← Chapters

အုပ်ချုပ်သူ သရဲမယ်တော်

Vol. 11 Ch. 1036

အုပ်ချုပ်သူ သရဲမယ်တော်

Vol. 11 Ch. 1036

မြို့မှ ခပ်ဝေးဝေးတစ်နေရာတွင် အစောပိုင်းက အထင်ကြီးစဖွယ် ပြသမှုကြီး ပြုလုပ်ခဲ့သည့် နတ်အဆင့်ကျင့်ကြံသူသည် လေဟုန်ခွင်းလျက် ကျုံးရှန်စီရင်စုသို့ တရိပ်ရိပ် ပျံသန်းနေ၏။

" ဒါတွေအားလုံးက ကောင်းကင်တံတားဒေသက ခွေးသူတောင်းစားတွေရဲ့ အမှားပဲ "

သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူသည် ကျုံးရှန်စီရင်စုရှိ အငယ်ဆုံးနတ်အဆင့်ကျင့်ကြံသူဖြစ်သည့်အတွက် ပို၍ မောက်မာထောင်လွှားနေတော့သည်။ သူက ထိုကဲ့သို့အောင်မြင်မှုများ ရရှိပြီးဖြစ်သည်ကို စဥ်းစားကြည့်လျှင် သူ၏အနာဂတ်အလားအလာများက အလွန်ကောင်းမွန်ပုံရ၏။

နတ်ဘုရားတစ်ပိုင်းအဆင့်ရောက်ရှိခြင်းက လက်တွေ့မကျလောက်သော်လည်း နောက်ဆုံး၌ နတ်အဆင့်၏ မဟာစက်ဝန်းအထိ ရောက်ရှိနိုင်မည်ဟု သူ ယုံကြည်ချက်ရှိသည်။

" ကောင်းကင်တံတားလူတွေက ကျွန်လာခံလိုက် ပြီးနေတာပဲ။ ဘာလို့အာခံနေရတာတုန်း။ ဘောက်မဲ့ကြောင့် ရုန်းကန်နေရတာတုန်း "

ထိုလူက ကျုံးရှန်စီရင်စုတွင် နှစ်ဝက်ကျော်ကျော်က ရောက်ရှိနေခဲ့ပြီးသော ကောင်းကင်တံတားကျင့်ကြံသူများကို ရှာနေရသည်ကို ပြန်တွေးကာ ရယ်လိုက်သည်။ အထင်အမြင်သေးသော အရိပ်အယောင်တစ်ခုက သူ၏မျက်လုံးများထဲ ဖြတ်ပြေးသွား၏။

" ငါ ကြားခဲ့တာကတော့ ဗဟိုဧကရာဇ်နိုင်ငံတော်ရဲ့ အမွေအနှစ်ကို ဘယ်တုန်းကမှ လက်ဆင့်ကမ်းမပေးခဲ့ဘူးဆိုပဲ။ ကောင်းကင်ဧကရာဇ်လို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ် ဆိုလား။ မဟာယနအဆင့်တောင် မရောက်သေးဘဲ သူ့ကိုယ်သူ ခေါ်ရလောက်အောင် ဘယ်လိုတောင် အတင့်ရဲတာတုန်း "

ထိုလူက သူ့ခေါင်းကို မောက်မာစွာ ခါယမ်းလိုက်သည်။

" ဒါပေမဲ့ ကောင်းကင်တံတားဒေသရဲ့ သွေးပါတဲ့ လူတွေက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းမှာ တကယ်တော်ကြပုံရတယ်။ တော်တော် အံ့သြစရာကောင်းတာပဲ "

ဤအချိန်တွင် သူ၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တောက်ပလာတော့သည်။ မိစ္ဆာဧကရာဇ်ကမ်းလှမ်းသည့် ဆုလာဘ်များမှာ တော်တော်လေး မက်မောစရာကောင်း၏။ သူက ပို၍ မြန်မြန်ဆန်ဆန် သွားလိုက်ရင်း တွေးလိုက်သည်။

