလိုက်စဥ် ဖြစ်ပေသည်။

" နေဦး ခဏ ငါ အဲဒီဆိုင်ကို သွားပြီး နှစ်ခါစစ်သင့်တယ်။ သူက ကံကြမ္မာကောင်းအတွက် ကမ်းလှမ်းလာမှတော့ ငါက အမြဲ ရိုးသားပွင့်လင်းတဲ့ လူတစ်ယောက်လေ။ သူ့ ကံကြမ္မာကောင်းကို ငါ အခွင့်ကောင်းမယူနိုင်ဘူး "

အထူးသဖြင့် သက်တူရွယ်တူ ဆွဲဆောင်မှုရှိသော အမျိုးသမီးများနှင့် ပတ်သက်လျှင် သရဲကြီးဘုရင်သည် မြေရိုင်းဒေသမှာတုန်းကပင် တော်တော်လေး နှာဘူးကျသူတစ်ယောက် ဖြစ်ခဲ့၏။

သရဲကြီးမြို့တော်၏ အပြင်က မျိုးနွယ်စုတစ်စုမှ အမျိုးသမီးတစ်ယောက်ကို သူ့ထံ ခေါ်လာရန် ပိုင်ရှောင်ချန်းအား တိုးတိုးတိတ်တိတ် မည်သို့ ခိုင်းစေခဲ့သည်ကို တွေးကြည့်လျှင် ပို၍သိသာလေသည်။

ယခု ထာဝရနယ်မြေများသို့ ရောက်လာသည့်တိုင် သူ၏အကျင့်စရိုက်ကား မပြောင်းလဲခဲ့ပေ။ ယခုတွင် သူ၏ ချစ်စိတ်အဟုန်များ နိုးထလာ၍ ပိုင်ရှောင်ချန်းက မည်သည့်ထေ့လုံးငေါ့လုံးများ ပြောနေစေကာမူ ဂရုမစိုက်တော့ပေ။ သူက စိတ်အားထက်သန်မှုများ ပြည့်နှက်နေလျက် ဘုရားကျောင်းမှ အလောသုံးဆယ်ထွက်သွားလေသည်။

"ရှောင်ချန်း"

သူက ခေါင်းလှည့်၍ အော်လိုက်သည်။

" ဒီနေ့တော့ မင်းတစ်ယောက်ထဲ သောက်ရတော့မယ်။ ငါနောက်ကျမှ ပြန်လာမယ်နော် "

ပိုင်ရှောင်ချန်းမှာ အတန်ငယ်မှင်သက်သွား၏။ သူက သရဲကြီးဘုရင်၏ တဏှာကြီးသောသဘာဝကို သိသော်လည်း ဤလူက သာမန်အမျိုးသမီးများကိုပင် ဆွဲဆောင်မှုရှိနေလိမ့်မည်ဟု ဘယ်တော့မှ မခန့်မှန်းနိုင်ခဲ့ပေ။ နတ်ဘုရားတစ်ပိုင်းပညာရှင်တစ်ယောက်က ဘယ်လိုကြောင့် ထိုသို့ ဖြစ်နိုင်သနည်း...

ပိုင်ရှောင်ချန်းက ဘုရားကျောင်းမှ သရဲကြီးဘုရင် တက်ကြွစွာ သုတ်သီးသုတ်ပျာထွက်သွားပုံကြောင့် ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး သူ့ကို တစ်ခုခုအော်ပြောရန် ပြင်လိုက်စဥ် ရုတ်တရက် သူ၏မျက်လုံးများ ဝင်းလက်သွားပြီးနောက် ဤရက်ပိုင်းအတွင်း ပေါ်ပေါက်ခဲ့သည့် မည်သည့်အရာမဆိုထက် များစွာ ပြင်းထန်သော အလင်းတစ်ခုဖြင့် စတင်တောက်ပလာတော့သည်။

