← Chapters

ဆရာသခင်တစ်ဦးကို သတ်ဖြတ်ခြင်း

Vol. 11 Ch. 1039

ဆရာသခင်တစ်ဦးကို သတ်ဖြတ်ခြင်း

Vol. 11 Ch. 1039

ကောင်းကင်နှင့်မြေကြီး၏ စိတ်စွမ်းအားကို အသုံးပြု၍ အပင်နှင့် အသီးအရွက်များမှ သက်စောင့်အားများကို နုတ်ယူပြီးနောက် ပို၍အားကောင်းသော ဆေးများဖန်တီးရန် အသုံးပြုသည့် ကျင့်စဥ်များကို ဖော်ပြရာတွင် ဝိညာဥ်ဆေးဖြစ်တည်ခြင်းကို အသုံးပြုလေသည်။ ၄င်းသည် ဆေးဆရာတစ်ယောက်အနေဖြင့် ပိုင်ရှောင်ချန်း တစ်ခါတရံလုပ်သည့်အရာ ဖြစ်ပေသည်။

ဝိညာဥ်သွေးမျိုးစပ်ခြင်းဆိုသည်မှာ နာမည်အတိုင်းပင်။ အနှီပညာရပ်တွင် လူများကို မြေကြီးထဲ၌ အရှင်လတ်လတ်မြေမြှုပ်ခြင်း ပါဝင်ပြီး ဝိညာဥ်အပင်များသည် မြန်မြန်ဆန်ဆန်၊ သန်သန်စွမ်းစွမ်းကြီးထွားရန် လူတစ်ယောက်၏ဝိညာဥ်နှင့် သွေးများအား စုပ်ယူကြသည်။

ကောက်ကျစ်ယုတ်မာသော ဆေးဆရာများသာ ထိုနည်းလမ်းများအား အသုံးပြုကြသည်။ ပိုင်ရှောင်ချန်းသည် ယခင်က မြေရိုင်းဒေသတွင် ထိုကဲ့သို့ မကောင်းဆိုဝါးနည်းလမ်းများအား မြင်ခဲ့ဖူး၏။ ဥပမာ စုန့်ချွဲအား သက်ရှိဝိညာဥ်ကျောက်တုံးအဖြစ်ပြောင်းကြခဲ့စဥ်က ဖြစ်သည်။

တစ်ခါက သူ မြင်ခဲ့ဖူးသည့် အခြားဝိညာဥ်သွေးမျိုးစပ်ခြင်းပညာရပ်တစ်ခု၌ အစေ့တစ်စေ့သည် လူတစ်ယောက်၏ခန္ဓာကိုယ်ထဲတွင် စိုက်ပျိုးခံရပြီးနောက် သူတို့ကိုယ်ထဲတွင် ကြီးထွားလာကာ သူတို့ကိုသိမ်းပိုက်လိုက်သည့် စက်ဆုပ်ဖွယ်ကောင်းသောနည်းလမ်းတစ်လမ်းဖြစ်သည်။

သို့သော် ယခု သူ ကြည့်နေသည့်အရာမှာ ... အတိတ်က သူမြင်ခဲ့ရသည့် ထိုနည်းလမ်းနှစ်မျိုးလုံးနှင့် ကွဲပြားနေသည်။ ကျောဘုကြီးနှင့်အဘိုးကြီး၏ ရှေ့တည့်တည့်တွင် ရှိနေသည်မှာ .... မီတာ၉၀တိတိ မြင့်မားသော ကြက်သွေးရောင်အပင်ကြီးတစ်ပင်ဖြစ်သည်။

၄င်း၏အရွယ်အစားမှလွဲ၍ ၄င်းတွင် အရွက်ကိုးရွက်သာရှိပြီး တစ်ရွက်စီတွင် သွားများနှင့် အလားသဏ္ဍာန်တူသော လွှသွားပုံအနားများရှိကြ၏။ အရွက်များအပြင် နွယ်ပင်ရာပေါင်းများစွာရှိပြီး တစ်နွယ်စီသည် ခန္ဓာကိုယ်တစ်ခုစီ၏ နဖူးများအတွင်းထိုးစိုက်နေကာ သက်စောင့်အားများ စုပ်ယူနေကြသည်။