" အကောင်းဆုံးက ကောင်းကင်တံတား နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ယောက်ကို ဖမ်းတာပဲ ဖြစ်မယ်... "

သူသည် စိတ်လှုပ်ရှားကာ ရင်တဒိန်းဒိန်းခုန်နေစဥ်မှာပင် သူ့ပတ်ပတ်လည်ရှိ လေထုသည် ရုတ်တရက် ပုံပျက်ရှုံတွသွား၏။ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသည့်အတွက် သူ တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ လက်တစ်ဖက်က တစ်နေရာမှ ရုတ်ချည်း ဘွားခနဲပေါ်လာပြီးနောက် သူ၏လည်တိုင်ကို လှမ်း၍ ဖမ်းဆုပ်လိုက်သည်။

" မင်း... "

ဤလက်ကြီးထံမှ ရုန်းထွက်ရန် စွမ်းအားမရှိကြောင်း သူသဘောပေါက်လိုက်သဖြင့် သူ့မျက်လုံးများမှာ ကြောက်လန့်အံသြခြင်းများဖြင့် ပြည့်နှက်သွားကာ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။ အမှန်တကယ်ဆိုရလျှင် ထိုလက်ကြီးလုပ်ရန် လိုသည်မှာ နည်းနည်းလေး ညှစ်လိုက်ရုံသာဖြစ်ပြီး သူ အပြီးတိုင် အစဖျောက်ခံရမည် ဖြစ်သည်။

" နတ်ဘုရားတစ်ပိုင်း "

သူ စာတစ်စောင် ပေးပို့ရန်ပင် အချိန်မရလိုက်ခင် သူ ထိတ်လန့်နေသည့်စွမ်းအားကြီးက သူ့ကိုယ်ထဲဝင်ရောက်လာတော့သည်။ သို့သော် ၄င်းက သူ့ကို မသတ်ဘဲ သတိလစ်သွားရန်သာ တွန်းထုတ်လိုက်၏။ ထို့နောက် သူက လက်ကြီး၏ အဝေးသို့ ဆွဲခေါ်ခြင်း ခံလိုက်ရပြီး အစအနပင်မကျန် ပျောက်ကွယ်သွားတော့သည်။

လက်ကြီးပေါ်လာသည့် အခိုက်အတန့်မှစ၍ သူတို့နှစ်ယောက်လုံး ပျောက်ကွယ်သည်အထိ တခဏသာ ကုန်ဆုံးသွားလေသည်။ ဖြစ်ပျက်သွားခဲ့သည့် အရာများ၏ သဲလွန်စတစ်ခု သာမက စွမ်းအင်အခိုးအငွေ့လေးတစ်မျှင်ပင် မကျန်ခဲ့ပေ။

ဘုရားကျောင်းထဲတွင် ပိုင်ရှောင်ချန်းက အေးစက်တင်းမာနေသော မျက်နှာထားဖြင့် နံရံကိုမှီလျက် ထိုင်နေသည်။ တခဏကြာသော် သရဲကြီးဘုရင်က တူညီစွာ လေးနက်သောမျက်နှာထားဖြင့် ပျော့ခွေနေသောနတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ကြက်ကလေးတစ်ကောင်ကဲ့သို့ လက်တွင်ကိုင်၍ ဝင်လာ၏။

သူက ပိုင်ရှောင်ချန်းထံ လျှောက်လာပြီးနောက် နတ်အဆင့်ကျင့်ကြံသူကို မြေကြီးအပေါ်သို့ ပစ်ချလိုက်သည်။ နတ်အဆင့်ကျင့်ကြံသူမှာ တုန်ရီသွားပြီး မျက်လုံးများ ဖွင့်လိုက်၏။ ဘေးဘီဝဲယာကို ကြည့်ကာ ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်အား မြင်သည့်နောက်တွင် သူ ရင်တဒိန်းဒိန်းခုန်သွားတော့သည်။

" မင်းတို့က ဘယ်သူတွေလဲ "

