မျှော်လင့်ချက်များ ရှင်သန်လာခြင်း
Vol. 11 Ch. 1037
အမှောင်ယံကြီးစိုးသော ညတစ်ညဝယ် ဆောင်းလေကြမ်းများက တဝေါဝေါ တိုက်ခတ်နေ၏။
လေအေးများက မြေပြင်များ၊ မြို့များနှင့် မြေပြင်ပေါ်ရှိ သန်းပေါင်းများစွာသော လူနေအိမ်များအပေါ် လွှမ်းခြုံတိုက်ခတ်လာကာ အေးသထက် အေးလာတော့သည်။ လေအေးများက ကောင်းကင်ယံသို့ထိုးတက်သွားကာ အနက်ရောင်တိမ်တိုက်များနှင့် တွေ့ဆုံသွားပြီး မိုးထစ်ခြုန်းသွားတော့သည်။
မိုးခြိမ်းသံအပေါ် အခြေခံ၍ မကြာခင် သို့မဟုတ် ယခု မိုးများရွာတော့မည်ဖြစ်ကြောင်း မည်သူမဆို ပြောနိုင်လေသည်။
ထိုနည်းအားဖြင့် မိုးရွာကျလာလေပြီ။ ဆီးနှင်းများနှင့် ရောနေသော မိုးရေစက်များလော၊ မိုးရေစက်များနှင့် ရောနေသော ဆီးနှင်းများလော… ဆောင်းရာသီ၏ အစသည်ကား ပြောရခက်လေသည်။
ဘုရားကျောင်းပျက်ကြီးမှာ မိုးပေါက်များကို ဖြစ်စေ၊ ဆီးနှင်းများကိုဖြစ်စေ တားဆီးခြင်းငှာ မတတ်သာဘဲ ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်အပေါ် တဖျောက်ဖျောက် ကျလာတော့သည်။
မိုးရွာကျခြင်းက သစ်ရွက်ခြောက်များအား အေးစက်သောမိုးပေါက်များက ဆီးနှင်းများထက် အေးသည်ကို ခဏတာမေ့ပျောက်သွားစေကာ တဖွဲဖွဲကျနေသော ဆီးနှင်းများက မိုးရေများသာ ဖြစ်လာစေရန် မျှော်လင့်နေသည့်အလား တရှဲရှဲ မြည်သွားစေတော့သည်။
ပိုင်ရှောင်ချန်းက သရဲကြီးဘုရင်၏ စကားလုံးများကို တူညီသောအသွင်ဖြင့် တုံ့ပြန်သည်။ သူက မတုန်ရီသော်လည်း သူ၏နှလုံးသားသည် တဖွဲဖွဲကျနေသော နှင်းများကဲ့သို့အေးစက်နေသည်လား ၊ အေးခဲနေသော မိုးပေါက်များကဲ့သို့ အေးစက်နေသည်လား ပြောရခက်ပေသည်။
" ခင်ဗျားမှန်တယ် "
သူက ခပ်တိုးတိုးရေရွတ်လိုက်၏။
" ကျုပ်တို့ ဒီလို ဆက်ဖြစ်ခွင့် မပေးနိုင်ဘူး။ တိုက်ခိုက်ဖို့ အချိန်ကျရောက်လာပြီ။ ကျုပ်တို့သတ်နိုင်သမျှ သတ်ပစ်ရမယ်... "
သူက အနီးနားရှိ သေရည်အိုးကို အလိုအလျောက် လှမ်းဆွဲလိုက်ပြီး တစ်ကျိုက်သောက်ရန် ပြင်လိုက်သည်။ သို့သော် သရဲကြီးဘုရင်မှာ ဒေါသမီးတဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် ရှေ့လျှောက်လာကာ ပိုင်ရှောင်ချန်း၏လက်ထဲရှိအိုးကို ပုတ်ထုတ်လိုက်သည်။
၄င်းမှာ ဘေးသို့ လည်ထွက်ကာ ကြေမွသွားပြီး အရက်များမှာ ဆီးနှင်းမိုးရေစက်များဖြင့် အလျင်အမြန် ရောယှက်သွားတော့သည်။
" အရက်သောက်ဖို့ "
သရဲကြီးဘုရင်က အော်ဟစ်လုနီးပါးပြောသည်။