နွယ်ပင်များနှင့်တွဲဆက်လျက် လေပေါ်မြောက်နေသော ခန္ဓာကိုယ်အများစုမှာ သွေးရောင်အပင်ကြီး၏ ခြောက်ကပ်အောင် စုပ်ယူခံထားရသည့်အလား ပိန်ချုံးနေတော့သည်။

သူတို့အားလုံး၏မျက်နှာများက နာကျင်ခံပြင်းနေဟန် ရှိပြီး မသေခင် အော်ဟစ်ရုန်းကန်နေခဲ့ကြသည့်အလား ပါးစပ်များဟနေလေသည်။

သူတို့အားလုံးအနက် ကိုးဆယ်ရာခိုင်နှုန်းမှာ သေဆုံးသွားလေပြီ။ သို့သော် ကျန်ရှိသော ဆယ်ရာခိုင်နှုန်းတွင် စွမ်းအင်အနည်းငယ်ကျန်ရှိသေး၏။ သူတို့သည် သက်စောင့်အား မရှိမဲ့ရှိမဲ့နှင့် ငြိမ်းလုဆဲဆဲ တဖျပ်ဖျပ်လှုပ်နေသော မီးအိမ်များနှင့် တူလေသည်။

တချို့လူများပေါ်၌ ကောင်းကင်တံတားဒေသ၏အရှိန်အဝါ ရှိသော်လည်း လူအများစုတွင် ယခင်က ပိုင်ရှောင်ချန်း တစ်ခါမှ မတွေ့ခဲ့ဖူးသော တုနှိုင်းမဲ့ သန့်စင်မွန်မြတ်သော အငွေ့အသက်တစ်ခုရှိနေသည်။ ကြည့်ရသည်မှာ ထိုလူများက သူတော်စင်ဧကရာဇ်နိုင်ငံတော်မှ လူများ ဖြစ်နိုင်၏။

ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံက အင်မော်တယ်ဂူ၏အနက်ပိုင်းထဲတွင် အလားတူ သန့်စင်မွန်မြတ်သော ခံစားချက်အများစုရှိသည့် အရိုးစုများ၊ အလောင်းများဖြင့် ပြည့်နှက်နေသော ဧရာမကျင်းကြီးတစ်ကျင်းရှိကြောင်းကိုလည်း ဖော်ပြနေသည်။ ဧရာမကျင်းကြီးသည် အင်မော်တယ်ဂူထဲရှိ အပင်များ အလွန်ကောင်းမွန်စွာ ကြီးထွားနေသည့် အဓိကအကြောင်းရင်း ဖြစ်နေတော့သည်။

လေထဲမြောက်နေသော ခန္ဓာကိုယ်ပေါင်းရာချီအကြားတွင် ကောင်းကင်တံတားအရှိန်အဝါကို သတိပြုမိသောအခါ သူ့မျက်လုံးများမှာ ရေခဲတမျှ အေးစက်သွား၏။

" သေချင်နေပြီလား "

သူက ကျုံးရှန်စီရင်စုမှ

တိမ်ပင်လယ်စီရင်စုအထိ တရစပ် လှဲကျင်းတိုက်ခတ်သွားခဲ့သည့် အရိုးခိုက်လုမတတ်အေးစက်သော ဆောင်းလေကြမ်းကဲ့သို့ လေသံဖြင့် ပြောလိုက်သည်။

စိတ်လှုပ်ရှားနေသော လီလောင်ဟိုင်မှာ တဆတ်ဆတ် တုန်ယင်သွားတော့သည်။

" ဘယ်သူလဲ "

သူက ရင်တဒိန်းဒိန်းခုန်လာကာ လွှတ်ခနဲ ပြောလိုက်၏။ ထို့နောက် သူက ထွက်ခွာရန် ရှေ့တစ်လှမ်း လှမ်းလိုက်သည်။ သူသည် လုံးလုံးလျားလျား လန့်ဖျပ်သွားခဲ့ပါသော်လည်း မည်သူမှ မဝင်နိုင်လောက်သည့် ဤနေရာတွင် စကားပြောသံကြီး ထွက်ပေါ်လာသည့်အချက်က လွန်စွာ တာသွားလှသည်။