သူ၏ကျင့်ကြံခြင်းအခြေခံ ချိတ်ပိတ်ခံထားရ၍ သာမန်လူတစ်ယောက်သာသာ ဖြစ်နေကြောင်း သဘောပေါက်လိုက်သည်တွင် အံ့သြတုန်လှုပ်ခြင်းလှိုင်းတံပိုးများ သူ၏စိတ်နှလုံးကို ဝင့်ဆောင်လိုက်ရာ သူ့နှုတ်မှ လွှတ်ခနဲထွက်သွားတော့သည်။ သူ့ကို ဖမ်းခဲ့သည့် အဘိုးကြီးမှာမူ သူ၏ကျင့်ကြံခြင်းအခြေခံအခိုးအငွေ့များကို အဆင့်တစ်ခုအထိ ဖုံးအုပ်ထားပါသော်လည်း နတ်အဆင့်ကျင့်ကြံသူမှာ ထိုလူက သာမန်နတ်ဘုရားတစ်ပိုင်းမဟုတ်ကြောင်း ပြောနိုင်သည်။

သူ့ကို ကြည့်နေသည့်အချိန် နတ်အဆင့်ကျင့်ကြံသူ ခံစားလိုက်ရသည့် ဖိအားမှာ ကျုံးရှန်စီရင်စု ဆရာကြီး၊ နတ်ဘုရားတစ်ပိုင်း သခင်ချန်ယွမ်ကျစ်ထက်ပင် ပိုမိုကြောက်လန့်ဖွယ်ကောင်းပေသည်။

ထို့နောက် သူက ခံစားချက်မဲ့သောမျက်နှာဖြင့် ဘေးတွင် ထိုင်နေသည့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းက သူ့ကို ကြည့်သောအခါ သူသည် မဖော်ပြနိုင်သောအရာတစ်ခုက သူ့အား ထိုးစိုက်နေသည့်အလား အာရုံရလိုက်၍ မူးဝေသွားပြီး သူ့ဖြစ်တည်မှု၏ အနက်ရှိုင်းဆုံးတစ်နေရာအထိ တုန်လှုပ်သွားတော့သည်။ ထိုအကြည့်တွင် သူ၏အတွင်းစိတ်ကို ဖောက်ထွင်းမြင်နိုင်သည့် နတ်ဘုရားအာရုံပါဝင်နေသည့်အလားပင်။ ဤအချိန်တွင် နတ်အဆင့်ကျင့်ကြံသူမှာ အစောပိုင်းကထက် ဆယ်ဆ ပိုမိုတုန်လှုပ်သွားတော့သည်။

" က … ကောင် ... ကောင်းကင်ဧကရာဇ် ..."

သူက အထစ်ထစ် အငေါ့ငေါ့ ပြောသည်။လွန်ခဲ့သောနှစ်များက သူသည် တတိယအင်မော်တယ်နယ်မြေကို တာဝန်ယူသည့် ကောင်းကင်ဧကရာဇ်ထံ အလည်အပတ်သွားရန် နတ်ဘုရားတစ်ပိုင်းဆရာကြီးကို အဖော်ပြုပေးခဲ့သည်။ ထိုစဥ်က ဤကဲ့သို့ တူညီသော ခံစားချက်မျိုးကို ကြုံတွေ့ခဲ့ရလေသည်။

သူ့ရှေ့တွင် ထိုင်နေသည့် ပုဂ္ဂိုလ်မှာ ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ တန်ခိုးရှင်တစ်ပါးအလားပင်။

ဤအခိုက်အတန့်တွင် သူသည် အနှီလူသားက မည်သူဖြစ်ကြောင်း မေးရန် မလိုတော့ပေ....