" ဒါက မင်းဘယ်လိုလုပ်ရမလဲဆိုတာ သိသမျှအကုန်ပဲလားကွ “
" မင်း တော်တော်ကျော်ဖြတ်ခဲ့ရတာ ငါသိတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ။ ဘယ်သူမှ လူတွေမဆုံးရှုံးဖူးဘူးလား။ ဘယ်သူက အများဆုံး ဆုံးရှုံးရလဲ ။ မင်းလား၊ ငါလား၊ တခြားလူတွေကကော။ ကောင်းကင်တံတားဒေသက လူတွေအားလုံး မိတ်ဆွေရောင်ရင်းတွေ၊ ချစ်ရတဲ့သူတွေ ဆုံးရှုံးကြတာပဲ “
" ဒီ ထာဝရနယ်မြေတွေမှာ ယုတ်မာကောက်ကျစ်မှုတွေ၊ ဒုစရိုက်မှုတွေနဲ့ လုံးဝပြည့်နေရင် မင်း သေတဲ့အထိသောက်နိုင်တယ် ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ အဲဒါက အကြောင်းမဟုတ်ဘူးကွ “
" မင်း ကျစ်မိုအကြောင်း တွေးဖူးလား။ မင်းရဲ့ အဏ္ဏဝါခေါ်သံဂိုဏ်းက အကြီးအကဲအကြောင်းကော တွေးဖူးလား။ မင်းရဲ့မိတ်ဆွေအကြောင်းကော။ မင်းမျက်နှာကိုကြည့်နေရတဲ့ လူတွေကော "
သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်းကို အော်ဟစ်နေသော်လည်း အထိုက်အလျောက် သူ့ကိုယ်သူလည်း ပြောနေလေသည်။ သူသည်လည်း အနည်းငယ် ပျောက်ဆုံးနေခဲ့လေသည်။
" သူတို့ကို တိုက်မယ်။ ဘာလဲ မင်းနဲ့ ငါလား။ ငါတို့ ဘယ်လောက်သတ်နိုင်မယ် မင်းထင်လဲ။ မြေရိုင်းဒေသက ဗဟိုဧကရာဇ်မြို့တော်မှာ မင်းဘယ်လိုလုပ်ခဲ့ဖူးတယ်ဆိုတာ မေ့သွားပြီလား။ အဲဒီ ပိုင်ရှောင်ချန်း ဘယ်ရောက်သွားတာတုန်း။ မင်းရဲ့ ဉာဏ်ပြေးတဲ့အကွက်တွေကိုရော သတိရသေးလား။ ဘုံဝါဒကြေညာစာတမ်းကိုရော မှတ်မိလား။ မင်း အခြေခိုင်မာခြင်းအဆင့်ဝိညာဥ်ကို နတ်ဝိညာဥ်ဖြစ်အောင် ဘယ်လိုလုပ်ခဲ့လဲ မှတ်မိလား။ မင်းနောက်မှာ မဟာကောင်းကင်သခင်ရှိအောင်လုပ်ခဲ့ပြီးတော့ မင်းအရှေ့မှာ အထက်တန်းလွှာ မင်းမျိုးနွယ်တွေအားလုံး အမြီးကုပ်နေအောင် မင်း ဖိအားပေးခဲ့တာလေ “
" သတ်ဖြတ်တယ်ဆိုတာ အစီအစဥ်ရဲ့ နောက်ဆုံးအပိုင်းပဲ ဖြစ်သင့်တယ်။ ဒါက မင်း ရူးပြီး ဘာမှဆုံးရှုံးစရာမရှိတော့တဲ့အခါမှ လုပ်တာကွ။ မင်းက ဘယ်တော့မှ လူတွေကို ပေါ်ပေါ်ထင်ထင် လိုက်တိုက်ခိုက်မနေဘူး "
သရဲကြီးဘုရင်မှာ အမှန်တကယ် စိတ်ပျက်နေသည့်ပုံပေါ်တော့သည်။ ဤအချိန်တွင် ပိုင်ရှောင်ချန်းက သေခြင်းကိုကြောက်ရွံ့သော ယခင် ပိုင်ရှောင်ချန်းမဟုတ်တော့ကြောင်း သေချာပေါက်ခဲ့သည်မှာ ကြာခဲ့လေပြီ။ သူက တစ်ဖက်စွန်းမှ အခြားတစ်ဖက်သို့ ပြောင်းကာ ရူးသွပ်သွားခဲ့သည့်အလားပင်။