လီလောင်ဟိုင်၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို စဥ်းစားကြည့်လျှင် တတိယအင်မော်တယ်နယ်မြေတစ်ခုလုံး၌ သူ၏အင်မော်တယ်ဂူထံ အလွန်လျှို့ဝှက်စွာ ဝင်နိုင်သည့်လူ သုံးယောက်ထက်မပိုပေ။

ထိုလူအားလုံးကား ကောင်းကင်ဧကရာဇ်များပင်။

သူ ရှေ့လှမ်းလိုက်ချိန်မှာပင် သူ၏ကျောနောက်တွင် စွမ်းအင်အငွေ့အသက်လေးကပင် ကမ္ဘာကြီးကိုလှုပ်ရမ်းပစ်နိုင်သည့် ဖိအားတစ်ခုကို ဖန်းတီးနေသည့်အရာတစ်ခုအား အာရုံရလိုက်သည်။ ၄င်းမှာ တောင်တန်းများပြိုလဲ၍ ပင်လယ်တို့ခမ်းခြောက်စေနိုင်သော နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများကိုပင် ချေမှုန်းပစ်နိုင်သည့် အရာကြီးတစ်ခုဖြစ်ပေသည်။ ထိုစွမ်းအင်ကြီးသည် ချက်ချင်းပင် သူ့ကို ဝါးမျိုသွား၏။

" မဖြစ်ဘူးးး "

သူ၏နတ်ဘုရားဝိညာဥ်မှာ ပြင်းပြင်းထန်ထန်တုန်လှုပ်နေသည်ကို သဘောပေါက်လိုက်သဖြင့် ထိတ်လန့်ကြောက်ရွံ့သွားတော့သည်။ မရေမတွက်နိုင်သော အေးစိမ့်ချီစီးကြောင်းများ သူ၏မျက်လုံးများ၊ နားများ၊ နှာခေါင်း၊ ပါးစပ်နှင့် မွှေးညှင်းပေါက်များသာမက စွမ်းအင်ထွက်ပေါက်များနှင့် အရိုးများကိုပင် ဖြတ်သန်း၍ဝင်ရောက်လာရာ သူ၏အသွေးအသားများ အေးခဲကွဲကြေသဖြင့် အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။

အသက်ရှူချိန်အနည်းငယ်သာ ကြာလိုက်သည်။ လီလောင်ဟိုင်၏ပါးစပ်မှ သွေးပျက်ဖွယ် အသံနက်ကြီး ထွက်ပေါ်လာလေသည်။ ထို့နောက် သွေးစီးကြောင်းတစ်ကြောင်းနှင့်အတူ သူ့အမြင်အာရုံ ဝေဝါးသွားတော့သည်။ နောက်ဆုံးတွင် လက်ကြီးတစ်ဖက်က သူ့ခေါင်းထိပ်ကို ဆုပ်ကိုင်လိုက်ကြောင်း သူ သဘောပေါက်လိုက်၏။

သူကြားလိုက်ရသည့် နောက်ဆုံးအရာမှာ အရိုးများတဂျွတ်ဂျွတ်မြည်သွားသံပင် ဖြစ်တော့သည်။

သူ၏ခေါင်းမှစ၍ ခန္ဓာကိုယ်တစ်ကိုယ်လုံး အစိတ်စိတ်အမြွှာမြွာကွဲကြေသွားလေပြီ။ ၄င်းကား မျက်စိတစ်မှိတ်သာ ကြာလိုက်ပေသည်။

သူသည် သက်စောင့်အားမြောက်မြားစွာဖြင့် နတ်ဘုရားတစ်ပိုင်းဖြစ်သောကြောင့် သူ့အတွက် အလွယ်တကူ အသက်ထွက်ရန် မလွယ်ကူပေ။ သို့ဖြစ်၍ သူက နာကျင်ခြင်းတစ်ခုချင်းစီတိုင်းအား တဆစ်ဆစ် ခံစားနေရတော့သည်။

တချိန်လုံး လီလောင်ဟိုင်မှာ သူ့အင်မော်တယ်ဂူထဲ မည်သူဝင်ရောက်လာသည်ကို လှည့်ကြည့်ရန် အခွင့်အရေးဖြစ်စေ၊ နတ်ဘုရားအာရုံစေလွှတ်ရန် ဖြစ်စေ မရရှိခဲ့ချ။ မည်သူမည်ဝါဖြစ်ကြောင်းကိုပင် သူ မသိလိုက်ပေ။