" ခင်ဗျားက..... ဗဟို ဘိုးဘေးကြီး ပိုင်ရှောင်ချန်းပဲ "

သူက တုန်ရီနေသောအသံဖြင့် ပြောသည်။ ယခုတွင် မည်သည့်အရာကိုမှ မလုပ်ရန် သူ စိတ်ပိုင်းဖြတ်လိုက်လေပြီ။

ပိုင်ရှောင်ချန်း၏ မျက်လုံးများက အေးစက်သောအလင်းများနှင့်အတူ သတ်ဖြတ်လိုစိတ်များဖြင့် တဖျပ်ဖျပ်လက်နေသည်။ အနှီပုဂ္ဂိုလ်က သူ မည်သူဖြစ်သည်ကို သိသည့်အချက်က အကြောင်းကိစ္စများကို ကိုင်တွယ်ရာတွင် ပိုမိုလွယ်ကူသွားစေသည်။

သရဲကြီးဘုရင်က သူ၏မျက်လုံးများကို မှေး၍ ပြော၏။

" မင်းက ဘယ်ကလဲ "

နတ်အဆင့်ကျင့်ကြံသူက ပိုင်ရှောင်ချန်းကို သိနေသည့်အတွက် ပိုင်ရှောင်ချန်းနှင့်အတူ ရှိနေသော အနှီအဘိုးကြီးက မည်သူဖြစ်နိုင်သည်ကိုလည်း အနည်းငယ် ခန့်မှန်းတွက်ဆနိုင်သည်။ မည်သို့ပင်ဆိုစေ အနှီအဘိုးကြီးက နတ်ဘုရားတစ်ပိုင်းတစ်ယောက်ဖြစ်၍ သူ့ထံမှ မည်သည့်အရာကိုမဆို ဖုံးကွယ်ရန် နည်းလမ်းလည်း မရှိပေ။ နတ်အဆင့်ကျင့်ကြံသူမှာ မေးခွန်းများကို ခပ်သွက်သွက်မဖြေပါက ထိုလူတွင် သူ့ကို စကားပြောအောင် လုပ်ရန် နည်းလမ်းပေါင်းများစွာရှိနေလိမ့်မည်ဖြစ်ကြောင်း သိထား၏။

သူ စောစောက ပြောခဲ့သည့်အရာကြောင့် ပိုင်ရှောင်ချန်း မျက်မှောင်ကြုတ်သွားသည်ကို မြင်သောအခါ ရင်တဒိန်းဒိန်းခုန်လာပြီး ဆက်ပြောလိုက်သည်။

" ကျွန်တော့်နာမည်က လီဟိုင်ပါ။ ကျွန်တော်က မိစ္ဆာဧကရာဇ်တိုင်းပြည်က တတိယမြောက် အင်မော်တယ်နယ်မြေထဲမှာရှိတဲ့ ဆယ့်ခုနစ်ယောက်မြောက် ဆရာကြီး၊ ကျုံးရှန်စီရင်စု ဆရာကြီးရဲ့ လက်အောက်ငယ်သားတစ်ယောက်ပါ “

" မိစ္ဆာဧကရာဇ်နိုင်ငံတော်မှာ ဒုတိယနဲ့ တတိယအင်မော်တယ်နယ်မြေတွေရဲ့ ခေါင်းဆောင်မှုပိုင်းကို တာဝန်ယူတဲ့သူ စုစုပေါင်း ကောင်းကင်ဧကရာဇ်ခြောက်ဦး ရှိပါတယ်။ လောလောဆယ် တတိယအင်မော်တယ်နယ်မြေကို တရားဝင်အုပ်ချုပ်နေသူက ကောင်းကင်ဧကရာဇ်သရဲမယ်တော်ပါ "

ထိုလူ၏ စကားများကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများ မှေးသွားပြီး သရဲကြီးဘုရင်မှာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သူတို့နှစ်ယောက်လုံးသည် သရဲမယ်တော်ဆိုသော နာမည်နှင့် မစိမ်းကြပေ။ မြေရိုင်းဒေသက သချိုင်းစောင့်ကြီးနှင့် ကုန်းစွန်းဝမ်အာ၏ ဧရာမတိုက်ပွဲကြီးမှာ သရဲကြီးဘုရင် ဘယ်တော့မှ မေ့ဖျောက်နိုင်မည်မဟုတ်သော အရာတစ်ခုဖြစ်ပေသည်။