သူသာ ထိုသို့ တုံ့ပြန်သူ မဟုတ်။ သရဲကြီးဘုရင်သည်လည်း သွားနေရာမှ ရုတ်တရက်ရပ်ပြီး မော့ကြည့်လိုက်သည်။ အစောပိုင်းက သူ့မျက်လုံးများထဲတွင် တောက်လောက်နေခဲ့သည့် စိတ်အားထက်သန်မှု၏ ရဲရဲတောက်နေသောအလင်းအစား ပိုင်ရှောင်ချန်းကဲ့သို့ သူ၏အမူအရာမှာ အေးစက်သွားတော့သည်။

အရိုးခိုက်မတတ်အေးသော လေသည်ပင် သူတို့၏ အကြည့်များကဲ့သို့ အေးစက်ရန် နီးပင်မနီးစပ်ပေ။ အမှန်တကယ်ဆိုရလျှင် ၄င်းသည် ဆက်လက်ရှိမနေဝံ့တော့သည့်အတွက် ငြိမ်သက်သွား၏။

အချိန်အနည်းငယ်ကြာသော် အဝေးမှ စူးရှတောက်ပသောအလင်းတန်းသုံးတန်းနှင့်အတူ တရွှီရွှီမြည်သံတစ်သံ လေထဲတွင် ပြည့်နှက်သွား၏။ သူတို့က မြို့နှင့် နီးသထက်နီးလာစဥ် အလင်းတန်းများအတွင်းတွင်.... အင်မော်တယ်နယ်မြေသား နတ်အဆင့်ကျင့်ကြံသူသုံးယောက်ကို မြင်နိုင်လေသည်။

နှစ်ယောက်က အပေါ်ထက်တွင် ဆက်လက် ပျံသန်းသွားကြသော်လည်း သုံးယောက်မြောက်၊ မျက်နှာပေါ်တွင် ကြောက်စရာကောင်းသော အမူအရာတစ်ခုဖြင့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က မြို့အပေါ်ရှိ လေထဲတွင် ရပ်လိုက်သည်။ သူက ရပ်လိုက်သည်နှင့် နတ်အဆင့်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ရာ ကောင်းကင်ဘုံမှလာသော မိုးခြိမ်းသံကြီးကဲ့သို့ ထစ်ခြုန်းသံကြီး လေထဲတွင် ပြည့်နှက်သွားတော့သည်။

မြို့ထဲရှိ သာမန်လူများအားလုံး ကြောက်လန့်တုန်ရီလာကြပြီး သူတို့ မည်သည့်နေရာတွင်ဖြစ်စေ၊ မည်သည့်အရာလုပ်နေသည်ဖြစ်စေ အပေါ်ထက်ရှိ ပုဂ္ဂိုလ်အား ဒူးထောက်ဂါဝရပြုလိုက်ကြသည်။

ထာဝရနယ်မြေများတွင် သာမန်လူများသည် မသေမျိုးများကို ဒဏ္ဍာရီလာစိတ်ကူးယဥ် ပုဂ္ဂိုလ်များအဖြစ် မမြင်ကြပေ။ သူတို့အား အထူးသဖြင့် နေ့စဥ်နေ့တိုင်း မမြင်ကြရသော်လည်း မည်သည့်နည်းနှင့်မျှ ရှားလှသည် မဟုတ်ပေ။ အမှန်တကယ်တော့ ယခုကဲ့သို့ မြို့ငယ်လေးထဲမှာပင် သူတို့အတွက် သီးသန့်ထားရှိသော တရားဝင်စံအိမ်တစ်လုံးရှိ၏။ နတ်အဆင့်အခိုးအငွေ့များ မြို့ထဲ ပြည့်နှက်သွားသဖြင့် တော်တော်လေးကြီးသော ပြာသာဒ်ကြီးတစ်ခုမှ လူလေးယောက် ထွက်လာကြသည်။ သူတို့က နတ်အဆင့်ကျင့်ကြံသူရှိရာ လေထဲ အလျင်အမြန်ပျံတက်လိုက်ကြပြီးနောက် ဂါဝရပြုအရိုအသေပေးလိုက်ကြသည်။