သူ၏ခန္ဓာကိုယ် အစိတ်စိတ်အမြွှာမြွာ ကွဲကြေပြီး သူ၏နတ်ဘုရားဝိညာဥ် ဘာမှမလုပ်နိုင်ခင် ပြင်းထန်သောအားကြီးတစ်ခုက ဘဝကူးပြောင်းခြင်းစွမ်းအားကို ဖိနှိပ်ကာ ပတ်ဝန်းကျင်အပေါ် ကျရောက်လာ၏။ ထို့ကြောင့် သူက ဘဝကူးပြောင်းခြင်းသံသရာစက်ဝန်းကို မဝင်ရောက်နိုင်တော့ဘဲ ပိုင်ရှောင်ချန်း၏ ဖမ်းဆုပ်ခြင်းခံလိုက်ရလေသည်။ သူသည် ထာဝရနယ်မြေမှ ပိုင်ရှောင်ချန်း၏ ပထမဆုံး နတ်ဘုရားတစ်ပိုင်းဝိညာဥ် ဖြစ်ပေသည်။

ရှေးယခင်က ဤကဲ့သို့အရာတစ်ခုကို သူ လုပ်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် ထာဝရနယ်မြေများကို ရောက်ရှိပြီးနောက် သူသည် မည်သည့်ကျင့်ကြံခြင်းမှ အားမထုတ်ခဲ့သည့်တိုင် ကောင်းကင်နှင့်မြေကြီး၏ အားကောင်းသောစွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲဝင်ရောက်လာခဲ့၍ သူ၏ကျင့်ကြံခြင်းကို အနည်းငယ်တိုးတက်စေခဲ့၏။

အမှန်တကယ်တွင် ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူများအားလုံးအတွက် အတူတူပင်။ ထာဝရနယ်မြေများရှိ စိတ်စွမ်းအင်များကို ကြုံတွေ့ပြီးနောက် သူတို့အားလုံး တဖြေးဖြေး အားကောင်းလာခဲ့ကြ၏။

နတ်ဘုရားတစ်ပိုင်းဝိညာဥ်ကို ဖမ်းယူပြီးနောက် ပိုင်ရှောင်ချန်းက အင်္ကျီလက်စကိုခါယမ်း၍ သူ့အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် ဧရာမကြက်သွေးရောင်ပန်းကြီးနှင့် ချိတ်ဆက်နေသည့် အလောင်းများထံ အကြည့်လွှဲလိုက်သည်။

ပန်းကြီးသည် အသိရှိရန် အလွန်နီးကပ်နေပြီဖြစ်၍ ပိုင်ရှောင်ချန်းထံမှ နောက်တွန့်သွား၏။ သို့သော် သူ့ထံမှ ထွက်နေသည့် စွမ်းအားကြီးသောအခိုးအငွေ့များက ၄င်းကို သေသည်အထိ ညှိုးနွမ်းခြောက်ကပ်သွားစေတော့သည်။

ပန်းပွင့်ကြီး ညှိုးနွမ်းသွားသဖြင့် အလောင်းများ မြေပေါ်ကျလာလေသည်။ ပိုင်ရှောင်ချန်းက သူတို့ကို စစ်ဆေးရန် လျှောက်သွားလိုက်ပြီး ရာပေါင်းများစွာ ကြားတွင် ရင်းနှီးသောမျက်နှာတစ်ခုကို တွေ့လိုက်သည်။

" ကျိုးဟုန် … သောကကင်းဝေးကိုးသွယ်ဘုရင်ရဲ့ ဆက်ခံသူ "

ကျိုးဟုန်သည် မြေရိုင်းဒေသတွင် သူ့အပေါ် ထပ်ကာထပ်ကာ အကောက်ကြံခဲ့၏။ သူက ကြံစည်တိုက်ခိုက်ရန် အင်အားအားမဲ့သွားခဲ့ရသည့် မြင့်မားသောအဆင့်အတန်းကို ပိုင်ရှောင်ချန်း ရောက်ရှိသည်အထိ ပိုင်ရှောင်ချန်းကို အချိန်တိုင်း ကဖျက်ကယက်လုပ်ခဲ့သည်။ ထို့ေနာက် သူ ထွက်ပြေးပုန်းရှောင်သွားခဲ့သည်။