" သရဲမယ်တော် " ပိုင်ရှောင်ချန်းက မေးသည်။

" ကောင်းကင်ဧကရာဇ် ဝိရူပက္ခမဟုတ်ဘူးလား "

သရဲမယ်တော်၏ နတ်ဘုရားစွမ်းရည်များနှင့် တာအိုမှော်ပညာရပ်များသည် သရဲကြီးဘုရင်နှင့် ကျင့်ကြံခြင်းလမ်းစဥ် အတူတူဖြစ်သည်။ လွန်ခဲ့သော လပေါင်းများစွာ အတောအတွင်း သူနှင့် ပိုင်ရှောင်ချန်းတို့နှစ်ယောက်လုံး မည်မျှအထိအိမ်မဲ့ယာမဲ့ဖြစ်ကာ မွဲတေနေသည့်တိုင် သူတို့သည် တတိယအင်မော်တယ်နယ်မြေနှင့်ပတ်သက်၍ အတော်လေးသိလာခဲ့သည်။ ဥပမာဆိုရလျှင် တတိယနယ်မြေကို တာဝန်ယူထားရသူက သရဲမယ်တော်မဟုတ်ဘဲ 'အရာအားလုံးထိုးထွင်းသိမြင်သည်' ဟု အဓိပ္ပါယ်ရသော တာအိုနာမည် ဝိရူပက္ခဖြင့် တစ်ယောက်ဖြစ်သည်။

လီဟိုင်ထံမှ မတူညီသောအကြောင်းအရာကို ကြားသည်နှင့်တစ်ပြိုင်နက် သရဲကြီးဘုရင်က မျက်မှောင်ကြုတ်ကာ လျှောက်လာပြီး ထိုလူ၏ ငယ်ထိပ်အပေါ် သူ့လက်ကို ဆုပ်လိုက်သည်။ စကားပြောရင်း အချိန်ကုန်ခံမည့်အစား သူက ဝိညာဥ်ရှာဖွေခြင်းကို အသုံးပြုရန်သာ ဆုံးဖြတ်လိုက်၏။

လီဟိုင်ထံမှ အော်သံများထွက်လာသော်လည်း တစ်သံမှ ဘုရားကျောင်း၏ နံရံများကို ကျော်မသွားပေ။ သူက ဆန့်ငင်ဆန့်ငင်ဖြစ်ကာ သူ၏မျက်လုံးများ၊ နားများ၊နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာတော့သည်။ သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းဖြင့် နာကျင်မှုများအား အဆုံးသတ်ရန် မတွေးသည်မဟုတ်ဘဲ မလုပ်နိုင်ခြင်းသာ ဖြစ်သည်။ မကြာသေးခင်ရက်များအတွင်း သူကိုယ်တိုင် ဝိညာဥ်ရှာဖွေခဲ့သည့် မရေတွက်နိုင်သော ကောင်းကင်တံတားကျင့်ကြံသူများကဲ့သို့ တူညီသောပုံစံအတိုင်း သူသည် နောက်ဆုံးတွင် အသိစိတ်ကင်းမဲ့သွားတော့သည်။

နောက်ဆုံးတွင် သရဲကြီးဘုရင်က သူ့လက်ကို ဖော်လိုက်ချိန်တွင် လီဟိုင်မှာ သွေးတစ်ပွက်အန်ပြီးနောက် နောက်သို့ ပုံရက်သား လဲကျကာ သေဆုံးသွားတော့သည်။

" ဟိုရှောင်မေ့၊ ဖက်တီးကြီးကျန်း ဒါမှမဟုတ် တခြားလူတွေရဲ့ သတင်းရော ဘယ်လိုလဲ "

ပိုင်ရှောင်ချန်းက အေးဆေးစွာ မေးလိုက်သည်။

" မသိဘူး။ သရဲမယ်တော်က ကောင်းကင်ဧကရာဇ် ဝိရူပက္ခဆီက အရင်လက တာဝန်လွှဲယူလိုက်တာပဲ ငါ သိရတယ် "