သူတို့ထဲက တစ်ယောက်မှာ လွန်လေပြီးေသာ တစ်ရက်က သူ့တပည့်ကို ဘုရားကျောင်းဆီ ခေါ်လာခဲ့သည့် အမြုတေအဆင့်ကျင့်ကြံသူ အဘိုးကြီးဖြစ်လေသည်။ လေးယောက်အနက်တစ်ယောက်က ချီစုစည်းမှုအဆင့်တွင် ဖြစ်သည့် တပည့်လူငယ်လေး ဖြစ်၏။ တစ်ဖွဲ့လုံးမှာ နတ်အဆင့်ကျင့်ကြံသူကို ဂါဝရပြုနေလျက် သိသာစွာ ချွေးများထွက်နေတော့သည်။

" တန်ခိုးရှင်အား ဂါဝရပြုပါတယ်"

အဘိုးကြီးက ရိုသေးလေးစားမှုအပြည့်ဖြင့် ပြောသည်။

နတ်အဆင့်ကျင့်ကြံသူက ထိုလူကို စူးရှသောအကြည့်တစ်ချက်ဖြင့် ကြည့်ပြီးနောက် ကျောနောက်လက်ပစ်၍ အရပ်မျက်နှာတစ်ခွင်သို့ မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားသည့် အသံဖြင့် စကားပြောလိုက်သည်။

" ကျုပ်က ကျုံးရှန် စီရင်စုရဲ့ နတ်ဘုရားတစ်ပိုင်းဆရာကြီး သခင်ချန်ယွမ်ကျစ်ဆီက အမိန့်တွေကို ထုတ်ပြန်တယ်။ ကျုံးရှန် စီရင်စု နယ်သူနယ်သားအားလုံး ကောင်းကင်တံတားက ရာဇဝတ်ကောင်တွေ ရှာဖွေခြင်းမှာ ပါဝင်ရမယ် “

" သူတို့တစ်ယောက်ချင်းစီတိုင်းကို ခြေရာခံပြီး ဒေသခံစီရင်စုဆီ ပို့ပေးရမယ်။ အလောင်းတွေလဲ ပါတယ် “

" ကောင်းကင်တံတားဒေသက ဒုက္ခသည်တွေကို လက်ခံသည့်လူဖြစ်စေ၊ ကူညီသည့်လူဖြစ်စေ ဘယ်သူမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာဖြစ်ပြီး သူတို့ရဲ့ မျိုးနွယ်စုပါ သုတ်သင်ခံရမယ်။ ကောင်းကင်တံတားကျင့်ကြံသူတွေကို ပတ်ဝန်းကျင်မှာ နေထိုင်ခွင့်ပေးတာ တွေ့ခဲ့ရင် အဲဒီနေထိုင်ခွင့်ပေးတဲ့လူတွေရဲ့ ကျင့်ကြံခြင်းအခြေခံတွေ ဖျက်စီးခံရမယ်။ ဒီကိစ္စမှာ ထောက်ထားညှာတာမှုမရှိဘူး။ ပြီးတော့ ဒီအမိန့်တစ်ခုခုကို တမင် ချိုးဖောက်နေတဲ့ ဘယ်သူပဲဖြစ်ဖြစ် သူတို့စိတ်ကူးနိုင်တာထက် ကြီးမားတဲ့ ကပ်ဘေးတွေကို လက်ယပ်ခေါ်နေသလို ဖြစ်လိမ့််မယ်ဆိုတာ မှတ်ထားပါ “