ထိုမျှသာမက သရဲကြီးဘုရင်သည် ရန်သူများအားသတ်ဖြတ်ရာတွင်သာ စိတ်ဝင်စားသော လူတစ်ယောက်သည် ဤထာဝရနယ်မြေများတွင် ရုတ်ချည်း ဘယ်တော့မှ ကျော်ကြားနိုင်မည်မဟုတ်ကြောင်း သိသည်။
" ငါတို့ အခုလုပ်ရမှာက ကောင်းကင်တံတားဒေသက လူတွေကို လိုက်ရှာဖို့ပဲ "
သူက အင်္ကျီလက်စကိုခါယမ်းကာ ပြောလိုက်သည်။ ထို့နောက် သူက တူနှင့်သံကို ရိုက်နေသည့်အလား စကားတစ်ခွန်းချင်း ပြောလိုက်၏။
" မတိုက်ခိုက်နဲ့၊ မသောက်နဲ့၊ စိတ်ပျက်လက်မှိုင်ကျရင်း သာယာမနေနဲ့တော့ "
ပိုင်ရှောင်ချန်းက တိတ်ဆိတ်စွာ ထိုင်နေသည်။ ယခု သူ သိသိသာသာတုန်ရီနေပြီး မျက်လုံးများ ရဲရဲနီနေတော့သည်။ သရဲကြီးဘုရင်၏ စကားလုံးများက သူ့နှလုံးသားကို ဓားချွန်ချွန်တစ်ချောင်းဖြင့် ထိုးသွင်းနေသည့်အလား သူ၏ရင်ထဲ နက်ရှိုင်းစွာ တိုးဝင်သွားခဲ့သည်။ တခဏကြာပြီးနောက် သူက ခေါင်းမော့လိုက်၏။
" ကျုပ် စိတ်ပျက်လက်မှိုင်ကျရင်း သာယာနေတာမဟုတ်ဘူးဗျ "
သူက အက်ကွဲသံကြီးဖြင့် ပြောသည်။
" ကျုပ် သူတို့ကို ရှာကြည့်ပြီးပြီ"
သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့အိတ်ထဲမှ ဆွဲပြားတစ်ပုံထွက်လာပြီး သူ့ဘေးတွင် စုပုံသွားသည်။
၎င်းတို့သည် ကောင်းကင်တံတားဒေသကျင့်ကြံသူများထံမှ သက်သေခံဆွဲပြားများဖြစ်သည်။ ၎င်းတို့မှာ သင်းကွဲကျင့်ကြံသူများထံမှ မဟုတ်ဘဲ မြေရိုင်းဒေသများနှင့် ကောင်းကင်တံတားမြစ်လေးစင်းရှိ စွမ်းအားကြီးအဖွဲ့အစည်းများရှိ ကျင့်ကြံသူများထံမှ ဖြစ်ကြသည်။ ၎င်းတို့သည် သူတို့၏သရုပ်မှန်ကို သက်သေပြရန် သို့မဟုတ် စာများပေးပို့ရန် ပုံမှန်အားဖြင့် အသုံးပြုကြသည့် ပစ္စည်းများဖြစ်ကြ၏။
" ကျုပ် ဘာတွေ့ခဲ့လဲ ခင်ဗျားသိပါတယ်။ အလောင်းတွေဗျ။ ကျုပ်မှာ သူတို့ကို မြုပ်နှံပေးပြီး သက်သေခံဆွဲပြားတွေကို ယူထားဖို့ပဲ တတ်နိုင်ခဲ့တာ "
သူ၏ရင်ထဲတွင် ဖြစ်တည်လာခဲ့သည့် ဒေါသများ၊ မကျေနပ်ချက်များအားလုံးအား နောက်ဆုံး လွှတ်ချလိုက်သည့်အလား စကားပြောလိုက်စဥ် သူ၏ မျက်လုံးများမှာ ပြူးကျယ်နေတော့သည်။
" ကျုပ်လဲ ဆက်ရှာချင်တာပေါ့ "
သူက အသံပြာကြီးဖြင့် ဆက်ပြောသည်။
" ဒါပေမဲ့ ကျုပ်တို့ အလောင်းတွေပဲ ထပ်တွေ့ရင် ဘယ်လိုလုပ်မလဲ။ ကျုပ်သိတယ် ... ကျုပ်သိတယ် ကျုပ်လက်မလျှော့သင့်ဘူးဆိုတာကို။ ဒါပေမဲ့ ထာဝရမြေတွေက အကြီးကြီးပဲ။ စီရင်စုတစ်စုကတောင် ကောင်းကင်တံတားဒေသလောက် ကြီးနေတာလေ။ တတိယအင်မော်တယ်နယ်မြေတစ်ခုတည်းတောင် ကောင်းကင်တံတားဒေသ တစ်ဒါဇင်ကျော် ကျယ်တယ်။ ကျုပ် အဲဒါတွေ အားလုံးကို ဘယ်လိုလုပ်ရှာနိုင်မှာလဲ "