သရဲကြီးဘုရင်သည် အမှန်တကယ်ပင် ဟိုရှောင်မေ့ကိုဖြစ်စေ၊ ဖက်တီးကြီးကျန်းကိုြဖစ်စေ မသိပါသော်လည်း လီဟိုင်၏စိတ်ထဲတွင် သူတို့နှင့်ပတ်သက်သည့် အချက်အလက်တစ်ခုမှ မရှိပေ။

" အခု သရဲမယ်တော်က တာဝန်ယူထားတယ်။ သူ့မှာ တတိယအင်မော်တယ်နယ်မြေထဲက စီရင်စုဆယ့်ခုနစ်စုကို ကြီးကြပ်တဲ့ နတ်ဘုရားတစ်ပိုင်းဆရာကြီး ဆယ့်ခုနစ်ယောက်ရှိတယ်။ ဆရာကြီးတိုင်းမှာ ကြိုက်သလို ခိုင်းစေနိုင်တဲ့ နတ်အဆင့်ကျင့်ကြံသူမရေမတွက်နိုင်အောင်ရှိတယ်... “

" မိစ္ဆာဧကရာဇ်က ကောင်းကင်တံတားဒေသက လူတိုင်းကို ခြေရာခံနိုင်ဖို့အတွက် ပိုက်စိတ်တိုက်ရှာဖွေဖို့ အမိန့်ပေးခဲ့လို့ သရဲမယ်တော်ကြီးကတော့ တတိယအင်မော်တယ်နယ်မြေကို မြေလှန်ရှာတော့မှာပဲ “

" သူတို့က အလောင်းတွေအကုန်လုံး သယ်လာဖို့တောင် ကြိုးစားနေကြတာ... “

" ရှာဖွေရတဲ့ အကြောင်းရင်းတစ်ချက်က မိစ္ဆာဧကရာဇ်နိုင်ငံတော်က သူတို့ရဲ့ တပ်အင်အားကို ဖြည့်တင်းချင်လို့ပဲ။ ဒါပေမယ့် ပိုအရေးကြီးတာက ... ငါတို့ ကောင်းကင်တံတားဒေသက လူတွေဆီမှာ ထူးခြားတာတစ်ခုခု ရှိနေတာကို သိသွားလို့ပဲ။ ငါတို့မှာ

မိစ္ဆာဧကရာဇ်နိုင်ငံတော်ကဖြစ်ဖြစ်၊ သူတော်စင်ဧကရာဇ်နိုင်ငံတော်ကဖြစ်ဖြစ် ဘယ်သူမှ မယှဥ်နိုင်တဲ့ တာအိုမှော်ပညာအမျိုးအစားတစ်ရပ်ရှိတယ်။ အဲဒါက ... စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပဲ “

" ဒါကြောင့် မိစ္ဆာဧကရာဇ်နိုင်ငံတော်က ထိန်းချုပ်ထားတဲ့ အင်မော်တယ်နယ်မြေသုံးခုလုံး ရှာတာပဲ။ ပြီးတော့ သူတော်စင်ဧကရာဇ်နိုင်ငံတော်လဲ အတူတူပဲ။ အဓိက ခြားနားချက်က မိစ္ဆာဧကရာဇ်နိုင်ငံတော်က ကောင်းကင်တံတားကျင့်ကြံသူတွေကို ကျွန်ပြုမယ့် ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားတယ်။ သူတော်စင်ဧကရာဇ်နိုင်ငံတော်ကတော့ အနည်းဆုံး ကူညီလိုတဲ့စိတ်ကို ကြေညာထားတယ် "

ဝိညာဥ်ရှာဖွေခြင်းမှ သူ၏ ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်ကို အဆုံးသတ်လိုက်ပြီး သရဲကြီးဘုရင်က ပိုင်ရှောင်ချန်းကို တဖျပ်ဖျပ်လက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

" ရှောင်ချန်း… အချိန်လျှောက်ဖြန်းနေတာ ရပ်ဖို့သင့်ပြီ “

All Chapters