" အထူးအရေးကြီးတာက အခြေခိုင်မာခြင်းအဆင့် နဲ့ အထက်မှာရှိတဲ့ ကောင်းကင်တံတားကျင့်ကြံသူတွေပဲ။ သူတို့ကို ဖမ်းဖို့ ဘာကိုမှ ကွယ်ဝှက်မထားနဲ့။ ဖမ်းပေးတဲ့ ဘယ်သူမဆို မိစ္ဆာဧကရာဇ်ရဲ့ ရက်ရက်ရောရော ချီးမြှင့်ခံရမယ်"

သူက အကြင်နာတရားကင်းမဲ့ပြီး ခက်ထန်သောအသွင်ဖြင့် ပြောလိုက်သည်ဖြစ်၍ မြို့ထဲရှိ လူတိုင်း အထူးသဖြင့် အမြုတေအဆင့်ကျင့်ကြံသူများကို တဆတ်ဆတ်တုန်ယင်သွားစေတော့သည်။ သူက နဖူးမှ ချွေးများကို သုတ်၍ ပြော၏။

" ကျုပ်တို့ ဆရာကြီးရဲ့ အမိန့်တွေကို တိတိကျကျ လိုက်နာရမယ်။ ကောင်းကင်တံတားဒေသက တစ်ယောက်ယောက် ကျုပ်တို့နေရာမှာ ပေါ်လာရင် မိစ္ဆာဧကရာဇ်နဲ့ ဆရာကြီးရဲ့ အမိန့်အတိုင်း အသက်ကို ပဓာနမထားဘဲ လုပ်ကြရမယ်"

နတ်အဆင့်ကျင့်ကြံသူက ဖြည်းညင်းစွာ ခေါင်းညိတ်ပြီးနောက် နတ်ဘုရားအာရုံဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ မူမမှန်သည့်အရာတစ်ခုမှမတွေ့သဖြင့် သူက လှည့်လိုက်ပြီး ကြေညာချက်ထုတ်ပြန်ရန် သူ၏စာရင်းထဲရှိ အခြားနေရာတစ်ခုထံ တဟုန်ထိုးထွက်သွားတော့သည်။

ပုံမှန်ဆိုလျှင် အသံပေးပို့ခြင်းက လုံလောက်မည်ဖြစ်သော်လည်း ကိစ္စ၏ အရေးကြီးမှုကို ပေါ်လွင်စေရန် အနှီနတ်အဆင့်ကျင့်ကြံသူနှင့် အပေါင်းအဖော်များသည် ကျုံးရှန် စီရင်စုရှိ လူတိုင်းထံ ကိုယ်တိုင်ကိုယ်ကျ ကြေညာချက်ထုတ်ပြန်ပြီး ပတ်ဝန်းကျင်ကို တစ်ဆက်တည်းစုံစမ်းနေကြ၏။

နတ်အဆင့်ကျင့်ကြံသူထွက်သွားပြီးနောက် မြို့က ပုံမှန်အတိုင်း လုပ်ငန်းဆောင်တာများ မဆောင်ရွက်ကြတော့ပေ။ ဘယ်သူမှ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ စကားလုံးများကို ပေါ့ပေါ့တန်တန် မထားရဲသောကြောင့် အမြုတေအဆင့်ရှိ အဘိုးကြီးက ချက်ချင်းပင် မြို့ရှိ လူမိုက်ဂိုဏ်းအား ပိုက်စိတ်တိုက် ရှာဖွေမှု လုပ်ဆောင်ရန် အမိန့်များချမှတ်လိုက်သည်။

ဘုရားကျောင်းထဲတွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် သရဲကြီးဘုရင်နည်းတူ အေးစက်သော အလင်းများဖြင့် စူးရှတောက်ပနေ၏။

" သူ့ခန္ဓာကိုယ်ပေါ်မှာ ကောင်းကင်တံတားဒေသ ကျင့်ကြံသူတွေရဲ့ သွေးညှီနံ့ရတယ် "

ပိုင်ရှောင်ချန်းက ပြောသည်။ သရဲကြီးဘုရင်က နှာမှုတ်ပြီး လေပေါ်ပျံတက်လိုက်လေသည်။

All Chapters