သရဲကြီးဘုရင်က အမိန့်ဆွဲပြားအပုံအား အချိန်အတော်ကြာ ငေးကြည့်နေသည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းထံ အကြည့်လွှဲလိုက်ပြီး ပြော၏။
" ငါတို့ မရှာနိုင်ရင် ငါတို့ကို သူတို့ ရှာအောင် လုပ်လို့ရလောက်တယ်"
သရဲကြီးဘုရင်၏ မျက်လုံးများသည် ပို၍ပင် တောက်ပစွာ လင်းလက်လာတော့သည်။
" အဲဒါက သူ့တို့ကို မျှော်လင့်ချက်လဲ ပေးလောက်မှာ။ သူတို့မှာ မျှော်လင့်ချက်ရှိရင် သူတို့ တောင့်ခံနိုင်တယ်။ ဒါက ငါတို့လုပ်ရမယ့်အရာပဲ "
" မျှော်လင့်ချက် ... "
ပိုင်ရှောင်ချန်းက ရေရွတ်လိုက်၏။ သရဲကြီးဘုရင်ကို သူ ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏မျက်လုံးများ အသက်ဝင်လာတော့သည်။
" ဟုတ်တယ် မျှော်လင့်ချက် "
သရဲကြီးဘုရင်က တဖျပ်ဖျပ်လက်နေသော မျက်ဝန်းများြဖင့် ဘုရားကျောင်းထဲ ခေါက်တုန့်ခေါက်ပြန် ရှေ့နောက်လျှောက်နေသည်။
" ရှောင်ချန်း… ငါတို့ သူတော်စင်ဧကရာဇ်ဆီ ခိုလှုံခွင့်ရဖို့ လိုတယ် “
" မိစ္ဆာဧကရာဇ်က ကျွန်တွေလိုချင်တာ။ သူနဲ့ အပေးအယူလုပ်ဖို့က ဖြစ်နိုင်မယ့်ပုံမပေါ်ဘူး။ ကြည့်ရတာ သူတော်စင်ဧကရာဇ်က နည်းနည်းမြင့်မြတ်ပေမယ့် အနည်းဆုံးတော့ သူ့တိုင်းပြည်က သူတို့ကိုယ်သူတို့ ကြင်နာတယ်လို့ ပွင့်ပွင့်လင်းလင်း ကြေညာထားတာပဲ။ ဒါက ငါတို့အနေနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားကြည့်လို့ရတယ်ဆိုတဲ့သဘောပဲ “
" ဒါပေမဲ့ ငါတို့ ခိုလှုံခွင့်တောင်းရင် လက်ဗလာနဲ့ သွားလို့မရဘူး။ ရုတ်တရက်ပေါ်လာပြီး အကူအညီတောင်းတာက လုံးဝ အထင်ကြီးစရာမကောင်းဘူး။ ငါတို့ သူတော်စင်ဧကရာဇ်ကို ... သွေးပဏ္ဍာဆက်သဖို့လိုတယ် “
" ဟုတ်တယ် ရန်သူရဲ့ ခေါင်းပဲ "
သရဲကြီးဘုရင်သည် သူ၏အကြံကို တွေးတောမိလာသည်နှင့်အမျှ ပို၍ပြတ်သားထင်ရှားလာတော့သည်။
" ရှောင်ချန်း … ငါတို့ သွေးပဏ္ဍာတစ်ခု ပြင်ဆင်ချင်ရင်တော့ ငါတို့ မိစ္ဆာဧကရာဇ်နိုငံတော်မှာ တစ်ခုခု ကြီးကြီးမားမား လုပ်ဆောင်ဖို့လိုတယ်။ ငါတို့ အောင်မြင်ဖို့လိုတယ် ... ဒါက မိစ္ဆာဧကရာဇ်နိုင်ငံတော်ကိုတင် မဟုတ်ဘူး ထာဝရမြေအားလုံးကို လှုပ်ရမ်းပစ်မှာ “
" ငါတို့လူတွေအားလုံးကို ငါတို့ လိုက်မရှာနိုင်ရင် အနည်းဆုံးတော့ ငါတို့ဒီမှာ ရှိတယ်ဆိုတာ သူတို့သိအောင်လုပ်နိုင်တယ်။ ငါတို့ ဘယ်ရောက်နေလဲ သူတို့ကို သိအောင်လုပ်။ ဒီထာဝရနယ်မြေဆိုတဲ့ ညအမှောင်ထုထဲမှာ ငါတို့နှစ်ယောက်က ... တောက်ပနေတဲ့မီးရှူးမီးတိုင်တွေ ဖြစ်နိုင်တယ် “