ကျိုးဟုန်သည် ယခုထက်ထိ နောက်ဆုံးထွက်သက် မရှူထုတ်ရသေးသော်လည်း ကံဆိုးစွာပင် သူ၏သက်စောင့်အားမီးတောက်ကား ငြိမ်းနေလေပြီ။ သူ၏နောက်ဆုံးအခိုက်အတန့်လေးတွင် အပင်၏သေဆုံးခြင်းက သူ၏မျက်လုံးများကို ပွင့်သွားစေသော တန်ပြန်စွမ်းအားအနည်းငယ် ထုတ်လိုက်သည့်အတွက် ပိုင်ရှောင်ချန်းကို မြင်လိုက်ရလေသည်။

သူသည် အံ့သြပြီး စိတ်လှုပ်ရှားသွားသည့်နည်းတူ ဝမ်းနည်းသွားမိ၏။

သူ၏ မျက်လုံးများထဲတွင် ကျေးဇူးတင်ခြင်းနှင့် မုန်းတီးခြင်းနှစ်မျိုးလုံးကို မြင်နိုင်သည်။ သူက စကားပြောရန် ပါးစပ်ကိုဟလိုက်သော်လည်း ပြုံးသာပြုံးလိုက်နိုင်ပြီးနောက် သူ့မျက်လုံးများ ထာဝရပိတ်သွားလေတော့သည်။

ပိုင်ရှောင်ချန်းသည် အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်စွာ မလှုပ်မယှက်ရပ်နေ၏။ ဤနေရာတွင် သူ တွေ့ခဲ့သည့်လူများကို ကယ်တင်ရန် မျှော်လင့်ခဲ့သော်လည်း အခါနှောင်းခဲ့လေပြီ။ သူက သက်ပြင်းချ၍ လက်ကိုဝှေ့ယမ်းကာ ကျိုးဟုန်၏အလောင်းကို သိမ်းလိုက်ပြီးနောက် ထွက်ခွာရန် လှည့်လိုက်သည်။ အင်မော်တယ်ဂူကား မီးပင်လယ်ထဲတွင် ကျန်ရစ်ခဲ့တော့၏။

တန်ဖိုးကြီးသောဆေးပင်များမှတစ်ပါး ဂူအတွင်းရှိ အရာအားလုံး ပြာဖြစ်သွားလေပြီ။ သူတို့သည် မရေမတွက်နိုင်သော သူတော်စင်ဧကရာဇ်နိုင်ငံတော်ကျင့်ကြံသူများ၏ သွေး၊ ဝိညာဥ်တို့ဖြင့် ကြီးထွားလာခဲ့သော်လည်း ဆေးဖော်စပ်ရာတွင် အသုံးဝင်နိုင်သေးသည်။ ၄င်းက ပိုင်ရှောင်ချန်းအတွက် မိုးပေါ်ကပြုတ်ကျလာသော စစ်မှန်သည့်အသီးကြီးပင်ဖြစ်ပေသည်။

သူသည် ပြတ်သားခြင်းများ တောက်ပနေသော မျက်ဝန်းများြဖင့် ထွက်ခွာသွား၏။

" ငါ နောက်ကျမှလာခဲ့ပေမယ့် ငါနဲ့အတူ ကောင်းကင်တံတားဒေသကလူတွေအားလုံးကို ခေါ်သွားမယ် "

သူ အပြင်ရောက်သည်နှင့်တစ်ပြိုင်နက် နတ်ဘုရားအာရုံများကို ပို့လွှတ်ကာ တစ်မြို့လုံး ပျံ့နှံ့စေလိုက်သည်။

ကျင့်ကြံခြင်းအဆင့် မည်သို့ပင်ဖြစ်စေ ရှိရှိသမျှလူတိုင်း တုန်ရီသွားကြပြီးနောက် စိတ်အာရုံများ ဗလာကျင်းသွားတော့သည်။ သူတို့အတွက် .... အချိန်များ ရပ်တန့်သွားသည့်အလား။

All Chapters