" ငါတို့ ပိုပြီးလင်းလက်တောက်ပလာလေ သူတို့ ငါတို့ကို ရှာတွေ့ဖို့ ပိုလွယ်ကူလေပဲ။ ပြီးတော့ တချိန်တည်းမှာ ... ငါတို့ အားကောင်းတဲ့နေရာတွေ ရနိုင်တယ်။ အခြားအင်ပါယာနှစ်နိုင်ငံကို လှုပ်ခါပြီး ကောင်းကင်တံတားကလူတွေအတွက် အသက်ရှူဖို့အခန်းအချို့ ယူရမယ် “
" တစ်ယောက်ယောက်က စွမ်းအားကြီးလာရင် ဘယ်သူမှ သူနဲ့ သူ့လူတွေကို အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး"
ပိုင်ရှောင်ချန်းသည် သရဲကြီးဘုရင်ပြောစကားများကြောင့် သိသိသာသာ တုန်လှုပ်သွားကာ ရင်တဒိန်းဒိန်းခုန်နေတော့သည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများမှာ ငေးကြောင်မနေတော့ဘဲ မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာသည်။
ကောင်းကင်တံတားဒေသအတွက် မျှော်လင့်ချက်၊ သူကိုယ်တိုင်အတွက် မျှော်လင့်ချက်…။
" ငါတို့ သူတော်စင်ဧကရာဇ်ကို သွေးပဏ္ဍာတစ်ခုကမ်းလှမ်းရင် သူ့အနေနဲ့ ငါတို့ကို အုပ်ချုပ်ရေးမှာ တရားဝင်ရာထူးနေရာတွေ ပေးဖို့ကလွဲပြီး တခြားရွေးချယ်စရာရှိမှာ မဟုတ်တော့ဘူး။ ပြီးရင် ငါတို့ ကောင်းကင်တံတားကလူတွေအတွက် ထာဝရနယ်မြေတွေထဲမှာ နေရာသစ်တွေ ထုလုပ်ဖို့ သူတော်စင်ဧကရာဇ်နိုင်ငံတော်ရဲ့ အာဏာကိုအသုံးပြုနိုင်တယ် "
သရဲကြီးဘုရင်၏ ကျယ်လောင်သောအသံကြီးက ဘုရားကျောင်းထဲတွင် မြည်ဟည်းနေတော့သည်။ အပြင်တွင် ဆီးနှင်းမိုးများသည် သည်းထန်စွာ ရွာသွန်းနေကြ၏။ ပြိုပျက်နေသော ဘုရားကျောင်းနံရံများမှာ တဝေါဝေါလေသံများအား မဖုံးကွယ်နိုင်ပေ။ ဘုရားကျောင်းထဲတွင် ရေနှင့် နှင်းများသည် ပြန့်ကြဲနေသော သစ်ရွက်များအား ဖုံးလွှမ်းသွားသည်အထိ ဆက်လက် ဖြစ်တည်လာတော့သည်။
ပိုင်ရှောင်ချန်းက သစ်ရွက်များကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ခေါင်းမော့လိုက်သည်။ ရုတ်တရက် သူ၏အရှိန်အဝါပြောင်းလဲသွားပြီး သူ့မျက်လုံးများမှာ တောက်ပစွာ လင်းလက်လာတော့သည်။
" ကျုပ်တို့ ဘယ်လို သွေးပဏ္ဍာမျိုး ပြင်ဆင်ထားသင့်လဲ "
သရဲကြီးဘုရင်က ပိုင်ရှောင်ချန်း၏မျက်လုံးများထဲရှိ မျှော်လင့်ချက်များကို မြင်သောအခါ သူ၏နှလုံးသားတစ်ခုလုံး တဒိန်းဒိန်းခုန်လာတော့၏။
" မိစ္ဆာဧကရာဇ်လက်အောက်က နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတွေရဲ့ ခေါင်းတွေဆိုရင်ကော… "